အခန်း ၆၇-၆၉
Vol. 5 Ch. 67-69
အခန်း (၆၇) အစိမ်းရောင် ကျောက်သွေးမျိုးဆက်
သူ၏ယခင်ဘဝတွင် ရီချင်သည် ကျင့်ကြံရေးအရင်းအမြစ်တိုင်းအတွက် တိုက်ပွဲဝင်ခဲ့ရသည်။ ဤဘဝတွင် သူသည် ဤမျှ ပင်ပန်းကြီးစွာ အလုပ်လုပ်ရမည်ဟု မခံစားရတော့ချေ။ နောက်ဆုံးတွင် သူသည် ဂရုစိုက်ခံနေရပြီဖြစ်သည်!
ရီချင်နှင့် ရီကျင်းချုံကိုတွေ့ပြီးနောက် ရီဖန်သည် ရုတ်တရက် အနည်းငယ်၀မ်းနည်းသွားကာ တစ်စုံတစ်ယောက်နှင့် စကားပြောချင်လာသည်။ ရီမိသားစုတွင် ရီဖန်နှင့် စကားပြောမည့် တစ်ဦးတည်းသောသူများသည် စုယန်၊ အခြားသူများနှင့် ရီရှောင်းရှောင်းတို့ ဖြစ်ကြသည်။
ရီဖန်သည် ရုတ်တရက် ပြဿနာတစ်ခု တွေ့ရှိခဲ့သည်။ ‘ရီရှောင်းရှောင်း ဘယ်မှာလဲ’
ရီကျင်းချုံအတွက် ပျော်ရွှင်စရာနေ့တစ်နေ့ဖြစ်သော်လည်း သူမသည်လုံးဝပေါ်မလာခဲ့ပေ။
ရီကျင်းဖန်မှလွဲ၍ ရီရှောင်းရှောင်းနှင့် ရီကျင်းချုံတို့သည် ရီကျင်းလုံထက်ပင် အကောင်းဆုံးဆက်ဆံရေးရှိသည်။ ရီကျင်းချုံသည် ငယ်စဉ်အခါက ချစ်စရာကောင်းသည့်အတွက် သူမကို ရီမိသားစုမှလေးနက်စွာချစ်ခင်ခဲ့ကြသည်။
ရီရှောင်းရှောင်းသည် တစ်ချိန်လုံးပေါ်မလာသည်မှာ ထူးဆန်းနေသည်။ ရီဖန်သည် ရီရှောင်းရှောင်း ၏အခန်းသို့ အလျင်အမြန်သွားရောက်ခဲ့ရာ ထိုနေရာတွင် သူမကိုမတွေ့ခဲ့ပေ။ သို့သော် စားပွဲပေါ်တွင် စာတစ်စောင်တွေ့ခဲ့သည်။
“အစ်ကိုကြီး စိတ်မပူပါနဲ့၊ ညီမရဲ့ ဆရာဖြစ်သူ ကျင့်ကြံသူနဲ့တွေ့ခဲ့တယ်၊ ဒီစာကို အစ်ကိုဖတ်နေတဲ့အချိန် ညီမကွမ်ဟယ်စီရင်စုကနေ ထွက်သွားလောက်ပြီ၊
အစ်ကို ညီမကျင့်ကြံရေးမှာတိုးတက်မှုတစ်ခုခုရပြီးရင် သေချာပေါက် ပြန်လာခဲ့ပါ့မယ်။”
ရီဖန်သည် ပို၍ပင်မျက်မှောက်ကြုတ်လာသည်။ ရီရှောင်းရှောင်းကို နှုတ်ဆက်ခွင့်မပေးဘဲ မည်သူက ခေါ်သွားသနည်း။ ရီရှောင်းရှောင်းသည် ရီမိသားစုမှ ထွက်ခွာပြီးနောက် အန္တရာယ်တစ်ခုခုနှင့် ရင်ဆိုင်ရမည်လော။
ရီဖန်ထံတွင် သွေးသွားရင်းညီမလေး တစ်ယောက်သာရှိသည့်အတွက် သူစိတ်ပူနေမိသည်။ သူ၏အတွင်းစိတ်ပူပန်မှုကို လျော့ချကာ ရီကျင်းချုံ၏မင်္ဂလာပွဲကို ပြီးမြောက်အောင်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ရီဖန်သည် သူ့အခန်းသို့ ပြန်လာကာ စနစ်ကို ပေါင်းစည်းရန်အတွက် တောင်းဆိုလိုက်သည်။
ရုတ်တရက် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းနှင့် ဆေးပညာကျွမ်းကျင်မှုတွင် သူ၏ အတွေ့အကြုံသည် တဟုန်ထိုးတက်လာခဲ့သည်။ တိုးလာသောအရှိန်သည် အလွန်လျင်မြန်လွန်းသဖြင့် ရီဖန်ပင် အနည်းငယ် ထိတ်လန့်သွားသည်။ သို့သော် မနှောင့်နှေးဘဲ သူ့စိတ်ထဲတွင် အသိပညာကို ချက်ချင်းစုပ်ယူလိုက်သည်။
တတိယအဆင့် ဗဟုသုတအနည်းငယ်အပါအဝင် ဗဟုသုတများစွာရှိခဲ့ပြီးနောက် ၎င်းတို့သည် အလွန်ရှုပ်ထွေးနေ၏။ သုံးလကြာမျှ သူ့ကိုယ်သူပိတ်ထားပြီးနောက် ရီဖန်သည် သူ့စိတ်ထဲတွင် အသိပညာကို လုံးလုံးလျားလျား စုပ်ယူနိုင်ခဲ့သည်။
ဇာတ်ကောင်- ရီဖန်
သက်တမ်း: ၁၉၈ နှစ်
အဆင့်- အခြေခံအုတ်မြစ်တည်ထောင်ခြင်း နှောင်းပိုင်းအဆင့် (၁၁၃၀၀၀/၁၅၀၀၀၀)
စွမ်းရည်များ- တာအို ဆေးပညာ အလယ်တန်း တတိယအဆင့် (၂၇၃၀၀/၃၀၀၀၀) ချိတ်ပိတ်ထားသော်လည်း (ဆက်လက်ချဲ့ထွင်နိုင်သည်)၊ ပန်းပဲပညာ အဆင့်နိမ့် တတိယအဆင့် (၆၇၁၂/၁၀၀၀၀) ချိတ်ပိတ်ထားသော်လည်း (ဆက်လက်ချဲ့ထွင်နိုင်သည်)၊နှောင်းပိုင်း ဒုတိယအဆင့် ဖွဲ့စည်းတည်ဆောက်ပုံအခင်းအကျင်း (၁၂၃/၉၀၀၀) ချိတ်ပိတ်ထားသော်လည်း (ဆက်လက်ချဲ့ထွင်နိုင်သည်)၊နှောင်းပိုင်း ဒုတိယအဆင့်အဆောင်လက်ဖွဲ့ပညာ(၇၇/၉၀၀၀) ချိတ်ပိတ်ထားသော်လည်း (ဆက်လက်ချဲ့ထွင်နိုင်သည်)၊မြွေစိမ်းမီးတောက်ထူးကဲနည်းစနစ် (၁၆၂/၁၆၀၀) လျို့ဝှက်ဆန်းကြယ်သောခရမ်းရောင်သစ်သားကျင့်စဉ်တွင် ကြီးမားသောအောင်မြင်မှု (၂၂၂) /၄၀၀)၊ အခြေခံအဆင့်ဖီးနစ်ကိုးကောင်တက်လှမ်းခြင်း တော်ဝင်နည်းစနစ် (၃၃/၁၀၀)...
ထူးကဲစွမ်းရည်များ-မြွေစိမ်းသွေးမျိုးဆက် (၈၇၇/၁၀၀၀)၊ မီးတောက်ထိန်းချုပ်စွမ်းရည် (၁၅၀၀/၁၆၀၀)၊
မိသားစုစွမ်းအား - ခရမ်းရောင် အရည်အချင်း၊ လိမ္မော်ရောင် စွမ်းရည်၊ အစိမ်းရောင် ပိုင်ရိ။
ဤပေါင်းစည်းမှုများ၏ အကျိုးသက်ရောက်မှုသည် ကြောက်မက်ဖွယ် ကောင်းလှသည်။
အပိုလုပ်ငန်းစဉ်အနည်းငယ်၏အဆင့်များသည် တတိယအဆင့်သို့ တိုက်ရိုက်တက်လာခဲ့သည်။ ဤထပ်ဆောင်းအတွေ့အကြုံများသည် မည်သည့်နေရာမှ ရောက်လာသနည်း။
ကျွမ်းကျင်မှုဖော်ပြချက်နောက်ရှိ ချဲ့ထွင်နိုင်သည်ဟုသော ရွေးချယ်မှုခလုတ်ကို မြင်သောအခါ ရီဖန်သည် ၎င်းကိုကြည့်ရန် ချက်ချင်းနှိပ်လိုက်သည်။
“မိသားစုအဖွဲ့ဝင် ရီချင်၏ လက်ရှိစွမ်းရည်ကို ချိတ်ပိတ်ထားသည်၊ မိသားစုဝင်များ၏ အဆင့်တိုးလာသည်နှင့်အမျှ ၎င်းသည် ဖြည်းညှင်းစွာပွင့်လာလိမ့်မည်!”
‘ရီချင် ၊ ဒါက တကယ့်ကို ရီချင်ပဲ’
ဤရလဒ်အတွက် ရီဖန်သည် များစွာမအံ့ဩသွားချေ။ ရီချင်သည် အမှန်တကယ်ပဲထူးခြားလှသည်။
ရီဖန်၏နားလည်မှုအရ ရီချင်သည် အသက်သုံးဆယ်အရွယ် ရီကျင်းချုံနှင့် တူညီစွာရှိသင့်သော်လည်း အသက်သုံးဆယ်အရွယ်တွက် သူသည် တတိယအဆင့်ကို ရောက်နေပြီဖြစ်သည်။ အမိဝမ်းထဲကမှစ၍ ကျင့်ကြံမည်ဆိုလျှင်ပင် မလုံလောက်ချေ။
ထို့အပြင် ရီချင်၏ ကျင့်ကြံရေးအဆင့်သည် ချီစွမ်းအားကျင့်ကြံမှု၏ အထွတ်အထိပ်တွင်သာရှိကာ မြင့်မားသောအဆင့်ကျွမ်းကျင်မှုများကို မသင်ယူနိုင်ပေ။
‘ရီချင်ရဲ့ သရုပ်မှန်ကဘာလဲ’
ရီဖန်စဉ်းစားပြီးနောက် နောက်ထပ်မမေးရန်သာ ဆုံးဖြတ်လိုက်သည်။ ရီချင်သည် ရီကျင်းချုံ သို့မဟုတ် ရီမိသားစုကို မထိခိုက်စေသရွေ့
ရီဖန်အတွက် ၎င်းသည် ကောင်းမွန်သောအရာဖြစ်သည်။
အကယ်၍ရီချင်ထံတွင် ယုတ်မာသော ရည်ရွယ်ချက်များရှိနေပါက မည်မျှပင်အကျိုးရှိစေကာမူ ရီဖန်သည် သူ့ကို ရှင်းထုတ်ပစ်ရန် တွန့်ဆုတ်နေမည် မဟုတ်ချေ။
၎င်းကိုကြည့်ရှုပြီးနောက် ရီဖန်သည် စွမ်းအားကျင့်ကြံခြင်းနည်းစနစ်ကော်လံတွင် ထည့်သွင်းထားသော ကျင့်ကြံရေးနည်းစနစ်အသစ်များကို ကြည့်ရှုခဲ့သည်။
“ဖီးနစ်ကိုးကောင်တက်လှမ်းခြင်း တော်ဝင်နည်းစနစ်”၊ ဤ ကျင့်ကြံရေးနည်းစနစ်သည် ယခင်က မပေါ်ခဲ့ဖူးပေ။
ထို့အပြင် ရီဖန်သည် ၎င်းကိုစမ်းသပ်ပြီးနောက်တွင် အမျိုးသမီးကျင့်ကြံသူများအတွက် သီးသန့်ဖြစ်သောကြောင့် ဤနည်းကိုကျင့်ကြံရန် လုံးဝမဖြစ်နိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ကြောင့် ၎င်းသည် ရီချင်အတွက် မဖြစ်နိုင်ချေ။ အိမ်မှထွက်သွားသော ရီရှောင်းရှောင်းသည်သာ ဖြစ်နိုင်ခြေတစ်ခုအဖြစ်ကျန်တော့သည်။
“ဖီးနစ်ကိုးကောင်တက်လှမ်းခြင်း တော်ဝင်နည်းစနစ်” သည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်နှင့် ရွှေအမြုတေအဆင့်တို့ကို ကျော်လွန်ကာအလွန်အစွမ်းထက်လှသည်။
၎င်းသည် “တော်ဝင်နည်းလမ်းသို့ တက်လှမ်းခြင်း” ဟူသောအမည်ရသည့် ကျင့်ကြံလေးလမ်းစဉ်တစ်ခုကို ရီဖန်အား အမှတ်ရစေခဲ့သည်။
ရီဖန်၏နားလည်မှုအရ "ချီစွမ်းအားမင်းဆက်ကံဇာတာ" နှင့်ပေါင်းစပ်ထားသော ကျင့်ကြံရေးနည်းစနစ်များသည် ကျင့်ကြံရေးကမ္ဘာတွင်တည်ရှိသည်။
တာ့ယွီနှင့် ယွဲ့အင်ပါယာကဲ့သို့သော နေရာမှတော်ဝင်မိသားစုများသည် ချီစွမ်းအားမင်းဆက်ကံဇာတာနည်းစနစ်များကို ကျင့်ကြံကြသည်။ မင်းဆက်သည် ပို၍အားကောင်းလေ၊ ၎င်းကို ကျင့်ကြံသူသည် ပိုမိုအားကောင်းလေဖြစ်၏။
ရီရှောင်းရှောင်းသည် ဤမင်းဆက်များနှင့် ဆက်စပ်မှုရှိနိုင်ပါသလော။ ရီဖန် မသိပေ၊ လောလောဆယ်တွင် လက်လျော့ထားရုံသာရှိသည်။ ရီရှောင်းရှောင်း လုံခြုံနေသရွေ့ အဆင်ပြေပါသည်။
အကယ်၍ ရီရှောင်းရှောင်းသည် ချီစွမ်းအားမင်းဆက်ကံဇာတာနည်းစနစ်များကို အမှန်တကယ် ကျင့်ကြံခဲ့ပါက နောင်အခါတွင် ပိုမိုခိုင်မာသော ရီမိသားစုဖြစ်လာမည်ဖြစ်ကာ ၎င်းသည်သူမအတွက်လည်း အကျိုးကျေးဇူးများစွာရရှိမည်ဖြစ်သည်။
မကြာခင်တွင် ရီဖန်သည် ရီချင်နှင့် ရီရှောင်းရှောင်းတို့နှင့် ပတ်သက်သည့်ကိစ္စများကို ပြန်တွေးလိုက်သည်။
ရီကျင်းချုံး၏မင်္ဂလာဆောင်တွင် ကောင်းကင်ငန်းကိုပြသခဲ့ပြီးဖြစ်ရာ အရွက်တစ်ထောင်ရပ်နားစခန်းကို ဖွင့်လှစ်ချိန်တန်လေပြီ။
မကြာမီတွင် အရွက်တစ်ထောင်ရပ်နားစခန်းများကို စျေးကွက်အသီးသီးတွင် စတင်တည်ထောင်ခဲ့သည်။
ကောင်းကင်ငန်း၏ သယ်ယူပို့ဆောင်ရေးစွမ်းရည်ကို ကျင့်ကြံသူများမှ လျင်မြန်စွာ အသိအမှတ်ပြုခဲ့သည်။ အထူးသဖြင့် ချီစွမ်းအား သန့်စင်ခြင်းနယ်ပယ်ရှိသူများအတွက်၊ ကွမ်ဟယ် စီရင်စုအတွင်း ခရီးသွားလာမှုကို ပိုမိုအဆင်ပြေစေပါသည်။
“သက်ရောက်မှုတန်ဖိုး ၁၀ မှတ် တိုးလာပါပြီ”
“သက်ရောက်မှုတန်ဖိုး ၁၅ မှတ် တိုးလာပါပြီ”
စနစ်၏သတိပေးချက်သည် အခါအားလျော်စွာ ထွက်ပေါ်လာသည်။ အရွက်တစ်ထောင်ရပ်နားစခန်းများ၏ သက်ရောက်မှုတန်ဖိုးသည် ထောင်နှင့်ချီသော များပြားခြင်းမရှိချေ။ သို့ရာတွင် စုဆောင်းလိုက်သောအခါ အလွန်ကောင်းမွန်လှသည်။
“ရေရှည်တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ ရီမျိုးနွယ်စု လွှမ်းမိုးမှု(ပြီးသွားပြီဖြစ်သည့်) အတွက် ဆုလက်ခံရန် အသင့်ဖြစ်နေပါပြီ။”
“စနစ်၊ ဆုငွေကိုထုတ်လိုက်ပါ”
"ဂုဏ်ယူပါတယ်၊ သခင် ဆုလာဘ်ကို လက်ခံရရှိပါပြီ၊ သွေးမျိုးဆက်စွမ်းအားက
အမှတ် ၇၀၀ တိုးသွားပါပြီ ”
မြွေစိမ်းသွေးမျိုးဆက်၏ အဆင့်တိုးတက်မှုသည် မဝေးတော့ဘဲရှိနေရာ ယခုတွင် အမှတ်၇၀၀ ရုတ်တရက် တိုးလာသည်နှင့် ချက်ခြင်းပင် နောက်တစ်ဆင့်သို့တက်လှမ်းသွားသည်။
ရီဖန်၏ ခန္ဓာကိုယ်ရှိ မြွေစိမ်းစွမ်းအားသည် စတင်၍တိုးမြင့်လာသည်။ ၎င်း၏အကြေးခွံစိမ်းများ ခွါချကာ၊ ဦးခေါင်းနှင့် ဝမ်းဗိုက်တွင် ရှိသော အဖုသေးသေးလေးများမှာ ပိုကြီးလာသည်။
သုံးရက်အကြာတွင် မြွေစိမ်းသည် ၎င်း၏အသွင်ပြောင်းမှု ပြီးဆုံးသွားခဲ့ကာ နောက်ဆုံးတွင် နဂါးချိုတစ်စုံနှင့် နဂါးခြေသည်းလေးချောင်းတို့၏ ပုံသဏ္ဍာန်ပေါ်လာသည်။
ငါးနှင့်တူသောခန္ဓာကိုယ်နှင့် မြွေအမြီးနှင့်တူလျက် မွ ပုလဲများဖြင့်ဖုံးလွှမ်းကာ ပုတ်သင်နှင့်တူသော အကြေးခွံများဖြင့် ဖုံးအုပ်ထားသည့် မွန်းစတားကို အစိမ်းရောင်ကျောက် အဖြစ်လူသိများသည်။
သွေးမျိုးဆက်စွမ်းအားသည် ဆယ်ဆကျော်မျှ တိုးလာကာ ရီမိသားစုမှအဖွဲ့ဝင်များသည် သွေးမျိုးဆက်စွမ်းအားတုံ့ပြန်မှုကို ခံစားခဲ့ရသည်။
၎င်းကို ယခင်ကတွေ့ကြုံခံစားဖူးသူများက ချက်ချင်းပင် အခြားသူများကို အားပေးပြောဆိုခဲ့သည်။ အသွင်ကူးပြောင်းရေးကာလတွင် ငြိမ်သက်စွာနေရန်နှင့် နှစ်သိမ့်ပေးပြီးနောက်တွင် ၎င်းတို့၏ ကျင့်ကြံရေးကိုကြိုးကြိုးစားစား လုပ်ဆောင်ခဲ့သည်။
သွေးမျိုးဆက် အသွင်ကူးပြောင်းမှုတစ်ခုစီသည် ရီမိသားစုအဖွဲ့ဝင်များအတွက် ကြီးမားသောတိုးတက်မှုများကို ဖြစ်ပေါ်စေသည်။
သွေးမျိုးဆက်စွမ်းအားများ တိုးလာသည်နှင့်အမျှ အစိမ်းရောင်ကျောက်၏ အကြေးခွံများစွာသည် ခန္ဓာကိုယ်ပေါ်တွင် ပေါ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော ဤအကြေးခွံများသည် အလွန်သန်မာသော အကာအကွယ်များကို ပေးစွမ်းသည်။
တူညီသောအဆင့်ရှိကာကွယ်ရေးနည်းပညာများနှင့်နှိုင်းယှဉ်ပါက၊ ၎င်းတို့သည် ပို၍သာလွန်၏။
အစိမ်းရောင်ကျောက် သွေးမျိုးဆက် (၁၅၇၇/၁၀၀၀၀)
မြွေတစ်ကောင်သည် အနှစ်တစ်ထောင်တွင် ‘ကျောက်’ အဖြစ်သို့ ပြောင်းလဲသွားကာ အနှစ်တစ်သောင်းတွင် နဂါးအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ရာ ဆင့်ကဲဖြစ်စဉ်လမ်းကြောင်းပေါ် အလွန်ခိုင်မာသည့် ခြေလှမ်းတစ်ခုကို လှမ်းခဲ့နိုင်ပြီဖြစ်သည်။
သွေးမျိုးဆက်၏ဆင့်ကဲဖြစ်စဉ်နှင့်အတူ မြွေစိမ်းအသွင်ပြောင်းခြင်းနည်းပညာသည်လည်း တိုးတက်ပြောင်းလဲလာမည်ဖြစ်သည်။ ရီမိသားစုအတွက် ထူးခြားအစွမ်းထက်သောနည်းပညာသည် ယခု မည်သို့ဖြစ်သွားပါသနည်း။
………………………….
အခန်း (၆၈) တုန်းရှီစီရင်စုရှိ ပဋိပက္ခများ
အစိမ်းရောင် ‘ကျောက်’ အသွင်ပြောင်းခြင်းနည်းပညာသည် အစိမ်းရောက်’ကျောက်’သွေးမျိုးဆက်၏ သီးသန့်စွမ်းအားတစ်ခုဖြစ်ကာ တစ်လအထိကြာမြင့်ပြီးနောက်တွင် တဖြည်းဖြည်းအားလျော့သွားသည့် ဝိညာဉ်မျိုးစိတ်များကို ကျင့်ကြံပေးနိုင်သည်။ ၎င်းသည် သွေးမျိုးဆက်စွမ်းအား အဆက်မပြတ်ပြန်လည်ဖြည့်တင်းပေးနိုင်မှုကို လိုအပ်၏။
မိသားစုကျင့်ကြံခြင်းသည် ကျင့်ကြံရေးအတွက် မိသားစုတစ်ခုလုံး၏ သွေးမျိုးဆက်စွမ်းအားကို စွမ်းအားကို စုဆောင်းခြင်းဖြစ်ကာ မိသားစု၏သွေးမျိုးဆက်သည် ပို၍အားကောင်းလေ ပို၍စွမ်းအားကြီးသော ဝိညာဉ်မျိုးစိတ်များကို ကျင့်ကြံနိုင်လေဖြစ်သည်။
တိုက်ပွဲများသည် သွေးမျိုးဆက်စွမ်းအားကို ကုန်ဆုံးစေတတ်ကာ သွေးမျိုးဆက်စွမ်းအား ကုန်ဆုံးသွားသည်နှင့် တစ်ဖန်ပြန်လည်ကျင့်ကြံရန် လိုအပ်သည်။ သေချာသည်မှာ မြွေစိမ်းအသွင်ပြောင်းခြင်းနည်းစနစ်သည် တိုးတက်ပြောင်းလဲလါပြီဖြစ်သည်။ ၎င်းသည် ပိုမိုအားကောင်းလာရုံသာမကဘဲ ကြာချိန်သည်လည်း တိုးလာခဲ့သည်။
ရီဖန်စိတ်ဝင်စားမှုအရှိဆုံး စွမ်းရည်မှာ အသစ်ထပ်ထည့်ထားသည့် ဒုတိယစွမ်းရည်ဖြစ်သော ‘မိသားစုကျင့်ကြံရေး’ဖြစ်၏။ မိသားစုတစ်စုလုံးမှ ပေါင်းစည်းထားသော သွေးမျိုးဆက်စွမ်းအားသည် မည်မျှအစွမ်းထက်သည့် အင်မော်တယ်ပစ္စည်းမျိုးကို ကျင့်ကြံပေးနိုင်ပါမည်နည်း။
ရီဖန်သည် ၎င်းကို ချက်ချင်းစမ်းသပ်ကြည့်ချင်သော်လည်း ကံမကောင်းစွာဖြင့် သူ့တွင်အဆင့်မြင့်ဝိညာဉ်မျိုးစိတ်များ မရှိခဲ့ချေ။ ရီဖန်ပိုင်ဆိုင်သည့် ဝိညာဉ်မျိုးစိတ်များ၏ အမြင့်ဆုံးအဆင့်မှာ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၏ အထွတ်အထိပ်ဖြစ်သည့် အဋ္ဌမအဆင့်ဖြစ်သည်။
တုန်းရှီစီရင်စုတွင်ပင် ရီဖန်သည် ရွှေအမြုတေအဆင့်၏ ဝိညာဉ်မျိုးစိတ်များကို ရှာမတွေ့ခဲ့ပေ။ ဝယ်ယူမည်ဆိုပါက သူသည် တာ့ယွီနိုင်ငံတော်၏မြို့တော် ကျုန်းရှန်းစီရင်စုသို့သွားရန် လိုအပ်မည်ဖြစ်သည်။
ထိုနေရာသည် တာ့ယွီနိုင်ငံတော်ရှိ ကျင့်ကြံသူများ၏ အချက်အချာဖြစ်ကာ ရွှေအမြုတေအဆင့်ကျင့်ကြံသူများသာမက တာ့ယွီနိုင်ငံတော်၏ဘုရင်သည် မွေးဖွားခြင်းဝိညာဉ်အဆင့်ကျင့်ကြံသူဖြစ်ကြောင်း ကောလာဟလများပင်ရှိသေးသည်။
အခြားသူများသည်လည်း သွေးမျိုးဆက်စွမ်းအားကို အားလုံးနီးပါးစုပ်ယူပြီးလုရှိနေကြပြီဖြစ်ရာ ရီဖန်သည် ရီမိသားစုအဖွဲ့ဝင်များကို အစိမ်းရောင်’ကျောက်’သွေးမျိုးဆက်ကို စမ်းသပ်ရန်ဆင့်ခေါ်လိုက်သည်။ အစိမ်းရောင်’ကျောက်’သွေးမျိုးဆက်ထဲသို့ မြွေစိမ်းသွေးမျိုးဆက်ပေါင်းထည့်ပြီးနောက် ဆင့်ကဲပြောင်းလဲလာခြင်းသည် ၎င်း၏စွမ်းရည်ကို မြှင့်တင်ပေးခဲ့၏။
အစိမ်းရောင်’ကျောက်’၏ စွမ်းအားလည်ပတ်နေသရွေ့ ၎င်း၏ကြေးခွံအကာသည် ခန္ဓာကိုယ် မျက်နှာပြင်ပေါ်တွင် စုစည်းနိုင်ကာ ပြင်းထန်သော ခုခံစွမ်းအားကို ပေးစွမ်းနိုင်သည်။ ၎င်းသည် တူညီသောအဆင့်ရှိသည့် ကာကွယ်ရေးမန္တန်များနှင့် နှိုင်းယှဉ်လျှင်ပင် အနည်းငယ်မှ နိမ့်ကျမည်မဟုတ်ပေ။
ထို့အပြင်၊ ရီမိသားစု၏ဝိညာဉ်ရေးအမြစ်အဆင့်သည်လည်း တိုးတက်လာခဲ့သည်။ ယခင်က ၎င်းတို့၏စွမ်းရည်များ တိုးမြင့်လာခဲ့သည့် အချိန်တွင် လူတိုင်း၏မြွေစိမ်းသွေးအရင်းအမြစ်သည် အလယ်တန်း တတိယအဆင့်၏ အထွတ်အထိပ်ဖြစ်သည့် စတုတ္ထအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။
ယခုတွင် ၎င်းတို့၏ စတုတ္ထအဆင့်မြွေစိမ်းသွေးအရင်းအမြစ်သည် တတိယအဆင့် အစိမ်းရောင်’ကျောက်’ဝိညာဉ်အရင်းအမြစ် အဖြစ်သို့ အဆင့်တက်သွားသည်။ ၎င်းသည် အဆင့်မြင့် တတိယအဆင့် ဝိညာဉ်အရင်းအမြစ်များတွင် အညံ့ဆုံးဖြစ်သော်လည်း ၎င်းသည် အဆင့်မြင့်ဝိညာဉ်အရင်းအမြစ်ဖြစ်နေဆဲသာဖြစ်သည်။ အလယ်အလတ်အဆင့် ဝိညာဉ်အရင်းအမြစ်နှင့်ဆိုပါက ၎င်းသည်နှိုင်းယှဉ်ရန်ပင်မလိုချေ။ သစ်သားစွမ်းရည်မန္တန်နှင့် ကျင့်ကြံရေးနည်းစနစ်များ၏အမြန်နှုန်းသည် ယခင်စတုတ္ထအဆင့်နှင့် နှိုင်းယှဉ်ပါက အနည်းဆုံး နှစ်ဆတိုးသွားမည်ဖြစ်သည်။
စတုတ္ထအဆင့် ဝိညာဉ်အရင်းအမြစ်ရှိခြင်းသည် တစ်ဦးကို ကျွမ်းကျင်သူတစ်ဦးကဲ့သို့ အရည်အချင်းပြည့်မီနေစေပြီဖြစ်သည်။ အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးတစ်လုံးသည် ၎င်းအဆင့်တွင် ကျင့်ကြံရေးစွမ်းအားမြှင့်တင်ရန်အတွက် လုံလောက်မည်ဖြစ်ကာ ရွှေအမြုတေအဆင့်သို့ရောက်ရှိရန် မျှော်လင့်ချက်အနည်းငယ်ပင် ရှိနိုင်ပါသေးသည်။
သို့သော် တတိယအဆင့်ဝိညာဉ်အရင်းအမြစ်ဖြင့် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းဆေးလုံးမပါဘဲပင် အခြေခံအုတ်မြစ်တည်ဆောက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်ကာ ရွှေအမြုတေအဆင့်သို့ ဖြတ်ကျော်ရန် အခွင့်အရေးသည်လည်း ပိုမိုများပြားလာမည်ဖြစ်သည်။ စနစ်တကျ ကျင့်ကြံနေသည့်ကာလပတ်လုံး ရွှေအမြုတေအဆင့်ကျင့်ကြံသူများဖြစ်လာရန် သေချာလုနီးပါးပင်ဖြစ်သည်။
“မိသားစုသွေးမျိုးဆက်သည် ပို၍အားကောင်းလာပြီဖြစ်သောကြောင့် လူတိုင်းသည် ဤကာလအတွင်း လုံ့လစိုက်ထုတ်ပြီးကျင့်ကြံကာ ကျင့်ကြံရေးအဆင့်တိုးမြှင့်ရန် ကြိုးစားကြရမည်ဖြစ်သည်”
ထိပ်တန်းအရည်အချင်းများနှင့် အရင်းအမြစ်များ မပြတ်လတ်သောကြောင့် ရီမိသားစုဝင်များသည် ၎င်းတို့၏ကျင့်ကြံရေးအဆင့်ကို မကြာမီပင် သိသိသာသာ မြှင့်တင်နိုင်မည်ဖြစ်သည်။ ရွှေအမြုတေအဆင့်သည်လည်း မဝေးတော့ချေ။
ရွှေအမြုတေအဆင့်သို့ ရောက်ရှိပြီးသည်နှင့် သူ၏ကံကြမ္မာကို ကောင်းကင်ဘုံကမဟုတ်ဘဲ သူကိုယ်တိုင်အုပ်ချုပ်နိုင်တော့မည်ဖြစ်သည်။ ရွှေအမြုတေအဆင့်ရှိ ကျင့်ကြံသူများသည် နှစ်ငါးရာအထိ သက်တမ်းရှိရုံသာမက ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်သည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရ ကျင့်ကြံသူများနှင့် တန်းတူသောအဆင့်တွင်ပင် မဟုတ်တော့ချေ။
အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူအယောက်တစ်ရာသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက်ကို နိုင်အောင်တိုက်တော့မည်မဟုတ်ပေ။
ရွှေအမြုတေအဆင့်ကျင့်ကြံသူများသည် အင်မော်တယ်လက်နက်များကို ကိုင်ဆောင်နိုင်ကြကာ အင်မော်တယ်လက်နက်တစ်ခု၏ သက်ဝင်လှုပ်ရှားမှုနှင့်အတူ ကောင်းကင်ကိုဖြိုခွင်းပြီး ကမ္ဘာမြေကိုအက်ကွဲစေနိုင်သည်။ ရီဖန်သည် ရွှေအမြုတေအဆင့်ကျင့်ကြံသူဖြစ်လာမည့်နေ့ကို စောင့်မျှော်နေလျက်ရှိသည်။
ရီကျင်းချုံသည် အချိန်အတော်ကြာ တစ်ဦးတည်းကျင့်ကြံရန်အတွက် သူမ၏ဂူအိမ်သို့ ပြန်သွားခဲ့သည်။ ကျင့်ကြံရေးပြုလုပ်နေဆဲဖြစ်သည့် ရီချင်သည် ရုတ်တရက် မျက်လုံးပွင့်လာကာ ရီကျင်းချုံကို အံ့ဩသောအမူအရာဖြင့် ကြည့်လိုက်သည်။
"ကျင်းချုံ မင်းရဲ့ ရောင်ဝါ?"
ရီချင်သည် လွန်စွာအံ့အားသင့်လျက်ရှိသည်။ သူသည် ရီကျင်းချုံအတွင်းရှိ သွေးမျိုးဆက်စွမ်းအား သိသာထင်ရှားစွာ တိုးလာသည်ကို ခံစားနိုင်သည်။
“အဖေက ငါတို့ရဲ့သွေးမျိုးဆက်စွမ်းအားကို မြှင့်တင်ပေးထားပြီ”
ရီကျင်းချုံသည် ရီချင်၏နှလုံးသားထဲရှိ ကြီးမားသောလှုပ်ခတ်မှုကို မသိလိုက်ဘဲ သာမန်ကာလျှံကာ မှတ်ချက်ပေးလိုက်သည်။
သူ့ယောက္ခမသည် မိသားစု၏သွေးမျိုးဆက်ကို အမှန်တကယ် မြှင့်တင်နိုင်သည်။ ဤအခြေအနေသည် ရီချင်ယခင်က ကောလဟလများတွင် ကြားဖူးထားရုံသာဖြစ်သည်။
မိသားစုသွေးမျိုးဆက်သည် ကျင့်ကြံရေးအဆင့်တစ်ခုသို့ ရောက်ရှိနေပြီးဖြစ်ကာ သွေးမျိုးဆက်စွမ်းအား အသွင်ပြောင်းပြီးသည့် ကျင့်ကြံသူများအတွက် ကြီးမားသောအထောက်အပံ့ဖြစ်သည်။
သွေးမျိုးဆက်စွမ်းအားကို မြှင့်တင်ရန်အတွက် စကြဝဠာ၏အခြေခံစည်းမျဉ်းများကို ထိန်းချုပ်နိုင်ရန်လိုအပ်သည်။ စည်းမျဉ်းများကို ထိန်းချုပ်နိုင်ခြင်းသည် အမှန်တကယ်လွှမ်းမိုးနိုင်စွမ်းရှိသည့်သူဖြစ်ကြောင်းကို ပြသနေ၏။
ရီချင်သည် လေအေးတစ်ချက်သာမှုတ်ထုတ်လိုက်သည်။ ရီမိသားစုသည် အံ့မခန်းပင်အင်အားကြီးမားသည်။ သူ၏ယောက္ခမက သူ့ကို ထိုကဲ့သို့စကားပြောနိုင်သည်မှာ အံ့ဩဖွယ်မရှိချေ။ လူပြန်မဝင်စားမီကပင် သူသည် ယောက္ခဖြစ်သူ၏အမြင်တွင် ပုရွက်ဆိတ်တစ်ကောင်မျှသာ ဖြစ်ကောင်းဖြစ်နိုင်သည်။
ရီချင်မှာ သူသည် ကောင်းမွန်သောကံကြမ္မာနှင့် ချည်နှောင်မိသည်ဟု ခံစားမိလာသည်။ ရီမိသားစုသည် အံ့မခန်းပင်။ ရီချင်သည် ရီမိသားစု၏သားမက်ဖြစ်ရသည်ကို ဂုဏ်ယူမိသည်။
……..
နေ့ရက်များကုန်လွန်သွားပြီးနောက် ရီဖန်သည် ဌာနခွဲအားလုံးမှ ယခုနှစ်၏အမြတ်ငွေကိုရရှိပြီးဖြစ်သည်။ အမြတ်ငွေမှာ သိသိသာသာ တိုးလာသော်လည်း ရီဖန်သည် အနည်းငယ်မျှ ကျေနပ်ပုံမပေါ်ပေ။
ရီမိသားစုသည် တစ်နှစ်တွင် အဆင့်နိမ့် ဝိညာဉ်ကျောက်ငါးသန်းရရှိခဲ့သည်။ သို့သော် ဝင်ငွေများလာသည်နှင့်အမျှ ကုန်ကျစရိတ်သည်လည်း နှစ်ဆနီးပါး တိုးလာကာ ထိုနှစ်တွင် အရင်းအမြစ်များ၏ဈေးနှုန်းသည်လည်း တဟုန်ထိုး မြင့်တက်လာသည်။ ထို့အပြင် ဤပြောင်းလဲမှုအားလုံးသည် တုန်းရှီစီရင်စုမှရောက်ရှိလာခြင်းဖြစ်သည်။
တုန်းရှီစီရင်စုတွင် ပဋိပက္ခများစတင်လာပြီဖြစ်၏။ ၎င်းစီရင်စုသည် ကွမ်ဟယ်စီရင်စုနှင့်မတူချေ။ ကွမ်ဟယ်စီရင်စုကို ဂိုဏ်းခွဲသုံးခုနှင့် ကျင့်ကြံသူမိသားစုများက ထိန်းချုပ်ထားခြင်းဖြစ်သော်လည်း
တုန်းရှီစီရင်စုသည် ကြယ်တာရာလော့ဂိုဏ်း တစ်ခုတည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။
ကြယ်တာရာလော့ဂိုဏ်းသည် ရွှေအမြုတေအဆင့်ကျင့်ကြံသူများစွာ ပိုင်ဆိုင်ထားကာ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ရှိ ကျင့်ကြံသူများသည် ပို၍များသေးသည်။ ယခုတွင် ဤမျှအင်အားကြီးသောဂိုဏ်းသည်ပင် တိုက်ခိုက်ခြင်းခံနေရပြီဖြစ်သည်။
ကြယ်တာရာလော့ဂိုဏ်းကို တိုက်ခိုက်သူသည် တုန်းရှီစီရင်စုအပြင်ဘက်ရှိ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းဖြစ်သည်။ 'ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း' ဟူသောအမည်ကပင် ၎င်းတို့သည် လူကောင်းများမဟုတ်ကြောင်း ဖော်ပြနေသည်။ ကြယ်တာရာလော့ဂိုဏ်းကဲ့သို့သော အင်အားကြီးဂိုဏ်းတစ်ခုပင်လျှင် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့် မယှဉ်နိုင်ချေ။
စစ်ပွဲမှရရှိသော အမြတ်အစွန်းများသည် ကြွယ်ဝချမ်းသာရန် အလွယ်ကူဆုံးနည်းလမ်းဖြစ်သော်လည်း ရီဖန်သည် အနည်းငယ်စိတ်ပူနေသည်။ သူသည် စစ်ပွဲ၏ပဋိပက္ခများနှင့် နှိုင်းယှဉ်ပါက ငြိမ်သက်သောပတ်ဝန်းကျင်ကိုသာ ပို၍နှစ်သက်ပါ၏။
ကျင့်ကြံရေးလောကသည် အဆုံးမဲ့တိုက်ပွဲများသာမက အခြားလောကီရေးရာပြဿနာများလည်းပါဝင်သည်။
‘တည်တည်ငြိမ်ငြိမ်လေး တိုးတက်နေရင် ဘာဖြစ်သွားမှာမို့လို့လဲ’
ရီဖန်သည် စစ်ပွဲ၏နောက်ဆက်တွဲရလဒ်များ ကွမ်ဟယ်စီရင်စုသို့ ပျံ့နှံ့မလာစေရန် မျှော်လင့်လျက်သာ သက်ပြင်းချလိုက်သည်။
သူ၏စိတ်ထဲရှိ အရေးတကြီးဖြစ်လာသည့်ခံစားချက်ကြောင့် ရီဖန်သည် သူမကြာမီ ရွှေအမြုတေအဆင့်သို့ ဖြတ်ကျော်ရန် အမှန်တကယ်လိုအက်နေပြီဖြစ်ကြောင်း တွေးမိလိုက်သည်။ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်သည် ဤအဖွဲ့အစည်းများနှင့်ရင်ဆိုင်နိုင်ရန် မလုံလောက်သေးချေ။
ဇာတ်ကောင်- ရီဖန်
သက်တမ်း- ၁၉၀ နှစ်
အဆင့်- နှောင်းပိုင်းအခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့် (၁၄၃၀၀၀/၁၅၀၀၀၀)
သူသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းနိုင်ရန် မဝေးတော့ကာ ၎င်းအဆင့်၏ ကျင့်ကြံရေးနည်းစနစ်များအတွက် စတင်ပြင်ဆင်ရန် လိုအပ်လာပြီဖြစ်သည်။ ရီဖန်သည် ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းပညာကိုရရှိရန် သူ၏တစ်ခုတည်းသောအခွင့်အရေးမှာ တုန်းရှီစီရင်စုတွင်ရှိနေသည်ဟု ယူဆခဲ့သည်။
ကွမ်ဟယ်စီရင်စုအတွင်း၌ အင်အားအကြီးဆုံးဖြစ်သည့် သက်ရှည်ဂိုဏ်းသည်ပင် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၏ အထွတ်အထိပ်အထိသာ ကျင့်ကြံနိုင်ကြသည်။ ရီဖန်သည် အသက်ရှည်ခြင်းအနုပညာတွင် ကျွမ်းကျင်နေပြီးဖြစ်၏။
သူ၏ကောင်းကင်ငန်းကို စီးနင်းကာ ရီဖန်သည် မကြာမီတွင် တုန်းရှီစီရင်စုသို့ ရောက်ရှိလာသည်။
“မင့်အကြောင်းကို ဒီမှာပြောပါ” ဟု အသံတစ်သံက ပြောဆိုလာသည်။
ယခင်က တစ်ခါမှအတားအဆီးမရှိခဲ့သည့် ပုံမှန်ဈေးကို ယခုအခါ ချီစွမ်းအားကျင့်ကြံရေးအထွတ်အထိပ်အဆင့်ရှိ ကျင့်ကြံသူများက စောင့်ကြပ်ထားပြီး ဖြတ်သန်းသွားသော ကျင့်ကြံသူများကို စစ်ဆေးလျက်ရှိသည်။
ကံကောင်းထောက်မစွာဖြင့် ရီဖန်သည် နောက်ဆုံးအကြိမ်ရောက်လာခဲ့စဉ်က ဈေးတိုကင်ကို ရရှိခဲ့သည်။ "ကျွန်တော်က ဆေးပညာရှင်ပါ၊ စျေးမှာ ကုန်ကြမ်းပစ္စည်းဝယ်ဖို့ရောက်လာတာပါ"
ရီဖန်သည် သူ၏ကျင့်ကြံရေးအဆင့်ကို ဖုံးကွယ်ထားကာ ယခုအခါတွင် သာမန်ချီစွမ်းအားကျင့်ကြံသူတစ်ဦးပုံစံဖြင့် ခြိမ်းခြောက်မှုလုံးဝမရှိတော့ပေ။ ကောင်းကင်ဘုံကိုလှည့်စားခြင်းနှင့် ပင်လယ်ကိုဖြတ်ကျော်ခြင်းသည် စနစ်မှဆုချခဲ့သည့် နည်းစနစ်တစ်ခုဖြစ်သည်။
နှောင်းပိုင်းရွှေအမြုတေအဆင့်ကျင့်ကြံသူ ရောက်လာလျှင်ပင် ရီဖန်၏ ကျင့်ကြံရေးအဆင့်အမှန်ကို ခွဲခြားနိုင်မည်မဟုတ်ပေ။
“ဆေးပညာရှင်လား?" ထိုကျင့်ကြံရေးသမားများ၏
မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။
“ဒီဂိတ်မှာ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးဆယ်တုံးပေးရမယ်”
အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးဆယ်တုံးသည် ရီဖန်ကိုမျက်မှောင်ကြုတ်သွားစေသည်။ တခြားသူများကို တစ်တုံးသာ ကောက်ခံနေခြင်းဖြစ်သည်။ သို့သော် ရီဖန်းသည် မည်သည့်ပြဿနာမှ မဖြစ်စေခဲ့ဘဲ နာခံစွာဖြင့် ဈေးထဲသို့မဝင်မီ အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးဆယ်ခုကို ပေးချေခဲ့သည်။
ယခုအချိန်တွင် ကျင့်ကြံရေးနည်းစနစ်ကို ရှာဖွေခြင်းသည် အရေးကြီးဆုံးဖြစ်သည်။
အခန်း (၆၉) ရီချင်၏ အဆင့်တက်လှမ်းခြင်း၊ ယခင်ဘဝမှ အသုံးမဝင်တော့သည့် အရင်းအမြစ်များ
ရီဖန်သည် အကျွမ်းတဝင်ရှိသော ကျောက်တောင်နယ်မြေသို့ရောက်ရှိလာပြီးနောက် ဆိုင်ရှင်ဝမ်ရှီနှင့် တွေ့ဆုံခဲ့သည်။
"ဆေးဆရာရီ၊ ခင်ဗျားက ဒီမှာကိုး"
ဝမ်ရှီသည် ရီဖန်ကို မြင်လိုက်ရသည့်အခါ ယခင်ကထက်ပို၍ စိတ်အားထက်သန်လာသော်လည်း သူ၏အမူအရာမှာ အထူးကောင်းမွန်ခြင်းမရှိချေ။
"ဆိုင်ရှင်ဝမ် မတွေ့တာကြာပြီ၊ ဘယ်လိုနေလဲ"
ရီဖန်၏စကားကိုကြားသောအခါ ဝမ်ရှီ၏ စိတ်အားထက်သန်သောအမူအရာသည် ချက်ချင်း မှိန်ဖျော့သွားသည်။
"အင်း အဆင်မပြေဘူး!"
"ကြယ်တာရာလော့ဂိုဏ်းရဲ့ ပြဿနာတွေကို ကြားပြီးပြီလား"
ရီဖန်သည် ပြန်မဖြေမီ ခေတ္တရပ်လိုက်ကာ “ကျွန်တော် သိပ်တော့နားမလည်ဘူး၊ ဆိုင်ရှင်ဝမ် ကျွန်တော့်ကိုပြောပြပေးနိုင်မလား"
ရီဖန်သည် ကြယ်တာရာလော့ဂိုဏ်းနှင့် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းတို့အကြားရှိ အခြေအနေကို အလွန်သိချင်နေခဲ့သည်။
ဝမ်ရှီသည် သက်ပြင်းချလိုက်ကာ "ကြယ်တာရာလော့ဂိုဏ်း ... ရှုံးသွားနိုင်တယ်!"
ဝမ်ရှီသည် ပြင်ပလူများမရှိကြောင်းသေချာစေရန် ဂရုတစိုက်ကြည့်ရှုပြီးနောက် ရီဖန်ကိုအပေါ်ထပ်ရှိ သီးသန့်ခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။
"ဆေးပညာရှင်ရီ၊ ကြယ်တာရာလော့ဂိုဏ်းကို အနိုင်ယူနိုင်တယ်။"
၎င်းကိုကြားသည့်အခါရီဖန်သည် အံ့အားသင့်သွား၏။ အချိန်မကြာသေးသော်လည်း ကြယ်တာရာလော့ဂိုဏ်းသည် ရှုံးနိမ့်တော့မည်ဖြစ်သည်။
ဝမ်ရှီ၏ရှင်းပြချက်အပြီးတွင် ရီဖန်သည် လက်ရှိအခြေအနေကို နားလည်သဘောပေါက်သွားခဲ့သည်။
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏တိုက်ခိုက်မှုအောက်တွင် ကြယ်တာရာလော့ဂိုဏ်းသည် တုန်းရှီစီရင်စုရှိ ၎င်း၏နယ်မြေသုံးပုံတစ်ပုံကိုဆုံးရှုံးခဲ့ပြီးဖြစ်သည်။ဤလမ်းကြောင်းအတိုင်းသာ ဆက်သွားနေပါက ကြယ်တာရာလော့ဂိုဏ်းသည် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့် မည်သို့မျှမယှဉ်နိုင်တော့ချေ။
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းသည် တုန်းရှီစီရင်စုကို သိမ်းပိုက်လိုက်ပါက သာမန် ကျင့်ကြံသူများအတွက် ဘေးဥပဒ်ဖြစ်လိမ့်လာနိုင်သည်။
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းသည် နတ်ဆိုးကျင့်ကြံခြင်းကို လေ့ကျင့်ကြသည်ဖြစ်ရာ
တိရစ္ဆာန်များနှင့် ကျင့်ကြံသူများ၏ ဝိညာဉ်များသည် ၎င်းတို့ ကျင့်ကြံရေးအတွက် အလွန်ကောင်းမွန်သော အရင်းအမြစ်များဖြစ်သည်။
ဆုံးရှုံးသွားသော နယ်မြေ၏သုံးပုံတစ်ပုံတွင် လူဆယ်ဦးအနက် တစ်ဦးသာ ကျန်ရှိတော့သည်။ ကြယ်တာရာလော့ဂိုဏ်းသည် ဆက်လက် ရှုံးနိမ့်နေပါက လူအများသည် တုန်းရှီစီရင်စုမှ ထွက်ပြေးရန် စဉ်းစားရတော့မည်ဖြစ်သည်။
သို့မဟုတ်ပါက ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း တိုက်ခိုက်လာချိန်တွင် ထွက်ပြေးရန် အလွန်နောက်ကျသွားလိမ့်မည်။ ရီဖန်၏နှလုံးသည် ချက်ချင်းပင် နစ်မြုပ်သွားကာ အခြေအနေသည် အလွန်ဆိုးရွားနေပြီဖြစ်သည်။
အကယ်၍ တုန်းရှီစီရင်စုကို ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်က သိမ်းပိုက်လိုက်ပါက ကွမ်ဟယ်စီရင်စုသည် အမှန်တကယ်ပင် လွတ်မြောက်နိုင်ပါမည်လော။ ရီဖန်၏ နတ်ဆိုးကျင့်ကြံသူများကို နားလည်မှုအရ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းသည် ကွမ်ဟယ် စီရင်စုရှိ ကောင်းမွန်သောဆုလာဘ်ကို စွန့်လွှတ်မည်မဟုတ်ပေ။
ရီမိသားစု၏အခြေခံအုတ်မြစ်သည် ကွမ်ဟယ် စီရင်စုတွင်သာရှိကာ ကွမ်ဟယ်စီရင်စုမရှိတော့ပါက ရီမိသားစုအတွက် ထိုးနှက်ချက်သည်လည်း ကြီးမားလိမ့်မည်။ ရီမိသားစု၏ အနာဂတ်သည် မည်ကဲ့သို့များဖြစ်လာမည်နည်း။
ရီဖန်သည် သူ၏အတွေးများကို ဘေးဖယ်ထားကာ သူ၏ခရီးစဉ်အတွက် အဓိကရည်ရွယ်ချက်ဖြစ်သည့် ရွှေအမြုတေအဆင့် ကျင့်ကြံရေးလမ်းစဉ်အတွက် စတင်ရှာဖွေခဲ့သည်။ ရလဒ်မှာ ရီဖန်မျှော်မှန်းထားသည့်အတိုင်း ရွှေအမြုတေအဆင့် ကျင့်ကြံရေးနည်းစနစ်ကို ဝယ်ယူရန် မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။
ကြယ်တာရာလော့ဂိုဏ်းအတွက် ရွှေအမြုတေအဆင့် ကျင့်ကြံရေးနည်းစနစ်သည် လုံးဝလျှို့ဝှက်ထားသည်။ တုန်းရှီစီရင်စုရှိ ၎င်းတို့၏ဂိုဏ်းမှမဟုတ်သော အခြားရွှေအမြုတေအဆင့် ကျင့်ကြံသူများကို ခွင့်မပြုချေ။
ရီဖန်သည် စိတ်ပျက်သွားကာ ရီမိသားစုထံပြန်ယူသွားရန်အတွက် အရင်းအမြစ်များစွာကိုသာ ဝယ်ယူခဲ့တော့သည်။
တုန်းရှီစီရင်စုသည် ပို၍ရှုပ်ထွေးလာသည်ဖြစ်ရာ သူသည် တတ်နိုင်သမျှနည်းပါးအောင်သာ အပြင်ထွက်နိုင်တော့မည်ဖြစ်သည်။
သူသည် အရင်းအမြစ်များနှင့်အတူ ထွက်ခွာခါနီးတွင် ရင်းနှီးသောရုပ်သွင်ကို ရုတ်တရက်တွေ့လိုက်ရသည်။ ၎င်းမှာ တုပေါင်ဆေးခန်းပိုင်ရှင် ချန်ပေါင်ဖြစ်သည်။
"ဆိုင်ရှင်ချန်"
"မျိုးနွယ်စုခေါင်းဆောင်ရီ"
တစ်ယောက်ကိုတစ်ယောက်တွေ့လိုက်ရသည့်အခါ နှစ်ယောက်လုံး အံ့သြသွားကြသည်။ နယ်မြေခြားတွက် အသိအကျွမ်းဟောင်းတစ်ယောက်နှင့်တွေ့ဆုံလိုက်ရသဖြင့် ရီဖန်သည်အပြင်ထွက်ရန် စိတ်အားထက်သန်မှုမရှိတော့ဘဲ သီးသန့်အခန်းတစ်ခန်းရှာလိုက်ကာ ချန်ပေါင်နှင့် စကားစမြည်ပြောခဲ့သည်။
စကားစမြည်ပြောဆိုစဉ်တွင် ချန်ပေါင်သည် တုန်းရှီစီရင်စုရှိ တုပေါင်ဆေးခန်းတွင် အလုပ်လုပ်ရန် ပြောင်းရွှေ့ခံရကြောင်း ရီဖန် သိလိုက်ရသည်။ ၎င်းကိုကြားပြီးနောက် ရီဖန်သည် အတွေးတစ်ခုဝင်လာသည်။
"ဆိုင်ရှင်ချန်၊ တုပေါင်ဆေးခန်းမှာ ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းစနစ်တွေ ရနိုင်မလား"
ချန်ပေါက်သည် လျင်မြန်စွာပြန်ဖြေလိုက်ကာ တုပေါင်ဆေးခန်းတွင်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းစနစ်များကို မဝယ်ယူနိုင်ချေ။ ၎င်းကို ဝယ်ယူလိုပါက ကျုံးရှန်းစီရင်စုရှိ တုပေါင်ဆေးခန်းရုံးချုပ်သို့ သွားရမည်ဖြစ်သည်။
ရီဖန်သည် ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းစနစ်မရှိပါက သူ၏တိုးတက်မှုသည် ပိုမိုနှောင့်နှေးသွားမည်ဖြစ်ရာ သက်ပြင်းသာချလိုက်တော့သည်။
"ကျွန်တော်တို့မှာ ကျင့်ကြံရေးနည်းစနစ်တွေ မရှိပေမယ့် မျိုးနွယ်စုခေါင်းဆောင်ရီ စိတ်ဝင်စားတဲ့ တခြားအရင်းအမြစ်တွေ ရှိကောင်းရှိနိုင်ပါတယ်"
ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းစနစ်များကို မရောင်းချနိုင်သော်လည်း ရွှေအမြုတေအဆင့်ကျင့်ကြံရေးအဆင့် ဂါထာလက်ဖွဲ့များနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံရေးအဆင့်ရှိ အရင်းအမြစ်အချို့ကို ဝယ်ယူနိုင်ပါသေးသည်။
ရီဖန်သည် ၎င်းအရင်းအမြစ်များကို စိတ်ဝင်စားခဲ့သောကြောင့် ချန်ပေါင်သည် တုပေါင်တွင် ရောင်းချသည့်အရင်းအမြစ်များပါရှိသော ကျောက်စိမ်းပြားတစ်ခုကို ထုတ်ပေးခဲ့သည်။
၎င်းတို့ထဲတွင် ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းစနစ်များ၊ မည်သည့်မြက်ပင် သို့မဟုတ်သစ်ပင်ကိုမဆို လက်နက်အဖြစ်သို့ ပြောင်းလဲနိုင်စွမ်း၊ ကောင်းကင်ဘုံဖီးနစ်မိုးကြိုးမီးနှင့် ရွှေအမြုတေအဆင့်ကျင့်ကြံရေးအဆင့်ဆေးလုံး အမျိုးအစားများ ပါဝင်သည်။
ရီဖန်သည် ကျောက်စိမ်းပြားထဲတွင် ရွှေအမြုတေအဆင့်ကျင့်ကြံရေးအဆင့်မျိုးစေ့များ ပါရှိသည်ကို တွေ့ခဲ့ရသည်။ ဝိညာဉ်မျိုးစေ့များသည် ရီဖန် အတွက် အလွန်အသုံးဝင်သည်။
သူသည် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးသုံးသောင်းဖြင့် (အစောပိုင်းရွှေအမြုတေအဆင့်) ဝိညာဉ်မျိုးစေ့သုံးခုကို တိုက်ရိုက်ဝယ်ယူခဲ့သည်။ သစ်သားဂုဏ်ရည်များအတွက် သင့်လျော်သော ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းစနစ်နှစ်ခု၊ မြက်လက်နက်နည်းပညာနှင့် ကောင်းကင်ဘုံဖီးနစ်မိုးကြိုးမီးတို့ကို အဆင့်နိမ့်ဝိညာဉ်ကျောက်တုံးနှစ်ရာဖြင့် ဝယ်ယူရရှိခဲ့သည်။
သူသည် ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းစနစ်များကို မဝယ်နိုင်ခဲ့သည့်တိုင် ရွှေအမြုတေအဆင့်ကျင့်ကြံရေးဝိညာဉ်မျိုးစေ့များကို ရရှိခြင်းသည် အံ့သြဖွယ်ကောင်းလှသည်။
အစိမ်းရောက်’ကျောက်’ ၏ အသွင်ကူးပြောင်းရေးနည်းပညာဖြင့် ရီဖန်သည် ရီမိသားစုအတွက် ဝှက်ဖဲတစ်ခုကို ပြုလုပ်ထားရမည်ဖြစ်သည်။
ရွှေအမြုတေအဆင့်ကျင့်ကြံရေးရှိ တစ်စုံတစ်ယောက်နှင့် ကြုံတွေ့ရလျှင်ပင် ၎င်းတို့သည် လုံးဝအကူအညီမဲ့ ဖြစ်မည်မဟုတ်ချေ။
သူလိုအပ်သည်များကို ရရှိပြီးနောက် ရီဖန်သည် တုံ့ဆိုင်းမနေဘဲ ကွမ်ဟယ်စီရင်စုသို့ ချက်ချင်းပြန်သွားရန်ရွေးချယ်ခဲ့သည်။ သူဈေးမှထွက်လာသည်နှင့် ရီဖန်သည် သူ့နောက်တွင် ရောင်ဝါနှစ်စင်း နောက်ယောင်ခံလိုက်နေသည်ကို ခံစားလိုက်ရသည်။
ရီဖန်ဈေးကို လာတိုင်း သူအမြဲသတိထားရသည်။ မယုံနိုင်စရာပင် သူသည် ပစ်မှတ်ထားခံနေရဆဲဖြစ်၏။ ကွင်းပြင်သို့ရောက်သောအခါ ရီဖန်သည် သူ့ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
"ထွက်လာခဲ့ ”
"မင်းရဲ့ သိုလှောင်အိတ်ကို ငါတို့ကို ပေးလိုက်ပါ ဆေးပညာရှင်"
ကျင့်ကြံသူနှစ်ဦးသည် ဈေးအဝင်ဝတွင် အခကြေးငွေကောက်ခံခဲ့သည့်သူများပင်ဖြစ်ပါသည်။ ဆေးပညာရှင်ဖြစ်သည်ကို ထုတ်ဖော်ပြသခြင်းမိခြင်းက ထိုကဲ့သို့ အာရုံစိုက်ခံရလိမ့်မည်ဟု ရီဖန် မထင်ထားခဲ့ပေ။
"မင်းက ကြယ်တာရာလော့ဂိုဏ်းက ဖြစ်ရမယ်။" ရီဖန်ရုတ်တရက်ပြောလာသည်။
ကျင့်ကြံသူနှစ်ဦးလည်း အံ့အားသင့်သွားကာ ခေါင်းညိတ် သဘောတူလိုက်ကြသည်။
"မင်းတို့ရဲ့ လုပ်ရပ်တွေက ကြယ်တာရာလော့ဂိုဏ်းနဲ့ မင်းတို့ကို ဒုက္ခရောက်စေမှာ မကြောက်ဘူးလား?" ရီဖန်၏စကားကိုကြားသောအခါ ကျင့်ကြံသူနှစ်ဦးသည် ရယ်မောလိုက်ကြသည်။
"ငါတို့က ငါတို့အတွက် ဒီစည်းစိမ်ဥစ္စာတွေ စုဆောင်းနေတယ်လို့ မင်းထင်လား။ အမှန်အတိုင်းပြောရရင် ဒီနေ့မင်းရဲ့ သိုလှောင်အိတ်ကို လိုချင်ရုံမဟုတ်ဘူး၊ မင်းကို ငါတို့နဲ့အတူ လိုက်လာစေချင်တယ်။ ကောင်းကောင်းနေပြီးတော့ ဆေးပညာရှင် တစ်ယောက်အနေနဲ့ မင်းအသက်ရှင်ဖို့ အခွင့်အရေးရှိနိုင်တယ်"
ရီဖန်သည် တိတ်ဆိတ်နေကာ ကြယ်တာရာလော့ဂိုဏ်း၏ အခြေအနေသည် သူသိသည်ထက်ပင် ပိုဆိုးသည်ဟု တွေးနေမိသည်။
၎င်းတို့သည် ယခုအချိန်တွင် စစ်ဆင်ရေးများကို လျှို့ဝှက်စွာ လုပ်ဆောင်နေပုံရသော်လည်း မကြာမီတွင် ပို၍ပြောင်ပြောင်တင်းတင်း လုပ်ဆောင်လာဖွယ်ရှိသည်။ ကြည့်ရသည့်မှာ သူတုန်းရှီစီရင်စုကို မပြန်နိုင်သေးမည့်ပုံပင်။
သူ၏လက်ရှိကျင့်ကြံရေးအဆင့်ဖြင့် ရီဖန်သည် ကြယ်တာရာလော့ဂိုဏ်းကို ခုခံနိုင်စွမ်းမရှိပေ။
“ငါ့ကို အသိပေးတာ ကျေးဇူးတင်ပါတယ်”
ရီဖန်သည် သက်ပြင်းလေးချကာ လူနှစ်ယောက်ကို အံ့အားသင့်စေမည့် မန္တန်လက်ဖွဲ့ကို ပုံဖော်လိုက်သည်။ အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၏ ရောင်ဝါသည် ပြင်းထန်စွာပြသခံခဲ့ရသည်။
"အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၊ မင်းက အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို ရောက်နေတာပဲ"
ကြယ်တာရာလော့ဂိုဏ်းမှ ကျင့်ကြံသူနှစ်ဦးသည် ထိတ်လန့်ကာ အသနားခံရန်ကြိုးစားသော်လည်း ရီဖန်သည် ၎င်းကို ဖောက်ခွဲလိုက်ပြီဖြစ်သည်။
နောက်ထပ်မီးတောက်နည်းစနစ်ဖြင့် ၎င်းတို့၏အလောင်းများကို မီးရှို့ခဲ့သည်။ ထို့နောက် လေပြင်းနည်းပညာဖြင့် ၎င်းတို့၏ ပြာများကို ပြန့်ကျဲစေခဲ့ကာ နောက်ဆုံးတွင်သစ်သားနည်းပညာဖြင့် မြင်ကွင်းကို မူလပုံစံအတိုင်း ပြန်လည်ပြုပြင်ခဲ့သည်။
ကျင့်ကြံသူအနေဖြင့် ရီဖန်ထံတွင် လှည့်ကွက်များစွာရှိကာ ကြယ်တာရာလော့ဂိုဏ်းကို ခြေရာခံနိုင်စေမည့်အရာများ မချန်ထားနိုင်ခဲ့ပေ။ အနားတွင် မည်သူမှမှမရှိကြောင်းသေချာပြီးနောက်မှသာ ရီဖန်ထွက်လာခဲ့သည်။
……..
ရီမျိုးနွယ်ရှိ ရီကျင်းချုံ၏ ဂူအိမ်ထဲတွင်။
အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်၏ အရောင်အဝါသည် ရုတ်တရက်ထွက်ပေါ်လာသည်။ ရီချင်သည် နောက်ဆုံးတွင် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ကျော်ဖြတ်သွားပြီဖြစ်သည်။
ရီချင်၏စိတ်ထဲတွင် ချိတ်ပိတ်ထားသည့်မှတ်ဥာဏ်များသည်လည်း ပြန်လည်ရောက်ရှိလာသည်။ သူသည် အနာဂတ် ကျင့်ကြံရေးအတွက် အရင်းအမြစ်များစွာကို မြှုပ်နှံထားရုံသာမက ပြင်ဆင်မှုများစွာပြုလုပ်ထားကာ သူ၏ စိတ်ဝိညာဉ်ကိုလည်း ချိတ်ပိတ်ထားခဲ့သည်။
ယခုအခါတွင် သူသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ဖြတ်ကျော်သွားပြီးနောက် ရွှေအမြုတေအဆင့်ကျင့်ကြံရေးနည်းစနစ်များကို နောက်ဆုံးတွင်ပြန်လည်ရရှိခဲ့သည်။
ထိုအရင်းအမြစ်များကို ဝှက်ထားရာနေရာနှင့် ပတ်သက်၍ ရီချင်သည်ရုတ်တရက် အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ ၎င်းတို့ကို ပြန်ယူသင့်သည်လော။
သူမြှုပ်နှံထားသည့် အရင်းအမြစ်များသည် ရီမိသားစုပိုင်ဆိုင်သလောက် မများပြားပေ။
ရီမိသားစု၏ သားမက်တစ်ဦးဖြစ်သောကြောင့် ရီချင်သည် အခြားသူများနှင့် တူညီသောဆက်ဆံမှုကိုရရှိကာ ကျင့်ကြံရေးအရင်းအမြစ်များ လုံးဝချို့တဲ့ခြင်းမရှိချေ။
……………………………..