အခန်း ၃၃၄-၃၃၆
Vol. 23 Ch. 334-336
အခန်း ၃၃၄ - ရီမိသားစုမှ ကျင့်ကြံသူများကို တိုက်ခိုက်ခြင်း
အင်အားစုကြီးများသည် စွမ်းအားကြီးမားလှသော်လည်း ၎င်းတို့ကိုယ်တိုင်က အခက်အခဲရှိနေဆဲဖြစ်သည်။ ၎င်းတို့ထဲတွင် တာအိုဘိုးဘေးနယ်မြေကျင့်ကြံသူများရှိကြသော်လည်း ဤအခြေအနေကို ရင်ဆိုင်နိုင်မည့်နည်းလမ်းမရှိပေ။
"အရေးယူရမှာလား၊ ဘယ်လိုများလုပ်ဖို့စဉ်းစားထားလဲ။ ငါတို့မှာ ပျက်ဆီးခြင်းနတ်ဆိုးတွေအတွက်အဖြေမရှိဘူးနော်!"
တာအိုဘိုးဘေးတစ်ဦးက စိတ်ပျက်အားငယ်မှုအပြည့်ဖြင့် ပြောလိုက်သည်။
"အရွက်တစ်ထောင်တာအိုဘိုးဘေးသာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲကို အပို့မခံခဲ့ရရင်ကွာ!"
ဘာပြဿနာမှမရှိချိန်က ၎င်းတို့သည် ရီဖန်အပေါ် အကောင်းမြင်ခြင်းမရှိသည့်အပြင်၊ သူ့ကို သေသွားရန်ပင်မျှော်လင့်ခဲ့ကြသည်။ ထိုမှသာ ၎င်းတို့ တာ့ယွီမင်းဆက်၏နယ်မြေများကို သိမ်းပိုက်နိုင်မည်ဖြစ်သည်။
သို့သော်လည်း သူတို့ဆန္ဒများပြည့်သွားသည့်အခါတွင်လည်း နောင်တတရားများဖြင့်သာ ပြည့်နှက်နေကြသည်။ သို့သော်လည်း ၎င်းမှာပျက်ဆီးခြင်းနတ်ဆိုးများ တည်ရှိမှုကြောင့်သာဖြစ်၏။
"ငါပြောမယ်၊ နောက်ဆုံးအကြိမ်က ပျက်ဆီးခြင်းသွေးဆေးလုံးကို ရီမိသားစုက ကျင့်ကြံသူတွေရဲ့သွေးမျိုးဆက်ကနေ လုပ်ထားတယ်ဆိုတဲ့ အချက်အလက်အချို့ရခဲ့တယ်။ သူတို့ရဲ့ သွေးမျိုးဆက်က ပျက်ဆီးခြင်း နတ်ဆိုးတွေကို နှိမ်နင်းနိုင်တာပဲ"
ပျက်ဆီးခြင်းသွေးဆေးလုံး၏ အဓိကပါဝင်ပစ္စည်းကို အင်အားစုကြီးများထံမှ လျှို့ဝှက်ထားရန်ခဲယဉ်းလွန်းလှသည်။ သာမန်အင်အားစုများသာလျှင် ထိုသတင်းကို အရေးတယူလုပ်မည်ဖြစ်သည်။
"ရီမိသားစုရဲ့သွေးမျိုးဆက်က ပျက်ဆီးခြင်းနတ်ဆိုးတွေကို ဖိနှိပ်နိုင်တယ်လား"
ထိုသတင်းက တာအိုဘိုးဘေးများစွာ၏မျက်လုံးများကို အရောင်တောက်လာစေ၏။ ယခုတွင် ၎င်းတို့ ချောင်ထိုးခံထားရပြီဖြစ်သောကြောင့် ကောလဟာလအနည်းငယ်ပင်ဖြစ်စေ ၎င်းတို့ကိုစမ်းသပ်လိုခဲ့သည်။
"ရီမိသားစုမှာ ကျင့်ကြံသူအများကြီးရှိတာပဲ၊ ပန်ကုစကြာဝဠာတစ်ခုလုံးကို ကယ်တင်ဖို့ လူနည်းနည်းလေးကပဲ စတေးဖို့ပဲ အခွင့်အရေးရှိတယ်"
ယခုအခါတွင် ရီမိသားစု၌ ကျင့်ကြံသူအများအပြားရှိကာ ၎င်းတို့ထဲမှအများစုသည်လည်း ရီမိသားစုမှ ကျင့်ကြံသူများနှင့် အဆက်အသွယ်ရှိသည်။
ပန်ကုစကြာဝဠာတွင် ရီမိသားစုမှကျင့်ကြံသူများသည် ၎င်းတို့၏မြင့်မားသော မွေးရာပါစွမ်းရည်နှင့် ပြင်းထန်သောတိုက်ခိုက်ရေးစွမ်းရည်များကြောင့် လူသိများကြသည်။ သို့သော်လည်း ၎င်းတို့သည် အခြားသူများနှင့်အဆက်အသွယ်များစွာမရှိိဘဲ အနည်းငယ်လျှို့ဝှက်ကြသည်။
"ဟုတ်တယ်၊ ပန်ကုစကြဝဠာကို သူတို့ရဲ့အသက်နဲ့ ကယ်တင်နိုင်မှာ ဂုဏ်ယူစရာပဲလေ"
တာအိုဘိုးဘေးများသည် ဖြောင့်မတ်စွာပြောဆိုနေသည်ဟု ထင်ရသော်လည်း ၎င်းတို့၏အတွင်းစိတ်ဆန္ဒများမှာထင်ရှား၏။ သူတို့သည် ရီမိသားစု၏သွေးမျိုးဆက်ကိုအသုံးပြုကာ ၎င်းတို့အင်အားစုများအတွင်းရှိ ပျက်ဆီးခြင်း နတ်ဆိုးများကို နှိမ်နင်းလိုကြခြင်းဖြစ်သည်။
"ရီမိသားစုက ကျင့်ကြံသူတွေအပေါ် လှုပ်ရှားလိုက်မယ်ဆိုရင်၊ ရီမိသားစုက သေချာပေါက် ငြိမ်နေမှာမဟုတ်ဘူးနော်၊ ငါတို့အပြည့်အဝ ပြင်ဆင်ထားမှရမယ်"
၎င်းတို့သည် တာ့ယွီနတ်မင်းဆက်၏ နောက်ဆုံးသည်းခံနိုင်သည့်စည်းကို အဆက်မပြတ်စမ်းသပ်နေကြကာ ၎င်းတို့၏ဝှက်ဖဲများကို တဖြည်းဖြည်းဆုပ်ကိုင်ထားသော်လည်း ရီမိသားစုကို တိုက်ရိုက်ရင်ဆိုင်ရန်အတွက်မူ ကြီးမားသောဖိအားကို ခံစားကြရသည်။
၎င်းတို့လုပ်ဆောင်ပြီးသည်နှင့် ရီမိသားစုကို သတိပြုမိသွားခွင့်မပေးနိုင်ချေ။ သို့မဟုတ်ပါပ ရီမိသားစုနှငိ့ စတုရန်းလက်မတောင်တို့၏ဒေါသကို တောင့်ခံနိုင်လိမ့်မည်မဟုတ်ပေ။
မကြာမီတွင် ရီမိသားစုမှ ငယ်ရွယ်သောကျင့်ကြံသူများကို ပစ်မှတ်ထားမည့်အစီအစဉ်တစ်ခု ထွက်ပေါ်လာသည်။ မျိုးဆက်သစ်လူငယ်များကို ပစ်မှတ်ထားရသည့် အကြောင်းရင်းမှာ အသက်ကြီးသည့် မျိုးဆက်များကို ရန်မစရဲသောကြောင့်ဖြစ်၏။
ရီမိသားစု၏အကြီးတန်းကျင့်ကြံသူများ မည်မျှအားကောင်းသည်ကို သူတို့မသိကြချေ။ ရီမိသားစု၏ အံ့ဩဖွယ်သွေးမျိူးဆက်ကိုကြည့်ခြင်းအားဖြင့် ရီမိသားစုအတွင်း ပုန်းအောင်းနေသော စွမ်းအားရှင်များစွာရှိမည်မှာ သေချာသည်။
မကြာမီတွင် ၎င်းတို့၏အစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ကြ၏။ ၎င်းတို့လုပ်ဆောင်နိုင်ရန်အတွက် အခွင့်အရေးမှာတစ်ခါသာရှိိသည်။ အကယ်၍ ရီမိသားစုကသာ တုံ့ပြန်လာပါက ၎င်းတို့အတွက် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
ထို့ကြောင့် ၎င်းတို့လှုပ်ရှားချိန်တွင် ရီမိသားစု၏ ကျင့်ကြံသူလူငယ်အများအပြားကို ဖမ်းမိနိုင်မှဖြစ်မည်။ ထိုအချိန်တွင် ရီဖန်သည် ရီမိသားစု၏ကျင့်ကြံသူများကို ဆင့်ခေါ်လိုက်၏။
"ဒီပျက်ဆီးခြင်းပုလဲတွေကို မင်းတို့အချင်းချင်းပဲ ခွဲလိုက်ကြ" လက်ကို ဝေ့ယမ်းလိုက်ခြင်းဖြင့် ရီဖန်သည် ပျက်ဆီးခြင်းပုလဲလုံးများကို လူအုပ်ရှေ့သို့ ချပေးလိုက်သည်။
၎င်းသည် ပန်ကုစကြဝဠာတွင် ပထမဆုံးအကြိမ်အဖြစ် ပျက်ဆီးခြင်းပုလဲလုံးများပေါ်လာခြင်းဖြစ်ကာ ရီကျင်းထျန်တို့ကဲ့သို့သော လူများသည် ဘာအတွက်ကြောင့်ဖြစ်မည်မှန်း အလွန်သိချင်နေကြသည်။
သို့သော်လည်း ရီဖန်၏အာရုံကို ဖမ်းစားနိုင်သည့် ပျက်ဆီးခြင်းပုလဲသည် ကောင်းမွန်သောအရာဖြစ်ရမည်ကို သူတို့သေချာပေါက်သိ၏။
"ဒီ ပျက်ဆီးခြင်းပုလဲလုံးတွေကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲက
ယူလာတာ။ သူတို့ရဲ့တစ်ခုတည်းသော သက်ရောက်မှုက မင်းတို့ရဲ့ကျင့်ကြံမှုအဆင့်တွေက်ို ဘေးထွက်ဆိုးကျိုးမရှိဘဲ အမြန်တိုးလာစေလိမ့်မယ်”
ထိုစကားကိုကြားသောအခါ ရီမိသားစုဝင်များ၏ မျက်လုံးများချက်ခြင်းတောက်ပလာသည်။ ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာတိုးမြှင့်နိုင်သည့် ရတနာများစွာမရှိချေ။
ရီဖန်ယူဆောင်လာသော ပျက်ဆီးခြင်းပုလဲအပုံလိုက်ကြီးက ရီမိသားစုအတွက် အချိန်အတော်ကြာ လုံလောက်ပေလိမ့်မည်။ ရီမိသားစုတွင် ကျင့်ကြံသူအများအပြားရှိသော်လည်း အများစုမှာ ကျင့်ကြံမှုအဆင့်နိမ့်ကြသည်။
ရီဖန်ပြန်ယူလာသော ပျက်ဆီးခြင်းပုလဲအများစုသည် အဆင့်နိမ့်ရုံမျှဖြစ်၏။ ရီမိသားစုမှ နက်နဲအင်မော်တယ်နယ်မြေအထက် ကျင့်ကြံသူတိုင်းသည် ထိုပျက်ဆီးခြင်းပုလဲလုံးအများအပြားကို ရရှိခဲ့သည်။
သို့သော်လည်း နက်နဲအင်မော်တယ်နယ်ပယ်အောက်ရှိ သူများအတွက်မူ ထိုသို့သော နည်းလမ်းမရှိပေ။ အနိမ့်ဆုံးပျက်ဆီးခြင်းပုလဲသည် အင်မော်တယ်ဘုရင်နယ်မြေအဆင့်ထိ သက်ရောက်မှုရှိသော်လည်း နက်နဲအင်မော်တယ်နယ်မြေအောက်ရှိ ကျင့်ကြံသူများသည် ပျက်ဆီးခြင်းပုလဲလုံး၏စွမ်းအားကို မခံနိုင်ကြချေ။
သို့သော် ရီဖန်သည် ၎င်းတို့၏ကျင့်ကြံမှုအဆင့် တိုးလာသည်ပြီးနောက်ပိုင်း အသုံးပြုနိုင်ရန်အတွက် ရီမိသားစု၏ ဘဏ္ဍာတိုက်တွင် ပျက်ဆီးခြင်းပုတီးစေ့အချို့ကို ချန်ထားခဲ့သည်။ ရီမိသားစုမှကျင့်ကြံသူများ၏ ကျင့်ကြံရေးအဆင့်သည် အချိန်တိုအတွင်း သိသိသာသာ တိုးလာဦးမည်မှာသေချာပါ၏။
ရီမိသားစု၏ အကြီးအကဲတစ်ဦးဖြစ်သည့် ဟွမ်လောင်စန်းသည်လည်း တာအိုဘိုးဘေးနယ်မြေ၏ ပျက်ဆီးခြင်းပုတီးစေ့သုံးလုံးကို လက်ခံရရှိခဲ့သည်။ ဟွမ်လောင်စန်း၏ကျင့်ကြံမှုသည် အင်မော်တယ်ဧကရာဇ်အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။
တာအိုဘိုးဘေးနယ်ပယ်ကို ဖြတ်ကျော်ရန်အတွက် သူလိုအပ်သည့်အရာမှာ အခွင့်အရေးတစ်ခုသာဖြစ်သည်။ သူ့လက်ထဲရှိ ပျက်ဆီးခြင်းပုတီးလုံးကိုတွေ့သည်နှင့် သူ့အတွက်အခွင့်အရေးရောက်လာပြီဖြစ်မှန်း သဘောပေါက်လိုက်၏။ ဟွမ်လောင်စန်းသည် တုံ့ဆိုင်းခြင်းမရှိဘဲ ပျက်ဆီးခြင်းပုတီးလုံးကိုအသုံးပြုရန် ရွေးချယ်ခဲ့သည်။
ဟွမ်လောင်စန်းသည် ပျက်ဆီးခြင်းပုတီးလုံးကို သူ့မျက်ခုံးကြားတွင် ချထားလိုက်ပြီးနောက် သူ့ခန္ဓာကိုယ်ထဲသို့ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုဝင်လာကြောင်း စတင်ခံစားလိုက်ရသည်။ သူ့ခန္ဓာကိုယ်ထဲသို့ စွမ်းအားများဝင်ရောက်လာပြီးနောက် ၎င်းသည် ဟွမ်လောင်စန်းအသုံးပြုရန်အတွက် သင့်လျော်သောပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။ ဤသို့ဖြင့် သူ၏ကျင့်ကြံမှုအဆင့်သည်လည်း တိုးတက်လာသည်။
ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်လိုပါက ပျက်ဆီးခြင်းပုတီးလုံး၏လုပ်ဆောင်ချက်သည် စွမ်းအားတိုးမြှင့်ပေးရုံသပ်သပ်မဟုတ်ချေ။ ဟွမ်လောင်စန်းသည် ထူးဆန်းသော ပုံရိပ်ယောင်ထဲသို့ ဝင်သွားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းပုံရိပ်ယောင်ထဲတွင် ဟွမ်လောင်စန်းသည် သူ၏တာအိုနှလုံးသားနှင့် နှလုံးစွမ်းအားကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်ပေးသောအရာများစွာနှင့် ကြုံတွေ့ခဲ့ရသည်။
ဟွမ်လောင်စန်းတစ်ဦးတည်းသာ ပျက်ဆီးခြင်းပုတီးလုံးကို အသုံးပြုခြင်းမဟုတ်ဘဲ ရီမိသားစု၏အခြားသောကျင့်ကြံသူများလည်း လျင်မြန်စွာ တိုးတက်လာကြသည်။
မိသားစု၏နတ်မွန်းစတား အဇူရာနဂါးပင်လျှင် ပျက်ဆီးခြင်းပုလဲလုံးအများအပြားကို လက်ခံရရှိပြီး ၎င်း၏ကျင့်ကြံမှုအဆင့်ကို လျင်မြန်စွာမြှင့်တင်နိုင်ခဲ့သည်။ ပိုင်ဇယ်ကမူ ထိုမြင်ကွင်းကို အံကြိတ်လျက်စောင့်ကြည့်နေရသည်။
ရီမိသားစု၏လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ၊ ပိုင်ဇယ်၏ ကျင့်ကြံမှုအဆင့်သည်လည်း အင်မော်တယ်ဧကရာဇ်၏အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။
ပိုင်ဇယ်၏ကျင့်ကြံမှုအဆင့်သည် ကံကြမ္မာချီစွမ်းအားကို အသုံးပြုပြီးနောက် နောက်ဆုံးတွင် အဇူရာနဂါးကို ကျော်လွန်သွားခဲ့ရာ သူ့ကို အလွန်ကျေနပ်သွားစေခဲ့သည်။ သို့သော် ကံကောင်းခြင်းများ ဝင်လာလိုက်ထွက်သွားလိုက်ဖြစ်သကဲ့သို့ ကံကြမ္မာချီစွမ်းအားသည်လည်း ပေါ်လာလိုက်ပျောက်သွားလိုက်သာဖြစ်သည်။
ကံကြမ္မာချီစွမ်းအားကို အဆင့်မြှင့်တင်သည့် နည်းလမ်းဖြင့် တာအိုဘိုးဘေးနယ်မြေသို့ ဖြတ်ကျော်ရန်မှာ ခက်ခဲပေလိမ့်မည်။ ထို့ကြောင့် ပိုင်ဇယ်သည် အင်မော်တယ်ဧကရာဇ်နယ်ပယ် အထွတ်အထိပ်တွင် အချိန်အတော်ကြာအောင်ရှိနေခဲ့ရ၏။
ယခင်က နှာတစ်ဖျားသာနေခဲ့သော ကျင့်ကြံမှုအဆင့်ကိုလည်း အဇူရာနဂါးက လိုက်မှီသွားခဲ့သည်။ လက်ရှိ အဇူရာနဂါး၏ အခြေအနေကိုကြည့်ခြင်းအားဖြင့် ၎င်းသည် တာအိုဘိုးဘေးနယ်ပယ်သို့ ဖြတ်ကျော်သွားပုံရသည်။ ထို့ကြောင့် ပိုင်ဇယ်သည် စိတ်ပျက်လက်ပျက်နှင့် အံကြိတ်ထားသည်။
"အရင်တုန်းက ငါ အစ်ကိုလုံကို လှည့်စားခဲ့ပေမဲ့ သူငါ့ကို အငြှိုးမထားလောက်ပါဘူးနော်!"
ပိုင်ဇယ်က သူ့အစ်ကိုကြီးလုံသည် သဘောထားကြီးသောကြောင့် သူနှင့်ဘောင်ချာဆုတ်လိမ့်မည်မဟုတ်ဟု သူ့ကိုယ်သူ နှစ်သိမ့်နေရသည်။
အချိန်အတော်ကြာမြင့်ပြီးနောက် ဟွမ်လောင်စန်းသည် နောက်ဆုံးတွင် တာအိုဘိုးဘေးနယ်မြေသို့ ထိုးဖောက်အောင်မြင်သွားသည်။
"ဟားဟားဟာ!"
ဟွမ်လောင်စန်းသည် သူ၏အောင်မြင်မှုများပြီးနောက် စိတ်အားထက်သန်မှုအပြည့်ရှိနေခဲ့သည်။ ယခင်က သူ၏ကျင့်ကြံမှုကို ပြန်လည်ထူထောင်နိုင်ခြင်းကပင် အလွန်ကောင်းမွန်နေပြီးဖြစ်သည်ဟု ယူဆခဲ့သည်။
ယခုတွင် သူ၏ကျင့်ကြံမှုအဆင့် ပြန်လည်ကောင်းမွန်လာရုံသာမက တာအိုဘိုးဘေးနယ်မြေသို့ပင် အောင်မြင်စွာဖြတ်ကျော်သွားခဲ့ပြီဖြစ်ရာ ၎င်းမှာ ယခင်က သူစိတ်ကူးမယဉ်ဝံ့သည့် နယ်ပယ်ဖြစ်သည်။
ဘဝတွင် မည်သည့်အရာများ တွေ့ဆုံကြုံတွေ့ရမည်မှန်း မည်သူခန့်မှန်းနိုင်မည်နည်း။ လက်ရှိ ဟွမ်လောင်စန်းထံတွင် ပိုမိုမြင့်မားသောဆန္ဒများရှိနေမည်မှာ ထင်ရှားသည်။
တာအိုဘိုးဘေးနယ်ပယ်သည် သူ၏ကန့်သတ်ချက်မဟုတ်တော့ချေ။ သူသည် သူတော်စင်နယ်မြေသို့ရောက်ရှိရန်လည်းမျှော်လင့်နိုင်ပြီဖြစ်၏။ ယခု သူလုပ်ရမည့်အရာမှာ ရီမိသားစု၏ခြေထောက်ကို တင်းတင်းကြပ်ကြပ် ဖက်ထားရန်သာဖြစ်သည်။
ရီမိသားစု၏ခြေထောက်ကို ဖက်တွယ်နေခြင်းကြောင့် မျက်နှာပျက်ရလျှင်ပင် သူဂရုမစိုက်တော့ပေ။ ၎င်းက ရီမိသားစု၏ခြေထောက်ဖြစ်သည်။ လူအများစုက ဖက်တွယ်ထားချင်လျှင်ပင် အခွင့်အရေးမရှိကြချေ။
မြင့်မားသောကျင့်ကြံမှုအဆင့်ရှိသည့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ကျင့်ကြံရေးအဆင့်နိမ့်သူများသည် ပျက်ဆီးခြင်းပုတီးစေ့များကို သိသိသာသာ ပိုမိုလျင်မြန်စွာစုပ်ယူကြသည်။
ရီမိသားစု၏ကျင့်ကြံသူအများအပြားသည် ပျက်ဆီးခြင်းပုတီးစေ့များကို စုပ်ယူပြီးနောက် ၎င်းတို့၏ လျင်မြန်စွာတိုးတက်လာသော ကျင့်ကြံမှုအဆင့်နှင့်လိုက်လျောညီထွေဖြစ်အောင် လေ့ကျင့်ရန်အတွက် ထွက်သွားကြပြန်သည်။
ဤသို့ဖြင့် အချိန်များကုန်ဆုံးနေရင်း
အချိန်ခဏကြာပြီးနောက်တွင် ရီမိသားစုတစ်ခုလုံး ရုတ်တရက် ဒေါသထွက်နေရသည်။ ရီမိသားစုကျင့်ကြံသူအများအပြားသည် ရီမိသားစုထံသို့ ဖရိုဖရဲပြန်ရောက်လာကြကာ ခြုံခိုတိုက်ခိုက်ခံရသည့်သတင်းကို ပေးပို့ခဲ့သည်။
ကံကောင်းစွာဖြင့် ၎င်းတို့တွင် အချိန်လေဟာနယ်ချပ်ပြားရှိနေ၏။ မြင့်မားသောကျင့်ကြံမှုအဆင့်ရှိသည့်သူများနှင့် ရင်ဆိုင်ရသောအခါတွင်ပင် ရီမိသားစုသို့ပြန်လာနိုင်သည်။
သို့သော်လည်း ရီမိသားစုကျင့်ကြံသူများမှာ အဆက်အသွယ် လုံးဝပြတ်တောက်သွားခဲ့သည်။ အင်မော်တယ်ဧကရာဇ် ရွှမ်ရှန်းနယ်ပယ်ကျင့်ကြံသူအတွက်မူ အချိန်လေဟာနယ်ချပ်ပြားကို ပိုင်ဆိုင်ထားလျှင်ပင် တာအိုဘိုးဘေးများနယ်ပယ်ကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအခါ၌ များစွာအထောက်အကူဖြစ်မည်မဟုတ်ပေ။
ရီဖန်မိသားစု၏ တိုက်ခိုက်ခြင်းခံရသည့်သတင်းက မကြာမီတွင် ရီဖန်နားထဲသို့ ရောက်ရှိလာသည်။
………..
အခန်း ၃၃၅ - ရီဖန်ပြန်ရောက်လာသည့် သတင်း
ရီဖန်မျက်မှောက်ကြုတ်လိုက်သည်။ ရီမိသားစုသည် နှစ်များတစ်လျှောက် တိုက်ခိုက်မှုများကို ကြုံတွေ့ခဲ့ရသော်လည်း ယခုတစ်ကြိမ်ကဲ့သို့ ပစ်မှတ်ထားလုပ်ဆောင်မှုကို တစ်ခါမှမကြုံဖူးသေးချေ။
ရီမိသားစု၏ မျိုးဆက်သစ်လူငယ်ကျင့်ကြံသူများကို တိုက်ခိုက်သည့် ထိုသူများ၏ နောက်ကွယ်ရှိရည်ရွယ်ချက်က အဘယ်နည်း။ ရီမိသားစုကို အမှန်တကယ်တိုက်ခိုက်လိုပါက ၎င်းတို့၏တိုက်ခိုက်မှုများသည် မျိုးဆက်ဟောင်းများထံသို့ ဦးတည်သင့်သည်။
မျိုးဆက်သစ်များကို တိုက်ခိုက်ခြင်းက လုံးဝအဓိပ္ပာယ်မရှိပေ။ သို့သော် ယခုတွင် ရန်သူကလှုပ်ရှားလာသောကြောင့် ရီမိသားစုက သေချာပေါက် ဒီတိုင်းထားမည်မဟုတ်ချေ။
ရီဖန်သည် အချိန်တာအိုကို ပြန်ရစ်ခြင်းဖြင့် ရီမိသားစုကျင့်ကြံရေးသမားများ တိုက်ခိုက်ခံရသည့်တည်နေရာကို ချက်ချင်းရှာဖွေခဲ့သည်။
ရီဖန်သည် အချိန်နှင့်နေရာလွတ် မဟာတာအိုကို တိုက်ခိုက်ရေးတွင် အသုံးပြုနိုင်သည်အထိ မကျွမ်းကျင်သော်လည်း အတော်နားလည်သဘောပေါက်ခဲ့ပြီးဖြစ်သည်။
ယခုတွင် ရီမိသားစုကျင့်ကြံသူများ တိုက်ခိုက်ခံရသည့် ခြေရာများကိုရှာဖွေရန် အသုံးပြုရာ၌ ပြဿနာမရှိမည်မှာသေချာသည်။ များမကြာမီတွင် ဝေဝါးသောပုံရိပ်များ တဖြည်းဖြည်းထွက်ပေါ်လာသည်။
ရီဖန်သည် သူ၏စွမ်းအားကို ဖြည့်သွင်းလိုက်သည်သောအခါ ဤမှုန်ဝါးသောရုပ်ပုံများသည် ပို၍ရှင်းလင်းလာသည်။ အင်မော်တယ်ဘုရင်များနှင့် ဧကရာဇ်များကြားမှ ထူးချွန်သူသို့မဟုတ် ထင်ရှားသူတချို့ကြောင့်သာမဟုတ်ပါက ရီဖန်သည် ၎င်းတို့ကို မှတ်မိမည်မဟုတ်ပေ။
သို့သော် ယခုအခါတွင် ၎င်းတို့၏စွမ်းအားလက္ခဏာများကိုကြည့်ပြီးနောက် ရီဖန်သည် ၎င်းတို့၏အထောက်အထားများကို ခန့်မှန်းရန်လုံလောက်နေပြီဖြစ်သည်။
ရီဖန်၏စိတ်ထဲတွင် ယွင်ယန်ဂိုဏ်း၊ ချင်းယွီအင်မော်တယ်တံခါးစသည့်နာမည်များ
ပေါ်လာသည်။ ၎င်းတို့အားလုံးသည် တစ်ချိန်က ရီမိသားစုထံမှ ပျက်ဆီးခြင်းသွေးဆေးလုံးများကို ဝယ်ယူခဲ့ဖူးသော အသိအကျွမ်းဟောင်းများဖြစ်ကြသည်။
ထိုခြေရာခံမှုမှတစ်ဆင့် ရီဖန်သည် နောက်ဆုံးတွင် ရီမိသားစုကျင့်ကြံသူများ ပြန်ပေးဆွဲခံရသည့်နေရာကို ကောက်ချက်ချနိုင်ခဲ့သည်။ ထို့အပြင် သတင်းကောင်းတစ်ခုရှိသည်။ ၎င်းမှာ ရီမိသားစုကျင့်ကြံသူများအတွက် ချက်ချင်း အန္တရာယ်မကျရောက်သေးခြင်းဖြစ်၏။
ချင်းယွီအင်မော်တယ်ဂိုဏ်း၏ တားမြစ်နယ်မြေအတွင်းတွင် ဂိုဏ်းအသီးသီးမှ အဆင့်မြင့်အဖွဲ့ဝင်များသည် ရီမိသားစုမှကျင့်ကြံသူများ၏ သွေးမျိုးဆက်ကိုသုံးကာ ပျက်ဆီးခြင်းသွေးဆေးလုံးများကို သန့်စင်နေကြသော ဆေးပညာရှင်များကို စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြ၏။
ပျက်ဆီးခြင်းသွေးဆေးလုံးကို သန့်စင်ရန်မှာ မခက်ခဲသောကြောင့် ဆေးလုံးသန့်စင်သည့်နည်းလမ်းကို ဖော်ထုတ်နိုင်ခြင်းက မထူးဆန်းပေ။ နည်းစနစ်ပေါင်းစုံနှင့် သွေးပမာဏများစွာကို အသုံးပြုနေသော်လည်း ၎င်းတို့လိုချင်သည့် ပျက်ဆီးခြင်းသွေးဆေးလုံးကို အောင်မြင်စွာ မသန့်စင်နိုင်သေးခြင်းကို လက်မခံနိုင်ကြချေ။
၎င်းတို့သည် ပိုကောင်းမွန်သောဆေးလုံးကို မဆိုထားနှင့် နဂိုပျက်ဆီးခြင်းသွေးဆေးလုံးကိုပင် မထုတ်လုပ်နိုင်သေးပေ။
"ငါတို့ ဘယ်လိုလုပ်ကြမလဲ"
ချင်းယွီအင်မော်တယ်ဂိုဏ်းချုပ်ဖြစ်သူ အဇူရာငှက်မွေးတာအိုဘိုးဘေးက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
၎င်းတို့သည် ရီမိသားစုမှကျင့်ကြံသူများကို ဖမ်းဆီးရန်အတွက် အလွန်ခဲယဉ်းခဲ့သည့်အပြင် ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့များကိုလည်း မဖြေရှင်းနိုင်သေးပေ။ ထို့ကြောင့် ၎င်းတို့အတွက် အလွန်ဆုံးရှုံးမှုကြီးသည်။ အကယ်၍ ရီမိသားစုကသာ နောက်ကွယ်တွင် ၎င်းတို့ရှိနေကြောင်းသိသွားပါက အနာဂတ်တွင် အခြေအနေကောင်းလိမ့်မည်မဟုတ်ပေ။
"ဘယ်လိုလုပ်ကြမလဲ၊ သူတို့ကို ပြန်မပို့ကြဘူးလား" အင်အားစုငယ်လေးတစ်ခုမှ ဂိုဏ်းချုပ်တစ်ဦးက အဆိုပြုလိုက်သည်။
"ပြန်ပို့ဖို့လား၊ ငါတို့ဘက်က တိုက်ခိုက်ခဲ့တာကို သူတို့သွားရင် ဘယ်လိုလုပ်မလဲကွ၊ မင်းတာဝန်ယူမှာလား"။ အဇူရာငှက်မွေးတာအိုဘိုးဘေးသည် အဆိုပြုသူဂိုဏ်းချုပ်ကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။
“သူတို့ကို ငါတို့ဖမ်းတာမှမဟုတ်တာ” အင်အားစုငယ်လေး၏ ဂိုဏ်းချုပ်က ရေရွတ်လိုက်ရင်း အဇူရာငှက်မွေးတာအိုဘိုးဘေး၏ အပြစ်တင်မှုမှ ကာကွယ်ပြောဆိုခဲ့သည်။
နောက်အခိုက်အတန့်တွင် ပြင်းထန်သည့် စွမ်းအားတစ်ခုက သူ့ခန္ဓာကိုယ်ကို တိုက်ရိုက်ဖြိုခွဲလိုက်သည့်အပြင် သူ၏စိတ်ဝိညာဉ်ထဲသို့လည်း စိမ့်ဝင်သွားသည်။
"ငါတို့စလှုပ်ရှားတဲ့အချိန်ကစလို့ ငါတို့အားလုံးက တစ်လှေတည်းစီးတဲ့သူတွေပဲ၊ ရီမိသားစုက ငါတို့ကို ချမ်းသာမပေးရင် မင်းတို့ကိုရော ချမ်းသာပေးလိမ့်မယ်လို့ ထင်သလား"
အဇူရာငှက်မွေးတာအိုဘိုးဘေး၏စကားများက ထိုဂိုဏ်းချုပ်ငယ်၏မျက်နှာကို သိသိသာသာ ညှိုးငယ်သွားစေခဲ၏။ သူတို့သည် ပင်လယ်ဓားပြသင်္ဘောပေါ်သို့ တက်ရောက်ခဲ့ပြီးနောက် ယခုအချိန်မှ ပြန်ဆင်းနိုင်ခွင့်မရှိတော့ကြောင်းသိလိုက်ရသည်။
"ဒါဆို ငါတို့ သူတို့ကို သတ်သင့်လား" မီးခိုးတိမ် တာအိုဘိုးဘေး အကြံပြုလိုက်သည်။
“အဆုံးမှာ သူတို့က ငယ်ရွယ်တဲ့ကျင့်ကြံသူလေးတွေပဲဆိုတော့ ရီမိသားစုက ဒီကိစ္စကိုသိပ်ပြီးတော့ အလေးအနက်မထားလောက်ဘူး၊ ငါတို့ ပါးစပ်ပိတ်နေသရွေ့ ပြဿနာမရှိနိုင်ပါဘူး"
မီးခိုးတိမ်တာအိုဘိုးဘေး၏စကားက အင်အားစုများထံမှထောက်ခံမှုကို လျင်မြန်စွာ ရရှိခဲ့သည်။ ယခုအချိန်တွင် သူတို့အကြောက်ဆုံးအရာမှာ ရီမိသားစုက ၎င်းတို့လက်ချက်ဖြစ်ကြောင်း ရှာဖွေတွေ့ရှိသွားမည်ကိုပင်။ မကြာသေးမီက ရီမိသားစုကပြသခဲ့သော အင်အားကြောင့် ၎င်းတို့၏ကံကြမ္မာသည် တောက်ပလာတော့မည်မဟုတ်ပေ။
ဘမ်း!
ထိုအချိန်တွင် ချင်းယွီအင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းသည် ရုတ်တရက် တုန်ခါလာ၏။ ၎င်းတို့ မတုံ့ပြန်နိုင်မီတွင် တာအိုဘိုးဘေးများကိုပင် ခုခံနိုင်စွမ်းရှိသော ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းသည် ကွဲအက်သွားခဲ့သည်။
ချင်းယွီအင်မော်တယ်ဂိုဏ်း၏တပည့်များက ကောင်းကင်ယံရှိ ရီမိသားစုကို ထိတ်လန့်စွာ စိုက်ကြည့်နေကြသည်။ ရီမိသားစုက အဘယ်ကြောင့်များ ချင်းယွီအင်မော်တယ်ဂိုဏ်းကို ဒေါသထွက်နေကြသနည်း။ ချင်းယွီအင်မော်တယ်ဂိုဏ်းက ရီမိသားစုကို မည်သည့်အချိန်ကများ ရန်စမိခဲ့ပါလိမ့်။
မရေမတွက်နိုင်သော ရီမိသားစုကျင့်ကြံသူများသည် ချင်းယွီအင်မော်တယ်ဂိုဏ်းတစ်ခုလုံးကို ဝိုင်းထားကြကာ မည်သူ့ကိုမျှ အလွတ်ပေးရန် ရည်ရွယ်ချက်မရှိခဲ့ပုံရသည်။ တားမြစ်နယ်မြေရှိလူများသည် တိုက်ခိုက်သူများ၏ အထောက်အထားကို လျင်မြန်စွာရှာဖွေတွေ့ရှိခဲ့ပြီးနောက် ၎င်းတို့၏မျက်နှာများသည် ဖြူဖျော့သွားကြ၏။
ရီမိသားစုသည် မည်သို့လျင်မြန်စွာရောက်ရှိလာကြကာ ချင်းယွီအင်မော်တယ်ဂိုဏ်းကို နောက်ကွယ်မှကြိုးကိုင်သူဖြစ်ကြောင်း အတိအကျသိသွားခဲ့ရသနည်း။
"မဟုတ်သေးဘူး၊ ငါတို့ ရီမိသားစုကို သူတို့ရဲ့လူတွေနဲ့ ပေးတွေ့လို့မဖြစ်ဘူး၊ မဟုတ်ရင် ငါတို့အဆုံးသတ်သွားလိမ့်မယ်”
အကျပ်အတည်းဖြစ်နေသည့် အဇူရာငှက်မွေးတာအိုဘိုးဘေးက သူ့ကိုယ်သူစိတ်တည်ငြိမ်အောင် ကြိုးစားနေသည်။ ရီမိသားစုက သူတို့ဖမ်းဆီးထားသည့် ကျင့်ကြံသူများကို မတွေ့နိုင်သရွေ့ ဘာမှလုပ်နိုင်ကြမည်မဟုတ်ပေ။
သက်သေမရှိပါက ကျင့်ကြံသူများကိုပြန်ပေးဆွဲမှုနှင့်ပတ်သက်၍ ငြင်းဆိုနိုင်သည်။ အဇူရာငှက်မွေး တာအိုဘိုးဘေးသည် မြေပြင်ပေါ်တွင် သတိလစ်နေသော ရီမိသားစုကျင့်ကြံသူများကို တစ်ချက်ကြည့်ပြီးနောက် သူ့မျက်လုံးထဲတွင် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
နောက်အခိုက်အတန့်တွင် သူသည် မြေပြင်ပေါ်ရှိ သတိလစ်နေသော ရီမိသားစုကျင့်ကြံသူများကို တိုက်ခိုက်ခဲ့၏။ အဇူရာငှက်မွေးတာအိုဘိုးဘေး၏ လုပ်ဆောင်ချက်နှင့်ပတ်သက်၍ အခြားသောအင်အားစုများက တစ်စုံတစ်ရာ မှားနေသည်ဟုမထင်ကြချေ။ လက်ရှိတွင် ၎င်းတို့အားလုံးအတွက် ဦးစားပေးမှာ ရီမိသားစုကို မည်သည့်သက်သေမှ ရှာမတွေ့နိုင်စေရန်ဖြစ်သည်။
ထို့နောက်တွင် သတိလစ်နေသော ရီမိသားစုကျင့်ကြံသူများထံမှ တောက်ပသောအလင်းရောင်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထိုအလင်းရောင်သည် ရီမိသားစု ကျင့်ကြံသူများ၏ခန္ဓာကိုယ်များပေါ်တွင် လင်းလက်စွာ တောက်ပနေသည်။
အဇူရာငှက်မွေးတာအိုဘိုးဘေး၏တိုက်ခိုက်မှုသည် ကောင်းကင်နှင့်မြေကြီးကိုဖြိုခွဲနိုင်ရန် လုံလောက်သော်လည်း ရီမိသားစုကျင့်ကြံသူများနှင့် ထိမိသောအခါ ၎င်းတို့၏အကာအကွယ်ကိုပင် မဖျက်ဆီးနိုင်ဘဲ သက်ရောက်မှုအားလုံး ပျောက်ကွယ်သွားပုံရသည်။
……….
အခန်း ၃၃၆ - ရီဖန်ပြန်ရောက်လာသည့်သတင်း
နောက်အခိုက်အတန့်တွင် တားမြစ်နယ်မြေ၏ ကောင်းကင်ယံသည် ကြီးမားသောလက်တစ်စုံ၏ စုတ်ဖြဲခြင်းကိုခံလိုက်ရသည်။ ထို့နောက်တွင် တားမြစ်နယ်မြေပေါ်သို့
ပုံရိပ်များစွာဆင်းသက်လာသည်။ ၎င်းတို့သည် ရီမိသားစုမှကျင့်ကြံသူများဖြစ်ကြ၏။
ယခုတစ်ကြိမ် အင်အားစုများ၏လုပ်ရပ်က ရီမျိုးနွယ်စုတစ်ခုလုံး၏ ပင်မအကြောကို သွားထိမိသည်။ ၎င်းက ကောင်းကင်ဘုံ၏ဘုရင်ဖြစ်လျှင်ပင် ရီမိသားစု၏ မျိုးဆက်သစ်ကလေးများကို လာထိပါက သတ်ပစ်မည်ဖြစ်သည်။
ရီမိသားစုကျင့်ကြံသူများ ဘေးကင်းလုံခြုံနေမှသာ ရီဖန်လည်းသက်ပြင်းချနိုင်သည်။ အကယ်၍ အကွာအဝေးက အလွန်ဝေးနေလျှင် ရီဖန်သည်လည်း ၎င်းတို့ကို ကာကွယ်ရန် ယုံကြည်မှုရှိမည်မဟုတ်ချေ။
ယခုတွင် အလွန်နီးကပ်နေသောကြောင့်သာ သူသည် သွေးမျိုးဆက် ဆက်နွှယ်မှုဖြင့် ၎င်းတို့ကိုကာကွယ်ရန်အတွက် သူ၏အင်အားကို တိုက်ရိုက်လွှဲပြောင်းပေးနိုင်ခဲ့သည်။ မျိုးဆက်သစ်ကလေးများ ဘေးကင်းသော်လည်း ဤကိစ္စကို ဤမျှနှင့်မထားပေးနိုင်ချေ။
ရီမျိုးနွယ်စု၏အကြည့်အောက်တွင် အင်အားစုများမှခေါင်းဆောင်များသည် ၎င်းတို့၏ခန္ဓာကိုယ်အနှံ့ ကျောရိုးတစ်လျှောက်အေးစက်နေသည့်အတွေးကိုသာ ခံစားလိုက်ရသည်။ ဤတစ်ကြိမ်တွင် သူတို့လုံးဝသွားလေပြီ။
"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ကျွန်တော်စိတ်လွတ်သွားတာပါဗျာ၊ ဒီတစ်ကြိမ်တော့ ခွင့်လွှတ်ပေးပါဦး!"
ဖိအားကိုခံနိုင်ရည်မရှိသော အင်အားစုငယ်တစ်ခုမှ ခေါင်းဆောင်တစ်ဦးက ဒူးထောက်ကာအသနားခံခဲ့သည်။
ရီဖန်က သူ့ကို ပေါ့ပေါ့ပါးပါးကြည့်လိုက်သော်လည်း အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ အင်အားစုငယ်လေးမှ ခေါင်းဆောင်သည် အသက်ရှုကြပ်လျက် မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာလဲကျသွားသည်။
ရီဖန်၏ လက်ရှိအနှိုင်းမဲ့တာအိုဘိုးဘေးအဆင့် တိုက်ခိုက်ရေးစွမ်းအားဖြင့် အင်မော်တယ်ဧကရာဇ်နယ်မြေရှိကျင့်ကြံသူ၏ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဆုံးဖြတ်နိုင်သည်။ ရီဖန်သည် ဤကျင့်ကြံသူများ၏ဆင်ခြေများကို လုံးဝနားမထောင်ချင်ပေ။ ၎င်းတို့ လှုပ်ရှားပြီးသည့်အချိန်မှစ၍ တစ်ခုတည်းသောရလဒ်မှာ သေခြင်းတရားသာဖြစ်သည်။
"ငါမသေချင်သေးဘူး!"
အဆင့်မြင့်တာအိုဘိုးဘေးများပင်လျှင် ရှင်သန်ခြင်းနှင့် သေဆုံးခြင်းနှင့် ကြုံရသောအခါ သည်းမခံနိုင်ကြချေ။ ၎င်းတို့သည် ရီဖန်ကိုထိပ်တိုက်တိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိဘဲ လွတ်မြောက်ရန်သာ ဆန္ဒရှိခဲ့သည်။
ထို့ကြောင့် ၎င်းတို့၏ အင်အားစုများနှင့် မျိုးရိုးစဉ်ဆက်လိုက်ကို လုံးဝစွန့်လွှတ်ခဲ့သည်။
ယခု သူတို့လိုချင်သည့်အရာမှာ အသက်ရှင်သန်ရန်သာဖြစ်သည်။ ၎င်းတို့သာ သေဆုံးသွားပါက ဘာမှကျန်လိမ့်မည်မဟုတ်ပေ။ ထွက်ပြေးသွားသော ကျင့်ကြံသူများကိုရင်ဆိုင်ရာတွင် ရီမိသားစုကျင့်ကြံသူများသည် လုံးဝညှာတာခြင်းမရှိခဲ့ပေ။
ရီမိသားစုတွင် အဆင့်မြင့်ကျင့်ကြံသူအရေအတွက် သိသိသာသာတိုးလာသောကြောင့် ထွက်ပြေးလာသည့် ကျင့်ကြံသူများကို ဖြေရှင်းရန်အတွက် အင်အားလုံလောက်သည်။
အောက်ဘက်ရှိ အဇူရာငှက်မွေးတာအိုဘိုးဘေးနှင့် မီးခိုးတိမ်တာအိုဘိုးဘေးတို့သည် ထွက်ပြေးရန် မကြိုးစားသော ကျင့်ကြံသူအနည်းငယ်ထဲမှဖြစ်၏။ အခြားသောကျင့်ကြံသူများနှင့် နှိုင်းယှဉ်ပါက ၎င်းတို့က ရီမိသားစု၏ ကြောက်မက်ဖွယ်ကောင်းမှုအကြောင်းကို ပိုသိသည်။ ရီဖန်ပေါ်လာသည့်အချိန်မှစ၍ ၎င်းတို့၏ကံကြမ္မာကို စည်းတံဆိပ်ချိတ်ပိတ်ထားပြီးဖြစ်ကြောင်း သိကြ၏။
၎င်းတို့နားမလည်နိုင်သည့် တစ်ခုတည်းသောအရာမှာ ရီဖန်ကို ထန်မင်းဆက်ဘုရင်က ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ပစ်ချလိုက်သည်မဟုတ်လား။ ထိုသူက အဘယ်ကြောင့်များ ပြန်ရောက်လာရသနည်း။ ဖြစ်နိုင်သည်မှာ ပင်ကိုပျက်ဆီးခြင်းပင်လယ်ကပင်လျှင် ရီဖန်ကို မခေါ်ထားနိုင်သောကြောင့်များဖြစ်သလား။
"မင်း၊ မင်း မရှင်းပြချင်ဘူးလား"
ရီဖန်သည် တာအိုဘိုးဘေးနှစ်ယောက်ကို ကြည့်လိုက်သည်။ ရီဖန်မှတ်မိလိုက်သည်မှာ သူရှိနေစဉ်က ဤတာအိုဘိုးဘေးနှစ်ဦးသည် အကျင့်ကောင်းမွန်ကြ၏။
သို့သော် နှစ်တစ်ရာကျော်ကြာမျှ ပျောက်ကွယ်သွားရုံမျှနှင့် ဤတာအိုဘိုးဘေးများသည် ကြောင်သူတော်များအဖြစ်ပေါ်ထွက်လာသလား။
နှစ်ရာဂဏန်းသည် တာအိုဘိုးဘေးနယ်မြေစွမ်းအားရှင်များအတွက် အလွန်ကြာမြင့်သည်မဟုတ်ပေ။
ဤမျှအချိန်တိုလေးကိုပင် မစောင့်နိုင်သော တာအိုဘိုးဘေးများမှာ ရီဖန်ထင်ထားတာထက် ပို၍စိတ်မရှည်ကြပုံရသည်။
"ရီဖန်၊ ငါတို့က ဘာရှင်းပြစရာရှိလို့လဲ၊ ဒါက စည်းမျဉ်းတွေအတိုင်းပဲ မဟုတ်ဘူးလား"
"ဟုတ်တယ် ရီဖန်၊ ငါတို့မှားနေတယ်လို့ မထင်ဘူး။ မင်းက ငါတို့ကိုမကယ်မှတော့၊ ငါတို့ ကိုယ့်ကိုယ်ကိုယ် ကယ်လိုက်တာ ဘာမှားနေလို့လဲ "
ယခုအချိန်တိုင်အောင် ၎င်းတို့၏အမှားများကို ဝန်ခံချင်စိတ်မရှိကြသေးချေ။ နောက်အခိုက်အတန့်တွင် ကောင်းကင်ယံမှ နောက်ထပ်တိုက်ခိုက်မှုတစ်ခု ထွက်ပေါ်လာသည်။ ဤတစ်ကိုယ်ကောင်းဆန်သော လူတစ်စုကို ရီဖန်က အဘယ်ကြောင့် ကယ်တင်ရမည်နည်း။
နောက်ဆုံးအကြိမ်က ရီဖန်သည် ပျက်ဆီးခြင်းသွေးဆေးလုံး၏ စျေးနှုန်းကို အမြတ်ရရန်အတွက် များစွာမြှင့်တင်ခဲ့ခြင်းမရှိချေ။ သို့မဟုတ်ပါက ပင်ကိုပျက်တီးခြင်းသွေးဆေးလုံးများရောင်းချခြင်းဖြင့် ရီမိသားစု၏လက်ဝါးကြီးအုပ်မှုနှင့်အတူ အချီကြီးပွနိုင်သည်။
သို့သော်လည်း ဤသူများက ရီဖန်၏ လုပ်ဆောင်ချက်ကို သဘောမပေါက်ကြချေ။ ၎င်းတို့အမြင်အရ ရီဖန်က ၎င်းတို့ကို အခမဲ့ကယ်တင်သင့်သည်ဟူ၍ပင် တွေးနေကြ၏။ အကယ်၍ ရီဖန်က ၎င်းတို့ကို အလကားလုပ်ပေးလျှင်ပင် သူ့ကို ယုတ်မာသည့်ရည်ရွယ်ချက်များရှိနေသလားဟူ၍ပင် သံသယဝင်ကြဦးမည်။
ရီဖန်သည် တခါတရံတွင် လိုက်လျောပေးလွန်းခြင်းက မကောင်းကြောင်း သဘောပေါက်သွားသည်။
ထို့ကြောင့် ဤတစ်ကြိမ်တွင်တော့ ကောင်းကောင်းကြီး အမြတ်ထုတ်ပေးလိုက်ဦးမည်။
ရီမိသားစုကျင့်ကြံသူအများအပြားကို ဖြန့်ကျက်ထားသောကြောင့် မည်သူတစ်ဦးတစ်ယောက်၏မြင်ကွင်းကိုမှ ပိတ်ပင်ထားနိုင်ခြင်းမရှိပေ။ ရီမိသားစုသည်လည်း ဖုံးကွယ်ရန်ရည်ရွယ်ချက်မရှိပေ။
ရီဖန်ပြန်ပေါ်လာသည့်သတင်းက ပန်ကုစကြာဝဠာတစ်ခုလုံးကို သိသိသာသာတုန်လှုပ်သွားစေခဲ့သည်။ ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ အသက်ရှင်လျက်ပြန်ပေါ်ထွက်လာသော ပထမဆုံးကျင့်ကြံသူဟု ဆိုနိုင်သည်။
သူ၏ ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ ထွက်ခွါလာနိုင်ပုံကို စူးစမ်းလိုသည့် ကျင့်ကြံသူအများအပြားပင်ရှိခဲ့သည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်သည် ကြီးမားသောအခွင့်အရေးများကို ဆုပ်ကိုင်ထားသည်ဟူသော ကောလဟာလများရှိ၏။
သို့သော်လည်း ၎င်း၏အန္တရာယ်များကိုလည်း ချန်ထား၍မရသောကြောင့် ကျင့်ကြံသူအများစုသည် သေခြင်းတရားကိုကြောက်ရွံ့ကြကာ ထိုအခွင့်အလမ်းများကိုရှာဖွေရန်အတွက် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ မဝင်ရဲခဲ့ကြပေ။
ယခုတွင် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှထွက်ခွာရန် နည်းလမ်းရှိနေရာ ၎င်းတို့သည် လျှို့ဝှက်ဆန်းကြယ်မှုများကိုစူးစမ်းရန် မကြောက်ရွံ့ကြတော့ချေ။
ရီဖန်၏ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲမှ ထွက်ခွါခဲ့သည့် နည်းလမ်းသည် မည်သည့်နည်းများဖြစ်သနည်း။ ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်ထံမှ ကြီးမားသောအခွင့်အရေးကို ရရှိခဲ့ပြီးဖြစ်သောကြောင့် သူ့ကိုထွက်ခွါခွင့်ပေးခဲ့ခြင်းများလား။
မရေမတွက်နိုင်သောကျင့်ကြံသူများသည် ဤမေးခွန်းများအတွက် အဖြေကိုလိုချင်ကြသော်လည်း ရီဖန်ကိုမေးရန် သတ္တိမရှိကြပေ။
ရီဖန်သည် နူးညံ့သိမ်မွေ့သော ဇာတ်ကောင်မဟုတ်ချေ။ ဤနှစ်များအတွင်း သူသည် တာအိုဘိုးဘေးများစွာကို သတ်ဖြတ်ခဲ့သည်။ သူတို့ကိုသတ်ရန်အတွက်လည်း လက်ရွံ့နေမည်မဟုတ်ပေ။
သို့သော် သူတို့သည် အရှုံးမပေးလိုကြ။ သူတို့လိုအပ်သည့်အရာမှာ မှန်ကန်သည့်အခွင့်အလမ်းဖြစ်သည်။ ကျင့်ကြံသူအများစုအတွက် ရီဖန်၏ပြန်လာမှုသည် များစွာသက်ရောက်မှုမရှိချေ။ ၎င်းတို့သည် ရီဖန်၏အဆင့်နှင့် ဝေးကွာလွန်းသောကြောင့် သူတို့အချင်းချင်းလမ်းဆုံနိုင်စရာ အကြောင်းမရှိပေ။
သို့သော် အချို့သောကျင့်ကြံသူများအတွက် ရီဖန်ပြန်ရောက်လာမှုက ပျော်ရွှင်ရန်ဝေးစွ ကြောက်ရွံ့မှုများတိုးလာစေသည်။ ပျက်ဆီးခြင်းဂိုဏ်းအတွင်းတွင် အရိုးဘိုးဘေးသည် သက်တောင့်သက်သာ အနားယူနေခဲ့၏။ ရီဖန်၏အနှောက်အယှက်မရှိဘဲ ပျက်ဆီးခြင်းဂိုဏ်း၏ အစီအစဉ်များသည် ချောမွေ့စွာတိုးတက်နေခဲ့သည်။
ပျက်ဆီးခြင်းစွမ်းအားများ အဆက်မပြတ်ဝင်ရောက်လာခြင်းကြောင့် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ နိုးထမှုသည်လည်း အရှိန်အဟုန်ဖြင့် တိုးလာသည်။
ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားမှပေးအပ်သော စွမ်းအားဖြင့် သူသည်လည်း အနှိုင်းမဲ့တာအိုဘိုးဘေးနယ်ပယ်သို့ အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ထန်မင်းဆက်ဘုရင်က ကျင့်ကြံမှုပြန်ကောင်းလာလျှင်ပင် အရိုးဘိုးဘေးက သူ့နေရာအတွက် စိုးရိမ်စရာမရှိတော့ချေ။
"ဂိုဏ်းချုပ်ကိုသတင်းပို့ပါတယ်၊
ပြဿနာရှိနေပါပြီ!"
ထောက်လှမ်းရေးသမား၏ အကြောင်းကြားမှုက အရိုးဘိုးဘေးကို လွှမ်းမိုးသွားခဲ့သည်။ သူ၏ အလျင်စလိုအသံကိုကြားလိုက်ရသည်နှင့် အရိုးဘိုးဘေး၏အမူအရာသည် ချက်ချင်းပင်ချဉ်တူးသွား၏။
သူ့စိတ်ထဲရှိ ကြောက်စိတ်များပေါက်ဖွားလာကာ ခေါင်းကိုက်စေသည့် နေ့ရက်များကိုပြန်မှတ်မိသွားသည်။ အရိုးဘိုးဘေးသည် ထိုပုံရိပ်များကို သူ့စိတ်ထဲမှ ထုတ်ပစ်ရန် ခေါင်းကိုအမြန်ခါလိုက်သည်။
ထိုသူကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ပို့လိုက်ပြီးဖြစ်ရာ သူပြန်လာနိုင်တော့မည်မဟုတ်ချေ။ ဘာမှလွဲမှားစရာအကြောင်းမရှိ၊ ထိုသူပြန်လာရန် လုံးဝမဖြစ်နိုင်ပေ။ အရိုးဘိုးဘေးက သူ့ကိုယ်သူ အထပ်ထပ်အာမခံနေ၏။
"ဂိုဏ်းချုပ်၊ ရီဖန်ပြန်လာပြီ!"
ထိုစကားက အရိုးဘိုးဘေး၏ခန္ဓာကိုယ်ကို ချက်ချင်းတောင့်တင်းသွားစေသည်။ ထိုသူက အမှန်တကယ်ပြန်ရောက်လာသည်လား။ အရိုးဘိုးဘေးက သူ့မျက်လုံးအိမ်များမှ စိုစွတ်မှုကို လျင်မြန်စွာ ခံစားလိုက်ရသည်။
အရိုးဘိုးဘေးသည် အဖြစ်မှန်ကို ရင်မဆိုင်ရဲသောကြောင့် အမျိုးမျိုးသော အရင်းအမြစ်များမှ အချက်အလက်များကို ရှာဖွေခဲ့သည်။ အဆုံးတွင်တော့ ရီဖန်အမှန်တကယ်ပြန်လာပြီဖြစ်ကြောင်း အတည်ပြုခဲ့ရ၏။
"မဖြစ်နိုင်ဘူး၊ ရီဖန် ပြန်မလာနိုင်ဘူး၊ ထန်မင်းဆက်ဘုရင်က ရီဖန်ကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲကို လုံးဝမလွှတ်လိုက်တာများလား"
ဝူရှန်းဘိုးဘေးကိစ္စနှင့် တွေ့ကြုံခဲ့ရပြီးနောက် လူတိုင်းအပေါ်တွင် အရိုးဘိုးဘေး၏အမြင်သည် သံသယများဖြင့်ပြည့်နှက်နေသည်။ ရီဖန်ပြန်ပေါ်လာခြင်းက အရိုးဘိုးဘေး၏စိတ်ထဲတွင် ထန်မင်းဆက်ဘုရင်နှင့်ပတ်သက်၍ သံသယဝင်လာစေသည်။
ထန်မင်းဆက်၏ဘုရင်အဆုံးသတ်မှု၌ ပြဿနာတစ်စုံတစ်ရာမရှိခဲ့ပါက ရီဖန်သည် ပင်ကိုပျက်ဆီးခြင်းပင်လယ်မှ မည်သို့ပြန်လာနိုင်မည်နည်း။ သံသယမျိုးစေ့ကို ကြဲပြီးသည်နှင့် အမြစ်ပြတ်ရန်ခက်ခဲသည်။
သို့သော် ထန်မင်းဆက်၏ဘုရင်မှာ ကွဲပြားသည်။ သူသည် နဂိုတည်းက အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်တွင် ရှိနေသောကြောင့် အရိုးဘိုးဘေးက သူ့အပေါ် သံသယဝင်လျှင်ပင် နတ်ဆိုးနတ်ဘုရား၏အမိန့်မရဘဲ သူ့ကိုတစ်စုံတစ်ရာ အရေးယူနိုင်မည်မဟုတ်ချေ။
"ဒီကိစ္စကို ဒီတိုင်းထားပေးမှာမဟုတ်ဘူး"
အရိုးဘိုးဘေးက ရှင်းလင်းစွာကြေညာလိုက်သည်။
ဒေါသများပြည့်နှက်နေသောမျက်နှာဖြင့် အရိုးဘိုးဘေးသည် ထန်မင်းဆက်ဘုရင်ကို သေချာစွာစုံစမ်းရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် ရီဖန်ပြန်ရောက်လာသောအခါ အရိုးဘိုးဘေး၏ ဆုံးဖြတ်ချက်သည် တစ်ဖန်ပျော့ညံ့လာပြန်၏။ ရီဖန်နှင့်အတူ ၎င်းတို့၏ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့ ဒုတိယလှိုင်း အစီအစဉ်သည် ကြိုမမြင်နိုင်သောပြဿနာများ ကြုံတွေ့ရနိုင်မည်လား။
အကယ်၍ ယခုတစ်ကြိမ်တွင် တစ်စုံတစ်ရာလွဲချော်ခဲ့ပါက ပျက်ဆီးခြင်းဂိုဏ်းသည် နှစ်ပေါင်းရာနှင့်ချီ၍ ပြင်ဆင်မှုများအားလုံး အလဟဿဖြစ်သွားလိမ့်မည်။
"မဟုတ်ဘူး၊ အဆင့်မြှင့်ထားတဲ့ ပျက်ဆီးခြင်းနတ်ဆိုးမျိုးစေ့က ပျက်ဆီးဖို့မလွယ်နိုင်ပါဘူး" အရိုးဘိုးဘေးက သူ့ကိုယ်သူ အာမခံနေပြန်သည်။
ပျက်ဆီးခြင်းဂိုဏ်းအပြင် နောက်ထပ်အဖွဲ့တစ်ခုကလည်း အလွန်ကြောက်ရွံ့ထိတ်လန့်နေကြ၏။ ထိုလူများသည် ရီဖန်ပျောက်ကွယ်သွားစဉ်က တာ့ယွီမင်းဆက်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့ကြကာ ၎င်းတို့၏နယ်မြေများကို သိမ်းပိုက်ခဲ့သူများဖြစ်သည်။
………..