အခန်း ၃၄၆-၃၄၈
Vol. 24 Ch. 346-348
အပိုင်း ၃၄၆- အရိုးဘိုးဘေး၏ လမ်းဟောင်းသို့တစ်ဖန်လျှောက်လှမ်းခြင်း
ယခုအချိန်တွင် ရီမိသားစု၏လုပ်ဆောင်ချက်တိုင်းက အင်အားစုကြီးများ၏ စိတ်နှလုံးအပေါ်တွင် သက်ရောက်မှုရှိသည်။ ဤအခြေအနေတွင် မည်သည့်အင်အားစုကမှ ရီမိသားစုထံမှ ပစ်မှတ်ထားခံရမည်ကို မလိုလားကြချေ။ ၎င်းကိုအားလုံး အကျိုးဆက်များကို ရင်မဆိုင်နိုင်ကြပေ။
ထို့အပြင် ရီမိသားစုသည် မကြာသေးမီက မျိုးနွယ်စုအချို့ကို ရှင်းလင်းခဲ့သည့်အတွက်
မျိုးနွယ်စုများစွာက ၎င်းတို့နောက်ထပ်ပစ်မှတ်ဖြစ်လာမည်ကို ကြောက်ရွံ့နေခဲ့ကြ၏။
မကြာမီတွင် ရီမိသားစု၏တပ်ဖွဲ့များသည် ရန်ဟွမ်စကြဝဠာမှ ထွက်ခွါသွားကြကာ နေရာလွတ်ကိုဖြတ်ကျော်လျက် ပိုမိုဝေးကွာသောနေရာသို့ ဦးတည်သွားကြသည်။ ရီမိသားစု၏ကျင့်ကြံသူများ တဖြည်းဖြည်း အဝေးသို့ရောက်သွားသောအခါ ၎င်းတို့၏ပစ်မှတ်များမှာ ပိုမိုရှင်းလင်းလာသည်။
ရီမိသားစုသည် ထန်နတ်မင်းဆက်နှင့်တိုက်ခိုက်ရာ၌ပင် ဤမျှလောက် စွမ်းအားကြီးသောပုဂ္ဂိုလ်များကို အသုံးမပြုခဲ့ပေ။ ရန်ဟွမ်စကြဝဠာရှိ တာအိုဂိုဏ်း၊ သူတော်စင်တစ်သောင်းနန်းတော်၊ ပျက်ဆီးခြင်းဂိုဏ်းစသည့်
ထိပ်တန်းတပ်ဖွဲ့ဝင် အနည်းငယ်ကသာ ရီမိသားစုထံမှ ထိုသို့သောဆက်ဆံမှုကိုခံရနိုင်သည်။
သို့သော် ဤအတောအတွင်း ရီမိသားစုနှင့်ညှိစွန်းထားသူမှာ ပျက်ဆီးခြင်းဂိုဏ်းတစ်ခုသာရှိသည်။ ၎င်းတို့က ပင်လယ်နဂါးတာအိုဘိုးဘေး ပါဝင်သည့် ယခင်တိုက်ပွဲအကြောင်း ပြန်စဉ်းစားမိကြသည်။ ထိုတိုက်ပွဲတွင် ထန်ဘုရင်က ပျက်ဆီးခြင်းဂိုဏ်းထဲမှ မဟုတ်လား?
ရီရှောင်းရှောင်း၏ အထောက်အထားကို ပြန်သုံးသပ်ပြီးနောက် အားလုံးက ကြောက်မက်ဖွယ်အကြောင်းအရာတစ်ခုကို နိဂုံးချုပ်နိုင်ခဲ့သည်။ ရီမိသားစုက ပျက်ဆီးခြင်းဂိုဏ်းကို အရေးယူတော့မည်ဖြစ်၏။
ရီမိသားစုက ပျက်ဆီးခြင်းဂိုဏ်းကို တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဟူသော သတင်းမှာ သံသယမရှိထွက်ပေါ်လာသည်။ ထိုအင်အားစုနှစ်ခုစလုံးနှင့် ပတ်သက်သည့် ပြဿနာမှန်သမျှသည် ပန်ကုစကြဝဠာအတွက် ထိတ်လန့်စရာကိစ္စများဖြစ်ကြသည်။
ယခုတွင် ၎င်းတို့၏ ထိပ်တိုက်တွေ့ဆုံမှုက လူတိုင်းမြင်လိုသည့်အရာဖြစ်လာ၏။ ရီမိသားစုကို လေးစားသည်ဖြစ်စေ ရှုံ့ချသည်ဖြစ်စေ ဤအချိန်တွင် လူတိုင်းက ရီမိသားစုကို ကျေးဇူးတင်ရလိမ့်မည်။
ပျက်ဆီးခြင်းဂိုဏ်းသည် ပန်ကုစကြဝဠာတစ်ခုလုံး၏ ရန်သူဖြစ်ရာ၊ အကယ်၍ ရီမိသားစုက ပျက်ဆီးခြင်းဂိုဏ်းကိုဆန့်ကျင်ဝံ့လျှင် ၎င်းတို့သည် ပန်ကုစကြဝဠာ၏ သူရဲကောင်းများ ဖြစ်လာကြလိမ့်မည်။
အကယ်၍ ရီဖန်က ပျက်ဆီးခြင်းဂိုဏ်းကို ချေမှုန်းနိုင်လျှင် ရီမိသားစုသည် ပန်ကုစကြာဝဠာတစ်ခုလုံးအတွက် ကျေးဇူးရှင်များဖြစ်လာမည်ဖြစ်၏။
ရီမိသားစု၏ လှုပ်ရှားမှုများကိုမြင်ရပြီးနောက် ပျက်ဆီးခြင်းဂိုဏ်းသည်လည်း ထိုကိစ္စများအကြောင်းကို မသိဘဲမရှိချေ။ အထူးသဖြင့် ရီဖန်သည် မည်သည့်အရာကိုမျှဖုံးကွယ်ရန် စိတ်ကူးမရှိသောကြောင့်
မကြာမီတွင် အရိုးဘိုးဘေးလည်း ထိုသတင်းကိုရလိုက်သည်။
လက်ရှိအရိုးဘိုးဘေးသည် ရီဖန်ကိုကြောက်ရွံ့သောရောဂါကို ခံစားနေရသည်ဟု ဆိုနိုင်၏။ ရီဖန်က ပျက်ဆီးခြင်းဂိုဏ်းကို ရင်ဆိုင်မည့်အကြောင်းသိရသောအခါ အရိုးဘိုးဘေးမှာ အံ့ဩသွားသည်။
မည်သို့ဖြစ်နိုင်မည်နည်း။ ပန်ကုစကြဝဠာတစ်ခုလုံးတွင် ပျက်ဆီးခြင်းဂိုဏ်းကို ဆန့်ကျင်ရန် မည်သူမှ သတ္တိမရှိပေ။ ရီဖန်က မည်သည့်နေရာမှ သတ္တိရလားသနည်း။
ပျက်ဆီးခြင်းဂိုဏ်းသည် နတ်ဆိုးနတ်ဘုရားနယ်မြေ၏ ကာကွယ်မှုအောက်တွင်ရှိသည်။ ထို့ကြောင့် ပျက်ဆီးခြင်းဂိုဏ်းကိုကျူးကျော်ရန်အတွက် အရင်ဆုံး နတ်ဆိုးနတ်ဘုရားနယ်မြေကို ဝင်ရမည်။
နတ်ဆိုးနတ်ဘုရားနယ်မြေ၏အတွင်းပိုင်းသည် ထူထပ်သောပျက်ဆီးခြင်းနတ်ဆိုးစွမ်းအားနှင့် ပြည့်နေသောကြောင့် တာအိုဘိုးဘေးများဝင်လာလျှင်ပင် ၎င်းတို့ကိုဒုက္ခပေးနိုင်သည်။ နတ်ဆိုးမျိုးစေ့ကူးစက်မှုက တစ်ဆဖြစ်လျှင် နတ်ဆိုးနတ်ဘုရားနယိမြေအတွင်း ကူးစက်မှုက အဆတစ်သောင်းဖြစ်သည်။
တာအိုဘိုးဘေးတစ်ဦးပင်လျှင် နတ်ဆိုးနတ်ဘုရားနယ်မြေ၌ အချိန်ကြာမြင့်စွာနေထိုင်ပါက နတ်ဆိုးစွမ်းအား၏ နှောက်ယှက်မှုကြောင့် ပျက်ဆီးခြင်းနတ်ဆိုးဖြစ်လာလိမ့်မည်။
အကယ်၍ နတ်ဆိုးနတ်ဘုရားနယ်မြေ တည်ရှိနေခြင်းကြောင့်သာမဟုတ်ပါက ပျက်ဆီးခြင်းဂိုဏ်းသည် မည်မျှပင်အားကောင်းနေပါစေ ပန်ကုစကြဝဠာတစ်ခုလုံးကို ပြဿနာရှာသောကြောင့် လွန်ခဲ့သောခေတ်ကာလများကတည်းကပင် ရှင်းလင်းခံခဲ့ရပြီးဖြစ်လိမ့်မည်။
"အားလုံးကို ပြန်လာဖို့ခေါ်လိုက်!"
အကယ်၍ ပျက်ဆီးခြင်းဂိုဏ်းကို တိုက်ခိုက်လာသူများက အခြားအင်အားစုများဖြစ်လျှင် အရိုးဘိုးဘေးသည်လည်း ဤမျှစိုးရိမ်နေလိမ့်မည်မဟုတ်ပေ။ ၎င်းတို့က နတ်ဆိုးနတ်ဘုရားနယ်မြေကို ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ကြောင်းကို အရိုးဘိူးဘေးအပြည့်အဝယုံကြည်သည်။
သို့သော် ဤတစ်ကြိမ်တွင် ရောက်ရှိလာသူမှာ ရီဖန်ဖြစ်၏။ ရီဖန်သည် ဤနှစ်များအတွင်း အံ့ဩဖွယ်ရာကိစ္စများစွာကို ဖန်တီးခဲ့ရာ မရေမတွက်နိုင်အောင်များလွန်းသောကြောင့် အရိုးဘိုးဘေးပင်လျှင် မမှတ်မိနိုင်ချေ။ ရီဖန်သည်လည်း နတ်ဆိုးနတ်ဘုရားနယ်မြေကို ဖြတ်ကျော်နိုင်လိမ့်မည်မဟုတ်ဟု အရိုးဘိုးဘေးက မသေချာပေ။
"ငါတို့ဘာမှမလုပ်ဘဲ သေဖို့ထိုင်ပြီး စောင့်နေလို့မရဘူး။ ငါတို့အရင်တိုက်ရမယ်။ ဒါက အခွင့်အရေးတစ်ခုလည်း ဖြစ်ခါနိုင်တယ်!"
ထိုအချိန်တွင် ပျက်ဆီးခြင်းဂိုဏ်းသို့ ရင်းနှီးနေသောပုဂ္ဂိုလ်တစ်ဦး ထပ်ရောက်လာပြန်သည်။ ၎င်းကိုမြင်သောအခါ အရိုးဘိုးဘေးမှာ ခေါင်းမကိုက်ဘဲမနေနိုင်တော့ချေ။
ရီဖန်၏ပြဿနာကိုပင် မဖြေရှင်းရသေး၊ ထန်ဘုရင်က အဘယ်ကြောင့် ထပ်ရောက်လာရသနည်း။
အရိုးဘိုးဘေးမှာ ပို၍ပင် စိတ်ဖိစီးလာသည်။ ထန်ဘုရင်က အဘယ်ကြောင့် မသေသွားရသေးသနည်း။ နှစ်ခါသေပြီးသည့်တိုင်အောင် ထပ်ပေါ်လာပြန်သည်။
ထန်ဘုရင်ပေါ်လာသည်နှင့်တပြိုင်နက် သူ၏အာဏာသိမ်းလိုသော ရည်ရွယ်ချက်ကိုပြသခဲ့ရာ အရိုးဘိုးဘေးမှာ အလွန်ဒေါသထွက်သွားသည်။
တစ်ကြိမ်သေပြီးနောက် သူသည် အနှိုင်းမဲ့တာအိုဘိုးဘေးအဖြစ်မှ အထွက်အထိပ်တာအိုဘိုးဘေးဖြစ်လာခဲ့သည်။ နောက်တစ်ကြိမ်သေဆုံးသွားပြီးနောက်တွင် သူသည် သာမန်တာအိုဘိုးဘေးတစ်ဦး၏ အင်အားသာရှိနေသင့်သည်မဟုတ်လား။ သာမာန်တာအိုဘိုးဘေးတစ်ဦးက အနှိုင်းမဲ့တာအိုဘိုးဘေးဖြစ်သည့် သူ့ကို အမိန့်ပေးနိုင်သည့်အရည်အချင်း မည်သို့ရှိမည်နည်း။
"ထန်ဘုရင်၊ ကိုယ့်နေရာကိုယ် သိစမ်း။ ငါက ပျက်ဆီးခြင်းဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပဲ!"
ထိုသို့ပြောလိုက်ရင်း အရိုးဘိုးဘေးသည် ထန်ဘုရင်ကိုဖိနှိပ်ရန်အတွက် သူ၏တာအိုဘိုးဘေးရောင်ဝါကို ထုတ်လွှတ်လိုက်သည်။ သို့သော် နောက်အခိုက်အတန့်တွင် ထန်ဘုရင်ထံမှ အရိုးဘိုးဘေးများထက် ပိုမိုအားကောင်းသော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။ အရိုးဘိုးဘေးသည် ဆွံ့အသွားကာ ထိုစွမ်းအား၏ဖိအားအောက်တွင် ခြေလှမ်းများစွာ ပြန်မဆုတ်ဘဲမနေနိုင်ခဲ့ချေ။ သူသည် ထန်ဘုရင်ကို တုန်လှုပ်စွာစိုက်ကြည့်နေ၏။
ထန်မင်းဆက်ဘုရင်၏ကျင့်ကြံမှုအဆင့်က ပိုအားနည်းသွားရမည်မဟုတ်လား? သူသည် အနှိုင်းမဲ့တာအိုဘိုးဘေးနယ်ပယ်သို့ မည်သို့ပြန်ရောက်သွားရသနည်း။
ထိုအခိုက်အတန့်တွင် အရိုးဘိုးဘေးသည် ထန်မင်းဆက်ဘုရင်ထံမှ နတ်ဆိုးနတ်ဘုရားရောင်ဝါကို ရုတ်တရက် ခံစားလိုက်ရသည်။ အကယ်၍ လူတစ်ဦးထံတွင် နတ်ဆိုးနတ်ဘုရားရောင်ဝါရှိနေပါက သူတို့ထံ၌ နတ်ဆိုးနတ်ဘုရားအရာဝတ္ထုများရှိနေခြင်းကြောင့် ဖြစ်သည်။ ထန်မင်းဆက်ဘုရင်ကို အနှိုင်းမဲ့တာအိုဘိုးဘေးနယ်ပယ်သို့ ပြန်လည်ရောက်ရှိစေနိုင်သည့် တစ်ခုတည်းသောအရာမှာ နတ်ဆိုးနတ်ဘုရား၏သွေးဖြစ်သည်။
ပျက်ဆီးခြင်းဂိုဏ်းသည် ထိုသွေးစက်အနည်းငယ်ကို ပင်လယ်နဂါးတာအိုဘိုးဘေးကို ပေးမည်ဟု ကတိပေးခဲ့ဖူးသော်လည်း ၎င်းမှာကတိတစ်ခုသာဖြစ်သည်။ အရိုးဘိုးဘေးက ၎င်းကိုဖြည့်ဆည်းပေးရန် လုံးဝမရည်ရွယ်ထားချေ။
နတ်ဆိုးနတ်ဘုရား၏သွေးသည် အလွန်အဖိုးတန်သောအရာဖြစ်သောကြောင့် အရိုးဘိုးဘေးထံ၌ပင် မရှိပေ။ သို့ဖြစ်ရာ ပင်လယ်နဂါးတာအိုဘိုးဘေးကဲ့သို့သော အပြင်လူကို မည်သို့ပေးမည်နည်း။
ယခုတွင် ထန်မင်းဆက်ဘုရင်သည် နတ်ဆိုးနတ်ဘုရားသွေးကို ပိုင်ဆိုင်ထားကာ ၎င်းကိုပင်သုံးလိုက်သေးသည်။ အရိုးဘိုးဘေးမှာ အလွန်ဒေါသထွက်သွား၏။
အရိုးဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းအတွက် နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့သည်။ သူသည် ကောင်းချီးများမရဖူးသော်လည်း အမြဲတမ်းကြိုးစားအားထုတ်မှု ပျက်ကွက်ခြင်းမျိုးမရှိခဲ့ပေ။
သို့သော် ထန်မင်းဆက်ဘုရင်သည် သွေးတစ်စက်ကိုပင် အသုံးပြုခဲ့ပြီးဖြစ်ရာ အရိုးဘိုးဘေးအတွက် လက်ခံရန်ခက်ခဲစေသည်။ သူ့နှလုံးသားထဲရှိ ယုံကြည်မှုမှာလည်း တဖြည်းဖြည်းပြိုလဲလာသည်။ နတ်ဆိုးနတ်ဘုရားကအမှန်တကယ် တရားမျှတပါရဲ့လား။
အရိုးစုတပ်သားတစ်ဦးမှသည် အနိုင်ကျင့်ခံခဲ့ရပြီးနောက် သူ၏လက်ရှိအဆင့်သို့ရောက်ရှိရန် အလွန်အပတ်တကုတ်ကြိုးစားခဲ့ရခြင်းကြောင့် အရိုးဘိုးဘေး၏နှလုံးသားသည် တကယ်တမ်းပျက်ဆီးလွယ်၏။ မမျှမတဆက်ဆံခံရခြင်းက အရိုးဘိုးဘေးကို ပေါက်ကွဲလုနီးပါးဖြစ်စေခဲ့သည်။
"ထန်မင်းဆက်ဘုရင်၊ မင်းမှာ ငါ့ကို အမိန့်ပေးခွင့်မရှိတော့ဘူး!"
အနှိုင်းမဲ့တာအိုဘိုးဘေးရောင်ဝါသည် အရိုးဘိုးဘေးထံမှ ထွက်ပေါ်လာသည်။ ‘အရိုးဝိညာဉ်’ မရေတွက်နိုင်သောအရိုးစုများ မြေအောက်မှ ထွက်ပေါ်လာသည်။
အရိုးဘိုးဘေး နားလည်ထားသော နိယာမသည် သေခြင်းတရားဖြစ်၏။ အရိုးဘိုးဘေး၏လက်ထဲတွင် သေဆုံးသွားသော သက်ရှိသတ္တဝါအားလုံးက သူ့ကျွေးကျွန်ဖြစ်လာကာ ၎င်းတို့က သူ့ကိုယ်စား တိုက်ပွဲဝင်ကြလိမ့်မည်။ သို့သော် တိုက်ပွဲဖြစ်ပွါးခါနီးတွင် အရိုးဘိုးဘေးသည် ရုတ်တရက် သူ့စွမ်းအား လုံးဝဆုတ်ယုတ်သွားသလို ခံစားလိုက်ရသည်။
နတ်ဆိုးနတ်ဘုရားချမှတ်ထားသော သူ၏ခန္ဓာကိုယ်အတွင်းမှ တားမြစ်ချက်သည် ယခုအချိန်တွင် စတင်လာသည်။ ထန်မင်းဆက်ဘုရင်က အရိုးဘိုးဘေးကို လှောင်ပြောင်လျက်
“အရိုးဘိုးဘေး၊ အခု ဘယ်သူက ဘယ်သူ့ကို နာခံရမလဲဆိုတာ သိပြီလား”
တားမြစ်ချက်ကိုစတင်လိုက်သည့်အချိန်တွင် အရိုးဘိုးဘေးမှာ အလွန်စိတ်ပျက်နေလေပြီ။ ပျက်ဆီးခြင်းဂိုဏ်းအတွင်း အာဏာလွန်ဆွဲပွဲ၌ သူကျရှုံးခဲ့ကြောင်း သိလိုက်ရ၏။
ထန်မင်းဆက်ဘုရင်က တားမြစ်ချက်ကို ထိန်းချုပ်နိုင်ခဲ့သည်မှာ နတ်ဆိုးနတ်ဘုရား၏အခွင့်အာဏာကို ရရှိထားသောကြောင့်ဖြစ်ကြောင်း သိသာသည်။ နတ်ဆိုးနတ်ဘုရားသည် ထန်မင်းဆက်၏ဘုရင်ကိုရွေးချယ်ကာ အရိုးဘိုးဘေးကို စွန့်ပစ်ခဲ့သည်။
"အရိုးဘိုးဘေး၊ မင်းစိတ်အေးအေးထားတာကောင်းလိမ့်မယ်၊ သူ့ကို ခေါ်သွားလိုက်ကြစမ်း!"
ယခုမှစ၍ ပျက်ဆီးခြင်းဂိုဏ်း၏အာဏာကို ထိန်းချုပ်ထားသည့် ထန်မင်းဆက်ဘုရင်က အခြားတပည့်များကို အမိန့်ပေးခဲ့သည်။
နတ်ဆိုးဘုရားစွမ်းအားကို ရရှိထားသော ထန်မင်းဆက်ဘုရင်၏အမိန့်ကို အခြားတပည့်များက မငြင်းပယ်ဝံ့သောကြောင့် အရိုးဘိုးဘေးကိုသာ ခေါ်ထုတ်သွားလျက် ခေတ္တထိန်းသိမ်းထားရသည်။
အရိုးဘိုးဘေးက လုံးဝမခုခံတော့ချေ။ သူ့မျက်လုံးအတွင်းမှ ဝိညာဉ်မီးတောက်က တဖျတ်ဖျတ်တောက်ပနေလျက် သူ၏စိတ်အတွင်းပိုင်း၌ ရုန်းကန်နေမှုကိုဖော်ပြသည်။
ထိုအချိန်တွင် အရိုးဘိုးဘေးသည် ဝူရှန်းဘိုးဘေးက ပျက်ဆီးခြင်းဂိုဏ်းမှထွက်ခွာရန် အဘယ်ကြောင့်ဆုံးဖြတ်ခဲ့ကြောင်း နားလည်သွား၏။ ပျက်ဆီးခြင်းဂိုဏ်းသည် သာမန်နေရာမဟုတ်ပေ။
ကြိုးစားအားထုတ်မှုအားလုံးက နတ်ဆိုးနတ်ဘုရား၏ရွေးချယ်မှုအောက်တွင် အသုံးမဝင်တော့ပေ။
"ဝူရှန်းကို သတိရလိုက်တာ!" အရိုးဘိုးဘေးက သက်ပြင်းချလိုက်သည်။
"မင်း ငါ့ကို တကယ်လွမ်းတာလား"
အရိုးဘိုးဘေးကိုခေါ်ဆောင်သွားရန် တာဝန်ရှိသော တာအိုဘိုးဘေးနှစ်ဦးက ရုတ်တရက် အရိုးဘိုးဘေးကို လှည့်ကြည့်ကာ ရယ်မောကြသည်။
“သောက်ကျိုးနည်း!"
အရိုးဘိုးဘေးသည် ၎င်းတို့၏ ရုတ်တရက်နှုတ်ဆက်မှုကြောင့် ထိတ်လန့်သွား၏။ အရိုးဘိုးဘေးကို အပြစ်မတင်နိုင်ပါ။ ၎င်းက အလွန်ကြောက်စရာကောင်းလွန်း၏။
"အရိုးဘိုးဘေးရေ၊ မင်းကိုမတွေ့တာကြာမှ ဒီအဆင့်ရောက်နေမယ်လို့ ငါမမျှော်လင့်ထားဘူး!"
ဘယ်ဘက်ခြမ်းရှိ တာအိုဘိုးဘေးက ပြောလာသည်။ အရိုးဘိုးဘေးက ၎င်း၏လှောင်ပြောင်မှုကို မတုံ့ပြန်ဘဲ တာအိုဘိုးဘေးနှစ်ဦးကို ဂရုတစိုက်စစ်ဆေးနေခဲ့သည်။ !
ဘိုးဘေးနှစ်ဦးထံမှ ရင်းနှီးသောရောင်ဝါကို အာရုံခံပြီးမှသာ ဤနှစ်ဦးသည် ဝူရှန်းဘိုးဘေးဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အရိုးဘိုးဘေးက အနည်းငယ်ထိတ်လန့်သွား၏။ ဝူရှန်းဘိုးဘေးသည်လည်း အခြားဘိုးဘေးများကဲ့သို့ အားနည်းသည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် လက်ရှိ ဝူရှန်းဘိုးဘေးနှစ်ယောက်၏ ထွက်ပေါ်လာမှုက သူသိထားသည့် ဝူရှန်းဘိုးဘေးမှာ အမှန်တကယ် အားနည်းပါသလားဟု သံသယဝင်လာသည်။
…………
အခန်း ၃၄၇ - အရိုးဘိုးဘေး၏ လမ်းဟောင်းသို့တစ်ဖန်လျှောက်လှမ်းခြင်း
"ဝူရှန်း မင်းငါ့ကိုလှောင်ပြောင်ဖို့ ထွက်လာတာတော့မဟုတ်ဘူးမလား" အရိုးဘိုးဘေးက ပြောသည်။
“သေချာပေါက်ပေါ့၊ ငါက မင်းကို လှောင်ဖို့လာတာမဟုတ်ဘူး၊ မင်းကို ရွေးချယ်စရာအခွင့်အရေး ပေးချင်လို့လာတာပါ"
ရွေးချယ်နိုင်မည့်အခွင့်အရေးက ပျက်ဆီးခြင်းဂိုဏ်းသို့ ဝင်ရောက်ပြီးချိန်ကစ၍ ရှိပါသေးရဲ့လား။
သို့သော် အရိုးဘိုးဘေးက ပျက်ဆီးခြင်းဂိုဏ်းမှ အမှန်တကယ်ခွဲထွက်နိုင်ခွင့်ရခဲ့သော ဝူရှန်းဘိုးဘေးအကြောင်းကို တွေးလိုက်မိသည်။ ၎င်းက ပျက်ဆီးခြင်းဂိုဏ်း၏ အကြီးအကဲများထဲမှ ပထမဆုံးနှင့် တစ်ဦးတည်းသောသူဖြစ်သည်။
ဤအခြေအနေမှလွတ်မြောက်ရန်ကူညီပေးနိုင်သည်ဟု အခြားသူများကပြောလာလျှင် သူယုံမည်မဟုတ်သော်လည်း ဝူရှန်းဘိုးဘေးပြောလျှင်တော့ အမှန်ဖြစ်နိုင်သည်။
"ငါ့ဘက်က ဘာပြန်ပေးဖို့လိုတာလဲ"
အရိုးဘိုးဘေးများက ဤကမ္ဘာပေါ်တွင် အလကားရနိုင်သည့်အရာ မရှိမှန်းသိသောကြောင့် အလွန်စိတ်လှုပ်ရှားသွားခြင်းမရှိချေ။ အကယ်၍ ဝူရှန်းဘိုးဘေးက သူ့ကိုရွေးချယ်ခဲ့ပါက သူသေချာပေါက် ပြန်ပေးဆပ်ရလိမ့်မည်ဖြစ်သည်။
"ပြန်ပေးဖို့လား? အခုအခြေအနေနဲ့ အတူတူပဲလေ၊ ဒါပေမယ့် မင်းရဲ့သစ္စာစောင့်သိမှုက တခြားတစ်ယောက်အတွက်ဖြစ်လာလိမ့်မယ်"
ထိုစကားက အရိုးဘိုးဘေးကို အံ့အားသင့်စေခဲ့သည်။ ခေတ်တိုင်းတွင် နတ်ဆိုးနတ်ဘုရားတစ်ပါးသာ ရှိသင့်သည်မဟုတ်လား။ ဆိုတော့ ဝူရှန်းဘိုးဘေးက မည်သည့်နတ်ဆိုးနတ်ဘုရားအတွက် တာဝန်ထမ်းဆောင်သနည်း။
"ဘယ်နတ်ဆိုးနတ်ဘုရားအတွက် ဆောင်ရွက်ရမှာလဲ" ဝူရှန်းဘိုးဘေးက စူးစမ်းစွာမေးလိုက်သည်။
"ဟာဟားဟား၊ ငါကရော နတ်ဆိုးနတ်ဘုရား မဖြစ်နေနိုင်ဘူးလား"
ထိုစကားကိုကြားသည်နှင့် အရိုးဘိုးဘေး၏စိတ်နှလုံးထဲသို့ အရှိန်အဟုန်တစ်ခု တိုးဝင်လာသည်။ နတ်ဆိုးနတ်ဘုရားထံ တာဝန်ထမ်းဆောင်ခြင်းမဟုတ်ဘဲ သူကိုယ်တိုင် နတ်ဆိုးနတ်ဘုရားတစ်ပါး ဖြစ်လာနိုင်မည်လား။
သူ၏မဟာမိတ်ကိုပြောင်းလဲရန် စဉ်းစားရန်ပင်အချိန်မရှိတော့ချေ။ ဝူရှန်းဘိုးဘေး၏စကားက သူ့ကိုအပြည့်အဝ ဆွဲဆောင်နေခဲ့၏။ ဝူရှန်းဘိုးဘေးက နတ်ဆိုးနတ်ဘုရားဖြစ်လာနိုင်လျှင် သူ့အတွက်လည်း အခွင့်အရေးရှိနိုင်သည်မဟုတ်လား။
နတ်ဆိုးနတ်ဘုရား၏ ရုပ်သေးအဖြစ်နှင့်နှိုင်းယှဉ်ပါက နတ်ဆိုးနတ်ဘုရားဖြစ်လာခြင်းက ပို၍ဆွဲဆောင်နိုင်သည်မှာ ထင်ရှားသည်။ ထိုအတွေးပေါ်လာသည်နှင့် ဖျောက်ဖျက်၍မရတော့ပေ။
အရိုးဘိုးဘေး၏မျက်နှာအမူအရာပြောင်းလဲသွားသည်ကိုကြည့်နေသည့် ဝူရှန်းဘိုးဘေးသည် အရိုးဘိုးဘေးများ၏အတွေးများကို ခန့်မှန်းနိုင်သော်လည်း သူလုံးဝဂရုမစိုက်ချေ။ အကယ်၍တစ်စုံတစ်ယောက်က နတ်ဆိုးနတ်ဘုရားဖြစ်လိုပါက သူတို့ကိုယ်တိုင်က နတ်ဆိုးနတ်ဘုရားမဖြစ်နေသရွေ့ လုပ်နိုင်လိမ့််မည်မဟုတ်ပေ။
အရိုးဘိုးဘေးကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်၏။ လက်ရှိပျက်ဆီးခြင်းဂိုဏ်းက သူနဲ့မဆိုင်တော့ချေ။ ထန်မင်းဆက်ဘုရင်ရှိနေသောကြောင့် သူ၏ရာထူးကို ပြန်လည်ရရှိလျှင်ပင် ထန်မင်းဆက်ဘုရင်နှင့် ယှဉ်နိုင်လိမ့်မည်မဟုတ်။ နောက်ဆုံးတွင် ကိစ္စများကိုဆုံးဖြတ်ပိုင်ခွင့်ရှိသူမှာ နတ်ဆိုးဘုရားဖြစ်နေဆဲပင်။
"ကောင်းပြီ ငါမင်းပြောသလိုလုပ်မယ်!"
"ဒါပေမယ့် မင်းမပြန်ခင် လုပ်စရာလေးတွေရှိလိမ့်မယ်"
ဝူရှန်းဘိုးဘေးက ပြုံးလျက်ပြောလိုက်သည်။ သူ ယခင်ကလုပ်ခဲ့ဖူးသည့် အရာများနှင့် တူသည့်အရာတချို့ကို ပြုလုပ်ရမည်ဖြစ်သည်။
အရိုးဘိုးဘေးက မငြင်းချေ။ သူထွက်သွားရန် ဆုံးဖြတ်ပြီးသွားပြီဖြစ်ရာ ပျက်ဆီးခြင်းဂိုဏ်းကို သစ္စာဖောက်ရန်အတွက် အဘယ်ကြောင့် အာရုံစိုက်နေရမည်နည်း။
ဝူရှန်းဘိုးဘေးက လက်တစ်ဖက်ကိုဆန့်ထုတ်ပြီး အရိုးဘိုးဘေး၏ နဖူးကိုဖိလိုက်သည်။ အရိုးဘိုးဘေးက ပျက်ဆီးခြင်းဂိုဏ်းသို့ဝင်စဉ်က တားမြစ်ချက်များ တဖြည်းဖြည်းပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။
အရိုးဘိုးဘေး၏တုံ့ပြန်မှုကို မြင်လိုက်ရသောအခါ ဝူရှန်းဘိုးဘေး၏ မျက်နှာပေါ်ရှိအပြုံးသည် ပို၍တောက်ပလာသည်။ နောက်ဆုံးတွင် သူ့ထံ၌ အရည်အချင်းရှိသော နောက်လိုက်တစ်ယောက်ရှိလာပြီဖြစ်သည်။
အရိုးဘိုးဘေးကို ပုဂ္ဂိုလ်ရေးအရ မနှစ်သက်သော်လည်း ဝူရှန်းဘိုးဘေးဝန်ခံရမည်မှာ အရိုးဘိုးဘေးကြောင့်သာမဟုတ်ပါက ပျက်ဆီးခြင်းဂိုဏ်းသည် ဤနှစ်များတစ်လျှောက် များစွာဖွံ့ဖြိုးတိုးတက်လာလိမ့်မည်မဟုတ်ပေ။
ရီဖန်နှင့်ရင်ဆိုင်ရစဉ်က လုပ်ခဲ့သည့်အမှားများအတွက်မူ ဝူရှန်းဘိုးဘေးက နားလည်ပေးနိုင်သည်။ အဆုံးတွင် ရီဖန်သည် အကြီးမားဆုံးပြောင်းလဲမှုကြီးတစ်ခုဖြစ်သည်မဟုတ်လား။
ရီဖန်နှင့်ရင်ဆိုင်ရချိန်တွင် ဝူရှန်းဘိုးဘေးပင်လျှင် မသေချာချေ။ ဤကိစ္စနှင့်ပက်သက်၍ ဝူရှန်းဘိုးဘေးသည် ရီဖန်ကို ကျေးဇူးတင်ရမည်ဖြစ်သည်။
ရီဖန်က သူ့အတွက် နတ်ဆိုးနတ်ဘုရားတားမြစ်ချက်ကို ဖယ်ပေးခဲ့ခြင်းကြောင့်သာ မဟုတ်ပါက၊ သူသည်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲသို့ ဝင်နိုင်မည်မဟုတ်ပေ။
သူသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာက အခွင့်အရေးတစ်ခုရရှိခဲ့ကာ ၎င်းသည် နတ်ဆိုးနတ်ဘုရား၏နှလုံးသားအကြောင်းဖြစ်၏။
ပင်ကိုပျက်ဆီးခြင်းပင်လယ်အတွင်းတွင် ပြီးပြည့်စုံသော နတ်ဆိုးနတ်ဘုရားနှလုံးသားရှိသည်။ ၎င်းကိုရရှိသူတိုင်းသည် နတ်ဆိုးဘုရား၏အမွေဆက်ခံနိုင်ပြီး နတ်ဆိုးဘုရားအသစ်ဖြစ်လာနိုင်သည်။
နတ်ဆိုးဘုရားကြယ်ကို ရရှိပြီးနောက် ဝူရှန်းဘိုးဘေးသည် နတ်ဆိုးနတ်ဘုရားဟူသောအရာမှာ ပန်ကုစကြာဝဠာတစ်ခုလုံးကို လှည့်စားထားသည့် လှည့်စားမှုတစ်ခုမျှသာဖြစ်ကြောင်း သိရှိလာခဲ့သည်။
နတ်ဆိုးနတ်ဘုရားဟူသောအရာသည် ကျင့်ကြံသူတစ်ဉီးက ဖန်တီးထားသော ပုံရိပ်ယောင်တစ်ခုသာဖြစ်ကာ၊ နောက်ထပ်ကျင့်ကြံသူတစ်ဦးက နတ်ဆိုးနတ်ဘုရားနှလုံးသားကိုရရှိပြီးနောက် နတ်ဆိုးနတ်ဘုရားအသစ်ဖြစ်လာခြင်းဖြစ်သည်။
ဝူရှန်းဘိုးဘေးရရှိသော နတ်ဆိုးနတ်ဘုရားနှလုံးသားသည် ပြန်လည်ရှင်သန်ခြင်းနတ်ဆိုးနတ်ဘုရား၏ ပျက်ဆီးခြင်းနှလုံးသားဖြစ်သည်။
ပြန်လည်ရှင်သန်ခြင်းနတ်ဆိုးနတ်ဘုရားကို ပျက်ဆီးခြင်းလှည့်လည်မှု နတ်ဆိုးနတ်ဘုရားဟုလည်း ခေါ်သည်။ လူဝင်စားခြင်းတစ်ခုစီတိုင်းက ၎င်း၏ခန္ဓာကိုယ်ကို သန်မာစေသည်။
ပြန်လည်ရှင်သန်ခြင်းနိယာမသည် ဝူရှန်းဘိုးဘေး၏မရေတွက်နိုင်သောကိုယ်ပွားများနှင့် လိုက်ဖက်ညီသည်။ လက်ရှိဝူရှန်းဘိုးဘေးသည် အဆပေါင်းများစွာ အင်အားကောင်းလာပြီဖြစ်၏။ အနှိုင်းမဲ့တာအိုဘိုးဘေးသည် နတ်ဆိုးနတ်ဘုရားအတွက် စမှတ်သာဖြစ်ကာ
သူ၏ပန်းတိုင်မှာ သူတော်စင်နယ်မြေဖြစ်သည်။
စည်းမျဉ်းများအရ ခေတ်တစ်ခေတ်တွင် နတ်ဆိုးဘုရားတစ်ဆူတည်းသာ ပေါ်ထွန်းနိုင်သည်။
ထို့ကြောင့် သူအခုလုပ်ရမည့်အရာမှာ ပျက်ဆီးခြင်းဂိုဏ်းကို ကိုင်တွယ်ပြီး လော့ထောင်ပေါ်မလာရန်အတွက် သေချာအောင်ပြုလုပ်ရန်ဖြစ်သည်။
လော့ထောင်ပေါ်လာလျှင်ပင် သူ၏ အခြေခံအုတ်မြစ်ကိုလျှော့ချပစ်ရမည်။ ထို့ကြောင့် ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းကိုကိုင်တွယ်ရန်အတွက် အရိုးဘိုးဘေးကို သိမ်းသွင်းလိုခြင်းဖြစ်သည်။
မကြာမီတွင် ဝူရှန်းဘိုးဘေးသည် ပျက်ဆီးခြင်းဂိုဏ်းမှ တိတ်တဆိတ်ပျောက်ကွယ်သွားခဲ့၏။ ဤအတောအတွင်း ရီဖန်သည် နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေအပြင်ဘက်သို့ ရောက်လာသည်။
နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေထဲတွင် ထန်မင်းဆက်ဘုရင်သည် ပျက်ဆီးခြင်းဂိုဏ်းမှ စွမ်းအားရှင်များစွာကိုဦးဆောင်လျက် ရီဖန်နှင့် အခြားသူများကို အဝေးမှလှမ်းကြည့်နေသည်။
ပျက်ဆီးခြင်းဂိုဏ်းမှ အင်အားကြီးသူများကို နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေအပြင်ဘက်သို့ စေလွှတ်ခြင်းမရှိပေ။ ဤနေရာသည် ၎င်းတို့၏အိမ်ကွင်းဖြစ်သောကြောင့် ထိုအားသာချက်ကို လက်လွှတ်ခံလိမ့်မည်မဟုတ်ချေ။
"ရီဖန် ငါမင်းကိုပြန်တွေ့ရမယ်လို့မမျှော်လင့်ထားဘူး!"
ထန်မင်းဆက်ဘုရင်၏အသံသည် သတ်ဖြတ်လိုစိတ်အပြည့်ဖြစ်နေ၍။ သူသည် ရီမိသားစုထံမှ နှစ်ကြိမ်တိုင်တိုင် အသတ်ခံခဲ့ရသောကြောင့် မမုန်းဘဲမနေနိုင်ချေ။ ထို သေဆုံးမှုနှစ်ခုကြောင့် စွမ်းအားကြီး ကိုယ်ပွါးနှစ်ခုကို ဆုံးရှုံးခဲ့ရသည်။
………
အခန်း ၃၄၈ - ပျော်မြူးနေသောအရိုးဘိုးဘေး
ကြီးမြတ်သောခေတ်သို့ ရောက်ရှိသောအခါတွင် ထန်မင်းဆက်ဘုရင်ဖြစ်နေခြင်းက သူ့ကို သိသိသာသာ နောက်ပြန်ဆွဲနေလိမ့်မည်။ အကယ်၍ မည်သည့်အမှားအယွင်းမှမရှိခဲ့လျှင် ကြီးမြတ်သောခေတ်အခါသို့ ရောက်ရှိသောအခါ သူ၏ အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့် ကိုယ်ပွားကိုးခုကို ပေါင်းစည်းကာ သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်နိုင်မည့် အခွင့်အလမ်းရှိ၏။
ဟုန်မိန်ခရမ်းရောင်ချီကိုသာ ရနိုင်ပါက သူသည် သူတော်စင်နယ်မြေသို့ ဖြတ်ကျော်နိုင်မည့် အခွင့်အရေးပင် ရရှိပေလိမ့်မည်။ ယခုတွင် အရာအားလုံးဆုံးရှုံးလိုက်ရသောကြောင့် ထန်ဘုရင်က ဒေါသမထွက်ဘဲမနေနိုင်တော့ချေ။
ရီဖန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားဟန်ဆောင်လိုက်ကာ ထန်ဘုရင်ကို ကြည့်လိုက်သည်။
"ဆိုတော့ မင်းက ထန်ဘုရင်ပဲ၊ ငါ မင်းကို ကျေးဇူးတင်ရမှာ! မင်း ငါ့ကို ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲကို မပို့ပေးခဲ့ရင် အဲဒီအခွင့်အရေးတွေက ငါနဲ့ ဘာမှမဆိုင်လာနိုင်ဘူး။ အများကြီးကျေးဇူးတင်ပါတယ်ကွာ!"
ရီဖန်၏လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားကြောင့် ထန်ဘုရင်သည် အလွန်ဒေါသထွက်ကာ သွေးအန်လုနီးပါးပင်။ ကြီးကျယ်မြင့်မြတ်သော တာအိုဘိုးဘေးတစ်ဦးက အဘယ်ကြောင့် ဤမျှပြောင်ပျက်ပျက်နိုင်ရသနည်း။
သို့သော် တစ်ချိန်တည်းတွင် ရီဖန်ပြောသည့် အခွင့်အရေးများအကြောင်းကို သူအနည်းငယ် သိချင်နေခဲ့သည်။
ရီဖန်ထွက်လာစဉ်က မည်သို့သောအခွင့်အရေးများ ရရှိခဲ့သည့်အကြောင်းကို လူတိုင်းခန့်မှန်းနေကြသော်လည်း သူတကယ်ထုတ်ပြောလာသည့်အခါတွင် အကြောင်းအရာက မတူတော့ချေ။ ရီဖန်က မည်သို့သော ကံကြမ္မာကောင်းမျိုးကို ရရှိခဲ့ပါသနည်း။
ထန်ဘုရင်သာမက တိုက်ပွဲကိုလျှို့ဝှက်စွာ စောင့်ကြည့်နေသော အင်အားစုကြီးများသည်လည်း ရီဖန်ပြောသော အခွင့်အရေးများအကြောင်းကို အလွန်သိချင်ကြသည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်ထဲမှ မည်ကဲ့သို့သော အရာကောင်းကို ရရှိခဲ့သနည်း။
သို့သော် ထိုအခွင့်အရေးသည် ရီဖန်၏လက်ထဲတွင် ရှိနေသောကြောင့် ရီမိသားစုတစ်ခုခုဖြစ်သွားခြင်းကြောင့်သာမဟုတ်ပါက ၎င်းတို့လုယူနိုင်ခြင်းမရှိချေ။
လူတိုင်းက ရီမိသားစုနှင့် ပျက်ဆီးခြင်းဂိုဏ်းနှစ်ခုစလုံး ဆုံးရှုံးမှုကြီးများ ခံစားကြရစေရန်အတွက်သာ ၎င်းတို့၏ စိတ်ထဲမှ ဆုတောင်းနေကြသည်။
သို့မှသာ ၎င်းတို့သည်လည်း ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ ကြီးမြတ်သောကံကြမ္မာကို မြင်နိုင်လိမ့််မည်။
"ရီဖန်၊ ပေါက်ကတွေ ပြောမနေစမ်းနဲ့၊ မင်းသတ္တိရှိရင် ဝင်လာခဲ့!"
နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေနှင့်ပက်သက်၍ ထန်ဘုရင်သည် ယုံကြည်မှုအပြည့်ရှိ၏။ ရီဖန်လှုပ်ရှားမှုမပြုလုပ်မီ ဗောဓိဘိုးဘေးသည် နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာခဲ့သည်။ သို့သော် ပျက်ဆီးခြင်းဂိုဏ်းမှတပည့်များ တုံ့ပြန်နိုင်ခြင်းမရှိသေးမီ ဗောဓိဘိုးဘေးက နောက်ပြန်ဆုတ်သွားကာ မျက်နှာမကောင်းချေ။
"နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေရဲ့ သိပ်သည်းဆက တိုးလာတာပဲ"
ဗောဓိဘိုးဘေး မပြောခဲ့သည့်အရာမှာ သူတော်စင်တစ်ပိုင်းဖြစ်သည့် သူပင်လျှင် ၎င်း၏ဖိနှိပ်ခြင်းကို ခံခဲ့ရကြောင်းကိုပင်။ အကယ်၍ အခြားသောကျင့်ကြံသူများသာ နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေအတွင်းသို့ ၀င်သွားပါက၊ ၎င်းတို့၏စွမ်းအားသည့် အဆင့်နှစ်ခု သို့မဟုတ် သုံးခုအထိသာ ထိန်းထားနိုင်မည်ဖြစ်ကာ ပျက်ဆီးခြင်းနတ်ဆိုးချီ၏ နှောက်ယှက်ခံရနိုင်ချေလည်းရှိသည်။
ရီဖန်မလှုပ်ရှားသောကြောင့် ထန်ဘုရင်က ရီဖန်ကြောက်နေသည်ဟုထင်ကာ သူ့အပြုံးမှာ ပို၍ပင်တောက်ပလာသည်။ ထန်ဘုရင်သည် ရီဖန်ကိုမုန်းသော်လည်း သူသည် ရီမိသားစုကို ချက်ချင်းတိုက်ခိုက်ရန် အစီအစဉ်မရှိပေ။
ရီမိသားစုမည်မျှအင်အားကောင်းကြောင်းကို သူကောင်းကောင်းသိသည်။ ရီမိသားစုကို စတင်တိုက်ခိုက်ခြင်းက အကျိုးအမြတ်မရှိဘဲ အခြားသူများ၏ အခွင့်ကောင်းယူခံရခြင်းဖြင့် အဆုံးသတ်သွားနိုင်သည်။
"ရီဖန် မင်းအခုပြန်ထွက်သွားရင် မင်းကို ဘယ်သူမှလှောင်မှာမဟုတ်ဘူး"
ထန်ဘုရင်သည် ရီဖန်ကို အဝေးမှရပ်ကြည့်နေ၏။
“နောက်ဆုတ်ဖို့လား၊ ငါနောက်ဆုတ်မယ်လို့ မင်းကိုဘယ်သူပြောလဲ။"
နောက်အခိုက်အတန့်တွင် ရီဖန်၏ခန္ဓာကိုယ်သည် နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေဆီသို့ ဦးတည်သွားသည်။
‘ပျက်ဆီးခြင်းကမ္ဘာ့နိယာမများ’
နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေအတွင်းတွင် ပျက်ဆီးခြင်းနတ်ဆိုးချီများနှင့် ပြည့်နှက်နေသည်။ ပျက်ဆီးခြင်းစွမ်းအားတွင် သီးခြားစွမ်းရည်များမရှိချေ။ စွမ်းရည်အားလုံးကို နောက်ပိုင်းမှခွဲထုတ်ထားခြင်းဖြစ်သည်။ ပျက်ဆီးခြင်းစွမ်းအားကို ထိန်းချုပ်ထားနိုင်သည့် ရီဖန်အတွက်မူ ပျက်ဆီးခြင်းနတ်ဆိုးချီက ခြိမ်းခြောက်မှုမရှိပေ။
ရီဖန်ဘေးတွင် ကမ္ဘာငယ်လေးတစ်ခုပေါ်လာကာ နောက်အခိုက်အတန့်တွင် ၎င်းသည် လျင်မြန်စွာ ကျယ်ပြန့်လာ၏။
ပျက်ဆီးခြင်းဂိုဏ်းမှကျင့်ကြံသူများသည် ရီဖန်၏ကမ္ဘာ့နယ်မြေ ပေါ်လာပြီးနောက် ၎င်းက ပျက်ဆီးခြင်းနတ်ဆိုးချီကို တိုက်ရိုက်စုပ်ယူသွားသည်ကိုတွေ့လိုက်ရသောကြောင့် ထိတ်လန့်သွားကြသည်။
ပျက်ဆီးခြင်းနတ်ဆိုးချီ၏ ခြိမ်းခြောက်မှုမရှိပါက နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေသည် အမည်ခံမျှသာဖြစ်ကာ ဟာသတစ်ခုဖြစ်သွားလိမ့်မည်။
ရီမိသားစု၏ကျင့်ကြံသူများသည် ၎င်းကိုမြင်ပြီးနောက် ရီဖန်၏နယ်မြေထဲသို့ တိုးဝင်လာကြသည်။ ပျက်ဆီးခြင်းကမ္ဘာ၏ကာကွယ်မှုဖြင့် နတ်ဆိုးနတ်ဘုရား တိုက်ပွဲနယ်မြေသည် ၎င်းတို့ကို ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။
တိုက်ပွဲချက်ခြင်းဖြစ်ပွါးခဲ့ကာ အင်အားစုအသီးသီးမှကျင့်ကြံသူများသည် ရီမိသားစုမှကျင့်ကြံသူများက ပင်ကိုပျက်ဆီးခြင်းဂိုဏ်းထဲသို့ဝင်ရောက်ပြီး ၎င်းတို့၏ကျင့်ကြံသူများကို သတ်ဖြတ်နေခြင်းကို လျှို့ဝှက်စောင့်ကြည့်နေကြသည်။
"နတ်ဆိုးနတ်ဘုရား တိုက်ပွဲနယ်မြေက အကျိုးသက်ရောက်မှုမရှိတော့ဘူးလား"
ကျင့်ကြံသူတစ်ဦးက သူ့မေးစေ့ကိုထိလိုက်ကာ စိတ်ရှုပ်စွာပြောလိုက်သည်။
နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေပေါ်ပေါက်လာပြီးနောက် အင်အားစုကြီးများအားလုံးသည် ၎င်း၏စွမ်းအားကို စမ်းသပ်ခဲ့ကြဖူးသောကြောင့် ပျက်ဆီးခြင်းဂိုဏ်းကို တိုက်ခိုက်ရန် မျှော်လင့်ချက်ကို စွန့်လွှတ်ထားခြင်းဖြစ်သည်။
ယခုမူတွင် ပျက်ဆီးခြင်းတိုက်ပွဲနယ်မြေသည် သက်ရောက်မှုလုံးဝမရှိနေပုံပေါ်သည်။ ၎င်းက ကျင့်ကြံသူများကို အတွေးများစေ၏။ ပျက်ဆီးခြင်းဂိုဏ်းက အကျင့်မကောင်းသော်လည်း ၎င်းတို့၏စွမ်းအားကို မည်သူမှငြင်းဆန်၍မရချေ။
ထိုကဲ့သို့စွမ်းအားကြီးမားသော ပျက်ဆီးခြင်းဂိုဏ်းထဲတွင် မည်သို့သော ပစ္စည်းကောင်းများ ရှိနိုင်မည်နည်း။ ထိုအခွင့်အရေးမျိုးကို မည်သူမှ လက်လွတ်မခံချင်ကြပေ။
အင်အားစုကြီးများမှ စွမ်းအားကြီးကျင့်ကြံသူများသည်လည်း တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပျက်ဆီးခြင်းဂိုဏ်းကို စစ်ကြေညာရန် ချက်ခြင်းဆုံးဖြတ်လိုက်သည်။
ပျက်ဆီးခြင်းဂိုဏ်းသည် ပန်ကုစကြဝဠာတစ်ခုလုံးကို ခြိမ်းခြောက်နေသော အင်အားစုဖြစ်သောကြောင့် ၎င်းတို့၏စစ်ကြေငြာခြင်းက လုံးဝမျှတ၏။ ရီမိသားစုပင်လျှင် သဘောတူရလိမ့်မည်။ သိူ့မဟုတ်ပါက ပန်ကုစကြဝဠာရှိ အင်အားစုအားလုံးအပေါ် အပြစ်ပြုမိလိမ့်မည်။
"မျိုးနွယ်စုခေါင်းဆောင်ရီ၊ ငါတို့မင်းကိုကူညီဖို့ ရောက်လာပြီ"
ကျင့်ကြံသူတစ်ယောက်ပြီးတစ်ယောက် နေရာလွတ်ထဲမှ ပြေးထွက်လာကြ၏။ ရီမျိုးနွယ်စုအပေါ် စိတ်ဝင်စားသောကျင့်ကြံသူများသည် အင်အားစုငယ်လေးများမှ မဟုတ်သည်မှာ သေချာသည်။
ရုတ်ချည်းထွက်ပေါ်လာသူများသည် အင်မော်တယ်ဘုရင်အဆင့်မှ တာအိုဘိုးဘေးများအထိ ရှိကာ မည်သူမှအင်အားနည်းမနေပေ။ မသိလျှင် ၎င်းတို့က ပျက်ဆီးခြင်းဂိုဏ်းနှင့် ပြဿနာအကြီးအကျယ်ဖြစ်နေသည်ဟု ထင်ကြလိမ့်မည်။
ရီမျိုးနွယ်စု၏ကျင့်ကြံသူများသည်လည်း ဤရုတ်တရက်ထွက်လာသော “စစ်ကူ” များထံသို့ အာရုံရောက်သွားသည်။ ထိုကိစ္စနှင့်ပတ်သက်၍ ရီဖန်က လှောင်ရယ်မောလိုက်သည်။
ထိုသူများ၏ ကောက်ကျစ်သည့်အကြံအစည်များကို ၎င်းတို့မျက်နှာအနှံ့တွင်ရေးထားရာ ရီဖန်မည်သို့မသိဘဲနေမည်နည်း။ သို့သော်လည်း ၎င်းတို့က သေရန်စိတ်အားထက်သန်နေသောကြောင့် သူကလည်း မသိချင်ယောင်ပေးလိုက်မည်ဖြစ်သည်။
ရီဖန်၏ပျက်ဆီးခြင်းနယ်မြေသည် ရီမျိုးနွယ်စု၏ ကျင့်ကြံသူများကိုသာ ကာကွယ်ပေးနိုင်ကာ ၎င်းတို့ကိုတော့မပါချေ။ ကျင့်ကြံသူအုပ်စုကြီးသည် နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေသို့ရောက်ရှိသွားသည်နှင့် ဖြူဖျော့သွားကြ၏။
နတ်ဆိုးနတ်ဘုရားနယ်မြေ၏ အကျိုးသက်ရောက်မှုသည် ပြောင်းလဲခြင်းမရှိဘဲ ၎င်းတို့အတွက် ကြီးမားသောဖိနှိပ်မှုနှင့် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ရှိနေသေးသည်။
ပျက်ဆီးခြင်းနတ်ဆိုးချီ၏တိုက်စားမှုအောက်တွင် အင်မော်တယ်ဘုရင်နယ်မြေမှ ကျင့်ကြံသူအချို့သည် ပျက်ဆီးခြင်းနတ်ဆိုးများအဖြစ်သို့ စတင်ပြောင်းလဲနေပြီဖြစ်သည်။
အဆင့်မြင့်တာအိုဘိုးဘေးများသည် ရီဖန်ရှိရာနေရာသို့ အံသြစွာ လှမ်းကြည့်လိုက်ကြ၏။ ရီမိသားစုသည် အဘယ်ကြောင့် ဖိနှိပ်ခြင်းမခံရသနည်း။ ရီမျိုးနွယ်စုက ပျက်ဆီးခြင်းဂိုဏ်းနှင့် မဟာမိတ်ဖြစ်နေသလား။
သို့သော် ထိုအတွေးကို အမြန်ဖယ်ချလိုက်သည်။ ရီမျိုးနွယ်စုက ပျက်ဆီးခြင်းဂိုဏ်းနှင့် မဟာမိတ်ဖွဲ့ထားသည်ထက် ဝက်တွေက သစ်ပင်တက်နိုင်သည်ဟုပြောခြင်းကို ပိုယုံကြည်ဦးမည်။ ရီမျိုးနွယ်စုတွင် နတ်ဆိုးနတ်ဘုရားနယ်မြေကို ဖိနှိပ်ထားနိုင်သည့် ထူးခြားသောနည်းလမ်းများရှိသည့် ဖြစ်နိုင်ချေတစ်ခုသာရှိတော့သည်။
တာအိုဘိုးဘေးအချို့၏မျက်နှာပေါ်တွင် ခါးသီးသောအပြုံးတစ်ခုပေါ်လာသည်။ ၎င်းတို့သည် လောဘကြောင့် စုံလုံးကန်းခဲ့ကြခြင်းဖြစ်၏။ ရီမျိုးနွယ်စုတွင် အထူးနည်းလမ်းမရှိပါက ပျက်ဆီးခြင်းဂိုဏ်းကို မည်သို့တိုက်ခိုက်ရဲကြမည်နည်း။ အဆုံးတွင် သူတို့က အရှုံးသမားကြီးများဖြစ်လာသည်။
“မြန်မြန်ပြန်ဆုတ်ကြ!””
တာအိုဘိုးဘေးအချို့သည် ကမ္ဘာ့စွမ်းအားကို အသက်သွင်းလိုက်ပြီးနောက် ကျန်ရှိသော ကျင့်ကြံသူများနှင့် ထွက်ခွာလိုကြသည်။ သို့သော် ထိုအချိန်တွင် ပျက်ဆီးခြင်းဂိုဏ်း၏ကျင့်ကြံသူများက ၎င်းတို့ကို ဝိုင်းထားပြီးဖြစ်သည်။
ပျက်ဆီးခြင်းဂိုဏ်း၏ကျင့်ကြံသူများသည် ရီမျိုးနွယ်ကို မတိုက်ခိုက်နိုင်သောကြောင့် အလွန်ဒေါသထွက်နေကြပြီးဖြစ်သည်။ ထိုအချိန်တွင် ထိုအင်အားစုငယ်လေးများက ပျက်ဆီးခြင်းဂိုဏ်းကို ပြဿနာရှာဝံ့သည်။ ပျက်ဆီးခြင်းဂိုဏ်းကလဲ လုံးဝမျက်နှာပျက်ခံမည်မဟုတ်ပေ။
နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေ၏ ဖိနှိပ်မှုကြောင့် ၎င်းတို့သည် ပျက်ဆီးခြင်းဂိုဏ်း၏ကျင့်ကြံသူများနှင့် မယှဉ်နိုင်ချေ။ အော်ဟစ်သံများဆူညံသွားကာ ၎င်းတို့သည် လျင်မြန်စွာသုတ်သင်ခံလိုက်ရ၏။
ကျန်ရှိနေသောရုပ်အလောင်းများက အခြားကျင့်ကြံသူများကို လောဘကြောင့်မျက်စိမကန်းသွားစေရန် သတိပေးနေခဲ့သည်။
တိုက်ပွဲတွင်မပါဝင်ခဲ့သော ကျင့်ကြံသူများသည်လည်း ချွေးအေးများဖြင့် စိုရွှဲနေခဲ့သည်။ ၎င်းတို့သည် ကပ်သီးလေးလွဲချော်သွားခဲ့ကြ၏၊ သို့မဟုတ်ပါက သေရမည့်သူမှာ ၎င်းတို့ဖြစ်သွားနိုင်သည်။
ထိုအချိန်တွင် တိုက်ပွဲသည်လည်း အပြီးသတ်ခါနီးလာပြီဖြစ်သည်။ နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေ၏ ဖိနှိပ်မှုမရှိပါက ထန်ဘုရင်ဦးဆောင်သော ကျင့်ကြံသူများသည် ရီမျိုးနွယ်စုနှင့် မယှဉ်နိုင်ချေ။
ထန်ဘုရင်သည် သူ့ကိုဝိုင်းရံထားသည့် အနှိုင်းမဲ့တာအိုဘိုးဘေးသုံးဦးကို ခါးသက်သောအပြုံးဖြင့်ကြည့်လိုက်သည်။ ထန်ဘုရင်ဖြစ်သည့် သူသည် အနှိုင်းမဲ့တာအိုဘိုးဘေးသုံးယောက်၏ ဝိုင်းဝန်းတိုက်ခိုက်ခြင်းခံရသည်အထိ အဖိုးတန်သလား။
ရီဖန်တစ်ယောက်နှင့်ပင် သူ့ကိုအဆုံးသတ်ရန် လုံလောက်နေပြီဖြစ်သည်။ ယခုတွင် နောက်ထပ်သုံးယောက်ဖြစ်သွားရာ လွတ်မြောက်ရန်ပင် အခွင့်အရေး မရှိတော့ချေ။
သို့သော် သူ့အတွက် အနှောက်အယှက်အဖြစ်ဆုံးအရာမှာ ၎င်းမဟုတ်ဘဲ နတ်ဆိုးနတ်ဘုရားနယ်မြေ၏ ဖိနှိပ်မှုမရှိဘဲ ပျက်ဆီးခြင်းဂိုဏ်းက ဘာကိုသုံး၏ရီဖန်တို့ကို တားရမည်နည်း။
ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားက မနိုးထသေးဘဲ၊ ပျက်ဆီးခြင်းဂိုဏ်းသည်လည်း အနှိုင်းမဲ့တာအိုဘိုးဘေးသုံးဦး၏ ပူးပေါင်းအင်အားကို တားဆီးနိုင်လိမ့်မည်မဟုတ်ချေ။
ထန်ဘုရင်သည် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားလော့ထောင်ကို အကြောင်းကြားခဲ့ပြီးဖြစ်သော်လည်း တုံ့ပြန်မှုလုံးဝမရရှိခဲ့ပေ။ လော့ထောင်က မတုံ့ပြန်ရုံသာမက အရိုးဘိုးဘေးသည်လည်း တုံ့ပြန်မှုမရှိဘဲ ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။
ထန်ဘုရင်သည် ထွက်ပြေးရန် စိတ်ကူးရှိသော်လည်း မပြေးနိုင်မှန်းလည်း သိသည်။ မပြေးပါက ကိုယ်ပွါးတစ်ယောက်တည်းကိုသာ ဆုံးရှုံးလိမ့်မည်။ သို့သော် ထွက်ပြေးပါက သူ့အသက်ကိုလုံးဝ ဆုံးရှုံးရလိမ့်မည်။
ထန်ဘုရင်အကျပ်ရိုက်နေစဉ်တွင် အဆုံးမဲ့ရှေးဟောင်းရောင်ဝါက ပျက်ဆီးခြင်းဂိုဏ်းအတွင်း ရုတ်တရက်ပေါ်လာသည်။ ထိုရောင်ဝါထွက်ပေါ်လာသည်ကို သတိပြုမိလိုက်သည်နှင့် လူတိုင်း၏မျက်နှာများ ပြောင်းလဲသွားသည်။
……….