အခန်း ၂၃၈-၂၄၀
Vol. 16 Ch. 238-240
အခန်း ၂၃၈ - တာ့ယွီအင်ပါယာဘက်မှ စတင်အရေးယူပြီ
နောက်ဆုံးတွင် စုန်းကလေးနှစ်ယောက်သည် ရီကျင်းချုံနှင့်ရီချင်တို့ကို နတ်စုန်းဂိုဏ်းက အဘယ်ကြောင့် ဤမျှတန်ဖိုးထားသည်ကို နားလည်လာခဲ့သည်။ ၎င်းတို့၏အရည်အချင်းများသည် တူညီသည့်အဆင့်တွင် မရှိကြချေ။ ယခင်က ၎င်းတို့ကြားကွာဟချက်သည် အနည်းငယ်မျှသာဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်း ကိုယ်တိုင်ကိုယ်ကျတွေ့ကြုံရချိန်တွင် ၎င်းတို့ကြားရှိကွာခြားချက်ကို နားလည်သွားခဲ့သော်လည်း အချိန်နှောင်းသွားပြီဖြစ်သည်။ ရီကျင်းချုံသည် စုန်းကလေးနှစ်ယောက်ကို မျက်နှာသာပေးရန် ရည်ရွယ်ချက်မရှိပေ။ တိုက်ပွဲသည် စခန်းတစ်ခုလုံးကို သက်ရောက်စေခဲ့သည်။
ရီချင်သည် သက်ပြင်းချပြီးနောက် တိုက်ပွဲလက်ကျန်သက်ရောက်မှုများကို ကာကွယ်ရန်အတွက် ကိုယ်တိုင်ဝင်ဖျန်ဖြေရတော့သည်။ ဒေါသကြီးသည့် ဇနီးတစ်ယောက်ရထားသည့် အတွေ့အကြုံသည် မည်သို့ရှိသနည်း။ ရီချင်သည် တိုက်ပွဲ၏နောက်ဆက်တွဲ သက်ရောက်မှုများကို ကိုယ်တိုင်ထိန်းထားသော်လည်း ရုန်းရင်းဆန်ခတ်ဖြစ်မှုကို အခြားစုန်းမျိုးနွယ်စုမှကျင့်ကြံသူများ သတိပြုမိနေပြီဖြစ်သည်။
စုန်းမျိုးနွယ်စု၏ ရှေ့တန်းစစ်တပ်မှကျင့်ကြံသူများသည် ဂိုဏ်းကြီးသုံးခုနှင့် အခြားဂိုဏ်းငယ်များမှပါဝင်ကာ ၎င်းတို့အားလုံးသည် ညီတူညီမျှ ကောင်းချီးပေးခံရသူများဖြစ်ကြသည်။ ၎င်းတို့သည် စတေးခံရသူများဖြစ်ကြကာ အရည်အချင်းနည်းပါးသူများကို နယ်ခြားတပ်ဖွဲ့သို့စေလွှတ်ခဲ့သည်။
ရီကျင်းချုံ၏ရက်စက်စွာရိုက်နှက်ခြင်းကို ခံခဲ့ရသော ကျင့်ကြံသူနှစ်ဦးကို လျင်မြန်စွာမှတ်မိသွားကြသည်။ ၎င်းတို့သည် စုန်းသားတော်နှစ်ပါး မဟုတ်ဘူးလား?
၎င်းတို့၏စိတ်ထဲတွင် စုန်းသားတော်များ၏အင်အားသည် တူညီကြ၏။ သို့သော် ၎င်းတို့သည် အဘယ်ကြောင့်ဤမျှ စုတ်ပြတ်သတ်ကုန်ကြသနည်း။ သို့သော် စုန်းသားတော်နှစ်ပါးကို ရိုက်နှက်ခဲ့သူကို မြင်လိုက်ရသောအခါတွင် လူတိုင်းသည် ကျိုးကြောင်းစီလျော်သွားကြ၏။ နတ်စုန်းသားတော် ရီကျင်းချုံသည် သူ၏ရွှေအင်မော်တယ်နယ်မြေ ကျင့်ကြံမှုအဆင့်ဖြင့် နက်နဲအင်မော်တယ်ကျင့်ကြံသူများကို လိုက်မီနိုင်သောကြောင့် ကျော်ကြားလှသည်။ ရွှေအင်မော်တယ်နယ်မြေ စုန်းသားတော်နှစ်ပါးရိုက်ခံရခြင်းမှာ လုံးဝအဓိပ္ပါယ်ရှိသွားသည်။
၎င်းတို့၏ဒဏ်ရာများပြင်းထန်လာသည်ကို ခံစားလိုက်ရသည့်အတွက် ဝူထျန်းနှင့် စုန်းယန်တို့သည် ထိတ်လန့်စပြုလာသည်။ ၎င်းတို့သည် မူလက ရီကျင်းချုံနှင့် သူ၏အမျိုးသားတို့ကို သင်ခန်းစာပေးရန်ရည်ရွယ်ပြီး ရှေ့တန်းတပ်အတွင်း ၎င်းတို့၏အခွင့်အာဏာကို ထူထောင်လိုခဲ့ကြသော်လည်း၎င်းတို့မျှော်လင့်ထားသောအခွင့်အာဏာများ ပျောက်ကွယ်သွားကာ ဟာသဖြစ်သွားရှာသည်။ သို့သော် ၎င်းသည်အရေးကြီးသည့်ကိစ္စ မဟုတ်ချေ။ အဓိကပြဿနာမှာ ၎င်းတို့၏ တာအိုကာကွယ်သူများသည် မည်သည့်အချိန်မှာမှ ဝင်ရောက်စွက်ဖက်မည်နည်း။
ရီကျင်းချုံသည် ၎င်းတို့နှစ်ဦးလုံးကို သတ်ရန် သေချာပေါက်ရည်ရွယ်ထားသည်ဟု သံသယရှိကြသည်။ နေရာလွတ်အတွင်းတွင် ဝူထျန်းနှင့် စုန်းယန်တို့၏ တာအိုကာကွယ်သူများက အလျင်အမြန်ဝင်ရောက်စွက်ဖက်ရန် ပြင်ဆင်နေသော်လည်း နောက်အခိုက်အတန့်တွင် လူတစ်ဦးက ၎င်းတို့၏လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။
"လူကြီးမင်း၊ ကလေးတွေကို သူတို့ပြဿနာသူတို့ရှင်းပါစေလေ”
ရီကျင်းချု၏ တာအိုကာကွယ်သူသည် တစ်ဖက်မှတာအိုကာကွယ်သူနှစ်ဦးကို ပြုံးလျက်ကြည့်နေသည်။ ရီကျင်းချုံသည် အခြားဂိုဏ်းနှစ်ခုမှ အမွေဆက်ခံသူများကို ရင်ဆိုင်နေသည်ဖြစ်ရာ နတ်စုန်းကြီးဂိုဏ်း၏ ဂုဏ်သိက္ခာကိုမြှင့်တင်ပေးနိုင်မည့်အတွက် သူအဘယ်ကြောင့် မပျော်ဘဲနေမည်နည်း။ စုန်းသားတော်နှစ်ပါးလုံးကို ဖြုတ်ချနိုင်လျှင် ပိုတောင်ကောင်းလိမ့်ဦးမည်။ သိူ့သော် ၎င်းသည်အတွေးသက်သက်သာ ဖြစ်ပါ၏။ စုန်းသားတော်နှစ်ပါးကိုသတ်လိုက်ပါက သူတို့အမှန်တကယ် ဒုက္ခရောက်လိမ့်မည်ဖြစ်သည်။
သို့သော် ရိုက်နှက်ရုံသာဆိုပါက မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများသိခဲ့လျှင်ပင် အများကြီးပြောနိုင်လိမ့်မည်မဟုတ်ပေ။
နောက်ဆုံးတွင် ၎င်းတို့သည် ငယ်ရွယ်သော မျိုးဆက်များသာဖြစ်ကြကာ၊ တိုက်ခိုက်မှုကိုအစပြုခဲ့သူမှာ ဂိုဏ်းနှစ်ခုမှ စုန်းသားတော်နှစ်ပါးဖြစ်သည်။ ၎င်းတို့အရိုက်ခံရသည့်အတွက် မည်သူ့ကို အပြစ်တင်နိုင်မည်နည်း။ ၎င်းတို့နှစ်ဦး၏ဒဏ်ရာများသည် အချိန်တိုအတွင်း ပြန်သက်သာလာမည်မဟုတ်သည်ကို မြင်လိုက်ရသဖြင့် ရီချင်သည် ဆက်လက်တိုက်ခိုက်ရန် ရည်ရွယ်နေသော ရီကျင်းချုံကိုရပ်တန့်နိုင်ခဲ့သည်။ သူတို့နှစ်ယောက်ကို အမှန်တကယ်သတ်မိသွားပါက မည်သူကအပြစ်ပေးခံရမည်နည်း။
ရီကျင်းချုံသည် ဝံပုလွေဖန်းကလပ်မှ သွေးများကို နှစ်ယောက်သား၏အဝတ်ဖြင့် သန့်စင်ပြီးနောက် အနည်းငယ်ကျေနပ်သွားသည်။ သို့သော် ရီကျင်းချုံသည် ရီချင်၏စကားကို ကောင်းစွာနားထောင်သည့်အတွက် ဆက်လက်တိုက်ခိုက်ခြင်းမပြုဘဲထားခဲ့သည်။
"စုန်းသားတော်လေးတွေ အဆင်ပြေရဲ့လား"
နောက်ဆုံးတွင် တာအိုကာကွယ်သူများရောက်လာကာ ၎င်းတို့နှစ်ယောက်ကို မေးလိုက်သည်။
"ဟမ့်!"
စုန်းသားတော်လေးနှစ်ယောက်သည် နှာမှုန်လျက် နောက်ပြန်လှည့်မကြည့်ဘဲ ထွက်သွားကြသည်။
ထွက်ခွါသွားသည့် ၎င်းတို့လေးယောက်၏နောက်ကျောကိုကြည့်ရင်း တခြားစုန်းကျင့်ကြံသူများက တစ်ယောက်နှင့်တစ်ယောက် တီးတိုးပြောနေကြသည်။ ၎င်းတို့နှစ်ဦးသည် ယခုအခါတွင် စုန်းကျင့်ကြံသူများကြား၌ ဟာသဖြစ်လာခဲ့သည်။ ထိုသတင်းသည် အထက်ငါးပြည်နယ်လုံးကိုပျံ့နှံ့သွားရန် အချိန်ကြာလိမ့်မည်မဟုတ်ချေ။
အမှန်တကယ်တွင် ရီကျင်းချုံသည် စုန်းသားတော်များကို ရိုက်နှက်နေချိန်၌ ဂိုဏ်းသုံးခုမှအဆင့်မြင့်အကြီးအကဲများကို အကြောင်းကြားထားပြီးဖြစ်သည်။
နတ်စုန်းဂိုဏ်း၏ ပျော်ရွှင်နေသောအဆင့်မြင့်အကြီးအကဲများနှင့်မတူဘဲ မြေစုန်းဂိုဏ်းနှင့် လူစုန်းဂိုဏ်းတို့သည် ကြီးမားသောဖိအားကို ခံစားခဲ့ရသည်။ ရီကျင်းချုံနှင့် ရီချင်တို့၏ အလားအလာသည် ၎င်းတို့၏ခန့်မှန်းချက်များကိုပင် ကျော်လွန်နေ၏။ စုန်းသားတော်နှစ်ပါး၏ တဝက်မျှသာလေ့ကျင့်ခဲ့သော ရီကျင်းချုံသည် ၎င်းတို့ကိုလွယ်ကူစွာ အနိုင်ယူနိုင်နေပြီဖြစ်သည်။ ၎င်းတို့ကို အချိန်ပိုပေးမည်ဆိုပါက နတ်စုန်းသားတော်နှစ်ပါးကိုဖယ်ရှားရန်အတွက် တွေးပင်မတွေးဝံ့ချေ။
ထို့ကြောင့် ရီကျင်းချုံနှင့်သူ့အမျိုးသားကို သတ်ရန်အကောင်းဆုံးအခွင့်အရေးမှာ ချန်မင်ကမ္ဘာတွင်ဖြစ်သည်။အကောင်းဆုံးအခြေအနေမှာ လူသားတပ်ဖွဲ့များအပေါ်သို့ အပြစ်ပုံချရန်ဖြစ်၏။ မြေစုန်းဂိုဏ်းချုပ်ကြီးသည် သူ့အစီအစဉ်ကို ရေးဆွဲထားပြီးဖြစ်သည်။ ထိုကဲ့သို့ ထူးချွန်သော နတ်စုန်းသားတော်နှစ်ပါးတည်ရှိနေခြင်းကို ၎င်းတို့၏ စုန်းဂိုဏ်းနှစ်ခုက ဆန့်ကျင်ရုံသာမက၊ လူသားမျိုးနွယ်စုတွင်လည်း နတ်စုန်းသားတော်နှစ်ပါးရှိသည်ကို မမြင်လိုသော နောက်ထပ်အင်အားစုများစွာရှိလိမ့်မည်မှာ သေချာပါ၏။
ရီကျင်းချုံနှင့် ရီချင်တို့ထွက်သွားပြီးနောက် ၎င်းတို့နှစ်ဦးထုတ်ပယ်ခံရသည့်သတင်းကို ရီရှောင်းရှောင်းကို ချက်ချင်းပြန်ပြောပြသည်။ ရီရှောင်းရှောင်းသည် ထိုသတင်းကို လက်ခံရရှိသောအခါတွင် သူမသည် အစည်းအဝေးတစ်ခုကျင်းပလျက်ရှိသည်။ ရီရှောင်းရှောင်းသည် သူမ၏မျက်နှာပေါ်ရှိအပြုံးကို ဖုံးကွယ်မထားဘဲ သူမ၏အကြီးအကဲများကို စိတ်လှုပ်ရှားသွားစေခဲ့သည်။ ရီရှောင်းရှောင်း ဤကဲ့သို့ပြုံးနေသည်မှာ သတင်းတစ်ခုကြောင့်သာဖြစ်နိုင်သည်။ တာ့ယွီအင်ပါယာဘက်မှ စတင်လှုပ်ရှားတော့မည်ကို သူတို့ကောင်းကောင်းသိ၏။
"အမိန့်ပေးလိုက်၊ တပ်တွေစုပြီး အလယ်ပိုင်းပြည်နယ်ကို တိုက်ခိုက်ဖို့ပြင်ဆင်ထား"
ကျန်ပြည်နယ်သုံးခုတွင် အလယ်ပိုင်းပြည်နယ်သည် အကြီးဆုံးဖြစ်ကာ စုန်းမျိုးနွယ်စုများ၏ စုဝေးရာနေရာလည်းဖြစ်သည်။ ရီရှောင်းရှောင်းသည် အပြင်းထန်ဆုံးနယ်မြေဖြင့် စတင်ရန်စီစဉ်ခဲ့သောကြောင့် စစ်ဘက်အရာရှိများက ဝမ်းသာခဲ့သော်လည်း အရပ်ဘက်အရာရှိများသည် အနည်းငယ်စိုးရိမ်မှုရှိသည်။ စုန်းမျိုးနွယ်စုအတွင်းတွင် ရွှေအင်မော်တယ်ကျင့်ကြံသူအနည်းငယ်ရှိသည်မှာ သေချာသည်။ တာ့ယွီအင်ပါယာတွင် ရွှေအင်မော်တယ်ကျင့်ကြံသူအနေဖြင့် ရီရှောင်းရှောင်းနှင့် အရှေ့ဧကရာဇ်တို့နှစ်ဦးသာရှိသည်။ စုန်းပါးစပ်ထဲမှအစာကို အမှန်တကယ်လုယူနိုင်ပါ့မလား။
ရီရှောင်းရှောင်းသည် စကားမပြောဘဲ ကောင်းကင်ကို မော့ကြည့်လိုက်၏။
ကောင်းကင်တွင် လူရှစ်ဦးလျင်မြန်စွာဆင်းသက်လာကြကာ ဦးဆောင်လာသူများသည် သူမ၏သားနှင့်သမီးဖြစ်သူ ရီကျင်းလုံနှင့် ရီကျင်းဖန်မှလွဲ၍ အခြားမရှိပေ။ နှစ်ယောက်လုံး၏ကျင့်ကြံမှုအဆင့်များသည် ရွှေအင်မော်တယ်နယ်မြေသို့ ဖြတ်သွားခဲ့ပြီဖြစ်ကာ၊
၎င်းတို့တင်မကဘဲ ၎င်းတို့နောက်မှလူခြောက်ဦးထံမှလည်း ရွှေအင်မော်တယ်နယ်မြေ ချီစွမ်းအားရောင်ဝါများထုတ်လွှတ်လျက်ရှိသည်။
ရီဖန်နှင့် ရီရှောင်းရှောင်းတို့သည် ထိုသတင်းကို တပြိုင်နက် လက်ခံရရှိကြပြီးနောက်၊ ရီဖန်သည် ရီကျင်းလုံနှင့် ရီကျင်းဖန်တို့ကို တာ့ယွီအင်ပါယာကို ကူညီရန်အတွက် ရီမိသားစုမှကျင့်ကြံသူများကို ခေါ်ဆောင်သွားရန် ချက်ချင်းညွှန်ကြားခဲ့သည်။ စုန်းမျိုးနွယ်စု၏စွမ်းအားသည် ပြည်နယ်ငါးခုရှိ အခြားတပ်ဖွဲ့များထက် အဆပေါင်းများစွာ အားကောင်းသောကြောင့် ရီဖန်သည် ပေါ့ပေါ့တန်တန် သဘောမထားပေ။ ထိပ်တန်းရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူ ရှစ်ဦးသာမက ဟွမ်လောင်စန်းသည်လည်း ၎င်းတို့၏ဘေးကင်းမှုကိုသေချာစေရန် လျှို့ဝှက်စွာလိုက်ပါခဲ့သည်။
ရီမိသားစု၏ဒုတိယမျိုးဆက် ရွှေအင်မော်တယ်ကျင့်ကြံသူများသည် တာအိုအင်မော်တယ်ပစ္စည်းများကို ရရှိပြီးနောက် နက်နဲအင်မော်တယ် စွမ်းအားနှင့်ညီမျှသော တိုက်ခိုက်ရေးစွမ်းအားရှိသည်။ ဟွမ်လောင်စန်းကိူမူ အင်မော်တယ်ဘုရင်အဆင့်စွမ်းအားပေါ်လာလျှင် အရေးပေါ်အနေဖြင့်ထည့်ထားခြင်းဖြစ်သည်။ ဤသည်မှာအဓိကစစ်မြေပြင်မဟုတ်သောကြောင့် အောက်ငါးပြည်နယ်တွင် အင်မော်တယ်ဧကရာဇ်တစ်ဦးတစ်ယောက်မျှပေါ်လာမည်မဟုတ်ဟု ရီဖန်ယုံကြည်ထားသည်။ သို့သော် တစ်စုံတစ်ယောက်ပေါ်လာခဲ့လျှင်ပင် ရီဖန်ထံတွင် အဖြေရှိပါ၏။ နောက်ဆုံးတွင် ရီဖန်ကို လှမ်းအကူညီတောင်းနိုင်ဆဲဖြစ်သည်။
၎င်းတို့၏သခင်မလှုပ်ရှားလျှင်ပင် ၎င်းတို့ထံ၌ အကြီးတန်းညီအကိုမောင်နှမများ ရှိပါသေးသည်။
စုန်းမျိုးနွယ်စုကို ခက်ခဲစေရန်အတွက် ၎င်းတို့ထဲမှ တစ်ဦးဦးကစွမ်းဆောင်နိုင်ပါလိမ့်မည်။
ရီကျင်းဖန်သည် တာအိုအင်မော်တယ်ပစ္စည်းနှစ်ခုကို ရီရှောင်းရှောင်းနှင့် အရှေ့ဧကရာဇ်ထံသို့ ပေးအပ်လိုက်ပြီးနောက် တာ့ယွီအင်ပါယာသည် ချက်ချင်းစတင်လှုပ်ရှားလာသည်။
မရေမတွက်နိုင်သော စစ်သင်္ဘောများသည် ကောင်းကင်ယံသို့ပျံတက်ကာ အလယ်ပိုင်းပြည်နယ်ဆီသို့ ဦးတည်သွားကြ၏။
အလယ်ပိုင်းပြည်နယ်ရှိ စုန်းမျိုးနွယ်စု၏ နယ်မြေအတွင်းတွင် စုန်းသားတော်နှစ်ဦးသည် မည်သည့်အချိန်တွင် အရှေ့ပြည်နယ်ကို ကျူးကျော်ရမည်နှင့် တာ့ယွီအင်ပါယာနှင့် နန်ကျိုးအကြောင်း အမည်မဲ့လက်ထောက်ဂိုဏ်းချုပ်နှင့် ဆွေးနွေးနေကြသည်။ တကယ်တမ်းတွင် စုန်းသားတော်နှစ်ပါးသည် တာ့ယွီအင်ပါယာက ၎င်းတို့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်သည်ဟု မထင်ခဲ့ချေ။ ၎င်းတို့သည် ထိုကျင့်ကြံသူများကို သိမ်းသွင်းရန်သာ ကြိုးစားနေကြခြင်းဖြစ်၏။
“စုန်းသားတော်တို့ သတင်းဆိုးပဲ! တာ့ယွီအင်ပါယာက လာတိုက်နေကြပြီ!”
………..
အခန်း ၂၃၉ - ငါတို့မွဲလွန်းလို့ ရှုံးသွားရတာပဲ
"ဘာ၊ တာ့ယွီအင်ပါယာက ဘယ်လိုတောင်သတ္တိရှိနေတာလဲ!"
ဝူထျန်းသည် သူ့တစ်ကိုယ်လုံး လောင်ကျွမ်းတော့မတတ် ခံစားလိုက်ရသည်။
ရီကျင်းချုံနှင့် ရီချင်တို့ရှိနေစဉ်က တာ့ယွီအင်ပါယာသည် မလှုပ်ရှားခဲ့ဘဲ
၎င်းတို့နှစ်ဦးသိမ်းပိုက်လိုက်သည့်အခါမှသာ တန်ပြန်တိုက်ခိုက်လာသည်။
ဘေးမှစုန်းယန်သည်လည်း ဒေါသထွက်လျက် အနှိမ်ခံရသည်ဟု ခံစားနေရသည်။
"တာ့ယွီအင်ပါယာက အဲလောက်သတ္တိရှိမှတော့၊ လာပါလေ့စေ"
၎င်းတို့သည် တာ့ယွီအင်ပါယာကို လုံးဝအလေးမထားခဲ့ကြဘဲ ယခုတွင် တာ့ယွီအင်ပါယာသည် အမှန်တကယ် တိုက်ခိုက်လာသောကြောင့် ဝူထျန်းနှင့် စုန်းယန်တို့သည် ၎င်းတို့ပူးပေါင်းရမည့်အချိန်ဖြစ်သည်ဟု ယုံကြည်ကြသည်။ နယ်မြေငါးခုကိုသိမ်းပိုက်နိုင်ပါက စုန်းမျိုးနွယ်စု၏ အဆင့်မြင့်များကြားတွင် ၎င်းတို့၏အဆင့်ကို မြှင့်တင်နိုင်မည်ဖြစ်သည်။ ၎င်းသည်အင်ပါယာတစ်ခုသာဖြစ်ရာ ရွှေအင်မော်တယ်နယ်မြေရှိ စွမ်းအားရှင်မည်မျှရှိနိုင်မည်နည်း။ ဤတစ်ကြိမ်တွင် ၎င်းတို့သည် ရွှေအင်မော်တယ်နယ်မြေမှ စွမ်းအားကြီးကျင့်ကြံသူခြောက်ဦးလုံးကို တပ်ချထားခဲ့သည်။
ထို့အပြင် နက်နဲအင်မော်တယ်နယ်ပယ်မှ စွမ်းအားရှင်နှစ်ဦးလည်း ရှိသေးသည်။ စုန်းမျိုးနွယ်စုသည် စစ်ပွဲတွင်ထူးချွန်ကာ တူညီသောကျင့်ကြံမှုအဆင့်တွင်ပင်လျှင် လူသားမျိုးနွယ်စု၏ကျင့်ကြံသူများသည် ၎င်းတို့၏ပြိုင်ဘက်မဟုတ်ပေ။ စုန်းမျိုးနွယ်စုစစ်တပ်ကြီးတစ်ခုလုံးသည်လည်း စတင်လှုပ်ရှားလာခဲ့သည်။ စုန်းများသည် ကောင်းကင်သို့ပျံတက်သွားကာ တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများကို စူးစိုက်ကြည့်လျက် တိုက်ပွဲတွင် သူတို့ကိုယ်သူတို့ ခွဲခြားသိမြင်သွားနိုင်ရန် မျှော်လင့်နေကြသည်။
“တိုက်ခိုက်ကြ!”
လူသားမျိုးနွယ်စု၏ကျင့်ကြံသူများသည် မိုင်တစ်ရာအကွာအဝေးအတွင်းသို့ ရောက်ရှိလာသောအခါတွင် စုန်းမျိုးနွယ်စုမှကျင့်ကြံသူများသည် ၎င်းတို့၏ကိုယ်ထည်ပေါ်ရှိ အနက်ရောင်ပုံစံကွက်များမှ အလင်းတန်းများဖြာထွက်ကာ မွန်းစတားများအဖြစ်သို့ပြောင်းလဲသွားပြီးနောက် တာ့ယွီအင်ပါယာဆီသို့ ချီတက်သွားကြသည်။
လှေပျံအတွင်းတွင် ရီရှောင်းရှောင်းသည် စုန်းမျိုးနွယ်စု၏ကျင့်ကြံသူများတိုက်ခိုက်လာသည်ကို သတိပြုပြီးနောက် သူမ၏လက်မောင်းကိုဝေ့ယမ်းလိုက်ရာ လှေပျံမှ စွမ်းအင်အမြောက်များစတင်ထွက်ပေါ်လာသည်။ ၎င်းတို့သည် ရီမိသားစု၏ အင်မော်တယ်ပစ္စည်းသန့်စင်ရေးဂိုဏ်းမှ ထုတ်လုပ်ထားသည့် ထိပ်တန်းအင်မော်တယ် အင်မော်တယ်ပစ္စည်းများဖြစ်ကြကာ သာမန်ထိပ်တန်းအင်မော်တယ်ပစ္စည်းများထက် တန်ဖိုးမနည်းချေ။ လှေပျံတစ်စီးစီသည် တပ်ဖွဲ့ဝင်များကိုပို့ဆောင်ရေးအတွက် အသုံးပြုရုံသာမက အလွန်ကြောက်မက်ဖွယ်ကောင်းသော စစ်လက်နက်အဖြစ်လည်းသုံးနိုင်သည်။
“ပစ်!”
ဤတိုက်ပွဲ၏တပ်မှူးဖြစ်သည့် ကောင်းကင်ဘုံအင်မော်တယ်ရှီးထျန်းသည် ဧရာမတိုက်ပွဲအလံကို လွှင့်ထူကာ တိုက်ခိုက်မှုစတင်ရန် အချက်ပြခဲ့ပြီးနောက် ရာနှင့်ချီသောအမြောက်များဖြင့် တစ်ပြိုင်နက် တိုက်ခိုက်ခဲ့သည်။ ဝင်ရောက်လာသော စွမ်းအားအလင်းတန်းများကို မြင်လိုက်ရသောအခါ ကောင်းကင်အင်မော်တယ်နယ်ပယ်မှ စုန်းကျင့်ကြံသူများသည် သူတို့ကိုယ်သူတို့ ခုခံကာကွယ်ရန် စုန်းလက်နက်များကို ချက်ချင်းတပ်ဆင်ခဲ့ကြသည်။
စုန်းမျိုးနွယ်စုသည် လူသားမျိုးနွယ်၏ စစ်လက်နက်များနှင့် သိပ်မရင်းနှီးကြချေ။ သိူ့မဟုတ်ပါက ၎င်းတို့သည် ဤမျှသတိလက်လွတ်ဖြစ်နေလိမ့်မည်မဟုတ်။ စွမ်းအင်အလင်းတန်းသည် စုန်းအင်မော်တယ်လက်နက်များကို ထိမှန်သွားသောအခါ တခဏချင်းအတွင်း ထိပ်တန်းအင်မော်တယ်ပစ္စည်းများနှင့်ညီမျှသည့် ဤစုန်းလက်နက်များသည် ချက်ခြင်းပေါက်ကွဲသွားကြ၏။
မရေမတွက်နိုင်သောစွမ်းအားများသည် စုန်းမျိုးနွယ်စု၏ကျင့်ကြံသူများထဲသို့ ကျရောက်ပြီးနောက် ပေါက်ကွဲသွားကြ၏။ မပြင်ဆင်ရသေးသော စုန်းမျိုးနွယ်စုမှ ကျင့်ကြံသူများသည် များစွာဆုံးရှုံးခဲ့ကြရသည်။ စုန်းမျိုးနွယ်စု၏ငါးပုံတစ်ပုံခန့် ဆုံးရှုံးသွားသည်နှင့်တပြိုင်နက် နောက်ကွယ်မှအမိန့်ပေးနေသော စုန်းမျိုးနွယ်စုမှ ရွှေအင်မော်တယ်များ တုန်လှုပ်သွားကြသည်။
ဤဆုံးရှုံးမှုကို ၎င်းတို့လုံးဝသည်းမခံနိုင်ကြတော့ချေ။
"တာ့ယွီအင်ပါယာက ဘယ်လိုလုပ် ဒီလောက်သန်မာရတာလဲ"
၎င်းတို့၏အမြင်တွင် တာ့ယွီအင်ပါယာသည် အောက်ငါးပြည်နယ်မှ အခြားတပ်ဖွဲ့များနှင့် တန်းတူဖြစ်သင့်သည်။ စုန်းမျိုးနွယ်စု၏စစ်တပ်ကိုရင်ဆိုင်ရပါက ၎င်းတို့သည်ချက်ချင်းရှုံးနိမ့်သွားသင့်သည်။ သို့သော် ယခုအချိန်တွင် တာ့ယွီအင်ပါယာ၏ တိုက်ခိုက်ရေးစွမ်းအားသည် ၎င်းတို့၏မျှော်မှန်းချက်များကို ကျော်လွန်သွားခဲ့၏။
လှေပျံ၏တိုက်ခိုက်မှုဖြင့် လက်တစ်ဖက်မမြှောက်ဘဲ ဤမျှအင်အားကြီးလှသည်။
"တာ့ယွီအင်ပါယာ၊ မင်းတို့ သေတွင်းတူးနေတာပဲ!"
စုန်းမျိုးနွယ်စု၏ရွှေအင်မော်တယ်များသည် အလွန်ဒေါသထွက်နေကြ၏။
“ ဒီလူသားကျင့်ကြံသူတွေကို သွားသတ်ကြစမ်း!”
ဒေါသထွက်နေသည့်ဝူထျန်းသည် သူ့ဘေးနားရှိ နက်နဲအင်မော်တယ်နယ်ပယ်ကျင့်ကြံသူနှစ်ဦးကို အမိန့်ပေးလိုက်သည်။
နက်နဲအင်မော်တယ်ကျင့်ကြံသူနှစ်ဦး၏ မျက်လုံးများထဲတွင် အထင်အမြင်သေးမှုသည့်အကြည့်များ ထွက်ပေါ်လာ၏။ စုန်းသားတော်နှစ်ပါးဖြစ်သည့် ဝူထျန်းတို့ကို သူတို့လုံးဝမနှစ်သက်လှချေ။
ဆန့်ကျင်ဘက်အနေဖြင့် ရီကျင်းချုံနှင့် ရီချင်တို့ တိုက်ပွဲဝင်သောအခါတွင် ၎င်းတို့သည် ရှေ့မှဦးဆောင်နိုင်သူများဖြစ်ကြကာ ဤစုန်းသားတော်နှစ်ပါးကဲ့သို့ နှုတ်ခမ်းနှင့် လျှာကိုလှုပ်ယမ်းကာတိုက်သူမဟုတ်ကြပေ။ ယခုတွင် သူတို့နှစ်ဦးသည် တပ်မှူးများဖြစ်ကြသော်ကြောင့် နက်နဲအင်မော်တယ် စုန်းနှစ်ဦးသည် တွန့်ဆုတ်နေသော်လည်း ရီရှောင်းရှောင်းရှိရာဆီသို့သာ ချီတက်လာရတော့သည်။
အခြားသော ရွှေအင်မော်တယ်နယ်မြေစုန်းများသည်လည်း စစ်မြေပြင်သို့ဝင်ရောက်ရန် ပျံတက်လာခဲ့သည်။စစ်ပွဲသည် ရုတ်တရက်ဖြစ်ပွါးခဲ့ကာ၊ ရွှေအင်မော်တယ်စုန်းများသည် သာမန်စစ်သားများနှင့်တိုက်ခိုက်ရန် မကျန်ရှိတော့ချေ။ ရီရှောင်းရှောင်း၏ အရန်တပ်ရင်းသည်လည်း စတင်လှုပ်ရှားလာကြသည်။
၎င်းကိုရွှေအင်မော်တယ်စုန်းများ သတိပြုမိပြီးနောက်
ရီမိသားစု၏ကျင့်ကြံသူများဆီသို့ ချီတက်သွားသော ရွှေအင်မော်တယ်စုန်းများ၏ မျက်နှာပေါ်တွင် ကြီးမားသောအပြုံးတစ်ခုရှိနေ၏။
စုန်းမျိုးနွယ်စုအတွက် လူသားမျိုးနွယ်၏ ရွှေအင်မော်တယ်များသည် အဆင့်မြင့်ကျင့်ကြံရေးအရင်းအမြစ်များသာဖြစ်သည်။ ထိုမျှသေးငယ်သော တာ့ယွီအင်ပါယာ၏ရွှေအင်မော်တယ်များသည် မည်မျှအစွမ်းထက်နိုင်မည်နည်း။
နှစ်ဖက်စလုံးမှ ရွှေအင်မော်တယ်တပ်သားများ ကောင်းကင်ယံ၌ဆုံတွေ့ကြသောအခါ ၎င်းတို့၏ပြင်းထန်သောစွမ်းအားသည် စစ်မြေပြင်ကိုတုန်ခါသွားစေသည်။
လှေပျံများကိုမှီခိုအားထားနေသော တာ့ယွီအင်ပါယာ၏ကျင့်ကြံသူများသည် ထိခိုက်မှုများစွာမရှိချေ။
သို့သော် တစ်ဖက်တွင် စုန်းများအတွက် လုံးဝအဆင်မပြေပေ။ တိုက်ပွဲနောက်ဆက်တွဲသည် ၎င်းတို့အတွက် သည်းမခံနိုင်ဖွယ်ဖြစ်လာသည်။ ထိုအချိန်တွင် စုန်းကျင့်ကြံသူများသည် ရီမိသားစုမှကျင့်ကြံသူများကို လျှော့တွက်မိကြောင်း သဘောပေါက်သွားသည်။ ဤ ရီမိသားစုမှကျင့်ကြံသူများသည် ထူးချွန်ထက်မြက်သောအရည်အချင်းများ ပိုင်ဆိုင်ရုံသာမကဘဲ အရေးအကြီးဆုံးမှာ ၎င်းတို့သည် ချမ်းသာကြ၏။
၎င်းတို့သည် ရွှေအင်မော်တယ်နယ်မြေတွင်ရှိနေကြသော်လည်း အချို့သည် ထိပ်တန်းစုန်းလက်နက်များကိုသုံးကြသည်။ ထိပ်တန်းစုန်းလက်နက်များသည် ၎င်းတို့အတွက် အလွန်အဖိုးတန်သော်လည်း ၎င်းတို့ရှေ့ရှိ ရီမိသားစုမှ ကျင့်ကြံသူများက ၎င်းတို့အသီးသီးထံတွင် တာအိုအင်မော်တယ်လက်နက်များ ရှိနေကြသည်!
၎င်းတို့၏ မျိုးနွယ်စုတွင်မူ တာအိုအင်မော်တယ်ပစ္စည်းကို အသုံးပြုနိုင်သူမှာ လျှို့ဝှက်ဆန်းကြယ်သည့်စုန်းများအတွက်သာ ခြွင်းချက်ဖြစ်သည်။ တိုက်ပွဲရလဒ်သည် မကြာခင်ထွက်ပေါ်လာ၏။ များမကြာမီ ပထမဆုံးရွှေစုန်းကျသွား၏။
သေဆုံးသွားသောရွှေစုန်းသည် သူ့မျက်လုံးများမှိတ်သည်အထိ မကျေနပ်နိုင်ချေ။ သူသည်အရည်အချင်းမရှိခြင်းကြောင့်ရှုံးရခြင်းမဟုတ်ဘဲ ဆင်းရဲခြင်းကြောင့်ဖြစ်သည်။
ရွှေစုန်းဖြစ်လာရန် များစွာကြိုးပမ်းခဲ့သော်လည်း ချမ်းသာသူနှင့် ဆင်းရဲသူကြားကွာဟချက်မှာ အလွန်ထင်ရှားနေသေးကြောင်း သဘောပေါက်သွားခဲ့သည်။
သူတို့မျှော်လင့်ထားသည့် လျှို့ဝှက်ဆန်းကြယ်စုန်းနှစ်ကောင်ကိုလည်း ရီကျင်းလုံနှင့် ရီကျင်းဖန်တို့က ပိတ်ဆို့ထားပြီးဖြစ်သည်။ ရီကျင်းဖန်၏ကိုယ်ထည်သည် ရှေးဖီးနစ်မီးဖြင့် ပြောင်လက်တောက်ပနေသော်လည်း လျှို့ဝှက်ဆန်းကြယ်စုန်းကို တစ်ခဏအတွင်း အနိုင်မယူနိုင်သကဲ့သို့၊ ၎င်းကိုလည်း လျှို့ဝှက်ဆန်းကြယ်စုန်းက အနိုင်မတိုက်နိုင်ခဲ့ပေ။
ရီကျင်းလုံဘက်မှ အခြေအနေသည်လည်း အနည်းငယ်ဆင်တူသည်။ ၎င်းသည် ရွှေအင်မော်တယ်နယ်မြေနှောင်းပိုင်းသို့ရောက်ရှိနေကာ သူ၏ပြိုင်ဘက်ဖြစ်သော လျှို့ဝှက်ဆန်းကြယ်စုန်းကို တင်းကြပ်စွာချုပ်နှောင်ထားသည်။ ၎င်းတို့၏ ထိပ်တန်းတိုက်ပွဲများပြီးဆုံးသွားပြီးနောက် တာ့ယွီအင်ပါယာသည် ကျန်စုန်းများကိုဖြိုခွင်းရန်အတွက်
တပ်ဖွဲ့ဆယ်ခုသည် တိုက်ပွဲဝိဉာဉ်ဆယ်ဦးကို ဆင့်ခေါ်ကာ စုန်းတပ်အတွင်းဖြတ်သန်းသွားလျက် မရေမတွက်နိုင်သောလူသေအလောင်းများကို ချန်ထားခဲ့သည်။ ပြင်းထန်သော တိုက်ခိုက်ရေးစွမ်းအားကို စုန်းမျိုးနွယ်စု၏စစ်တပ်က မတုံ့ပြန်နိုင်ခဲ့ချေ။
အမြင့်ပိုင်းသာမက အနိမ့်ပိုင်းပါ စုန်းမျိုးနွယ်စု၏ ပြိုင်ဘက်မဟုတ်သောကြောင့် စုန်းသားတော်နှစ်ပါးကို အရိုးထဲထိအေးခဲသွားစေခဲ့သည်။ ရီကျင်းချုံနှင့် ရီချင်တို့ရှိစဉ်က အရာအားလုံးအဆင်ပြေနေကာ၊
သူတို့တာဝန်ယူသည့်အခါမှ အဘယ်ကြောင့်ဤသို့ဖြစ်သွားရသနည်း။
ဤတိုက်ပွဲတွင်ရှုံးနိမ့်ခြင်း၏ အကျိုးဆက်များကို တွေးရုံမျှဖြင့် ၎င်းတို့ကိုတုန်လှုပ်သွားစေသည်။
၎င်းတို့သည် တိုက်ရိုက်ထောင်ချမခံရနိုင်သော်လည်း အမှန်တကယ်ရှုံးနိမ့်ခဲ့ပါက စုန်းမျိုးနွယ်စုတွင် ၎င်းတို့၏အဆင့်အတန်းသည် သိသိသာသာကျဆင်းသွားမည်ဖြစ်သည်။ ရီကျင်းချုံနှင့် ရီချင်နှင့်နှိုင်းယှဉ်ခြင်းမခံရပါက အဆင်ပြေသေးသော်လည်း သေချာပေါက်ဆိုးရွားစွာ နှိုုင်းယှဉ်ခံရမည်ဖြစ်သည်။
ယခုအချိန်တွင် ၎င်းတို့၏တစ်ခုတည်းသော ထွက်ပေါက်မှာ တာအိုကာကွယ်သူများကို လှုပ်ရှားခိုင်းရန်ဖြစ်သည်။ တာအိုကာကွယ်သူ၏စွမ်းအားသည် အုပ်စိုးရှင်အင်မော်တယ်အဆင့်နှင့်ညီမျှကာ ၎င်းတို့သည် တာ့ယွီအင်ပါယာကို သိမ်းပိုက်ရန် လုံလောက်သောစွမ်းအားရှိသည်။ တာအိုကာကွယ်သူ၏တာဝန်မှာ ကာကွယ်ရန်ဖြစ်သောကြောင့်၊ ၎င်းတို့၏အသက်အန္တရာယ်မကျရောက်သောအခါတွင် မလှုပ်ရှားနိုင်ပေ။ သို့သော် ယခုအချိန်တွင် ရွေးချယ်စရာမရှိတော့ချေ။
တာ့ယွီအင်ပါယာကိုချေမှုန်းပစ်နိုင်ပါက တာအိုကာကွယ်သူများ၏ဝင်ရောက်စွက်ဖက်မှုကို မည်သူသိမည်နည်း။ ၎င်းတို့သည် ကိစ္စအားလုံးကို သေချာကိုင်တွယ်နိုင်ပါက ၎င်းတို့၏အဆင့်အတန်းသည် လုံးဝယိုင်နဲ့သွားလိမ့်မည်မဟုတ်ချေ။
“လောင်ရန်၊ မြန်မြန်တိုက်တော့!"
စုန်းယန်သည် ၎င်းတို့၏တာအိုကာကွယ်သူကို လှုပ်ရှားရန် လျို့ဝှက်စွာတိုက်တွန်းခဲ့သည်။
…….
အခန်း ၂၄၀ - ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံခါးကသာ တကယ့် ကုသဆေးပဲ
သို့သော်လည်း စုန်းယန်မမျှော်လင့်ထားသည်မှာ ၎င်းတို့၏တောင်းဆိုချက်သည် မည်သည့်တုံ့ပြန်မှုမှ မရရှိခဲ့ပေ။ စုန်းယန်နှင့် ဝူထျန်းတို့က ၎င်းတို့၏တာအိုကာကွယ်သူများက မကူညီချင်သောကြောင့်ဟုထင်သွားကာ အာဏာရလာပါက တာအိုကာကွယ်သူနှစ်ဦးကို ပြန်ပေးဆပ်ခိုင်းမည်ဟု နှလုံးသားထဲတွင် တိတ်တဆိတ်ကျိန်ဆဲလိုက်ကြသည်။
သူတို့မသိခဲ့ကြသည်မှာ နေရာလွတ်အတွင်းရှိ တာအိုကာကွယ်သူနှစ်ဦးသည် မလှုပ်ရှားဝံ့ဘဲ မထိန်းနိုင်စွာတုန်လှုပ်နေကြသည်။
၎င်းတို့သည် ရွှေအင်မော်တယ်ကျဆုံးသွားသည့်အချိန်တွင် စတင်လှုပ်ရှားလိူခဲ့ကြသော်လည်း
၎င်းတို့လှုပ်ရှားရန် ပြင်ဆင်နေချိန်တွင် အစွမ်းထက်သည့်ရောင်ဝါတစ်ခုထံမှ ပစ်မှတ်ထားခံလိုက်ရသည်။ ၎င်းတို့အမှန်တကယ်လှုပ်ရှားလိုက်သည်နှင့် သေသွားမည်ဖြစ်ကြောင်း အလိုလိုခံစားနေရ၏။ ၎င်းတို့ကိုပစ်မှတ်ထားသူမှာ ရီဖန်ဖြစ်သည်။ စစ်ပွဲကိုရှုံးနိမ့်ပါက တာ့ယွီအင်ပါယာတွင် အင်အားမလုံလောက်သောကြောင့်ဖြစ်သည်ဟု ရီဖန်စဉ်းစားနိုင်သည်။ သို့သော် ဤစုန်းအရှင်နှစ်ဦးက သတ္တိရှိလျှင် ရီဖန်သည်လည်း သူတို့ကိုသတ်ရန် တွန့်ဆုတ်နေမည်မဟုတ်ပေ။ တာအိုကာကွယ်သူများ၏အကူအညီမရှိသောကြောင့် အောက်ဘက်ရှိ စုန်းမျိုးနွယ်စု၏အခြေအနေမှာ ပိုဆိုးလာခဲ့သည်။
ထိုအချိန်တွင် ဝူထျန်းနှင့် စုန်းယန်တို့သည် အမည်မဲ့ဂိုဏ်းမှကျင့်ကြံသူများကို ထပ်မံဆက်သွယ်ရန်မှလွဲ၍ ရွေးချယ်စရာမရှိတော့ပေ။ စုန်းမျိုးနွယ်စုသည် ရှုံးနိမ့်သွား၍မရချေ။
အနည်းဆုံး၎င်းတို့နှစ်ဦးသည် အပြစ်ပေးမခံလိုချေ။ ဂိုဏ်းနှစ်ခုတွင် ၎င်းတို့၏ရာထူးများကို စောင့်ကြည့်ကာ အမှားလုပ်ရန် စောင့်ဆိုင်းနေကြသော စွမ်းအားကြီးစုန်းများစွာရှိသည်ကို ၎င်းတို့သိရှိထားပြီးဖြစ်သည်။ ၎င်းတို့သည် မတူညီသည့်အဆင့်တန်းတွင်ရှိသော အရည်အချင်းရှိသည့် ရီကျင်းချုံနှင့် ရီချင်တို့ကဲ့သို့ မဟုတ်ပေ။ ၎င်းတို့က သစ္စာမဖောက်သရွေ့ နတ်စုန်းဂိုဏ်းသည် ၎င်းတို့ကို ဖြုတ်ချလိမ့်မည်မဟုတ်။ တစ်ဖက်တွင် ၎င်းတို့သည် အခြားသော စွမ်းအားရှင်စုန်းများထက် အနည်းငယ်သာ ပိုအင်အားကောင်းခြင်းဖြစ်၏။
အမည်မဲ့ဂိုဏ်း၏ လက်ထောက်ဂိုဏ်းချုပ်ယောင်ရွှင်သည် ဝူထျန်း၏သတင်းစကားကို လက်ခံရရှိသောအခါတွင် သူ၏ပထမဆုံးအတွေးမှာ ငြင်းဆိုရန်ဖြစ်သည်။
၎င်းသည်ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးထဲသို့ ဝင်ရောက်ခဲ့သော်လည်း ၎င်းတို့၏အမြုတေသည် လူသားများဖြစ်သည်။ ၎င်းတို့မျိုးနွယ်စုကို သစ္စာမဖောက်လိုသောကြောင့်မဟုတ်ဘဲ ၎င်းတို့၏အထောက်အထား ဖော်ထုတ်ခံရကာ လူသားမျိုးနွယ်စုတစ်ခုလုံး၏ ပစ်မှတ်ထားခံရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
သို့သော် ၎င်းတို့သည်တာ့ယွီအင်ပါယာကို ဖျက်ဆီးနိုင်ခဲ့ပါက အင်ပါယာ၏ဘဏ္ဍာတစ်ဝက်ကို ပိုင်ဆိုင်နိုင်မည်ဟု ဝူထျန်းပြောလာသည့်အခါတွင် တုံ့ဆိုင်းမှုအားလုံးကိုပျောက်ဆုံးသွား၏။
၎င်းတို့သည် လုံခြုံစိတ်ချရစေရန်အတွက် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူအားလုံးကိုဆက်သွယ်ကာ တံခါးသခင်သုံးဦးကိုပါ ဆွဲထည့်ခဲ့သည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးအတွက်မူ တာ့ယွီအင်ပါယာသည် အောက်ဘက်ငါးပြည်နယ်တွင် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သည်။ တာ့ယွီအင်ပါယာကိုချေမှုန်းနိုင်ပါက အင်အားစုအသစ်များ ပေါ်ပေါက်လာလျှင်ပင် ၎င်းတို့စိမ့်ဝင်ကာ ထိန်းချုပ်နိုင်မည်ဖြစ်သည်။
လက်ရှိ အောက်ဘက်ငါးပြည်နယ်၏ တံခါးသခင်လေးဦးအနက်မှ တစ်ဦးဖြစ်သည့် စုယန်သည် လက်တွဲရန်ဖိတ်ကြားချက်ကို လက်ခံရရှိခဲ့သော်လည်း ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ စုယန်၏ငြင်းဆန်မှုသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အခြားတံခါးသခင်သုံးဦးကို ဒေါသထွက်စေကာ စုယန်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် လုံးဝပါဝင်ခြင်းမပြုဟု တင်ပြမည်ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။ သို့သော် စုယန်သည် သူတို့၏ခြိမ်းခြောက်မှုများကို လုံးဝဂရုမစိုက်ပေ။ စုယန်၏ဆုံးဖြတ်ချက်သည်သာ အမှန်ကန်ဆုံးဖြစ်ကြောင်းကို ၎င်းတို့မကြာမီ သိလာလိမ့်မည်။
အရှေ့တောင်ပိုင်းပြည်နယ်များရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးများသည်ပင် စုယန် ၏ဆုံးဖြတ်ချက်ကို သံသယဝင်လာကြသည်။ သို့သော် စုယန်သည် မည်သည့်ရှင်းပြချက်မှမပေးဘဲ ဤစစ်ပွဲတွင် မည်သူတစ်ဦးတစ်ယောက်မှ မပါဝင်သင့်ကြောင်း သတိပေးခဲ့သည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ကျင့်ကြံသူများသည် စစ်မြေပြင်သို့ အလျင်အမြန်ပြေးလာကြသည်။
"တာ့ယွီအင်ပါယာရဲ့ ရဲဘော်တို့၊ ငါတို့ မင်းတို့ကို ကူညီဖို့လာပြီ"
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ကျင့်ကြံသူများသည် စစ်ပွဲတွင်ပါဝင်လာသည်နှင့်တပြိုင်နက် တာ့ယွီအင်ပါယာ၏စစ်တပ်ဘက်သို့ ရောက်ရှိလာကြကာ ၎င်းတို့ကိုကူညီရန်လာသည့်ပုံပေါ်သည်။
မကြာမီတွင် ၎င်းတို့သည် တာ့ယွီအင်ပါယာ၏ ကျင့်ကြံသူများနှင့် ရင်းနှီးသွားကာ
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ကျင့်ကြံသူများသည် ၎င်းတို့၏အကြံအစည်အောင်မြင်သည်ရန် ပိုမိုနီးကပ်လာပြီဟုတွေးရင်း ပြုံးနေကြသည်။ ၎င်းတို့သည် တာ့ယွီအင်ပါယာသို့ ထိုးဖောက်ဝင်ရောက်ပြီးသည်နှင့် ရုတ်တရက်တိုက်ခိုက်ခြင်းလိုက်ပါက အင်ပါယာကို ပြင်းထန်စွာထိုးနှက်နိုင်မည်မှာ သေချာ၏။ ထိုအချိန်တွင် စင်မြင့်ထက်ရှိ ရီရှောင်းရှောင်းသည် အမိန့်ပေးလိုက်၏။
"တိုက်ကြ!"
ရီရှောင်းရှောင်း ၏လက်ထဲတွင် အောက်ဘက်ငါးပြည်နယ်ရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ ကျင့်ကြံသူအားလုံးစာရင်းရှိသည်။ အကယ်၍ ရောက်ရှိနေသည့်ကျင့်ကြံသူအားလုံးသည် စာရင်းတွင် ပါဝင်ပါက ရီရှောင်းရှောင်းသည် ၎င်းတို့ကို မည်သို့မတွေ့နိုင်ဘဲရှိမည်နည်း။
ရီရှောင်းရှောင်း၏စကားကိုကြားသောအခါ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများသည် အနည်းငယ်စိတ်ရှုပ်သွားကြသည်။ မည်သူ့ကိုတိုက်ခိုက်ကြမည်နည်း? မကြာမီတွင် ရီရှောင်းရှောင်းသည် မည်သူ့ကိုတိုက်ခိုက်ခိုင်းကြောင်း သိလိုက်ရသည်။
ရီရှောင်းရှောင်း၏ အမိန့်ကိုရရှိပြီးနောက် တာ့ယွီ အင်ပါယာ၏တပ်သားများသည် ၎င်းတို့၏တိုက်ခိုက်ရေးလမ်းကြောင်းကို ချက်ချင်း ပြောင်းလဲခဲ့သည်။ သူတို့သည် ကျောက်တုံးပေါက်ရုံမျှအကွာအဝေးအတွင်းရှိသော ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။
"တာ့ယွီဘုရင်၊ ဒါက ဘာအဓိပ္ပာယ်လဲ!"
ယောင်ရွှမ်းသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ကာ သူမည်ကဲ့သို့ဖော်ထုတ်ခံရသည်ကို လုံးဝနားမလည်နိုင်ချေ။
"ဘာကိုဆိုလိုတာလဲ ဟုတ်လား? မင်းတို့ လူသားမျိုးနွယ်ကို သစ္စာဖောက်ပြီးပြီဆိုတာ ငါတို့မသိဘူးလို့ထင်နေလား”
ဖီးနစ်ရှောင်းရှောင်းပေါ်တွင်လိုက်ပါလာသည့် ရီရှောင်းရှောင်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူများဘက်သို့ လှည့်သွားသည်။
"ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၊ မင်းတို့ရဲ့လျှို့ဝှက်နည်းဗျူဟာက ဘာမှကောင်းတာမရှိဘူးဘဲ"
ရီရှောင်းရှောင်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးဟူသော စကားလုံးကိုပြောလိုက်သည့်အခါတွင် ယောင်ရွှမ်းသည် အမှန်တကယ်ဖော်ထုတ်ခံလိုက်ရကြောင်း သိရှိသွားသည်။ ကောင်းကင်ယံရှိ လူသားဧကရာဇ်ရောင်ဝါ၏ လွှမ်းမိုးမှုအောက်တွင် ကျရောက်နေသည့်တိုင် ယောင်ရွှမ်းသည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏တည်ရှိမှုကို ရီရှောင်းရှောင်းမည်ကဲ့သို့ သိသွားကြောင်း နားမလည်နိုင်သေးချေ။ စည်းမျဉ်းများအရ ဝူရှန်းဘိုးဘေး၏နည်းစနစ်ဖြင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှ ကျင့်ကြံသူများသည် ၎င်းတို့ကိုဖမ်းမိလျှင်ပင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏တည်ရှိမှုကို ထုတ်ဖော်ခြင်းမပြုနိုင်ချေ။
ယောင်ရွှမ်းလဲကျသွားသောအခါတွင် ရီရှောင်းရှောင်းထံမှ လူသားဧကရာဇ်၏ရောင်ဝါသည် ရုတ်တရက်ထွက်ပေါ်လာပြန်၏။ မကြာမီတွင် ရီရှောင်းရှောင်းသည် ရောင်ဝါ၏အရင်းအမြစ်ကို နားလည်သွားသည်။
လူသားဧကရာဇ်သည် လူသားမျိုးနွယ်စု ကာကွယ်သည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများသည် လူသားမျိုးနွယ်စု၏သစ္စာဖောက်များဖြစ်သည်။
လူသားဧကရာဇ်၏ရောင်ဝါသည် သစ္စာဖောက်များကိုဖယ်ရှားပြီးနောက် ရီရှောင်းရှောင်းအတွက် ဆုလာဘ်တစ်ခုဖြစ်သည်။ ရီရှောင်းရှောင်းသည် ရုတ်တရက်စိတ်လှုပ်ရှားသွားကာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများကို ကြည့်လိုက်သည့် သူမ၏အကြည့်မှာလည်း ပြောင်းလဲသွားသည်။
၎င်းတို့်သည် သစ္စာဖောက်မဟုတ်ဘဲ၊ သူ့အနီးတွင် သွားလာနေသော အရာရှိများဖြစ်သည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးမှကျင့်ကြံသူများသည် ထွက်ပြေးရန်အသင့်ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ရီရှောင်းရှောင်းချက်ချင်း လှုပ်ရှားလိုက်သည်။
လူသားဧကရာဇ်၏ လတ်ဆက်သောရောင်ဝါကြောင့် သူမသည် ၎င်းတို့ကို လွတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။ သတ်ပစ်ရမည်!
ရီရှောင်းရှောင်းလျင်မြန်စွာလှုပ်ရှားလိုက်ပြီးနောက် သူမ၏အတွင်းပိုင်းရှိ လူသားဧကရာဇ်ရောင်ဝါသည် ဆက်လက်တိုးပွားလာသည်။ လူသားဧကရာဇ်၏ကျမ်းစာသည်လည်း ဆက်တိုက်လည်ပတ်နေကာ သူ့ကိုယ်တွင်းမှ ရောင်ဝါကိုချေဖျက်နေသည်။
အချိန်တိုအတွင်းတွင် ရီရှောင်းရှောင်းအပေါ်ဖိအားများတိုးလာသဖြင့် သူမ၏ကျင့်ကြံမှုအဆင့်သည်လည်း ရွှေအင်မော်တယ်အထွတ်အထိပ်သို့ ဖြတ်ကျော်သွားခဲ့သည်။
ဤကျင့်ကြံမှုအရှိန်သည် မည်သည့်ဆေးလုံးကမှ ကူညီပေးနိုင်သည်ထက် များစွာပိုမြန်သည်။
ရီရှောင်းရှောင်းသိလိုက်သည်မှာ သူမသည် အောက်ဘက်ငါးပြည်နယ်ကို သိမ်းပိုက်ပြီးသည့်အချိန်တွင် နက်နဲအင်မော်တယ်အဖြစ်သို့ တက်လှမ်းနိုင်မည်ဖြစ်ရာ သူမ၏စိတ်ထဲတွင် ပို၍ပင်တက်ကြွလာခဲ့၏။
တာ့ယွီအင်ပါယာ၊ အင်အားအပြည့်နှင့် တိုက်ခိုက်ရမည်။ ရီရှောင်းရှောင်းသည် စစ်မြေပြင်တွင် ကိုယ်တိုင်ကိုယ်ကျပါဝင်လာသောကြောင့် ရှုံးနိမ့်ပြီးဖြစ်သည့် စုန်းမျိုးနွယ်စုသည်လည်း တပ်ဆုတ်သွားရတော့သည်။ စုန်းစစ်တပ်၏နောက်ကွယ်တွင် ဝူထျန်းနှင့် စုန်းယန်တို့သည် ၎င်းတို့၏အဆက်မပြတ်ကျဆင်းလာသော စစ်တပ်ကို ကူရာမဲ့စောင့်ကြည့်နေရသည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကိုပင် သုတ်သင်ရှင်းလင်းခဲ့ပြီးဖြစ်ရာ စစ်ကူလုံးဝမကျန်တော့ပေ။
အမှန်တကယ်တွင် စုန်းမျိုးနွယ်စု၌ စုန်းဧကရာဇ်အဆင့်စွမ်းအားရှင်များ ရှိနေသေးသော်လည်း
အထက်ငါးပြည်နယ်တွင်လည်း လူသားအင်မော်တယ်ဧကရာဇ်များစွာရှိသည်။
စုန်းဧကရာဇ်တိုင်းတွင် ကိုယ်ပိုင်တာဝန်ရှိကြသောကြောင့် အောက်ဘက်ငါးပြည်နယ်ကိုကူညီရန် ၎င်းတို့ကိုစေလွှတ်၍မရပေ။ အင်မော်တယ်ရှင်များပင်လျှင် ကူညီရန်နည်းလမ်းမရှိချေ။
စုန်းမျိုးနွယ်စုသည် စုန်းအရှင်များကို အောက်ဘက်ပြည်နယ်ငါးခုသို့ စေလွှတ်လိုက်ပါက လူသားများသည် အင်မော်တယ်ဘုရင်များကို အောက်ဘက်ငါးပြည်နယ်သို့ စေလွှတ်မည်ဖြစ်သည်။
လူသားများသာမက စုန်းများပါ စစ်မြေပြင်ကို ချဲ့ထွင်ရန်ဆန္ဒမရှိကြချေ။ ၎င်းတို့သည် မျိုးနွယ်စုနှစ်ခုစလုံး၏ အင်မော်တယ်ဘုရင်များအောက်ရှိ ကျင့်ကြံသူများကို အောက်ဘက်ငါးပြည်နယ်လေ့ကျင့်ရေးကွင်းတွင်သာ လွှတ်ထားနိုင်သည်။ ဤမျှခြေကို ချိုးဖျက်ရဲသည့် မည်သူမဆို အများနှင့်ရင်ဆိုင်ရမည်မှာ သေချာသည်။
ယခုတွင် ဝူထျန်းနှင့် စုန်းယန်တို့သည် သူတို့ကိုယ်သူတို့သာ အားကိုးနိုင်တော့၏။
သို့သော် သူတို့ကိုယ်သူတို့ အားကိုးရမည်လား။ ရီရှောင်းရှောင်းသုတ်သင်နေသည်ကိုမြင်ပြီးနောက် ဝူထျန်းနှင့် စုန်းယန်တို့သည် ချက်ချင်းပြန်ဆုတ်သွားကြသည်။ ၎င်းတို့သည် အောက်ဘက်ငါးပြည်နယ်တွင် ကောင်းမှုအတွေ့အကြုံများစုဆောင်းရန်သာဖြစ်ကာ အမှန်တကယ်မသေလိုကြချေ။ ရီရှောင်းရှောင်းကိုကြည့်နေရင်း ရီကျင်းချုံရှိစဉ်က မလှုပ်ရှားဘဲ၊ သူတို့ရောက်လာမှ လှုပ်ရှားရသနည်းဟု စိတ်ထဲမှမေးခွန်းထုတ်နေမိ၏။
နောက်ဆုံးတွင် နာကြည်းမှုအပြည့်ဖြင့် နှစ်ယောက်သားသက်ပြင်းချလိုက်ကြသည်။
"ပြန်ဆုတ်ကြတော့!"
အလယ်ပိုင်းပြည်နယ်သည် လူသားများနေထိုင်ရန် မသင့်လျော်တော့သောကြောင့် ကျန်ပြည်နယ်နှစ်ခုထံသာ ဆုတ်ခွါသွားရသည်။ ၎င်းတို့၏နယ်မြေများကို အပြည့်အ၀မသိမ်းပိုက်နိုင်သရွေ့ အခွင့်အရေးရှိနေဆဲဖြစ်သည်။ ဝူထျန်းနှင့် စုန်းယန်ထံမှ ဆုတ်ခွာရန်အမိန့်ကို ရရှိပြီးနောက် ရှေ့တန်းစုန်းစစ်တပ်သည် ဆက်လက်မတောင့်ထားနိုင်တော့ဘဲ ချက်ချင်းပြန်ဆုတ်သွားခဲ့သည်။ စုန်းများသည် စစ်ပွဲကိုနှစ်သက်သော်လည်း၊ ၎င်းတို့အနိုင်ရရန် မျှော်လင့်ချက်မရှိသောတိုက်ပွဲများနှင့် ရင်ဆိုင်ရသည့်အခါတွင် သေခြင်းတရားကို ကြောက်ရွံ့ကြ၏။