အခန်း ၄၃၆-၄၃၈
Vol. 30 Ch. 436-438
အခန်း ၄၃၆ - အလွန်များပြားသော နတ်ဘုရားချိုးဖျက်ခြင်းလှံတံများ
ရှေးရိုးစွဲအယူရှိသည့်အရာရှိများက ၎င်းတို့၏သဘောထားများပြောင်းလဲခဲ့ပြီးနောက် စစ်ဖက်အရာရှိများကို ရှေးရိုးဆန်လွန်းသည်ဟု ထင်လာသည်။ တာ့ယွီနတ်မင်းဆက် ပိုမိုအားကောင်းလာပြီး နယ်မြေချဲ့ထွင်နိုင်သရွေ့ ၎င်းတို့၏စွမ်းရည်များကို ပြသရန် အခွင့်အလမ်းများလည်း ပိုမိုရရှိနိုင်သည်။
ရီရှောင်းရှောင်းသည် ဆူညံပွက်လောရိုက်နေသော စစ်ဘက်အရာရှိများကိုကြည့်ကာ ခေါင်းကိုက်သွားသည်။ စစ်ဘက်အရာရှိ အများအပြားသည် ၎င်းတို့အားနည်းနေသည့်အချိန်မှစ၍ ယနေ့အထိ သူမ၏နောက်သို့လိုက်ခဲ့ကြသော မိတ်ဆွေဟောင်းများဖြစ်ကြသဖြင့် သူမအတွက် ရွေးချယ်ရန်မလွယ်ကူပေ။
၄င်းတို့မတိုက်ခိုက်ခဲ့သည်မှာ ကြာပြီဖြစ်သောကြောင့် ယခုအချိန်သည် ၎င်းတို့သွေးပူလေ့ကျင့်ခန်းလုပ်ရန်နှင့် တာ့ယွီနတ်မင်းဆက်၏ အင်အားပြသရန် အချိန်ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ အချိန်ကြာမြင့်စွာ နှိမ့်ချနေလျှင် ပန်ကုစကြာဝဠာရှိ လူအများအမြင်တွင် တာ့ယွီနတ်မင်းဆက်သည် လုပ်ဆောင်နိုင်စွမ်းမရှိဟု ထင်မြင်လာနိုင်သည်။
"ဒီတစ်ခါတော့ တပ်စုတွေအားလုံး အတူတူ ချီတက်ကြတာပေါ့"
တပ်ဖွဲ့တစ်ဖွဲ့ကို နတ်ဆိုးနတ်ဘုရားများအများအပြားအား နှိမ်နင်းရန် စေလွှတ်နိုင်ကာ၊ ၎င်းတို့၏ စွမ်းအားများကို ဖြန့်ကျက်အသုံးပြုရန် လုံလောက်သည်။ ရီရှောင်းရှောင်း၏ စကားများက စစ်ဘက်အရာရှိများကို ချက်ချင်းပင် စိတ်လှုပ်ရှားစေခဲ့သည်။ ၄င်းတို့သည် စစ်ပွဲအား ဆင်နွှဲရန် အလွန်စိတ်အားထက်သန်နေ၏။
တပ်မှူးများသည် ၄င်းတို့စခန်းအသီးသီးသို့ ပြန်သွားပြီးနောက် ဤစိတ်လှုပ်ရှားဖွယ်သတင်းကို ၎င်းတို့၏လက်အောက်ငယ်သားများထံသို့ ပြန်လည်မျှဝေလိုက်သည်။ ထို့နောက်တွင် တပ်မကြီးများ စတင်ချီတက်လာ၏။ မရေမတွက်နိုင်သော စစ်သင်္ဘောများသည်လည်း တာ့ယွီနတ်မင်းဆက်မှ နေရာလွတ်ဆီသို့ ဦးတည်ထွက်ခွါသွားကြသည်။
ထိုအချိန်နေရာလွတ်တွင်၊ တာ့ယွီနတ်မင်းဆက်က ဤနတ်ဆိုးနတ်ဘုရားများအား မည်သို့တုံ့ပြန်မည်ကို များပြားသော ထောက်လှမ်းရေးများက စောင့်ကြည့်လျက်ရှိသည်။ ဖျက်ဆီးခြင်းနတ်ဆိုး နတ်ဘုရားသည် ရီမျိုးနွယ်စုကို ပစ်မှတ်ထားရန် ဆုံးဖြတ်လိုက်ချိန်မှစ၍ ၄င်းတို့ကလဲ သတိထားစောင့်ကြည့်ခဲ့သည်။
၄င်းတို့သည် ရီမျိုးနွယ်စုအနေဖြင့် နတ်ဆိုးနတ်ဘုရားများနှင့် တိုက်ခိုက်ရာမှ အင်အားဆုတ်ယုတ်လာရန် မျှော်လင့်နေသော်လည်း၊
နတ်ဆိုးနတ်ဘုရားများ အလွန်စွမ်းအားကြီးမားလာခြင်းကိုလည်း အလိုမရှိကြပေ။
အကယ်၍ ရီမျိုးနွယ်စုက ဖျက်ဆီးခြင်းနတ်ဆိုးဘုရားကို မခုခံနိုင်လျှင် နောက်ထပ်ဒုက္ခရောက်မည့်သူမှာ ၄င်းတို့၏အင်အားစုများဖြစ်သည်။
သို့သော် ဤနတ်ဆိုးနတ်ဘုရားများသည် ရီမျိုးနွယ်စု၏ ရန်ဟွမ်နယ်မြေအတွင်းသို့ပင် မဝင်ရောက်နိုင်သဖြင့် ၄င်းတို့၏ဦးတည်ချက်ကို တာ့ယွီနတ်မင်းဆက်ထံသို့ ပြောင်းခဲ့ကြသည်။ တာ့ယွီနတ်မင်းဆက်သည် ရီမျိုးနွယ်စုနှင့် ဆက်စပ်နေသော်လည်း သူတို့၏အင်အားသည် ရီမျိုးနွယ်စုကဲ့သို့ ကြောက်မက်ဖွယ်မကောင်းပေ။
တစ်ဖက်တွင် တာ့ယွီနတ်မင်းဆက်က နတ်ဆိုးနတ်ဘုရားများကို ခုခံနိုင်မည်လားဟု လူအများက စိုးရိမ်နေကြ၏။ ယခုအချိန်သည် တာ့ယွီနတ်မင်းဆက်၏ လက်ရှိအင်အားကိုပြသရန် အချိန်ကောင်းဖြစ်သည်။ တာ့ယွီနတ်မင်းဆက်သည်လည်း ရီမျိုးနွယ်စုကဲ့သို့ပင် နှိမ့်ချနေထိုင်ခဲ့ကြသူများဖြစ်သောကြောင့် တာ့ယွီနတ်မင်းဆက်၏အင်အားသည် အင်အားကြီးနိုင်ငံများအတွက် လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်သည်။
ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် ရုတ်တရက် ကျင့်ကြံသူအများအပြားရောက်ရှိနေသည်ကို ခံစားလိုက်ရသောအခါ နတ်ဆိုးနတ်ဘုရားများကို နေရာလွတ်ဆီသို့ ချီတက်စေသည်။ ၄င်းအား ကျင့်ကြံမှုအဆင့်သို့ အလျင်အမြန်ပြန်လည်ရောက်ရှိစေကာ သူတော်စင်နယ်မြေကို ကျော်ဖြတ်နိုင်စေရန်အတွက် အထောက်အပံ့ဖြစ်သော စွမ်းအားမြင့်ကျင့်ကြံသူများအား တွေ့လိုက်ရချိန်တွင်
၄င်းက အလွန်ဆာလောင်မွတ်သိပ်နေ၏။
၄င်းအာရုံခံစားမိသည့် ကျင့်ကြံသူများသည် သူတော်စင်တစ်ပိုင်းအဆင့်သို့မရောက်သေးသော်လည်း အများစုက အင်မော်တယ်ဘုရင်သို့မဟုတ် အင်မော်တယ်ဧကရာဇ်အဆင့်တွင်ရှိကြသည်။ သို့သော် ၎င်းတို့၏ပမာဏသည် သူ့အတွက် လုံလောက်၏။
"အခုချက်ချင်း တိုက်ခိုက်ကြ!"
တာ့ယွီနတ်မင်းဆက်ကို ဖျက်ဆီးလိုက်သည်နှင့် တစ်ပြိုင်နက် ရီမျိုးနွယ်စုက ငြိမ်နေဦးမည်ဟု သူမယုံပါ။
"တိုက်ပွဲဝိညာဉ်ကို အသက်သွင်းတော့!"
"အသန်မာဆုံးသူကို ငါတို့ကြယ်စုတပ်ဖွဲ့နဲ့ လွှဲထား၊ ကျန်တာအားလုံး မင်းတို့အတွက်ဘဲ!"
အခြားတပ်များသည်လည်း အနောက်ကောင်းကင်အင်မော်တယ်ဧကရာဇ်၏ အမိန့်ကို သဘောမတူခြင်း မရှိကြချေ။ ကြယ်စုတပ်ဖွဲ့လေးခုက မည်သည့်အဖွဲ့မဆို ၎င်းတို့အချင်းချင်း ရင်ဆိုင်နိုင်သည်အထိ ကြောက်စရာကောင်းသည်။
သို့သော် ကြယ်စုတပ်ဖွဲ့လေးခု၏ပေါင်းစပ်မှုက စွမ်းအားအရှိဆုံးဖြစ်ကြောင်းကိုတော့ ၎င်းတို့ဝန်ခံရမည်။ ထို့ကြောင့်အသန်မာဆုံးလူအား ကြယ်စုတပ်ဖွဲ့အတွက် ထားခဲ့ခြင်းက ကျိုးကြောင်းဆီလျော်သည်။
"တိုက်ပွဲဝိဉာဉ်သင်္ကေတ၄ခု၊ နိုးထတော့!"
အဇူရာနဂါး၊ ကျားဖြူ၊ မီးလျှံငှက်၊ ရွှမ်ဝူ (လိပ်နက်)။
ကြယ်စုတပ်ဖွဲ့မှဗိုလ်ချုပ်များက တိုက်ပွဲဝိညာဉ်လေးခုကို ထိန်းချုပ်ထားသည်။ ၎င်းတို့နိုးထလာချိန်တွင် ၎င်းဗိုလ်ချုပ်လေးဦး၏စွမ်းအားများ အဆမတန်တိုးလာခဲ့သည်။ အဆုံးမဲ့ဗလာနယ်ထဲတွင် ကြယ်ရောင်သည် တိုက်ပွဲဝိဉာဉ် သဆင်္ကတလေးခုထံသို့ ကျရောက်လာသည်။
အနောက်ကောင်းကင်အင်မော်တယ်ဧကရာဇ်သည် ထိုအင်အားစု၏အဓိကထိန်းချုပ်သူဖြစ်ကာ အရှေ့တစ်လှမ်းတိုးလာပြီးနောက် နတ်ဆိုးနတ်ဘုရားအဖွဲ့ထံမှ အလွန်ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရသည်။ ကြယ်စုတပ်ဖွဲ့အများအပြား၏ စွမ်းအားသာမရှိလျှင် ၎င်းသည် ရင်ဆိုင်နိုင်မည်မဟုတ်ချေ။
"အမိန့်ကို ဆန့်ကျင်ရဲတဲ့ ပုရွက်ဆိတ်တွေပဲ!"
နတ်ဆိုးနတ်ဘုရားများကြားတွင် တစ်ဦးချင်းအင်အားက အရေးပါဆုံးဟု ယုံကြည်ကြသည်။ ထို့ကြောင့် စုပေါင်းအင်အားကို အားကိုးပြုသော ကြယ်စုတပ်ဖွဲ့အား ၄င်းတို့က အထင်သေးလျက်ရှိသည်။
"ဖျက်ဆီးခြင်းအလင်းတန်း!"
၎င်းတို့သည် အားပြင်းသော အဖျက်စွမ်းအားတစ်ခုကို အမည်းရောင်ပျက်စီးခြင်းအလင်းတန်းတစ်ခုအဖြစ် ပေါင်းစည်းလျက် ကြယ်စုတပ်ဖွဲ့ထံသို့ ပစ်လွှတ်လိုက်သည်။ ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ အနောက်တွင်ရှိသော အခြား နတ်ဆိုးနတ်ဘုရားများသည်လည်း စိတ်မရှည်ကြတော့ချေ။
ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားက လူသား ကျင့်ကြံသူများအားချေမှုန်းလိုက်သည်နှင့်၊ ၎င်းတို့သည်လည်း ထိုလူတို့၏ နှလုံးကိုဝါးမြိုကြတော့မည် ဖြစ်သည်။ သို့သော် နောက်အခိုက်အတန့်တွင် ၄င်းတို့ထိတ်လန့်သွားသည်။
အကြောင်းမှာ ရွှမ်ဝူတိုက်ပွဲဝိညာဉ်က အခင်းအကျင်း၏ရှေ့တွင် ပေါ်ထွက်လာသောကြောင့် ဖြစ်သည်။ ခုခံကာကွယ်ရေးအတွက် ကျော်ကြားသောရွှမ်ဝူသည် တိုက်ခိုက်ရေးတွင် မကျွမ်းကျင်သော်လည်း သူ၏ခုခံမှုမှာ မည်သူကမှ မဖျက်ဆီးနိုင်လုနီးပါးဖြစ်သည်။
လက်ရှိပန်ကုစကြာဝဠာတွင် ကြယ်စုကျင့်ကြံသူများ၏ စွမ်းအားဖြင့် ထောက်ပံ့ထားသော ရွှမ်ဝူ၏ တိုက်ပွဲဝိညာဉ်အကာအကွယ်ကို ရီဖန်မှလွဲ၍ မည်သူမျှမဖြတ်ကျော်ဝံ့ကြပေ။ ပျက်စီးခြင်းအလင်းတန်းသည် ရွှမ်ဝူ၏လိပ်ခွံအား တိုက်စားရန်ကြိုးစားသော်လည်း ၎င်းကကာကွယ်နိုင်ခဲ့သည်။
ဖျက်ဆီးခြင်းနတ်ဘုရားသည်ပင်လျှင် အနည်းငယ် မယုံကြည်နိုင်ဟန်ဖြင့် သူ့မျက်လုံးများကို ပွတ်သပ်ကြည့်နေမိသည်။ အင်မော်တယ်ဧကရာဇ်များနှင့် အင်မော်တယ်ဘုရင်များက ၄င်း၏ဖျက်ဆီးခြင်းအလင်းတန်းများအား အမှန်တကယ် ခံနိုင်ရည်ရှိခဲ့သည်ကို မယုံကြည်နိုင်ချေ။
"မဖြစ်နိုင်ဘူး!"
ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် ကြယ်စုကျင့်ကြံသူများထံသို့ ထပ်မံ၍ တိုက်ခိုက်ခဲ့သည်။ သို့သော်မည်သို့ပင် တိုက်ခိုက်ခဲ့သည်ဖြစ်စေ မထိရောက်ဘဲ ဖြစ်ကာ ရလဒ်သည် အတူတူပင်ဖြစ်နေသည်။
အဆက်မပြတ် ဆက်တိုက်တိုက်ခိုက်နေခြင်းကြောင့် ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏ များပြားသော စွမ်းအားပမာဏကို လျော့နည်းစေသည်။
မျက်စိတစ်မှိတ်အတွင်း၌ ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား မောပန်းလာကာ ပုရွက်ဆိတ်များကဲ့သို့အရေးမကြီးဟု ၄င်းထင်ထားသော လူတစ်စုက ၄င်း၏တိုက်ခိုက်မှုများကို တားဆီးနေသည်အား လက်မခံနိုင်ဘဲရှိသည်။
ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏အကြည့်ကို ခံစားလိုက်ရသော ကောင်းကင်အင်မော်တယ်ဧကရာဇ်ရှီးထျန်းက ပြုံးလိုက်သည်။
"မင်းအထင်သေးရအောင် ငါတို့ကို ဘယ်သူများ မှတ်နေလဲ၊ခွေးကောင်!"
ထို့နောက်အခိုက်အတန့်တွင် ရွှမ်ဝူတိုက်ပွဲဝိညာဉ်သည် အဇူရာနဂါးတိုက်ပွဲဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားသည်။ တိုက်ပွဲဝိညာဉ်သင်္ကေတ ၄ခုကို ထိန်းချုပ်ထားသည့် အင်မော်တယ်ဧကရာဇ်လေးပါးသည်လည်း ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားကို စတင်တိုက်ခိုက်ခဲ့သည်။
စဉ်ဆက်မပြတ်ခုခံကာကွယ်ခြင်းက ကြယ်စုကျင့်ကြံသူများ၏ ပုံစံအစစ်အမှန်မဟုတ်ပေ။
၄င်းတို့သည် စတင်တည်ထောင်ချိန်မှစ၍ တာ့ယွီနတ်မင်းဆက်၏ ရန်သူအားလုံးကို ချေမှုန်းရန်ဟူသောဆန္ဒကို ကိုယ်စားပြုခဲ့ကြသူများဖြစ်သည်။
ဤတိုက်ခိုက်မှုသည် ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားကို အလွန်အံ့သြသွားစေခဲ့သည်။ ၄င်းပုရွက်ဆိတ်ဟုပင် အထင်သေးခဲ့သူများသည် ၄င်း၏တိုက်ခိုက်မှုများအား ခံနိုင်ရည်ရှိရုံမျှသာမက ယခုအခါ ၄င်းကိုပင် တိုက်ခိုက်ကြလျက်ရှိသည်။
ဤကြီးမြတ်သောခေတ်ကာလတစ်လျှောက် ပန်ကုစကြာဝဠာတွင် ဤကဲ့သို့ ပြင်းထန်သောအပြောင်းအလဲများကို ဖြစ်စေခဲ့ခြင်းမှာအဘယ်အကြောင်းကြောင့် ဖြစ်သနည်း။
သူ၏အတွေးများမဆုံးမီ ကြယ်စုကျင့်ကြံသူများ၏ တိုက်ခိုက်မှုများ ကျရောက်လာသည်။ အချိန်ကြာမြင့်စွာ နှိမ့်ချနေထိုင်ခဲ့သော တာ့ယွီနတ်မင်းဆက်သည် ၎င်းတို့၏စွမ်းအားကို ပန်ကုစကြာဝဠာတစ်ခုလုံးအား ထပ်မံပြသခဲ့သည်။ ၄င်းတို့ငြိမ်သက်နေခဲ့ခြင်းသည် အားနည်း၍မဟုတ်ဘဲ စတင်လှုပ်ရှားရန် စိတ်မဝင်စားခြင်းကြောင့်သာ ဖြစ်သည်။
သို့သော် ၄င်းတို့ကိုစတင်တိုက်ခိုက်လျှင် တစ်ဖက်မှ ခံနိုင်ရည်ရှိရန် အလွန်အားထုတ်ရမည်ဖြစ်သည်။
ကြယ်စုကျင့်ကြံသူများသည် အခြားသော နတ်ဆိုးနတ်ဘုရားများကိုပင် ဂရုမစိုက်ဘဲ ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားအား ချက်ချင်းဖမ်းဆီးခဲ့သည်။
ထိုအချိန်တွင် တိုက်ခိုက်လိုသော အခြားအင်အားစုများလည်း ပေါ်ထွက်လာသည်။ အသန်မာဆုံးရန်သူကို ဖမ်းဆီးထားပြီးဖြစ်သော်လည်း ကျန်ရှိနေသောရန်သူများက သူတို့ကို အနည်းငယ်အပျင်းပြေစေဦးမည်။
တိုက်ပွဲသည် နေရာလွတ်တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့၏။ တာ့ယွီနတ်မင်းဆက်၏ ပြင်းထန်သော အတိုက်အခိုက်များကြားတွင် ဖမ်းမိမည်ကို ကြောက်ရွံ့သောကြောင့် ၄င်းတို့သည်မိုင်ပေါင်းသန်းပေါင်းများစွာထိ ကြောက်ရွံ့စွာ ဆုတ်ခွါသွားကြသည်။
တာ့ယွီနတ်မင်းဆက်သည် နတ်ဆိုးနတ်ဘုရားများကိုပင် တိုက်ခိုက်ဝံ့သည့်အတွက် ဤစစ်မြေပြင်တွင် ၎င်းတို့၏ဘေးကင်းရေးကို အာမခံနိုင်မည်ဟု မည်သူမျှ မယုံကြည်ခဲ့ကြပေ။ လွန်ခဲ့သောအခိုက်အတန့်တွင် ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားက ရန်သူများအား နှိမ်နင်းပြီးသည်ကို စောင့်ဆိုင်းနေခဲ့သော အခြားနတ်ဆိုးနတ်ဘုရားများသည် ယခုအခါတွင် ၎င်းတို့လည်းဝန်းရံတိုက်ခိုက်ခံနေရပြီဖြစ်သည်။
ကြယ်စုကျင့်ကြံသူများ၏စွမ်းအားကို မျက်မြင်တွေ့ပြီးနောက်၊ ၎င်းတို့အားနည်းသည်ဟု လျှော့တွက်ခဲ့ကြသည့်လူသားများထံတွင် ရှုံးနိမ်သွားခဲ့ပြီဖြစ်သည်။
ဤကျင့်ကြံသူများသည် ထိုမျှလောက် အစွမ်းထက်လိမ့်မည်ဟု နတ်ဆိုးနတ်ဘုရားများ၏စိတ်ထဲတွင် တွေးမိကြသည်။ သို့သော် ၄င်းတို့သည်လည်း တိုက်ခိုက်ခံရပြီဖြစ်သောကြောင့် စဉ်းစားရန်အချိန်မရှိတော့ချေ။ ၎င်းတို့သည် ပြန်လည်ခုခံရန်မတတ်နိုင်တော့ဘဲ တစ်ယောက်ချင်းစီ ရက်စက်စွာ ဆွဲယူသတ်ဖြတ်ခြင်းခံနေကြရသည်။
သို့သော် ထိုအခြေအနေတွင်ပင် ၄င်းတို့သည် ကြောက်ရွံ့နေကြပုံမရပေ။ အများစုသည် လူသားတို့၏လက်ထဲတွင်ရှုံးနိမ့်ပြီး သေဆုံးကြ၏။ သို့သော်လည်း အနာဂတ်တွင် ၎င်းတို့၏ စည်းတံဆိပ်များမှ ပြန်လည်မွေးဖွားလာဦးမည်ဖြစ်သည်။ ထိုအတွေးသည် တပ်ဖွဲ့ခေါင်းဆောင်က နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို ယူဆောင်မလာမည့်အချိန်ထိသာ ကြာလိုက်သည်။
နတ်ဘုရားချိုးဖျက်ခြင်းလှံတံ ပေါ်ထွက်လာသောအခါ ၎င်းတို့၏ နက်နဲသောသွေးမျိုးဆက်အတွင်းမှ မှတ်ဉာဏ်များလည်း ပြန်လည်နိုးထလာသည်။ ၎င်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်နိုင်သည့် အစွမ်းထက်လက်နက်တစ်ခုအား လူသားများပိုင်ဆိုင်နိုင်သည်ကို မယုံကြည်နိုင်ဖြစ်နေကြ၏။
နတ်ဘုရားချိုးဖျက်ခြင်းလှံတံကို သန့်စင်သည့် နည်းလမ်းသည် ပျောက်ဆုံးသွားပြီဟုသာ ၄င်းတို့ထင်ထားကြသည်။ ပျောက်ဆုံးသွားခြင်း မဟုတ်ခဲ့လျှင်ပင် နတ်မင်းဆက်က ၎င်းတို့၏တိုက်ခိုက်မှုကိုကြိုတင်မသိနိုင်ရာ အဘယ်ကြောင့် ဤမျှပြင်ဆင်ထားပြီးဖြစ်နေသနည်း။ တာ့ယွီနတ်မင်းဆက်က ၎င်းတို့အတွက် နတ်ဘုရားချိုးဖျက်ခြင်းလှံတံများစွာ ပြင်ဆင်လာခဲ့မည်ဟု ၄င်းတို့မမျှော်လင့်ထားပေ။
၎င်းတို့မသိခဲ့သည့်အရာမှာ သန့်စင်ရန်ခက်ခဲ့သည့် နတ်ဘုရားချိုးဖျက်ခြင်းလှံတံသည် ရီမျိုးနွယ်စု၏ လက်နက်သန့်စင်သူများလေ့ကျင့်ရန်နှင့် ထိပ်တန်းအဆင့်သူတော်စင်လက်နက်သန့်စင်သူဖြစ်လာစေရေးအတွက် ကျော်ဖြတ်ရန်သုံးသည့် စံနမူနာပစ္စည်းဖြစ်နေခဲ့ခြင်းကို ဖြစ်သည်။ အဆက်မပြတ် သန့်စင်ခဲ့ခြင်းကြောင့် ထိုလက်နက်များစွာကို စုဆောင်းရရှိခဲ့သည်။
ယခုအချိန်သည် ထိုလက်နက်အားလုံးကို နတ်ဆိုးနတ်ဘုရားများအတွက် ထိရောက်စွာ ပြန်လည်အသုံးပြုရန် ပြီးပြည့်စုံသော အခိုက်အတန့်ပင်ဖြစ်သည်။ ၎င်းတို့၏နောက်ဆုံးကြိုးစားမှုသည်ပင် အချည်းနှီးဖြစ်ကြောင်း သိရှိသွားသောအခါ နတ်ဆိုးနတ်ဘုရားများအလွန်ထိတ်လန့်သွားခဲ့သည်။
………
အခန်း ၄၃၇ - ဒီလိုပဲဖြစ်သင့်တာမဟုတ်လား
ယခု သူတို့၏ဝှက်ဖဲကို ထုတ်ဖော်ပြသလိုက်ပြီဖြစ်ရာ တပ်စုများအနေဖြင့် ထိုနတ်ဆိုးနတ်ဘုရားများကို ထွက်ပြေးခွင့်မပေးတော့ပေ။
“ထောက်ချောက်အခင်းအကျင်း!"
တပ်ဖွဲ့၏အခင်းအကျင်းသည် သတ်ဖြတ်ခြင်းအခင်းအကျင်းမှ ထောက်ချောက်အခင်းအကျင်းအဖြစ် ချက်ချင်းပြောင်းလဲသွားသည်။ ၎င်းတို့သည် တစ်ဦးတစ်ယောက်ကိုမျှ အလွတ်ပေးမည် မဟုတ်ချေ။
ချက်ချင်းပင် နတ်ဆိုးနတ်ဘုရားများ၏ နာကျင်စွာအော်သံများ အဆက်မပြတ်ပဲ့တင်ထပ်လာသည်။
တစ်ဖက်တွင် ယခင်ကထိန်းထားနိုင်ခဲ့သော ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရား၏တည်ငြိမ်မှုသည် ပျောက်ဆုံးသွားပြီဖြစ်သည်။ ၎င်း၏ လက်အောက်ငယ်သားများထံမှ အော်ဟစ်သံများကို အဆက်မပြတ်ကြားနေရသည်။
"မင်းတို့ တာ့ယွီနတ်မင်းဆက်က ပြန်ပြင်လို့မရနိုင်မဲ့အခြေအနေတွေအထိ ရောက်အောင် တွန်းအားပေးနေကြတာလား"
နတ်ဆိုးဘုရားသည် ဒေါသတကြီး အော်ဟစ်လိုက်သည်။ ဤအချိန်တွင် သူသည် တာ့ယွီနတ်မင်းဆက်က်ု နှုတ်ဖြင့်သာခြိမ်းခြောက်နိုင်သည်။ ၎င်းက တာ့ယွီနတ်မင်းဆက်ကို ကျရှုံးစေလိုပြီး ၎င်းတို့အား ဖျက်ဆီးပစ်ကာ ရီမိသားစုကိုယ်တိုင် ထွက်ပေါ်တိုက်ခိုက်လာရန် တွန်းအားပေးမည့် အတွေးကို အကောင်အထည်မဖော်နိုင်တော့ပေ။ ရီမိသားစုကို အလွယ်တကူ လှည့်စား၍ရမည်မဟုတ်ဟူသော ထန်မင်းဆက်ဘုရင်၏စကားသည် အမှန်ပင်ဖြစ်သည်။ ယခု ထိုစကားကို နားမထောင်ခဲ့ခြင်းအတွက်သာ နောင်တရနေသည်။
သူတော်စင်တစ်ပိုင်း နတ်ဆိုးနတ်ဘုရားများ၏ခြိမ်းခြောက်မှုသည် ကြီးမားသောသက်ရောက်မှုရှိနေဆဲဖြစ်သည်။ နတ်ဆိုးနတ်ဘုရားများသာ လွတ်မြောက်သွားလျှင် ၄င်းတို့ကိုဖမ်းဆီးထားသည့် တာ့ယွီနတ်မင်းဆက်အတွက်လည်း ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုအဖြစ်ဆက်ရှိနေလိမ့်မည်။
လူတိုင်းက တာ့ယွီနတ်မင်းဆက်၏တုံ့ပြန်မှုကို စောင့်မျှော်နေကြသည်။ ၎င်းတို့က ဤနတ်ဆိုးနတ်ဘုရားများကို လွှတ်လိုက်မည်လား သို့မဟုတ် သေသည်အထိတိုက်ခိုက်မည်လား သိချင်နေကြ၏။
"သေတဲ့အထိချစမ်းပါ။ မင်းတို့ ငါတို့ကိုနိုင်မယ်ထင်လို့လား"
နေရာလွတ်ထဲမှ လှောင်ရယ်သံတစ်သံထွက်ပေါ်လာသည်။
ရီရှောင်းရှောင်းသည် တာအိုဘိုးဘေး၏မီးဖီးနစ်ကို စီးနင်းလျက် ဖျက်စီးခြင်းနတ်ဆိုးနတ်ဘုရားထံသို့ ရောက်လာခဲ့သည်။
ဤကာလအတွင်း ရီမိသားစု၏ကျင့်ကြံသူများသည် သူတော်စင်အိမ်တော်အတွင်းရှိ ပျက်ဆီးခြင်းအရည်အိုင်အနီးတွင် ကျင့်ကြံနေခဲ့ကြပြီး ၎င်းတို့၏ကျင့်ကြံမှုအဆင့်သည် အလျင်အမြန်မြင့်တက်လာသည်။ ရီရှောင်းရှောင်း၏ ကျင့်ကြံမှုအဆင့်သည် အံ့ဩဖွယ်ကောင်းစွာ အထွတ်အထိပ်သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီး သူတော်စင်တစ်ပိုင်းနယ်မြေမှ တက်လှမ်းရန် နီးစပ်လာပြီဖြစ်သည်။
တာ့ယွီနတ်မင်းဆက်သည် မည်သည့်အခါမျှ အလွယ်တကူအရှုံးပေးခြင်းမရှိခဲ့ချေ။ တာ့ယွီနတ်မင်းဆက်နှင့် ပဋိပက္ခစတင်ဝံ့သူများသည် ၎င်းတို့၏ကံကြမ္မာကို စည်းတံဆိပ်ခတ်ထားပြီးဖြစ်သည်။ ရီရှောင်းရှောင်းပေါ်လာသောအခါ ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် ကျောရိုးတစ်လျှောက်ချမ်းစိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ၄င်း၏အသက်အားခြိမ်းခြောက်နေသည့် ထူးဆန်းသော ခံစားမှုတစ်ခုကို သူရရှိနေ၏။
သူတော်စင်တစ်ပိုင်းအဆင့်မျှသာရှိသော လူသားက သူ့အား ထိုသို့သောခံစားချက်ကို မည်သို့ပေးနိုင်မည်နည်း။ ထိပ်ပိုင်းတပ်ဖွဲ့စုလေးခုမှ သူတော်စင်တစ်ပိုင်းများသည်ပင် ၄င်းအား ဤမျှအသက်ရှူကြပ်သည့်ခံစားချက်ကို တစ်ခါမျှမပေးခဲ့ချေ။
သို့သော်မကြာမီတွင် ရီရှောင်းရှောင်းက ၄င်းအား ထိုသို့သောခံစားချက်များ ပေးနေသည့် အကြောင်းအရင်းကို နားလည်ခဲ့သည်။ ရီရှောင်းရှောင်း၏ဆင့်ခေါ်မှုကြောင့် တာ့ယွီနတ်မင်းဆက်ကိုကာကွယ်ရန်အတွက် ပြုလုပ်ထားသည့် ကံကြမ္မာရွှေကွင်းကိုးခုသည် နေရာလွတ်အထက်တွင် ပေါ်လာသည်။
"လူသားဧကရာဇ်မင်းရဲ့ အမည်အောက်မှ ငါရီရှောင်းရှောင်းက ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားကို သေဒဏ်ပေးတယ်"
ဧကရာဇ်၏စကားတစ်ခွန်းသည် ရွှေကွင်းကိုးခုအပေါ်သို့သက်ရောက်သွားသည်။ ၎င်းသည် စကားစုတစ်ခုမျှသာမဟုတ်ဘဲ ဥပဒေတစ်ခုဖြစ်သည်။ နောက်အခိုက်အတန့်တွင် လူသားဧကရာဇ်၏ စည်းတံဆိပ်သည် ရီရှောင်းရှောင်းထံတွင်ထွက်ပေါ်လာသည်။ ရီရှောင်းရှောင်းကိုယ်တိုင် ရေးသားထားသော ကြက်သွေးရောင်စည်းတံဆိပ်သည်
လူသားဧကရာဇ်နိယာမကို အပြည့်အဝဖော်ပြနေသည်။
ရွှေကွင်းအတွင်းမှ ရွှေနဂါးကိုးကောင်သည်လည်း ဖျက်ဆီးခြင်း နတ်ဆိုးနတ်ဘုရားဆီသို့ ဦးတည်ပျံသန်းသွားကြသည်။
နဂါးကြီး၏ဟိန်းဟောက်သံသည် နေရာလွတ်တစ်ခုလုံးကို ပဲ့တင်ထပ်သွား၏။
ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားသည် စကြဝဠာတစ်ခုလုံးထံမှငြင်းပယ်ခြင်းကိုခံရပြီး ၄င်း၏စွမ်းအားများကို ဖယ်ရှားနေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။ နောက်ဆုံးတွင် ရွှေနဂါးကိုးကောင်သည် ၄င်းကို လုံးဝဝါးမြိုပစ်လိုက်၏။
ရီရှောင်းရှောင်း၏မျက်နှာသည် ပြောင်းလဲခြင်းမရှိ တင်းမာလျက်ပင်။ တကယ်တမ်းတွင် သူမ၏လက်သည် အနည်းငယ်တုန်လှုပ်နေကာ သူမ၏ ဖြူလျော့နေသောမျက်နှာသည် ဖိအားများကြောင့်သာ တင်းမာသကဲ့သို့ဖြစ်နေခြင်းဖြစ်သည်။ သူတော်စင်တစ်ပိုင်းအား နှိမ်နင်းရန် တာ့ယွီနတ်မင်းဆက်၏စွမ်းအားအလုံးစုံကို အသုံးပြုလိုက်ရသောကြောင့် ရီရှောင်းရှောင်းသည်လည်း ပင်ပန်းလျက်ရှိသည်။
သို့သော် တာ့ယွီနတ်မင်းဆက်၏အင်အားကိုပြသရန်အတွက် ရီရှောင်းရှောင်းသည် ဆက်လက်တောင့်ခံထားခဲ့သည်။
ယခုကဲ့သို့ ကြီးမားသောစွမ်းအားကို မပြသခဲ့လျှင် အနာဂတ်တွင် ပိုမိုများပြားသော အန္တရာယ်များ ပေါ်ပေါက်လာနိုင်သည်။
ထိုအဖြစ်အပျက်ကို စောင့်ကြည့်နေသည့် အင်အားစုအသီးသီးနှင့် ၎င်းတို့၏သူလျှိုများသည် နတ်ဆိုးနတ်ဘုရား ရှုံးနိမ့်သွားခြင်းကို မယုံကြည်နိုင်စွာရှိလျက် သက်ပြင်းပင်ချမိကြသည်။ ၄င်းတို့အမြင်တွင် ရီရှောင်းရှောင်းသည် ကြက်ကလေးတစ်ကောင်အား သတ်လိုက်သကဲ့သို့ပင် တည်ငြိမ်လျက်ရှိနေသည်။
သူလျှိုများသည် အခြားသော နတ်ဆိုးနတ်ဘုရားများ၏ကံကြမ္မာကိုပင် စိတ်မပူနိုင်တော့ဘဲ ထိုအချက်အလက်များအား သူတို့၏အထက်အရာရှိထံ ပြန်တင်ပြရန် ချက်ချင်းထွက်ပြေးသွားသည်။ ရီမိသားစုသည် ရန်စ၍ ရသည့်လူမျိုး မဟုတ်မှန်းလည်း သိသွားကြ၏။
သူတော်စင်တစ်ပိုင်း၏ တိုက်ခိုက်ရေးစွမ်းအားသည် ဤအဆင့်တွင် အမြင့်ဆုံးဟုယူဆ၍ရသည်။ ရီရှောင်းရှောင်းသည် ဤနတ်ဆိုးဘုရားကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့လျှင် ၎င်းတို့အင်အားစုရှိ သူတော်စင်တစ်ပိုင်းများကိုလည်း အလွယ်တကူ ဖယ်ရှားပစ်နိုင်သည်။ ၎င်းတို့၏ သူလျှိုများမှ ပေးပို့သော မှတ်တမ်းများကို ကြည့်ရှုပြီးနောက်တွင် အထက်အရာရှိကြီးများမှာ နှုတ်ဆိတ်သွားကြတော့သည်။
ရီမိသားစု၏အင်အားသည် နှစ်စဉ်တိုးတက်လာမည်ဖြစ်ကြောင်း မှန်းဆခဲ့ကြသော်လည်း ထိုမျှတိုးတက်မှုသည် ကြီးမားလွန်းလှသည်။ ရီရှောင်းရှောင်း၏အင်အားက သူတို့ကို အလွန်ပင်ကြောက်လန့်စေသည်။ ထိုတိုက်ခိုက်မှုအတွက် ရီရှောင်းရှောင်းသည် တစ်စုံတစ်ခုပေးဆပ်ရမည်ကိုသူတို့ ရှင်းရှင်းလင်းလင်း နားလည်သော်လည်း တူညီသော စွမ်းအားဖြင့် နောက်ထပ်တိုက်ခိုက်မှုတစ်ခုကို ပြုလုပ်နိုင်သည် မလုပ်နိုင်သည်ကို မည်သူမျှ လောင်းကြေးမချဝံ့ပေ။
လောင်းကြေးသည် အနည်းဆုံးသူတော်စင်တစ်ပိုင်း၏ အသက်ဖြစ်သဖြင့် မြင့်မားလွန်းကာ ထိပ်တန်းအင်အားစုလေးခုပင်လျှင် ထိုအလောင်းအစား မပြုလုပ်ဝံ့ကြပေ။ မည်သည့်အင်အားစုအတွက်ပင်ဖြစ်စေ သူတော်စင်တစ်ပိုင်းသည် အဖိုးမဖြတ်နိုင်သောကြောင့်ဖြစ်၏။ သူတော်စင်တစ်ပိုင်း၏ကျရှုံးမှုက အင်အားစုများ၏ အဆုံးသတ်အစပင် ဖြစ်နိုင်သည်။
"ရီမိသားစုရဲ့ စွမ်းအားမြင့်တက်မှုက အရမ်းမြန်လွန်းတယ်”
ကောင်းကင်နှလုံသားသူတော်စင်တစ်ပိုင်းသည် ထိုမြင်ကွင်းအား ကြည့်ရှုပြီးနောက် သက်ပြင်းချလိုက်မိသည်။ ပန်ကုစကြဝဠာကို သူတို့ထိန်းချုပ်မှု ဆုတ်ယုတ်လာချိန်တွင် ရီမိသားစုသည် ပိုမိုအားကောင်းလာသည်။ ထိုသို့ဖြစ်နေမည်ဆိုလျှင် မကြာမီတွင်၄င်းတို့ရှုံးနိမ့်သွားလိမ့်မည်။
"သူတော်စင်ကမ္ဘာက ငါတို့အတွက် အထောက်အပံ့တွေပို့နိုင်မလား"
နတ်ဆိုးနတ်ဘုရားမြောက်မြားစွာ နိုးထလာခြင်းနှင့် ပန်ကုစကြာဝဠာ၏ ပြောင်းလဲမှုများအကြောင်းကို သူတော်စင်ကမ္ဘာရှိ သူတော်စင်အစည်းအရုံးကို အစီရင်ခံလိုက်သည်။ ထို့နောက်တွင် ထိပ်တန်းအင်အားစုလေးခုအနေဖြင့် ပန်ကုစကြာဝဠာကို ပြန်လည်ချုပ်ကိုင်နိုင်ရန်အတွက် လက်နက်များကို ၎င်းတို့တတ်နိုင်သရွေ့ပေးပို့မည်ဟု ဆိုခဲ့သည်။ ထို့အပြင် ၎င်းတို့သည် ကောင်းကင်နှလုံသားသူတော်စင်တစ်ပိုင်းအား ဟုမ်မိန်ခရမ်းရောင်ချီကို တတ်နိုင်သမျှ စတင်စုဆောင်းရန် ညွှန်ကြားခဲ့သည်။
ပန်ကုစကြာဝဠာသည် ပြန်လည်ကောင်းမွန်နေပြီဟု ထင်ရသည်။ မူလပန်ကုစကြာဝဠာသည် မပြည့်စုံသောစကြာဝဠာတစ်ခုသာဖြစ်သည်။ သူတော်စင်အစည်းအရုံးအတွက် ထိုနေရာသည် အရန်စွမ်းအားအချို့ကို ပေးစွမ်းနိုင်သော နေရာတစ်ခုသာဖြစ်သည်။
…………
အခန်း ၄၃၈- ဒီလိုပဲဖြစ်သင့်တာမဟုတ်လား
သူတော်စင်အစည်းအရုံးသည် စကြာဝဠာများစွာကို ထိန်းချုပ်ထားသော်လည်း ပြီးပြည့်စုံသည့် စကြဝဠာတစ်ခုသည် လုံးဝကွဲပြားသည့်အရာဖြစ်သည်။ ပြီးပြည့်စုံသည့်စကြာဝဠာတစ်ခုသည် သူတော်စင်အစည်းအရုံး၏ဆန္ဒကို မွှေနှောက်ပစ်နိုင်သည်အထိ စွမ်းအားကြီးမားသည်။ ၎င်းသည် မဟာသူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦးကို မွေးဖွားပေးနိုင်၍။
ပြည့်စုံပြီးဖြစ်သောရွှမ်ယွမ်စကြဝဠာတွင် သူတော်စင်အစည်းအရုံးကို တန်ပြန်တိုက်ခိုက်နိုင်သည့် ထိပ်တန်းအင်အားစုများစွာရှိသည်။ ၎င်းကိုထိန်းချုပ်နိုင်ခြင်းဖြင့် သူတော်စင်အစည်းအရုံးသည် အနာဂတ်တွင် စွမ်းအားများ လျင်မြန်စွာတိုးလာနိုင်သည်။
ယခင်ကလျစ်လျူရှုခဲ့သော ပန်ကုစကြာဝဠာသည် ယခုအခါတွင် သူတော်စင်အစည်းအရုံးအတွက် အဖိုးတန်နေရာတစ်ခုဖြစ်လာသည်။
သို့သော်ပန်ကုစကြာဝဠာတွင် စကြာဝဠာ၏နှလုံးသားတစ်ခုရှိနေကြောင်းကိုမူ ထိပ်တန်းအင်အားစုလေးခုအား ၎င်းတို့ကမပြောခဲ့ပေ။
စကြဝဠာ၏နှလုံးသားကို သန့်စင်နိုင်သူသည် ပန်ကုစကြာဝဠာတစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်သည်။ သို့သော် စကြဝဠာ၏နှလုံးသားကိုသန့်စင်ရန် ပန်ကုစကြာဝဠာတွင် မွေးဖွားသည့် မူလအသက်ဓာတ်တစ်ခုကို လိုအပ်လိမ့်မည်။ သူတော်စင်အစည်းအရုံးသည် ပန်ကုစကြာဝဠာ၏ မူလအသက်ဓာတ်အတွက် ပြင်ဆင်နေသောကြောင့် စတင်မလှုပ်ရှားကြသေးချေ။
တာ့ယွီမင်းဆက်၏တိုက်ခိုက်မှုသည် အခြားအင်အားစုများအတွက် သတင်းကောင်းတစ်ခုဖြစ်သည်။ ဖျက်ဆီးခြင်းနတ်ဆိုးနတ်ဘုရားကျဆုံးခြင်းနှင့် နတ်ဆိုးနတ်ဘုရားများစွာကို လိုက်လံနှိမ်နင်းခြင်း အပြီးတွင် ကျန်နတ်ဆိုးနတ်ဘုရားများသည် ပို၍နာခံလာကြပြီး ၎င်းတို့က တိုက်ခိုက်မည့်အစား ပုန်းအောင်းနေကြသည်။ ၎င်းက အခြားအင်အားစုများကို အသက်ရှုချောင်စေသည်။ အနည်းဆုံး နတ်ဆိုးနတ်ဘုရားများ၏ ခြုံခိုတိုက်ခိုက်ခြင်းကို အမြဲကြောက်ရွံ့ရန်မလိုတော့ပေ။
သို့သော် ထိပ်တန်းအင်အားစုများအတွက်မူ အခြေအနေမကောင်းလှပေ။ ၎င်းတို့၏ နက်နဲသောစွမ်းအားများကြောင့် နတ်ဆိုးနတ်ဘုရားများကို မကြောက်ရွံ့ခဲ့ကြချေ။
ယခုအခါတွင် နတ်ဆိုးနတ်ဘုရား၏ခြိမ်းခြောက်မှု လျော့ပါးလာသောကြောင့် အင်အားစုငယ်များနှင့် အလယ်အလတ်အင်အားစုများက ၎င်းတို့နှင့် အလောတကြီး မပူးပေါင်းကြတော့ချေ။
၎င်းတို့၏ အင်အားပြန်လည်ဖြည့်တင်းရန် အစီအစဉ်မှာလည်း ပျက်ဆီးသွားသည်။
အရေးအကြီးဆုံးမှာ ရီမိသားစု၏ကျော်ကြားမှု ကြီးမားလာသည့်အတွက် အင်အားစုလေးခု၏ အရေးပါမှုသည် လျင်မြန်စွာလျော့နည်းလာသည်။ ၄င်းတို့ကို အနည်းငယ်စိတ်သက်သာရာရစေသည့် တစ်ခုတည်းသောအချက်မှာ ရီမိသားစုသည် သူတော်စင်ကမ္ဘာတွင် အခြေခံအုတ်မြစ်မရှိခြင်းဖြစ်သည်။
နောင်ခေတ်တွင် ရီမိသားစုထံတွင်ရှိသည့် ဟုန်မိန်ခရမ်းရောင်ချီကြောင့် သူတော်စင်အဆင့်စွမ်းအားရှင်တစ်ဦး ပေါ်လာနိုင်သော်လည်း ၎င်းကို သူတို့ အလွယ်တကူကိုင်တွယ်နိုင်လိမ့်မည်ဟုထင်ရသည်။ နောင်ခေတ်သည်လည်း အင်အားစုကြီးလေးခု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေဦးမည်သာဖြစ်ရာ ရီဖန်သည် ၄င်းတို့အပေါ် သက်ရောက်မှုရှိမည့်ပုံမပေါ်ပေ။
"စနစ်၊ ပေါင်းစည်းလိုက်တော့!”
ရီမိသားစုတွင် သူတော်စင်တစ်ပိုင်းစွမ်းအားရှင် အရေအတွက်တိုးလာသည်နှင့်အမျှ ရီဖန်၏ကျင့်ကြံမှုအဆင့်သည် သူတော်စင်တစ်ပိုင်းနယ်မြေမှ ဖြတ်ကျော်လုနီးပါးဖြစ်နေပြီဖြစ်သည်။
သို့သော် သူတော်စင်နယ်မြေသို့ဖြတ်ကျော်ရန်အတွက် အချိန်အတိုင်းအတာတစ်ခုလိုအပ်နေသေးသည်။
သူ၏ကျင့်ကြံမှုအဆင့် အားကောင်းလာသည်နှင့်အမျှ နယ်မြေတစ်ခုစီကြား ကွာဟချက်သည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ရီဖန်သည် သူ၏ကျင့်ကြံမှုကို တိုးမြှင့်သည်နှင့်အမျှ ကျင့်ကြံရန် လိုအပ်သောအချိန်သည်လည်း ပို၍ကြာလာသည်။
"ရှောင်းရှောင်းနဲ့ အခြား အထွတ်အထိပ်သူတော်စင်တစ်ပိုင်းတွေလဲ သူတော်စင်တစ်ပိုင်းနယ်မြေကို ဖြတ်ကျော်ဖို့ နီးလာပြီဆိုတော့၊ ငါလဲ သူတော်စင်နယ်မြေကို ရောက်ောက်တော့မယ်မလား"
သူ့တွင် သူတော်စင်နယ်မြေ၏တိုက်ပွဲစွမ်းအားရှိသော်လည်း ထိုသို့သောကိစ္စများနှင့် ပတ်သက်လာလျှင် ပိုမိုမြင့်မားသောနယ်မြေအဆင့်ရှိခြင်းက အမြဲပိုကောင်းလိမ့်မည်။ အင်အားမျှတသော သို့မဟုတ် ခက်ခဲသောတိုက်ပွဲများအတွက် ရုန်းကန်တိုက်ခိုက်နေရခြင်းထက် အလွန်အစွမ်းထက်ခြင်းကြောင့် အင်အားမစိုက်ထုတ်ဘဲ အလွယ်တကူအနိုင်ရခြင်းက ပိုကောင်းသည်မဟုတ်လား။
ပေါင်းစည်းခြင်းအပြီးတွင် ရီဖန်သည် ပန်ကုစကြာဝဠာသို့မပြန်မီ ရီမိသားစု၏လက်နက်သန့်စင်သူများနှင့် ဆေးပညာရှင်များကို အချိန်အတန်ကြာ စီစဉ်ညွှန်ကြားပေးခဲ့သည်။ ဤတစ်ကြိမ် သူပြန်လာသောအခါတွင် ရီဖန်သည် အရင်းအမြစ်အမြောက်အမြားကို ပြန်ယူလာကာ ရန်ဟွမ်ထံသို့ လွှဲပေးလိုက်သည်။
အရင်းအမြစ်များမရှိသော်လည်း ရန်ဟွမ်နယ်မြေသည် ရန်ဟွမ်စကြာဝဠာအဖြစ် တဖြည်းဖြည်းကြီးထွားလာသည်။ သို့သော် အရင်းအမြစ်များဖြင့်ဆိုလျှင် ရန်ဟွမ်နယ်မြေ၏ တိုးတက်မှုနှုန်းသည် ပို၍အရှိန်မြင့်လာမည်။ ရီဖန်သည် အတွေးတစ်ခုတွေးမိလိုက်သဖြင့် ရန်ဟွမ်ကို ဆင့်ခေါ်လိုက်သည်။
နောက်အခိုက်အတန့်တွင် လေဟာနယ်ကို ဆုတ်ဖြဲခြင်းခံလိုက်ရကာ ရန်ဟွမ်သည် ၎င်းအက်ကွဲကြောင်းကြားမှ ထွက်လာသည်။
ရန်ဟွမ်ထွက်လာပြီးပြီးချင်းတွင် မိန်းကလေးငယ်ပုံစံရှိသည့် တစ်စုံတစ်ခုက ရန်ဟွမ့်လက်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လျက် လေဟာနယ်အက်ကြောင်းမှထွက်ပေါ်လာသည်။
"အို မင်းတောင် အရွယ်ရောက်လို့ ကောင်မလေးရနေပြီလား"
နေပါဦး။ စကြဝဠာတစ်ခု၏မဟာတာအိုဖြစ်သည့် ရန်ဟွမ်ရည်းစားရှိနေခြင်းက မည်သို့ဖြစ်နိုင်မည်နည်း။ ထိုမိန်းကလေးသည် အခြားမဟာတာအို၏ လူ့ဇာတိခံယူပုံနှင့် တူနေသည်။
စကြဝဠာတစ်ခုတွင် လူ့ဇာတိခံယူခြင်းတစ်ခုသာ ရှိနိုင်သည်။ ထိုမိန်းကလေးသည် ရန်ဟွမ်စကြဝဠာ၏ လူ့ဇာတိခံယူသူမဟုတ်သည်မှာ ထင်ရှား၏။
ရန်ဟွမ်သည် အခြားစကြဝဠာ၏လူ့ဇာတိခံယူသူအား မည်သည့်နေရာမှ ခေါ်ဆောင်လာသနည်း။ ရီဖန်သည် သူ့ခေါင်းပေါက်ကွဲတော့မတတ် အံ့ဩသွားသည်။ ဤသည်မှာ လုံးဝယုတ္တိမတန်ချေ။
"မင်း ငါ့ကို မိတ်ဆက်ပေးမှာလား။"
ရီဖန်သည် အနည်းငယ် စိတ်ရှုပ်ထွေးလျက် ရန်ဟွမ်ကို မေးလိုက်သည်။
ထိုစကားကိုကြားသောအခါ ရန်ဟွမ်သည် ချိန်းတွေ့နေသည်ကို အမိခံလိုက်ရသည့်ကလေးတစ်ဦးပမာ ရှက်ရွံ့စွာဖြင့် ခေါင်းကုတ်လိုက်သည်။
ခဏအကြာတွင်ရန်ဟွမ်သည် ခေါင်းပြန်မော့လာပြီး
"သခင်၊ သူက ကျွန်တော့ဇနီးလေ " ဟု ရီဖန်ကို ယုံကြည်ချက်ရှိစွာပြောလိုက်သည်။
ရီဖန်သည် သူ့ဇနီးဖြစ်သူ စုယန်အကြောင်းပြောသည်ကို ကြားဖူးထားသော ရန်ဟွမ်သည်လည်း ဤအသုံးအနှုန်းကို ပီပြင်စွာ ထုတ်ပြောလိုက်သည်။ သို့မဟုတ်လျှင် မဟာတာအိုလူ့ဇာတိခံတစ်ဦးအနေဖြင့် ‘ဇနီး’ ဆိုသည်ကို မည်သို့သိနိုင်မည်နည်း။
"ဒါဆို မင်းရဲ့ဇနီးက ဘယ်စကြဝဠာရဲ့ မဟာတာအိုလဲ" ဟု ရီဖန် အံ့ဩစွာမေးလိုက်သည်။
စကြဝဠာတစ်ခုလုံး၏ လူ့ဇာတိအသွင်ယူထားသော ရန်ဟွမ်သည် ဆက်ဆံရေးတစ်ခုကိုပင် ထူထောင်နေပြီဖြစ်ကာ ရီဖန်၏ခြေရာကိုလိုက်နေသည်။
"သခင်၊ ကျွန်မနာမည်က ပန်ကုပါ"
ပန်ကု။ စကြဝဠာတစ်ခု၏ လူဇာတိခံယူသူသည် တိကျသောလိင်အမျိုးအစားမရှိသော်လည်း ၎င်း၏ခံယူချက်အပေါ်အခြေခံ၍ ၎င်းသည် မည်သည့်ပုံစံကိုမဆို ရွေးချယ်နိုင်သည်။ သူ့ရှေ့ရှိ ကလေးမလေးသည် ရန်ဟွမ်ကြောင့် မိန်းကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားခြင်းဖြစ်သည်။
ပန်ကု၊ ထိုနာမည်ကို သူရင်းနှီးနေသည်မဟုတ်လား။
သူမသည် ပန်ကုစကြာဝဠာ၏ လူဇာတိခံတစ်ဦးဖြစ်နေသည်။ ရန်ဟွမ်သည် ၎င်းကို သူတို့အိမ်သို့ပင် ခေါ်ဆောင်လာခဲ့ရာ ရီဖန်သည် ထိုစကြာဝဠာ၏ ယောက္ခမဖြစ်လိမ့်မည်။ ပန်ကုစကြာဝဠာရှိသတ္တဝါအားလုံးကို ပန်ကုစကြာဝဠာ ဖန်တီးထားခြင်းကြောင့် ရီဖန်သည်လည်း ထိုသတ္တဝါအားလုံး၏ ဘိုးဘေးဖြစ်လာသည်။ ဤသည်မှာ လုံးဝရှုပ်ထွေးနေ၏။
အတော်အတန်မေးပြီးသောအခါ ရီဖန်သည် ပန်ကုစကြာဝဠာ၏ လူဇာတိခံယူသူအကြောင်း ပိုမိုနားလည်လာခဲ့သည်။ ပန်ကုစကြာဝဠာကို ကြီးမြတ်သောပန်ကုနတ်ဘုရားက ဖန်ဆင်းနေချိန်တွင် တစ်စုံတစ်ခု၏နှောင့်ယှက်မှုကြောင့် မပြီးမြောက်သော ဖန်းဆင်းမှုတစ်ခုဖြစ်ခဲ့ရကာ ၄င်းတွင်လည်း ကိုယ်ပိုင်အသိစိတ်မရှိခဲ့ရခြင်းဖြစ်သည်။
ယခုတွင် ပန်ကုစကြဝဠာ၏ဒဏ်ရာများသည် အပြည့်အဝပျောက်ကင်းသွားပြီဖြစ်သည်။
ထို့ကြောင့် ၄င်း၏သိစိတ်ဖြစ်သောပန်ကုသည်လည်း နောက်ဆုံးထွက်ပေါ်လာသည်။ သူမအသိစိတ်မပြီးပြည့်စုံသေးဘဲ ရည်ရွယ်ချက်မဲ့ လွင့်မျောနေချိန်တွင် ရန်ဟွမ်သည် သူမကိုတွေ့ရှိခဲ့ခြင်းဖြစ်သည်။
ရန်ဟွမ်သည်လည်း ပန်ကုကဲ့သို့ပင် စကြဝဠာတစ်ခု၏ လူဇာတိခံယူသူဖြစ်သည့်အတွက် ၄င်းတို့နှစ်ယောက်က တူညီသည်ဟု သူမမှတ်ယူလိုက်သည်။ ထို့ကြောင့် ၎င်းတို့သူငယ်ချင်းများ ဖြစ်လာကြသည်။ ရီဖန်၏ အဆက်မပြတ်သွန်သင်ပေးမှုကြောင့် ရန်ဟွမ်သည် လူသားများ၏ဝိသေသလက္ခဏာများကို လက်ခံကျင့်သုံးနေပြီဖြစ်သည်။
ထို့အတူ ရန်ဟွမ်၏လမ်းညွှန်မှုအောက်တွင် စိတ်ဗလာသာရှိသော ပန်ကုသည်လည်း သူ၏ "ဇနီး" ဖြစ်လာခဲ့သည်။ ရီဖန်ပင်လျှင် ရန်ဟွမ်သည် သခင်ဖြစ်သူထက် အထင်ကြီးစရာကောင်းသည်ဟုပင် ချီးကျူးမိသည်။
သူ့ဇနီးသည် လူသားသာဖြစ်သော်လည်း ရန်ဟွမ်သည် ဇနီးရှာသောအခါ နတ်ဘုရားတစ်ပါးကိုရရှိခဲ့သည်။
စကြာဝဠာ၏လူဇာတိခံယူသူနှင့် နတ်ဘုရားတစ်ပါးအကြားတွင် ကွာခြားမှုဟူ၍မရှိချေ။ ထိုသို့ကံကောင်းမှုမျိုးကို ရီဖန်ကလည်း ငြင်းမည်မဟုတ်ပေ။
စကြဝဠာတစ်ခုကို ထိန်းချုပ်နိုင်ခြင်းသည်ပင် ရီမျိုးနွယ်စုကို အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်စေနိုင်သည်။ အကယ်၍ ၎င်းတို့သည် စကြဝဠာနှစ်ခုကို ထိန်းချုပ်နိုင်လျှင် ရီမိသားစုသည် ပို၍ကြီးကျယ်ခမ်းနားလာနိုင်သည်။
ရန်ဟွမ်နှင့်နှိုင်းယှဉ်လျှင် ဤအရွယ်မရောက်သေးသောပန်ကုသည် ပြီးပြည့်စုံသောစကြာဝဠာတစ်ခုဖြစ်ကာ ပို၍ဆွဲဆောင်မှုရှိနေသည်မှာ ထင်ရှားသည်။
"ပန်ကု၊ မင်း အခုပန်ကုစကြာဝဠာကို ထိန်းချုပ်နိုင်ပြီလား" ရီဖန်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။
"သခင်၊ ကျွန်မထိန်းချုပ်နိုင်ပေမယ့် ပန်ကုစကြာဝဠာက အပြည့်အဝ ပြန်မကောင်းသေးပါဘူး၊ ကျွန်မ ထိန်းချုပ်နိုင်တဲ့ စွမ်းအားကလဲ အများကြီးတော့ မဟုတ်ပါဘူး"
ရန်ဟွမ်ကဲ့သို့ပင် ပန်ကုသည်လည်း ရီဖန်ကို"သခင်" ဟု ခေါ်ဆိုသည်။ နောက်အခိုက်အတန့်တွင် ပန်ကု၏လက်လှုပ်ရှားမှုနှင့်အတူ မရေမတွက်နိုင်သော ဟုန်မိန်ခရမ်းရောင်ချီအပိုင်းအစများနှင့် များပြားသောအရင်းအမြစ်များသည် ရီဖန်၏မျက်လုံးများရှေ့တွင် ပေါ်လာသည်။
ဤအရင်းအမြစ်များကို လေထဲမှ ဖန်တီးထားခြင်းမဟုတ်ဘဲပန်ကုစကြာဝဠာမှ ထုတ်ယူခြင်းဖြစ်သည်။ ထို့ကြောင့် ရီဖန်အံသြသွားပြီး ဤမျှကို 'ထိန်းချုပ်မှု သိပ်မရှိဘူး'ဟု ယူဆထားကြပါသလားဟုပင် တွေးမိနေသည်။
တစ်ဖက်တွင် ရီဖန်အလွန်ဝမ်းသာသွားသည်။ ဤတစ်ကြိမ်တွင် ရီမိသားစုချမ်းသာတော့မည်။ ပန်ကုစကြဝဠာတစ်ခုလုံး၏ အရင်းအမြစ်များကို ထိန်းချုပ်ခွင့်ရသဖြင့် ရီမိသားစုသည် အရင်းအမြစ်များ ချို့တဲ့မည်ကို ကြောက်ရွံ့နေတော့မည်မဟုတ်ပေ။
ထိုအချိန်တွင်၊ပန်ကုစကြာဝဠာ၏ အထွတ်အမြတ်ရတနာတိုက်အတွင်း မူလဟုန်မိန်ခရမ်းရောင်ချီအပိုင်းအစကို လိုက်ရှာနေသော သူတော်စင်တစ်ပိုင်းတို့သည် ၎င်းပျောက်ဆုံးသွားသဖြင့် မျက်လုံးများ ပြူးကျယ်စွာဖြင့် အံ့ဩနေကြသည်။
၎င်းတို့တစ်ယောက်နှင့်တစ်ယောက် သံသယပင် ဝင်လာကြသည်။
ဟုန်မိန်ခရမ်းရောင်ချီသည် ပျောက်သွားခြင်း မဖြစ်နိုင်ဘဲ တစ်စုံတစ်ယောက်သည် ၎င်းကိုတစ်နည်းနည်းဖြင့် ယူသွားခြင်းသာဖြစ်မည်။ ထိုသူသည် ၎င်းတို့ကြားထဲမှာပင် ရှိရမည်။ သံသယကြောင့် ၄င်းတို့သည် တစ်ယောက်ကိုတစ်ယောက် စတင်တိုက်ခိုက်ကြတော့သည်။ ဟုန်မိန်ခရမ်းရောင်ချီသည် အမှန်တကယ် ပျောက်ဆုံးသွားခြင်းဖြစ်သည်ကို ၄င်းတို့မသိလိုက်မီ များစွာသေဆုံးသွားကြပြီးဖြစ်သည်။
………