အခန်း ၂၈၆-၂၈၈
Vol. 20 Ch. 286-288
အခန်း ၂၈၆ - ရီမိသားစု၏ ထူးခြားချက်များ
အကယ်၍သူသာ မထိန်းချုပ်နိုင်ပါက နောက်ဆုံးတွင် ၎င်းတို့၏ ရန်သူအဖြစ်သို့ပြောင်းလဲသွားလိမ့်မည်။ စိတ်မကောင်းစရာကောင်းသည်မှာ ရီဖန်က နည်းလမ်းများစွာ စမ်းသပ်ကြည့်ခဲ့သော်လည်း ပျက်ဆီးခြင်းနတ်ဆိုးချီကို ထိန်းချုပ်ထားရုံမှလွဲ၍ ၎င်းကိုဖယ်ရှားနိုင်မည့် နည်းလမ်းကို မတွေ့ရှိသေးပေ။
တကယ်တမ်းတွင် ရီဖန်အခြားနည်းလမ်းတစ်ခုကိုတွေးမိသေး၏။ ၎င်းမှာ သူ၏ဆေးပညာစွမ်းရည်ကို အသုံးချကာ ချီစွမ်းအားပါဝင်သည့် ပျက်ဆီးခြင်းဆေးလုံးကို သန့်စင်ရန်ဖြစ်သည်။ ပျက်ဆီးခြင်းဆေးလုံးတွင်ပါရှိသော ပျက်ဆီးခြင်းစွမ်းအားသည် အခြားသူများ၏ ပျက်ဆီးခြင်းစွမ်းအားကို စုပ်ယူနိုင်ကာ ဖယ်ရှားနိုင်သည်။
သို့သော် ရီဖန် ၎င်းကိုစမ်းသပ်ကြည့်ပြီးနောက် စွန့်လွှတ်ခဲ့သည်။ ရီဖန်၏ လက်ရှိဆေးပညာအဆင့်ဖြင့် ပျက်ဆီးခြင်းစွမ်းအားကို အသုံးပြုပြီး ဆေးလုံးမသန့်စင်နိုင်သေးချေ။ ၎င်းကိုပြုလုပ်ရန်အတွက် အနည်းဆုံး ဆေးပညာတွင် သူတော်စင်အဆင့်သို့ ရောက်ရန်လိုအပ်၏။
ရီဖန်၏လက်ရှိ ဆေးပညာကျွမ်းကျင်မှုအဆင့်သည် သူတော်စင်အဆင့်နှင့် အနည်းငယ်သာဝေးကွာတော့သည့် တာအို အထွတ်အထိပ်အဆင့်တွင် ရှိသည်။ ရီကျင်းဖန်တို့က ၎င်းတို့၏ ဆေးပညာကျွမ်းကျင်မှုကို အဆင့်မြှင့်တင်ရန် အကောင်းဆုံးလုပ်ဆောင်နေကြရာ၊ ရီဖန်လည်း စောင့်ဆိုင်းရန်သာတတ်နိုင်သည်။
အခြားတစ်ဖက်တွင် ချန်မင်နယ်မြေရှိ ရှင်သန်ခြင်းနှင့်သေဆုံးခြင်းဂိုဏ်း၏ ဌာနချုပ်အသစ်တွင် တိမ်နီနတ်ဆိုးဘိုးဘေးသည် သူ၏လက်အောက်ငယ်သားများထံမှ အစီရင်ခံစာများကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။
ချန်မင်နယ်မြေရှိ ပျက်ဆီးခြင်းနတ်ဆိုး အရေအတွက်သည် လျင်မြန်စွာလျော့ကျလာ၏။ ထို့အပြင် ယခုအခါ တာ့ယွီအင်မော်တယ်မင်းဆက်သည် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းဂိုဏ်းကို တန်ပြန်တိုက်ခိုက်လာကာ ပိုမိုဖိအားပေးလာသည်။
"ဒီပွဲက ပြီးခါနီးပြီထင်တယ်"
တိမ်နီနတ်ဆိုးဘိုးဘေးက သူ့လက်ထဲရှိ လူ့ဦးခေါင်းကို လှိမ့်နေ၏။ သူသည် ပျက်ဆီးခြင်းနတ်ဆိုးချီထံတွင် လုံးဝမကျဆုံးသွားသေးသော်လည်း သက်ရောက်မှုများစွာခံခဲ့ရပြီးဖြစ်ကာ သူ၏ စိတ်စွမ်းအားသည်လည်း မတည်မငြိမ်ဖြစ်လာပြီး သတ်ဖြတ်ခြင်းအပေါ်တွင် ခုံမင်လာသည်။ ၎င်းကိုလူသားမျိုးနွယ်စုဝင်အဖြစ်ပင် မသတ်မှတ်နိုင်တော့ချေ။
၎င်းက တာ့ယွီအင်မော်တယ်မင်းဆက်ကို ဆန့်ကျင်ရခြင်းအကြောင်းရင်းမှာ ရီရှောင်းရှောင်း၏ ကျဆုံးမှုကိုတဖြည်းဖြည်း စောင့်ကြည့်ရန်ဖြစ်သည်။ သို့သော် ယခုအချိန်တွင် တာ့ယွီအင်မော်တယ်မင်းဆက်က တန်ပြန်တိုက်ခိုက်လာသည့်အတွက် တိမ်နီနတ်ဆိုးဘိုးဘေးသည် စိတ်မရှည်တော့ပေ။ သူ ကစားပွဲကို အလွန်ငြီးငွေ့လာပြီဖြစ်သည်။
ယခုအချိန်တွင် သူသည် သူ၏အဆုံးမဲ့အင်အားဖြင့် တာ့ယွီအင်မော်တယ်မင်းဆက် တစ်ခုလုံးကို တိုက်ရိုက်ရှင်းလင်းပြီး ချန်မင်နယ်မြေတစ်ခုလုံးကို နတ်ဆိုးဘုံအဖြစ်သို့ ပြောင်းလဲရန်သာ လိုလားတော့သည်။
"ရီရှောင်းရှောင်း၊ မင်းငါ့ကိုတွေ့ရင် အံ့ဩသွားလောက်လား"
တိမ်နီနတ်ဆိုးဘိုးဘေးသည် သူ့ကိုတွေ့လျှင်ဖြစ်သွားမည့် ရီရှောင်းရှောင်း၏မျက်နှာပေါ်ရှိ တုန်လှုပ်ခြောက်ခြားဖွယ်ရာအမူအရာကိုမြင်ရန် စောင့်မျှော်နေ၏။
" လူတိုင်းကို စပြီးပြင်ဆင်ကြဖို့ သတိပေးလိုက်"
တိမ်နီနတ်ဆိုးဘိုးဘေး၏အမိန့်ကြောင့် အိပ်ပျော်နေသော ပျက်ဆီးခြင်းနတ်ဆိုးများသည် တာ့ယွီအင်မော်တယ်မင်းဆက်ဆီသို့ ချီတက်သွားကြသည်။ သန်းပေါင်းများစွာသော ပျက်ဆီးခြင်းနတ်ဆိုးများသည် ထူထပ်သောတိမ်မည်းများအဖြစ်ဖြင့် တာ့ယွီအင်မော်တယ်မင်းဆက်နယ်မြေဆီသို့ ဦးတည်သွားကြ၏။ ၎င်းသည် ကြည့်ရှုသူတိုင်းကို ထိတ်လန့်သွားစေနိုင်၏။
တာ့ယွီအင်မော်တယ်မင်းဆက်မှ ထောက်လှမ်းရေးများသည် ပျက်ဆီးခြင်းနတ်ဆိုးများ၏ ပုံမှန်မဟုတ်သောလှုပ်ရှားမှုကို တွေ့ရှိပြီးနောက် ရီရှောင်းရှောင်းထံ ချက်ချင်းသတင်းပို့ခဲ့ရာ၊ ရီရှောင်းရှောင်းသည် ရှေ့တန်းသို့ ချက်ချင်းရောက်ရှိလာသည်။ ပျက်ဆီးခြင်းနတ်ဆိုးအုပ်ကြီးကိုမြင်သောအခါတွင် ၎င်းတို့နောက်ကွယ်ရှိအင်အားစုသည် စတင်လုပ်ဆောင်လာပြီဖြစ်ကြောင်း သူမသိလိုက်၏။
ရှင်သန်ခြင်းနှင့်သေဆုံးခြင်းဂိုဏ်းမှ သာမန်ကျင့်ကြံသူများသည် ဤမျှများပြားသော ပျက်ဆီးခြင်းနတ်ဆိုးများကို အမိန့်ပေးနိုင်စွမ်းမရှိပေ။
အကယ်၍ ရီဖန်၏တစ်ကိုယ်တော်ကျင့်ကြံခြင်းမပြီးဆုံးမီက ထိုသို့ဖြစ်ခဲ့ပါက ရီရှောင်းရှောင်းသည် ထိုသို့သောအခြေအနေများနှင့် ရင်ဆိုင်နေရသောအခါ ဖိအားအချို့ကိုခံစားရလိမ့်မည်။
သို့သော် ယခုတွင် သူမသည် လျှို့ဝှက်ရန်သူပေါ်လာရန်ပင် စောင့်မျှော်နေမိသည်။
လျှို့ဝှက်ရန်သူ၏ပြဿနာကို ရှင်းလင်းနိုင်မှသာ ချန်မင်နယ်မြေရှိ ပျက်ဆီးခြင်းနတ်ဆိုးများကို လုံးဝထိန်းချုပ်နိုင်မည်ဖြစ်ကာ ချန်မင်နယ်မြေသည်လည်း ၎င်း၏မူလအခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်လိမ့်မည်။
ကောင်းကင်ကြီးသည် နတ်ဆိုးချီစွမ်းအားကြောင့် မှောင်လာပြီးနောက် တိမ်နီနတ်ဆိုးဘိုးဘေးသည် လူတိုင်းရှေ့တွင်ပေါ်လာ၏။
"တာ့ယွီဧကရီ၊ မင်း ငါ့ကို မှတ်မိသေးလား"
တိမ်နီနတ်ဆိုးဘိုးဘေးက တာအိုဘိုးဘေးနယ်မြေရောင်ဝါဖြင့် သူမအပေါ်လွှမ်းမိုးထားလျက် ရီရှောင်းရှောင်းကိုစိုက်ကြည့်နေသည်။ ရီရှောင်းရှောင်းနှင့်တွေ့ပြီးနောက်တွင် တိမ်နီနတ်ဆိုးဘိုးဘေးက အလျင်စလိုမတိုက်ခိုက်ခဲ့ချေ။
သူသည် ရီရှောင်းရှောင်းကို နှိပ်စက်ကာ၊ သူမကိုကြောက်အောင်ရွံံ့စေမှသာ စိတ်ကျေနပ်နိုင်လိမ့်မည်ဖြစ်သည်။
သူ့မျက်လုံးထဲတွင် သူလက်ရှိကြုံတွေ့နေရသောအခြေအနေများက ရီရှောင်းရှောင်းကြောင့်သာဖြစ်သည်။
နတ်ဆိုးဘိုးဘေးနယ်မြေရှိစွမ်းအားကို ကျေနပ်သော်လည်း၊ သူ၏လက်ရှိအသွင်အပြင်ကို အလွန်မုန်းတီးမိ၏။ တိမ်နီနတ်ဆိုးဘိုးဘေး၏ စကားကိုကြားသောအခါ ရီရှောင်းရှောင်းသည် သူနှင့်ရင်းနှီးသလို ခံစားလိုက်ရသည်။
သို့သော် သူမသိသလောက် တိမ်နီနတ်ဆိုးဘိုးဘေးကဲ့သို့သော ရုပ်ဆိုးအကျည်းတန်တဲ့သတ္တဝါနှင့် သူ မသိချေ။ ဤအရာက အလွန်ဆိုးဝါးပြီး ပျက်ဆီးခြင်းနတ်ဆိုးများထက်ပင် ပိုရုပ်ဆိုးသည်။
နေပါဦး၊ ဤသူသည် ယခင်က သူ့ကို တိတ်တခိုးချစ်နေခဲ့ခြင်း ဖြစ်နိုင်သလား။ ထို့နောက် အလွန်အကျွံအရုပ်ဆိုးမှုကြောင့် သူ့အချစ်က အမုန်းအဖြစ်သို့ ပြောင်းလဲသွားခြင်း ဖြစ်နိုင်မလားဃ ရီရှောင်းရှောင်းသည် ရုတ်တရက်အေးစက်သွားကာ တိမ်နီနတ်ဆိုးဘိုးဘေးကို ပို၍မုန်းတီးစွာကြည့်လိုက်သည်။
မာနကြီးသော တိမ်တိုက်နတ်ဆိုးဘိုးဘေးကလည်း ရီရှောင်းရှောင်း၏မျက်လုံးများထဲမှ အထင်အမြင်သေးသည့်အကြည့်ကို မြင်လိုက်ရသောအခါ ဒေါသထွက်သွား၏။ သူအမုန်းဆုံးအရာမှာ အခြားသူများ၏ မထီမဲ့မြင်ပြုသောအကြည့်များကိုဖြစ်သည်။
တိမ်နီနတ်ဆိုးဘိုးဘေးကို မထီမဲ့မြင်ပြုဝံ့သော ရှင်သန်ခြင်းနှင့်သေဆုံးခြင်းဂိုဏ်းမှသူများသည် သူ၏ဝါးမြိုခြင်းကိုခံရပြီးဖြစ်သည်။
"ရီရှောင်းရှောင်း မင်းကသေချင်နေတာပဲ!"
နတ်ဆိုးချီစွမ်းအားဖြင့်ဖွဲ့စည်းထားသော လက်ကြီးတစ်ဖက်ကို ရီရှောင်းရှောင်းထံသို့ ဆန့်ထုတ်လိုက်၏။ အဆင့်အနိမ့်ဆုံး တာအိုဘိုးဘေးများပင်လျှင် အင်မော်တယ်ဧကရာဇ်မင်း၏ ပြိုင်ဘက်မဟုတ်ချေ။
ရီဖန်သည်ပင် အင်မော်တယ်ဘုရင်နယ်မြေတွင်ရှိသော် ည်း တာအိုဘိုးဘေးတစ်ဦးကို အနိုင်ယူရန် မတတ်နိုင်သေးပေ။ ထို့ကြောင့် သဘာဝကျစွာပင် ရီရှောင်းရှောင်းသည်လည်း တိမ်နီနတ်ဆိုးဘိုးဘေးနှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်။
သို့သော် ရီရှောင်းရှောင်းသည် အနည်းငယ်မျှ မတုန်လှုပ်ခဲ့ချေ။ အကြောင်းမှာ သူမနှင့်ရင်းနှီးသော တည်ရှိမှုကို ခံစားမိသောကြောင့်ဖြစ်၏။
နောက်အခိုက်အတန့်တွင် နတ်ကြာပွတ်တစ်လက် ချက်ချင်းပေါ်လာကာ ဆန့်တန်းထားသော နတ်ဆိုးလက်ပေါ်သို့ ကျရောက်လာသည်။ အင်မော်တယ်ဧကရာဇ်နယ်မြေရှိ ကျင့်ကြံသူတွေကို သတ်နိုင်သည့် နတ်ဆိုးလက်မှာ ကြာပွတ်တစ်ချက်စာဖြင့် ချက်ချင်းအစိတ်စိတ်အမွှာမွှာပျက်ဆီးသွား၏။
ကြာပွတ်သည် အဆီးအတားမရှိဘဲ မိုင်ထောင်ပေါင်းများစွာအကွာအဝေးကို ချက်ချင်းဖြတ်သန်းလျက် တိမ်နီနတ်ဆိုးဘိုးဘေး၏ ခန္ဓာကိုယ်ပေါ်သို့ တိုက်ရိုက်ထိမှန်သွားသည်။
တိမ်နီနတ်ဆိုးဘိုးဘေးသည် သူ၏စိတ်ဝိညာဉ်အတွင်းမှ နက်ရှိုင်းသောနာကျင်မှုကို ရုတ်တရက်ခံစားလိုက်ရပြီးနောက် မငိုကြွေးဘဲမနေနိုင်တော့ချေ။
ရီဖန်၏စိတ်ထဲတွင် သနားစရာကောင်းသော မျက်နှာများစွာပေါ်လာသည်။ ရီဖန်သည် လူများစွာကို ကယ်တင်ခဲ့ပြီး ထိုအထဲတွင် သာမန်ကျင့်ကြံသူ အများအပြားရှိသည်။ သို့သော် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါး၏ လောဘဇောကြောင့် ၎င်းတို့သည် ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါများအဖြစ်သို့ ပြောင်းလဲသွားကြရ၏။
လူအချို့သည် ရီဖန်ကူညီပေးနိုင်သည်အထိပင် အသက်မရှည်နိုင်တော့ဘဲ ဝေဒနာကြီးစွာ သေဆုံးသွားကြသည်။ အစွမ်းထက်သော ကျင့်ကြံသူများနှင့်မတူဘဲ ရီဖန်သည် သူ၏ခံစားချက်များကို လစ်လျူမရှုထားနိုင်ပေ။
သူသည် ချစ်ခြင်းမေတ္တာ၊ မိသားစုချစ်ခင်မှုနှင့် မိတ်ဆွေရင်းနှိီးမှုတို့ကို အလွန်တန်ဖိုးထားသူဖြစ်သည်။ ယခုတွင် ဤအရာအားလုံးကို ရှင်သန်ခြင်းနှင့် သေဆုံးခြင်းတံခါးက သတ္တဝါယုတ်များက ဖျက်ဆီးလိုက်၏။
ထို့ကြောင့် လက်ရှိ ရီဖန်၏ဒေါသမှာ ယခင်ဖြစ်ရပ်များအားလုံးကို ကျော်လွန်နေသည်။
သူသည် မျက်စိတစ်မှတ်အတွင်း အဆုံးမဲ့လေဟာနယ်ကိုဖြတ်ကျော်ကာ တိမ်နီနတ်ဆိုးဘိုးဘေး ရှေ့သို့ရောက်လာသည်။
တိမ်နီနတ်ဆိုးဘိုးဘေးသည် တာအိုဘိုးဘေးနယ်မြေသို့ ဖြတ်ကျော်သွားပြီးဖြစ်သော်လည်း၊ သူ၏ အမှန်တကယ်အင်အားသည် ရီဖန်အဆင့်မတက်မီကနှင့် များစွာကွာခြားခြင်းမရှိသည့်အပြင် ဟွန်လျို့နတ်ဆိုးဘိုးဘေးထက်ပင် ပိုနိမ့်သည်။ သူသည် ရီဖန်ရှေ့တွင် ခုခံနိုင်စွမ်းမရှိပေ။
ရီဖန်သည် တိမ်နီနတ်ဆိုးဘိုးဘေး၏ စိတ်ဝိညာဉ်ဆီသို့ ဦးတည်လျက် တစ်ချက်ပြီးတစ်ချက် ထိုးနှက်ခဲ့သည်။ သို့သော် ရီဖန်သည် တိမ်နီနတ်ဆိုးဘိုးဘေးကို ချက်ခြင်းမသတ်မိရန် သူ၏အင်အားကို ထိန်းထားခဲ့၏။
အကယ်၍ သူသာ လွယ်လွယ်သေသွားပါက အလွန်သက်တောင့်သက်သာ ရှိနေလိမ့်မည်။ တိမ်နီနတ်ဆိုးဘိုးဘေးသည် သူ၏စိတ်ဝိညာဉ်ကိုတိုက်ခိုက်နေသော နာကျင်မှုဒဏ်ကို သည်းမခံနိုင်သောကြောင့် ဝေဒနာကြီးစွာ အော်ဟစ်နေရသည်။
၎င်းသည် ထွက်ပြေးရန်အင်အားကိုပင် မစုဆောင်းနိုင်တော့ချေ။ သူ နတ်ဆိုးချီအနည်းငယ်မျှကို စုဆောင်းရန်ကြိုးစားတိုင်း ရီဖန်၏ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ဖြင့် ချက်ချင်း ရိုက်နှက်ခံလိုက်ရသည်။ ထွက်ပြေးရန်အသာထား အနည်းငယ်မျှပင် မလှုပ်နိုင်ဘဲ ရီဖန်၏ရက်စက်သော ကြိမ်ဒဏ်များကို ကြိတ်မှိတ်၍ခံစားခဲ့ရ၏။
နတ်ဆိုးဘိုးဘေးဖြစ်လာပြီးနောက် ရရှိခဲ့သော သူ၏မာနတလူလူမှာလည်း လုံးဝပျောက်ကွယ်သွားလေပြီ။ အစောပိုင်းက တိမ်နီနတ်ဆိုးဘိုးဘေးသည် စွမ်းအားကြီးတာအိုဘိုးဘေးများမှလွဲ၍ သူ့ထက်မည်သူကမျှ မသာလွန်ဟု ထင်ထားခြင်းဖြစ်သည်။ သို့သော် ယခုတွင် လက်တွေ့ဖြစ်ရပ်က သူ့ကို ပြင်းထန်စွာရိုက်ချလိုက်၏။ တာအိုဘိုးဘေးဖြစ်သော်လည်း အမှိုက်က အမှိုက်သာ။
"ငါ မင်းကိုသတ်ကို သတ်ပစ်မယ်!"
ကြာပွတ်အချက်တစ်ရာမြောက်တွင် တိမ်နီနတ်ဆိုးဘိုးဘေးသည် လွန်စွာဒေါသထွက်နေလေပြီ။
“ရပ်ပါတော့၊ ကျေးဇူးပြုပြီး ခဏရပ်ပါဦး”
ကြာပွတ်အချက်နှစ်ရာမြောက်တွင် တိမ်နီနတ်ဆိုးဘိုးဘေးသည် စတင်ကြောက်ရွံ့လာသည်။
"တောင်းပန်ပါတယ် တော်ပါတော့"
အချက်သုံးရာမြောက်တွင် တိမ်နီနတ်ဆိုးဘိုးဘေးမှာ မထိန်းနိုင်တော့ဘဲ အဆက်မပြတ် ငိုယိုတောင်းပန်နေသည့်တိုင် ရီဖန်က ရပ်တန့်မည့် အရိပ်အယောင်မပြခဲ့ချေ။ အဆုံးတွင် တိမ်နီနတ်ဆိုးဘိုးဘေးမှာ လက်လျှော့လိုက်ရ၏။
"ငါသေရင် မင်းတို့လည်း မလွတ်စေရဘူး!"
နောက်ဆုံးတွင် တိမ်နီနတ်ဆိုးဘိုးဘေးသည် နာကျင်မှုကို မခံနိုင်တော့ပေ။ သူ၏အမြင်တွင် သေဆုံးခြင်းက သူ၏လက်ရှိအခြေအနေထက် ပိုကောင်းလိမ့်မည်။ နောက်အခိုက်အတန့်တွင် တိမ်နီနတ်ဆိုးဘိုးဘေးသည် သူ့ကိုယ်ထဲရှိ နတ်ဆိုးမျိုးစေ့ကို ချက်ချင်း ဖောက်ခွဲပစ်လိုက်၏။
အဆုံးမဲ့နတ်ဆိုးချီစွမ်းအားများ ချက်ချင်းထွက်ပေါ်လာကာ နယ်မြေတစ်ခုလုံးသည် တခဏအတွင်း နတ်ဆိုးချီနယ်ပယ်အဖြစ်သို့ ပြောင်းလဲသွားသည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများသည်လည်း နတ်ဆိုးချီ၏ လွှမ်းမိုးခြင်းကိုခံလိုက်ရသည်။
ရီဖန်ပင်လျှင် ထိုအခြေအနေမျိုးကို မမျှော်လင့်ထားသောကြောင့် နယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည့် ပျက်ဆီးခြင်းစွမ်းအားကို အလျင်အမြန် အသက်သွင်းလိုက်ရသည်။ ကံကောင်းစွာဖြင့် ရီဖန်သည် အချိန်မီလုပ်ဆောင်ခဲ့ကာ ပျက်ဆီးခြင်းနတ်ဆိုးချီအများစုကို တိုက်ရိုက်ကိုင်တွယ်နိုင်ခဲ့၏။
ကူးစက်ခံထားရသော ကျင့်ကြံသူများပင်လျှင် အနည်းငယ်မျှသာရှိကာ ၎င်းတို့သည်အလွယ်တကူ ပျောက်ကင်းနိုင်သည်။ ထိုအချိန်တွင် ရီဖန်သည် ထူးဆန်းသောအရာတစ်ခုကို သတိပြုမိလိုက်၏။
နေရာတွင်ရောက်ရှိနေသော ကျင့်ကြံသူများထဲမှ အများအပြားသည် ရီမိသားစုမှဖြစ်သည်။ သို့သော်လည်း ရီမိသားစုမှကျင့်ကြံသူများထဲမှ မည်သည့်တစ်ဦးတစ်ယောက်မျှ ပျက်ဆီးခြင်းရောင်ဝါနှင့် မထိမိခဲ့ကြချေ။
ရီမိသားစုသည် ပျက်ဆီးခြင်းနတ်ဆိုးချီမှ ကူးစက်ခံရသည့်ကိစ္စမျိုး တစ်ခါမျှ မကြုံဖူးကြောင်းသတိထားမိသော်လည်း ရီဖန်သည် ၎င်းကို တိုက်ဆိုင်မှုတစ်ခုမျှသာဟု တွေးမိသောကြောင့် စိတ်မဝင်စားခဲ့ပေ။ ယခုတွင် ရီဖန်သည် တစ်ခုခုမှားနေကြောင်း ခံစားလိုက်ရသည်။
နတ်ဆိုးချီအပေါ် ရီမိသားစု၏တုံ့ပြန်မှုသည် အခြားသော ကျင့်ကြံသူများနှင့် လုံးဝမတူချေ။
…………….
အခန်း ၂၈၇ - အလွန်အရေးပါအရာရောက်သော ရီမိသားစု
ရီမိသားစု၏ကျင့်ကြံသူများသည် တိုက်ပွဲများစွာ ဆင်နွှဲခဲ့ကြရာ ၎င်းတို့သည် ပျက်ဆီးခြင်းနတ်ဆိုးချီ ကူးစက်ခြင်းတစ်စုံတရာ မရှိခဲ့ကြသည်မှာ မဖြစ်နိုင်ပေ။ သို့သော် ကူးစက်မှုလက္ခဏာမပြခဲ့သောကြောင့် ၎င်းသည် သွေးရိုးသားရိုးမဟုတ်ချေ။
ထိုသို့တွေးမိသောအခါ ရီဖန်သည် ရီမိသားစုမှ ကျင့်ကြံသူအချို့ကို ချက်ချင်းခေါ်လိုက်ပြီး သူ့အတွေးများကို မျှဝေလိုက်သည်။ ၎င်းကို မည်သူကမှ မကန့်ကွက်ကြပေ။ ရီဖန်က သူတို့ကို အန္တရာယ်ပေးလိမ့်မည်မဟုတ်ကြောင်း သူတို့သိသောကြောင့် စမ်းကြည့်ရန်သဘောတူကြသည်။
ရီဖန်သည် ပျက်ဆီးခြင်းနတ်ဆိုးချီကြိုးမျှင်များကို ထိန်းချုပ်ကာ ရီမိသားစုအဖွဲ့ဝင်များ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်စေခဲ့သည်။ ပျက်ဆီးခြင်းနတ်ဆိုးချီဝင်သွားသောအခါ ရီမိသားစုဝင်များ၏ကိုယ်ခန္ဓာအတွင်းရှိ သွေးမျိုးဆက်သည် ထူးဆန်းသောစွမ်းအားတစ်ခု ထုတ်လွတ်လာ၏။
ထိုစွမ်းအားက ပျက်ဆီးခြင်းနတ်ဆိုးချီနှင့်တွေ့သောအခါ ပျက်ဆီးခြင်းနတ်ဆိုးချီသည် လေထုထဲတွင် ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။ ပျက်ဆီးခြင်းနတ်ဆိုးချီအားလုံး ပျောက်ကွယ်သွားသောကြောင့် ရီမိသားစုဝင်များသည်လည်း ၎င်းထံမှကူးစက်ခံရလိမ့်မည် မဟုတ်ပေ။
အံ့ဩစရာမှာကောင်းလောက်အောင်ပင် ရီမိသားစု၏သွေးမျိုးဆက်သည် ပျက်ဆီးခြင်းနတ်ဆိုးချီကို ချေမှုန်းနိုင်စွမ်းရှိသည်။
ထိုလုပ်ဆောင်ချက်က ရီဖန်ကို စိတ်လှုပ်ရှားစေသည်။
နောက်ဆုံးတွင် သူသည် ပျက်ဆီးခြင်းနတ်ဆိုးချီအများအပြားကို
ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းရှာတွေ့ခဲ့လေပြီ။
ရီမိသားစုသွေးမျိုးဆက်ဖြင့် သင့်လျော်သောဆေးလုံးကို သန့်စင်ပေးနိုင်လိမ့်မည်။ ၎င်းမှာ အလွန်အံ့ဩစရာကောင်းသော စနစ်ကပေးသည့် သွေးမျိုးဆက်ဆုဖြစ်သည်။ ရီဖန်မသိလိုက်သည်မှာ ရီမိသားစု၏သွေးမျိုးဆက်သည် သူ၏ဖွဲ့စည်းပုံအတိုင်းဖွဲ့စည်းထားပြီး ပျက်ဆီးခြင်းချီစွမ်းအားပါဝင်သည်ကိုပင်။
၎င်းသည် ပျက်ဆီးခြင်းနတ်ဆိုးချီအပေါ်တွင် အံ့ဩဖွယ်အကျိုးသက်ရောက်မှုရှိသည်။ ရီမိသားစုအဖွဲ့ဝင်များသည် နောက်ပိုင်းတွင် ကြိုးစားလုပ်ဆောင်ရလိမ့်မည်။ ရီမိသားစု၏လူဦးရေသည် ရှစ်သိန်းကျော်အထိ တိုးလာခဲ့ပြီဖြစ်သော်လည်း၊ ၎င်းတို့သည် မိသားစုဝင်တစ်သန်းရောက်ရှိရန် ရေရှည်မစ်ရှင်ပြီးမြောက်ရေးအတွက် တစ်သိန်းကျော်လိုအပ်နေသေးသည်။
ကျင့်ကြံမှုအဆင့်မြင့်လေ၊ အလားအလာပိုကောင်းလေ၊ မျိုးပွားရန်ပို၍ခက်ခဲလေဖြစ်သောကြောင့် ရီမိသားစု၏လူဦးရေသည် ယခုအချိန်အထိ သိသိသာသာ မတိုးလာနိုင်သေးချေ။ ရီဖန်သည် နောက်ပိုင်းတွင် ရီမိသားစု၏ ကလေးမွေးဖွားရန်အခက်အခဲက နဂါးမျိုးနွယ်စုနှင့်ပင် တူသွားနိုင်သလားဟု တွေးမိ၏။
ကံကောင်းထောက်မစွာဖြင့် ရီမိသားစုသည် အဆင့်မြင့်လမ်းစဉ်ကို လျှောက်လှမ်းခဲ့သောကြောင့် လူဦးရေပမာဏသည် ရီမိသားစုအပေါ် ကြီးကြီးမားမား သက်ရောက်မှုမရှိခဲ့ပေ။
"ပျက်ဆီးခြင်းနတ်ဆိုးချီတွေကို ချေမှုန်းဖို့နည်းလမ်း ရှာတွေ့ပြီ။ ပြန်သွားပြီး စမ်းသပ်ကြည့်ရမယ်။ မင်းတို့တွေက ချန်မင်ကမ္ဘာကို ဖိနှိပ်ထားပြီး ရှင်သန်ခြင်းနဲ့သေဆုံးခြင်းတံခါးနဲ့ ယင်ယန်တံခါးက ကျင့်ကြံသူတွေကို ချက်ချင်းဖြေရှင်းထားကြ"
ဆေးလုံးကို သန့်စင်ပြီးသည်နှင့် ရီမိသားစုနှင့် ပျက်ဆီးခြင်းဂိုဏ်းသည် ကျိန်းသေပေါက် တိုက်ပွဲအကြီးကြီးဖြစ်လာလိမ့်မည်။ သို့ဖြစ်ပါက သူတတ်နိုင်သမျှ အမြန်ဆုံးဆောင်ရွက်နိုင်လိမ့်မည်။
စုယန် အနည်းငယ်ဝမ်းနည်းသွား၏။ သူမ၏လက်အောက်ခံ ပျက်ဆီးခြင်းဂိုဏ်းမရှိတော့ပါက သူမသည်အနည်းငယ်ဆုံးရှုံးရလိမ့်မည်။ ထို့အပြင် စုယန်သည် ပျက်ဆီးခြင်းဂိုဏ်း၏ အဆင့်မြင့်နယ်ပယ်ထဲသို့ ရာထူးမတိုးသေးသောကြောင့် သူမ၏ရည်မှန်းချက် မအောင်မြင်သေးပေ။
မကြာခင်မီတွင် ချန်မင်ကမ္ဘာရှိ ပျက်ဆီးခြင်းဂိုဏ်းကို ဖြေရှင်းရန်အမိန့်ထုတ်ခဲ့သည်။ နောက်ဆုံးတွင် ပျက်ဆီးခြင်းဂိုဏ်း၏ လျှို့ဝှက်တည်ရှိမှုကို ကျင့်ကြံသူအားလုံးရှေ့တွင် ထုတ်ဖော်ပြသခဲ့သည်။
ဆယ်နှစ်သည် တစ်ခဏချင်းကုန်သွား၏။
"စနစ်၊ ပေါင်းစည်းလိုက်တော့!"
ဤဆယ်နှစ်တာကာလအတွင်း ရီဖန်၏ ကျင့်ကြံမှုအဆင့်တွင် သိသာထင်ရှားသော ပြောင်းလဲခြင်းမရှိခဲ့ချေ။ သို့သော် ဤအခိုက်အတန့်တွင် သူ၏ ဆေးပညာသည် နောက်ဆုံးတွင် သူတော်စင်အဆင့်သို့ ရောက်ရှိသွားသည်။
‘ပျက်ဆီးခြင်းသွေးဆေးလုံး’ ရီဖန်၏လက်ထဲတွင် သွေးနီရောင်ဆေးလုံးသည် တောက်ပသောအလင်းဖျော့ဖျော့ကို ထုတ်လွှတ်နေသည်။ စမ်းသပ်မှုများစွာပြုလုပ်ပြီးနောက် ရီဖန်သည် နောက်ဆုံးတွင် သူလိုအပ်သော ဆေးလုံးကို အောင်မြင်စွာ သန့်စင်နိုင်သွား၏။
ရီဖန်၏သွေးမျိုးဆက်ကို အရင်းမြစ်အဖြစ်သုံးပြီး အခြားဝိညာဉ်ရေးပစ္စည်းများနှင့် ပေါင်းစပ်လိုက်ရာ၊ ပျက်ဆီးခြင်းသွေးဆေးလုံးအဆင့်သည် အဆင့်နိမ့် တာအိုအဆင့်သို့ ရောက်ရှိသွားသည်။
၎င်းသည် အဆင့်နိမ့်ရုံတာအိုဆေးလုံးမျှသာဖြစ်သော်လည်း ရီမိသားစုမှလွဲ၍ အခြားဆေးပညာရှင်သည် ၎င်းကို သန့်စင်နိုင်မည်မဟုတ်ချေ။
ရီမိသားစုသွေးမျိုးဆက်မရှိဘဲ ၎င်းတို့သည် ဆေးအရင်းမြစ်မရှိသောကြောင့် မည်သို့ထိန်းချုပ်သန့်စင်နိုင်လိမ့်မည်နည်း။ ရီဖန်သည် ပျက်ဆီးခြင်းသွေးဆေးလုံးနှင့်အတူ ချန်မင်ကမ္ဘာသို့ ပြန်လာခဲ့သည်။
ရီဖန်၏ပြန်လည်ထွက်ပေါ်လာခြင်းကိုမြင်တွေ့ရခြင်းက လူတိုင်းကို စိတ်လှုပ်ရှားစေသည်။ ရီဖန်၏ ပုံစံကိုကြည့်ခြင်းအားဖြင့် သူအောင်မြင်လာပုံရသည်။ ယခုမှစ၍ ချန်မင်ကမ္ဘာတွင် ပျက်ဆီးခြင်းနတ်ဆိုးများကို စိတ်ပူစရာမလိုတော့ချေ။
ရီဖန်၏ တစ်ကိုယ်တော်ကျင့်ကြံခြင်းကြောင့် ပျက်ဆီးခြင်းနတ်ဆိုးများနှင့် ဖြေရှင်းရာ၌ နှောင့်နှေးခဲ့ရသည်။ ချန်မင်ကမ္ဘာတွင် ပျက်ဆီးခြင်းနတ်ဆိုးအများအပြားရှိနေဆဲဖြစ်ကာ ယခုအခါ ၎င်းတို့အားလုံးသည် သတ်မှတ်ထားသောနေရာတွင် အကျဉ်းချခံထားရလျက်
ရီဖန်ရောက်ရှိလာခြင်းကို စောင့်ဆိုင်းနေကြသည်။
ရီဖန်က ထိုနေရာ၏ အထက်ကောင်းကင်ယံသို့ နေရာရွေ့ပြောင်းသွားသည်။ သူ့လက်ကို လှန်လိုက်သောအခါ ပျက်ဆီးခြင်းသွေးဆေးလုံးသည် ပျက်ဆီးခြင်းနတ်ဆိုးများအထက်သို့ ချက်ချင်း ပျံတက်သွားကာ နောက်အခိုက်အတန့်တွင် ပေါက်ကွဲသွား၏။
ကြွယ်ဝသော ဆေးဖက်ဝင်စွမ်းအားသည် နတ်ဆိုးထောင်ပေါင်းများစွာရှိသည့် နယ်မြေကို ချက်ချင်းလွှမ်းမိုးခဲ့သည်။ ဆေးလုံးနှင့်ထိတွေ့ပြီးနောက် ပျက်ဆီးခြင်းနတ်ဆိုးများသည် ၎င်းတို့၏ ရမ်းကားမှုများကို ချက်ချင်းရပ်တန့်လိုက်ကြသည်။
ထို့နောက် ၎င်းတို့၏ခန္ဓာကိုယ်တွင်းရှိ ဗီဇပြောင်းလဲမှုများ တဖြည်းဖြည်းမှိန်ဖျော့လာသည်။ တစ်ရက်တည်းတွင် ပျက်ဆီးခြင်းနတ်ဆိုးများသည် ဗီဇပြောင်းလဲခြင်းမပြုမီက ၎င်းတို့၏ပုံစံသို့ အပြည့်အဝ ပြန်လည်ရောက်ရှိသွားသော်လည်း ၎င်းတို့၏ရောင်ဝါသည် အလွန်အားနည်းသွား၏။
ဗီဇပြောင်းခြင်း ကြာမြင့်လေ၊ ရောင်ဝါ အားနည်းလေဖြစ်သည်။ သို့သော် ၎င်းသည် ပြဿနာမရှိချေ။ အချိန်လုံလောက်စွာရပါက လုံးဝပြန်လည်ကောင်းမွန်လာမည်ဖြစ်သည်။
“တော်လိုက်တာ!”
“မျိုးနွယ်စုခေါင်းဆောင်ရီက တကယ်စွမ်းအားကြီးတာပဲ!"
"မျိုးနွယ်စုခေါင်းဆောင်ရီက အံ့သြစရာပဲ!"
ထိုမြင်ကွင်းကို မြင်တွေ့ရသော နေရာအသီးသီးမှ ကျင့်ကြံသူများထံမှ ချီးကျူးသံများထွက်ပေါ်လာသည်။ ပျက်ဆီးခြင်းနတ်ဆိုးများကို ကိုင်တွယ်ဖြေရှင်းရန် အထူးဆေးပညာပေါ်ပေါက်လာသည်ကို သူတို့တွေ့မြင်ခဲ့ရပြီဖြစ်ကာ နောက်ပိုင်းတွင် ပျက်ဆီးခြင်းနတ်ဆိုးများကြောင့် စိတ်ပူစရာမလိုတော့ချေ။
ပြန်လည်ကယ်တင်ပြီးသော ကျင့်ကြံသူများကို ရီဖန်က အသေးစိတ်စစ်ဆေးမှုများပြုလုပ်ရန်အတွက် ခေါ်ဆောင်သွားသည်။ အနာဂတ်တွင် ဗီဇပြောင်းလဲခြင်းအန္တရာယ်မရှိတော့ကြောင်း အတည်ပြုပြီးနောက်မှသာ ရီဖန်သည် ပျက်ဆီးခြင်းသွေးဆေးလုံးကို အောင်မြင်စွာစမ်းသပ်ပြီးကြောင်း ကြေညာခဲ့သည်။
တာ့ယွီအင်မော်တယ်မင်းဆက်သို့ပြန်သွားပြီးနောက် ရီဖန်သည် ပျက်ဆီးခြင်းသွေးဆေးလုံး၏ ဆေးဖော်မြူလာကို ရီမိသားစု၏ ဆေးပညာရှင်များထံ ချက်ချင်းပေးအပ်ခဲ့သည်။
ထိပ်တန်း အင်မော်တယ်အဆင့်ဆေးပညာရှင်များမှစ၍ ရီမိသားစုဆေးပညာရှင်များအားလုံးသည် ပျက်ဆီးခြင်းသွေးဆေးလုံးကို သန့်စင်နိုင်မည့်နည်းလမ်းကို လေ့လာရန်လိုအပ်သည်။
ရီမိသားစု၏ ထိပ်တန်း အင်မော်တယ်အဆင့် ဆေးပညာရှင်များသည် အခြေခံအားဖြင့် ပျက်ဆီးခြင်းသွေးဆေးလုံးအတွက် အရည်အချင်းပြည့်မီကြကာ ထိရောက်မှုနှင့် အောင်မြင်မှုနှုန်းတွင်သာ ကွာခြားလိမ့်မည်။
…………….
အခန်း ၂၈၈ - အလွန်အရေးပါအရာရောက်သော ရီမိသားစု
ယခုတစ်ကြိမ်တွင် ပျက်ဆီးခြင်းသွေးဆေးလုံးကို လိုအပ်သောပမာဏမှာ အလွန်မြင့်မား၏။
ပျက်ဆီးခြင်းသွေးမျိုးဆက်တစ်ခုတည်းက ပျက်ဆီးခြင်းနတ်ဆိုးတစ်သောင်းနီးပါးကို ချေမှုန်းနိုင်သော်လည်း၊ ချန်မင်ကမ္ဘာတစ်ခုတည်းတွင်ပင်လျှင် ပျက်ဆီးခြင်းနတ်ဆိုးများ သန်းပေါင်းဆယ်ချီရှိနေသည်။
အခြားကမ္ဘာများစွာကိုပါ ပေါင်းထည့်လိုက်ပါက မည်မျှရှိမည်ကို မည်သူသိနိုင်မည်နည်း။ ကူညီပေးမည့်သူများ မရှိပါက ကျန်ရှိသော ဆေးပညာရှင်များသည်လည်း အလွန်လက်ပန်းကျကာ အရှုံးပေးသွားလိမ့်မည်။
ပျက်ဆီးခြင်းသွေးဆေးလုံး၏ အဓိကလက္ခဏာမှာ ၎င်း၏ထူးခြားသောပါဝင်ပစ္စည်းများဖြစ်ကာ ၎င်း၏ ဆေးပညာခက်ခဲမှုသည် မကြီးမားလှပေ။ မကြာမီတွင် ရီကျင်းဖန်သည် ပျက်ဆီးခြင်းသွေးဆေးလုံးကို အောင်မြင်စွာသန့်စင်နိုင်သွားကာ ပျက်ဆီးခြင်းသွေးဆေးလုံး ပထမအသုတ်အဖြစ် ဆေးလုံးဆယ်လုံးကို အောင်မြင်စွာ ထုတ်လုပ်ပေးနိုင်သည်။
ရီမိသားစု၏အခြားအဖွဲ့ဝင်များသည်လည်း အအားမနေကြဘဲ၊ သူတို့ကိုယ်သူတို့ မထိခိုက်စေဘဲ ၎င်းတို့၏သွေးမျိုးဆက်များကို အဓိက ဆေးပညာအရင်းမြစ်အဖြစ် ပေးအပ်လာကြသည်။ ရီဖန်သည်လည်း ကုသရန်နှင့် စွမ်းအားဖြည့်တင်းရန်အတွက် စုယန်ခွဲဝေပေးထားသော ဆေးဝါးမျိုးစုံနှင့် ဝိညာဉ်ရေးစ္စည်းများကို ပံ့ပိုးပေးထားသည်။
အားလုံးပြီးဆုံးပြီးနောက် ရီဖန်သည် ပျက်ဆီးခြင်းသွေးဆေးလုံးကိုယူဆောင်ကာ စတုရန်းလက်မတောင်ပေါ်ကို ထွက်ခွါသွားသည်။
စတုရန်းလက်မတောင်သို့ ပြန်ရောက်သောအခါ အကြီးဆုံးဆရာတူအစ်ကို၏ ဆက်ခံသူများပင် မရှိကြတော့ဘဲ၊ ဗောဓိဘိုးဘေးတစ်ဦးတည်းသာ ကျန်ရှိတော့၏။
ရီဖန်၏ကျင့်ကြံမှုအဆင့်သည် အင်မော်တယ်ဧကရာဇ်နယ်ပယ်သို့ လျင်မြန်စွာရောက်ရှိသွားသည်ကို မြင်လိုက်ရသောအခါ ဗောဓိဘိုးဘေးဖြစ်သူမှာ ဆွံ့အသွားရသည်။ အနှစ်တစ်သောင်းက မြန်ဆန်လွန်းသည်ဟု သူထင်ခဲ့သော်လည်း ယခုတွင် အနှစ်တစ်သောင်းက ရီဖန်အတွက် ကြာလွန်းနေပုံရသည်။
ရီဖန်၏ ကောင်းကင်ဘုံကိုဆန့်ကျင်လျက် တိုးတက်လာခြင်းကို ဗောဓိဘိုးဘေးပင်လျှင် ကျင့်သားရနေပြီဖြစ်၏။ သက်ကြီးရွယ်အိုတစ်ဦးဖြစ်သည့်အတွက် ၎င်း၏ကျန်းမာရေးကို ငဲ့ညာသောအားဖြင့် မကြာခဏ တုန်လှုပ်ချောက်ချားခြင်းမရှိသင့်ချေ။
"ဒီတစ်ခေါက်ရော ဘယ့်နှယ်ဖြစ်တာလဲ။ မင်း သူတော်စင်အဆင့်အင်မော်တယ်ပစ္စည်းသန့်စင်သူတောင် ဖြစ်သွားပြီပဲ။ မင်းအတွက် လက်ဆောင်တော့ ငါ့မှာမရှိဘူးနော်!" ဗောဓိဘိုးဘေးက ညည်းတွားလိုက်သည်။
"ဆရာ ခေတ်နောက်ကျနေပြီ။ ကျွန်တော် အခု သူတော်စင်အဆင့်အင်မော်တယ်ပစ္စည်းသန့်စင်သူ တောင်မဟုတ်တော့ဘူး၊ သူတော်စင်အဆင့် ဆေးပညာရှင်ပါ ဖြစ်နေပြီနော်!" ရီဖန်က ဂုဏ်ယူစွာ ကြေညာလိုက်သည်။
ထင်ပါသည်။ သည်ကောင် ယနေ့ရောက်ချလာခြင်းက သူ့ကိုကြွားဝါရန်အတွက်သာဖြစ်ရမည်။ ဗောဓိဘိုးဘေးက သူ့တပည့်ကို ဆုံးမတော့မည့်အချိန်တွင် ရီဖန်ကပြောလိုက်သည်။
“ဆရာ၊ ဒီတစ်ခါတော့ ဆရာ့ကိုပြဖို့ တစ်ခုခုယူလာတယ်”
ဤသို့ဖြင့် ရီဖန်က ပျက်ဆီးခြင်းသွေးဆေးလုံးကို ထုတ်ယူလိုက်သည်။ ပျက်ဆီးခြင်းသွေးဆေးလုံးသည် အခြားသော အဆင့်နိမ့် တာအိုအဆင့်ဆေးလုံးများနှင့် များစွာကွာခြားပုံမပေါ်သောကြောင့် ဗောဓိဘိုးဘေးသည် သူ၏တပည့်က တာအိုအဆင့်ဆေးလုံးကို အဘယ်ကြောင့်လာပြနေကြောင်း တွေးတောနေသည်။
ရုတ်တရက် ဗောဓိဘိုးဘေးသည် တစ်ခုခုလွဲမှားနေကြောင်း ခံစားလိုက်ရ၏။ မကြာသေးမီက ဗောဓိဘိုးဘေး၏ မရေမတွက်နိုင်သောကိုယ်ပွားများသည် ပျက်ဆီးခြင်းနတ်ဆိုးဗီဇပြောင်းသူများကို ကုသရန် အလုပ်များနေခဲ့သောကြောင့် ပျက်ဆီးခြင်းရောင်ဝါကို မှတ်မိသွားသည်။
ယခုတွင် သူသည် ဆေးလုံးထဲရှိ မှိန်ဖျော့သော ပျက်ဆီးခြင်းရောင်ဝါကို ခံစားလိုက်ရသည်။
၎င်းသည် အလွန်အားနည်းသော်လည်း ဗောဓိဘိုးဘေးက ပျက်ဆီးခြင်းနတ်ဆိုးများအတွင်းရှိ ပျက်ဆီးခြင်းရောင်ဝါနှင့် အတိအကျတူပြီး နတ်ဆိုးချီထက်ပင်သာလွန်ကြောင်း သေချာသိ၏။ ဤဆေးလုံးသည် ပျက်ဆီးခြင်းနတ်ဆိုးများအတွက် ဖြစ်နိုင်သလား။
အံ့ဩစွာဖြင့် စိတ်သက်သာရာရသွားသော ဗောဓိဘိုးဘေးသည် ရီဖန်ကိုကြည့်လိုက်ရာ သူ၏အတည်ပြုပေးသောအကြည့်ကို မြင်လိုက်ရသည်။ ဗောဓိဘိုးဘေး၏ တည်ငြိမ်မှုဖြင့်ပင်လျှင် ထိုအခိုက်အတန့်၌ အလွန်အံ့ဩသွားရသည်။
“သူ့ရဲ့အကျိုးသက်ရောက်မှုကို စမ်းသပ်ပြီးပြီလား"
"စမ်းသပ်ပြီးသွားပြီ၊ ဆေးလုံးတစ်လုံးက ပျက်ဆီးခြင်းနတ်ဆိုးတစ်သိန်းလောက်ကို ကုသပေးနိုင်တယ်"
"အရမ်းကောင်းတယ် ရှောင်ဖန်၊ စတုရန်းလက်မတောင်က မင်းအတွက် ဂုဏ်ယူတယ်ကွာ”
ဗောဓိဘိုးဘေးမှာ သက်ပြင်းမချဘဲမနေနိုင်တော့ချေ။ တကယ်တန်းတွင် စတုရန်းလက်မတောင်က ရီဖန်အတွက်များစွာမကူညီနိုင်ဘဲ၊ ရီဖန်ကသာ စတုရန်းလက်မတောင်အတွက် အံ့အားသင့်စရာများကို အမြဲယူဆောင်လာပေးသည်။
ဗောဓိဘိုးဘေးက ချန်မင်ကမ္ဘာတွင် သူရုတ်ချည်းမွေးစားခဲ့သောတပည့်လေးက ဤမျှအံ့ဩဖွယ်ရာများကို ယူဆောင်လာပေးလိမ့်မည်ဟု မထင်ထားချေ။ ထိုထက်ပိုကောင်းသည်မှာ တပည့်လေးက ကျေးဇူးသိတတ်ပြီး သစ္စာစောင့်သိမှုကိုအလေးထားရှာ၏။
"မင်းနောက်ထပ် ဘယ်လိုဆက်လုပ်မလဲ"
ဗောဓိဘိုးဘေးသည် သူ့တပည့်လေးက သူ့ကိုလိုက်ရှာနေသည်ဖြစ်ရာ ပျက်ဆီးခြင်းသွေးဆေးလုံးကိုလည်း ကွယ်ဝှက်ထားလိမ့်မည်မဟုတ်ကြောင်း သိ၏။
"လိုအပ်ရင် ကျွန်တော် ဖြန့်ဝေပေးလို့ရတယ်။ ဒါပေမယ့် ပျက်ဆီးခြင်းသွေးဆေးလုံးရဲ့ အဓိကပါဝင်ပစ္စည်းက ရီမိသားစုရဲ့သွေးမျိုးဆက်ဖြစ်လို့ အချိန်တိုအတွင်းအရေအတွက်တော့ ပြတ်လပ်နိုင်တယ်နော်"
ထိုစကားကိုကြားသောအခါ ဗောဓိဘိုးဘေးသည် ထပ်မံအံ့ဩသွားလေသည်။ ရီမိသားစု၏ သွေးမျိုးဆက်သည် ဤမျှအစွမ်းထက်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ပျက်ဆီးခြင်းစွမ်းအားနှင့် ပတ်သက်သည့်အရာမှန်သမျှသည် ရိုးရှင်းခြင်းမရှိချေ။
"ကောင်းပြီ၊ မင်း ဖြန့်ဝေချင်တယ်ဆိုရင်တော့ မင့်ဆရာ ငါက ခြွင်းချက်မရှိပံ့ပိုးပေးမှာပေါ့"
အကယ်၍ အခြားသူများကသာ ၎င်းတို့မိသားစု၏သွေးမျိုးဆက် အကျိုးသက်ရောက်မှုများကို အခြားသူတစ်ဦးထံ ထုတ်ဖော်ပြသခဲ့မိပါက ၎င်းတို့သည် ဖမ်းဆီးခံရပြီး စမ်းသပ်ခံများဖြစ်လာကြရလိမ့်မည်ဖြစ်သည်။
သို့သော် ရီဖန်သည် တစ်ယောက်တည်းမဟုတ်ဘဲ၊ သူ့နောက်ကွယ်တွင် စတုရန်းလက်မတောင်ရှိသည်။ စတုရန်းလက်မတောင်၍တည်ရှိမှုကို လျစ်လျူရှုထားနိုင်သည့် အင်အားစုဟူ၍ မရှိချေ။ ထို့အပြင် ရီဖန်ကိုယ်တိုင်ကလည်း ခေသူမဟုတ်။ အင်မော်တယ်ဘုရင်အဆင့်၌ပင် တာအိုဘိုးဘေးများကို တွန်းလှန်နိုင်သည့် အင်အားရှိသည်။
ဗောဓိအိုဘိုးဘွားဧကရာဇ်နယ်ပယ်သို့ ဖြတ်ကျော်ဝင်ရောက်ပြီးနောက်တွင် ရီဖန်သည် သာမန်တာအိုဘိုးဘေးများထက် အားနည်းမည်မဟုတ်သည်မှာ သေချာပါ၏။
သူ မည်မျှစွမ်းအားကြီးကြောင်း အတိအကျမသိသော်လည်း ဗောဓိဘိုးဘေးက မေးမြန်းခြင်းမရှိဘဲ ရီဖန်ကလည်း မထုတ်ဖော်ခဲ့ပေ။
"ပထမဆရာတူအစ်ကို၊ ဒုတိယဆရာတူအစ်ကို၊ တတိယဆရာတူအစ်ကို…”
မကြာမီတွင် စတုရန်းလက်မတောင်၌ လူတစ်ဦးပြီးတစ်ဦး ထွက်ပေါ်လာသည်။ ၎င်းတို့ထဲတွင် ရီဖန်နှင့်ရင်းနှီးသော မျက်နှာများနှင့် သူကြားဖူးသော်လည်း မရင်းနှီးသောမျက်နှာများ ပါဝင်သည်။ ဗောဓိဘိုးဘေး၏တပည့် ခြောက်ဦးစလုံး ရောက်လာ၏။
ဗောဓိဘိုးဘေး၏ ဆက်ခံသူများဖြစ်ကြသော ယန်ကျန်းနှင့် စွန်းဝူခုန်းတို့အပြင် ဒဏ္ဍာရီလာပုဂ္ဂိုလ်များအားလုံးက ရီဖန်ကို စိတ်လှုပ်ရှားမှုစေခဲ့သည်။ ကျန်သုံးယောက်ကိုမူ ရီဖန် သူတို့အကြောင်းမကြားသေးချေ။
သို့သော် ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် အနည်းဆုံး တာအိုဘိုးဘေးနယ်ပယ်ဖြစ်သည်။ တကယ်တမ်းတွင် ဗောဓိဘိုးဘေး၏တပည့်များထဲ၌ အားနည်းသူမရှိပေ။
“ညီငယ်လေး၊ ဒီတခေါက် မင်းတကယ်ကို အံ့ဩစရာပဲကွာ”
စွန်းဝူခုန်းသည် ရီဖန်အပေါ် ချစ်ခင်လေးစားမှုအား မဖုံးကွယ်ထားပေ။ ကျန်သည့် ဆရာတူညီအကိုများကလည်း ဝိုင်းပြီးချီးမွမ်းကြ၏။
၎င်းတို့၏ ဆရာတူညီလေးသည် မွေးရာပါပင်ကိုယ်စွမ်းရည်အပြင် အခြားအရာအားလုံးတွင်လည်း အလွန်ကျွမ်းကျင်လှသည်။
ရီဖန်သည် မူလက မည်သည့်အခကြေးငွေကိုမျှတောင်းရန် အစီအစဉ်မရှိခဲ့သော်လည်း ဗောဓိဘိုးဘေးက သဘောမတူပေ။ အခကြေးငွေပေးဆောင်ရခြင်းရှိပါက အခြားသူများက ရီဖန်ကို လေးစားမည်ကြောင်း ၎င်းက လေးနက်စွာ ပြောကြားခဲ့သည်။ ရီဖန်သည် ဆရာအို၏ အကြံကို အမြဲလိုက်နာသောကြောင့်၊ ၎င်းကို ဆန့်ကျင်မည်မဟုတ်ပေ။
ဆရာတူအစ်ကိုများကလည်း ပြင်ပတွင် လှည့်လည်သွားလာခြင်းမပြုဘဲ ရီဖန်ကိုတစ်ချိန်လုံး စောင့်ရှောက်ရန် စီစဉ်နေကြသည်။ ဤတစ်ကြိမ်တွင် ရီဖန်၏သက်ရောက်မှုက ကြီးမားလွန်းသောကြောင့်၊ ပျက်ဆီးခြင်းဂိုဏ်းက သေချာပေါက်တုံ့ပြန်လိမ့်မည်။
ထို့ကြောင့် ရီဖန်ကို ကာကွယ်ရန် ဖြစ်မနေလိုအပ်၏။
ယခုဆိုလျှင် ရီဖန်ကို မျှော်လင့်ချက်အလင်းရောင်အဖြစ်ပင် ယူဆနိုင်သည်။ ဗောဓိဘိူးဘေးကလည်း အင်အားစုအမျိုးမျိုးရှိ တာအိုဘိုးဘေးများကို သတင်းပို့လိုက်ကာ စတုရန်းလက်မတောင်သို့ လာရောက်ရန် ကိုယ်တိုင်ဖိတ်ကြားခဲ့သည်။ ပျက်ဆီးခြင်းသွေးဆေးလုံး၏ အကျိုးသက်ရောက်မှုကို ပြသပြီးသည်နှင့် ဤတာအိုဘိုးဘေးများသည် အငြိမ်မနေနိုင်ကြတော့ချေ။
“ဗောဓိဘိုးဘေး၊ မင်းက နောက်ထပ်တပည့်လိမ္မာလေးတစ်ယောက် ရလိုက်တာပဲကွာ”
တာအိုဘိုးဘေးအများအပြားက ၎င်းတို့၏လေးစားမှုကို ဖော်ပြခဲ့ကြသည်။ ဗောဓိဘိုးဘေး၏ တပည့်များထဲတွင် မထူးခြားသည့်သူတစ်ဦးမှမရှိကြချေ။ ၎င်းတို့၏ ပင်ကိုယ်စွမ်းရည်ဖြစ်စေ ရိုးသားမှုဖြစ်စေ၊ အားလုံးက အကောင်းဆုံးလုပ်နိုင်စွမ်းရှိကြသည်။
ဗောဓိဘိုးဘေးသည် တည်ငြိမ်ဟန်ဆောင်နေသော်လည်း စိတ်ထဲတွင် အော်ရယ်နေ၏။ ဖန်ကုစကြာဝဠာထဲတွင် အကောင်းဆုံးဆရာသမားက ဗောဓိဘိုးဘေးဖြစ်သည်က်ို မည်သူကန့်ကွက်ရဲသနည်း။
တာအိုဘိုးဘေးများအားလုံးသည် ၎င်းတို့၏အရင်းအမြစ်များကိုကမ်းလှမ်းကာ ဆေးလုံးဝယ်ယူလိုသော်လည်း၊
ရီဖန်က ပျက်ဆီးခြင်းသွေးဆေးလုံးအများအပြားကို မထုတ်လုပ်နိုင်သေးချေ။
“လေးစားရတဲ့ ဆရာတို့။ ပျက်ဆီးခြင်းသွေးဆေးလုံးရဲ့ အကျိုးသက်ရောက်မှုသည် ထူးခြားပြီးတော့ ရီမိသားစုရဲ့သွေးမျိုးဆက်ကို ပိုင်ဆိုင်တဲ့ ဆေးပညာရှင်တွေကပဲ သန့်စင်နိုင်တာပါ။ ထုတ်လုပ်မှုကို တိုးမြှင့်ဖို့တော့ အချိန်ယူရဦးမယ်"
ရီဖန်သည် ပျက်ဆီးခြင်းသွေးဆေးလုံး၏ ဆေးနည်းကို တိုက်ရိုက်ထုတ်ဖော်ခဲ့ကာ သူ့တွင် စျေးနှုန်းများတိုးမြှင့်မည့် ရည်ရွယ်ချက်မရှိကြောင်း ဖော်ပြခဲ့သည်။ ပျက်ဆီးခြင်းသွေးဆေးလုံး ဆေးနည်းသည် အထူးအထွေမဟုတ်ချေ။ ၎င်း၏ တစ်ခုတည်းသောထူးခြားချက်မှာ ရီမိသားစု၏သွေးမျိုးဆက်ဖြစ်သည်။
ရီဖန်က ထိုကိစ္စကို လုပ်ကြံဖန်တီးမည်မဟုတ်ကြောင်း လူတိုင်းသိ၏။ စွမ်းဆောင်ရည်ကို မြှင့်တင်လိုပါက အခြားကဏ္ဍများကို လုပ်ဆောင်ရန်လိုအပ်သည်။
"ငါတို့ဟုန်ယွင်နယ်မြေက နတ်မိမယ်လေးတွေက အိမ်ထောင်ပြုနိုင်တဲ့ အရွယ်ရောက်ပြီလေ။ ရီမျိုးနွယ်စုခေါင်းဆောင်နဲ့ မဟာမိတ်ဖွဲ့ရင်ကောင်းမလားလို့ တွေးမိတယ်”
"မီးလျှံအင်မော်တယ်ဂိုဏ်းကလည်း အတူတူပါပဲ"
တာအိုဘိုးဘေးများသည် ရီမိသားစုနှင့်ပူးပေါင်းရန်အတွက် တစ်ဦးပြီးဖြစ်ဦး ကမ်းလှန်းလာသည်။ ရီဖန်နှင့် မဟာမိတ်မဖွဲ့နိုင်လျှင်ပင် ရီမိသားစု၏အခြားအဖွဲ့ဝင်များနှင့် ပေါင်းစည်းခြင်းကိုလည်း လက်ခံနိုင်၏။
တခြားဂိုဏ်းခွဲများသည် ၎င်းကိုကြားသောအခါ ပြောစရာမရှိတော့ချေ။ လူအလုံအလောက်မရှိလျှင် ရိုးရှင်းစွာပင် ထပ်မံဖန်တီးကြတော့မည်။ လူအရေအတွက်က အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသရွေ့ အကျိုးသက်ရောက်မှုက တိုးလာလိမ့်မည်။
မိသားစုတစ်စု၏အင်အားအတွက် လူဦးရေနှင့် အင်အားကိုမြှင့်တင်ခြင်းဖြစ်ရပ်သည် ခဲယဉ်းလှ၏။
ဤတိုက်ဆိုင်မှုများအားလုံးက ချန်မင်ကမ္ဘာတွင် ရီမိသားစု၏အဆင့်အတန်းကို သိသာထင်ရှားစေသည်။
ထိုအချိန်တွင် ရီမိသားစုကိုဆန့်ကျင်ဝံ့ပါက ရီဖန်ကိုယ်တိုင် လုပ်ဆောင်ရန်မလိုဘဲ၊ တာအိုဘိုးဘေးများက ၎င်းတို့ကို လုံးဝကိုင်တွယ်လိမ့်မည်။
…………….