အခန်း ၁၃၆-၁၃၈
Vol. 10 Ch. 136-138
အခန်း ၁၃၆ - အချစ်တော်ယောက်ျားလေးချင်းတူတာတောင် ဘာလို့ကွာဟချက်အရမ်းကြီးရတာလဲ!
ရီကျင်းချုံသည် ရီဖန်ထံတိုက်ရိုက်သွားရောက်ကာ သူ့လက်မောင်းကိုဆွဲလျက် စတင်ချွဲနွဲ့တော့သည်။
"အဖေ၊ ကျေးဇူးပြုပြီး သမီးတို့ကို ကူညီပေးလေနော်"
လက်ထပ်ပြီးသော်လည်း ရီကျင်းချုံသည် ကလေးကဲ့သို့ချွဲနွဲ့နေဆဲဖြစ်ရာ ရီဖန်သည်လည်း မငြင်းနိုင်သောကြောင့် ကူညီခဲ့ရသည်။ ရီမိသားစုအား အနိုင်ကျင့်နေသည်ကို မည်သို့သည်းခံရမည်နည်း။
မည်ကဲ့သို့ ကူညီမည့်အကြောင်းနှင့်ပက်သက်၍ ရီဖန်ထံတွင် အကြံတစ်ခုရှိပြီးဖြစ်သည်။ အဆင့်ခုန်ကျော်ခြင်းတိုက်ပွဲများ၏ အဓိကသည် အရင်းအမြစ်များနှင့်ပတ်သက်သည်မဟုတ်လော။
ပထမဦးစွာ ရီဖန်သည် အင်မော်တယ်သုတ်သင်ခြင်းဓားပျံကို သတ္တမအဆင့် နတ်ဆိုးဆေးလုံးဖြင့် ပေါင်းစပ်ကာ တစ်နှစ်ကြာအောင် သန့်စင်ခဲ့သည်။ ထို့နောက် သူသည် သတ္တမအဆင့် ကာကွယ်ရေးအင်မော်တယ်လက်နက်ကို ပြင်ဆင်၏။
သူ့ထံတွင် ကာကွယ်ရေးအင်မော်တယ်လက်နက်တစ်ခုရှိပါက စိတ်ဝိညာဉ်ကာကွယ်သည့် အင်မော်တယ်လက်နက်တစ်ခုလည်း လိုအပ်ပေလိမ့်မည်။ တိုက်ခိုက်မှု၊ ကာကွယ်ရေးနှင့် စိတ်ဝိညာဉ်တို့အတွက် အပြည့်အဝ ဖြည့်စွမ်းပေးနိုင်သည့် အင်မော်တယ်လက်နက်များ အဆင်သင့်ရှိရမည့်အပြင် ဆေးလုံးများသည်လည်း မရှိမဖြစ်လိုအပ်သည်။
သတ္တမအဆင့် ဆေးလုံးဖြစ်သည့် ခရမ်းရောင်ဝိညာဉ် ဆေးလုံးသည် ဝိညာဉ်စွမ်းအင်ကို ပြန်လည်ရရှိစေနိုင်ကာ တိမ်လွှာနက်ဆေးလုံးသည် ဒဏ်ရာများကိုကုသပေး၏။ ဆဌမအဆင့်ကျင့်ကြံသူသည် သတ္တမအဆင့်ဆေးလုံးကို အသုံးမပြုနိုင်ဟု မည်သူဆိုပါသနည်း။
မန္တန်များအတွက် သတ္တမအဆင့် မန္တန်ငါးဆယ်ဖြင့် စတင်ကြရမည်။ တစ်ဒါဇင် သို့မဟုတ် ထိုမျှလောက်သာ ပြင်ဆင်ထားကြပါက ရီမိသားစုသည် မန္တန်ဖိုးပင်မတတ်နိုင်ဟူ၍ အခြားသူများက ထင်ကောင်းထင်နိုင်သည်။ အရာအားလုံးပြင်ဆင်ထားပြီးနောက် ရီချင်သည် နောက်ဆုံးတွင် ရွှေသက်တန့်အင်မော်တယ်ဂိုဏ်း သို့ထွက်ခွာသွားခဲ့သည်။
"လုမင် ထွက်ခဲ့စမ်း"
ရီချင်သည် မည်သည့်အရာမျှဆက်မပြောတော့ဘဲ သတ္တမအဆင့် ကောင်းကင်ဘုံကိုးခုနတ်ဘုရား မိုးကြိုးသွားမန္တန်ဖြင့် ရွှေသက်တန့်အင်မော်တယ်ဂိုဏ်း၏ တံခါးကို ဖျက်ဆီးလိုက်သည်။ ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင််နှင့် တူညီသော တိုက်ခိုက်မှုသည် တံခါးကိုတိုက်သွားသောအခါ ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားသည်။
ဂိုဏ်းမှကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပြေးထွက်သွားကြကာ ဗလာနယ်လေထဲတွင် ရပ်တန့်လျက် ရီချင်ကို သတိနှင့် စောင့်ကြည့်နေကြသည်။
ရီချင်၏ နှုတ်ခမ်းမှ အေးစက်သောလှောင်ပြောင်သံတစ်ခု ထွက်ပေါ်လာသည်
"လုမင် မင်းက ထွက်မလာဘူးလား၊ မင်းအခွံထဲမှာ ပုန်းနေတဲ့ လိပ်ဖြစ်ချင်လား"
လုမင် ?
ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ဤအမည်ကို ရင်းနှီးသည်ကိုတွေ့ရှိသော်လည်း ရုတ်တရက် မမှတ်မိနိုင်ကြချေ။
"မင်းနေရာမှားပြီ၊ ငါတို့မှာ လုမင် ဆိုတဲ့လူမရှိဘူး"
ရီချင်သည် သူ၏ကျင့်ကြံရေးအဆင့်ဖြင့်လာရှာသောကြောင့် တစ်ဖက်မှ လုမင်သည်လည်း အဆင့်နိမ့်ထဲမှ မဖြစ်နိုင်ပေ။ ရွှေသက်တန့်အင်မော်တယ်ဂိုဏ်း၏ အဆင့်မြင့်ကျင့်ကြံသူများထဲတွင် လုမင်ဟူသောသူ မရှိသည်မှာ အမှန်ဖြစ်၏။
သို့သော် ထိုအချိန်တွင် ရီချင်က
“လုမင်လို့ ခေါ်တဲ့လူ တစ်ယောက်မှမရှိဘူးဆိုတာ သေချာလား ။ သူအခု ဒီမှာမဟုတ်ဘူးလား?"
ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းမှ ပျံထွက်လာသော ပုံရိပ်တစ်ခုသည် ကျင့်ကြံသူများရှေ့တွင် ပေါ်လာသည်။ ရွှေသက်တန့်အင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူများသည် ပဟေဌိဖြစ်သွားကြသည်။ သူတို့ဂိုဏ်းချုပ်ကြီး ရောက်လာသည် မဟုတ်လော။
သူတို့၏ ဂိုဏ်းချုပ်ကို အမြဲစိမ်းအရှင်သခင်အဖြစ် သိထားကြသည်။ ခဏအကြာတွင် ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းမှ အကြီးအကဲတစ်ဦးက သတိရသွားသည်။ ၎င်းတို့ ဂိုဏ်းချုပ်၏ နာမည်ဟောင်းသည် လုမင်မဟုတ်လော။
ကြီးမားသော ကျင့်ကြံရေးအဆင့်ကို အောင်မြင်ပြီးနောက်တွင် လူတိုင်းသည် ဂိုဏ်းချုပ်ကို အမြဲစိမ်းအရှင်သခင်အဖြစ် ပြောင်းလဲခေါ်ဆိုခဲ့ကြသည်ဖြစ်ရာ သူ၏အမည်ရင်း လုမင်ကို မေ့သွားကြသည်။ ဤလူများသည် သူတို့၏ ဂိုဏ်းချုပ်ဖြစ်သူကို ရှာနေသလော။
ရီချင်ကိုတွေ့သောအခါ လုမင်၏အမူအရာသည် ချက်ချင်းပြောင်းလဲသွားသည်။ ရီချင်၊ ထိုသူသည် မည်သို့အသက်ရှင်နိုင်သေးသနည်း။ သူသည် ရီချင်ကိုသတ်ပြီးနောက် သူ၏အလောင်းနှင့် အရိုးများကိုပင် ဖျက်ဆီးခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မှတ်မိသေးသည်။
သို့ဖြစ်ပါက ဤ ရီချင်သည် မည်သူနည်း။ လူလော၊ တစ္ဆေလော?
"လုမင် ငါပြန်လာတာကို မင်းဘာလို့မယုံရတာလဲ။ မင်းနဲ့ ဒီခွေးမ ငါ့ကိုသတ်လိုက်တုန်းက ငါအသက်ရှင်နေလိမ့်မယ်လို့ မင်းဘယ်တုန်းကမှ မတွေးခဲ့မိဘူးမလား”
ရီချင်၏မျက်နှာတွင် သရော်လှောင်ပြောင်မှုများဖြင့် ပြည့်နှက်နေသည်။
"ဟမ့်! ရီချင် မင်းအသက်ရှင်နေရင်တောင် ဘာဖြစ်သလဲ၊
ငါမင်းကို တစ်ကြိမ် သတ်နိုင်သလို နောက်တစ်ကြိမ်လည်း သတ်နိုင်တယ်"
လုမင်၏အသံတွင် သတ်ဖြတ်လိုစိတ်များတိုးလာ၏။
"ဟိုခွေးမဘယ်မှာလဲ" အခန်းကိုကြည့်ရင်း ရီချင်သည် နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
ဤတစ်ကြိမ်တွင် ရီချင်သည် လုမင်တစ်ဦးတည်းကိုရှာဖွေနေရုံမျှမက နှစ်ယောက်စလုံးကို လွှတ်ထားမည် မဟုတ်ချေ။
“မင်းကိုယ်ကျိုးအတွက်သုံးပြီးတော့ သူ့ကို ထားခဲ့တာလား" ရီချင်သည် တမင်ချဲ့ကားပြောဆိုခဲ့သည်။
ချက်ခြင်းပင် ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းမှ ထိပ်တန်းအကြီးအကဲ လူအိုကြီးများ၏ မျက်နှာများသည် ကသိကအောက်ဖြစ်သွားကြ၏။ လုမင်သည် အမျိုးသမီးတစ်ဦးထံမှ ကိုယ်ကျိုးရှာခြင်းကို လူများစွာသိခဲ့ကြသော်လည်း လုမင်ရှေ့တွင် မည်သူမျှ မပြောရဲခဲ့ကြပေ။ ၎င်းသည် သူ့ရဲ့တားမြစ်ချက်ပင်။
ယခုတွင် ရီချင်က ပြတ်ပြတ်သားသားပြောကာ ပြဿနာအကြီးကြီးစတင်တော့မည်ကို သူတို့သိလိုက်ကြသည်။ ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းမှ သာမာန်တပည့်များသည် လုမင်ကို ထိတ်လန့်သော အမူအရာအမျိုးမျိုးဖြင့် ကြည့်လာသည်။
သူသည် ဤမျှရုပ်ဆိုးသည့်တိုင် မိန်းမတစ်ယောက်ကို ခြူစားနိုင်ပါသလော။ သူတို့ဂိုဏ်းချုပ်၏ ဇနီးသည် ထူးဆန်းသောအကြိုက်ရှိပုံရသည်။ လုမင်ထက် ပိုရုပ်ဆိုးသည်ဟုထင်ကြသည့် ကျင့်ကြံရေးသမားအချို့က ၎င်းတို့၏ အတွေးများကို စတင်နယ်ချဲ့လာကြသည်။ ၎င်းတို့သည်တခြားသူများကဲ့သို့ ရုပ်မချောသော်လည်း ကြောက်မက်ဖွယ်ကောင်းအောင် ရုပ်ဆိုရခြင်းမရှိချေ။
လုမင်၏မျက်နှာသည် နီရဲသွားကာ ရီချင်ကိုကြည့်သော သူ့မျက်လုံးများထဲတွင် အငြှိုးအပြည့်ရှိသည်။ သူသည် ရီချင်၏ ရုပ်ရည်ကို မနာလိုဖြစ်ခဲ့သည်၊ သို့မဟုတ်ပါက သူသည် ရီချင်ကို သတ်မည်မဟုတ်ပေ။ အဓိကအကြောင်းရင်းမှာ မနာလိုခြင်းဖြစ်သည်။
ယခု ရီချင်ပြန်ရောက်သောအခါ လုမင်သည် ဒေါသဖြစ်ရုံသာမက စိတ်မသက်မသာလည်း ခံစားခဲ့ရသည်။ ဇနီးဖြစ်သူ မုရှင်းသည် ရီချင်ကို တစ်ကြိမ်သတ်ပစ်ခဲ့သည်ကိုပင် နောင်တရခဲ့သည်။ ရီချင်ပြန်ရောက်နေပြီဆိုသည့်အကြောင်း သူမသိပါက တစ်စုံတစ်ရာပြောင်းလဲသွားမည်လော။ ဤသူကို သတ်ပစ်ရမည်။ ထိုအခိုက်အတန့်တွင် လုမင်၏စိတ်ထဲ၌ထိုအတွေးပေါ်လာသောအခါ
မရပ်တန့်နိုင်တော့ချေ။ ‘သတ်ပစ်ရမည်။’
လုမင်သည် ချက်ချင်းပင် သူ၏အင်မော်တယ်လက်နက်ကို ဆင့်ခေါ်ပြီး လှုပ်ရှားလိုက်သည်။ မုရှင်းပေါ်မလာခင် သူ ရီချင်ကို သတ်ရမည်။ ရီချင်သည် သန့်စင်ခြင်းဗလာနယ်အဆင့်ကျင့်ကြံသူသာဖြစ်ရာ ရီချင်သည် သူ့အတွက် အချိန်မရွေးသတ်နိုင်သော ပုရွက်ဆိတ်လေးမျှသာဖြစ်သည်။ လုမင်လှုပ်ရှားနေသည်ကိုမြင်သောအခါ ရီချင်သည် သူ၏ အင်မော်တယ်လက်နက်ကို ထုတ်လိုက်၏။
“အင်မော်တယ်သုတ်တင်ဓားပျံ၊ သွားလော့”
အင်မော်တယ်သုတ်သင်ခြင်းဓားပျံသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီးနောက် လုမင်ဆီသို့ ချက်ခြင်းဦးတည်သွားသည်။ သတ္တမအဆင့် အင်မော်တယ်လက်နက်၏ ရောင်ဝါသည် လုမင်ကို ထိတ်လန့်စေခဲ့သည်။ ၎င်းသည် မည်သို့ဖြစ်နိုင်မည်နည်း။
မုရှင်းကို ချစ်ခင်နှစ်သက်စွာအလိုလိုက်ထားရသည့်တိုင် သူသည် အဆင့်နိမ့် သတ္တမအဆင့် အင်မော်တယ်လက်နက်မှလွဲ၍ မည်သည်မျှမရရှိခဲ့ချေ။ ရီချင်သည် သူ့ထက် သာလွန်သောအရာများကို အဘယ်ကြောင့် ရရှိရသနည်း။ အင်မော်တယ်လက်နက်၏ အဆင့်သည်ပင် ပို၍ မြင့်မားနေသည်။
"ရီချင် မင်းသေမယ်!"
‘မဟာထူးကဲစွမ်းရည်၊ အဖြူရောင်တိမ်တိုက်တစ္ဆေလက်ချောင်း’
အထက်ကောင်းကင်ရှိ တစ္ဆေလက်ချောင်းသည် အောက်ဘက်ရှိ ရီချင်ကို ညွှန်ပြနေကာ လုမင်၏ မျက်လုံးများသည် ရူးသွပ်မှုများ ပြည့်နှက်နေသည်။ ရီချင်ကိုသတ်နိုင်ပါက ချမ်းသာသောအမျိုးသမီးသည် သူ့ကိုစွန့်ခွါသွားမည်မဟုတ်ပေ။ ရီချင်သည် သန့်စင်ခြင်းဗလာနယ် အဆင့်တွင်သာရှိသေးသည်။ မန္တန်များအရ လုမင်ကို သူသေချာပေါက် ယှဉ်နိုင်မည်မဟုတ်ချေ။
သို့သော် ငွေသည် အရာရာတိုင်းကို လုပ်ဆောင်နိုင်သည်။ ရီချင်သည် လက်ကိုလှုပ်ရှားလိုက်ရာ အဖြူရောင်တိမ်တိုက်တစ္ဆေလက်ချောင်းကို တိုက်ခိုက်ရန် မန္တန်တစ်ခုထွက်ပေါ်လာသည်။
ရွှေရောင်အလင်းတန်းများသည် အဖြူရောင်တိမ်တိုက်တစ္ဆေလက်ချောင်းကို ဖြတ်တောက်ပြီးနောက် ခေတ္တရပ်ခြင်းမရှိဘဲ လုမင်ဆီသို့ ပျံသန်းသွားခဲ့သည်။ လုမင်သည်လည်း လန့်သွားကာ သူ့ဝိညာဉ်စွမ်းအင်ကို ကာကွယ်ရေးအင်မော်တယ်လက်နက်ထဲသို့ အမြန်ထည့်လိုက်သည်။
ဘမ်း!
လျှပ်တပြက်အတွင်း လုမင်၏ ဆဋ္ဌမအဆင့် ကာကွယ်ရေးအင်မော်တယ်လက်နက်သည် ပျက်စီးသွား၏။ လုမင်သည် ရွှေရောင်အလင်းတန်းမှ နောက်ဆုံးစွမ်းအင်အနည်းငယ်ကို တားဆီးနိုင်ခဲ့သည်။ ခေါင်းကို ပြန်မော့ကြည့်လိုက်သောအခါ သူ့အကြည့်များသည် လုံးဝပြောင်းလဲသွားကာ
မနာလိုမှု၊ နာကြည်းမှု၊ စိတ်ဆင်းရဲမှုများဖြင့် ပြည့်နေ၏။
သူ၏ ကျင့်ကြံရေးအဆင့်ကို ဆေးလုံးများကသာ အမြဲတမ်းထောက်ပံ့ပေးခဲ့သောကြောင့် ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်တွင် အားအနည်းဆုံးဖြစ်သည်။ အင်မော်တယ်လက်နက်သည်လည်း မုချင်၏ဆန္ဒများကို အချိန်အတော်ကြာ ဖြည့်ဆည်းပေးပြီးနောက်မှ ရရှိခဲ့သည့် ဆုလာဘ်ဖြစ်ကာ ၎င်းသည် အဆင့်ခြောက်ဆင့်သာ ရှိသေးသည်။
သို့သော် ရီချင် အနည်းငယ်မျှဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန်လွှင့်ပစ်လိုက်သော အင်မော်တယ်လက်နက်သည် သတ္တမအဆင့်ဖြစ်ကာ နောက်ထပ်များစွာရှိနေပုံပေါ်သည်။ သန့်စင်ခြင်းဗလာနယ်အဆင့်သို့ရောက်နေသည့်တိုင် သူသည် ဤမျှချမ်းသာကြွယ်ဝရန် မည်သို့ ဖြစ်နိုင်မည်နည်း။ သူသည် မုရှင်းထံတွင် ကြာရှည်စွာအစေခံခဲ့သော်လည်း ရီချင်ထက်ပင် ပိုဆင်းရဲနေစည်ဖြစ်ရာ သူ့ကိုယ်သူ ရီချင်နှင့် နှိုင်းယှဉ်ရသည်ကိုနှစ်သက်သော လုမင်သည် အလွန်စိတ်ပျက်သွားစေသည်။
"မယုံဘူး!"
လုမင် ထပ်မံတိုက်ခိုက်လာသည်။
ရီချင်သည် အပြုံးမပျက် တုံ့ပြန်လိုက်ပြီးနောက် သတ္တမအဆင့်မန္တန်နှစ်ခုကို ထုတ်လွှတ်လိုက်သည်။
ရီချင်သည် လုမင်ကို တခြားသူ၏ အရင်းအမြစ်များကို ရယူခြင်းသည် ကြီးကျယ်သည့်အရာမဟုတ်ကြောင်းပြောပြလိုက်သည်။ သူတို့နှစ်ယောက်လုံးသည် တခြားတစ်ယောက်အပေါ် မှီခိုနေရလျှင်ပင် သူတို့ရရှိသည့် ဆက်ဆံမှုသည် သိသိသာသာ ကွဲပြား၏။
သိပ်မကြာမီတွင် လုမင်၏ အသက်ရှုများတိုးသထက်တိုးသွားကာ သူ့ဆံပင်များသည်လည်း ပြောင်လုနီးပါးပင်။ သူ၏ သတ္တမအဆင့်အင်မော်တယ်လက်နက်ကို ရီချင်က ဖျက်ဆီးပစ်လိုက်သည်။
ရီချင်သည် တိုက်ပွဲကို အဆုံးသတ်ခါနီးတွင် ကြီးမားသော အသွင်အပြင်တစ်ခု ပေါ်လာ၏။
၎င်းကို မြင်လိုက်ရသည့်အခါ လုမင်သည် ချက်ချင်းဆိုသလို မုန်းတီးသည့်အမူအရာကို ဖုံးကွယ်လိုက်ကာ သနားစရာကောင်းသည့် မျက်နှာထားနှင့်ပြောလိုက်သည်။
"ရှင်းအာ၊ ငါ့ကို လက်စားချေဖို့ ကူညီပါ"
သို့သော် မုရှင်း၏အကြည့်သည် လုမင်ဘက်သို့ မရောက်ဘဲ ရီချင်အပေါ်တွင်သာ ကျရောက်သွားသည်။
"မင်းက ရီချင်!"
မုရှင်း၏လေသံသည် အနည်းငယ် တုန်လှုပ်သွားသည်။
၎င်းကိုမြင်လိုက်ရသည့်အခါ လုမင်၏အကျပ်အတည်း နှိုးဆော်သံ ခေါင်းလောင်းသံများသည် ပိုကျယ်လောင်လာသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် ရီချင်ကို ပိတ်ဆို့ရန်ကြိုးစားရင်း မူရှင်းဘက်သို့ အမြန်ပြေးသွားခဲ့သည်။ မုရှင်းသည် နောက်ဆုံးတွင် လက်တွေ့ဘဝသို့ ပြန်ရောက်သွားခဲ့၏။
"ရီချင်၊ မင်းအသက်ရှင်နေသေးတယ်။ နောင်တရနေသလား။ မင်း အခုပြန်လာရင် ငါလုမင်ကို စွန့်ပစ်လိုက်မယ်"
မုရှင်းသည် စကားပြောသောအခါတွင် သူမသည် လုမင်၏ခံစားချက်များကို ထည့်သွင်းစဉ်းစားခြင်းမရှိပေ။ လုမင်သည် သူမ၏မြင်ကွင်းကို ပိတ်ဆို့နေသေးသည်ကို မြင်လိုက်ရသဖြင့် မုရှင်းသည် သူ့ကို ဘေးသို့တွန်းထုတ်လိုက်ကာ သူမမျက်လုံးများသည် ရီချင်ကိုသာ တစိုက်မတ်ကြည့်နေ၏။
လုမင်၏ မျက်လုံးများသည် နီရဲလာသည်။ မုရှင်းသည် အမှန်တကယ်ပင် သူ့ကိုဘေးဖယ်ထားလိုက်သည်ကို လက်မခံနိုက်ချေ။ မုရှင်းထံတွင် နှစ်ရာနှင့်ချီ၍ အမှုထမ်းခဲ့ပြီးဖြစ်သော်လည်း နှစ်ရာနှင့်ချီ၍ ပျောက်ကွယ်သွားသော ရီချင်နှင့်ယှဉ်လျှင် နိမ့်ကျသွား၏။ မုရှင်း၏စကားကိုကြားလိုက်ရသည်နှင့် ရီချင်သည် ကြက်သီးထကာ တုန်လှုပ်သွားသလို ခံစားလိုက်ရသည်။
"မုရှင်း၊ ဒီတစ်ခါ ငါပြန်လာတာ မင်းတို့ကိုသတ်ဖို့"
ရီချင်သည် ၎င်းကို သည်းမခံနိုင်တော့ချေ။ သူသည် ဤဝက်ဖက်တီးကို သတ်ချင်ရုံသာဖြစ်သည်။ မုရှင်း၏ မျက်နှာသည် ရုတ်တရက် မည်းမှောင်သွား၏။
"ရီချင်၊ မင်းအရင်ကလို ခေါင်းမာနေတုန်းပဲ။ ဒီတစ်ခါတော့ မင်းကို နောက်ထပ်အခွင့်အရေးမပေးတော့ဘူး။ ငါနဲ့နေရမယ်"
မုရှင်း၏စကားကြောင့် ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းမှ တပည့်များသည် လုမင်ကို အမြင်သစ်တစ်ခုဖြင့် ကြည့်လိုက်ကြသည်။ သူ လုံးဝ အမိုက်စား အပစ်ခံလိုက်ရပြီဖြစ်၏။
"အား ငါမင်းကိုသတ်မယ်!"
လုမင်သည် သည်းမခံနိုင်တော့ဘဲ၊ သူ၏ ထူးကဲစွမ်းရည်များကို ချက်ချင်းအသက်သွင်းလိုက်ကာ ရီချင်ဆီသို့ ပြေးသွားခဲ့သည်။
"မင်းကို တိုက်ခွင့်မပေးဘူး။"
မုရှင်းသည် သူ့ကို တားရန် ကြိုးစားခဲ့သော်လည်း တစ်စုံတစ်ယောက်က သူမကို တားဆီးခဲ့သည်။
“ယောက်ျားတွေရဲ့ ကိစ္စတွေကို မစွက်ဖက်တာ အကောင်းဆုံးပါပဲ”
ကိုယ်ခန္ဓာပေါင်းစည်းမှုနယ်ပယ်၏ရောင်ဝါ ထွက်ပေါ်လာကာ မုရှင်းကို ပိတ်ဆို့ထားသည်။
"မင်းဘယ်သူလဲ!"
မုရှင်းသည် ရီကျင်းချုံ၏ ချစ်စရာကောင်းသော မျက်နှာနှင့် အသွင်အပြင်ကို ကြည့်နေစဉ် သူမ၏ မျက်လုံးများသည် မနာလိုမှုများ ပြည့်နှက်နေသည်။
"ငါက ရီချင်ရဲ့ဇနီး"
ရီကျင်းချုံက ပေါ့ပါးသော အပြုံးဖြင့် သတ္တမအဆင့်အင်မော်တယ်လက်နက်ဖြစ်သည့် ဝံပုလွေဖန်းကို ဆွဲထုတ်လိုက်သည်။ လုမင်သည် တိုက်ခိုက်မှုကိုရပ်တန့်လိုက်ကာ ရီချင်ကို အံ့ဩတုန်လှုပ်စွာ လှည့်ကြည့်လိုက်သည်။
"ဒါဆို မင်းလည်း အချစ်တော်ကလေးပဲ!"
လုမင်အံသြသွားသည်။ ဆိုတော့ ရီချင်သည် တခြားသူများနှင့် သူ့နည်းတူနေထိုင်နေသော်လည်း စံနှုန်းများသည် သူ့ထက်သာလွန်နေဆဲဖြစ်၏။ ရီကျင်းချုံသည် ရီချင်နှင့် လက်နှစ်ဖက်ကို ချစ်ခင်စွာ ချိတ်ဆက်ကာ သူမ၏ပိုင်ဆိုင်မှုကို ပြသခဲ့သည်။ သူ့သကြားမေမေသည် သည်းခံနိုင်စွမ်းကြီးကာ ရုပ်ရည်လည်းလှပ၏။ သူ့ဘက်တွင်မူ မုရှင်းသည် လူရွှင်တော်သဖွယ်ဆက်ဆံသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းကို လုမင်ရော မုရှင်းရော လက်မခံနိုင်ချေ။
ယခု မုရှင်း၏စိတ်ထဲရှိ တစ်ခုတည်းသောအရာမှာ ရီကျင်းချုံထံမှ ရီချင်ကို လုယူခြင်းဖြစ်သည်။ တိုက်ပွဲသည် ဆက်လက်ဖြစ်ပွါးခဲ့သည်! ဤတစ်ကြိမ်တွင် လုမင်ကို တစ်ဖက်သတ်နှိပ်စက်ရာမှ၊ ရီချင်နှင့် ရီကျင်းချုံနှစ်ဦးစလုံးသည် ဖောက်ပြန်သော လုမင်နှင့် မုရှင်းတို့စုံတွဲထံသို့ လျင်မြန်စွာ ပစ်မှတ်ပြောင်းလဲသွားသည်။ ခဏကြာတွင် နှစ်ယောက်သား သည်းမခံနိုင်တော့ချေ။
ရီချင်နှင့် ရီကျင်းချုံတို့သည် နက်နဲသော စွမ်းရည်များရှိသည်။ သူတို့နှစ်ဦးစလုံးသည် တစ်ကြိမ်လျှင်တစ်လှမ်းချင်း အောင်မြင်ခဲ့ကြခြင်းဖြစ်သည့်အပြင် ၎င်းတို့နှစ်ဦးစလုံးတွင် အထူးဝိညာဉ်ကိုယ်ထည်ရှိကြသည်။
မုရှင်းနှင့် လုမင်တို့အတွက်မူ ၎င်းတို့သည် ကိုယ်ခန္ဓာပေါင်းစည်းနယ်ပယ်အဆင့်သို့ အောင်မြင်ရန် ဆေးလုံးများကို အားကိုးသည့် အမှိုက်နှစ်စထက် မပိုချေ။
ရီချင်သည် သူ့လက်ကို မြှောက်လိုက်ကာ လုမင်ထံသို့ အင်မော်တယ်သုတ်သင်ခြင်း ဓားပျံကို ချိန်ရွယ်လိုက်သည်။ ၎င်းကို အပြီးသတ်ရန် အချိန်တန်လေပြီ။ ဓားသည် လေဟာနယ်ကိုကိုဖြတ်၍ လုမင်း၏ခေါင်းဆီသို့ ပြင်းပြင်းထန်ထန်ဦးတည်သွားသည်။
နောက်အခိုက်အတန့်တွင် ၎င်းကို လူတစ်ယောက်က ပိတ်ဆို့လိုက်သည်။ "လူငယ်လေး၊ မင်းတတ်နိုင်သလောက် ညှာတာထားတာ အကောင်းဆုံးဖြစ်လိမ့်မယ်!"
"အဖေ!"
"ဖေဖေ!"
အဘိုးအိုကိုတွေ့သောအခါ မုရှင်းနှင့် လုမင်တို့ နှစ်ယောက်စလုံးသည် စိတ်လှုပ်ရှားလာပြီး အော်လိုက်ကြသည်။ ထိုပုဂ္ဂိုလ်သည် မူရှင်း၏ဖခင်ဖြစ်သူ ရွှေသက်တန့်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်း မုဟော်မှလွဲ၍ အခြားသူမရှိချေ။
မုဟော်သည် မုရှင်းကို မကျေမနပ်ဖြင့် ကြည့်သည်။ သူ့အမြင်တွင် လုမင်သည် ဝန်ထုပ်ဝန်ပိုးသာဖြစ်သည်။
ကြည့်ရပုံမှာ သူ့ခန့်မှန်းချက်များ ကွက်တိဖြစ်ပုံရ၏။ သို့သော်လည်း ယခုအချိန်တွင် ပြင်ပလူများရှိနေသောကြောင့် မုဟော်သည် ၎င်းတို့အား အရှက်ခွဲမည်မဟုတ်ပေ။
“အဖေ၊ အဲမိန်းမကို သတ်ဖို့ ကူညီပေးပါ။ သူ့ကိုတော့ ထားလိုက်ပါ၊ သူ့ကို ပြင်းပြင်းထန်ထန် နှိပ်စက်ချင်တယ်"
မုရှင်းသည် ရီကျင်းချုံနှင့် ရီချင်ကို လက်ညှိုးထိူးကာ ပြောနေသည်။ မုရှင်းသည် ရီချင်၏နှလုံးသားကိုအနိုင်ယူရန် ဂရုမစိုက်တော့ပေ။ သူမသည် ရီချင်ကိုသာ အပိုင်လိုချင်တော့သည်။
တခြားတစ်ယောက်ယောက်သည် ထိုကဲ့သို့ သူ့ကိုပြောလာပါက မုဟော်က သူတို့ကို ပါးရိုက်လွှတ်လိမ့်မည်ဖြစ်သော်လည်း သူ၏တစ်ဦးတည်းသောသမီးဖြစ်သူ မုရှင်းဖြစ်နေသောကြောင့် မငြင်းနိုင်တော့ပေ။
“မိန်းကလေး ဒီနေ့မင်းက ငါတို့ ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းကို လာပြီး ပြဿနာရှာတယ်။ မင်းထွက်သွားခွင့်ရှိတယ်၊ ဒါပေမယ့် မင်းတစ်ယောက်ယောက်ကို ချန်ထားခဲ့ရမယ်!"
မုဟော်သည် ရီကျင်းချုံကို သာမန်လူမဟုတ်ဟု ခံစားမိသောကြောင့် သူမကိုပစ်မှတ်ထားရန် မရည်ရွယ်ပေ။ သို့သော် မုဟော်၏မျက်လုံးများတွင် ရီချင်သည် သာမန်သမက်တစ်ဦးမျှသာဖြစ်သည်။ သူ့ကို အရေးယူခဲ့လျှင်ပင် ရီကျင်းချုံ၏ ကျောထောက်နောက်ခံအင်အားစုသည် သိပ်အလေးအနက်ထားလိမ့်မည် မဟုတ်ချေ။
သားမက်တစ်ယောက်၏ အဆင့်အတန်းသည် မည်သည့်အခါတွင်မျှ မြင့်လွန်းမနေနိုင်ပေ။ ထို့ကြောင့် ဤပြဿနာသည် အလေးအနက်ထားရန် မထိုက်တန်ဟုယူဆသည်။ ထိုစကားကိုကြားသောအခါ လုမင်သည် ရီချင်ကို မှုန်မှိုင်းသောမျက်လုံးဖြင့်ကြည့်ကြ ပြုံးလိုက်သည်။
"မင်းမှီခိုနေတဲ့မိန်းမက ငါ့ထက် ပိုကောင်းတယ်ဆိုရင်တောင် အဲဒါက ဘာတွေပြောင်းလဲသွားလို့လဲ မင်း မအောင်မြင်နိုင်ပါဘူး”
"အခုကစပြီး ငါက သခင်ဖြစ်လာလိမ့်မယ်၊ မင်းကို ဘယ်လိုနှိပ်စက်မလဲ ငါတို့ကြည့်ကြတာပေါ့"
လုမင်သည် ထိုအကြောင်းတွေးကာ စိတ်လှုပ်ရှားလာသည်..
…………..
အခန်း ၁၃၇ - နဂါးနီမျိုးနွယ်စုတော့ ထီပေါက်တာပဲ
လုမင်သည် ရီချင်ကိုသတ်ရန် အတွေးများပင်မရှိတော့ဘဲ မုရှင်းသည်လည်း ထိုသို့သောအတွေးကို ထုတ်ပြောရန်အသာထား၊ အတွေးပင်မရှိချေ။ ရီချင်နှင့် ရီကျင်းချုံတို့သည် ၎င်းတို့၏ လောကအမြင်များကို ပြင်းထန်စွာ စိန်ခေါ်ခံနေရသည်ဟု ခံစားခဲ့ရသည်။ ဤသို့သော ယောက္ခမမျိုးသည် ကမ္ဘာပေါ်တွင် အမှန်တကယ်ရှိသလော။
လုမင်၏ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်ရှိမှုသည် အလွန်အထင်ကြီးစရာကောင်းသည်ဟု ဆိုရပေမည်။ သို့သော်လည်း ယောက္ခမဖြစ်သူများ ပြိုင်ဆိုင်ခြင်းသာဖြစ်သည်မဟုတ်လော။
မုဟော်သည် ရီချင်ကို ဖမ်းရန် လက်လှမ်းလိုက်နေသည်ကို မြင်လိုက်ရသော ရီကျင်းချုံသည်
"အဖေ၊ တစ်ယောက်ယောက်က အဖေ့ရဲ့သားမက်ကို အနိုင်ကျင့်နေတယ်!"
လေဟာနယ်သည် ချက်ခြင်းပွင့်သွားကာ ရီဖန်၏ပုံပေါ်လာသည်။
"ငါ့သားမက်ကို ဘယ်သူက အနိုင်ကျင့်ရဲတာလဲ။"
ရီဖန်သည် စကားပြောရန် မစီစဉ်ထားချေ၊ သူရွေ့လိုက်သည်နှင့် တစ်ခါတည်းတိုက်ပြီးဖြစ်သည်။
‘ကြယ်တာရာခူးဆွတ်သောလက်၊ ကမ္ဘာ့စွမ်းအား’
ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်ကို ဖြတ်ကျော်ပြီးနောက် ရီဖန်သည် ပထမဆုံးအကြိမ် အပြင်ထွက်ခဲ့သည်။ မုဟော်သည် သူ့အပေါ် ကမ္ဘာတစ်ခုဖိချထားသကဲ့သို့ ခံစားခဲ့ရသည်။ နောက်အခိုက်အတန့်တွင် သူ့ခန္ဓာကိုယ်သည် ရွှေသက်တန့်အင်မော်တယ်ဂိုဏ်း၏ တံခါးပေါက်မှတစ်ဆင့် တိုက်ရိုက်ထုတ်ပစ်ခြင်းခံလိုက်ရသည်။
ရီဖန်သည် သူ့လက်ကိုပြန်ချလိုက်ကာ
“အခြေအနေတူတဲ့ ယောက္ခမဆိုတာဒါလား” ဟု ကဲ့ရဲ့ရှုံ့ချသည်။
ယောက္ခမဖြစ်ရန် မလွယ်ကူချေ။ ရွှေသက်တန့်အင်မော်တယ်ဂိုဏ်း၏ ကျင့်ကြံသူများသည် အံ့အားသင့်သွားကာ မုရှင်းနှင့် လုမင်တို့နှစ်ဦးစလုံးသည်လည်း ထိတ်လန့်သွားကြသည်။
“ဆက်လိုက်ပါဦး၊ ဘယ်သူ တားရဲလဲကြည့်ရအောင်။”
ရီဖန်၏အကြည့်များသည် ရွှေသက်တန့်အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ်ဆရာကြီးများ၏ ပတ်လည်ကို လှည့်ပတ်ကြည့်လိုက်ရာ မည်သူမျှ မတ်တပ်မရပ်ရဲပေ။ ရီချင်သည် လုမင်ဆီသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူသည် ဤအခိုက်အတန့်အတွက် တစ်သက်လုံး အင်အားစိုက်ထုတ်ခဲ့သည်။
လုမင်သည် သူ့မျက်လုံးများတွင် ကြောက်ရွံ့မှုအပြည့်ဖြင့်
"ရီချင်၊ မင်းငါ့ကို ချမ်းသာပေးနိုင်မလား၊ မုရှင်း လုပ်တာ၊ အားလုံး သူ့အပြစ်ပါ၊ ငါတို့က ညီအကိုတွေလေ”
မုရှင်းသည် လုမင်၏ အပြစ်တင်သံကြားသောအခါ သူ့ကိုယ်သူ ထုတ်ဖော်ပြောဆိုလိုက်သည်။ ကောင်းကင်ဘုံမှ တွဲဖက်ပေးထားသောစုံတွဲဟု ယူဆရသည့် ကြွက်စုတ်နှစ်ကောင်သည် အချင်းချင်း ရန်ဖြစ်နေကြသည်။
ဟား!
ရီချင်သက်ပြင်းချလိုက်သည်။ သူ့အရင်ဘဝက ဤသို့သောသူများထံမှ သတ်ဖြတ်ခံရခြင်းသည် အမှန်တကယ် စိတ်ပျက်စရာပင်။ ဓားတစ်ချောင်းဖြတ်သွားကာ စိတ်ဝိညာဉ်သည် ချုပ်ငြိမ်းသွားပြီဖြစ်သည်။
ရီချင်သည် သူ၏အတွေးအမြင်များကို ရှင်းရှင်းလင်းလင်း ခံစားလိုက်ရသောကြောင့် မျက်လုံးမှိတ်လိုက်သည်။ ကိုယ်ခန္ဓာပေါင်းစည်းရေးနယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ခြင်းမှ တားဆီးထားသော ပိတ်ဆို့မှုသည် ပျောက်ကွယ်သွားပြီဖြစ်သည်။
ရီချင်၏ခန္ဓာကိုယ်အတွင်းမှ အင်မော်တယ်စွမ်းအားကိုထုတ်လွှတ်ကာ ချက်ချင်းပင် အောင်မြင်မှုတစ်ခုကိုရရှိခဲ့သည်။ ကိုယ်ခန္ဓာပေါင်းစည်းမှုနယ်ပယ်အဆင့် ပြီးပြည့်စုံသွား၏။ ရွှေသက်တန့်အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူမည်သူမျှ မနှောင့်ယှက်ဝံ့ဘဲ အဆုံးတွင် ရီချင်သည် သူ၏ ကျင့်ကြံရေးအဆင့် အောင်မြင်မှုတစ်ခုပြုလုပ်ကာ ရီဖန်၏တိုက်ခိုက်ခြင်း ခံခဲ့ရသည်ကို သူတို့ကြည့်ရှုနေခဲ့ရသည်။
နောက်ဆုံးအနေနှင့် လူသုံးယောက်၏ အလောင်းများကို မည်သူမျှ မကောက်ယူရဲကြချေ။
မုဟော်သည် အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေ၏ အစွန်အဖျားဒေသများတွင်ပင် အမည်မသိပုဂ္ဂိုလ်တစ်ဦးမဟုတ်ပေ။ ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်၏ နှောင်းပိုင်းအဆင့်မျာရှိ ကျင့်ကြံသူသည် လှုပ်ရှားမှုတစ်ခုတည်းတွင် သေဆုံးသွားခဲ့သည်။
ကြယ်တစ်သောင်းကျွန်းပေါ်ရှိ လူအများ၏ သဘောထားများသည်လည်း ပြောင်းလဲမှုဖြစ်လာခဲ့သည်။ ဤကြယ်တစ်သောင်းကျွန်းသည် ကိုင်တွယ်ဖြေရှင်းရန် လွယ်ကူပုံမပေါ်ပေ။ ရီမိသားစု၏ ဂုဏ်သိက္ခာသည်လည်း ကြယ်တစ်သောင်းကျွန်းတွင် စတင်ပျံ့နှံ့လာခဲ့သည်။
“ရေရှည်မစ်ရှင်ဖြစ်တဲ့ တိုးပွါးလာသောမိသားစု ၁၀ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ်
- အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေ (အပြီးသတ်) ဆုလာဘ်ထုတ်ယူရန် အသင့်ဖြစ်နေပါပြီ"
“စနစ်၊ ဆုကို ရယူပါ။”
“ဆုရရှိခြင်းအတွက် ဂုဏ်ယူပါတယ်- မျိုးနွယ်စု ခေါင်းဆောင် ထူးကဲစွမ်းရည်၊ ချီစွမ်းအားတစ်ခုက သန့်စင်သောအရာသုံးခုဖြစ်လာခြင်း"
ချီစွမ်းအားတစ်ခုက သန့်စင်သောအရာသုံးခုဖြစ်လာခြင်းသည် ရှေးသူတော်စင်၏ ထူးကဲစွမ်းရည်ဖြစ်ကာ၊ ခန္ဓာကိုယ်မှ ကိုယ်ပွားသုံးခုကို ပုံဖော်နိုင်သည်။ ရီဖန်၏ လက်ရှိကျင့်ကြံရေးအဆင့်အရ သူသည် ကိုယ်ပွားတစ်ခု ဖန်တီးနိုင်သည်။
တစ်နှစ်အကြာတွင် အဖြူရောင်ဝတ်လုံကို ၀တ်ဆင်ထားသော ကိုယ်ပွါး ကိုယ်ထည်သည် ရီဖန်၏ မူလခန္ဓာကိုယ်ဘေးတွင် ပေါ်လာသည်။ ပထမဆုံးကိုယ်ပွါးကိုယ်ထည်ကိုဖွဲ့စည်းပြီးနောက် ၎င်းတွင်သေမျိုးစွမ်းရည်များသာရှိသော်လည်း ၎င်းတွင်၎င်း၏ကိုယ်ပိုင်လွတ်လပ်သောအသိစိတ်ရှိကာ ကိုယ်တိုင်ကျင့်ကြံနိုင်သည်။
အမှီအခိုကင်းစွာကျင့်ကြံခြင်းသည် ရီဖန်အတွက် အသုံးအဝင်ဆုံးလုပ်ဆောင်ချက်ဖြစ်သည်။ ရီဖန်၏ ပင်မကိုယ်ခန္ဓာသည် စနစ်ကျသောကျင့်စဉ်များဖြင့်သာ သူ၏ကျင့်ကြံရေးအဆင့်ကို မြှင့်တင်နိုင်သည်။
ဤကိုယ်ပွါးကိုယ်ထည်ဖြင့် သူအများကြီး ပိုလုပ်နိုင်သည်။ ရီဖန်သည် ကိုယ်ပွါးကိုယ်ထည်ကို အရှေ့ဧကရာဇ်ကျွန်းသို့ ပေးပို့လိုက်ကာ အရင်းအမြစ်များစွာဖြင့် ထောက်ပံ့ပေးထားသောကြောင့်
၎င်းသည် လျင်မြန်စွာ တိုးတက်လာနိုင်သည်။ အချိန်တန်လျှင် ၎င်းကို ရီမိသားစုအတွက် လျှို့ဝှက်ကတ်တစ်ခုအဖြစ် အသုံးပြုနိုင်မည်ဖြစ်၏။ ကိုယ်ပွါးကို ဖွဲ့စည်းပြီးနောက် ရီဖန်သည် အင်မော်တယ်ထောင်ထွတ်များဆီသို့ ပြန်လာခဲ့သည်။
မကြာခင် ရက်အနည်းငယ်အတွင်းတွင် ရီကျင်းစန်၏ မင်္ဂလာဆောင်သည့်နေ့သို့ ရောက်ရှိတော့မည်ဖြစ်ကာ ရီကျင်းစန်၏သတို့သမီးသည် နဂါးနီလေးမှလွဲ၍ အခြားမရှိပေ။ အသွင်ပြောင်းပြီးနောက် နဂါးနီလေးသည် သူမ၏အမွေဆက်ခံသည့်အမှတ်တရများထံမှ အိုင်းဟုန် ဟူသောအမည်ကို ရရှိခဲ့သည်။
နဂါးနီလေးနှင့် ရီကျင်းစန်တို့၏ ကျင့်ကြံရေးဆင့်များသည် သန့်စင်ခြင်းဗလာနယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ နဂါးနီလေးသည်လည်း သူမ၏ကြီးထွားမှုကာလသို့ ဝင်ရောက်လာပြီဖြစ်သောကြောင့် သူတို့အိမ်ထောင်ရေးသည် သင့်လျော်သောအချိန်ဖြစ်သည်။
ရှုရှန်းသည် အတိတ်က မြွေတစ်ကောင်နှင့် အဆုံးသတ်ခဲ့သကဲ့သို့ ယခု ရီကျင်းစန်သည် ရီမိသားစု၏ ပထမဆုံး လူသား-နတ်ဆိုး အချစ်ဇာတ်လမ်းကို စတင်ကာ နဂါးမိန်းမငယ်လေးကို ရရှိခဲ့သည်။ သူတို့၏ကလေးများသည် လူသား-နဂါးများ သို့မဟုတ် နဂါးလူသားများဖြစ်မည်ကို အချိန်ကသာ ပြောပြနိုင်မည်ဖြစ်သည်။
ရီမိသားစုတွင် အဇူရာနဂါးသွေးမျိုးဆက်လည်းရှိသောကြောင့် ရီဖန်သည် မျိုးပွါးမှုကွဲပြားခြင်းဖြစ်မည်ကို အနည်းငယ်စိတ်ပူမိသည်။ ရီမိသားစုသည် မင်္ဂလာပွဲအတွက် ပြင်ဆင်နေချိန်၌ ကောင်းကင်တွင် တန်ခိုးကြီးသော ရောင်ဝါတစ်ဒါဇင်ခန့် ရုတ်တရက်ပေါ်လာသည်။
"လူသားမျိုးနွယ်၊ ငါတို့ရဲ့ နဂါးမျိုးနွယ်စုက မင်းသမီးလီကို လွှဲပြောင်းပေးပါ"
ပေတစ်ရာကျော်ရှည်လျားသော နဂါးတစ်ဒါဇင်ခန့်သည် ပေတစ်ထောင်ကျော် ရှည်လျားသော နဂါးကြီးနှစ်ကောင်နှင့်အတူ ရီမိသားစု၏အိမ်အထက်တွင် လွင့်မျောနေကာ ၎င်းတို့၏မျက်လုံးများသည် ဒေါသများဖြင့် ပြည့်နှက်နေသည်။
လွန်ခဲ့သည့်လများက နှစ်ပေါင်းရာနှင့်ချီ၍ ရှာဖွေခဲ့သော ၎င်းတို့၏နဂါးမင်းသမီးကို တွေ့ရှိခဲ့သည်။ သူတို့သည် ကြယ်တစ်သောင်းကျွန်းသို့ ချက်ချင်းပြေးသွားကာ နောက်ဆုံးတွင် ရောက်ရှိသွားခဲ့သည်။ သူမ၏ မင်္ဂလာဝတ်စုံကိုကိုင်ပြီးနောက် နဂါးနီလေးသည် ရုတ်တရက် မျှော်ကြည့်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။ သူမသည် သူ့မျိုးနွယ်စု၏ ရောင်ဝါကို ခံစားမိသည်။
ဟိန်းဟောက်!
နဂါးဟိန်းဟောက်သံနှင့်အတူ နဂါးနီလေးသည် သူမ၏ မူလကိုယ်ခန္ဓာအဖြစ်သို့ ပြန်လည်ပြောင်းလဲကာ ကောင်းကင်သို့ ပျံသန်းသွားခဲ့သည်။ ရီကျင်းစန်သည် သူ့စိတ်မသက်သာနိုင်တော့ဘဲ ချက်ချင်းနောက်ကို လိုက်သွား၏။
နဂါးနီအကြီးအကဲနှစ်ဦးသည် အင်မော်တယ်ကျွန်းသုံးကျွန်းတွင် ပြင်းထန်သော နဂါးနီရောင်အငွေ့အသက်ကို ရရှိသောကြောင့် သူမကို ချုပ်နှောင်ထားသည်ဟု ထင်မြင်ခဲ့သောကြောင့် ဒေါသတကြီးနှင့် သူတို့၏မင်းသမီးလေးကို ကယ်တင်ရန် ပြင်ဆင်နေကြသည်။ သူမကို ကယ်ဆယ်နိုင်မည်လောဆိုသည်နှင့်ပက်သက်၍ သူတို့ မစဉ်းစားခဲ့ကြချေ။ ဤသည်မှာ ကြီးမြတ်သောနတ်ဘုရားစီရင်စုငါးခုအနက်မှ တစ်ခုမဟုတ်သောကြောင့် ဤနေရာတွင် တန်ခိုးကြီးသောပုဂ္ဂိုလ်များ မရှိနိုင်ဟု ထင်ထားကြသည်။
နောက်အခိုက်အတန့်တွင် ကိုယ်ခန္ဓာပေါင်းစည်းရေးနယ်ပယ်အဆင့် ကျင့်ကြံသူများ၏ ဩဘာများစွာက ၎င်းတို့ကို လွှမ်းခြုံသွားကာ သတ္တမအဆင့် အင်မော်တယ်လက်နက် ဒါဇင်ပေါင်းများစွာသည် ၎င်းတို့ခေါင်းကိုဦးတည်ထားသည်။ ၎င်းတို့ လှုပ်ရှားရန်သတ္တိရှိပါက ရီမိသားစုကလည်း သတ်ရဲသည်။ ရီကျင်းစန်နှင့် နဂါးနီလေးတို့မင်္ဂလာပွဲအတွက် ဟင်းပွဲကောင်းအနည်းငယ်ကို ပြီးပြည့်စုံစွာ ပြင်ဆင်ပေးနိုင်လိမ့်ဦးမည်။
နဂါးမျိုးနွယ်စုအကြီးအကဲနှစ်ဦး၏ ခန္ဓာကိုယ်များသည် ရီမိသားစု ကျင့်ကြံသူများကို သတိထားပြီး စောင့်ကြည့်နေသည်။ ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့် ကျင့်ကြံသူများ အဘယ်ကြောင့် ဤမျှလောက်ရှိသနည်း။ နဂါးနီများသည် နဂါးမျိုးနွယ်စုများကြားတွင် အသန်မာဆုံးမဟုတ်သောကြောင့် ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့် ကျင့်ကြံသူကို အလေးအနက်ထားရန် လိုအပ်ပါသည်။
"မင်းဘာလိုချင်တာလဲ။ ငါတို့ နဂါးမျိုးနွယ်စုရဲ့ မင်းသမီးလီကို အမြန်လွှဲပြောင်းပေးပါ၊ မဟုတ်ရင်တော့ ငါတို့နဂါးနီမျိုးနွယ်စုက မင်းတို့ကို အလွတ်မပေးဘူး။
နဂါးနီအကြီးအကဲသည် ပို၍ဂုဏ်သိက္ခာရှိပုံပေါ်ရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။ ရီမိသားစုသည်လည်း လျှော့ကျမသွားချေ။ အင်မော်တယ်ကျွန်းသုံးကျွန်းတွင် အလွန်မောက်မာဝံ့ကြွားခြင်းမျိုးအတွက် သင်ခန်းစာကိုအမှန်တကယ် သင်ကြားလိုပုံရသည်။
ဤအခိုက်အတန့်တွင် နဂါးနီလေးရောက်လာသည်။
"မင်းသမီး၊ ဒီကိုလာ၊ ငါတို့မင်းကိုကာကွယ်မယ်"
နဂါးနီလေး ပေါ်လာသည်ကို မြင်လိုက်ရသော နဂါးနီအကြီးအကဲသည် ချက်ချင်းပျော်သွား၏။ နဂါးနီမင်းသမီးတွင် ရှေးဟောင်းနဂါး၏အသွေးအသားရှိကာ သူမသည် ၎င်းတို့၏နဂါးနီမျိုးနွယ်၏ မျှော်လင့်ချက်ဖြစ်ကြောင်း လူတိုင်းသိသည်။
နဂါးနီမင်းသမီးပျောက်ဆုံးသွားသည့်နေ့တွင် နဂါးနီမျိုးနွယ်စုတစ်ခုလုံး ဒေါသဖြစ်လုနီးပါး ဖြစ်သွားသည်။ နှစ်တွေကြာလာသည်နှင့်အမျှ နဂါးနီမျိုးနွယ်စုသည် နဂါးနီလေးကိုရှာရန် မည်သည့်အခါကမျှ လက်မလျှော့ခဲ့ချေ။
ယခု သူမကို ရှာတွေ့ပြီးနောက်၊ သူတို့သည် ကိုယ်ခန္ဓာ ပေါင်းစည်းခြင်းနယ်မြေအဆင့်ရှိ အင်အားကြီး နဂါးနီနှစ်ကောင်ကို စေလွှတ်လိုက်သည်။ နဂါးနီမျိုးနွယ်စုတွင် ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့် နဂါးနီငါးကောင်သာရှိသည်။ နဂါးနီကျွန်းကို စောင့်ရှောက်ရန် အချို့ကို ထားခဲ့ပြီးနောက် ဤအရာသည် ၎င်းတို့စုဆောင်းနိုင်သည့် အများဆုံးအင်အားဖြစ်သည်။
သူမ၏ ဆွေမျိုးပေါက်ဖော်ကို ကြည့်လိုက်ပြီးသည့်နောက် နဂါးနီလေးသည် အနည်းငယ်ရင်းနှီးကာ အနည်းငယ်စိမ်းကားသကဲ့သို့ခံစားရသည်။ နဂါးနီမျိုးနွယ်စု၏ အမှတ်ရစရာများ လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်ကာ သူမအတွက် ရီမိသားစုသည် သူမ၏အိမ်ဖြစ်သည်။
နဂါးနီအကြီးအကဲ၏ စိတ်လှုပ်ရှားနေသည့်အကြည့်ကို မြင်လိုက်ရသည့်အခါ နဂါးနီလေးသည် ကြောက်လန့်သွားပြီး ရီကျင်းစန်၏နောက်တွင် ချက်ချင်း ပုန်းနေလိုက်သည်။ နဂါးနီကြီးမှာ နဂါးနီလေး ရှောင်သွားသည်ကို မြင်လျှင် လဲကျသွားသည်။သူတို့၏ မင်းသမီးလေးသည် ဤလူတွေနှင့် အဘယ်ကြောင့် ဤမျှရင်းနှီးရသနည်း။ ထိုအချိန်တွင် ကျန်သောရီမိသားစုသည်လည်း နဂါးနီလေးနှင့် အခြားသူများ၏ အထောက်အထားများကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့သည် ရန်သူတွေမဟုတ်သည့်အတွက် တင်းမာနေရန် မလိုပေ။
"နဂါးနီလေးရဲ့ အကြီးအကဲတို့၊ ငါတို့မျိုးနွယ်စုထဲမှာ ဒီကိစ္စကို ဆွေးနွေးကြမလား"
ရီဖန်က ပြုံးပြုံးလေးပြောလိုက်သည်။
"ဟမ့်၊ မင်းပြောတာကို နားထောင်ကြတာပေါ့၊ ငါတို့မင်းသမီးလေးကို အမှားလုပ်ထားရင် နဂါးနီမျိုးနွယ်စုက မင်းကိုခွင့်မလွှတ်ဘူး"
ထိုနှစ်များတစ်လျှောက်လုံး နဂါးနီလေးသည် အဘယ်အရာများကို ဖြတ်သန်းခဲ့သည်ကို အကြီးအကဲများ သိချင်ခဲ့သည်။ ရီမိသားစု၏အိမ်အတွင်းတွင် နဂါးနီမျိုးနွယ်စုသည် လူသားအသွင်ဆောင်ကာ လှည့်ပတ်ကြည့်ရှုနေသည်။
နဂါးနီလေး အသတ်ခံရလုနီးပါးဖြစ်ခဲ့သည်ကို သိလိုက်ရသော နဂါးနီအကြီးအကဲက ဒေါသတကြီးနှင့်
“သူ့ကို သတ်ပစ်လိုက်၊ သူ့ကိုသတ်ရမယ်”
အိပ်ပျော်နေသောကျောက်လုံသည် ရုတ်တရက် တုန်လှုပ်သွားကာ ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်လိုက်ရာ ပြင်းထန်သော အရှိန်အဟုန်ပြင်းပြင်းကို ရုတ်တရက်ခံစားလိုက်ရသည်။
ယခု ကျောက်လုံသည် ရီမိသားစု၏ဝိညာမွန်းစတားဖြစ်သောကြောင့် ရီဖန်သည် သူ့ကို သတ်ပစ်ရန်ခွင့်မပြုဘဲ ရန်သူကို ချေမှုန်းလိုက်ပြီဟု ပြောလိုက်ရုံနှင့်သာ သူတို့ကို နှစ်သိမ့်ပေးနိုင်သည်။ ထို့နောက် ရီဖန်သည် နဂါးနီလေးနှင့် ရီကျင်းစန် လက်ထပ်တော့မည့်သတင်းကို မျှဝေခဲ့သည်။
"မဖြစ်ပါဘူး၊ ငါတို့ နဂါးမျိုးနွယ်စုရဲ့ မင်းသမီးက ဘယ်လိုလူနဲ့ လက်ထပ်နိုင်မှာလဲ"
နဂါးအကြီးအကဲသည် တုန်လှုပ်သွား၏။ လူသားတစ်ဦးသည် ၎င်းတို့၏တော်ဝင်မင်းသမီးနှင့် လိုက်ဖက်ညီနေခြင်း။
"ကောင်းပြီ စိတ်အေးအေးထားပါ!"
ရီဖန်သည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဖက်ရည်အိုး ပေါ်လာသည်။ သူသည် နဂါးမျိုးနွယ်စုခေါင်းဆောင်နှင့် တခြားသူများအတွက် ခွက်ကို လောင်းပေး၏။ နဂါးမျိုးနွယ်စုခေါင်းဆောင်သည် စိတ်ဆိုးချင်သော်လည်း ရီမိသားစုမှပြသသော ခွန်အားကို ယခုပင်သတိရကာ နာခံမှုဖြင့်ထိုင်ရန် ရွေးချယ်ခဲ့သည်။
လက်ဖက်ရည်ခွက်ကို ယူလိုက်ကာ လည်ချောင်းထဲသို့ မော့ချလိုက်သည်။ နဂါးမျိုးနွယ်စု၏အဖွဲ့ဝင်တစ်ဦးကို လက်ဖက်ရည်သောက်ရန် သင်မျှော်လင့်ထားပါသလော။ လက်ဖက်ရည်သည် သူ့ပါးစပ်ထဲသို့ ဝင်လာသည်နှင့်အမျှ နဂါးမျိုးနွယ်စုခေါင်းဆောင် အေးခဲသွားသည်။ ၎င်းသည် သတ္တမအဆင့် ဝိညာဉ်ရေးလက်ဖက်ရည်ဖြစ်သည်။
ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်တွင်ရှိနေသည့် နဂါးမျိုးနွယ်စုခေါင်းဆောင်အတွက်ပင်လျှင် ဥာဏ်အလင်းလက်ဖက်ရည်တစ်ခွက်၏အကျိုးသက်ရောက်မှုသည် သိသာသည်။
နဂါးမျိုးနွယ်စုခေါင်းဆောင်သည် သူ့အသိစိတ်ပြန်ဝင်လာကာ နောက်ထပ်သောာက်ချင်သည့်အခါတွင် အားလုံးပျောက်နေတာကို တွေ့လိုက်ရသည်။ အခြားနဂါးများသည် မနှောက်ယှက်ဘဲ လက်ဖက်ရွက်များကို ဝါးစားကြသည်။ ဤတာအိုလက်ဖက်ရည်သည် လူတိုင်းသောက်နိုင်သော အရာမဟုတ်ပေ။
နဂါးမျိုးနွယ်စုခေါင်းဆောင်သည် မျက်မှောင်ကြုတ်ကာ အရှက်ကွဲသွားသည်။ ၎င်းသည် အရှက်တကွဲ အကျိုးနည်းဖြစ်ခြင်းပင်။ သို့သော်ဉာဏ်အလင်းလက်ဖက်ရည်ဖြင့် သူသည် ရီမိသားစု၏ခွန်အားကို ခံစားခဲ့ရကာ သူထင်ထားသည်ထက် ပိုကြောက်စရာကောင်းနိုင်သည်ကို သိရှိခဲ့သည်။
မင်းသမီးလေး၏ လက်ဆက်မည့်မိသားစုသည် စွမ်းစားကြီးမားပါက ၎င်းသည် လူသားမျိုးနွယ်ဖြစ်လျှင်ပင် လက်ခံနိုင်ဖွယ်ရှိသည်။ ထို့နောက်တွင် နဂါးနီလေးသည် ရီကျင်းစန်ကိုလက်ထပ်ကာ သူနှင့်မျှတူစာချုပ်တစ်ခုချုပ်ဆိုခဲ့ပြီးသည့်အကြောင်း အခိုင်အမာပြောဆိုခဲ့သည်။ နဂါးမျိုးနွယ်စုခေါင်းဆောင်သည် ၎င်းကိုပြောင်းလဲရန်မတတ်နိုင်သဖြင့် လက်ခံနိုင်ရုံသာရှိသည်။
သို့သော် နဂါးနွယ်၏မင်းသမီးလေးလက်ထပ်လိုက်သည်နှင့် သူတို့၏နဂါးနီမျိုးနွယ်သည် သေချာပေါက် ဘာမှမလုပ်ဘဲမနေနိုင်ပေ။ အနည်းဆုံး နဂါးနီလေးအတွက် ခန်းဝင်စာတစ်ခု ပြင်ဆင်ထားရမည်။ အခြေအနေရုတ်ခြည်းဖြစ်နေသောကြောင့် နဂါးမျိုးနွယ်စုခေါင်းဆောင်သည် နဂါးနီမျိုးနွယ်စုကို အခွင့်အရေးရခိုက်တွင် အကြောင်းကြားကာ ခန်းဝင်ပစ္စည်းပြင်ဆင်ခိုင်းရန် ဆုံးဖြတ်ခဲ့သည်။
ရီဖန်သည်လည်း ပြင်ဆင်နေသည်။ ယခင်က နဂါးနီလေးတွင် မိဘအိမ်ရှိမှန်း သူတို့မသိခဲ့သောကြောင့် ရီဖန်သည် အနည်းငယ်သာ ပြင်ဆင်ထားသည်။ ယခု နဂါးနီလေး၏အိမ်မှ လာရောက်လည်ပတ်သော လူများကြောင့် ရီဖန်သည် ၎င်းကို ထိုနည်းအတိုင်း မကိုင်တွယ်နိုင်တော့ပေ။ အနည်းဆုံး ရီမိသားစုက နဂါးနီလေးကို တန်ဖိုးမထားဘူးဟူ၍ ထင်ခွင့်မပြုနိုင်ချေ။
နှစ်ဖက်စလုံးသည် မျက်နှာအတွက် အဖတ်ဆယ်ရန် ဆန္ဒရှိကြသောကြောင့် ပြင်ဆင်မှုများ စတင်ခဲ့ကြကာ သုံးလအကြာတွင် မင်္ဂလာပွဲကို တရားဝင်ကျင်းပခဲ့သည်။
နဂါးနီမျိုးနွယ်စုမှ ကိုယ်ခန္ဓာပေါင်းစည်းနယ်မြေအဆင့်ရှိ နဂါးနီငါးကောင်မှ လေးကောင်ရောက်ရှိလာသည်။
နဂါးနီလေး၏ မိဘများသည် ဆုံးပါးသွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် မျိုးနွယ်စု၏လက်ရှိခေါင်းဆောင်က နဂါးနီလေး၏မိဘအိမ်မှ ကိုယ်စားလှယ်အဖြစ် မင်္ဂလာပွဲကို တက်ရောက်မည်ဖြစ်သည်။
သတို့သမီးမိသားစုဘက်မှ လက်ဆောင်ပစ္စည်းများကိုလည်း နဂါးနီမျိုးနွယ်စုက ပေးပို့ခဲ့ပါသည်။
"သတ္တမအဆင့်အင်မော်တယ်လက်နက်တစ်ခု၊ သတ္တမအဆင့်ဝိညာဉ်ရေးဆေးသုံးဆယ်သုံးပင်၊ သတ္တမအဆင့်ဆေးလုံးငါးဆယ်၊ သတ္တမအဆင့် ဝိညာဉ်ကျောက်တုံးဆယ်တုံး"
နဂါးမျိုးနွယ်စုခေါင်းဆောင်သည် ခန်းဝင်ပစ္စည်းကို ထုတ်ယူလိုက်ကာ အတော်လေးဂုဏ်ယူနေပုံရသည်။ ခန်းဝင်ပစ္စည်းအများကြီးသည် နဂါးနီမျိုးနွယ်စု၏ သဘောထားကို သက်သေပြနေသည်မဟုတ်လော။
ယခုအချိန်တွင် ရီမိသားစုမှ သတို့သမီးအတွက် လက်ဆောင်များ ပေးအပ်သည်။
“သတ္တမအဆင့် အင်မော်တယ်လက်နက်ဆယ်ခု၊ ဝိညာဉ်ရေးဆေးကိုးဆယ့်ကိုးပင်၊ သတ္တမအဆင့် ဆေးလုံးတစ်ရာ…”
သတို့သမီးအတွက် ရီမိသားစု၏ လက်ဆောင်စာရင်းကိုကြားသောအခါ နဂါးနီမျိုးနွယ်စု အံ့အားသင့်သွားသည်။ ၎င်းတို့မှားယွင်းကြားသည်ဟု ခံစားရသောကြောင့် နောက်ဆုံးတွင် အားလုံးမှန်ကြောင်း သေချာမသေချာခင် အကြိမ်ပေါင်းများစွာ အတည်ပြုခဲ့သည်။
ယခုဆိုလျှင် နဂါးနီမျိုးနွယ်စု၏ အရှက်ကွဲရမည့်အလှည့်ဖြစ်သည်။ သူတို့၏ ခန်းဝင်ပစ္စည်းကို ရီမိသားစု၏လက်ဆောင်များဖြင့် တိုက်ရိုက်လွှမ်းမိုးထားသည်။ ပထမက ပေးကမ်းခြင်းသည် နဂါးနီမျိုးနွယ်စု၏ မင်းသမီးလေးအတွက် မျက်နှာသာရမည်ဟု သူတို့ထင်ခဲ့သော်လည်း ယခုတွင် မျက်နှာကို ထိန်းထားနိုင်ခြင်းကပင် ကောင်းသေးသည်ဟု ဆိုရပေမည်။
သူတို့၏ နှလုံးသားထဲတွင် လူသားမျိုးနွယ်စုကို အတန်ငယ်အထင်သေးခဲ့ကြ၏။ နာမည်ကောင်းမရှိပဲ ကြယ်တစ်သောင်းကျွန်းရှိ မိသားစုတစ်ခုမျှသာဖြစ်ပြီး သူတို့မည်မျှခိုင်မာနိုင်မည်နည်းဟူ၍
ရီကျင်းစန်ကို သားမက်အဖြစ် သူတို့မိသားစုနှင့် မပေါင်းရန်ပင် တွေးခဲ့ကြပါသေးသည်။
ရီဖန်သည် ဤကိစ္စကို သိပ်ပြီးမစဉ်းစားချေ။ အဓိကရည်ရွယ်ချက်မှာ ရီမိသားစုအတွက် နဂါးနီလေး၏ အရေးပါမှုကို ဖော်ပြရန်ဖြစ်သည်။ သူသည် ပေါ့ပေါ့ပါးပါးပင် တချို့အရာများကို ရွေးလိုက်သည်။ အမှန်တကယ်တွင် အားလုံးကို ရီမိသားစုက ထုတ်လုပ်ခဲ့ခြင်းဖြစ်သည့်အတွက် ကုန်ကျစရိတ်က သိပ်မကြီးချေ။
"နဂါးမျိုးနွယ်စုခေါင်းဆောင်၊ ဒါမင်းပြောနေတဲ့ ခွန်အားပြမှုပဲလား"
နဂါးနီမျိုးနွယ်စုခေါင်းဆောင်၏ မျက်နှာသည် အနည်းငယ်နီသွားသော်လည်း ၎င်း၏နီရဲနေပြီဖြစ်သော အသားအရေကြောင့် ၎င်းကိုသတိမထားမိပေ။
"မျိုးနွယ်စုခေါင်းဆောင်၊ ဒါကိုလည်း ငါမမျှော်လင့်ထားဘူး။"
နဂါးမျိုးနွယ်စုခေါင်းဆောင်သည် အတော်လေး သနားစရာကောင်းသည် ။ စောစောက သိခဲ့မယ်ဆိုပါက သူတို့ကိုယ်သူတို့ အရူးလုပ်လာမည် မဟုတ်ပေ။
"မင်းသမီးလေးက တော်တော်ကောင်းတဲ့ခင်ပွန်းကို ရှာတွေ့ပုံရတယ်။"
“အရှုံးမရှိ၊ ဆုံးရှုံးမှုလုံးဝမရှိပါဘူး။ တကယ်တော့ ငါတို့ရဲ့ နဂါးနီမျိုးနွယ်စုအတွက် အများကြီး အကျိုးရှိတယ်.."
………………………..
အခန်း ၁၃၈ - ပျောက်ဆုံးနေသော အကြီးအကဲရီ၏တည်နေရာ
သူတို့ထွက်ခွါတော့မည့်အချိန်တွင် နဂါးနီမျိုးနွယ်စုခေါင်းဆောင်သည် နဂါးနီလေးကို နဂါးမျိုးဆက်အမိန့်တိုကင်ကို ပေးခဲ့သည်။ နဂါးမျိုးဆက်အမိန့်တိုကင်သည် နဂါးနီမျိုးနွယ်စု၏ တော်ဝင်သွေးမျိုးဆက်သင်္ကေတဖြစ်သည်။ ယခု နဂါးနီမျိုးနွယ်စုတွင် ဤတိုကင်ကိုရနိုင်သည့် တစ်ဦးတည်းသောသူမှာ နဂါးနီလေးဖြစ်သည်။
နဂါးနီမျိုးနွယ်စုသည် လောဘတက်မိကာ တောင့်တကြသည့်တိုင် ခန်းဝင်ပစ္စည်းကိုတစ်ခုမှမယူဘဲ ထိုအစား အားလုံးကို နဂါးနီလေးအတွက်ထားခဲ့သည်။ နဂါးနီမျိုးနွယ်စုသည် ကြီးပွားချမ်းသာပုံပေါ်သော်လည်း ၎င်းတို့သည် ဤနှစ်များအတွင်း သက်တောင့်သက်သာ နေထိုင်နိုင်ခြင်းမရှိပေ။
သူတို့ယူဆောင်လာသည့် ခန်းဝင်ပစ္စည်းများသည် နဂါးနီမျိုးနွယ်စု၏ ဆယ်စုနှစ်ပေါင်းများစွာ စုဆောင်းထားသည့် အရင်းအမြစ်များဖြစ်ကြကာ နောင်လာမည့်နေ့များတွင် သူတို့သည် သွားများကိုအံကြိတ်ကာ ခါးပတ်များကို ကြပ်ကြပ်စည်းထားရမည်ဖြစ်၏။
ရီကျင်းစန်၏မင်္ဂလာပွဲသည် ရီမိသားစုတွင် အကြီးကျယ်ဆုံးပွဲဖြစ်ခဲ့သည်။ ထို့နောက် ရီမိသားစုသည် တစ်ဖန်ငြိမ်သက်ခြင်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ကျင့်ကြံရေးအဆင့်မြင့်လေ အောင်မြင်မှုရရှိရန် အချိန်ပိုကြာလေဖြစ်သည်။ ရီမိသားစုဝင်များ၏ အရည်အချင်းနှင့်ပင် ကိုယ်ခန္ဓာပေါင်းစည်းနယ်ပယ် ကနဦးအဆင့်မှ အလယ်အဆင့်အထိ ဖြတ်ကျော်ရန် ဆယ်စုနှစ်များစွာကြာသည်။
အနှစ်သုံးဆယ်ကြာပြီးနောက် ရီကျင်းဟိုင်သည် ရီဖန်ကို လာတွေ့ခဲ့သည်။ သက်ရှည်ဂိုဏ်းသည် အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေသို့သွားရန် သတ်မှတ်ထားသည်။ ယခုအခါ ကြယ်တစ်ထောင်ကျွန်းသည် တာ့ယွီအင်ပါယာပိုင်ဖြစ်သည်။ သူတို့သည် မိသားစုဖြစ်သော်ငြား ရီကျင်းဟိုင်သည် ရီမိသားစု၏ ထာဝရကာကွယ်မှုကို အားမကိုးချင်ပေ။ ထို့ကြောင့် သူသည် အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေကို မျက်စိကျခဲ့သည်။
သိပ်မကြာမီတွင် ရီကျင်းထျန်သည်လည်း ရီဖန်ကိုလာရှာ၏။ အရွက်တစ်ထောင်ဆေးခန်းကို ကြယ်တစ်သောင်းကျွန်းတွင်တိုးချဲ့ရန် ပြင်ဆင်နေခြင်းဖြစ်ကာ မိသားစုနှစ်ခုလုံးသည် စစ်မြေပြင်သစ်ဖွင့်ရန် ပြင်ဆင်နေကြသည်။ ရီဖန်သည် သူတို့ကို တားမည်မဟုတ်ချေ။ ရီမိသားစုသည်လည်း ကြယ်တစ်သောင်းကျွန်းပေါ်တွင်ထာဝရမနေနိုင်ပေ။
ဝိညာဉ်ရေးစွမ်းအား သိပ်သည်းမှု အဆက်မပြတ်တိုးပွါးလာခြင်းဖြင့်ကြယ်တစ်သောင်းကျွန်းသည် ဆက်လက်ကြီးထွားလာသည်။ နောင်တွင် ဆဋ္ဌမမြောက် နတ်ဘုရားနယ်မြေဖြစ်လာပါက ၎င်း၏လက်ရှိစွမ်းအားဖြင့် ရီမိသားစုသည် ကြယ်တစ်သောင်းကျွန်းကို ဆုပ်ကိုင်ထားနိုင်မည်မဟုတ်ပေ။
အရွက်တစ်ထောင်ဆေးခန်းနှင့် သက်ရှည်ဂိုဏ်းနှစ်ခုလုံး၏စွမ်းအားဖြင့် ရီမိသားစုသည် အရှေ့ဘက်မျှခြေနတ်ဘုရားနယ်မြေ၏ ခိုင်မာသောမြေပေါ်တွင် ရပ်တည်နိုင်မည်ဖြစ်သည်။
ရီဖန်သည် ကွန်ဖြူးရှန်ဂိုဏ်း၏ မူလအခြေခံကို ရီကျင်းဟိုင်အား သက်ရှည်ဂိုဏ်းအတွက် အခြေခံအဖြစ်အသုံးပြုရန် လွှဲပြောင်းပေးခဲ့သည်။ အခြားဂိုဏ်းများ၏ အာဏာကိုလည်း ရီကျင်းထျန်ထံလွှဲပြောင်းပေးခဲ့သည်။
သစ်ရွက်တစ်ထောင်မြို့တစ်မြို့တည်းနှင့် မလုံလောက်ပေ။ တစ်ဆယ်၊ တစ်ရာ စသည်ဖြင့်
တည်ထောင်နိုင်ရန် ရီကျင်းထျန်ထံတွင် ရည်မှန်းချက် ရှိသည်။ အနာဂတ်တွင် အရွက်တစ်ထောင်မြို့သည် ယန်ဟွမ်ကမ္ဘာတစ်ခွင်ပျံ့နှံ့သွားနိုင်မည်ဟု သူမျှော်လင့်သည်။
ရီမိသားစုသည် ၎င်းတို့၏ကြွက်သားများကို ဆန့်ထုတ်ပြီးနောက် နိမ့်ချနေထိုင်ရင်း ထိန်းသိမ်းလာခဲ့သည်။ ရီမိသားစုမှ ကျင့်ကြံသူများသည်ပင် စွန့်စားလေ့မရှိပေ။ သုံးနှစ်ကြာပြီးနောက် မိသားစုစည်းဝေးပွဲစတင်ခဲ့သည်။
ရီဖန် ဆုံးဖြတ်ချက်ချလိုက်သည်။
" ရီမိသားစုရဲ့ ပင်မတည်နေရာကို နေရာပြောင်းပါတော့မယ်"
ရီဖန်သည် သူ့ဆုံးဖြတ်ချက်ကို ကြေငြာလိုက်၏။ ပင်မတည်နေရာကို ထာဝရအလင်းကမ္ဘာသို့ ပြောင်းရွှေ့ရန်ဖြစ်သည်။ အသက်ဆယ့်ရှစ်နှစ်အောက်များသည်လည်း ပင်မဌာနအတွင်း ကျင့်ကြံနေကြဆဲဖြစ်သည်။
အသက်ဆယ့်ရှစ်နှစ်ရောက်သောအခါတွင် ၎င်းတို့၏အလုပ်သင်များအတွက် ဌာနခွဲအသီးသီးသို့ဝင်ရောက်ရန် ကြယ်တစ်သောင်းကျွန်းသို့ ပြန်လာကြမည်ဖြစ်သည်။ သို့သော်လည်း အကိုင်းအခက်ဌာနခွဲများသည် ကြယ်တစ်သောင်းကျွန်းတွင် ရှိနေမည်ဖြစ်သည်။
သို့သော်ဌာနခွဲများမှ ကျင့်ကြံသူများသည် ကိုယ်ခန္ဓာပေါင်းစည်းနယ်ပယ်အဆင့်သို့ ဖြတ်ကျော်ဝင်ရောက်လာသည်နှင့်အမျှ ၎င်းတို့သည် တဖြည်းဖြည်းအနားယူကာ ၎င်းတို့၏ဖျက်သိမ်းခြင်းကို ကြေငြာမည်ဖြစ်ကာ ၎င်းတို့သည်ထာဝရအလင်း၏ ပင်မဌာနသို့ ရောက်သွားမည်ဖြစ်သည်။
ဌာနခွဲတစ်ခုစီသည် ကိုယ်ခန္ဓာပေါင်းစည်းနယ်ပယ်အဆင့်ကျင့်ကြံသူ အများဆုံးတစ်ဦး သို့မဟုတ်နှစ်ဦးထားရှိရမည်ဖြစ်သည်။
အနာဂတ်တွင် ရီမိသားစုအတွက် ကြယ်တစ်သောင်းကျွန်းသည် လုပ်ငန်းခွဲတစ်ခုကဲ့သို့ ဖြစ်လာလိမ့်မည်။
သုံးနှစ်အကြာတွင် ရီမိသားစုကို စောင့်ကြည့်လေ့လာနေသော မိသားစုများသည် ရီမိသားစု၏ ပင်မဌာနပျောက်ကွယ်သွားကြောင်း ရုတ်တရက်တွေ့ရှိခဲ့သည်။ သူတို့မည်ကဲ့သို့ ရှာဖွေနေပါစေ ရီမိသားစု၏ ပင်မဌာနတည်နေရာကိုရှာမတွေ့တော့ချေ။
မကြာမီ ရီမိသားစုထံမှ ကောလာဟလတစ်ခု စတင်ပျံ့နှံ့လာသည်။ ရှေးဟောင်းအပျက်အစီးတစ်ခုကို ရှာဖွေရင်း ၎င်းတို့၏အဆင့်အတန်းမြင့်ကျင့်ကြံသူ အများအပြားကျသွားသည်ဟူ၍ပင်။ ထိုသီတင်းကိုကြားသည့်အခါ ကြယ်တစ်သောင်းကျွန်းကို မျက်စိကျနေသည့် မိသားစုအတော်များများသည် လှုပ်ရွလာကြ၏။
သို့သော်လည်း ကြယ်တစ်သောင်းကျွန်းရှိ ကျင့်ကြံသူများသည် ဤသတင်းကိုကြားသည့်အခါ မျက်လုံးသာတစ်ပတ်လောက် လှိမ့်လိုက်သည်။ အတည်မပြုနိုင်သော အတင်းအဖျင်းများဖြစ်လျှင်ပင် ရီမိသားစုက အတည်ပြုထားသည့်တိုင် ယုံမည်မဟုတ်ပေ။ အပျက်အစီးများကို တူးဖော်ရှာဖွေမှုကြောင့် ရီမိသားစုသည် ဤမျှလောက် ကျင့်ကြံသူအများအပြား ဆုံးရှုံးရလိမ့်မည်မှာ မဖြစ်နိုင်ချေ။
‘လူလိမ်၊ သူတို့အားလုံး လူလိမ်တွေကွ
…….
ထာဝရအလင်းကမ္ဘာ၊ အရှေ့ဧကရာဇ်မြို့။
ယခုအခါ အရှေ့ဧကရာဇ်မြို့တော်ကို ရီမိသားစုမှ လုံးလုံးလျားလျား ပိုင်ဆိုင်သွားပြီဖြစ်သည်။ သို့သော် ရီမိသားစု၏ အဓိကဌာနခွဲသည် အရှေ့ဧကရာဇ်မြို့တော်အတွင်း၌ တည်ရှိသည်မဟုတ်ဘဲ မြို့အပြင် မိုင်ငါးရာရှိတောင်တန်းတစ်ခုတွင် တည်ရှိ၏။
ရှာဖွေခြင်းနည်းလမ်းသည် ဝိညာဉ်သွေးကြောများကို ရှာဖွေနိုင်ကာ ဤသည်မှာ ရီဖန်တွေ့ရှိသော အဆငိ့မြင့်ဝိညာဉ်သွေးကြောတစ်ခုဖြစ်သည်။ ထာဝရအလင်းကမ္ဘာ၏ အရင်းအမြစ်များသည် ရန်ဟွမ်မစ္ဇျိမကမ္ဘာတစ်ထောင်ရှိအရာများထက် များစွာသာလွန်သည်ဟု ဆိုရပေမည်။
ရန်ဟွမ်ကမ္ဘာတွင် အဆင့်မြင့်ဝိညာဉ်သွေးကြောများသည် နတ်ဘုရားပြည်နယ်ငါးခုတွင်သာ တွေ့ရှိရသော်လည်း
ဤနေရာသည် ထာဝရအလင်းကမ္ဘာ၏အစွန်အဖျားများတွင်သာဖြစ်သည်။ သို့တိုင်အောင် ရီဖန်သည် အဆင့်မြင့်ဝိညာဉ်သွေးကြောကို တွေ့ရှိခဲ့သေးသည်။
အဓိက အခင်းအကျင်းသည် ကောင်းကင်ဘုံနှင့်ကြယ်တာရာ၏ အခင်းအကျင်း ဖြစ်နေဆဲဖြစ်သော်လည်း၊ ခင်းကျင်းမှုအဆင့်ကို ရီဖန်မှ သတ္တမအဆင့်သို့ အဆင့်မြှင့်တင်ထားသည်။ အလယ်အလတ် သတ္တမအဆင့်အခင်းအကျင်းသည် ပေါင်းစည်းခြင်းအထွက်အထိပ်အဆင့်တွင်ရှိသည့် ၎င်းတို့ကိုပင် ထိန်းထားနိုင်သည်။
ရီမိသားစုသည် ယခုအခါ လူဦးရေ လေးထောင်ကျော်ရှိသည်။ မိသားစုဝင်ငါးထောင်ဖြင့် ခုနစ်သို့ရောက်ရန် မဝေးလှတော့ပေ။ ရီမိသားစု၏ ပင်မဌာနခွဲတွင် ရီဖန်သည် လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ကာ မိသားစုမျိုးဆက်သစ် လူငယ်များကို ကိုယ်တိုင်ကိုယ်ကျသင်ကြားပေးသည်။
ရီဖန်သည် ကျင့်ကြံရေးလမ်းကြောင်းကို မိတ်ဆက်ခြင်းမရှိသော်လည်း သူ၏ယခင်ဘဝမှ "အက္ခရာသုံးလုံးဂန္တဝင်"၊ "မိသားစုမျိုးရိုးတစ်ရာ" ကဲ့သို့သော ကျမ်းများကိုသင်ကြားပေးခဲ့သည်။
ကျင့်ကြံသူတစ်ဦးဖြစ်လာရန် လူသည် ဦးစွာပထမဖြစ်ရမည်။ ရီဖန်သည် လောကခံစားချက်များကို ဖြတ်တောက်ပစ်သည့်လူဖြစ်လာမည့် ရီမိသားစု၏ ကျင့်ကြံရေးကို မလိုအပ်ချေ။ ရီမိသားစုအတွက် မိသားစုနှင့်ချစ်ခြင်းမေတ္တာသည် ထာဝရအသက်ဟု ခေါ်သည်ထက် ပိုအရေးကြီးသည်။
ရီဖန်သည် အားလပ်ချိန်တွင် ရီမိသားစု၏မျိုးဆက်သစ် လူငယ်များအတွက် စာသင်ခန်းများဖြင့် မြေးများဝန်းရံကာ ပျော်ရွှင်နေတတ်သည်။ ရီဖန်အတွက်တော့ ၎င်းသည် ကျင့်ကြံခြင်း၊ သူ့နှလုံးသားကို ကျင့်ကြံခြင်းလည်းဖြစ်၏။
မသိလိုက်ဘဲနှင့် ရီဖန်သည် နှလုံးစွမ်းအားတွင် နောက်ထပ် ကြီးမားသောခြေလှမ်းတစ်ခုကို လှမ်းလိုက်ပြန်သည်။ သူသည် နှလုံးစွမ်းအားသည် စတုတ္ထအဆင့်သို့ ရောက်ရှိသွားသည့်ပုံပင်။
နှလုံးစွမ်းအား၏ စတုတ္ထအဆင့်သည် ကမ္ဘာကြီးကို နှလုံးသားဖြင့် အသွင်ပြောင်းရန်ဖြစ်သည်။ ကမ္ဘာကြီးသည် ပိုပြီးပြည့်စုံလေလေ၊ နှလုံးသားစွမ်းအားသည် ပိုအားကောင်းလေဖြစ်သည်။ ထို့နောက် နှလုံးစွမ်းအားသည် ထင်ယောင်ထင်မှားမဖြစ်ဘဲ စိတ်ဝိညာဉ်အတွက် စစ်မှန်သောစွမ်းအားတစ်ခုဖြစ်သည်။
စာသင်ပြီးနောက် ရီဖန်သည် အရှေ့ဧကရာဇ်နှင့် လက်ဖက်ရည်သောက်ကာ ကျင့်ကြံရေးနည်းစနစ်များကို သူ့စိတ်ထဲတွင် ဖယ်ထားတယ်။ ထိုအချိန်တွင် ကြယ်တစ်သောင်းကျွန်းရှိ ရီမိသားစုတွင် ရီကျင်းယွင်သည် အဘိုးအိုတစ်ဦးကို ပြန်လည်ခေါ်ဆောင်လာခဲ့သည်။
“လူငယ်လေး၊ ဒါ မင့်အိမ်ပေါ့”
အဘိုးအိုသည် ရီမိသားစုကို စူးစမ်းလိုစိတ်ဖြင့် ကြည့်သော်လည်း သူ့မျက်လုံးများသည် အပြောင်းအလဲမရှိပေ။ ရီကျင်းယွင်ကို ကြည့်လိုက်မှ သူ့မျက်နှာတွင် အပြုံးတစ်ခုပေါ်လာသည်။
“အဘိုး၊ ခင်ဗျားဒဏ်ရာက ပြင်းထန်တယ်။ ကျွန်တော့ဂူအိမ်မှာနေပြီး ခဏလောက်အနားယူပါ။"
ရီကျင်းယွင်သည် အဘိုးအိုကို နောက်ထပ်ဆေးလုံး အနည်းငယ် ပေးခဲ့သည်။ အဘိုးအိုကို ရီကျင်းယွင်တွေ့ရှိခဲ့သည့်အချိန်တွင် ဒဏ်ရာအပြင်းအထန်ရသွားပုံပေါ်သည်။ ပုံမှန်အားဖြင့် ရီကျင်းယွင်သည် သူတော်စင်အဖြစ်ဟန်မဆောင်တတ်သော်လည်း အကြောင်းတစ်ခုခုကြောင့် ရီကျင်းယွင်သည် ဤအဘိုးကြီးနှင့် ဆက်စပ်နေသည်ဟု ခံစားရသည်။ အဘိုးအိုသည် သူနှင့်တူသော ရောင်ဝါရှိပုံရသည်။
ရီကျင်းယွင်ထွက်သွားပြီးနောက် အဖိုးအိုသည် သူ့လက်ထဲရှိ ဆေးလုံးများကို ကြည့်လိုက်သည့်အခါ သူ့အပြုံးသည် ပိုပီပြင်လာ၏။ စိတ်ဓာတ်၊ အရည်အချင်း၊ အရေးအကြီးဆုံးမှာ သူသည်လည်း ၎င်းကဲ့သို့ ကံကြမ္မာသားတော်တစ်ဦးဖြစ်နေခြင်းပင်!
ထိုအချိန်တွင် အဘိုးအိုရှေ့တွင် လူတစ်ဦးရုတ်တရက် ပေါ်လာသည်။ ရီဖန်၏ ကိုယ်ပွါးကိုယ်ထည်သည် အဘိုးအိုကို သူ့မျက်လုံးများဖြင့် သတိကြီးစွာကြည့်နေသည်။
ရီဖန်၏ ကိုယ်ပွါးကိုယ်ထည်သည် သူ၏ စိတ်နေစိတ်ထားအရည်အသွေးကြောင့် သန့်စင်ခြင်းဗလာနယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ သို့သော်ရီဖန်သည် ဤလူကြီး မမြင်နိုင်သည်ကို သိလိုက်ရသည်။ ထို့အပြင် ဤအဘိုးအို၏ဒဏ်ရာများသည် အတုအယောင်များဖြစ်ပုံရသည်။
"မင်းက ကျင်းယွင်ရဲ့ အကြီးအကဲဖြစ်ရမယ်၊ ငါ့ကိုယ်ငါ မိတ်ဆက်ခွင့်ပြုပါ။ ငါ့နာမည် လီပိုင်ပါ၊ လက်ရှိ ယင်ယန်ကျောင်းတော်ရဲ့ ကျောင်းအုပ်ဖြစ်တယ်”
ယင်ယန်ကျောင်းတော်။ မျိုးနွယ်စုနှစ်ခု၊ ဂိုဏ်းနှစ်ခုနှင့် အကယ်ဒမီကျောင်းတော်တစ်ခုထဲမှ ယင်ယန် ကျောင်းတော်ဖြစ်၏။
…………….