အခန်း ၂၈၀-၂၈၂
Vol. 19 Ch. 280-282
အခန်း ၂၈၀ - ဝူရှန်းဘိုးဘေးနှင့် ပူးပေါင်းကြခြင်း
"ဘာအမှားလုပ်မိလို့ပါလဲ"
ဟုန်ယွင်ဧကရာဇ်သည် သူ၏ရှုံးနိမ့်မှုကို ဝန်ခံရန်ဆန္ဒမရှိသေးပေ။
"မင်းဘာအမှားလုပ်လိုက်လဲ ဟုတ်လား။ မင်းကြောင့် ထာဝရအလင်းနယ်မြေရဲ့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးက ပျက်စီးလုနီးပါးဖြစ်နေပြီ၊ ဂိုဏ်းရဲ့ အစီအစဉ်ကြီးကိုလည်း ထိခိုက်သွားသေးတယ်။ အဲဒါကိုပြစ်မှုလို့ မယူဆဘူးလားကွ" ပြောလာသည့်သူမှာ ဝူရှန်းဘိူးဘေးဖြစ်သည်။
"ဟုန်ယွင်၊ ထာဝရအလင်းနယ်မြေနဲ့ ပတ်သက်တာက မင်းအမှားဆိုတာ သေချာတယ်။ ဝန်ခံလိုက်ပါ!"
တိမ်နက်ဘိူးဘေးက ဟုန်ယွင်ဧကရာဇ်အား သူ၍ပြစ်ဒဏ်ကို လျှော့ချနိုင်ရန်အတွက် အမှားကို ဝန်ခံစေခဲ့သည်။ ၎င်းသည် ထာဝရအလင်းနယ်မြေနှင့်သာပတ်သက်ပါက၊ ပြဿနာသည် အလွန်လေးနက်မည်မဟုတ်ချေ။ သို့သော် ၎င်းက ဂိုဏ်းချုပ်ကြီး၏ ပြန်လည်နိုးထလာခြင်းကို ထိခိုက်စေပါက၊ ဒုက္ခများလိမ့်မည်။
ဟုန်ယွင်ဧကရာဇ်သည် ပြန်လည်ငြင်းခုံချင်သော်လည်း တိမ်နက်တာအိုဘိုးဘေးက ချက်ချင်းစိုက်ကြည့်လိုက်၏။
"ဟုန်ယွင် အမှားကိုဝန်ခံပါတယ်၊ ဒါပေမယ့် နောက်တစ်ကြိမ် အခွင့်အရေးရဖို့ မျှော်လင့်ပါတယ်။ ဒီတစ်ကြိမ်မှာ အခြေအနေတွေကို လျှော့တွက်ခဲ့ပေမယ့် နောက်တစ်ကြိမ်ကျ ထာဝရအလင်းနယ်မြေမှာရှိတဲ့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို သေချာပြန်လည်တည်ဆောက်ပြီး သူ့ရဲ့အရင်အတိုင်း ဖြစ်စေရပါမယ်"
ဟုန်ယွင်ဧကရာဇ်သည် ယခုအချိန်ထိ ထာဝရအလင်းနယ်မြေ၏တာဝန်ခံရာထူးကို စွန့်လွှတ်ရန် တွန့်ဆုတ်နေဆဲဖြစ်သည်။ ဟုန်ယွင်သည်ဂိုဏ်းချုပ်ဖြစ်သူ ပြန်လည်ရှင်သန်လာတော့မည်ကို သိထားကာ၊ ဂိုဏ်းချုပ်ကြီးဆီမှ အမှတ်ရစေရန်အတွက် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို ပံ့ပိုးပေးနိုင်သော အခန်းကဏ္ဍတစ်ခုရှိထားရန် လိုအပ်သည်။
သို့မဟုတ်ပါက သူသည် တာအိုဘိုးဘေး၏တပည့်ဖြစ်လျှင်ပင် ဂိုဏ်းချုပ်ကြီး၏အမြင်၌ ပုရွက်ဆိတ်တစ်ကောင်မျှသာဖြစ်လိမ့်မည်။
"ဘယ်လိုမှမဖြစ်နိုင်ဘူး။ သူဒီလောက်ကြီးမားတဲ့အမှားတစ်ခုလုပ်ထားတာ ထာဝရအလင်းနယ်မြေကို ဘယ်လိုတာဝန်ယူခိုင်းရမှာလဲ!" ဝူရှန်းဘိုးဘေးသည် ဆန့်ကျင်ဘက်တွင် ပထမဆုံးရပ်တည်ခဲ့သည်။
"အမှန်ပဲ၊ စုယန်ကို ထာဝရအလင်းနယ်မြေမှာ တာဝန်ယူခိုငိးသင့်တယ်လို့ထင်တယ်။ စုယန်က အတွေ့အကြုံရှိပြီးတော့ အရင်ကလည်း အောင်မြင်ခဲ့ဖူးတယ်လေ။ အခုချိန်မှာ စုယန်ကို အခြေအနေတွေ ထိန်းချုပ်ခွင့်ပေးလိုက်ရင်အကောင်းဆုံးပါပဲ"
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ အဆင့်မြင့်များထဲတွင် အုပ်စုနှစ်စု လျင်မြန်စွာပေါ်ပေါက်လာသည်။ ပထမအဖွဲ့က စုယန်ကို ထောက်ခံခဲ့ပြီး အခြားတစ်ဖွဲ့က ဟုန်ယွင်ဧကရာဇ်ကို ထောက်ခံသည်။ ယခု ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးရှိ အရေးအကြီးဆုံးပုဂ္ဂိုလ်များမှာ တိမ်နက်တာအိုဘိုးဘေးနှင့် ဝူရှန်းဘိုးဘေးဖြစ်သည်။
သို့သော် လူတိုင်းထောက်ခံနေသည့် စုယန်က အနည်းငယ်တုံ့ဆိုင်းနေမှန်း သူတို့မသိခဲ့ကြပေ။ ထာဝရအလင်းနယ်မြေ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို သိမ်းပိုက်ရန်အတွက် စုယန် အကောင်းဆုံးအချိန်မဟုတ်သေးချေ။
ဤအခိုက်အတန့်တွင် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ထိပ်တန်း တာအိုဘိုးဘေး သုံးဦးထဲမှတစ်ဉီးဖြစ်သော အရိုးဘိုးဘေးက ရုတ်တရက်ပေါ်လာသည်။
"ဟုန်ယွင်ဧကရာဇ်ကို နောက်ထပ်အခွင့်အရေးပေးဖို့ ထောက်ခံပါတယ်"
တာအိုဘိုးဘေးသုံးယောက်ထဲတွင် နှစ်ယောက်က ဟုန်ယွင်ဘက်မှဖြစ်သောကြောင့် ဝူရှန်းဘိူးဘေူ၏ မျက်နှာမှာ စိမ်းဖန့်ဖန့်ဖြစ်သွားသည်။အရိုးဘိုးဘေးသည် လူသားမျိုးနွယ်ဝင်မဟုတ်သော်လည်း တာအိုဘိုးဘေး သုံးဦးတွင် အမြင့်ဆုံးရာထူးကို သူရရှိထားသောကြောင့် ၎င်း၏ကျင့်ကြံမှုအဆင့်သည် အမြင့်ဆုံးဖြစ်၏။
ဘိုးဘေးဝူရှန်းသည် အရေးကြီးဆုံးဖြစ်သော်လည်း အရိုးဘိုးဘေးက အသန်မာဆုံးဖြစ်သည်။ အရိုးဘိုးဘေးက သူ့ထင်မြင်ချက်ကို ပြောလိုက်သည်နှင့် မူလက ဝူရှန်းဘိုးဘေးဘက်မှ သူများပင်လျှင် စိတ်ပြောင်းသွားကြသည်။ ဝူရှန်းဘိုးဘေးကလည်း ထိုကိစ္စပြေလည်သွားကြောင်း နားလည်ပြီးနောက် ဘာမှထပ်မပြောတော့ပေ။
တာအိုဘိုးဘေးသုံးယောက်ကြား သဘောထားကွဲလွဲမှုက စုယန်ကို အကြံတစ်ခုရစေခဲ့သည်။ အခွင့်အရေးရလျှင် ဝူရှန်းဘိုးဘေးကို အနိုင်ရရန် ကြိုးစားသင့်သလား။ တခြားသူများက ဒီအတွေးမျိုး မတွေးဝံ့ကြသော်လည်း စုယန်က တခြားသူတွေမဟုတ်ပေ။
"ကောင်းပြီ၊ ဟုန်ယွင်က ထာဝရအလင်းနယ်မြေရဲ့ ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတံခါးကို ဆက်လက်ထိန်းချုပ်ထားပါ။ ဟုန်ယွင်၊ ဒီတစ်ခါတော့ မင်း ငါတို့ကို စိတ်ပျက်စေမှာမဟုတ်ဘူးလို့ မျှော်လင့်ပါတယ်"
ဟုန်ယွင်ဧကရာဇ်က စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်ပြီး "သခင်၊ ဒီတစ်ခါလုံးဝ စိတ်မပျက်စေရပါဘူး"
ဝူရှန်းဘိုးဘေးကလည်း မကန့်ကွက်တော့ဘဲ စုယန်နှင့် ထွက်သွားလိုက်သည်။
"စုယန်၊ ဒီတစ်ခါ မင်းရဲ့သခင်က မှားတွက်မိသွားတာပဲ၊ မင်း စိတ်မပျက်နဲ့နော်"
ဝူရှန်းဘိုးဘေးသည် စုယန်စိတ်ထိခိုက်သွားမည်ကိုစိုးကာ နှစ်သိမ့်ပေးခဲ့သော်လည်း ၎င်းက သူမလိုချင်သောရလဒ်ဖြစ်ကြောင်း မသိခဲ့ချေ။ သူမက ထာဝရအလင်းနယ်မြေ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို ထိန်းချုပ်ချင်သော်လည်း အချိန်မကျသေးချေ။
စုယန် ၎င်းကို ထိန်းချုပ်လိုပါက အရာအားလုံးတည်ငြိမ်သွားသည်အထိ စောင့်ရလိမ့်မည်။ ယခုအချိန်တွင် ဟုန်ယွင်ဧကရာဇ်ကို နည်းနည်းကြာအောင် ပျော်ခိုင်းလိုက်ဦးမည်။
ဟုန်ယွင်ဧကရာဇ်သည် ထာဝရအလင်းနယ်မြေသို့ တစ်ဖန်ပြန်လာသော်လည်း ယခုတစ်ကြိမ်တွင် သူ၏တပ်များကို တိုက်ရိုက်မစုစည်းဘဲ၊ ထာဝရအလင်းနယ်မြေရှိ ယန်ယန်တံခါးမှ အင်မော်တယ်ဧကရာဇ်များကို ရှာဖွေခဲ့သည်။
ထာဝရအလင်းနယ်မြေတွင် လက်ရှိအခြေအနေအရ လူအင်အားစုဆောင်းရန် မဖြစ်နိုင်ချေ။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို ဖွံ့ဖြိုးတိုးတက်စေနိုင်မည့် အကောင်းဆုံးနည်းလမ်းမှာ ယင်ယန်တံခါးနှင့်ပူးပေါင်းပြီး အခြားကမ္ဘာကြီးများမှ စွမ်းအားကြီးအင်မော်တယ်ဧကရာဇ်များကို စုဆောင်းခြင်းဖြစ်သည်ဟု ဟုန်ယွင်တွေးမိသည်။
"ရီရှောင်းရှောင်း ငါမကြာခင်ပြန်လာခဲ့မယ်"
တာအိုဘိုးဘေး၏တပည့်တစ်ဦးအနေဖြင့် ဟုန်ယွင်ဧကရာဇ်၏ အထောက်အထားသည် အလွန်ကောင်းမွန်နေဆဲဖြစ်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသို့ ကျင့်ကြံသူအနည်းငယ် စုဆောင်းရန်အတွက် အချိန်သိပ်မကြာလိုက်ပေ။
၎င်းတို့အထဲမှ အများစုသည် ဟုန်ယွင်ဧကရာဇ် ယခင်တည်းက ရည်ရွယ်ထားသောကျင့်ကြံသူများဖြစ်သည်။ ဤတိုက်ပွဲကြီးအပြီးတွင် ဟုန်ယွင်ဧကရာဇ်သည် တာ့ယွီအင်မော်တယ်မင်းဆက်ကို လက်စားချေနိုင်လိမ့်မည်။
ဟုန်ယွင်ဧကရာဇ်၏ အစီအစဉ်မှာ တာ့ယွီအင်မော်တယ်မင်းဆက်ကို သုတ်သင်ရန်အတွက် ပထမဆုံးနှင့်အရေးကြီးဆုံးခြေလှမ်းမှာ ကြယ်စုတပ်ဖွဲ့များကို ရှင်းပစ်ရန်ဖြစ်သည်။ ကြယ်စုတပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းအားသည် ဟုန်ယွင်ဧကရာဇ်ကို ကြီးမားသောခြိမ်းခြောက်မှုတစ်ခုဖြစ်စေခဲ့၏။
ကျားဖြူနှင့် အဇူရာနဂါးဝိညာဉ်တပ်နှစ်ခုတည်းကပင် အင်မော်တယ်ဧကရာဇ်တစ်ပါးကို သတ်နိုင်သည့် စွမ်းအားကိုပိုင်ဆိုင်ထားပြီးဖြစ်သည်။ ဝိညာဉ်တပ်လေးခုလုံးကို ပေါင်းစည်းလိုက်မည်ဆိုပါက ၎င်းတို့၏အင်အားကို မြင်ယောက်ကြည့်လိုက်ပါ။
လက်ရှိကြယ်စုတပ်ဖွဲ့သည် အလွန်အားနည်းသော်လည်း ၎င်းတို့၏ကျင့်ကြံမှုအဆင့် ပိုမိုမြင့်တက်လာပါက ၎င်းတို့ကိုကိုင်တွယ်ရန် ပိုခက်ခဲလာမည်ဖြစ်သည်။ ဟုန်ယွင်ဧကရာဇ်သည် ၎င်း၏အဓိကကျူးကျော်မည့် ပစ်မှတ်ကို ကြယ်စုတပ်ဖွဲ့များထံသို့ ပြောင်းလဲခဲ့သည်။
ဟုန်ယွင်ဧကရာဇ်၏အမြင်တွင် လူတိုင်း၌ အားနည်းချက်များရှိကြ၏။ ထိုအားနည်းချက်များကို အသုံးချခြင်းဖြင့် လူအများစုကို အနိုင်ယူနိုင်လိမ့်မည်။ ဤတစ်ကြိမ်တွင် ဟုန်ယွင်ဧကရာဇ်သည် မတိုက်ခိုက်သေးဘဲ၊ ငြိမ်သက်စွာဖြင့် ထာဝရအလင်းနယ်ပယ်သို့ ဆင်းသက်လာခဲ့သည်။ သို့သော်လည်း ထာဝရအလင်းနယ်မြေ ငြိမ်သက်နေချိန်တွင် အခြားစကြဝဠာကြီးများ၏ အခြေအနေသည် ပို၍ပင်ခက်ခဲလာသည်။
စကြဝဠာကြီးဆယ့်သုံးခုလုံးသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့ထံမှ တိုက်ခိုက်ခြင်းခံခဲ့ရသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ယင်ယန်တံခါးနှင့် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးတို့၏ မူလရင်းမြစ်ကို စုံစမ်းလာကြ၏။
ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့သည် နှစ်ထောင်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော်လည်း ၎င်းတို့၏ဖြစ်တည်မှုများက ခြေရာများကျန်နေခဲ့သည်။ ၎င်းတို့အကြောင်းကို သက်တော်ရှည် ဘိုးဘေးနယ်မြေကျင့်ကြံသူ အနည်းငယ်မျှကသာ ကြားဖူးကြ၏။
ခရမ်းရောင်တိမ်တိုက်စကြဝဠာတွင် တာအိုဘိုးဘေး ငါးဦး စုဝေးနေကြသည်။
"မကြာသေးခင်ကဘဲ လူသားမျိုးနွယ်စုရဲ့ ကံကြမ္မာက ဆုတ်ယုတ်လာနေပြီ။ ငါတို့ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးနဲ့ ယင်ယန်တံခါးကို ဆက်ပြီးဖျက်ဆီးခွင့်မပေးနိုင်ဘူး" ရှန်ဟိုက် ဘိုးဘေးက ပြောလိုက်သည်။
လူသားမျိုးနွယ်၏ ကံကြမ္မာသည် လျှို့ဝှက်ဆန်းကြယ်သောအရာတစ်ခုဖြစ်သည်။ လူသားမျိုးနွယ်စု ကြီးပွားလာသောအခါတွင် ၎င်း၏ကံကြမ္မာသည် ကြီးမြတ်လာမည်ဖြစ်သော်လည်း၊
လူသားမျိုးနွယ်စုအားနည်းလာသည်နှင့်အမျှ ၎င်း၏ကံကြမ္မာသည် အားနည်းသွားမည်ဖြစ်သည်။
လူမျိုးတိုင်းတွင် ၎င်းတို့၏ကံကြမ္မာကိုယ်စီရှိတတ်ကြ၏။ သို့သော်လည်း ထိုကံကြမ္မာအတက်အကျသည် သာမန်ကျင့်ကြံသူများအပေါ် အနည်းငယ်သာ သက်ရောက်မှုရှိခဲ့သည်။ လူသားမျိုးနွယ်စု၏ တာအိုဘိုးဘေးနယ်မြေအင်အားစုများကဲ့သို့သော ထိပ်တန်းကျင့်ကြံရေးသမားများအပေါ်တွင်သာ သက်ရောက်မှုက သိသာထင်ရှား၏။
ကံဇာတာအလွန်အမင်းကျဆင်းသွားပါက လူ့မျိုးနွယ်စု၏ထိပ်တန်းစွမ်းအားရှင်များသည် ကြယ်တာရာတွင်းနက်၏ တဖြည်းဖြည်း ဖိနှိပ်ခြင်းကိုခံရမည်ဖြစ်သည်။ ထိုအခါတွင် ကျင့်ကြံရာ၌ဖြစ်စေ၊ နားလည်မှု၌ဖြစ်စေ သက်ရောက်မှုများရှိလာလိမ့်မည်။ ကြယ်တာရာတွင်းနက်သည် အလွန်တရားမျှတသောကြောင့် မည်သည့်လူမျိုးကိုမှ ချန်ခဲ့လိမ့်မည်မဟုတ်ချေ။ ထို့ကြောင့် မျိုးနွယ်စုတစ်ခု၏ ကြယ်ဝမှုကိုထိန်းသိမ်းခြင်းသည် မျိုးနွယ်များမှ အဆင့်မြင့်စွမ်းအားရှင်များ၏ တာဝန်ဖြစ်သည်။
တာအိုဘိုးဘေးငါးဦးသည် ဤစကြာဝဠာဆယ့်သုံးခုပေါ်တွင် စွမ်းအားအမြင့်ဆုံးဖြစ်သည်။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသည် ၎င်းတို့ဂိုဏ်း၏အခြေခံအုတ်မြစ်ကို ပျက်ပြားစေသောကြောင့် ၎င်းတို့သည်းမခံနိုင်ကြချေ။
"ငါ လေဟာနယ်ထဲက ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးရဲ့ တည်နေရာကို ရထားပြီ၊ ငါတို့တိုက်ရိုက်တိုက်ခိုက်ကြတာပေါ့!"
ရှန်ဟိုက်ဘိုးဘေးက ပေါ့ပေါ့ပါးပါးပြောလိုက်သည်။ ၎င်းတို့ဘက်တွင် တာအိုဘိုးဘေးနယ်မြေ စွမ်းအားရှင်ငါးဦးရှိသောကြောင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးကို ကိုင်တွယ်ဖြေရှင်းခြင်းက အလွန်လွယ်ကူလိမ့်မည်။
"ဟုတ်တယ် အခုသွားကြတာပေါ့" ကောင်းကင်ဘုံကျောက်ဘိုးဘေးက သဘောတူလိုက်သည်။
အခြားသော တာအိုဘိုးဘေးသုံးယောက်သည် ၎င်းတို့၏ သဘောတူညီချက်အတိုင်း လိုက်နာခဲ့သော်လည်း ကောင်းကင်ဘုံကျောက်ဘိုးဘေးတို့နှစ်ဦး၏ မျက်လုံးများထဲမှ ကွယ်ဝှက်ထားသော လူသတ်လိူစိတ်ကို မမြင်ခဲ့ကြပေ။
တာအိုဘိုးဘေး ငါးယောက်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ အခြေစိုက်စခန်းသို့ ရောက်ရှိသွားကြသည်။ ဝူရှန်းဘိုးဘေးတို့ သုံးယောက်တို့သည်လည်း တာအိုဘိုးဘေးရောက်ရှိလာသည်ကို သတိပြုမိသည်နှင့် တပြိုင်နက်ထွက်ပေါ်လာခဲ့သည်။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါး၏ဌာနချုပ်ကို ကမ္ဘာတစ်ထောင်အလယ်တွင် တည်ထားလိမ့်မည်ဟု မည်သူမျှစဉ်းစားမိကြမည်မဟုတ်ပေ။ တိမ်နက်တာအိုဘိုးဘေးသည် ဤနယ်မြေ၏ ကမ္ဘာ့သခင်ဖြစ်၏။
"ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၊ လူသားမျိုးနွယ်စုကနေ ဆုတ်ခွါဖို့ အခွင့်အရေးရှိသေးတယ်"
ဟန်ဟိုင်အင်မော်တယ်ဂိုဏ်း၏ဂိုဏ်းချုပ် ဟန်ဟိုင်တာအိုဘိုးဘေးက ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးနောက်ကွယ်တွင် တာအိုဘိုးဘေးနယ်မြေ စွမ်းအားရှင်သုံးဦးရှိနေလိမ့်မည်ဟု မထင်ထားခဲ့ချေ။
တစ်ဖက်တွင် တာအိုဘိုးဘေးနယ်မြေ အင်အားစုငါးခုရှိသော်လည်း တာအိုဘိုးဘေးနယ်မြေ အင်အားစုသုံးခုနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့အားလုံးကို ထိန်းထားရန် မသေချာနိုင်ပေ။ တစ်ယောက် သို့မဟုတ် နှစ်ယောက် လွတ်မြောက်သွားပါက ၎င်းတို့အတွက် ပြဿနာဖြစ်လာလိမ့်မည်။ တာအိုဘိုးဘေး၏ အဆုံးမဲ့နှောင့်ယှက်မှုကို မည်သည့်အင်အားစုကများ ခံနိုင်ရည်ရှိလိမ့်မည်နည်း။
ထို့ကြောင့် ဟန်ဟိုင်တာအိုဘိုးဘေးသည် စိတ်ပြောင်းသွား၏။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးသည် ၎င်းတို့၏စစ်တပ်ကို ဆုတ်ခွါသွားပါက အတိတ်ကို အတိတ်မှာသာထားပေးလိုက်နိုင်သည်။
"ငါတို့ကို အခွင့်အရေးပေးနေတာလား။ မင်း ငါတို့ကို အခွင့်အရေးပေးနေတာ သေချာရဲ့လား"
အရိုးဘိုးဘေးသည် သူ၏နှုတ်ခမ်းတွင် လှောင်ပြုံးတစ်ခု ပေါ်လာ၏။ ထို့နောက် တာအိုဘိုးဘေးသုံးဦးသည် ချက်ခြင်းလူစုခွဲကာ တစ်ဖက်တာအိုဘိုးဘေးငါးဦးကို အရပ်မျက်နှာသုံးဖက်မှ ဝိုင်းထားလိုက်သည်။
…………………….
အခန်း ၂၈၁ - ပျက်ဆီးခြင်းဂိုဏ်း
"စကြ!"
ဟန်ဟိုင်ဘိုးဘေးသည် ယနေ့တွင် နောက်ပြန်မဆုတ်နိုင်မှန်းသိသောကြောင့် သူ၏ ခန္ဓာကိုယ်မှ အင်မော်တယ်စွမ်းအားများ မြင့်တက်လာကာ မဟာတာအို၏မူလနိယာမကို ဆင့်ခေါ်ခဲ့သည်။
သို့သော်လည်း နောက်အခိုက်အတန့်တွင် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုက သူ၏အကာအကွယ်ရောင်ဝါကို ထိုးဖောက်ဝင်ရောက်ကာ သူ့ကိုတိုက်ရိုက်ထိသွား၏။ သူ့မျက်နှာပေါ်တွင် မယုံကြည်နိုင်စွာဖြင့် ဟန်ဟိုင်းတာအိုဘိုးဘေးသည် ရှန်ဟိုက်ဘိုးဘေးကို လှည့်ကြည့်လိုက်သည်။
"ရှန်ဟိုက်၊ မင်းကရှင်သန်ခြင်းနဲ့သေဆုံးခြင်းတံခါးတို့နဲ့ တစ်ဖက်တည်းလား "
ဘိုးဘေးနယ်ေမြကျင့်ကြံသူသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးတွင် ရှိနေလိမ့်မည်ဟု ဟန်ဟိုင်တစ်ခါမှ မတွေးဖူးချေ။ သူသည် ရှန်ဟိုက်ဘိုးဘေးနှင့် နှစ်သန်းပေါင်းများစွာသိလာခဲ့ရာ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင် ပါဝင်နေလိ့မ်မည်ဟု မထင်ခဲ့ပေ။
ထို့အပြင် ၎င်းသည် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးကို တိုက်ခိုက်ရန်အတွက် အဆိုပြုခဲ့သော ဘိုးဘေးများဖြစ်သည်။ အကယ်၍ ဟန်ဟိုင်သည် ထိုအရာကထောင်ချောက်ဖြစ်ကြောင်း မမြင်နိုင်သေးပါက၊ အလွန်မိုက်ကန်းသောကြောင့်သာဖြစ်ရမည်။
အခြားသောဘိုးဘေးနှစ်ဦးသည်လည်း ရှန်ဟိုက်ဘိုးဘေးနှင့်၊ နောက်ထပ် နက်နဲစွာလျို့ဝှက်ထားသာ ကျင့်ကြံသူဖြစ်သည့် ခရမ်းရောင်တိမ်တိုက်တာအိုဘိုးဘေးတို့၏လုပ်ရပ်ကြောင့် ထိတ်လန့်သွားကြ၏။
“ ဘိုးဘေးသုံးယောက်ရဲ့ အရိုးစုနဲ့ အင်အားနဲ့တင် နတ်ဘုရားတွေရဲ့ စွမ်းအားတချို့ ပြန်ရရှိဖို့ လုံလောက်ပါတယ်”
“သေချာပေါက် လုံလောက်တာပေါ့။ ဒီစကြဝဠာကြီးသုံးခုရဲ့ စွမ်းအားတွေကိုစုပ်ယူပြီးတော့ အဲတာတွေကို နတ်ဘုရားနဲ့ နတ်ဆိုးတွေအတွက် လေ့ကျင့်ရေးကွင်းအဖြစ် ပြောင်းလဲပစ်ရမယ်။ ဒီလိုဆိုရင် ငါတို့ရဲ့စွမ်းအားကိုလည်း ပိုပြီးတော့ မြန်မြန်ပြန်ရလိမ့်မယ်" ဟု တစ်ဦးက ပြောဆိုလိုက်သည်။
"နတ်ဘုရားနဲ့ နတ်ဆိုးတွေရဲ့လေ့ကျင့်ရေးကွင်းလား။ ဟားဟား။ အနှစ်တစ်သောင်းမှာ ပျက်ဆီးခြင်းခေတ်ရဲ့ သံသရာသစ်တစ်ခု စတင်တော့မှာပဲ။ ဖန်ကုစကြဝဠာက နောက်ဆုံးတော့ ငါတို့ရဲ့နတ်ဆိုးနတ်ဘရားတွေရဲ့ ပျက်ဆီးခြင်နယ်မြေဖြစ်လာတော့မှာပဲ"
ရှန်ဟိုင်ဘိုးဘေးတို့သည် ၎င်းကို အခြားသူများထံမှ ဖုံးကွယ်ရန်ပင် မကြိုးစားခဲ့ပေ။
ပျက်ဆီးခြင်း နတ်ဘုရားများနတ်ဆိုးများ?
ထိုစကားကိုကြားသောအခါတွင် ဟန်ဟိုင်၏ အသက်ရှုသံများပို၍ပင် လျင်မြန်လာသည်။ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့သည် လူသိနည်းသော စွမ်းအားစုနှစ်ခုဖြစ်သော်လည်း အစွမ်းထက်သောကျင့်ကြံသူ အများအပြားကို စုဆောင်းနိုင်ခဲ့သည်မှာ အံ့ဩစရာမဟုတ်တော့ချေ။
အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ဖန်ကုစကြဝဠာ၏ အရေးပါဆုံးရန်သူဖြစ်သည့် ပျက်ဆီးခြင်းဂိုဏ်းမှ ကျောထောက်နောက်ခံပြုထားသောကြောင့်ဖြစ်သည်။ပျက်ဆီးခြင်းဂိုဏ်းသည် သီးခြားအုပ်စုတစ်ခုမဟုတ်သော်လည်း၊ အစုအဝေးတစ်ခုဖြစ်သည်။
ပျက်ဆီးခြင်းနတ်ဆိုးနှင့် နတ်ဘုရားကိုကိုးကွယ်သူများကို ပျက်ဆီးခြင်းဂိုဏ်း၏နောက်လိုက်များဟု ခေါ်ဆိုကြသည်။ သာမန်ကျင့်ကြံသူအများစုသည် ပျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရားများအကြောင်းကိုပင် မကြားဖူးကြပေ။ ရှေးခေတ်လူသားများသာ ၎င်းတိုု့၏တည်ရှိမှုကို သိထားကြ၏။
မဟာကမ္ဘာသုံးထောင်၏တည်နေရာသည် အမှန်တကယ်ပင် ဖန်ကုစကြာဝဠာအတွင်း၌ရှိသည်။ ထိုစကြဝဠာကိုစတင်ဖန်တီးခဲ့သူမှာ စစ်မှန်သောဘုရားသခင် ဖန်ကုဖြစ်သည်။ ဖန်ကုသည် ဖန်ကုစကြဝဠာကိုဖန်တီးခဲ့စဉ်က ပျက်ဆီးခြင်းနတ်ဆိုး နတ်ဘုရားသုံးထောင်သည် ထိုနေရာတွင် ရှိနှင့်ပြီးဖြစ်သည်။
ဤပျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရားအများစုသည် အားနည်းသော်လည်း အင်အားကြီးသူများက မဟာဖန်ကုကိုပင် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု ဖြစ်စေခဲ့သည်။ ထို ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားများသည် ဖန်ကုစကြဝဠာကို ဖန်တီးခြင်းအား မလိုလားသောကြောင့် တားဆီးခဲ့သော်လည်း ဖန်ကုက ၎င်းတို့ကို အနိုင်ယူခဲ့သည်။
ကံမကောင်းစွာဖြင့် မဟာဖန်ကုသည် ဤအစွမ်းထက်သော ပျက်ဆီးခြင်း နတ်ဆိုးများနှင့် နတ်ဆိုးများကို အမှန်တကယ်မသတ်နိုင်ခဲ့ချေ။ သူသည် ၎င်းတို့ကို ချိတ်ပိတ်ထားရန်အတွက် မဟာကမ္ဘာသုံးထောင်ကြီးကိုသာ ဖန်တီးနိုင်ခဲ့သည်။
သို့သော်လည်း ဤ ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ စွမ်းအားအချို့သည် ရံဖန်ရံခါစိမ့်ထွက်နေသောကြောင့် ပျက်ဆီးခြင်းဂိုဏ်း တည်ရှိနေခြင်းဖြစ်သည်။ ပျက်ဆီးခြင်းဂိုဏ်း၏ရည်ရွယ်ချက်မှာ စည်းတံဆိပ်ကိုဖွင့်ပြီး ချိတ်ပိတ်ခံထားရသော ပျက်ဆီးခြင်းနတ်ဘုရားနှင့် နတ်ဆိုးတို့ကို လွှတ်ပေးရန်ဖြစ်သည်။
မည်သည့်မျိုးနွယ်စုအတွက်မဆို ပျက်ဆီးခြင်း နတ်ဘုရားနှင့် နတ်ဆိုးတို့သည် အဆုံးစွန်သောရန်သူဖြစ်၏။ လွန်ခဲ့သောနှစ်သန်းပေါင်းများစွာက ဟန်ဟိုင်ဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းကိုအမြစ်ပြတ်ချေမှုန်းရန်စစ်ပွဲတွင်ပါဝင်ခဲ့သည်။ ထိုစစ်ပွဲတွင် မရေမတွက်နိုင်သော တာအိုဘိုးဘေးများကျဆုံးခဲ့သည်။
ထိုအချိန်က ဟန်ဟိုင်ဘိုးဘေးသည် အင်မော်တယ်ဧကရာဇ်တစ်ပါးသာဖြစ်သည်။ ပျက်ဆီးခြင်းဂိုဏ်းသည် ထပ်မံ၍မရှိလာနိုင်တော့ဟု ထင်ထားသော်လည်း ပြန်ရှိလာရုံသာမက ပိုပြီးအားကောင်းလာလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ပျက်ဆီးခြင်းဂိုဏ်း၏ကြောက်ရွံ့ဖွယ်ကောင်းမှုများကို ပြန်တွေးမိရင်း ဟန်ဟိုင်သည် တုန်လှုပ်ချောက်ချားသွား၏။ မဖြစ်သေးချေ၊ သူ ဤသတင်းကို အခြားတာအိုဘိုးဘေးများအား အသိပေးပြီး ပြင်ဆင်ရမည်။ သို့မဟုတ်ပါက၊ ၎င်းသည် ဖန်ကုစကြဝဠာတစ်ခုလုံးအတွက် ဘေးဥပဒ်ဖြစ်လာနိုင်သည်။
ဟန်ဟိုင်သည် သူသိသော အခြားတာအိုဘိုးဘေးများထံ စာပို့ရန် ကြိုးစားသော်လည်း အလယ်ကမ္ဘာတစ်ထောင်ကို လုံး၀ပိတ်ထားပြီးဖြစ်သောကြောင့် မည်သည့်သတင်းမှ မထွက်လာနိုင်ချေ။ ယနေ့ သူမလွတ်မြောက်တော့မည်မှာ သေချာသော်လည်း၊ ဟန်ဟိုင်က သူသေသွားလျှင်ပင် စာရောက်သွားရမည်ဟု ဆုံးဖြတ်လိုက်၏။
သူ့လက်ထဲတွင် သေးငယ်သောအပိုင်းအစတစ်ခုကို ကိုင်ထားသည်။ ဤအပိုင်းအစသည် ထိုစစ်ပွဲကြီးမှ ဟန်ဟိုင်ရရှိခဲ့သော နတ်အင်မော်တယ်ပစ္စည်းတစ်ခုဖြစ်၏။ ၎င်းသည် နတ်အစိတ်အပိုင်းတစ်ခုမျှသာဖြစ်သော်လည်း၊ မည်သည့်မွန်မြတ်သောအင်မော်တယ်လက်နက်ထက်မဆို ပိုမိုအားကောင်းသည်။
ကံမကောင်းစွာဖြင့် ၎င်းသည် အပိုင်းအစတစ်ခုသာဖြစ်သောကြောင့် ၎င်းကို တစ်ကြိမ်သာအသုံးပြုနိုင်ရာ ရန်သူနှင့်မိတ်ဆွေကြား မခွဲခြားနိုင်ချေ။ ဟန်ဟိုင်သည် သူ့တစ်ဘဝလုံး ဤအပိုင်းအစကို သုံးရလိမ့်မည်မဟုတ်ဟု ထင်ထားသော်လည်း နောက်ဆုံးတွင် ၎င်းကိုလိုအပ်လာခဲ့သည်။
နတ်အစိတ်အပိုင်းတစ်ခုထွက်ပေါ်လာသောအခါ ဘိုးဘေးနှင့်အခြားသူများ၏ ပြုံးနေသော မျက်နှာအမူအရာများမှာ ချက်ချင်းပြောင်းလဲသွားသည်။ ဟန်ဟိုင်သည် ထိုမျှအဖိုးတန်သောအရာတစ်ခုကို မည်သို့ရှိနိုင်မည်နည်း။
ရှန်ဟိုက်ဘိုးဘေးသည် ၎င်း၏ပစ်မှတ်ကို
ကျောထောက်နောက်ခံမရှိသည့် အားနည်းသူများထံ ရည်ရွယ်ခဲ့သည်။ ထိုသို့သော ကျင့်ကြံသူများသည် သတ်ဖြတ်ခံရလျှင်ပင် လက်တုံ့ပြန်နိုင်ခြင်းရှိလိမ့်မည်မဟုတ်ချေ။ သို့သော် ဟန်ဟိုင်၏ နတ်အရုပ်အပိုင်းအစများမှာ သူတို့မျှော်လင့်ထားသည်ထက် လုံးဝကျော်လွန်သွားခဲ့၏။
“မလုပ်နဲ့!”
ရှန်ဟိုက်ဘိုးဘေးသည် ဟန်ဟိုင်ကို တားဆီးရန်ကြိုးစားလိုက်သော်လည်း ဟန်ဟိုင်သည် ကျယ်လောင်စွာရယ်မောလိုက်ကာ နတ်အပိုင်းအစကိုအသက်သွင်းလိုက်၏။
သူသည် ထိုအပိုင်းအစကို နှစ်အတော်ကြာအောင် သိမ်းဆည်းထားခဲ့ပြီး အရင်းနှီးဆုံးသူများပင်လျှင် သူ့ထံ၌ ထိုကဲ့သို့သော လှည့်ကွက်မျိုးရှိမှန်းမသိခဲ့ချေ။ ဤအခိုက်အတန့်တွင် ရန်သူများကို အံ့အားသင့်စေခဲ့သည်။
နတ်အပိုင်းအစကို စတင်အသက်သွင်းပြီးသောအခါ ကန့်သတ်ချက်များအားလုံးသည် လုံးဝဖျက်ဆီးခံလိုက်ရ၏။ နတ်အပိုင်းအစမှ ထွက်ပေါ်လာသော စွမ်းအားသည် မိတ်ဆွေနှင့် ရန်သူမရွေးချေ။ ဟန်ဟိုင်ကိုယ်တိုင်ပင်လျှင် နတ်အပိုင်းအစ၏စွမ်းအားကို ခုခံနိုင်စွမ်းမရှိပေ။
……………………
အခန်း ၂၈၂ - ပျက်ဆီးခြင်း ဂိုဏ်း
သူ့ဘဝ၏နောက်ဆုံးအခိုက်အတန့်တွင် ဟန်ဟိုင်တာအိုဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်း၏ ပြန်လည်ပေါ်ပေါက်လာအကြောင်းကို သတင်းချန်ထားခဲ့သည်။ သူရည်ရွယ်ထားသော လက်ခံသူမှာ ဗောဓိဘိုးဘေးဖြစ်၏။ လက်ရှိ တာအိုဘိုးဘေးများကြားတွင် ပျက်ဆီးခြင်းဂိုဏ်းထဲ၌ မည်မျှပါဝင်နေမည်မှာ မသေချာတော့ချေ။ ဟန်ဟိုင်တာအိုဘိုးဘေး ဆက်သွယ်နိုင်သူများထဲတွင် ဗောဓိဘိုးဘေးမှလွဲ၍ ယုံကြည်နိုင်သည့်သူမရှိချေ။
‘ဗောဓိဘိုးဘေးရော ပျက်ဆီးခြင်းဂိုဏ်းဝင် ဖြစ်နိုင်မလား။’ ဟန်ဟိုင်းတာအိုဘိုးဘေး ပြောသည်မှာ ဗောဓိဘိုးဘေးသည် ၎င်းတို့ထဲမှ တစ်ဦးဖြစ်ပါက လူသားမျိုးနွယ်စုသည် သေခြင်းတရားကိုသာ ထိုင်စောင့်နေရတော့မည်။
လွန်ခဲ့သည့်နှစ်များက ထိုတိုက်ပွဲအတွင်း ဗောဓိဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းမှ မရေမတွက်နိုင်သော တာအိုဘိုးဘေးများကို ရှင်းလင်းခဲ့သည်။ အကယ်၍ ထိုလူသည် ပျက်ဆီးခြင်းဂိုဏ်းဝင်ဖြစ်လာပါက ဟန်ဟိုင်တာအိုဘိုးဘေးကလည်း ၎င်းကိုဂရုစိုက်တော့မည်မဟုတ်ချေ။
ဖန်းကုကြာဝဠာတစ်ခုလုံးထဲတွင် အလယ်ကမ္ဘာတစ်ထောင်သည် တစ်ခဏအတွင်း ပြန့်ကျဲသွားပုံရသည်။ ခဏအကြာတွင် ကြယ်တာရာနေရာလွတ်ထဲမှ လူများစွာထွက်ပေါ်လာသည်။ ရှန်ဟိုင်ဘိုးဘေးနှင့် အခြားသူများမှာ အမြန်ပြေးထွက်လာသောကြောင့် ဒဏ်ရာအချို့သာ ခံစားကြရသည်။ သို့သော် ခရမ်းရောင်တိမ်တိုက်တာအိုဘိုးဘေးက ကျဆုံးသွား၏။
ဤအခြေအနေများက အရိုးဘိုးဘေးနှင့် အခြားသူများ၏မျက်နှာကို အလွန်ရုပ်ဆိုးသွားစေသည်။ သေချာပြီးသည့်အရာတစ်ခုက ကပ်ဆိုးကြီးတစ်ခုအဖြစ်သို့ ချက်ချင်းပြောင်းလဲသွားခဲ့သည်။ ယခုတွင် သူတို့အကြောက်ဆုံးအရာမှာ လူသားမျိုးနွယ်စု၏ တာအိုဘိုးဘေးများက ၎င်းတို့၏ အထောက်အထားများကို ရှာဖွေတွေ့ရှိသွားမည်ကိုပင်။
ယခုအချိန်တွင် သူတို့ဆုတောင်းနိုင်သည်မှာ ဟန်ဟိုင်ဘိုးဘေး၏နောက်ဆုံးသတင်းကို လက်ခံရရှိသူသည် ၎င်းတို့ထဲမှ ဖြစ်ရန်သာဖြစ်၏။ လူမျိုးပေါင်းစုံ၏ တာအိုဘိုးဘေးများထဲတွင် ၎င်းတို့ထဲမှ လူအနည်းငယ်စီထည့်သွင်းထားသည်။
"မစောင့်နိုင်တော့ဘူး၊ ငါတို့ အဓိကလူမျိုးနွယ်စုက ကမ္ဘာရှစ်ခုကို တိုက်ခိုက်ပြီးတော့၊ နတ်ဘုရားနဲ့ နတ်ဆိုးစစ်မြေပြင်အဖြစ် ပြောင်းလဲပစ်ရမယ်"
ပျက်ဆီးခြင်းနတ်ဘုရားနှင့် နတ်ဆိုးတို့က နိုးထချင်နေပြီဖြစ်ကာ ကြီးမားသည့်ဆက်သမှုတစ်ခုလိုအပ်နေသည်။ လူသားမျိုးနွယ်စုက ပြန်လည်တုံ့ပြန်လာလျှင် ပျက်ဆီးခြင်း နတ်ဘုရားနှင့် နတ်ဆိုး စစ်မြေပြင်ကို ထူထောင်ရန်မှာ လွယ်ကူတော့မည်မဟုတ်ချေ။ အရိုးဘိုးဘေးနှင့် အခြားသူများသည် ချက်ချင်း လူအင်အားများစုဆောင်းခဲ့ကြကာ အဓိကကမ္ဘာကြီးရှစ်ခုကို စတင်ပြောင်းလဲခဲ့၏။
တစ်ဖက်တွင် တစ်ကိုယ်တည်းကျင့်ကြံနေသော ဗောဓိဘိုးဘေးသည် ဟန်ဟိုင်တာအိုဘိုးဘေး၏ သတင်းစကားကိုလက်ခံရရှိသဖြင့် အိပ်ရာမှ လန့်နိုးလာခဲ့သည်။ ပျက်ဆီးခြင်း နတ်ဘုရားနှင့် နတ်ဆိုး ပြန်ပေါ်လာပြီလား?
ထိုသတင်းကိုကြားသောအခါ ဗောဓိဘိုးဘေး၏ ပထမဆုံးတုံ့ပြန်မှုသည် မယုံနိုင်ခြင်းဖြစ်သည်။ သို့သော် ဗောဓိဘိုးဘေးသည် နတ်လက်နက်ဖြင့် ဖျက်ဆီးခံထားရသောနေရာသို့ ရောက်ရှိလာသောအခါ သူသည် အကျွမ်းတဝင်ရှိနေသည့်အရာကို ချက်ချင်း ခံစားလိုက်ရသည်။ ဤနေရာတွင် ပျက်ဆီးခြင်း နတ်ဘုရားနှင့် နတ်ဆိုး၏ အနှစ်သာရများရှိနေသည်။
စစ်ပွဲကြီးပြီးဆုံးပြီးသည်အထိ ဗောဓိဘိုးဘေးသည် ဤအနှစ်သာရကို ဘယ်တော့မှမေ့မည်မဟုတ်ချေ။ ပျက်ဆီးခြင်းနတ်ဘုရားနှင့် နတ်ဆိုးများ ပေါ်ထွက်လာခြင်းက ဒဏ္ဍာရီတစ်ခုသာဖြစ်သည်။ ၎င်းမှာ ပျက်ဆီးခြင်းခေတ်၊ လွန်ခဲ့သည့် နှစ်သန်းတစ်ရာခန့်က ဖြစ်၏။
ယခုမှစ၍ နောက်ထပ်အနှစ်တစ်သောင်းတွင် ပျက်ဆီးခြင်းခေတ်အသစ် စတင်တော့မည်ဖြစ်သည်။ ပျက်ဆီးခြင်းဂိုဏ်းပေါ်ပေါက်လာပြီး ပျက်ဆီးခြင်း နတ်ဘုရားနှင့် နတ်ဆိုးများ နိုးထလာမှုက လူသားမျိုးနွယ်အတွက်သာမကဘဲ ကောင်းကင်နိုင်ငံအားလုံးနှင့် နက်နဲစွာဆက်စပ်နေသည်။
ပျက်ဆီးခြင်းနတ်ဘုရားနှင့် နတ်ဆိုးတို့နိုးထလာပါက ဖန်ကုစကြဝဠာအတွင်း မည်သည့်မျိုးနွယ်စုမှ မလွတ်မြောက်နိုင်ချေ။ ဗောဓိဘိုးဘေးက ချက်ချင်းပင် တခြားတာအိုဘိုးဘေးများ၊ လူသားများနှင့် တခြားမျိုးနွယ်စုအားလုံးအပါအဝင် အကြောင်းကြားနိုင်သူမှန်သမျှကို ချက်ချင်းသတိပေးလိုက်သည်။
ပျက်ဆီးခြင်းဂိုဏ်းကိုတိုက်ခိုက်ရာတွင် တာအိုဘိုးဘေးအများအပြား ကျဆုံးခဲ့သော်လည်း အများစုမှာ ယခုအချိန်အထိ အသက်ရှင်ကျန်ရစ်ကြသည်။ ပျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရား၏ အနှစ်သာရကိုတွေ့သောအခါ ၎င်းကိုနှင့် အတော်လေးရင်းနှီးပြီးဖြစ်သည်။
ပျက်ဆီးခြင်းဂိုဏ်း ပြန်ပေါ်လာသည့်သတင်းကိုကြားသောအခါ ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ မယုံကြည်နိုင်ခြင်းဖြစ်သည်။ သို့သော် ဗောဓိဘိုးဘေးက ၎င်းတို့ကို ဟန်ဟိုင်တာအိုဘိုးဘေးကျဆုံးရာနေရာသို့ ခေါ်ဆောင်သွားသောအခါတွင် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏တည်ရှိမှုကို မယုံချင်ဘဲနှင့် ယုံလိုက်ရ၏။
ပျက်ဆီးခြင်းဂိုဏ်း ပြန်လည်ပေါ်ပေါက်လာခြင်းက တာအိုဘိုးဘေးအားလုံးကို ထိတ်လန့်စေခဲ့သည်။ စစ်ပွဲကြီးကို ကြုံဖူးသည်ဖြစ်စေ၊ မကြုံဖူးသည်ဖြစ်စေ ၎င်းတို့အားလုံးက ပျက်ဆီးခြင်းဂိုဏ်းကို ကိုင်တွယ်ရန် ခက်ခဲကြောင်း သိရှိထားပြီးဖြစ်သည်။ တစ်ခုတည်းသော သတင်းကောင်းမှာ ယခုတစ်ကြိမ် ပျက်ဆီးခြင်းဂိုဏ်းကို စောစောစီးစီးရှာဖွေတွေ့ရှိခြင်းဖြစ်၏။ နောက်ဆုံးအကြိမ်က ၎င်းတို့သည် ထိုဂိုဏ်းအထွတ်အထိပ်သို့ရောက်ရှိပြီးမှသာ ရှာဖွေတွေ့ရှိခဲ့သည်။
" ပျက်ဆီးခြင်းဂိုဏ်းကို ဆက်ကြီးထွားလာဖို့ ခွင့်မပြုနိုင်ဘူး"
"ဟုတ်တယ်၊ ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းတံခါးရယ်၊ ယင်ယန်တံခါးရယ်က ပျက်ဆီးခြင်းဂိုဏ်းကဆိုတာ ငါတို့မသိခဲ့ဘူး။ အခုသူတို့ကို ရှင်းပစ်ရမည်"
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးနှင့် ယင်ယန်တံခါးတို့သည် ယခင်က လူသားမျိုးနွယ်စုကြားတွင်သာ ပြဿနာဖြစ်စေခဲ့သော်လည်း ၎င်းတို့သည် အလွန်အစွမ်းထက်ပုံမပေါ်သောကြောင့် တာအိုဘိုးဘေးများက လျစ်လျူရှုခဲ့သည်။
သို့သော် ဤအုပ်စုနှစ်စုက အမှန်တကယ်ပင် ပျက်ဆီးခြင်းဂိုဏ်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း သိရှိလာသောအခါတွင် ၎င်းတို့၏တည်ရှိမှုကို မည်သူမျှ သည်းမခံနိုင်တော့ချေ။
ပျက်ဆီးခြင်းဂိုဏ်ကို မည်သို့ကိုင်တွယ်ရမည့်အကြောင်း လူတိုင်းဆွေးနွေးနေကြစဉ်၊ ရောက်ရှိနေသည့် တာအိုဘိုးဘေးများ၏မျက်နှာများသည် ရုတ်တရက် ပြောင်းလဲသွား၏။ တာအိုဘိုးဘေးများအားလုံးသည် တစ်ချိန်တည်းနီးပါး ထွက်ခွာသွားကာ အဆုံးမဲ့လေဟာနယ်ကို ဖြတ်သန်း၍ ကြယ်တာရာနေရာလွတ်သို့ ရောက်ရှိလာသည်။
သူတို့ရှေ့ရှိ အလယ်ကမ္ဘာတစ်ထောင်ကို နတ်ဆိုးချီစွမ်းအားများနှင့် လွှမ်းမိုးထားသည်။ ကမ္ဘာပေါ်ရှိ သက်ရှိအားလုံးသည် တစ်ပြိုင်တည်း ငိုကြွေးနေကြ၏။ သူတို့နောက်တွင် မီးခိုးချောင်းများ အဆက်မပြတ် တက်လာကာ၊ မိုးကုပ်စက်ဝိုင်းအထက်ရှိ ရုပ်ထုဆီသို့ လွင့်မျောသွားကြသည်။
တာအိုဘိုးဘေးများက ထိုရုပ်တုကို မြင်ရသည့်အခါတွင် လေအေးတစ်ချက်ရှိုက်လိုက်မိသည်။ ပျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရားအရေအတွက်သည် အလွန်များပြားကာ၊ ၎င်းတို့ထဲမှ အများစုသည် အလွန်အားနည်းသော်လည်း စွမ်းအားကြီး ပျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရားအများအပြားလည်းရှိသည်။
ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားများ၏ ထိပ်တန်းနတ်ဆိုး သုံးယောက်ထဲတွင် လျစ်လျူရှုထား၍မရသူတစ်ဦးရှိသည်။ ၎င်းမှာ နတ်ဆိုးဘိုးဘေး၊ လော့ထောင်ဖြစ်၏။ အတိအကျဆိုရလျှင် ၎င်းရုပ်တုမှာ လော့ထောင်၏ ရုပ်တုဖြစ်သည်။
“ပျက်ဆီးခြင်းဂိုဏ်းက လော့ထောင်ကို နတ်ဆိုးနတ်ဘုရားအဖြစ် ကိုးကွယ်နေတာ မဟုတ်ပါဘူးနော်”
တာအိုဘိုးဘေးသည် ခက်ခက်ခဲခဲ မျိုချလိုက်ရကာ သူ့မျက်လုံးများတွင် ထိတ်လန့်မှုအရိပ်အမြွက်ပေါ်လာသည်။
နောက်ဆုံးအကြိမ်က ဖန်ကုစကြာဝဠာတစ်ခုလုံးကို ကြီးမားသောဆုံးရှုံးမှုဖြစ်စေခဲ့သော ပျက်ဆီးခြင်းဂိုဏ်းမှကိုးကွယ်ခဲ့သည့် နတ်ဆိုးနတ်ဘုရားသည် အဆင့်ဆယ့်ရှစ်တွင်သာရှိခဲ့၏။ အကယ်၍ နတ်ဆိုးဘိုးဘေးလော့ထောင်သာ အမှတ်တကယ်နိုးထလာပါက ၎င်းတို့မည်သို့ရင်ဆိုင်ရမည်ကို မတွေးရဲတော့ချေ။
"မဟုတ်ဘူး၊ ငါတို့ သူတို့ကို ဒီတိုင်းဆက်သွားခွင့်ပြုလို့မရဘူး"
လော့ထောင်ရုပ်တုသည် သက်ရှိသတ္တဝါများ၏ အသက်စွမ်းအားကို အဆက်မပြတ် စုပ်ယူပြီးနောက် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ရောင်ဝါမှာ ပို၍ပင်ပြည့်စုံလာ၏။ ဤအတိုင်းဆက်သွားပါက လော့ထောင် အမှန်တကယ်နိုးထလာနိုင်သည်။
စိတ်မြန်လက်မြန်ရှိသော တျန်းရှင်းတာအိုဘိုးဘေးက လော့ထောင်၏ရုပ်တုကို တိုက်ခိုက်ရန်အဆင်သင့်ဖြစ်ကာ နတ်ဆိုးစစ်မြေပြင်သို့ တိုက်ရိုက်ဝင်ရောက်ခဲ့သည်။
‘တျန်းရှင်းလက်နည်းစနစ်’
တျန်းရှင်းတာအိုဘိုးဘေး၏ တျန်းရှင်းလက်နည်းစနစ်ကို တာအိုဘိုးဘေးနယ်မြေအင်အားစုများပင်လျှင် သတိထားရလိမ့်မည်။ သို့သော် လော့ထောင်ရုပ်တု၏ တုန်ခါမှုနှင့်အတူ လှံနက်တစ်ချောင်းကို တျန်းရှင်းတာအိုဘိုးဘေးထံသို့ ပစ်လွှတ်လိုက်သည်။
နတ်ဘုရားနှင့် နတ်ဆိုးစစ်မြေပြင်သို့ ဝင်ရောက်သွားပြီးနောက်၊ တျန်းရှင်းတာအိုဘိုးဘေးသည် သူ၏စွမ်းအားများဖိနှိပ်ခံထားရကြောင်း ခံစားမိလိုက်သည်။ ယခု လော့ထောင်၏လှံကို ရှောင်ရန်မှာနောက်ကျသွားလေသည်။
လှံက တျန်းရှင်းတာအိုဘိုးဘေး၏ခန္ဓာကိုယ်ကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။ တာအိုဘိုးဘေးစွမ်းအားရှင်သည် ဤတိုက်ခိုက်မှုမှ ဒဏ်ရာပြင်းထန်စွာရရှိသွား၏။ လှံက နောက်ပြန်လှည့်လာကာ တျန်းရှင်းတာအိုဘိုးဘေးကို ထပ်မံတိုက်ခိုက်ခဲ့သည်။
အရေးကြီးသောအခိုက်အတန့်တွင် ဗောဓိဘိုးဘေးဖြစ်သူက တျန်းရှင်းတာအိုဘိုးဘေးကို ပြန်ဆွဲထုတ်လိုက်သည်။
"ဒီနယ်မြေက ပုံမှန်မဟုတ်ဘူး။ ငါဝင်ပြီးတော့ ငါ့စွမ်းအားကို ဖိနှိပ်ထားပြီး၊ ငါ့စိတ်ဝိညာဉ်မှာလည်း ပြဿနာရှိနေသလိုပဲ၊ ငါ့ကိုဆက်တိုက်နှောက်ယှက်နေတဲ့ အသံတစ်ခုလည်း ရှိနေတယ်"
တျန်းရှင်းတာအိုဘိုးဘေးက အခြားတာအိုဘိုးဘေးများကို နတ်ဘုရားနှင့် နတ်ဆိုး စစ်မြေပြင်သို့ ဝင်ရောက်ခဲ့စဉ်က ခံစားချက်များအကြောင်း ပြန်ပြောင်းပြောပြခဲ့ရာ အခြားတာအိုဘိုးဘေးများမှာ ပို၍ပင် ကူကယ်ရာမဲ့သွားတော့သည်။ ၎င်းမှာ အမည်မသိအင်အားစုများ နေရာတိုင်းတွင် ပုန်းအောင်းနေနိုင်သည့် ပျက်ဆီးခြင်းဂိုဏ်း၏ အခြေစိုက်စခန်းဖြစ်သည်။
၎င်းတို့အလျင်စလို ဝင်ရောက်သွားပါက အလွယ်တကူ ကျရှုံးသွားလိမ့်မည်။ တာအိုဘိုးဘေးများသည် အချိန်ခဏကြာအောင် ဘာလုပ်ရမှန်းမသိဖြစ်နေခဲ့ကြ၏။
"ပျက်ဆီးခြင်း စစ်မြေပြင်၊ နတ်ဘုရားသုတ်သင်ခြင်း လှံ"
အသက်အကြီးဆုံးဘိုးဘေးများထဲမှ ဗောဓိဘိုးဘေးက ထိုအရာများကို လျင်မြန်စွာ မှတ်မိသွားသည်။ သို့သော် နတ်ဘုရားနှင့် နတ်ဆိုးစစ်မြေပြင်၌ ရင်ဆိုင်ရသောအခါတွင် သူလည်းကျရှုံးခဲ့သည်။
"နတ်ဘုရားနဲ့ နတ်ဆိုးစစ်မြေပြင်က စည်းတံဆိပ်မပိတ်ခင်က သူတို့ကျန်ရစ်ခဲ့တဲ့ စွမ်းအားတွေကနေ အသွင်ပြောင်းလာတာပဲ၊ အဲဒီစွမ်းအားကို ငါတို့ ရပ်တန့်ဖို့ နည်းမရှိဘူး"
"ဒါပေမယ့် နတ်ဘုရားနဲ့ နတ်ဆိုးစစ်မြေပြင်က စွမ်းအားအကြွင်းအကျန်လေးပဲမလား။ နှစ်ပေါင်းများစွာကြာပြီးရင် ဒါကကြာရှည်မခံလောက်တော့ဘူးလေ”
“နတ်ဘုရားနဲ့ နတ်ဆိုးစစ်မြေပြင်ကို ရောက်သွားရင်တော့ ငါတို့မနိုင်နိုင်ဘူး။ ဒါကြောင့် စစ်မြေပြင် ပျောက်ကွယ်သွားတဲ့အထိပဲ စောင့်ရတော့မယ်”
ဗောဓိဘိုးဘေးများပင်လျှင် နတ်ဘုရားနှင့် နတ်ဆိုးစစ်မြေပြင်တွင် ပျက်ဆီးခြင်းဂိုဏ်းနှင့် မတိုက်ခိုက်ချင်ကြချေ။ ၎င်းတို့ တာအိုဘိုးဘေးများ တစ်ခုခုဖြစ်သွားပါက၊ ဖန်ကုစကြဝဠာလည်း ပျက်ဆီးသွားလိမ့်မည်။ လူသားမျိုးနွယ်စု ညှဉ်းပန်းနှိပ်စက်ခံရမည်ကို မမြင်လိုသောကြောင့် ကူကယ်ရာမဲ့ဖြစ်နေကြသည်။
သူတို့အတွက်နှင့် ဖန်ကုစကြဝဠာတစ်ခုလုံး၏ လုံခြုံမှုကို မစွန့်စားနိုင်ချေ။ နတ်ဘုရားနှင့် နတ်ဆိုးစစ်မြေပြင်အတွင်း၊ သက်ရှိသတ္တဝါများ၏ နောက်ဆုံးအသက်စွမ်းအင်ကို ထုတ်ယူပြီးသည့်အခါ ၎င်းတို့သည် ဖုတ်ကောင်ကဲ့သို့သောအရာများအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းမှာ ပျက်ဆီးခြင်းနတ်ဆိုးများ၊ ပျက်ဆီးခြင်းနတ်ဘုရားများ စားသုံးခြင်း၏ ရလဒ်ဖြစ်၏။
၎င်းတို့သည် အစွမ်းထက်ရုံသာမက ပြင်းထန်သော ကူးစက်နိုင်စွမ်းကိုလည်း ပိုင်ဆိုင်ထားသည်။ ရောဂါပိုးကူးစက်ခံရပြီးသည်နှင့် ပြန်လည်ကောင်းမွန်ရန် အလွန်ခက်ခဲမည်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် တာအိုဘိုးဘေးအများအပြားသည် ပျက်ဆီးခြင်းနတ်ဆိုးများ ရှိနေသည်ကို သတိမထားမိကြသေးချေ။
မကြာမီတွင် ပျက်ဆီးခြင်းနတ်ဆိုးများက ဖန်ကုစကြဝဠာတစ်ခုလုံးကို ပျက်ဆီးခြင်းအဖြစ်သို့ တွန်းပို့လိုက်နိုင်သည့်အကြောင်းကို သူတို့မသိကြသေးချေ။
…………….