အခန်း ၃၅၈-၃၆၀
Vol. 24 Ch. 358-360
အခန်း ၃၅၈ - ငါ့အဖေက အရမ်းသန်မာတာ
ဤအရာအားလုံးက ရီမိသားစုကျင့်ကြံသူများ၏ စံသတ်မှတ်ချက်များဖြစ်ကြ၏။ သို့သော် အခြားသူများက ၎င်းတို့၏ကျင့်ကြံမှုအဆင့်ကိုအခြေခံ၍ နည်းနည်းချင်းလက်ခံရရှိကြသော်လည်း ဟူမိန်အာကို ရီဖန် တစ်ခါတည်းပေးအပ်လိုက်ခြင်းက ရီမိသားစုထဲသို့ အမြန်ဆုံးပေါင်းစည်းစေလိုသောကြောင့် ဖြစ်သည်။
"မိန်အာ မင်းအဘိုးပေးတဲ့အရာကို လက်ခံလိုက်ပါ။ ငါတို့ အင်အားစုအများကြီးကို ဖျက်ဆီးပစ်ဖူးလို့ ကောင်းတာလေးတွေအများကြီးရှိတယ်၊အားနာမနေနဲ့!"
ရီရှင်းလုံသည် စကားပြောနေရင်း အရှက်မရှိ မျက်စိမှိတ်ပြနေသောကြောင့်၊ ရီဖန်ထံမှ စိတ်အနှောက်အယှက်ဖြစ်နေသောအကြည့်ကို လက်ခံရရှိလိုက်သည်။
သူ၏တာဝန်မဲ့လုပ်ရပ်များကို ဖြေရှင်းရန်အတွက် အဘိုးဖြစ်သူက ကြိုးစားခဲ့ရသော်လည်း ငနာလေးက နာမည်ကောင်းဝင်ယူနေသေးသည်။ မသိလျှင် ရီဖန်က ကွင်းဆက်လူသတ်သမား လူဆိုးတစ်ယောက်ကဲ့သို့ တစ်ကမ္ဘာလုံးက အင်အားစုများစွာကို ဖျက်ဆီးခဲ့ပုံပေါက်အောင် ပြောနေ၏။
ဟူမိန်အာသည် သူမ၏ပါးစပ်ကို မကာနိုင်လိုက်ဘဲ တခစ်ခစ်ရယ်မိတော့သည်။ သို့သော် ဟူမိန်အာက လေးစားမှုအပြည့်ရှိ၏။ ရီမိသားစုသည် အလွန်ရက်ရောသည်ဟု ကောလာဟလများရှိသော်လည်း ၎င်းတို့က ကောလဟာလများထက်ပင် သဘောထားကြီးကြသည်။
သူမက မင်းသားလေးနှင့်လက်ထပ်ပြီး ရုတ်တရက် ကျော်ကြားလာသော စင်ဒရဲလားတစ်ယောက်ဖြစ်လာသလား။ မဟုတ်ပေ။ စင်ဒရဲလားက မင်းသမီးဖြစ်နေဆဲပင်။
သူမက ရီမိသားစုရှေ့တွင် သာမန်လူနှင့် ကွာခြားမှုမရှိသောကြောင့် သူမ၏ကံကြမ္မာက စင်ဒရဲလားထက်ပင် ပိုကောင်းသည်။
ရီဖန်သည် ထိုအရာနှင့်ပတ်သက်၍ တုံ့ဆိုင်းမနေဘဲ ရီရှင်းလုံနှင့် ဟူမိန်အာတို့ကို ပြန်လည်ပေါင်းစည်းရန် အချိန်အနည်းငယ်ပေးထားလိုက်၏။သူသည် ရီကျင်းစန်တို့ စုံတွဲနှင့်အတူ အလျင်အမြန်ထွက်ခွာသွားခဲ့သည်။
"မိန်အာ၊ မုဟိုင်အင်မော်တယ်ဂိုဏ်းရဲ့ တည်နေရာပေးပါဦး၊ သူတို့ကိုကယ်ဖို့ ကူညီပေးမယ်!"
"ရှင်းလုံ၊ မုဟိုင်အင်မော်တယ်ဂိုဏ်းမှာ အင်မော်တယ်ဧကရာဇ် ရှိတယ်၊ ငါတို့ဒီလိုပဲ သွားတော့မလို့လား" ဟူမိန်အာက သူမ၏စိုးရိမ်မှုကို ထုတ်ပြောလိုက်သည်။
ရီထျန်းမုကလည်း ရီရှင်းလုံကို စပ်စုစွာစောင့်ကြည့်လျက် သူ့အဖေက မည်မျှအစွမ်းထက်သနည်းဟု တွေးနေသည်။
"အင်မော်တယ် ဧကရာဇ်တစ်ပါးလောက်ပါပဲ၊ မင်း စိတ်ပူစရာမလိုဘူး!"
နောက်အခိုက်အတန့်တွင် အင်မော်တယ်ဧကရာဇ်နယ်ပယ်ရှိ ရောင်ဝါတစ်ခုက ရီရှင်းလုံထံမှ ထွက်ပေါ်လာသည်။ ၎င်းက သူတို့ကို ပစ်မှတ်မထားသော်လည်း အင်မော်တယ်ဧကရာဇ်၏ ကြောက်မက်ဖွယ်ရောင်ဝါကို ခံစားရသေးသည်။
"ရှင်းလုံ၊ ရှင်ရော အင်မော်တယ် ဧကရာဇ်တစ်ပါးလား"
ဟူမိန်အာကလည်း ဆွံ့အနေ၏။ သူမကလေး၏ဖခင်သည် အလွန်အစွမ်းထက်၏။ ထိုအချိန်တွင် ရီထျန်းမုကလည်း ရီရှင်းလုံကို လေးစားမှုအပြည့်ဖြင့်ကြည့်နေသည်၊ သူ့အဖေက အလွန်အစွမ်းထက်သည်။
ရီထျန်းမု၏မျက်လုံးထဲတွင် ရီရှင်းလုံအတွက် သူတစ်ခါမှမကြုံစဖူး
အလွန်ဂုဏ်ယူနေသည်။
"ဒီကိစ္စကို ဖြေရှင်းပြီးတာနဲ့ ရီမိသားစုကိုပြန်ရောက်တဲ့အခါ မင်းရဲ့ကျင့်ကြံမှုအဆင့်က ပိုတောင်အဆင့်တက်မြန်လာဦးမယ်။ အင်မော်တယ်ဧကရာဇ် ဒါမှမဟုတ် တာအိုဘိုးဘေးနယ်ပယ်ကိုရောက်ဖို့က ပြဿနာမရှိနိုင်တော့ဘူး"
ရီမိသားစုပင်ကိုစွမ်းရည်၏ အကျိုးကျေးဇူးများကို ခံစားနိုင်သရွေ့ ကျင့်ကြံမှုအဆင့်မြှင့်တင်ခြင်းက ရီမိသားစုအတွက် အချိန်တစ်ခုသာလိုသည်။ ကျင့်ကြံမှုအဆင့်မြင့်သည့် ကျင့်ကြံရေးသမားများအတွက် အချိန်ကပြဿနာမရှိပေ။
ရီရှင်းလုံ၏ ကျင့်ကြံမှုအဆင့်ကိုသိလိုက်ရသောအခါ ဟူမိန်အာအတွက် စိုးရိမ်စရာမရှိတော့ချေ။ ရီရှင်းလုံသည် ဟူမိန်အာနှင့် သွားရန်အတွက် သူ၏စွမ်းအားကို အသုံးပြုခဲ့၏။ မကြာမီတွင် ၎င်းတို့သည် မုဟိုင်အင်မော်တယ်ဂိုဏ်း တည်ရှိရာနေရာသို့ ရောက်ရှိလာကြသည်။
"ထွက်လာကြစမ်း!"
ရီရှင်းလုံ၏နောက်တွင် ရီမိသားစု၏ ယုံကြည်အားထားရသောအကူများစွာလည်း ပေါ်လာသည်။ ရီမိသားစု၏ယုံကြည်ရသော အကူအရေအတွက်က ဆယ်သန်းကျော်ရှိနေပြီဖြစ်ကာ ၎င်းတို့၏ကျင့်ကြံမှုအဆင့်မှာလည်း နိမ့်ကျခြင်းမရှိချေ။
ရီမိသားစု၏ တတိယမျိုးဆက်အနေဖြင့် ရီရှင်းလုံသည် ယုံကြည်စိတ်ချရသောအကူများကို ထိန်းချုပ်နိုင်သည်။
"ငါတို့ သခင်လေးကိုတွေ့ပြီ!"
အင်မော်တယ်ဘုရင်နယ်မြေမှ ယုံကြည်ရသောအကူတစ်ဦးက လေးစားစွာနှုတ်ဆက်သည်။
"အရေးယူလိုက်တော့၊ မုဟိုင်အင်မော်တယ်ဂိုဏ်း ရှိဖို့မလိုအပ်တော့ဘူး"
မုဟိုင်အင်မော်တယ်ဂိုဏ်းက သူ့မိန်းမနှင့် သားအပေါ် ကြံစည်ဝံ့သောကြောင့်၊ ရီရှင်းလုံ၏မျက်လုံးထဲတွင် ၎င်းတို့ သေသွားခဲ့ပြီးသားဖြစ်သည်။ ရီရှင်းလုံထံမှအမိန့်ရပြီရနောက် တပ်ကူများသည် မုဟိုင်အင်မော်တယ်ဂိုဏ်းကို ဦးတည်တိုက်ခိုက်လာကြသည်။
မုဟိုင်အင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများသည် ပြင်းထန်သောတိုက်ခိုက်မှုများကို အချိန်မီ မတုံ့ပြန်နိုင်ပေ။ ထိုအချိန်တွင် ရီရှင်းလုံက ဟူမိန်အာနှင့် ရီထျန်းမုတို့ကိုခေါ်ဆောင်သွားကာ သူ၏ယောက္ခမများနှင့်တွေ့ဆုံရန်အတွက် မုဟိုင်အင်မော်တယ်ဂိုဏ်း၏အတွင်းပိုင်းသို့ ဦးတည်သွားသည်။
မုဟိုင်အင်မော်တယ်ဂိုဏ်းအတွင်း၌ မုဟိုင်အင်မော်တယ်ဧကရာဇ်သည် သူ့လက်ထဲရှိ မှန်တစ်ချပ်ကို လေ့လာနေ၏။ ၎င်းက ဟူထျန်းကြယ်တာရာမင်းဆက်၏ ရတနာဖြစ်သည်။
သူ့လက်ဝှေ့ယမ်းလိုက်သည်နှင့် သွေးတစ်စက်သည် ဟူထျန်းကြယ်တာရာမင်းဆက်ဧကရာဇ်၏ ကိုယ်ခန္ဓာမှကျလာကာ ရတနာတိုက်သော့ပေါ်သို့ ကျရောက်သွားသည်။ မှန်သည် ခဏမျှ တုန်ခါနေသော်လည်း ဖွင့်မရပေ။
"ဟူထျန်းကြယ်တာရာမင်းဆက် မင်းသမီးလေးရဲ့ သွေးမျိူးဆက်ကပဲ ဖွင့်နိုင်ပုံရတယ်”
ဟူထျန်းကြယ်တာရာမင်းဆက်၏ မင်းသမီးအကြောင်းတွေးမိပြီးနောက် မုဟိုင်အင်မော်တယ်ဧကရာဇ်သည် သူ့နှလုံးသားထဲမှ မီးတောက်ကို ခံစားလိုက်ရသည်။
မင်းသမီးလေးသည် ထက်မြက်သည့် စွမ်းရည်ရှိရုံသာမကဘဲ နိုင်ငံတိုင်းကိုဒူးထောက်စေသည့် အလှတရားလည်းရှိသည်။ နဂါးနယ်မြေတွင် သူမကို လူသိများ၏။ ကံမကောင်းစွာဖြင့် မင်းသမီးလေးက လက်မထပ်မီ ကလေးယူထားပုံရကာ ၎င်းက လူများစွာကို အံ့အားသင့်စေခဲ့သည်။
မုဟိုင်အင်မော်တယ်ဧကရာဇ်၏အမြင်တွင် ဟူထျန်းကြယ်တာရာမင်းဆက်၏မင်းသမီးလေးကဲ့သို့ သာလွန်ကောင်းမွန်သော အလှတစ်ပါးကသာ သူ၏ကြင်ယာတော်ဖြစ်ထိုက်သည်။
သို့သော် သူမသည် ကလေးမွေးပြီးပြီဖြစ်သောကြောင့် အိမ်ထောင်ဖက်မဖြစ်ထိုက်တော့ဘဲ၊
သူ၏ ကာမအလိုဆန္ဒများကို ဖြည့်ဆည်းရန်သာ အရည်အချင်းပြည့်မီသည်။
"လူက ပြန်မလာသေးဘူးလား"
သူစေလွှတ်လိုက်သော ကျင့်ကြံသူအကြောင်း တွေးတောရင်း မုဟိုင်းအင်မော်တယ်ဧကရာဇ်မှာ ဒေါသထွက်လာ၏။
"အင်မော်တယ်ဧကရာဇ်ဆီ အစီရင်ခံပါတယ်၊ သူတို့နဲ့ အဆက်အသွယ်ပြတ်သွားပါပြီ"
ကျင့်ကြံသူက ဖုံးကွယ်မထားဘဲ အခြေအနေကို အလျင်အမြန် သတင်းပို့လိုက်သည်။
အဆက်အသွယ်ပြတ်သွားသလား။ မုဟိုင်အင်မော်တယ်ဧကရာဇ်၏နှလုံးသားထဲတွင် မတည်ငြိမ်သောခံစားချက်တစ်ခု ပေါ်လာသည်။ သူအပြစ်တင်တော့မည့်အချိန်တွင် မုဟိုင်အင်မော်တယ်ဂိုဏ်းအတွင်း ဖရိုဖရဲဖြစ်မှုများကို ရုတ်တရက်ခံစားလိုက်ရသည်။
“ငါတို့ မူဟိုင်အင်မော်တယ်ဂိုဏ်းကို ဘယ်သူ နှောက်ယှက်ရဲတာလဲကွ”
မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ချက်ချင်းပျောက်ကွယ်သွားကာ အားနည်းသော ဟူထျန်း အင်မော်တယ်ဘုရင်ကိုသာ ချန်ထားခဲ့သည်။
"မိန်အာ၊ မင်း ဝေးဝေးကိုပြေးရမယ်!"
ဟူထျန်းအင်မော်တယ်ဘုရင်က သူ့နှလုံးသားထဲတွင် တိတ်တဆိတ် ဆုတောင်းနေခဲ့သည်။ ဟူမိန်အာကို ဖမ်းဆီးရန် စေလွှတ်ခံရသူများနှင့် အဆက်အသွယ် ပြတ်တောက်သွားကြောင်း သူကြားလိုက်သည့်အချိန်တွင် ဟူထျန်းအင်မော်တယ်ဘုရင်၏ နှလုံးသားထဲ၌ မျှော်လင့်ချက်အလင်းရောင်များ ထွက်ပေါ်လာသည်။ ဟူမိန်အာသည် အမှန်တကယ်လွတ်မြောက်ရန် အခွင့်အရေးရှိနိုင်၏။
မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ဖရိုဖရဲဖြစ်မှုများကို ဖြေရှင်းရန် လုပ်ဆောင်နေချိန်တွင် ရီရှင်းလုံနှင့် သူ၏အဖော်နှစ်ယောက်ကို ရုတ်တရက် တွေ့လိုက်ရသည်။ မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ရီရှင်းလုံနှင့် ရီထျန်းမုတို့ကို များစွာဂရုမစိုက်ပေ။
သို့သော် ရီရှင်းလုံအနားတွင် ဟူမိန်အာကိုတွေ့လိုက်ရသောအခါ သူ ရုတ်တရက် အလွန်ဝမ်းသာသွား၏။
အစောပိုင်းက သူသည် ဤတစ်ကြိမ်တွင်လည်း မအောင်မြင်ခဲ့ဟု ယူဆထားသော်လည်း ဟူမိန်အာက မုဟိုင်အင်မော်တယ်ဂိုဏ်းသို့ မသိလိုက်ဘဲ ရောက်ရှိလာသည်ကိုတွေ့ရသောအခါ အံ့ဩသွားသည်။
သို့သော် ဟူမိန်အာ၏လက်ကို ဆုပ်ကိုင်ထားသော ရီရှင်းလုံကိုတွေ့လိုက်ရသောအခါ သူဒေါသထွက်လာသည်။ ဟူမိန်အာသည် သူ့အတွက် တားမြစ်ထားသော သစ်သီးတစ်လုံးဖြစ်ရာ၊ သူ့လက်ကိုတခြားလူက ကိုင်ထားသည့်အချိန်တွင် သူမည်သို့ သည်းခံနိုင်မည်နည်း။
ထိပ်တန်း တာအိုအင်မော်တယ်လက်နက် ကောင်းကင်ပင်လယ်ယပ်တောင်သည် သူ့လက်ထဲတွင်ပေါ်လာကာ အကန့်အသတ်မဲ့ စွမ်းအားပင်လယ်ကို ချက်ချင်းထုတ်လွှတ်ပြီး ရီရှင်းလုံဆီသို့ ဦးတည်သွားသည်။
သေချာပေါက်ပင် ရီရှင်းလုံကလည်း မုဟိုင်အင်မော်တယ်ဂိုဏ်း၏ တစ်ဦးတည်းသော မုဟိုင်အင်မော်တယ်ဧကရာဇ်ကို သတိထားမိ၏။
သို့သော် အစောပိုင်း အင်မော်တယ်ဧကရာဇ်အဆင့် ကျင့်ကြံမှုက ရီရှင်းလုံကို ရန်စနိုင်ခြင်းမရှိပေ။
သူ၏ပြိုင်ဘက်များသည် တာအိုဘိုးဘေးများ မဟုတ်ပါက အနည်းဆုံး အနှိုင်းမဲ့အင်မော်တယ်ဧကရာဇ်များဖြစ်ကြသည်။ အစောပိုင်းအဆင့် အင်မော်တယ်ဧကရာဇ်ကို သူနောက်ဆုံးတွေ့ခဲ့သည်မှာ အချိန်မည်မျှကြာပြီနည်း။
တိုက်ခိုက်မှုဖြစ်ပွါးခါနီးချိန်တွင် မုဟိုင်အင်မော်တယ်ဧကရာဇ်၏ မျက်လုံးထဲတွင် ကျေနပ်သောအရိပ်အယောင်များ ပေါ်လာသည်။ သို့သော် နောက်အခိုက်အတန့်တွင် သူမရယ်နိုင်တော့ချေ။
တစ်ချိန်က ပင်လယ်နဂါးမျိုးနွယ်စု၏ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သော ရီရှင်းလုံထက် မည်သူကများ ပင်လယ်ကို ပိုမိုကောင်းမွန်စွာထိန်းချုပ်နိုင်မည်နည်း။
တစ်ချက်ကြည့်လိုက်ရုံဖြင့် အကန့်အသတ်မဲ့ပင်လယ်စွမ်းအားသည် ၎င်း၏စိတ်လှုပ်ရှားမှုကို ဖော်ပြနေဟန်ဖြင့် ရီရှင်းလုံအနားဝန်းရံကာ နာခံမှုရှိစွာ ရပ်တန့်သွားသည်။
သူ့ထက် မြင့်မားသောကျင့်ကြံမှုအဆင့်ရှိသည့် ကျင့်ကြံသူများပင်လျှင် ရီရှင်းလုံကဲ့သို့ သူ၏တိုက်ခိုက်မှုကို အေးဆေးမတားဆီးနိုင်ပေ။
မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ရီရှင်းလုံကို သေချာအကဲခတ်ပြီးနောက် သူ၏မထီမဲ့မြင်ပြုမှုက လုံးဝပျောက်ကွယ်သွားသည်။ မုဟိုင်အင်မော်တယ်ဧကရာဇ်သည် သူနှင့်ရင်းနှီးသော နဂါးနယ်မြေမှ အင်မော်တယ်ဧကရာဇ်မဟုတ်သောကြောင့် သူ၏အင်အားကို မတိုင်းတာနိုင်ပေ။
"မင်းဘယ်သူလဲ?"
မုဟိုင်အင်မော်တယ်ဧကရာဇ်က ဆက်လက်မတိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့သည်။ ထိုအစား သူသည် ရီရှင်းလုံ၏ အထောက်အထားအမှန်ကို အရင်စုံစမ်းလိုသည်။
"ငါက ရီရှင်းလုံ၊ ဟူမိန်အာရဲ့ခင်ပွန်းပဲ"
ရီရှင်းလုံက သူ့ကိုယ်သူ ခင်ပွန်းအဖြစ် မိတ်ဆက်လိုက်သည်ကို ကြားလိုက်သောအခါ ဟူမိန်အာသည် မျက်လုံးကိုအသာလှည့်မကြည့်ဘဲ မနေနိူင်ပေ။
ဟူမိန်အာနှင့် ရီရှင်းလုံတို့ကြား အပြန်အလှန်ဆက်ဆံရေးကို စောင့်ကြည့်နေရင်း မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ဟူမိန်အာက လက်မထပ်ဘဲ ကလေးယူသည်ဆိုသည့် ကောလာဟလများကို ရုတ်တရက်သတိရသွားသည်။
ရုတ်တရတ်ပေါ်လာသော အင်အားကြီးပုဂ္ဂိုလ်က ဟူမိန်အာ၏ဖခင် ဖြစ်နိုင်ပါသလား။ ရီရှင်းလုံ၏ စွမ်းရည်များကို သုံးသပ်ကြည့်ခြင်းအားဖြင့် သူ၏ကျင့်ကြံမှုအဆင့်သည် အနည်းဆုံး အင်မော်တယ်ဧကရာဇ်ဖြစ်နိုင်ကာ ထိုထက်ပင် ပို၍ အစွမ်းထက်နိုင်သည်။
ဟူမိန်အာ၏ လက်တွဲဖော်ဖြစ်သောထိုသူက မုဟိုင်အင်မော်တယ်ဧကရာဇ်အတွက် ထူးခြားသောအခြေအနေတစ်ခုဖြစ်သည်။
မုဟိုင်အင်မော်တယ်ဂိုဏ်းနှင့် ဟူထျန်းကြယ်တာရာမင်းဆက်တို့သည် လက်ရှိတွင် ရန်ငြိုးဖွဲ့ထားဆဲဖြစ်သောကြောင့် ပြန်လည်ပေါင်းစည်းရန် အခြေအနေမရှိချေ။
ဟူထျန်းကြယ်တာရာမင်းဆက်အတွက် ထိုသို့သော အင်အားကြီးကျောထောက်နောက်ခံတစ်ခု ရုတ်တရက်ပေါ်လာခြင်းက ဟူထျန်းရတနာတိုက်ကို ရယူမည့် သူ၏အစီအစဉ်အတွက် ခက်ခဲစေနိုင်သည်။
မုဟိုင်အင်မော်တယ်ဧကရာဇ်ကတော့ များစွာစိုးရိမ်ခြင်းမရှိပေ။ ရီရှင်းလုံသည် အင်အားကြီးပုံရသော်လည်း မုဟိုင် အင်မော်တယ်ဂိုဏ်းသည် ၎င်း၏ကျောထောက်နောက်ခံရှိသည်။ အကယ်၍ တစ်ခုခုဖြစ်လာလျှင် သူသည် ဟူထျန်းရတနာတိုက်၏တစ်စိတ်တစ်ပိုင်းကို သူ့နောက်ခံအင်အားစုအတွက် ပေးလိုက်မည်။
"မင်းက ငါ့တို့ မုဟိုင်အင်မော်တယ်ဂိုဏ်းကို စတိုက်ချင်နေပုံရတယ်"
မုဟိုင်အင်မော်တယ်ဧကရာဇ်သည် အပြင်ဘက်ရှိ ပဋိပက္ခများကြောင့် လူများစွာ သေဆုံးခဲ့ရကြောင်း သိရှိထားပြီးဖြစ်သည်။ သေချာသည်မှာ မုဟိုင်အင်မော်တယ်ဂိုဏ်းကို တိုက်ခိုက်လာသော ကျင့်ကြံသူများကို ဟူမိန်အာနှင့်ဤလူက ခေါ်ဆောင်လာခြင်းဖြစ်သည်။
"ဘာလို့ စကားလုံးတွေ လျှောက်ပြောနေတာလဲ၊ ငါ မင်းကို တစ်ခါတည်းရှင်းလိုက်တာက ပိုမကောင်းဘူးလား"
………..
အခန်း ၃၅၉ - ဆွေစုံမျိုးစုံမြင်ရခြင်း။ အဲတာအကုန် ငါ့အမှားလား
နောက်အခိုက်အတန့်တွင် ရီရှင်းလုံ၏ နတ်လက်နက်သည် သူ့လက်ထဲတွင် ပေါ်လာသည်။
နတ်လက်နက်၏ရောင်ဝါ ထွက်ပေါ်လာသည့်အခါတွင် မုဟိုင်အင်မော်တယ်ဧကရာဇ်သည် လုံးဝတုန်လှုပ်သွား၏။
ဟူမိန်အာနှင့် ၎င်းတို့၏ နောက်ခံကအဘယ်နည်း။ ၎င်း၏ကိုယ်ပိုင်စွမ်းအားကြီးမားသည့်အပြင် နတ်လက်နက်ကိုလည်း ကိုင်ဆောင်ထားသေးသည်။
ထိုအရာမှာ တာအိုဘိုးဘေးများပင် မပိုင်ဆိုင်နိုင်သော နတ်လက်နက်ဖြစ်သည်။ သူကဲ့သို့သော အင်မော်တယ်ဧကရာဇ်တစ်ပါးကို တိုက်ခိုက်ရန်အတွက် ထုတ်သုံးသင့်ပါရဲ့လား။
ရီရှင်းလုံကိုရင်ဆိုင်ရန် ယုံကြည်လျက်မရှိသော မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ယခုအခါတွင် ပို၍စိုးရိမ်လာသည်။ သူရှုံးနိမ့်မည်မှာ သေချာသလောက်ဖြစ်နေ၏။
သို့သော် နတ်လက်နက်ပေါ်လာခြင်းက သူ့ကို မျှော်လင့်ချက်အလင်းရောင်တစ်ခု ပေါ်လာစေသည်။ နတ်အင်မော်တယ်လက်နက်သည် တာအိုဘိုးဘေးများ စိတ်ဝင်စားသည့်အရာဖြစ်၏။
အင်မော်တယ်ဧကရာဇ်တစ်ဦးက နတ်လက်နက်ကို ကိုင်ဆောင်ထားခြင်းသည် တစ်သောင်းတန်ငွေစက္ကူများကို ကြွားဝါနေသည့် ကလေးနှင့်တူသည်။ ထို့ကြောင့် မုဟိုင်အင်မော်တယ်ဧကရာဇ်က သူ၏ကျောထောက်နောက်ခံဖြစ်သည့် ဟွမ်ရှန်းတာအိုဘိုးဘေးကို လျှို့ဝှက်ဆက်သွယ်လိုက်သည်။
ကမ္ဘာနဂါးနယ်မြေရှိ တာအိုဘိုးဘေးအနည်းငယ်ထဲမှ တစ်ဦးဖြစ်သော ဟွမ်ရှန်းတာအိုဘိုးဘေးသည် သာမန်တာအိုဘိုးဘေးတစ်ဦးမျှသာဖြစ်သော်လည်း လူသားမျိုးနွယ်စုတွင် အင်အားအကြီးဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်ဆဲပင်။
ရီရှင်းလုံက တိုက်ခိုက်ခါနီးတွင် တစ်စုံတစ်ဦး ထွက်ပေါ်လာသည်။ မုဟိုင်အင်မော်တယ်ဧကရာဇ်ထံမှ နတ်လက်နက်အကြောင်း ကြားသောအခါ၊ ဟွမ်ရှန်းတာအိုဘိုးဘေးသည် မဆိုင်းမတွချက်ခြင်း ပြေးလာခဲ့သည်။
မုဟိုင်အင်မော်တယ်ဧကရာဇ်က နတ်လက်နက်ကို ရှာတွေ့ခဲ့ပြီးနောက် သူကိုယ်တိုင်မယူဘဲ သူ့ထံအကြောင်းကြားခြင်းက ထူးဆန်းသည်ဟုခံစားရသော်လည်း ဆွဲဆောင်မှုကိုမခံနိုင်သောကြောင့် ပြေးသွားခဲ့သည်။
နှစ်ထောင်ပေါင်းများစွာကြာအောင် တာအိုဘိုးဘေးတစ်ဦးဖြစ်ခဲ့သော်လည်း သူ့ကိုယ်ပိုင် နတ်လက်နက်ပင် မရှိသေးချေ။ တာအိုဘိုးဘေးများကြားတွင် နတ်လက်နက်မရှိသေးသူများက အနှိမ်ခံရလိမ့်မည်။
ဟွမ်ရှန်းတာအိုဘိုးဘေးသည် သူ၏အဆင့်အတန်းကိုပြောင်းလဲနိုင်မည့် မည်သည့်အခွင့်အရေးကိုမျှ လက်လွတ်ခံမည်မဟုတ်ချေ။ မကြာမီတွင် ဟွမ်ရှန်းတာအိုဘိုးဘေးသည် ရီရှင်းလုံ၏လက်ထဲမှ နတ်လက်နက်ကို သတိပြုမိသွားသည်။
နတ်လက်နက်၌ ပိုင်ရှင်ရှိပါသလား။ ၎င်းက ဟွမ်ရှန်းတာအိုဘိုးဘေးကို စိတ်မသက်မသာဖြစ်စေသည်။ နောက်ခံမရှိသော အင်မော်တယ်ဧကရာဇ်တစ်ပါးက တာအိုလက်နက်တစ်ခုကို ပေါ်တင်ထုတ်သုံးနိုင်သလား။
နှစ်များတစ်လျှောက်တွင် ဟွမ်ရှန်းတာအိုဘိုးဘေးသည် အောက်ခြေမှ သူ၏လက်ရှိရာထူးသို့ ဂရုတစိုက်တက်လှမ်းခဲ့ပြီးနောက် သူ့အတွက် အခွင့်အရေးရလာပြီဖြစ်သည်။ သူအလွန်လိုချင်နေသည့်တိုင်အောင် ဟွမ်ရှန်းတာအိုဘိုးဘေးသည် လောဘကြောင့် မျက်စိကန်းခြင်းမရှိချေ။
"ဟွမ်ရှန်းတာအိုဘိုးဘေး၊ ဒါက ငါပြောတဲ့ နတ်လက်နက်ပဲ”
ဟွမ်ရှန်းတာအိုဘိုးဘေး ရောက်လာသည်ကိုမြင်သောအခါ မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ရီရှင်းလုံ၏လက်ထဲရှိ နတ်လက်နက်ကို ချက်ချင်းညွှန်ပြရင်း ပြောလိုက်သည်။
တာအိုဘိုးဘေးရောက်ရှိလာသည်ဟု ကြားလိုက်ရသဖြင့် ဟူမိန်အာနှင့် ရီထျန်းမုတို့နှစ်ယောက်လုံး စိတ်လှုပ်ရှားသွားသည်။ ၎င်းတို့အတွက် တာအိုဘိုးဘေးသည် ဒဏ္ဍာရီလာဖြစ်၏။
ယခုတွင်တာအိုဘိုးဘေးတစ်ဦးသည် သူတို့ရှေ့တွင် ပေါ်လာရာ မစိုးရိမ်ဘဲ မနေနိုင်ချေ။
သို့သော်လည်း ရီရှင်းလုံ၏ တည်ငြိမ်သောမျက်နှာကို မြင်လိုက်ရသောအခါ နှစ်ယောက်လုံးက တဖြည်းဖြည်း တည်ငြိမ်သွားကြ၏။ ရီရှင်းလုံသည် ရီမိသားစု၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ တာအိုဘိုးဘေးများကို အသာထား၊ သူတော်စင်တစ်ပိုင်းပေါ်လာလျှင်ပင် အလွန်ကြောက်စရာမလိုပေ။ ၎င်းက "ရီမိသားစု" ကပေးထားသော သတ္တိဖြစ်သည်။
ရီရှင်းလုံ၏ တည်ငြိမ်သောအမူအရာက ဟွမ်ရှန်းတာအိုဘိုးဘေးကို ပို၍ သံသယဝင်လာစေသည်။ အင်မော်တယ်ဧကရာဇ်တစ်ပါးက မည်မျှစွမ်းအားကြီးစေကာမူ တာအိုဘိုးဘေးနှင့် ရင်ဆိုင်ရသည့်အခါ လေးစားမှုရှိသင့်သည်မဟုတ်လား။
သို့သော် ရီရှင်းလုံ၏အမူအရာက သူ့ကို တာအို ဘိုးဘေးတစ်ဦးအဖြစ် လုံးဝမမှတ်ယူထားကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်။ သူ့ရှေ့ရှိလူက တာအိုဘိုးဘေးများ၏ စွမ်းအားကိုမသိသော လူမိုက်များလား။ သို့မဟုတ် သူ၏အမြင်တွင် တာအိုဘိုးဘေးတစ်ဦးက အလွန်ကြောက်မက်ဖွယ် တည်ရှိမှုမျိုးမဟုတ်သောကြောင့် ဖြစ်သလား။
အင်မော်တယ်ဧကရာဇ်နယ်မြေသို့ရောက်ရှိနေသည့် လက်လက်နက်ကိုင်ဆောင်ထားသော ကျင့်ကြံသူက လူမိုက်မဖြစ်နိုင်ပေ။
"ဒီက တာအိုမိတ်ဆွေ၊ မင်း မုဟိုင်အင်မော်တယ်ဧကရာဇ်နဲ့ ဘာပြဿနာများရှိလို့လဲ၊ ဖြေရှင်းလို့ မရဘူးလား"
ဟွမ်ရှန်းတာအိုဘိုးဘေးသည် နတ်လက်နက်အကြောင်းလူံးဝမပြောဘဲ သူ့ကိုယ်သူ ငြိမ်းချမ်းရေးကမ်းလှမ်းသူအဖြစ် သတ်မှတ်ထားသည်။
"မင်း ဖြေရှင်းနိုင်မယ်ဆိုတာ သေချာလား"
ရီရှင်းလုံ၏အကြည့်က ဟွမ်ရှန်းတာအိုဘိုးဘေးကို စိန်ခေါ်သည့်အရိပ်အယောင်များ ပါဝင်နေသည်။
ရှေးဘိုးဘေးသည် တစ်ချိန်က အင်မော်တယ်ဧကရာဇ်နယ်မြေရှိ တာအိုဘိုးဘေးတစ်ဦးကို တိုက်ခိုက်ခဲ့ကာ၊ ရီရှင်းလုံသည် ရီဖန်ကဲ့သို့ စွမ်းရည်မရှိသော်လည်း အင်မော်တယ်ဧကရာဇ်နယ်မြေတွင် နတ်လက်နက်အကူအညီဖြင့် တာအိုဘိုးဘေးတစ်ဦးကို သုတ်သင်နိုင်သင့်သည် မဟုတ်လား။ သူရှုံးခဲ့လျှင်ပင် ထူးထူးခြားခြား ပြဿနာရှိမည် မဟုတ်ပေ။ အနည်းဆုံး သူ့ကိုယ်သူခုခံကာကွယ်နိုင်သည်။
ရီရှင်းလုံ၏စကားကြောင့် ဟွမ်ရှန်းတာအိုဘိုးဘေးက အရှက်ကွဲသွားခဲ့သည်။ ရီရှင်းလုံထံတွင် ခိုင်မာသော ကျောထောက်နောက်ခံရှိလျှင်ပင် သူသည် တာအိုဘိုးဘေးတစ်ဦးဖြစ်နေဆဲဖြစ်သည်။ အင်မော်တယ်ဧကရာဇ်က လုံလောက်သော လေးစားမှုကိုတော့ ပြသသင်သည် မဟုတ်လား။
မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ဟွမ်ရှန်း တာအိုဘိုးဘေး၏ ရီရှင်းလုံအပေါ် သဘောထားကို အစပိုင်းတွင် မသေချာသော်လည်း ရီရှင်းလုံ၏ မလေးစားသော သဘောထားကို မြင်သောအခါ သူကချက်ချင်းပင် ပျော်သွားကာ ‘သူ့ကို ချ၊ သူ့ကိုချ’ဟု စိတ်ထဲတွင် တီးတိုးပြောနေသည်။
“တာအိုမိတ်ဆွေက ငါ့ကို မျက်နှာသာမပေးချင်ဘူးထင်တယ်"
ဟွမ်ရှန်းတာအိုဘိုးဘေးသည်လည်း ဒေါသထွက်သွား၏။ ၎င်းသည် အင်မော်တယ်ဧကရာဇ်နယ်မြေ ကျင့်ကြံသူသာဖြစ်သည်။ အချို့သော စည်းမျဉ်းများနှင့် သူ၏ကျောထောက်နောက်ခံမှာလည်း ပြဿနာများစွာရှိလိမ့်မည်မဟုတ်။
ဟွမ်ရှန်းတာအိုဘိုးဘေးတွင်လည်း အဆက်အသွယ်ရှိသည်။
"ရီရှင်းလုံ မင်း ဟွမ်ရှန်းတာအိုဘိုးဘေးကို ရန်စနေတာက သေချင်နေတာပဲ"
လေထုက မှန်လာသဖြင့် မုဟိုင်အင်မော်တယ်ဧကရာဇ်က မီးထဲကို ချက်ချင်းလောင်စာထည့်လိုက်သည်။
"ခဏလေး! ဒီ တာအိုမိတ်ဆွေနာမည်က ဘာဖြစ်တယ်"
မုဟိုင်အင်မော်တယ်ဧကရာဇ်၏ စကားကိုကြားသောအခါ ဟွမ်ရှန်းတာအိုဘိုးဘေးက အလျင်အမြန် အရှိန်ထိန်းလိုက်သည်။
"သူ့နာမည်က ရီရှင်းလုံ၊ ဟူမိန်အာရဲ့ တာအိုအဖော်ဖြစ်ပြီးတော့၊ ဟူမိန်အာက ဟူထျန်းကြယ်တာရာမင်းဆက်ရဲ့ မင်းသမီးပါ"
ဟူထျန်းကြယ်တာရာမင်းဆက်ကို မုဟိုင်အင်မော်တယ်ဂိုဏ်းက ဖျက်ဆီးခဲ့သော်လည်း ဟွမ်ရှန်းတာအိုဘိုးဘေးက ထိုအကြောင်းကို ကြားရုံသာကြားဖူးသည်။ ၎င်းသည် အင်မော်တယ်မင်းဆက်တစ်ခုသာဖြစ်ပြီး ဟွမ်ရှန်းတာအိုဘိုးဘေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပေ။
သူ သတိထားမိသည်က ရီရှင်းလုံ၏နာမည်ပင်။
ရီမိသားစုနာမည်ရှိသည့် ရီရှင်းလုံက ရုတ်တရက်ပေါ်လာပြီး နတ်လက်နက်ကိုလည်း ပိုင်ဆိုင်ထားသည်။ ဟွမ်ရှန်းတာအိုဘိုးဘေးသည် ရီမိသားစု၏အင်မော်တယ်ဧကရာဇ်တိုင်းတွင် ပုံမှန်အားဖြင့် နတ်လက်နက်များရှိကြသည်ဟူသော ကောလဟာလတစ်ခုကို ရုတ်တရက်ပြန်သတိရသွား၏။
ဤသတင်းသည် တစ်ချိန်က ဟွမ်ရှန်းတာအိုဘိုးဘေးကို မနာလိုဖြစ်စေခဲ့ကာ ရီမိသားစုတွင် မွေးဖွားလာစေရန် ဆန္ဒရှိခဲ့သည်။ တကယ်တမ်းတွင် ရီမိသားစုမျိုးရိုးအမည်ရှိသော မိသားစုပေါင်း မြောက်မြားစွာရှိသော်လည်း သူကဲ့သို့တာအိုဘိုးဘေးကို လျစ်လျူရှုနိုင်သော နတ်လက်နက်ပိုင်ဆိုင်သည့်မိသားစုကတော့ တစ်ခုတည်းသာရှိသည်။
………..
အခန်း ၃၆၀ - ဆွေစုံမျိုးစုံမြင်ရခြင်း။ အဲတာအကုန် ငါ့အမှားလား
ထိုအတွေးက ဟွမ်ရှန်းတာအိုဘိုးဘေးကို သေလောက်အောင် ကြောက်ရွံ့သွားစေသည်။ ဟွမ်ရှန်းတာအိုဘိုးဘေးက ရီမိသားစုကိုစော်ကားရဲသည့် အရည်အချင်း မရှိပေ။
ဤနှစ်များအတွင်း မရေမတွက်နိုင်သော တာအိုဘိုးဘေးများသည် ရီမိသားစုလက်တွင် ပျောက်ကွယ်ထားကြ၏။ ထိုနံပါတ်စဉ်တွင် ဟွမ်ရှန်းတာအိုဘိုးဘေးက တစ် ထည့်မပေါင်းလိုချေ။
မူလက သူ၏ညီငယ် မုဟိုင်အင်မော်တယ်ဧကရာဇ်အတွက် ပြဿနာတချို့ဖြေရှင်းရန် ကြံရွယ်ခဲ့သော်လည်း၊ ယခုတွင် ဟွမ်ရှန်းတာအိုဘိုးဘေးက မုဟိုင်အင်မော်တယ်ဧကရာဇ်ကိုသာ သတ်ပစ်လိုတော့သည်။ ၎င်းက သူ့ကို အရင်သတ်ဖို့များ ကြိုးစားနေသလား။
ဟွမ်ရှန်းတာအိုဘိုးဘေးသည် မုဟိုင်အင်မော်တယ်ဂိုဏ်းနှင့် ဟူထျန်းကြယ်တာရာမင်းဆက်အကြား ပြဿနာကို စဉ်းစားလိုက်သည်။ မုဟိုင်အင်မော်တယ်ဂိုဏ်းသည် ဟူထျန်းကြယ်တာရာမင်းဆက်၏ မင်းသမီးကို လိုက်ရှာနေပြီး ဟူထျန်းကြယ်တာရာမင်းဆက်ကို တိုက်ရိုက်ချေမှုန်းပစ်ခဲ့သည်။
ဟူထျန်းကြယ်တာရာမင်းဆက်၏မင်းသမီးက ရီမိသားစုဝင်တစ်ဦး၏ တာအိုအဖော်ဖြစ်နေကာ ဟူထျန်းမင်းသမီးဘေးတွင်ရှိသော ထိုကလေးက ရီမိသားစုမှဆင်းသက်လာသော သွေးသန့်မိသားစုဝင်ဖြစ်နိုင်သလား။
မုဟိုင်းအင်မော်တယ်ဧကရာဇ်ကိုပြန်ကြည့်သော ဟွမ်ရှန်းတာအိုဘိုးဘေး၏အမူအရာမှာ ပြောင်းလဲသွားသည်။ အင်မော်တယ်ဧကရာဇ်မင်းတစ်ဉီးဖြစ်သော ထိုသူက ရီမိသားစုမှဆင်းသက်လာသူကို သတ္တိရှိရှိလိုက်ရဲသည်။ ၎င်း၏သတ္တိက တာအိုဘိုးဘေးတစ်ဦးဖြစ်သော သူ့ထက်ပင် ကောင်းမွန်နေ၏။
သူ့စိတ်ကိုတည်ငြိမ်စေပြီးနောက် အသက်ပြင်းပြင်းရှူကာ ဟွမ်ရှန်းတာအိုဘိုးဘေးသည် တောက်ပသောအပြုံးကြီးကို ညှစ်ထုတ်လိုက်ရသည်။
"ရီမျိုးနွယ်စုရဲ့ ဂုဏ်ယူစရာအဖွဲ့ဝင်တွေက ငါ့နဂါးနယ်မြေကို ကောင်းချီးပေးကြတာပဲ၊ ဟွမ်ရှန်းက ဧည့်ဝတ်ပြုဖို့ ပျက်ကွက်မိပါပြီ"
ဟွမ်ရှန်းတာအိုဘိုးဘေးသည် သူ၏တာအိုဘိုးဘေးဂုဏ်သိက္ခာကို ခွါချရန်တုံ့ဆိုင်းမနေဘဲ အင်မော်တယ်ဧကရာဇ်ရီရှင်းလုံကို စေတနာအပြည့်ဖြင့် ပြောလိုက်သည်။
“အရင်တုန်းကတော့ နတ်နဂါးအင်မော်တယ်ဧကရာဇ်ရဲ့ ကောင်းချီးရဖူးပါတယ်၊ သူနေကောင်းရဲ့လားမသိဘူး”
"အဖေ့ကို သိတာလား"
နတ်နဂါးအင်မော်တယ်ဧကရာဇ်သည် ရီကျင်းစန်မှလွဲ၍ အခြားမရှိပေ။ သူသည် တစ်ချိန်က နဂါးမျိုးနွယ်စုကို အချိန်အတိုင်းအတာတစ်ခုအထိ ဦးဆောင်ခဲ့သောကြောင့် သူ၏ တာအိုဘွဲ့အမည်မှာ နတ်နဂါးအင်မော်တယ်ဧကရာဇ်ဖြစ်သည်။
ရီမိသားစု၏ဒုတိယမျိုးဆက်တွင် တပည့်အနည်းငယ်မျှသာရှိကြကာ ၎င်းတို့တစ်ဦးစီသည် ယခုအခါတွင် ကမ္ဘာအနှံ့ထင်ရှားကြ၏။
ရီရှင်းလုံ၏စကားကိုကြားသောအခါ ဟွမ်ရှန်းတာအိုဘိုးဘေးသည် ရီရှင်းလုံက ရီမိသားစု၏အဖွဲ့ဝင်တစ်ဦးဖြစ်ကာ၊ ရီမိသားစု အတွင်းရှိသူ၏အဆင့်အတန်းသည် တတိယမျိုးဆက်တွင် အလွန်မြင့်မားကြောင်း သေချာသွားသည်။
"ငါတို့အားလုံးက မိသားစုတွေပဲလေ ငါ့တူ၊ ငါစောစောကသိခဲ့ရင် ဘာကြောင့်များအရေးယူခဲ့ဦးမှာလဲ"
ထိုစကားဖြင့် ဟွမ်ရှန်းတာအိုဘိုးဘေးသည် မုဟိုင်အင်မော်တယ်ဧကရာဇ်ကို ချက်ချင်းဘေးဖယ်ထားသည်။
ညီငယ်လေးတစ်ယောက်က မည်မျှအရေးကြီးနေပါစေ ရီမိသားစုလောက်တော့ အရေးမကြီးချေ။
တကယ်တမ်းတွင် ဟွမ်ရှန်းတာအိုဘိုးဘေးက လိမ်ပြောခြင်းမဟုတ်ပေ။ ဟူထျန်းကြယ်တာရာမင်းဆက်သည် ရီမိသားစု၏ ယောက္ခမဖြစ်ကြောင်း စောစောသိခဲ့လျှင် သူသည်ရီရှင်းလုံ ဝင်စွက်ဖက်ရန်မလိုဘဲ မုဟိုင်အင်မော်တယ်ဧကရာဇ်ကို သုတ်သင်နိုင်မည်ဖြစ်သည်။
ယခုတွင် မုဟိုင်အင်မော်တယ်ဧကရာဇ်အပေါ် သူ၏မုန်းတီးမှုမှာ အထွတ်အထိပ်သို့ ရောက်သွားပြီဖြစ်၏။ သူယနေ့ကိုယ်တိုင်မရောက်လာပါက သူဤနေရာတွင် အဆုံးသတ်သွားလိမ့်မည်။
ရီမိသားစုကိုစော်ကားဖူးသူများက ဟွမ်ရှန်းတာအိုဘိုးဘေးအတွက် ဥပမာများအဖြစ်ရှိနေသည်။ မုဟိုင်အင်မော်တယ်ဧကရာဇ်က ရီမိသားစုကိုစော်ကားရန် မတတ်နိုင်သကဲ့သို့ ဟွမ်ရှန်းတာအိုဘိုးဘေးကလည်း မတတ်နိုင်ချေ။
ဟွမ်ရှန်းတာအိုဘိုးဘေး၏ ရီရှင်းလုံအပေါ် နွေးထွေးသောသဘောထားကို မြင်ရသောအခါ မုဟိုင်အင်မော်တယ်ဧကရာဇ်မှာ နှုတ်ဆိတ်သွားသည်။ သူသေချာမသိသော်လည်း ရီရှင်းလုံ၏အထောက်အထားမှာ လုံးဝမရိုးရှင်းကြောင်းသိနိုင်၏။
အထူးသဖြင့် ဟွမ်ရှန်းတာအိုဘိုးဘေးက ရီမိသားစုကို ဆက်တိုက်ထည့်ပြောနေရာ မုဟိုင်အင်မော်တယ်ဧကရာဇ်၏စိတ်ထဲတွင် ကြောက်စရာအတွေးတစ်ခုပေါ်လာသည်။
ဤရီမိသားစုက ဟွမ်ရှန်းတာအိုဘိုးဘေးပြောခဲ့ဖူးသည့် ရီမိသားစုဖြစ်သလား။
မုဟိုင်အင်မော်တယ်ဧကရာဇ်သည် ဒူးပင်မခိုင်တော့ဘဲ သူ့စိတ်ထဲတွင် တောင်းပန်လိုစိတ်များသာ တိုးဝင်လာသည်။ သို့သော် သူစကားပြောခွင့်မရမီ ဟွမ်ရှန်းတာအိုဘိုးဘေး၏ ရိုက်ချက်က သူ့မျက်နှာပေါ် ကျရောက်လာပြီဖြစ်သည်။
မုဟိုင်အင်မော်တယ်ဧကရာဇ်နှင့် ရီရှင်းလုံအကြား ပြဿနာကို ဖြေရှင်းနိုင်တော့မည်မဟုတ်ကြောင်း ဟွမ်ရှန်းတာအိုဘိုးဘေးသိလိုက်၏။ ရီမိသားစုကို လေးစားမှုပြသည့်အနေဖြင့် သူကိုယ်တိုင် အရေးယူခြင်းက ပိုကောင်းလိမ့်မည်။
ဟွမ်ရှန်းတာအိုဘိုးဘေးသည် ဟူထျန်းကြယ်တာရာမင်းဆက်ကို အလွန်မနာလိုတော့ချေ။ ဟူထျန်းကြယ်တာရာမင်းဆက် ပျက်သုဉ်းသွားသော်လည်း ရီမိသားစု၏ပံ့ပိုးမှုဖြင့် ၎င်းတို့ပြန်လည်ကောင်းမွန်လာရန်မှာ အချိန်တစ်ခုသာလိုသည်။
၎င်းတို့၏အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုသည် တာအိုဘိုးဘေးတစ်ဦးဖြစ်သည့် သူ၏ကိုယ်ပိုင်အနာဂတ်ထက်ပင် ကျော်လွန်သွားနိုင်သည်။ တာအိုဘိုးဘေးတစ်ဦးဖြစ်ခြင်းက အခြားအင်အားစုများနှင့်ယှဉ်လျှင် အင်အားကြီးမားသော်လည်း ရီမိသားစုရှေ့တွင်တော့ ဘာမှမဟုတ်ပေ။
တာအိုဘိုးဘေးတစ်ဦးဖြစ်သည့် ဟွမ်ရှန်းတာအိုဘိုးဘေးသည် အခြားသူများထက် သတင်းအချက်အလတ်များကို ပိုမိုရယူနိုင်ကာ ကြီးမြတ်သောခေတ်တစ်ခုရောက်လာတော့မည်ဖြစ်ကြောင်း သိရှိခဲ့၏။ ထိုအချိန်ရောက်လာလျှင် တာအိုဘိုးဘေးများပင်လျှင် သူတို့ကိုယ်သူတို့ ကာကွယ်နိုင်မည် မဟုတ်ချေ။ လုံလောက်သည့် ကျောထောက်နောက်ခံရှာထားခြင်းက အကောင်းဆုံးဖြစ်သည်။
တာအိုကျောင်းတော်နှင့် ဝမ်ရှန်းဂိုဏ်းကဲ့သို့သော ရိုးရာဂိုဏ်းများကို အကြိုက်တွေ့စေရန်မှာ ခက်ခဲသည်။ ရီမိသားစုကဲ့သို့ ထွန်းကားလာသော မိသားစုမျိုးနှင့်ပေါင်းထားခြင်းက ပိုကောင်းလိမ့်မည်။ ဟွမ်ရှန်းတာအိုဘိုးဘေးများတွက် ဤအခြေအနေသည် ရီမိသားစုနှင့် မိတ်ဆွေဖွဲ့ရန် အကောင်းဆုံး အခွင့်အရေးတစ်ခုဖြစ်သည်။
မုဟိုင်အင်မော်တယ်ဧကရာဇ်သည် သူ၏ကျင့်ကြံမှုအဆင့်ကိုပိတ်ဆို့ကာ ရီရှင်းလုံလက်သို့ လွှဲပြောင်းပေးအပ်လိုက်သော ဟွမ်ရှန်းတာအိုဘိုးဘေးကို မျက်လုံးပြူးကျယ်လျက် ထိတ်လန့်စွာကြည့်နေသည်။ မုဟိုင်အင်မော်တယ်ဧကရာဇ်က ရီရှင်းလုံသည် ရီမိသားစုမှဖြစ်ကြောင်းကို စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေသောနှလုံးသားဖြင့် အတည်ပြုနိုင်သွား၏။
ဟူထျန်းကောင်းကင်မင်းဆက်၏မင်းသမီးက အဘယ်ကြောင့်ရီမိသားစုထံ ရောက်ရှိသွားသနည်း။ အကယ်၍ သူသာစောစောကသိခဲ့ပါက အဆတစ်ရာလောက် သတ္တိရှိလျှင်ပင် ဟူထျန်းကြယ်တာရာမင်းဆက်ကို ထိဝံ့မည်မဟုတ်ပေ။
ဟူထျန်းအင်မော်တယ်ဘုရင်သည် ဟူမိန်အာ ထပ်မံဖမ်းဆီးခံရမည်ကို စိုးရိမ်သဖြင့် စိတ်မသက်မသာဖြစ်နေသည်။
နောက်အခိုက်အတန့်တွင် ထောင်တံခါးပွင့်လာ၏။
ဟူထျန်းအင်မော်တယ်ဘုရင်သည် ဟူမိန်အာ ထောင်ထဲသို့ဝင်လာစဉ် သူ၏မျက်နှာမှာ စိတ်ပျက်လက်ပျက်ဖြစ်သွားသည်။
နောက်ဆုံးတော့ သူ့ကလေးကို မကာကွယ်နိုင်ခဲ့ပေ။
"မိန်အာ၊ အဖေ့အပြစ်တွေပါ”
ဟူထျန်းအင်မော်တယ်ဘုရင်သည် အလွန်နောင်တရသွားသည်။ ဤကဲ့သို့ဖြစ်လာမည်မှန်း သူသိခဲ့ပါက ရတနာတိုက်၏သော့ကို ဖျက်ဆီးပစ်သင့်သည်။ သို့ဖြစ်ပါက ဟူထျန်းကြယ်တာရာမင်းဆက်သည်လည်း ဤကဲ့သို့သောအခြေအနေမျိုးအောက် ကျရောက်မည်မဟုတ်ချေ။
"အဖေ ဘာတွေပြောနေတာလဲ၊ ဒီကနေထွက်သွားဖို့ လာခေါ်တာလေ”
ဟူထျန်းအင်မော်တယ်ဘုရင်ထံတွင် ထိခိုက်ဒဏ်ရာမရှိသည်ကိုတွေ့လိုက်ရမှသာ ဟူမိန်အာလည်း သက်ပြင်းချနိုင်သည်။
"ဘာကြီး? ငါတို့ကိုခေါ်ပြီး ထွက်သွားဖို့လား၊ မိန်အာ သမီးဘာတွေပြောနေတာလဲ"
ဟူထျန်းအင်မော်တယ်ဘုရင်သည် သူကြားရသည်ကို မယုံနိုင်ပေ။ ဟူမိန်အာလွတ်မြောက်ရန် သူ၏မျှော်လင့်ချက်ထက် ကျော်လွန်နေပြီး သူလုံးဝမထင်မှတ်ထားသည့်အတိုင်း သူ့ကိုကယ်တင်ရန် လာခဲ့သလား။
"အဖေ့၊ ထျန်းမုရဲ့အဖေ ပြန်လာပြီ!" ဟူမိန်အာက ရှက်ရွံ့စွာပြောသည်။
"ထျန်းမု ရဲ့အဖေ၊ သူဘယ်မှာလဲ"
ဟူထျန်းအင်မော်တယ်ဘုရင်သည် သံသယစိတ်ဖြင့် လှည့်ပတ်ကြည့်နေဆဲဖြစ်သည်။ သူသည် ဟူမိန်အာ၏နောက်တွင် ရပ်နေသော ရီရှင်းလုံကို လျင်မြန်စွာ သတိပြုမိလိုက်သည်။
ရီရှင်းလုံကိုမြင်သောအခါ ဟူထျန်းအင်မော်တယ်ဘုရင်သည် ၎င်းက ထျန်းမု၏ဖခင်ဖြစ်ကြောင်းသေချာသွား၏။ ရီမျိုးနွယ်စုဝင်အားလုံးသည် ၎င်းတို့၏သွေးမျိုးဆက်ကြောင့် ထူးခြားသောရောင်ရှိသည်။
ဟူမိန်အာသည် ထျန်းမု၏ကလေးကို ဆယ်စုနှစ်များစွာ သယ်ဆောင်ခဲ့ကာ သားအိမ်ထဲရှိ ထျန်းမုထံမှ ဖြာထွက်နေသောရောင်ဝါက ဟူထျန်းအင်မော်တယ်ဘုရင်ကို ထျန်းမု၏ဖခင်သည် သာမန်လူမဟုတ်ကြောင်း ခံစားရစေသည်။ ရီရှင်းလုံကိုမြင်ပြီးနောက်တွင် သူပို၍ယုံကြည်သွား၏။
မူလက ဟူထျန်းအင်မော်တယ်ဘုရင်သည် သူ့သမီးအပေါ်မှားယွင်းခဲ့သော အမျိုးသားကိုရိုက်ချင်ခဲ့သည်။ ယခုတွင် ထိုလူက ဟူထျန်းကြယ်တာရာမင်းဆက်ကိုကယ်တင်ခဲ့ပြီးသောကြောင့် ဟူထျန်းအင်မော်တယ်ဘုရင်သည် သူ့ကို အပြစ်တင်ရန်စကားမရှိတော့ဘဲ ရီရှင်းလုံကို ကျေးဇူးတင်ရုံသာရှိသည်။
ကမောက်ကမဖြစ်နေသောလေထုကို မြင်လိုက်ရသဖြင့် ရီရှင်းလုံသည် ဟူထျန်းအင်မော်တယ်ဘုရင်ကို နှုတ်ဆက်ရန် ချက်ချင်းထွက်သွား၏။
"အဖေ မိန်အာ ဒါတွေခံစားနေရတာက ကျွန်တော့အပြစ်ကြောင့်ပါ"
မည်သူက မှားခဲ့ပါစေ ဦးစွာတောင်းပန်လိုက်ခြင်းက ပိုကောင်းပါသည်။ ဟူမိန်အာသည် လွန်ခဲ့သောနှစ်များက ဖြစ်ခဲ့သောအခြေအနေကို အမြန်ရှင်းပြလိုက်ကာ ရီရှင်းလုံ၏အမှားမဟုတ်ဘဲ ရုတ်တရက် ထွက်ခွါသွားသော သူမအမှားဖြစ်ကြောင်း ထပ်ပြောသည်။
နောက်ဆုံးတွင် ဟူထျန်းအင်မော်တယ်ဘုရင်က ပို၍ပင်မသက်မသာဖြစ်လာကု
“ဒါဆို နောက်ဆုံး ငါ့အမှားများလား"
ရီရှင်းလုံသည် ရီဖန်၏မြေးဖြစ်သည်ကို ကြားသောအခါ ဟူထျန်းကြယ်တာရာမင်းဆက်ရှိလူတိုင်း အံသြသွားကြသည်။ သူတို့သည် တစ်နေ့တွင် ရီမိသားစုနှင့်ဆက်စပ်နိုင်မည်ဟု မယုံကြည်ကြချေ။ မျိုးဆက်သစ်လူငယ်အချို့သည် အလွန်စိတ်လှုပ်ရှားသွားကြ၏။
၎င်းတို့၏ တော်ဝင်အစ်မတော် သို့မဟုတ် တော်ဝင်အရီးတော်က ယခုတွင် ရီမိသားစု၏ ချွေးမဖြစ်နေပြီဖြစ်ရာ၊ နောက်ပိုင်းတွင် ၎င်းတို့သည်လည်း မဆင်မခြင်နေနိုင်သည်ဟု ဆိုလိုခြင်းမဟုတ်ဘူးလား။
သို့သော် မကြာမီတွင် ထိုပုံရိပ်ယောင်ကို ဟူထျန်းအင်မော်တယ်ဘုရင်က ဖျက်ဆီးလိုက်ပြီး အိပ်မက်မမက်ရန် တိုက်တွန်းခဲ့သည်။ ရီမျိုးနွယ်စုသည် ရီမျိုးနွယ်စုဖြစ်ပြီး ဟူထျန်းကြယ်တာရာမင်းဆက်သည် ဟူထျန်းကြယ်တာရာမင်းဆက်ဖြစ်သည်။
၎င်းတို့သည် ယခုဆက်စပ်နေသော်လည်း ဟူထျန်းအင်မော်တယ်ဘုရင်သည် အာဏာရရှိရန်အတွက် ထိုဆက်ဆံရေးကို အခွင့်ကောင်းယူရန် ဆန္ဒမရှိပေ။
ဟူထျန်းအင်မော်တယ်ဘုရင်သည် အသက်အန္တရာယ်မရှိတော့သော်လည်း သူသည်ပြင်းထန်စွာ ဒဏ်ရာရထားပြီး အားနည်းနေသေးသည်။
ရီရှင်းလုံက ဆေးလုံးများကို အမြန်ထုတ်လိုက်ကာ လူတိုင်းကို ဝေပေးလိုက်သည်။ သူ၏သိုလှောင်လက်စွပ်ထဲတွင် အင်မော်တယ်ဘုရင်နယ်မြေအဆင့်ဆေးလုံး များမရှိသောကြောင့် ပိုမိုအဆင့်မြင့်သော ဆေးလုံးများကိုသာ ထုတ်ပေးနိုင်၏။
ဟူထျန်းကြယ်တာရာမင်းဆက်မှလူများက ၎င်းတို့သည် သာမန်ဆေးလုံးများဖြစ်သည်ဟု ထင်ခဲ့ကြသော်လည်း ၎င်းတို့ကို မျိုချလိုက်သည်နှင့် တစ်ခုခုမှားနေကြောင်း သိလိုက်သည်။ ဆေးလုံးများ၏သက်ရောက်မှုက ပြင်းထန်လွန်းနေသည်။
လူတိုင်းက ဆေးအစွမ်းကိုစုပ်ယူရန် တင်ပျဉ်ခွေထိုင်လိုက်ကြ၏။ မကြာမီတွင် တချို့က ဆေးအာနိသင်ကို မထိန်းနိုင်တော့ဘဲ အောင်မြင်တင်လှမ်းသွားကြသည်။
ဟူထျန်းအင်မော်တယ်ဘုရင်သည်လည်း အလားတူပင်။ သူ၏ဒဏ်ရာများကိုကုသရန် ဆေးစွမ်းအားများစွာ မလိုအပ်ချေ။ ကျန်အရာအားလုံးကို သူ၏ကျင့်ကြံမှုအဆင့်မြှင့်တင်ရန် အသုံးပြုခဲ့သည်။
ဟူမိသားစုသည် တာအိုဘိုးဘေးသွေးမျိုးဆက်ကို ပိုင်ဆိုင်ထားသောကြောင့် ၎င်းတို့၏စွမ်းရည်မှာလည်း ကောင်းမွန်သည်။ မကြာမီတွင် ဟူထျန်းအင်မော်တယ်ဘုရင်သည် သူ့ကို နှစ်ထောင်ပေါင်းများစွာကြာအောင် ပိတ်ဆို့ထားထားသောအရာကို ဖြိုခွင်းနိုင်ပြီး အင်မော်တယ်ဧကရာဇ် ကျင့်ကြံမှုအဆင့်သို့ ဖြတ်ကျော်သွားသည်ကို ခံစားလိုက်ရသည်။ ယခုအချိန်မှစ၍ ဟူထျန်းအင်မော်တယ်ဘုရင်ကို ဟူထျန်းအင်မော်တယ်ဧကရာဇ်ဟု ခေါ်ဆိုနိုင်ပြီဖြစ်သည်။
……