ဝိဇ္ဇာသင်္ကေတရောင်ဝါ
Vol. 106 Ch. 1474
“မင်းတို့ရဲ့ ကံကောင်းမှုအသုံးအဆောင်ပစ္စည်းလား။ အဲဒါက တောင်ပိုင်းချူးတိုင်းပြည်ဆီကနေ ပြန်ယူပြီးပြီ မဟုတ်ဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။
“သူတို့ပြောစကားအရဆိုရင် ခင်ဗျားနဲ့လူရိုင်းမျိုးနွယ် အမွေဆက်ခံသူက သိုလှောင်ခန်းကို သိမ်းပိုက်ပြီးတော့ ချူးတိုင်းပြည်ရဲ့ရတနာအများစုကို ယူသွားတာတဲ့”
“ခင်ဗျားတို့ကို ပြောခဲ့သလိုပဲ ကျုပ်တို့က သူတို့ရတနာသိုက်ကို ဝင်စီးခဲ့တာဆိုပေမယ့် ခင်ဗျားတို့ရတနာက ကျုပ်တို့ရောက်ကတည်းက အဲ့ဒီမှာ ရှိမနေဘူး” ဝမ်ဝေ့က တည်တည်ငြိမ်ငြိမ် ပြန်ဖြေလိုက်သည်။ ထိုအသုံးအဆောင်ပစ္စည်းက အားကောင်းပြီး ထူးကဲလွန်းသည့်အတွက် အထွေထွေသောင်းပြောင်းအရှင်ကဲ့သို့ လူမျိုးကပင် ကူးယူနိုင်ဖို့ စောင့်ဆိုင်းရဦးမည် ဖြစ်၏။ တခြားနည်းဖြင့်ပြောရလျှင် သူက ထပ်မံအချိန်ဆွဲဖို့ လိုအပ်နေသေးသည်။
အကြီးအကဲချန်က သူ့ကို ထိုးဖောက်မြင်သည့်အလား စိုက်ကြည့်လာ၏။ ကံဆိုးစွာဖြင့် သူမက အခြေအနေကြောင့် စိတ်ရှုပ်ထွေးသော အပြစ်ကင်းနေသည့် အမျိုးသားကလွဲ၍ ဘာမှမမြင်ရပေ။
“ဒီလိုအားကောင်းတဲ့ အသုံးအဆောင်ပစ္စည်းအတွက် ခင်ဗျားတို့ဆီမှာ နောက်ယောင်ခံဖို့ နည်းလမ်းမရှိဘူးလား” ဝမ်ဝေ့က မေးလိုက်သည်။
“ကျွန်မတို့ရဲ့ နည်းလမ်းက အသုံးမဝင်တာ နှမြောစရာပဲ” အကြီးအကဲချန်က ဝန်ခံလိုက်၏။
“ကျုပ်လည်း အကူအညီပေးချင်ပါတယ်။ ဒါပေမဲ့ ခင်ဗျားတို့က ကျုပ်ကို သံသယဖြစ်နေတဲ့ပုံဆိုတော့ သိပ်တော့ မပတ်သက်ချင်ဘူး” ဝမ်ဝေ့က ပြောလိုက်သည်။
“ကျွန်မတို့က ရှင့်ကို သံသယဖြစ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ရှင် သိတဲ့အတိုင်း အဲ့ဒီရတနာက ကျွန်မတို့အတွက် အရေးကြီးတယ်” အကြီးအကဲချန်က ဖျောင်းဖျသည့် လေသံဖြင့် ပြောလိုက်လေသည်။
“ငါကတော့ မင်းကို သံသယဖြစ်တယ်” အဖွဲ့အစည်းခေါင်းဆောင်က ထပ်ပြောလာ၏။
“အဲ့ဒီအသုံးအဆောင်က ငါတို့အဖွဲ့အစည်းရဲ့ အသက်သွေးကြောပဲ။ ဘာတန်ကြေးပေးရရ ပြန်ရဖို့လိုတယ်”
တာအိုလမ်းစဉ်ကျောက်ပြားက သူတို့အဖွဲ့အစည်းမြင့်တက်ဖို့အတွက် သော့ချက် ဖြစ်ပေသည်။ ရွှေရောင်ခေတ် ကာလအတွင်း သူတို့၏တည်ထောင်သူ ဝိဇ္ဇာသင်္ကေတရောင်ဝါက ထိုခေတ်ကာလ၌ ပထမဦးဆုံး ရှေးဦးအသုံးဆောင်ပစ္စည်းဟု ဖော်ညွှန်းနိုင်သည့်အရာကို အောင်အောင်မြင်မြင် ဖန်တီးသန့်စင်နိုင်ခဲ့သည်။ အသုံးအဆောင်ပစ္စည်းက အလားအလာကောင်းလွန်းသည့်အတွက် ထိပ်သီးစံပြအဆင့်ထက်ပင် ကျော်လွန်နေလေ၏။
သို့သော်လည်း ထိုသတင်းက ပေါက်ကြားသွားကာ ဝိဇ္ဇာသင်္ကေတရောင်ဝါအား အာဏာရှင်အင်အားစုများ၏ မျက်စိကျခြင်းကို ခံရစေသည်။
ဝိဇ္ဇာသင်္ကေတရောင်ဝါက သူ့ပါရမီကြောင့် သူ့ကို စောင့်ကြိုနေသည့် တစ်ခုတည်းသော ကံကြမ္မာက အဖမ်းခံရပြီး ထိုအင်အားစုများထံ အသိမ်းသွင်းခံရသည့်အရာသာ ဖြစ်ပေသည်။ ရှေးဦးအသုံးအဆောင်ပစ္စည်းကို ဖန်တီးနိုင်စွမ်းက သူသည် ရှေးဦးစံပြတစ်ယောက်ဖြစ်လာဖို့ အဓိကလိုချက်သုံးခုထက် ပိုမိုပြည့်စုံသည်ဟု ဆိုလိုနေလေ၏။
ဝိဇ္ဇာသင်္ကေတရောင်ဝါက ထိုကံကြမ္မာကို အလိုမရှိပေ။ သူက အာဏာရှင်ထဲမှ တစ်ယောက် ဖြစ်လို၏။ ထို့ကြောင့် သူက ထွက်ပြေးကာ ပုန်းအောင်းခဲ့လေသည်။ သူက အဆုံးမဲ့တာအိုဂိုဏ်း အပြိုအပျက်ဖွင့်လှစ်သည်အထိ အခွင့်အရေး မရခဲ့ပေ။
တာအိုဟူသော စကားလုံးကို သုံးစွဲနိုင်သည့်ဂိုဏ်းက ထူးကဲလှသော်လည်း ကမ္ဘာနှင့် နာမည်တူသည့် အဆုံးမဲ့ဟူသော အမည်ရှိထားခြင်းကမူ ထိုခေတ်ကာလ၌ လူအများသိထားသည်ထက် ပိုမိုရှုပ်ထွေးမှုများ ရှိနိုင်သည်။ ထိုဂိုဏ်းမှ ဗဟုသုတအနည်းငယ်က ရွှေရောင်ခေတ်ကာလအတွင်း ကျန်ရှိနေသော်လည်း များစွာက ထိုသတင်းအချက်အလက်အတွက် စတင်တိုက်ခိုက်ကြလေသည်။
ရရှိလာသည့် သတင်းအချက်အလက်က ထိုဂိုဏ်းသည် ဒုတိယခေတ်ကာလ သို့မဟုတ် စံပြခေတ်ကာလအစပိုင်း၌ ပေါ်ထွက်ခဲ့ကြောင်း ညွှန်ပြနေလေ၏။ သူတို့က အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာတစ်ခုလုံးကို တစ်ယောက်တည်း လွှမ်းမိုးနိုင်သည်အထိ ကြီးထွားလာနိုင်သည်။ တခြားနည်းဖြင့် ပြောရလျှင် ထိုဂိုဏ်း၏ အထွတ်အထိပ်အခါ၌ အဆုံးမဲ့တာအိုဂိုဏ်းက အာဏာရှင်အားလုံး အလိုရှိသည့် အကြွင်းမဲ့ထိန်းချုပ်ခွင့်ကို ရယူနိုင်ခဲ့သည်။
ထိုအင်အားစုများက ဤခေတ်ကာလရှိ အာဏာရှင်များထက် ပိုမိုအားကောင်းသည်လား ပြောဖို့ ခက်ခဲ၏။ ရွှေရောင်ခေတ်ကာလက အဆုံးမဲ့တက်လှမ်းခြင်းကမ္ဘာ၏ ကံကောင်းမှုနှင့် အထွတ်အထိပ်ခေတ်ကာလ ဖြစ်ပေသည်။ ဆိုလိုသည်မှာ အဆုံးမဲ့တာအိုဂိုဏ်းက ယှဉ်ပြိုင်မှုများစွာမရှိဘဲနဲ့ အုပ်စိုးခဲ့ဟန်တူသည်။
မည်သို့ပင် ဆိုစေကာမူ အားလုံးက ထိုရှေးကျကာ အားကောင်းသည့် မျိုးနွယ်၏အမွေအနှစ်အတွက် စိတ်လှုပ်ရှားနေကြ၏။ လူများစွာက ဤစူးစမ်းမှုကနေ အကျိုးအမြတ်ရရှိခဲ့ကြပြီး ဝိဇ္ဇာသင်္ကေတရောင်ဝါလည်း အပါအဝင် ဖြစ်ပေသည်။ သူက အဆုံးမဲ့တာအိုဂိုဏ်း၏ ပြုပြင်မွမ်းမံရေးခန်းမကို တွေ့ရှိခဲ့ပြီး ပျောက်ဆုံးနေသည့် ဗဟုသုတနှင့် အမွေအနှစ်ကို လက်ခံရယူခဲ့သည်။ ပိုအရေးကြီးသည်က သူသည် သူတို့၏ ကံကောင်းမှုအသုံးအဆောင်ပစ္စည်းမှ အစိတ်အပိုင်းငယ်တစ်ခုကို တွေ့ရှိခဲ့လေ၏။
သူက ထိုအရာကို အသုံးပြုကာ တာအိုလမ်းစဉ်ကျောက်ပြားကို ဖန်တီးခဲ့ပြီး အဆုံးမဲ့တာအိုဂိုဏ်း၏ ချီကံကောင်းမှုပမာဏအနည်းငယ်ကို ရယူနိုင်ခဲ့သည်။ ထိုခေတ်ကတည်းက သူ့ကံကြမ္မာသည် ပြောင်းလဲသွားပြီး ဥက္ကာပျံအလား တိုးတက်လာကာ အာဏာရှင်ထဲမှ နေရာတစ်ခုကို ဝင်နိုင်ခဲ့၏။ စွယ်စုံသုံးတာအိုဘာသာစကားထဲတွင် တာအိုဟူသော စကားလုံးကို လမ်းစဉ်အဖြစ် ဘာသာပြန်နိုင်သည်။ ကိုယ်ရေးထွင်းသည့်အပေါ် မူတည်၍ ထိုစကားလုံးသည် အမည်တူ၊ အဓိပ္ပါယ်တူအဖြစ်ပင် ထမ်းဆောင်နိုင်လေသည်။
“ခင်ဗျားတို့တွေ ဘယ်လိုခံစားနေရတယ်ဆိုတာ ကျုပ် နားလည်ပါတယ်” ဝမ်ဝေ့က ပြန်ပြောလိုက်သည်။ သူက သူ့ကိုယ်သူထိန်းချုပ်မှု ကင်းလွတ်လုနီးပါးဖြစ်သွားကာ ခေါင်းဆောင်နှင့်အကြီးအကဲချန်တို့က ကမ္ဘာမြေတွင် အနောက်တိုင်းဇာတ်ကားများထဲကကဲ့သို့ ရဲကောင်းနှင့်ရဲဆိုးသဖွယ် နည်းဗျူဟာကို ကစားသွားကြလေသည်။
“ဒါပေမဲ့ ကျုပ် ပြောခဲ့သလိုပဲ ခင်ဗျားတို့ရဲ့ပစ္စည်းက ကျုပ်လက်ထဲမှာ မဟုတ်ဘူး”
“တောင်ပိုင်းချူးတိုင်းပြည်က ချင်သူတော်စင်ခုံရုံးကို ပေးလိုက်တာလည်း ဖြစ်နေနိုင်တယ်လို့ ပြောတာလား” အကြီးအကဲချန်က ဖြည်းဖြည်းချင်း မေးလိုက်သည်။
“အဲ့လိုဖြစ်နိုင်ချေလည်းရှိတယ်” ခေါင်းဆောင်က သူ့သံသယကို ဖုံးကွယ်ထားခြင်းမရှိဘဲ ပြောလိုက်သည်။
“ကျွန်မတို့ရဲ့ သတင်းအချက်အလက် အရဆိုရင် ရှင်က လူသားဧကရာဇ်ရဲ့ ပုံရိပ်ယောင်နဲ့ တိုက်ခိုက်ခဲ့သေးတယ်ဆို။ အဲဒါက အသုံးအဆောင်ပစ္စည်းကြောင့်လား” အကြီးအကဲချန်က ဆက်ပြောလိုက်သည်။
“မဟုတ်ဘူး အဲဒါက ရှုရန်ရဲ့ ငရဲကမ္ဘာကြောင့်ပဲ”
“လူသားဧကရာဇ်က ဘာလို့အဲဒါမျိုးကို လိုချင်တာလဲ”
“ကျုပ်လည်း မသိဘူး။ ဒါပေမဲ့ သူက မပြီးမပြတ်အခြေအနေက ပေါ်ထွက်လာတယ်ဆိုတော့ ဒါကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ပြသနေတယ်” ဝမ်ဝေ့က အမှန်အတိုင်း ပြောလိုက်သည်။
“ခင်ဗျားဆီမှာ သက်သေရှိလား” ခေါင်းဆောင်က မေးလိုက်လေ၏။
“ရှိတာပေါ့။ ဒါပေမဲ့ ဒီတွေ့ဆုံမှုက ကျုပ်အလိုမရှိတဲ့ စကားဝိုင်းတစ်ခုဖြစ်လာတယ်လို့ ခံစားရလို့ ထုတ်မပြချင်ဘူး” ဝမ်ဝေ့က ခေါင်းညိတ်ကာ ပြောလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်ကာ အခန်းထဲတွင် ရုတ်တရက် ချက်ချင်းတင်းမာလာ၏။
“ကျုပ်က စိတ်သိပ်မရှည်တော့ဘူး။ သွေးက ခင်ဗျားတို့တွေ ပေးမှာလား။ ကျုပ်ကိုယ်တိုင် လာယူရမှာလား”
ထိုစကားများက လူအားလုံးကို ကြက်သီးထသွားစေသည်။ အကြီးအကဲချန်က အခြေအနေကို ဖျောင်းဖျဖို့ အလျင်အမြန် ကြိုးစားလိုက်၏။
“အဲ့လိုလုပ်ဖို့မလိုပါဘူး။ ဒီပစ္စည်းက ကျွန်မတို့အတွက်လည်း အရမ်းကိုအရေးကြီးပါတယ်”
“ကျုပ်လည်း နားလည်ပါတယ်။ အဲဒါကြောင့် ခင်ဗျားတို့ရဲ့ စုံစမ်းမေးမြန်းမှုကို ပြောပြနေတာမဟုတ်ဘူးလား။ ကျုပ်သာ အရိုးသားဆုံးပြောရမယ်ဆိုရင် ခင်ဗျားတို့ရဲ့အဖွဲ့အစည်းက အချိန်စားသုံးသူ ဖိအားအောက်ကို ဝပ်တွားပြီးတော့ အဲ့ဒီအသုံးအဆောင်ကို ပေးလိုက်ရတဲ့အကြောင်းကို နားမလည်နိုင်ဘူး။ ခင်ဗျားတို့ရဲ့လက်ရှိအခြေအနေဖြစ်နေတာက ခင်ဗျားတို့ရဲ့အမှားပဲ”
အဖွဲ့အစည်းခေါင်းဆောင်က ရုတ်ခြည်းဆိုသလို ခေါင်းငုံ့လိုက်၏။ သူနှင့်အဖွဲ့၏ အကြီးမားဆုံး အရှက်ရမှုဖြစ်ရပ်က ထိုအသုံးအဆောင်ပစ္စည်းကို ပေးအပ်လိုက်ခြင်း ဖြစ်ပေသည်။ ယခင်က အကြီးအကဲချန်သည် သူမ၏ တည်ရှိမှုကို ဒဏ်ရာရစေကာ ကောင်းကင်ဘုံအဆင့်ထိ ပြုတ်ကျသွားခဲ့ပြီး သူကမူ ငယ်ရွယ်သေးပြီး အတွေ့အကြုံမရှိသည့် အဖွဲ့အစည်းခေါင်းဆောင် ဖြစ်နေလေ၏။ ထို့ကြောင့် အချိန်စားသုံးသူနှင့် အခြားသူများ ပေါ်ထွက်လာပြီး သူတို့၏ကျင့်ကြံဆင့်နှင့် နေမင်း၂စင်း၏ နာမည်တို့ဖြင့် ဖိအားပေးလာသည့်အခါ သူက အသုံးအဆောင်ပစ္စည်းကို လက်လျော့လိုက်ရလေသည်။ အကြီးအကဲချန်က သူဒဏ်ရာသက်သာလာပြီးသည့်နောက်တွင် ဒေါသထွက်လာ၏။ အဖွဲ့အစည်းက အာဏာရုတ်ချည်း အပြောင်းအလဲကြောင့် ခံစားရမည့် မတည်ငြိမ်မှုကြောင့်သာမဟုတ်လျှင် သူ့ကို နေရာရွေ့ပြောင်းပြီးလောက်လေပြီ။
ဤနှစ်များစွာတလျှောက်တွင် အဖွဲ့အစည်းခေါင်းဆောင်က သူ့ကိုယ်သူ သက်သေပြဖို့ကြိုးစားခဲ့ပြီး အကြီးအကဲချန်ကလည်း ထိုအရာကိုမြင်ကာ သူ့ကိုနေရာမှ မဖယ်ထုတ်ခြင်းဖြင့် ဆုလာဘ်ပေးခဲ့သည်။ သို့သော် ထိုနေ့မှစ၍ သူ့အာဏာသည်အဖွဲ့အစည်း၌ အနိမ့်ကျဆုံး ဖြစ်၏။
“ကျွန်မတို့ဘာသာပဲ အပြစ်တင်ရမှာပဲ” အကြီးအကဲချန်က သက်ပြင်းချလိုက်၏။ သူက လက်ကိုဝေ့ယမ်းပြီး တစ်စုံတစ်ယောက်ကို ဝမ်ဝေ့ထံ သွေးကိုပေးရန် ပြောလိုက်သည်။ သူက စစ်ဆေးကြည့်ပြီးသည့်နောက်တွင် ခေါင်းညိတ်ကာ သိမ်းဆည်းလိုက်၏။
“ကျေးဇူးပါ။ တခြားလူတွေဆီက ကြားရတဲ့ ကျုပ်ဂုဏ်သတင်းအကြောင်းကို ထည့်တွက်လို့ရသေးတယ်”
“ကျွန်မတို့လည်း ကျေးဇူးတင်ပါတယ်” ထုံရို့ပင်းက ဝမ်ဝေ့က ပို့ဆောင်ပြီးသည့်နောက်တွင် ပြန်ရောက်ရှိလာ၏။
အခန်းတစ်ခုလုံးက စိတ်ဓာတ်ကျနေသည့်ပုံစံဖြစ်နေပြီး သူတို့က တာဝန်တစ်ခုမှ မအောင်မြင်လိုက်ပေ။
“နင်က သူ့ကို ငါတို့ထက်ပိုသိတယ်ဆိုတော့ ဘယ်လိုထင်လဲ” အကြီးအကဲချန်က ထုံရို့ပင်းအားကြည့်ကာ မေးလိုက်သည်။
“သူ ယူသွားတာ” ထုံရို့ပင်းက အတုံ့အဆိုင်းမရှိ ပြန်ဖြေလိုက်သည်။
“သေချာလား” အဖွဲ့အစည်းခေါင်းဆောင်က လက်ထဲတွင် ကြေးမုံတစ်ချပ်ကို ထုတ်ယူလိုက်ပြီး မေးလိုက်သည်။
“အမှန်တရားကြေးမုံက ဘာသတင်းအချက်အလက်မှ မတွေ့ရဘူး”
“ဘာလို့ အဲ့လိုပြောတာလဲ” အကြီးအကဲချန်က မေးလိုက်သည်။
“အလိုလိုသိစိတ်ကြောင့်ပါ”
“အဲဒါက ဘယ်လောက် အသုံးဝင်လို့လဲ” အဖွဲ့အစည်းခေါင်းဆောင်က မျက်လုံးဝေ့ကာ ပြောလိုက်သည်။
“ဝမ်ဝေ့ရဲ့ သဘာဝက လောဘကြီးတယ်။ ဒါပေမဲ့ တွက်ဆထားမှုလည်း ပါတယ်” ထုံရို့ပင်းက ရှင်းပြလိုက်၏။
“သူ တစ်ခုခုလုပ်တဲ့အချိန်တိုင်းမှာ ရည်ရွယ်ချက်နှစ်ခုပဲ ရှိတယ်။ သူ့အတွက် ဒါမှမဟုတ်ဘူးဆိုရင်လည်း ဂိုဏ်းအတွက် ဒါမှမဟုတ်ဘူးဆိုလည်း သူ ဂရုစိုက်ရတဲ့သူတွေအတွက် အကျိုးအမြတ်ရှိတာမျိုး။ သူက အသုံးအဆောင်ပစ္စည်းရဲ့ တည်ရှိမှုကို သိတာနဲ့ သူ့လက်ထဲကိုရောက်အောင် စီစဉ်ထားလိမ့်မယ်”
“ဒါပေမဲ့ အဲ့ဒီအသုံးအဆောင်ပစ္စည်းက ငါတို့တွေ စစ်ပွဲဖြစ်ရလောက်တဲ့အထိဆိုတာ သူ မသိဘူးလား။ သူက သူ့ဂိုဏ်းကို လောဘအတွက် စစ်ပွဲအတွင်းကို တွန်းပို့ဖို့ အလိုရှိတယ်လို့ ပြောတာလား။ အဲဒါက သူ့ဂိုဏ်းအတွက် ဘယ်လိုလုပ် အကျိုးအမြတ်ရှိတာလဲ” အဖွဲ့အစည်းခေါင်းဆောင်က မေးလိုက်သည်။
“အဲဒါကို သူလည်း သိပါတယ်။ သူ့ရဲ့ဉာဏ်ရည်နဲ့ဆိုရင် ဖြစ်လာမဲ့ ရှုပ်ထွေးမှုတွေအကြောင်းလည်း သိပြီးသားဖြစ်လိမ့်မယ်” ထုံရို့ပင်းက ပြန်ဖြေလိုက်သည်။
“သူက အာဏာရှင်တွေကြားက မျှခြေကို ချိုးဖောက်ဖို့ထက် ကောင်းတာကို သိတယ်လေ” ထုံရို့ပင်းက ခေါင်းယမ်းကာ ပြောလိုက်သည်။ တာအိုအခွင့်အလမ်းဂိုဏ်းက တိုက်ပွဲထဲတွင် သုတ်သင်နိုင်မည်ဖြစ်သော်လည်း တခြားသောအာဏာရှင်များက ထိုကဲ့သို့လုပ်ခွင့်ပေးမည် မဟုတ်ပေ။ အကြောင်းအရင်းကမူ အဖွဲ့အစည်း၏အုတ်မြစ်က တာအိုအခွင့်အလမ်းဂိုဏ်း၏ ယေဘုယျအစွမ်းကို တိုးမြှင့်ပေးနိုင်ခြင်းကြောင့် ဖြစ်၏။
“အဲ့လိုဆိုရင် သူ့ရည်ရွယ်ချက်က ဘာလဲ”
“သူက ကူးယူချင်တာ။ ဒိုင်မေးရှင်းအနိမ့်မှာ ဧကရာဇ်ကျောင်းတော်ရဲ့ တာအိုကျောက်ပြားကို လုပ်ခဲ့သလိုမျိုးပဲ” ထုံရို့ပင်းက ပြန်ဖြေလိုက်သည်။
“အဲ့ဒီအသုံးအဆောင်ပစ္စည်းက ကူးယူလို့ရတယ်လား” အဖွဲ့အစည်းခေါင်းဆောင်က မေးလိုက်သည်။
“ဒါပေ့ါ ကူးယူလို့ရတယ်။ အထွေထွေသောင်းပြောင်းရဲ့ အရည်အချင်း၊ ပေါကြွယ်ဝတဲ့ အရင်းအမြစ်တွေနဲ့ ကံကောင်းမှုနဲ့ဆိုရင် သူတို့က လုပ်နိုင်တယ်” အကြီးအကဲချန်က ပြောလိုက်သည်။
“အဲဒါကြောင့် သူ ငြင်းဆန်နေတာပဲ။ သူက သူတို့ ပြန်ရောက်လာတဲ့အထိ အချိန်ဆွဲနေတာ” ထုံရို့ပင်းက ဆက်ပြောလိုက်လေ၏။
အခန်းက ခေတ္တမျှ တိတ်ဆိတ်ပြီးသည့်နောက်တွင် အဖွဲ့အစည်းခေါင်းဆောင်က မေးလာသည်။
“အခု ကျုပ်တို့တွေ ဘာလုပ်ရမလဲ”