အခန်း ၃၁၀-၃၁၂
Vol. 21 Ch. 310-312
အခန်း ၃၁၀ - မိသားစုစွမ်းအားရှင် အဆင့်ဆယ့်ခုနစ်၊ အင်မော်တယ်ဧကရာဇ်အဆင့်
သို့သော် လုံလောက်သောအင်အားမရှိဘဲ နတ်မင်းဆက်သို့တက်လှမ်းပြီးနောက်တွင် နတ်မင်းဆက်၏ကံကြမ္မာကို ဆက်ထိန်းသိမ်းရန် မဖြစ်နိုင်ပေ။ လုံးဝအဆင့်မတက်သေးတာက ပိုကောင်းလိမ့်မည်ဖြစ်၏။
နှစ်များတစ်လျှောက် အင်မော်တယ်မင်းဆက်များစွာသည် နတ်မင်းဆက်များဖြစ်လာသော်လည်း မဟာနတ်မင်းဆက်သုံးခုသာလျှင် ဆက်လက်ရပ်တည်နေနိုင်ကာ ၎င်းက မည်မျှခက်ခဲကြောင်းဖော်ပြနေသည်။
အရပ်ဘက်အရာရှိများ၏ဆန့်ကျင်မှုကိုပင် ရီရှောင်းရှောင်းက စိတ်မ၀င်စားချေ။ သူမသည် သူတို့နှင့် ဆွေးနွေးခြင်းမဟုတ်ဘဲ အသိပေးရုံမျှသာဖြစ်၏။
သို့သော်လည်း အရပ်ဘက်အရာရှိများ ထောက်ပြသည်မှာလည်း မှန်သည်။ နတ်မင်းဆက်၏ကံကြမ္မာကိုခုခံပေးမည့် တာအိုဘိုးဘေးမရှိဘဲ အဆင့်တက်လှမ်းပါက ကျဆုံးသွားနိုင်သည်။
တာအိုဘိုးဘေးနှင့်ပက်သက်၍ ရီရှောင်းရှောင်းထံတွင် ကိုယ်စားလှယ်လောင်းတစ်ဦးရှိနေပါ၏။ ရီဖန်၏ ဆရာတူညီအစ်ကိုများက အကောင်းဆုံးရွေးချယ်မှုမဟုတ်လား။ ရီဖန်ကိုယ်တိုင် ဆောင်ရွက်ရန်ပင် မလိုအပ်ဘဲ၊ သူမကိုယ်တိုင် ပြီးမြောက်အောင်ဆောင်ရွက်နိုင်သည်။
လက်ရှိတာ့ယွီအင်မော်တယ်မင်းဆက်သည် ယခင်ကဲ့သို့ ချန်မင်နယ်မြေတွင် ပိတ်မိနေသောအင်အားစုကလေး လုံးဝမဟုတ်တော့ပေ။ ယခုအခါတွင် တာ့ယွီအင်မော်တယ်မင်းဆက်သည် ဖန်ကုစကြဝဠာတစ်ခုလုံးတွင်ပင် ကျော်ကြားသည် ။
စတုရန်းလက်မတောင်တန်းပေါ်တွင် ဗောဓိဘိုးဘေးသည် တခဏမျှ တိတ်ဆိတ်သွားပြီးနောက် သူ၏ဒုတိယတပည့်ကိုပြောလိုက်သည်။
"ကောင်းကင်ဘုံရုံးတော်က နှစ်သန်းပေါင်းများစွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီ၊ မင်းရွေးချယ်သင့်တယ်"
"မင်းရဲ့လမ်းစဉ်က လူသားမျိူးနွယ်စု စစ်နတ်ဘုရား ဖြစ်ဖို့ပဲ၊ မင်းရွေးချယ်လိုက်တာ မှန်တယ်!"
ယန်ကျန်းက ခေါင်းညိတ်လိုက်ပြီး
"အဲတာက ရီရှောင်းရှောင်းရဲ့ တာ့ယွီအင်မော်တယ်မင်းဆက်ပါ၊ သူမက လူသားဧကရာဇ်ဖြစ်ပြီးတော့၊ ကျွန်တော်က စစ်နတ်ဘုရား ဖြစ်လာလိမ့်မယ်"
"လူသားဧကရာဇ်ပေါ်ပေါက်လာလို့ ဒီခေတ်ကလည်း ထူးထူးခြားခြားဖြစ်လာမယ့်ပုံပဲ"
“နတ်လမ်းကြောင်းတောင် ပွင့်လာမလားမသိဘူး”
လူ့ဧကရာဇ်ပေါ်လာသည်၊ နတ်ဆိုးနတ်ဘုရား ပြန်လည်ရှင်သန်လာမည်။ ဗောဓိဘိုးဘေးကိုယ်တိုင်ပင်လျှင် နောင်ဘာဖြစ်လာမည်ကို မခန့်မှန်းနိုင်တော့ချေ။
"သွား၊ သွား!"
ဗောဓိဘိုးဘေးက သူ့လက်ကိုဝှေ့ယမ်းကာ ယန်ကျန်းကို ထွက်သွားနိုင်ကြောင်းပြောလိုက်သည်။
ယန်ကျန်းသည် စတုရန်းလက်မတောင်ပေါ်မှ ထပ်မံထွက်ခွာလာသောအခါ၊ သူ၏ငွေဖြူရောင်ချပ်ဝတ်တန်ဆာသည် တောက်ပနေခဲ့၏။
“ရှောင်ထျန်းရေ သွားရအောင်!"
ခွေးနက်တစ်ကောင်သည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ယန်ကျန်း၏ခြေရင်းဆီသို့ ပြေးလိုက်သွားသည်။ နှစ်များစွာကြာပြီးနောက် နောက်ဆုံးတွင် ၎င်း၏ပိုင်ရှင်နှင့် နောက်တစ်ကြိမ်အတူတိုက်ပွဲဝင်နိုင်တော့မည်။
"ဆရာ၊ ကျွန်တော် ပန်းသစ်သီးတောင်ကို ပြန်တော့မယ်"
စွန်းဝူခုန်းသည် ရုတ်တရက်ပေါ်လာကာ ဗောဓိဘိုးဘေးဘေတွင် ရပ်လိုက်သည်။
စွန်းဝူခုန်းထွက်ခွာသွားသောအခါ တောင်စောင်းတွင် ထင်းခုတ်သမားကသာ သူ့အလုပ်များကို ဆက်လက်လုပ်ဆောင်ရင်း ကျန်ရှိနေခဲ့သည်။
ရီမိသားစုတွင် ရီဖန်သည် နတ်လက်နက်ကိုအဆင့်မြှင့်တင်နေ၏။ မူလက ရီဖန်သည် သူ၏ကျင့်ကြံမှုအဆင့်ကြောင့် အလယ်အလတ်အဆင့် နတ်လက်နက်များကိုပြုပြင်ရန် အလွန်ခက်ခဲခဲ့သော်လည်း ကမ္ဘာ့စွမ်းအားကြောင့် ထိုပြဿနာအတွက် အဖြေရရှိသွားပြီဖြစ်သည်။ ကမ္ဘာ့စွမ်းအားကို ဖြည့်စွက်ခြင်းဖြင့် ရီဖန်သည် နောက်ဆုံးတွင် အလယ်အလတ်အဆင့် နတ်လက်နက်များကို သန့်စင်နိုင်ခဲ့သည်။
ရီဖန်လုပ်ခဲ့သော ပထမဆုံးအရာမှာ သူ၏ နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အလယ်အလတ်အဆင့် နတ်လက်နက်အဖြစ် အဆင့်မြှင့်တင်ခြင်းဖြစ်သည်။ ရီဖန်သည် လက်ရှိတွင် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်ခြင်းမရှိဘဲ အလယ်အလတ်အဆင့် နတ်လက်နက်များစွာကို ပြုပြင်နိုင်သည်။
တစ်ဖက်တွင် တာ့ယွီအင်မော်တယ်မင်းဆက်သည် အင်မော်တယ်မင်းဆက်မျှရှိသေးသည်။
ရီရှောင်းရှောင်းသည် တာ့ယွီအင်မော်တယ်မင်းဆက်၏ နောက်ဆုံးအဆင့်တက်လှမ်းခြင်းအတွက် ပြင်ဆင်နေသည်။ လက်ရှိ တာ့ယွီအင်မော်တယ်မင်းဆက်တွင် ကြယ် ၂၈ လုံးနှင့် အရှေ့ဧကရာဇ်တို့ပါဝင်သော အင်မော်တယ်ဘုရင် ၂၉ ပါးရှိသည်။
ကြယ်စုတပ်ဖွဲ့နှင့် ပေါင်းစပ်ထားသော ကြယ်တာရာ ၂၈ လုံးသည် အင်မော်တယ်ဧကရာဇ်နယ်မြေ စွမ်းအားရှင် ၂၈ဦးနှင့် ကိုက်ညီကာ ၎င်းတို့၏အခြေခံအုတ်မြစ်သည်လည်း လုံလောက်၏။ ကံကြမ္မာကိုတွန်းလှန်ရန်လိုအပ်သော တာအိုဘိုးဘေးများသည်လည်း နေရာယူထားပြီးဖြစ်သည်။
ယန်ကျန်းအတွက် တာ့ယွီစစ်နတ်ဘုရားဘွဲ့ကို ရီရှောင်းရှောင်း ကိုယ်တိုင်ပေးအပ်ခဲ့သည်။ ထိုရာထူးနှင့် ပတ်သက်၍ အစပိုင်းတွင် လူတော်တော်များများက ကန့်ကွက်ခဲ့ကြသော်လည်း ယန်ကျန်းသည် ၎င်း၏တာအို ဘိုးဘေးကျင့်ကြံမှုအဆင့်နှင့် ရီဖန်၏ ဆရာတူအစ်ကိုဖြစ်ကြောင်းကို သိသွားသောအခါ လူတိုင်းပါးစပ်ပိတ်သွားကြသည်။
ထိုအရပ်ဘက်အရာရှိများပင် ရီရှောင်းရှောင်းကို အချိန်ဆွဲရန် အကြံမပေးကြတော့ချေ။ ယန်ကျန်းနှင့် သူ၏တာအိုဘိုးဘေးဟူသည့် ခေါင်းစဉ်ကို စောစောသိခဲ့လျှင် သူတို့တုံ့ဆိုင်းနေမည်မဟုတ်ပေ။ အားလုံးအဆင်သင့်ဖြစ်ပြီဖြစ်ရာ အရှေ့လေတိုက်ခတ်ရန်သာ လိုတော့သည်။
ဤအရှေ့လေသည် ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်ကို ရည်ညွှန်းသည်။ အင်မော်တယ်ဘုရင် ကျင့်ကြံမှုအဆင့်သည် အားနည်းနေသေး၏။ အင်မော်တယ်ဧကရာဇ်နယ်မြေသို့ ဖြတ်ကျော်ရမည့်အချိန်ရောက်လေပြီ။
လူ့ဧကရာဇ်၏အမွေသည် ရီရှောင်းရှောင်း၏ကျင့်ကြံမှုကို အင်မော်တယ်ဘုရင်အထွတ်အထိပ်သို့ ယူဆောင်လာပေးသောကြောင့် သူမ၏အခြေခံအုတ်မြစ်သည် ပြီးပြည့်စုံသည်။
လူသားဧကရာဇ်နှလုံးသား ပေါင်းစည်းခြင်းကြောင့်သာမဟုတ်ပါက၊ ရီရှောင်းရှောင်း၏ ကျင့်ကြံမှုသည် အဆင့်တက်လှမ်းပြီးသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ ယခုတွင် အရာအားလုံးပြီးမြောက်သွားသည့်အတွက် ရီရှောင်းရှောင်လည်း နှောင့်နှေးစရာအကြောင်းမရှိတော့ချေ။
အင်မော်တယ်စွမ်းအား နောက်ဆုံးကြိုးမျှင်သည် ရီရှောင်းရှောင်း၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် သူမ၏တိုးတက်မှုသည် အနည်းငယ်တိုးလာပြန်သည်။ ဤနည်းဖြင့် ကျင့်ကြံမှုအဆင့်သည် ပိတ်ဆို့မှုကိုတိုက်ရိုက်ချိုးဖျက်သွားခဲ့သည်။
ရီရှောင်းရှောင်း၏ ကျင့်ကြံမှု အဆင့်သည် အင်မော်တယ်ဘုရင် အထွတ်အထိပ်မှ အင်မော်တယ်ဧကရာဇ်၏ အစောပိုင်းအဆင့်အထိ တိုးမြင့်သွား၏။ အောင်မြင်မှုတစ်ခုအတွင်း အခြားသော အင်မော်တယ်ဧကရာဇ်များ ကြုံတွေ့ရသည့် မရေမတွက်နိုင်သော အခက်အခဲများနှင့်ဆန့်ကျင်လျက် ၎င်းသည် ရေလက်ကြားထဲသို့ စီးဆင်းသွားသောရေပမာ သဘာဝကျလှသည်။ ဤသည်မှာ ရီမိသားစုကျင့်ကြံသူများ၏ လေးနက်သော အခြေခံအုတ်မြစ်ကို ပြသနေ၏။
ရီရှောင်းရှောင်း၏အောင်မြင်မှုပြီးနောက်တွင်
ရီဖန်၏စိတ်ထဲသို့ စနစ်အချက်ပေးသံဝင်လာသည်။
"မိသားစုအဖွဲ့ဝင် ရီရှောင်းရှောင်းက အင်မော်တယ်ဧကရာဇ်နယ်မြေကို အောင်မြင်စွာဖြတ်ကျော်နိုင်ခဲ့ပါပြီ။ ရေရှည်တာဝန်ကို ပြီးမြောက်စေတဲ့အတွက် ဂုဏ်ယူပါတယ်။ မိသားစုစွမ်းအားရှင် အဆင့်ဆယ့်ခုနစ် အင်မော်တယ်ဧကရာဇ်နယ်မြေ ပြီးဆုံးသွားလို့ ဆုထုတ်ယူနိုင်ပါပြီ"
ရီရှောင်းရှောင်းက အဆင့်ကျော်ဖြတ်သွားပြီလား?
ထိုသတင်းကြောင့် ရီဖန်ပင်အနည်းငယ် လန့်သွားသည်။
ရီရှောင်းရှောင်း၏ အောင်မြင်မှုသည် အမှန်တကယ်ပင် သတင်းကောင်းတစ်ခုဖြစ်၏။ ရီရှောင်းရှောင်းက အင်မော်တယ်ဧကရာဇ်နယ်မြေသို့ရောက်ရှိနေပြီဖြစ်သောကြောင့် ရီဖန်သည်လည်း တာအိုဘိုးဘေးနယ်ပယ်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းပိုနီးစပ်နေပြီဖြစ်သည်။
“စနစ်၊ ဆုထုတ်လိုက်ပါ”
"ဆုအတွက် သခင့်ကို ဂုဏ်ယူပါတယ် ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားကိုရရှိပါတယ်”
၎င်းက စွမ်းရည်သို့မဟုတ် ဉာဏ်အလင်းမဖြစ်ရသနည်း။ တာအိုဘိုးဘေးနယ်မြေအထက်တွင် ပို၍အစွမ်းထက်သည့် အရာတစ်ခုရှိမရှိကို ရီဖန်သိချင်လာသည်။ ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားသည် သူတော်စင်နယ်မြေကို ဖြတ်ကျော်ရန်လိုအပ်သော အရာဖြစ်သည့် မဟာတာအို၏ အခြေခံအုတ်မြစ်ဖြစ်သည်။
မိတ်ဆက်စာနည်းလေ တန်ဖိုးကြီးလေဖြစ်သောကြောင့် သူ့ကို အမှန်တကယ် လှည့်စားလိမ့်မည်မဟုတ်တန်ရာ။ မိတ်ဆက်စကားအနည်းငယ်မျှသာပါခြင်းက ဤဟုန်မိန်ခရမ်းရောင်ချီစွမ်းအား၏ အံ့ဩဖွယ်သဘာဝကိုပြနေသည်။
သူ၏ယခင်ဘဝက ရီဖန်သည် အရိုင်းခေတ်ဝတ္ထုများကိုလည်း ဖတ်ဖူးသောကြောင့် မဟာတာအို၏အခြေခံအုတ်မြစ်ကို သိထားသည်။ ဖန်ကုစကြဝဠာတွင်တည်ရှိနေသော သူတော်စင်အဆင့်စွမ်းအားရှင်များအကြောင်းကို ရီဖန်မကြားခဲ့ဖူးဘဲ၊ သူ့သခင်ပင်လျှင် ၎င်းအကြောင်း မပြောပြဖူးချေ။
ဤဖန်ကုစကြာဝဠာတွင် သူသည်အထွတ်အထိပ်သို့ မရောက်သေးပုံရသည်။ ဟုန်မိန်ခရမ်းရောင်ချီရှိသောကြောင့် ဤကမ္ဘာတွင် သူတော်စင်နယ်မြေစွမ်အားရှင်များ၏အသွင်အပြင်ကို မြင်တွေ့ရမည်ဖြစ်သော်လည်း အဘယ်ကြောင့် မပေါ်ထွက်လာရသေးကြောင်း သူမသိချေ။
ဤမေးခွန်းအတွက် အဖြေမရှိပါ။ ၎င်းကို နောက်ပိုင်းမှသာ စူးစမ်းအဖြေရှာနိုင်လိမ့်မည်။ သို့သော် ဟုန်မိန်ခရမ်းရောင်ချီဖြင့် ရီဖန်သည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်ခွင့်လတ်မှတ်ကို ရရှိနေပြီဖြစ်သည်။
ရီဖန်က ဟုန်မန်သည် ကျင့်ကြံမှုအဆင့်ပိတ်ဆို့ခံထားရသည့် သူ့အတွက် အသုံးမဝင်မှန်းသိသောကြောင့် ရီမိသားစုအတွက်သာ သုံးသင့်သည်။ မည်သူ့ကို ပေးရမည်နှင့်ပက်သက်၍ ရီဖန်က မဆုံးဖြတ်သေးပေ။ စနစ်က သူ့ကိုတစ်ခုပေးထားသောကြောင့် ဒုတိယတစ်ခုပေးရန် အလားအလာရှိသေးရာ ရီဖန်ကလည်း ယခုချက်ချင်းပေးရန် အလျင်မလိုချေ။
ဟုန်မိန်ခရမ်းရောင်ချီကို ဖယ်ထားပြီးနောက် ရီဖန်သည် အကြီးဆုံးအထောက်အပံ့ဖြစ်သည့် ရီရှောင်းရှောင်းထံ သွားသင့်သည်ဟု ခံစားခဲ့ရသည်။ ရီရှောင်းရှောင်းကြောင့်သာ မဟုတ်ပါက သူဤရတနာကိုရယူရန် အခွင့်အရေးရှိမည်မဟုတ်ချေ။
နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို အဆင့်မြှင့်ပြီးနောက်တွင် ရီဖန်ထံ၌ အခြားလုပ်စရာမရှိပေ။ အတွေးတစ်ခုဖြင့် ရီဖန်သည် ချန်မင်ကမ္ဘာသို့ ပြန်လာခဲ့သည်။ ချန်မင်ကမ္ဘာတွင် ရီဖန်သည် ရင်းနှီးသောရောင်ဝါကို ရုတ်တရက် ခံစားလိုက်ရသည်။
သူ၏ဒုတိယဆရာတူအစ်ကိုက ချန်မင်ကမ္ဘာတွင် မည်သို့ရှိနိုင်မည်နည်း။ ချန်မင်ကမ္ဘာတွင် တစ်ခုခုဖြစ်ခဲ့သလား။ ရီဖန်သည် တုံ့ဆိုင်းနေခြင်းမရှိဘဲ ချက်ချင်းပင် တာ့ယွီနိုင်ငံမြို့တော်သို့သွားကာ ရီရှောင်းရှောင်းနှင့်တွေ့ခဲ့သည်။
"ရှောင်းရှောင်း၊ တာ့ယွီအင်မော်တယ်မင်းဆက်မှာ တစ်ခုခုဖြစ်ခဲ့လို့လား၊ ဒုတိယဆရာတူအစ်ကိုက ဘာလို့ရောက်နေတာလဲ"
ရီဖန်၏စကားကိုကြားသောအခါတွင် ရီရှောင်းရှောင်းက မရယ်ဘဲမနေနိုင်တော့ချေ။ ရီရှောင်းရှောင်းသည် နတ်မင်းဆက်၏အရေးကိစ္စများတွင် အလုပ်ရှုပ်နေသောကြောင့် ယန်ကျန်းက တာ့ယွီအင်မော်တယ်မင်းဆက်၏ စစ်နတ်ဘုရားဖြစ်လာကြောင်းကို ရီဖန်အားပြောပြရန် မေ့သွားခဲ့သည်။
ထို့ကြောင့် ရီဖန်သည် ဆွံ့အသွား၏။ ထိုအကြောင်းကို လူတိုင်းသိကြပြီး သူက မိသားစုခေါင်းဆောင်အဖြစ်သော်လည်း နောက်ဆုံးမှသိလိုက်ရသည်။
"ဒုတိယဆရာတူအစ်ကို၊ မင်းက ငါ့ကို တကယ်ကြီး ဘာမှမပြောဘဲထားခဲ့တာ"
ယန်ကျန်းကိုကြည့်ရင်း ရီဖန်သည် စိတ်တိုသယောင်ဖြစ်နေသည်။ ယန်ကျန်းက ခပ်ဖျော့ဖျော့ပြုံးရင်းပြောလိုက်သည်။
"မင်းအတွက် အံ့ဩစရာမဟုတ်ဘူးလား"
"အံ့ဩစရာလိုများ ပြောလိုက်တာလား၊ ငါ့အတွက်တော့ လန့်စရာပဲဟေ့!"
"စကားမစပ်၊ အစ်ကို မင်းရဲ့သုံးမြှောင့်နှစ်ထပ်ဓားပေးဦး၊ အဆင့်မြှင့်ပေးမယ်လေ"
ထိုစကားများက ယန်ကျန်း၏တည်ငြိမ်ဟန်ဆောင်နေမှုကို ဆက်လက်မထိန်းနိုင်စေတော့ချေ။
"ညီလေး၊ မင်းရဲ့ အင်မော်တယ်ပစ္စည်းသန့်စင်နည်းစနစ်က ထပ်ပြီးတိုးတက်လာပြန်တာလား"
"နည်းနည်းလေး တိုးတက်လာရုံပါ” ရီဖန်က ဂုဏ်ယူစွာပြောသည်။
ရင်းနှီးသူများရှေ့တွင် ရီဖန်သည် လိုအပ်ပါက မိမိကိုယ်မိမိအမှန်အတိုင်း ကြွားလုံးထုတ်လေ့ရှိသည်။ သူက နှိမ့်ချနေထိုင်ရမည်လား? မည်သို့မျှမဖြစ်နိုင်ချေ! လူတွေကိုမပြရလျှင် ဘာမှအကျိုးရှိလိမ့်မည်မဟုတ်ပေ။
"မြန်မြန်၊ မြန်မြန်၊ ငါ့ကို မြန်မြန် အဆင့်မြှင့်ပေးပါဦး!"
ယန်ကျန်းသည် သူ၏အင်မော်တယ်လက်နက်နှင့် သူတော်စင်အဆင့်ပစ္စည်းမျိုးစုံကိုထုတ်ကာ ရီဖန်ထံပေးလိုက်သည်။
ရီဖန်က ယန်ကျန်းကို စိတ်မပျက်စေခဲ့ဘဲ မကြာမီတွင် အသစ်စက်စက် အလယ်အလတ် နတ်လက်နက်ဖြစ်သည့် သုံးမြှောင့်နှစ်ထပ်ဓားကို ယန်ကျန်းလက်သို့ အပ်လိုက်သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်ရှေ့၌ နှုတ်ခမ်းဆူနေသောမျောက်တစ်ကောင် ပေါ်လာ၏။
"ညီလေး၊ ငါမင်းရဲ့အချစ်ဆုံး ဆရာတူအစ်ကိုရော ဟုတ်သေးရဲ့လား"
စွန်းဝူခုန်းသည် ရီဖန်ကို သူမတရားခံနေရပါသည်ဟူသော အမူအရာဖြင့်ကြည့်လိုက်သောကြောင့် ရီဖန်ထိတ်လန့်သွားရသည်။
………….
အခန်း ၃၁၁ - ပျောက်ဆုံးသွားသော ကံကြမ္မာရွှေကွင်း
ထိုသနားစရာကောင်းသောအမူအရာနှင့် တွဲလျက်ပေါ်လာသော သူ့စိတ်ထဲရှိပုံရိပ်က ရီဖန်ကိုပင်သေစေနိုင်သည်။
"တတိယဆရာတူအစ်ကို၊ ငါ မင်းကိုမမေ့ပါဘူး!" ရီဖန်က အလျင်အမြန် ချေပလိုက်သည်။
အမှန်တကယ်ပင် ရီဖန်လိမ်နေခြင်းမဟုတ်။ စတုးန်းလက်မတောင်မှ ဆရာတူအစ်ကိုများစွာ၏လက်နက်များသည် ရီဖန်အဆင့်မြှင့်တင်နိုင်သမျှ အတိုင်းအတာဖြစ်ကြ၏။
ရီဖန်မူလကဖန်တီးထားသည့် စွန်းဝူခုန်း၏ ရွှေတုတ်ချောင်းသည် ယခုအခါတွင် အဆင့်မြှင့်တင်ရန် ပိုမိုလွယ်ကူသွားပြီဖြစ်သည်။မကြာမီတွင် ၎င်းသည် အလယ်အလတ်အဆင့် နတ်လက်နက်တစ်ခုဖြစ်လာသည်။
တစ်ဖက်တွင် ရီရှောင်းရှောင်းသည် တာ့ယွီအင်မော်တယ်မင်းဆက်အတွက် ရွှေရောင်ကံကြမ္မာကိုစုဆောင်းကာ နတ်မင်းဆက်အဖြစ်သို့ အဆင့်မြှင့်တင်ရန် အချိန်နီးကပ်လာလေပြီ။
“တတိယဆရာတူအစ်ကို၊ မင်းရော အခက်အနားပွဲတက်သင့်တယ်လေ” ရီဖန်က စွန်းဝူခုန်းကို ဖိတ်ခေါ်လိုက်သည်။
“ကောင်းပြီ၊ ငါလည်းတက်မယ်!" စွန်းဝူခုန်းသည် တက်ကြွသောလူစုလူဝေးပွဲတွင် ပါဝင်ရန် အလွန်စိတ်ဝင်စားခဲ့သည်။ထို့အပြင် စွန်းဝူခုန်းသည် သူ၏ဒုတိယဆရာတူအစ်ကို ယန်ကျန်းကို ထိုနိုင်ငံ၏စစ်ပွဲနတ်ဘုရားဖြစ်လာရန် လိုလားစေသည့် တာ့ယွီအင်မော်တယ်မင်းဆက်၏ တည်ရှိမှုကို မြင်ချင်၏။
စွန်းဝူခုန်းနှင့် ယန်ကျန်းတို့ ညီအစ်ကိုနှစ်ယောက်သည် သာမန်နေ့များတွင် မပြေလည်ကြသော်လည်း စွန်းဝူခုန်းသည် ယန်ကျန်းကို အကောင်းဆုံးသိသည်။ ယန်ကျန်းသည် အလွန်အကဲဆတ်ကာ သူ့မျက်လုံးကို ဖမ်းစားနိုင်သည့်အရာက သာမန်မဟုတ်သည်မှာ သေချာသည်။ သို့မဟုတ်ပါက ရီဖန်မျက်နှာရှိလျှင်ပင် ယန်ကျန်းကလိုက်လျောမည်မဟုတ်ချေ။
“တာ့ယွီအင်မော်တယ်မင်းဆက်က မင်းကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး”
ယန်ကျန်း၏ စကားထဲတွင် သေချာမှုတို့ရှိနေသည်။ ထိုအချိန်တွင် ယန်ကျန်းသည် မဟာယုအင်မော်တယ်မင်းဆက်အကြောင်း များစွာသိထားပြီးဖြစ်သည်။ ရီရှောင်းရှောင်းသည် ယန်ကျန်းထံမှ မည်သည့်အရာကိုမျှ ဖုံးကွယ်မထားသောကြောင့် တာ့ယွီအင်မော်တယ်မင်းဆက်နှင့်ပတ်သက်သော လျှို့ဝှက်ချက်အချို့ကို သူသိခဲ့ရ၏။
သူပိုသိလာလေ ယန်ကျန်းသည် တာ့ယွီအင်မော်တယ်မင်းဆက်ကို ပိုတန်ဖိုးထားလာလေဖြစ်သည်။ ဧကရာဇ်ရီရှောင်းရှောင်း၊ ကြယ်စုတပ်ဖွဲ့၊ သူတို့အားလုံးသည် ထူးခြားသောတည်ရှိမှုတစ်ခုဖြစ်ကြသည်။
ထို့အပြင် ရီဖန်က ၎င်းတို့ကို ကျောထောက်နောက်ခံပေးထားခြင်းဖြင့် တာ့ယွီအင်မော်တယ်မင်းဆက်တွင် လူသားဧကရာဇ်တစ်ပါးရှိရန် ထိုက်တန်ပါ၏။
ယန်ကျန်း၏စကားက စွန်းဝူခုန်းကို ပို၍ပင် စူးစမ်းချင်စိတ်ဖြစ်စေခဲ့သည်။ တာ့ယွီအင်မော်တယ်မင်းဆက်တွင် မည်သည့်အရာများရှိနေသနည်း။
ယနေ့သည် မင်းဆက်တစ်ခုလုံးအတွက် အလွန်အရေးကြီးသော တာ့ယွီအင်မော်တယ်မင်းဆက်၏ အဆသ့်တက်လှမ်းသည့်နေ့ဖြစ်သည်။ တာ့ယွီအင်မော်တယ်မင်းဆက်၏ ကျင့်ကြံသူအားလုံး ရောက်ရှိလာရုံသာမကဘဲ အင်အားစုကြီးများကလည်း အခမ်းအနားသို့တက်ရောက်ရန် တပ်ဖွဲ့ဝင်များကို စေလွှတ်ခဲ့သည်။ ဤနှစ်များတွင် ပျက်ဆီးခြင်းသွေးဆေးလုံး၏တည်ရှိမှုကြောင့် အင်အားကြီးစုကြီးများသည် တာ့ယွီအင်မော်တယ်မင်းဆက်နှင့် အပြန်အလှန် ဆက်ခံခဲ့ကြသည်။
ရီရှောင်းရှောင်း၏ ဖိတ်ကြားချက်ကိုရသောအခါ ရီရှောင်းရှောင်းကို မလေးစားသော်လည်း၊ တာ့ယွီအင်မော်တယ်မင်းဆက်နောက်ကွယ်ရှိ ရီမိသားစုကို လေးစားရမည်ဖြစ်သောကြောင့် မြို့ထဲတွင် ကျင့်ကြံသူများနှင့်ပြည့်ကျပ်နေသည်။
ရီရှောင်းရှောင်းသည် ဖီးနစ်ဝတ်ရုံကို ၀တ်ဆင်ထားလျက် မြင့်မားသောစင်မြင့်ထက်တွင် ရပ်နေသည်။
အကြည့်အားလုံးက ရီရှောင်းရှောင်းထံသို့ ကျရောက်နေကြ၏။ နောက်အခိုက်အတန့်တွင် ပေတစ်သန်းခန့်ရှည်လျားသော ကံကြမ္မာရွှေနဂါးကြီးသည် ကောင်းကင်သို့ ပျံတက်သွားသည်။ ကောင်းကင်ယံတွင် မှင်ရောင် ကောင်းကင်မျက်လုံးပေါ်လာကာ ၎င်းကိုစေ့စေ့ကြည့်နေ၏။
ကံကောင်းခြင်းရွှေနဂါး၏ဟိန်းဟောက်သံနှင့်အတူ ၎င်းသည်ကံကောင်းခြင်းအစုအဝေးအဖြစ်သို့ တဖြည်းဖြည်း ပြောင်းလဲသွားကာ အပုံကိုးပုံအဖြစ် ခွဲခြမ်းလိုက်သည်။ ကံတရားအစုအဝေးတစ်ခုစီသည် အင်မော်တယ်မင်းဆက်တစ်ခု၏ စုစုပေါင်းကံနှင့်ပင် နှိုင်းယှဉ်နိုင်သည်။
ကံကြမ္မာသည် ဖြည်းညှင်းစွာရွေ့လျားသွားပြီးနောက် ကောင်းကင်ယံမှမိုးခြိမ်းသံက ၎င်းအပေါ်သို့ရံဖန်ရံခါ ကျရောက်လာကာ ၎င်း၏ပုံစံကိုဖြစ်ပေါ်လာစေသည်။ မကြာမီတွင် အမြုတေပုံစံရှိသည့် ရွှေကံကြမ္မာကိုးခု ပေါ်ပေါက်လာ၏။ နတ်မင်းဆက်၏ကံကြမ္မာသည် ကြီးမားလွန်းသောကြောင့် ဖိနှိပ်ထားရန်လိုအပ်သည်။
ရွှေနဂါးသည် ကံကြမ္မာဖိနှိပ်ခြင်းအတွက် အကောင်းဆုံးပုံစံဖြစ်သည့် ကံကြမ္မာရွှေကွင်းအဖြစ်ပြောင်းလဲသွားသည်။ သို့သော် ၎င်းသည်လည်း အရေအတွက်ကို အခြေခံထားသည်။ တစ်ခုမှ ကိုးခုအထိ ကံကြမ္မာရွှေကွင်းကိုးခုက စကြဝဠာကို လှုပ်ခတ်စေ၏။ နတ်မင်းဆက်အများစုတွင် ရွှေကွင်းခြောက်ခုသို့မဟုတ် အနည်းငယ်သာရှိတတ်သည်။ တန်ခိုးအကြီးဆုံး မင်းဆက်သုံးဆက်ထဲမှ ချင်မင်းဆက်၌ပင် ရှစ်ကွင်းသာရှိ၏။
တာ့ယွီအင်မော်တယ်မင်းဆက်၏အမြုတေကိုးခု ပေါ်ထွက်လာသောအခါတွင် လူတိုင်း တုန်လှုပ်သွားကြသည်။ ရွှေကွင်းအရေအတွက်က နတ်မင်းဆက်၏အလားအလာကို ကိုယ်စားပြု၏။ ၎င်းက တာ့ယွီနတ်မင်းဆက်၏ အလားအလာသည် မဟာချင်မင်းဆက်ကို ကျော်လွန်သွားပြီဟု ဆိုလိုပါသလား။
မူလက တာ့ယွီနတ်မင်းဆက်မွေးဖွားခြင်းကို ဆင်နွှဲရန်အတွက် ရောက်ရှိလာသော ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏နှလုံးသားထဲတွင် အတွေးအမြင်အချို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ တာ့ယွီနတ်မင်းဆက်တွင် ကြီးမားသော အလားအလာရှိသည်။ သူတို့နှင့်ဆက်ဆံရေးကို နက်ရှိုင်းစေသင့်သလား။ နောက်ဆုံးတွင် တာ့ယွီနတ်မင်းဆက် ကြီးထွားလာပါက ဆက်ဆံရေးတည်ဆောက်ရန် လွယ်ကူတော့မည်မဟုတ်ပေ။
"ဂိုဏ်းကို ချက်ခြင်းသတင်းပို့ပြီး ဂုဏ်ပြုလက်ဆောင်တွေ ထပ်ပို့ခိုင်းလိုက်!"
အင်အားစုအများအပြားက တူညီသောအမိန့်ကို ထုတ်ပြန်ခဲ့ရာ ပိုများသော ဂုဏ်ပြုလက်ဆောင်များသည် အပုံလိုက်ထပ်နေ၏။ ဂိုဏ်းခွဲများစွာသည် ဤအခမ်းအနားကို တက်ရောက်ခဲ့ကြသော်လည်း ၎င်းတို့ယူဆောင်လာသောလက်ဆောင်များသည် ပုံမှန်လက်ဆောင်များသာဖြစ်သည်။
ယခုတွင် တာ့ယွီနတ်မင်းဆက်၌ ဤမျှကြီးမားသော အလားအလာရှိသောကြောင့် ထိုသို့သော လက်ဆောင်သေးသေးလေးများပေးခြင်းက မထီမဲ့မြင်ပြုရာရောက်လိမ့်မည်။ သူများပေးသည့်အတိုင်း မပေးပါက သတိထားမိခံရနိုင်သည်။
တာ့ယွီနတ်မင်းဆက်ထံမှ အာရုံစိုက်မှုမခံရစေရန်အတွက် အင်အားစုများစွာမှပို့ဆောင်လိုက်သည့် လက်ဆောင်အရေအတွက်မှာ ချက်ခြင်းတိုးလာသည်။ တာ့ယွီနတ်မင်းဆက်၏ကျင့်ကြံသူများသည်လည်း စိတ်လှုပ်ရှားကာ ကောင်းကင်ပေါ်ရှိ ရွှေကွင်းကိုးကွင်းကို စိုးရိမ်တကြီး စိုက်ကြည့်နေကြသည်။
တာ့ယွီနတ်မင်းဆက်၏ အလားအလာပိုကြီးမားလေလေ၊ တာ့ယွီနတ်မင်းဆက်၏လက်အောက်ခံဖြစ်သည့် သူတို့၏အနာဂတ်တွင်လည်း အကျိုးများလေလေဖြစ်လိမ့်မည်။ သူတို့ ဂရုမစိုက်ဘဲ မနေနိုင်တော့ချေ။
တာ့ယွီနတ်မင်းဆက်၏ လက်အောက်ခံများအဖြစ်ရွေးချယ်ပြီးနောက် ၎င်းတို့၏အနာဂတ်များသည် မင်းဆက်နှင့်တိုက်ရိုက် ဆက်စပ်နေကာ ၎င်း၏အောင်မြင်မှု ကျဆုံးမှုတို့ကို မျှဝေခဲ့သည်။
ရီရှောင်းရှောင်းသည် သူမ၏လက်ကိုမြှောက်လိုက်ရာ လူ့ဧကရာဇ်မင်း၏အနှစ်သာရသွေးသည် ကွင်းကိုးခုပေါ်သို့ ပက်ဖြန်းပြီးဖြစ်သွားသည်။ ကွင်းကိုးခုသည် ချက်ချင်းပင် တလက်လက်တောက်ပလာကာ တာ့ယွီနတ်မင်းဆက်၏ အရပ်မျက်နှာကိုးခုသို့ ပျံသန်းသွားသည်။ ရွှေကွင်းကိုးခုက တိုင်းပြည်ကိုတည်ငြိမ်စေ၏။
၎င်းတို့သည် ကံကြမ္မာကိုဖိနှိပ်ရန်သာမဟုတ်ဘဲ တာ့ယွီနတ်မင်းဆက် အင်အားကောင်းလာသည်နှင့်အမျှ ထိုကွင်းကိုးကွင်းသည် ၎င်း၏အစွမ်းထက်ဆုံးလက်နက်များဖြစ်လာမည်ဖြစ်သည်။
ကွင်းကိုးကွင်းကို အသက်သွင်းပြီးသည်နှင့် တစ်ပြိုင်နက် ၎င်းတို့သည် နိုင်ငံအတွက်အခင်းအကျင်းကို ဖွဲ့စည်းခဲ့သည်။ တာ့ယွီအင်မော်တယ်မင်းဆက်ကို အုပ်စိုးသူအနေဖြင့် ရီရှောင်းရှောင်းသည် ၎င်းတို့၏တည်ရှိမှုကို ရှင်းရှင်းလင်းလင်းသိရှိနိုင်ကာ ၎င်းတို့ကို အလိုအလျောက်ထိန်းချုပ်နိုင်သည်။
……..
အခန်း ၃၁၂ - ပျောက်ဆုံးသွားသော ကံကြမ္မာရွှေကွင်း
ရီရှောင်းရှောင်းက ကြိုတင်သတ်မှတ်ထားသော နေရာ၌ ရွှေကွင်းကိုးလုံးကိုချထားရန် ပြင်ဆင်နေချိန်တွင် ရွှေကွင်းကိုးလုံး၏အထက်ကောင်းကင်ယံ၌ အသွင်အပြင်တစ်ခု ရုတ်တရက်ထွက်ပေါ်လာသည်။
"တာအိုပညာရှင်တုန်းဟိုင် ဘာလုပ်တာလဲ!"
ထိုသူပေါ်လာသည်နှင့် ယန်ကျန်းက ချက်ချင်းတုံ့ပြန်လိုက်သည်။ အထွတ်အထိပ် တာအိုဘိုးဘေးတစ်ဦးဖြစ်သည့် တာအိုပညာရှင်တုန်းဟိုင်ကိုလည်း ဖန်ကုစကြဝဠာ၏ ထိပ်တန်းစွမ်းအားရှင်အဖြစ် သတ်မှတ်နိုင်သည်။
ယခုတွင် သူသည် နန်းတက်ပွဲအခမ်းအနားအလယ်တွင် ရုတ်တရက်ပေါ်လာရာ အခမ်းအနားကို စောင့်မျှော်ရန် ရောက်ရှိနေခြင်းမဟုတ်ကြောင်း ထင်ရှား၏။
တာအိုပညာရှင်တုန်းဟိုင်သည် သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အကျီလက်သည် ချက်ချင်းပင် အနက်ရောင်အပေါက်တစ်ခုဖြစ်သွားကာ ရွှေကွင်းတစ်လုံးကို ၎င်းထဲသို့ထည့်သိမ်းသွားသည်။
ထိုနတ်စွမ်းရည်က ရီဖန်နှင့်ရင်းနှီးပြီးသားဖြစ်သည့် စကြဝဠာဝှက်ဖဲဖြစ်သည်။ ပထမရွှေကွင်းကိုယူပြီးနောက် တာအိုပညာရှင်တုန်းဟိုင်သည် ဒုတိယကွင်းကို ယူရန်ကြိုးစားခဲ့သည်။ သို့သော် နောက်ဆုံးတွင် ယန်ကျန်းသည် သူ့ထံရောက်ရှိလာ၏။
သူ၏ သုံးမြှောင့်နှစ်ထပ်ဓားသည် ကြီးမားသော စွမ်းအားဖြင့် ပေါက်ကွဲထွက်သွားပြီးနောက် တာအိုပညာရှင်တုန်းဟိုင်ဆီသို့ဦးတည်သွားသညိ။ သုံးမြှောင့်နှစ်ထပ်ဓား၏ ကြီးမားသောစွမ်းအားကို ခံစားလိုက်ရသောအခါ တာအိုပညာရှင်တုန်းဟိုင်သည် ရွှေကွင်းကိုဆက်လက်ယူဆောင်ရန် မဝံ့မရဲဖြစ်သွားသည်။
သူ၏ဟန်ဟိုင်စွမ်းအားသည်လည်း ပေါက်ကွဲသွားပြီး အဆုံးမဲ့ပင်လယ်အဖြစ်သို့ ပြောင်းလဲသွားကာ ယန်ကျန်း၏တိုက်ခိုက်မှုကို လှိုင်းလုံးကြီးများအဖြစ် ပိတ်ဆို့သွားခဲ့သည်။
"တာအိုပညာရှင်တုန်းဟိုင်၊ ရွှေကွင်းကိုပြန်ပေးရင် မင့်အသက်ကို ချမ်းသာပေးမယ်!"
ယန်ကျန်းသည် တာအိုပညာရှင်တုန်းဟိုင်ကို အေးစက်စွာ ကြည့်နေသည်။
ရီဖန်နှင့် စွန်းဝူခုန်းတို့ကလည်း ယန်ကျန်းဘက်သို့ရောက်လာကာ တြိဂံပုံစံအခင်းအကျင်းဖြင့် ဝန်းရံထားလိုက်သည်။
လူသုံးယောက်ထဲမှ တစ်ယောက်စီ၏ရောင်ဝါသည် တာအိုပညာရှင်တုန်းဟိုင်ထက် အားမနည်းကြချေ။
ထို့သို့ဝိုင်းရံထားသောကြောင့် တာအိုပညာရှင်တုန်းဟိုင်မှာ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ သုံးယောက်၏ ရောင်ဝါကို ခံစားမိလိုက်သောအခါ ပွဲကြည့်ရန်စီစဉ်နေသော အောက်ဘက်ရှိကျင့်ကြံသူများက ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။ အများစုမှာ အလှည့်အပြောင်းများကြောင့် ချွေးအေးများပင်စီးကျလာ၏။
အထွတ်အထိပ် တာအိုဘိုးဘေးများ တစ်ချိန်တည်းတွင် သုံးဦးရှိနေသည်။ တာ့ယွီနတ်မင်းဆက်၏အုတ်မြစ်သည် မည်မျှနက်ရှိုင်းသနည်း။ ထို့အပြင် မကြာမီတွင် လူတိုင်းက ၎င်းတို့သုံးဦး၏အထောက်အထားများကို မှတ်မိသွားကြသည်။
ရီဖန်၊ စွန်းဝူခုန်းနှင့် ယန်ကျန်းတို့သည် ကျော်ကြားသော အနှိုင်းဘဲ့တာအိုဘိုးဘေးဖြစ်သူ၊ ဗောဓိဘိုးဘေးလက်အောက်ရှိ တပည့်များဖြစ်ကြကာ ဖန်ကုစကြဝဠာတွင် နာမည်ကောင်းရှိသည်။ ရီဖန်ပင်လျှင် ပျက်ဆီးခြင်းသွေးဆေးလုံးကြောင့် အင်အားစုများကြားတွင် ကျော်ကြားသည်။
အစပိုင်းတွင် ရီဖန်ကို ဆေးပညာကျွမ်းကျင်သည့် အင်မော်တယ်ဧကရာဇ်တစ်ပါးဟုသာ ထင်ခဲ့ကြသည်။ ယခုတွင် ရီဖန်၏ရောင်ဝါသည် အထွတ်အထိပ် တာအိုဘိုးဘေးနယ်မြေတွင်ရှိသူများထက် အားမနည်းချေ။
တာအိုပညာရှင်တုန်းဟိုင်၏ မျက်နှာသည် အလွန်ပျက်ယွင်းနေပြီဖြစ်၏။ သူက ယန်ကျန်း၏တည်ရှိမှုကို တွေ့ရှိထားသော်လည်း
စွန်းဝူခုန်းကို မမျှော်လင့်ထားသည့်အပြင် ရီဖန်ကလည်း သူ့ထက်သာလွန်သော စွမ်းအားရှိလိမ့်မည်ဟု လုံးဝကို မမျှော်လင့်ခဲ့ပေ။
သို့သော် သူလှုပ်ရှားလိုက်ပြီဖြစ်ရာ နောက်ပြန်ဆုတ်ရန် အခွင့်အရေး မရှိတော့ချေ။ ဟန်ဟိုင်းဟွမ်းအားသည် တစ်ဖန်ပေါက်ကွဲသွားကာ သူတို့သုံးယောက်ဆီသို့ ဦးတည်လာသည်။
ရီဖန်သည် နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ကို ဆွဲထုတ်လိုက်ကာ ကြာပွတ်တစ်ချက်တည်းဖြင့် ဟန်ဟိုင်းစွမ်းအားသည် ချက်ခြင်း ပျောက်ကွယ်သွား၏။
စွန်းဝူခုန်းသည် ပို၍ပင်အားမနည်းချေ။ သူ၏ ရွှေရောင်တုတ်ချောင်းဖြင့် ကောင်းကင်ဘုံကို ကိုင်ဆောင်ထားသည်။ အရင်ခေတ်က အင်မော်တယ်နယ်မြေထိပ်တန်းတပ်များကို အအားမနေရအောင် နှောင့်ယှက်နိုင်ခဲ့သူဖြစ်သောကြောင့် စွန်းဝူခုန်း၏စွမ်းအားသည်လည်း အားနည်းလိမ့်မည်မဟုတ်ပေ။
ထိုတိုက်ချက်အောက်တွင် ဟန်ဟိုင်းစွမ်းအားမျှကိုပြောမနေနှင့် ယာယီနှင့် အာကာသနယ်မြေများကိုပင် ဖြိုခွဲပစ်နိုင်သည်။ သုံးယောက်တစ်ယောက်ပြိုင်ပွဲတွင် တာအိုပညာရှင်တုန်းဟိုင်သည် တစ်ပွဲမျှမနိုင်နိုင်ချေ။ သူသည် ချွေးတစ်ပေါက်ပေါက်ကျရင်း စိတ်ထဲမှကျိန်ဆဲလိုက်သည်။
ဗောဓိဘိုးဘေးသည် ချမ်းသာလွန်းလှသည်။ ၎င်းတို့အားလူံးကစွမ်းအားကြီးသည့်အပြင် အလယ်အလတ်အဆင့် နတ်လက်နက်များပင်ရှိသေးသည်။ ၎င်းကအနိုင်ကျင့်ခြင်းမဟုတ်လား။
သူ၏အထွတ်အထိပ် တာအိုဘိုးဘေးအဆင့်ဖြင့်ပင်လျှင် အဆင့်နိမ့်နတ်လက်နက်များကိုသာ အသုံးပြုနိုင်သည်။ အင်အားစုကြီးများ၏ ကျောထောက်နောက်ခံမရှိဘဲ အလယ်အလတ်အဆင့် နတ်လက်နက်ကိုရရှိခြင်းက လွယ်ကူသောအလုပ်မဟုတ်ပေ။
“ရွှေကွင်းကို ပြန်ပေးလိုက်!"
ရီရှောင်းရှောင်းလည်း ပျံတက်လာခဲ့သည်။ ရွှေကွင်း ပျောက်ကွယ်သွားသည့်အချိန်မှစ၍ သူမသည် ၎င်းကို လုံးဝအာရုံခံရမရတော့ချေ။ ၎င်းကိုခံစားလိုက်ရသဖြင့် ရီရှောင်းရှောင်းသည် တစ်ခုခုမှားနေပြီဖြစ်ကြောင်း သိလိုက်သည်။ ရွှေကွင်းကို တာအိုပညာရှင်တုန်းဟိုင်က သိမ်းယူလိုက်လျှင်ပင် သူမသည် ၎င်းကိုခံစားနိုင်ဆဲဖြစ်ရမည်။
“ရွှေကွင်းကိုလွှဲပေးဖို့လား ဟားဟား၊ အဲတာကို ငါလွှဲပေးလိုက်တာကြာပေါ့"
ဤစကားများက ရီဖန်နှင့် အခြားသူများ၏ မျက်နှာပေါ်တွင် လူသတ်ရန်ရည်ရွယ်ချက်ကို ဖြစ်ပေါ်စေခဲ့သည်။ တာအိုပညာရှင်တုန်းဟိုင်သည် လုံးဝသေသင့်၏။ ထို့အပြင် တာအိုပညာရှင်တုန်းဟိုင်သည် ဤဖြစ်ရပ်တွင် တစ်ဦးတည်းသောသူမဟုတ်ကြောင်း ထင်ရှားသည်။
တာအိုပညာရှင်တုန်းဟိုင်၏ နောက်ကွယ်ကလူသည်လည်း သေသင့်သည်။
"ဒါဆို မင်းသေဖို့ပြင်ထားလိုက်တော့!"
ရီမိသားစု၏ မိသားစုခေါင်းဆောင်အနေဖြင့်၊ ၎င်းသည် တာ့ယွီနတ်မင်းဆက်၊ သို့မဟုတ် ယနေ့ဆုံးရှုံးခဲ့သော တာ့ယွီဘုရင်ရီရှောင်းရှောင်း၏ဂုဏ်သတင်းကြောင့်သာမဟုတ်ဘဲ သူ့ကိုယ်ပိုင်ဂုဏ်သတင်းလည်းရှိသေးသည်။ ရီဖန်သည် ရီမိသားစု၏သွေးမျိုးဆက်ကို အသက်သွင်းလိုက်၏။
‘နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်’
‘ကမ္ဘာ့စွမ်းအား’
ရီဖန်သည် လုံးဝထိန်းမထားနိုင်တော့ဘဲ နည်းလမ်းအားလုံးကို အသုံးချခဲ့သည်။
အနှိုင်းမဲ့တာအိုဘိုးဘေးပင်လျှင် ၎င်းကို လျှော့တွက်၍မရချေ။ မဆင်မခြင်ပြုမူနေသော တာအိုပညာရှင်တုန်းဟိုင်သည်လည်း နောက်ဆုံးတွင် ကြောက်လန့်သွား၏။ ရီဖန်၏တိုက်ခိုက်မှုစွမ်းအားကြောင့်
သူသေသွားနိုင်သည်ဟူသည့် ခံစားချက်ကိုသာ ခံစားလိုက်ရသည်။
“ဆရ-….”
တာအိုပညာရှင်တုန်းဟိုင်က အကူအညီတောင်းချင်သော်လည်း
သူစကားမပြောမီတွင် မရပ်တန့်နိုင်သောစွမ်းအားတစ်ခုက ရုတ်တရက်ပေါ်လာသည်။ ၎င်းက တာအိုပညာရှင်တုန်းဟိုင်ကို စကားမပြောစေလိုသည်မှာ ထင်ရှား၏။
ရီဖန်၏ အနှိုင်ရမဲ့တာအိုဘိုးဘေးများနှင့် ယှဉ်နိုင်သည့် တိုက်ခိုက်မှုပင်လျှင် ဤအရာရှေ့တွင်စွမ်းအားမရှိတော့ချေ။ ယခင်က ဗောဓိဘိုးဘေး၏တိုက်ခိုက်မှုကို မြင်ဖူးကြသော စွန်းဝူခုန်းနှင့် ယန်ကျန်းတို့ကလည်း ချက်ချင်းဆိုသလိုပင် ၎င်းသည် စွမ်းအားရှင်တာအိုဘိုးဘေးတစ်ဦးဖြစ်ကြောင်း သိလိုက်သည်။
တာအိုပညာရှင်တုန်းဟိုင်သည် ခုခံရန် အချိန်မရှိပေ။ ထိုတိုက်ခိုက်မှုအောက်တွင် သူလဲကျသွားသည်။ အဆင့်မြင့်အထွတ်အထိပ် တာအိုဘိုးဘေးတစ်ဦးသည် ထိုကဲ့သို့ပင် အဆုံးသတ်သွားခဲ့၏။ ရီဖန်နှင့် အခြားသူများသည် ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားလိုက်ရသည်။
ကံကြမ္မာရွှေကွင်းကြောင့် တာအိုဘိုးဘေးတစ်ဦးကို သတ်ပစ်ခြင်းသည် ဖန်ကုစကြာဝဠာတွင် လူအနည်းငယ်သာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
မည်သည့် စွမ်းအားကြီး တာအိုဘိုးဘေးများက တာ့ယွီနတ်မင်းဆက်ကို ဆန့်ကျင်နေသနည်း။
အနှိုင်းမဲ့တာအိုဘိုးဘေးက ထပ်မံလှုပ်ရှားတော့မည့်အချိန်တွင် ရီဖန်တို့သုံးဦးကြားတွင် တစ်စုံတစ်ယောက်ရောက်ရှိလာသည်။
ဗောဓိဘိုးဘေးသည် သေဆုံးသွားသော တာအိုပညာရှင်တုန်းဟိုင်ကို မျက်မှောက်ကြုတ်ကာ စိုက်ကြည့်နေသည်။ အနှိုင်းမဲ့တာအိုဘိုးဘေး၏ အေးစက်သောစွမ်းအားသည်လည်း တခဏချင်း ပျောက်ကွယ်သွား၏။
"ဆရာ ရောက်လာတာပဲ!"
ဗောဓိဘိုးဘေးကို မြင်သောအခါမှ ရီဖန်နှင့် အခြားလူများမှာ သက်ပြင်းချနိုင်သည်။
“ဆရာ ခုနက အနှိုင်းမဲ့တာအိုဘိုးဘေးက ဘယ်သူလဲ”
ရီဖန်သည် အနည်းငယ်တုံ့ဆိုင်းလျက် မေးလိုက်သည်။
"ငါလည်းမပြောတတ်သေးဘူး။ အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးက ဒီစကြဝဠာကန့်သတ်ချက်တွေကို ကိုယ်စားပြုထားတာဆိုတော့ သူတို့ပုန်းနေချင်ရင် ငါလည်းမပြောတတ်ဘူး"
ဗောဓိဘိုးဘေးက အနည်းငယ် ကူကယ်ရာမဲ့နေသည်။ ဒီတစ်ကြိမ်တွင် သူ့တပည့်ကအရှက်ရသွားသောကြောင့် ဆရာကလည်း မျက်နှာပျက်ရသည်။
ရီဖန်က ဆက်မမေးတော့ပေ။ အခုမှသိတော့ရော ဘာအသုံးကျတော့မည်နည်း။ လောလောဆယ်တွင် သူသည် အနှိုင်းမဲ့တာအိုဘိုးဘေး၏ ပြိုက်ဘက်မဟုတ်ချေ။
သို့သော် ရီဖန်သည် ဤခါးသီးသောနာကြည်းမှုကို မှတ်ထားသည်။ သူသည် နောက်ကွယ်မှလက်မည်းကြီးကို ရှာမတွေ့သေးသော်လည်း သူတွေ့သည့်တစ်နေ့တွင် ၎င်းကိုချမ်းသာပေးမည်မဟုတ်ပေ။
တာအိုပညာရှင်တုန်းဟိုင်သည် တုန်းဟိုင်တာ့လုကမ္ဘာ၏ ကမ္ဘာ့သခင်လည်းဖြစ်သည်။ တာအိုပညာရှင်တုန်းဟိုင်က တိုက်ခိုက်ရန်ရွေးချယ်လိုက်သည့်အတွက် တုန်းဟိုင်တာ့လုကမ္ဘာသည်လည်း ဆက်လက်တည်ရှိနေရန် မလိုအပ်တော့ချေ။
တုန်းဟိုင်တာ့လုကမ္ဘာနှင့် ကံကြမ္မာရွှေကွင်းတစ်ခုလဲလှယ်ရခြင်းအတွက် တာအိုပညာရှင်တုန်းဟိုင်သည် အရှုံးမရှိ။ တာအိုပညာရှင်တုန်းဟိုင် မျှော်လင့်ထားသည့်အတိုင်း ကံကြမ္မာရွှေကွင်း ပျောက်ကွယ်သွားသည်။
အဆုံးတွင် တာ့ယွီအင်မော်တယ်မင်းဆက်ကို တာ့ယွီနတ်မင်းဆက်သို့ အဆင့်မြှင့်တင်နိုင်ခဲ့သည်။ သို့သော်လည်း ကိုးကွင်းထဲမှ တစ်ခုဆုံးရှုံးခြင်းကြောင့် မပြည့်စုံတော့ချေ။ ၎င်းက တာ့ယွီနတ်မင်းဆက်၏အနာဂတ်အတွက် ကြီးမားစွာအကျိုးသက်ရောက်မည်မှာ သေချာသည်။
သက်ရောက်မှုကို လျော့ပါးစေရန်အတွက် နောက်ဆုံးကံကြမ္မာရွှေကွင်းကို ပြန်လည်ရယူရမည်။
"ငါတို့ပြန်ယူရမယ်!"
ရီဖန်သည် မိုးကုတ်စက်ဝိုင်းကို စိုက်ကြည့်ရင်း သူ့ကိုယ်သူ တီးတိုးပြောလိုက်သည်။ တာ့ယွီနတ်မင်းဆက်သည် ယခုတစ်ကြိမ်တွင် မျက်နှာပျက်သွားသော်လည်း သူတို့ကိုမည်သူကမျှ ရန်မစရဲပါ။
အထွတ်အထိပ်အဆင့် တာအိုဘိုးဘေးသုံးဦးနှင့် အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦး တည်ရှိနေခြင်းက အလွန်ကြောက်စရာကောင်းလှ၏။ ရီဖန်ဆင့်ခေါ်လိုက်ပါက တာအိုဘိုးဘေးအများအပြားသည် ရီမိသားစုကိုထောက်ပံ့ရန် ရောက်ရှိလာမည်ကို မည်သူမဆို သိနိုင်သည်။
သူတို့သည် လက်ရှိတာ့ယွီနတ်မင်းဆက်ကို ရန်မစသင့်။
ထို့အပြင် သူတို့သည် တာ့ယွီနတ်မင်းဆက်ကို စော်ကားခဲ့သည့် တုန်းဟိုင်တာ့လုကမ္ဘာကို စောင့်မျှော်နေမည့် ကံကြမ္မာကိုလည်း သိချင်ကြသည်။
ယန်ကျန်း၏ကိုယ်တိုင်ဦးဆောင်မှုအောက်တွင် ကြယ်စုတပ်ဖွဲ့ သည် တုန်းဟိုင်တာ့လုကမ္ဘာသို့ ခရီးဆက်ခဲ့ကြသည်။ တုန်းဟိုင်တာ့လုကမ္ဘာတွင် ဟန်ဟိုင်တာအိုပညာရှင်သည် ဒေါသထွကိနေ၏။
သူ၏အစ်ကိုကြီး တာအိုပညာရှင်တုန်းဟိုင်သည် တာ့ယွီနတ်မင်းဆက်ကို တိုက်ခိုက်ရန် သီးခြားအင်အားစုနှင့် ပူးပေါင်းခဲ့ကြောင်းကို သူသိသည်။ ယခုတွင် တုန်းဟိုင်တာ့လုကမ္ဘာပါ ပက်သက်နေပြီး ထိုအရာကတော့ အဆက်အသွယ်မရတော့ဘဲ အငွေ့ပျံပျောက်ကွယ်သွားခဲ့သည်။
ထိုအင်အားစုက တုန်းဟိုင်တာ့လုကမ္ဘာကိုကာကွယ်ရန် ကတိပြုခဲ့သောကြောင့် တာအိုပညာရှင်တုန်းဟိုင်က လုပ်ဆောင်ရန်သဘောတူခဲ့သော်လည်း၊ ယခုတွင် ၎င်းတို့သည် တာ့ယွီနတ်မင်းဆက်၏ လက်တုံ့ပြန်မှုကို ရင်ဆိုင်ရသောကြောင့် ဟန်ဟိုင်တာအိုပညာရှင်သည်လည်း အံ့ဩသွားသည်။
သူတို့လှည့်စားခံလိုက်ရသည်!
……………….