အခန်း ၁၈၁-၁၈၃
Vol. 13 Ch. 181-183
အခန်း ၁၈၁ - တာ့ယွီအင်ပါယာ
လူသားဧကရာဇ်နယ်ပယ်အဆင့်၏ရောင်ဝါသည် အလွန်အရေးကြီး၏။ သို့သော်လူသားဧကရာဇ်ရောင်ဝါကိုရယူနေသူသည် ရီဖန်ဖြစ်လျှင်အဘယ်သို့ရှိမည်နည်း။ ယခုအချိန်တွင် နဂါးနက်အင်ပါယာနှင့် ရီမိသားစုကြားရှိဆက်ဆံရေးသည် အလွန်ကောင်းမွန်နေပြီဖြစ်ရာ လူသားဧကရာဇ်ရောင်ဝါအတွက် ရီမိသားစုကိုဆန့်ကျင်ရန်ထိုက်တန်မှု ရှိရဲ့လား။
တစ်ခဏမျှတွေးပြီးနောက် နဂါးနက်ဘုရင်သည် အဖြေကိုချက်ချင်းရှာတွေ့သွား၏။ သေချာပေါက် လုံးဝမထိုက်တန်ပေ။ နဂါးနက်အင်ပါယာသည် တာ့ယွီမင်းဆက်ကိုမထိသင့်ရုံသာမကဘဲ အကူအညီပင်ပေးသင့်သည်။ လိုအပ်နေချိန်တွင်အကူအညီပေးခြင်းက သာမန်အချိန်များတွင် နှမ်းသွားဖြူးခြင်းထက် သေချာပေါက်ပိုမိုကောင်းမွန်သောဆက်ဆံရေးကိုရရှိစေလိမ့်မည်။
“လိုအပ်ရင်ဘယ်အချိန်ဖြစ်ဖြစ် တာ့ယွီမင်းဆက်ကိုကူညီနိုင်ဖို့ နဂါးနက်အစောင့်တပ်ကို ပြင်ဆင်ခိုင်းထားလိုက်”
တာ့ယွီမင်းဆက်ကို အကူအညီပေးရမည်လော။ နဂါးနက်အင်ပါယာရှိ ကျင့်ကြံသူအများအပြား ဆွံ့အသွားကြသည်။ ၎င်းတို့သည် တာ့ယွီမင်းဆက်ကို အကူအညီပေးရမည်ဟု မမျှော်လင့်ထားကြချေ။ အကယ်၍ နဂါးနက်ဘုရင်သည် တာ့ယွီမင်းဆက်ကို ကူညီပေးလိုက်ပါက အခြားအင်ပါယာကိုးခု၏ တိုက်ခိုက်ခြင်းကို ခံရလိမ့်မည်။ ဤနဂါးနက်ဘုရင်သည် အသက်ရှင်လိုစိတ်ရှိသေးရဲ့လား ။ အခြားအင်ပါယာတစ်ခုသို့ ပြောင်းရွှေ့နေထိုင်သင့်လား ။
အရာရှိများ၏မျက်နှာအမူအရာကိုမြင်ပြီးနောက် နဂါးနက်ဘုရင်သည် ၎င်းတို့မည်သည်ကို တွေးနေမှန်းသိသည့်အတွက် မျက်ခုံးပင့်ကာ ကြည့်လိုက်၏ ။
“မင်းတို့အားလုံး တာ့ယွီမင်းဆက်ကဧကရာဇ် မျိုးရိုးနာမည်ကိုမသိကြတာလား”
“အဲတာက ရီမျိုးရိုးမဟုတ်ဘူးလား”
မှန်၏၊ ၎င်းတို့သည် ရီမျိုးရိုးဖြစ်သည်။ အရှေ့ဘက်နယ်မြေတွင် ရီမျိုးရိုးနာမည်နှင့် မိသားစုကြီးမရှိချေ။ ၎င်းတို့သိထားသည့် အင်အားကြီးမားသောရီမိသားစု၊ ၎င်းသာဖြစ်ရမည်။ ထို့ကြောင့် တာ့ယွီမင်းဆက်သည် ရီမိသားစုမှလူများဖြစ်၏။ ၎င်းကိုသတိပြုမိလိုက်သည့်အခါမှသာ အားလုံးအလင်းပွင့်သွားကြသည်။ ကြည့်ရသည်မှာ တာ့ယွီမင်းဆက်သည် ၎င်းတို့နှင့်တစ်ဖက်တည်းမဟုတ်လား။ တစ်ဖက်တည်းသားများဖြစ်သရွေ့ အရာအားလုံးညှိနှိုင်း၍ရနိုင်သည်။
တိုက်ပွဲဖြစ်လာလျှင် သေချာပေါက် မိမိတို့ဖက်မှလူများကို ကူညီပေးရမည်။ အခြားအင်ပါယာကိုးခု၏ ပစ်မှတ်ထားခြင်းကိုခံရလျှင်ပင် ၎င်းတို့ကိုရင်ဆိုင်နိုင်သည်။ နဂါးနက်အင်ပါယာသည် ပြဿနာမရှာရုံသာမက တာ့ယွီမင်းဆက်ဘက်မှလည်း ရပ်တည်ပေးနိုင်၏။ ၎င်းတို့ထံတွင် နဂါးနက်တော်ဝင်သမက်တော် ရှိသေးသည်မဟုတ်လား ။ ၎င်းသည်လည်း ယနေ့အခြေအနေအကြောင်းကို သတိမထားမိဟုမယုံကြည်ကြချေ။ နဂါးနက်တော်ဝင်သမက်တော်သည် မပိုင်လျှင်ခြင်တောင်ရိုက်လိမ့်မည်မဟုတ်။ မသိစိတ်ထဲတွင်ပင်လျှင် နဂါးနက်အင်ပါယာ၏ ကျင့်ကြံသူများထံတွင် ရီရှောက်ဖန်အပေါ် ကြီးမားသောယုံကြည်ချက်ရှိသည်။
အင်ပါယာဆယ်ခုသည် ရပ်တည်ချက်အသီးသီးဖြင့် အဆက်မပြတ်စတင်လှုပ်ရှားလာကြပြီးနောက်မကြာမီ အပျက်အဆီးနယ်မြေတွင် ပဋိပက္ခများစတင်ဖြစ်ပွါးလာသည်။ အချို့သောအင်အားစုများသည် နေရာတိုင်းကိုစတင်ဖျက်ဆီးကြ၏။ အပျက်အဆီးနယ်မြေ၏ငြိမ်းချမ်းခြင်းသည် တစ်ဖက်ပြန်လည်ပျက်ပြယ်သွားကာ မူလအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။ အင်အားစုကိုးခုလုံးသည် တာ့ယွီမင်းဆက်၏အပြင်ဘက်တွင် စုဝေးရောက်ရှိနေချေပြီ။
“နဂါးနက်အင်ပါယာက မလာဘူးလား” အင်အားစုတစ်ခုမှကျင့်ကြံသူတစ်ဦးသည် နဂါးနက်အင်ပါယာအစောင့်တပ်မှ မည်သူမျှရောက်ရှိမလာသည့်အတွက် စူးစမ်းလိုက်သည်။
“ထောက်လှမ်းရေးမှာပြနေတာအရတော့ နဂါးနက်အစောင့်တပ်က စလှုပ်ရှားနေပြီ၊ သို့သော်ဘာလို့မရောက်တာသေးတာလဲဆိုတာတော့ ငါလည်းမပြောတတ်တော့ဘူး”
နဂါးနက်အစောင့်တပ်တွင် လူအများအပြားရှိသောကြောင့် ၎င်းတို့၏လှုပ်ရှားမှုကို အခြားအင်ပါယာကိုးခုထံမှကွယ်ဝှက်ထားရန် မဖြစ်နိုင်ချေ။ သို့သော် နဂါးနက်အင်ပါယာမှလူများသည် တာ့ယွီမင်းဆက်အနီးသို့ရောက်ရှိလာသောအခါတွင် ကွယ်ပျောက်သွားခြင်းမှာ အလွန်ထူးဆန်းနေသောကြောင့် အင်ပါယာကိုးခုမှလူများကို သံသယအနည်းငယ်ဝင်လာစေ၏။
“ နဂါးနက်အင်ပါယာကရောက်မလာတာ ကောင်းတာပဲမဟုတ်လား၊ ပြိုင်ဘက်လျော့တာပေါ့ကွာ”
ဤတစ်ကြိမ်တွင် ချွမ်ထျန်းအင်ပါယာကိုဦးဆောင်လာသူသည် ချွမ်ထျန်းအိမ်ရှေ့စံမင်းသားဖြစ်သည်။ ၎င်းသည် ယခင်တစ်ကြိမ်ကရှုံးနိမ့်ခဲ့သည့်တိုင် အင်အားကြီးထောက်ခံသူအများအပြားကျန်ရှိနေသေးသည်။ ယခုအချိန်သည် ချွမ်ထျန်းအိမ်ရှေ့စံမင်းသားအတွက် အမှားပြန်လည်ပြင်ဆင်ရန်နှင့် ချွမ်ထျန်းအင်ပါယာ၏ ဘုရင်ထံမှ အသိအမှတ်ပြုမှုကိုပြန်လည်ရရှိရန်ကြိုးစားရမည်ဖြစ်သည်။ ထို့ကြောင့် ၎င်းသည်လူသားဧကရာဇ်ရောင်ဝါကို သေချာပေါက်ရယူနိုင်ရမည်ပင်။
“နဂါးနက်အင်ပါယာကိုကြည့်ရတာ ဒီနှစ်တွေတစ်လျှောက်ဆုတ်ယုတ်လာသလိုပဲ၊ အခုအချိန်မှာ ဝင်တောင်မတိုက်ရဲတော့တာကိုပဲကြည့်လေ”
ဟုန်ဟိုင်အင်ပါယာသည်တမန်တော်သည်လည်း မထီမဲ့မြင်ပြောလာ၏။ အခြားအင်ပါယာမှ ကျင့်ကြံသူများသည် မည်သည့်စကားမျှမဆိုကြသည့်တိုင် ၎င်းတို့၏ရည်ရွယ်ချက်များကိုဖုံးကွယ်လျှက် မျက်လုံးဖြင့်အချက်ပေးပြောဆိုနေကြသည်။ ဟုန်ဟိုင်အင်ပါယာနှင့် ချွမ်ထျန်းအင်ပါယာတို့သည် အင်အားအကောင်းဆုံးနှစ်နိုင်ငံဖြစ်သော်လည်း ၎င်းတိူ့သည်လည်း လူသားဧကရာဇ်ရောင်ဝါကို ရယူလိုသေးသည်။ ထို့ကြောင့် ၎င်းနှစ်နိုင်ငံအပေါ်ကောင်းမွန်သောအမြင်မရှိနေချေ။ ဖြစ်နိုင်ပါက၎င်းတို့သည် ဤအခြေအနေကိုအသုံးချလျက် ထိုအင်ပါယာနှစ်ခုမှ ကျင့်ကြံသူနှစ်ဦးကိုဖယ်ရှားကာ အင်အားလျော့နည်းသွားအောင်ပြု လုပ်ချင်ကြ၏။
ထိုအချိန်တွင် ချီစွမ်းအားကံကြမ္မာရွှေနဂါးသည် တာ့ယွီမြို့တော်မှထွက်လာကာ ကောင်းကင်ထက်သို့ဟိန်းဟောက်ပျံသန်းသွားသည်။ ထို့နောက်ပမာဏအလွန်ကြီးမားသော ချီစွမ်းအားကံကြမ္မာသည် ရွှေနဂါး၏အထက်တွင်စုရုံးလာကာ ၎င်း၏ကိုယ်ထည်သည်လည်းကြီးမားလာ၏။ ရီရှောင်းရှောင်းသည် ဤတစ်ကြိမ်တွင် ကောင်းကင်ဘုံတာအို၏စမ်းသပ်မှုကိုခံနိုင်ရည်ရှိရန်အတွက် ချီစွမ်းအားကံကြမ္မာရွှေနဂါးကိုအသုံးပြုကာ တာ့ယွီမင်းဆက်၏ချီစွမ်းအားကိုစုစည်းရန်ရွေးချယ်ထားသည်။
“တိုက်ခိုက်ကြ၊ ငါတို့တာ့ယွီမင်းဆက်ကို ရွှေရောင်ချီစွမ်းအားကံကြမ္မာ ရသွားစေလို့မဖြစ်ဘူး”
ချွမ်ထျန်းဧကရာဇ်သည် ကံကြမ္မာရွှေနဂါးထံသို့ ပထမဆုံးပျံသန်းသွားသူဖြစ်ကာ တာ့ယွီမင်းဆက်ကို ချီစွမ်းအားကံကြမ္မာရွှေနဂါးကိုစုစည်းခြင်းမှ နှောက်ယှက်ရန်ရည်ရွယ်ထားသည်။ အကယ်၍ တာ့ယွီမင်းဆက်သည် ချီစွမ်းအားကံကြမ္မာရွှေနဂါးကိုစုစည်းနိုင်ခဲ့လျှင် မဟာတာအိုထံမှ အသိအမှတ်ပြုမှုကိုရရှိနိုင်မည်ဖြစ်ကာ တာ့ယွီဘုရင်မသည် ၎င်းကိုအသုံးပြု၍တိုက်ခိုက်လာနိုင်သည်။
အကယ်၍ထိုကဲ့သို့ဖြစ်လာလျှင် တာ့ယွီမင်းဆက်ကိုနှိမ်နင်းကာ လူသားဧကရာဇ်ရောင်ဝါကိုရယူရန်မှာ ပို၍ပင်ခက်ခဲသွားလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် အခြားအင်ပါယာများမှကျင့်ကြံသူများသည်လည်း အချင်းချင်းသံသယမထားတော့ဘဲ ချီစွမ်းအားကံကြမ္မာနဂါးကို တားဆီးရန်လှုပ်ရှားလာကြသည်။ ၎င်းတို့၏တူညီသည့်ပန်းတိုင်မှာ တာ့ယွီမင်းဆက်ကို ချီစွမ်းအားကံကြမ္မာရွှေနဂါးစုစည်းခြင်းမှ တားဆီးနိုင်ရန်ဖြစ်၏။
ဟွမ်ချန်း၏စွမ်းအားသည် တစ်ခဏချင်းပေါက်ကွဲသွားပြီးနောက် ရွှေနဂါးထံသို့စီးဆင်းသွားသော မြစ်ရှည်တစ်စင်းအသွင်သို့ပြောင်းလဲသွားသည်။ အခြားအင်ပါယာမှကျင့်ကြံသူများသည်လည်း တစ်ဦးပြီးတစ်ဦး ချီစွမ်းအားကံကြမ္မာရွှေနဂါးကိုတိုက်လိုက်သည်။
ချီစွမ်းအားကံကြမ္မာရွှေနဂါးသည် ဟိန်းဟောက်လိုက်ကာ ၎င်း၏ကိုယ်ထည်သည် ဇန်သောင်းပေါင်းများစွာဖြတ်ကျော်သွားကာ ၎င်းသည်အင်ပါယာတစ်ခုအတွက် အနိမ့်ဆုံးသတ်မှတ်ချက်ပင်ဖြစ်သည်။ ကောင်းကင်ထက်တွင် ရွှေရောင်မျက်လုံးတစ်စုံပေါ်ပေါက်လာကာ တာ့ယွီမင်းဆက်၏နယ်မြေကို စစ်ဆေးကြည့်ရှုနေသည်။ ၎င်းသည်တာ့ယွီမြို့တော်တွင်းသို့ လှမ်းမျှော်ကြည့်စဉ်တွင် တစ်စုံတစ်ခုကိုမြင်ပြီးနောက်ဆွဲဆောင်ခံလိုက်ရပုံပင်။
လူသားဧကရာဇ်ကိုယ်ထည်သည် အမှန်တကယ်ပင် ချန်မင်ကမ္ဘာ၌ပေါ်ပေါက်လာကာ ၎င်းသည်မဟာတာအို၏ တွေ့ရှိခြင်းခံလိုက်ရသည်။ ၎င်းကိုယ်ထည်သည် အင်ပါယာတစ်ခုတည်ထောင်နိုင်ကာ ၎င်းမတည်ထောင်နိုင်ပါက မည်သူမှတည်ထောင်နိုင်မည်မဟုတ်ချေ။ လူသားဧကရာဇ်ကိုယ်ထည်အတွက်မူ ၎င်းသည် ပိုင်နက်နယ်မြေတစ်ခုခု မရှိလျှင်ပင် အင်ပါယာသို့မဟုတ် နတ်တိုင်းပြည်တစ်ခုကိုတည်ထောင်နိုင်သေးသည်။ ထို့ကြောင့် မွေးရာပါအုပ်စိုးရှင်ဖြစ်သည့် လူသားဧကရာဇ်ကိုယ်ထည်သည် အလွန်အရေးပါ၏။
မဟာတာအိုသည် စမ်းသပ်မှုကိုပင် ဆက်လက်လုပ်ဆောင်ခြင်းမရှိတော့ဘဲ ရွှေတိုကင်တစ်ခုကို တိုက်ရိုက်ချပေးလိုက်သည်။ ၎င်းသည် အင်ပါယာစည်းတံဆိပ်တစ်ခုဖြစ်ကာ မဟာတာအိုသည် အင်ပါယာအသစ်တစ်ခုတည်ထောင်သည်ကို အသိအမှတ်ပြုလိုက်သည့် အဓိပ္ပါယ်ဖြစ်သည်။ ၎င်းကိုမြင်သည့်အခါတွင် အခြားအင်ပါယာများမှကျင့်ကြံသူအားလုံးသည် ဆွံ့အသွားကြ၏။
‘ဘာတွေဖြစ်နေတာလဲ’
‘စမ်းသပ်မှုက အခုပဲစလိုက်တာမဟုတ်ဘူးလား’
‘ဘာလို့ အဲလောက်အမြန်ကြီးပြီးသွားရတာလဲ’
‘ဘယ်အင်ပါယာကများ တစ်နှစ်ဒါမှမဟုတ် နှစ်နှစ်လောက် စမ်းသပ်မခံခဲ့ရလို့လဲ’
ဤတာ့ယွီမင်းဆက်၊ မဟုတ်သေး။ ယခုအခါတွင် တာ့ယွီအင်ပါယာဟုခေါ်ရမည်လော။ ၎င်းသည်ဖြတ်ကျော်ရန်အတွက် အချိန်နှစ်နာရီပင်မကြာလိုက်ချေ။
တာ့ယွီအင်ပါယာ၏မနီးမဝေးတွင် အနက်ရောင်ရောင်ဝါရှိသည့် ကျင့်ကြံသူတစ်ဖွဲ့သည်လည်း ဆွံ့အလျက်ရှိ၏။ နဂါးနက်တော်ဝင်သမက်တော်၏မိသားစုသည် အလွန်စွမ်းအားကြီးသည်။ ဤအမြန်နှုန်းဖြင့် စံချိန်ပင်တင်နိုင်ပါသေးသည်။ ကြည့်ရသည်မှာ နဂါးနက်ဘုရင်သည် ၎င်းတို့အားလုံးထဲတွင် ဥာဏ်အကောင်းဆုံးဖြစ်ပုံပင်။
နဂါးနက်အင်ပါယာ၏ဗိုလ်ချုပ်များသည်လည်း တာ့ယွီအင်ပါယာနှင့်ပူးပေါင်းရန်ဆုံးဖြတ်လိုက်ခြင်းသည် ၎င်းတို့သမိုင်းတစ်လျှောက်တွင် အကျိုးအမြတ်အရှိဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ပုံရသည်။ အနာဂတ်တွင် နဂါးနက်အင်ပါယာသည် ၎င်းအတွက်နှင့် အကျိုးအမြတ်များစွာရရှိနိုင်မည်ဖြစ်၏။ ထိုအချိန်တွင် နဂါးနက်အင်ပါယာ၏ ထိပ်တန်းတပ်ဖွဲ့ဖြစ်သော ၎င်းတို့သည်လည်း အကျိုးအမြတ်များခံစားနိုင်လိမ့်မည်။
“တိုက်ခိုက်ဖို့ ပြင်ဆင်ကြ”
ဗိုလ်ချုပ်ကြီးသည် ချက်ချင်းအမိန့်တစ်ခုထုတ်ပြန်လိုက်ကာ နဂါးနက်အစောင့်တပ်မှတပ်ဖွဲ့ဝင်တိုင်းသည် ပြင်းထန်ေသောရောင်ဝါကိုထုတ်လွှတ်လျက် တိုက်ပွဲဝင်ကြသည်။ တာ့ယွီအင်ပါယာတည်ထောင်ပြီး ဖြစ်သည့်တိုင် စစ်ပွဲသည်ဆက်လက်ဖြစ်ပွါးနေမည့်အရာဖြစ်၏။
အင်ပါယာအများစုသည် တာ့ယွီအင်ပါယာကြီးထွားလာမည်ကို ထိုင်စောင့်ကြည့်နေကြမည်မဟုတ်ချေ။ ၎င်းတို့ယခုအချိန်တွင်မတိုက်ခိုက်လျှင် အနာဂတ်တွင်တိုက်ခိုက်ရန်မှာ ပို၍ပင်ခက်ခဲသွားပေလိမ့်မည်။ ထို့အပြင် တာ့ယွီအင်ပါယာဘုရင်၏လက်ထဲရှိ လူသားဧကရာဇ်ရောင်ဝါကို လက်လျော့ရန်ဆန္ဒမရှိကြပေ။
………………
အခန်း ၁၈၂ - မိသားစုစွမ်းအား ကိုး။
"တာ့ယွီအင်ပါယာကို အောင်မြင်စွာတည်ထောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်၊ စွမ်းအားအမှတ် ၅၀၀၀၀ တိုးပေးလိုက်ပါပြီ။ သခင့်ရဲ့ ရေရှည်တာဝန်ပြီးဆုံးသွားတဲ့အတွက် ဂုဏ်ယူပါတယ်။ မျိုးနွယ်စုစွမ်းအားအဆင့် ကိုးကို ပြီးမြောက်သွားတဲ့အတွက် ဆုလာဘ်ထုတ်ယူနိုင်ပါပြီ”
တစ်ကိုယ်တည်းကျင့်ကြံနေသောရီဖန်သည် ရုတ်တရက်မျက်လုံးဖွင့်လာ၏။ စနစ်၏တာဝန်ကိုပြီးမြောက်သွားကာ တာ့ယွီအင်ပါယာကိုအောင်မြင်စွာတည်ထောင်နိုင်ခဲ့ပြီဖြစ်သည်။ ရီရှောင်းရှောင်းသည် အဆင့်ဖြတ်ကျော်သွားပြီးဖြစ်နိုင်ကာ သူသည်လည်း အဆင့်တက်ရန်အချိန်ကျရောက်လာလိမ့်မည်။
"စနစ်၊ ပြန်ရှင်းလိုက်ပါဦး”
ရီဖန်၏ခန့်မှန်းချက်မှာ မမှားချေ။ တာ့ယွီအင်ပါယာကို အောင်မြင်စွာတည်ထောင်ပြီးနောက် တစ်ကိုယ်တည်းကျင့်ကြံနေသော ရီရှောင်းရှောင်းသည် သူမ၏ခန္ဓာကိုယ်ထဲသို့ အင်မော်တယ်စွမ်းအားများ အရှိန်အဟုန်ဖြင့်တိုးဝင်လာသည်ကိုခံစားလိုက်ရကာ ကမ္ဘာအင်မော်တယ်နယ်ပယ်သို့ ချက်ချင်းတက်လှမ်းသွားသည်။ ၎င်းအပြင် ပြီးပြည့်စုံသောလူသားဧကရာဇ်စည်းတံဆိပ်၏ စွမ်းအားတိုးမြှင့်ခြင်းအပြင် လူသားဧကရာဇ်စာလိပ်ထံမှရရှိသည့် ယွမ်ချောင်စွမ်းအားနောက်ခံကိုလည်း ထပ်လောင်းရရှိခဲ့သည်။
ကမ္ဘာ့အင်မော်တယ်နယ်ပယ်အတွင်းတွင် ရီရှောင်းရှောင်းသည် စွမ်းအားအကြီးဆုံးထဲမှတစ်ဦးဖြစ်လာပြီဖြစ်၏။ ကောင်းကင်အင်မော်တယ်နယ်ပယ်၌ပင် သူမသည် သက်ရောက်မှုများစွာရှိသည်။ လျှို့ဝှက်ခန်းအတွင်းတွင် ရီရှောင်းရှောင်းသည် အသက်ပြင်းပြင်းရှူလိုက်သည်။ ယခုသူမလူလုံးထွက်ပြရန်အချိန်ရောက်ရှိလာချေပြီ။ တာ့ယွီအင်ပါယာကိုမတည်မငြိမ်ဖြစ်စေလိုသော ဤအင်ပါယာများသည် တာ့ယွီအင်ပါယာအခြေကျသည်နှင့် လက်စားချေခြင်းကို ခံနိုင်ရည်ရှိအောင်ပြင်ဆင်ထားသင့်သည်။
"ဖီးနစ်အမျိုးသမီးအစောင့်တပ်၊ အဆင်သင့်ဖြစ်ပြီလား"
ရီရှောင်းရှောင်းသည် ဖီးနစ်အမျိုးသမီးအစောင့်တပ်မှူးကိုမေးလိုက်သည်။
"ဧကရာဇ်အရှင်မ၊ ဖီးနစ်အမျိုးသမီးအစောင့်တပ်သားအားလုံး အင်ပါယာကြီးထွားလာတဲ့အတောအတွင်းမှာ အဆင့်ကျော်ဖြတ်ခဲ့ပြီးပါပြီ”
လူသားဧကရာဇ်စာလိပ်မှပြုလုပ်ထားသော ယွမ်ချောင်စွမ်းအားသည် သာမန်ကျင့်ကြံနည်းစနစ်များနှင့် နှိုင်းယှဉ်နိုင်သည့်အရာမဟုတ်ချေ။ သူမတစ်ကိုယ်တည်းကျင့်ကြံခြင်းမပြုလုပ်မီကပင် ရီရှောင်းရှောင်းသည် သူမ၏နောက်လိုက်များအား လျှို့ဝှက်နည်းပညာများကိုပေးခဲ့ပြီးဖြစ်သည်။
တာ့ယွီအင်ပါယာ၏ အရာရှိအားလုံးသည်လည်း အခွင့်ကောင်းကိုစောင့်မျှော်လျက် တစ်ကိုယ်တည်းကျင့်ကြံလျက်ရှိကြသည်။ လူသားဧကရာဇ်စာလိပ်၏ လျှို့ဝှက်နည်းပညာသည် အရာရှိများအားလုံးကို ရီရှောင်းရှောင်း၏တိုးတက်မှုနှင့်လိုက်မီစေခဲ့သည်။ ၎င်း၏ လက်အောက်ငယ်သားများသည် သူမကိုအမှီမလိုက်နိုင်ပါလျှင် ဧကရာဇ်မင်းဖြစ်သည့်သူမ၏ရာထူးသည် စျေးပေါနေလိမ့်မည်မဟုတ်လော။
အချိန်တိုအတွင်းတွင် တာ့ယွီအင်ပါယာသည် လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူ ၁၂ ဦးကို ထပ်မံရရှိလာခဲ့သည်။ ယခုဆိုလျှင် ဖီးနစ်အမျိုးသမီးအစောင့်တပ်များကြားတွင် အနိမ့်ဆုံးအဆင့်သည် မဟာယာနနယ်ပယ်အဆင့် ကျင့်ကြံသူဖြစ်ကာ ထိုကဲ့သို့သောစစ်တပ်ကို အင်ပါယာဆယ်ခုတွင်ပင် ထိပ်တန်းအဆင့်ဟုမှတ်ယူနိုင်၏။ ၎င်းသည် နဂါးနက်အစောင့်တပ်၊ ကောင်းကင်မြစ်အစောင့်တပ်တို့နှင့် တန်းညှိနိုင်သည့်အခြေအနေတွင်တည်ရှိသည်။
လူသားဧကရာဇ်တံဆိပ်စည်းကို အောင်မြင်စွာပြုလုပ်ပြီးနောက် ကျင့်ကြံမှုအဆင့်တက်လှမ်းသွားကာ အင်ပါယာကိုလည်း ထူထောင်ခဲ့ပြီးဖြစ်သည်။ ထို့နောက် တရားမျှတမှုကို ရှာဖွေရမည့်အချိန် ရောက်ရှိလာပြီဖြစ်၏။ လျှို့ဝှက်ခန်း၏တံခါးများသည် ပေါက်ကွဲသံနှင့်အတူ ပွင့်ထွက်လာကာ ဖီးနစ်ဝတ်ရုံကို၀တ်ဆင်ထားသော ရီရှောင်းရှောင်းသည် ဖြည်းညှင်းစွာထွက်လာသည်။
"ဧကရာဇ်အရှင်မ သက်တော်ရာကျော်ရှည်ပါစေ!"
တာ့ယွီအင်ပါယာမှကျင့်ကြံသူများသည် ရီရှောင်းရှောင်းကို လေးစားမြတ်နိုးသောအကြည့်ဖြင့်ကြည့်ကာ ၎င်းတို့၏အမူအရာများသည်ကျေနပ်မှုအပြည့်ရှိနေ၏။ လူသိနည်းသောကျင့်ကြံသူနိုင်ငံငယ်လေးမှ ယနေ့ကြီးမြတ်သောအင်ပါယာအဖြစ်သို့ ရီရှောင်းရှောင်းသည် ၎င်းတို့ကိုခြေတစ်လှမ်းချင်း ဦးဆောင်လာခြင်းဖြစ်သည်။
ထိုအချိန်က ၎င်းတို့ထဲမှအများစုသည် ချီစွမ်းအားသန့်စင်ရေးနယ်ပယ်မှကျင့်ကြံသူမျှသာ ဖြစ်ကြကာ အင်မော်တယ်ဖြစ်သည်အထိကျင့်ကြံလိုစိတ်ပင်မရှိကြသေးချေ။ သို့သော်ယခုအခါတွင် ၎င်းတို့အားလုံးအောင်မြင်ခဲ့ကြပြီဖြစ်၏။ ထိုအောင်မြင်မှုဆီသို့ ဦးဆောင်ခေါ်လာပေးသည့်သူမှာလည်း အခြားမဟုတ်ဘဲ ၎င်းတို့ရှေ့ရှိနတ်ဘုရားမဖြစ်သူ ဧကရာဇ်ရီရှောင်းရှောင်းပင်ဖြစ်သည်။
"ပြင်ဆင်ပြီးရင် ချီတက်ကြမယ်!"
ဘမ်း!
တာ့ယွီအင်ပါယာတစ်ခုလုံးသည် ကြီးမားသောစက်ကြီးတစ်ခုကဲ့သို့ စတင်လှုပ်ရှားလာကာ မရေမတွက်နိုင်သောကျင့်ကြံသူများသည် တာ့ယွီမြို့တွင်းမှ ထွက်ခွာလာကြသည်။ ၎င်းသည် တာ့ယွီအင်ပါယာ၏ဒုတိယတပ်ဖြစ်သည့် တာ့ယွီစစ်တပ်ပင်။ ဖီးနစ်အမျိုးသမီးအစောင့်တပ်၊ တာ့ယွီစစ်တပ်သည်ဖြင့် အဖွဲ့အစည်းတစ်ခုစီသည် အလွန်သန်မာ၏။
တာ့ယွီမြို့အပြင်ဘက်တွင် အင်ပါယာအသီးသီးမှကျင့်ကြံသူများသည် စိတ်ရှုပ်ထွေးနေရာမှ ပြန်လည်အာရုံရလာကြသည်။ တာ့ယွီအင်ပါယာ၏အရှိန်သည် ၎င်းတို့၏ မျှော်လင့်ချက်ထက် ကျော်လွန်နေသော်လည်း အသစ်တည်ထောင်ထားသောအင်ပါယာသည် ၎င်းတို့၏အင်ပါယာများ၏ စည်းလုံးမှုနှင့် ယှဉ်နိုင်မည်ဟုမယုံကြည်ခဲ့ကြပေ။ ၎င်းတို့သည် တာ့ယွီအင်ပါယာ၏တည်ရှိမှုကိုလက်ခံ၍မရဘဲ လူသားဧကရာဇ်ချီစွမ်းအားကို အရှုံးမပေးလိုကြချေ။ ထို့ကြောင့် တစ်ခုတည်းသောရွေးချယ်မှုမှာ တာ့ယွီအင်ပါယာကိုဖျက်ဆီးပစ်ရန်သာဖြစ်သည်။
"စတိုက်ကြ!"
၎င်းတို့ခေါ်ဆောင်လာသော ကျင့်ကြံရေးသမားများနှင့်စစ်တပ်များသည် တာ့ယွီမြို့ပတ်ပတ်လည်တွင် စတင်လှုပ်ရှားလာကြသည်။ ထိုအချိန်တွင် တာ့ယွီမြို့အပြင်ဘက်၌ အခြားစစ်တပ်တစ်ခုပေါ်လာကာ ဤလူများသည် သေချာပေါက်နဂါးနက်အစောင့်တပ်ဖွဲ့ဝင်များဖြစ်ကြသည်။
နဂါးနက်အစောင့်တပ်၏လှုပ်ရှားမှုကို မြင်တွေ့ရသောအခါ အင်ပါယာကိုးခုမှကျင့်ကြံသူများသည် နဂါးနက်အင်ပါယာသည်လည်း ၎င်းတို့နည်းတူအကြံအစည်ရှိသည်ဟုထင်လိုက်ကြ၏။ သို့သော် မမျှော်လင့်ဘဲ နဂါးနက်အစောင့်တပ်ဖွဲ့သည် ချက်ချင်းပင်ဦးတည်ချက်ပြောင်းသွားကာ ၎င်းတို့၏လက်နက်များကို အင်ပါယာကိုးခုမှကျင့်ကြံသူများဆီသို့ ချိန်ရွယ်လိုက်သည်။
"မုရန်လုံ၊ မင်းဘာစောက်လုပ်တွေလုပ်နေတာလဲကွ!"
မုရန်လုံသည် လူသားဧကရာဇ်ချီစွမ်းအားကို လက်ဝါးကြီးအုပ်ရန်ကြံစည်နေသည်ဟုထင်လိုက်သဖြင့် ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် နဂါးနက်အစောင့်တပ်၏ဗိုလ်ချုပ်ကြီးမုရန်လုံကို စိုက်ကြည့်လိုက်သည်။ အင်အားကြီးကျင့်ကြံသူများစွာနှင့်ရင်ဆိုင်ရသည့်တိုင် မုရန်လုံသည်ကြောက်ရွံ့ခြင်းမရှိပေ။
" ငါတို့နဂါးနက်အင်ပါယာက တာ့ယွီအင်ပါယာနဲ့မဟာမိတ်ဖွဲ့ဖို့ စဉ်းစားထားတယ်၊ မရဘူးလား”
မုရန်လုံသည်မထီမဲ့မြင်ပြုဟန်ဆောင်ကာ နှာခေါင်းနှိုက်လျက်ပြောလိုက်သည်။ သိူ့သော် တကယ်တမ်းတွင် သူ့နှလုံးသားသည် စိုးရိမ်စိတ်အပြည့်နှင့်ခုန်လှုပ်နေရှာ၏။
သူသည် တာ့ယွီအင်ပါယာ၏ချွင်းချက်မဲ့အင်အားအပေါ်တွင် လောင်းကြေးထပ်ထားသည်။ သို့မဟုတ်ပါက နဂါးနက်အစောင့်တပ်ဖွဲ့ဝင်များသည် ယနေ့အတွက်တစ်လမ်းသွားလက်မှတ်သာရှိမည်ဖြစ်သည်။ ဤသည်မှာ အင်ပါယာကိုးခု၏ မဟာမိတ်တပ်များဖြစ်သည်။ မုရန်လုံသည် နဂါးနက် အင်ပါယာ၏ အင်အားကိုယုံကြည်သော်လည်း နဂါးနက်အင်ပါယာတစ်ခုတည်းဖြင့် အင်ပါယာကိုးခုကိုခုခံနိုင်မည်ဟု ထင်ထားသည်အထိ မရူးမိုက်နေချေ။
"နဂါးနက်အင်ပါယာ၊ ကောင်းပြီလေ၊ အရမ်းကောင်းတယ်!"
ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် နဂါးနက်အင်ပါယာကို လက်တုံ့ပြန်လိုသော ဒေါသကို မျိုသိပ်ထားခဲ့ရသော်လည်း သူ့ထံတွင်အခွင့်အရေးမရှိခဲ့ချေ။ ယခုအခါတွင် အခွင့်အရေးရောက်ရှိလာသည့်အတွက် စိတ်ထဲတွင်အမှန်တကယ်ကျေနပ်လျက်ရှိသည်။ နဂါးနက်အင်ပါယာသည် ၎င်းတို့ကိုယ်တိုင် သေတွင်းတူးနေသောကြောင့် သူ့ကိုအပြစ်မတင်သင့်ပေ။
"မုရန်လုံ၊ ငါမင်းကိုနောက်ဆုံးတစ်ခုမေးမယ်၊ မင်းငါတို့အင်ပါယာကိုးခုနဲ့ ရန်သူဖြစ်လာဖို့ ဆုံးဖြတ်ထားပြီလား"
စာကြောင်းတစ်ကြောင်းတည်းနှင့် အခြားအင်ပါယာရှစ်ခုကို သူ့ဘက်သို့ထည့်သွင်းခဲ့သည်။ အခြားသောအင်ပါယာရှစ်ခု၏သံတမန်များသည် မျက်မှောင်ကြုတ်ထားကြသော်လည်း မည်သူကမျှငြင်းဆိုခြင်းမရှိဘဲ နဂါးနက်အင်ပါယာကို ဖျက်ဆီးနိုင်မည့်အခွင့်အရေးကို လက်လွှတ်မခံကြချေ။
“လေပေါမနေနဲ့! ဒီနေ့ ငါတို့နဂါးနက်အင်ပါယာက တာ့ယွီအင်ပါယာကိုထောက်ခံကြောင်းကြေညာတယ်"
မုရန်လုံသည် သူ့လက်နက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည့်တိုင် သူ၏နှလုံးသားလေးသည် ပိုမိုစိုးရိမ်လာသည်။
‘ချီးပဲt! မင်းတို့ကဘာလို့ မလှုပ်ရှားသေးတာလဲကွ’
ထိုအချိန်တွင် တာ့ယွီမြို့ကိုကာကွယ်ထားသည့်အခင်းအကျင်းများ ပျောက်ကွယ်သွားကာ ကျင့်ကြံသူများသည် စွမ်းအားကြီးမားသောရောင်ဝါများကိုထုတ်လွှတ်လျက် တစ်ယောက်ပြီးတစ်ယောက်ပျံထွက်လာသည်။ ဖီးနစ်ဝတ်ရုံကို၀တ်ဆင်ထားသည့် ရီရှောင်းရှောင်းသည် ၎င်းကျင့်ကြံရေးသမားများ၏ရှေ့တွင် နေရာယူထား၏။
နဂါးနက်အစောင့်တပ်ကြောင့် ရီရှောင်းရှောင်း အနည်းငယ်အံ့သြသွားသည်။ နဂါးနက်အင်ပါယာသည် တာ့ယွီအင်ပါယာအပေါ်တွင် ဤမျှကြီးမားသောလောင်းကြေးထပ်ထားလိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ နဂါးနက်အင်ပါယာသည် ရီဖန်ကိုလေးစားမှုဖြင့် ဤသို့လုပ်ဆောင်ခြင်းဖြစ်မှန်း သူမသိသော်လည်း ရီရှောင်းရှောင်းသည် ၎င်းတို့စေတနာကိုလက်ခံရန် ဆုံးဖြတ်ခဲ့သည်။
"ငါတို့ တာ့ယွီအင်ပါယာက နဂါးနက်အင်ပါယာကို မဟာမိတ်အဖြစ်အသိအမှတ်ပြုပြီးတော့ အကူအညီအတွက် နဂါးနက်အင်ပါယာကို ကျေးဇူးတင်ပါတယ်"
ရီရှောင်းရှောင်းစကားဆိုလိုက်သဖြင့် မုရန်လုံသည်စိတ်ချမ်းမြေ့သွားရ၏။ သူသည် တာ့ယွီအင်ပါယာအပေါ်တွင် မှန်ကန်စွာလောင်းကြေးထပ်ခဲ့မိသည်မှာသေချာသည်။ နဂါးနက်နှင့် တာ့ယွီအင်ပါယာတို့၏ အင်အားစုများသည် အရေအတွက်အားဖြင့် အင်ပါယာရှစ်ခု၏မဟာမိတ်တပ်များကို မကျော်လွန်နိုင်သော်လည်း ကျင့်ကြံသူများ၏မယိမ်းယိုင်သောယုံကြည်မှုသည် ချွမ်ထျန်းအင်ပါယာနှင့် အခြားကျင့်ကြံရေးသမားများကြားတွင် မငြိမ်မသက်ဖြစ်စေသည့်ခံစားချက်ကို လှုံ့ဆော်ပေးသည်။
၎င်းတို့၏ ယုံကြည်မှုသည် မည်သည့်နေရာကများရောက်လာသနည်း။ သေရမည်ကို မကြောက်သလား။ ၎င်းတို့ထံတွင် လျှို့ဝှက်အစွမ်းအစများ ရှိနေသလား။
သို့သော် ဤအချိန်တွင် ၎င်းတို့အတွက် ဆင်ခြင်သုံးသပ်ရန် အချိန်များစွာမရှိချေ။
"တာ့ယွီဧကရာဇ်၊ မင်းမှာ နောက်ဆုံးအခွင့်အရေးတစ်ခုရှိတယ်။ လူသားဧကရာဇ်ချီကို လက်လွှဲပေးပြီးတော့ တာ့ယွီအင်ပါယာကို ဖျက်သိမ်းလိုက်ပါ” ဟု ချွမ်ထျန်းအိမ်ရှေ့မင်းသားက ရီရှောင်းရှောင်းကိုကြည့်လျက် တောင်းဆိုလိုက်သည်။
"လူသားဧကရာဇ်မင်းရဲ့ ချီစွမ်းအားကို လွှဲပြောင်းပေးရမယ်? ရှင့်ကိုလား ဒါမှမဟုတ် ရှင်တို့ကိုလား?"
ရီရှောင်းရှောင်း၏ လှောင်ရယ်လိုစိတ်စွက်သောအကြည့်သည် ကျင့်ကြံသူများအပေါ်လွှမ်းသွားသည်။
“သေချာပေါက် ငါ့အတွက်ပေါ့!"
ဟုန်ဟိုင်အင်ပါယာ၏ကျင့်ကြံသူသည် မဆိုင်းမတွတုံ့ပြန်ခဲ့သည်။
"အရူး! ငါတို့ကို ပေးသင့်တယ်လို့ပြောရမှာကွ!"
တိုက်ပွဲမစတင်မီတွင်ပင် လူသားဧကရာဇ်ချီစွမ်းအားကို ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်၍ သေးငယ်သောငြင်းခုံမှုများရှိလာသည်။ ၎င်းတို့အကြီးအကျယ်ငြင်းခုံလာပါက တာ့ယွီအင်ပါယာသည် လက်တစ်ချောင်းပင်မရွေ့ရဘဲ ၎င်းတို့၏မဟာမိတ်များကိုပြိုကွဲစေနိုင်မည်ဖြစ်၏။
………….
အခန်း ၁၈၃ - အရည်အသွေးမြင့် အင်မော်တယ်လက်နက်များ လက်ကားရောင်းဝယ်ခြင်း
“တော်လိုက်ကြစမ်း! တာ့ယွီအင်ပါယာက ငါတို့ကိုသဘောထားကွဲလွဲအောင်လုပ်နေတာ မင်းတို့မမြင်ဘူးလား။ အရင်ဆုံး တာ့ယွီအင်ပါယာကို ချေမှုန်းပြီးမှ လူသားဧကရာဇ်ချီစွမ်းအားကိုခွဲကြမယ်"
မင်းသားချွမ်ထျန်းက ဒေါသတကြီးအော်ပြောလိုက်သည်။ အခြားသော အင်ပါယာများမှကျင့်ကြံသူများသည် ၎င်းကို မြင်နိုင်သော်လည်း စကားပြောလိုကြဆဲဖြစ်သည်။ နောက်ဆုံးတွင် အားလုံးသည် ကိုယ်ရေးကိုယ်တာအကျိုးအမြတ်အတွက်ပင်မဟုတ်လော။ အကျိုးအမြတ်များ လုံလုံလောက်လောက်ရရှိနေသရွေ့ အချင်းချင်းလှည့်စားကြမည်မှာ မဖြစ်နိုင်စရာမရှိချေ။ ချွမ်ထျန်းမင်းသား၏စကားကြောင့် အင်ပါယာကြီးအသီးသီးသည် တာ့ယွီအင်ပါယာကို ထပ်မံပစ်မှတ်ထားလာကြ၏။
"လူစုခွဲပြီးတော့ လူသားဧကရာဇ်ချီစွမ်းအားကို လွှဲယူလိုက်၊ ဘာမှမချန်ထားနဲ့!"
ပြောရန်ပင်မလိုဘဲ အင်ပါယာအသီးသီးမှကျင့်ကြံသူများသည် သာမန်ကျင့်ကြံသူများထက် အဆများစွာချမ်းသာကြသည်ဖြစ်ရာ အင်မော်တယ်လက်နက်များကို တစ်ခုပြီးတစ်ခုထုတ်ယူလိုက်ကြသည်။ ချွမ်ထျန်းမင်းသားနှင့် ဟုန်ဟိုင်အင်ပါယာမှ ကျင့်ကြံသူများပင်လျှင် အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်များကို ထုတ်ယူလိုက်သည်။ အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်များကို ထုတ်ယူပြီးသည့်နောက်တွင် ၎င်းတို့ထံမှပြင်းထန်သောဖိနှိပ်စွမ်းအားသည် မည်သူ့ကိုမဆိုခြိမ်းခြောက်ရန်လုံလောက်၏။
ရီရှောင်းရှောင်းသည် သူမ၏လက်ကိုဝှေ့ယမ်းလိုက်ရာ သူမ၏လက်ထဲတွင် တံဆိပ်စည်းလေးတစ်ခုပေါ်လာသည်။
"ဒီနေ့ ရှင်တို့အားလုံးကျွန်မကိုပေးခဲ့တဲ့ လူသားဧကရာဇ်တံဆိပ်စည်းကိုသုံးလိုက်မယ်နော်"
လူသားဧကရာဇ်မင်းလက်နက်၏ လှုပ်ရှားမှုတိုင်းသည် ကောင်းကင်နှင့်မြေကြီးပေါ်တွင် ပြင်းထန်သောသက်ရောက်မှုရှိသည်။ လူသားဧကရာဇ်တံဆိပ်စည်း၏ ဖိနှိပ်မှုထွက်ပေါ်လာသည့်အချိန်တွင် အင်ပါယာကြီးများမှကျင့်ကြံသူများ၏အမူအရာများသည် ချက်ချင်းပြောင်းလဲသွားခဲ့သည်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ? လူသားဧကရာဇ်မင်းချီစွမ်းအားကို ဘယ်လိုလုပ် ဒီလောက်မြန်မြန် သန့်စင်နိုင်မှာလဲ"
၎င်းတို့၏မျက်လုံးများသည် လူသားဧကရာဇ်တံဆိပ်စည်းပေါ်ရှိ လူသားဧကရာဇ်၏စွမ်းအားကြီးချီစွမ်းအားထံမှ အကြည့်မခွါနိုင်ကြချေ။ သို့သော်လက်တွေ့ကျကျဆိုရလျှင် ၎င်းတို့သည်လူသားဧကရာဇ်ချီစွမ်းအားကို အင်မော်တယ်လက်နက်အဖြစ်ပြောင်းလဲရန်နေနေသာသာ သန့်စင်မှုပြုလုပ်ရန်ပင်မဖြစ်နိုင်ပေ။
"အလိမ်အညာတွေ မယုံဘူးကွ!"
ချွမ်ထျန်းမင်းသားသည် ဒေါသထွက်လာကာ သူ၏အင်မော်တယ်လက်နက်ကို ရီရှောင်းရှောင်းထံသို့ တိုက်ရိုက်ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် လူသားဧကရာဇ်တံဆိပ်စည်းသည်လည်း လေထဲသို့ပျံတက်သွားကာ အလွန်ကြီးထွားလာသည်။ တစ်ခဏအတွင်း၌ ကြီးမားလှသောရတနာတံဆိပ်စည်းသည် အင်ပါယာကြီးများမှကျင့်ကြံသူများဆီသို့ လျင်မြန်စွာ ဆင်းသက်လာသည်။
‘ဘမ်း ဘမ်း ဘမ်း!’
အင်ပါယာကြီးများမှ အဆင့်နိမ့်ကျင့်ကြံသူများသည် လူသားဧကရာဇ်တံဆိပ်စည်း၏ ကြီးမားသောစွမ်းအားကိုမခံနိုင်ကြသဖြင့် ၎င်းတို့၏ခန္ဓာကိုယ်များချက်ချင်းပေါက်ကွဲသွားကြကာ စိတ်ဝိညာဉ်များသည်ထွက်ပြေးလွတ်မြောက်ရန်ကြိုးပမ်းနေကြ၏။ သို့သော်နောက်အခိုက်အတန့်တွင် ၎င်းတို့၏စိတ်ဝိညာဉ်များသည် လူသားဧကရာဇ်တံဆိပ်စည်းထဲသို့ ချက်ချင်းစုပ်ယူခံလိုက်ရ၏။
လူသားဧကရာဇ်တံဆိပ်စည်းကို တိုက်ခိုက်ရေးအတွက်အသုံးပြုနိုင်ရုံသာမက ၎င်း၏အစွမ်းထက်ဆုံးလုပ်ဆောင်ချက်သည် ကျရှုံးသွားသောရန်သူများကို အလိုလိုစုပ်ယူကာ လူသားဧကရာဇ်၏အစောင့်များအဖြစ်ပြောင်းလဲပေးခြင်းဖြစ်သည်။
အခြားအင်ပါယာများမှကျင့်ကြံသူအရေအတွက် လျော့နည်းလာသော်လည်း ရီရှောင်းရှောင်းဘက်မှအရေအတွက်သည် တိုးလာခဲ့သည်။ လူသားဧကရာဇ်ချီစွမ်းအား လုံလောက်စွာရှိနေသရွေ့ ရီရှောင်းရှောင်းအတွက် စစ်သည်များရှားပါးမည်မဟုတ်ချေ။
တစ်ဖက်မှ အလယ်အလတ်အဆင့် အင်မော်တယ်လက်နက်နှစ်ခုကိုလည်း တိုက်ရိုက်ဖယ်ရှားပစ်ခဲ့သည်။ လူသားဧကရာဇ်တံဆိပ်စည်းနှင့်ရင်ဆိုင်ရသည့်အခါတွင် အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်းများသည်ပင် သက်ရောက်မှုမရှိတော့ချေ။
လူသားဧကရာဇ်တံဆိပ်စည်းသည် လောလောလတ်လတ်သန့်စင်ခြင်းဖြစ်သော်လည်း ၎င်း၏အဆင့်သည် အဆင့်မြင့်အင်မော်တယ်လက်နက်ကဲ့သို့မြင့်မားကာ အဆင့်မြင့်အင်မော်တယ်လက်နက်ဖြစ်ရန်အတွက် ခြေတစ်လှမ်းသာဝေးသည်။ အကယ်၍သူမသည် လူသားဧကရာဇ်ချီစွမ်းအားနှင့် ယွမ်ချောင်စွမ်းအားတချို့ကိုဆက်လက်သန့်စင်နိုင်ပါက ၎င်းသည်ထိပ်တန်းအင်မော်တယ်လက်နက်အဖြစ်သို့ တိုက်ရိုက်ရောက်ရှိသွားမည်ဖြစ်သည်။
ချွမ်ထျန်းမင်းသားသည် သူ၏အလယ်အလတ်အဆင့်အင်မော်တယ်လက်နက်ပေါ်ရှိအနာများကို စိတ်မကောင်းစွာကြည့်ပြီးနောက် ၎င်းကိုအလျင်အမြန်ပြန်ခေါ်လိုက်သည်။ သာမာန်အားဖြင့် လူ့အင်မော်တယ်အဆင့်အတွက် အဆင့်နိမ့်သို့မဟုတ် အလယ်အလတ်အဆင့် အင်မော်တယ်ပစ္စည်းများကို သုံးနိုင်ခြင်းသည်အလွန်ကောင်းမွန်နေပြီဖြစ်၏။ ဤအလယ်အလတ်အဆင့် အင်မော်တယ်လက်နက်မှာ ချွမ်ထျန်းအိမ်ရှေ့စံ၏အဆင့်အတန်းကြောင့်သာဖြစ်သည်။ အကယ်၍ ၎င်းပျက်စီးသွားလျှင် ချွမ်ထျန်းမင်းသားသည် နောက်ထပ်အလယ်အလတ်အဆင့်အင်မော်တယ်လက်နက်ကို ရရှိရန်ခက်ခဲလိမ့်မည်။
ချွမ်ထျန်းမင်းသားသည် သူ၏အင်မော်တယ်လက်နက်အတွက် နောင်တရနေသကဲ့သို့ လူသားဧကရာဇ်တံဆိပ်စည်း၏အစွမ်းသတ္တိကိုလည်း အသိအမှတ်ပြုခဲ့သည်။ လူသားဧကရာဇ်ချီစွမ်းအားမှ သန့်စင်ထားသော အင်မော်တယ်လက်နက်တစ်ခုဖြစ်သည်မှာ အံ့သြစရာမဟုတ်ပေ။ ချွမ်ထျန်းမင်းသားသည် ပို၍ပင်လောဘကြီးလာ၏။ အကယ်၍လူသားဧကရာဇ်တံဆိပ်သည်းကို သူ့ထံပေးအပ်ခဲ့ပါက ၎င်းသည်ကမ္ဘာအင်မော်တယ်ကိုပင် အနိုင်တိုက်နိုင်လိမ်ဟုယုံကြည်သည်။
“တိုက်ကြစမ်း!”
"တာ့ယွီဘုရင်ကိုအရင်သတ်လိုက်"
ရီရှောင်းရှောင်းကို သတ်နိုင်ပါက လူသားဧကရာဇ်တံဆိပ်စည်းသည် ပိုင်ရှင်မရှိဘဲဖြစ်နေမည်ဖြစ်ကာ ပိုမိုကိုင်တွယ်ရလွယ်ကူသွားမည်ဖြစ်သည်။ အင်မော်တယ်ပစ္စည်းအများအပြားသည် ရီရှောင်းရှောင်းထံသို့ ချက်ချင်းပျံသန်းသွားကြ၏။
‘လူသားဧကရာဇ်မျှော်စင်’ ရွှေရောင်မျှော်သင်အသေးလေးတစ်ခုသည် ရီရှောင်းရှောင်း၏ခေါင်းအထက်တွင်ပေါ်လာကာ ရွှေရောင်အလင်းတန်းသည် ဖြည်းညှင်းစွာဆင်းသက်လာလျက် ရီရှောင်းရှောင်း၏ခန္ဓာကိုယ်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။
နောက်ထပ် အဆင့်မြင့်အင်မော်တယ်ပစ္စည်းတစ်ခု၊ အင်ပါယာကြီးများမှကျင့်ကြံသူများသည် ဆွံ့အသွားကြပြန်၏။ ဤအဖိုးတန်အဆင့်မြင့်အင်မော်တယ်လက်နက်များကို အလကားရသကဲ့သို့ထုတ်ပေးနေသည်အထိ တာ့ယွီအင်ပါယာ၏အခြေခံအုတ်မြစ်သည် မည်မျှအားကောင်းပါသနည်း။
ဟုန်ဟိုင်အင်ပါယာနှင့် ချွမ်ထျန်းအင်ပါယာတို့သာလျှင် အဆင့်မြင့်အင်မော်တယ်လက်နက်ကို ထုတ်လုပ်နိုင်စွမ်းရှိသေးသည်။ အခြားသော အင်ပါယာများသည် အဆင့်မြင့်အင်မော်တယ်ပစ္စည်းထုတ်လုပ်နိုင်သည်အထိ စွမ်းရည်မမြင့်မားသေးချေ။
"တိုက်ခိုက်ကြ! ”
အခြားသောအင်ပါယာများမှကျင့်ကြံသူများသည်လည်း တာ့ယွီအင်ပါယာ၏ သာမန်ကျင့်ကြံသူများအပေါ်ပစ်မှတ်ထားကာ စတင်လှုပ်ရှားလာကြသည်။ ရီရှောင်းရှောင်းသည် အမှန်တကယ်အစွမ်းထက်သော်လည်း တာ့ယွီအင်ပါယာ၏သာမာန်ကျင့်ကြံသူများသည် ထိုမျှလောက်မသန်မာနိုင်သည်မဟုတ်လော။
အင်ပါယာကြီးများမှကျင့်ကြံသူများ ဝိုင်းရံထားသည်ကိုမြင်လျှင် တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများသည် အသာပြုံးနေကြ၏။
‘ညီအစ်ကိုတို့ရေ၊ လုပ်ရှားရမယ့်အချိန်ရောက်ပြီကွ’
နောက်အခိုက်အတန့်တွင် လူတိုင်းသည် ၎င်းတို့၏ လျှို့ဝှက်ထားသောကျင့်ကြံမှုအဆင့်များကို ထုတ်ဖော်လိုက်ကြကာ တစ်ခဏအတွင်း မရေမတွက်နိုင်သောပြင်းထန်သည့်ရောင်ဝါများ ပေါက်ကွဲထွက်လာသည်။ ၎င်းတို့အားလုံးသည် အနည်းဆုံး သေးငယ်သည့်နယ်ပယ်နှစ်ခုမှ သုံးခုအထိ ဖုံးကွယ်ထားကြ၏။ ကြီးမားသောနယ်ပယ်တစ်ခုကို ဖုံးကွယ်ထားသူများသည်လည်း နေရာတိုင်းတွင်ရှိနေသည်။
မူလက မဟာယာနနယ်ပယ်အဆင့် ကျင့်ကြံသူအုပ်စုသည် လူသားအင်မော်တယ်နယ်ပယ်အဆင့် ကျင့်ကြံသူတစ်ဒါဇင်ကျော်အဖြစ် ရုတ်တရက်တိုးပွားလာသည်။ မူလက တာ့ယွီ အင်ပါယာ၏အဆင့်အတန်းမြင့်သော ကျင့်ကြံသူများသည် အားနည်းချက်ဖြစ်နေခဲ့သော်လည်း
ယခုအခါတွင် တစ်ခဏအတွင်း ကစားပွဲသည်ပြောင်းပြန်လှန်သွားပြီဖြစ်ကာ ယခုအားနည်းနေသည်မှာ အင်ပါယာကြီးများမှကျင့်ကြံသူများဖြစ်၏။
နဂါးနက်အစောင့်တပ်သည်လည်း တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများကိုစိုက်ကြည့်ရင်း ၎င်းတို့သည်မည်သူနည်း၊ အဘယ်ကြောင့်ဤနေရာတွင်ရှိနေသနည်းဟု မေးခွန်းထုတ်မိကြ၏။ တာ့ယွီအင်ပါယာသည် အမှန်တကယ်ပင် ၎င်းတို့ကိုလိုအပ်နေသေးသလော။ ရုတ်တရက် မုရန်လုံသည် မလိုအပ်သည့်အပိုသုံးပစ္စည်းလေးကဲ့သို့ ခံစားလိုက်ရသည်။ တာ့ယွီအင်ပါယာ၏အင်အားဖြင့် ၎င်းတို့မကူညီလျှင်ပင် အင်ပါယာကြီးများ၏ ပူးပေါင်းမဟာမိတ်တပ်ကို စိုးရိမ်ရန်မရှိချေ။
ချွမ်ထျန်းမင်းသားနှင့် ရီရှောင်းရှောင်းကိုဝိုင်းထားသော အခြားသူများသည်လည်း ၎င်းတို့၏လုပ်ရပ်များကိုရပ်တန့်ကာ ရီရှောင်းရှောင်းကို ထိတ်လန့်စွာကြည့်လာကြသည်။ တာ့ယွီအင်ပါယာ၏ အခြားသောကျင့်ကြံသူများသည် ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားသောကြောင့် တာ့ယွီအင်ပါယာ၏ဘုရင်ဖြစ်သူ ရီရှောင်းရှောင်းသည်လည်း သူမ၏ကျင့်ကြံမှုအဆင့်ကို ဖုံးကွယ်ထားနိုင်သည်မဟုတ်လော။
ရီရှောင်းရှောင်းသည် အနည်းငယ်ပြုံးလိုက်သည်။ ခန့်မှန်းတာ မှန်သွားပြီ။ နောက်အခိုက်အတန့်တွင် ရီရှောာင်းရှောင်း၏ခန္ဓာကိုယ်မှ ကမ္ဘာအင်မော်တယ်နယ်ပယ်၏ရောင်ဝါ ပေါက်ကွဲထွက်လာသည်။ ယခုအရေးယူရန် အချိန်ကျရောက်လာပြီဖြစ်သည်။
"တာ့ယွီအင်ပါယာ၊ ကောင်းတယ်၊ စောက်ရမ်းကောင်းတယ်။ မင်းတို့တကယ်ကို နက်နက်နဲနဲဖုံးကွယ်ထားကြတာပဲ!"
ချွမ်ထျန်းမင်းသားသည် ရှောက်ဖန်ထံမှ အနိုင်ကျင့်ခံခဲ့ရသည့်အတိတ်ကို ရုတ်တရက်မှတ်မိသွားသည့်အတွက် အံတင်းတင်းကြိတ်လိုက်သည်။ ရှောက်ဖန်သည်လည်း သူ၏ကျင့်ကြံရေးအဆင့်ကိုဖုံးကွယ်ထားကာ ၎င်းကိြ နဂါးနက်အင်ပါယာမှအရှက်ရစွာဆုတ်ခွါစေခဲ့သည်။ ယခုလည်း အခြေအနေတူတစ်ခု ထပ်ဖြစ်ပြန်၏။
အရှေ့ပိုင်းနယ်မြေတွင် မည်သည့်အချိန်မှစ၍ ဤကဲ့သို့သော အယောင်ဆောင်များထွက်လာရသနည်း။ ၎င်းတို့အားလုံး အတူတူဖြစ်နိုင်သလော? တာ့ယွီအင်ပါယာ၏ဘုရင် ရီရှောင်းရှောင်းနှင့် ရှောက်ဖန်တို့နှစ်ဦးစလုံးတွင် မျိုးရိုးအမည်တူရှိသည်။ ၎င်းတို့နှစ်ယောက်လုံးသည်လည်း အယောင်ဆောင်များဖြစ်ကြသည်။ ကမ္ဘာပေါ်တွင် ဤမျှများပြားသောတိုက်ဆိုင်မှုမျိုးရှိနိုင်သလော။
တိုက်ဆိုင်မှုတွေများလွန်းလျှင် ၎င်းသည်အမှန်တကယ်အဖြစ်အပျက်တစ်ခု ဖြစ်လာတတ်သည်။ ဤရီရှောင်းရှောင်းနှင့် ရှောက်ဖန်တို့သည် မိသားစုတစ်စုတည်းမှဖြစ်ရမည်။
ချွမ်ထျန်းမင်းသားသည် ဒေါသအမျက်ထွက်ကာ မုန်းတီးမှုများနှင့်ပြည့်နှက်လျက် အံကြိတ်ထားခဲ့သည်။ မူလက သူသည် ချွမ်ထျန်းနိုင်ငံတော်ဘုရင်၏စိတ်ထဲမှ သူ၏နေရာကိုပြန်လည်ရယူရန်အတွက် ဤအခွင့်အရေးကိုအသုံးချရန်မျှော်လင့်ခဲ့သည်။သို့သော် ယခုအလွန်နောက်ကျသွားလေပြီ။
“ရှောက်ဖန်၊ ရီရှောင်းရှောင်း၊ မင်းတို့နှစ်ယောက်လုံး သေဖို့ပဲကောင်းတယ်!" ချွမ်ထျန်းမင်းသားသည် ယနေ့၎င်းတို့ကိုယ်တိုင် တာ့ယွီအင်ပါယာကိုကိုင်တွယ်ရန်မဖြစ်နိုင်တော့ကြောင်း သေချာပေါက်သိသည်။ ကမ္ဘာအင်မော်တယ်နယ်မြေကျင့်ကြံသူရီရှောင်းရှောင်းသည် တာ့ယွီအင်ပါယာဘက်တွင်ရှိနေကာ သူမကိုရန်မစသင့်ချေ။ ထို့ကြောင့်စစ်ကူတောင်းရန်မှလွဲ၍ အခြားရွေးစရာမရှိတော့ပေ။
"တာ့ယွီအင်ပါယာရဲ့ဘုရင်၊ မင်းတို့ဒီတိုင်းနိုင်သွားပြီမထင်နဲ့!"
နောက်အခိုက်အတန့်တွင် ချွမ်ထျန်းမင်းသားသည် ချွမ်ထျန်းနိုင်ငံတော်ဘုရင်ပေးထားသော တိုကင်ကိုတိုက်ရိုက်ထုတ်ယူကာ ချေဖျက်လိုက်ရာ တာ့ယွီမြို့အထက်တွင် လေဟာနယ်လမ်းကြောင်းတစ်ခု ချက်ချင်းပေါ်လာသည်။ ချွမ်ထျန်းမင်းသားစစ်ကူတောင်းသည်ကိုတွေ့ပြီးနောက် အခြားအင်ပါယာများမှကျင့်ကြံသူများသည်လည်း တုံ့ဆိုင်းမနေဘဲ စစ်ကူတောင်းလိုက်ကြသည်။
၎င်းတို့၏ အင်ပါယာကြီးများ၏မြို့တော်များနှင့် ချိတ်ဆက်ထားသည့် လေဟာနယ်လမ်းကြောင်းများသည် တစ်ခုပြီးတစ်ခုပွင့်လာကာ များမကြာမီတွင် အားကောင်းသည့်ရောင်ဝါများသည် လေဟာနယ်လမ်းကြောင်းများအတွင်းမှထွက်ပေါ်လာ၏။
………….