အပ်နှံလာသော မစ်ရှင်
Vol. 18 Ch. 262
ထာဝရတိုင်းပြည် စွန့်စားသူအစည်းအရုံးတွင် ဂိမ်းမာများသည် သူတို့၏ တံဆိပ်များအတွက် ငွေပေးချေရန် တန်းစီနေကြ၏။
ဂိမ်း၏ သတ်မှတ်ချက်အရ စွန့်စားသူများကို ကြေးအဆင့်၊ ငွေအဆင့်၊ ရွှေအဆင့်နှင့် ဘုရင်အဆင့်ဟူ၍ ခွဲခြားထားသည်။ ဘုရင်အဆင့်သည် ဂိမ်းမာဆယ်ဦးသာ ကန့်သတ်ထားသည်မှ လွဲ၍ ရွှေ၊ ငွေနှင့် ကြေးအဆင့်များသည် ပြီးမြောက်ခဲ့သော မစ်ရှင်အရေအတွက်နှင့် မစ်ရှင်များ၏ အခက်အခဲ အပေါ် မူတည်သည်။
ဟုတ်ပါသည်။ သူတို့သည် ငွေပေးချေရဦးမည်။
ဂိမ်းမာအားလုံးသည် ကြေးအဆင့်တွင် ရှိနေကြ၏။ ဂနိုမ်းအဘိုးအို အမ်ပီစီတစ်ဦး ဝင်လာသော အခါ လူတိုင်းက သူ့ကို ကြည့်နေကြသည်။
ဂနိုမ်းအဘိုးအိုသည် မစ်ရှင်တာဝန်ပေး ကောင်တာဆီသို့ လျှောက်သွားပြီး ၊ ထိုနေရာတွင် ဖိုးဉာဏ်ကျယ်က မည်သည့်စိတ်လှုပ်ရှားမှု မျှ မရှိဘဲ ထိုင်နေသည်။
အဘယ်ကြောင့် ဖိုးဉာဏ်ကျယ် ထိုနေရာတွင် ထိုင်နေရသနည်း။ အကြောင်းမှာ ဖိုးဉာဏ်ကျယ်က ရှားလော့ခ်အား "စွန့်စားသူအစည်းအရုံးရဲ့ စီမံခန့်ခွဲရေးမှာ ကျွန်တော် ပါဝင်လို့ ရမလား။ အရှင့်မြို့သားတွေရဲ့ လူမှုဗေဒဆိုင်ရာ သုတေသနကို ကျွန်တော် အရမ်းစိတ်ဝင်စားပါတယ်"ဟု မေးခဲ့သောကြောင့် ဖြစ်၏။ ရှားလော့ခ်က သူ၏ တောင်းဆိုမှုကို ရက်ရောစွာ သဘောတူခဲ့သည်။
[ဖိုးဉာဏ်ကျယ်၏ အခန်းကဏ္ဍကို ထာဝရတိုင်းပြည် ပြန်လည်ရှင်သန်ရေး အထူးကျွမ်းကျင်သူမှ ထာဝရတိုင်းပြည် စွန့်စားသူအစည်းအရုံး မစ်ရှင်မန်နေဂျာအဖြစ် ပြင်ဆင်လိုက်သည်။]
လူသိရှင်ကြား ကြေညာပြီးနောက် ဖိုးဉာဏ်ကျယ်ကို ရပ်ကွက်ဟောင်းရှိ စွန့်စားသူအစည်းအရုံးသို့ ပြောင်းရွှေ့ပေးလိုက်၏။
ရှားလော့ခ်သည် စွန့်စားသူအစည်းအရုံးတွင် ဧည့်ကြိုအဖြစ် အိဗလင်းကို တာဝန် ပေးထားသော်လည်း၊ သူမသည် အလိုရှိတရားခံတစ်ဦး ဖြစ်နေသေးပြီး အလွန်အမင်း ဖိအားများနေသည့်အတွက် ရှားလော့ခ်က ဖိုးဉာဏ်ကျယ်ကို စွန့်စားသူအစည်းအရုံးတွင် ထားရှိခြင်းသည် ရွေးချယ်မှုကောင်းတစ်ခုဟု တွေးထင်မိသည်။
ကြက်ဥခေါင်းက စွန့်စားသူ အစည်းအရုံး၏ စီအီးအို ဖြစ်လိုကြောင်း တောင်းဆိုသောအခါ ရှားလော့ခ်က ချက်ချင်း ငြင်းပယ်လိုက်၏။ ဂိမ်းမာများက တာဝန်ပေးအပ်လိုက်သော မစ်ရှင်ကို လုပ်ဆောင်မည်၊ မလုပ်ဆောင်မည်ကို ရှားလော့ခ် မသေချာသော်လည်း ကြက်ဥခေါင်းကမူ ဂိမ်းမာများကို သူ့အတွက် အလုပ်လုပ်ခိုင်းလိမ့်မည်မှာ သေချာသည်။
နဂါးနက်ငယ်လေးကို ရှားလော့ခ်၏ ကြီးကြပ်မှုအောက်တွင် ထားရှိခြင်းက ပို၍ လုံခြုံသည်။
"မင်္ဂလာပါ၊ ဘယ်လိုကူညီပေးရမလဲခင်ဗျာ" ဖိုးဉာဏ်ကျယ်က ဂနိုမ်းအဘိုးအိုအား စိတ်လှုပ်ရှားမှု ကင်းမဲ့စွာ ပြောလိုက်သည်။
ဖိုးဉာဏ်ကျယ်က သူ၏ ခင်မင်ရင်းနှီးသော လေသံနှင့် သူ၏ မေးရိုးကို ပြုံးသယောင် လှုပ်ရှားလိုက်ခြင်းက သူ့ကို ပို၍ ဖော်ရွေစေလိမ့်မည်ဟု မျှော်လင့်နေသည်။
"စွန့်စားသူအစည်းအရုံးက ဘယ်လိုမစ်ရှင်မျိုးကိုမဆို လက်ခံတယ်လို့ ကြားခဲ့တယ်။ အဲ့ဒါဟုတ်ရဲ့လား" ဂနိုမ်းအဖိုးအိုက ထိုင်ချလိုက်ရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့၊ ခင်ဗျားရဲ့ အိမ်သာခွက် ပိတ်ဆို့နေတာပဲ ဖြစ်ဖြစ်၊ ခင်ဗျားရဲ့ ခေါင်မိုးက ရေစိမ့်နေတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ခင်ဗျားရဲ့ တံခါးကို သော့ဖွင့်ပေးဖို့ လိုအပ်နေတာပဲ ဖြစ်ဖြစ်၊ ထာဝရတိုင်းပြည် စွန့်စားသူအစည်းအရုံးက အကောင်းဆုံး ဝန်ဆောင်မှု ပေးပါလိမ့်မယ်။"
ဖိုးဉာဏ်ကျယ်က ဂနိုမ်းအား ကတ်ပြားတစ်ချပ် ကမ်းပေးလိုက်ပြီး "ဒါက ကျွန်တော်တို့ရဲ့ ဆက်သွယ်ရန် လိပ်စာပါတဲ့ လိပ်စာကတ်ပါ။ ခင်ဗျားရဲ့ မီးရှို့ထားတဲ့ စာကို ကျွန်တော်တို့ဆီ အချိန်မရွေး ပေးပို့နိုင်ပါတယ်"ဟု ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်" ဂနိုမ်းအဖိုးအိုက ဖိုးဉာဏ်ကျယ်၏ လိပ်စာကတ်ကို ယူလိုက်ပြီး မျက်လုံးများကို မှေးစင်းကာ တုန်ယင်သောလေသံဖြင့် ပြောလိုက်၏။"ကျွန်တော့်မှာ လောင်းကစားစွဲနေတဲ့ မြေးတစ်ယောက် ရှိတယ်။ ခင်ဗျားတို့ သူ့ကို အကျင့်တွေ ပြောင်းလဲလာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ဘာရယ်။ လောင်းကစားစွဲနေတယ် ဟုတ်စ။ စိတ်မပူပါနဲ့၊ ခင်ဗျားရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ အဆင့် ၁၃ စွဲလမ်းမှုကုစားရေး နတ်ဘုရားကို ကျွန်တော် ခေါ်ပေးလိုက်မယ်။"
ဂနိုမ်းအဖိုးအို၏ နောက်တွင် အခြားဂနိုမ်းများစွာ လိုက်ပါလာသော ဂနိုမ်းတစ်ဦးသည် ခုန်ထွက်လာပြီး ဖောက်သည်ကို ဝိုင်းလိုက်ကြသည်။
"သူက အဆင့် ၁၃ ပဲရှိသေးတာကို နတ်ဘုရားလို့ ခေါ်လိုက်တာလား။ ငါက အဆင့် ၁၅ ဆိုရင် ငါက အဓိက ဖြစ်သွားမှာပေါ့။"
"စိတ်မပူပါနဲ့ အဘိုး၊ ကျွန်တော်က အဘိုးရဲ့ မြေးကို ကျွန်တော့်ရဲ့ စစ်ရေးဆိုင်ရာ ကိုယ်ခံပညာတွေ သင်ပေးလိုက်ရင် သူက စိတ်သစ်လူသစ် ဖြစ်ပြီး လောင်းကစားကို စွန့်လွှတ်သွားလိမ့်မယ်လို့ အာမခံပါတယ်။"
"အဘိုး၊ အဘိုးရဲ့ မြေးရဲ့ ဖုန်းနံပါတ်ကို ကျွန်တော့်ကို ပေးပါ။ ကျွန်တော်လည်း လောင်းကစားသမား တစ်ယောက်ပဲ။ ကျွန်တော် သူ့ကို တတ်နိုင်သလောက် ကူညီပေးပါ့မယ်။ သူ့ဖုန်းနံပါတ်နဲ့ ကျွန်တော် လောင်းကြေး လိုက်လောင်းပေးမယ်လေ။ ဘယ်လောက် နိုင်မလဲ ဆိုတာကတော့ ကံတရားပေါ်မှာပဲ မူတည်တယ်။"
ဂိမ်းမာများသည် ပျော်ရွှင်စွာ ပြုံးနေကြ၏။ ၎င်းသည် စိတ်ဓာတ်ကျစရာ ကိစ္စတစ်ခု ဖြစ်ကြောင်း သူတို့ သတိမပြုမိကြပေ။
"တန်းစီကြပါ။ အစည်းအရုံးမှာ ပြည့်စုံတဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိတယ်။ မင်းတို့ ကြိုက်တဲ့မစ်ရှင်ကို ယူလို့ မရဘူး" ဖိုးဉာဏ်ကျယ်က ဂိမ်းမာများကို အော်လိုက်သည်။
ရှားလော့ခ်က လမ်းလျှောက်လာပြီး ပျော်ရွှင်စွာ ပြုံးပြလိုက်သည်။ ကြက်ဥခေါင်းက သူ့နောက်မှ သွေးဂန္ဓမာ လက်ဖက်ရည် ခွက်တစ်ခွက်ကို ကိုင်လျက် လိုက်လာ၏။ သူသည် လက်ဖက်ရည် ကုန်သည်အထိ လမ်းလျှောက်ရင်း သောက်လာသည်။ ဂနိုမ်းအဖိုးအို၏ ရှေ့သို့ ရောက်သောအခါ သူက ဂနိုမ်းအား လက်ဖက်ရည်ခွက် အလွတ်ကို ကမ်းပေးလိုက်ရင်း "အဘိုး၊ လက်ဖက်ရည် သောက်ပါဦး"ဟု ပြောလိုက်၏။
ဂနိုမ်းအဖိုးအိုသည် ကြက်ဥခေါင်း၏ ဩဇာအရှိန်အဝါကြောင့် ခြိမ်းခြောက် ခံလိုက်ရပြီး ထိုင်မနေဝံ့တော့ချေ။
ရှားလော့ခ်သည် ဂိမ်းမာများကို ထိန်းချုပ်ရန် သူ၏ အရှိန်အဝါကို ထုတ်သုံးလိုက်၏။ သို့မှသာ သူတို့သည် ပထမဆုံး ဖောက်သည်ကို ကြောက်လန့်၍ ထွက်ပြေးသွားအောင် မလုပ်မိ ကြတော့မည်။ ထိုသို့ ဖြစ်သွားလျှင် မင်္ဂလာ မရှိနိုင်ပေ။
ဂနိုမ်းအဖိုးအိုသည် တုန်တုန်ယင်ယင်ဖြင့် ခွက်ကို ယူလိုက်သည်။ ထို့နောက် ရှားလော့ခ်က "ခင်ဗျားက ကျွန်တော်တို့ရဲ့ စွန့်စားသူအစည်းအရုံးဆီ အကူအညီတောင်းဖို့ လာတာ အရမ်းမှန်တယ်။ ခင်ဗျားမှာ ဘယ်လိုတောင်းဆိုချက်ပဲရှိရှိ ၊ ကျွန်တော်တို့က ဖြည့်ဆည်းပေးဖို့ ကူညီပါ့မယ်။ ခင်ဗျားလုပ်ရမှာက ပုံစံတစ်စောင် ဖြည့်ပြီး ဆုကြေးငွေ စပေါ်တင်ဖို့ပဲ။ ကျန်တာကို ကျွန်တော်တို့ကို ထားခဲ့လိုက်ပါ။ ဆုကြေးငွေရဲ့ ၅%ကို ဝန်ဆောင်ခအဖြစ် ကျွန်တော်တို့ ယူပါမယ်။ အနည်းဆုံး မှော်ကျောက်တုံး ငါးတုံးပါ။ ခင်ဗျားက ပထမဆုံး ဖောက်သည် ဖြစ်တဲ့အတွက် ခင်ဗျားရဲ့ အခကြေးငွေတွေကို ကျွန်တော် လျှော့ပေးပါ့မယ်"ဟု ပြောလိုက်၏။
ဂနိုမ်းအဖိုးအိုသည် ဖိုးဉာဏ်ကျယ်၏ လမ်းညွှန်မှုအတိုင်း ပုံစံဖြည့်လိုက်သည်။ ထို့နောက် သူက ရှားလော့ခ်အား ကျေးဇူးတင်ရန် ထရပ်လိုက်၏။
ဂနိုမ်း၏ မစ်ရှင်မှာ ရိုးရှင်းသည် — သူ၏ မြေးကို သတ်မှတ်ထားသော လိပ်စာမှ ခေါ်ထုတ်လာပြီး လောင်းကစား မလုပ်ရန် ဖျောင်းဖျပြောဆိုရန် ဖြစ်သည်။
ဂနိုမ်းအဖိုးအိုသည် သူ၏ မိသားစုနောက်ခံကို စတင်ပြောပြလာ၏။
သူ၏ မြေးသည် အိမ်ထောင်ကျပြီးနောက် လောင်းကစား စွဲလမ်းနေသောကြောင့် အလုပ်ကြိုးစား မလုပ်ခဲ့ပေ။ သူသည် လောင်းကစားဖြင့် ချမ်းသာရန် အိပ်မက်,မက်နေခဲ့သည်။ သူ၏ မိသားစု ပြိုကွဲသွားပြီး သူ၏ ဇနီးနှင့် ကလေးများက သူ့ကို စွန့်ခွာ သွားကြသည်။ ယခု သူသည် အပြင်တွင် အိမ်ငှားနေပြီး နောက်လအတွက် အိမ်လခပင် မတတ်နိုင်တော့ချေ။
ဂနိုမ်းအဖိုးအို၏ တစ်ခုတည်းသော ဆန္ဒမှာ သူ၏ မြေး လောင်းကစားစွဲလမ်းမှုမှ လွတ်မြောက်ပြီး လူ့အဖွဲ့အစည်းတွင် အသုံးဝင်သော လူတစ်ယောက် ဖြစ်လာရန် ဖြစ်သည်။
သူ့မြေး၏ နောက်ခံအကြောင်းကို ရှင်းပြပြီးသည်နှင့် ပုံစံဖြည့်ပြီးသွားသည်။ ထို့နောက် ရှားလော့ခ်က ဂနိုမ်းအဖိုးအိုကို အိမ်ပြန်ခိုင်းလိုက်၏။ အပြင်ဘက်ရှိ ဂိမ်းမာများသည် ဂနိုမ်းအဖိုးအို၏ နောက်သို့ လိုက်ပါ သွားကြသည်။
အကြောင်းမှာ ဂိမ်းမာများသည် နောက်ဆက်တွဲ ဇာတ်လမ်းပိုင်းများ ရှိ၊ မရှိ ကြည့်ချင်သောကြောင့် ဖြစ်၏။
"ထာဝရတိုင်းပြည်ရဲ့ မြို့သားတို့၊ ငါတို့မှာ အပ်နှံလာတဲ့ မစ်ရှင် အသစ်တစ်ခု ရှိတယ်။ ရိုးရှင်းတယ်လို့ ထင်ရပေမယ့် ကိုင်တွယ်ဖြေရှင်းဖို့ မလွယ်ကူလှဘူး။ လောင်းကစား စွဲနေတဲ့ သူတွေက နတ်ဆိုးတွေ ထက်တောင် ပိုဆိုးတယ်။ သူတို့ကို လောင်းကစား ဖြတ်ခိုင်းတာက စေတန်ကို မြင့်မြတ်သောအလင်းတန်းကို ယုံကြည်ခိုင်းတာနဲ့ တူတူလောက်ပဲ။ ဒါပေမဲ့ မင်းတို့က ကြိုးစားကူညီရမယ်။"
ရှားလော့ခ်က ဂိမ်းမာများကို ခိုင်မာစွာ ကြည့်လိုက်ပြီး "ဒီမစ်ရှင်အတွက် အစွမ်းအထက်ဆုံး စစ်သည်တော်ကို လိုအပ်တယ်။ လေလံကို ငွေဒင်္ဂါးတစ်ပြားနဲ့ စတင်မယ်။ လေလံဈေးကို ကြေးဒင်္ဂါး ၁၀၀ တိုးမြှင့်သွားမယ်။ မှော်ကျောက်တုံး ၁၀၀ ပေးရင် လေလံကို ချက်ချင်း ရလိမ့်မယ်"ဟု ပြောလိုက်၏။