အခန်း ၃၅၂-၃၅၄
Vol. 24 Ch. 352-354
အခန်း ၃၅၂ - အရိုးဘိုးဘေး ဘက်ပြောင်းသွားပြီ
သူတော်စင်အဆင့်ရှိ ပြေးလွှားနိုင်သည့်စွမ်းအားကို သူတော်စင်အဆင့်ချင်းတူသည့် ဗောဓိဘိုးဘေးပင်လျှင် တားဆီးရန်မဖြစ်နိုင်ပေ။ သူသည် လော့ဟူ ပို၍ဝေးရာသို့ ထွက်ပြေးသွားခြင်းအား ကူကယ်ရာမဲ့စွာ စောင့်ကြည့်နေရုံမျှသာတတ်နိုင်သည်။
လော့ဟူ၏ဆုတ်ခွါမှုက ပျက်ဆီးခြင်းဂိုဏ်း၏ ပြိုကွဲမှုကိုဖော်ပြနေသည်။ လော့ဟူက လွတ်မြောက်နိုင်သော်လည်း အခြားကျင့်ကြံသူများက သူ့လိုလုပ်ဆောင်ရန် လွယ်ကူမည်မဟုတ်ပေ။
လော့ဟူထွက်ပြေးသည်ကိုကြည့်ရင်း ထန်မင်းဆက်၏ ဘုရင်ပင်လျှင် အံ့သြသွားသည်။
နတ်ဆိုးဘုရားလော့ဟူသည် သူ၏ယုံကြည်ခြင်းရာဖြစ်သည်။ ထိုသူက အဘယ်ကြောင့် ရှုံးနိမ့်သွားရသနည်း။
အကယ်၍ သူရှုံးသွားလျှင် ပျက်ဆီးခြင်းဂိုဏ်း၏ နောက်လိုက်များအနေဖြင့် မည်သို့ဖြစ်လာမည်နည်း။
လော့ဟူသည် သူ့နောက်လိုက်များ၏ကံကြမ္မာကို ဂရုမစိုက်ဘဲ သူတို့ကိုကယ်တင်ရန် ရည်ရွယ်ချက်မရှိသည်မှာ ထင်ရှား၏။
ထို့ကြောင့် လော့ဟူ၏ကျဆုံးခြင်းနှင့်အတူ ထန်မင်းဆက်ဘုရင်သည်လည်း နောက်ဆုံးတွင် အကာအကွယ်မဲ့သွားခဲ့သည်။
‘ဝမ်ကျန်းဓားအနုပညာ’ ဝမ်ကျန်းတာအိုဘိုးဘေးသည် ပထမဆုံးလှုပ်ရှားစဉ်ကတည်းက သူ၏စွမ်းအားအားလုံးကို ထုတ်သုံးခဲ့သည်။
အဆုံးမဲ့တောက်ပသောဓားက ကြယ်တာရာနေရာလွတ်ထဲတွင် တောက်ပနေသည်။
ထိုဓားအောက်တွင် ထန်မင်းဆက်ဘုရင်သည် မည်သို့မျှခုခံခြင်းမရှိဘဲ အစိတ်စိတ်အမြွှာမြွှာပျက်ဆီးသွားခဲ့၏။
ရီဖန်သည် ဖျတ်ခနဲသတိရသွားပြီးနောက် ထန်မင်းဆက်ဘုရင်၏သိုလှောင်လက်စွပ်ကို သိမ်းလိုက်သည်။ ထို့နောက် သူသည် ပျက်ဆီးခြင်းဂိုဏ်း၏နောက်ဆုံးကျန်ရှိသော တာအိုဘိုးဘေးဖြစ်သည့် အရိုးဘိုးဘေးထံသို့ လှည့်ကြည့်လိုက်သည်။
အရိုးဘိုးဘေးသည် ရီဖန်နှင့် ဝမ်ကျန်းတာအိုဘိုးဘေးတို့၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင် ကျောရိုးတစ်လျှောက် အေးစက်သွားသည်ကို ခံစားလိုက်ရသည်။
သူလည်း ရီဖန်၏ရန်သူဖြစ်ခဲ့ဖူးသည်က်ို လုံးဝမေ့ထားကာ ထန်မင်းဆက်ဘုရင်ကို သတ်ဖြတ်ရန်သာ အာရုံစိုက်နေခဲ့သည်။ ယခုတွင် အာရုံပြန်ရလာပြီဖြစ်ရာ လွတ်မြောက်ရန် အချိန်တန်လေပြီ။
ထန်မင်းဆက်ဘုရင် သေဆုံးသွားသည်မှာမှန်သော်လည်း သူတကယ်သေသွားကြောင်းကို မည်သူသိနိုင်မည်နည်း။
အရိုးဘိုးဘေးခန့်မှန်းထားသည်မှာ ထန်မင်းဆက်ဘုရင်၏ နောက်ထပ်ကိုယ်ပွါးထပ်ရှိနိုင်သေးသည်ဟူ၍ပင်။
ကိုယ်ပွါးကိုးယောက်အနက် သုံးယောက်သေသွားပြီဖြစ်သည်။
ထန်မင်းဆက်၏ဘုရင် လုံးဝမသေသေးသရွေ့ သူသည်လည်း သေဆုံးရန်မဖြစ်နိုင်ချေ။ အရိုးဘိုးဘေးသည် ၎င်း၏လွတ်မြောက်ရေးနည်းဗျူဟာအတွက် တွေးတောနေချိန်တွင် သူ့ကိုလွှမ်းမိုးထားသော ဖိအားတစ်ခုကို ခံစားလိုက်ရကာ ၎င်းက သူ့ကို ထိုနေရာမှ ခေါ်ထုတ်သွားရန် ကြိုးစားနေသည်။
ဝမ်ကျန်းတာအိုဘိုးဘေးသည် အရိုးဘိုးဘေးကို တိုက်ခိုက်ရန် အသင့်ပြင်ထားသော်လည်း ရီဖန်က သူ့ကို တားဆီးထားလိုက်သည်။
"ခဏနေဦး!"
ရီဖန်သည် ထိုစွမ်းအားကိုစတင်ခံစားမိသည့်အချိန်မှစ၍ သတိပြုမိခဲ့ကာ ဝူရှန်းဘိုးဘေးဖြစ်ကြောင်း မှတ်မိလိုက်သည်။ အချိန်အတော်ကြာပျောက်ကွယ်သွားပြီးနောက် ဝူရှန်းဘိုးဘေးပြန်ပေါ်လာချိန်တွင် ပျက်ဆီးခြင်းဂိုဏ်းကိုပင် ဆန့်ကျင်ခဲ့သည်။ ၎င်းက ရီဖန်ကို အံ့ဩသွားစေ၏။
ဤတစ်ကြိမ်တွင် အရိုးဘိုးဘေးပြန်ရောက်လာသောအခါ သူ၏စွမ်းအားမှာ သိသိသာသာတိုးတက်လာကာ အနှိုင်းမဲ့တာအိုဘိုးဘေးများထက်ပင် အားနည်းခြင်းမရှိချေ။
ဤမျှအချိန်တိုအတွင်း သိသိသာသာတိုးတက်လာခြင်းကို ကြည့်ခြင်းအားဖြင့် ဝူရှန်းဘိုးဘေးသည်လည်း ထူးခြားသောတွေ့ဆုံမှုများရှိခဲ့ပုံရသည်။
ရီဖန်ထံတွင် စနစ်ရှိသောကြောင့် ဝူရှန်းဘိုးဘေးဖြတ်သန်းခဲ့သည့် ကံကောင်းခြင်းအတွေ့အကြုံများကို များစွာဂရုမစိုက်ပေ။
သူဂရုစိုက်သည်မှာ ပျက်ဆီးခြင်းဂိုဏ်းကိုဆန့်ကျင်သည့် နောက်ထပ်အင်အားကြီး ရန်သူတစ်ဦးရှိလာနိုင်ခြင်းကိုဖြစ်၏။ ရန်သူ၏ရန်သူသည် မိတ်ဆွေဖြစ်သည်။ ထို့အပြင် သူသည် ဝူရှန်းဘိုးဘေးနှင့် အတော်အတန်အဆက်အသွယ်ရှိသည်ဟုဆိုနိုင်သည်။
ဝူရှန်းဘိုးဘေးက လူကောင်းတစ်ယောက်မဟုတ်သော်လည်း သူသည် ပျက်ဆီးခြင်းဂိုဏ်းကို ဆန့်ကျင်နေသရွေ့ မိတ်ဆွေအဖြစ်သတ်မှတ်နိုင်သည်။ အရိုးဘိုးဘေးရှိခြင်း မရှိခြင်းက ရီဖန်အတွက် များစွာအရေးမကြီးချေ။
သို့သော် အကယ်၍သူသည် အနာဂတ်တွင် ပျက်ဆီးခြင်းဂိုဏ်းကိုဆန့်ကျင်ရာ၌ စွမ်းအားကြီးလက်နက်တစ်ခုအဖြစ် ဆောင်ရွက်နိုင်ပါက၊ ၎င်းသည် ဆိုးလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့် ရီဖန်နှင့် ဝမ်ကျန်းတာအိုဘိုးဘေးတို့သည် အရိုးဘိုးဘေးနှင့် ဝူရှန်းဘိုးဘေးတို့ ပျက်ဆီးခြင်းဂိုဏ်းလွှမ်းမိုးထားသောနယ်မြေမှ အဝေးသို့ထွက်ခွာသွားသည်ကို ထိုင်ကြည့်နေခဲ့ကြသည်။
ရီဖန်သည် သူ့အကြည့်ကို လွှဲလိုက်ပြီးနောက် ရီမိသားစု၏ကျင့်ကြံသူများကို ပျက်ဆီးခြင်းဂိုဏ်း၏ နယ်မြေထဲသို့ ပို့ဆောင်လိုက်သည်။ ပျက်ဆီးခြင်းကမ္ဘာ၏နယ်မြေကို အဆုံးစွန်အထိဖွင့်ထားပြီဖြစ်သည်။
ပျက်ဆီးခြင်းကမ္ဘာ၏အကွာအဝေးအတွင်း မှောင်မိုက်သော နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေကို အဆက်မပြတ်သန့်စင်နေ၏။ လော့ဟူသည် ရီဖန်၏လုပ်ရပ်ကို ရှင်းရှင်းလင်းလင်းခံစားလိုက်ရကာ နတ်ဆိုးနတ်ဘုရားနယ်မြေကို ပြန်လည်ထိန်းချုပ်လျက် ပန်ကုစကြဝဠာကိုဆက်လက်တိုက်စားလိုခဲ့သည်။
သို့သော်ပျက်ဆီးခြင်းစွမ်းအားကို ထိန်းချုပ်ရာတွင် ပျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားဖြစ်သည့် လော့ဟူပင်လျှင် ရီဖန်နှင့် မယှဉ်နိုင်ချေ။ မူလက စကြဝဠာတစ်ဒါဇင်ကျော်ကို သိမ်းပိုက်ထားသည့် နတ်ဆိုးနတ်ဘုရားတိုက်ပွဲနယ်မြေသည် ဆက်တိုက်ကျုံ့သွား၏။
ရီရှောင်းရှောင်းဘက်တွင် သူမသည် ပြန်လည်ထူထောင်ထားသောနယ်မြေများကို သိမ်းပိုက်ရန်အတွက် စစ်တပ်ကြီးတစ်ခုကို စေလွှတ်လိုက်သည်။
ကမ္ဘာကြီးပိုကြီးလာလေ တာ့ယွီနတ်မင်းဆက်လည်း ပိုမိုအားကောင်းလာလေဖြစ်သည်။ ၎င်းသည် မည်သည့်အခါတွင်မှ သန်မာလွန်းသည်ဟူ၍ ရှိလိမ့်မည်မဟုတ်။ လုံလောက်သော အင်အားမရှိပါက ဤကမ္ဘာကြီးပေါ်တွင် ရှင်သန်ရန်မဖြစ်နိုင်ပေ။
တာ့ယွီနတ်မင်းဆက်နယ်မြေသည် ခြောက်ခုမှ ရှစ်ခုအထိ ကျယ်ပြန့်လာပြီး နောက်ဆုံးတွင် စကြဝဠာနှစ်ဆယ်အထိ ကျယ်ပြန့်လာသည်။ ထိုအရေအတွက်သည် တစ်ချိန်က လူသားဧကရာဇ်သိမ်းပိုက်ခဲ့ဖူးသော စကြဝဠာ အရေအတွက်နှင့် များစွာမကွာတော့ချေ။
နယ်မြေချဲ့ထွင်ခြင်းနှင့်အတူ တာ့ယွီနတ်မင်းဆက်ကံကြမ္မာသည်လည်း အဆက်မပြတ်တိုးပွါးလာခဲ့သည်။
ကံကြမ္မာရွှေကွင်းကိုးခုသည် တာ့ယွီနတ်မင်းဆက်နယ်မြေတစ်ခုလုံးကို ခိုင်မြဲစွာကာကွယ်ထားကာ တာ့ယွီအင်ပါယာအတွင်းသို့ အကြံဆိုးများဖြင့်ဝင်ရောက်ရန် ကြံစည်နေသည့် မည်သည့်အင်အားစုကိုမဆို ချေမှုန်းပစ်လိုက်သည်။
အကယ်၍ ယခင်အချိန်ကဖြစ်လျှင် တာ့ယွီနတ်မင်းဆက်သည် ဤမျှကျယ်ဝန်းသောနယ်မြေကို သိမ်းပိုက်ထားသည့်အတွက် မကျေနပ်သူအနည်းငယ်ရှိလိမ့်မည်ဖြစ်သော်လည်း ယခုတွင် မကောင်းကြောင်းပြောဆိုရန်သာမဟုတ် မည်သည့်စကားမျှပင် မဆိုရဲတော့ချေ။
ဗောဓိဘိုးဘေးက လော့ဟူကိုအနိုင်တိုက်ပြီးနောက်တွင် ၎င်း၏အောင်မြင်မှုသတင်းကို ဖုံးကွယ်ထားနိုင်တော့မည်မဟုတ်ပေ။ စကြဝဠာနှစ်ဆယ်ကိုအသာထား သူတော်စင်နယ်မြေရှိ သူတော်စင်တစ်ပိုင်းကို ပိုင်ဆိုင်သောအင်အားစုတစ်ခုကို၊ နယ်မြေနှစ်ရာကျော် ပိုင်ဆိုင်လျှင်ပင် မည်သူမှ ဘာမှမပြောရဲချေ။
အနည်းဆုံး ယခုအချိန်တွင် သူတော်စင်တစ်ပိုင်းသည် အကြွင်းမဲ့အာဏာကို ကိုယ်စားပြုထား၏။ ဗောဓိဘိုးဘေးလက်အောက်၌ သူတော်စင်တစ်ပိုင်းတစ်ဦးပင် ရှုံးနိမ့်သွားရာ အင်အားစုများကို ချုပ်ကိုင်ထားနိုင်သည်။
အတိုချုပ်ပြောရလျှင် မည်သူကမှ ဗောဓိဘိုးဘေးနှင့် ရန်သူဖြစ်လိုမည်မဟုတ်ပေ။
အဓိကအင်အားစုနှစ်ခုဖြစ်သည့် တာအိုဂိုဏ်းနှင့် ဝမ်ရှန်းဂိုဏ်းတို့သည်လည်း ဗောဓိဘိုးဘေးတစ်ပိုင်းသူတော်စင်ဖြစ်သွားပြီဟူသော သတင်းကို သဘာဝအတိုင်း သိရှိခဲ့ကြသည်။
လော့ထျန်းသူတော်စင်တစ်ပိုင်းသည်လည်း အလွန်အံ့ဩသွား၏။ ဗောဓိဘိုးဘေးက သူတော်စင်တစ်ပိုင်းဖြစ်နိုင်မည်လား။
၎င်းတို့လှုပ်ရှားခဲ့စဉ်ကနှစ်များတွင် ဗောဓိဘိုးဘေးသည် အသစ်ပေါ်ထွက်ခါသော ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။ ဗောဓိဘိုးဘေးသည် ယနေ့ခေတ်မကုန်မီအထိ သူတော်စင်တစ်ပိုင်းဖြစ်လာမည် မဟုတ်ကြောင်း သူတို့သေချာပေါက် သိထားကြ၏။
၎င်းက ဤနှစ်တစ်သန်းအတွင်း သူတော်စင်တစ်ပိုင်းဖြစ်လာသည့်ရလဒ်က
ယခင်ခေတ်က အခြေအနေများနှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည်။
လော့ထျန်းသူတော်စင်တစ်ပိုင်းသည် သူ၏တွက်ချက်မှုများမှာ အမှားအယွင်းမရှိကြောင်းနှင့်၊ ယနေ့ခေတ်ကသာ ယခင်ပုံစံများနှင့် မတူညီခြင်းဖြစ်ကြောင်းကို ထပ်မံအတည်ပြုခဲ့သည်။
ပျက်ဆီးခြင်းဂိုဏ်းတွင် စကြဝဠာကြီးတစ်ခုသာ ကျန်ရှိတော့သည်။ ၎င်းသည် ပျက်ဆီးခြင်းဂိုဏ်း၏ ဌာနချုပ်လည်းဖြစ်သည်။
လော့ဟူသည် ပျက်ဆီးခြင်းဂိုဏ်း၏ ဌာနချုပ်အတွင်း၌နေ၍ ရီမိသားစု၏စစ်တပ် ဖြည်းညှင်းစွာချဉ်းကပ်လာသည်ကို စောင့်ကြည့်လျက်ရှိကာ အခင်းအကျင်းကြီးကို အချိန်မရွေးစတင်ရန် အဆင်သင့်ရှိနေသည်။
၎င်းအခင်းအကျင်းကြီးကို မကြာသေးမီကမှ စီစဉ်ခဲ့ခြင်းမဟုတ်ဘဲ အချိန်ကြာမြင့်စွာတည်ရှိနေခဲ့ခြင်းဖြစ်ကာ ၎င်း၏ဖျက်ဆီးခြင်းခံရသော သူတော်စင်များမှတ်တမ်းလည်း ရှိသည်။
ရီဖန်နှင့် အခြားအဖွဲ့၀င်များ ထိုထဲသို့ဝင်ရောက်လာပါက ၎င်းတို့အသက်ရှင်သန်နိုင်မည်မဟုတ်ချေ။
"ဝင်စမ်းပါ မြန်မြန်ဝင်!"
လော့ဟူသည် ရီမိသားစု၏လူများကိုစိုက်ကြည့်ရင်း အဆက်မပြတ်ပြောနေသည်။
ရီဖန်နှင့် ဗောဓိဘိုးဘေးတို့က ရီမိသားစုကို ပျက်ဆီးခြင်းဂိုဏ်းထဲသို့ ပို့ဆောင်ခါနီးတွင် ရုတ်တရက် ရပ်သွားကြ၏။ ၎င်းတို့က အန္တရာယ်ကို ရိပ်မိသောကြောင့်များလား။
"ငါတို့ဝင်ကြမှာလား" ဗောဓိဘိုးဘေးက ရီဖန်ကို ရုတ်တရက်လှည့်မေးလိုက်သည်။
"ငါတို့ မဝင်တာ ပိုကောင်းမယ်ထင်တယ်!"
ရီဖန်က ဝမ်ကျန့်တာအိုဘိုးဘေးကို ကြည့်လိုက်သည်။
"ငါလည်း မဝင်သင့်ဘူးထင်တယ်!"
၎င်းတို့သုံးယောက်စလုံး အန္တရာယ်ကိုခံစားမိကြသောကြောင့် ပျက်ဆီးခြင်းဂိုဏ်း၏ ဌာနချုပ်အတွင်း စိုးရိမ်စရာတစ်စုံတစ်ခုရှိနေသည်ကို ခံစားရသည်။
ဘာဖြစ်မည်မှန်း ၎င်းတို့သေချာမသိသော်လည်း အန္တရာယ်ရှိမှန်းသိသည်နှင့် လုံလောက်နေပြီးဖြစ်သည်။
၎င်းတို့လိုချင်သည့်အရာများကို အောင်မြင်လာနီးပါးဖြစ်နေပြီဖြစ်၏။ ရီဖန်သည် ဤတစ်ကြိမ်တွင် ပျက်ဆီးခြင်းဂိုဏ်းကို ချေမှုန်းရန် မရည်ရွယ်ထားဘဲ ၎င်းတို့ကို သင်ခန်းစာတစ်ခု သင်ပေးချင်ရုံသာဖြစ်သည်။ ယခုတွင် ပန်းတိုင်ရောက်ခါနီး၌ အန္တရာယ်ကို ခံစားရသောကြောင့် အိမ်ပြန်ရန်အချိန်တန်လေပြီ။
"အိမ်ပြန်ရအောင်!"
၎င်းတို့သုံးယောက်လုံး တပြိုင်တည်း သဘောတူညီမှု ရရှိခဲ့သည်။ မည်သူမျှ အန္တရာယ် မကြုံချင်ကြချေ။ ၎င်းတို့၏လက်ရှိပန်းတိုင်က လုံလောက်ပါ၏။
"အိမ်ပြန်ကြရအောင်!"
ရီဖန်သည် သူ့လက်ကို ဝှေ့ယမ်းကာ လေဟာနယ်လမ်းကြောင်းကို တိုက်ရိုက်ဖွင့်လိုက်ရာ ရီမိသားစု၏ကျင့်ကြံသူများသည်လည်း ထိုနေရာမှ ဆုတ်ခွါသွားကြသည်။ ရီဖန်နှင့်အခြားသူများ ရုတ်တရက် ထွက်ခွါသွားခြင်းက လော့ဟူ အံ့ဩသွားစေ၏။
လော့ဟူက မည်သို့ပင်ခေါ်နေပါစေ ရီဖန်နှင့် ကျင့်ကြံသူများကို ပြန်မခေါ်နိုင်တော့ပေ။ နောက်ဆုံးတွင် လော့ဟူသည် သက်ပြင်းချကာ ကျန်ခဲ့ရတော့သည်။ အရာအားလုံးက ထိုမျှလွယ်ကူနေပုံ မရချေ။
ပျက်ဆီးခြင်းဂိုဏ်းက ရီဖန်ကိုဖယ်ရှားရန် အကြိမ်ကြိမ် ပျက်ကွက်ခဲ့ခြင်းကို လော့ဟူက ပျက်ဆီးခြင်းဂိုဏ်းက လူများ အသုံးမကျသောကြောင့်ဖြစ်သည်ဟု ထင်ခဲ့သည်။
သို့သော် ယခုတွင် ပျက်ဆီးခြင်းဂိုဏ်းကလူများ အသုံးမကျခြင်းကြောင့်မဟုတ်ဘဲ သူကိုယ်တိုင်က အရိုးဘိုးဘေးကို မှားယွင်းစွပ်စွဲမိခြင်းဖြစ်ပုံရသည်။
လော့ဟူသည် အရိုးဘိုးဘေးကို ရုတ်တရက် သတိရသွားသည်။
အရိုးဘိုးဘေးအပေါ်တွင် နားလည်မှုလွဲသွားသည့်အတွက် သူ့ကိုလျော်ကြေးပေးသင့်သလား။
"နတ်ဆိုးနတ်ဘုရား၊ အရိုးဘိုးဘေးက သစ္စာဖောက်ပြီး ထွက်ပြေးသွားပါပြီ" တန်ဘုရင်၏အသံက တစ်ဖန်ထွက်ပေါ်လာပြန်သည်။
ထန်ဘုရင်သည် အခြားကိုယ်ပွားကို ဆင့်ခေါ်ထားသော်လည်း ၎င်းက သာမာန် တာအိုဘိုးဘေးအဆင့်မျှသာဖြစ်သောကြောင့် ကျင့်ကြံမှုအားနည်းသည်။
သူ့တွင်လည်း ရွေးချယ်စရာမရှိပေ၊ သူ့၏ အင်အားအကောင်းဆုံး ကိုယ်ပွါးသုံးယောက် ဖျက်ဆီးခံလိုက်ရသောကြောင့် အလွန်စိတ်ပျက်နေသည်။
………
အခန်း ၃၅၃- ရီမိသားစုက တကယ်ပဲ လူရှုပ်တစ်ယောက်ကို မွေးထုတ်ခဲ့တာလား
အခြေအနေကိုဆင်ခြင်ပြီးနောက် လော့ဟူသည် သူ အရိုးဘိုးဘေးကို မတွေ့ရသည်မှာကြာနေပြီဖြစ်ကြောင်း သဘောပေါက်သွား၏။ သူတော်စင်နယ်မြေတိုက်ပွဲတွင် နှစ်ဖက်စလုံးက အစွမ်းကုန်အားထုတ်ခဲ့ရသောကြောင့် အခြားကိစ္စများကို အာရုံစိုက်ရန် အချိန်မရှိခဲ့ကြပေ။
တားမြစ်ချက်များကို ချက်ချင်းအသက်သွင်းရန်အတွက် လော့ဟူက အရိုးဘိုးဘေးများ၏တည်နေရာကို ရှာဖွေရန်ကြိုးစားခဲ့သည်။ စိတ်မကောင်းစရာတစ်ခုမှ သူသည် မည်မျှပင်ကြိုးစားစေကာမူ ကျရှုံးသွားကာ ဝူရှန်းဘိုးဘေးကဲ့သို့ပင် တားမြစ်ချက်များ၏ဖြစ်တည်မှုကို ခံစားနိုင်စွမ်းမရှိတော့ပေ။
ထို့အပြင် လော့ဟူသည် အရိုးဘိုးဘေး၏ပျောက်ဆုံးမှုက ဝူရှန်းဘိုးဘေးနှင့် ဆက်စပ်နေနိုင်သည်ဟု ခန့်မှန်းရသည်။
"ဝူရှန်း မင်းတကယ်သေသင့်တယ်!"
လော့ဟူက ဝူရှန်းဘိုးဘေး၏အာဏာကို ဖယ်ရှားလိုက်သော်လည်း ပျက်ဆီးခြင်းဂိုဏ်းကို သစ္စာမဖောက်နိုင်ဟု ယုံကြည်ခဲ့သည်။ ဝူရှန်းပိုင်ဆိုင်သမျှကို နတ်ဆိုးနတ်ဘုရားလော့ဟူကိုယ်တိုင် ပေးထားခြင်းဖြစ်သည်။
ထိုသို့သော သတ္တဝါများ၏အဆက်မပြတ် လှုံ့ဆော်နေမှုက လော့ဟူကို အလွန်ဒေါသထွက်စေသည်။
ယခုအခြေအနေတွင် ဝူရှန်းဘိုးဘေးက ရီဖန်ထက် သူ့စိတ်ထဲတွင် ပိုနေရာယူထားသည်။
"အသိပေးလိုက်ကြ၊ လူတိုင်းက သစ္စာဖောက် အရိုးဘိုးဘေးနဲ့ ဝူရှန်းကိုတွေ့အောင်ရှာရမယ်!"
" ပျက်ဆီးခြင်းဂိုဏ်းကို သစ္စာဖောက်တဲ့သူတိုင်း ပြန်ပေးဆပ်ရမယ်"
ဝူရှန်းဘိုးဘေးနှင့် အရိုးဘိုးဘေးက သူ့ကို သစ္စာဖောက်နိုင်လျှင် အခြားသူများလည်း သစ္စာဖောက်နိုင်သည်။ ဤအခြေအနေတွင် လော့ဟူသည် မည်သူ့ကိုမှ ယုံကြည်ခြင်းမရှိတော့ပေ။
ထန်မင်းဆက်ဘုရင်သည်လည်း ယုံကြည်စိတ်ချရသော မဟာမိတ်ဖြစ်ကြောင်း မည်သူအာမခံနိုင်မည်နည်း။
"မင်းကရော ဘာလို့မသွားတာလဲ"
လော့ဟူသည် ထန်မင်းဆက်ဘုရင် မလှုပ်ရှားသေးသည်ကို သတိထားမိလိုက်သည်။ ၎င်းက ဘာပြန်ဖြေရမှန်းမသိသောကြောင့် ဟိုကြည့်သည်ကြည့်လုပ်နေသည်။
တစ်ချိန်က အင်အားကြီးပျက်ဆီးခြင်းဂိုဏ်းသည် အဖွဲ့ဝင်လက်တစ်ဆုပ်စာမျှသာ ကျန်တော့၏။ ကျန်အုပ်စုငယ်လေးက အရိုးဘိုးဘေးနှင့် ဝူရှန်းဘိုးဘေးတို့ကို ရှာတွေ့နိုင်ရန်နေနေသာသာ၊ ပျက်ဆီးခြင်းဂိုဏ်း၏လုပ်ဆောင်မှုကို ဆက်လက်ထိန်းသိမ်းထားရန်ပင် အနိုင်နိုင်ဖြစ်လိမ့်မည်။
လူများစွာက အရိုးဘိုးဘေးအတိုင်း အကြံအစည်ရှိကြသော်လည်း လော့ဟူ၏ ဒေါသနှင့်ရင်ဆိုင်ရသောအခါ ထိုအကြံကို ထုတ်ဖော်ဝံ့ခြင်းမရှိချေ။ ပျက်ဆီးခြင်းဂိုဏ်းသည် ၎င်းတို့နှစ်သက်သည့်အတိုင်း ဝင်ထွက်သွားလာနိုင်သည့် အဖွဲ့အစည်းမဟုတ်ပေ။
“ငါတို့ ဆက်ပြီး လူစုမှရမယ်”
သူတော်စင်တစ်ပိုင်းဖြစ်သည့် လော့ဟူပင်လျှင် အခြေအနေကို ဖြေရှင်းနိုင်မည့် နည်းလမ်းမရှိပေ။
သူ၏လက်ကိုဝှေ့ယမ်းလိုက်သောအခါ ထန်မင်းဆက်ဘုရင်ရှေ့တွင် အရင်းအမြစ်အပုံလိုက်ကြီး ပေါ်လာသည်။
"မင်းရဲ့ကြိုးစားအားထုတ်မှုတွေအတွက် ဒီပစ္စည်းတွေယူလိုက်ပါ"
သူ့ရှေ့က အရင်းအမြစ်ပုံကြီးကို ကြည့်ပြီးနောက် ထန်မင်းဆက်ဘုရင်က အနည်းငယ် စိတ်သက်သာရာရသွားသည်။ ပျက်ဆီးခြင်းဂိုဏ်း၏ ကျန်အဖွဲ့ဝင်များသည် နာမည်မျှသာရှိကြကာ မည်သည့်အောင်မြင်မှုမှ မယ်မယ်ရရမရှိကြချေ။
တစ်ဖက်တွင် ထန်မင်းဆက်ဘုရင်၏ အနှိုင်းမဲ့တာအိုဘိုးဘေးကိုယ်ပွါးနှင့် တိုက်ခိုက်ရာတွင် ကျရှုံးခဲ့ရသောကြောင့် သေချာပေါက်ပင် သူက အသိအမှတ်ပြုခံရသင့်ဆုံးသူဖြစ်၏။ မည်သည့် ကန့်ကွက်မှုမှမရှိဘဲ အရင်းအမြစ် ၉၉% ကို ရယူသင့်သည်မဟုတ်လား။
ထောက်ပံ့မှုများမှာ အကန့်အသတ်ရှိသော်လည်း အထွတ်အထိပ်တာအိုဘိုးဘေး ကိုယ်ပွါးတစ်ဦးအနေဖြင့် ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိရန်အတွက် လက်ခံနိုင်ပါသေးသည်။ သူ၏ကျင့်ကြံမှုအဆင့်ကို ပြန်လည်ရရှိပြီးသည်နှင့် သစ္စာဖောက်အရိုးဘိုးဘေးကို ပြန်လည်ခံစားစေရမည်။
ထိုအချိန်တွင် ဝူရှန်းဘိုးဘေးက အရိုးဘိုးဘေးကို အမည်မသိနယ်မြေတစ်ခုသို့ ခေါ်ဆောင်လာခဲ့သည်။
၎င်း၏အကျယ်အဝန်းသည် အလယ်ကမ္ဘာတစ်ထောင်နှင့်ပင် နှိုင်းယှဉ်နိုင်သည်။ အထဲဘက်တွင် ကျင့်ကြံသူအများအပြားသည် ၎င်းတို့၏ကိစ္စများကို စနစ်တကျ လုပ်ဆောင်နေကြ၏။
အရိုးဘိုးဘေး၏ လျှပ်တပြက်ခန့်မှန်းချက်အရ တာအိုဘိုးဘေးတစ်ဒါဇင်ခန့် ရှိသည်။ အများစုမှာ သာမန်တာအိုဘိုးဘေးများ ဖြစ်ကြသော်လည်း အထွတ်အထိပ်တာအိုဘိုးဘေးနှစ်ဦးထက်မနည်း ရှိသည်။
သို့သော် ထိုအဖွဲ့ကို ဝူရှန်းဘိုးဘေးက မကြာသေးမီအချိန်ကမှ တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း ထင်ရှားသည်။ နှစ်ထောင်ချီအတွင်း၌ပင် ဤအရွယ်အစားရှိသော အင်အားစုကို စုစည်းနိုင်ခဲ့ခြင်းက အမှန်တကယ်ကြီးမားသော အောင်မြင်မှုတစ်ခုဖြစ်သည်။
"ဒါက ငါ့နယ်မြေဖြစ်တဲ့ ယင်ယန်ခန်းမပဲ"
ယင်ယန်နတ်ဆိုးနတ်ဘုရားဟူသောအမည်ဖြင့် တည်ဆောက်ထားသော အင်အားစုကြီးတစ်ခု။ လက်ရှိတွင် နာမည်ကောင်းမရရှိသေးသော်လည်း ယင်ယန်ခန်းမဆောင် ပွဲဦးထွက်ချိန်တွင် ပန်ကုစကြဝဠာတစ်ခုလုံးကို နက်နဲစွာလှုပ်ခတ်သွားနိုင်လိမ့်မည်ဟု ထင်ရသည်။
"အခုကစပြီး မင်းက ယင်ယန်ခန်းမဆောင်ရဲ့ အဓိကအကြီးအကဲဖြစ်လာပြီးတော့ လုပ်ငန်းစဉ်အားလုံးကို တာဝန်ယူရလိမ့်မယ်"
"ယင်ယန်ခန်းမဆောင်ရဲ့ ပထမဆုံးရည်မှန်းချက်က ပျက်ဆီးခြင်းဂိုဏ်းရဲ့တိုးတက်မှုကိုနှောက်ယှက်ရမယ်"
အကြောင်းမှာ ဝူရှန်းဘိုးဘေးက ပျက်ဆီးခြင်းဂိုဏ်းအပေါ် လက်စားချေလိုသော အတွေးများထက်၊ နတ်ဆိုးနတ်ဘုရား အားလုံးက ရန်သူများဖြစ်သောကြောင့်ဖြစ်သည်။
ဝူရှန်းဘိုးဘေးသည် အနာဂတ်တွင် ပိုမိုမြင့်မားသောနယ်ပယ်များသို့ရောက်ရှိလိုပါက လော့ဟူကို တိုးတက်လာစေရန် ခွင့်မပြုသင့်ချေ။ သို့မဟုတ်ပါက အနာဂတ်တွင် တစ်ယောက်နှင့်တစ်ယောက် ရင်ဆိုင်ချိန်၌ သူအဆုံးသတ်သွားလိမ့်မည်။
ရီမိသားစုက ပျက်ဆီးခြင်းဂိုဏ်းကို ဝိုင်းထားပြီးနောက် ပန်ကုစကြဝဠာသည် အံ့ဩစရာကောင်းစွာ ငြိမ်သက်သွားပုံရသည်။
"ဂုဏ်ယူပါတယ် သခင်၊ ပန်ကုစကြဝဠာအတွင်း မျိုးနွယ်စုတက်လှမ်းခြင်း အဆင့်ဆယ့်ခြောက်ပြီးဆုံးသွားလို့ ဆုလာဘ်ထုတ်ယူနိုင်ပါပြီ"
"စနစ် ဆုထုတ်လိုက်ပါ"
"မိသားစုသွေးမျိုးဆက် အမှတ်ဆယ်သန်း၊ ဟုန်မိန်ခရမ်းရောင်ချီစွမ်းအားတစ်မျှင်ကို ဆုအဖြစ်လက်ခံရရှိတဲ့အတွက် ဂုဏ်ယူပါတယ်"
မိသားစုသွေးမျိုဆက်ဆယ်သန်းက နောက်ထပ်သိသာထင်ရှားသော အဆင့်မြှင့်တင်မှုတစ်ခုအတွက် လုံလောက်ပါသည်။ ရီမိသားစု၏ လက်ရှိသွေးမျိုးဆက်က တာအိုဘိုးဘေးအဆင့်တွင်ရှိကာ ၎င်းကို ထပ်မံအဆင့်မြှင့်ပါကသူတော်စင်အဆင့်သို့ရောက်ရှိမည်။
ပန်ကုကြဝဠာအတွင်းတွင်လည်း သူတော်စင်အဆင့်သွေးမျိုးဆက်များ ရှိနေသည်။ တာအိုလောကတွင် ဝမ်ရှန်းဂိုဏ်းသည် သူတော်စင်အဆင့်သွေးမျိုးဆက်မှ ဆင်းသက်လာသည်။
သူတော်စင်အဆင့်သွေးမျိုးဆက်တစ်ခု နိုးထလာသည်နှင့်တစ်ပြိုင်နက် နယ်ပယ်အသီးသီးရှိကျင့်ကြံသူများသည် အဆင့်မြင့်ပိုင်းသို့ တိုက်ရိုက်တက်လှမ်းလာနိုင်သည်။ ထို့ကြောင့် သူတော်စင်အဆင့်သွေးမျိုးဆက်၏ မျိုးဆက်တိုင်းကို အလွန်တန်ဖိုးထားကြသည်။
၎င်းက ဤမျှများပြားသောအရေအတွက်ကို နိုးထလာစေနိုင်သည့် ရီမိသားစုနှင့်မတူချေ။ အကယ်၍ ရီမိသားစုသည်သူတော်စင်အဆင့်သွေးမျိုးဆက်များစွာ ပိုင်ဆိုင်ကြောင်း အခြားအင်အားစုများ သိရှိသွားပါက ၎င်းတို့သေလောက်အောင် ကြောက်လန့်သွားမည်ဖြစ်သည်။
"စနစ်၊ အခု ပေါင်းစည်းလိုက်တော့"
စနစ်က ရီဖန်၏အမိန့်ကိုလိုက်နာပြီး သူ၏သွေးမျိုးဆက်နှင့် ကျင့်ကြံမှုအဆင့်ကို ချက်ချင်း အဆင့်မြှင့်လိုက်သည်။ ရီဖန်နောက်တွင် သူတော်စင်တစ်ဦး၏ရောင်ဝါ လွှမ်းခြုံထားသည့် ပုံရိပ်တစ်ခုပေါ်လာသည်။
သူတော်စင်အဆင့် သွေးမျိုးဆက်များသည် လူတစ်ဦး၏ စွမ်းရည်ကို မြှင့်တင်ပေးရုံသာမက ၎င်းတို့၏ အစွမ်းထက်ဆုံးအချက်မှာ ဘိုးဘေးများကို ဆင့်ခေါ်နိုင်သည့် စွမ်းရည်ဖြစ်သည်။ သွေးမျိုးဆက်စွမ်းအားနက်နဲမှုက သူတော်စင်သတ္တဝါများ၏စွမ်းအားကို လွှမ်းခြုံထားသည်။
တာအိုဘိုးဘေးအဆင့်ရှိသည့် သူတော်စင်အဆင့်သွေးမျိုးဆက် ကျင့်ကြံသူတစ်ဦးက သွေးမျိုးဆက်၏အနက်ရှိုင်းဆုံးစွမ်းအားကို ရရှိသွားသည်နှင့် သူတော်စင်တစ်ပိုင်းသတ္တဝါများပင် ဆုတ်ခွါရသည်အထိ စွမ်းအားကြီးလာလိ့မ်မည်။
ထို့ကြောင့် သူတော်စင်နယ်မြေကျင့်ကြံမှုအဆင့်ရှိသော ကျင့်ကြံသူတိုင်းကို ဗျူဟာမြောက်လက်နက်အဖြစ် မှတ်ယူနိုင်၏။
………
အခန်း ၃၅၄ - ရီမိသားစုက တကယ်ပဲ လူရှုပ်တစ်ယောက်ကို မွေးထုတ်ခဲ့တာလား
စွမ်းအားကြီးသူတော်စင်များသည် ၎င်းတို့အစွမ်းကုန် အားထုတ်ပြီးနောက် ၎င်းတို့၏ဘိုးဘေးများဖြစ်သည်အထိ ကျင့်ကြံကြသည်။
သို့သော် ရီမိသားစုသည်သူတော်စင်ဘိုးဘေးကို မည်သည့်နေရာတွင် ရှာတွေ့နိုင်မည်နည်း။ ထို့ကြောင့် ယခုထွက်ပေါ်လာသော သူတော်စင်ရုပ်ပုံက ရီဖန်ကိုယ်တိုင်နှင့် ဆင်တူသည်။
ဤအတောအတွင်း ရီဖန်က သူ၏သွေးမျိုးဆက်ကို အသက်သွင်းလိုက်ချိန်တွင် ဝေးကွာသော မြေနဂါးကမ္ဘာအတွင်းရှိ လူငယ်လေးတစ်ယောက်ထံမှ ကြီးမားသောစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
၎င်းသည် လူငယ်လေးဖြစ်ပုံရကာ သူ၏ ကျင့်ကြံမှုအဆင့်သည် ရွှေအမြုတေနယ်မြေတွင်သာ ရှိသေးသည်။ သို့သော်၊သူထုတ်လွှတ်သောရောင်ဝါက ကျင့်ကြံသူများကိုပင် ကြောက်ရွံ့စေသည်။
သူ၏ရောင်ဝါ ပေါက်ကွဲထွက်လာသည်နှင့် သူ့စိတ်ထဲတွင် ပုံရိပ်များစွာပေါ်လာသည်။ သူ့မွေးရပ်မြေသည် သာယာသည့်နန်းတော်ဖြစ်ပုံရ၏။ သို့သော် လူတစ်စုက ရုတ်တရက် နန်းတော်ကိုဝင်စီးကာ သူ့ကိုခေါ်သွားခဲ့သည်။
ထိုပုံရိပ်များက သူ့စိတ်ထဲတွင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားသောကြောင့် သူ၏သွေးမျိုးဆက် ရုတ်တရက်နိုးထလာခြင်းကြောင့် မဟုတ်ပါက ၎င်းတို့ကို ပြန်မြင်ယောင်လာမည်မဟုတ်ပေ။ လူငယ်လေးက သူ၏အထောက်အထားမှာ ထူးခြားကြောင်းကို သဘောပေါက်ခဲ့သည်။
"ထျန်းမု သား အဆင်ပြေရဲ့လား"
ရီထျန်းမုရှေ့တွင် အမျိုးသမီးတစ်ဦးပေါ်လာကာ သူမမျက်နှာတွင် စိုးရိမ်မှုအပြည့်ရှိသည်။ ရီထျန်းမု၏ ရောင်ဝါအပြောင်းအလဲကိုခံစားရပြီးနောက် သူမသည် အင်မော်တယ်မန္တန်များကို ချက်ချင်းထုတ်ကာ သူ့အတွင်းမှရောင်ဝါကို စည်းတံဆိပ်ခတ်ရန် ကြိုးစားလိုက်သည်။
နှစ်များတစ်လျှောက်တွင် ဟူမိန်အာသည် ၎င်းတို့၏ရန်သူများကို ရှောင်ရှားရန် အမြဲဂရုတစိုက်ရှိခဲ့သည်။ သူမသည် ရီထျန်းမုဘေးကင်းရန်အတွက် သူ၏စွမ်းရည်များကိုပင် စည်းတံဆိပ်ခတ်ထားသည်။
သူ့ကို မိသားစုအတွက် လက်စားချေလိုခြင်းမရှိဘဲ သူမလိုချင်တာသည့်အရာမှာ သူ့အတွက် အေးချမ်းသည့်ဘဝကို ပိုင်ဆိုင်နိုင်ရန်သာဖြစ်သည်။ သူမသည် ရီထျန်းမု၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များမှာ ဖခင်ဖြစ်သူထံမှဖြစ်ကြောင်းကို ခန့်မှန်းမိသည်။
သို့သော် ကံမကောင်းစွာဖြင့် ထိုအမျိုးသားက ဟူမိန်အာ၏ကိုယ်ဝန်ကို သတိမထားမိခဲ့ချေ။ ဟူမိန်အာသည် သူမယူလာသော ကျောက်စိမ်းဆွဲသီးကို ကိုင်လိုက်သည်။ ၎င်းက ထိုသူပေးခဲ့သော ကတိကိုကိုယ်စားပြု၏။
သို့သော် ဟူမိန်အာက သူနှင့်ပြန်တွေ့ရမည်ကို ကြောက်ရွံ့နေကာ သူ့ကလေးကိုခေါ်သွားခံရမည်ကို စိုးရိမ်နေသည်။ နှစ်များကြာလာပြီးနောက် သူမ၏ကမ္ဘာတွင် ကျန်ရှိနေသည်မှာ ရီထျန်းမုသာဖြစ်သည်။
နောက်ဆုံးတွင် ရီထျန်းမုသည် ပေါက်ကွဲထွက်လာစော စွမ်းအားကို ဖိနှိပ်လိုက်သည်။ သူ့စိတ်ထဲမှ အချက်အလက်များစွာကို စုပ်ယူလိုက်ပြီးနောက် ဟူမိန်အာကို ဖြည်းညှင်းစွာ လှည့်ကြည့်သည်။
"အမေ သားဆီက တစ်ခုခု ဖုံးကွယ်ထားသေးလား"
ဟူမိန်အာ၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွား၏။ သူမသည် မိသားစု၏စိုးရိမ်ပူပန်စရာကိစ္စများမှ လွတ်ကင်းစေရန်အတွက် ရီထျန်းမု၏စိတ်ထဲမှ အမှတ်တရများကို ဖုံးကွယ်ထားခဲ့သည်။
သို့သော် ယခုတွက် ထိုစည်းတံဆိပ်သည် မှေးမှိန်သွားပုံရသည်။ သွေးမျိုးဆက်နိုးထလာခြင်းက စည်းတံဆိပ်ကိုပင် ဖျက်ဆီးပစ်လိုက်သည်။
ရီထျန်းမု၏ သွေးမျိုးဆက်နိုးထလာချိန်အတွင်း ကြောက်စရာကောင်းသောရောင်ဝါများ ထွက်ပေါ်လာသောအခါ ဟူမိန်အာသည် ထိုလူအကြောင်းကို ပြန်သတိမရဘဲ မနေနိုင်ခဲ့ချေ။
ထိုသူကမည်သူနည်း။ အဘယ်ကြောင့် ဤမျှ စွမ်းအားကြီးသော သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသနည်း။
အကယ်၍ သူမသာ ငိုကြွေးတောင်းဆိုခဲ့ပါက၊ ဟူထျန်းကြယ်တာရာမင်းဆက်ပြိုကွဲခြင်းကြောင့် သူမပုန်းရှောင်မသွားခဲ့ပါက သူနှင့်အဆုံးသတ်နိုင်ခဲ့မည်လား။ ဤနှစ်များတစ်လျှောက် ထိုသူက သူမကိုရှာရန်များ ကြိုးစားခဲ့ဖူးသလား။ ထိုအတွေးများက ဟူမိန်အာ၏စိတ်ထဲတွင် ပေါ်လာကာ ခေတ္တမှိန်းမောသွားစေသည်။
ထိုအချိန်တွင် မဝေးလှသော တစ်နေရာမှ ကြောက်မက်ဖွယ်ရောင်ဝါများ ထွက်ပေါ်လာသည်။ ၎င်းရောင်ဝါပိုင်ရှင်များက ဟူမိန်အာနှင့် ရီထျန်းမုတို့၏နေရာသို့ လျင်မြန်စွာဝင်ရောက်လာကြသည်။ ၎င်းတို့၏ပစ်မှတ်က ဟူမိန်အာနှင့် ရီထျန်းမုတို့ဖြစ်သည်မှာ ထင်ရှား၏။
"မြန်မြန်ထွက်သွားရမယ်!"
အဆိုပါရောင်ဝါများကို ခံစားမိလိုက်သော ဟူမိန်အာသည် သူမ၏အတိတ်မှ ရုန်းထွက်လိုက်ကာ ရီထျန်းမု၏လက်ကို ဆုပ်ကိုင်လျက် ထွက်ပြေးရန် ကြံရွယ်လိုက်သည်။
ထိာအခိုက် ဟူမိန်အာ၏ရောင်ဝါ ထွက်ပေါ်လာကာ သူမသည် ကောင်းကင်အင်မော်တယ်နယ်ပယ်ရှိ စွမ်းအားရှင်တစ်ဦးဖြစ်နေသည်။ ရီထျန်းမုသည် ဟူမိန်အာ၏ ရောင်ဝါကို ခံစားလိုက်ရသောကြောင့် အံ့ဩသွား၏။
သူ့အမေက သူနှင့်ကျင့်ကြံမှုအဆင့်တူညီသည်ဟု အမြဲယုံကြည်ခဲ့သော်လည်း သူမက ကောင်းကင်အင်မော်တယ်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူမ၏ ကောင်းကင်အင်မော်တယ်နယ်မြေ ကျင့်ကြံမှုအဆင့်ကြောင့် ဟူမိန်အာ၏ အမြန်နှုန်းက အရှိန်မြင့်လာပြီး အကွာအဝေးကို ချိုးဖျက်နိုင်ခဲ့သည်။
သူတို့နောက်မှ ရောင်ဝါပိုင်ရှင်များသည်လည်း ဟူမိန်အာ၏လှုပ်ရှားမှုကို သတိပြုမိလိုက်ရာ လိုက်ဖမ်းရန်အတွက် ချက်ခြင်းအရှိန်တင်လိုက်၏။
……
ဝေးကွာသော ရန်ဟွမ်နယ်မြေတွင် သူ၏ကျင့်ကြံမှုပြီးဆုံးသွားသော ရီရှင်းလုံသည် အလွန်အရေးကြီးသော အရာတစ်ခုနှင့် လွဲချော်သွားသည့်ခံစားချက်ကို ရရှိလိုက်သည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်တွင် ပင်ကိုသိစိတ်က ၎င်းတို့ကိုလမ်းလွဲစေသည်မှာ ရှား၏။
သို့သော် ရီရှင်းလုံ အံ့ဩသွားသည်မှာ သူနှင့် ပတ်သက်အားလုံးက ရီမိသားစု၏ အဆင့်မြင့်အဖွဲ့ဝင်များဖြစ်ရာ မည်သို့ဒုက္ခရောက်နိုင်မည်နည်း။
ရီမိသားစုအတွင်း လူထူးဆန်းတစ်ဦးအဖြစ် သတ်မှတ်ခံထားရသော ရီရှင်းလုံသည် ယခုနှစ်များတစ်လျှောက်လုံး လက်မထပ်ရသေးသည့်အပြင် ကလေးလည်းမရှိပေ။ ရီမိသားစု၏မျိုးဆက်သုံးဆက်တွင် ရီရှင်းလုံတစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ရီကျင်းစန်နှင့် နဂါးနီလေးတို့စုံတွဲသည် ရီရှင်းလုံအတွက် စိတ်ပူခဲ့ကြကာ သူ့ကိုတိုက်တွန်းရန် ကြိုးပမ်းခဲ့ကြသော်လည်း အချည်းနှီးသာဖြစ်သည်။ ရီရှင်းလုံသည် ဤနှစ်များတစ်လျှောက်လုံး တစ်စုံတစ်ယောက်အတွက် ခံစားချက်များကို ချုပ်နှောင်ထားမှန်း မည်သူမျှမသိခဲ့ပေ။ ထိုမိန်းကလေးက နှုတ်ဆက်ခြင်းမရှိဘဲ ထွက်ခွါသွားပြီးနောက် သူမကိုခြေရာခံနိုင်ခြင်းမရှိခဲ့ချေ။
ထိုမိန်းကလေးအကြောင်းတွေးသောအခါ ရီရှင်းလုံမှာ ပို၍ရင်တုန်လာကာ စိုးရိန်လာသည်။ သူမများ တစ်ခုခုဖြစ်ခဲ့သလား။ ရီရှင်းလုံသည် ကျောက်စိမ်းဆွဲသီးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာ အတွဲလိုက်ဖြစ်ကာ ကျန်တစ်ခုမှာ မိန်းကလေး၏ လက်ထဲတွင်ရှိသည်။
ရီရှင်းလုံသည် ၎င်းတို့၏ချိတ်ဆက်မှုကိုသုံး၍ မိန်းကလေးပိုင်ဆိုင်သော ကျောက်စိမ်းဆွဲသီး၏တည်နေရာကို ရှာဖွေလိုသော်လည်း
သူ၏အလယ်အလတ် အင်မော်တယ်ဧကရာဇ်ကျင့်ကြံမှုအဆင့်က သူမ၏တည်နေရာအတိအကျကိုမူ မဖော်ပြနိုင်ခဲ့ပေ။
သူမ၏လုံခြုံရေးအတွက် စိုးရိန်လာသောကြောင့် ရီရှင်းလုံသည် ပို၍မတည်မငြိမ်ဖြစ်လာသည်။ သူကိုယ်တိုင် မရှာနိုင်ပါက သေချာပေါက်ရှာနိုင်မည့်သူ တစ်ယောက်ရှိ၏။
ရီရှင်းလုံသည် တခဏမျှ တုံ့ဆိုင်းမနေဘဲ ရီဖန်ကိုရှာဖွေရန်အတွက် ရီမိသားစု၏ပင်မဌာနခွဲသို့ တည့်တည့်သွားခဲ့သည်။ ရီရှင်းလုံက သူ့ကိုလိုက်ရှာကြောင်းကြားသောအခါ ရီဖန်က ထိုကိစ္စကို သိချင်လာသည်။
"အဘိုး၊ ကျွန်တော်တစ်ယောက်ယောက်ကိုရှာဖို့ အကူအညီလိုနေတယ်!"
ထိုစကားကိုကြားသောအခါ ရီကျင်းစန်နှင့် နဂါးနီလေးတို့ပင် အံ့ဩသွားသည်။ နောက်ဆုံးတွင် သူတို့၏ကလေးက အသိဝင်လာပြီး အခြေကျသွားတော့မည်လား။
သူတို့မျိုးဆက်ထဲတွင် လက်ထပ်ပြီးသားသမီးမရသေးသည့် တစ်ဦးတည်းသောသူဖြစ်သည့် ရီရှင်းလုံကြောင့် ရီကျင်းစန်နှင့် နဂါးနီလေးတို့မှာ မနေနိုင်မထိုင်နိုင်ဖြစ်ခဲ့ရသည်။ ယခု ရီရှင်းလုံဘက်က ချဉ်းကပ်လာသည့်အချိန်တွင် စိတ်အကျေနပ်ဆုံးမှာ ရီကျင်းစန်နှင့် နဂါးနီလေးတို့ဖြစ်ကြ၏။
"နဂါးလေး၊ မင်းအဘိုးကို ဘယ်သူ့ကို ရှာစေချင်လို့လဲ"
ရီဖန်က အပြုံးဖြင့် မေးလိုက်သည်။
ရီဖန်သည် သူ၏ငယ်ရွယ်သော မျိုးဆက်များကို အမြဲဖော်ရွေလေ့ရှိသည်။ ရီမိသားစု၏ မျိုးဆက်သစ်လူငယ်များသည် သူ့ကိုတစ်ကြိမ်တစ်ခါမျှ ဒေါသမထွက်စေဘဲ ဂုဏ်ယူစရာများသာယူလာပေးခဲ့သည်။
ရီရှင်းလုံသည် ကျောက်စိမ်းဆွဲသီးကို ထုတ်လိုက်ပြီးနောက် အတိတ်ကအဖြစ်အပျက်များကို ရှက်ရွံ့စွာပြောပြသည်။ ရီရှင်းလုံက ထိုမိန်းကလေးအပေါ် ခံစားချက်များကို အချိန်အကြာကြီး ချုပ်နှောင်ကြောင်း သိလိုက်ရသောအခါ ရီဖန်သည်ပင် သူ့ကိုအနည်းငယ် စိတ်ပျက်သွားခဲ့သည်။
"မင်းသူ့ကိုကြိုက်ရင် ဘာလို့မလိုက်တာလဲ၊ မင်းမလိုက်ရင် မင်းကြိုက်တာကို သူဘယ်လိုသိနိုင်မှာလဲ၊ သူထွက်သွားပြီးအစောပိုင်းကတည်းက ဘာလို့မလိုက်တာလဲကွာ"
ရီမိသားစုတွင် ဤကဲ့သို့ ဆုံးဖြတ်ချက်မသေချာသည့် ကလေး မည်သို့များရှိနိုင်ရသနည်း။ ကံကောင်းစွာဖြင့် ၎င်းက လွန်ခဲ့သည့်နှစ်တစ်ရာလောက် ဖြစ်ခဲ့သောကြောင့် အချိန်ရှိပါသေးသည်။ ကျင့်ကြံသူတစ်ဦးအတွက် အနှစ်တစ်ရာသည် ရှည်လျားသောကာလမဟုတ်ပေ။
ထိုမိန်းကလေးသည် သူမ၏ချစ်သူကို မတွေ့ရသေးသောကြောင့် ရီရှင်းလုံအတွက် အခွင့်အရေးရှိဆဲဖြစ်သည်။ အကယ်၍ သူသာ ငြင်းပယ်ခံရပါက ရီဖန်ထံတွင် ပြောစရာရှိမည်မဟုတ်ပေ။
ရီမိသားစုသည် မည်မျှပင် စွမ်းအားကြီးစေကာမူ ၎င်းတို့က တစ်စုံတစ်ဦးကို ၎င်းတို့၏အဖော်ဖြစ်လာရန် မည်သည့်အခါမျှ အတင်းအကျပ် ဖိအားပေးမည်မဟုတ်ပေ။ သို့သော် ရီရှင်းလုံ၏ဖော်ပြချက်အရ ထိုမိန်းကလေးသည်လည်း သူ့အတွက် ခံစားချက်များရှိနေသည်မှာ ထင်ရှားသည်။
သူမ၏ မမျှော်လင့်ထား ထွက်ခွါသွားမှုတွင် အကြောင်းပြချက်များရှိနိုင်သည်။ ရီဖန်သည် ကျောက်စိမ်းဆွဲသီးကိုကြည့်ကာ သူ၏စွမ်းအားကိုထုတ်လိုက်ပြီး စတင်တွက်ချက်ခဲ့သည်။ ရီဖန်၏ကျင့်ကြံမှုအဆင့်ဖြင့် အခြားကျောက်စိမ်းဆွဲသီး၏တည်နေရာကို ရှာတွေ့ရန် လွယ်ကူသွား၏။
သူသည် ကျောက်စိမ်းဆွဲသီး၏တည်နေရာကို ရှာတွေ့ရုံတင်မကဘဲ ကောင်မလေး၏ လက်ရှိအခက်အခဲကိုပါ သိခဲ့ရသည်။ သူမ လိုက်ဖမ်းခံနေရသည်။ ထို့အပြင် ရီဖန်သည် ထိုမိန်းကလေးတွင် ကလေးရှိနေကြောင်းပါ တွေ့ရှိခဲ့သည်။
အစက ရီဖန်သည် မိန်းကလေးထံတွင် ကလေးရှိသောကြောင့် ရီရှင်းလုံအတွက် အခွင့်အရေးမရှိတော့ဟု ထင်ခဲ့သော်လည်း၊ ၎င်းက ရီရှင်းလုံနှင့်ပတ်သက်သောကြောင့် သူမကို ကယ်တင်ခြင်းသည်လည်း ကိစ္စကြီးမဟုတ်ချေ။
သို့သော် မကြာမီတွင် ရီဖန်သည် တစ်ခုခုလွဲနေသည်ကို ခံစားလိုက်ရ၏။ စုံစမ်းစစ်ဆေးမှုတချို့အပြီးတွင် ထိုကလေးက ရီရှင်းလုံ၏သားဖြစ်ကြောင်း သိရှိခဲ့ရ၏။
"မိန်းမကို စွန့်ပစ်ခြင်း" "တာဝန်ယူရန် ငြင်းဆိုခြင်း" စသော စကားလုံးများနှင့် အခြားအသုံးအနှုန်းများသည် ရီဖန်၏စိတ်ထဲ ပြေးဝင်လာကာ ဒေါသထွက်သွားသည်။
ရီမိသားစုတွင် ဤမျှကောင်းမွန်စွာ ကြီးပြင်းလာပြီးနောက်၊ ရီရှင်းလုံ၏အပြုအမူက ရီဖန်အတွက် အမှန်တကယ်စိတ်ပျက်စေခဲ့သည်။
ရီဖန်သည် စကားတစ်ခွန်းမှမပြောဘဲ၊ မိသားစု၏အပြစ်ပေးမှုကို စီမံရန် အဆင်သင့်ဖြစ်နေသော နတ်ဘုရားရိုက်နှက်ခြင်းကြာပွတ်ကို ထုတ်ယူလိုက်သည်။
"ရီရှင်းလုံ၊ မင်းအပြစ်ကိုသိလား"
ရီဖန်က နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ဖြင့် အပြစ်ပေးရန် အဆင်သင့်ဖြစ်နေသည်ကိုမြင်လိုက်ရသောအခါ ရီရှင်းလုံနှင့် ရီကျင်းစန်နှင့် နဂါးနီလေးတို့ပါ ခြေတစ်လှမ်းဆုတ်လိုက်ရသည်။
……