အခန်း ၂၁၁-၂၁၃
Vol. 15 Ch. 211-213
အခန်း ၂၁၁ - အိုးဟိုင်၏နှလုံးပျက်ဆီးသွားခြင်း
အိုးဟိုင်သည် ရီရှင်းလုံကို မိုင်တစ်ရာအကွာမှလှမ်းကြည့်နေလျက် ၎င်း၏မျက်လုံးထဲတွင် ကြောက်ရွံ့မှုဖြင့်ပြည့်နှက်နေသည်။ တစ်ချိန်တည်းတွင် ၎င်း၏ တာအိုနှလုံးသားစတင်ပျက်ဆီးလာပြီဖြစ်ကြောင်းကို ရုတ်တရက်သတိပြုမိလိုက်သည်။ ၎င်း၏ အပြင်းထန်ဆုံးတိုက်ခိုက်မှုသည် ရန်သူ၏ခံစစ်ကိုပင် ချိုးဖျက်နိုင်စွမ်းမရှိခဲ့ချေ။ အဓိကအချက်မှာ ရန်သူ၏ကျင့်ကြံရေးအဆင့်သည် မိမိထက်ပင် နိမ့်ကျနေခြင်းဖြစ်၏။ ဤကဲ့သို့သောတိုက်ခိုက်မှုအောက်တွင် မည်သူကမကျရှုံးဘဲနေနိုင်မည်နည်း။
ရီရှင်းလုံသည် ရုတ်တရက်လှည့်လာကာ အိုးဟိုင်ကိုစိုက်ကြည့်နေရာ အိုးဟိုင်သည် ၎င်း၏အကြည့်အောက်တွင် သူ့တစ်ကိုယ်လုံးအေးခဲသွားသကဲ့သို့ ခံစားလိုက်ရသောကြောင့် ချက်ချင်းနောက်ဆုတ်သွားခဲ့သည်။ သူသည် ယခင်အကြိမ်ကဆုတ်ခွာခဲ့သည်ထက် မိုင် ၂၀၀ ပိုဝေးသည်အထိ နှစ်ဆဆုတ်ခွါသွားသည်။ မိုင်တစ်ရာမျှအကွာအဝေးသည် အိုးဟိုင်ကို လုံခြုံသည့်ခံစားချက်ကိုမပေးထားနိုင်တော့ချေ။
သို့သော် နောက်တစ်ခဏ၌ ရီရှင်းလုံသည် အိုးဟိုင်၏နောက်ဘက်သို့ ချက်ချင်းရောက်ရှိလာသည်။ အိုးဟိုင်သည် ရီရှင်းလုံကို လုံးဝပင်မမြင်လိုက်ရပေ။ ထိုအချိန်အတွင်း အိုးဟိုင်၏စိတ်ထဲတွင် ကြောက်စရာကောင်းသည့်အတွေးတစ်ခု ရုတ်တရက်ပေါ်လာ၏။ ယခင်တိုက်ပွဲတွင် ရီရှင်းလုံသည် သူ့အမြန်နှုန်းကို မမှီနိုင်သောကြောင့်မဟုတ်ဘဲ သူ့ကိုတိုက်ရိုက်တိုက်ခိုက်ရန်အတွက် ၎င်း၏အရှိန်ကိုအသုံးပြုရမည်ကို ပျင်းရိနေခြင်းသာဖြစ်သည်။ ၎င်း၏ခံစစ်တစ်ခုတည်းနှင့်ပင် အိုးဟိုင်ကိုချေမှုန်းနိုင်သည်ဖြစ်ရာ ၎င်း၏အမြန်နှုန်းကိုအသုံးပြုရန်မလိုချေ။
ရီရှင်းလုံ လက်ရှိပြသနေသည့်အမြန်နှုန်းသည်သာ အစစ်အမှန်ဖြစ်သည်။ နောက်တစ်ခဏ၌ အိုးဟိုင်သည် ရီရှင်းလုံ၏ အပေါ်အောက် ဘယ်ညာ၊ မညှာမတာရိုက်နှက်ခြင်းကို ခံနေရသောသဲအိတ်တစ်ခုပမာဖြစ်လာတော့သည်။ အိုးဟိုင်သည် ခုခံနိုင်စွမ်းမရှိတော့ဘဲ ရီရှင်းလုံခေတ္တရပ်တန့်လိုက်သည့်အခါမှသာ အိုးဟိုင်ကို ခဏတာသက်သာရာရစေခဲ့သည်။ သေးငယ်သောရီရှင်းလုံလေးကို ကြည့်နေသည့် အိုးဟိုင်သည် အလွန်အမင်းကြောက်လန့်နေပါ၏။
အမြန်နှုန်း၊ တိုက်စစ်၊ ခံစစ် စသည့်မည်သည့်နေရာတွင်မဆို ရီရှင်းလုံ၏အနိုင်ယူခြင်းကိုခံလိုက်ရကာ ၎င်း၏တစ်ခုတည်းသောအားသာချက်မှာ ကျင့်ကြံရေးအဆင့်သာကျန်တော့သည်။
သို့သော် သူသည် ထိုမြင့်မားသောကျင့်ကြံရေးအဆင့်ဖြင့်ပင် ရီရှင်းလုံကို အနိုင်မယူနိုင်ခဲ့ချေ။ မူလက ရီရှင်းလုံကို ထောင့်ပေါင်းစုံမှတိုက်ခိုက်ရန်ကြံစည်ခဲ့သော်လည်း ယခုအချိန်တွက် သူသည်သာ တိုက်ခိုက်ခံရသူဖြစ်ကြောင်း သဘောပေါက်သွားသည်။ အိုးဟိုင်၏ ယခင်ကခိုင်မာသော တာအိုနှလုံးသားသည်လည်း တဖြည်းဖြည်းပျက်ဆီးလာကာ ၎င်း၏မျက်လုံးထဲရှိအလင်းရောင်သည်လည်း တဖြည်းဖြည်းအရောင်မှိန်သွား၏။
အိုးတုန်သည် ၎င်းကိုမြင်သည့်အခါ အလွန်စိုးရိမ်သွားသည်။ အိုးဟိုင်သည် ၎င်းတို့အရှေ့ပင်လယ်နဂါးသားတော်ဖြစ်ကာ ၎င်း၏ကျင့်ကြံရေးအတွက် အရင်းအမြစ်များရင်းနှီးထားရသည်။ အရေးကြီးဆုံးမှာ အရှေ့ပင်လယ်နဂါးမျိုးနွယ်စုသည် မျိုးနွယ်စုထဲမှ နဂါးသားတော်ဖြစ်လာရန်အတွက် လုံလောက်သည့်အရည်အချင်းရှိသော နောက်ထပ်နဂါးတစ်ကောင်ကို ရှာဖွေရန်မှာမလွယ်ကူပေ။ အိုးဟိုင်၏ တာအိုနှလုံးသားပျက်ဆီးသွားပါက အဆုံးသတ်သို့ရောက်ရှိသွားမည်ဖြစ်၏။
"ငါတို့ အရှေ့ပင်လယ်နဂါးမျိုးနွယ်စုက အရှုံးကိုဝန်ခံတယ်!”
အိုးတုန်သည် အိုးဟိုင်ကိုယ်စား ရှုံးနိမ့်ကြောင်းချက်ချင်းဝန်ခံလိုက်သည်။ အနောက်ပင်လယ်နဂါးမျိုးနွယ်စုနှင့် တောင်ပင်လယ်နဂါးမျိုးနွယ်စုတို့၏ နဂါးသားတော်များသည် အိုးဟိုင်၏အခြေအနေကိုကြည့်ကာ လှောင်ပြောင်နေသည်။ ဤမျှလောက်သော အင်အားဖြင့် နဂါးသားတော်ဖြစ်နေသည်ကိုဂုဏ်ယူနေသလား။ ၎င်းတို့အမြင်တွင် အိုးဟိုင်၏တစ်ခုတည်းသော အားသာချက်သည် ၎င်း၍အမြန်နှုန်းတစ်ခုတည်းသာဖြစ်ကာ အခြားနေရာများတွင် အမှိုက်သာသာရှိသည်။
"ကျွန်တော်သွားမယ်!"
တောင်ပင်လယ်နဂါးသားတော်သည် ၎င်းတို့၍မျိုးနွယ်စုခေါင်းဆောင်က မတားဆီးလိုက်နိုင်မီ ပြိုင်ပွဲကွင်းဆီသို့ အရင်ဆုံးပျံသန်းလာခဲ့၏။ ရီရှင်းလုံသည် တိုက်ပွဲပြီးသွားပြီဟုထင်ထားသော်လည်း အခြားတစ်ယောက်ကထပ်မံရောက်ရှိလာမည်ဟု မမျှော်လင့်ထားသောကြောင့် ချက်ချင်းစိတ်မရှည်ဖြစ်လာသည်။
"နောက်ထပ်ဘယ်နှစ်ယောက်ရှိလဲ မင်းတို့အားလုံး တစ်ခါတည်းလာတိုက်ကြ"
ရီရှင်းလုံသည် ပင်လယ်နဂါးမျိုးနွယ်စုသုံးခု၏ပိုင်နက်သို့ လက်ညှိုးထိုးကာ မာနကြီးစွာပြောလိုက်သည်။ အခြားသူများက ဤကဲ့သို့မာနကြီးခြင်းသည် မသင့်လျော်ဟုထင်ကြသော်လည်း ရီရှင်းလုံထိုသို့ပြုလုပ်ခြင်းကို မည်သူကမှမှားသည်ဟုမမြင်ကြချေ။ ပင်လယ်နဂါးမျိုးနွယ်စုသုံးခုလုံးသည် ရီရှင်းလုံအသက်တစ်ရာမျှသာရှိသေးသည်ကို မေ့ထားကြပုံရသည်။ ၎င်းတို့နဂါးမျိုးနွယ်စုသုံးခု၏ နဂါးသားတော်များသည် အနည်းဆုံးသက်တမ်းတစ်ထောင့်ကိုးရာကျော်ရှိနေပြီဖြစ်၏။
"အားလူံးအတူတိုက်ကြ!"
အနောက်ပင်လယ်နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်သည် ၎င်းတို့၏နဂါးသားတော်ကို အချက်ပြခဲ့သည်။ အကယ်၍ ၎င်းသည်တိုက်ပွဲတစ်ခုတည်းဖြစ်ပါက အနောက်ပင်လယ်နဂါးမျိုးနွယ်စုခေါင်းဆောင် သည် ၎င်းတို့၏နဂါးသားတော်ကို ပါဝင်ခွင့်ပြုမည်မဟုတ်သော်လည်း ယခုတွင် ရီရှင်းလုံသည် အုပ်စုလိုက်တိုက်ခိုက်ရန်ဖိတ်ခေါ်နေသည်မဟုတ်လား။ ထို့ကြောင့် ၎င်းသည်လည်း
အခွင့်အရေးကိုလက်လွတ်ခံမည်မဟုတ်ချေ။
ရီရှင်းလုံက အိုးဟိုင်ကိုအနိုင်ပိုင်းလိုက်ချိန်မှစ၍ မျိုးနွယ်စု၏ ဂုဏ်သိက္ခာကိုဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ နောက်ထပ်ဆုံးရှုံးစရာမကျန်တော့ချေ။ တစ်ခဏမျှတုံ့ဆိုင်းသွားပြီးနောက် အနောက်ပင်လယ်နဂါးသားတော်သည်လည်း တိုက်ပွဲစင်မြင့်ပေါ်သို့ ပျံသန်းသွားကာ တောင်ပင်လယ်နဂါးသားတော်ဘေးတွင်ရပ်နေသည်။ ၎င်းတို့နှစ်ဦး၏ ကျင့်ကြံမှုအဆင့်သည် အိုးဟိုင်ထက်ပင်သာလွန်နေပြီဖြစ်ကာ ကောင်းကင်ဘုံအင်မော်တယ် အထွတ်အထိပ်တွင်ရှိသည်။ ကောင်းကင်ဘုံအင်မော်တယ်နယ်မြေ ကျင့်ကြံသူများအတွက် သေးငယ်သောနယ်ပယ်နှစ်ခုသည်ပင် ကြီးမားသောကွာခြားချက်ရှိသည်။ ယခုအချိန်တွင် ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ဦး၏ရောင်ဝါသည် ရီရှင်းလုံကိုဖိနှိပ်ထား၏။
ရီရှင်းလုံ၏အမူအရာမှာ မပြောင်းလဲဘဲ ၎င်း၏တစ်ခုတည်းသောမျှော်လင့်ချက်မှာ တိုက်ပွဲကိုမြန်မြန်အဆုံးသတ်ရန်သာဖြစ်သည်။ တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းသည် ကလေးကစားစရာမဟုတ်ချေ။ နဂါးသားတော်နှစ်ပါးသည် ရီရှင်းလုံကိုအထင်သေးသော်လည်း ညှာတာရန်စိတ်ကူးမရှိဘဲ အဆင်သင့်အနေအထားတွင်ရှိသည်။ စတင်သည့်အချိန်မှစ၍ ၎င်းတို့၏စွမ်းအားကို အဆုံးစွန်ထိထုတ်ဖော်ပြသထား၏။
နောက်တစ်ခဏ၌ ဧရာမနဂါးနှစ်ကောင်ချက်ချင်းထွက်ပေါ်လာကာ ၎င်းတို့ဘေးတွင် ထိပ်တန်းအင်မော်တယ်လက်နက်နှစ်ခုပေါ်လာသည်။
အင်မော်တယ်ပစ္စည်းများကြားတွင်ပင် ကွဲပြားမှုများရှိကြသည်။ ရီရှင်းလုံသည် အသက်တစ်ရာမျှသာရှိသေးသောကြောင့် မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ၎င်းနှင့်သင့်လျော်သော အင်မော်တယ်ပစ္စည်းကို ရှာဖွေရန်အချိန်မရှိခဲ့ချေ။ သို့သော်တခြားတစ်ဖက်တွင် နဂါးသားတော်နှစ်ပါး၏ အင်မော်တယ်ပစ္စည်းများသည် နဂါးမျိုးနွယ်စုနှစ်ခုမှ ၎င်းတို့အတွက်သီးသန့်စိတ်ကြိုက်ပြုလုပ်ပေးထားခြင်းဖြစ်သည်။ နှစ်ပေါင်းရာနှင့်ချီ၍သန့်စင်ခဲ့သည့် ထိုအင်မော်တယ်လက်နက်များသည် စွမ်းအားကိုအမြင့်ဆုံးအထိတိုးမြှင့်ပေးနိုင်၏။
စုမေရုသူတော်စင်လက်သည်း၊ လေနှင့်မိုး အုပ်စိုးခြင်းလက်သည်း စသည်ဖြင့် နဂါးမျိုးနွယ်စု၏ကိုယ်ထည်သည် အင်အားကြီးမားကာ ၎င်းတိုကျင့်ကြံသည့်တာအိုအနုပညာအများစုသည်လည်း ၎င်းနှင့်ဆက်စပ်နေသည်။ ၎င်းတာအိုအနုပညာနှစ်ခုကြောင့် ကောင်းကင်နှင့်မြေကြီးသည် အရောင်ပြောင်းသွားသည်။ အိုးဟိုင်နှင့်နှိုင်းယှဉ်ပါက ဤနဂါးသားတော်နှစ်ကောင်၏အင်အားသည် သိသိသာသာပိုသန်မာသည်။
တစ်ချိန်တည်းတွင် နဂါးဟိန်းဟောက်သံနှင့်အတူ ရီရှင်းလုံသည် သူ၏နဂါးပုံစံကိုပြသခဲ့သည်။ အစိမ်းရောင်နဂါးကိုယ်ထည်ပေါ်တွင် အကြေးခွံတစ်ခုစီသည် ရှေးဟောင်းမူလရောင်ဝါကိုဖော်ပြနေကာ နဂါးဘိုးဘေး၏ဖိနှိပ်မှုစွမ်းအားကို ထင်ရှားစွာဖော်ပြလျက်ရှိ၏။ ရီရှင်းလုံထံမှသွေးမျိုးဆက်ဖိအားကို ခံစားမိပြီးနောက် မျိုးနွယ်စုခေါင်းဆောင်များပင်လျှင် ၎င်းတို့၏မျက်နှာများပြောင်းလဲသွားသည်။ ထိုအခိုက်အတန့်တွင် နဂါးဘိုးဘေးရုပ်တုသည် ရီရှင်းလုံကို အဘယ်ကြောင့် နဂါးဘိုးဘေး နဂါးသားတော်အဖြစ် အသိအမှတ်ပြုခဲ့ကြောင်းသိရှိလာသည်။
သူတို့၏သွေးမျိုးဆက်သည် ရှေးနဂါးမျိုးနွယ်စုသွေးမျိုးဆက်နှင့် ခြေတစ်လှမ်းစာမျှသာကွာခြားသော်လည်း ဆင့်ကဲပြောင်းလဲလာခြင်းမျိုးမရှိခြင်းသည် သိသာထင်ရှားသောခြားနားမှုတစ်ခုဖြစ်နေ၏။ ရှေးဟောင်းနဂါးမျိုးနွယ်စုသွေးမျိုးဆက်နှင့် သူတို့၏သွေးမျိုးဆက်သည် မတူညီတော့ချေ။
"အရမ်းသန်မာတယ်!"
ထို့နောက် ရီရှင်းလုံစတင်လှုပ်ရှားလာသည်။ ‘နဂါးဟိန်းဟောက်ခြင်းမိုးပြင်း’ သူ၏လက်ဝှေ့ရမ်းခြင်းဖြင့် လေပြင်းတစ်ခုကိုသယ်ဆောင်လာကာ မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ တိုက်ပွဲကွင်းပြင်အတွင်းရှိနေရာသည်လည်း ရီရှင်းလုံ၏နယ်မြေဖြစ်လာကာ နဂါးသားတော်နှစ်ပါး၏တိုက်စစ်သည် ချက်ခြင်းပျောက်ကွယ်သွားပြီးနောက် ရီရှင်းလုံကိုဆက်လက်မခြိမ်းခြောက်နိုင်တော့ချေ။ နဂါးသားတော်နှစ်ပါး၏ မျက်နှာများသည်အလွန် အံ့အားသင့်လျက်ရှိသည်။ ရီရှင်းလုံသည် သန်မာလွန်းလှ၏! သိူ့သော်လည်း ၎င်းတို့၏ရှုံးနိမ့်မှုကို ဝန်ခံရန်မှာမဖြစ်နိုင်ချေ။
တာအိုအနုပညာများနှင့်မယှဉ်နိုင်လျှင် ၎င်းတို့၏အင်မော်တယ်ပစ္စည်းများကို အားကိုးရမည်ပင်။ ရီရှင်းလုံသည် ၎င်းတို့၏ ထိပ်တန်းအင်မော်တယ်လက်နက်နှစ်ခုထံမှ မည်သို့ကာကွယ်နိုင်မည်နည်း။ ရီရှင်းလုံသည် ယခုအချိန်အထိ မည်သည့်အင်မော်တယ်ပစ္စည်းကို တစ်ကြိမ်မျှအသုံးမပြုသေးပေ။ ၎င်းထံတွင်တစ်ခုမှရှိပုံမပေါ်ချေ။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် အလွန်တွန့်တိုလွန်းသည်။
နောက်အခိုက်အတန့်တွင် ရီရှင်းလုံ၏ ခန္ဓာကိုယ်မှ ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့ ၂၄ လုံး ထွက်ပေါ်လာသည်။ ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့များသည် ထိပ်တန်းအင်မော်တယ်လက်နက်နှစ်ခုကို ချက်ချင်းစတင်ဖိနှိပ်လိုက်သည်။ ၎င်း၏နာမည်အတိုင်းပင် ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့များသည် အဆုံးမဲ့သမုဒ္ဒရာကိုပင်ဖိနှိပ်နိုင်ကာ ထိပ်တန်းအင်မော်တယ်လက်နက်နှစ်ခုသည်ပင် ၎င်းနှင့်နှိုင်းယှဉ်ပါက ဘာမှမဟုတ်တော့ပေ။ ဤအင်မော်တယ်ပစ္စည်းနှစ်ခုကိုမဖိနှိပ်နိုင်ပါက ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့များ၏ ဂုဏ်သိက္ခာကို အမှန်တကယ်ညစ်နွမ်းစေလိမ့်မည်။
၎င်းတို့၏အင်မော်တယ်လက်နက်များအပေါ် ထိန်းချုပ်မှုလွတ်သွားသောကြောင့် နဂါးသားတော်နှစ်ပါးသည် အံ့သြနေရာမှ ထိတ်လန့်တုန်လှုပ်သွားကြ၏။ ရီရှင်းလုံတွင် အလွန်ကောင်းမွန်သော အင်မော်တယ် အင်မော်တယ်ပစ္စည်းရှိရုံသာမက ၎င်း၏လက်နက်သည် ၎င်းတို့ထက်ပို၍အစွမ်းထက်ကာ ၎င်းတို့၏အင်မော်တယ်လက်နက်များကို ဖိနှိပ်နိုင်သည်အထိစွမ်းအားကြီးသည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် မည်သည့်အချိန်မှစ၍ ဤမျှသန်မာလာသနည်း။
……
အခန်း ၂၁၂ - ရွှေနဂါးကတ်ကြေးကိုသန့်စင်ပေးခြင်း
တိုက်ပွဲကွင်းအပြင်ဘက်တွင် အိုးတုန်သည် အိုးလီကို ဘေးမှတစ်ချက်ကြည့်ရင်းပြောလိုက်သည်။
" မင်းတို့မြောက်ပင်လယ်နဂါးမျိုးနွယ်စုက တကယ့်ရက်ရောတယ်နော်"
ရွှေအင်မော်တယ်နယ်မြေသို့ရောက်ရှိသွားသည့်တိုင် ၎င်းတို့သည် ထိပ်တန်းအင်မော်တယ်လက်နက်အစုံကို မပိုင်ဆိုင်ကြချေ။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ဤကဲ့သို့သောပစ္စည်းများကို ကောင်းကင်အင်မော်တယ်နယ်မြေ၌သာရှိသေးသည့် ရီရှင်းလုံထံပေးအပ်ခြင်းသည် ဖြုန်းတီးမှုမျှသာဖြစ်သည်။ ၎င်းတို့၏ အကြီးမားဆုံးမကျေနပ်ချက်မှာ ၎င်းတို့၏နဂါးသားတော်များ၏စွမ်းအားသည် ၎င်းအင်မော်တယ်လက်နက်၏ ဖိနှိပ်ခြင်းခံထားရခြင်းကြောင့်ဖြစ်၏။ အိုးတုန်၏စကားကိုကြားသောအခါ အိုးလီ၏မျက်နှာပေါ်တွင် တောက်ပသောအပြုံးတစ်ခု ပေါ်လာသည်။
“ဒီအင်မော်တယ်လက်နက်က ရှင်းလုံကို ငါတို့မြောက်ပင်လယ်နဂါးမျိုးနွယ်စုကပေးထားတာ မဟုတ်ရပါဘူးဗျာ။ ငါတို့မျိုးနွယ်စုက အဲလောက်ကြီးမြတ်မနေဘူးလေနော်”
ထိုစကားကိုကြားသောအခါ ပင်လယ်ပင်လယ်နဂါးမျိုးနွယ်စုသုံးခု၏ ခေါင်းဆောင်များအားလုံးအံ့ဩသွားကြသည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏လက်ဆောင်မဟုတ်ပါက ထိုကဲ့သို့သောလက်ဆောင်ကို မည်သူကပေးခဲ့သနည်း။
"ဒီ ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့က ရှင်းလုံရဲ့အဘိုး ရှင်းလုံအတွက်ပေးထားတဲ့ လက်ဆောင်လေးလေ"
အိုးလီသည် ရီဖန်ထံသို့လှမ်းကြည့်လိုက်ရင်း သူ့အပြုံးသည် ပို၍ပင်တောက်ပလာသည်။ ‘ရီရှင်းလုံ၏အဘိုး’ ရီရှင်းလုံ၏ ဇစ်မြစ်သည် လျှို့ဝှက်ချက်မဟုတ်တော့ပေ။ ရီရှင်းလုံ၏အဘိုးသည် ရီမိသားစု၏မျိုးနွယ်စုခေါင်းဆောင်မဟုတ်လား။ ရီမိသားစုသည် အရှေ့ဘက်တိုက်နယ်မြေရှိ မျိုးနွယ်စုလေးတစ်ခုမျှသာမဟုတ်လား? ထိုမျိုးနွယ်စုငယ်လေးသည် ဤမျှစွမ်းအားကြီးသည့် ထိပ်တန်းအင်မော်တယ်လက်နက်များကို မည်သို့ထုတ်လုပ်ပေးနိုင်မည်နည်း။ ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့များကို ပြုလုပ်နိုင်သည့် ရီမိသားစုကို မျိုးနွယ်စုငယ်လေးဟုဆိုလျှင် ၎င်းတို့သည် သူတောင်းစားမျိုးနွယ်စုများဖြစ်ရမည်။ ထိုအချိန်မှသာ ၎င်းတို့ရရှိထားသည့် သတင်းအချက်အလက်များသည် အလွန်လွဲမှားနေကြောင်းသိလိုက်ရ၏။ ရီမိသားစုသည် မျိုးနွယ်စုငယ်လေးတစ်ခုမျှသာမဟုတ်ပေ။ ဆိုလိုသည်မှာ ရီရှင်းလုံ၏နောက်ခံအင်အားသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုတင်မကဘဲ ၎င်းတို့မခန့်မှန်းနိုင်သော ရီမိသားစုလည်းပါ၀င်သည်။
များပြားလှသော မျိုးနွယ်စုခေါင်းဆောင်များအားလုံးသည် ရီဖန်ကိုလှည့်ကြည့်လိုက်သည်။ မူလက ၎င်းတို့သည် ရီဖန်ကိုအထင်သေးသည့်အတွက်ကြောင့် ၎င်းကိုများစွာဂရုမပြုမိကြချေ။ သို့သော်ယခုသေချာကြည့်လိုက်သောအခါတွင်မှ ရီဖန်ကိုလုံးဝမခန့်မှန်းနိုင်တော့ကြောင်းသိလိုက်ရ၏။
သို့သော်တစ်ခုသေချာသည်မှာ ရီဖန်ထံမှခြိမ်းခြောက်မှုတစ်ခုခုကိုခံစားနေကြရသည်။ဤအချက်က ရီဖန်သည် အနည်းဆုံး၎င်းတို့နှင့် တူညီသည့်စွမ်းအားရှိကြောင်း ဖော်ပြနေခြင်းဖြစ်သည်။ ထိုသို့သော ခိုင်မာသောကျောထောက်နောက်ခံကြောင့် ရီရှင်းလုံနှင့်ပတ်သက်သည့် ၎င်းတို့၏အစီအစဉ်များသည် ပို၍ပင်ခက်ခဲလာသည်။ ၎င်းတို့လွယ်လွယ်နှင့် လက်လျော့လိုက်ရမည်လား။
"စိတ်မပူနဲ့၊ ငါတို့လှုပ်ရှားလိုက်မယ်!"
နေရာလွတ်ထဲမှ အသံတစ်သံထွက်ပေါ်လာသည်။ တစ်ဖက်တွင် တိုက်ပွဲစင်မြင့်ပေါ်၌ တိုက်ပွဲပြီးဆုံးရန်နီးကပ်လာပြီဖြစ်သည်။ အင်မော်တယ်ပစ္စည်းများ၏ အကူအညီမရှိတော့သည့် နဂါးသားတော်နှစ်ပါးသည် ရီရှင်းလုံနှင့်ယှဉ်တိုက်ရာတွင် ပို၍ခက်ခဲလာကာ တိုက်ရိုက်ရိုက်နှက်ခံနေရသည်။ ၎င်းတို့ရှုံးတေ့ာမည်ဟုခံစားနေရသည့်အချိန်တွင် ၎င်းတို့၏ခန္ဓာကိုယ်အတွင်းမှစွမ်းအားတစ်ခုထွက်ပေါ်လာသည်။ ထိုစွမ်းအားပေါက်ကွဲမှုနှင့်အတူ ၎င်းနှစ်ယောက်၏စွမ်းအားအဆင့်သည်လည်း ရုတ်တရက်တိုးလာသည်ဟုခံစားလိုက်ရသည်။ စွမ်းအား၏အရင်းအမြစ်ကိုမသိကြသည့်တိုင် ၎င်းသည် ရီရှင်းလုံကိုအနိုင်ယူနိုင်မည့်အခွင့်အရေးတစ်ခုဖြစ်ကြောင်းသာသိသည်။
နဂါးနှစ်ကောင်၏ဟိန်းဟောက်သံနှင့်အတူ ၎င်းတို့၏ခန္ဓာကိုယ်များသည် ထပ်မံကြီးမားလာကာ ကောင်းကင်ထဲသို့ထိုးဖောက်ဝင်ရောက်လာသွားသည်။ ၎င်းတို့၏နဂါးမျက်နှာပေါ်တွင် ရက်စက်သောအပြုံးတစ်ခုပေါ်လာကာ ၎င်းတို့သည်ရီရှင်းလုံ ထွက်ပြေးလွတ်မြောက်သွားမည်ကိုစိုးရိမ်သည့်အတိုင်း စိုက်ကြည့်နေကြသည်။ ၎င်းတို့၏အင်အားရုတ်တရက်တိုးလာခြင်းသည် တစ်စုံတစ်ရာလွဲမှားနေကြောင်း လူတိုင်းသတိထားမိသော်လည်း တိုက်ပွဲကိုဝင်ရောက်စွက်ဖက်သည့် ပြင်ပစွမ်းအားကို မည်သူမှသတိမထားမိပေ။ အိုးမုပင်လျှင် မည်သည့်ပြင်ပအားက ဝင်ရောက်စွက်ဖက်သည်ကိုမသိလိုက်ချေ။ သေချာသည်မှာ ၎င်းအင်အားစုနှစ်ခုသည် တိုက်ပွဲမစတင်မီကပင် နဂါးသားတော်နှစ်ပါးဘက်၌ပေါ်လာသည်မှာထင်ရှားကာ ၎င်းသည်အကျင့်သိက္ခာလုံးဝမရှိဘဲ စည်းကမ်းဖောက်ဖျက်သည်ဟုဆိုနိုင်သည်။
"ရှင်းလုံကိုဆက်တိုက်ခိုင်းလိုက်ပါ"
ရီဖန်၏အသံသည် အိုးမုနားထဲတွင် ပဲ့တင်ထပ်သွားသည်။ ရီဖန်သည် ရီမိသားစု၏တပည့်များသည် ဤအခြေအနေနှင့်ရင်ဆိုင်ရသောအခါတွင်လည်း ၎င်းကိုဖြေရှင်းနိုင်မည်ဟုယုံကြည်သည်။
တိုက်ပွဲစင်မြင့်ပေါ်တွင် မူလကပျင်းရိငြီးငွေ့နေသော ရီရှင်းလုံသည် ၎င်းတို့၏စွမ်းအားတိုးမြှင့်လာခြင်းကို ခံစားလိုက်ရ၏။ လိမ်လည်လှည့်စားသောသူတို့သည်သေသင့်သည်။ ရီရှင်းလုံဆုံးဖြတ်လိုက်ပြီးနောက် ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့သည် ရီဖန်၏ဆင့်ခေါ်ခြင်းကိုခံလိုက်ရပြန်ကာ နောက်တစ်ခဏ၌ ရီရှင်းလုံ၏လက်လှုပ်ရှားမှုနှင့်အတူ ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့သည် တိုက်ပွဲစင်မြင့်ထက်သို့ချက်ချင်းပျံတက်သွားသည်။
တိုက်ပွဲစင်မြင့်တစ်ခုလုံးသည် စွမ်းအားတစ်ခု၏ဖိနှိပ်ခြင်းကိုခံလိုက်ရသည်။ ၎င်းနယ်မြေထဲရှိ သတ္တဝါအားလုံး၏အင်အားသည် ဖိနှိပ်ခြင်းခံလိုက်ရကာ သခင်ဖြစ်သူရီရှင်းလုံတစ်ဦးတည်းသာလျှင် ထိခိုက်မှုမရှိဘဲကျန်ရှိနေသည်။ ရီရှင်းလုံသည် ပင်လယ်ဖိနှိပ်ခြင်းပုတီးစေ့ကို တိုက်ပွဲတွင်အသုံးမပြုခဲ့ခြင်းမှာ နဂါးသားတော်နှစ်ပါးကိုအနိုင်ကျင့်ရန် မသုံးချင်သောကြောင့်သာဖြစ်သည်။ ယခုတွင် ရီရှင်းလုံသည် ဤလိမ်လည်လှည့်စားသော နဂါးသားတော်နှစ်ပါးကို သင်ခန်းစာတစ်ခုကောင်းကောင်းပေးချင်လာ၏။
နဂါးပုံစံပျောက်ကွယ်သွားပြီးနောက် ရီရှင်းလုံ၏ရိုကျိုးသောအသွင်ပြန်ပေါ်လာကာ နောက်တစ်ဖန်ပျောက်ကွယ်သွားသည်။ ကောင်းကင်အင်မော်တယ်နယ်မြေကို ဖိနှိပ်သည့်အရှိန်ဖြင့် ရီရှင်းလုံသည် တောင်ပင်လယ်နဂါးသားတော်၏အနောက်ဘက်တွင် ပေါ်လာသည်။
ဘမ်း!
တောင်ပင်လယ်နဂါးသားတော်သည် သူ့နောက်ဘက်တွင် ရီရှင်းလုံရုတ်တရက်ပေါ်လာသည်ကို မတုံ့ပြန်နိုင်ခဲ့ဘဲ
၎င်း၏ကိုယ်ခန္ဓာသည် တိုက်ရိုက်ဆုတ်ဖြဲခံလိုက်ရ၏။ ကြံ့ခိုင်သန်မာသောနဂါးကိုယ်ထည်သည် ၉၀ ဒီဂရီ ရိုက်ချိုးခံလိုက်ရကာ မြေပြင်သို့ပြင်းထန်စွာ ပြုတ်ကျသွားသည်။ ကျန်ရှိနေသည့် အနောက်ပင်လယ်နဂါးမင်းသားသည်လည်း ၎င်းကိုမျက်မြင်တွေ့လိုက်ရသဖြင့် တုန်လှုပ်သွားခဲ့သည်။
၎င်းတို့၏အင်အားများတိုးလာလျှင်ပင် ရီရှင်းလုံနှင့်မယှဉ်နိုင်တော့ကြောင်း သူရုတ်တရက်သဘောပေါက်လိုက်သည်။ သူအတွေးထဲလွင့်မျောနေချိန်အတွင်း ရီရှင်းလုံသည် သူ့အနားသို့ရောက်လာကာ နဂါးစွမ်းအားကိုဖမ်းဆုပ်ကာ လေပြင်းတစ်ခုကိုဖန်တီးလိုက်သည်။ လှည့်ပတ်လိုက် ရိုက်ချိုးလိုက်ဖြင့် အဆုံးမရှိသောစက်ဝန်းတစ်ခုဖြစ်ပေါ်လာကာ ရီရှင်းလုံနောက်ဆုံးတွင်ရပ်တန့်လိုက်သောအခါ နဂါးသားနှစ်ပါးသည် တုံ့ပြန်နိုင်စွမ်းမရှိတော့ပေ။
ရီရှင်းလုံသည် နဂါးသားနှစ်ပါးကိုတစ်ချက်ကြည့်လိုက်ကာ ခဏမျှစဉ်းစားပြီးနောက် ရုတ်တရက်နဂါးသားနှစ်ယောက်ကိုဆွဲယူလိုက်သည်။ နောက်တစ်ခဏ၌ ရီရှင်းလုံသည် ကြီးမားသောနဂါးအရွတ်နှစ်ချောင်းကို မညှာမတာဆွဲထုတ်လိုက်၏။ လူတိုင်း၏အံ့အားသင့်နေသောအကြည့်အောက်တွင် ရီရှင်းလုံသည် နဂါးအရွတ်များကိုဆွဲယူရင်း ရီဖန်ထံသို့ပျော်ရွှင်စွာရောက်လာသည်။
“အဘိုး၊ ဒါက သားရဲ့လက်ဆောင်ပါ”
လူတိုင်း၏အာရုံစူးစိုက်မှုသည် ရီဖန်ထံသို့ကျရောက်နေကာ နာကျင်စွာ ညည်းညူနေသေးသည့်နဂါးသားတော်နှစ်ပါးကို မည်သူမျှဂရုမစိုက်ကြပေ။ ၎င်းတို့သည် နဂါးအရွတ်များဆုံးရှုံးခြင်းကြောင့် နီကျားဇာတ်လမ်းမှတတိယမင်းသားကဲ့သို့ချက်ချင်းသေဆုံးစေမည်မဟုတ်သော်လည်း ကြီးမားသောအကျိုးသက်ရောက်မှုရှိမည်မှာသေချာသည်။ ၎င်းတို့၏ နဂါးသားတော်စွမ်းရည်များနှင့် အဆင့်အတန်းကိုပင်တိုက်ရိုက်ဆုံးရှုံးသွားနိုင်သည်။ ရီရှင်းလုံ၏လှုပ်ရှားမှုသည် နဂါးသားနှစ်ယောက်ကိုပျက်စီးစေခဲ့သောကြောင့် ကြီးမားသောပြဿနာတစ်ခု ဖြစ်လာာတော့မည်ဖြစ်ကာ ရီဖန်မည်သို့ပြုလုပ်မည်ကို အားလုံးကစောင့်ကြည့်နေကြသည်။ ရီဖန်သည် ထိုနဂါးအရွတ်နှစ်ချောင်းကို လက်ခံဝံ့သလား။
ရီဖန်သည် အခြားသူများ၏အကြည့်များကိုဂရုမစိုက်ဘဲ ရီရှင်းလုံကို ချက်ချင်းပွေ့ဖက်လိုက်ကာရယ်မောလိုက်သည်။
"ဘိုးဘိုးကို လက်ဆောင်ပေးလို့ ကျေးဇူးတင်ပါတယ်၊ ဘိုးဘိုး အရမ်းကြိုက်တယ်နော်"
ရီဖန်သည် သူ့မြေး၏လက်ဆောင်ကို အဘယ်ကြောင့်လက်မခံရမည်နည်း။ နဂါးလေး၏အရွတ်နှစ်ချောင်းကိုဆိုနှင့် ၎င်းသည်ကောင်းကင်ဘုရင်ကြီး၏ ဦးခေါင်းဖြစ်ခဲ့လျှင်ပင် ရီဖန်လက်ခံရဲသည်။ ၎င်းကိုလက်ခံရုံသာမကဘဲ ရီရှင်းလုံကိုလည်းဆုပေးဦးမည်။ ရီဖန်၏လက်ထဲမှ မီးလုံးနှစ်လုံးပေါက်ကွဲသွားကာ နဂါးအရွတ်နှစ်ချောင်းသည် မီးလျှံထဲသို့ပျံတက်သွားသည်။ နဂါးအရွတ်များသည် မီးတောက်များထဲတွင် အသိစိတ်အနည်းငယ်ထွက်ပေါ်လာကာ လွတ်မြောက်ရန်ကြိုးစားသော်လည်း ရီဖန်၏ဖမ်းဆီးခြင်းကိုခံလိုက်ရသည်။
"ရှင်းလုံ သေချာကြည့်၊ ဘိုးဘိုးက မင်းအတွက် ရတနာတစ်ခုကိုသန့်စင်ပေးမယ်!"
မရေမတွက်နိုင်သော အင်မော်တယ်စည်းတံဆိပ်များကို နဂါးအရွတ်များအတွင်း ထွင်းထုလိုက်ကာ ရီဖန်သည် ဝိညာဉ်ပစ္စည်းများကိုထုတ်ပြီး အင်မော်တယ်မီးထဲသို့ပစ်ထည့်လိုက်သည်။ နောက်ဆုံးတွင် ရီဖန်၏လက်ထဲ၌ ရွှေရောင်ကတ်ကြေးတစ်စုံပေါ်လာ၏။
"ရှင်းလုံ လာ၊ ဒီကတ်ကြေးက သားအတွက်ပဲ"
ယခုလေးတင်မှ ကြီးကျယ်ခမ်းနားစွာကြွားလုံးထုတ်လိုက်ရသော ရီဖန်သည် အင်အားကုန်ခမ်းလုနီးပါးဖြစ်နေပြီဖြစ်၏။
သို့သော် ၎င်း၍သတ္တိများကိုမှေးမှိန်သွားရန် မလုပ်နိုင်ချေ။ ရီဖန်သည် ဟန်ကိုယ်ဖို့လိုက်ကာ ကတ်ကြေးကို တည်ငြိမ်စွာထုတ်လိုက်သည်။ ဤကတ်ကြေးများကို ရွှေကျောက်ကတ်ကြေးမှ စံနမူနာပြုထားသော်လည်း နဂါးပစ္စည်းများကိုသာ အသုံးပြုထားသောကြောင့် ၎င်းကို ရွှေနဂါးကတ်ကြေးဟုအမည်တွင်စေမည်ဖြစ်သည်။
……………
အခန်း ၂၁၃ - သန်မာတယ်၊ အရမ်းသန်မာတယ်၊ တအားကိုသန်မာလွန်းတယ်!
ဤမြင်ကွင်းသည် ကျင့်ကြံသူအားလုံးကို အံသြသွားစေသည်။ အချိန်တိုလေးအတွင်းတွင် ရီဖန်သည် ထိပ်တန်းအင်မော်တယ်ပစ္စည်းတစ်ခုကို သန့်စင်ပြီးပေးလိုက်သည်။ ထိုသို့ပြုလုပ်နိုင်ရန် လိုအပ်သောအင်မော်တယ်ပစ္စည်းသန့်စင်ခြင်းကျွမ်းကျင်မှုအဆင့်သည် စိတ်ကူးပင်မယဉ်နိုင်ချေ။ သို့သော် ၎င်းအင်မော်တယ်ပစ္စည်းကို ပေါ့ပေါ့တန်တန်လက်လွတ်လိုက်ရခြင်းသည် ပို၍ပင်ဆွံ့အစေသည်။ လက်ရှိကျင့်ကြံသူထက်ဝက်ကျော်သည် ထိပ်တန်းအင်မော်တယ်ပစ္စည်းတစ်ခုပင် မပိုင်ဆိုင်ကြရှာချေ။ ပိုင်ဆိုင်ထားသောသူအချို့သည်လည်း ၎င်းတို့ကို မိမိတို့၏တစ်ခုတည်းသောအဖိုးတန်ရတနာအဖြစ် သိမ်းဆည်းထားတတ်ကြ၏။
တော်တော်များများသည် ရီဖန်၏ရဲရင့်မှုကိုသဘောကျနေကြကာ တောင်ပင်လယ်နဂါးမျိုးနွယ်စုနှင့် အနောက်ပင်လယ်နဂါးမျိုးနွယ်စုတို့ထံ လှည့်ကြည့်လိုက်ကြသည်။ အကယ်၍ နဂါးအကြောများမပျက်စီးသေးပါက ၎င်းတို့နဂါးသားတော်နှစ်ပါး၏ မူလအခြေခံမူကို ပြန်လည်ထိန်းသိမ်းနိုင်မည်ဖြစ်သော်လည်း ယခုတွင် အကြောများပျောက်ကွယ်သွားသောအခါ ၎င်းတို့၏ပြန်လည်ထူထောင်ရေးအတွက် မျှော်လင့်ချက်သည်လုံးဝကွဲအက်သွားခဲ့သည်။ သူတို့ဘာဆက်လုပ်ရမည်နည်း။
အရှေ့ပင်လယ်နဂါးမျိုးနွယ်စုခေါင်းဆောင်အိုးတုန်သည် အသက်မဲ့နေသောနဂါးသားတော်နှစ်ပါးကိုကြည့်ရင်း စိတ်သက်သာရာရသွားသည်။ အိုးဟိုင်သည်လည်း ပြင်းပြင်းထန်ထန်ရိုက်နှက်ခဲ့ရသည့်တိုင် အနည်းဆုံး၎င်း၏မူလအခြေခံမူကို ထိခိုက်မှုမရှိခဲ့ချေ။ ကံကောင်းစွာဖြင့် ၎င်းတို့သည်မလှည့်စားခဲ့ပေ။ နဂါးသားတော်များကဲ့သို့ကံကြမ္မာဖြင့် အဆုံးသတ်မည်ကိုတွေးရင်း ကြောက်ရွံ့လာကြ၏။ နဂါးသားနှစ်ယောက်၏ကံကြမ္မာသည် လူအုပ်ကိုကြောက်မက်ဖွယ်တိတ်ဆိတ်မှုကိုဖြစ်စေသည်။
ယခုမှသာလျှင် တောင်နှင့်အနောက်ပင်လယ်နဂါးမျိုးနွယ်စုခေါင်းဆောင်များသည် ၎င်းတို့၏နဂါးသားတော်များဘက်သို့ အပြေးအလွှားရောက်ရှိလာကြကာ စေ့စေ့စပ်စပ်စစ်ဆေးပြီးနောက် ၎င်းတို့၏မျက်နှာများသည် ပို၍ပင်အကျည်းတန်လာသည်။ မူလအခြေခံမူပျက်သွားသည်နှင့် ပြန်လည်ထူထောင်ရေးရာတွင် ၎င်းတို့၏စွမ်းရည်များသည် သိသိသာသာလျော့ကျသွားမည်ဖြစ်သည်။ ၎င်းတို့သည် နဂါးသားတော်များအဖြစ် ဆက်လက်ရပ်တည်ရန်ပင် နည်းလမ်းမရှိတော့ပေ။ နဂါးမျိုးနွယ်စုနှစ်ခုသည်ဤနဂါးသားတော်နှစ်ပါးကို ကျင့်ကြံရန် အရင်းအမြစ်များစွာကိုအသုံးပြုခဲ့ရ၏။ ဤကဲ့သို့သော ဖြုန်းတီးမှုကိုသူတို့ခံနိုင်ရည်မရှိကြချေ။
"အိုးလီ၊ မင်း ငါတို့ကိုရှင်းပြတာကောင်းမယ်"
အိုးနန်သည် အေးစက်သောကြည့်လျက် လူသတ်လိုစိတ်အပြည့်ဖြစ်နေကာ အိုးရှီသည်လည်း အိုးနန်ဘေးတွင်ရပ်ရင်း အိုးလီကိုစိုက်ကြည့်နေသည်။ အိုးလီသည် ဖြေးရှင်းချက်မပေးနိုင်ပါက ၎င်းတို့အရေးယူလုပ်ဆောင်ရန် အသင့်ဖြစ်နေပါပြီဖြစ်သည်။
အိုးလီက မထီမဲ့မြင်ပြုကာ
“ဖြေရှင်းချက်ဟုတ်လား၊ ငါက မင်းတို့ကို ဘာဖြေရှင်းရမှာလဲ။ မင်းတို့နှစ်ယောက် ဘာဖြစ်ချင်နေကြတယ်ဆိုတာ ငါမသိဘူးမထင်နဲ့။ ရီရှင်းလုံကသာ ဒီလောက်သန်မာတဲ့ပြိုင်ဘက်မဟုတ်ခဲ့ဘူးဆိုရင် သူတို့ရဲ့ ကံကြမ္မာကဘယ်လိုဖြစ်နေမလဲ”
"ပြီးတော့ မင်းတို့ဘာလုပ်ခဲ့လဲဆိုတာ မင်းတို့ကိုယ်တိုင်သိမှာပါ"
ဤအခိုက်အတန့်တွင် အိုးလီသည်သူ၏မူလပုံစံမှ လုံးဝကွဲထွက်နေ၏။ စစ်ပွဲဖြစ်ရန်ပို၍ပင်နီးစပ်လာလေပြီ။ ထိုအချိန်တွင် အိုးတုန်ကြားဝင်ရန် ဆုံးဖြတ်လိုက်သည်။
"အိုးလီ၊။ အိုးနန်နဲ့ အိုရှီတို့ဆုံးရှူံးထားကြတာမလား။ ဒီလိုတော့ အဆုံးမသတ်နိုင်ဘူးလေ၊ နောက်ထပ် တိုက်ပွဲတစ်ခုဆိုရင်ရော" ၎င်းက အကြံပေးလိုက်၏။
ရီရှင်းလုံကိုဒုက္ခပေးရမည်ဟူသည့် အဓိပတိအကြီးအကဲပေးလိုက်သည့် တာဝန်ကို မပြီးမြောက်သေးကြောင်း အိုးတုန်သတိရလိုက်သည်။
"နောက်ထပ် တိုက်ပွဲ? ပင်လယ်နဂါးမျိုးနွယ်စုမှာ နောက်ထပ်နဂါးသားတော်ရှိသေးလား”
အိုးလီသည် ကြောက်ရွံ့မှုမရှိဘဲ ၎င်းတို့ကိုကြည့်လိုက်သည်။ တိုက်လိုက တိုက်နိုင်သည်။ ၎င်းတို့မြောက်ပင်လယ်နဂါးမျိုးနွယ်စုက မကြောက်ချေ။ ထို့အပြင် ၎င်းတို့ထံတွင် ပြင်ပမဟာမိတ်များရှိသည်။ အိုးလီသည် ခံစားချက်မဲ့နေသော ရီဖန်ကိုကြည့်လိုက်ကာ စိတ်သက်သာရာရသွားသည်။ ရီမိသားစုနှင့်မဟာမိတ်ဖြစ်နေသရွေ့ ကြောက်စရာမရှိချေ။
အကြည့်ချင်းဖလှယ်ပြီးနောက် ပင်လယ်နဂါးမျိုးနွယ်စုတစ်ခုစီမှ ထိပ်တန်းအရာရှိတစ်ဦးစီက ရှေ့သို့တက်လာကြသည်။ ဤနဂါးမျိုးနွယ်စုအဖွဲ့ဝင်များသည် ၎င်းတို့၏သက်ဆိုင်ရာမျိုးနွယ်စုများထဲတွင် အင်အားအကောင်းဆုံးဖြစ်သည်။ ရွှေအင်မော်တယ်နယ်မြေသို့မရောက်သေးသည့်တိုင် ၎င်းတို့သည်ခြေတစ်လှမ်းသာ ဝေးတော့သည်။ ၎င်းတို့၏ ထောင်စုနှစ်များအတွင်းရရှိခဲ့သော မရေမတွက်နိုင်သည့်တိုက်ပွဲအတွေ့အကြုံများသည် နဂါးသားတော်များ ယှဉ်နိုင်သောအရာမဟုတ်ပေ။ နဂါးမျိုးနွယ်စုအကြီးအကဲများရှေ့သို့တက်လာကာ ၎င်းတို့၏စွမ်းအားများသည် ရီရှင်းလုံပေါ်သို့ကျရောက်သွားပြီးနောက် လူအုပ်ကြီးသည် ငြိမ်သက်သွား၏။
အခမ်းအနားသို့တက်ရောက်လာကြသော ကျင့်ကြံသူများပင်လျှင် တုန်လှုပ်သွားကြသည်။ ပင်လယ်နဂါးမျိုးနွယ်စုသုံးခုလုံးသည် အရှက်မရှိကြတော့ချေ။ ဤနဂါးမျိုးနွယ်စုကျင့်ကြံသူများ၏ သက်တမ်းသည် အနှစ်တစ်သောင်းထက်မနည်းရှိရာ ၎င်းတို့ကို အနှစ်တစ်ရာကျော်သာဖြတ်သန်းရသည့်ရီရှင်းလုံနှင့် တိုက်ခိုက်ခွင့်ပေးခြင်းမှာ သက်သက်မဲ့အနိုင်ကျင့်ခြင်းသာဖြစ်သည်။ အိုးလီသည်လည်း ၎င်းကြောင့် ဒေါသထွက်သွားသည်။
"မင်းတို့ ပင်လယ်နဂါးမျိုးနွယ်စုတွေ ဘယ်လောက်အရေထူလဲဆိုတာကိုလျှော့တွက်မိတာပဲ"
“နောက်တစ်ကြိမ်ထပ်တိုက်မလား ဒါမှမဟုတ် ရီရှင်းလုံကို လက်လွှဲပေးမလား၊ ငါတို့ကိုဖြေရှင်းချက်ပေးပါ ”
အိုးနန်သည် အိုးလီကို ကြည့်ကာ အရှက်မရှိပြောလိုက်သည်။ ၎င်းတို့၏ဆုံးရှုံးမှုမှာ သေချာနေပြီဖြစ်ရာ ၎င်းတို့၏အဓိပတိအကြီးအကဲ ပေးအပ်သောတာဝန်ကိုသာ ပြီးမြောက်အောင်လုပ်ဆောင်ရတော့မည်။ သို့မဟုတ်ပါက ပြန်သွားသည့်အခါတွင် အကျိုးဆက်ကို ရင်ဆိုင်နိုင်မည်မဟုတ်ချေ။ ထို့ကြောင့် တိုက်ပွဲသည်လည်း ရှောင်လွှဲ၍မရတော့ပေ။ မျိုးနွယ်စုခေါင်းဆောင်သုံးယောက်စလုံးသည် အိုးလီကိုစောင့်နေကြကာ ၎င်းသဘောမတူလျှင် တိုက်ခိုက်ရန်အသင့်ဖြစ်နေပြီဖြစ်၏။ သို့သော် သေချာသည်မှာ ရီရှင်းလုံကိုဖျက်ဆီးပစ်ရမည်။
နဂါးမျိုးနွယ်စုသုံးခုသည် ၎င်းတို့၏အထက်တွင် နောက်ထပ်နဂါးဘိုးဘေး နဂါးသားတော် ပေါ်ထွန်းလာခြင်းကို မလိုလားကြပေ။ ပြင်ပအင်အားစုများစွာသည်လည်း နဂါးမျိူးနွယ်စုကို ပေါင်းစည်းစေလိုခြင်းမရှိကြချေ။ ပင်လယ်နဂါးလေးမျိုးသည် တစ်နှစ်ထက်တစ်နှစ်ကွဲလွဲကာ အားနည်းနေမှသာလျှင် ၎င်းအင်အားစုများသည် နဂါးမျိုးနွယ်စုကို ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်စေရန်ဆန္ဒရှိမည်ဖြစ်သည်။
နဂါးမျိုးနွယ်စုကို ပေါင်းစည်းလိုက်သည်နှင့် အချို့သောအင်အားစုများသည် အလွန်အမင်းမငြိမ်မသက်ဖြစ်လာလိမ့်မည်။ နဂါးဘိုးဘေး၏ဆက်ခံသူများရှိသော်လည်း ၎င်းတို့ကနဂါးမျိုးနွယ်စုကို ကာကွယ်နိုင်မည်လား။ မည်သူမှ သေချာမသိနိုင်ချေ။
ပင်လယ်နဂါးမျိုးနွယ်စုသုံးခု၏ ခိုင်မာသောသဘောထားကို ခံစားလိုက်ရသဖြင့် အိုးလီ၏အမူအရာသည် ပိုတင်းမာလာ၏။ ၎င်းတို့ကို ကျောထောက်နောက်ခံပေးထားသည့် တစ်စုံတစ်ယောက်ရှိရမည်။ သို့မဟုတ်ပါက ၎င်းတို့သည် မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ပိုင်နက်တွင် မောက်မာစွာပြုမူရန် သတ္တိရှိမည်မဟုတ်ချေ။ တစ်ခုသိထားရမည်မှာ မြောက်ပင်လယ်နဂါးမျိုးနွယ်စုတွင်လည်း နက်နဲအင်မော်တယ်အဆင့်ရှိသည့် အင်အားစုများရှိသည်။
"နဂါးသုံးမျိုးနွယ်စုသုံးခုလုံးက နက်နဲအင်မော်တယ်ကောင်တွေ အားလုံးရောက်လာပြီလား"
ထိုအတွေးဖြင့် အိုးလီ၏ကျောပြင်တွင် ချွေးပေးများစီးကျလာ၏။ မြောက်ပင်လယ်နဂါးမျိုးနွယ်စုသည် ရွှေအင်မော်တယ်အနည်းငယ်မျှကို ဂရုမစိုက်သော်လည်း
နက်နဲအင်မော်တယ်သုံးဦးရောက်ရှိလာပါက ၎င်းသည်အမှန်တကယ်ဒုက္ခဖြစ်လိမ့်မည်။ နက်နဲအင်မော်တယ်များသည် မြောက်ပင်လယ်နဂါးမျိုးနွယ်နယ်မြေတွင် စတင်တိုက်ခိုက်ပါက မျိုးနွယ်စုတစ်ခုလုံးပျက်စီးသွားနိုင်သည်။ ထိုသို့ဖြစ်လာလျှင် အိုးလီသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ အပြစ်သားဖြစ်လာလိမ့်မည်။
ယခုအချိန်တွင် ဦးစားပေးရန်မှာ မျိုးနွယ်စု၏ အကာအကွယ်အခင်းအကျင်းကို အသက်သွင်းရန်ဖြစ်သည်။ သို့သော် ၎င်းကိုအပြည့်အဝအသက်သွင်းရန် အချိန်ယူရမှာဖြစ်ကာ အဆင်သင့်မဖြစ်မီတွင် တိုက်ပွဲကိုဆိုင်းငံ့ထားရမည်ဖြစ်သည်။ ထို့ကြောင့် ရီရှင်းလုံ၏တိုက်ပွဲသည် ရှောင်လွှဲ၍မရချေ။ သို့သော် အိုးလီသည် ပင်လယ်နဂါးမျိုးနွယ်စုသုံးခု၏ ဖိအားပေးခြင်းကိုလည်း မလိုလားချေ။ သူလုပ်ဆောင်တော့မည့်အချိန်တွင် ရီဖန်သည် ရှေ့သို့တက်လာကာ သူ့ဘေးတွင် တိတ်တဆိတ်ပေါ်လာသည်။
"ငါတို့ တိုက်ရမယ်ဆိုမှတော့၊ ဒီအတိုင်းဆို အုပ်စုလိုက်တိုက်ပွဲက အဆင်မပြေသေးဘူး။ ငါတို့ဘက်က လူနည်းနည်းလောက် ထပ်လွှတ်လိုက်ရင် ဘာမှမဖြစ်ဘူးမလား"
ရီမိသားစုသည် ၎င်း၏မျိုးဆက်ကို အဖွဲ့လိုက်အနိုင်ကျင့်ခံရရန် ခွင့်ပြုမည်မဟုတ်သကဲ့သို့ ရီဖန်သည် သူ့မြေးကိုဤကဲ့သို့အနိုင်ကျင့်နေကြခြင်းကို ခွင့်လွှတ်လိမ့်မည်မဟုတ်ချေ။
"မင်းကဘယ်သူမို့လို့ ဝင်ပါတာလဲ။ ဒါက ငါတို့နဂါးမျိုးနွယ်စုရဲ့ကိစ္စပဲ၊ မင်းတို့ အပြင်လူတွေဝင်စွက်ဖက်ချင်တာ သေချာရဲ့လား"
ရီဖန်သည် ကြီးမားသောစွမ်းရည်ကိုပြသခဲ့သော်လည်း အိုးတုန်သည် သူ့ကိုခြိမ်းခြောက်နိုင်သေးသည်။
"အပြင်လူတွေ? ငါတို့က အပြင်လူတွေလို့ ဘယ်သူပြောလဲ”
ရီဖန်သည် အသာပြုံးလိုက်ကာ ၎င်း၏အဇူရာနဂါးသွေးမျိုးဆက်၏ရောင်ဝါကို အတားအဆီးမရှိထုတ်လွှတ်လိုက်သည်။ ရီဖန်၏ရောင်ဝါသည် မြောက်ပင်လယ်နဂါးမျိုးနွယ်စုကို ပစ်မှတ်မထားသောကြောင့် ၎င်းတို့လွတ်မြောက်ခဲ့ကြသော်လည်း အခြားနဂါးမျိုးနွယ်စုသုံးခုသည် ကံမကောင်းကြရှာချေ။ ၎င်းတို့ကို ရှေးနဂါးသွေးမျိုးဆက်၏ရောင်ဝါလွှမ်းခြုံလာသောအခါ ပင်လယ်နဂါးမျိုးနွယ်စုသုံးခု၏ကျင့်ကြံသူများသည် အသက်ရှူမဝဖြစ်သွားကြ၏။ မျိုးနွယ်စုခေါင်းဆောင်သုံးဦးပင်လျှင် ရီဖန်၏သွေးမျိုးဆက်လွှမ်းမိုးမှုအောက်တွင် အရှုံးပေးလိုသည့်စိတ်ကိုခံစားခဲ့ရသည်။ ၎င်းသည် မယုံကြည်နိုင်လောက်အောင် အစွမ်းထက်လှသည်။
ရီရှင်းလုံကဲ့သို့ ရှေးဟောင်းနဂါးသွေးမျိုးဆက်ဖြစ်သော်လည်း ရီဖန်၏သွေးမျိုးဆက်သည် ရီရှင်းလုံထက် အဆများစွာပိုအစွမ်းထက်သည်။ ဤသည်မှာ ဒဏ္ဍာရီလာအဇူရာနဂါးသွေးမျိူးဆက်ဖြစ်နိုင်၏။ ရီမိသားစုသည်လည်း နဂါးမျိုးနွယ်စုနွယ်ဝင်လည်းဖြစ်ကြကာ တစ်ခုမေးရန်မှာ ၎င်းတို့သည် နဂါးအစစ်လား၊ သွေးနှောနဂါးလားဟူ၍ဖြစ်သည်။ နဂါးအစစ် သို့မဟုတ် နဂါးသွေးနှောတို့၏အခြေအနေကို သွေးမျိုးဆက်၏ရောင်ဝါပေါ်တွင် အခြေခံ၍ခွဲခြားမရချေ။
…………..