← Chapters

အခန်း ၂၃၂-၂၃၄

Vol. 16 Ch. 232-234

အခန်း ၂၃၂-၂၃၄

Vol. 16 Ch. 232-234

အခန်း ၂၃၂ - သမီးယောင်းမကြား ဝေစုခွဲခြင်း

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဌာနခွဲ၏ ကိစ္စများကိုကိုင်တွယ်ပြီးနောက် စုယန်သည် ရီရှောင်းရှောင်းနှင့် လျှို့ဝှက်စွာတွေ့ဆုံရန်အတွက် တာ့ယွီအင်ပါယာသို့ သွားခဲ့သည်။

“ရှောင်းရှောင်း၊ ဒီ ခုနစ်ဆယ်ရာခိုင်နှုန်းကို လက်ခံရမယ်၊ မဟုတ်ရင် နောက်တစ်ခေါက် နင်နဲ့ မပူးပေါင်းတော့ဘူး"

“ယောင်းမလေး၊ ငါတို့ကမိသားစုဆိုတော့ အဲလိုခွဲနေဖို့မလိုဘူး။ အများဆုံးသုံးဆယ်ရာခိုင်နှုန်းပဲ ယူမယ်လေနော်”

စုယန်နှင့် ရီရှောင်းရှောင်းတို့ ခွဲဝေနေသည့်အရာများသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှရရှိသော အရင်းအမြစ်များဖြစ်သည်။ အဖွဲ့ဝင်များစုဆောင်းရန် အကြောင်းပြချက်ဖြင့် စုယန်သည် နန်ကျိူးဌာနခွဲ၏ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရှိ ဘဏ္ဍာတိုက်မှ အရင်းအမြစ်များစွာကို ထုတ်ယူသွားခဲ့သည်။ ယခုတွင် ထုံးစံအတိုင်း သူမသည် ရီရှောင်းရှောင်းနှင့် လုပ်ငန်းစလုပ်နေပြီဖြစ်သည်။ အရင်းအနှီးများယူပြီးနောက်တွင် တစ်ခုခုလုပ်ရမည် မဟုတ်လား။ သိူ့မဟုတ်ပါက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဘက်မှ သံသယဖြစ်လာလျှင် ဆုံးရှုံးမှုကြီးတစ်ခုဖြစ်လာလိမ့်မည်။

ရီရှောင်းရှောင်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အရေးကိစ္စများကို သိရှိခဲ့ပြီးဖြစ်သောကြောင့် များစွာကူညီအားပေးခဲ့သည်။ နောက်ဆုံးတွင် သူတို့အားလုံးသည် ရီမိသားစုမှဖြစ်ကြသည်မဟုတ်လား။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် တာ့ယွီအင်ပါယာမှ အချက်အလက်များကို ခိုးယူရုံသာမဟုတ်ဘဲ သတင်းအချက်အလက်များစွာကိုလည်း ပြန်ပေးခဲ့သည်။ နှစ်များတစ်လျှောက် တာ့ယွီအင်ပါယာ၏နေရာတိုင်းတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှလူများရှိသည်။

တာ့ယွီအင်ပါယာကျယ်ပြန့်လာသည်နှင့်အမျှ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ လူထပ်ထည့်ရန်မှာ ပြဿနာမဟုတ်ချေ။

ချက်ချင်းဆိုသလိူပင် စုယန်နှင့် ရီရှောင်းရှောင်းတို့နှစ်ဦး သဘောတူညီမှုရရှိခဲ့ကြကာ ငါးဆယ်ရာခိုင်နှုန်းစီ ခွဲတမ်းချလိုက်ကြသည်။ စုယန်ထုတ်ယူလာသည့် အရင်းအမြစ်များကိုကြည့်ပြီးနောက် ရီရှောင်းရှောင်းသည် သက်ပြင်းမချဘဲမနေနိုင်တော့ပေ။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အလွန်ချမ်းသာ၏။ ၎င်းတို့သည် သွေးစုပ်ဖုတ်ကောင်လေး စုယန်ကိုကျွေးမွေးထားရသောကြောင့် အနာဂတ်တွင် ၎င်းတို့သွေးများခမ်းခြောက်သွားမလားဟူ၍ပင် တွေးနေမိသည်။

သူမတို့ငွေလက်ခံပြီးသည့်အချိန်မှစ၍ ရီရှောင်းရှောင်းဘက်မှ လျင်မြန်စွာ စတင်လှုပ်ရှားလာသည်။ တာ့ယွီအင်ပါယာ၏ အရာရှိအများအပြားကို စုယန်က ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် သူလျှိုများအဖြစ်ခေါ်ယူခဲ့သည်။ ထို့နောက် စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ မူလကျင့်ကြံသူအများအပြားကို တာ့ယွီအင်ပါယာသို့ဝင်ရောက်ကာ အချို့သောရာထူးနေရာများရယူပေးသယောင် ဟန်ဆောင်ကာ စီစဉ်ပေးခဲ့သည်။ သို့သော် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှလူများ တာ့ယွီအင်ပါယာသို့ဝင်ရောက်လာသောအခါတွင် ၎င်းတို့သည် ရီရှောင်းရှောင်း၏ အနီးကပ်စောင့်ကြည့်ခြင်းခံကြရရာ သတင်းအချက်အလက်ရရှိရန် မျှော်လင့်ချက် လုံးဝမရှိပေ။

အရာအားလုံးသည် စုယန်၏အစီအစဉ်အတိုင်း ပြီးပြည့်စုံစွာ ဆက်သွားနေခဲ့၏။

မကြာမီတွင် အချက်အလက်များကို ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ နန်ကျိူးဌာနခွဲသို့ ပေးပို့ခဲ့သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ တာ့ယွီအင်ပါယာအတွင်းသို့ စိမ့်ဝင်မှုသည် ကြီးကျယ်သောအောင်မြင်မှုတစ်ခုဖြစ်သည်။ ပေဟူသည် စုယန်ဤအခြေအနေကို အချိန်တိုအတွင်း မည်ကဲ့သို့ထိရောက်စွာ လုပ်ဆောင်နိုင်ခဲ့သည်ကို ချီးကျူးကာ ဝူရှန်းဘိုးဘေး၏ တပည့်ဖြစ်ထိုက်ကြောင်း မှတ်ချက်ပေးနေသည်။ တစ်လကြာပြီးနောက် ဝူရှန်းဘိုးဘေးသည် စုယန်၏ကောင်းမှုများအတွက်ဆုလာဘ်အဖြစ်ဟုဆိုကာ အရင်းအမြစ်များစွာ သယ်ဆောင်လျက်ရောက်ရှိလာသည်။

ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက် အရေးအကြီးဆုံးတာဝန်မှာ အင်အားစုများထဲတွင် အတွင်းလူများထည့်ခြင်းဖြစ်သည်။ တစ်ခုတည်းသောအရာမှာ စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ နောက်အစီအစဉ်သည် မည်ကဲ့သို့ဖြစ်သည်ကို မသိသည့်အတွက် အတွင်းလူများစွာထည့်ထားရန်လိုအပ်သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် အတင်းအဖျင်းသတင်းအတွက်မျှနှင့် အရင်းအမြစ်များစွာကိုဖြုန်းတီးနေခြင်းမဟုတ်ကြောင်း စုယန်သိသည်။ စုယန်ကြောင့်သာမဟုတ်ပါက တာ့ယွီအင်ပါယာသည် အတွင်းလူမည်မျှရှိနေသည်ကိုမသိဘဲ ပျော်ရွှင်နေပေလိမ့်မည်။

အခြားပြည်နယ်များနှင့် ကမ္ဘာများတွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏အတွင်းလူမည်မျှရှိကာ အင်အားစုကြီးများကိုမည်သို့စောင့်ကြည့်နေကြမည်နည်း။ စုယန်သည် ၎င်းကိုတွေးမိပြီး ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးသည် ကြောက်မက်ဖွယ်ကောင်းသောကြောင့် ကြက်သီးထသွား၏။ အနာဂတ်တွင် သူမပိုသတိထားရလိမ့်မည်။ သို့သော် သူမ ယူသင့်သော အရင်းအမြစ်များကိုတော့ ယူရမည်ဖြစ်ပြီး လက်ခံသင့်သည့်ဆုလာဘ်များကိုလည်း လက်ခံရမည်ဖြစ်သည်။ နောက်ဆုံးတွင် သူမတာဝန်များကို ပြီးမြောက်ခဲ့သည် မဟုတ်လား။

ရီမိသားစုအတွင်း၌ ရီဖန်သည် ဝိညာဉ်ရေးဆေးတစ်သုတ်ကို သန့်စင်နေသည်။

ယခုအခါတွင် ရီမိသားစု၌ ရွှေအင်မော်တယ်နယ်မြေသို့ရောက်ရှိပြီဖြစ်သော ကျင့်ကြံသူအနည်းငယ်ရှိသည်။ သို့သော် ၎င်းသည် မလုံလောက်သေးပေ။ အထူးလျှို့ဝှက်နည်းပညာများ သို့မဟုတ် ဆေးလုံးများမပါဘဲ၊ တစ်ဦးတစ်ယောက်၏အရည်အချင်းတစ်ခုတည်းဖြင့် ရွှေအင်မော်တယ်နယ်မြေသို့ဖောက်ထွက်ရန် အချိန်များစွာယူရလိမ့်မည်။

ရီမိသားစုတွင် ကောင်းကင်အင်မော်တယ်အထွတ်အထိပ်အဆင့် ကျင့်ကြံသူများသည် ရွှေအင်မော်တယ်နယ်မြေသို့ ဖောက်ထွက်ရန် ကြိုးပမ်းနေကြသည်။

မိသားစုဝင်များ၏ အောင်မြင်မှုကို အရှိန်မြှင့်ရန်အတွက် ရီဖန်သည် ဆေးလုံးများဘက်သို့ ပြန်လှည့်လိုက်သည်။ ဆေးပညာတွင် တာအိုအဆင့်နိမ့်အထိ တိုးတက်မှုမရှိပါက သူသည်လည်း မည်သို့မျှကူညီနိုင်မည်မဟုတ်ပေ။ သိူ့သော် သူ၏လက်ရှိအခြေအနေဖြင့် ၎င်းကိုကိုင်တွယ်ဖြေရှင်းရန်နည်းဗျူဟာသည် ပြဿနာမဟုတ်ပေ။

ဆေးလုံးများသည် ကောင်းကင်အင်မော်တယ်အထွတ်အထိပ်မှ ကျင့်ကြံသူများကို ရွှေအင်မော်တယ်နယ်မြေသို့ အလျင်အမြန်တက်လှမ်းနိုင်ရန် ကူညီပေးနိုင်၏။ နောက်ဆုံးတွင် ရီဖန်သည် အဆင့်နိမ့်တာအိုဆေးလုံး၊ လေးသင်္ကေတရွှေဆေးလုံးကို ပြုလုပ်ရန်ဆုံးဖြတ်ခဲ့သည်။ လေးသင်္ကေတရွှေဆေးလုံးသည် နတ်မွန်းစတားလေးကောင်၏သွေးအနှစ်၊ အခြားသော အရန်ဝိညာဉ်ရေးဆေးများစွာလိုအပ်သည်။ ရီဖန်သည် နောက်ဆုံးအကြိမ်က စတုရန်းလက်မတောင်တွင် လိုအပ်သော အရန်ဝိညာဉ်ရေးဆေးများအားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။ အဓိကပြဿနာမှာ နတ်မွန်းစတားလေးကောင်ထံမှ သွေးအနှစ်ကို ရယူခြင်းဖြစ်ကာ ၎င်းသည် ရီဖန်ကိုအလွန်ဒုက္ခများစေသည်။

သို့သော် လိုအပ်သည့် နတ်မွန်းစတားအမျိုးအစားဟူ၍ မရှိချေ။ ရီမိသားစုတွင် နတ်မွန်းစတားသုံးကောင်ဖြစ်သည့် ပိုင်ဇယ်၊ အဇူရာနဂါးနှင့် နဂါးဘိုးဘေးတို့ရှိသည်။

ပိုင်ဇယ်နှင့် အဇူရာနဂါးတို့သည် ရွှေအင်မော်တယ်နယ်မြေသို့ တက်လှမ်းခဲ့ပြီးဖြစ်ကာ၊ နဂါးဘိုးဘေးသည်လည်း ခြေတစ်လှမ်းသာဝေးတော့သောကြောင့် ၎င်းကိုအသုံးပြုရန် လုံလောက်နေပြီဖြစ်သည်။ သို့သော် ရီဖန်စိတ်ပူသည်မှာ စတုတ္ထမြောက်နတ်မွန်းစတား၏သွေးအနှစ်ဖြစ်သည်။

သူဆုံးဖြတ်ပြီးနောက်တွင် ရီဖန်သည် ရီကျင်းစန်ကို ဆက်သွယ်ခဲ့သည်။ ရီကျင်းစန်သည် လက်ရှိတွင် နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်ကာ ကျယ်ပြောလှသောသမုဒ္ဒရာထဲတွင် နတ်မွန်းစတားတစ်ကောင်ကိုရှာဖွေရန်မှာ ခက်ခဲလိမ့်မည်မဟုတ်ချေ။ သိူ့သော် ဖီးနစ်မျိုးနွယ်စု၏ အနှောင့်အယှက်ပေးမှုကြောင့် ရီကျင်းစန်သည် ကူကယ်ရာမဲ့ဖြစ်နေခဲ့သည်။

သူဤမျှပင်ပန်းမည်ကိုသိခဲ့ပါက မျိုးနွယ်စုခေါင်းဆောင်တာဝန်ကို ထမ်းဆောင်ခဲ့မည်မဟုတ်ပေ။ နဂါးဘိုးဘေးသားတော်ဖြစ်ခြင်းနှင့်အတူ ပါလာသည့်တာဝန်များကလည်း ခက်ခဲလွန်းလှသည်။

သူသည် သွေးမျိုးဆက်တစ်ခုတည်းကြောင့်နှင့် နတ်မွန်းစတားမျိုးနွယ်ပေါင်းများစွာ၏ ပစ်မှတ်ထားခံရကာ ဖီးနစ်မျိုးနွယ်စု၊ ချီလင်မျိုးနွယ်စုသည် မည်သူမျှလွယ်လွယ်သွားရှုပ်၍မရချေ။ အင်အားစုများစွာသည် နဂါးမျိုးနွယ်စု၏စည်းလုံးမှုကို မမြင်ချင်ကြပေ။ ဖီးနစ်နှင့် ချီလင်မျိုးနွယ်စုများသည် ၎င်းတို့ထဲတွင် အတက်ကြွဆုံးသောသူများဖြစ်သည်။ ရှေးယခင်က ၎င်းတို့ မျိုးနွယ်စုသုံးခုသည် သေစေနိုင်လောက်သောရန်သူများဖြစ်သည်။ နဂါးမျိုးနွယ်စုနောက်တစ်ကြိမ် အာဏာပြန်ရလာမည်ကို အခြားမျိုးနွယ်စုများက မလိုလားကြချေ။ ထို့ကြောင့် မျိုးနွယ်စုနှစ်ခုသည် နဂါးမျိုးနွယ်စုကို စတင်နှောင့်ယှက်တော့သည်။

နဂါးမျိုးနွယ်စု၏ နယ်မြေများသည် အဆက်မပြတ် ကျဉ်းမြောင်းလာပြီးနောက် ၎င်းတို့ဘဝသည်လည်း ပိုမိုခက်ခဲလာသည်။ အဓိကပြဿနာမှာ နဂါးမျိုးနွယ်စု၏ အဆင့်မြင့်တိုက်ခိုက်ရေးတပ်ဖွဲ့၏အင်အား အလွန်နည်းပါးသောကြောင့်ဖြစ်သည်။ ရီဖန်သည် နက်နဲအင်မော်တယ်လေးယောက်ထဲမှ သုံးယောက်ကို သတ်ပစ်လိုက်သည်။ ထိုအချိန်က ကြီးကြီးမားမားဖြစ်မရှိခဲ့သော်လည်း ယခုအချိန်တွင် ပြဿနာဖြစ်လာသည်။ မြောက်ပင်လယ်နဂါးမျိုးနွယ်စု၏ အဓိပတိအကြီးအကဲသည် နဂါးမျိုးနွယ်စု၏ဘိုးဘေးပိုင်မြေတွင် နေထိုင်ရန်လိုအပ်သောကြောင့် စစ်မတိုက်နိုင်ပေ။မျိုးနွယ်စုနှစ်ခုနှင့်ရင်ဆိုင်ရချိန်တွင် နဂါးမျိုးနွယ်စုသည် တဖြည်းဖြည်းသာပြန်ဆုတ်သွားရသည်။

ထိုအချိန်တွင် ရီဖန်ထံမှ အကြောင်းကြားစာရောက်ရှိလာ၏။ ရီဖန်၏စကားကိုကြားပြီးနောက် ရီကျင်းစန်သည် အလွန်စိတ်လှုပ်ရှားလာသည်။ ရီကျင်းစန်သည် ရီဖန်ကို အကူအညီတောင်းရန် ရှက်မိသော်လည်း အကယ်၍ရီဖန်က လိုလိုလားလား ကမ်းလှမ်းလာလျှင် ရီကျင်းစန်သည်လည်း တွန့်ဆုတ်မည်မဟုတ်ပေ။ နတ်မွန်းစတား၏သွေးအနှစ်သည် ရှေးခေတ်သွေးမျိုးဆက်မှဖြစ်ကာ သန့်စင်မှသာလျှင် နတ်မွန်းစတားသွေးဟု ယူဆနိုင်မည်ဖြစ်သည်။ မျိုးစပ်သွေးမျိုးဆက်များကို လက်မခံနိုင်ချေ။ ရီကျင်းစန်၏ လက်ရှိသွေးမျိုးဆက်အဆင့်သည် မြင့်မားသည့်တိုင်၊ သူသည် ရီမိသားစု၏ သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားဆဲဖြစ်သောကြောင့် နတ်မွန်းစတားဟုမသတ်မှတ်နိုင်ပေ။

"ဖီးနစ်မျိုးနွယ်စု၊ ချီလင်မျိုးနွယ်စု၊ မင်းတို့ဖေဖေ လာနေပြီကွ!”

ရီကျင်းစန်သည် ရယ်မောလျက် မျိုးနွယ်စုနှစ်ခု၏သတင်းကို ရီဖန်ထံပေးလိုက်သည်။

မျိုးနွယ်စုနှစ်ခု၏သတင်းကိုဖတ်ပြီးနောက် ရီဖန်သည် ချက်ချင်းထွက်ခွာသွားခဲ့သည်။ သူသည် နတ်မွန်းစတားသွေးအနှစ်တစ်မျိုးသာ လိုအပ်သော်လည်း ရီဖန်သည် နှစ်ယောက်လုံးကို ခေါ်ဆောင်လာရန်ရည်ရွယ်ထားသည်။ အဓိကအကြောင်းရင်းမှာ ရီရှောင်းရှောင်းနှင့် စုယန်အတွက် နတ်မွန်းစတားတစ်ကောင်စီ ရရှိစေရန်ပင်။ ဧကရီ ရီရှောင်းရှောင်း၊ သူမထံတွင် ဖီးနစ်မလေးတစ်ကောင် ရှိကိုရှိရမည်။ စုယန်သည် လေချီလင်သွေးမျိုးဆက်ကို သယ်ဆောင်ထားသောကြောင့် ချီလင်မွန်းစတားသည် သူမအတွက်အသင့်တော်ဆုံးအရာဖြစ်သည်။

ရီဖန် လက်သီးဆုပ်လိုက်ရင်း အနည်းငယ်တွက်ချက်ပြီးနောက် ဖီးနစ်နှင့် ချီလင်မျိုးနွယ်စုများ၏ အဆင့်မြင့်ပုဂ္ဂိုလ်များသည် ယခုအချိန်တွင် အတူရှိနေကြောင်းတွေ့ရှိခဲ့သည်။

ရီကျင်းစန်၏တုံ့ပြန်မှုနှင့်အတူ ၎င်းကိုပေါင်းစပ်လိုက်သည့်အခါ ရီဖန်တစ်စုံတစ်ခုကိုသိရှိလိုက်ရသည်။ ရီကျင်းစန် အလွန်ပျော်သွားသည်မှာ အံ့သဩစရာမရှိပေ။ ဖီးနစ်နှင့် ချီလင်မျိုးနွယ်စုတို့သည် နဂါးမျိုးနွယ်စုကို နောက်တစ်ကြိမ်တိုက်ခိုက်ရန် ဆွေးနွေးနေကြ၏။ နောက်အခိုက်အတန့်တွင် သူတို့အပေါ်သို့ ရောင်ဝါတစ်ခု ရုတ်ချည်းဖုံးလွှမ်းသွားသလို ခံစားလိုက်ရသည်။ ထိုရောင်ဝါအောက်တွင် ၎င်းတို့သည် တုပ်တုပ်မှမလှုပ်နိုင်ကြတော့ချေ။

…………….

အခန်း ၂၃၃ - ဓားစာခံများသည် ထိုကဲ့သို့ကောင်းမွန်စွာ ဆက်ဆံခံရသလား

"အဲက ဘယ်သူလဲ"

ကြီးမားသောဖိအားအောက်တွင် ဖီးနစ်နှင့် ချီလင်မျိုးနွယ်စုများ၏ မျိုးနွယ်စုခေါင်းဆောင်များသည် စကားမပြောနိုင်ဖြစ်နေသည်။ ၎င်းတို့၏မျက်လုံးများသည် နေရာလွတ်ကိုစိုက်ကြည့်နေကြကာ ဒေါသထွက်နေကြ၏။ ၎င်းတို့ ချီလင်နှင့် ဖီးနစ်မျိုးနွယ်စုတို့သည် မည်သည့်စွမ်းအားကြီးပုဂ္ဂိုလ်များကိုမှ ရန်စမိခဲ့သည်ဟုမထင်ပေ။ နဂါးမျိုးနွယ်စုအတွက်လား။ ၎င်းတို့သည် ထိုဖြစ်နိုင်ခြေကို လုံးဝမစဉ်းစားခဲ့ကြချေ။ နဂါးမျိုးနွယ်စုတွင် ဤမျှအစွမ်းထက်သည့်သူရှိလျှင် ၎င်းတို့မျိုးနွယ်နှစ်ခု၏ ဖိနှိပ်မှုကိုခံရမည်မဟုတ်။မကြာမီတွင် ရီဖန်သည် မျိုးနွယ်စုနှစ်ခုရှေ့တွင် ပေါ်လာသည်။

"မင်းတို့နှစ်ယောက် ငါနှင့်လိုက်ခဲ့ဖို့ လူနှစ်ယောက်ရွေးလိုက်"

ရီဖန်၏အကြည့်သည် လူအုပ်ကြားထဲ ဖြတ်သန်းသွား၏။ ချီလင်သည်အထီးဖြစ်ပြီး ဖီးနစ်သည်အမဖြစ်သောကြောင့်၊ ချီလင်များကပိုခွဲခြာရန်လွယ်သည်။

ရီဖန်၏စကားကိုကြားသောအခါ မျိုးနွယ်စုနှစ်စုသည် ချက်ချင်းဒေါသထွက်သွားကြ၏။ ၎င်းတို့မျိုးနွယ်စုနှစ်ခုကို ကုန်ရောင်းကုန်ဝယ်သကဲ့သို့ဆက်ဆံနေခြင်းမဟုတ်လား။ ဖီးနစ်နှင့်ချီလင်မျိုးနွယ်စုများသည် မည်သည့်အခါမှ ကျွန်ခံလိမ့်မည်မဟုတ်ပေ။ နောက်အခိုက်အတန့်တွင် ရီဖန်သည် သူ့လက်ထဲမှ တာအိုပစ္စည်းကို ထုတ်ယူလိုက်သည်။

၎င်းသည် တာအိုအင်မော်တယ်ပစ္စည်း၏ အစွမ်းထက်သောစွမ်းအားကိုပြသခဲ့ကာ ပုံရိပ်ယောင်တစ်ခု ပေါ်လာသည်။ ကွမ်ဟန်အင်မော်တယ်ဧကရာဇ်ထံမှရရှိထားသော တာအိုအင်မော်တယ်ပစ္စည်းသည် အဆင့်နိမ့်သော်လည်း၊ အင်မော်တယ်ဘုရင်များသာ ပိုင်ဆိုင်ရန်အရည်အချင်းပြည့်မီသော အရာဖြစ်သည်။

“ခဏနေပါဦး”

ဖီးနစ်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်သည် တာအိုလက်နက်၏ရောင်ဝါကို ခံစားရပြီးနောက် ဦးစွာစကားဆိုခဲ့သည်။ ဖီးနစ်မျိုးနွယ်စုသည် ၎င်းတို့မခုခံနိုင်သည့်အခြေအနေသို့မရောက်မချင်း ကျွန်ခံလိမ့်မည်မဟုတ်ချေ။ မျိုးနွယ်စုခေါင်းဆောင်သည် ဖီးနစ်မျိုးနွယ်စုတစ်ခုလုံးအတွက် ဖီးနစ်အဖွဲ့ဝင်တစ်ဦး၏လွတ်လပ်မှုကို လဲလှယ်ရန်မှာ သင့်တင့်သောကုန်သွယ်မှုတစ်ခုဖြစ်သည်ဟု ယုံကြည်ခဲ့သည်။

ချီလင်မျိုးနွယ်စုခေါင်းဆောင်သည် နတ်မွန်းစတားတစ်ဦး၏ဂုဏ်သိက္ခာမရှိသည့်အတွက် ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်ကို လျင်မြန်စွာအပြစ်တင်လိုက်သည်။ ထို့နောက် ဒေါသထွက်နေသော ချီလင်မျိုးနွယ်စုခေါင်းဆောင်က

"ကျွန်တော်တို့ ချီလင်မျိုးနွယ်စုက ချီလင်သားတော်ကို ပေးပါ့မယ်” ဟုအော်ပြောလိုက်သည်။

ချီလင်သားတော်သည်လည်း ၎င်းနှင့်မဆိုင်ဘဲ ဆွဲထည့်ခံလိုက်ရသည့်အတွက် အလွန်အံ့ဩသွားသည်။ ရီကျင်းစန်ကြောင့်မဟုတ်ပါက ရီဖန်သည် မူလက မျိုးနွယ်စုနှစ်ခုနှင့်ညှိနှိုင်းရန် ရည်ရွယ်ထားသည်။

အခြေအနေနှင့် လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်သူသည် ပညာရှိများဖြစ်ကာ မျိုးနွယ်စုနှစ်ခု၏ခေါင်းဆောင်များသည် အမှန်တကယ်ပင်ဥာဏ်ကောင်းကြ၏။

မျိုးနွယ်စုနှစ်စုသည် အလွန်ပူးပေါင်းဆောင်ရွက်ကြသောကြောင့် ရီဖန်ထံတွင် ပြောစရာမရှိတော့ပေ။

ဖီးနစ်မျိုးနွယ်စုတွင် ဖီးနစ်သားတော်နှင့် ဖီးနစ်သမီးတော်တို့ပါ၀င်ကာ ရီဖန်သည် ဖီးနစ်သမီးတော်ကို ရွေးချယ်ခဲ့သည်။ ချီလင်မျိုးနွယ်စု၏ ချီလင်သားတော်ကိုမူ ရီဖန်စိတ်မဝင်စားချေ။ နောက်ဆုံးတွင် သူသည် ချီလင်သားတော်ထက် အားနည်းသော မီးချီလင်ကို ရွေးချယ်ခဲ့သည်။

မူလက မကျေမနပ်ဖြစ်နေသော ချီလင်သားတော်သည် သူအရွေးမခံရကြောင်း သိလိုက်ရသောအခါတွင် ပို၍ပင်ဒေါသထွက်သွား၏။ သူ့ကိုအဘယ်ကြောင့်မရွေးချယ်ရသနည်း။ သူ့ကို အထင်သေးနေသောကြောင့်သာဖြစ်ရမည်။ ရီဖန်သည် ၎င်းတို့နှစ်ဦးကိုလျစ်လျူရှုကာ ဖီးနစ်သမီးတော်နှင့် မီးချီလင်ဘက်သို့ လှည့်လိုက်သည်။ သူတို့၏သွေးမျိုးဆက်နှစ်ခုစလုံးသည် ရှေးခေတ်သွေးမျိုးဆက်များနှင့် နီးစပ်သောကြောင့် ၎င်းတို့သည် လေးသင်ေ္ကတရွှေဆေးလုံးအတွက် ပြီးပြည့်စုံသည်။ သို့သော် ကောင်းကင်အင်မော်တယ်နယ်မြေရှိ ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် အနည်းငယ် အားနည်းနေသည်။

မျိုးနွယ်စုနှစ်ခုမှကျင့်ကြံသူများသည် ၎င်းတို့နှစ်ဦးကို ရီဖန်ခေါ်ဆောင်သွားပြီးနောက် ၎င်းတို့ဘဝသည် လွယ်မည်မဟုတ်ဟု ခံစားခဲ့ရသောကြောင့် သနားသောအကြည့်များဖြင့် ကြည့်ကြသည်။

တစ်ဖက်တွင် ၎င်းတို့သည် ရွေးချယ်ခံရသူများမဟုတ်သည့်အတွက် စိတ်သက်သာရာရသွားကြသည်။

လူသားမျိုးနွယ်စုနယ်မြေတွင်နေထိုင်ခြင်းသည် ၎င်းတို့၏မျိုးနွယ်စုများအတွင်းနေရခြင်းကဲ့သို့ အဆင်မပြေနိုင်ပေ။ ဖီးနစ်ရှောင်းရှောင်းနှင့် မီးချီလင်တို့သည် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။ ၎င်းတို့သေဆုံးမည်ဆိုလျှင်ပင် မျိုးနွယ်စု၌သာ သေဆုံးလိူကြသည်။

ရီဖန်သည် သူ၏လက်ကိုလှုပ်ရှားလိုက်ရာ သူ့လက်ထဲတွင် သစ်သီးနှစ်လုံးပေါ်လာသည်။ ထူးဆန်းသောအသီးနှစ်လုံး ဖီးနစ်နှင့်ချီလင်မျိုးနွယ်စုဝင်များကို အလိုအလျောက်တံတွေးမျိုချစေသည့် ထူးခြားသောရနံ့ကို ထုတ်လွှတ်လျက်ရှိ၏။ ဤအသီးနှစ်လုံးသည် ၎င်းတို့အတွက် အလွန်အသုံးဝင်မည်ဟုခံစားမိကြသည်။ ဖီးနစ်နှင့် ချီလင်မျိုးနွယ်စုများ၏ မျိုးနွယ်စုခေါင်းဆောင်များသည် အဆိုပါသစ်သီးနှစ်မျိုးမှာ နှစ်တစ်ထောင်သက်တမ်းရှိသည့် ဗာမယ်လွန်သစ်သီးနှင့် ချီလင်သစ်သီးတို့ဖြစ်ကြောင်း တန်းသိလိုက်သည်။ ဖီးနစ်နှင့် ချီလင်မျိုးနွယ်စုများအတွက် ထိုအသီးနှစ်သီး၏အာနိသင်သည် တာအိုဆေးလုံးများ၏ အာနိသင်ထက်ပင် ပိုမိုကောင်းမွန်၏။

"မင်းပါးစပ်ဟ!"

ရီဖန်၏ စကားများကိုကြားလိုက်သောအခါ နှစ်ယောက်သားသည် ပါးစပ်ကို အလိုအလျောက် ဖွင့်ဟလိုက်ကြသည်။ ထို့နောက် ရီဖန်၏လက်ကိုလှုပ်ရှားလိုက်ကာ ဂျယ်လီစေ့နှစ်ခုကို ပစ်လိုက်သကဲ့သို့ အသီးနှစ်လုံးကိုပါးစပ်ထဲသို့ ပစ်ထည့်လိုက်သည်။ ထိုသစ်သီးနှစ်လုံးကိုလည်း စတုရန်းလက်မတောင်မှ ရရှိခဲ့ခြင်းဖြစ်သည်။ တာအိုသစ်သီးမရှိသည့်အတွက် ဤဝိညာဉ်သစ်သီးနှစ်လုံးကိုသာ အသုံးပြုရတော့သည်။ သို့သော် ချီလင်နှင့် ဖီးနစ်မျိုးနွယ်စုများအတွက် ဤသစ်သီးများ၏အာနိသင်သည် တာအိုသစ်သီးထက်ပင် ပိုမိုကောင်းမွန်၏။

၎င်းတို့သည် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးနိုင်ရုံသာမက သွေးမျိုးဆက်ကိုလည်း သန့်စင်ပေးသည်။ သစ်သီးများ၏စွမ်းအားသည် ၎င်းတို့၏ကိုယ်ထည်အတွင်း ပေါက်ကွဲထွက်လာသည်နှင့်အမျှ ဖီးနစ်ရှောင်းရှောင်းနှင့် ချီလင်သားတော် ရွှမ်ဟုန်တို့၏ ရောင်ဝါသည် ပို၍အားကောင်းလာသည်။ မကြာမီတွင် ၎င်းတို့၏ရောင်ဝါများသည် ရွှေအင်မော်တယ်နယ်မြေသို့ ဖြတ်ကျော်သွား၏။ ၎င်းက မျိုးနွယ်စုနှစ်ခုလုံး၏ကျင့်ကြံသူများကို အံသဩသွားစေခဲ့သည်။

လူသားမျိုးနွယ်စုမှ အသိမ်းခံရခြင်းသည် ကြေကွဲဝမ်းနည်းဖွယ်ကောင်းသင့်သည် မဟုတ်လား။

ဤသည်ကို ကြေကွဲစရာဟုယူဆနိုင်ပါသလား။ သို့ဖြစ်ပါက ၎င်းတို့သည် ဤ 'ကြေကွဲစရာ'အတွေ့အကြုံမျိုးကိုခံစားဖူးလို၏။ ကျင့်ကြံရေးအဆင့် အောင်မြင်မှုသည် အစသာရှိသေးကာ မကြာခင်၌ ၎င်းတို့၏ သွေးမျိုးဆက်ပြောင်းလဲမှုများသည်လည်း အောင်မြင်စွာပြီးမြောက်ခဲ့သည်။ ရှေးခေတ်သွေးမျိုးဆက်နှင့် စစ်မှန်သောရှေးဟောင်းသွေးမျိုးဆက်ကြားတွင် ကွာခြားချက်အနည်းငယ်သာရှိသော်လည်း ၎င်းသည်မရေတွက်နိုင်သောလူများကို အောင်မြင်ခြင်းမှ တားဆီးနိုင်သည်။

သို့သော်လည်း ကံဆိုးသူများဟု သတ်မှတ်ခံထားရသော မျိုးနွယ်စုဝင်နှစ်ဦးသည် ဤအဆင့်ကို အလွယ်တကူကျော်ဖြတ်နိုင်ခဲ့သည်။ ရီဖန်ပေးသော ဝိညာဉ်အသီးနှစ်သီးသည် ရှန်အင်မော်တယ်အဆင့်ရှိသည်ဟု ယူဆနိုင်ကာ သာမန်နက်နဲအင်မော်တယ်သို့မဟုတ် အင်မော်တယ် ဘုရင်များပင်လျှင် ၎င်းတို့ကိုရရှိနိုင်ခဲသည်။ စတုရန်းလက်မတောင်ကဲ့သို့သော တာအိုမျိုးဆက်သာလျှင် ထိုကဲ့သို့သော အသီးများကိုခူးနှံရန် လုံလောက်သောအခြေခံအုတ်မြစ်ကို ပိုင်ဆိုင်ကြသည်။

ဖီးနစ်ရှောင်းရှောင်းနှင့် ချီလင်သားတော်ရွှမ်ကုန်းတို့၏ သွေးမျိုးဆက်ပြောင်းလဲမှုကို မြင်လိုက်ရသောအခါတွင် မျိုးနွယ်စုနှစ်ခု၏ မျိုးနွယ်ခေါင်းဆောင်များပင် မနာလိုဖြစ်မိကြ၏။ ဤသူသည် သူ့ကိုရွေးချယ်ပါက အလွန်ကောင်းလိမ့်မည်ဟူသော အတွေးများပင် ပေါ်လာကြ၏။ ရီဖန်သည် အောင်မြင်စွာ ဆင့်ကဲပြောင်းလဲသွားသော နတ်မွန်းစတားများကို ကြည့်ပြီးနောက် ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ ရှေးခေတ်သွေးမျိုးဆက်များသည် အင်မော်တယ်ဘုရင်နယ်မြေသို့ ထိုးဖောက်ဝင်ရောက်မှုအတွက် ကူညီပေးရန် လုံလောက်နိုင်သည်။ ဤစွမ်းရည်ဖြင့် ၎င်းတို့သည် ရီမိသားစုကျင့်ကြံသူများ၏အရှိန်ကို လိုက်မီနိုင်လိမ့်မည်။

ဖီးနစ်ရှောင်းရှောင်းနှင့် ချီလင်သားတော် ရွှမ်ကုန်းတို့သည် ယခင်ကကဲ့သို့ မငြင်းဆန်တော့ပေ။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်နှင့် စွမ်းရည်အပြောင်းအလဲကိုခံစားရင်း ကျေနပ်စွာပြုံးလိုက်ကြသည်။ ထိုသို့သော အထူးဆက်ဆံမှုဖြင့် ရီဖန်နောက်သို့လိုက်ခြင်းသည် မျိုးနွယ်စုတွင်ရှိနေခြင်းထက် ပိုကောင်းသည်မဟုတ်လား။ ရီဖန်ကဲ့သို့အင်အားကြီးသူတစ်ဦး၏ မျက်နှာသာပေးခံရခြင်းက ၎င်းတို့၏ ကျွမ်းကျင်မှုကိုညွှန်ပြနေသည်။ အတိုချုံ့ဆိုရလျှင် နတ်ပြည်၌ ရှိနေသကဲ့သို့ပင်။ ရီဖန်သည် သူ့လက်ကိုဝှေ့ယမ်းကာ နှစ်ယောက်သားကိုခေါ်ဆောင်လျက် ထွက်ခွါသွားသည်။

ရီဖန်ပျောက်သွားသည်နှင့်တပြိုင်နက် ရီကျင်းစန်သည် မျိုးနွယ်စုနှစ်ခုရှေ့တွင် တိတ်တဆိတ်ထွက်ပေါ်လာသည်။

"ဂိုဏ်းချုပ်ကြီးတို့ မတွေ့တာကြာပေါ့"

ရီကျင်းစန်ရောက်ရှိလာခြင်းသည် မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးကို ချက်ချင်းပင် ဒေါသထွက်စေကာ ၎င်းတို့၏ဒေါသသည် ရီကျင်းစန်ထံသို့ ဦးတည်သွားခဲ့သည်။

"ရီကျင်းစန်၊ မင်း ငါတို့ မျိုးနွယ်စုရဲ့ နယ်မြေကို ကျူးကျော်ဖို့ သတ္တိရှိတယ်ပေါ့၊ မင်း သေလမ်းရှာနေတာ!"

ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်၏နောက်တွင် ဖီးနစ်မီးတောက်ပုံရိပ်ယောက်တစ်ခုပေါ်လာကာ ရီကျင်းစန်ကို ချက်ချင်းချိန်ရွယ်ထားသည်။ ချီလင်မျိုးနွယ်စုခေါင်းဆောင်သည် ရီကျင်းစန်၏ နောက်တွက်ပေါ်လာကာ ၎င်း၏မူလပုံစံအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းလွတ်မြောက်ရန်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။ ရီကျင်းစန်၏အစွမ်းဖြင့် သူ့အားရှေ့ရောနောက်ပါဝိုင်းရံထားလျှင် လွတ်မြောက်ရန်မဖြစ်နိုင်ပေ။

သို့သော် ရီကျင်းစန်သည်လုံးဝမစိုးရိမ်ဘဲ တိုကင်တစ်ခုထုတ်ခဲ့သည်။

၎င်းတိုကင်သည် ရီဖန်၏ပြင်းထန်သောရောင်ဝါကို ထုတ်လွှတ်နေ၏။ ရီဖန်သည် မကြာသေးမီကမှ ထွက်ခွါသွားခဲ့သည်ဖြစ်ရာ မျိုးနွယ်စုခေါင်းဆောင်များသည်လည်း သူ့ရောင်ဝါကို မမေ့သေးချေ။ ရီဖန်၏ရောင်ဝါကိုခံစားရသော် နဂါးမျိုးနွယ်စုခေါင်းဆောင် ရီကျင်းစန်နှင့် ရီဖန်တို့၏ဆက်ဆံရေးကို သူတို့သေချာမသိသော်လည်း မျိုးနွယ်ခေါင်းဆောင်နှစ်ဦးသည် နောက်တစ်ကြိမ် ထပ်မလှုပ်ရဲတော့ချေ။

“မျိုးနွယ်စုခေါင်းဆောင်တွေ မင်းတို့ ငါ့အဖေကို ထပ်မဖိတ်စေချင်ဘူးလား”

သူများနာမည်ငှါးရမ်းထားသော ရီကျင်းစန်သည် လုံးဝ ကြောက်ရွံ့ခြင်းမရှိချေ။ တခြားသူ၏နာမည်ကို ငှါးရမ်းခြင်းမဟုတ်ဘဲ သူ့အဖေ၏ဂုဏ်ကို သုံးလိုက်ခြင်းက မလွန်တန်ရာ။ ရီကျင်းစန်၏စကားကိုကြားသောအခါ မျိုးနွယ်စုခေါင်းဆောင်နှစ်ဦးသည် အလွန်အံ့ဩသွားကြသည်။ စောနက စွမ်းအားကြီးသူသည် ရီကျင်းစန်၏အဖေလား။

ရီကျင်းစန်ပြောသည့်စကားသည် မှားယွင်းသည်ဟု သံသယရှိသော်လည်း၊ ၎င်းတို့သည် ထွက်ခွာသွားသော ရီဖန်နှင့် ဆက်စပ်တွေးကြည့်သောအခါတွင် ယင်းအကြောင်းကိုပို၍တွေးလေ ပိုဖြစ်နိုင်လေဖြစ်သည်။ အရေးကြီးဆုံးအချက်မှာ ရီကျင်းစန်၏မျက်နှာတွင် ရီဖန်၏အသွင်လက္ခဏာကိုမြင်နိုင်၏။

……………..

အခန်း ၂၃၄ - ကောင်းကင်စုန်းကမ္ဘာအတွင်းရှိ လှုပ်ရှားမှုများ

မျိုးနွယ်စုခေါင်းဆောင်များ၏မျက်နှာပေါ်ရှိ တုံ့ဆိုင်းမှုကိုမြင်သည့်အခါတွင် ရီကျင်းစန်၏အပြုံးကြီးသည် ပို၍ပင်တောက်ပသွား၏။ အဓိကအကြောင်းအရင်းမှာ လက်ရှိနဂါးမျိုးနွယ်စုသည် မျိုးနွယ်စုနှစ်ခု၏ ပေါင်းစည်းအင်အားနှင့် အမှန်တကယ် မယှဉ်နိုင်သောကြောင့်ဖြစ်သည်။ သို့မဟုတ်ပါက ရီကျင်းစန်သည်လည်း ရီဖန်ကို တပ်ကူမခေါ်လိုပေ။

မျိုးနွယ်စုနှစ်ခုလုံး၏မျိုးနွယ်စုခေါင်းဆောင်များ ပြန်မဖြေသည်ကိုတွေ့ရသဖြင့် ရီကျင်းစန်ရယ်မောလိုက်ကာ

"မင်းငါ့ကို မယုံဘူးထင်တယ်၊ စမ်းကြည့်ပေးရမလား" ဟု ပြောလိုက်သည်။

"ခဏနေပါဦး"

ချီလင်မျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်သည် ပထမဆုံးစကားပြောလာသူဖြစ်သည်။ ရီဖန်ပြန်လာမည်၊ မလာမည်ကို သူတို့ မလောင်းဝံ့ကြချေ။

"မင်းလိုချင်တာဘာလဲ၊ ငါတို့ကိုပြော"

ဖီးနစ်မျိုးနွယ်စုခေါင်းဆောင်သည် ကူကယ်ရာမဲ့စွာပြောလိုက်သည်။ ရီကျင်းစန်တွင် ဤမျှကောင်းမွန်သောဖခင်တစ်ဦးရှိရန် မည်သူကစေခိုင်းခဲ့သနည်း။

“ကျွန်တော်လိုချင်တာ တကယ်မရှိပါဘူး။ မကြာခင်ကပဲ နဂါးမျိုးနွယ်စုက တော်တော်ဆုံးရှုံးသွားတာမှ”

“ကျင့်ကြံရေးအတွက်လိုတဲ့ အရင်းအမြစ်တွေတောင် မရှိတော့ဘူး”

ချီလင်မျိုးနွယ်စုခေါင်းဆောင်သည် အံကြိတ်ပြီးပြောလိုက်ရ၏။

"ငါတို့ လျော်ကြေးပေးမယ်လေ"

မကြာမီတွင် ရီကျင်းစန်သည် အရင်းအမြစ်များစွာပိုက်လျက် နဂါးမျိုးနွယ်စုထံ ပြန်သွားခဲ့သည်။ ဖီးနစ်မျိုးနွယ်စုနှင့် ချီလင်မျိုးနွယ်စုတို့သည် တဝက်ပြောင်သွားသော ၎င်းတို့၏ရတနာသိုက်ကိုကြည့်ပြီးနောက် ငိုမိလုနီးပါးပင်။ ၎င်းတို့သည် အဆုံးမဲ့ပင်လယ်ထဲတွင် ဆက်လက်မနေထိုင်လိုကြတော့ချေ။

….

လေးသင်္ကေတရွှေဆေးလုံးလေးခုအတွက် လိုအပ်သောပစ္စည်းများကိုစုစည်းပြီးဖြစ်သော ရီဖန်သည် ချက်ချင်းပင်ဆေးလုံးကို စတင်သန့်စင်ခဲ့သည်။ ရီဖန်သည် လေးသင်္ကေတရွှေဆေးလုံးကို အများအပြားမပြုလုပ်ခဲ့ဘဲ စုစုပေါင်းတစ်ဆယ့်နှစ်လုံးသာသန့်စင်ပြီး ၎င်းတို့ရီမိသားစုဘဏ္ဍာတိုက်တွင်ထားရှိခဲ့သည်။ ကောင်းကင်အင်မော်တယ်နယ်မြေအထွတ်အထိပ်အဆင့်သို့ရောက်ရှိနေသော ရီမိသားစုမှကျင့်ကြံသူတိုင်းသည် ၎င်းကိုရယူနိုင်မည်ဖြစ်၏။ ဤသို့ဖြင့် ရီမိသားစုတွင် မကြာမီ နောက်ထပ် ရွှေအင်မော်တယ်နယ်ပယ်ကျင့်ကြံသူ အများအပြားရှိလာတော့မည်ဖြစ်သည်။

ရီဖန်သည် ဆေးပညာဖြင့် အလုပ်ရှုပ်နေချိန်တွင် ကောင်းကင်စုန်းကမ္ဘာ၌…..

ကောင်းကင်စုန်းကမ္ဘာ၏ အဓိကဂိုဏ်းကြီးသုံးခုသည် နတ်စုန်းဂိုဏ်းနုတ်ထွက်သွားခြင်းကြောင့် ချန်မင်ကမ္ဘာကို ကျူးကျော်မည့်အစီအစဉ်များကို ရပ်တန့်ထားခဲ့ရသည်။ အခြားဂိုဏ်းနှစ်ခုသည် နတ်စုန်းဂိုဏ်း အဘယ်ကြောင့် ရုတ်တရက်နုတ်ထွက်သွားသည်ကို သံသယဝင်ခဲ့ကြသော်လည်း

နတ်စုန်းဂိုဏ်းအတွင်းရှိ ၎င်းတို့၏အတွင်းလူများထံမှ သတင်းများရရှိသောအခါတွင် အဘယ်ကြောင့်ဖြစ်မှန်း နားလည်သွားကြသည်။ နတ်စုန်းဂိုဏ်းသည် ရုတ်တရက်ဆိုသလို စုန်းဘိုးဘေးသားတော်နှစ်ပါးကို ကျင့်ကြံပေးနိုင်ခဲ့သည်။

အခြားဂိုဏ်းနှစ်ခု၏ ဂိုဏ်းခေါင်းဆောင်များသည် မနာလိုသဖြင့် မျက်လုံးများပင်နီရဲလာ၏။

စုန်းဘိုးဘေးသွေးမျိုးဆက်နွယ်ဝင်နှစ်ဦးမွေးဖွားလာခြင်းကြောင့် အချိန်တစ်ခုကြာပြီးနောက်တွင် နတ်စုန်းဂိုဏ်းက ၎င်းတို့၏ဂိုဏ်းနှစ်ခုထက်သာလွန်ကာ ကောင်းကင်စုန်းကမ္ဘာတစ်ခုလုံးကို ပေါင်းစည်းနိုင်လိမ့်မည်ဖြစ်သည်။ ထိုသို့သော ရလဒ်ကို အခြားဂိုဏ်းခွဲများကလက်မခံနိုင်ပေ။

နတ်စုန်းဂိုဏ်းထဲဝင်ရောက်ပြီး စုန်းဘိုးဘေးသားတော်နှစ်ပါးကိုသတ်ရန်မှာ မဖြစ်နိုင်သော်လည်း

နတ်စုန်းဂိုဏ်းကို စုန်းဘိုးဘေးသားတော်နှစ်ပါးနှင့် ခြိမ်းခြောက်ပြီး ချန်မင်ကမ္ဘာကို ကျူးကျော်ရန် အစီအစဉ်ကို ပြန်လည်စတင်နိုင်လိမ့်မည်ဖြစ်သည်။ နတ်စုန်းဂိုဏ်းအတွင်း၌ ဝူချန်သည် အခြားဂိုဏ်းနှစ်ခုထံမှ သတင်းစကားကို လက်ခံရရှိပြီးနောက် အလွန်ဒေါသထွက်သွား၏။

နတ်စုန်းဂိုဏ်းကို စုန်းဘိုးဘေးသားတော်နှစ်ပါးနှင့် ခြိမ်းခြောက်ကာ ချန်မင်းကမ္ဘာကိုကျူးကျော်မည့်အစီအစဉ်ကို ပြန်လည်စတင်ရန်အတွက် အတင်းအကြပ်ဖိအားပေးခြင်းသည် အလွန်ရှက်စရာကောင်းလှသည်။

နတ်စုန်းဂိုဏ်းသည် ၎င်းတို့ဂိုဏ်းနှစ်ခုကို မကြောက်ရွံ့သော်လည်း ထိပ်တိုက်ရင်မဆိုင်လိုကြချေ။

ဝူချန်သည်သက်ပြင်းချကာ စုန်းဘိုးဘေးသားတော်နှစ်ပါးအကြောင်း သတင်းများထွက်ပေါ်လာပြီဖြစ်သည့်အတွက် ဖုံးကွယ်ထားစရာမလိုတော့ကြောင်း တွေးလိူက်သည်။

မူလက စုန်းဘိုးဘေးသားတော်နှစ်ပါး၏တည်ရှိမှုကို ဖုံးကွယ်ရန်အတွက် အစီအစဉ်ကိုဖျက်သိမ်းခဲ့သည်။ ယခုအချိန်တွင်ကလေးများ ဖော်ထုတ်ခံလိုက်ရပြီဖြစ်သည့်အတွက် ချန်မင်ကမ္ဘာကိုကျူးကျော်ရန်အစီအစဉ်ကိုလည်း လျှို့ဝှက်ထားရန် မလိုတော့ချေ။ ကောင်းကင်စုန်းကမ္ဘာနှင့် ချန်မင်ကမ္ဘာကြားရှိ လမ်းကြောင်းကိုလည်း တည်ဆောက်ထားပြီးဖြစ်သည်။

ချန်မင်ကမ္ဘာကို ကျူးကျော်ရန်အတွက် စုန်းအရှင်တစ်ဦးတည်းရှိရုံနှင့် မလုံလောက်သောကြောင့် ဝူချန်သည် ချန်မင်ကမ္ဘာကိုကျူးကျော်ဝင်ရောက်ရန် အသေးစိတ်အချက်အလက်များကိုဆွေးနွေးရန်အတွက် နတ်စုန်းဂိုဏ်း၏အဓိပတိအကြီးအကဲကိုရှာရန်မှတပါးရွေးချယ်စရာမရှိချေ။ သုံးလအကြာတွင် ဂိုဏ်းသုံးခုမှ စွမ်းအားကြီးသောစုန်းများသည် နတ်စုန်းဂိုဏ်းတွင် စုရုံးခဲ့ကြသည်။

ချန်မင်ကမ္ဘာ၏ပြည်နယ်ဆယ်ခုအနက် အမှန်တကယ်ခြိမ်းခြောက်နိုင်သူသည် အထက်ငါးပြည်နယ်သာဖြစ်သည်။ စုန်းမျိုးနွယ်စုမှရရှိသောအချက်အလက်များအရ အထက်ငါးပြည်နယ်၏အဓိကတပ်ကြီးငါးခုတွင် အင်မော်တယ်ဧကရာဇ်အဆင့်ရှိ စွမ်းအားရှင် ငါးဦးထက်မနည်းရှိသည်။ ကောင်းကင်စုန်းကမ္ဘာတွင် အသန်မာဆုံးပုဂ္ဂိုလ်သည် စုန်းအရှင်ဖြစ်သော်လည်း၊ လက်တွေ့တွင် စုန်းဧကရာဇ်အဆင့်သို့ရောက်ရှိသွားသော အင်မော်တယ်အများအပြားရှိကာ ၎င်းတို့သည် ချန်မင်ကမ္ဘာကိုကျူးကျော်ရန်အတွက် ကောင်းကင်စုန်းကမ္ဘာ၏ ယုံကြည်မှုဖြစ်သည်။

ကောင်းကင်စုန်းကမ္ဘာသည် ချန်မင်ကမ္ဘာကို ၎င်းတို့ရယူမည့် ပစ်မှတ်တစ်ခုအဖြစ်သတ်မှတ်ထားသောကြောင့် ဤတစ်ကြိမ်တွင် ဂိုဏ်းသုံးခုလုံးသည် ၎င်းတို့၏ တပ်ဖွဲ့အားလုံးကို ပုံအောထားခဲ့၏။ နတ်စုန်းဂိုဏ်းသည် စုန်းဧကရာဇ်အဆင့်နှင့် စုန်းအရှင်အများအပြားပါဝင်သည့် အင်အားစုနှစ်ခုကို နေရာချထားသည်။ ဝူချန်ကိုတုံ့ဆိုင်းစေသည့် တစ်ခုတည်းသောအချက်မှာ ရီကျင်းချုံနှင့် ရီချင်ကိုပါဝင်ခွင့်ပြုရန်၊ မပြုရန်အတွက် ဖြစ်၏။

"ဝူချန်၊ မင်းရဲ့စုန်းဘိုးဘေးသားတော်တွေကို ငါတို့နှင့်ပူးပေါင်းဖို့မခေါ်ဘူးလား"

ကမ္ဘာစုန်းဂိုဏ်း၏ဂိုဏ်းချုပ်သည် ဝူချန်ကို မကောင်းသောရည်ရွယ်ချက်ဖြင့် မေးလိုက်သည်။

"ဟုတ်သားပဲ၊ ဝူချန်။ စုန်းဘိုးဘေးသားတော်တွေရဲ့ အရည်အချင်းနဲ့ ကောင်းကင်စုန်းကမ္ဘာကိုလည်း ပံ့ပိုးပေးသင့်တာပေါ့။ ငါတို့နှစ်ဂိုဏ်းကတော့ သူတိူ့ကို ရှေ့တန်းတပ်ရဲ့ခေါင်းဆောင်အဖြစ် အကြံပြုချင်တယ်” ဟူ၍ နောက်ထပ် စွမ်းအားကြီးစုန်းတစ်ယောက်ကအဆိုပြုလာပြန်သည်။

စုန်းများသည် တစ်ယောက်ပြီးတစ်ယောက် လှုံ့ဆော်ပေးလာကြကာ နတ်စုန်းဂိုဏ်းခေါင်းဆောင်၏မျက်နှာကို ပို၍မည်းလာစေသည်။ နတ်စုန်းဂိုဏ်း၏အကြီးအကဲများသည် ချန်မင်ကမ္ဘာကိုကျူးကျော်ရန် ဆွေးနွေးခြင်းအပြင် မည်သည့်အရေးကိစ္စကို ပြောဆိုမည်ဖြစ်ကြောင်း မသိရှိထားသော်လည်း အခြားဂိုဏ်းနှစ်ခု၏ရည်ရွယ်ချက်မှာ စုန်းဘိုးဘေးသားတော်များကို စစ်ပွဲတွင်ပါဝင်ရန်အတွက် တိုက်တွန်းရန် ရောက်ရှိလာခြင်းဖြစ်သည်။

စုန်းဘိုးဘေးသားတော်များ၏တည်ရှိမှုသည် အခြားဂိုဏ်းနှစ်ခုအတွက် ကြီးမားသောဖိအားဖြစ်စေခဲ့သည်။ ၎င်းတို့ ပေါ်တင်မတိုက်ခိုက်နိုင်သော်လည်း စစ်ပွဲကြောင့်တစ်ခုခုဖြစ်သွားလျှင် နတ်စုန်းဂိုဏ်းလည်း ဘာမှပြောနိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် စုန်းဘိုးဘေးသားတော်များကို ရှေ့တန်းတပ်ဦးဆောင်စေရန်အတွက် အဆိုပြုခဲ့ကြခြင်းဖြစ်သည်။ ရီကျင်းချုံနှင့် ရီချင်တို့ကို ထောင်ဖမ်းရန် ကြိုးပမ်းနေသော ဂိုဏ်းနှစ်ခုမှအင်အားကြီးအဖွဲ့ဝင်များကိုကြည့်ရင်း ဝူချန်၏ဒေါသသည် ပေါက်ကွဲလုနီးပါးဖြစ်နေ၏။

“သူတို့ပြောတာသဘောတူလိုက်”

ဝူချန်၏စိတ်ထဲတွင် နတ်စုန်းဂိုဏ်းမှစုန်းဧကရာဇ်၏ အသံရောက်လာကာ ရုတ်တရက်လွှမ်းမိုးသွားသည်။ ‘စုန်းဧကရာဇ်က သူ့ကိုသဘောတူခိုင်းသလား’

ဝူချန်သည် စုန်းဧကရာဇ်အဘယ်ကြောင့် သဘောတူရန်ပြောသည်ကို အနည်းငယ်ပဟေဋိဖြစ်နေသော်လည်း နောက်ဆုံးတွင်နာခံရန်သာ ရွေးချယ်ခဲ့သည်။

"ရီကျင်းချုံနဲ့ ရီချင်တို့က ချန်မင်ကမ္ဘာကိုသွားမယ့်ခရီးမှာ ရှေ့တန်းတပ်ခေါင်းဆောင်တွေအဖြစ် ပါဝင်လိမ့်မယ်"

ဝူချန်၏သဘောတူညီချက်ကိုကြားသောအခါတွင် ဂိုဏ်းနှစ်ခုမှလူများ၏မျက်လုံးများထဲတွင် အလင်းတစ်ချက်လက်သွားသည်။ သူတို့လိုချင်သည့် အဖြေကိုရပြီးနောက် ဂိုဏ်းနှစ်ခုမှစုန်းများသည် ကျေနပ်စွာ ထွက်ခွါသွားကြ၏။

"အဘိုး၊ ငါတို့ ဘာလို့ သဘောတူလိုက်ရတာလဲ"

ဝူချန်သည် သူ့ပုံစံကိုထုတ်ဖော်ပြသာလာသော စုန်းဧကရာဇ်ကိုကြည့်ပြီး မေးလိုက်သည်။

“ဒီစစ်ပွဲမှာ အင်အားကြီးတပ်ဖွဲ့အများစုက ချန်မင်ကမ္ဘာကို ရောက်သွားမှာ။ သူတို့ကို ကောင်းကင်စုန်းကမ္ဘာမှာထားရင် ပိုအန္တရာယ်များလိမ့်မယ်”

“သူတို့ကိုယ်ပေါ်မှာ ငါအမှတ်အသားတစ်ခု ထားခဲ့မယ်။ သူတို့ဘာမှမဖြစ်အောင် ငါသေချာပေါက် ကာကွယ်မှာပါ”

စုန်းဧကရာဇ်ကအာမခံပြီးမှသာ ဝူချန်သက်ပြင်းချနိုင်သော်လည်း သူစိုးရိမ်နေဆဲဖြစ်သည်။ ၎င်းတို့နှစ်ဦးသည် ယခင်က နတ်စုန်းဂိုဏ်းကို တစ်ခါမှမစွန့်ခွါဖူးဘဲ အခြားကမ္ဘာတစ်ခုသို့ ရုတ်တရက်သွားရောက်လျှင် လိုက်လျောညီထွေဖြစ်နိုင်မလား မသိချေ။

ချန်မင်ကမ္ဘာ၏ပတ်ဝန်းကျင်သည် စုန်းဘိုးဘေးသားတော်များအတွက် စိတ်မသက်မသာဖြစ်စေမည်ကို သူတို့စိုးရိမ်မိ၏။

ဝူချန်သည် ရီကျင်းချုံနှင့် ရီချင်တို့ကို ၎င်းတို့နှစ်ဦး ချန်မင်ကမ္ဘာသို့သွားရောက်ရာတွင် ရှေ့တန်းတပ်ကိုဦးဆောင်ရမည့် အကြောင်းအသိပေးခဲ့သည်။ ထိုသတင်းကိုကြားသောအခါ ရီကျင်းချုံနှင့် ရီချင်တို့သည် စိတ်လှုပ်ရှားချင်ယောင်ဆောင်လိုက်ကြသည်။ ။

သို့သော် ဝူချန်ထွက်သွားသည်နှင့် စိတ်ပူသောအမူအရာပေါ်လာကြ၏။

နတ်စုန်းဂိုဏ်းသည် ချန်မင်ကမ္ဘာသို့ ကျူးကျော်ဝင်ရောက်မည့်အစီအစဉ်ကို ဖျက်သိမ်းလိုက်နိုင်ပြီဟု ထင်ခဲ့ကြသော်လည်း ယနေ့သို့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

သို့သော်လည်း ယခုတွင် ၎င်းတို့သည် ရှေ့တန်းတပ်ကိုတာဝန်ယူရကာ၊ ရီမိသားစု၏ တိုးတက်လာသောအင်အားဖြင့် ၎င်းတို့သည် နောက်ဆက်တွဲပဋိပက္ခများမှ ၎င်းတို့ကိုယ်ကို ကာကွယ်နိုင်လိမ့်မည်ဖြစ်သည်။ ရင်းနှီးပြီးဖြစ်သော ချန်မင်ကမ္ဘာသို့ ပြန်သွားရမည်ကိုစဉ်းစားရင်း ရီကျင်းချုံနှင့် ရီချင်တို့ အနည်းငယ် စိတ်လှုပ်ရှားသွားကြသည်။ ၎င်းသည် အောင်မြင်မှုခူးဆွတ်ပြီးနောက် အိမ်ပြန်ရသည့်ခံစားချက်ပင်။

သူတို့မည်သည့်နေရာသို့ အရင်သွားရမည်ကိုမသိသော်လည်း

မြောက်ပိုင်းနှင့်အနောက်ပိုင်းပြည်နယ်များကို အရင်သွားခြင်းက အကောင်းဆုံးဖြစ်လိမ့်မည်။ စွမ်းအားကြီးစုန်းများ၏အကူအညီဖြင့် အတားအဆီးများကိုဖယ်ရှားကာ ရီရှောင်းရှောင်းအတွက် အောက်ဘက်ငါးပြည်နယ်ကိုစုစည်းရန် ကူညီပေးနိုင်သည်။ ရီကျင်းချုံသည် ကောင်းကင်စုန်းကမ္ဘာမှ တိုက်ခိုက်တော့မည့်အကြောင်း ရီဖန်ကို ချက်ချင်းအကြောင်းကြားကာ လာမည့်စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားရန် ရီမိသားစုကိုအကြံပေးခဲ့သည်။

……….

All Chapters