← Chapters

အခန်း ၁၉၀-၁၉၂

Vol. 13 Ch. 190-192

အခန်း ၁၉၀-၁၉၂

Vol. 13 Ch. 190-192

အခန်း ၁၉၀ - အဖွဲ့ထဲမှာ သစ္စာဖောက်တစ်ယောက်ရှိနေတယ်

နိုင်ငံတော်တစ်ခုတည်ထောင်ခြင်းနှင့် ကောင်းကင်ဘုံသည် ပြီးပြည့်စုံသောအစီအစဉ်အတိုင်း ဆက်လက်ဖြစ်ပေါ်နေ၏။ ရီရှောင်းရှောင်း၏ဦးခေါင်းထက်တွင် ပေ ၈၀၀၀၀ ရှည်လျားသော ကြီးမားသည့်ကံကြမ္မာရွှေနဂါးကြီးသည် မြင်ရသူတိုင်းကို တုန်လှုပ်သွားစေခဲ့သည်။ အဓိကအင်ပါယာများစွာကို မျိုချပြီးနောက် တာ့ယွီအင်ပါယာသည် အင်မော်တယ်မင်းဆက်ဖြစ်လာရန် မဝေးတော့ချေ။

သို့ရာတွင် စစ်မှန်သောအင်မော်တယ်မင်းဆက်အဖြစ် တက်လှမ်းနိုင်ရန်အတွက် အရှေ့ဘက်တိုက်နယ်မြေတစ်ခုတည်းကို ခြေကုပ်ယူထားရုံနှင့် မလုံလောက်တော့ချေ။ ၎င်းတို့သည် နယ်မြေခွဲများဆက်လက်ချဲ့ထွင်ရန် လိုအပ်လာပြီဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ လက်ရှိအချိန်တွင် တာ့ယွီအင်ပါယာသည် ၎င်း၏အမြစ်များကိုစုစည်းရန် လိုအပ်နေသေးသည်။

၎င်းတို့၏စွမ်းအားမလုံလောက်ပါက နယ်မြေခွဲများချဲ့ထွင်ခြင်းသည် တာ့ယွီအင်ပါယာအတွက် မည်သည့်အကျိုးကျေးဇူးကိုမှ ယူဆောင်ပေးလာနိုင်မည်မဟုတ်ပေ။ အောင်မြင်မှုများအပြီးတွင် ယခုအချိန်သည် ထပ်မံတူးဆွရန်အချိန်တန်ပြီဖြစ်သည်။ လူသားဧကရာဇ်နည်းပညာဖြင့် တည်ထောင်ထားသောအင်ပါယာသည် တက်လှမ်းခြင်းနည်းစနစ်ဖြင့် ဖွဲ့စည်းထားသောသာမန်အင်မော်တယ်မင်းဆက်များထက် သိသာစွာအဆင့်အတန်းမြင့်မားသည်။

ရီရှောင်းရှောင်းသည် တာ့ယွီအင်ပါယာ၏ကျင့်ကြံသူတိုင်းကို ရာထူးများတရားဝင်ခန့်အပ်ပြီးနောက်တွင် မရှင်းပြနိုင်သောစွမ်းအားတစ်ခုသည် ၎င်းတို့၏ခန္ဓာကိုယ်ထဲသို့စီးဆင်းသွားကာ တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများသည် ၎င်းတို့၏ ကျင့်ကြံမှုအဆင့်ကိုလျင်မြန်စွာမြှင့်တင်လာနိုင်ကြ၏။

၎င်းတို့၏ကျင့်ကြံမှု တိုးတက်လာရုံသာမကဘဲ ၎င်းတို့၏ အလားအလာနှင့် ကံကောင်းခြင်းသည်လည်း တိုးတက်လာ၏။ အနာဂတ်တွင် ၎င်းတို့အားလုံးထံတွင် ပိုမိုတောက်ပသည့်အလားအလာများ ရှိလာလိမ့်မည်ဖြစ်သည်။

၎င်းတို့၏ ကျင့်ကြံရေးအဆင့်တိုးမြှင့်ခြင်းသည် တာ့ယွီအင်ပါယာ၏စွမ်းအားကို ပိုမိုအားကောင်းစေခဲ့ကာ

အင်မော်တယ်မင်းဆက်ဖြစ်လာရန်အတွက် ခြေတစ်လှမ်းပိုနီးကပ်လာခဲ့၏။ တာ့ယွီအင်ပါယာ၏ လက်အောက်ခံနိုင်ငံဖြစ်သည့် နဂါးနက်အင်ပါယာသည်လည်း သိသာထင်ရှားသောအကျိုးကျေးဇူးများကိုရရှိခဲ့ကာ နဂါးနက်ဘုရင်၏ကျင့်ကြံမှုသည် ကမ္ဘာ့အင်မော်တယ်အဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ ၎င်းသည် ကောင်းကင်အင်မော်တယ်နယ်ပယ်မှ ခြေတစ်လှမ်းသာဝေးတော့သည်။

၎င်း၏ကျင့်ကြံရေးအဆင့်မြင့်လာသည်ကိုခံစားရသဖြင့် နဂါးနက်ဘုရင်သည် အလွန်ပျော်ရွှင်နေ၏။

တစ်ချိန်က နဂါးနက်ဘုရင်အတွက် ကောင်းကင်အင်မော်တယ်နယ်မြေသည် မဖြစ်နိုင်သော အိပ်မက်တစ်ခုမျှသာဖြစ်သော်လည်း ယခုအချိန်တွင် ၎င်းအိပ်မက်သည်လက်တွေ့ဖြစ်လာနိုင်မည့်ပုံပင်။

ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်သည် ၎င်း၏သက်တမ်းကိုပိုရှည်ကြာစေရုံသာမက နဂါးနက်အင်ပါယာ၏မျိုးရိုးစဉ်ဆက်အာဏာအတွက်လည်း စိတ်ချနိုင်မည်ဖြစ်သည်။

နဂါးနက်ဘုရင်၏စိတ်ထဲတွင် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ မင်းသမီးကျွင်းလုံ၏ ကလေးအရွယ်ရောက်လာသည်နှင့် ထီးနန်းကိုဆက်ခံခိုင်းရမည်။ သူကိုယ်တိုင်အတွက်မူ ကျင့်ကြံခြင်း၌သာအချိန်ကိုရင်းနှီးကာ ကောင်းကင်ဘုံအင်မော်တယ်အဆင့်သို့ အမြန်ဆုံးဖြတ်ကျော်နိုင်ရန် ကြိုးစားနေမည်ဖြစ်သည်။ ကောင်းကင်အင်မော်တယ်နယ်မြေသို့ ဖြတ်ကျော်ပြီးသည်နှင့်၎င်းသည် တစ်ချိန်ကသူ့ကိုနှိမ့်ချခဲ့ဖူးသူများရှိရာ နဂါးတောင်ကြားသို့ပြန်သွားကာ ကြွားဝါပစ်ဦးမည်။ ကံတရားသည်လည်း အင်အား၏အစိတ်အပိုင်းတစ်ခု မဟုတ်လော။ တတ်နိုင်သမျှအကောင်းဆုံးသမက်ကို ရှာကြည့်စမ်းပါ။

ထိုအချိန်တွင် ရီဖန်သည် နောက်ဆုံးတွင် ကောင်းကင်ဘုံအင်မော်တယ်နယ်ပယ်၏ ပျက်ဆီးခြင်းဖန်တီးမှုနည်းပညာကိုပြုလုပ်နိုင်ခဲ့သည်။ ၎င်းသည်အားလုံးကိုလွှမ်းခြုံထားသည့်နည်းပညာဖြစ်၏။

ရွှေအင်မော်တယ်နယ်ပယ်သို့မဖြတ်ကျော်မီ ရီမျိုးနွယ်စုအဖွဲ့ဝင်များအတွက် ကျင့်ကြံမှုနည်းစနစ်များ ပြတ်လပ်လိမ့်မည်မဟုတ်ချေ။ ထိုအချိန်တွင် ရီဖန်၏စိတ်ထဲ၌ ကာလအတန်ကြာပျောက်ဆုံးနေသော စနစ်သတိပေးချက်တစ်ခုထွက်ပေါ်လာသည်။

"ရေရှည်လုပ်ငန်းတာဝန်ဖြစ်တဲ့ မျိုးနွယ်စုလက်နက်တိုက် ၁၃ ကောင်းကင်ဘုံအင်မော်တယ်နည်းပညာကို ပြီးဆုံးသွားပြီးတော့၊ ဆုလာဘ်ဖြစ်တဲ့ အင်မော်တယ်ဧကရာဇ်အလားအလာ ရောင်ဝါငါးခုကိုရရှိတဲ့အတွက် ဂုဏ်ယူပါတယ်”

အင်မော်တယ်ဧကရာဇ်အလားအလာသည် ၎င်း၏အမည်တွင်ဖော်ပြထားသည့်အတိုင်း ဆက်တိုက်ကျင့်ကြံခြင်းဖြင့် အင်မော်တယ်ဧကရာဇ်ဖြစ်လာရန်အတွက်အာမခံသည်။

ရွှေအင်မော်တယ်အထက်တွင် အနှိုင်းမဲ့အင်မော်တယ်ရှိကာ အနှိုင်းမဲ့အင်မော်တယ်အထက်တွင် အင်မော်တယ်ဧကရာဇ်ရှိသည်။ ကျယ်ပြောလှသောစကြဝဠာအတွင်း၌ပင် အင်မော်တယ်ဧကရာဇ်သည် အထွတ်အထိပ်တည်ရှိမှုဖြစ်၏။

အကယ်၍ကျင့်ကြံသူတစ်ဦးသည် အင်မော်တယ်ဧကရာဇ်ဖြစ်လာရန်အလားအလာရှိပါက ၎င်းသည် ထိပ်တန်းအင်အားစုကြီးများ၏ အာရုံစိုက်ခြင်းခံရမည်မှာသံသယဖြစ်ဖွယ်မရှိချေ။ သို့သော် မထင်မရှားသောရီမိသားစုအတွင်း၌ အင်မော်တယ်ဧကရာဇ်အလားအလာသည် လက်ကားကုန်ပစ္စည်းများကဲ့သိူ့ပေါများလှသည်ကိုမူ ၎င်းတို့ထဲရှိမည်သူမျှတွေးမိမည်မဟုတ်ပေ။

"စနစ် အချက်အလက်ကတ်ကို တင်လိုက်ပါ"

၎င်းတို့၏အလားအလာနှင့် အရင်းအမြစ်များကြယ်ဝလာမှုကြောင့် ရီမိသားစု၏အမြတ်အစွန်းများကို ရိတ်သိမ်းရန်အချိန်တန်ပြီဖြစ်သည်။ အရှေ့ဘက်တိုက်နယ်မြေကိုခြေကုပ်ယူပြီးသည့်နောက်တွင် ရီမိသားစု၏လုံခြုံရေးကိုယာယီအာမခံနိုင်ခဲ့ပြီဖြစ်သည်။ အနည်းဆုံးကာလတိုတစ်ခုအတွင်း ရီမိသားစုသည် မည်သည့်အန္တရာယ်နှင့်မျှကြုံရမည်မဟုတ်ပေ။

……….

ကောင်းကင်စုန်းကမ္ဘာ။

ကောင်းကင်စုန်းကမ္ဘာအတွင်းတွင် အဓိကဂိုဏ်းသုံးခုသည် နယ်မြေကိုထိန်းချုပ်ထားကာ

၎င်းတို့ထဲတွင်အင်အားအကြီးသည် နတ်စုန်းဂိုဏ်းဖြစ်သည်။

နတ်စုန်းဂိုဏ်းအတွင်းရှိ မိုးကြိုးစုန်းတောင်ထိပ်တွင်…..

"ဂိုဏ်းတူအစ်ကိုနဲ့အစ်မကို နှုတ်ဆက်ပါတယ်"

လူနှစ်ဦးသည် စုန်းမျိုးနွယ်စုမှကျင့်ကြံသူများစွာ၏ မနာလိုသောအကြည့်များကိုဆွဲဆောင်လျက် ဖြတ်လျှောက်သွားကြသည်။ အမျိုးသားသည်ချောမောကာ၊ အမျိုးသမီးသည်လှပ၏။

အရေးအကြီးဆုံးမှာ ၎င်းတို့၏အလားအလာများသည် အလွန်မြင့်မားခြင်းပင်။ ၎င်းတို့သည် လွန်ခဲ့သောနှစ်တစ်ရာကျော်ခန့်ကမှ နတ်စုန်းဂိုဏ်းသို့ဝင်ရောက်ခဲ့ကြသော်လည်း ၎င်းတို့၏ကျင့်ကြံမှုသည် ကမ္ဘာစုန်းအဆင့်၏အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သည်။

မတော်တဆတစ်စုံတစ်ရာမဖြစ်လာလျှင် ၎င်းတို့သည်အနာဂတ်တွင် အနိမ့်ဆုံးရွှေစုန်းအဆင့်ထိ တက်လှမ်းနိုင်မည်မှာသေချာ၏။ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်သောစုန်းများဖြစ်လာရန်ပင် မျှော်လင့်ထားနိုင်သည်။ စုန်းမျိုးနွယ်စု၏အဆင့်သတ်မှတ်ချက်စနစ်သည် လူသားမျိုးနွယ်စုနှင့်များစွာကွာခြားခြင်းမရှိပေ။ ၎င်းတို့၏ တစ်ခုတည်းသောကွဲပြားမှုသည် ကျင့်ကြံရေးအလေ့အကျင့်များထဲမှတစ်ခုဖြစ်သည့် ရုပ်ပိုင်းဆိုင်ရာသန့်စင်ခြင်းအတွက်ကြိုးပမ်းခြင်းနှင့် အလုံးစုံလွှမ်းခြုံခြင်းတို့ဖြစ်သည်။

၎င်းတို့နှစ်ဦးသည် ရီချင်နှင့်ရီကျင်းချုံမှလွဲ၍ အခြားမည်သူမျှမဟုတ်ချေ။ စုန်းမျိုးနွယ်စုထဲသို့ဝင်သွားပြီးနောက် ၎င်းတို့၏ကံကြမ္မာသည် ချက်ခြင်းအသက်ဝင်လာ၏။ ၎င်းတို့သည် နတ်စုန်းဂိုဏ်းမှကျင့်ကြံသူများနှင့် လျင်မြန်စွာတွေ့လိုက်ရကာ ၎င်းတို့၏စွမ်းရည်ကို စမ်းသပ်ပြီးနောက် နတ်စုန်းဂိုဏ်းသို့ တိုက်ရိုက်ခေါ်ဆောင်လာခဲ့သည်။

ယခုအခါတွင်၎င်းတို့နှစ်ဦးသည် နတ်စုန်းဂိုဏ်းအတွင်းရှိ မိုးကြိုးတောင်ထိပ်၏ အဓိကတပည့်များဖြစ်လာကြသည်။ ၎င်းတို့၏အနှိုင်းမဲ့အင်မော်တယ်စွမ်းအားကြောင့် လွှမ်းမိုးနိုင်စွမ်းရှိသည့်နတ်စုန်းဂိုဏ်းကဲ့သို့သော အင်အားကြီးဂိုဏ်းတစ်ခုအတွင်း၌ပင် မြင့်မားသောရာထူးကိုရရှိခဲ့သည်။

"စုန်း-ကျင်းချုံ၊ စုန်း-ချင် မင်းတို့နှစ်ယောက်လုံး အစည်းအဝေးအတွက် ပင်မတောင်ထိပ်ကို မြန်မြန်လာခဲ့ကြ!”

၎င်းတို့၏တိုကင်များမှဆင့်ခေါ်ချက်များကိုရရှိသည့်အခါတွင် ရီကျင်းချုံနှင့် ရီချင်တို့သည် ပင်မတောင်ထိပ်သို့ ချက်ချင်းဦးတည်သွားကြ၏။ ပင်မတောင်ထိပ်တွင် နတ်စုန်းဂိုဏ်း၏အကြီးအကဲများနှင့် တောင်ထိပ်များအားလုံးမှ အဓိကတပည့်များစုဝေးလျက်ရှိသည်။ ထို့နောက်တွင် သတင်းတစ်ပုဒ်သည် နတ်စုန်းဂိုဏ်းတစ်ခုလုံးထံသို့ပျံ့နှံ့သွား၏။

"နတ်စုန်းဂိုဏ်းက ချန်မင်ကမ္ဘာကိုဝင်ရောက်နိုင်မယ့် တံခါးပေါက်ကိုတွေ့ပြီ၊ ငါတို့ မကြာခင် ချန်မင်ကမ္ဘာကို ကျူးကျော်ကြမယ်"

တပည့်များကိုဆင့်ခေါ်ရခြင်းသည် ကျူးကျော်မှုစတင်ရန်အတွက် ရှေ့တန်းတပ်ဖွဲ့တွင် ပါဝင်မည့်သူများကိုရွေးချယ်ရန်ဖြစ်သည်။အဓိကတပည့်များစွာရှိသော်လည်း ရှေ့တန်းတပ်ဖွဲ့၏တပ်သားဖြစ်လာရန်မှာ လွယ်ကူမည်မဟုတ်ချေ။

သို့သော်အဓိကတပည့်တိုင်းသည် ထိူအခွင့်အရေးကိုမစွန့်လွှတ်လိူကြချေ။ လူသားမျိုးနွယ်စုနှင့် စုန်းမျိုးနွယ်စုသည် ထာဝရရန်သူများဖြစ်သည့်အတွက် အကယ်၍၎င်းတို့သည် လူသားမျိုးနွယ်ကမ္ဘာကို ကျူးကျော်နိုင်ခဲ့ပါက စုန်းမျိုးနွယ်စုအတွက် အကျိုးကျေးဇူးများစွာရရှိလိမ့်မည်ပင်။

ရှေ့တန်းတပ်၏တစ်စိတ်တစ်ပိုင်းဖြစ်လာပါက ဆုလာဘ်များကိုပထမဆုံးရရှိသူဖြစ်လိမ့်မည်။

ကျယ်ပြောလှသောကမ္ဘာသုံးထောင်ထဲမှ အများစုကို လူသားမျိုးနွယ်စုကသိမ်းပိုက်ထားသည်။ သို့သော်အခြားလူမျိုးစုများမှကျင့်ကြံသူများသည် အားနည်းသည်ဟုမဆိုလိုချေ။ ဤလူမျိုးစုများသည် လူသားမျိုးနွယ်၏ကမ္ဘာများကိုကျူးကျော်နိုင်မည့်နည်းလမ်းများကို အဆက်မပြတ်တွေးတောနေကြသည်။

ကြီးမားသောကမ္ဘာတစ်ခုစီသည်ဝေးကွာသောကြောင့် အင်မော်တယ်ဧကရာဇ်အဆင့်ရှိသူသာလျှင် ကျယ်ပြောလှသောကမ္ဘာကြီးကို ဖြတ်ကျော်နိုင်စွမ်းရှိသည်။ သို့သော် မည်သည့်အရာကိုမှ ပုံသေမှတ်ယူထား၍မရချေ။

ကျယ်ပြောလှသောကမ္ဘာနှစ်ခုကြားတွင် ချိတ်ဆက်မှုတစ်ခုဖြစ်ပေါ်လာပါက စွမ်းအားကြီးသတ္တဝါများသည် အကျိုးအကြောင်းတရားဆက်စပ်မှုကိုအသုံးချကာ လမ်းကြောင်းတစ်ခုကိုဖန်တီးပြီးနောက် ၎င်းတို့၏နောက်လိုက်များကို အခြားသောကျယ်ပြောသည့်ကမ္ဘာထံသို့ လျင်မြန်စွာပို့ဆောင်နိုင်မည်ဖြစ်သည်။ ယခုဆိုလျှင် ချန်မင်ကမ္ဘာနှင့် ကောင်းကင်စုန်းကမ္ဘာအကြားတွင် ထိုသို့သောဆက်နွယ်မှုတစ်ခုဖြစ်ပေါ်လာခဲ့သည်။

လူအုပ်ထဲတွင် ရီကျင်းချုံနှင့် ရီချင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြကာ နှစ်ဦးလုံးအံ့သြသွားကြသည်။ ကောင်းကင်စုန်းကမ္ဘာသို့ ထွက်ပြေးလာပြီးနောက်တွင် ချန်မင်ကမ္ဘာနှင့်ဆက်စပ်သည့်အဖြစ်အပျက်ကို ကြုံတွေ့ရဦးမည်ဟုမမျှော်လင့်ထားခဲ့ကြပေ။ ရီကျင်းချုံနှင့် ရီချင်တို့အတွက် ကောင်းကင်စုန်းကမ္ဘာသည် မည်မျှပင်ကောင်းမွန်စေကာမူ ချန်မင်ကမ္ဘာရှိ ရီမိသားစုသည် ၎င်းတို့၏အိမ်အစစ်ဖြစ်သည်။

နတ်စုန်းဂိုဏ်းသည် ချန်မင်ကမ္ဘာကိုကျူးကျော်ရန်ကြံစည်နေသည့်အတွက် ခွင့်လွှတ်နိုင်စရာမရှိချေ။ သို့သော်၎င်းတို့၏ လက်ရှိအင်အားနှင့်အနေအထားအရ တားဆီးရန်အရည်အချင်းမရှိသောကြောင့်

၎င်းတို့လုပ်နိုင်သမျှသည် ရီဖန်ထံအကြောင်းကြားခြင်းဖြစ်၏။ ထို့အပြင် ရှေ့တန်းတပ်ဖွဲ့၏ခေါင်းဆောင်ရာထူးကိုရယူခြင်းသည်အကောင်းဆုံးဖြစ်ကာ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်အလတ်များကိုရရှိရန် ပိုမိုလွယ်ကူမည်ဖြစ်သည်။

သူလျှိုတစ်ဦးအဖြစ်သရုပ်ဆောင်ခြင်းသည် ရီမိသားစု၏ အထူးကျွမ်းကျင်မှုဖြစ်သည့်အတွက် ဖော်ထုတ်ခံရမှာကိုစိုးရိမ်ရန် လုံးဝမလိုအပ်ချေ။ မည်သို့ကြောင်းကြားရမည်နှင့်ပက်သက်၍

ရီမိသားစုမှာကျင့်ကြံသူအားလုံး၏ စိတ်ဝိညာဉ်ပင်လယ်တွင် ပိုင်ဇယ်ချန်ထားခဲ့သည့် တံဆိပ်ခေါင်းတစ်ခုရှိသည်။ အချိန်ရောက်သောအခါတွင် ပိုင်ဇယ်ကိုအကြောင်းကြားနိုင်ကာ ပိုင်ဇယ်မှတစ်ဆင့် ရီဖန်ကိုအကြောင်းကြားခိုင်းရမည်။ နတ်စုန်းဂိုဏ်းမှကျင့်ကြံသူများသည် ချန်မင်ကမ္ဘာကိုမည်သို့ကျူးကျော်ရမည့်အကြောင်း အခြေအတင်ဆွေးနွေးနေကြချိန်တွင် ၎င်းတို့အထဲ၌ သစ္စာဖောက်ရှိနေသည်ကို မည်သူမျှမသိခဲ့ကြပေ။

………..

အခန်း ၁၉၁ - ချမ်းသာကြွယ်ဝသောမဟာတာအို

မကြာမီတွင်ပိုင်ဇယ်သည် ရီဖန်ကိုသွားရှာကာ ချန်မင်ကမ္ဘာကိုကျူးကျော်လာမည့် ကောင်းကင်စုန်းကမ္ဘာ၏အစီအစဉ်ကိုအသိပေးခဲ့၏။ ရီဖန်သည် ပြင်းပြင်းထန်ထန် မျက်မှောက်ကြုတ်လိုက်သည်။ တစ်ခဏတာငြိမ်းချမ်းစွာတိုးတက်ရန်အတွက် အခွင့်အရေးရရှိခဲ့သည်မှာ မကြာသေးဘဲ နောက်ထပ်ဒုက္ခရောက်ရှိလာတော့မည်။

၎င်းတို့သည်လမ်းကြောင်းကိုရှာဖွေတွေ့ရှိခဲ့သော်လည်း ကမ္ဘာနှစ်ခုကြားစစ်ပွဲလမ်းကြောင်းအဖြစ်ပြောင်းလဲရန်မှာ နှစ်တချို့ကြာဦးမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ကောင်းကင်စုန်းကမ္ဘာ၏တည်ရှိမှုသည် ရီမိသားစုအပေါ်တွင်ဓားတစ်စင်းကဲ့သို့ ချိတ်ဆွဲထားသောကြောင့် ရီဖန်ကိုစိတ်မသက်မသာဖြစ်စေသည်။ ဖြစ်နိုင်လျှင် ရီဖန်သည် စစ်ပွဲမစတင်မီကောင်းကင်စုန်းကမ္ဘာကို ဖျက်ဆီးပစ်လိုသည်။

သို့သော် ကံမကောင်းစွာဖြင့် ရီဖန်သည် လက်ရှိတွင်ထိုသို့လုပ်ဆောင်နိုင်စွမ်းမရှိပေ။

ရီကျင်းချုံထပ်ဆင့်ပေးပို့လာသောသတင်းကိုအခြေခံ၍ ဤကောင်းကင်စုန်းကမ္ဘာသည် စုန်းမျိုးနွယ်စု၏ အနှိုင်းမဲ့အင်မော်တယ်နယ်မြေမျှသာမဟုတ်ဘဲ လူ့မျိုးနွယ်စု၏ရှန်ဧကရာဇ်နှင့်ညီမျှသည့် စုန်းမျိုးနွယ်စု၏ဒဏ္ဍာရီလာ ကောင်းကင်ဧကရာဇ်အဆင့်ရှိသည်။ ထိုသို့သောအရာများသည် ရီဖန်ကို အလွယ်တကူစိတ်အနှောက်အယှက်ဖြစ်နေသည်။ ရီဖန်သည် စိတ်ထဲတွင်ကျိန်ဆဲလိုက်၏။

ငြိမ်းချမ်းစွာတိုးတက်ဖွံ့ဖြိုးလာနိုင်ရန်အတွက် သူသည်ရွှေအင်မော်တယ်နယ်ပယ်သို့ ဦးစွာဖြတ်ကျော်ရန်လိုအပ်ပုံပင်။ ထို့နောက် စတုရန်းလက်မတောင်တန်းနှင့်ပူးပေါင်းရမည်။

စတုရန်းလက်မတောင်တန်းကဲ့သို့ အင်အားကြီးသည့်အကာအကွယ်အောက်တွင် ရီမိသားစုကျင့်ကြံသူများသည် ငြိမ်းချမ်းစွာကျင့်ကြံနိုင်ကြမည်ဖြစ်သည်။

အတန်ကြာစဉ်းစားပြီးနောက် ရီဖန်သည် ရီကျင်းလုံနှင့် ရီကျင်းဖန်တို့ကိုဆင့်ခေါ်လိုက်သည်။ ရီဖန်သည် ဤကာလအတွင်း ရီမိသားစု၏ ဆေးပညာရှင်များနှင့် အင်မော်တယ်လက်နက်သန့်စင်သူများကို အပြည့်အဝလမ်းညွှန်ရန်စီစဉ်ထားသည်။ ၎င်းတို့သည် ဆေးပညာနှင့် အင်မော်တယ်လက်နက်သန့်စင်ခြင်းတို့တွင် ရှန်ထိပ်တန်းအဆင့်သို့ရောက်ရှိရန်မဝေးတော့ချေ။ ၎င်းအဆင့်ကိုအောင်မြင်ပြီးသည်နှင့် ထိပ်တန်းရှန်အဆင့်ဆေးလုံးနှင့် အင်မော်တယ်လက်နက်များကိုပြုလုပ်နိုင်မည်ဖြစ်သည်။

ပိုမိုကောင်းမွန်သောအရင်းအမြစ်များဖြင့် ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် ပိုမိုမြန်ဆန်လာမည်ဖြစ်သည်။

ယခုအချိန်တွင် ရီဖန်လုပ်ရမည့်အရာသည် ရီမိသားစုကျင့်ကြံသူများ၏ကျင့်ကြံမှုအဆင့်ကို တတ်နိုင်သမျှလျင်မြန်စွာမြှင့်တင်ရန်ဖြစ်သည်။ အင်ပါယာကိုးခုထံမှရရှိထားသော အရင်းအမြစ်များစွာဖြင့် ရီမိသားစု၏ကျင့်ကြံသူများသည် ကျင့်ကြံမှုအဆင့်ကိုအရှိန်မြှင့်တင်နိုင်သေးသည်။ ရီမိသားစုသည် တဖြည်းဖြည်းသိုသိပ်စွာနေထိုင်လာကြကာ မိသားစုအတွင်းကျင့်ကြံရေးအတွက်သာ အာရုံစိုက်ထားခဲ့သည်။

သို့ရာတွင် ၎င်းတို့၏လက်ရှိမိသားစုနယ်မြေသည်ယာယီသာဖြစ်၏။ ယခုအချိန်တွင် ရီမိသားစုသည် အရှေ့ဘက်တိုက်နယ်မြေကိုသိမ်းပိုက်လိုက်သည့်အတွက် ပိုမိုကောင်းမွန်သောကောင်းချီးနယ်မြေကို ၎င်းတို့၏မိသားစုနယ်မြေအဖြစ် ပြောင်းလဲနိုင်တော့မည်ဖြစ်ကာ မိသားစုနယ်မြေတာဝန်ကို ပြီးမြောက်ရန်အချိန်တန်ပြီဖြစ်သည်။

စွမ်းရည်မြင့်မားလာသော်လည်း ဉာဏ်အလင်းသည်ထပ်မံတိုးတက်လာခြင်းမရှိချေ။

ကျင့်ကြံမှုအဆင့်တိုးလာသည်နှင့်အမျှ ဉာဏ်အလင်းလိုအပ်မှုသည်လည်းများပြားလာ၏။

ကျင့်ကြံနည်းစနစ်နှင့် တာအိုအနုပညာကိုနားလည်မှုအရှိန်အဟုန် နှေးကွေးလာပြီဖြစ်ရာ ၎င်းကိုမြှင့်တင်ရန်အချိန်ရောက်လေပြီ။

ရီမိသားစုသည် ချမ်းသာကြွယ်ဝခြင်းမရှိသော်လည်း ရီမိသားစု၏စီးပွါးရေးဠာနခွဲ၏ခေါင်းဆောင်ဖြစ်သူ ရီကျင်းထျန်သည် မရပ်မနားကြိုးစားအားထုတ်လျက်ရှိ၏။ အရွက်တစ်ထောင်ဆေးခန်းသည် ယခင်ကနဂါးနက်အင်ပါယာတွင်သာတည်ရှိခဲ့သော်လည်း ယခုအချိန်တွင် ၎င်းသည် လျင်မြန်စွာကျယ်ပြန့်လာကာ အရှေ့ဘက်တိုက်နယ်မြေတစ်ခုလုံးသည် အရွက်တစ်ထောင်ဆေးခန်း၏ စီးပွါးရေးမြေပုံအတွင်းပါရှိသည်။ နေ့စဉ်ရရှိသောအမြတ်အစွန်းများစွာကိုမြင်လိုက်ရပြီးနောက် ရီကျင်းထျန်၏မျက်နှာပေါ်ရှိအပြုံးသည် ပို၍ပင်တောက်ပလာသည်။

ဂူအိမ်အတွင်းတွင် ရီကျင်းထျန်တစ်ဦးတည်းသာမြင်နိုင်သောရောင်ဝါတစ်ခုသည် ဦးခေါင်းထက်တွင်ပေါ်လာကာ သူ့ခန္ဓာကိုယ်ထဲသို့ ဖြည်းညှင်းစွာစီးဆင်းသွားသည်။ ထို့နောက်တွင် ရီကျင်းထျန်၏ကျင့်ကြံရေးအဆင့်သည် တဖြည်းဖြည်းတိုးမြင့်တက်လာ၏။

"စီးပွါးဖြစ်နယ်ပယ်ချဲ့ထွင်တာက ကျင့်ကြံမှုအဆင့်ကို ပိုပြီးတော့အရှိန်မြန်လာစေတာပဲ"

ရီကျင်းထျန်သည် သူ့လက်ထဲတွင် ရွှေတူံးတစ်တုံးကိုကိုင်ထားလျက်ပြောလိုက်သည်။

၎င်းကို ကျင့်ကြံသူတစ်ယောက်ယောက်မြင်ပါက ၎င်းရွှေတုံးသည် မဟာတာအိုကိုကိုယ်စားပြုကြောင်း တွေ့ရှိကာ အံ့အားသင့်သွားလိမ့်မည်။ ကြွယ်ဝချမ်းသာခြင်းတာအိုပညာသည် ဤနှစ်များအတွင်းရီကျင်းထျန်နားလည်ခဲ့သည့် ကူးသန်းရောင်းဝယ်ရေးဖြစ်၏။

စီးပွားရေးလမ်းကြောင်းချဲ့ထွင်လာသည်နှင့်အမျှ ကြွယ်ဝချမ်းသာခြင်းတာအိုသည် တဖြည်းဖြည်းပုံပေါ်လာသည်။ ရီဖန်သည် ရီကျင်းထျန်၏တိုးတက်မှုကိုမြင်လိုက်ပါက အံ့ဩသွားလိမ့်မည်။ ၎င်းသည် ကောင်းကင်အင်မော်တယ်နယ်ပယ်မှ ရွှေအင်မော်တယ်နယ်ပယ်သိူ့ဖြတ်ကျော်ရန်အတွက် တာအိုသစ်သီးနှင့်ပေါင်းစပ်ရန်သာလိုတော့သည်။

မဟာတာအိုကိုနားလည်ပုံချင်းကွဲပြားသောကြောင့် တာအိုသစ်သီးနှင့်ပေါင်းစပ်ခြင်းနည်းလမ်းသည်လည်း ကျင့်ကြံသူများအကြားကွာခြားမှုရှိသည်။ သို့သော်များသောအားဖြင့် တာအိုပညာနားလည်မှုကန့်သတ်ချက်သို့ရောက်မှသာလျှင် မဟာတာအိုကိုပုံပေါ်လာစေကာ တာအိုပန်းနှင့်ပေါင်းစည်းစေပြီးမှ တာအိုသစ်သီးနှင့်ပေါင်းစည်းနိုင်မည်ဖြစ်သည်။ ရီကျင်းထျန်၏လက်ထဲရှိရွှေတုံးလေးသည် အမှန်တကယ်ပင် တာအိုသစ်သီး၏သန္ဓေသားပုံစံဖြစ်သည်။

ငွေကိုကြိုက်နှစ်သက်သူများထံတွင် အလားအလာကောင်းများရှိသည်မှာသေချာ၏။ ချမ်းသာကြွယ်ဝမှုနောက်သို့လိုက်ရင်း ၎င်းတို့၏အောင်မြင်မှုများသည် မည်မျှထိတ်လန့်ဖွယ်ကောင်းသည်ကို မည်သူမျှမခန့်မှန်းနိုင်ကြချေ။ ရွှေတုံးကိုပြန်သိမ်းလိုက်ပြီးနောက် ရီကျင်းထျန်သည် အရွက်တစ်ထောင်ဆေးခန်းကိုတိုးချဲ့ရန် အာရုံပြန်စိုက်ခဲ့သည်။ အရွက်တစ်ထောင်ဆေးခန်း၏ခြေရာသည် အရှေ့ဘက်တိုက်နယ်မြေတစ်ခုလုံးကို ပျံ့နှံ့သွားသည်နှင့်တစ်ပြိုင်နက်ချမ်းသာကြွယ်ဝခြင်းတာအိုသည် ပြီးပြည့်စုံသည့် အသွင်ပြောင်းမည့်အချိန်ဖြစ်ကြောင်း ခံစားမိသည်။

သို့သော်ဘဝသည် အမြဲတမ်းအတက်နှင့်အကျရှိသောကြောင့် ကြီးမားသောလှိုင်းနှင့်တူသည်။ ၎င်း၏ တိုးချဲ့မှုအစီအစဉ်များလုပ်ဆောင်နေချိန်တွင် ဆေးခန်း၌မမျှော်လင့်ထားသော ပြဿနာတစ်ခုပေါ်လာခဲ့သည်။ "ဆေးခန်းပိုင်ရှင်ရေ၊ မကြာသေးဘူး ချန်ကျင်းဆေးခန်းတစ်ခုပေါ်လာပြီးတော့ ကျွန်တော်တို့ အရွက်တစ်ထောင်ဆေးခန်းက လုပ်ငန်းတချို့ကိုလုယူသွားတယ်"

တစ်စုံတစ်ယောက်သည် ၎င်းတို့၏စီးပွါးရေးနယ်မြေကို လုယူနေသလော။ ရီကျင်းထျန်သည် တစ်ခဏမျှအံ့အားသင့်သွားသည်။ ရီကျင်းထျန်သည် လက်ရှိတာ့ယွီအင်ပါယာရှိ မည်သည့်ကုန်သွယ်ရေးလုပ်ငန်းမဆို အရွက်တစ်ထောင်ဆေးခန်းနှင့် ယှဉ်နိုင်မည်ဟုမထင်ချေ။ အရွက်တစ်ထောင်ဆေးခန်းသည် ရီမိသားစုမှ ဆေးပညာနှင့် အင်မော်တယ်ပစ္စည်းသန့်စင်ခြင်းပညာကို ကျောထောက်နောက်ခံအဖြစ်ရရှိထားသည်။ ၎င်းတို့နှစ်ခုလုံး၏ပံ့ပိုးမှုဖြင့် အရွက်တစ်ထောင်ဆေးခန်း၏ထုတ်ကုန်များသည် အရည်အသွေးနှင့်အရေအတွက်အရ အခြားကုန်သွယ်လုပ်ငန်းများထက်သာလွန်သည်။

"ဘာက ငါတို့ရဲ့အရွက်တစ်ထောင်ဆေးခန်းနဲ့ မယှဉ်နိုင်တာလဲ"

ရီကျင်းထျန်သည် အနည်းငယ်စိတ်တိုသွား၏။ ၎င်း၏လက်အောက်ခံ ဆေးခန်းပိုင်ရှင်များသည် ၎င်းကိုမကိုင်တွယ်နိုင်ပါကအစားထိုးပစ်ရမည်။ အရင်းအမြစ်များကိုမှီခို၍ အခြားကုန်သွယ်လုပ်ငန်းစုများကိုမယှဉ်နိုင်ပါက အရင်းအမြစ်များကိုဖြုန်းတီးခြင်းမှရှောင်ရှားရန် ထုတ်ပယ်ပစ်မည်ဖြစ်၏။

"ဆေးခန်းပိုင်ရှင်၊ ငါတို့မယှဉ်နိုင်တာမဟုတ်ဘဲ ဒီချန်ကျင်းဆေးခန်းက ယုတ်မာနေတာ"

အကြောင်းအရာအပြည့်အစုံကိုကြားပြီးနောက် ရီကျင်းထျန်သည် အရွက်တစ်ထောင်ဆေးခန်းအဘယ်ကြောင့် ရှုံးနိမ့်ခဲ့သည်ကို နားလည်သဘောပေါက်သွားသည်။ မလိုလားအပ်သည့်ဘောင်ခတ်ခြင်း၊ ပူးပေါင်းခြင်းနှင့် နှိမ်နှင်းခြင်းစသည့်နည်းလမ်းများမှာလွဲ၍ ဤချန်ကျင်းဆေးခန်းသည်ဘာမှမရှိချေ။ အရွက်တစ်ထောင်ဆေးခန်းသည် အစွယ်မပြဘဲနူးညံ့နေခဲ့သဖြင့် ၎င်းတို့၏ပစ်မှတ်ဖြစ်လာခြင်းပင်။

ရီကျင်းထျန်သည် စီးပွါးရေးကို စီးပွါးရေးနှင့်တူအောင် ဆောင်ရွက်ခြင်းအပေါ်တွင်အမြဲယုံကြည်ခဲ့သောကြောင့် ပြိုင်ဘက်များကိုအနိုင်ယူရန်အတွက် စီးပွါးရေးနည်းလမ်းကိုသာအသုံးပြုခြင်းသည်တရားနည်းလမ်းကျကာ ရီကျင်းထျန်၏မဟာတာအိုတိုးတက်မှုကို ကူညီပေးနိုင်သည်။ အခြားနည်းလမ်းများကိုအသုံးပြုပါက ၎င်းသည် ရီကျင်းထျန်၏မဟာတာအိုကိုညစ်နွမ်းစေလိမ့်မည်။

စီးပွါးရေးလမ်းကြောင်းမှသွေဖယ်ကာ အသုံးချလိုလျှင် ရီရှောင်းရှောင်း၏စကားတစ်ခွန်းတည်းဖြင့် တာ့ယွီအင်ပါယာ၏ကုန်သွယ်မှုတစ်ခုလုံးသည် အရွက်တစ်ထောင်ဆေးခန်း၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိမည်၏။ ရီကျင်းထျန်သည် အဒေါ်ဖြစ်သူက ၎င်း၏တောင်းဆိုချက်ကို ငြင်းပယ်မည်မဟုတ်မှန်းသေချာသိသည်။ ရီကျင်းထျန်မကျေမနပ်ဖြစ်နေရသည့်အကြောင်းမှာ

ဤချန်ကျင်းဆေးခန်းသည် တာ့ယွီအင်ပါယာတွင် ကြီးမားသောအင်အားစုကို ကျောထောက်နောက်ခံအဖြစ်ရရှိထားသောကြောင့် မဆင်မခြင်ပြုနေခြင်းကိုဖြစ်၏။ ၎င်းကိုကုန်သွယ်ရေးလုပ်ငန်းဟုခေါ်ဆိုမည့်အစား အာဏာရှင်၏ရုပ်သေးတစ်ခုဟုခေါ်ဆိုခြင်းက ပိုသင့်တော်လိမ့်မည်။

“ဌာနခွဲတစ်ခုစီက ဆေးခန်းပိုင်ရှင်တွေကို ကိုယ်ပိုင်လုပ်နည်းနဲ့ပဲဖြေရှင်းခိုင်းလိုက်၊ အဲတာကသူတိူ့အတွက် စမ်းသပ်ချက်တစ်ခုပဲ”

ရီကျင်းထျန်သည် များစွာစိတ်မပူချေ။ အဖြူလမ်းကိုရွေးသည်ဖြစ်စေ အမည်းလမ်းကိုရွေးသည်ဖြစ်စေ ရီကျင်းထျန်သည်ကြောက်ရွံ့ခြင်းမရှိချေ။ ယခုအချိန်တွင် အရွက်တစ်ထောင်ဆေးခန်းကို ဆက်လက်တိုးချဲ့ရန်သာလိုတော့သည်။ ရက်ချီ နှစ်ချီကြာမြင့်လာပြီးသည့်နောက်တွင် အရွက်တစ်ထောင်ဆေးခန်းသည် နာမည်ကောင်းရလာခဲ့၏။

ကျင့်ကြံသူအများစုသည် အရွက်တစ်ထောင်ဆေးခန်းနှင့် ချန်ကျင်းဆေးခန်းကြား ရွေးချယ်ရန်တုံ့ဆိုင်းမနေတော့ဘဲ အရွက်တစ်ထောင်ဆေးခန်းကိုသာ တိုက်ရိုက်ရွေးချယ်မည်ဖြစ်သည်။

အစောပိုင်းကျရှုံးမှုများသည် အရွက်တစ်ထောင်ဆေးခန်းမှသတိမမူမိခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့အလေးအနက်ထားလိုက်သည်နှင့် ချန်ကျင်းဆေးခန်းသည် ချက်ချင်းရှုံးနိမ့်သွား၏။

ယခင်က ကောင်းမွန်စွာလည်ပတ်နေသောလုပ်ငန်းသည် ညတွင်းချင်းဒေဝါလီခံလိုက်ရ၏။

တာ့ယွီမြို့ရှိ ဝေလငါးနက်အစောင့်တပ်ခေါင်းဆောင်၏နေအိမ်တွင် ကျင့်ကြံသူအုပ်စုတစ်စုသည် ၎င်းတို့၏မျက်နှာများပေါ်တွင်စိုးရိမ်သောအမူအရာဖြင့် အစီရင်ခံစာကိုကြည့်ရှုနေကြသည်။

အရွက်တစ်ထောင်ဆေးခန်းသည် ဤမျှအစွမ်းထက်မြက်မြက်ကာ ၎င်းတို့အချိန်အတော်ကြာပြင်ဆင်နေခဲ့သည့် ချန်ကျင်းဆေးခန်းကိုအနိုင်ယူနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြချေ။

………

အခန်း ၁၉၂ - အရွက်တစ်ထောင်ဆေးခန်း၏ စီးပွါးရေးလမ်းစဉ်များ

တာ့ယွီအင်ပါယာ၏စစ်တပ်ဆယ်ခုထဲမှတစ်ခုဖြစ်သော ဝေလငါးနက်အစောင့်တပ်၏ခေါင်းဆောင်ကို တာ့ယွီအင်ပါယာရှိအဆင့်မြင့်အရာရှိတစ်ဦးအဖြစ် မှတ်ယူနိုင်ကာ ၎င်းသည်ဒုတိယအဆင့် အကြီးတန်းအရာရှိတစ်ဦးဖြစ်၏။ ဝေလငါးနက်အစောင့်တပ်ခေါင်းဆောင်မောက်ရှုကျဲသည် မူလကတာ့ယွီအင်ပါယာမှကျင့်ကြံသူမဟုတ်ဘဲ နောက်ပိုင်းတွင်ပါဝင်လာခြင်းဖြစ်၏။

ကမ္ဘာ့အင်မော်တယ်နယ်ပယ်အဆင့်ရှိ သူ၏ကျင့်ကြံမှုအဆင့်ဖြင့် ၎င်းအတွက်အလွန်တင့်တယ်လျောက်ပတ်သော အဆင့်အတန်းကိုရရှိခဲ့သည်။

သို့သော်၎င်း၏ပါဝင်မှုနောက်ကျသွားသဖြင့် တာ့ယွီအင်ပါယာအတွင်းရှိ မောက်ရှုကျဲ၏အဆင့်အတန်းသည် အလွန်မြင့်မားခြင်းမရှိပေ။ ၎င်းသည် သူ့ကိုစီးပွါးရေးအခွင့်အလမ်းများစွာ လက်လွတ်ဆုံးရှုံးစေခဲ့သည်။

ကျင့်ကြံရေးအဆင့်တိုးမြှင့်ရန်အတွက် အရေးကြီးဆုံးအချက်သည် အရင်းအမြစ်များဖြစ်၏။

အချိန်အတော်ကြာဂရုတစိုက်လေ့လာပြီးနောက် မောက်ရှုကျဲသည် နဂါးနက်အင်ပါယာရှိ မထင်မရှားမြို့ငယ်လေးတစ်ခုမှ ထွက်ပေါ်လာသောစီးပွားရေးလုပ်ငန်းတစ်ခုသည် အရင်းအမြစ်များစွာကိုစုဆောင်းရရှိကာ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်လာသည်ကို အံ့အားသင့်ဖွယ်တွေ့ရှိခဲ့သည်။ ၎င်းတို့နေ့စဉ်ရရှိသော အရင်းအမြစ်ပမာဏသည် ကမ္ဘာအင်မော်တယ်အဆင့်ကျင့်ကြံသူကိုပင် မနာလိုစိတ်ကြောင့်စိမ်းသွားစေလိမ့်မည်ဖြစ်သည်။ ဤရှာဖွေတွေ့ရှိမှုသည် မောက်ရှုကျဲ၏အတွေးအချို့ကို နှိုးဆွပေးခဲ့သည်။

အင်အားကြီးပုဂ္ဂိုလ်များကိုရန်စခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် မောက်ရှုကျဲသည် အချိန်အတော်ကြာစေ့စေ့စပ်စပ်စူးစမ်းလေ့လာခဲ့သည်။ အရွက်တစ်ထောင်ဆေးခန်းတွင် ကြီးမားသောကျောထောက်နောက်ခံမရှိဟု အတည်ပြုပြီးသည်နှင့်တပြိုင်နက် သစ်ရွက်တစ်ထောင်ဆေးခန်းကို သိမ်းပိုက်ရန်ရည်ရွယ်လျက် ချန်ကျင်းဆေးခန်းကိုချက်ချင်းတည်ထောင်ခဲ့သည်။ အရွက်တစ်ထောင်ဆေးခန်းသည် ချန်ကျင်းဆေးခန်းကို ၎င်းတို့၏စွမ်းရည်ဖြင့် အနိုင်ယူနိုင်ခဲ့သည်ကို သိရှိပြီးနောက် မောက်ရှုကျဲသည် စိတ်မဆိုးဘဲ ပို၍ပင်သဘောကျသွားသည်။ ဤအရာသည် အရွက်တစ်ထောင်ဆေးခန်း၏ ငွေရှာနိုင်မှုစွမ်းရည်မှာ သူမျှော်လင့်ထားသည်ထက်များစွာသာလွန်ကြောင်း သက်သေပြနေ၏။

အရွက်တစ်ထောင်ဆေးခန်းပိုင်ရှင်ရီကျင်းထျန်သည် ကျွမ်းကျင်စွာငွေရှာနိုင်သည့်စွမ်းရည်ရှိကြောင်း ကြားသိထားသဖြင့် အရွက်တစ်ထောင်ဆေးခန်းကို သိမ်းပိုက်သောအခါတွင် ၎င်းကိုစောင့်ရှောက်ထားရန်ဆုံးဖြတ်ခဲ့သည်။ ထိုသို့စဉ်းစားပြီးနောက် မောက်ရှုကျဲသည်

“ငါတို့စီးပွါးရေးအရ မယှဉ်ပြိုင်နိုင်မှတော့ တခြားအားသာချက်တွေကို နှိုင်းယှဉ်ကြည့်ကြတာပေါ့။ ငါ့အမိန့်နဲ့ လူသားအင်မော်တယ်အဆင့်ကျင့်ကြံသူတချို့ စေလွှတ်လိုက်မယ်၊ ဒါပေမယ့် ရီကျင်းထျန်ကို မထိခိုက်စေဖို့မမေ့ကြနဲ့၊ အနာဂတ်မှာ ချန်ကျင်း ဆေးခန်းအတွက် သူ့ကိုထိန်းချုပ်ထားဖို့လိုတယ်"

အရည်အချင်းသည် နေရာတကာတွင်တန်ဖိုးထားခြင်းခံရ၏။ မောက်ရှုကျဲသည် ရီကျင်းထျန်ကို မည်သို့အနိုင်ယူရမည်ကိုစဉ်းစားရင်း အဝေးသို့မျှော်ကြည့်နေသည်။ သို့သော် သူရီကျင်းထျန်ကိုအနိုင်မယူမီ ချမ်းသာကြွယ်ဝမှုသည် အင်အားနှင့်ခွဲခြား၍မရကြောင်း ရီကျင်းထျန်နားလည်လာအောင်ပြုလုပ်ရမည်။ စည်းစိမ်ဥစ္စာမည်မျှပင်ရှိစေကာမူ အင်အားမရှိလျှင် စုဆောင်းထားသောစည်းစိမ်ဥစ္စာများသည် သူတပါးအကျိုးအတွက်သာဖြစ်သွားလိမ့်မည်။ အရွက်တစ်ထောင်ဆေးခန်းသည် နဂါးနက်အင်ပါယာ၏ အရှေ့ဧကရာဇ်မြို့၌စတင်ခဲ့သည်ဖြစ်ရာ ထိုအရှေ့ဧကရာဇ်မြို့ဖြင့်စတင်ကာ အရွက်တစ်ထောင်ဆေးခန်းကို အပြီးတိုင်ဖျက်ဆီးပစ်ရမည်။

……..

အရှေ့ဧကရာဇ်မြို့အပြင်ဘက်ရှိ ရီမိသားစုနယ်မြေအတွင်းတွင်

ဆယ်စုနှစ်တစ်ခုတွင်တစ်ကြိမ်သာကျင်းပသော ရီမိသားစုအစည်းအဝေးကိုနိဂုံးချုပ်လိုက်ပြီးဖြစ်ကာ

ရီဖန်သည် ရီကျင်းချုံထံမှအကြောင်းကြားစာကို ရီမိသားစု၏အဖွဲ့ဝင်အားလုံးထံသို့ ပြန်လည်ပြောပြခဲ့သည်။ ကောင်းကင်စုန်းကမ္ဘာသည် လက်ရှိရီမိသားစုအတွက် အလွန်အစွမ်းထက်လွန်းသည်။

အကယ်၍ကောင်းကင်စုန်းကမ္ဘာသည် အားအနည်းဆုံးဖြစ်သည့် အရှေ့ဘက်တိုက်နယ်မြေကိုပစ်မှတ်ထားမည်ဆိုပါက ၎င်းသည်ရီမိသားစုအတွက် ကြီးမားသောပြဿနာတစ်ခုဖြစ်လာနိုင်သည်။

ရီမိသားစုတွင် နယ်ပယ်တစ်ထောင်၏တံခါးပေါက်ရှိသောကြောင့် အချိန်မရွေးပြောင်းရွေ့နိုင်သော်လည်း

၎င်းတို့သည်အရှေ့ပိုင်းနယ်မြေတွင်တည်ထောင်ခဲ့သော ကြီးမားသည့်အခြေခံအုတ်မြစ်ကို စွန့်လွှတ်ရန်ဆန္ဒမရှိခဲ့ကြပေ။ ထို့ကြောင့်ရီမိသားစုသည် ဤကာလအတွင်း ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကိုမြှင့်တင်ရန် ကြိုးပမ်းရမည်ဖြစ်၏။ အကယ်၍၎င်းတို့သည် အခြားမိသားစုငယ်များဖြစ်ပါက အချိန်တိုအတွင်း၎င်းတို့၍ကျင့်ကြံမှုအဆင့်ကို တိုးမြှင့်နိုင်မည်မဟုတ်ပေ။

သို့သော် ရီမိသားစုသည် ထိုကန့်သတ်ချက်များအတွက်စိုးရိန်ရန်မလိုအပ်ချေ။ အလုံအလောက်အရည်အချင်းနှင့် အရင်းအမြစ်များဖြင့် အချိန်အလုံအလောက်ရှိနေသရွေ့ ရီမိသားစု၏ကျင့်ကြံမှုအဆင့်သည် လျင်မြန်စွာတိုးတက်လာနိုင်သည်။

လက်ရှိရီမိသားစုသည် သက်ရှည်ဂိုဏ်း၊ အရွက်တစ်ထောင်ကျောင်းတော်၊ အရွက်တစ်ထောင်ဆေးခန်းနှင့် တာ့ယွီအင်ပါယာစသည်ဖြင့် အင်အားစုကြီးလေးခုကိုစီမံခန့်ခွဲလျက်ရှိကာ တစ်ခုစီသည် အရှေ့ဘက်တိူက်နယ်မြေ၏ထိပ်တန်းအင်အားစုများဖြစ်ကြသည်။ အနှစ်တစ်ရာကျော် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ၎င်းတို့သည် အခြားတိုက်ကြီးများသို့ချီတက်ရန် စဉ်းစားနိုင်မည်ဖြစ်၏။

မိသားစုတိုးတက်ရေးတွင် တိုးတက်မှုမရှိပါက ဆုတ်ယုတ်သွားလိမ့်မည်ဖြစ်သည်။ အကယ်၍၎င်းတို့သည် အရှေ့ဘက်တိုက်နယ်မြေတွင်ထာဝရပိတ်မိနေပါက ရီမိသားစုသည် ခြေတစ်လှမ်းနောက်ပြန်ဆုတ်သွားမည်ဖြစ်သည်။ ထို့အပြင် ရီဖန်သည် ရီကျင်းထျန်ကို ပစ္စည်းများပိုမိုစုဆောင်းထားရန်မှာကြားခဲ့သည်။ မကြာမီတွင် ဆေးပညာနှင့် အင်မော်တယ်လက်နက်သန့်စင်ခြင်းနည်းပညာသည် ထိပ်တန်းရှန်အဆင့်သို့ ဖြတ်ကျော်နိုင်မည်ဖြစ်ရာ အကယ်၍ပစ္စည်းများကြိုတက်မပြင်ဆင်ထားလျှင် နည်းပညာရှိသော်လည်းပစ္စည်းများမရှိပါက အမှန်တကယ်စိတ်ပျက်စရာဖြစ်သွားလိမ့်မည်။ လူတိုင်းထွက်ခွါသွားပြီးနောက်တွင် ရီမိသားစုသည် ဧရာမစက်ကြီးတစ်ခုကဲ့သို့ ချက်ချင်းစတင်လည်ပတ်လာသည်။ လူတိုင်းသည် ရီမိသားစု၏စွမ်းအားကို တိုးတက်စေရန်အတွက် ၎င်းတို့၏ကိုယ်ပိုင်အင်အားဖြင့်ပံ့ပိုးပေးကြသည်။

ချန်မင်ကမ္ဘာရှိ အရွက်တစ်ထောင်ဆေးခန်း၏ ဌာနချုပ်သည် အရှေ့ဧကရာဇ်မြို့၌သာရှိနေဆဲပင်။

၎င်းသည်အလှပဆုံးမဟုတ်သော်လည်း ဤနေရာတွင် အရွက်တစ်ထောင်ဆေးခန်းသည် ချန်မင်ကမ္ဘာရှိဆေးခန်း၏မူလနေရာဖြစ်သည့်အတွက် အလွန်အရေးပါသည်။

နယ်ပယ်တစ်ထောင်ရှိအရွက်တစ်ထောင်ဆေးခန်း၏ ဌာနချုပ်အတွက်မူ ရီကျင်းထျန်သည် ရန်ဟွမ်နယ်မြေတွင်အခြေစိုက်မည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သည်။ ရန်ဟွမ်နယ်မြေသည် မဇ္စျိမကမ္ဘာတစ်ထောင်မျှသာဖြစ်သော်လည်း အရွက်တစ်ထောင်ဆေးခန်းသည် ကောင်းကင်ဘုံအနှံ့သို့ပျံ့နှံ့သွားသောအခါ ရန်ဟွမ်နယ်ပယ်သည်မဇ္စျိမကမ္ဘာတစ်ထောင်မျှသာဖြစ်သည်ကို မည်သူကဂရုစိုက်မည်နည်း။

အရွက်တစ်ထောင်ဆေးခန်းသို့ ပြန်ရောက်ပြီးနောက် ရီကျင်းထျန်သည် အရွက်တစ်ထောင်ဆေးခန်းပိုင်ရှင်အားလုံးကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။

"ရှန်အဆင့်ရှိတဲ့ အရည်အသွေးမြင့် အင်မော်တယ်လက်နက်သန့်စင်ခြင်းနဲ့ ဆေးပညာအတွက် ပစ္စည်းတွေစုဆောင်းထားကြ"

၎င်းကိုကြားသည့်အခါတွင် ဆိုင်ရှင်သည်ချက်ချင်းစိတ်လှုပ်ရှားသွား၏။ အကယ်၍ အရွက်တစ်ထောင်ဆေးခန်းသည် ထိပ်တန်းအရည်အသွေးရှိသောဆေးလုံးများနှင့် အင်မော်တယ်လက်နက်များကို ရောင်းချနိုင်ခဲ့ပါက ၎င်း၏အဆင့်အတန်းသည် အရှေ့ဘက်တိုက်နယ်မြေ၏ စံနှုန်းကိုပင်ကျော်လွန်သွားမည်ဖြစ်ကာ အရွက်တစ်ထောင်ဆေးခန်း၏ပိုင်ရှင်အတွက်လည်း အကျိုးရှိမည်ဖြစ်သည်။

ဤဆိုင်ရှင်များသည် ရီမိသားစု၏တတိယနှင့် စတုတ္ထမျိုးဆက်ကျင့်ကြံသူများဖြစ်ကြကာ အချို့သည် ရီကျင်းထျန်ရှာဖွေတွေ့ရှိထားသော စီးပွါးရေးစွမ်းရည်ရှိသည့်ကျင့်ကြံသူများဖြစ်သည်။ ၎င်းတို့၏ကံကြမ္မာသည် အရွက်တစ်ထောင်ဆေးခန်းနှင့် ခိုင်မြဲစွာချည်နှောင်ထားသောကြောင့် ဆေးခန်းကိုဆက်လက်ရှင်သန်ကြီးထွားလာနိုင်ရန် မျှော်လင့်ကြသည်။ ရီကျင်းထျန်အစည်းအဝေးပြုလုပ်နေသည့်အချိန်တွင် မထင်မှတ်ထားသောဧည့်သည်တစ်ဖွဲ့သည် အရွက်တစ်ထောင်ဆေးခန်း၏ဌာနချုပ်ဆီသို့ရောက်ရှိလာသည်။

“ဒါက အရွက်တစ်ထောင်ဆေးခန်းရဲ့ ဌာနချုပ်လား။ အရမ်းတောဆန်တာပဲ”

လုချွမ်ခိုင်၏မျက်လုံးထဲတွင် အထင်အမြင်သေးသောအရိပ်အမြွက်များရှိနေသည်။

ချန်ကျင်းဆေးခန်း၏ပိုင်ရှင်တစ်ဦးဖြစ်ကာ ဝေလငါးနက်အစောင့်တပ်ခေါင်းဆောင်ဖြစ်သူ မောက်ရှုကျဲ၏ကျောထောက်နောက်ခံကိုရရှိထားသောကြောင့် လုချွမ်ခိုင်သည် အရွက်တစ်ထောင်ဆေးခန်းကို အလေးအနက်မထားဘဲ ကျေးလက်ဒေသမှစတင်ခဲ့သော လုပ်ငန်းငယ်တစ်ခုအဖြစ်သာသတ်မှတ်ထားသည်။

အင်အားကြီးသူတစ်ဦး၏ပံ့ပိုးကူညီမှုမရှိဘဲ ၎င်းတို့သည် လူအချို့၏အမြင်တွင် ငွေရှာစက်တစ်ခုထက်မပိုချေ။ ယခုဤငွေရှာစက်သည်ရင့်မှည့်လာပြီဖြစ်ရာ တစ်စုံတစ်ယောက်အတွက် အကျိုးအမြတ်များ ရိတ်သိမ်းရမည့်အချိန်ဖြစ်သည်။

"မင်းတို့ ဆေးခန်းပိုင်ရှင်ကိုထွက်လာဖို့ပြောလိုက်၊ ချန်ကျင်းဆေးခန်းရဲ့ ဆေးခန်းပိုင်ရှင်က တွေ့ချင်တယ်လို့ပြောလိုက်စမ်း"

လုချွမ်ခိုင်ပြောနေစဉ်တွင် သူ့နောက်ဘက်ရှိလူသားအင်မော်တယ်အဆင့်ကျင့်ကြံသူအနည်းငယ်သည် ၎င်းတို့၏ရောင်ဝါကိုချက်ချင်းထုတ်လွှတ်ကာ အရွက်တစ်ထောင်ဆေးခန်းမှ ကျင့်ကြံသူအများအပြားကိုဖိအားပေးနေသည်။

ဆိုင်ရှင်သည်မျက်မှောင်ကြုတ်လိုက်သော်လည်း ၎င်းတို့၏ရောင်ဝါကိုများစွာဂရုစိုက်ပုံမပေါ်ချေ။

အရွက်တစ်ထောင်ဆေးခန်းမှဆိုင်ရှင်တိုင်းသည် လူသားအင်မော်တယ်ကျင့်ကြံသူများဖြစ်ကြရာ ချန်ကျင်းဆေးခန်းမှသူများသည် အဘယ်ကြောင့်ဤမျှမောက်မာနေကြသည်ကို သူနားမလည်ပေ။ သို့သော် ရီကျင်းထျန်သည် ချန်ကျင်းဆေးခန်းနှင့်ပတ်သက်သောအကြောင်းအရာကို ပြောထားပြီးဖြစ်သည့်အတွက်

၎င်းတို့ကို ရီကျင်းထျန်နှင့်တွေ့ခွင့်ပေးလိုက်မည်သာ။

"မင်းတို့ဒီမှာစောင့်နေ၊ ငါတို့ ဆေးခန်းပိုင်ရှင်ကိုအကြောင်းကြားမယ်”

ထိုသို့ပြောပြီးသည်နှင့်ဆိုင်ရှင်သည် ဆေးခန်းအနောက်ဖက်ဆီသို့ ပြန်ဝင်သွားသည်။

ဆုတ်ခွာသွားသောဆိုင်ရှင်ကိုကြည့်ရင်း လုချွမ်ခိုင်စိတ်ထဲတွင်တစ်ခုခုလွဲနေပြီဟု ခံစားလိုက်ရသည်။ ၎င်းတို့ လူ့အင်မော်တယ်ကျင့်ကြံသူအများအပြား၏ခြိမ်းခြောက်မှုသည် ဆိုင်ရှင်အပေါ်တွင် လုံးဝသက်ရောက်မှုရှိပုံမပေါ်ချေ။ ဤဆိုင်ရှင်၏ ကျင့်ကြံမှုအဆင့်သည်လည်းမနိမ့်ကျပုံရသည်။

၎င်းတို့၏စုံစမ်းရှာဖွေထားမှုနှင့်ဆန့်ကျင်ဘက်ဖြစ်စွာ အရွက်တစ်ထောင်ဆေးခန်းတွင် အင်အားကြီးပုဂ္ဂိုလ်အချို့ရှိနိုင်သည်။

အရှေ့ဘက်တိုက်နယ်မြေတွင် လူသားအင်မော်တယ်ကျင့်ကြံသူသည် အားနည်းသည်ဟုမယူဆနိုင်ချေ။

ကမ္ဘာ့အင်မော်တယ်နယ်ပယ်အတွက်မူ ၄င်းတို့ကိုထိပ်တန်းစွမ်းအားရှင်များအဖြစ်ပင်မှတ်ယူနိုင်သည်။ ဤဆိုင်ရှင်၏ပုံစံသည် လုချွမ်ခိုင်၏စိတ်ထဲတွင် အနည်းငယ်မွန်းကြပ်သွားစေ၏။ ဤကဲ့သို့အံ့အားသင့်စရာများမရှိနေသင့်ချေ။ လုံးဝပင်!

အကယ်၍အရွက်တစ်ထောင်ဆေးခန်းသည် အမှန်တကယ်နောက်ခံအင်အားရှိနေပါက ချန်ကျင်းဆေးခန်းသည် ၎င်းတို့ယှဉ်ပြိုင်နေစဉ်အတွင်း ယုတ်မာခဲ့ချိန်တုန်းက အဘယ်ကြောင့်အင်အားဖြင့်လက်တုံ့ပြန်ခြင်းမပြုသနည်း။ အရွက်တစ်ထောင်ဆေးခန်းသည် အားနည်း၍ စီးပွါးဖြစ်နည်းလမ်းဖြင့်သာတန်ပြန်နိုင်သောကြောင့်သာ ဖြစ်ရမည်။ လုချွမ်ခိုင်သည် သူ့ကိုယ်သူနှစ်သိမ့်နေသည့်အတောအတွင်း အရွက်တစ်ထောင်ဆေးခန်း၏တိတ်ဆိတ်ငြိမ်သက်နေမှုသည် သူ့စိတ်ကိုမငြိမ်မသက်ဖြစ်လာစေသည်။

……..

All Chapters