အစိတ်အပိုင်းလေးခု
Vol. 106 Ch. 1472
မပြီးမပြတ်အခြေအနေ
“ဒီကလေး အဆင်ပြေတာ တော်သေးတာပေါ့” ချီယွမ်က ပြောလိုက်သည်။
“သူက ခက်ခဲတဲ့ဘဝရှိပြီးတော့ အလွယ်တကူ မသေဘူးလို့ ပြောသားပဲ” ဖျက်ဆီးခြင်းက ထပ်ပြောလိုက်၏။
“နင်ပဲ အာရုံအများဆုံးဖြစ်နေတာလေ” ယန်းအိုက်က နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။
“ဝူဟုန်ကို စနောက်ရမဲ့အခွင့်အရေးဆုံးရှုံးသွားပြီဆိုပြီး ငိုလုမတတ်ဖြစ်နေတဲ့သူကပြောတာလား” ဖျက်ဆီးခြင်းက ပြန်လည်ပြောလိုက်သည်။
“အဲ့ဒီကောင်လေးကို ဂရုတောင်စိုက်ရဲ့လား”
“ငါ့အမြင်မှာ သူ့ရဲ့အကြီးမားဆုံးအောင်မြင်မှုက သူမနဲ့အတူတူရှိတယ်လို့ ထင်ရတာ ငါ့အမှား မဟုတ်ဘူးလေ” ယန်းအိုက်က အမှန်အတိုင်း ဖြေလိုက်သည်။
“ဘာပဲဖြစ်ဖြစ် သူ အဆင်ပြေတာ တော်သေးတာပေါ့” တိုက်ပွဲရူးက ခေါင်းညိတ်လိုက်၏။
“ဟုတ်တယ် အစီအစဉ်တွေကို ပုံမှန်အတိုင်း ဆက်သွားလို့ရပြီ” ချီယွမ်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။
“ဒီအစီအစဉ်နဲ့ ပတ်သက်ပြီးတော့ သိကြရဲ့လား” ယန်းအိုက်က မေးလိုက်သည်။ ပုံမှန်အားဖြင့် သူမသည် သူ့အစီအစဉ်ကို မေးခွန်းထုတ်မည် မဟုတ်သော်လည်း ဤတစ်ခုက ရိုးရှင်းလွန်းနေ၏။
“တားမြစ်ချက်အတွင်းမှာ မင်းက အဲဒါကို မမြင်လိုက်ဘူးဆိုပေမဲ့ ငါက သူမရဲ့စွမ်းအား အရိပ်အမြွက်ကို မြင်လိုက်ရတယ်။ ငါတို့က သူမကို အဲဒါသုံးဖို့ အခွင့်အရေးပေးဖို့ပဲ လိုတယ်” ချီယွမ်က ဖျောင်းဖျလိုက်၏။
“အဲ့လိုပြောတယ်ဆိုတော့လဲ ပြီးတာပါပဲ။ အနာဂတ်ကို အာရုံစိုက်ထားသင့်တယ်။ အတိအကျပြောမယ်ဆိုရင် ငါတို့တွေ အထွတ်အထိပ်ကို ဘယ်လိုပြန်ရနိုင်မလဲဆိုတာကိုပေါ့” တိုက်ပွဲရူးက အကြံပြုလိုက်၏။
“ကောင်လေးက ငါတို့အားလုံး စံပြအနေအထားကို ပြန်ရောက်ဖို့ ကံကောင်းမှုတွေကို ဆောင်ကျဉ်းပေးလာတယ်။ ဒါပေမဲ့ ကျန်တဲ့အရာတွေကတော့ ငါတို့ဘာသာပဲ မှီခိုရလိမ့်မယ်”
“အဲ့ဆိုရင် ကိုယ်ပွားတွေကိုကော ဘယ်လိုလုပ်မှာလဲ” ဖျက်ဆီးခြင်းက မေးလိုက်သည်။
“ငါတို့တွေ အဲဒါကိုသုံးလို့မရဘူး” ချီယွမ်က ချက်ချင်းဖြေလိုက်သည်။ အကြွင်းမဲ့တားမြစ်ချက်ထဲ မဝင်ရောက်ခင် သူတို့က ပင်မကိုယ်ပွားတချို့ကို ယူဆောင်ပြီး ကမ္ဘာတွင် တစ်ခုသာ ချန်ထားခဲ့လေသည်။
“ဒီလောက်ကြာပြီးတဲ့နောက်မှာ အဲ့ဒီထူးကဲသာလွန်မှုအင်အားစုတွေက ကိုယ်ပွားတွေကို ရှာတွေ့ပြီးတော့ ပြောင်းလဲပစ်ခဲ့တယ်ဆိုရင်တောင် မဆန်းတော့ဘူး” ချီယွမ်က ဆက်ပြောလိုက်သည်။ ပင်မကိုယ်ပွားများက ရှာတွေ့ဖို့ရာ မဖြစ်နိုင်လုနီးပါးမှတ်ယူနိုင်သော်လည်း လုံးဝမဖြစ်နိုင်ခြင်းတော့ မဟုတ်ပေ။ ထို့ကြောင့် သူတို့၏ဘဝကို အသက်ပြန်ရှင်ဖို့ နည်းလမ်းအဖြစ် အသုံးပြုဖို့ စွန့်စားရာကျပေသည်။
“ဒါက အဓိပ္ပါယ်တော့ရှိတယ်” ဖျက်ဆီးခြင်းက ခေါင်းညိတ်လိုက်၏။
“တခြားသူတွေကို သတိပေးရဦးမလား” တိုက်ပွဲရူးက မေးလိုက်သည်။
“သူတို့ကိုယ်သူတို့ အဖြေထုတ်ပါလိမ့်မယ်။ တကယ်လို့ အဖြေမထုတ်နိုင်ဘူးဆိုလည်း သူတို့ပြဿနာပေါ့” ချီယွမ်က တည်ငြိမ်စွာ ပြောလိုက်၏။ သူတို့က အတူတကွ အလုပ်တွဲလုပ်နေသော်လည်း သူတို့က ပြိုင်ဖက်အင်အားစုများသာ ဖြစ်ပေသည်။
“ဒီလိုပြောတယ်ဆိုတော့လဲ ပြီးတာပါပဲ”
......
အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၊ အလယ်ပိုင်းမူလနယ်မြေ၊ တောင်ဖက်ပိုင်းနေရာ၊ အဝါရောင်သစ်ပင်ရွာ
ဝမ်ဝေ့က သူကိုယ်တိုင်တည်ဆောက်ထားသည့် အုတ်ဂူကို တည်ငြိမ်စွာ ကြည့်လိုက်၏။
မိန်းမငယ်လေး ရှင်းအာက သူ့ဘေးတွင် ရပ်နေပြီး မျက်ရည်ကို ထိန်းဖို့ကြိုးစားသော်လည်း ကျရှုံးသွားလေသည်။ မှတ်ဉာဏ်များဖြင့် ပြန်လည်ဝင်စားခြင်းအပြင် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာသို့ ပြန်လည်ဝင်ရောက်နိုင်သည့် အချက်ကလွဲ၍ ဝမ်ဝေ့က တုချုံးအား တခြားအကူအညီမပေးခဲ့ပေ။
မသေမျိုး မဟုတ်သည့် ကျင့်ကြံသူများက သူတို့၏ ဝိညာဉ်သည် ဝိညာဉ်အသစ်ဖန်တီးဖို့ သို့မဟုတ် လုံးဝကွဲပြားနေသည့် တည်ရှိမှုတစ်ခုအဖြစ် ပြန်လည်ဖြစ်တည်ဖို့ ကိုးကြိမ် ပြန်လည်ဝင်စားနိုင်လေသည်။ သေမျိုးများအတွက် ၀.၁% အောက်ကသာ သူတို့၏အတိတ်ဘဝ မှတ်ဉာဏ်များကို ထိန်းသိမ်းထားနိုင်ကြသည်။ ဆိုလိုသည်က သူတို့သည် ပြန်လည်ဝင်စားမှုတစ်ခုအပြီးတွင် အသစ်ပြန်လည်ဖြစ်တည်လာ၏။
တုချုံးဝိညာဉ်၏ ဉာဏ်အလင်းပွင့်လူသားဟူသော ဂုဏ်ပုဒ်ကမူ ကွဲပြားသည်။ ဆိုလိုသည်က ကံကောင်းလျှင် သူသည် နှစ်ကြိမ် သို့မဟုတ် သုံးကြိမ် ပြန်လည်ဝင်စားခြင်းကို အသက်ရှင်နိုင်သော်လည်း ဤသည်က သူ့ကန့်သတ်ချက် ဖြစ်ပေ၏။
ဒါက မင်းရဲ့အဆုံးမဲ့တိုက်ပွဲထဲမှာ ပထမဦးဆုံး ရုန်းကန်ရမှာပဲ။ တကယ်လို့ မင်း ဒီအတားအဆီးကို မကျော်ဖြတ်နိုင်ဘူးဆိုရင် ဒီတိုက်ပွဲကို လက်လျော့လိုက်တာ ပိုကောင်းမယ် …
ဝမ်ဝေ့က တွေးလိုက်သည်။
တုချုံး၏ အနေအထားက ဒိုင်မေးရှင်းအနိမ့်မှ ဝိဇ္ဇာသွမ့်ရုအား သတိရသွားစေသည်။ တခုတည်းသော ခြားနားချက်ကမူ ဝိဇ္ဇာသွမ့်ရု၏ ဝိညာဉ်သည် သူ့သေမျိုးတာအိုဖြင့် အားဖြည့်ပေးခံထားပေရသည်။
ကြည့်ရတာ ဒီနှစ်ယောက်ရဲ့ဘဝတွေက ဆက်နွယ်သွားပုံပဲ …
ဝမ်ဝေ့က ရုတ်တရက် တွေးမိသွားသည်။
သူက ဘေးဖက်ကို လှည့်ကာ မိန်းမငယ်လေးကို လှည့်ကြည့်လိုက်၏။
“သူ့ရဲ့သေဆုံးမှုအတွက် ဘာတွေပြင်ဆင်ထားလဲ”
“ဆရာက သဘောမတူဘူးဆိုပေမဲ့ ဒီလူမှုအသိုက်အဝန်းတစ်ခုလုံးမှာ အထိမ်းအမှတ်ပွဲလုပ်ဖို့ ဆုံးဖြတ်ထားပါတယ်။ ပြီးသွားရင် ကျွန်မတို့ရဲ့လူမှုအဖွဲ့အစည်း တည်ရှိသရွေ့ ဝမ်းနည်းပူဆွေး နေ့ရက်လည်း ရှိလာပါလိမ့်မယ်” ရှင်းအာက ရှင်းပြလိုက်သည်။
“ကြည့်ရတာ တုချုံးက ငါ ထင်ထားတာထက်ပိုပြီး အချစ်ခံရတာပဲ” ဝမ်ဝေ့က ပြောလိုက်သည်။
“သူက အရာအားလုံးကို မြှုပ်နှံထားတာလေ။ သူကိုယ်တိုင် မိသားစုကိုတောင် မတည်ထောင်ခဲ့ဘူး။ သူက မိသားစုဝင်တွေ အာဏာအများကြီးရှိလာပြီးတော့ ကျွန်မတို့အဖွဲ့အစည်းရဲ့ အုတ်မြစ် ပျက်စီးသွားမှာမျိုးကို မဖြစ်စေချင်ဘူးလေ” ရှင်းအာက ပြောလိုက်သည်။
“ဒါက ဉာဏ်ရှိတဲ့အပြုအမူပဲ” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ အကယ်၍ တုချုံးက ထိုမိန်းမငယ်လေး ပြောသလိုမျိုး ချစ်ကျွမ်းဝင်ခဲ့လျှင် သူ့မိသားစုက ဤသေမျိုးလူမှုအဖွဲ့အစည်းအတွင်း တော်ဝင်မိသားစုဖြစ်လာကာ အုပ်ချုပ်ရေးဆိုင်ရာ ဖြစ်စဉ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မည်။ ထိုအချက်က တုချုံး၏ ဆုံးဖြတ်ချက် ပြတ်သားမှုကို ပြသနေ၏။
အကယ်၍ တုချုံးက ဤတိုက်ပွဲကို အောင်မြင်လိုပါက သူသည် မျိုးဆက်တိုင်း၏ လူမှုအဖွဲ့အစည်းခေါင်းဆောင် ဖြစ်လာရမည် ဖြစ်မည်။ ထိုအရာက သူ့ဇစ်မြစ်ကို မဖော်ထုတ်သရွေ့ လွယ်ကူမည့်အရာတော့ မဟုတ်ပေ။
“တကယ်လို့ မင်းတို့စိတ်ထဲမထားဘူးဆိုရင် ငါလည်း ဒီပွဲမှာ ဝင်ရောက်ဆင်နွဲမယ်” ဝမ်ဝေ့က ပြောလိုက်သည်။
“ဒါက ကျွန်မတို့အတွက် ဂုဏ်ယူစရာပါပဲ”
ဝမ်ဝေ့က ခေါင်းညိတ်လိုက်ပြီး ဆက်သွယ်ရေးအဆောင်နှစ်ခုကို ထုတ်ကာ ပို့ဆောင်လိုက်သည်။ တစ်ခုက ကျားဖျင်ဆီ ဖြစ်၏။ အကယ်၍ ဤလူမှုအဖွဲ့အစည်းအပေါ် များစွာဂရုစိုက်သည့်သူ ရှိသည်ဆိုပါက ဒုတိယမင်းသားသာ ဖြစ်လိမ့်မည်။ ထို့ကြောင့် သူတို့နှစ်ဦးက ဤသဂြိုလ်ပွဲအတွင်း ပါဝင်ဆင်နွဲခဲ့ခြင်း ဖြစ်သည်။
အခမ်းအနားအပြီး သူတို့နှစ်ဦး ထွက်ခွာတော့မည့်ဆဲဆဲတွင် ရှင်းအာက သူတို့နှင့် လာရောက်တွေ့ဆုံခဲ့၏။ သူမက ဒူးထောက်ကာ ဝပ်တွားပြီး ပြောလိုက်သည်။
“အရှင်၊ အစောင့်အရှောက် … ကျွန်မကို ကူညီပေးပါ”
“ဒီလိုလုပ်ဖို့မလိုဘူး” ဝမ်ဝေ့က သူမအား ထူပေးရင်း ပြောလိုက်သည်။
“မင်း ဘာလိုအပ်လဲဆိုတာ ပြော”
“ကျွန်မ ကျင့်ကြံချင်ပါတယ်” ရှင်းအာက တုန့်ဆိုင်းခြင်းမရှိ ပြောလိုက်သည်။
“အိုး ဘာကြောင့်လဲ”
“ကျွန်မ ဆရာ့ကို ပြန်မြင်ချင်ပြီးတော့ သူ့ပြန်လည်ဝင်စားတိုင်းမှာ ကာကွယ်ပေးချင်ပါတယ်” ရှင်းအာက ဆုံးဖြတ်ချက် ပြတ်သားစွာဖြင့် ပြောလိုက်လေသည်။
“သေချာရဲ့လား။ မင်း ဒီလိုလုပ်မယ်ဆိုရင် မင်းရဲ့ လူတွေက မင်းရဲ့အပြုအမူတွေကို သစ္စာဖောက်မှုအဖြစ် မှတ်ယူလိမ့်မယ်။ ပြီးတော့ ကျင့်ကြံရေးစွမ်းအားရဲ့ ဆွဲဆောင်မှုတွေလည်း ရှိသေးတယ်။ မင်းက မသေမျိုးတစ်ယောက်ဖြစ်လာရင် မင်းရဲ့ မူလရည်မှန်းချက်ကို စွန့်ပယ်ပြီးတော့ ပိုမိုမြင့်မားတဲ့ စွမ်းအားကို ရယူဖို့ ကြိုးစားကောင်းကြိုးစားလာနိုင်တယ်” ဝမ်ဝေ့က မေးလိုက်သည်။
“ကျွန်မ ပြောင်းလဲမှာ မဟုတ်ပါဘူး”
“တကယ်လား” ဝမ်ဝေ့က သူမ၏မျက်ဝန်းထဲ စိုက်ကြည့်ကာ မေးလိုက်သည်။
“အဲ့ဆိုရင် မင်း ဘဝတလျှောက်လုံး အားနည်းပြီး နိမ့်ကျတဲ့သေမျိုးတစ်ယောက်ကို ကာကွယ်ပေးမယ်လို့ ကတိစကား ဆိုနိုင်လား။ သူ အသက်ကြီးပြီးတော့ ထပ်မံထပ်မံ သေဆုံးသွားတာကို ကြည့်နေပြီးတော့ မင်းရဲ့နှလုံးသားက မယိမ်းယိုင်ပါဘူးလို့ စကားဆိုရဲလား။ သူက အကျိုးမရှိတဲ့ တိုက်ပွဲကို တိုက်ခိုက်နေတာကို ကြည့်နေရင်းနဲ့ မင်းရဲ့ကတိစကားက မယိုင်မလဲဖြစ်မယ်လို့ သေချာရဲ့လား”
“ကျွန်မ ကတိပေးပါတယ်”
ဝမ်ဝေ့က သူမကို ကြည့်လိုက်သည်။
“ငါက ဒီလိုလုပ်နိုင်တယ်ဆိုပေမဲ့ မင်းကို ဘာမန္တန်နဲ့မှ ချည်နှောင်မထားတော့ဘူး။ မင်းရဲ့ နှလုံးသားကိုပဲ အပ်နှံထားလိုက်မယ်”
သူက သူမကို လက်ညှိုးထိုးပြီးသည့်နောက်တွင် ကံကြမ္မာကြိုးမျှင်ကို ထုတ်ဖော်လိုက်သည်။ ပြီးနောက် ဝမ်ဝေ့က သူမ၏ကံကြမ္မာအား ပြောင်းလဲကာ ကျင့်ကြံရေးပါရမီကို ပေးအပ်လိုက်၏။ နောက်ဆုံးတွင် သူက သူမအား အမှတ်အသားပြားတစ်ခုကို ထုတ်ပေးလိုက်သည်။
“ငါရဲ့ဂိုဏ်းဆီသွား။ သူတို့က မင်းကို မဟာဧကရာဇ်အဆင့် မရောက်ခင်အထိ လေ့ကျင့်ပေးလိမ့်မယ်။ ဒါပေမဲ့ မင်း ဘယ်တော့မှ ထူးကဲတဲ့ ဆက်ဆံမှုမျိုးကို ရရှိမှာတော့ မဟုတ်ဘူး။ မင်းဘယ်လောက်သွားနိုင်မလဲဆိုတာက မင်းဘယ်လောက် တိုက်ခိုက်ချင်လဲဆိုတာပေါ်မှာ မူတည်တယ်”
“ကျွန်တော်က ဉာဏ်အလင်းပွင့်လူသားတွေနဲ့ သူတို့ရဲ့သင်္ကေတနည်းပညာတွေနဲ့ တိုင်းပြည်တစ်ခု တည်ဆောက်ချင်ပါတယ်” ကျားဖျင်က ပြောလိုက်သည်။
“ကိစ္စမရှိဘူး” ဝမ်ဝေ့က ခေါင်းညိတ်လိုက်၏။ သူက ထိုလူများအား လွတ်လပ်ခွင့်အပြည့်အဝ ပေးထားသော်လည်း သူတို့၏ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက်မှုများကို ရယူနိုင်သည်။
“ကျွန်တော် နယ်မြေတစ်ခု လိုတယ်”
“မင်း မျက်စိကျနေတဲ့ နေရာများ ရှိလား”
“ရေခဲကွင်းပြင်ပိုင်နက်” ကျားဖျင်က ပြန်ဖြေလိုက်သည်။
“တကယ်လို့ ငါ မှတ်မိတာ မှန်မယ်ဆိုရင် အဲဒါက ငါတို့ဂိုဏ်းနဲ့ အံ့ဖွယ်ယုံကြည်မှုဘုံရဲ့ စပ်ကြားနေရာမလား”
“အရှင်က အံ့ဖွယ်ယုံကြည်မှုဘုံအတွက် အစီအစဉ်တစ်ခုရှိတာ သေချာနေမှတော့ ကျွန်တော်က ရှေ့ပြေးဆောင်ရွက်ပေးရမှာပေါ့” ကျားဖျင်က အလေးအနက် ပြောလိုက်သည်။
“ငါက ဒီလိုအရင်လက်ဦးမှု ယူတဲ့လူတွေကို သဘောကျတယ်။ ငါ အဆိပ်နတ်ဆိုးကို ကူညီဖို့ လွှတ်ပေးလိုက်မယ်။ မင်း တစ်ခုခုလိုတယ်ဆိုရင် ဂိုဏ်းကို တောင်းဆိုလိုက်” ဝမ်ဝေ့က ပြုံးကာ ပြောလိုက်၏။
“ကျေးဇူးပါ” ကျားဖျင်က ပြောပြီးသည့်နောက်တွင် ထွက်ခွာသွားလေသည်။
ဝမ်ဝေ့က ကောင်းကင်ယံတွင် ရပ်နေရင်း အာရုံထွေပြားနေလေ၏။
အခု ဒီအကျဉ်းထောင်ကို ဖျက်ဆီးပစ်ရမဲ့အချိန်ပဲ …
သူက ပြန်ရောက်လာကတည်းက မသက်သာမှုကို ခံစားနေရသည်။ စစ်ဆေးမှုပတ်ဝန်းကျင်နှင့် အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ပတ်ဝန်းကျင် ကွာဟချက်က ကြီးမားလွန်းလှ၏။
ဝမ်ဝေ့က ပြန်ရောက်တာ တစ်ရက်သာရှိသေးသော်လည်း သူ့စိတ်အခြေအနေအပြောင်းအလဲကို ခံစားမိနေသည်။ သူက အချုပ်အနှောင်များကို သဘောကျသည့်သူ မဟုတ်သည့်အတွက် ဤနေရာတွင် ကုန်ဆုံးရသည့် စက္ကန့်တိုင်းက နှိပ်စက်မှုသဖွယ် ဖြစ်နေလေ၏။ ထို့ကြောင့် သူသည် နောက်တစ်စက္ကန့်မျှ အချိန်မဖြုန်းလိုပေ။
ငါ့အစီအစဉ်အောင်မြင်ဖို့အတွက် အစိတ်အပိုင်းလေးခု လိုတယ်။ ရှုကျင်းယောင်က တစ်ခု … ဒါပေမဲ့ သူမက နောက်တစ်ခုနဲ့ တွဲပြီးတော့ လုပ်ဖို့လိုတယ်။
ဝမ်ဝေ့က တွေးလိုက်သည်။
ဒါပေမဲ့ သူမကို ပြင်ဆင်ဖို့ အချိန်ပေးဖို့လည်း လိုသေးတယ် …
သူက လက်ကိုဝေ့ကာ သူမထံ ဆက်သွယ်ရေးအဆောင်တစ်ခုကို ပို့ဆောင်လိုက်သည်။
ကျန်ရှိနေတဲ့ အစိတ်အပိုင်းတွေထဲမှာ အဲ့ဒီသွေးစက်ကတော့ ရဖို့ အလွယ်ကူဆုံးပဲ။ အဲ့ဒီအတိုင်း ကျန်ရှိဖို့ မျှော်လင့်ရတာပဲ …
သူက အရည်အချင်းလမ်းစဉ်အဖွဲ့အစည်းဆီ သူ လာရောက်မည့်အကြောင်း အကြောင်းကြားစာ ပို့ဆောင်လိုက်သည်။ ထို့ကြောင့် သူက ထိုနေရာသို့ မသွားခင် စောင့်ဆိုင်းဖို့ရာသာ လိုအပ်တော့လေ၏။