အခန်း ၃၇၆-၃၇၈
Vol. 26 Ch. 376-378
အခန်း ၃၇၆ - သူ့ကဲ့သို့ အရှုံးသမားတစ်ယောက်က အသက်ရှင်ချင်သေးသည်လား
မမျှော်လင့်ထားသော အခြေအနေများကို တားဆီးရန်အတွက် ထိုဗုဒ္ဓကျင့်ကြံသူနှစ်ဦးကို သေချာပေါက်ရှင်းပစ်ရမည်ဖြစ်သည်။အနာဂတ်တွင် ပြဿနာများရှိမလာစေရန် ၎င်းတို့တစ်ဦးမှ အသက်ရှင်ကျန်နေခွင့်မပေးသင့်ပေ။
"၀မ်ကျန်းနဲ့ ဆရာတို့ ကျွန်တော် ဒီကိစ္စကိုဖြေရှင်းချင်တယ်"
ရီဖန်၏ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ၎င်းတို့နှစ်ဦးက တားဆီးရန် ရည်ရွယ်ချက်မရှိပေ။ ယခုအချိန်တွင် ရီဖန်က သူတော်စင်နှစ်ပါးကို ကိုင်တွယ်ရန် အမိန့်ပေးရုံသာမကဘဲ စစ်မှန်သောသူတော်စင်နယ်မြေ စွမ်းအားရှင်နှင့် ရင်ဆိုင်ခိုင်းလျှင်ပင် ၎င်းတို့က အနည်းငယ်မှ တွန့်ဆုတ်နေမည်မဟုတ်။
အသစ်စက်စက်ပြုလုပ်ထားပြီးသော ထိပ်တန်းနတ်လက်နက်များ ၎င်းတို့၏လက်ထဲတွင် ကိုင်စွဲလျက် သတ်ဖြတ်လိုစိတ်ဖြင့် အဆုံးစွန်ထိဖြန့်ကျက်ထားသည်။ ယနေ့အချိန်အထိ ပန်ကုစကြဝဠာတွင် မည်သည့် သူတော်စင်တစ်ပိုင်းမျှ ကျဆုံးခြင်းမရှိသေးရာ ဤသူတော်စင်နှစ်ပါးကို မှတ်တမ်းတင်ထားရတော့မည်။
ရန်ဟွမ်နယ်မြေကောင်းကင်ယံတွင် ရန်ဟွေ့နှင့် တိချီတို့သည် တောက်ပသောမျက်လုံးများဖြင့် နယ်မြေကို လှမ်းကြည့်လျက်ရှိ၏။ ရီဖန်နှစ်အတော်ကြာ ပျိုးထောင်ခဲ့သော ရန်ဟွမ်နယ်မြေသည် တစ်ချိန်က အလယ်ကမ္ဘာတစ်ထောင်၏ အစိတ်အပိုင်းငယ်လေးတစ်ခုမဟုတ်တော့ပေ။ မဟာကမ္ဘာတစ်ထောင်များထဲတွင်ပင် ၎င်းက ထိပ်တန်းနယ်မြေတွေထဲမှ တစ်ခုဖြစ်သည်။ ဗုဒ္ဓတိုင်းပြည်တည်ရှိရာ မဟာကမ္ဘာတစ်ထောင်နှင့် နှိုင်းယှဉ်ပါက နေ့နှင့်ညကဲ့သို့ ကွာခြား၏။
ဗုဒ္ဓကျင့်ကြံသူများအတွက် အရေးကြီးဆုံးအရာမှာ ယုံကြည်မှု ပြန့်ပွါးစေခြင်းဖြစ်သည်။
တာ့ယွီမင်းဆက်၏ ချမ်းသာကြွယ်ဝမှုက သူတော်စင်နှစ်ပါးကို လောဘတက်စေသည်။ အကယ်၍ တာ့ယွီနတ်မင်းဆက်တွင် ၎င်းတို့၏အဆုံးအမများကို ဖြန့်ကျက်နိုင်ပါက ၎င်းတို့အတွက် ကြီးမားသောအကျိုးကျေးဇူးများ ရရှိစေမည်ဖြစ်သည်။
နောက်ပိုင်းတွင် ၎င်းတို့သည် မြောက်ဘက်ရှိ ဗုဒ္ဓတိုင်းပြည်၌ သူတော်စင်နှစ်ပါးကိုပါ ထပ်ထည့်နိုင်မည်ဖြစ်သည်။
“ရီမိသားစု၊ တာ့ယွီမင်းဆက်၊ မင်းတို့က ငါတို့ ဗုဒ္ဓတိုင်းပြည်နဲ့ ရေစက်ပါတာပဲ” ဟု ရေရွတ်လိုက်ကြသည်။
ရန်ဟော်ဗုဒ္ဓ၏ ဦးခေါင်းနောက်ဘက်ရှိ ဗုဒ္ဓစကြာသည် ပို၍တောက်ပလာပြီး ဗုဒ္ဓအလင်းတန်းများက ရန်ဟွမ်နယ်မြေဆီသို့ ဦးတည်သွားကာ ရန်ဟွမ်နယ်မြေရှိ ကျင့်ကြံသူများကို စတင်ဦးနှောက်ဆေးရန် လုပ်ဆောင်လာသည်။
အမှောင်ထဲတွင် စောင့်ကြည့်နေသည့် ရီဖန်က အံကြိတ်ထားသည်။ ၎င်းတို့သည် ယခင် ဗုဒ္ဓငယ်အတွက် လက်စားချေလိုရုံသာမက ရီမိသားစုကိုပါ ဗုဒ္ဓ၏နောက်လိုက်များအဖြစ် ပြောင်းလဲလိုကြသည်။ ဤသည်မှာ ရီမိသားစုမျိုးဆက်ကို သုတ်သင်ရန် ကြိုးပမ်းနေခြင်းဖြစ်ရမည်။ ၎င်းတို့ဘာသာထဲသို့ ကူးပြောင်းပြီးနောက်တွင် ကလေးယူ၍မရနိုင်တော့ကြောင်း လူတိုင်းသိကြ၏။
ရီဖန်သည် ရီမိသားစုကိုချဲ့ထွင်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းလာခဲ့ရာ ဤဗုဒ္ဓကျင့်ကြံသူနှစ်ဦးအား ရီမိသားစုကို အမြစ်ဖြုတ်နိုင်မည့်အခွင့်အရေး ပေးရမည်နည်း။
“သတ်လိုက်”
ရီဖန်၏ဟိန်းဟောက်သံနှင့်အတူ ဝမ်ကျန်းသူတော်စင်တစ်ပိုင်းနှင့် ဗောဓိဘိုးဘေးတို့သည် ၎င်းတို့၏စွမ်းအားကို တိုက်ရိုက်ထုတ်လွှတ်လျက် ချက်ချင်းတိုက်ခိုက်ခဲ့သည်။ ရှေးဗုဒ္ဓနှစ်ပါးကို တိုက်ရိုက်ရန်အတွက် ရီမိသားစုမှ အလင်းတန်းနှစ်ခု ထွက်ပေါ်လာသည်။
ရှေးဗုဒ္ဓနှစ်ပါးမှာလည်း ထိတ်လန့်သွားသောကြောင့် ၎င်းတို့ကိုယ်ကို ကာကွယ်ရန်အတွက် နတ်လက်နက်များကို ချက်ချင်းထုတ်လိုက်ကြ၏။
ဘမ်း!
ကျယ်လောင်သော ဆူညံသံတစ်ခုက ရန်ဟွမ်နယ်မြေတစ်ခုလုံးသို့ ပဲ့တင်ထပ်သွားသည်။ ရီဖန်သည်လည်း တိုက်ပွဲ၏မငြိမ်သက်မှုများကို တားဆီးရန်အတွက် ရန်ဟွမ်နယ်မြေ၏စွမ်းအားကို ချက်ချင်းအသုံးပြုလိုက်သည်။ သူ့တွင် ထိုကဲ့သို့သော ဝှက်ဖဲမရှိပါက ရီမိသားစုနယ်မြေတွင် တိုက်ပွဲစတင်မည်မဟုတ်ပေ။
"မင်းတို့ ဘာလုပ်ကြတာလဲကွ”
ရန်ဟော်သည် ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့က ၎င်းတို့ကို အဘယ်ကြောင့် တိုက်ခိုက်ရကြောင်း နားမလည်နိုင်ဘဲ ကြောင်အလျက်ကြည့်နေကြသည်။
ထိုအချိန်တွင် တိချီက ရီမိသားစုတွင်သူတော်စင်တစ်ပိုင်း နှစ်ဦးရှိနေခြင်းကို အံ့ဩနေ၏။ သူရရှိထားသော အချက်အလက်များအရ ရီမိသားစုတွင် အမွေအနှစ်မရှိသည့်အပြင် ၎င်းတို့သည် မကြာသေးသော လွန်ခဲ့တဲ့နှစ်ပေါင်းတစ်သောင်းလောက်ကမှ ထင်ရှားလာခဲ့ခြင်းဖြစ်သည်။
သူတော်စင်တစ်ပိုင်းနှစ်ဦးရှိနေသော မိသားစုမျိုးနွယ်စုအသစ်တွင် သေချာပေါက် ကြီးမားသောလျှို့ဝှက်ချက်တစ်ခုကို ဖုံးကွယ်ထားလိမ့်မည်။ သူက ထိုလျှို့ဝှက်ချက်ကို ဖော်ထုတ်ရန် ဆုံးဖြတ်ထားသည်။
ရီမိသားစုမှ သူတော်စင်တစ်ပိုင်းနှစ်ဦး၏ ရုတ်တရက်ထွက်ပေါ်လာမှုက ၎င်းတို့ကို ထိတ်လန့်သွားစေခဲ့သော်လည်း ၎င်းတို့ကိုယ်တိုင်က သူတော်စင်တစ်ပိုင်းများဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီးဖြစ်သောကြောင့် အသစ်ပေါ်ထွက်လာသော သူတော်စင်နှစ်ပါးက ၎င်းတို့ကို ခက်ခဲစေနိုင်ခြင်းမရှိဟု ခံစားလိုက်ရသည်။
"အရင်ဆုံး ဒီသူတော်စင်နှစ်ပါးကို ရှင်းပစ်ပြီးရင် ရီမိသားစုကို ဝင်သိမ်းကြတာပေါ့"
ယခုအချိန်ထိ သူတို့လုပ်ခဲ့သည့်အရာများတွင် တစ်စုံတစ်ရာမှားယွင်းနေသည်ဟု မထင်ကြသေးချေ။ ၎င်းတို့၏အမြင်တွင် ၎င်းတို့မျက်စိကျသည့်အရာမှန်သမျှကို ဗုဒ္ဓက သတ်မှတ်ပေးထားသောကြောင့် ၎င်းတို့ဘက်ကလည်း ငြင်းပယ်ခြင်းမပြုသင့်ပေ။ ထို့ကြောင့် ဤခေတ်တွင် ရှားရှားပါးပါး သူတော်စင်တစ်ပိုင်းတိုက်ပွဲတစ်ခု ဖြစ်ပေါ်လာ၏။
ပြင်းထန်စွာထွက်ပေါ်လာသော တိုက်ပွဲစွမ်းအားက ရန်ဟွမ်ကမ္ဘာတစ်ခုလုံးကို တုန်လှုပ်သွားစေသည်။
မကြာမီတွင် ရန်ဟွမ်ကမ္ဘာ၏ မငြိမ်သက်မှုများက မရေမတွက်နိုင်သည့် စွမ်းအားရှင်များထံမှ အာရုံစိုက်ခြင်းခံခဲ့ရသည်။
"ရီမိသားစုမှာ တကယ်ကို သူတော်စင်တစ်ပိုင်း နှစ်ယောက်တောင်ရှိတာပဲ”
ယခင်က ရီမိသားစုအပေါ်ထားရှိသော အကြံအစည်များကို ချုပ်ထိန်းထားမိသော အင်အားစုများက ချက်ချင်းစိတ်သက်သာရာရသွားကြ၏။ ကံကောင်းစွာဖြင့် ၎င်းတို့က ရီမိသားစုနှင့် ပြဿနာမဖြစ်ခဲ့ကြချေ။ သို့မဟုတ်ပါက ယခုအချိန်တွင် သူတော်စင်နှစ်ပါးနှင့် ရင်ဆိုင်ရမည်မှာ ၎င်းတို့သာဖြစ်ကြလိမ့်မည်။
"ဒီဗုဒ္ဓနှစ်ပါးက ရီမိသားစုကို ဘာလို့တိုက်ခိုက်ကြပါလိမ့်" တစ်ယောက်က စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။
"မသိဘူးလား။ ဗုဒ္ဓကျင့်ကြံသူတွေက ရီမိသားစုထဲက တစ်ခုခုကို မျက်စိကျပြီးတော့ ဗုဒ္ဓနဲ့ဆက်နွှယ်နေတယ်ဆိုပြီး တစ်ခုခုသိမ်းဖို့ကို ကြိုးစားနေတာဖြစ်မယ်"
ဗုဒ္ဓကျင့်ကြံသူများ၏ အကျင့်က ဤသူတော်စင်တစ်ပိုင်းအတွက် လျှို့ဝှက်ချက်မဟုတ်ချေ။ အများစုသည် ယခင်က ဤဗုဒ္ဓကျင့်ကြံသူများနှင့် ယှဉ်ရာတွင် အရေးနိမ့်ခဲ့ကြဖူးသူများဖြစ်သည်။
ယခင်ခေတ်က ဤရှေးဗုဒ္ဓနှစ်ပါးကို ကောင်းစွာအသိအမှန်ပြုခြင်းမရှိကြသောကြောင့် အကယ်၍ ရီမိသားစုကို ကူညီခြင်းကြောင့်သာမဟုတ်ပါက ထိုရှေးဗုဒ္ဓနှစ်ပါးကို ရှင်းဘင်ရရန်အတွက် ၎င်းတို့ပါ ဝင်ရောက်ကူညီကြလိမ့်မည်ဖြစ်သည်။
“ဒါပေမယ့်လဲ သူတို့က သိပ်အကျင့်မကောင်းပေမယ့် သူတို့စွမ်းအားကတော့ အရမ်းကောင်းတယ်မလား။ ရီမိသားစုတော့ တကယ်ဒုက္ခရောက်ပြီထင်တယ်” တစ်စုံတစ်ယောက်က တရားမျှတစွာဝေဖန်ပိုင်းခြားနေသကဲ့သို့ သူ၏ခန့်မှန်းချက်ကိုပြောလိုက်သည်။
ယခင်ခေတ်က သူတော်စင်တစ်ပိုင်းများက ယခုခေတ်တွင် အသစ်ဖြစ်ထွန်းလာသော သူတော်စင်တစ်ပိုင်းများကို အထင်သေးကြလေ့ရှိသည်။
ယခုမှ အသစ်ဖြစ်လာသူများ၏ အောင်မြင်မှုက ၎င်းတို့၏နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော အခြေခံအုတ်မြစ်ကို ယှဉ်ပြိုင်နိုင်လိမ့်မည်ဟု မယုံကြပေ။
သူတော်စင်နယ်မြေသို့ရောက်ရှိနိုင်ရန်အတွင် လူဝင်စားခြင်းနှင့် ခေတ်ကာလများကို တောင့်ခံခဲ့ကြခြင်းတို့ကြောင့် ထိုအသစ်ဖြစ်လာသော သူတော်စင်တစ်ပိုင်းများအား ရှုံးနိမ့်ရမည်ကို မည်သို့လက်ခံနိုင်မည်နည်း။
သို့သော် ဤတိုက်ပွဲ၏ အဓိကဇာတ်ကောင်နှစ်ဦးဖြစ်သော သူတော်စင်တစ်ပိုင်း ရန်ဟော်နှင့် သူတော်စင်တစ်ပိုင်းတိချီတို့က ထိုသို့မထင်ခဲ့ပေ။ ၎င်းတို့က အစောပိုင်းတွင် ရီမိသားစု၏သူတော်စင်နှစ်ပါးကို များစွာဂရုမစိုက်ခဲ့ကြပေ။ သို့သော် ယခုအချိန်တွင် ကြီးမားသည့်ဖိအားကို ခံစားနေကြရသည်။
ဗောဓိနှင့် ဓားတစ်သောင်းဘိုးဘေးတို့ သူတော်စင်နှစ်ပါး၏ စွမ်းအားက အသစ်ဖြစ်ပေါ်လာသောသူများတွင် ရှိနေသင့်သည်ထက် ကျော်လွန်နေ၏။ ၎င်းတို့က မည်ကဲ့သို့ လျင်မြန်စွာတိုးတက်လာကြောင်းက်ို သူတို့နားမလည်နိုင်ကြပေ။
ယခင်အချိန်များက ကျင့်ကြံရေးအတွက် ခြေလှမ်းတိုင်းသည် နှစ်ပေါင်းများစွာကြာမြင့်၏။ ဤခေတ်ကာလတွင်မှထွက်ပေါ်လာသော အချိန်ကြာမြင့်စွာမကျင့်ကြံရသေးသည့် သာမန်သူတော်စင်တစ်ပိုင်းကို မနှိမ်နှင်းနိုင်ခြင်းက ၎င်းတို့အတွက် ကြီးမားသောထိုးနှက်ချက်ဖြစ်လာလိမ့်မည်။
တကယ်တမ်းတွင် သူတို့ကိုယ်သူတို့ စည်းတံဆိပ်ပိတ်ထားခဲ့သည် ထိုသူတော်စင်တစ်ပိုင်းများ၏ စွမ်းရည်က မဆိုးလှသော်လည်း ထိပ်တန်းတော့မဟုတ်ပေ။ ၎င်းတို့က ဤခေတ်ကိုကြီးစိုးနိုင်မည့် အခွင့်အရေးကို လိုချင်ရခြင်းမှာ ယခင်ခေတ်က စစ်မှန်သောပညာရှင်များနှင့် မယှဉ်နိုင်ခဲ့သောကြောင့်ဖြစ်သည်။
၎င်းတို့၏နှလုံးသားထဲတွင် ထိုကျရှုံးမှုကို အသိအမှတ်ပြုခဲ့ကြသော်လည်း နှုတ်မှဝန်ခံရန် ဆန္ဒမရှိခဲ့ကြချေ။ ကံကြမ္မာကို တွန်းလှန်လိုစိတ်မရှိပါက ၎င်းတို့သည် နောက်ထပ်တစ်ခေတ် ဆက်လက်ရှင်သန်နေလျှင်ပင် နောက်တစ်ကြိမ်ထပ်မံကျရှုံးကြလိမ့်မည်။
၎င်းတို့က အလွန်စိတ်ရှုပ်ထွေးနေကြသော်လည်း ရီမိသားစုတွင် ပျက်ဆီးခြင်းအရည်နှင့် ဟုန်မိန်ခရမ်းရောင်ချီကဲ့သို့သော ရတနာများ ရှိနေကြောင်းကို မခန့်မှန်းနိုင်ခဲ့ကြပေ။
ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့သည် ကျင့်ကြံရန် အချိန်များစွာမရှိသော်လည်း ၎င်းတို့၏စွမ်းအားက ယခင်ခေတ်က ဝါရင့်သူတော်စင်များထက်ပင် ပို၍ကြောက်စရာကောင်းသည်။ ထို့အပြင် အချိန်ကြာလာသည်နှင့်အမျှ ၎င်းတို့နှစ်ဦးက ပိုမိုအားကောင်းလာပြီး ဤတစ်ပိုင်းသူတော်စင်များထက် ပို၍သာလွန်လာမည်ဖြစ်သည်။
လောလောလတ်လတ် တိုက်ပွဲအပြီးတွင် ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့က ၎င်းတို့၏ကိုယ်ပိုင်စွမ်းအားကို အကြမ်းဖျင်းသိရှိသွားသည်။ ထို ဘိုးဘေးအိုမျာူက ၎င်းတို့ထက် အလွန်အစွမ်းထက်သည်ဟု ထင်ခဲ့ကြသော်လည်း၊ တကယ်တမ်းတွင် ထိုမျှကြောက်မက်ဖွယ်မကောင်းကြောင်းကို သိရှိလိုက်ရရာ ၎င်းတို့၏နှလုံးသားထဲမှ ဖိအားများမှာလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
တှစ်ဦးသားအကြည့်ချင်းဖလှယ်ပြီးနောက် နောက်တစ်ကြိမ်ရှေ့ထွက်ရန် ဆုံးဖြတ်လိုက်ကြသည်။
"ဗောဓိတံဆိပ်"
"ကောင်းကင်ဓားရှည်"
မူလက ထိပ်တန်းနတ်လက်နက်များ ပြဿနာဖြစ်စေမည်ကို စိုးရိမ်သဖြင့် ၎င်းတို့၏ နတ်လက်နက်များကို စည်းတံဆိပ်ခတ်ထားခဲ့ရာ ၎င်းတို့က အရည်အသွေး အလယ်အလတ်အဆင့်မျှသာ စွမ်းဆောင်နိုင်ခဲ့သည်။ သိူ့သော် ယခုတွင် ထိုဘိုးဘေးအိုများက ထိုမျှအစွမ်းမရှိကြောင်း သိလိုက်ရပြီးနောက် ဘာကိုမှဖုံးကွယ်စရာ မလိုတော့ပေ။
၎င်းတို့ကိုယ်တိုင်သတ္တိရှိသောကြောင့် လာရောက်လုယူကြခြင်းဖြစ်ရာ ၎င်းတို့၏ထိုးနှက်ချက်များကို ခံနိုင်ရည်ရှိမရှိ ကြည့်ရမည်။ နောက်အခိုက်အတန့်တွင် ထိပ်တန်းနတ်လက်နက်များ၏စွမ်းအား ပေါက်ကွဲသွားသည်။
သက်တံ့အလင်းရောင်က ရန်ဟွမ်နယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းလုနီးပါးဖြစ်ပြီး အပြင်ဘက်မှကြည့်ရှုနေသော ကျင့်ကြံသူများသည် ကြီးမားသောခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။ ၎င်းတို့ပါ ပါဝင်နေမည်ပိုစိုးရိမ်သောကြောင့် မိုင်ပေါင်းများစွာအကွာအဝေးသို့ ချက်ခြင်းဆုတ်ခွါသွားကြသည်။
"ဒါက ထိပ်တန်းနတ်လက်နက်စွမ်းအားပဲ!"
"ဒါ တကယ်ကို ထိပ်တန်းနတ်လက်နက်ပဲ၊ ပြီးတော့ နှစ်ခုတောင်မှ”
စိုက်ကြည့်နေသည့် ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် မနာလိုစိတ်များနှင့် တောက်ပနေသည်။ ထိုနှစ်ယောက်က မည်မျှကံကောင်းလေသနည်း။ ဤခေတ်သည် ယခုမှစတင်ခဲ့သော်လည်း ၎င်းတို့က သူတော်စင်တစ်ပိုင်းအဆင့်သို့ ဖြတ်သွားရုံသာမက ထိပ်တန်းနတ်လက်နက်နှစ်ခုကိုလည်း ပိုင်ဆိုင်ထားသည်။
တစ်ဖက်တွင် ၎င်းတို့သည် နောက်ဆုံးခေတ်တွင် သူတော်စင်တစ်ပိုင်းဖြစ်ခဲ့ကြသော်လည်း ခေတ်နှောင်းပိုင်းအထိ မအောင်မြင်ခဲ့ကြပေ။ အကယ်၍ ၎င်းတို့သာ အချိန်မျိုးတွင် ဖြတ်ကျော်နိုင်ခဲ့ပါက နောက်ဆုံးအခွင့်အရေးအတွက်ယှဉ်ပြိုင်ရန် အခွင့်အရေး ရှိကောင်းရှိနိုင်မည် မဟုတ်လား။
ရှေ့ခြေတစ်လှမ်းတိုင်းတွင် နောက်ထပ်ခြေတစ်လှမ်းရှိသေးသည်။ ပထမဆုံးဖြတ်ကျော်ခဲ့သော တာအိုဘိုးဘေးများက နောက်ဆုံးခေတ်က ထိုအခွင့်အရေးကို ရရှိခဲ့ကြမည်လား။ သူတော်စင်နှင့် သူတော်စင်တစ်ပိုင်းတို့သည် စကားလုံးအနည်းငယ်သာ ကွဲပြားသော်လည်း စစ်မှန်သောသူတော်စင်နှင့် ၎င်းတို့ကြားစွမ်းအားက နေ့နှင့်ညကဲ့သို့ ကွာခြားသည်။
အကယ်၍ ၎င်းတို့က သူတော်စင်နယ်မြေသို့မရောက်ရှိလျှင် ပန်ကုစကြဝဠာ၏ကမ္ဘာငယ်လေးကြားတွင် ကျိန်းသေပိတ်မိနေလိမ်မည်။ ၎င်းတို့၏စွမ်းအားဖြင့် မည်သူက အခြားသူများထက် နိမ့်ကျချင်မည်နည်း။
ယနေ့ခေတ်တွင်လည်း ဤစွမ်းအားရှင်များက နောက်ဆုံးအခွင့်အရေးကို ဆုပ်ကိုင်နိုင်ကြမည်လား။
ကျင့်ကြံသူအများစုက ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့ကို သတ်ဖြတ်လိုလာသည်။ ဤပါရမီရှင်များကို သတ်လိုက်မှသာ ၎င်းတို့အတွက် အခွင့်အရေးက ပိုမိုကြီးမားလာမည်ဖြစ်သည်။
…………
အခန်း ၃၇၇ - နက်နဲအင်မော်တယ်အဆင့် ဗုဒ္ဓကျင့်ကြံသူတစ်ဦးကြောင့် ဖြစ်ပေါ်ခဲ့သော မတော်တဆမှု
ရန်ဟွမ်နယ်မြေကို အုပ်စိုးထားသည့် ရီဖန်က ထိုသူများ၏ရည်ရွယ်ချက်ကို သိလိုက်ရသောကြောင့် ယနေ့တွင် သူစောင့်ကြည့်ပရိတ်သတ် လုပ်၍မရသောကြောင့် သိလိုက်သည်။ သူတော်စင်တစ်ပိုင်းနှစ်ဦးနှင့် မလုံလောက်ပါက နောက်ထပ်အကူထပ်ထည့်ရမည်။
ရန်ဟွမ်နယ်မြေတစ်ခုလုံးသည် ရီဖန်၏ ထိန်းချုပ်မှုအောက်တွင် လုံး၀ရှိနေသောကြောင့် အားလုံးကို ရန်ဟွမ်နယ်မြေစွမ်းအားနှင့် ဖိနှိပ်ထားလိုက်သည်။
နှစ်ပေါင်းများစွာကျင့်ကြံပြီးနောက် ရန်ဟွမ်နယ်မြေ၏ စွမ်းအားသည် သူတော်စင်တစ်ပိုင်းများထက် နိမ့်ကျခြင်းမရှိပေ။ တခဏအတွင်း၌ မရေမတွက်နိုင်သော ကျင့်ကြံသူများက ၎င်းတို့ကို တိုက်ရိုက်ဖိနှိပ်ထားသည့် စွမ်းအားကိုခံစားခဲ့ရသည်။
တာအိုဘိုးဘေးသို့မဟုတ် သူတော်စင်တစ်ပိုင်းတစ်ဦးဦး၏ ဖိနှိပ်မှုအောက်တွင် ၎င်းတို့အားလုံး ပြင်းထန်သောဖိအားကို ခံစားခဲ့ရသည်။ တစ်ချိန်က အင်အားကြီးမားသောသူများမှာ ယခုအခါတွင် အလွန်အမင်း ဖိနှိပ်ခံနေရသည်။ ရီမိသားစုတွင်သာ မကောင်းသော ရည်ရွယ်ချက်တစ်ခုခုရှိပါက ၎င်းတို့သည်လည်း ရီမိသားစုမှ သူတော်စင်နှစ်ပါးကို တားနိုင်မည်မဟုတ်ပေ။
“သွားကြစို့”
ပညာရှိသောသူသည် အန္တရာယ်ရှိသော နေရာတွင် ဆက်လက်နေလိမ့်မည် မဟုတ်။ ရီမိသားစုသည် သူတော်စင်တစ်ပိုင်းများကို ဒုက္ခမပေးဟု ထင်ကြသော်လည်း မလုံခြုံသောအခြေအနေမျိုးတွင် အရဲမစွန့်လိူကြချေ။
ရီဖန်သည် ၎င်းတို့ကိုဖိနှိပ်ရန်အတွက် ကမ္ဘာ့စွမ်းအားကို အသုံးပြုလိုက်သောအခါ ၎င်းတို့က ရီမိသားစုကို မဆန့်ကျင်နိုင်ကြောင်းကို သိရှိလိုက်၏။ အကယ်၍ ၎င်းတို့ ဆန့်ကျင်လိုလျှင်ပင် ရန်ဟွမ်နယ်မြေထဲ၌ လှုပ်ရှားနိုင်မည်မဟုတ်ပေ။
၎င်းတို့ဘက်တွင် ရီမိသားစုထက် သူတော်စင်တစ်ပိုင်းပိုများနေသော်လည်း အမှန်တကယ် တိုက်ခိုက်မည်ဆိုပါက အသေအပျောက်များလိမ့်မည်။ ၎င်းတို့အားလုံးသည် သူတော်စင်တစ်ပိုင်းများဖြစ်ကြပြီး ယခုထက် ထပ်မံတက်လှမ်းရန် မျှော်လင့်ထားကြသော်လည်း မည်သူကမှ ယခုအချိန် မကျဆုံးလိုကြပေ။
၎င်းတို့အတွက် ရီမိသားစုနှင့်ရင်ဆိုင်ရန် အခွင့်အရေးများစွာ ရှိလာဦးမည်ဖြစ်ရာ ၎င်းတို့သည် ဤအရာအတွက် လက်လွတ်ခံမည်မဟုတ်ချေ။ ခဏအကြာတွင် ရှုပ်ယှက်ခတ်နေသည့် နေရာလွတ်က ရုတ်တရက်တိတ်ဆိတ်သွားသည်။
အခြားတစ်ဖက်တွင် စစ်မြေပြင်၌ ရန်ဟော်နှင့် တိချီတို့ နှစ်ဦးစလုံး၏မျက်နှာများ ရှုံ့မဲ့နေကြသည်။ ရီမိသားစုမှ သူတော်စင်တစ်ပိုင်းနှစ်ဦးက ၎င်းတို့၏ ထိပ်တန်းနတ်လက်နက်များကို ထုတ်လိုက်သည့်အချိန်ကစ၍ ၎င်းတို့ဘက်မှ အရေးနိမ့်နေပြီးဖြစ်သည်။ ရီဖန်၏ကမ္ဘာ့စွမ်းအားဖြင့် ဖိနှိပ်ခံခဲ့ရပြီးနောက်တွင် ၎င်းတို့က ပို၍ပင် အရေးနိမ့်လာသည်။
အကယ်၍ ကမ္ဘာနှစ်ခုမှ အတွေ့အကြုံများကြောင့်သာ မဟုတ်ပါက ၎င်းတို့သည် ယခုအချိန်တွင် လုံးဝဖိနှိပ်ခံရပြီးဖြစ်လိမ့်မည်။
"အထင်လွဲနေတာပါ၊ အားလုံး အထင်လွဲနေတာပါ" ရန်ဟော်ရှေးဗုဒ္ဓသည် နဂိုကဲ့သို့ မောက်မာမှုမရှိတော့။
မျိုးနွယ်စုအသစ်တစ်ခုကို ရှုံးနိမ့်ရခြင်းက အနည်းငယ်ရှက်ရွံ့စေသော်လည်း အသက်ဆုံးရှုံးခြင်းနှင့်စာလျှင် အရှက်ခွဲခံရခြင်းက ပိုကောင်းပါသေးသည်။ အသက်ပိုမိုရှည်ကြာစွာနေထိုင်လေ သေခြင်းတရားကို ပိုမိုကြောက်ရွံ့ကြလေဖြစ်၏။ ၎င်းတို့သည် စစ်မှန်သောသူတော်စင်များဖြစ်လာပြီး လွတ်မြောက်မှုကိုရရှိလိုကြသေးသောကြောင့် ဤနေရာတွင် မသေချင်ကြပေ။
ရန်ဟော်ရှေးဗုဒ္ဓဘက်မှ အားနည်းချက်ကိုပြခဲ့သော်လည်း ရီမိသားစုမှသူတော်စင်နှစ်ဦးက ၎င်းတို့၏တိုက်ခိုက်မှုကို လုံးဝမလျှော့ချေ။ ရီဖန်၏အဆိုအရ ထိုဗုဒ္ဓနှစ်ပါးက လက်စားချေရန် ရောက်ရှိလာခြင်းဖြစ်ရာ ရီမိသားစုအတွက် ကြီးမားသောခြိမ်းခြောက်မှုဖြစ်သည်။ ထို့ကြောင့် ဤရန်သူကို ချက်ချင်းသတ်ပစ်ရမည်။ ၎င်းတို့က ရန်သူကိုလွှတ်ပေးလိုက်ခြင်းကြောင့် ဖြစ်လာနိုင်သည့်နောင်တကို မလိုချင်ကြချေ။
"သာ့လော့ နတ်ကိုယ်ထည်”
"နတ်ဆိုးနတ်ဘုရား နတ်ကိုယ်ထည်”
၎င်းတို့နှစ်ဦးသည် သူတော်စင်နယ်မြေကျင့်ကြံနည်းစနစ်များကို ကျွမ်းကျင်ပြီးဖြစ်သောကြောင့် ၎င်းတို့ကို ချက်ချင်းသုံးလိုက်ကြသည်။ ထိုအချိန်တွင် ၎င်းတို့၏ ကြောက်မက်ဖွယ်ရောင်ဝါမှာ ပို၍ပင်အားကောင်းလာသည်။
သူတော်စင်နယ်မြေနည်းပညာ။ ရန်ဟော်ရှေးဗုဒ္ဓသည် အလွန်ခါးသီးစွာ ခံစားလိုက်ရ၏။ ရီမိသားစု၏နောက်ခံက အဘယ်နည်း။ ၎င်းတို့တွင် ထိပ်တန်း နတ်လက်နက်များသာမကဘဲ ယခုအခါတွင် သူတော်စင်နယ်မြေနည်းပညာကိုပင် ထုတ်ဖော်လာသည်။
အထွတ်အမြတ်ရတနာသိုက်က ဒြပ်စင်သုံးမျိုးအထွတ်အမြတ်ရတနာမဟုတ်ဘဲ ရီမိသားစုမှရရှိပြီးဖြစ်သည့် အမည်မဲ့ အထွတ်အမြတ်ရတနာသိုက် ဖြစ်နေသလား။
သို့မဟုတ်ပါက ရီမိသားစုသည် ဤအဆုံးမဲ့လှည့်ကွက်များကို မည်သည့်နေရာမှ ရရှိခဲ့ပါသနည်း။
နတ်ဥပဒေ၏ ထောက်ပံ့မှုအောက်တွင် ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့၏ တိုက်ပွဲစွမ်းအားကို ရှေးဗုဒ္ဓနှစ်ပါး မခုခံနိုင်ကြတော့ပေ။
"တိချီ သူတို့ကို အာရုံလွှဲထား”
ရန်ဟော်ရှေးဗုဒ္ဓသည် သူ့ဘေးနားရှိ တိချီရှေးဗုဒ္ဓကို လှမ်းပြောလိုက်၏။ တိချီက ရန်ဟော်သည် အစွမ်းထက်နည်းစနစ်တစ်ခုကို အသုံးပြုမည်ဟု ထင်ခဲ့သော်လည်း သူလှည့်ကြည့်လိုက်သည့်အခါတွင် ရန်ဟော် အမြန်တပ်ဆုတ်သွားသည်ကို တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်း၌ ရန်ဟော်သည် ရန်ဟွမ်နယ်မြေမှ ပျောက်ကွယ်သွားသည်။
ကြံ့ခိုင်သန်စွမ်းသော ဗုဒ္ဓကျင့်ကြံသူများသည် ထွက်ပြေးလွတ်မြောက်ရန်ကြိုးစားရာ၌ အမှန်တကယ် ကျွမ်းကျင်သည်ဟုဆိုရမည်။ ရန်ဟော်သည် သူ့အဖော်ကို ချန်ထားခဲ့ရခြင်းအတွက် အနည်းငယ်မျှ မရှက်ဘဲ ခြေလှမ်းအနည်းငယ်ပင် အရှိန်မြှင့်လိုက်သည်။
"ရန်ဟော် မင်းတကယ်သေသွားရမှာ”
တိချီသည် သံသယဝင်ခဲ့ပြီးဖြစ်သော်လည်း ရန်ဟော်၏ချန်ထားခြင်းခံခဲ့ရခြင်းက သူ့ကို ဒေါသထွက်စေသည်။
ရန်ဟော် ထိုနေရာတွင် ရှိနေစဉ်ကပင် ရီမိသားစု၏ သူတော်စင်နှစ်ယောက်ကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ကြရသည်။ ယခု သူတစ်ယောက်တည်းဖြစ်သွားရာ သူက ၎င်းတို့၏ပြိုင်ဘက်မဟုတ်တော့ပေ။
တိချီက အံကြိတ်လိုက်ပြီး သူ့အတွင်းစိတ်ထဲမှ ဗုဒ္ဓတိုင်းပြည်ကို နှိုးထစေလိုက်သည်။ တိချီက သူ့ကိုကူညီရန်အတွက် ၎င်းတို့၏ခန္ဓာကိုယ်မှ ဗုဒ္ဓစွမ်းအားကို ဆွဲထုတ်လိုက်သောကြောင့် မရေတွက်နိုင်သောယုံကြည်သူများမှာ အော်ဟစ်နေကြ၏။ ၎င်းတို့၏ဗုဒ္ဓက ၎င်းတို့ကိုစွန့်လွှတ်ခဲ့သောကြောင့် ထိတ်လန့်သွားကြသည်။
ဗုဒ္ဓစွမ်းအားထောက်ပံ့မှုဖြင့် တိချီ၏ခံစစ်က ချက်ချင်း အားကောင်းလာသည်။ ရီမိသားစုမှ သူတော်စင်နှစ်ပါး၏ တိုက်ခိုက်ခြင်းကို တားဆီးလျက် ရန်ဟွမ်နယ်မြေမှလွတ်မြောက်သွားသည်။ ဗုဒ္ဓစွမ်းအားကြောင့် တိချီ၏အရှိန် မြင့်တက်လာကာ ရန်ဟော်ကို အမြန်လိုက်မီခဲ့သည်။
"ရန်ဟော် ငါတို့ပြန်ရောက်ရင် စာရင်းရှင်းရမယ်"
ရန်ဟော်ကအရေထူသော်လည်း ၎င်းကြောင့်သူအနည်းငယ် ရှက်ရွံ့သွား၏။ သို့သော် သူ လွတ်မြောက်သွားသည်ကိုတော့ တိတ်တဆိတ်ဝမ်းသာမိသည်။ ရန်ဟွမ်နယ်မြေမှ ထွက်ပြေးပြီးနောက် ရီမိသားစုက သူတို့နောက်သို့ ထပ်မံမလိုက်လာတန်ရာ။
နောက်အခိုက်အတန့်တွင် ၎င်းတို့၏အနောက်မှ အားကောင်းသောရောင်ဝါနှစ်ခု ရောက်ရှိလာကြောင်း ခံစားလိုက်ရသည်။ ၎င်းမှာ ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့ဖြစ်သည်။
၎င်းတို့က ရန်သူနှင့်ရင်ဆိုင်ရသောအခါ ၎င်းတို့ကို ဘယ်တော့မှ လွှတ်မပေးသင့်ဟု ယုံကြည်ကြသူများဖြစ်သည်။
အနောက်ဗုဒ္ဓတိုင်းပြည်မပြောနှင့် ပန်ကုစကြဝဠာ၏အစွန်းဘက်သို့ လိုက်ဖမ်းရလျှင်ကင် ၎င်းတို့က ရပ်တန့်မည်မဟုတ်၊ ရှေးဗုဒ္ဓနှစ်ပါးကို လွှတ်မြောက်ခွင့်ပေးမည်မဟုတ်ပေ။
"ဒါက ဘယ်လိုအငြိုးအတေးမျိုးလဲကွ၊ ဒီလောက်တောင် ဇွဲကောင်းနေတာ”
တိချီရှေးဗုဒ္ဓသည် အလွန်ထိုုင်းမှိုင်းနေ၏။ ၎င်းတို့က ရီမိသားစုကိုဆန့်ကျင်ရန် အကြံအစည်ရှိသော်လည်း မလုပ်ဆောင်ရသေးပေ။ ရီမိသားစုက ၎င်းတို့ကို ဤကဲ့သို့လိုက်ဖမ်းရန် အမှန်တကယ်လိုအပ်သလား။
၎င်းတို့၏ ဗုဒ္ဓစွမ်းအားက အကန့်အသတ်ဖြင့် တည်ရှိနေသည်လေ။
…………
အခန်း ၃၇၈ - နက်နဲအင်မော်တယ်အဆင့် ဗုဒ္ဓကျင့်ကြံသူတစ်ဦးကြောင့် ဖြစ်ပေါ်ခဲ့သော မတော်တဆမှု
တိချီရှေးဗုဒ္ဓ၏အရှိန်က တဖြည်းဖြည်းနှေးကွေးလာ၏။ တိချီရှေးဗုဒ္ဓ၏အရှိန် နှေးကွေးလာသည်ကိုမြင်ရသောအခါ ရန်ဟော်သည် ဝမ်းသာသွားပြီး သူ၏လျှို့ဝှက်ချက်နည်းစနစ်ဖြင့် အရှိန်မြှင့်ကာ ထွက်ပြေးရန်ကြံစည်ထားသည်။ ထိုအခြေအနေမျိုးတွင် အလွန်လျင်မြန်နေရတ် မလိုအပ်ဘဲ၊ ကိုယ့်အသင်းဖော်ထက် ပိုမြန်ရုံနှင့် လုံလောက်ပါသည်။
"ရန်ဟော် မင်းပြေးရဲရင်ပြေးစမ်း၊ ငါ့ကို အပြစ်မတင်နဲ့”
ရန်ဟော်ရှေးဗုဒ္ဓထက် လျင်မြန်စွာမပြေးနိုင်မှန်းသိသောကြောက့် ရန်ဟော်ရှေးဗုဒ္ဓထွက်ပြေးခါနီးအချိန်တွင် တိချီရှေးဗုဒ္ဓက ရန်ဟော်ရှေးဗုဒ္ဓကို သူ၏နတ်လက်နက်ဖြင့် ချိန်ရွယ်လျက် ထိုသူထွက်ပြေးဝံ့လျှင် အတူအဆုံးသတ်ကြရန် ချက်ချင်းဆုံးဖြတ်လိုက်သည်။
ရန်ဟော်ဗုဒ္ဓအေးခဲသွားပြီးနောက် သူ၏အရှိန်ကို ပြန်လည်လျှော့ချလိုက်သည်။
"တိချီ ဒီလိုလုပ်ဖို့ မလိုပါဘူး၊ ငါ အစတည်းက မင်းနဲ့ ရန်သူကိုအတူရင်ဆိုင်ဖို့စဉ်းစားထားတာပါ"
တိချီသည် စကားတစ်ခွန်းမှမပြောဘဲ အေးစက်စွာ လှောင်ပြောင်လိုက်သည်။ လက်ရှိအခြေအနေအရ ရန်ဟော်ရှေးဗုဒ္ဓကို ရီမိသားစုမှကျင့်ကြံသူနှင့် ညှိနှိုင်းစေခြင်းကသာ ၎င်းတို့အတွက မျှော်လင့်ချက်အလင်းရောင်ဖြစ်သည်။ အကယ်၍ သူ့ကို စွန့်ပစ်လိုက်ပါက သူလည်း အဆုံးသတ်သွားမည်မှာသေချာသည်။
ရုတ်တရက် ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့က ၎င်းတို့နှစ်ဦးကို ဖမ်းမိသွားကာ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့သည်။
နေရာလွတ်ထဲတွင် ပုန်းနေသောကျင့်ကြံသူများသည်လည်း တိုက်ပွဲကို စောင့်ကြည့်နေကြသည်။ ၎င်းတို့တွင် အကြံအစည်များရှိကြသည့်တိုင် မည်သူကမှ အကောင်အထည်ဖော်ရဲခြင်းမရှိပေ။
လူတိုင်းသည် ယခုအချိန်တွင် အသိဝင်လာကြပြီးဖြစ်သည်။ ရီမိသားစု၏ လျှို့ဝှက်ဆန်းကြယ်သောအရာက သူတော်စင်နှစ်ပါးမဟုတ်ဘဲ ရီမိသားစု၏ မိသားစုအကြီးအကဲ ရီဖန်ဖြစ်ရမည်။
ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့က သူတော်စင်တစ်ပိုင်းအဖြစ်သို့ ရုတ်တရက်ဖြတ်ကျော်ဝင်ရောက်လာခြင်းက အနည်းငယ်လျင်မြန်သော်လည်း ၎င်းတို့သည် ထင်ရှားသောပုဂ္ဂိုလ်များဖြစ်ကြသည်။ တကယ်တမ်းတွင် ရီမိသားစု၌ သူ၏ကျင့်ကြံမှုအဆင့်ကို အလျင်မြန်ဆုံးတိုးမြှင့်ခဲ့သူမှာ ရုတ်တရက်မိသားစုခေါင်းဆောင် ဖြစ်လာခဲ့သော ရီဖန်ဖြစ်သည်။
ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့က ရီမိသားစုသို့ဝင်ရောက်ပြီးမှသာ ၎င်းတို့၏ အောင်မြင်မှုများရရှိခဲ့ကြခြင်းဖြစ်သည်။ ဤသူတော်စင်တစ်ပိုင်းနှစ်ဦး၏ အောင်မြင်မှုများက ရီမိသားစု၏မိသားစုအကြီးအကဲရီဖန်နှင့် သက်ဆိုင်ရမည်ဟု လူအများက မှန်းဆခဲ့ကြပြီးဖြစ်သည်။
သို့မဟုတ်ပါက ရီမိသားစုထဲဝင်ပြီး ၎င်းတို့နှစ်ယောက် ဆက်တိုက်အောင်မြင်မှုများ ရရှိလာခြင်းက မည်သို့မျှ တိုက်ဆိုင်မှုမဖြစ်နိုင်ပေ။ ယခုအချိန်တွင် သူတော်စင်တစ်ပိုင်းနှစ်ဦးကို တိုက်ခိုက်ပါက အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ လျှို့ဝှက်ဆန်းကြယ်သော ရီမိသားစုခေါင်းဆောင်၏ ပစ်မှတ်ထားခြင်းခံရလိမ့်မည်။
ရီဖန်က သူတော်စင်တစ်ပိုင်း ကျင့်ကြံပေးနိုင်ခဲ့လျှင် နောက်ထပ် သူတော်စင်တစ်ပိုင်းကို ထပ်မံ မကျင့်ကြံပေးနိုင်ဘဲ ရှိမည်လား။ ထို့အပြင် ရီဖန်က အမှန်တကယ် အနှိုင်းမဲ့တာအိုဘိုးဘေးအဆင့်၌ ရှိနေပါရဲ့လား။ ဗောဓိဘိုးဘေးက အနှိုင်းမဲ့တာအိုဘိုးဘေးတစ်ဦးဖြစ်စဉ်အချိန်တွင် ရီဖန်က အနှိုင်းမဲ့တာအိုဘိုးဘေးကို သုတ်သင်နိုင်သော စွမ်းအားရှိနေပြီဖြစ်ကြောင်း သတိပြုမိသင့်သည်။
ယခုတွင် ရီဖန်နောက်ဆုံးလှုပ်ရှားခဲ့သည့်အချိန်မှစ၍ အလွန်ကြာနေပြီးဖြစ်သည်။ အချိန်အများကြီးကုန်လွန်သွားပြီးနောက် ရီဖန်က အောင်မြင်မှုရခဲ့သလား မသေချာပေ။ အကယ်၍ သူသည် အနာဂတ်တွင် အထွတ်အထိပ်အဆင့်သို့ အမှန်တကယ်ရောက်ရှိပါက ၎င်းတို့ကို အရေးယူလာနိုင်၏။
တချို့ကသေရမည်ကို မကြောက်ခဲ့ကြသော်လည်း နောက်ကွယ်မှာ နှစ်ပေါင်းများစွာကိုင်တွယ်လာသည့် မရေမတွက်နိုင်သော အင်အားစုများ ရှိနေသည်။
၎င်းတို့၏ အင်အားစုများကို ဒုက္ခမဖြစ်စေဘဲ သူတို့ကိုယ်တိုင်သာ သေလိုကြသည်။ ထို့ကြောင့် မည်သူကမျှ ခေါင်းဖော်ရန်သတ္တိမရှိကြပေ။ ရီမိသားစု၏ထွန်းကားလာမှုကို ရပ်တန့်၍မရတော့ရာ ၎င်းတို့က ဆက်လက်ဆန့်ကျင်နေလျှင် အလွန်တုံးအ၊ရာကျလိမ့်မည်။ ထိုအတွေးများ ပျံ့လွင့်နေချိန်၌ တစ်ဖက်မှတိုက်ပွဲသည်လည်း ပြီးဆုံးလုနီးနေပြီဖြစ်သည်။
"ရန်ဟော် မင်းကို မကျေဘူး!”
ညည်းတွားအော်ဟစ်သံနှင့်အတူ သူ့ဘဝတစ်လျှောက်လုံး သူတော်စင်ဖြစ်ရန် ကြိုးပမ်းခြင်ဖြင့် အသက်ရှင်ခဲ့သော တိချီသူတော်စင်တစ်ပိုင်းက ကျဆုံးသွားသည်။ ၎င်းသည် ဤခေတ်ကာလတွင် ပန်ကုစကြဝဠာ၌ ကြွေလွင့်သွားသော ပထမဆုံး သူတော်စင်တစ်ပိုင်းအဆင့် စွမ်းအားရှင်ဖြစ်သည်။ သူတော်စင်တစ်ပိုင်း ကျဆုံးသွားခြင်းကို မြင်လိုက်ရသည့် ကျင့်ကြံသူများမှာ အံဩသွားကြ၏။
သူတော်စင်တစ်ပိုင်းသည်လည်း ကျဆုံးနိုင်ပါသလား။
မူလက သူတို့တစ်ဘဝလုံး လွတ်လပ်စွာ ကျင်လည်သွားလာနိုင်မည်ဟုထင်ထားသော သူတော်စင်တစ်ပိုင်းအဆင့်စွမ်းအားရှင်များသည် အနည်းငယ်ထိတ်လန့်သွားကာ သူတော်စင်တစ်ပိုင်းများလည်း ပျက်စီးသွားနိုင်သည်ကို မေ့လျော့နေခဲ့ကြောင်း သတိရသွားသည်။ အကယ်၍ သူတော်စင်မဖြစ်လာလျှင် အရာအားလုံးက အချည်းနှီးသာဖြစ်လိမ့်မည်။
"သူတော်စင်ဖြစ်ချင်တယ်၊ ငါ သေချာပေါက်ကို ဖြစ်လာမှရမယ်"
သူတော်စင်တစ်ပိုင်းတစ်ဦးက တစ်သက်တာအတွက် နောင်တကို ချန်ထားခဲ့ကာ နောက်ပြန်မလှည့်ဘဲ ထွက်ခွါသွားခဲ့ပြီဖြစ်သည်။ ကျန်ရှိနေသော သူတော်စင်တစ်ပိုင်းတို့သည်လည်း အဓိပ္ပါယ်မရှိတော့ကြောင်းခံစားရသောကြောင့် ရုတ်တရက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
တိချီသူတော်စင်တစ်ပိုင်း ကျဆုံးသွားပြီးနောက် ရန်ဟော် သူတော်စင်တစ်ပိုင်း၏ကျန်ရှိနေသောအရာသည် အသက်တစ်ရှိုက်မျှသာဖြစ်သည်။
"ငါတို့မှာ အငြှိုးမရှိကြပါဘူး၊ ဘာလို့ ရီမိသားစုက ငါတို့ကိုရှင်းပစ်ဖို့ စိတ်အားထက်သန်နေတာလဲ!"
ရန်ဟော်သူတော်စင်တစ်ပိုင်းသည် စိတ်ရှုပ်ထွေးနေ၏။ ၎င်းတို့သည် ပုံမှန်မဟုတ်သောအပြုအမူကို မပြသခဲ့ရသေးဘဲ ရီမိသားစုက အဘယ်ကြောင့် ဤမျှမညှာမတာဖြစ်လာသနည်း။ ထိုမေးခွန်းအတွက် အဖြေမရလျှင် သေဆုံးပြီးနောက် သူ့မျက်လုံးများကို အေးချမ်းစွာမှိတ်နိုင်မည်မဟုတ်ပေ။
"အငြှိုးနဲ့ ကလဲ့စားချေဖို့မရှိဘူး ဟုတ်လား။ မင်းတို့က ဗုဒ္ဓတိုင်းပြည်က ကျင့်ကြံသူလေးအတွက် လက်စားချေဖို့ ငါတို့ရီမိသားစုဆီ လာခဲ့တာမလား။ ငါတို့ ဘာလို့ ပြန်မတိုက်ခိုက်ရမှာလဲ” ဗောဓိဘိုးဘေးက မထီမဲ့မြင်ပြောလိုက်သည်။
ဗုဒ္ဓတိုင်းပြည်က ကျင့်ကြံသူငယ်တစ်ဦး။ ၎င်းက ရီမိသားစုနှင့် မည်သည့်အချိန်ကများ ဆက်နွှယ်မိပါသနည်း။ ရန်ဟော်ရှေးဗုဒ္ဓ၏ကျင့်ကြံမှုအဆင့်ဖြင့် တွက်ချက်လိုက်ရာ ဗုဒ္ဓတိုင်းပြည်မှ ကျင့်ကြံသူငယ်လေးနှင့် ရီမိသားစုကြားဆက်စပ်မှုကို သိရှိလိုက်ရ၏။ ထို့နောက် သူ ချက်ချင်း မျက်လုံးပြူးသွားသည်။
ရီမိသားစုက နက်နဲအင်မော်တယ်အဆင့် ဗုဒ္ဓကျင့်ကြံသူငယ်တစ်ဦးကြောင့် ၎င်းတို့၏ သူတော်စင်တစ်ပိုင်း နှစ်ယောက်ကို သတ်ပစ်လိုက်သလား။ ရန်ဟော်ရှေးဗုဒ္ဓက ၎င်းတို့သည် ရီမိသားစု၏ကံကြမ္မာကို မက်မောရုံမျှသာဖြစ်ပြီး ထိုကျင့်ကြံသူအတွက် လက်စားချေရန် ရောက်ရှိလာခြင်းမဟုတ်ကြောင်း ရှင်းပြလိုသည်။
ဘမ်းခနဲ အသံထွက်ပေါ်လာပြီးနောက် ဦးခေါင်းက ဓားဖြင့်ခုတ်ဖြတ်ခံလိုက်ရပြီး မြေပြင်ပေါ်ကျသွားသည်။
အံ့ဩစရာကောင်းသည်မှာ ရန်ဟော်ရှေးဗုဒ္ဓက သူ့မျက်လုံးများကို မပိတ်နိုင်ခဲ့ပေ။ ၎င်းက ထိုအကြောင်းပြချက်ကြောင့် ကျဆုံးခဲ့ရသည်ကို လက်မခံချင်ခဲ့ချေ။ ရီမိသားစုသည် ၎င်းတို့က သူတို့၏ကံကြမ္မာကို မက်မောသောကြောင့် သတ်ပစ်လိုက်ခြင်းဟုဆိုခဲ့လျှင် ပိုကောင်းသည့်အကြောင်းပြချက်ဖြစ်လိမ့်ဦးမည်။ ကံမကောင်းစွာဖြင့် ထိုကိစ္စကိုရှင်းပြရန် အခွင့်အရေး မရှိတော့ပေ။
သူတော်စင်တစ်ပိုင်းနှစ်ပါးကို သတ်ပြီးနောက် ဗောဓိဘိုးဘေးက ဗုဒ္ဓတိုင်းပြည်ကိုလည်း မလွှတ်ထားခဲ့ပါ။ ၎င်းတို့က တိုက်ရိုက်ထွက်ခွါသွားပြီး သူတော်စင်တစ်ပိုင်းနှစ်ပါးရှိသည့် ထိပ်တန်းအင်အားစုကို သုတ်သင်ပြီးနောက် ရီမိသားစုဆီပြန်သွားကြသည်။ ဗုဒ္ဓတိုင်းပြည်နှင့် ဆက်နွှယ်မှုရှိခဲ့သော အင်အားစုများသည် ရီမိသားစုက ၎င်းတို့၏အိမ်တံခါးလာခေါက်မည်ကို စိုးရိမ်သောကြောင့် ဘာမှမဆိုဝံ့ကြချေ။
ဗုဒ္ဓတိုင်းပြည်မှ သူတော်စင်တစ်ပိုင်းနှစ်ဦးကို ရီမိသားစုက သတ်ပစ်ခဲ့သည်။ ရီမိသားစုက ၎င်းတို့နောက်ကိုလိုက်ရန် ဆုံးဖြတ်ခဲ့ပါက သူတော်စင်တစ်ပိုင်း ဘယ်နှစ်ယောက်လောက်က ရီမိသားစု၏သုတ်သင်ခြင်းခံရနိုင်သနည်း။
ဗုဒ္ဓတိုင်းပြည် ပျက်သုဉ်းသွားသည့်သတင်း ပြန့်နှံ့လာပြီးနောက်တွင် အင်အားစုကြီးများအားလုံးသည် ရီမိသားစုကို အသစ်ဖြစ်ခါကအင်အားစုငယ်များနှင့် မနှိုင်းယှဉ်ရဲတော့ပေ။ အဓိကအင်အားစုအားလုံး၏နှလုံးသားတွင် လက်ရှိရီမိသားစုကို တာအိုဂိုဏ်းနှင့် ဝမ်ရှန်းဂိုဏ်းကဲ့သို့သောအင်အားစုများနှင့် နှိုင်းယှဉ်ထားသည်။
ရီမိသားစုတွင် လက်ရှိတွင် သူတော်စင်တစ်ပိုင်းနှစ်ပါးရှိသော်လည်း အမှောင်ထဲတွင်သူတော်စင်တစ်ပိုင်းများ မည်မျှရှိသည်ကို မည်သူမှမသိကြပေ။ အတိတ်က ရီမိသားစု၏ အကျင့်အရ ရီမိသားစုကိုဆန့်ကျင်ချင်လျှင် အနည်းဆုံးသူတော်စင်တစ်ပိုင်း လေးယောက် ငါးယောက်လောက် ပြင်ဆင်ထားရမည်။ သို့မဟုတ်ပါက ရီမိသားစုတွင် နောက်ထပ်သူတော်စင်တချို့ ပေါ်လာလိမ့်မည်။
“ရှောင်ဖန်၊ ဒီအရင်းအမြစ်တွေ အသုံးဝင်လားဆိုတာ ကြည့်ကြည့်ဦး"
ဗုဒ္ဓကျင့်ကြံသူများ၏ ကျင့်ကြံမှုစနစ်သည် ၎င်းတို့နှင့် အနည်းငယ်ကွာခြားသောကြောင့် အရင်းအမြစ်အများစုမှာ အသုံးမ၀င်ချေ။ ထိုဗုဒ္ဓရတနာများကို အသုံးမပြုမီ ပြန်လည်သန့်စင်ရန် လိုအပ်သေးသည်။ အချို့ ဝိညာဉ်ပစ္စည်းများကဲ့သို့သော အရာများက အနည်းငယ်အသုံးဝင်သေးသည်။ ရီဖန်သည် ဗုဒ္ဓနိုင်ငံမှ ပြန်လည်ရရှိလာသော အရင်းအမြစ်များကို ကြည့်ရှုစစ်ဆေးပြီးနောက် သူ့မျက်လုံးများတောက်ပလာသည်။
သို့သော် ရီဖန်အာရုံစိုက်ထားသည်မှာ ထိုအရင်းအမြစ်များကိုမဟုတ်ဘဲ ဗုဒ္ဓကျင့်ကြံနည်းများဖြစ်သည်။ ဗုဒ္ဓကျင့်ကြံနည်းနှင့်ပတ်သက်၍ ရီဖန်ပထမဆုံးအကြိမ် တွေ့ကြုံဖူးခြင်းဖြစ်သည်။ ဗုဒ္ဓကျင့်ကြံသူများသည် ခန္ဓာကိုယ်ကို သန့်စင်ရာ၌ကျွမ်းကျင်သူများဖြစ်ရာ ရီဖန်သည်လည်း ဤနေရာတွင် အနည်းငယ်ဆက်စပ်ဖူး၏။
သို့ရာတွင် တာအိုဘာသာတွင် ထိုအရာများကို ကောင်းစွာမလုပ်ဆောင်နိုင်ဘဲ အမြတ်အစွန်းမှာ အကန့်အသတ်ရှိသည်။ ယခုအခါတွင် ရီဖန်သည် အချို့သောအရာများကိုလေ့လာသင်ယူပြီး ပင်ကိုပျက်ဆီးခြင်းဖန်တီးမှုကျမ်းစာအုပ်တွင် ပေါင်းစည်းရန်အတွက် လုံလောက်သော ဗုဒ္ဓကျင့်ကြံနည်းစနစ်များစွာ ရှိနေပြီဖြစ်သည်။
အကယ်၍ ပင်ကိုပျက်ဆီးခြင်းပင်လယ်ဖန်တီးခြင်းကို အဆင့်မြှင့်လိုပါက အခက်အခဲသည် ပိုမိုများပြားလာမည်ဖြစ်သည်။ ရီဖန်သည် ကျင့်ကြံနည်းအမျိုးမျိုးထဲမှ အနှစ်သာရကို ထုတ်ယူပြီး ၎င်းကို ပိုမိုလျင်မြန်စွာအဆင့်မြှင့်တင်ရန်အတွက် ပင်ကိုပျက်ဆီးခြင်းပင်လယ်ဖန်တီးမှုစာအုပ်တွင် ပေါင်းစည်းရမည်ဖြစ်သည်။ ၎င်းက ဗုဒ္ဓကျင့်ကြံသူများအတွက် ကောင်းမွန်သောကျင့်ကြံနည်းစနစ်ဖြစ်၏။
ယခု ရီဖန်တွင် ရေတိုအတွက် ပန်းတိုင်နှစ်ခုသာရှိသည်။
ပထမတစ်ခုက စနစ်တာဝန်ကို ပြီးမြောက်ရန်ဖြစ်ပြီး ဒုတိယက သူ၏ကျင့်ကြံမှုအဆင့်ကို သူတော်စင်တစ်ပိုင်း နယ်ပယ်သို့ အမြန်မြှင့်တင်ရန်ဖြစ်သည်။ လက်ရှိ ပန်ကုစကြဝဠာသည် ပို၍ရှုပ်ထွေးလာသောကြောင့် တာအိုဘိုးဘေးကျင့်ကြံမှုအဆင့်က မလုံလောက်တော့ချေ။ ယနေ့တိုက်ပွဲသည် ရီဖန်၏ကိုယ်ပိုင်အင်အားကို အကြမ်းဖျင်းနားလည်သွားစေသည်။
သူ၏လက်ရှိတိုက်ခိုက်ရေးစွမ်းအားသည် သူတော်စင်တစ်ပိုင်းနယ်ပယ်သို့ စတင်ဝင်ရောက်ခါစ ကျင့်ကြံရေးသမားနှင့် အကြမ်းဖျင်းညီမျှသည်။ ယခုတွင် သူတော်စင်တစ်ပိုင်းအများစုသည် ယခင်ကမ္ဘာမှ အသက်ရှင်ကျန်သူများဖြစ်ကာ သူတော်စင်တစ်ပိုင်းနယ်ပယ်သို့ ယခုမှဝင်ရောက်လာကြသော ကျင့်ကြံသူအနည်းငယ်သာရှိသည်။
ရီဖန်၏တိုက်ခိုက်ရေးစွမ်းအားဖြင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို အသုံးချရန် အခွင့်အလမ်းမရှိသလောက်ပင်။ ဤတစ်ကြိမ်တွင် ရန်ဟွမ်ကမ္ဘာ့စွမ်းအားကို အသုံးပြုခြင်းသာမဟုတ်ပါက ရီဖန်သည် မည်သည့်နေရာတွင်မှ ပါဝင်လိုက်နိုင်မည်မဟုတ်ပေ။
တစ်ဖက်တွင် ပျက်ဆီးခြင်းပုလဲ၏ စကြဝဠာအရေအတွက်သည်လည်း ကျဆင်းလာပြီဖြစ်ရာ ပျက်ဆီးခြင်းအရည်စုဆောင်းမှုကို အရှိန်မြှင့်ရန် လိုအပ်သည်။ ရီဖန်သည် စိတ်ထဲတွင် သူလုပ်စရာအများကြီးရှိနေသည်ကို တွေးမိလိုက်၏။
ဗုဒ္ဓကျင့်ကြံနည်းများကို ရီဖန် တစ်ခုပြီးတစ်ခု လေ့လာသင်ယူခဲ့ကာ အနှစ်သာရများကို ထုတ်ယူခဲ့သည်။ ရီဖန်၏လက်ရှိဉာဏ်အလင်းအဆင့်ဖြင့် ကျင့်ကြံနည်းအများစုကို တစ်ချက်ကြည့်လိုက်ရုံနှင့် နားလည်နိုင်ကာ ၎င်းတို့ကအလွန်အဆင်ပြေသည်။
သူတော်စင်တစ်ပိုင်းနှစ်ပါးဖြင့် ထိပ်တန်းအင်အားစုဖြစ်သော ဗုဒ္ဓတိုင်းပြည်တွင် အရည်အသွေးမြင့်သော ကျင့်ကြံနည်းများစွာရှိပါ၏။ သို့သော် ကံမကောင်းစွာဖြင့် သူတော်စင်တစ်ပိုင်းများအတွက် ကျင့်ကြံနည်းစနစ်များတော့ မရှိချေ။
ကျင့်ကြံနည်းစနစ်များအပြင် အခြားစာအုပ်များစွာလည်း ရှိသည်။ ရီဖန်သည် ထိုစာအုပ်များကိုလက်လွှတ်မခံဘဲ ယခင်ကမ္ဘာမှ အင်အားစုကြီးများ၏ အခြေအနေအရပ်ရပ်ကို ကောင်းစွာနားလည်ခဲ့သည်။ နောက်ဆုံးတွင် ရီဖန်၏အာရုံသည် “ပင်ကိုပျက်ဆီးခြင်းပင်လယ်၏ အမှန်တရား” အမည်ရှိစာအုပ်တစ်အုပ်ဆီသို့ ရောက်သွားသည်။
………….