အခန်း ၃၉၁-၃၉၃
Vol. 27 Ch. 391-393
အခန်း ၃၉၁- သူတော်စင်တစ်ပိုင်းအဆင့်၊ မဟာသူတော်စင်လက်နက်ကို သန့်စင်ခြင်း
ဝူရှန်းဘိုးဘေးက ပြန်တွေးကြည့်သည်။ ပန်ကုစကြဝဠာတွင် ဝမ်ရှန်းဂိုဏ်း၏အင်အားကို ခုခံနိုင်ပြီး သူ၏လုံခြုံမှုအတွက် အာမခံပေးနိုင်မည့် ပုဂ္ဂိုလ်များစွာမရှိချေ။ ထို့အပြင် အများစုက နတ်ဆိုးနတ်ဘုရားဖြစ်သူကို လက်မခံလိုကြ။ ထို့ကြောင့် စွန့်စားရမည့် လောင်းကစားမျိုးကို သူမလုပ်ချင်ပေ။
ထိုအခိုက်အတန့်တွင် ဝူရှန်းဘိုးဘေး၏စိတ်ထဲ၌ တစ်စုံတစ်ဦးပေါ်လာသည်။ အပေါ်ယံကြည့်လျှင် ထိုလူသည်လည်း သူ၏လုံခြုံမှုအတွက် အာမခံမပေးနိုင်ဟု ထင်ရသည်။ သို့သော် ဤနှစ်များတစ်လျှောက် ဝူရှန်းဘိုးဘေး၏လေ့လာမှုအရ ထိုလူသည် ပန်ကုစကြဝဠာတစ်ခုလုံးတွင် အဆန်းကြယ်ဆုံးပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် သူ့ကိုကာကွယ်ပေးနိုင်မည့်စွမ်းရည်မျိုး အမှန်တကယ်ရှိနိုင်လိမ့်မည်။
သူထင်ထားသည့်သူမှာ ရီဖန်မှလွဲ၍ အခြားမရှိချေ။ အကယ်၍ သူသာ ထိုနေ့က နတ်ဆိုးနတ်ဘုရားနှလုံးသားကို မရရှိခဲ့လျှင် ရီဖန်ထံတွင် အမှန်တကယ် ခိုလှုံခဲ့ပြီးဖြစ်သည်။ သို့သော် ရီဖန်က အတိတ်ကို လစ်လျူရှူပေးပါ့မလား။
"ဂိုဏ်းချုပ်၊ ဝမ်ရှန်းဂိုဏ်းရဲ့တိုက်ခိုက်မှုက ပိုဆိုးလာပြီ။ ငါတို့ကြာကြာမထိန်းနိုင်တော့ဘူး"
ဤသတင်းစကားက ဝူရှန်းဘိူးဘေးကို မျက်မှောင်ကြုတ်သွားစေသည်။ သူထပ်မံ၍ တွန့်ဆုတ်မနေနိုင်တော့ပေ။ အောင်မြင်သည်ဖြစ်စေ ကျရှုံးသည်ဖြစ်စေ သူစမ်းကြည့်သင့်သည်။
ဝူရှန်းဘိူးဘေးဆက်သွယ်နိုင်သည့် ရီမိသားစုမှလူမှာ စုယန်ဖြစ်သည်။ စုယန်သည် သူ၏ “တပည့်ဟောင်း” အနေဖြင့် ၎င်းတို့၏အတိတ်ကဆက်ဆံရေးကြောင့် သူ့ကို အခွင့်အရေးပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။
ဝူရှန်းဘိုးဘေးထံမှ သတင်းစကားလက်ခံရရှိသောအခါ ရီမိသားစုအတွင်းရှိ စုယန်မှာ အံ့အားသင့်သွားခဲ့သည်။ စာကိုဖတ်ပြီးနောက် စုယန်သည် ဝူရှန်းဘိူးဘေးက ရီမိသားစုထံမှ အကာအကွယ်ရယူလိုကြောင်း သိလိုက်သည်။ ရီမိသားစု၏ အင်အားမည်မျှကောင်းမွန်ကြောင်းကို သူမသိ၏။
အကယ်၍ရီဖန်သာ ဆန္ဒရှိလျှင် ဝူရှန်းဘိုးဘေးကို ကာကွယ်ရန် ပြဿနာရှိမည်မဟုတ်ပေ။ သို့သော်လည်း ရီမိသားစုဘက်မှ အကာအကွယ်ပေးရန်အတွက် ဝူရှန်းဘိုးဘေးကလည်း ကြီးမားသောအဖိုးကို ပေးဆောင်ရန် လိုအပ်သည်။ အပေးအယူအတွက် လုံလောက်သောအရာများရှိသရွေ့ ရီမိသားစုသည် မည်သည့်ကိစ္စကိုမဆို လုပ်ဆောင်ဝံ့မည်ဖြစ်သည်။
"ဘိုးဘေးသိတဲ့အတိုင်းပဲ ရှင့်ကိုကာကွယ်ဖို့က ရီမိသားစုအတွက် အရမ်းဖိအားများတယ်လေ"
စုယန်က အနည်းငယ်ပြုံးရင်းပြောလိုက်သည်။
ထိုအပြုံးကို ဝူရှန်းဘိုးဘေး မမှတ်မိစရာအကြောင်းမရှိပေ။ စုယန် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းတံခါးတွင်ရှိစဉ်က ထိုအပြုံးသည် စုယန်အရင်းအမြစ်များ လိုအပ်သည်ကို ကိုယ်စားပြု၏။
စုယန်သည် အရင်းအမြစ်များစွာလိုအပ်သော်လည်း သူမသည် အချိန်တိုင်း အလုပ်တာဝန်များကို ပြီးပြည့်စုံအောင် ဆောင်ရွက်နိုင်ခဲ့သည်။ စုယန်၏ အကျင့်ကစိုးရိမ်စရာကောင်းသော်လည်း ဝူရှန်းဘိုးဘေးက သူမအပေါ်လူံးဝယုံကြည်သည်။
"နားလည်တယ် ငါနားလည်တယ်”
သူ့ကိုကာကွယ်ပေးရန် ဆန္ဒရှိခြင်းကပင် လုံလောက်သည်။ အကာအကွယ်ရနိုင်သရွေ့ ဝူရှန်းဘိုးဘေးသည် အဖိုးအခပေးဆောင်ရန် ဆန္ဒရှိသည်ထက်ပင်ပို၏။ အဖိုးအခအတွက် ၀ူရှန်းဘိုးဘေးက စီစဉ်ထားပြီးဖြစ်သည်။
၀ူရှန်းဘိုးဘေးသည် နတ်ဆိုးနတ်ဘုရားအမွေအနှစ်အဖြစ် နတ်ဆိုးနတ်ဘုရားနှလုံးသားအပြင် အခြားအဖိုးတန်ပစ္စည်းအနည်းငယ်ကို ရရှိခဲ့သည်။ ၀ူရှန်းဘိုးဘေးသည် နှစ်များတစ်လျှောက် ရီမိသားစုနှင့်ပတ်သက်သည့်အချက်အလက်များကို စုဆောင်းရာတွင် အလွန်ကြိုးစားခဲ့သောကြောင့် အခြားအင်အားစုများမသိသော လျှို့ဝှက်ချက်များစွာကိုသိရှိထားသည်။
ဥပမာအားဖြင့် ရီဖန်သည် အလွန်အစွမ်းထက်ရုံသာမက ဆေးပညာနှင့် လက်နက်သန့်စင်ခြင်းတွင် အလွန်ကောင်းမွန်သောစွမ်းရည်ရှိသည်။ ရီမိသားစု၏ နတ်လက်နက်များနှင့် နတ်ဆေးရည်များမှာ အလွန်ပေါများ၏။ အခြားအင်အားစုများက ၎င်းတို့ကို အမွေအနှစ်ထံမှရရှိသည်ဟု ယုံကြည်ကြသော်လည်း ထိုလက်နက်များကို ရီဖန်ကိုယ်တိုင် သန့်စင်ထားကြောင်း ၀ူရှန်းဘိုးဘေးသိခဲ့ရသည်။
သူ၏ရတနာတိုက်တွင် သူတော်စင်အဆင့် အဆင့်မြင့်ဆေးပညာနှင့် လက်နက်သန့်စင်ခြင်း အမွေအနှစ် နှစ်ခုရှိသည်။ ထိုအမွေအနှစ် နှစ်ခုသည် ဝူရှန်းဘိုးဘေးအတွက် အသုံးမဝင်သော်လည်း ရီမိသားစုက ၎င်းတို့ကိုတန်ဖိုးထားလိမ့်မည်ဟု သူယုံကြည်ခဲ့သည်။ မကြာမီတွင် ၀ူရှန်းဘိုးဘေးသည် ရီမိသားစုထံမှ ကတိတစ်ခုအတွက် ၎င်းတို့နှစ်ခုနှင့်လဲလှယ်ခဲ့သည်။
သေချာပေါက်ပင် နှစ်ဖက်စလုံးက ထိုလဲလှယ်မှုကို အလွန်ကျေနပ်ကြ၏။ ရီဖန်က အမွေအနှစ် နှစ်ခုကိုရရှိသောအခါ အလွန်ဝမ်းသာသွားသည်။ အခြားသူများအတွက် ၎င်းအမွေအနှစ်နှစ်ခုဖြင့် သူတော်စင်အဆင့်အဆင့်မြင့်လက်နက်သန့်စင်သူဖြစ်လာရန်အတွက် ခက်ခဲပြီးအချိန်ကုန်သော အလုပ်တစ်ခု ဖြစ်သော်လည်း ထိုလုပ်ငန်းစဉ်သည် ရီဖန်အတွက် သိသိသာသာ တိုတောင်းလိမ့်မည်။ အကြောင်းမှာ သူအလုပ်လုပ်ရာတွင် ကူညီပေးရန်အတွက် ရီမိသားစုတစ်ခုလုံးရှိနေသောကြောင့်ဖြစ်သည်။
ရီဖန်သည် ဤအမွေအနှစ်ကို အပြည့်အ၀နားလည်ရန် ရီမိသားစုမှ အဆင့်မြင့်လက်နက်သန့်စင်သူများကို ချက်ချင်းဆင့်ခေါ်လိုက်သည်။ အမွေအနှစ်ကို နားလည်ပြီးနောက်တွင် မဟာသူတော်စင်လက်နက် သန့်စင်ခြင်းလုပ်ငန်းကို စောင့်ကြည့်လေ့လာရန်အတွက် ခေါ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း အသိပေးလိုက်သည်။ ထိုကတိက ရီမိသားစု၏ အင်မော်တယ်လက်နက်သန့်စင်သူများကိုပါ စိတ်လှုပ်ရှားစေကာ ၎င်းတို့သည် ပို၍ပင် ကြိုးစားလေ့လာနေကြသည်။
မဟာသူတော်စင်လက်နက်ကို သန့်စင်မည့်လုပ်ငန်းစဉ်သည် လူတိုင်းသင်ယူနိုင်သည့် အရာမဟုတ်ချေ။ ၎င်းကို ရီမိသားစုကသာ တတ်နိုင်သည်။ ၎င်းတို့၏ လက်ရှိအခြေအနေအား မည်သို့အခွင့်ကောင်းယူရမည်ကို နားမလည်လျှင် ၎င်းတို့ငပိန်းများသာဖြစ်သည်။
၀ူရှန်းဘိုးဘေးက ကောင်းမွန်သောလဲလှယ်မှုတစ်ခုလုပ်ခဲ့သည်ဟု သူ့ကိုယ်သူထင်ကာ ရီဖန်သည်လည်း သူကအသာစီးရနေသည်ဟု ထင်သည်။ အမွေအနှစ်များဖြင့် ရီမိသားစု၏ အင်မော်တယ်လက်နက်သန့်စင်သူများ၏ နားလည်မှုကိုတိုးမြှင့်ပြီး မဟာသူတော်စင်လက်နက်သန့်စင်ခြင်းလုပ်ငန်းကို စောင့်ကြည့်ခြင်းဖြင့် ရီဖန်သည် သူ၏လက်နက်သန့်စင်သူများကို အဆင့်မြင့် သူတော်စင်အဆင့်သို့ ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ထားသည်။
အဆင့်မြင့် နတ်လက်နက်များကို သန့်စင်ပေးနိုင်သည့်စွမ်းရည်ဖြင့် သူသည် သာလွန်ကောင်းမွန်သော နတ်လက်နက်များကို ဖန်တီးနိုင်လိမ့်မည်။ သာလွန်ကောင်းမွန်သောနတ်လက်နက်တစ်ခုသည် ပျက်ဆီးခြင်းအရည်စည်ပေါင်း ရာနှင့်ချီ၍တန်ဖိုးရှိသည်။ အနာဂတ်တွင် ရီမိသားစု၏ ပျက်ဆီးခြင်းအရည်စုဆောင်းမှုအရှိန်သည် များစွာတိုးလာလိမ့်မည်။
အနှစ်တစ်ရာအတွင်း နတ်လက်နက်တစ်ခုကိုသာ သန့်စင်နိုင်လျှင်ပင် ရီမိသားစု၏ဘဏ္ဍာများကိုဖြည့်ဆည်းရန် လုံလောက်သည်။ ၎င်းက ရီဖန် ငွေရှာရန်ယုံကြည်မှုအရှိဆုံး လက်မှုပညာ၏ဂုဏ်သရေဖြစ်သည်။ သို့သော် ၎င်းမတိုင်ခင် ရီဖန်ထံတွင် လုပ်စရာတစ်ခုရှိသေးသည်။
"စနစ် ပေါင်းစည်းကြရအောင်!"
ရီဖန်၏ကျင့်ကြံမှုအဆင့်သည် ထပ်မံတိုးလာပြန်၏။
ဤတစ်ကြိမ်တွင် ရီဖန်သည် သူ၏ကြီးထွားမှုအဆင့်ကို ထိန်းမထားနိုင်တော့ဘဲ ကျင့်ကြံရေးအဆင့်မြင့်တက်လာပြီး အောင်မြင်ဖြတ်သန်းသွားခဲ့သည်။ ရီဖန်သည် သူတော်စင််တစ်ပိုင်းတစ်ဦး၏ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပြီးဖြစ်သောကြောင့် ဤအောင်မြင်မှုသည် သူ့အတွက်အခက်အခဲမရှိချေ။
ရီဖန်အောင်မြင်တက်လှမ်းနေသည့်အချိန်တွင် ဝမ်ရှန်းဂိုဏ်းက ပန်ကုစကြဝဠာရှိ နာမည်ကြီးအင်မော်တယ်လက်နက်သန့်စင်သူ အများအပြားကိုဖိတ်ခေါ်ခဲ့သည်။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သာမန်သန့်စင်မှုစွမ်းရည်များကို ကြည့်ရင်း မျက်မှောင်မကြုတ်ဘဲ မနေနိုင်ချေ။
သူသည် ဤအင်မော်တယ်လက်နက်သန့်စက်သူများ၏ သန့်စင်မှုစွမ်းရည်ကိုမြှင့်တင်ရန် ဝိညာဉ်ပစ္စည်းအများအပြားကို အသုံးပြုခဲ့ကာ အဆင့်မြင့်နတ်လက်နက်များသန့်စင်မှုကို အရှိန်မြှင့်တင်နိုင်ရန် မျှော်လင့်ခဲ့သည်။
………….
အခန်း ၃၉၂ - သူတော်စင်တစ်ပိုင်းနယ်မြေ၊ မဟာသူတော်စင်လက်နက် သန့်စင်ခြင်း
ဝိညာဉ်ပစ္စည်းတိုင်းက အင်မော်တယ်လက်နက်သန့်စင်သူများက ၎င်းတို့၏အိမ်မက်ထဲ၌ပင် အလိုရှိသော အရာများဖြစ်ကြသည်။ အကယ်၍ ရီဖန်သာ ၎င်းကိုမြင်ပါက ဓားပြတိုက်ရန်ကြံစည်လိမ့်မည်။ သို့သော် တစ်ခါတစ်ရံတွင် အရင်းအမြစ်တစ်ခုတည်းနှင့် အောင်မြင်မှုပြုလုပ်ရန် မလုံလောက်ဘဲ စွမ်းရည်ကလည်း အရေးကြီးသည်။
ပန်ကုစကြဝဠာ၏ ဖိနှိပ်မှုအောက်တွင် အလယ်အလတ် သူတော်စင်အဆင့် လက်နက်သန့်စင်သူအများအပြားသည် အဆင့်မြင့် သူတော်စင်အဆင့် လက်နက်သန့်စင်သူများဖြစ်လာရန် မဖြတ်ကျော်နိုင်ခဲ့ကြပေ။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းမသိသည်မှာ ၎င်းက ပန်ကုစကြဝဠာက စွမ်းရည်များကိုဖိနှိပ်ထားခြင်းကြောင့်ဖြစ်သည်ကိုပင်။
ရှေးယခင်က ကြီးမြတ်သောခေတ်အားလုံးတွင် နောက်ပိုင်းမှသာ စွမ်းအားရှင်များပိုမိုများပြားလာခြင်းဖြစ်သည်။ ကြီးမြတ်သောခေတ်ကြီးဆက်လက်ဖြစ်ပေါ်နေပြီးနောက်မှသာ အဆင့်မြင့်ဆေးပညာရှင်နှင့် လက်နက်သန့်စင်သူ အရေအတွက်တိုးလာခြင်းမှာ ထိုအချိန်တွင် ပန်ကုစကြဝဠာက ကျင့်ကြံသူများ၏စွမ်းရည်ကို ဖိနှိပ်ထားမှုအားနည်းလာသောကြောင့်ဖြစ်သည်။ ထိုအခြင်းအရာကို မည်သူမျှမသိလိုက်ကြချေ။
အကယ်၍ ထိုလက်နက်သန့်စင်သူများကို အပြင်ဘက်သို့ခေါ်ထုတ်နိုင်ပါက ၎င်းတို့အားလုံးသည် ထူးကဲသောစွမ်းရည်ရှိသည်။ စိတ်မကောင်စွာဖြင့် ၎င်းတို့က ပန်ကုစကြဝဠာအတွင်း ပိတ်မိနေခဲ့ကြ၏။
"ပန်ကုစကြဝဠာမှာ တခြားလက်နက်သန့်စင်သူမရှိတော့ဘူးလား"
နတ်ဘုရားချိုးဖျက်ခြင်းလှံတံသည် ကောင်းကင်နှလုံးသားသူတော်စင်အတွက် အလွန်အရေးပါသောကြောင့် သူလက်မလျှော့လိုပေ။
သူ့စကားက၀မ်ရှန်းဂိုဏ်း၏ အကြီးအကဲများကို ခေါင်းစားစေသည်။ ပန်ကုစကြဝဠာသည် အလွန်ကြီးမားကပြီး အဆင့်မြင့်လက်နက်သန့်စင်သူ အရေအတွက်ကလည်း အတိအကျဖြစ်သောကြောင့် အခြားမည်သည့်နေရာတွင် သွားရှာရမည်နည်း။
"မဟုတ်ဘူး နောက်တစ်ယောက်ရှိဦးမယ်”
အဆင့်မြင့်အရာရှိတစ်ဦးက ရုတ်တရက်ထပြောသည်။
အကြည့်အားလုံးက သူ့ထံကျရောက်သွားပြီး သူတော်စင်တစ်ပိုင်းထံမှဖိအားက ၎င်းသူတော်စင်တစ်ပိုင်းကို အလွန်ခက်ခဲစေသည်။
တကယ်တမ်းတွင် သူကိုယ်တိုင်လည်း ထိုသတင်းကအမှန်တကယ်ဟုတ်မဟုတ် သေချာမသိပေ။ သို့သော် ဤအခြေအနေတွင် သူ့ခန့်မှန်းချက်ကို ထုတ်ပြောရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။
"ရီမိသားစုအကြောင်း အားလုံးသိကြတယ်မလား”
"ရီမိသားစုမှာ နတ်လက်နက်အများကြီးရှိပြီးတော့ အကုန်လုံးက အဆင့်မြင့်တွေချည်းပဲ"
"ဒီ အင်မော်တယ်လက်နက်သန့်စင်သူတွေကို ငါမေးထားပြီးပြီ၊ ရီမိသားစုရဲ့ နတ်လက်နက်တွေကို သူတို့သန့်စင်ပေးထားတာမဟုတ်ဘူးတဲ့"
"ဒါဆို ရီမိသားစုထဲမှာ အဆင့်မြင့် လက်နက်သန့်စင်သူ သေချာပေါက်ရှိရမယ်။ မဟုတ်ရင် သူတို့ ဒီလောက်နတ်လက်နက်အများကြီး ရနိုင်စရာမရှိဘူး”
ထိုသတင်းက လုံးဝအခြေအမြစ်မရှိသော်လည်း အဓိပ္ပါယ်တော့ရှိသည်။
ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် မကြာသေးမီက တစ်ကိုယ်တည်းကျင့်ကြံရာမှ ထွက်လာသော်လည်း ဤကြီးမြတ်သောခေတ်အတွင်း ရုတ်တရက်တိုးတက်လာသော အင်အားစုတစ်ခုဖြစ်သည့် ရီမိသားစုအကြောင်းကိုတော့ သူကြားသိခဲ့ရသည်။
သို့သော် သူသည် ရီမိသားစုကို များစွာအလေးအနက်မထားချေ။
ရှေးယခင်ခေတ်များတွင် အင်အားစုတစ်ခုခုက အမွေအနှစ်တစ်ခုခုကို ရုတ်တရက်ရရှိပြီး လျင်မြန်စွာ တိုးတက်လာခြင်းသည်လည်း အဆန်းမဟုတ်ပေ။ သို့သော် လုံလောက်သော အခြေခံအုတ်မြစ်မရှိသည့် အင်အားစုများသည် ခဏတာမျှသာ ကျော်ကြားလေ့ရှိသည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှင့် အခြားသူများ၏စိတ်ထဲတွင် ၎င်းတို့ကာလကြာရှည်တည်မြဲခဲ့သော စွမ်းအားများကသာ ထူးပဲသာလွန်ကြသည်။
"မင်းတို့အားလုံး ရီမိသားစုကိုသွားပြီး အဲဒီလက်နက်သန့်စင်သူကို ဒီကိုလာဖို့ ‘ဖိတ်’လိုက်ပါဦး”
'ဖိတ်’သည်ဟူသော စကားလုံးကို ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက ပေါ့ပေါ့တန်တန်ပြောခဲ့သော်လည်း ငြင်းမရနိုင်သော စွမ်းအားတစ်ခုပါရှိသည်။ ဝမ်ရှန်းဂိုဏ်း၏ကျင့်ကြံသူများသည် ထိုစကား၏အဓိပ္ပာယ်ကို နားလည်ကြ၏။ ရီမိသားစုက နာခံမှုရှိလျှင် ၎င်းတို့ကို ဖိတ်ခေါ်မည်ဖြစ်သည်။ မနာခံလျှင်တော့ အတင်းအကြပ် “ဖိတ်ခေါ်” ခံကြရမည်။
သူတော်စင်တစ်ပိုင်းများက ရီမိသားစုသည် လက်နက်သန့်စင်သူတစ်ဦးအတွက်နှင့် ၀မ်ရှန်းဂိုဏ်းကို စော်ကားရဲလိမ့်မည်မဟုတ်ကြောင်း ယုံကြည်ခဲ့ကြသည်။ ၎င်းကို "ဖိတ်ခေါ်" ပြီးလျှင် ပြန်ပေးမည်မပေးမည်မှာ ဝမ်ရှန်းဂိုဏ်း၏ စိတ်အခြေအနေအပေါ်တွင် မူတည်သည်။ အကယ်၍ ၎င်းတို့သာ အဆင့်မြင့် သူတော်စင် လက်နက်သန့်စင်သူကို ကျင့်ကြံပေးနိုင်ပါက ၀မ်ရှန်းဂိုဏ်းအတွက် အလွန်အဖိုးတန်မည်ဖြစ်သည်။
ဤကိစ္စတွင် ရီမိသားစု၏အတွေးကို လုံးဝထည့်တွက်ခြင်းမရှိပေ။ ၎င်းတို့၏ဝမ်ရှန်းဂိုဏ်းက ရီမိသားစု၏လက်နက်သန့်စင်သူများထဲမှတစ်ဦးကို ခေါ်ယူထားခြင်းသည် ၎င်းတို့အတွက် အခွင့်ထူးတစ်ခုဖြစ်သည်ဟုဆိုရမည်။
ဤအတောအတွင်း ရီမိသားစုတွင် ရီဖန်၏အောင်မြင်တက်လှမ်းမှု ပြီးဆုံးလုနီးနေပြီဖြစ်သည်။ ၎င်း၏ပြင်းထန်သည့် စွမ်းအားက ထပ်မံ၍သိသိသာသာ တိုးလာပြန်သည်။ နောက်ဆုံးတွင် ရီဖန်၏ခန္ဓာကိုယ်အတွင်းမှ နတ်စွမ်းအား ထွက်ပေါ်လာသည်။ ကံမကောင်းစွာဖြင့် နတ်စွမ်းအား၏သိပ်သည်းမှုနှင့် ပမာဏက ရီဖန်ကို မကျေမနပ်ဖြစ်စေ၏။ ၎င်းက ပျက်ဆီးခြင်းနယ်မြေမှ ချေးယူထားသော စွမ်းအားနှင့်ပင် မယှဉ်နိုင်ချေ။
ဖြတ်ကျော်ပြီးစက ရီဖန်၏ကျင့်ကြံမှုအဆင့်သည် အစောပိုင်းသူတော်စင်တစ်ပိုင်း အဆင့်တွင်ရှိသည်။ ရီဖန်၏ အစောပိုင်းသူတော်စင်တစ်ပိုင်းအဆင့်သည် သာမန်အစောပိုင်းသူတော်စင်တစ်ပိုင်းနှင့် သေချာပေါက်မတူပေ။ အောင်မြင်မှုမရရှိမီကပင် ရီဖန်သည် အလယ်အလတ် သူတော်စင်တစ်ပိုင်းကို တိုက်ခိုက်နိုင်စွမ်းရှိသည်။
ယခုဖြတ်ကျော်ပြီးနောက် ရီဖန်သည် သူ၏စွမ်းအားကို စမ်းသပ်ရန်အတွက် အထွတ်အထိပ် သူတော်စင်တစ်ပိုင်းကိုရှာဖွေရန် ရုတ်တရက် စိတ်အားထက်သန်လာသည်။ သို့သော် ယခုအချိန်သည် တိုက်ပွဲအတွက် ကောင်းမွန်သောအချိန်မဟုတ်ပေ။ လက်ရှိတွင် အရေးကြီးဆုံးမှာ လက်နက်သန့်စင်သူအဆင့်ကို မြှင့်တင်ရန်ဖြစ်သည်။
"ကျင်းလုံ အကျိုးအမြတ်တွေ ရိတ်သိမ်းတာ ဘယ်လိုအခြေအနေရှိလဲ"
ယခုအခါတွင် ရီကျင်းလုံဦးဆောင်သော ရီမိသားစု၏ အင်မော်တယ်လက်နက်သန့်စင်သူများသည် အလယ်အလတ် သူတော်စင်လက်နက်သန့်စင်သူများဖြစ်နေကြလေပြီ။
"ဦးလေး ဒီအမွေအနှစ်က မယုံနိုင်လောက်အောင် အစွမ်းထက်တာပဲ။ ကျွန်တော်တို့ အများကြီးရလိုက်တယ်!"
ရှေးခေတ်က ဆင်းသက်လာသော ထိပ်တန်းသူတော်စင် လက်နက်သန့်စင်ခြင်းအမွေအနှစ်တစ်ခုသည် မျှော်လင့်ထားသည့်အတိုင်း အချိန်တိုအတွင်း ရီမိသားစု၏လက်နက်သန့်စင်သူများ၏စွမ်းရည်ကို သိသာထင်ရှားစွာမြှင့်တင်ပေးသည်။ ထိုအရာက ယခုမှအခြေခံအုတ်မြစ်ချရုံသာရှိသေးသည်။
၎င်းကို စွမ်းအာအဖြစ်အသွင်ကူးပြောင်းရန်အတွက် အနည်းငယ်အချိန်ယူရဦးမည်။
သို့သော်လည်း ရီဖန်လုပ်ချင်သည့်အရာမှာ တတ်နိုင်သမျှအချိန်တိုအတွင်း ၎င်းတို့၏ အခြေခံအုတ်မြစ်ကို စွမ်းအားအဖြစ် ပြောင်းလဲရန်ဖြစ်သည်။ မဟာသူတော်စင်လက်နက်ကို သန့်စင်ခြင်းသည် လက်တွေ့အသုံးချရန် အကောင်းဆုံးအခွင့်အရေးဖြစ်သည်။
"ရီမိသားစု တစ်ကိုယ်တည်းကျင့်ကြံကြတော့”
မဟာသူတော်စင်လက်နက်ကို သန့်စင်ခြင်းသည် အလွန်အရေးကြီးသောကြောင့် ရီဖန်ပင်လျှင်
၎င်းကိုလျှော့မတွက်ရဲချေ။
ရီမိသားစုကျင့်ကြံသူအားလုံးသည်လည်း ချက်ချင်းနိုးကြားသွားကြ၏။ ရီဖန်သည် ရီမိသားစု၏ လက်နက်သန့်စင်သူများနှင့်အတူ လက်နက်သန့်စင်ခန်းသို့ ထွက်ခွါသွားသည်။
ကျယ်ဝန်းသောလက်နက်သန့်စင်ခန်းက သန့်စင်သူသောင်းပေါင်းများစွာကို တစ်ချိန်တည်းသန့်စင်နိုင်စေသည်။ ရီဖန်ကိုယ်တိုင်တည်ဆောက်ထားသည့် အတွင်းပိုင်းအခင်းအကျင်းများကလည်း အင်မော်တယ်လက်နက်သန့်စင်သူများ၏ စွမ်းဆောင်ရည်ကို အမြင့်ဆုံးသို့ မြှင့်တင်ပေးသည်။
"ကျင်းလုံ မင်းက သူတို့ပစ္စည်းတွေ ကိုင်တွယ်တဲ့နေရာမှာဦးဆောင်ပေးလိုက်"
ရီဖန်၏သိုလှောင်ခန်းထဲမှ အမျိုးမျိုးသော ပစ္စည်းအမျိုးအစားများ လွှင့်ထွက်လာသည်။ ဤပစ္စည်းများသည် အဆင့်နိမ့်များသာဖြစ်သည်။ သို့မဟုတ်လျှင် ရီကျင်းလုံတို့က ၎င်းတို့ကို ကိုင်တွယ်နိုင်လိမ့်မည်မဟုတ်ပေ။ စနစ်မှပေးသော အဆင့်မြင့်ပစ္စည်းအားလုံးကိုတော့ ရီဖန်သိမ်းထားသည်။ အကယ်၍ စနစ်မရှိလျှင် ပစ္စည်းများလုံလောက်နေလျှင်ပင် ရီဖန်က မဟာသူတော်စင်လက်နက်ကို သန့်စင်နိုင်မည်မဟုတ်ချေ။ ယခုအချိန်တွင် စနစ်ကသာ အမှန်တကယ်လှုပ်ရှားနေသောအရာဖြစ်သည်။
ရီဖန်သည် မျက်လုံးမှိတ်ထားလျက် စိတ်လှုပ်ရှားမှုကိုငြိမ်သက်စေရန်ကြိုးစားနေသည်။ မဟာသူတော်စင်လက်နက်ရရှိတော့မည့်အချိန်တွင် တည်ငြိမ်နေရန်မှာ ခက်ခဲလှ၏။ အချိန်ကြာပြီးနောက်တွင် ပစ္စည်းများကို တစ်ခုပြီးတစ်ခု သန့်စင်သွားပြီးသွားပြီဖြစ်သည်။ နောက်ဆုံးတွင် ရီဖန်မျက်လုံးပြန်ပွင့်လာသည်။
"စနစ်၊ မိသားစုနတ်လက်နက် အဆင့်တိုးမြှင့်ခြင်းကို နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်အတွက် သုံးမယ်"
ရီဖန်၏အမိန့်အပြီးတွင် သူ့ထံမှ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ထွက်ပေါ်လာသည်။ မဟာသူတော်စင်လက်နက်သည် မဟာတာအိုကို လွှမ်းမိုးနိုင်သည့် သူတော်စင်နယ်မေစွမ်းအားဖြစ်သည်။ စကြဝဠာဆန္ဒသည်ပင် မဟာသူတော်စင်လက်နက် မွေးဖွားခြင်းကိုရပ်တန့်လိုသောကြောင့် လှုပ်လှုပ်ရှားရှားဖြစ်နေပုံရသည်။
သို့သော် နောက်အခိုက်အတန့်တွင် စကြဝဠာဆန္ဒသည် နားမလည်နိုင်စွာ ရပ်တန့်သွား၏။ စနစ်က ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်သည်မဟုတ်လား။
စနစ်၏အဆုံးစွန်ထိန်းချုပ်မှုအောက်တွင် ရီဖန်၏ခန္ဓာကိုယ်သည် စတင်လှုပ်ရှားနေပြီဖြစ်၏။ ရီဖန်၏လက်ရှိနားလည်နိုင်စွမ်းထက်ပိုသည့် လက်နက်သန့်စင်ခြင်း အသိပညာစီးကြောင်းသည် သူ့စိတ်ထဲတွင်ထွက်ပေါ်လာသည်။
၎င်းကိုအပြည့်အဝဆုပ်ကိုင်နိုင်ပါက ရီဖန်၏လက်နက်သန့်စင်မှုအဆင့်သည် မဟာသူတော်စင်အဆင့်သို့ တိုက်ရိုက်ရောက်ရှိနိုင်မည်ဖြစ်သည်။ နှမြောစရာကောင်းသည်မှာ ရီဖန်သည် ၎င်းတို့ကိုယခုအသုံးပြုနိုင်သော်လည်း များစွာနားမလည်နိုင်သေးချေ။
ရီဖန်က ၎င်းကိုနားမလည်နိုင်သော်လည်း ရီမိသားစု၏လက်နက်သန့်စင်သူများအတွက် အကျိုးအမြတ်များစွာရှိသည်။ ၎င်းတို့သည် လည်ပတ်မှုအများစုကို နားမလည်သော်လည်း
ရီဖန်ပြုလုပ်လိုက်သော လှုပ်ရှားမှုတိုင်းက ၎င်းတို့အတွက် လက်နက်သန့်စင်ခြင်းနည်းပညာများကို ပထမဆုံးအကြိမ်နားလည်လာသကဲ့သို့ အဆုံးမဲ့ဉာဏ်အလင်းကို ယူဆောင်လာပေးသည်။
မျိုးနွယ်စုထဲမှ တစ်ယောက်ပြီးတစ်ယောက် ၎င်းတို့၏ မျက်လုံးများကိုမှိတ်ထားပြီး အာရုံလွင့်မျောသွားကြသည်။ ၎င်းတို့ထဲမှ လက်နက်သန့်စင်ခြင်းတွင် အဆင့်အမြင့်ဆုံးဖြစ်သူ ရီကျင်းလုံသည်သာ ဉာဏ်အလင်းကို အဆက်မပြတ်ခံစားပြီး အသိစိတ်ကိုထိန်းထားကာ အာရုံမလွင့်မျောသွားစေရန် ကြိုးစားနေသည်။ ၎င်းတို့၏လက်ရှိအခြေအနေအရ ၎င်းတို့သည် အာရုံလွင့်မျောခြင်းကို တစ်ကြိမ်မျှသာတွေ့ကြုံခံစားနိုင်မည်ဖြစ်သည်။
သူ၏အခြေခံအုတ်မြစ်ကို တိုးမြှင့်ရန်အတွက် တတ်နိုင်သမျှနားလည်လိုကာ နောက်ဆုံးမှသာ အာရုံလွင့်မျောခြင်းအဆင့်သို့ ရောက်ရှိလိုသည်။
ထိုမှသာ အကျိုးအမြတ်ရိတ်သိမ်းရာတွင် အမြတ်အများဆုံးရလိမ့်မည်ဖြစ်သည်။
"ငါ့မှာ အာရုံလွင့်မျောသွားလို့မဖြစ်သေးဘူး”
ရီကျင်းလုံသည် သူ့နှလုံးသားထဲတွင် အဆက်မပြတ် ဟိန်းဟောက်နေ၏။ ရီကျင်းလုံအပြင် အချို့သောလက်နက်သန့်စင်သူများ၏ ရွေးချယ်မှုမှာလည်း ရီကျင်းလုံနှင့် အတူတူပင်ဖြစ်သည်။
သို့သော် တစ်ခါတစ်ရံတွင် အာရုံလွင့်မျောခြင်းက ၎င်းတို့ထိန်းချုပ်နိုင်သည့် အရာမဟုတ်ပေ။ ကန့်သတ်ချက်သို့ရောက်သည်နှင့်အမျှ ၎င်းတို့သည် ထိုထဲသို့ ကျရောက်သွားလိမ့်မည်။ ထိုအခြင်းအရာမှ ကိုယ့်ကိုယ်ကို ဖိနှိပ်ထားနိုင်သူများမှာ ရီမိသားစုမှလူများရှိလိမ့်မည်။ ထိုအကြောင်းကို အခြားလက်နက်သန့်စင်သူများ သိပါက မနာလိုစိတ်ဖြင့် ငိုသွားကြလိမ့်မည်။
ထိုအချိန်ပြီးနောက်တွင် ရီမိသားစုမှ လက်နက်သန့်စင်သူများ၏အဆင့်ကို အနည်းဆုံးအဆင့်တစ်ခုအထိ တိုးမြှင့်နိုင်လိမ့်မည်ဖြစ်သည်။ ထိုမျှမက အဆင့်နိမ့်သန့်စင်သူများသည် ပို၍ပင်တက်လှမ်းနိုင်လိမ့််မည်။
ရီဖန်၏နည်းစနစ်များဖြင့် အမျိုးမျိုးသောပစ္စည်းများကို နတ်ဘုရားနှိမ်နင်းခြင်းကြာပွတ်ထဲသို့ စဉ်ဆက်မပြတ် ထည့်သွင်းခဲ့ရာ ၎င်း၏အနှစ်သာရသည်လည်း လျင်မြန်စွာကြီးထွားလာခဲ့သည်။
………….
အခန်း ၃၉၃ - မိသားစုစွမ်းအား အဆင့်ဆယ့်သုံး
သူတော်စင်အဆင့်တားမြစ်ချက်တိုင်းသည် မယုံနိုင်လောက်အောင် နက်နဲသောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် ခေါင်းမူးသွားနိုင်သည်။ ယခုအချိန်တွင် ၎င်းတို့ကိုနားလည်ရန် မဖြစ်နိုင်သောကြောင့် ရီကျင်းလုံသည် တားမြစ်ချက်များကို သူ့စိတ်ထဲတွင်ထည့်သွင်းထားခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းကပင် အကျိုးကျေးဇူးများစွာကို ရရှိစေခဲ့၏။
ဆယ်ကြိမ်မြောက်တားမြစ်ချက်ကို ထည့်သွင်းပြီးနောက် ရီကျင်းလုံ သည်းမခံနိုင်တော့ချေ။ သူ့မျက်လုံးများကို မှိတ်လိုက်ပြီးနောက် စတင်နားလည်လာသည်။
ရီဖန်သည် လူတိုင်း၏အခြေအနေကို စောင့်ကြည့်နေရင်း ၎င်းတို့အားလုံး ကန့်သတ်ချက်သို့ရောက်သွားပြီဖြစ်ကြောင်း သိလိုက်သည်။ နောက်တွင်ဖြစ်လာမည့် သန့စင်ခြင်းက သူတို့နှင့် ဘာမှမဆိုင်တော့ပေ။
ရီဖန်သည် စိတ်ထဲတွင်ထိုအရာကို တွေးမိပြီးနောက် သန့်စင်မှုအရှိန်ကို မြှင့်တင်လိုက်သည်။ ရီဖန်သည် ယခင်က ရီမိသားစု၏အင်မော်တယ်လက်နက်သန့်စင်သူများ ပိုမိုနားလည်သဘောပေါက်စေရန်အတွက် သန့်စင်မှုအရှိန်ကို တမင်တကာဖိနှိပ်ထားခဲ့ခြင်းဖြစ်သည်။
အောင်မြင်စွာသန့်စင်နိုင်ရန်အတွက် နှစ်ထောင်ပေါင်းများစွာလိုအပ်သော မဟာသူတော်စင်လက်နက်သည် ယခုအချိန်တွင် စနစ်၏စွမ်းအားအောက်၌ အဆများစွာ အချိန်တိုတောင်းသွားသည်။ နှစ်အနည်းငယ်အတွင်း ၎င်းကို အောင်မြင်စွာ သန့်စင်နိုင်လိမ့်မည်။ ရီဖန်၏သန့်စင်မှုပြီးစီးခါနီးတွင် မထင်မှတ်ထားသော ရီမိသားစုအပြင်ဘက်၌ မမျှော်လင့်ထားသောဧည့်သည်တစ်ဦးသည် ရောက်လာသည်။
၎င်းသည် ၀မ်ရှန်းဂိုဏ်းမှ ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းဖြစ်၏။ ၎င်း၏ ရီမိသားစုထံလာရသည့်ရည်ရွယ်ချက်မှာ ရီမိသားစု၏ လက်နက်သန့်စင်သူကို ခေါ်ဆောင်သွားရန်အတွက်ဖြစ်သည်။ ဤတစ်ကြိမ်တွင် ရီမိသားစုကိုစောင့်ရှောက်ရန် တာဝန်ရှိသော သူတော်စင်တစ်ပိုင်းမှာ ရင်ကျန်းဖြစ်သည်။ သူသည် ထိုသူတော်စင်ရောက်ရှိလာမှုကို သတိပြုမိသည်နှင့် ချက်ချင်းရောက်ရှိလာသည်။
"၀မ်ရှန်းဂိုဏ်း၊ ကောင်းကင်မဲ့"
၀မ်ရှန်းဂိုဏ်းမှ သူတော်စင်တစ်ပိုင်းဖြစ်ကြောင်း ကြားသိရသောအခါ ရင်ကျန်းသည် ကျိုးကြောင်းစီလျော်စွာဖြင့် ရီမိသားစုထဲသို့ ကြိုဆိုလက်ခံခဲ့သည်။ ရီမိသားစုနှင့် ဝမ်ရှန်းဂိုဏ်းတို့သည် ပဋိပက္ခမရှိခဲ့ကြသောကြောင့် ပထမအကြိမ်တွေ့ဆုံမှုတွင် အချင်းချင်းထိပ်တိုက်တွေ့ခြင်းမရှိပေ။
“ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းက ငါတို့ရီမိသားစုဆီ ဘာကြောင့်များရောက်တာလဲ"
ရင်ကျန်းသည် ယခင်က တာအိုဘိုးဘေးအဆင့် စွမ်းအားရှင်တစ်ဦးသာ ဖြစ်သောကြောင့် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းက သူ့ကိုမမှတ်မိခဲ့ချေ။ မထင်မရှားသောလူတစ်ဦးက သူ့ကိုဧည့်ခံသည့်အတွက် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းသည် အနည်းငယ်စိတ်ဆိုးသွား၏။ သူတော်စင်တစ်ပိုင်းအဆင့်ဖြစ်စေ ဝမ်ရှန်းဂိုဏ်း၏ နောက်ခံအခြေအနေဖြင့်ဖြစ်စေ ရီမိသားစုက ၎င်းကိုအလွန်လေးစားသင့်သည်။
သို့သော်လည်း ရီမိသားစုအကြီးအကဲရီဖန်က သူ့ကို လူချင်းတွေ့ဆုံခြင်းမရှိသောကြောင့် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်း၏ ရှုထောင့်မှကြည့်လျှင် ၎င်းကအလွန်အရိုအသေမဲ့လှသည်။
"ဒီတစ်ခါ ငါတို့ဝမ်ရှန်းဂိုဏ်းက ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်းအတွက် မင်းတို့ ရီမိသားစုရဲ့ လက်နက်သန့်စင်သူကို ငှားဖို့မျှော်လင့်ပါတယ်”
ထိုစကားထွက်လာသည်နှင့် ပတ်ဝန်းကျင်က တင်းမာလာသည်။ အင်မော်တယ်လက်နက်သန့်စင်သူနှင့် ဆေးပညာရှင်များသည် မိသားစုတစ်ခု၏ အခြေခံအုတ်မြစ်ဖြစ်သောကြောင့် ရိုးရှင်းသောစကားလုံးအနည်းငယ်ဖြင့် ငှါးယူနိုင်သောအရာမဟုတ်ချေ။ ထို့အပြင် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်း၏ သဘောထားသည် တောင်းဆိုသည့်အခါတွင်ပြသလေ့ရှိသော နှိမ့်ချသည့်သဘောထားမျိုးမဟုတ်ပေ။
သို့သော်လည်း ရင်ကျန်းသည် သူ့ကိုယ်သူ တည်ငြိမ်စွာ ထိန်းထားနိုင်ခဲ့ကာ အပြုံးတစ်ခုနှင့်ပြန်ဖြေလိုက်သည်။
"၀မ်ရှန်းဂိုဏ်းက နက်နဲတဲ့အခြေခံအုတ်မြစ်နဲ့ ပန်ကုစကြဝဠာရဲ့ စွမ်းအားကြီးအင်အားစုမို့ ငါတို့ ရီမိသားစုလေးရဲ့ လက်နက်သန့်စင်သူက မင်းတို့အတွက်အဆင်မပြေမှာ စိုးတယ်"
၀မ်ရှန်းဂိုဏ်းဘက်က မျက်နှာသာမပေးသကဲ့သို့ ရီမိသားစုသည်လည်း တွန်းအားပေးခြင်းမရှိပေ။ လက်နက်သန့်စင်သူငှါးရမ်းခြင်းနှင့်ပတ်သက်၍ ဆွေးနွေးရန် လုံးဝမလိုအပ်ချေ။
ရင်ကျန်း၏စကားကြောင့် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်း၏မျက်နှာသည် ချက်ချင်းမည်းမှောင်သွားသည်။
"ဒါဆို ရီမိသားစုက မငှါးပေးဘူးပေါ့"
ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းထံမှ သူတော်စင်တစ်ပိုင်းနယ်မြေရောင်ဝါက ရင်ကျန်းထံသို့ ဖိနှိပ်လာသည်။ မူလကယဉ်ကျေးသိမ်မွေ့သည့် အမူအရာသည် လုံးဝဆုတ်ဖြဲခံလိုက်ရပြီဖြစ်၏။
ရင်ကျန်း၏မျက်နှာပေါ်ရှိ အပြုံးသည်လည်း မှိန်ဖျော့သွားကာ အေးစက်သောအမူအရာဖြင့် အစားထိုးလိုက်သည်။ ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်း၏ရောင်ဝါကို ဆန့်ကျင်ရန်အတွက် ရင်ကျန်းထံမှ ရောင်ဝါများထွက်ပေါ်လာသည်။
ရင်ကျန်း၏ရောင်ဝါက ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းထက် အနည်းငယ်အားနည်းသော်လည်း သူတော်စင်တစ်ပိုင်းနယ်မြေတွင် ထိုခြားနားချက်က မသိသာလှပေ။ အဆင့်အတန်းအရ ၎င်းတို့နှစ်ယောက်စလုံးက တန်းတူညီတူဖြစ်သည်။ မြင်ကွင်းသည် ရုတ်တရက်ရပ်တန့်သွားပြီး နှစ်ယောက်စလုံး မတိုက်ခိုက်သေးဘဲ တစ်ယောက်ကိုတစ်ယောက် အေးစက်စွာစိုက်ကြည့်နေကြသည်။
ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်း၏ နှလုံးသားသည် အပေါ်ယံတွင်ပြထားသည့်အတိုင်း မတည်ငြိမ်နေပေ။ ရီမိသားစုတွင် သူတော်စင်နှစ်ယောက်သာရှိသည် မဟုတ်လား။ ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းသည် ဤနေရာသို့မလာမီ ရီမိသားစုရှိသူတော်စင်နှစ်ပါး၏ အချက်အလက်များကိုကြည့်ရှုကာ မှတ်လာခဲ့သည်။ ယခုတွင် စာရင်းထဲတွင်မရှိသည့် နောက်ထပ်သူတော်စင်တစ်ပိုင်းတစ်ဦး ပေါ်လာသောကြောင့် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းကို မတည်မငြိမ်ဖြစ်လာစေသည်။
ရီမိသားစုသည် အင်အားမည်မျှကို ဖုံးကွယ်ထားပါသနည်း။ သူတော်စင်တစ်ပိုင်းတစ်ယောက်အနေဖြင့် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းသည် သူတော်စင်တစ်ပိုင်းနယ်မြေကိုရရှိရန် မည်မျှခက်ခဲကြောင်းကို အခြားသူများထက် ကောင်းစွာသိ၏။ ၎င်းတို့ သူတော်စင်တစ်ပိုင်းအုပ်စုသည် ကြီးမြတ်သောခေတ်ကြီးစတင်ပြီး နှစ်ပေါင်းထောင်ချီကြာပြီးနောက်တွင်သာ သူတော်စင်တစ်ပိုင်းနယ်မြေသို့ ဖြတ်ကျော်နိုင်ခဲ့သည်။
ယခုတွင် ကြီးမြတ်သောခေတ်သို့ ရောက်ရှိသည်မှာ နှစ်ပေါင်းထောင်ဂဏန်းမျှသာရှိသေးသည်။ ရီမိသားစုတွင် သူတော်စင်နှစ်ပါးရှိမည်ဟု ထိုအုပ်စုများမျှော်မှန်းထားသည်ထက် ကျော်လွန်နေပြီဖြစ်သည်။ သို့သော် ယခုတွင် ရီမိသားစု၏အင်အားသည် အပေါ်ယံတွင်ပြထားသည်ထက် ကျော်လွန်နေပုံရသည်။ သူတော်စင်တစ်ပိုင်းများသည် မည်သည့်အချိန်မှစ၍ ဤမျှစျေးပေါလာသနည်း။
ကောင်းကင်မဲ့သည် ရင်ကျန်းနှင့်ရင်ဆိုင်ရန်အတွက် ယုံကြည်မှုရှိသော်လည်း အားထုတ်မှုများစွာလိုအပ်သည်။ ထို့အပြင် ၎င်းက ရီမိသားစု၏အခြေစိုက်စခန်းဖြစ်သောကြောင့် အနည်းဆုံး သူတော်စင်တစ်ပိုင်းသုံးယောက်နှင့် ရီမိသားစု၏နောက်ခံများရှိမည်မှာသေချာသည်။
ရင်ကျန်းရုတ်တရက်ထွက်ပေါ်လာခြင်းက ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်း၏ ရီမိသားစုမှလက်နက်သန့်စင်သူကို အတင်းအကြပ်ခေါ်ဆောင်သွားမည့် အစီအစဉ်ကိုဖျက်ဆီးလိုက်သည်။ သို့သော် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်းသည် ထိုကဲ့သို့အရှုံးပေးလိုက်မည်မဟုတ်ပေ။ သူသည်လည်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ အမိန့်ကို မဖီဆန်ဝံ့ပါ။
"မင်းတို့ရီမိသားစုက တော်တော်ကောင်းတယ်။ မင်းတို့နောင်တမရဖို့ဘဲမျှော်လင့်ပါတယ်"
ထိုသို့သတိပေးထားခဲ့ပြီးနောက် ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်း ထွက်ခွါသွားသည်။ ကောင်းကင်မဲ့သူတော်စင်တစ်ပိုင်း ထွက်ခွါသွားသည်ကိုကြည့်ရင်း ရင်ကျန်းသည် ထိုသူကို တားဆီးထားပြီး ဤနေရာတွင်သာတစ်သက်လုံး ပိတ်နှောင်ထားရန် တွန်းအားတစ်ခုကို ခံစားလိုက်ရသည်။
ယခု ရီမိသားစုသည် ဝမ်ရှန်းဂိုဏ်းကို စော်ကားမိသောကြောင့် ၎င်းတို့က အလွတ်ပေးမည်မဟုတ်ပေ။ ရန်သူများဖြစ်လာပြီးမှတော့ အဘယ်ကြောင့် မျက်နှသာပေးရဦးမည်နည်း။ သို့သော်လည်း နောက်ဆုံးတွင် ရင်ကျန်းသည် ရီဖန်မဟုတ်သောကြောင့် သူ့စိတ်ကို ပြတ်သားစွာဆုံးဖြတ်ချက်မချနိုင်ခဲ့ချေ။
ရီဖန်သည်သာ သူ့ရန်သူကိုဆုံးဖြတ်ပြီးသည်နှင့် တုံ့ဆိုင်းနေမည်မဟုတ်ဘဲ သူချက်ချင်းလှုပ်ရှားမည်ဖြစ်သည်။ ယခုအချိန်တွင် သူတော်စင်တစ်ပိုင်းကိုရှင်းလင်းလိုက်ခြင်းက အနာဂတ်တိုက်ပွဲများတွင် အခက်အခဲနည်းပါးစေလိမ့်မည်။
၀မ်ရှန်းဂိုဏ်းနှင့် ထိုအဖွဲ့ငယ်များသည် မတူညီကြချေ။ ရင်ကျန်းသည် နှောင့်နှေးမနေဝံ့ဘဲ ရီဖန်ကိုအကြောင်းကြားရန်အတွက် ရီမိသားစု၏ လက်နက်သန့်စင်ခန်းသို့ ချက်ချင်းလိုက်သွားခဲ့သည်။
……….