← Chapters

အခန်း ၁၈၄-၁၈၆

Vol. 13 Ch. 184-186

အခန်း ၁၈၄-၁၈၆

Vol. 13 Ch. 184-186

အခန်း ၁၈၄ - ပျက်ဆီးခြင်းကမ္ဘာ၏တိုးတက်လာမှု၊ ကမ္ဘာတစ်ထောင်ငယ်

အင်ပါယာတစ်ခုမှဘုရင်သည် ကိုယ်တိုင်ကိုယ်ကျရောက်ရှိလာပါက အခြားသောအင်ပါယာများမှ ဘုရင်များသည်လည်း ရောက်ရှိလာမည်ဖြစ်သည်။ ဤအင်ပါယာကြီးများအားလုံးတွင် ကမ္ဘာ့အင်မော်တယ်နယ်ပယ်သည် အထွတ်အထိပ်အဖြစ်မှတ်ယူနိုင်သည်။

ကမ္ဘာ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူမှ စတင်လိုက်သည်နှင့် နောက်ဆက်တွဲတိုက်ပွဲများသည် လူသားအင်မော်တယ်နယ်ပယ်နှင့်မသက်ဆိုင်တော့ချေ။ အကယ်၍ ကမ္ဘာ့အင်မော်တယ်နယ်ကျင့်ကြံသူသည် ပြဿနာကိုမဖြေရှင်းနိုင်ပါက အင်ပါယာကြီးအသီးသီး၏ နောက်ကွယ်မှအင်အားစုများကြားတွင် ပြိုင်ဆိုင်ရလိမ့်မည်။

အင်ပါယာကြီးများမှ ကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများ လျင်မြန်စွာထွက်ခွါသွားပြီးနောက်တွင် သာမန်ကျင့်ကြံသူအုပ်စုတစ်စုသည် အနီးနားရှိလေဟာနယ်ကွက်လပ်တစ်ခုထဲတွင် ကျန်ရှိနေခဲ့သည်။ ဤလျှို့ဝှက်ဆန်းကြယ်သော ကျင့်ကြံသူများ၏ရှေ့တွင် လှပသောအမျိုးသမီးတစ်ဦးသည် တာ့ယွီအင်ပါယာ၏ ရှေ့တန်းစစ်မျက်နှာတိုက်ပွဲကို လျှို့ဝှက်စွာစူးစမ်းလျက်ရှိသည်။

"အရှင်၊ အခြေအနေက ငါတို့ထိန်းချုပ်တာထက် ကျော်လွန်သွားပြီ။ ကမ္ဘာအင်မော်တယ်ကျင့်ကြံသူတွေအများကြီးပဲ၊ ငါတို့ဆက်ပြီး လှုပ်ရှားသင့်လား" ကျင့်ကြံရေးသမားတစ်ဦးသည် သူ့ရှေ့ရှိအမျိုးသမီးကို သတိထားကာမေးလိုက်သည်။

"ဝူရှန်းဘိုးဘေးတွေ၏ အမိန့်ကိုမနာခံဖို့စဉ်းစားနေတာလား"

"မကြောက်ပါနဲ့။ ငါတို့သေရင် ဝူရှန်းနတ်ဘုရားနယ်မြေကိုဝင်ရောာက်နိုင်ပြီးတော့ ဘွဲ့ထူးကောင်းကောင်းရလိမ့်မယ်"

"ငါတို့ပစ်မှတ်က တာ့ယွီအင်ပါယာဖြစ်ပေမယ့်လည်း တခြားအင်ပါယာတွေကို ကောင်းကောင်းဖျက်ဆီးလို့ရမယ့် အခွင့်အရေးပဲ၊ ငါတို့ဒါကိုလက်လျှော့ကြမလို့လား"

"ဝိညာဉ်ရေးဆေးလုံးတွေ၊ အင်မော်တယ်ပစ္စည်းတွေက ငါတို့ကိုလက်ယပ်ခေါ်နေကြပြီကို မင်းတို့ကမလိုချင်ကြတော့ဘူးလား"

ထိုစကားလုံးများသည် ကျင့်ကြံသူများ၏စိတ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးသည်။ ၎င်းတို့သည် ရှေ့ထွက်၍အမြန်တိုက်ပွဲဝင်ရန် မစောင့်နိုင်တော့ပေ။

"ငါတို့သေမှာမကြောက်ဘူး!"

"ငါတို့အောင်မြင်မှုအတွက်!"

၎င်းကိုမြင်သည့်အခါတွင် စုယန်သည်ပြုံးလိုက်၏။ တာ့ယွီအင်ပါယာကိုဝိုင်းထားသည့် အင်ပါယာကြီးကိုးခုပါဝင်သော ကြီးကျယ်သည့်တိုက်ပွဲတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည်လည်း နောက်ကျမကျန်လိုချေ။ စုယန်သည် တာ့ယွီအင်ပါယာကိုတိုက်ခိုက်ရန်အမိန့်ရရှိခဲ့သည်။ အင်ပါယာဆယ်ခုကို အနည်းငယ်ဒုက္ခပေးခြင်းသည်လည်း လက်ခံနိုင်စရာပင်။

လူသားမျိုးနွယ်စုပို၍တည်ငြိမ်လေ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် ပို၍အဆင်မပြေလေဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကြားမှစစ်ပွဲသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး အလိုချင်ဆုံး အခွင့်အရေးတစ်ခုဖြစ်သည်။ စုယန်သည် အရှေ့နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အရာရှိတစ်ဦးအနေဖြင့် ဤတာဝန်ကိုမဆိုင်းမတွလက်ခံခဲ့သည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အတွင်းလုပ်ငန်းများထဲသို့ စိမ့်ဝင်နိုင်ရန်အတွက် ၎င်းတို့ကိုအနည်းငယ်ပါဝင်ကူညီရန်လိုအပ်သည်။ ထို့အပြင် အင်ပါယာကြီးကိုးခုသည် စုယန်၏ခယ်မငယ်ကိုဝိုင်းဝန်းလုပ်ကြံရန် သတ္တိရှိနေသည့်အတွက် ယနေ့တွင်စုယန်သည် ၎င်းတို့ကိုဒုက္ခမပေးလိုက်မှသာ အမှန်တကယ်ကံကောင်းသည်ဟုယူဆနိုင်လိမ့်မည်။

မသိလိုက်ဘဲနှင့် ဂိတ်တံခါး၏ပစ်မှတ်သည် တာ့ယွီအင်ပါယာမှ အင်ပါယာကိုးခုထံသို့ ပြောင်းလဲခံလိုက်ရသည်။ အင်ပါယာကြီးကိုးခုသည် အနည်းငယ်အားကောင်းသော်လည်း ၎င်းတို့သည် စုယန်အတွက် အနှောက်အယှက်မဖြစ်ပေ။ သူမ၏ ခင်ပွန်းသည်ဝင်ရောက်စွက်ဖက်လိမ့်မည်မှာ သေချာနေကာ ရီဖန်ဝင်ရောက်စွက်ဖက်လိုက်သည်နှင့် ပြဿနာအားလုံး ပြေလည်သွားလိမ့်မည်ဟု သူမယုံကြည်ထားသည်။ ဤအခြေအနေတွင် ရီဖန်သည်လည်း သူ၏တစ်ကိုယ်တည်းကျင့်ကြံမှုအဆုံးသတ်ပြီးဖြစ်လိမ့်မည်။

"စနစ်၊ ဆုလာဘ်တွေထုတ်လိုက်ပါ!"

ရီဖန်သည် သူ၏ကျင့်ကြံရေးအဆင့်တက်လှမ်းမှုနှင့် လုံးပန်းနေခဲ့သည်။ သူ့မိသားစု၏လွှမ်းမိုးမှု မြင့်တက်လာခြင်းကြောင့် ပေးအပ်ထားသည့်ဆုလာဘ်ကို မစုဆောင်းရသေးချေ။ ယခုတွင် အဆင့်တက်လှမ်းခြင်းပြီးဆုံးသွားပြီဖြစ်ရာ ဆုလာဘ်ရယူရန် အချိန်တန်လေပြီ။

" ကမ္ဘာ့သစ်ပင်ဆုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်သခင်”

ကမ္ဘာသစ်ပင်သည် ထူးကဲအခြေတည်ဝိညာဉ်ရေးအမြစ်ဖြစ်ကာ သစ်ပင်တစ်ပင်သည် တစ်ကမ္ဘာလုံးကိုဖန်တီးနိုင်၏။ ရီဖန်ပင်လျှင် ဆုလာဘ်ကြောင့်အံ့သြသွားသည်၊ ထိုကဲ့သို့သောဆုလာဘ်ကိုရရှိရန် မမျှော်လင့်ခဲ့ပေ။ ထူးကဲအခြေတည်ဝိညာဉ်ရေးအမြစ်သည် ဒဏ္ဍာရီနယ်ပယ်အတွင်းရှိတည်ရှိမှုဖြစ်ကာ သူတော်စင်များပင်လျှင် ၎င်းကိုငြင်းပယ်နိုင်မည်မဟုတ်ချေ။ ယခုတွင် ဤကဲ့သို့ထူးခြားသောလက်ဆောင်ကို ရီဖန်ထံအလွယ်တကူအပ်နှင်းလိုက်ခဲ့သည်။

အတွေးတစ်ခုဖြင့် ရီဖန်သည် ပျက်ဆီးခြင်းကမ္ဘာသို့ ပြန်လာခဲ့သည်။ ပျက်ဆီးခြင်းကမ္ဘာ၏အဆင့်ကို အချိန်အတော်ကြာမြှင့်တင်ထားခဲ့ခြင်းမရှိပေ။ ကမ္ဘာတစ်ခုအတွက်အခြေခံအဖြစ်အသုံးပြုနိုင်သော ကမ္ဘာ့သစ်ပင်သည် ပျက်ဆီးခြင်းကမ္ဘာ၏ မူလစည်းမျဉ်းများကိုမြှင့်တင်ရန်အတွက် အသင့်တော်ဆုံးရွေးချယ်မှုဖြစ်သည်။ ပျက်ဆီးခြင်းကမ္ဘာကို အဆင့်မြှင့်ရန်အချိန်ကျပြီဖြစ်၏။

ရီဖန်သည် ပျက်ဆီးခြင်းကမ္ဘာ၏နှလုံးဖြစ်သည့် ပျက်ဆီးခြင်းသစ်ပင်၏ဘေးတွင် ကမ္ဘာ့သစ်ပင်ကိုစိုက်ပျိုးခဲ့ကာ သစ်ပင်နှစ်ပင်သည်ကမ္ဘာတစ်ခုလုံးကို ထောက်ပံ့ပေးထားသည်။ ကမ္ဘာ့သစ်ပင်တဖြည်းဖြည်းကြီးထွားလာမှုနှင့်အတူ ပျက်ဆီးခြင်းသစ်ပင်သည်လည်း နောက်တစ်ကြိမ်ထပ်မံကြီးထွားလာခဲ့သည်။

ကမ္ဘာ့သစ်ပင်ကြီးထွားလာခြင်းနှင့်အတူ ပျက်ဆီးခြင်းကမ္ဘာပေါ်တွင် ပထမဆုံးသက်ရှိသတ္တဝါပေါ်ပေါက်လာခဲ့သည်။ ၎င်းသတ္တဝါသည် ပုရွက်ဆိတ်အရွယ်မျှသာရှိကာ ၎င်း၏ဖွဲ့စည်းပုံမှာလည်းအလွန်ရိုးရှင်းပြီး အသိစိတ်အနည်းငယ်သာရှိသည်။ ၎င်းပေါ်လာပြီးနောက်တွင် ကမ္ဘာ့သစ်ပင်ပေါ်သို့တက်ကာ စတင်မျိုးပွါးခဲ့သည်။

မကြာမီတွင် ပထမတစ်ကောင်မှ နောက်ထပ်ဆယ်ကောင်အထိ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာသည်။ ၎င်းသတ္တဝါများ အရေအတွက်တိုးပွါးလာသည်နှင့်အမျှ ၎င်းတို့အချင်းချင်းတိုက်ခိုက်လာကြသဖြင့် ဆင့်ကဲဖြစ်စဉ်အသစ်တစ်ခုစတင်လာသည်။ ထိုအချိန်တွင် ပျက်ဆီးခြင်းကမ္ဘာသည်လည်း ၎င်း၏ဆင့်ကဲဖြစ်စဉ်ပြီးဆုံးသွားကာ ပြီးပြည့်စုံသောကမ္ဘာ့နှလုံးသည် ပျက်ဆီးခြင်းကမ္ဘာတွင်ပေါ်လာသည်။ ရီဖန်ယခင်ကသန့်စင်ခဲ့သည့် ရန်ဟွမ်ကမ္ဘာမှပျက်ဆီးခြင်းနှလုံးနှင့် နှိုင်းယှဉ်ပါက ဤကမ္ဘာ၏နှလုံးသည် သိသိသာသာအားနည်းသည်။

ရန်ဟွမ်ကမ္ဘာသည် မဇ္စျိမတစ်ထောင်ကမ္ဘာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော်လည်း လက်ရှိပျက်ဆီးခြင်းကမ္ဘာသည် အလွန်ဆုံးကမ္ဘာတစ်ထောင်ငယ်မျှသာဖြစ်သည်။ ထို့အပြင် ရီဖန်သည် ဤပျက်ဆီးခြင်းကမ္ဘာ၏ မဟာတာအိုဖြစ်၏။ ကမ္ဘာ့နှလုံးကိုသန့်စင်ရန်ပင်မလိုအပ်ဘဲ ရီဖန်သည် ပျက်ဆီးခြင်းကမ္ဘာကို ခြွင်းချက်မရှိအုပ်စိုးနိုင်ခဲ့သည်။

စွမ်းအားကြီးကမ္ဘာ့အင်အားစုတစ်ခုသည် ရီဖန်၏လက်ထဲတွင်ပျံ့နှံ့သွားကာ ပြီးပြည့်စုံသော ကမ္ဘာတစ်ထောင်ငယ်၏စွမ်းအားသည် ဟာသမဟုတ်ချေ။ ရီဖန်ကိုယ်တိုင်သည်ပင် ဤစွမ်းအားထုတ်လွှတ်နိုင်သည့်အတိုင်းအတာကိုမသိပေ။ ၎င်းသည် ရွှေအင်မော်တယ်အဆင့်ကိုပင် ခုခံနိုင်မည်လော။

ခုခံနိုင်စွမ်းတိုးမြှင့်လာခြင်းသည် ရီဖန်ယခုရွှေအင်မော်တယ်အဆင့်သို့ရောက်ရှိပြီဟု မဆိုလိူချေ။ ကမ္ဘာ့အင်အားအသုံးပြုမှုသည်လည်း အကန့်အသတ်ရှိသည်။ ၎င်းကုန်ခမ်းသွားသည်နှင့်တစ်ပြိုင်နက် ကမ္ဘာကြီး၏ဖွံ့ဖြိုးတိုးတက်မှုသည် အလွန်နှေးကွေးသွားပေလိမ့်မည်။

သို့သော်လည်း နောက်ထပ်ဝှက်ဖဲတစ်ခုရှိခြင်းသည် အမှန်တကယ် ကောင်းမွန်သောအရာဖြစ်၏။ စနစ်၏သခင်အနေဖြင့် ရီဖန်၏ဝှက်ဖဲများသည် အလွန်နည်းပါးသည်။ အကယ်၍အခြားဇာတ်ကောင်များ ထိုအကြောင်းကိုသိရှိပါက ရီဖန်ကိုဟားတိုက်လှောင်ရယ်လိမ့်မည်။

ယခုအချိန်တွင် အင်ပါယာကြီးများ၏နောက်ကွယ်မှအင်အားစုများသည် စတင်လှုပ်ရှားတော့မည်ဖြစ်ရာ တာ့ယွီအင်ပါယာကိုသွားကြည့်ရန် အချိန်တန်ပြီဖြစ်သည်။ ရီဖန်သည် ဤတစ်ကြိမ်တွင် အင်ပါယာကြီးများ၏နောက်ကွယ်မှ အင်အားစုများနှင့်ရင်ဆိုင်ရန်အတွက် ၎င်း၏ကျင့်ကြံရေးအဆင့်တက်လှမ်းမှုကို အလျင်အမြန်အရှိန်အဟုန်မြှင့်တင်ခဲ့သည်။

သို့မဟုတ်ပါက ကမ္ဘာ့အင်မော်တယ်နယ်ပယ်အဆင့်ကျင့်ကြံသူမည်မျှရှိစေကာမူ ရီဖန်သည် ၎င်းအင်ပါယာများမှကျင့်ကြံသူများကို စိတ်ကူးထဲတွင်ပင်ထည့်စဉ်းစားမည်မဟုတ်ချေ။

တစ်ချိန်တည်းတွင် တာ့ယွီမြို့၌ဖြစ်ပွါးနေသည့် တိုက်ပွဲသည် အထွတ်အထိပ်သို့ရောက်ရှိနေပြီဖြစ်သည်။

ကမ္ဘာ့အင်မော်တယ်နယ်ပယ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များစွာ ပေါ်ထွက်လာသည့်အပြင် လူသားအင်မော်တယ်နယ်ပယ်မှကျင့်ကြံသူအများအပြားသည်လည်း တာ့ယွီမြို့အပြင်ဘက်သို့ရောက်ရှိလာကြသည်။ အင်ပါယာကြီးကိုးခု၊ ကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံသူကိုးဦးနှင့် လူ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူ ရာနှင့်ချီသောအင်အားသည် တာ့ယွီမြို့ကိုဝိုင်းရံထားသည်။ ယင်ကောင်သည်ပင် ၎င်းတာ့ယွီမြို့အတွင်းမှ လွတ်မြောက်ရန်ဆောင်ရွက်နိုင်မည်မဟုတ်ချေ။

"တာ့ယွီဘုရင်၊ မင့်လက်ထဲမှာ ဘာဝှက်ဖဲတွေများရှိသေးလဲ၊ ဟမ်?"

ချွမ်ထျန်းအိမ်ရှေ့မင်းသားသည် ဘဝင်ခိုက်နေပုံပင်။ ရီမိသားစုကိုရင်ဆိုင်သည့်အချိန်တွင် ပထမဆုံးအကြိမ်အနေဖြင့် သူအသာစီးရနေသည်။ အကယ်၍ သူထပ်မံရှုံးခဲ့လျှင် ချွမ်ထျန်းအင်ပါယာ၏ အိမ်ရှေ့မင်းသားဖြစ်သောသူ့ထံတွင် စိတ်ပိုင်းဆိုင်ရာအရိပ်မည်းကြီးတစ်ခု ရရှိသွားနိုင်သည်။

ရီရှောင်းရှောင်း၏အကြည့်သည် အင်ပါယာကြီးကိုးခုမှ ကျင့်ကြံသူမြောက်မြားစွာကိုခြုံကြည့်လျက်ရှိကာ သူမ၏မျက်နှာသည်တည်ငြိမ်နေ၏။ တာ့ယွီအင်ပါယာ၏မဟာမိတ်များသည် ယခုပေါ်လာသင့်သည်မဟုတ်လော။ ရီရှောင်းရှောင်း၏ အတွေးအဆုံးတွင် ထူးဆန်းသောလေဟာနယ်လမ်းကြောင်း အများအပြားပေါ်လာကာ အင်ပါယာကြီးကိုးခုမှ ကျင့်ကြံသူများပင်လျှင် ၎င်းထံမှဆွဲဆောင်ခံလိုက်ရသည်။

ဤတစ်ကြိမ်တွင် မည်သည့်အင်အားစုကဝင်ရောက်စွက်ဖက်ရန် ကြိုးပမ်းနေသနည်း။ တာ့ယွီအင်ပါယာသည် အလွန်ကြီးမားသော်လည်း အကျိုးကျေးဇူးများခွဲဝေခြင်းသည် ကိတ်မုန့်ကဲ့သို့ပင်။ လူများများပါဝင်လေလေ ခွဲရခက်လေဖြစ်လိမ့်မည်ဖြစ်ရာ သေချာပေါက်၎င်းတို့ကို ခွင့်မပြုချင်ကြချေ။

ရီကျင်းဟိုင်သည် လေဟာနယ်လမ်းကြောင်းမှ ပထမဆုံးထွက်လာသူဖြစ်သည်။ သူ့နောက်တွင် သက်ရှည်တံခါးမှကျင့်ကြံသူများနှင့် ၎င်း၏မိတ်ဖက်အင်အားစုများသည် လေဟာနယ်လမ်းကြောင်းမှ တစ်ယောက်ပြီးတစ်ယောက်ထွက်လာကြသည်။ အခြားတစ်ဖက်တွင် ကမ္ဘာ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူနှစ်ဦးဖြစ်သည့်အရှေ့ဘက်ကျောက်ကျားသစ်နှင့် အရှေ့ဘက်ကျောက်ကျားတို့မှဦးဆောင်ကာ လူသားအင်မော်တယ်နယ်ပယ်မှ ဒါဇင်ပေါင်းများစွာသောကျင့်ကြံသူများသည် အရှေ့ဘက်နယ်မြေရှိ နံပါတ်တစ်ကျောင်းတော်၏ ဘုန်းတန်ခိုးကိုပြသနေ၏။

……………

အခန်း ၁၈၅ - ဒါကဘယ်သူ့ဘက်က မဟာမိတ်လဲ

"အရွက်တစ်ထောင်ကျောင်းတော်၊ သက်ရှည်ဂိုဏ်း?"

ရီကျင်းဟိုင်၊ အရှေ့ဘက်ကျောက်ကျားနှင့် အရှေ့ဘက်ကျောက်ကျားသစ်တို့ကို မှတ်မိသွားသောအခါတွင် အင်ပါယာများမှဘုရင်များသည် မျက်ခုံးပင့်သွားကြသည်။ လက်ရှိ အရွက်တစ်ထောင်ကျောင်းတော်နှင့် သက်ရှည်ဂိုဏ်းတို့သည် သာမညောင်ညမဟုတ်ချေ။ အရှေ့ဘက်တိုက်နယ်မြေတွင် ၎င်းတို့သည် လူသိများသောအင်အားစုများဖြစ်သောကြောင့် ၎င်းတို့အင်ပါယာဆယ်ခုပင်လျှင် ဤအင်အားစုကြီးနှစ်ခု၏အမျက်ဒေါသကို လှုံ့ဆော်လိုစိတ်မရှိကြပေ။ သိူ့သော် ဤအင်အားစုနှစ်ခုသည် အဘယ်ကြောင့်ဤနေရာတွင် ပေါ်လာရသနည်း။

ယခင်က ၎င်းတို့နှစ်ဦးစလုံးသည် အင်ပါယာများ၏အရေးအခင်းများကို ဝင်ရောက်စွက်ဖက်လိုခြင်းမျိုးမရှိခဲ့ချေ။ ဤအင်အားစုနှစ်ခုသည် တာ့ယွီအင်ပါယာကိုကူညီရန် ရောက်လာသည်ဟူသည့်အတွေးသည် ရယ်စရာကောင်းသည့်အတွက် ထိုဖြစ်နိုင်ချေကို စိတ်ကူးထဲတွင်ပင်မရှိပေ။ တာ့ယွီအင်ပါယာသည် အသစ်ဖွဲ့စည်းထားသောအင်အားစုတစ်ခုမျှသာဖြစ်ကာ အင်အားကြီးဂိုဏ်းနှစ်ခုသည် အဘယ်ကြောင့် ၎င်းတို့ဘက်မှရပ်တည်ရမည်နည်း။

"ဂိုဏ်းချုပ်ရီ၊ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကိုများ မေးလို့ရမလား"

ချွမ်ထျန်းဘုရင်ကြီးသည် ထူးထူးဆန်းဆန်း ယဉ်ကျေးစွာမေးမြန်းလိုက်သည်။

သူ့ခမည်းတော်သည် သက်ရှည်ဂိုဏ်း၏ဂိုဏ်းချုပ်ကို ထိုကဲ့သို့ပြောလိုက်သည်ကိုကြားသောအခါ ချွမ်ထျန်းမင်းသား၏ နှလုံးသားထဲမှအသံတစ်ခု ထွက်ပေါ်လာသည်။

‘လာပြန်ပြီ နောက်ထပ်ရီ၊ ရီမျိုးရိုးတွေတော်တော်များပါလား’

ယခုနောက်ပိုင်းတွင် ချွမ်ထျန်းမင်းသားသည် မျိုးရိုးအမည်"ရီ"ကိုကြားရုံဖြင့်တွန့်ဆုတ်လာသည်။

မျိုးရိုးအမည်”ရီ”အားလုံးသည် မိသားစုတစ်စုတည်း၏ အစိတ်အပိုင်းများဖြစ်သလော။

“ကျောင်းအုပ်ကျောက်ကျား၊ အရှင်လည်း ဝင်စွက်ဖက်ဖို့စဉ်းစားနေတာလား"

ဟုန်ဟိုင်အင်ပါယာဘုရင်ကမေးလိုက်သည်။

အနည်းဆုံး အရှေ့ဘက်ကျောက်ကျားသည် ရှားရှားပါးပါး”ရီ”မျိုးရိုးမဟုတ်ချေ။ ချွမ်ထျန်း၏မင်းသားသည် သက်ပြင်းတစ်ချက်ချလိုက်သည်။ ရီကျင်းဟိုင်၊ အရှေ့ဘက်ကျောက်ကျားနှင့် အခြားသူများသည် အင်ပါယာများ၏ဘုရင်အားလုံးကို ဂရုမစိုက်ကြပေ။ ဘုရင်များ၏ အံ့အားသင့်နေသောအကြည့်အောက်တွင် ၎င်းတို့သည် ရီရှောင်းရှောင်းထံသို့သွားကာ ရိုသေစွာနှုတ်ဆက်လိုက်သည်။

“ဒေါ်လေး!"

“အရီးတော်!"

ထိုစကားများကိုကြားလိုက်ရသောအခါတွင် အင်ပါယာကြီးကိုးခုမှကျင့်ကြံသူများသည် တွန့်ဆုတ်သွားကြ၏။ သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်ကျောင်းတော်သည် အရှေ့ဘက်တိုက်နယ်မြေရှိ ကြီးအားသောအင်အားစုနှစ်ခုဖြစ်ကာ ၎င်းတို့နှစ်ခုလုံးသည် တာ့ယွီအင်ပါယာနှင့်သက်ဆိုင်နေသည်။

ထို့အပြင် ၎င်းတို့အသုံးပြုသည့် အခေါ်အဝေါ်ကိုကြည့်ခြင်းအားဖြင့် ၎င်းတို့၏ဆက်ဆံရေးသည်နက်ရှိုင်းပုံရသည်။

ထိုအချိန်တွင် ချွမ်ထျန်းမင်းသားသည် မျက်လုံးကိုလှန်လိုက်ကာ အားလျော့သွားသည်။

သူတွေးထားသည့် အဆိုးဆုံးအခြေအနေသည် ယခုလက်တွေ့ဖြစ်လာလေပြီ။ သက်ရှည်ဂိုဏ်း၏ဂိုဏ်းချုပ်သည် အမှန်တကယ်ပင်ရီမိသားစုမှဖြစ်သည်။

သို့သော် အရှေ့ကျောက်ကျားနှင့် အရှေ့ကျောက်ကျားသစ်တို့သည် ၎င်းတို့၍မျိုးရိုးနာမည်မှာ “ရီ”မဟုတ်ဘဲ အဘယ်ကြောင့် ရီမိသားစုမှဖြစ်ကြသနည်း။

ချွမ်ထျန်းမင်းသားသည် ရူးသွားပြီဟုပင်ခံစားလိုက်ရသည်။ သူအာဏာရသောအခါတွင် ရီမျိုးရိုးအမည်ရှိလူတိုင်းကို ကောင်းကင်အောက်မှရှင်းလင်းပစ်ရမည်။ သက်ရှည်ဂိုဏ်းနှင့် အရွက်တစ်ထောင်ကျောင်းတော်တို့ ပါဝင်လာခြင်းသည် အင်ပါယာများစွာအတွက် မမျှော်လင့်ထားသောအရာတစ်ခုဖြစ်သည်။ သို့သော်လည်း စစ်ပွဲစတင်တော့မည်ဖြစ်သောကြောင့် ၎င်းတို့တွင် နောက်ထပ်ရန်သူအနည်းငယ်ထပ်ရှိလာမည်ကို ထူး၍စိတ်မ၀င်စားကြချေ။

ယခုမှတိုးတက်လာသော အင်အားစုသုံးခုသည် ၎င်းတို့၏အင်ပါယာကြီးကိုးခုကို ဆန့်ကျင်နိုင်မည်ဟုမယုံကြည်ကြပေ။ ကမ္ဘာအင်မော်တယ်နယ်ပယ်တွင်ဖြစ်စေ၊ လူသားအင်မော်တယ်နယ်ပယ်တွင်ဖြစ်စေ ၎င်းတို့ကပို၍အားသာသည်မဟုတ်လော။

တိုက်ပွဲသည် ပြင်းထန်စွာစတင်ခဲ့ကာ မရေမတွက်နိုင်သောမန္တန်များသည် တာ့ယွီမြို့၏ အထက်ကောင်းကင်ကိုဖုံးလွှမ်းသွားသည်။ တာ့ယွီမြို့ကို ကာကွယ်ထားသည့် အခင်းအကျင်းသည်လည်း လျင်မြန်စွာစတင်အသက်ဝင်လာကာ မြို့ပတ်ပတ်လည်ကိုကာကွယ်ပေးထားသည်။ တာ့ယွီမြို့၏အခင်းအကျင်းကို ရီဖန်ပြုလုပ်ထားခြင်းဖြစ်ကာ ကမ္ဘာ့အင်မော်တယ်နယ်ပယ် ကျင့်ကြံသူများပင် အဆင့်ဆယ့်နှစ်အခင်းအကျင်းကို အလွယ်တကူဖြတ်နိုင်မည်မဟုတ်ချေ။

မူလက အင်ပါယာကြီးကိုးခုသည် လူသားဧကရာဇ်ချီစွမ်းအားကိုသိမ်းယူပြီး တာ့ယွီအင်ပါယာကို ချေမှုန်းနိုင်မည်ဟုထင်ခဲ့ကြကာ ထို့နောက်မှသာ ၎င်းကိုခွဲဝေရန်အတွက် အချင်းချင်းတိုက်ခိုက်ကြမည်ဖြစ်သည်။ သို့သော် ယခုတိုက်ပွဲအခြေအနေသည် မဟန်လှချေ။ ၎င်းတို့သည် ကမ္ဘာ့အင်မော်တယ်နယ်ပ ယ်ကျင့်ကြံသူအရေအတွက်တွင် အားသာချက်ရှိသော်လည်း ၎င်းတို့၏ ကမ္ဘာ့အင်မော်တယ်နယ်ပယ် ကျင့်ကြံသူကိုးဦးသည် တာ့ယွီအင်ပါယာ၏ ကမ္ဘာ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူလေးဦးနှင့်ပင် မယှဉ်နိုင်သည်ကိုတွေ့ရှိခဲ့ရသည်။

ဤကမ္ဘာ့အင်မော်တယ်နယ်ပယ်ကျင့်ကြံသူတစ်ဦးစီတွင် ထိပ်တန်းအင်မော်တယ်လက်နက်တစ်ခုစီရှိကာ ၎င်းတို့တွင် အဆုံးမရှိသောတာအိုအနုပညာမျိုးစုံရှိ၏။ အဆင့်တူညီသည့်အခြေအနေတွင် ၎င်းတို့သည်အင်ပါယာကြီးကိုးခု၏ကျင့်ကြံသူများကို အနိုင်လွှမ်းမိုးထားသည်။ အကယ်၍ အင်ပါယာကြီးကိုးခုတွင် အချင်းချင်းကူညီထောက်ပံ့ပေးနိုင်သည့် ကမ္ဘာ့အင်မော်တယ်နယ်ပယ် ကျင့်ကြံသူအများအပြား ရှိနေခြင်းကြောင့်သာမဟုတ်လျှင် ၎င်းတို့သည်ရှုံးနေပြီးဖြစ်သည်။

ဤအခိုက်အတန့်တွင် ရီရှောင်းရှောင်းကိုအမြဲကာကွယ်ပေးခဲ့သော လူသားဧကရာဇ်မျှော်စင်သည် နောက်ဆုံးတွင်သူမထံမှခွဲခွါကာ ကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံသူကိုးဦး၏ ဦးခေါင်းထက်တွင် ချက်ချင်းပေါ်လာသည်။ အင်ပါယာကြီးများမှ ကမ္ဘာအင်မော်တယ်နယ်ပယ်ကျင့်ကြံသူကိုးဦးသည် တက်လှမ်းခြင်းနည်းစနစ်ကို ကျင့်ကြံခဲ့ကြသည်။ သို့သော်လူသားဧကရာဇ်စူတြာနှင့် လူသားဧကရာဇ်မျှော်စင်တို့နှင့်ရင်ဆိုင်ရသည့်အခါတွင် ၎င်းတို့ကြားမှကွာခြားမှုသည် သေစေနိုင်လောက်သည်။

တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိသောအခါတွင် အချိန်နှောင်းသွားပြီဖြစ်ကာ ၎င်းတို့ထိန်းချုပ်ထားသည့် ယွမ်ချောင်စွမ်းအားကို ချက်ချင်းဆုံးရှုံးသွားကြောင်း တွေ့လိုက်ရသည်။ လူသားဧကရာဇ်၏ချီစွမ်းအားမရှိလျှင်ပင် ၎င်းတို့၏ တိုက်ပွဲစွမ်းအားသည် ထက်ဝက်ကျော်လျော့နည်းနေပြီဖြစ်သည်။

"တိုက်ခိုက်ကြ!”

ထိုအချိန်တွင် စုယန်ဦးဆောင်သော ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများသည် နောက်ဆုံးတွင် ၎င်းတို့၏လှုပ်ရှားမှုကိုစတင်လာကြသည်။ စုယန်၏ ကြပ်မတ်မှုအောက်တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ပစ်မှတ်သည် တာ့ယွီအင်ပါယာမှ အင်ပါယာကြီးကိုးခုမှ ကျင့်ကြံသူများထံပြောင်းသွားသည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ရွေးချယ်ခံရသူများသည် သာမန်လူများမဟုတ်ပေ။

ကျင့်ကြံရေးအဆင့်တူညီသူများထဲတွင်ပင်လျှင် ၎င်းတို့တစ်ဦးစီသည် စွမ်းအားသာလွန်မြင့်မား၏။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများ စတင်လှုပ်ရှားလာသောအခါ အစပိုင်းတွင် အညီအမျှတိုက်ခိုက်နေသည့် အင်ပါယာကြီးကိုးခု၏ကျင့်ကြံသူများသည် တခဏအတွင်းပြင်းထန်သောဖိအားကိုခံစားလိုက်ရသည်။

နောက်ထပ်အင်အားစုတစ်ခု ထွက်ပေါ်လာသလော? ဤသူများသည် မည်သူနည်း။

အင်ပါယာကြီးကိုးခု၏ဘုရင်များသည် အလွန်စိတ်ပျက်သွားကာ သွေးအန်မတတ်ခံစားလိူက်ရသည်။

မထင်မှတ်ထားသောအင်အားစုများ ရုတ်ချည်းထွက်ပေါ်လာပြီးနောက် မူလက ၎င်းတို့အသာစီးရနေသည့် အခြေအနေသည် ပြောင်းပြန်ဖြစ်သွားကာ ယခုတွင်တန်ပြန်တိုက်ခိုက်ရန်ပင် မဖြစ်နိုင်တော့ပေ။ ၎င်းတို့သည် တာ့ယွီအင်ပါယာ၏ မဟာမိတ်များ ဖြစ်နိုင်လား။

တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများသည်ပင် ဤရုတ်တရက်ပေါ်လာသောကျင့်ကြံသူများအကြောင်း သိချင်နေကြသည်။ ၎င်းတို့သည် မည်သည့်ဂိုဏ်းမှဖြစ်သနည်း။ ရီရှောင်းရှောင်းသည် ဤမဟာမိတ်များအကြောင်း ပြောပြထားခြင်းမရှိပေ။ အမှန်တကယ်တွင် ကနဦး၌ ရီရှောင်းရှောင်းကိုယ်တိုင်ပင်လျှင် ချက်ချင်းမတုံ့ပြန်နိုင်ခဲ့ချေ။ စုယန်သည် သူမကို မျက်စိမှိတ်ပြလိုက်သည့်အခါမှသာ ရီရှောင်းရှောင်းသည် ထိုလူများမှာ သူမ၏မဟာမိတ်များဖြစ်ကြောင်းရိပ်မိသွားသည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အင်အားကို ပေါင်းထည့်လိုက်ခြင်းဖြင့် အောင်ပွဲ၏ရလဒ်သည် အခြားဘက်သို့လျင်မြန်စွာတိမ်းစောင်းလာသည်။ ၎င်းသည် တာ့ယွီအင်ပါယာဘက်ခြမ်းသို့ သေချာပေါက်ဦးတည်နေသည်။ အင်ပါယာကြီးကိုးခု၏ ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ကျဆုံးသွားလာသည်။ သို့သော်လည်း ဤအချက်များသည် အရေးကြီးဆုံးအချက်မဟုတ်ပေ။ အရေးကြီးသောအချက်သည် ဘုရင်ကိုးပါးအနက်အများအပြားသည် ဒဏ်ရာပြင်းထန်စွာရရှိနေပြီဖြစ်သည်။

အရေအတွက်အားသာချက်ကြောင့်သာမဟုတ်ပါက ၎င်းတို့ရှုံးနိမ့်ရန်နီးကပ်လာပြီဖြစ်သည်။ ထိုအချိန်တွင် အင်ပါယာကြီးကိုးခုမှကျင့်ကြံသူများသည် တာ့ယွီအင်ပါယာကိုအနိုင်ယူရန်မဟုတ်ဘဲ နောက်ပိုင်းတွင်၎င်းတို့ကိုယ်ကိုယ့်ကို မည်သို့ကာကွယ်ရမည်ကိုစဉ်းစားနေကြသည်။

ချွမ်ထျန်းဘုရင်သည် ချွမ်ထျန်းအင်ပါယာမှကျင့်ကြံသူများ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာသည်ကိုမြင်နေရသောအခါ သူ့နှလုံးသားလေးနာကျင်သွားကာ ဤကဲ့သို့ ဆက်သွား၍မရနိုင်မှန်းကိုလည်း သူသိလိုက်၏။ ဤကဲ့သို့ဆက်သွားပါက ချွမ်ထျန်းအင်ပါယာသည် အမှန်တကယ်ကျဆုံးသွားလိမ့်မည်။ လူသားအင်မော်တယ်နယ်ပယ်ကျင့်ကြံသူတိုင်းသည် ချွမ်ထျန်းအင်ပါယာအတွက် အလွန်အဖိုးတန်သည်။ အကယ်၍၎င်းတို့သည် နောက်ဆုံးဝှက်ဖဲကိုချက်ချင်းအသုံးမပြုပါက အဆုံးတွင်အောင်ပွဲခံနိုင်လျှင်ပင် ချွမ်ထျန်းအင်ပါယာသည် အင်အားဆုတ်ယုတ်နေပြီးဖြစ်လိမ့်မည်။ သို့ဖြစ်ပါက သူ့အိပ်မက်များသည်လည်း ပျက်ဆီးသွားလိမ့်မည်။ ချွမ်ထျန်းဘုရင်သည် သက်ပြင်းချလိုက်ကာ လူသားဧကရာဇ်ချီစွမ်းအားကို ပိုင်ဆိုင်ရန်ကံမပါဟု တွေးမိလိုက်သည်။

အင်ပါယာကြီးကိုးခုထဲတွင် ၎င်းသည် လူသားဧကရာဇ်ချီစွမ်းအားကိုရယူရန် အခွင့်အရေးအများဆုံးဖြစ်သည်။ ယခုတွင်အရာအားလုံးသည် အရိပ်ပမာပျောက်ကွယ်သွားပြီဖြစ်သည်။ ၎င်းတို့နောက်ကွယ်မှ အင်အားစုများစတင်လှုပ်ရှားလာသည့်အချိန်တွင် လူသားဧကရာဇ်ချီစွမ်းအားကိုထိန်းထားရန် ဖြစ်နိုင်ချေအလွန်နည်းပါးသည်။

ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်ကျင့်ကြံသူများပင်လျှင် လူသားဧကရာဇ်ချီစွမ်းအားကဲ့သို့သော အဖိုးတန်ရတနာကို လက်လွှတ်ခံမည်မဟုတ်ချေ။ ချွမ်ထျန်းဘုရင်သည် တိတ်တဆိတ် ခြေလှမ်းတစ်လှမ်းဆုတ်လိုက်ကာ ဆက်သွယ်ရေးတိုကင်တစ်ခုကိုထုတ်ယူလျက် စာတစ်စောင်ပေးပို့လိုက်သည်။ စာပို့ပြီးသည်နှင့် ချွမ်ထျန်းဘုရင်သည် ဗလာဖြစ်သွားသောခံစားချက်နှင့် သက်သာရာရသွားသောခံစားချက်ကို တစ်ပြိုင်တည်းခံစားလိုက်ရသည်။

ရီရှောင်းရှောင်းနှင့်အခြားသူများကို မကျေမနပ်ကြည့်လိုက်ပြီးနောက် ချွမ်ထျန်းဘုရင်သည် ချွမ်ဟိုင်အင်မော်တယ်ဂိုဏ်းမှကျင့်ကြံသူများရောက်ရှိလာချိန်တွင် ရီရှောင်းရှောင်းနှင့်အခြားသူများကို ဤကမ္ဘာကြီးတွင် မွေးဖွားလာရသည့်အတွက် နောင်တရစေရမည်ဟုကျိန်ဆဲလိုက်သည်။

ရီရှောင်းရှောင်းသည် တိုက်ပွဲကိုအဆုံးသတ်လိုက်တော့မည့်အချိန်တွင် ကမ္ဘာ့အင်မော်တယ်နယ်ပယ်၏ရောင်ဝါသည် ချက်ချင်းဆင်းသက်လာ၏။

……..

အခန်း ၁၈၆ - အကြောက်အလန့်မရှိသော မျက်နှာသာပေးခံရသူ

ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်၏ရောင်ဝါ!

ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူရောက်ရှိလာပြီဖြစ်၏။ ကောင်းကင်ဘုံအင်မော်တယ်သည် ကမ္ဘာအင်မော်တယ်တစ်ဦး ကျင့်ကြံမှုအဆင့်တစ်ခုတိုးလာခြင်းမျှမဟုတ်ဘဲ၎င်းသည် မဟာတာအို၏ထိန်းချုပ်မှုနှင့်လှည့်ကွက်များကို ပြီးပြည့်စုံစွာဆက်ခံရရှိပြီးသူဖြစ်သည့်အပြင် ၎င်း၏လှုပ်ရှားမှုတိုင်းတွင် မဟာတာအို၏ ဘုန်းတန်ခိုးကိုဖော်ပြထားသည်။ ၎င်းတို့သည် ကမ္ဘာ့အင်မော်တယ်များနှင့်တူညီသောအဆင့်တွင်မရှိချေ။ ကျင့်ကြံမှုအဆင့်မြင့်လာလေ၊ အဆင့်တစ်ခုစီကြားရှိကွာခြားချက်သည် ပိုများလေဖြစ်၏။

ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းမှ ကောင်းကင်ဘုံအင်မော်တယ်ရောက်ရှိလာသောအခါ အင်ပါယာကြီးကိုးခုမှ ကျင့်ကြံသူများသည်လည်း အလွန်စိတ်လှုပ်ရှားလာကြသည်။ ကောင်းကင်ဘုံအင်မော်တယ်၏ အရေးယူမှုအောက်တွင် တာ့ယွီအင်ပါယာသည် ပမွှားလေးသာဖြစ်လိမ့်မည်ဟုယူဆထားကြသည်။ ကမ္ဘာအင်မော်တယ်သည် မည်မျှပင်အစွမ်းထက်စေကာမူ ကောင်းကင်အင်မော်တယ်ထက် သာလွန်နိုင်မည်လော။

အင်မော်တယ်မုချင်သည် အင်ပါယာကြီးကိုးခု၏ စိတ်လှုပ်ရှားနေသောကျင့်ကြံသူများကို လုံးဝလျစ်လျူရှုထားကာ မျက်စိတစ်မှတ်အတွင်းချွမ်ထျန်းဘုရင်၏ရှေ့တွင်ပေါ်လာသည်။ ထို့နောက်တစ်ချက်ရိုက်ချလိုက်ရာ ချွမ်ထျန်းဘုရင်သည် လွှင့်ထွက်သွား၏။

“ချွမ်ထျန်းအင်ပါယာက ရတနာကိုတစ်ယောက်တည်းမောင်ပိုင်စီးဖို့ လုပ်နေတာလားကွ၊ ဟမ်!"

အင်မော်တယ်မုချင်သည် ချွမ်ထျန်း၏ဘုရင်ကို မျက်လုံးထဲတွင်ပင်မရှိဘဲ ဂုဏ်သိက္ခာတစ်ပြားမှမကျန်အောင်ပြောဆိုခဲ့သည်။ ချွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏အမြင်တွင် အင်ပါယာကြီးဆယ်ခုသည် ဤလောကကြီးကိုထိန်းချုပ်ရန်အတွက် ၎င်းတို့၏လက်နက်များသာဖြစ်သည်။

တစ်ခုကိုဖျက်ဆီးပစ်လိုက်ပါက ၎င်းကိုအခြားတစ်ခုနှင့် အစားထိုးလိုက်ရုံသာ။

ယခုတွင် ဤအသုံးချခံလက်နက်သည် လူသားဧကရာဇ်ချီစွမ်းအား၏ အဖိုးတန်ရတနာများကို ၎င်းတို့၏နောက်ကွယ်တွင်လောဘတက်နေ၏။ ၎င်းသည် အင်မော်တယ်မုချင် သည်းမခံနိုင်သည့်အရာဖြစ်သည်။ ဤရိုက်ချက်သည် ချွမ်ထျန်းဘုရင်ကို ထိုသို့သောအတွေးများရပ်တန့်ရန် သတိပေးချက်ဖြစ်သည်။ အခြားသောဘုရင်ရှစ်ယောက်သည်လည်း ရေအေးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ခံစားလိုက်ရကာ ၎င်းတို့၏စိတ်လှုပ်ရှားမှုများ လျင်မြန်စွာပျောက်ကွယ်သွားပြီးနောက် ခါးသက်သောအမူအရာများဖြင့်ကျန်ရှိနေသည်။

ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းသည်သိရှိသွားပြီးချိန်တွင် ယခုအချိန်၌ အခြားအင်မော်တယ်ဂိုဏ်းများသည်လည်း သေချာပေါက်သိရှိသွားလိမ့်မည်။ အနည်းဆုံး ချွမ်ထျန်းအင်ပါယာသည် ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းကို အကြောင်းကြားခဲ့သော်လည်း ၎င်းတို့အင်ပါယာအများစုသည် အကြောင်းကြားစာတစ်စောင်မှမပို့ခဲ့ကြချေ။

၎င်းတို့၏ ကျောထောက်နောက်ခံဂိုဏ်းများသိရှိသွားပါက ၎င်းတို့၏ကံကြမ္မာသည် ချွမ်ထျန်းဘုရင်ထက် ပိုဆိုးလိမ့်မည်။

မူလက ၎င်းတို့၏စွမ်းအားဖြင့် တာ့ယွီအင်ပါယာကိုရင်ဆိုင်ရာတွင် ပြဿနာရှိမည်မဟုတ်ဟု ထင်ထားခဲ့ကြသော်လည်း ယခုတွင် ၎င်းတို့သည်တာ့ယွီအင်ပါယာ၏ ပြိုင်ဘက်မဟုတ်တော့ဘဲ ၎င်းတို့နောက်ကွယ်မှအင်အားစုများထံ အကူအညီတောင်းခံခဲ့ရသည်။ ထို့အပြင် ၎င်းတို့နောက်ကွယ်မှ အင်အားစုများထံမှပြစ်ဒဏ်ကိုလည်းရင်ဆိုင်ရဦးမည်။

ချွမ်ထျန်းဘုရင်သည် ၎င်း၏ဒဏ်ရာများကိုဂရုမစိုက်ဘဲ အမြန်ပြန်ပြေးလာကာ အင်မော်တယ်မုချင်ကိုအလောတကြီးရှင်းပြလာသည်။

"အင်မော်တယ်အရှင်၊ ကျွန်တော်မျိုးရဲ့ မူလရည်ရွယ်ချက်က ရတနာကိုအရင်ရယူပြီးတော့ ဂိုဏ်းချုပ်ကိုပေးအပ်ဖို့ပါ၊ ကျွန်တော် မိုက်မဲတဲ့ရည်ရွယ်ချက်တွေ မထားရဲပါဘူးဗျာ”

ဤအင်မော်တယ်ဂိုဏ်းများသည် ၎င်းတို့ဘုရင်ဖြစ်နေသည့်အတွက် တိုက်ခိုက်ရန်တွန့်ဆုတ်နေမည်မဟုတ်ပေ။ ချွမ်ထျန်းအင်ပါယာသည် နှစ်စဉ် ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းသို့ အရည်အချင်းပြည့်မီသော ကျင့်ကြံသူအမြောက်အများကို စေလွှတ်ခြင်းကြောင့်သာမဟုတ်ပါက ချွမ်ထျန်းအင်ပါယာသည် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက ပျောက်ကွယ်သွားပြီးဖြစ်လိမ့်မည်။ သူသည်သစ္စာစောင့်သိမှုနှင့် အသုံးဝင်မှုကိုပြသရမည်ဖြစ်ကာ ထိုအခါမှသာ ချွမ်ထျန်းအင်မော်တယ်ဂိုဏ်း၏ စွန့်ပစ်ခြင်းခံရမည်မဟုတ်ချေ။

"မင်းမှာ မိုက်မဲတဲ့ရည်ရွယ်ချက်တွေ မရှိဘူးဆိုရင်တော့ အကောင်းဆုံးပေါ့၊ မဟုတ်လို့ကတော့ ချွမ်ထျန်းအင်ပါယာကိုအုပ်ချုပ်တဲ့မိသားစုကို အစားထိုးဖို့ ဝန်လေးနေမှာမဟုတ်ဘူး"

ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းအတွင်းတွင် ကမ္ဘာ့အင်မော်တယ်များပြတ်လပ်မှုမရှိသကဲ့သို့

ချွမ်ထျန်းဘုရင်ရှိခြင်း၊ မရှိခြင်းသည်လည်း ကွဲပြားသွားလိမ့်မည်မဟုတ်ပေ။

ချွမ်ထျန်းဘုရင်ကို အာဏာပြပြီးနောက် အင်မော်တယ်မုချင်သည် နောက်ဆုံးတွင် တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများထံသို့ အကြည့်လွှဲသွားခဲ့သည်။ ရီရှောင်းရှောင်းကိုမြင်လိုက်သောအခါ အင်မော်တယ်မုချင်၏မျက်လုံးထဲတွင် ကြည်နူးရိပ်တစ်ခုဖြတ်သန်းသွားသည်။

ကြီးမားကျယ်ပြန့်သောကမ္ဘာပေါ်တွင် ဧကရီအရေအတွက်သည်ရှားပါး၏။

အထူးသဖြင့် ရီရှောင်းရှောင်းကဲ့သို့ အလားအလာကြီးမားကာ ရင်သပ်ရှုမောဖွယ်အသွင်အပြင်ရှိသည့် ဧကရီသည်အလွန်ရှားပါးသောကြောင့် ဤမျှစွမ်းအားကြီးသော ဧကရီကိုသိမ်းယူလိုသော ဆန္ဒကိုလှုံ့ဆော်ပေးနေသည်။

"မင်းက တာ့ယွီအင်ပါယာရဲ့ဧကရီလား" အင်မော်တယ်မုချင်၏လေသံမှာ သိသိသာသာနူးညံ့နေသည်။

ဤလေသံကြောင့် ဆဲဆိုခံထားရသော ချွမ်ထျန်းဘုရင်သည်အနည်းငယ် အံ့အားသင့်သွား၏။

‘ဒါကဘာကြီးတုန်းကွ၊ ရန်သူကို နူးနူးညံ့ညံ့လေးဆက်ဆံပြီးတော့ ကိုယ့်ဘက်သားကိုရက်ရက်စက်စက်ပြောဆိုနေတာလား’

“အင်မော်တယ်အရှင်၊ ဒါက တာ့ယွီအင်ပါယာရဲ့ ဧကရီ၊ ကျွန်တော်မျိုးတို့ရဲ့ ရန်သူပါခင်ဗျ”

ချွမ်ထျန်းဘုရင်သည် ၎င်းကိုအမြန်သတိပေးလိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း!”

နောက်ထပ်တစ်ချက်ရိုက်လိုက်ကာ ချွမ်ထျန်းဘုရင်သည် နောက်တစ်ကြိမ်လွှင့်ထွက်သွား၏။

“ဒီကအမျိုးသမီးလေး၊ မင်းကအရမ်းငယ်သေးပေမယ့် မင်းမှာအစွမ်းထက်တဲ့ ကျင့်ကြံမှုရှိတယ်။ မင်းက အလားအလာကောင်းတဲ့အပြင် မာနကြီးပုံလည်းမပေါ်ဘူးနော်” အင်မော်တယ်မုချင်၏လေသံသည် ပို၍ပင်နူးညံ့လာသည်။

ရီရှောင်းရှောင်းသည် ထိုရွံရှာဖွယ်ကြောင်ချေးသံကိုသည်းမခံနိုင်တော့သည့်အတွက်ပြန်ပြောလိူက်သည်။

"ကျွန်မက မာနကြီးတဲ့အုပ်စိုးသူပဲ၊ ဘာဖြစ်သလဲ"

ရီရှောင်းရှောင်း၏ စကားကိုကြားသောအခါ အင်မော်တယ်မုချင်သည် စိတ်မဆိုးချေ။

"ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းက အရည်အချင်းရှိတဲ့ကျင့်ကြံသူတွေကို အလေးထားပါတယ်၊ ဧကရီအနေနဲ့ ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းကိုလာရင်ရော ဘယ်လိုလဲ။ အနာဂတ်မှာ ချွမ်ထျန်းအင်ပါယာရဲ့နယ်မြေတွေကို မင့်အတွက်လွှဲပေးမယ်လေ!”

ဤမျှကောင်းမွန်သော မိန်းမပျိုလေးသည် မည်မျှကြမ်းတမ်းနိုင်လိမ့်မည်နည်း။ ချွမ်ထျန်းအင်ပါယာနှင့်နှိုင်းယှဉ်ပါက တာ့ယွီအင်ပါယာသည် ကမ္ဘာလောကကိုအုပ်စိုးရန် ပိုမိုသင့်လျော်သည်မှာထင်ရှား၏။ အင်မော်တယ်မုချင်၏ စကားကိုကြားသောအခါ နောက်ပြန်လှန်သွားသော ချွမ်ထျန်းဘုရင်သည် ထိတ်လန့်လွန်းသဖြင့် ထခုန်လုနီးပါးပင်။

‘အင်မော်တယ်မုချင်ရေ၊ အဲတာရန်သူလေဗျာ’

‘မင်းတကယ်ရန်သူကို သိမ်းသွင်းဖို့ကြိုးစားနေတာ စိတ်မှန်သေးရဲ့လား’

ယခင်က အရိုက်ခံထားရသည်ကိုပြန်တွေးမိပြီးနောက် ချွမ်ထျန်းဘုရင်သည် စကားမပြောရဲတော့ဘဲ ရီရှောင်းရှောင်းကို စိုးရိမ်တကြီးစောင့်ကြည့်နေသည်။ ရီရှောင်းရှောင်းသည်တော့ သဘောမတူတန်ရာ။

ချွမ်ထျန်းဘုရင်၏စိုးရိမ်နေသည့်ကြားမှ ရီရှောင်းရှောင်းသည် နောက်ဆုံးတွင်စကားဆိုလာသည်။ "ကျွန်မတို့ပါဝင်ရလောက်တဲ့အထိ ချွမ်ထျန်းအင်မော်တယ်ဂိုဏ်းက အရည်အချင်းရှိလို့လား!"

ရီမိသားစုကို လက်အောက်ခံဖြစ်အောင်စွမ်းဆောင်နိုင်မည့် အင်အားစုသည် မွေးဖွားလာခြင်းမရှိသေးချေ။

ရီမိသားစုသည် သေသည်အထိတိုက်ပွဲဝင်ရလျှင်ပင် လက်အောက်ခံဖြစ်ရန် မည်သည့်အခါမှ ရွေးချယ်မည်မဟုတ်ပေ။ ရီရှောင်းရှောင်း၏စကားကိုကြားသည့်အခါ ချွမ်ထျန်းဘုရင်သည် သိသိသာသာပင် စိတ်သက်သာရာရသွား၏။

ရီရှောင်းရှောင်းသည် ကမ်းလှမ်းချက်ကိုလက်မခံနိုင်စေရန်အတွက် ချွမ်ထျန်းဘုရင်သည် အလျင်စလိူထပ်ပြောလိုက်သည်။ "အင်မော်တယ်မုချင်၊ ဒီရီရှောင်းရှောင်းက ပုန်ကန်တတ်တဲ့စိတ်ရှိတယ်၊ ကျွန်တော်တို့ သူမကိုလွှတ်ထားလို့မရပါဘူး။ ကျွန်တော်သူမကို တိုက်ခိုက်ပြီးအတားအဆီးတွေကို ဖယ်ရှားပါရစေ”

ထိုသို့ပြောပြီးနောက် ချွမ်ထျန်းဘုရင်သည် စိတ်မရှည်စွာဖြင့် အင်မော်တယ်လက်နက်တစ်ခုကိုဆွဲထုတ်ကာ ရီရှောင်းရှောင်းထံသို့ ပြေးသွားခဲ့သည်။ သို့သော် ခေါင်းမာသည့်ချွမ်ထျန်းဘုရင် မေ့နေသည်မှာ အစောက၎င်းတို့ဘုရင်များ၏စုပေါင်းတိုက်ခိုက်မှုသည်ပင် ရီရှောင်းရှောင်းကို မဖြုတ်ချနိုင်ခဲ့သည်ကို မေ့လျော့နေသည်။ ယခုသူတစ်ယောက်တည်းတိုက်ခိုက်သည့်အချိန်တွင် သူသည်ရီရှောင်းရှောင်း၏ပြိုင်ဘက် မည်သို့ဖြစ်နိုင်မည်နည်း။

ချွမ်ထျန်းဘုရင်ကိုကြည့်ပြီးနောက် ရီရှောင်းရှောင်းသည် လူသားဧကရာဇ်တံဆိပ်စည်းကို ထုတ်ယူလိုက်ကာ ပစ်ချလိုက်သည်။ ကောင်းကင်ထက်တွင် လူသားဧကရာဇ်တံဆိပ်စည်းကို မြင်လိုက်ရသောအခါမှသာ စိတ်လှုပ်ရှားနေသော ချွမ်ထျန်းဘုရင်သည် နောက်ဆုံးတွင်အသိပြန်ဝင်လာ၏။

သူက ရီရှောင်းရှောင်း၏ပြိုင်ဘက် လုံးဝဟုတ်မနေချေ။ လူသားဧကရာဇ်တံဆိပ်စည်း ဆင်းသက်တော့မည့်အချိန်တွင် ချွမ်ထျန်းဘုရင်သည် ခေါင်းကိုလှည့်ကာ အင်မော်တယ်မုချင်ထံ မျှော်လင့်ချက်အပြည့်နှင့် ကယ်တင်ရန်မျှော်လင့်ကာကြည့်နေမိသည်။

ဘမ်း!

မြေကြီးပြိုကျသွားကာ ချွမ်ထျန်းဘုရင်၏ကိုယ်ခန္ဓာသည် မြေပြင်ပေါ်သို့တိုက်ရိုက်ကျလာသည်။

ဤအချိန်အထိ အင်မော်တယ်မုချင်သည် အရေးယူရန်ဆန္ဒမရှိဘဲ ရီရှောင်းရှောင်းကို အသိအမှတ်ပြုဟန်ကြည့်နေခဲ့သည်။ ဤစွမ်းအားမျိုးသည် ကမ္ဘာအင်မော်တယ်အဆင့်၌ပင် အလွန်အားကောင်းသည်ဟုယူဆနိုင်သည်။ မျှော်လင့်ထားသည့်အတိုင်း ဧကရီသည်အမှန်တကယ်ပင်သန်မာလှ၏။

ဤမျှထူးချွန်ထက်မြတ်သောဧကရီသည် အဘယ်ကြောင့်ပုန်ကန်သူဖြစ်ရမည်နည်း။ ချွမ်ထျန်းဘုရင်သည် မနာလိုဖြစ်သောကြောင့် ချွန်တွန်းခြင်းသာဖြစ်ရမည်။ ဖုန်မှုန့်များနှင့်အမွေးအမျှင်များဖုံးလွှမ်းနေသည့် ချွမ်ထျန်းဘုရင်သည် မြေအောက်မှပြန်တက်လာသည်။ ချွမ်ထျန်းဘုရင်၏လက်ရှိအခြေအနေသည် ဘုရင်နှင့်လုံးဝမတူဘဲ သူဖုန်းစားတစ်ယောက်ပမာဖြစ်နေသည်။ အခြားဘုရင်များပင်လျှင် ချွမ်ထျန်းဘုရင်ကို စာနာသနားမှုအပြည့်ဖြင့်ကြည့်နေလေသည်။

ဘေးမှကြည့်နေသူများသည် အရှင်းလင်းဆုံးမြင်နေရ၏။ အင်မော်တယ်မုချင်၏ ရီရှောင်းရှောင်းအပေါ်မျက်နှာသာပေးမှုကို ၎င်းတို့ မည်သို့မှမျက်ကွယ်မပြုနိုင်ချေ။

အခြေအနေတွင်ပါဝင်သူများသည် ဂိုဏ်းထံမှမျက်နှာသာရခြင်း၏အဓိပ္ပါယ်ကို နားမလည်နိုင်သောကြောင့် ကြောက်ရွံ့ခြင်းမရှိဘဲနေနိုင်ခြင်းဖြစ်မည်။ ချွမ်ထျန်းဘုရင်သည် ယနေ့ ဤနေရာ၌ကွယ်လွန်သွားခဲ့လျှင်ပင်၊ အင်မော်တယ်မုချင်ထံတွင် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတစ်စုံတစ်ရာရှိမည်မဟုတ်ချေ။

………

All Chapters