အခန်း ၁၀၀-၁၀၂
Vol. 7 Ch. 100-102
အခန်း ၁၀၀ - အရွက်တစ်ထောင်မြို့စား ရီရှောင်းရှောင်း (၃/၅)
ရီဖန်သည် သူ့မျက်နှာအမှန်ကို မထုတ်ဖော်ပြခဲ့သည့်အတွက် ချန်ပေါင်သည် သူ့ကိုမမှတ်မိခဲ့ချေ။
ဝိညာဉ်လက်ဖက်ရည်သောက်ပြီးနောက် ချန်ပေါင်သည် ဝမ်ရှင်းကျွန်းမှ လက်ဖက်ရည်တစ်အိုး၏ကြွယ်ဝမှုနှင့် ကွမ်ဟယ် စီရင်စုမှ လက်ဖက်ရည်နှင့်နှိုင်းယှဉ်မိရာ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ချေ။
လက်ဖက်ရည်ဆိုင်သည် စကားဝိုင်းဖွဲ့ပြောဆိုရန်နေရာဖြစ်သည်။ တောင်တစ်သောင်းတစ်ဖက်ရှိ တာ့ယွီနိုင်ငံတော်အကြောင်း ချန်ပေါင်ယူဆောင်လာသော ကောလဟာလများကြောင့် လူများစွာတို့သည် တာ့ယွီနိုင်ငံရှိ အခြေအနေများကို ပြောပြရန် ချန်ပေါင်ကိုတိုက်တွန်းနေကြသည်။
ဝမ်ရှင်းကျွန်းတွင် မွေးဖွားခဲ့ကြသော ကျင့်ကြံသူအများစုသည် ကျွန်းထံမှမည်သည့်အခါမျှ ထွက်ခွါသွားဖူးခြင်းမရှိချေ။ သူတို့သည် တောင်တစ်သောင်း၏ တစ်ဖက်ခြမ်းရှိ ကုန်းတွင်းမင်းဆက်များအကြောင်းကို သိချင်ကြသည်။
မိတ်ဆွေဖွဲ့ရသည်ကို နှစ်သက်သည့် စီးပွါးရေးသမားတစ်ယောက်အနေဖြင့် ချန်ပေါင်သည် တုပေါင်ဆေးခန်းကို တည်ထောင်ရန်အတွက် အရွက်တစ်ထောင်မြို့သို့ ရောက်လာခဲ့ခြင်းဖြစ်ရာ ထုံးစံအတိုင်းပင် သူမငြင်းဆိုဘဲ တာ့ယွီနိုင်ငံတော်၏ အရေးကိစ္စများကို စတင်ပြောဆိုခဲ့သည်။
သူသည် ကွမ်ဟယ်နှင့် တုန်းရှီစီရင်စုများကို သိမ်းပိုက်ထားသည့် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏အုပ်ချုပ်မှုအောက်တွင် ဒုက္ခရောက်နေကြသည့်အခြေအနေမှစကာ တာ့ယွီနိုင်ငံတော်၏ဘုရင် သူတော်စင်ရီ သေဆုံးခြင်းနှင့် မြို့စားသုံးယောက်တို့၏ ဆက်ဆံသူနေရာအတွက် ကြိုးပမ်းမှုတို့အထိအကုန် ပြောပြနေခဲ့သည်။
ရီဖန်သည်လည်း ကွမ်ဟယ်စီရင်စု၏ လက်ရှိအခြေအနေကို သိချင်သာကြောင့် လက်ဖက်ရည်တစ်ခွက်ကို သူကိုယ်တိုင်အတွက် လက်ဖက်ရည်အိုးပြင်ကာ နားထောင်နေတော့သည်။
တာ့ယွီနိုင်ငံ၏ ဘုရင်သည်လည်း မျိုးရိုးအမည် ရီ ဖြစ်သည်ကို ကြားသောအခါ သူသည်ဆက်နွယ်မှုကို ခံစားလိုက်ရသည်။ ထူးချွန်ထက်မြက်သူအများစုသည် မျိုးရိုးအမည် ရီ ရှိပုံရသည်။
သို့သော် တာ့ယွီနိုင်ငံတော်၏ မြို့စားသုံးယောက်သည် အရှင်ယွမ်ကျိုး၊ အရှင်ဝမ်ချန်နှင့် အရွက်တစ်ထောင်မြို့စားဟူ၍ အမည်ရသည့် ထူးခြားသော အမျိုးသမီးမြို့စားဖြစ်သည်ဟု ချန်ပေါင်ပြောသောအခါတွင် ရီဖန်သည် တစ်စုံတစ်ခုထူးဆန်းနေသည်ကို သတိပြုမိခဲ့သည်။ အရွက်တစ်ထောင်မြို့စားသည် အမျိုးသမီးတစ်ဦးဖြစ်သည်။
မသိလိုက်ဘဲနှင့် အချိန်သည် သန်းခေါင်ကျော်နေပြီဖြစ်သည်။ ချန်ပေါင်သည် သူ့စကားအဆုံးသတ်ရန်ပြင်လိုက်သောအခါ ရီဖန်ကပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဆက်ပြောပါ။
ကျွန်တော် ခင်ဗျားအတွက် လက်ဖက်ရည်တစ်အိုး ထပ်တည်ပေးမယ်"
ရီဖန်သည် တုံ့ဆိုင်းမနေဘဲ ဥာဏ်အလင်းလက်ဖက်ရည်တစ်အိုး ချက်ချင်းတည်လိုက်သည်။ ချန်ပေါင်မှာ အနည်းငယ် စိတ်ရှုပ်သွားသည်။ သူ၏စကားကိုအဆုံးသတ်ခွင့်ရအောင် ထိုသူသည်မည်သူဖြစ်သနည်း?
“အဲဒါ ဆိုင်ရှင်ပါ”
တစ်စုံတစ်ယောက်က ရီဖန်ကို မှတ်မိသွားသည်။
ခဏမျှ စဉ်းစားပြီးနောက် ချန်ပေါင်သည် ပြန်ထိုင်ရန် ဆုံးဖြတ်လိုက်သည်။ ရီဖန်ကို တစ်နေရာရာတွင် တွေ့ဖူးသည်မှာ သေချာသော်လည်း ဤသူနှင့် တစ်ခါမှမဆုံဖူးဘူးဟု သူအမြဲခံစားနေရသည်။
မကြာမီတွင် ရီဖန်သည် လက်ဖက်ရည်အိုးကို ယူလာပြီးနောက် ချန်ပေါင်ရှေ့တွင် တင်လိုက်သည်။ ချန်ပေါင်သည် ပထမဆုံးတစ်ကြိုက်မြည်းစမ်းကြည့်ပြီးသောအခါ သူချက်ချင်းပင် ထိတ်လန့်သွားကာ ရီဖန်ကို မော့ကြည့်လိုက်သည်။
"ဆက်ပြောရင် ခင်ဗျားကို နောက်ထပ် လက်ဖက်ရည်အိုးတစ်လုံးတည်ပေးမယ်ဗျာ!"
ချန်ပေါင်သည် အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးနှင့် တွေ့ခဲ့ခြင်းဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ ဤလူသည် တာ့ယွီနိုင်ငံတော်၏အရေးကို အဘယ်ကြောင့် အလွန်စိတ်ဝင်စားနေမှန်း သူမသိသော်လည်း သူသည်အကောင်းကြီးကြီးကို မိထားမှန်း သိလိုက်သောကြောင့် သူထပ်ပြောလာသည်။
မြို့စားသုံးယောက်အနက်တွင် ပထမနှစ်ယောက်သည် တာ့ယွီနိုင်ငံဘုရင်၏ တိုက်ရိုက်သားမြေးများဖြစ်ကာ ၎င်းတို့၏ ကျင့်ကြံရေးအဆင့်သည် အရွက်တစ်ထောင်မြို့စားလောက် မမြင့်မားသော်လည်း ၎င်းတို့သည် အမြူတေဖွဲ့စည်းခြင်းအဆင့်တွင် ရှိနေသည်။
အဓိကအချက်မှာ အဆိုပါမြို့စားနှစ်ယောက်၏နောက်ကွယ်တွင် ၎င်းတို့ကို ပံ့ပိုးပေးနေသည့် အခြေတည်ဝိညာဉ် အဆင့်ကျင့်ကြံသူများရှိကြောင်း ကောလာဟလများထွက်ပေါ်နေခြင်းကြောင့် ၎င်းတို့သည် တာ့ယွီနိုင်ငံတော်၏ဆက်ခံသူနေရာအတွက် အားအကောင်းဆုံးယှဉ်ပြိုင်သူများ ဖြစ်လာစေခဲ့သည်။
နောက်ဆုံးတစ်ယောက်ဖြစ်သည့် အရွက်တစ်ထောင်မြို့စားသည် လွန်ခဲ့သော ဆယ်နှစ်ကျော်က ပေါ်လာခဲ့သည့် သန်မာသော မွေးရာပါပါရမီရှိသူဖြစ်ကာ တော်ဝင်မင်းသမီး၏ ကျောထောက်နောက်ခံမှုရရှိထားသည်။ သူမသည် အသက်တစ်ရာမပြည့်မီတွင် အမြုတေ ဖွဲ့စည်းခြင်းအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။
ပြင်ပဝင်ရောက်စွက်ဖက်မှုမရှိပါက သူမသည် တာ့ယွီနိုင်ငံတော်၏ ဘုရင်ဖြစ်လာရန် အခွင့်အရေးအများဆုံးဖြစ်သည်။ သို့သော် ယခုတွင် သူမသည် တရားရုံးတွင် လူအနည်းငယ်သာ သူ့ကိုထောက်ခံသည်အထိ အဖိနှိပ်ခံရကာ အနိမ့်ဆုံးယှဉ်ပြိုင်သူ ဖြစ်လာခဲ့သည်။ ပြောနေကြသည်မှာ ယခင်နှစ်က စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးသည် တိုက်ခိုက်ခဲ့ကာ အရွက်တစ်ထောင်မြို့စားကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်ဟူ၍ပင်။ တော်ဝင်မင်းသမီးသည် သူမကိုကယ်တင်ရန် သူ့ကိုယ်သူ မစတေးခဲ့ပါက သူမသေဆုံးသွားနိုင်သည်။ ဒဏ်ရာမှ ပြန်လည်သက်သာလာခြင်းရှိမရှိကိုမူ မသိကြချေ။
နောက်အခိုက်အတန့်တွင် ရီဖန်ထံမှ လူသတ်လိုသည့်ရောင်ဝါ ပေါ်လာသည်။ လက်ဖက်ရည်ဆိုင်ရှိ စားသုံးသူများသည် သူတို့၏ခွန်အားဖြင့် ရီဖန်၏အရှိန်အဝါကို တွန်းလှန်ရန်ကြိုးစားကာ အသက်ရှူကြပ်နေကြသည်။ ရီဖန်ကို ကြည့်နေသည့်အကြည့်များတွင် ကြောက်ရွံ့မှုများဖြင့်ပြည့်နှက်နေသည်။
ဤသူသည် မည်သူနည်း၊ ဤမျှသန်မာသည့်ပုဂ္ဂိုလ်သည်အရွက်တစ်ထောင်မြို့တော်တွင် မည်သည့်အချိန်က ပေါ်လာသနည်း။
ထိုအချိန်တွင် အရွက်တစ်ထောင်မြို့စား သေဆုံးခါနီးပြီဆိုသည့် သတင်းအပေါ်တွင်သာ အာရုံရောက်နေသဖြင့် ရီဖန်သည် လက်ဖက်ရည်ဆိုင်ရှိ ထူးဆန်းသောလေထုကို သတိမမူမိပေ။
ရီ မျိုးရိုးအမည်ရှိသည့် အရွက်တစ်ထောင်မြို့စားသည် လွန်ခဲ့သည့် ဆယ်နှစ်ကျော်က ပေါ်ထွက်လာခဲ့သည်။ ဤအချက်အလက်များကို ပေါင်းစည်းလိုက်သည့်အခါ အရွက်တစ်ထောင်မြို့စားသည် သေချာပေါက်ပင် သူ၏ညီမ ရီရှောင်းရှောင်းဖြစ်ကြောင်း ရီဖန်သိရှိခဲ့သည်။
သူ့ညီမ ရီရှောင်းရှောင်းသည် ကျင့်ကြံရန် ထွက်သွားစဉ်က ရီဖန်သည် သူမကို အင်မော်တယ်ဖြစ်သည်အထိ ကျင့်ကြံလိမ့်မည်ဟု ထင်ထားသော်လည်း မမျှော်လင့်ဘဲ သူမသည် တော်ဝင်မင်းဆက်၏ ဆက်ခံသူများထဲမှ တစ်ယောက်ဖြစ်လာလိမ့်မည်ဟု မည်သူကထင်ထားမည်နည်း။
ရီရှောင်ရှောင်သည် တာ့ယွီအင်ပါယာ၏ ဘုရင်မျိုးဆက်ကို မည်သို့ဆက်ခံခဲ့သည်ကို ရီဖန်မသိသော်လည်း သူ့ညီမကို မည်သူမှအနိုင်ကျင့်ခွင့်မပေးကြောင်းကိုသာ သူသိသည်။ မင်းဆက်တစ်ခုလုံးကို ဆန့်ကျင်ခဲ့ရမည်ဆိုလျှင်ပင် ခြားနားခြင်းမရှိချေ။
“ရီမိသားစုကို စုဝေးလိုက်”
ရီဖန်၏ဒေါသသံသည် အရွက်တစ်ထောင်မြို့တစ်ခွင်သို့ ပဲ့တင်ထပ်သွားသည်။ အရွက်တစ်ထောင်မြို့ရှိ ကျင့်ကြံသူအားလုံးသည် ကောင်းကင်ကိုမျှော်ကာ ရီဖန်ကို စိုက်ကြည့်နေကြသည်။ ရီမိသားစု၏ အိမ်ထောင်ဦးစီးကို မည်သို့သောအကြောင်းအရာက ထိုကဲ့သို့ ဒေါသဖြစ်စေခဲ့သနည်း။
ထိုအချိန်တွင် လက်ဖက်ရည်ဆိုင်မှ ကျင့်ကြံရေးသမားများသည် ရီဖန်ကိုရီမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်ကြောင်း မှတ်မိလိုက်ကြသည်။ တစ်ချိန်တည်းတွင် ချန်ပေါင်သည်လည်း ရီဖန်ကို မှတ်မိသွား၏။ မြွေစိမ်းမိသားစုဖြစ်သော ရီမိသားစု၏ မိသားစုခေါင်းဆောင်ဖြစ်သည်လော။ ရီဖန်သည် မည်သည့်အချိန်က အခြေတည်ဝိညာဉ်အဆင့်သို့ ရောက်ရှိခဲ့သနည်း။
ချန်ပေါင်၏နားထဲသို့ ပို့လိုက်သောအကြောင်းကြားစာ ရောက်ရှိလာသည်။ "သစ်ရွက်တစ်ထောင်မြို့မှာ တုပေါင်ဆေးခန်းကို ချဲ့ထွင်ချင်ရင် တာဝန်ခံဆီ တိုက်ရိုက်သွားပါ။ သူတို့ ခင်ဗျားကို အကောင်းဆုံးတည်နေရာ ပေးလိမ့်မယ်၊ သူတို့ကို ငါ့ကိုယ်စားလာတာလို့ပြောလိုက်ပါ၊ ရီဖန်"
ချန်ပေါင်ရှေ့တွင် လက်ဖက်ရည်နှစ်ရွက် ပေါ်လာသည်။ ဉာဏ်အလင်းလက်ဖက်ရည်သည် ချန်ပေါင်အတွက် ရီဖန်၏ဆုလာဘ်ဖြစ်သည်။ အရွက်တစ်ထောင်မြို့တွင် ရီဖန်၏စကားသည် ဥပဒေဖြစ်သည်။
နောက်အခိုက်အတန့်တွင် နောက်ထပ်ပုဂ္ဂိုလ်နှစ်ဦးသည် ကောင်းကင်သို့ ထွက်ပေါ်လာကာ နောက်ထပ် အခြေတည်ဝိညာဉ်အဆင့် ရောင်ဝါနှစ်ခု ထွက်ပေါ်လာသည်။ ရီကျင်းထျန် နှင့် ရီကျင်းချုံ သည် ရီဖန် ၏ နံဘေးသို့ ပြေးသွားခဲ့သည်။ ရီဖန်ဒေါသအမျက်ထွက်သည်ကို သူတို့တစ်ခါမှ မမြင်ဖူးချေ။
“ရီမိသားစုရဲ့ ကျင့်ကြံသူတွေနဲ့ ကိုယ်ပိုင်စစ်သားတွေကို စုလိုက်ပြီး ငါနဲ့အတူ တာ့ယွီနိုင်ငံတော်ကို လိုက်ခဲ့ကြ၊ မင်းတို့ အဒေါ်အနိုင်ကျင့်ခံနေရပြီ!"
ရီဖန်သည် ရီရှောင်းရှောင်း၏ အခြေအနေကို မျှဝေခဲ့သည်။ အခြေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူ သုံးဦး၏ ဒေါသသည် အရွက်တစ်ထောင်မြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
"ရီမိသားစုအကုန် စုလိုက်!"
အင်မော်တယ်လက်နက်ဖြစ်သည့် လှေပျံ ၁၂ စီး၊ အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူ တစ်ရာကျော်နှင့် ရာနှင့်ချီသော အခြေခံအုတ်မြစ်တည်ဆောက်ရေးအဆင့်ကျင့်ကြံသူများ၏ ရောင်ဝါများသည် အရွက်တစ်ထောင်မြို့ကို ဖြိုခွင်းကာ မြို့တွင်းရှိ ကျင့်ကြံသူများကို ကြောက်ရွံ့တုန်လှုပ်စေခဲ့သည်။
အမျိုးသမီးကျင့်ကြံသူများအပါအဝင် ရီမိသားစုတစ်ခုလုံး ထွက်လာကြသည်။ ထိုအချိန်တွင် ကျင့်ကြံသူအများအပြားသည် ရီမိသားစုကို လျှော့တွက်ထားမိကြောင်း သဘောပေါက်သွားကြသည်။ ဤအင်အားဖြင့် သူတို့သည် အရှေ့နယ်မြေတွင် အင်အားအကြီးဆုံးဖြစ်နေပြီဖြစ်သည်။
လှေပျံများသည် အဆုံးမဲ့ပင်လယ်များကိုဖြတ်ကျော်ကာ အလျင်စလိုထွက်လာသော သက်ရှည်ဂိုဏ်းမှ ကျင့်ကြံသူများနှင့် တွေ့ဆုံခဲ့ကြသည်။ ရီကျင်းဟိုင်သည် သတင်းရရှိသည်နှင့် တပြိုင်နက် သက်ရှည်ဂိုဏ်း၏ ကျင့်ကြံသူများကို စုဝေးစေခဲ့သည်။ သက်ရှည်ဂိုဏ်းသည် ရီမိသားစု၏ မြင့်မားသောတိုက်ပွဲအင်အားကို မယှဉ်နိုင်သော်လည်း ကျင့်ကြံသူအရေအတွက်အရ ရီမိသားစုထက်သာလွန်သည်။
အံ့သြဖွယ်ကောင်းသော အင်မော်တယ်လက်နက်များဖြစ်သည့် လှေပျံအစင်းသုံးဆယ်သည် လေထဲတွင်ပျံသန်းနေကြကာ ရီမိသားစုသည် ၎င်းတို့၏စွမ်းအားကို ကြယ်တစ်သောင်းကျွန်းတစ်ခုလုံးကို ပြသခဲ့သည်။
သူတို့သည် တောင်တစ်သောင်းသို့ ပထမဆုံးရောက်လာစဉ်က ရီမိသားစုသည် အလွန်သတိထားခဲ့ကြရသည်။ သို့သော် ယခုသူတို့ပြန်လာတဲ့အချိန်တွင် ယုံကြည်မှုအပြည့်နှင့် ပြတ်သားစွာ လှုပ်ရှားခဲ့ကြသည်။
အခြေတည်ဝိညာဉ်အဆင့်ရောင်ဝါလေးခုကြောင့် လမ်းတစ်လျှောက်တွင် မည်သည့်မွန်းစတားမျှ မလာဝံ့ကြောင်းသေချာစေခဲ့သည်။ ရီမိသားစုသည် တာ့ယွီနိုင်ငံတော်၏မြို့တော် ကျုံးရှန်းစီရင်စုဆီသို့ လျင်မြန်စွာရောက်ရှိလာသည်။
ကျုံးရှန်းစီရင်စုနှင့် အရွက်တစ်ထောင်မြို့တွင်……
ကျင့်ကြံရေးခန်းထဲတွင် ရီရှောင်းရှောင်း၏ ခန္ဓာကိုယ်မှ မီးတောက်များ ထွက်လာကာ သူမ၏ ဒဏ်ရာများကို ကုသပေးလျက်ရှိသည်။ ငွေရောင်ဆံပင်အပြည့်ရှိသည့် သက်ကြီးရွယ်အိုတစ်ယောက်သည် ရီရှောင်းရှောင်းကို ဘေးမှစိုးရိမ်တကြီးကြည့်နေသည်။
ရီရှောင်းရှောင်းသည် နောက်ဆုံးတွင် သူမ၏ကျင့်ကြံရေးနည်းစနစ်ကို အသုံးပြုပြီးသောအခါ အလျင်အမြန်ချဉ်းကပ်ကာ သူမ၏ပါးစပ်ထဲသို့ ဆေးလုံးကို ထည့်လိုက်သည်။
ဆေးလုံးကိုသောက်ပြီး နောက်ဆုံးတွင် ရီရှောင်းရှောင်း၏ အလွန်ဖျော့ဖျော့သောမျက်နှာသည် အနည်းငယ်သွေးရောင်လွှမ်းလာ၏။
"အဘိုး၊ သမီး နေကောင်းပါတယ်!"
ရီရှောင်းရှောင်းသည် မြေပြင်ပေါ်တွင် မတ်တပ်ရပ်ရန် ရုန်းကန်နေရသည်။ အမြုတေဖွဲ့စည်းခြင်း၏အထွတ်အထိပ်ရှိကျင့်ကြံသူသည် ရွေ့လျားရန်ပင်ခက်ခဲနေသဖြင့် ရီရှောင်းရှောင်း ၏ဒဏ်ရာများသည် မည်မျှပြင်းထန်ကြောင်းပြသနေသည်။
………
အခန်း ၁၀၁- တာ့ယွီနိုင်ငံတော်ရဲ့ ဆက်ခံသူနေရာကို လုံးဝလက်မလျှော့ဘူး (၄/၅)
“ရှောင်ရှောင်း၊ ငါတို့ လက်လျှော့လိုက်ကြမလား"
ရီရှောင်းရှောင်းက ဒုတိယအဘွားဟုခေါ်ဆိုသည့် ရီလုသည် လေသံတိုးတိုးဖြင့်ဖျောင်းဖျခဲ့သည်။
"ဒုတိယအဘွား၊ ကျွန်မတို့ အခုလက်လျှော့ရင်ရော သူတို့လွှတ်ပေးမယ် ထင်လို့လား"
ရီရှောင်းရှောင်းသည် ဒဏ်ရာပြင်းထန်စွာရခဲ့သော်လည်း စိတ်ပျက်အားငယ်သည့်အရိပ်အယောင်မျှမပြခဲ့ပေ။အမွေဆက်ခံရေးတိုက်ပွဲ စတင်သည်နှင့် တပြိုင်နက် နောက်ဆုတ်ရန် နည်းလမ်းမရှိပေ။ မည်သို့ပင်ဆိုစေကာမူ ရီရှောင်းရှောင်းသည် လက်မလျှော့ချင်ခဲ့ပေ။ သူမသေသွားပါက မည်သို့ဖြစ်မည်နည်း။ ဘဝတစ်ခုမျှသာဖြစ်သည်။ သူမ အထောက်အပံ့မရှိရင်လျှင်လည်း ဘဝ၏ရုန်းကန်မှုကိုသာ အားကိုးလိုက်မည်ဖြစ်သည်။
ရီလုသည် တိတ်ဆိတ်နေခဲ့သည်။ ရီရှောင်းရှောင်းသည် အားနည်းနေသော်လည်း သူမ ဆုံးဖြတ်ချက်ချပြီးသည်နှင့် မည်သူမှ စိတ်ပြောင်း၍မရကြောင်း သူမသိသည်။ ဝမ်းနည်းစရာကောင်းသည်မှာ ရီလုသည် ရီရှောင်းရှောင်းကို ကွမ်ဟယ်စီရင်စုမှ ကျုံးရှန်းစီရင်စုသို့ ခေါ်ဆောင်ခဲ့ကာ ထိုပဋိပက္ခများတွင် သူမကိုပါဝင်စေခဲ့မိသည်။
ရီရှောင်းရှောင်းသည် တိတ်တဆိတ် မျက်လုံးမှိတ်ထားလိုက်သည်။ သူမသည် မောပန်းနွမ်းနယ်နေကာ သူမ၏ အတွင်းဒဏ်ရာများကို ပြင်းထန်စွာ ခံစားနေရသည်။ သို့သော် သူမ၏ စိတ်ပျက်အားငယ်မှုကို မမြင်ရပေ။ ဤတိုက်ပွဲတွင် စိတ်ဓာတ်ကျသည့် အရိပ်အယောင် ပေါ်လာသည်နှင့် ရှုံးနိမ့်သွားပြီဖြစ်သည်။
သုံးရက်အကြာတွင် တာ့ယွီနိုင်ငံတော်၏ ဘုရင်နေရာဆက်ခံသူကို ကြေညာခဲ့သည်။ ရီရှောင်းရှောင်းသည် အနည်းဆုံးခွန်အားအချို့ ပြန်လည်ရရှိရန်လိုအပ်ကာ အနည်းဆုံး သူမ၏ လက်ရှိအခြေအနေကို လူအများကို မြင်ခွင့်မပြုနိုင်ပေ။
"အစ်ကို၊ ကျွန်မ အားလုံးကို သေချာပေါက်တွေ့အောင်ရှာပါ့မယ်"
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းသည် ကွမ်ဟယ်စီရင်စုကို တိုက်ခိုက်ပြီးသည့်အချိန်မှစ၍ ရီရှောင်းရှောင်းသည် ကွမ်ဟယ်စီရင်စုကို တတ်နိုင်သမျှ အမြန်ပြန်သွားခဲ့သော်လည်း ရီမိသားစုသည် မည်သည့်သတင်းမျှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားခဲ့သည်။
ဤနှစ်များတစ်လျှောက်တွင် ရီရှောင်းရှောင်း သည် ရီဖန်နှင့် အခြားသူများ၏သတင်းများကို ရှာဖွေနေခဲ့သည်။ ရီမိသားစုကြောင့်သာ သူမသည် ထီးနန်းအမွေဆက်ခံပိုင်ခွင့်ကို ရယူလိုခြင်းဖြစ်သည်။
အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမ၏စွမ်းအားသည် အလွန်အားနည်းနေပါသည်။ တာ့ယွီနိုင်ငံတော်၏ စွမ်းအားကို အသုံးချခြင်းဖြင့် ရီမိသားစုကို ပိုမိုလျင်မြန်စွာ ရှာဖွေတွေ့ရှိနိုင်မည်ဖြစ်သည်။
သို့သော် တာ့ယွီမင်းဆက်ကိုရယူနိုင်ရန်အတွက် သူမ ရီရှောင်းရှောင်းသည် တာ့ယွီနိုင်ငံတော်၏ဘုရင်မ ဖြစ်လာရမည်ဖြစ်သည်။ သုံးရက်အကြာတွင် တာ့ယွီနိုင်ငံတော်အနှံ့တွင် မြည်သံခြောက်သံ ပဲ့တင်ထပ်လာသည်။
အများဆုံး မြည်သံကိုးခုသည် မင်းဆက်အပြောင်းအလဲ သို့မဟုတ် ဘုရင်းမင်းမြတ်ကွယ်လွန်ခြင်း၏ သင်္ကေတဖြစ်သည်။ မြည်သံခြောက်ခုသည် ဒုတိယအဆင့်အမြင့်ဆုံးဖြစ်သည်။
ယနေ့တွင် ဘုရင်သည် ၎င်း၏နေရာကို ဆက်ခံသူအကြောင်း ကြေငြာမည်ဖြစ်သည်။ တာ့ယွီနိုင်ငံတော်၏ဘုရင်သည် နှစ်ပေါင်းနှစ်ထောင်ကျော် အသက်ရှည်ခဲ့ကာ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူသည် အနှစ်နှစ်ထောင်အထိသာ အသက်ရှင်နိုင်သည်။
တာ့ယွီနိုင်ငံတော်၏ဘုရင်သည် ယခုအခါတွင် အသက်ဆက်နိုင်သည့်အရာများကို မှီခိုအားထားနေရပြီဖြစ်သည်။ သို့သော် တာ့ယွီနိုင်ငံတော်၏ဘုရင်သည် အခြေတည်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူတစ်ဦးရှိသင့်သည့် အရည်အချင်းများ မရှိတော့ချေ။
သို့သော် ကုလားအုတ်ပိန်သည် မြင်းထက်ဝပါသေးသည်။ ဘုရင်ရီ အသက်ရှင်နေသရွေ့ တာ့ယွီနိုင်ငံတွင်းရှိ အခြားသောအင်အားစုများသည် ၎င်းတို့၏ နယ်နိမိတ်များကို ကျူးကျော်ဝံ့မည်မဟုတ်ပေ။
အရွက်တစ်ထောင်မြို့စား၏ အိမ်တော်အတွင်းတွင် ရီရှောင်းရှောင်းသည် သူမ၏ ကျင့်ကြံရေးအခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ သူမသည် သူမ၏ဖီးနစ်အင်္ကျီကို ၀တ်ဆင်ကာ အရွက်တစ်ထောင်မြို့စား၏ဂုဏ်သိက္ခာကို တစ်ဖန်ပြန်လည်ရရှိခဲ့သည်။
“နန်းတော်ကို သွားကြမယ်”
နန်းတော်အတွင်း၌ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများအားလုံးစုရုံးကာ ရာဇပလ္လင်ပေါ်တွင်ထိုင်နေသော ဘုရင်ရီကို လေးစားစွာကြည့်နေကြသည်။ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ ရှေ့မှောက်တွင် အရေးကြီးပုဂ္ဂိုလ်နှစ်ဦးသည် တည့်တည့်မတ်မတ်ရပ်လျက်ရှိကာ ၎င်းတို့မှာ အခြားမြို့စားနှစ်ဦးဖြစ်သည့် အရှင်ယွမ်ကျိုးနှင့် အရှင်ဝမ်ချန်တို့ဖြစ်သည်။
နှစ်ယောက်သားသည် မျက်မှောင်ကြုံ့ကာ ငြိမ်သက်နေပုံပေါ်သော်လည်း ထိတ်လန့်မှုအရိပ်အမြွက်ကို ယောင်ဝါးဝါး တွေ့နိုင်သေးသည်။ အမှန်တကယ်တွင် ယနေ့သည် ဘုရင်နေရာကိုဆက်ခံမည့်သူကို ဆုံးဖြတ်ချက်ချမည့်နေ့ဖြစ်ရာ ဘုရင်ဖြစ်လိုသော သူတို့နှစ်ဦးစလုံးအတွက် မည်ကဲ့သို့စိတ်မပူဘဲနေမည်နည်း။
"အရွက်တစ်ထောင်မြို့စားရောက်ရှိလာပါပြီ"
မိန်းမစိုး၏ကြေငြာချက်နှင့်အတူ အနီရောင်ဝတ်ရုံဝတ်ထားသော အမျိုးသမီးတစ်ဦးသည် ခန်းမဆောင်ထဲသို့ ဖြည်းညှင်းစွာ လျှောက်လာခဲ့သည်။
“တော်ဝင်အကြီးအကဲကို နှုတ်ဆက်ပါတယ်!"
ရီရှောင်းရှောင်းသည် တာ့ယွီနိုင်ငံတော်၏ဘုရင်ရီကို ဂါရဝပြု နှုတ်ဆက်လိုက်သည်။
“ထပါ”
ဘုရင်ရီသည် ရီရှောင်းရှောင်းကိုကြည့်ကာ သူ့မျက်လုံးများထဲတွင် ကျေနပ်မှုအရိပ်အယောင် ပေါ်လာသည်။ သူ၏မြေးမလေးသည် သေးငယ်သောအရပ်မှ ဆင်းသက်လာသော်လည်း အမှန်တကယ်ပင် သူ၏မျက်နှာသာရရှိခဲ့သည်။ သူမ၏ ပင်ကိုယ်အရည်အချင်းများ သို့မဟုတ် ကျင့်ကြံရေးအရည်အချင်းများသည် အလွန်အားကောင်းကြသည်။ အကယ်၍ တာ့ယွီနိုင်ငံတော်ကို ရီရှောင်းရှောင်းထံ လွှဲပြောင်းပေးနိုင်ပါက ဘုရင်ရီသည် မှန်ကန်သောရွေးချယ်မှုဖြစ်မည်ဟု ယုံကြည်ခဲ့သည်။
သို့သော် ဘုရင်ရီ သည်လည်း တာ့ယွီနိုင်ငံတော်ကို ရီရှောင်းရှောင်းလက်သို့ ချောချောမွေ့မွေ့ လွှဲပြောင်းရန် လွယ်ကူမည်မဟုတ်ကြောင်းကိုလည်း သိထားသည်။ ဘုရင်ရီကွယ်လွန်ခါနီးပြီဖြစ်ကြောင်း သတင်းပေါက်ကြားပြီးနောက် တာ့ယွီနိုင်ငံတွင်းရှိ အင်အားစုများသည် စတင်လှုပ်ရွလာကြ၏၌
သူတို့သည် ဘုရင်နေရာထီးနန်းဆက်ခံခြင်းကို သေချာပေါက် ရပ်ကြည့်နေမည်မဟုတ်ပေ။ ယွမ်ကျိုးနှင့် ဝမ်ချန်တို့သည် ဘုရင်ရီ၏မျက်လုံးထဲမှ အကြည့်ကိုမြင်လိုက်ကြပြီးနောက် ခေါင်းငုံ့ကာ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ပေါ်လာသည်။ ဘုရင်ရီသည် ကျေးတောသူလေးတစ်ဦးကို အဘယ်ကြောင့် နှစ်သက်သဘောကျနေသည်ကို သူတို့နားမလည်နိုင်ခဲ့ကြပေ။
ရီရှောင်းရှောင်းသည် မည်သည့်နေရာတွင် သာလွန်နေပါသနည်း။ ရီရှောင်းရှောင်း၏ အရည်အချင်းများသည် ၎င်းတို့ထက် အနည်းငယ်သာလွန်သလို သူမ၏ ကျင့်ကြံရေးအဆင့်သည် ၎င်းတို့ထက် အနည်းငယ်အားကောင်း၏။ သူမ၏ အရည်အချင်းများသည် ၎င်းတို့ထက်သာလွန်သည်။
ထွီ ထွီ ထွီ… မည်သို့ပင်ဆိုစေကာမူ ရီရှောင်းရှောင်းသည်မည်သည့်နေရာတွင်မှ သူတို့ထက် သာလွန်သည်ဟု မခံစားရချေ။
ဘုရင်ရီသည် ၎င်းတို့ကိုမရွေးချယ်ပါက ၎င်းသည် တုံးအသောကြောင့်သာဖြစ်ရမည်။
“သူတော်ရီအနေနဲ့ ငါက တာ့ယွီနိုင်ငံတော်ကို အုပ်ချုပ်ခဲ့တာ အနှစ်တစ်ထောင့်ရှစ်ရာကျော်ပြီ၊ တာ့ယွီနိုင်ငံရဲ့ ဘိုးဘေးတွေနဲ့ ရီမိသားစုရဲ့ ဘိုးဘေးတွေအတွက် ငါ့တာဝန်ကို ငါကျေပွန်ခဲ့ပြီ”
သူတော်စင်ရီသည် သူ၏လုပ်ဆောင်ချက်များကို ဦးစွာပြောပြနေကာ တစ်နာရီကြာခဲ့သည်။ ထို့နောက် သူ့အောက်ရှိ လူသုံးယောက်ကို လှည့်ကြည့်လိုက်သည်။
“ငါ အသက်ကြီးလာပြီ။ ဒီနေ့ တာ့ယွီနိုင်ငံတော်ရဲ့ နောက်ထပ်ထီးနန်းဆက်ခံသူကို ရွေးရမယ်”
သူ့အောက်မှ လူသုံးယောက်စလုံးသည် မော့ကြည့်လာကြသည်။ အရှင်ယွမ်ကျိုးနှင့် အရှင်ဝမ်ချန်တို့၏ မျက်လုံးများ ပူလောင်လာကာ ၎င်းတို့၏ နာမည်များကို ကြားနိုင်ရန် မျှော်လင့်နေကြသည်။
ရီရှောင်းရှောင်းသည် မျက်နှာအမူအရာကင်းမဲ့နေသော်လည်း သူမသည် အဆိုးဆုံးအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ သူမသည် ယနေ့တရားဝင်ဆက်ခံသူဖြစ်လျှင်ပင် ဘုရင်ရီ၏ရာထူးကိုရရှိရန်မှာ ထိုမျှလွယ်ကူမည်မဟုတ်ကြောင်း သူမသိသည်။ ထိုအချိန်တွင် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကလည်း စတင်ပြောဆိုလာကြသည်။
"အရှင်မင်းကြီး၊ အရှင်ယွမ်ကျိုးက အရည်အချင်းရှိမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်"
"မဟုတ်တာ! သေချာပေါက် အရှင်ဝမ်ချန်က ပိုသင့်တော်တာကို”
အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို အုပ်စုနှစ်စုခွဲထားကာ တစ်စုမှာ သခင်ဝမ်ချန်ကို ထောက်ခံသည့်အဖွဲ့ဖြစ်ပြီး ကျန်တစ်စုမှာ သခင်ယွမ်ကျိုးကို ထောက်ခံသည့်အဖွဲ့ဖြစ်သည်
ရီလုမှလွဲ၍ ရီရှောင်းရှောင်းဘက်တွင် မည်သူမျှ ရပ်တည်ပေးခြင်းမရှိချေ။ ၎င်းသည် ရီရှောင်းရှောင်းကို မလေးစားခြင်းကြောင့် မဟုတ်ဘဲ သူမထံတွင် ပံ့ပိုးကူညီမှုမရှိနေခြင်းဖြစ်သည်။
ရီရှောင်းရှောင်းသည် မြို့စားဖြစ်လာပြီးသည့်အချိန်မှစ၍ သူမ၏နောက်ကွယ်မှအင်အားစုကို သေချာစွာ စုံစမ်းစစ်ဆေးခဲ့သည်။ ဝေးလံခေါင်သီသော ကွမ်ဟယ်စီရင်စုရှိ မိသားစုငယ်လေးမှ ပေါက်ဖွားလာသော မြို့စားတစ်ဦး၊ ထိုမိသားစုသည်ပင် ယခုအခါ ပျက်စီးသွားပြီဟု ထင်ရသည်။ ထိုကဲ့သို့သော မိသားစုအခြေအနေများအောက်တွင် ရီရှောင်းရှောင်းသည် အမွေဆက်ခံရေးတိုက်ပွဲတွင် နောက်ဆုံးအောင်ပွဲခံနိုင်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။
ဤအခိုက်အတန့်တွင် ပြင်းထန်သော ရောင်ဝါတစ်ခုထွက်ပေါ်လာကာ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ အသက်ရှူမဝသလို ခံစားလိုက်ရသည်။
"အခု ငါကတာ့ယွီနိုင်ငံရဲ့ ဘုရင်ဖြစ်နေတုန်းပဲ၊ မင်းတို့ ငါ့ကို ဘာလုပ်ရမယ်ဆိုတာ သင်ပေးနေသေးတာလား"
ဘုရင်ရီသည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများကို ဒေါသတကြီး စိုက်ကြည့်နေသည်။ ထိုအခါမှသာ အရပ်ဘက်နှင့် စစ်ဘက်အရာရှိများသည် ၎င်းတို့စည်းကျော်သွားကြောင့် သတိထားမိလိုက်သည်။ တာ့ယွီနိုင်ငံတော်တွင် ဘုရင်ရီသည် ဆုံးဖြတ်ချက်များချမှတ်ခဲ့သူဖြစ်သည်။
သူ၏ဒေါသကို ထုတ်ဖော်ပြီးနောက် ဘုရင်ရီသည် နောက်ဆုံးတွင် သူ၏ရောင်ဝါကို ပြန်သိမ်းလိုက်သည်။ သူ့အကြည့်များသည် ၎င်းတို့သုံးယောက်ကြားထဲတွင် ဆက်ရှိနေကာ ခဏအကြာတွင် ဘုရင်ရီသည် သူ့စိတ်ကိုဆုံးဖြတ်လိုက်သည်။
"ဘုရင်မင်းဆက်ရဲ့ ဆက်ခံသူနေရာကို ရီရှောင်းရှောင်းကိုပေးဖို့ ငါစီစဉ်ထားတယ်။"
ဘမ်း!
ဤစကားများပြောပြီးသည်နှင့်တပြိုင်နက် ထိုနေရာတွင်ရှိနေသူအားလုံးသည် ၎င်းတို့၏နားကို မယုံနိုင်လောက်အောင် ဖြစ်နေကြသည်။ သူမ၏အခွင့်အရေးများသည် အနည်းဆုံးဖြစ်သော်လည်း ဆက်ခံသူနေရာကို ရီရှောင်းရှောင်းထံ အဘယ်ကြောင့် အပ်နှင်းခဲ့သည်ကို သူတို့ နားမလည်နိုင်ကြပေ။ မြို့စားနှစ်ယေုက်သည်လည်း အံ့အားသင့်သွားကြသည်။
‘ရီရှောင်းရှောင်း ဘာလို့ ရီ ရှောင်းရှောင်း ဖြစ်ရတာလဲ’
ဘုရင်ရီသည် အရပ်ဘက်နှင့် စစ်ဘက်အရာရှိများ၏ ထင်မြင်ယူဆချက်များကို လျစ်လျူရှုကာ ၎င်းတို့နောက်ကွယ်မှ အင်အားကြီးတပ်များကို လျစ်လျူရှုနေပါသလော။ ရီရှောင်းရှောင်းတစ်ဦးသည်းသာ တည်ငြိမ်နေခဲ့သည်။ မုန်တိုင်းစတင်နေပြီဖြစ်ကြောင်း သူမသိပါ၏။
ဘုရင်ရီသည် ဤအခြေအနေတွင် အဖြစ်အပျက်များကို အပြည့်အဝ အဆုံးအဖြတ်ပေးနိုင်စွမ်းမရှိတော့ချေ။ မျှော်လင့်ထားသည့်အတိုင်း ဘုရင်ရီ၏စကားကို ကြားသည်နှင့် အရှင်ယွမ်ကျိုးသည် မတ်တပ်ထရပ်လိုက်သည်။
“တော်ဝင်အကြီးအကဲ၊ ကျွန်တော် ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်ပါဘူး"
"တော်ဝင်အကြီးအကဲ၊ ကျွန်တော်လည်း လက်မခံဘူး!"
အရှင်ဝမ်ချန်သည်လည်း မတ်တတ်ထရပ်လိုက်သည်။
"ရီရှောင်းရှောင်းလို ကျေးလက်ကမိန်းကလေးတစ်ယောက်က ဘုရင်ရီရဲ့ ကြီးကျယ်ခမ်းနားတဲ့ ရာထူးကို အမွေဆက်ခံဖို့ ဘယ်လိုအရည်အချင်းတွေရှိလို့လဲ"
အရှင်ယွမ်ကျိုးသည် မထီမဲ့မြင်ပြုကာ ကြည့်နေသည်။ အကြည့်အားလုံးသည် ရီရှောင်းရှောင်းထံတွင် ရောက်ရှိနေကာ သူမ၏တုံ့ပြန်မှုကို သိချင်နေကြသည်။
……………..
အခန်း - ၁၀၂ ဘယ်သူက ရီရှောင်းရှောင်းမှာ နောက်ခံမရှိဘူးလို့ပြောတာလဲ
လူနှစ်ယောက်၏စကားကို မကြားသကဲ့သို့ပင် ရီရှောင်းရှောင်းသည် ဘုရင်ရီထံသို့ တည့်တည့်လျှောက်သွားကာ ဒူးထောက်လိုက်သည်။
"ရီရှောင်းရှောင်း တော်ဝင်အကြီးအကဲရဲ့ ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်၊ ရှောင်းရှောင်း လူတိုင်းရဲ့မျှော်လင့်ချက်တွေကို မပျက်စီးစေဘဲ တာ့ယွီနိုင်ငံကို ပိုကောင်းအောင် ကြိုးစားပေးပါ့မယ်"
ရီရှောင်းရှောင်းသည် မည်သို့ပင်ဖြစ်စေ သူမသည် တာဝန်ကိုဦးစွာလက်ခံရန် လိုအပ်ကြောင်း သိရှိပြီးဖြစ်သည်။
"ကောင်းပြီ၊ မင်းဆန္ဒရှိသလိုပဲ နောက်တက်မယ့်ဘုရင် ဖြစ်လာလိမ့်မယ်။"
ဘုရင်ရီသည် ခြေလှမ်းကိုကြွလိုက်ကာ အခိုင်အမာ အတည်ပြုပေးလိုက်သည်။ ထိုအချိန်တွင် အရှင်ယွမ်ကျိုးနှင့် အရှင်ဝမ်ချန်တို့၏ မျက်နှာများမှာ ချဉ်တူးနေကြသည်။ ယခုအချိန်တွင် ဘုရင်ရီကို စိတ်ပြောင်းအောင်ဆွဲဆောင်ရန်မှာ မဖြစ်နိုင်ကြောင်း သူတို့နှစ်ဦးစလုံး သိရှိခဲ့ကြသည်။ သို့သော် ဆက်ခံသူရာထူးကို စွန့်လွှတ်ရန်စိတ်ကူးလည်း မရှိချေ။
“တော်ဝင်အကြီးအကဲကို ကြည့်ရတာ စိတ်ရှုပ်နေတယ်ထင်တယ်၊ အရင်အနားယူလိုက်ပါလား"
“ဟုတ်တယ် တော်ဝင်အကြီးအကဲ။ ဆုံးဖြတ်ချက်မချခင် စဉ်းစားဖို့ အချိန်တစ်ခုယူသင့်တယ်ထင်တယ်”
သူတို့နှစ်ဦး၏ ရည်ရွယ်ချက်အမှန်ကို ထုတ်ဖော်ခဲ့သည်။
"မင်းတို့နှစ်ယောက်လုံး ငါအရေးမယူနိုင်ဘူးလို့ ထင်နေတယ်မဟုတ်လား"
ဘုရင်ရီသည် အလွန်အမျက်ထွက်ခဲ့သည်။ လက်ဖဝါးကို မြှောက်ကာ လူနှစ်ယောက်ထံပစ်ချလိုက်သည်။ ဝိညာဉ်စွမ်းအင်များသည်ပေါက်ကွဲထွက်သွားကာ ကြီးမားသောဖိအားသည် ၎င်းတို့နှစ်ဦးထံတစ်ပြိုင်နက်တည်း ကျရောက်သွားသည်။
၎င်းတို့နှစ်ဦး၏ ရက်စက်သောအဆုံးသတ်ကို ကြုံရတော့မည့် တစ်ခဏတွင် အရိပ်နှစ်ခုသည် သူတို့ရှေ့တွင် လျှပ်တစ်ပြက်ပေါ်လာသည်။ ၎င်းတို့လက်ကို အနည်းငယ်မြှောက်လိုက်ရုံဖြင့် ဘုရင်ရီ၏ တိုက်ခိုက်မှုသည် လေထုထဲတွင် ပျောက်ကွယ်သွားခဲ့သည်။
အခြေတည်ဝိညာဉ်အဆင့်မှကျင့်ကြံသူနှစ်ဦး၏ ရောင်ဝါသည်လည်း ပြင်းထန်စွာထွက်ပေါ်လာသည်။
“ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနဲ့ မြင်းဖြူအစည်းအရုံးက ဘိုးဘေးတွေ၊ မထင်မှတ်ဘဲ ဒီနှစ်ယောက်ရဲ့နောက်ကွယ်က မင်းတို့ပါလား"
ဤဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းသည်လည်း ကွမ်ဟယ်စီရင်စုနှင့် ကွဲပြားခြင်းမရှိချေ။ ၎င်းတို့သည် ယခုမှ အခြေတည်ဝိညာဉ်အဆင့်သို့ ကျော်ဖြတ်နိုင်ပုံရသော်လည်း အခြေတည်ဝိညာဉ် အဆင့်သည် အခြေတည်ဝိညာဉ်အဆင့်ဖြစ်ဆဲပင်၊ အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့် ယှဉ်ပါက အလွန်ခြားနားသည်။ နောက်တစ်ယောက်သည် တာ့ယွီနိုင်ငံအတွင်းရှိ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုဖြစ်သည့် မြင်းဖြူအစည်းအရုံးဖြစ်သည်။
"ဘုရင်ရီ၊ ငါတို့အရင်တုန်းက မင်းနဲ့တန်းတူမဖြစ်နိုင်ပေမယ့် အခုမင်းမှာ တိုက်ခိုက်နိုင်တဲ့ စွမ်းအားရှိသေးလား"
မြင်းဖြူအစည်းအရုံး၏ ဘိုးဘေးသည် ဘုရင်ရီကိုကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။ သူသည် အသက် ၁၅၀၀ ကျော်နေပြီဖြစ်သော်လည်း၊ ဘုရင်ရီထက်ငယ်ရွယ်နေဆဲဖြစ်၏။
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ ဘိုးဘေး၏ပုံသဏ္ဍာန်သည် ပို၍ပင်မာနကြီးသည်။ သူ့ခန္ဓာကိုယ်မှ သက်ရှိဝိညာဉ်များကို ရံဖန်ရံခါ ထုတ်လွှတ်ကာ မြင်သူတိုင်းကို ခြောက်လှန့်နေခဲ့သည်။
"ဘုရင်ရီ၊ ဒီနေ့ အရှင်ဝမ်ချန်ကို ရာထူးအပ်လိုက်တာ ကောင်းလိမ့်မယ်”
တာ့ယွီနိုင်ငံသည် ရီမိသားစု၏ တာ့ယွီ နိုင်ငံဖြစ်နေဆဲဖြစ်သည်။
အခြေတည်ဝိညာဉ်အဆင့်ရှိ ကျင့်ကြံသူနှစ်ဦးကို ကြည့်လိုက်ကာ ဘုရင်ရီသည် ကူကယ်ရာမဲ့နေခဲ့သည်။
"မင်းတို့နှစ်ယောက်လုံး ဆက်ခံသူနေရာကို သိမ်းဖို့အကူအညီယူတာက မင်းအိမ်ထဲကို ဝံပုလွေတစ်ကောင်ကို ဖိတ်ခေါ်လိုက်တာနဲ့တူတယ်လို့များ စဉ်းစားဖူးသလား"
ဘုရင်ရီ ၏မှတ်ချက်ကို တုံ့ပြန်သည့်အနေနှင့် အရှင်ဝမ်ချန်သည်လှောင်ရယ်လိုက်သည်။
“ဆက်ခံသူထီးနန်းနဲ့ လဲလှယ်ဖို့အတွက် စီရင်စုနှစ်ခုက လူတွေကိုစွန့်လွှတ်တာက ထိုက်တန်တယ်လို့ ကျွန်တော်ထင်တယ်”
စီရင်စုနှစ်ခုကလူတွေ?
ဘုရင်ရီ၏မျက်နှာသည် ဒေါသကြောင့် ချက်ချင်းနီရဲသွားသည်။ တာ့ယွီနိုင်ငံအတွက် သူ့ဘဝတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ကာ စီရင်စုဆယ်ခုကို သိမ်းပိုက်နိုင်ခဲ့သည်။ ယခုအခါတွင် သူ၏စီရင်စုနှစ်ခုကို အရှင်ဝမ်ချန်က ရှောင်တခင်လွှဲပေးလိုက်သည်။ ၎င်းကို ဘုရင်ရီသည် မည်သို့လက်ခံနိုင်မည်နည်း။
“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ဒီနေ့ ငါ့တာ့ယွီနိုင်ငံကနေ မြက်တစ်ပင် ဒါမှမဟုတ် သစ်ပင်တစ်ပင်ကို ဘယ်သူယူနိုင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့"
ဘုရင်ရီသည် အလယ်အလတ်အဆင့်မှ အခြေတည်ဝိညာဉ်အဆင့်ကျင့်ကြံသူ၏ ရောင်ဝါကို ထုတ်ဖော်ပြကာ သူ၏ခန္ဓာကိုယ်ကို ဖြောင့်မတ်လိုက်သည်။ မြင်းဖြူအစည်းအရုံးနှင့် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းမှ ဘိုးဘေးများသည် ဘုရင်ရီမှာ မစွမ်းဆောင်နိုင်တော့ဟု ထုတ်ဖော်ပြောဆိုခဲ့သော်လည်း၊ သူအမှန်တကယ်လုပ်ဆောင်သောအခါတွင် သူတို့၏မျက်လုံးများသည် အခြေအနေတင်းမာမှုကိုထင်ဟပ်နေဆဲဖြစ်သည်။
ပုဂ္ဂိုလ်သုံးဦးသည် ကောင်းကင်သို့ ပျံတက်သွားကြသည်။ နိုင်ငံတော်အတွင်း အခြေတည်ဝိညဉ်အဆင့်ကျင့်ကြံသူများကြား တိုက်ပွဲကြီးတစ်ခုဖြစ်ပွားပါက အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အရာရှိများအားလုံး သေကြေပျက်စီးသွားမည်ဖြစ်သည်။
အခြေတည်ဝိဥာဉ်အဆင့်ကျင့်ကြံသူများ တိုက်ပွဲဝင်နေချိန်တွင် အရှင်ဝမ်ချန်နှင့် အရှင်ယွမ်ကျိုးတို့သည် ရီရှောင်းရှောင်းထံ ၎င်းတို့၏ ယုတ်မာသော ရည်ရွယ်ချက်ကိုဖော်ထုတ်ခဲ့သည်။
"တော်ဝင်အကြီးအကဲက မင်းကိုမျက်နှာသာပေးလို့ မင်းလိုတောသူမက ထီးနန်းရနိုင်တယ်ဆိုတာ မင်းတကယ်ယုံသလား။စဉ်းတောင်မစဉ်းစားနဲ့!"
ရီရှောင်းရှောင်းသည် သူတို့နှစ်ယောက်ကို အေးစက်စွာ ကြည့်ကာ
“ဘာလို့ လေတွေဖြုန်းတီးနေတာလဲ၊ တိုက်ကြ!"
ရီရှောင်းရှောင်း၏လက်ထဲတွင် အဆင့်မြင့် အင်မော်တယ်ဓားပျံတစ်လက် ပေါ်လာသည်။
‘ဓားနည်းစနစ်၊ ကောင်းကင်ဘုံဖီးနစ်ဓား’
တိုက်ပွဲသည် ချက်ချင်းဖြစ်ပွါးလေသည်။ မကြာခင်၌ တိုက်ပွဲအလယ်မှာရှိနေသည့် ရီရှောင်းရှောင်းသည် ရုတ်တရက် တောင့်တင်းသွားကာ သွေးတစ်လုတ်အန်ထုတ်ပြီးနောက် ကောင်းကင်မှ ပြုတ်ကျသွားသည်။
ရီရှောင်းရှောင်းသည် အစပိုင်းတွင် ဒဏ်ရာရခဲ့ပြီး ယခုအခါတွင် သူမ၏ဒဏ်ရာသည် ပိုမိုဆိုးဝါးလာခဲ့သည်။ ရီလုသည် ရီရှောင်းရှောင်းကို အမြန်ဖမ်းလိုက်ကာ လူနှစ်ယောက်ကို ပြင်းထန်စွာစိုက်ကြည့်နေ၏။
ထိုအခိုက်တွင် ကောင်းကင်မှ နောက်ထပ်ပုဂ္ဂိုလ်တစ်ဦး ပြုတ်ကျလာသည်။
ဘုရင်ရီသည် မြေပြင်တွင် တွားသွားရန်ပင် ရုန်းကန်နေရသည်။ သူ၏အတိတ်မှ စွမ်းဆောင်ရည်သည် ပျောက်ကွယ်သွားသော်လည်း ဘုရင်၏ ဘုန်းအာနုဘော်မှာ ကျန်ရစ်ခဲ့သည်။ မြင်းဖြူဘိုးဘေးနှင့် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ဘိုးဘေးများလည်း သက်သောင့်သက်သာ ဆင်းသက်လာခဲ့ကြသည်။
သူတို့ လောင်းကြေးမှာ မှန်ကန်သည်ဟု ခံစားရသည်။ ဘုရင်ရီသည် အတိတ်ကဘုရင်ရီ မဟုတ်တော့ချေ။ ယခုတွင် သူသည် အားနည်းသော အဘိုးကြီးတစ်ယောက်သာ ဖြစ်ပေတော့သည်။
ရီရှောင်းရှောင်းသည် မတည်မငြိမ်ဖြင့်ပင် ဘုရင်ရီကိုထူပေးလိုက်ကာ ဘုရင်ရီသည် ခါးသက်စွာပြုံးမိ၏။ သူ့ဘဝ၏ နေဝင်ချိန်ဆည်းဆာအဆုံးတွင် သူ့ကိုအမှန်တကယ် ပြုစုစောင့်ရှောက်ခဲ့သည့် သူ့မြေးမမဟုတ်သည့်သူသည် ဆက်ခံသူဖြစ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မတွေးခဲ့မိချေ။
“ရှောင်းရှောင်း၊ အဘိုးက မင်းကို ဒီအရှုပ်အထွေးထဲ မဆွဲခေါ်ခဲ့သင့်ဘူး" ဟု ဘုရင်ရီသည် နောင်တဖြင့်ပြောလိုက်သည်။
“တော်ဝင်အကြီးအကဲ၊ အဲတာ ကျွန်မအသုံးမကျတဲ့ အပြစ်ကြောင့်ပါ”
ရီရှောင်းရှောင်းသည် သူမ၏ကျရှုံးမှုများကို အခြားသူများအပေါ် မည်သည့်အခါမှ အပြစ်တင်မည်မဟုတ်ချေ။ အပြစ်တင်စရာရှိပါက ၎င်းသည် သူ့ကိုယ်ပိုင် အရည်အချင်းမရှိ၍ဖြစ်သည်။
ရီရှောင်းရှောင်း ရယ်ချင်လာသည်။ အကယ်၍ သူမထံတွင် ခိုင်မာသည့်နောက်ခံရှိပါက ထိုအခြေအနေမျိုးတွင် သူမသည် တော်ဝင်အကြီးအကဲနှင့် သူမ၏အဖွားတို့ကို အကာအကွယ်ပေးနိုင်လိမ့်မည်။ ယနေ့တွင် မည်သူမျှ လွတ်ကင်းမည်မထင်ချေ။
"ရီရှောင်းရှောင်း၊ မင်းက ဘုရင်ဖြစ်ဖို့ စိတ်ကူးယဉ်နေတဲ့ ကွမ်ဟယ်စီရင်စုက တောသူမတစ်ယောက်ပဲ!"
အရှင်ယွမ်ကျိုးသည် မောက်မာစွာ ရယ်မောလိုက်သည်။ မသိပါက သူသည် ဘုရင်ရီဖြစ်နေပြီဟုပင် ထင်ရသည်။ အရှင်ယွမ်ကျိုး၏စကားကိုကြားသောအခါ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ ဘိုးဘေးသည် စိတ်ဝင်စားလာသည်။
"ဒါဆို မင်းကကွမ်ဟယ်စီရင်စု ရီမိသားစုကလား။ မင်းမိသားစု ထွက်ပြေးသွားပြီ။ ဒါပေမယ့် ဒီတစ်ခါတော့ မင်းမလွတ်နိုင်ဘူး။ ဒီကောင်မလေးကို ငါယူလိုက်မယ်"
ဤသို့ပြောနေရင်း ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ ဘိုးဘေးသည် ရီရှောင်းရှောင်းထံသို့ မရေမတွက်နိုင်သောဝိညာဉ်များကို ထုတ်လွှတ်လိုက်သည်။ ရီလုသည် ရီရှောင်းရှောင်း ရှေ့တွင်ရပ်လိုက်ကာ သူမအတွင်းမှ ရွှေအမြုတေကို ဖောက်ခွဲလိုက်သည်။
“ရှောင်းရှောင်းပြေး!" ဟု သူမအော်ပြောလိုက်သည်။
သူမ၏နောက်ဆုံးအင်အားဖြင့် ရီရှောင်းရှောင်းကို အဝေးသို့ တွန်းထုတ်လိုက်သည်။
"ပြေးနေတာလား? မင်းပြေးရင် ဒီလူတွေရဲ့ ဝိညာဉ်တွေကို တစ္ဆေတစ်သောင်းတွင်းထဲကို ပစ်ထည့်လိုက်မယ်။ ဒီလိုမျိုးဝေဒနာကို မင်းတကယ်ပဲ ခံနိုင်ရည်ရှိပါ့မလား"
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏ဘိုးဘေးသည် ရီရှောင်းရှောင်း ပြေးမည်ကိုမကြောက်ဘဲ သတိမေ့နေသော ရီလုကိုထိန်းထားသည်။ ရီရှောင်းရှောင်း ရပ်တန့်သွားကာ သူမမျက်နှာထက်တွက် နာကျင်သည့်အရိပ်အယောင်များပေါ်လာသည်။
"အစ်ကို၊ မင်းဘယ်မှာလဲ"
ရီရှောင်းရှောင်းသည် တိုးတိုးတိတ်တိတ် ရေရွတ်လိုက်ရင်း မျက်လုံးမှိတ်ကာ အရှုံးပေးလိုက်တော့မည်ဖြစ်သည်။ ဤအခိုက်အတန့်တွင် တော်ဝင်မြို့အထက် ကောင်းကင်ယံ၌ ပျံသန်းနေသော လှေပျံဒါဇင်များစွာ ပေါ်လာသည်။
"ရီမိသားစုက လူတွေမရှိဘူးလို့ ဘယ်သူပြောလဲ၊ ရီရှောင်းရှောင်းက ကျောထောက်နောက်ခံမရှိဘူးလို့ ဘယ်သူပြောလဲ"
အသံနှင့်အတူ အခြေတည်ဝိညာဉ်အဆင့်ရောင်ဝါလေးခုသည် မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့်ရောက်ရှိလာသည်။ နောက်ဆုံးတွင် ရီဖန်ရောက်ရှိလာပြီဖြစ်သည်။
ချက်ခြင်းပင် ရီကျင်းထျန်သည် နေရာလွတ်ကိုစုတ်ဖြဲလျက် ရီရှောင်းရှောင်း ၏ဘေးနားရောက်လာကာ သူမကိုထူလိုက်သည်။
"ဒေါ်လေး နေကောင်းလား"
ရီကျင်းထျန်သည် သူ့အိတ်ထဲမှဆေးလုံးထုပ်ကြီးကို အမြန်ထုတ်ယူကာ ရီရှောင်းရှောင်း၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ ဤမြင်ကွင်းသည် အရှင်ယွမ်ကျိုးနှင့် အခြားသူများကို အံသြသွားစေသည်။၎င်းတို့အိပ်မက်ပင် မမက်ဝံ့သည့် စတုတ္ထအဆင့်ဆေးလုံးဆယ်လုံးကို ရီရှောင်းရှောင်း၏ ပါးစပ်ထဲကို ပေါ့ပေါ့ပါးပါး ထည့်ပေးလိုက်ခြင်းဖြစ်သည်။
ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်းနှင့် မြင်းဖြူအစည်းအရုံး၏ဘိုးဘေးတို့ပင် အနည်းငယ် ထိတ်လန့်သွားကြသည်။ အခြားအရာအားလုံးကို ဘေးဖယ်ထားလိုက်လျှင်ပင် ဤငွေကြေးအင်အားသည် ကြောက်မက်ဖွယ်ကောင်းလှသည်။ စတုတ္ထအဆင့်ဆေးလုံးများကို အခမဲ့ဟု သူတို့ထင်နေသလော။
"ဒါဆို မင်းက ငါ့ရဲ့ရီမိသားစုကို အနိုင်ကျင့်တဲ့သူလား။ သူ့ကိုရိုက်!”
ဖြောင်း!
ရီကျင်းဟိုင်သည် လျှပ်စီး၏အလျင်နှင့်အတူ လျင်မြန်စွာရိုက်ထည့်လိုက်သည်။ ပြတ်သားသောအသံနှင့်အတူ ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း၏အကြီးအကဲကို ပျံတက်သွားစေခဲ့ကာ မြင်ကွင်းတစ်ခုလုံးသည်လည်း ကြောက်မက်ဖွယ်တိတ်ဆိတ်ငြိမ်သက်သွား၏။