← Chapters

အခန်း ၄၄၈-၄၅၀

Vol. 30 Ch. 448-450

အခန်း ၄၄၈-၄၅၀

Vol. 30 Ch. 448-450

အခန်း ၄၄၈ - အဆုံးအဖြတ်တိုက်ပွဲ

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် လေးနက်နေပုံရသည်။ ၎င်းတို့သည် ကျင့်ကြံသူ အများအပြားထဲမှ ဤကိုယ်ထည်ကိုရွေးချယ်ရန် အချိန်အတော်အတန်ကြာခဲ့သည်။ ပန်ကုစကြဝဠာမှ တက်လှမ်းသွားသူများမှလွဲ၍ ပြင်ပမှလူများသည် ပန်ကုစကြာဝဠာသို့ လုံးဝမဝင်ရောက်နိုင်ပေ။ သို့သော် သူတော်စင်တစ်ဦးကိုလွှဲပြောင်းရန် ကုန်ကျစရိတ်မှာ မြင့်မားလွန်းသောကြောင့် သူတော်စင်အစည်းအရုံးပင် သည်းမခံနိုင်ချေ။

၎င်းတို့သည် ပန်ကုစကြဝဠာ၏နှလုံးသားကို သန့်စင်ရန်အတွက် သင့်လျော်သောကိုယ်ထည်ကို ရှာဖွေရန်မှတပါး ရွေးချယ်စရာမရှိတော့ချေ။ ထို့နောက် အနည်းဆုံးအလယ်အလတ်အဆင့်ရှိသည့် သူတော်စင်တစ်ဦး၏ဝိညာဉ်ကို လွှဲပြောင်းပေးရသည်။ လုံလောက်သော အရင်းအမြစ်များနှင့် သဘာဝစွမ်းရည်များပေါင်းစပ်ခြင်းဖြင့် ၎င်းသည် သူတော်စင်နယ်ပယ်ကိုကျော်လွန်ကာ ဖြတ်ကျော်သွားနိုင်စေသည်။

သာမာန်သူတော်စင်တစ်ဦးသည် စကြာဝဠာ၏နှလုံးသားကို မသန့်စင်နိုင်ချေ။ အင်အားစုကြီးလေးခုမှ သူတော်စင်များသည် စကြာဝဠာ၏နှလုံးကိုသန့်စင်ရန် လုံလောက်သော အင်အားရှိချိန်တွင် ပန်ကုစကြဝဠာကို အခြားသော စွမ်းအားရှင်များက ရှာတွေ့သွားနိုင်သည်။ ထိုအချိန်တွင် သူတော်စင်အစည်းအရုံးပင်လျှင် ပန်ကုစကြဝဠာကို သိမ်းပိုက်ရန် လွယ်ကူမည်မဟုတ်ပေ။

ရှုပ်ထွေးမှုများကို ရှောင်ရှားရန်အတွက် သူတော်စင်အစည်းအရုံးသည် နှောင်းပိုင်းသူတော်စင်တစ်ဦး၏ စိတ်ဝိညာဉ်ကို လွှဲပြောင်းရန်မှတပါး ရွေးချယ်စရာမရှိပေ။ နှောင်းပိုင်းသူတော်စင်တစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းဖြင့် ပန်ဂူစကြာဝဠာကိုသိမ်းပိုက်နိုင်လျှင် ထိုက်တန်ပါသည်။

တွင်းနက်ကြီးတစ်ဖန်ပေါ်လာပြီး ဖျော့တော့သောဝိညာဉ်တစ်ခုက နေရာကူးပြောင်းရေးလမ်းကြောင်းမှတဆင့် ပန်ကုစကြဝဠာအတွင်းသို့ ရောက်ရှိလာသည်။

ရောက်ရှိလာသော ဝိညာဉ်သည် ကြိုတင်ပြင်ဆင်ထားသောခန္ဓာကိုယ်ထဲသို့ စိတ်အားထက်သန်စွာ ဝင်ရောက်သွား၏။ ခဏအကြာတွင် ယခင်ကအသက်မရှိသော ခန္ဓာကိုယ်သည် အသက်ရှုရှိုက်လာသည်။ ၎င်းကထွက်သက်ဝင်သက်ကို ခံစားနေသောကြောင့် ကောင်းကင်နှလုံးသားနှင့် အခြားသူများ အောင်မြင်ခဲ့ကြောင်း သိလိုက်ရသည်။

"ပင်လယ်သူတော်စင်ကို ဂါဝရပြုပါတယ်"

သူတော်စင်တစ်ပိုင်းစွမ်းအားရှင်အများအပြားက တစ်ယောက်ပြီး တစ်ယောက်ဦးညွှတ်လိုက်သည်။ ပင်လယ်ခါးသူတော်စင်သည် လက်ရှိတွင်ကျင့်ကြံမှုအဆင့်မရှိသော်လည်း သူတော်စင်ဖြစ်သည့် အတွေ့အကြုံက သူနှင့်အတူရှိနေဆဲဖြစ်သည်။ လုံလောက်သော အရင်းအမြစ်များရရှိပါက လျင်မြန်စွာ ဖြတ်ကျော်နိုင်လိမ့်မည်။ သူတော်စင်နယ်မြေပင်လျှင် ပင်လယ်ခါးသူတော်စင်အတွက် အလွန်အရေးမပါချေ။

ထို့အပြင် ဟုန်မိန်ခရမ်းရောင်ချီနှင့် အခြားသော အရင်းအမြစ်မျိုးစုံကိုလည်း ပြင်ဆင်ပြီးဖြစ်သည်။ ပင်လယ်ခါးသူတော်စင်သည် အသက်ရှူလိုက်ပြီး ဟုန်မိန်ခရမ်းရောင်ချီအားလုံးကို စုပ်ယူလိုက်သည်။

တခဏအတွင်း ပင်လယ်ခါးသူတော်စင်၏ ကျင့်ကြံမှုအဆင့်က အဆက်မပြတ်မြင့်တက်လာခဲ့သည်။ မကြာမီတွင် သူတော်စင်နယ်မြေသို့ ရောက်ရှိသွား၏။

"ငါ ခဏလောက်ပြန်ဆုတ်ရမယ်၊ ဒီအတောအတွင်းမှာ မင်းတို့ ထိပ်တန်းအင်အားစုလေးခုထဲ အခြားအင်အားစုတွေ လက်အောက်ခံဖြစ်လာအောင် လုပ်ထား”

"အခုကစပြီး မင်းတို့ထိပ်တန်းအင်အားစုလေးခုကလွဲလို့ ပန်ကုစကြဝဠာမှာ တခြားအင်အားစုတွေ မလိုဘူး!"

ပင်လယ်ခါးသူတော်စင်သည် စကြဝဠာ၏နှလုံးသားကို သန့်စင်ပေးနိုင်ပါက ပန်ကုစကြဝဠာကိုထိန်းချုပ်မှုသည် အထွတ်အထိပ်သို့ ရောက်ရှိသွားလိမ့်မည်။ ယခင်က သူတော်စင်အစည်းအရုံးသည် ပန်ကုစကြဝဠာကို ထိန်းချုပ်ထားသော်လည်း ၎င်းတို့အချင်းချင်း ဆက်သွယ်ရန်မှာ ခက်ခဲသည်။

ထို့ကြောင့် ၎င်းတို့သည် ထိပ်တန်းအင်အားစုလေးခုကို အသုံးပြု၍ အခြားအင်အားစုများကိုအုပ်ချုပ်ထားရန် လိုအပ်သည်။ ယခုတွင် ပန်ကုစကြဝဠာကို လုံးဝထိန်းချုပ်ထားနိုင်ပြီဖြစ်ရာ အခြားအင်အားစုများကို မလိုအပ်တော့ပေ။

“ဟုတ်!”

ကောင်းကင်နှလုံးသားနှင့် အခြားသူများ၏ မျက်လုံးများတွင် ရွှင်လန်းမှုအပြည့်ရှိသည်။ ပင်လယ်ခါးသူတော်စင်သည် ၎င်းတို့၏ ကျောထောက်နောက်ခံဖြစ်သောကြောင့် ၎င်းတို့သည်လည်း ယုံကြည်မှုအပြည့်ရှိခဲ့ကြသည်။ ၎င်းတို့ပန်ကုစကြဝဠာကို ချုပ်ကိုင်နိုင်လျှင် အထက်နယ်မြေသို့မတက်လှမ်းမီ အကျိုးကျေးဇူးများစွာ ရရှိလိမ့်မည်။

ပင်လယ်ခါးသူတော်စင်သည် မည်မျှကြာအောင် ဆုတ်ခွာရမည်ကို မသိသောကြောင့် သူတော်စင်တစ်ပိုင်းများသည် မနှောင့်နှေးဘဲ ချက်ချင်းပင် စတင်လုပ်ဆောင်ခဲ့သည်။

၎င်းတို့၏ အခြေခံအုတ်မြစ်နှင့် တခြားပိုင်ဆိုင်မှုတွေအားလုံးသည် စားပွဲပေါ်တွင် အသင့်ရှိနေပြီဖြစ်သည်။ ရှေ့လျှောက် သူတော်စင်များ ချန်ထားခဲ့သော ဝှက်ဖဲများက အသုံးမဝင်တော့ချေ။

"ရီဖန် ရီမိသားစု၊ ဒီတစ်ခါ မင်းတို့ ဘယ်လိုခုခံမှာလဲ!"

ကောင်းကင်နှလုံးသားသည် အဆုံးမရှိသော နေရာလွတ်ထဲ ကြည့်လိုက်ရင်း ရီမိသားစုထံ ကျရောက်တော့မည့် ဘေးအန္တရာယ်ကို တွေ့လိုက်ရသည်။ ရီမိသားစု၏ မဟာသူတော်စင်လက်နက်က အမှန်တကယ် အစွမ်းထက်သော်လည်း သူသည် ဂိုဏ်း၏အခြေခံအုတ်မြစ်ထဲသို့ ဝင်ရောက်ရန် ခွင့်မရသောကြောင့် ရီမိသားစုကိုမယှဉ်ရဲချေ။

ယခုတွင် ထိုမျှအရင်းအမြစ်များကို ရရှိပြီးနောက် ရီမိသားစုသည် သူ့အတွက် ခြိမ်းခြောက်မှုမဟုတ်တော့ချေ။ နှစ်များတစ်လျှောက် ရီမိသားစုနှင့် ထားရှိခဲ့သမျှ ရန်ငြိုးထားအားလုံးကို ကောင်းကင်နှလုံးသား၏စိတ်ထဲတွင် အဆက်မပြတ် ရေးထိုးထားသည်။ သူသည် သူတော်စင်နယ်မြေကိုဖြတ်ကျော်ပြီးနောက် လက်တုံ့ပြန်ရန်မူလကစီစဉ်ထားသော်လည်း ထိုမျှမြန်သောအခွင့်အရေးရလာမည်ဟု သူမျှော်လင့်မထားပေ။

"ရီမိသားစုနဲ့ တာ့ယွီနတ်မင်းဆက်ကို ငါနဲ့လွှတ်ထားလိုက်!"

ကောင်းကင်နှလုံးသားသည် အခြားသော သူတော်စင်တစ်ပိုင်းများထံ သတင်းစကားပေးပို့ခဲ့ကာ သူ၏ရည်ရွယ်ချက်ကို ဖော်ပြခဲ့သည်။ ရီမိသားစုအပေါ် ကောင်းကင်နှလုံးသား၏အငြှိုးက လျှို့ဝှက်ချက်မဟုတ်ပေ။ ဤသူတော်စင်တစ်ပိုင်းများကလည်း လုံးဝကန့်ကွက်ခြင်းမရှိချေ။

ရီမိသားစုသည် အလွန်အင်အားကြီးမားသဖြင့် ရှုံးနိမ့်ခဲ့လျှင်ပင် ဆုံးရှုံးမှုက သိသာလိမ့်မည်။ ယခု ကောင်းကင်နှလုံးသားက ဤတာဝန်ကို ထမ်းဆောင်လိုသောကြောင့် ၎င်းတို့သည်လည်း ကန့်ကွက်ခြင်းမရှိမည်မှာ ထင်ရှားသည်။

“တိုက်ခိုက်ကြ!”

ဝမ်ရှန်းဂိုဏ်း၏အထက်ကောင်းကင်ယံ၌ သူတော်စင်တစ်ပိုင်းတစ်ရာကျော်ပေါ်လာသည်။

၎င်းတို့သည် ယခုအခါတွင် ၀မ်ရှန်းဂိုဏ်းထဲသို့ အပြည့်အဝပေါင်းစည်းသွားကြ၏။ ၎င်းတို့အနေဖြင့် တခြားအင်အားစုများကို တိုက်ခိုက်ရန် စိတ်ပိုင်းဆိုင်ရာ ဖိအားများပင် မခံစားခဲ့ရချေ။

ပထမဦးဆုံး ထိခိုက်ရသူများမှာ ထိပ်တန်းအင်အားစုလေးခုလက်အောက်မှ အင်အားစုကြီးများဖြစ်သည်။ ၎င်းတို့ထဲတွင် တစ်ဒါဇင်မှ ဒါဇင်များစွာအထိ တစ်ပိုင်းသူတော်စင်များပါဝင်သည်။

၎င်းတို့အသီးသီးသည် ကိုယ်ပိုင်သူတော်စင်တစ်ပိုင်း စွမ်းအားရှင်များပင်ရှိကြသည်။ ၎င်းတို့သည် ဟုန်မိန်ခရမ်းရာင်ချီကိုပင် ပိုင်ဆိုင်ထားပြီး အနာဂတ်တွင် စစ်မှန်သော သူတော်စင်တစ်ဦးကိုမွေးဖွားရန် အလားအလာရှိသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့သည် သူတော်စင်တစ်ဦးမွေးဖွားသည်အထိ မစောင့်နိုင်ခဲ့ကြပေ။ အပေါ်ယံအားဖြင့် ဤအင်အားစုကြီးများသည် ထိပ်တန်းအင်အားစုလေးခုအာက်တွင်ရှိသော်လည်း တကယ်တမ်းကွာခြားချက်က ကြီးမားလှသည်။ ထိုလေးခု၏ဝိုင်းရံမှုကို ရင်ဆိုင်ရချိန်တွင် ၎င်းတို့ဘက်မှခုခံရန် အခွင့်အလမ်းမရှိပေ။

"ကောင်းကင်နှလုံးသား၊ မင်းတို့ ၀မ်ရှန်းဂိုဏ်းက ရူးသွားပြီလား။ ငါတို့ ကောင်းကင်စစ်သည်ဂိုဏ်းကလူတွေလဲ အထက်နယ်မြေမှာရှိတာပဲ"

ကောင်းကင်နှလုံးသား၏တိုက်ခိုက်မှုကိုရင်ဆိုင်ရချိန်တွင် ကောင်းကင်စစ်သည်သူတော်စင်တစ်ပိုင်းက သူ၏ဒေါသကို ထုတ်ဖော်ပြသခဲ့သည်။

"ထျန်းပင်း၊ မင်း ၀မ်ရှန်းဂိုဏ်းထဲ ဝင်နိုင်တယ်လေ။ အထက်နယ်မြေအကြောင်းပြောနေတာလား။ တခြားအင်အားစုတွေကို အပြီးတိုင်သုတ်သင်ခိုင်းတာက သူတော်စင်အစည်းအရုံးရဲ့အမိန့်ပဲ”

ဤသို့ဖြင့် ထျန်းပင်းသူတော်စင်တစ်ပိုင်း၏မျက်နှာသည် ချက်ချင်းဖျော့တော့သွား၏။ သူတော်စင်အစည်းအရုံး၏ အကြီးအကဲများသည် ထိုသို့သောအမိန့်ကို မည်သို့ထုတ်နိုင်သနည်း။ ၎င်းတို့၏ဂိုဏ်းမှ အချို့သောပုဂ္ဂိုလ်များသည် အထက်နယ်မြေသို့ တက်လှမ်းသွားနိုင်သောကြောင့် သူတော်စင်အစည်းအရုံး၏ အရေးကိစ္စအချို့ကိုပင် သိရှိခဲ့သည်။

ယခုအခြေအနေက ၎င်းတို့ကို သူတော်စင်အစည်းအရုံး မည်မျှထိတ်လန့်စရာကောင်းကြောင်း နားလည်စေခဲ့၏။ ၎င်းတို့သည် သူတော်စင်နယ်မြေသို့ဖြတ်ကျော်ပြီး အထက်နယ်မြေသို့တက်သွားသော်လည်း ၎င်းတို့သည် သူတော်စင်အစည်းအရုံးတွင် အရေးမပါလှချေ။ ထိုအင်အားကို တွန်းလှန်ရန်အတွက် မည်သို့သတ္တိရှိမည်နည်း။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက လိမ်လည်နိုင်သည့်ဖြစ်နိုင်ခြေကို သူ့စိတ်ထဲတွင် လုံးဝမတွေးပေ။ သူတော်စင်အစည်းအရုံး၏အမည်ကို မည်သူမျှ လိမ်ညာဝံ့မည်မဟုတ်ချေ။

"ငါ ၀မ်ရှန်းဂိုဏ်းထဲဝင်မယ်!"

ထျန်းပင်းသူတော်စင်တစ်ပိုင်းသည် သက်ပြင်းချလိုက်ကာ ရှုံးနိမ့်မှုကိုဝန်ခံလိုက်သည်။ သေခြင်းနှင့်ယှဉ်လျှင် ဤအရာကို ပို၍လက်ခံနိုင်ဖွယ်ရှိသည်။ သူသည် အနာဂတ်တွင် သူတော်စင်ဖြစ်လာရန် ရည်မှန်းထားရာ ပန်ကုစကြာဝဠာတွင် သူမည်ကဲ့သို့ကျဆုံးနိုင်မည်နည်း။

"လက်ခံလိုက်တာလား၊ မင်းမသေမှတော့ ငါဘယ်လိုခိုးရတော့မှာလဲကွာ"

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။ သူ့မျက်လုံးများက ထျန်းပင်းကို လူသတ်လိုစိတ်ဖြင့် စိုက်ကြည့်နေသည်။ သူတော်စင်နယ်မြေ၌ပင်လျှင် ကျင့်ကြံမှုအတွက် အရင်းအမြစ်များလိုအပ်ကာ၊ ၎င်းတို့က ပို၍ပင်များပြားစွာလိုအပ်ဦးမည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ရည်မှန်းချက်ကြီးပြီး သူတော်စင်တစ်ပိုင်းနယ်မြေ အစောပိုင်းအဆင့်တွင် ရှိနေခြင်းကိုမကျေနပ်ပေ။ ထို့ကြောင့်ဤကာလအတွင်း ပန်ကုစကြာဝဠာတွင် အရင်းအမြစ်များကို တတ်နိုင်သမျှ စုဆောင်းထားရန် လိုအပ်သည်။ အကယ်၍ ထျန်းပင်းသူတော်စင်တစ်ပိုင်းအသက်ရှင်နေပါက၊ အရင်းအမြစ်များကိုစုစည်းရန် လွယ်ကူမည်မဟုတ်ချေ။

ထျန်းပင်းသူတော်စင်တစ်ပိုင်းက လက်နက်ချလိုက်သော်လည်း၊ ထိုအချိန်တွင် ကောင်းကင်နှလုံးသား၏ဓားချက်က မထင်မှတ်ဘဲ ဖောက်ထွင်းသွားသည်။ သူ၏ဓားရှည်က ထျန်းပင်း၏ စိတ်ဝိညာဉ်ထဲသို့ ချက်ချင်း ထိုးဖောက်ဝင်ရောက်သွားသည်။ သေဆုံးသွားသည့်တိုင် ထျန်းပင်းသူတော်စင်တစ်ပိုင်း၏ မျက်လုံးများသည် ရှုပ်ထွေးမှုများ ပြည့်နှက်နေ၏။ ကောင်းကင်နှလုံးသားက သူလက်နက်ချခဲ့သော်လည်း အဘယ်ကြောင့် တိုက်ခိုက်နေသေးသနည်း။

သူ့ဓားရှည်ကို ပြန်ထုတ်လိုက်သည့်အခါ သွေးများလွှင့်စင်လာပြီး တခြားသောသူတော်စင်တစ်ပိုင်းများကို ဆက်လက်သုတ်သင်ခဲ့သည်။ ခဏတာငြိမ်သက်သွားခဲ့သော ပန်ကုစကြဝဠာသည် သူတော်စင်အစည်းအရုံး၏ တစ်ခုတည်းသောထုတ်ပြန်ချက်တစ်ခုကြောင့် ပဋိပက္ခများအတွင်း တစ်ဖန်ပြန်ကျရောက်လာသည်။

ဤတစ်ကြိမ်တွင် နတ်ဆိုးနတ်ဘုရားကပ်ထက်ပင် ပိုမိုသေဆုံးသွားကြ၏။ တကယ်တမ်းတွင် လူသားမျိုးနွယ်စု၏ အကြီးမားဆုံး ပျက်စီးမှုအရင်းအမြစ်မှာ လူသားများသာဖြစ်ကာ၊

နတ်ဆိုးနတ်ဘုရားနှင့် အခြားသူများက မတော်တဆဖြစ်ပုံရသည်။ ကျင့်ကြံသူများ၏သေဆုံးမှု တိုးလာသည်နှင့်အမျှ ပန်ကုစကြဝဠာ၏ ပြန်လည်ထူထောင်ရေးအရှိန် မြန်လာသည်ကို မည်သူမျှ သတိမထားမိလိုက်ပေ။သေလွန်သူများကို ကျင့်ကြံပေးခဲ့သောစွမ်းအားကို စကြာဝဠာမှ စုပ်ယူသွား၏။

ချန်မင်ကမ္ဘာရှိ တာ့ယွီနတ်မင်းဆက်၏ရုံးချုပ်တွင်

ဆက်တိုက်ဝင်လာသော အကြောင်းကြားမှုများကို ကြည့်ရင်း ရီရှောင်းရှောင်း၏မျက်နှာသည် တဖြည်းဖြည်း အေးစက်လာသည်။ ၀မ်ရှန်းဂိုဏ်း၊ တာအိုဂိုဏ်းတို့ အင်အားစုကြီးလေးခုက အကြံကောင်းနှင့်မဟုတ်လောက်။

ရီရှောင်းရှောင်းသည် ရီမိသားစုအနေဖြင့် ဤကိစ္စတွင် ပါဝင်ရလိမ့်မည်ဟု မထင်ထားချေ။ ထိုသို့ဖြစ်လာလျှင် ၎င်းတို့ဘက်မှအရင်လှုပ်ရှားလျှင် ပိုကောင်းမည်မဟုတ်လား။ ရီမိသားစုနှင့် ၀မ်ရှန်းဂိုဏ်းကြား အငြင်းပွါးမှုကို အဆုံးသတ်ရတော့မည်။

တိုက်ပွဲမဖြစ်မီတွင် ရီရှောင်းရှောင်းသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်သို့ နောက်ထပ်ခရီးထွက်ခဲ့သည်။ အကြောင်းအရင်းမှာ လူအင်အားထပ်ဖြည့်ရန်ဖြစ်သည်။ ရီမိသားစုသည် လက်ရှိအချိန်တွင် ၎င်းတို့၏ယခင်အခြေအနေနှင့် မတူတော့ဘဲ စွမ်းအားရှင်များစွာရှိလာသည်။

……….

အခန်း ၄၄၉ - ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက မြန်လိုက်တာ

"အစ်ကို လူအုပ်ကိုလှုပ်ရှားခိုင်းလိုက်တော့၊ တိုက်ကြရအောင်"

ရီရှောင်းရှောင်း၏ ပထမဆုံးစကားသည် တိုက်ခိုက်ရန်အတွက် အမိန့်ဖြစ်၏။ ၎င်းက တိုက်ပွဲတစ်ခုဖြစ်လာလိမ့်မည်။ ၎င်းတို့ဘက်မီ စတင်လှုပ်ရှားလာသောကြောင့် ရီမိသားစုကလည်း ယဉ်ကျေးမနေသင့်ပေ။ အစပိုင်းတွင် ရီဖန်သည် ၎င်းတို့၏နက်ရှိုင်းသော အခြေခံအုတ်မြစ်ကြောင့် အင်အားစုကြီးများကိုစိန်ခေါ်ရန် အနည်းငယ်တွန့်ဆုတ်နေခဲ့သည်။ သို့သော် ယခုအချိန်တွင် ထိုစိုးရိမ်မှုများမရှိတော့ပေ။

ရီဖန်၏အမိန့်ကိုလိုက်နာရင်း ရီမိသားစု၏ကျင့်ကြံသူများသည် ကျင့်ကြံရာမှ ထွက်ခွာလာကြသည်။ ရီမိသားစု၏တတိယနှင့် စတုတ္ထမျိုးဆက်များကြားတွင် သူတော်စင်တစ်ဝက်တစ်ပိုင်း ကျင့်ကြံသူအနည်းငယ် ပေါ်ထွက်လာသည်။ သူတော်စင်တစ်ပိုင်းနယ်မြေတွင်မူ ဧည့်သည်အကြီးအကဲများနှင့် ဒုတိယမျိုးဆက်အဖွဲ့ဝင် အနည်းငယ်ကသာ အောင်မြင်ခဲ့သည်။ သို့သော် ထိုအင်အားက လုံလောက်၏။

ရီဖန်သည် သူတော်စင်တစ်ပိုင်းအင်အားတစ်ရာကို စုစည်းလိုက်သည်။ ဘိုးဘေးဗောဓိ၊ ဓားတစ်သောင်းဘိုးဘေး၊ ရင်ကျန်းနှင့် ရီရှောင်းရှောင်း၊ စုစုပေါင်း စွမ်းအားကြီးသူတော်စင်တစ်ပိုင်းလေးဦး ပါဝင်သည်။ ၎င်းတို့အားလုံးသည် သူတော်စင်တစ်ပိုင်းများဖြစ်သော်လည်း ၎င်းတို့ကြားတွင် ကွဲပြားမှုများရှိနေဆဲဖြစ်သည်။

ရီမိသားစု၏ သူတော်စင်တစ်ပိုင်းများသည် ထိပ်တန်း သူတော်စင်အဆင့်နတ်လက်နက်အစုံအလင်ဖြင့် ထိပ်တန်းအရည်အချင်းများနှင့်အတူ ထိပ်တန်းကျင့်ကြံနည်းစနစ်များကို ကျင့်ကြံကြသည်။

ထိုးစစ်၊ ခံစစ်နှင့် ဝိညာဥ်ပစ္စည်းများ၊ အတွင်းအပြင် လက်နက်အပြည့်အစုံကိုလည်း တပ်ဆင်ထားကြသည်။ ထို့အပြင် ရီဖန်သည် ထိပ်တန်း သူတော်စင်အဆင့် အဆောင်အများအပြားကို ထုတ်လုပ်ခဲ့သည်။ အဆောင်တစ်ခုစီသည် အထွတ်အထိပ် သူတော်စင်တစ်ပိုင်းတစ်ဦးထက်မနည်း အစွမ်းထက်သည်။

ထိုကဲ့သို့သော လက်နက်များနှင့် စွမ်းအားများဖြင့် ရီဖန်သည် သူတို့ရှုံးသွားမှသာ အံ့ဩလိမ့်မည်။ ၎င်းတို့ကိုယ်တိုင် နိုင်အောင်မတိုက်နိုင်လျှင်ပင် ၎င်းတို့ထံ၌ စစ်မှန်သော သူတော်စင်အဆင့်စွမ်းအားရှင်ဖြစ်သည့် ရီဖန်ရှိနေဆဲပင်။ ရီဖန်သည် ပန်ကုစကြဝဠာတွင် သူတော်စင်အဆင့်သည် ပေါ်ထွန်းနေပြီဟု မယုံကြည်ခဲ့သော်လည်း၊ ဖြစ်နိုင်ခြေမရှိဟု မသေချာသေးချေ။

ယခုတစ်ကြိမ် ရီမိသားစု၏ကျင့်ကြံသူများသည် ၎င်းတို့၏စွမ်းရည်ကိုစမ်းသပ်ရန် အခွင့်အရေးကောင်းတစ်ခုဖြစ်သည်။ စစ်မှန်သောရန်သူသည် သူတော်စင်ကမ္ဘာတွင်ရှိနေဆဲဖြစ်သည်။ မရေမတွက်နိုင်သော စွမ်းအားရှင်များသည်လည်း အချိန်မရွေးတိုက်ခိုက်ရန် အသင့်ဖြစ်နေပြီဖြစ်သော တာ့ယွီမင်းဆက်နှင့် ပူးပေါင်းလာကြသည်။

တစ်ချိန်တည်းတွင် ၀မ်ရှန်းဂိုဏ်းသည်လည်း စတင်လှုပ်ရှားလာသည်။ သူတော်စင်တစ်ပိုင်း ငါးဆယ်နီးပါးနှင့် စွမ်းအားကြီးသူတော်စင်တစ်ပိုင်း နှစ်ဦးက တိုက်ပွဲတွင်ပါဝင်ခဲ့ကြသည်။ ၀မ်ရှန်းဂိုဏ်း၏ ဝှက်ဖဲကိုပင် ထုတ်လာသောကြောင့်၊ သူတော်စင်တစ်ယောက် ပေါ်လာလျှင်ပင် ၎င်းတို့တိုက်ခိုက်နိုင်သည်။

လက်ရှိပန်ကုစကြဝဠာတွင် ထိပ်တန်းအင်အားစုလေးခုမှလွဲ၍ အခြားမိသားစုများနှင့် ဂိုဏ်းခွဲများသည် အင်အားစုဟုခေါ်ဆိုရန်ပင် သေးငယ်လွန်းလှသည်။ ထိပ်တန်းအင်အားစုလေးခု၏ တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိမရှိ သိချင်စိတ်ပြင်းပြသော ကျင့်ကြံသူများက တာ့ယွီနတ်မင်းဆက်ကို အာရုံစိုက်စောင့်ကြည့်နေသည်။

နောက်ဆုံးတွင် ရီမိသားစုသည် မကြာသေးမီနှစ်များအတွင်း အံ့ဖွယ်အမြောက်အမြားကို ဖန်တီးခဲ့ကာ ထိုအင်အားစုကြီးလေးခုကို အလွန်ဒုက္ခဖြစ်စေခဲ့သည်။ ရီမိသားစုအနေဖြင့် ဤအခြေအနေကို ထိန်းထားနိုင်ရန်မျှော်လင့်ကြ၏။ လူအများစုက တိတ်ဆိတ်ဆုတောင်းနေကြသည်။

ထိပ်တန်းအင်အားစုလေးခုနှင့် နှိုင်းယှဉ်ပါက တိုးတက်လာခါစ ရီမိသားစုက ၎င်းတို့နှင့်ပို၍ နီးစပ်လိမ့်မည်။

ရီမိသားစုသာမထိန်းနိုင်ပါက အနာဂတ်တွင် ပန်ကုစကြဝဠာရှိ တစ်ကိုယ်တည်းကျင့်ကြံသူများအတွက် နေရာမရှိတော့ချေ။

"ရီမိသားစု၊ ဒီအချိန်မှာ မင်းဘယ်လိုခုခံမလဲ!"

တာ့ယွီနတ်မင်းဆက်အပြင်ဘက်တွင် ၀မ်ရှန်းဂိုဏ်းမှ ကျင့်ကြံသူများသည် နယ်မြေအတွင်းရှိ နတ်မင်းဆက်မှ ပြည်သူများကို အေးစက်စွာ စိုက်ကြည့်နေကြသည်။ ၎င်းတို့အနေဖြင့် ကောင်းမွန်သည့်ဘဝများ ပိုင်ဆိုင်ခဲ့ကြသည်မှ ထင်ရှားသည်။ သို့သော် ၎င်းတို့၏အမြင်တွင် ဤမျှလောက်သော သာမန်လူများနှင့် သာမန်ကျင့်ကြံသူများကို ထိုသို့ကောင်းမွန်သောဘဝနေထိုင်ခွင့် ပေးထားခြင်းက တာ့ယွီနတ်မင်းဆက်၏ ဖြုန်းတီးမှုတစ်ခုဖြစ်သည်။

၎င်းတို့၏ တိုးတက်မှုအတွက် အရင်းအမြစ်များဖြစ်လာစေရန် ဤပုရွက်ဆိတ်များကို အသုံးချသင့်သည်။ ကျေးဇူးတင်စရာကောင်းသည်မှာ တာ့ယွီနတ်မင်းဆက်၏ အရင်းအမြစ်များအားလုံးကို အနာဂတ်တွင် ၎င်းတို့ပိုင်ဆိုင်မည်ဖြစ်သည်။

"သတ်ပစ်လိုက်ကြ၊ ဒီနေ့ မင်းတို့ စိတ်တိုင်းကျလုယက်ခွင့်ပေးလိုက်ပြီ!"

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက အေးစက်စွာပြောလိုက်သည်။ ဤသာမန်ကျင့်ကြံသူများ၏ အရင်းအမြစ်များနှင့်ပတ်သက်၍ သူလုံးဝဂရုမစိုက်ပေ။ သူဂရုစိုက်သောအရာမှာ တာ့ယွီနတ်မင်းဆက်၏ ဘဏ္ဍာတိုက်နှင့် ရီမိသားစု၏ အရင်းအမြစ်များဖြစ်သည်။ တာ့ယွီနတ်မင်းဆက်ကို သုတ်သင်ပြီးနောက် ရီမိသားစု၏အလှည့်လာမည်။

တိုက်ခိုက်ရန်ထွက်လာသူများထဲတွင် အားအနည်းဆုံးမှာ တာအိုဘိုးဘေးနယ်မြေ ကျင့်ကြံသူများဖြစ်သည်။ ဒါဇင်နှင့်ချီသည့် သူတော်စင်တစ်ပိုင်းများနှင့် ထောင်နှင့်ချီသည့် တာအိုဘိုးဘေးများက တာ့ယွီနတ်မင်းဆက်ကိုတိုက်ခိုက်ပြီး တာ့ယွီ၏ခံစစ်များကို ဖြိုခွဲပစ်ရန်မျှော်လင့်ကာ ချီတက်လာကြသည်။

ဘမ်းခနဲ အသံတစ်ခုနောက်တွင် စကြဝဠာတစ်ခုလုံး တုန်လှုပ်သွားပုံရသည်။ ဒါဇင်နှင့်ချီသည့် သူတော်စင်တစ်ပိုင်းများအပြင် ထောင်နှင့်ချီသည့် တာအိုဘိုးဘေးများက တပြိုင်နက်တိုက်ခိုက်နေသည့်အတွက် စွမ်းအားကြီးသူတော်စင်တစ်ပိုင်းပင်လျှင် ၎င်းတို့၏တပ်ဦးကို ရှောင်ရလိမ့်မည်။

သို့သော် မကြာမီတွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားလိုက်ရသည်။ တာ့ယွီအပြင်ဘက်တွင် အကာအကွယ်များ တည်ရှိနေသေး၏။ ကံကြမ္မာရွှေကွင်းကိုးခုသည် တာ့ယွီနတ်မင်းဆက်အထက်တွင် လွှမ်းခြုံထားကာ ယခင်တိုက်ခိုက်မှုက ၎င်းအပေါ် လုံးဝသက်ရောက်မှုမရှိသကဲ့သို့ရှိသည်။

"ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ"

သူတော်စင်တစ်ပိုင်းစွမ်းအားရှင် နှစ်ယောက်စလုံး တုန်လှုပ်သွားကြသည်။ ပန်ကုစကြဝဠာရှိ နတ်မင်းဆက်တွင် ဤကဲ့သို့အားကောင်းသည့် ခံစစ်ပုံစံမျိုး မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။

"ဆက်တိုက််ကြ!"

ထိုအချိန်တွင် သူတော်စင်တစ်ပိုင်းစွမ်းအားရှင်များပင်လျှင် တိုက်ခိုက်သည့်အစီအစဥ်တွင် ပါဝင်ခဲ့သည်။သို့သော်

၎င်းက လုံးဝအလုပ်မဖြစ်ပေ။ တာ့ယွီနတ်မင်းဆက်၏ ခံစစ်ဖွဲ့စည်းပုံသည် ပျက်စီးမှုလက္ခဏာမပြဘဲ ခိုင်မာနေဆဲဖြစ်သည်။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့ဘက်တွင် တာအိုဘိုးဘေးများ အများအပြား ဆုတ်ယုတ်လာကာ ဒဏ်ရာရခဲ့ကြသည်။

"တစ်ခုခုတော့မှားနေပြီ။ တာ့ယွီနတ်မင်းဆက်မှာ ဒီလောက်အစွမ်းထက်တဲ့ အခင်းအကျင်းမျိုးမရှိနိုင်ဘူး!"

ကောင်းကင်နှလုံးသား သူတော်စင်တစ်ပိုင်း တစ်ခုခုမှားနေကြောင်းကို ခံစားမိသည်။ ပန်ကုစကြဝဠာသမိုင်းတွင် အရှုပ်အထွေးဆုံးအချိန်အတွင်း၌ပင် ဤကဲ့သို့ ခိုင်မာသောအခင်းအကျင်းများ မရှိခဲ့ချေ။ ရီမိသားစုသည် အမွေအနှစ်တချို့ ရယူထားသော်လည်း ၎င်းတို့က ဤကန့်သတ်ချက်အထိ မကျော်လွန်သင့်ပေ။

သူတော်စင်အစည်းအရုံး၏ အရှင်သခင်အနေဖြင့် ပန်ကုစကြဝဠာအတွင်းရှိ အမျိုးမျိုးသော အမွေအနှစ်များကို ၎င်းတို့ သိရှိကြမည် မဟုတ်လား။

သို့သော် သူတော်စင်အစည်းအရုံး၏မှတ်တမ်းများအရ ပန်ကုစကြဝဠာသည် ရှေးခေတ်က ပျောက်ဆုံးနေသော သမိုင်းကာလတစ်ခုမှလွဲ၍ ထိုကဲ့သို့သောစွမ်းအားမျိုး မရှိခဲ့ပုံရသည်။ ၎င်းက ပျောက်ဆုံးသွားသော သမိုင်းကြောင်းနှင့် ဆက်စပ်နိုင်ပါသလား။

သို့ဖြစ်မှသာ ရီမိသားစုသည် အဘယ်ကြောင့် ဤမျှစွမ်းအားကြီးမားကြောက်း၊ အဘယ်ကြောင့် ဤမျှ လျင်မြန်စွာ တိုးတက်လာကြောင်းကို ရှင်းပြနိုင်သော တစ်ခုတည်းသော ရှင်းလင်းချက်ဖြစ်မည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် သူ့စိတ်ထဲတွင် မနာမလိုဘဲ မနေနိုင်တော့ချေ၊ ရီမိသားစုက ထိုအမွေရခဲ့သည်အထိ အဘယ်ကြောင့် ကံကောင်းနေရသနည်း။

……….

အခန်း ၄၅၀- ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းက မြန်လိုက်တာ

မနာလိုမှုအပြင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် အနည်းငယ်ရှက်ရွံ့သွား၏။ ၎င်းတို့သည် တိုက်ခိုက်ရန်မဆိုနှင့် တာ့ယွီနတ်မင်းဆက်၏ ခုခံကာကွယ်မှုကိုပင် မချိုးဖျက်နိုင်ကြပေ။ ယခုအခါ အားလုံးက တိုက်ပွဲအပေါ် အာရုံစိုက်နေကြသည်။ သူတို့ဘက်မှ ထိရောက်စွာမတိုက်ခိုက်နိုင်လျှင် အများကကဲ့ရဲ့ကြမည်။ ဝမ်ရှန်းဂိုဏ်းသည် ခက်ခဲသောအခြေအနေတွင် ရှိနေ၏။ ရီမိသားစုက အလွယ်တကူ အရှုံးမပေးသောကြောင့် ၄င်းသည် ဒေါသထွက်နေသည်။

"အခု ဘာလုပ်ရမလဲ အရှင်"

သူတော်စင်တစ်ပိုင်းတစ်ယောက်သည် မကြံစည်တတ်တော့သဖြင့် မေးလိုက်သည်။

ဘမ်း!’ ချီဓား၏ပေါက်ကွဲသံနှင့်အတူ ၄င်း၏ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ် ချက်ချင်းကွဲကြေသွားသည်။ တိုက်ပွဲမစခင်မှာပင် ၀မ်ရှန်းဂိုဏ်းသည် သူတော်စင်တစ်ပိုင်းတစ်ယောက်ကို ဆုံးရှုံးခဲ့သည်။

"ဘာလုပ်ရမလဲ ဟုတ်လား။ ငါလဲမင်းကို ဒီလိုပဲ မေးချင်နေတာ”

သို့သော်ရပ်ကြည့်နေ၍မရ။ ၎င်းတို့ ဆန္ဒမရှိလျှင်ပင် ပထမဦးစွာဆုတ်ခွါရမည်။ ထို့နောက် အခင်းအကျင်းအား ဖြိုဖျက်နိုင်မည့်နည်းလမ်းရှာ၍ တာ့ယွီနတ်မင်းဆက်နှင့် ပြန်လည်တိုက်ခိုက်ရမည်။

ဤနေရာတွင်သာ ဆက်၍ရပ်နေလျှင် နောက်ထပ်ကဲ့ရဲ့စရာတစ်ခုသာဖြစ်သွားမည်။

"သွားကြမယ်!"

၀မ်ရှန်းဂိုဏ်းဝင်များ လှည့်ထွက်သွားကြသည်ကို မြင်လိုက်ရသည်နှင့် စောင့်ကြည့်နေသော ကျင့်ကြံသူများသည် မထိန်းနိုင်တော့ဘဲ ရယ်မောနေခဲ့ကြသည်။ ၀မ်ရှန်းဂိုဏ်းသည် အရှိန်အဟုန်ဖြင့် ချီတက်လာခဲ့သော်လည်း ယခုအခါ ၎င်းတို့သည် အမြှီးကုပ်၍ ပြန်လာခဲ့ရသည်။ ၎င်းက အလွန်ရှက်စရာကောင်းသည့် အဖြစ်အပျက်ဖြစ်၏။ ဝမ်ရှန်းဂိုဏ်းသည် ရီမိသားစုကိုအနိုင်ယူပြီးမှသာ ကျင့်ကြံသူများ၏ကဲ့ရဲ့ခံရခြင်းမှ လွတ်မည်ဖြစ်သည်။

သို့သော် ရီမိသားစုသည် ဤကမ္ဘာတွင် မည်သို့စွမ်းအားကြီးလာခဲ့သနည်း။ ဝမ်ရှန်းဂိုဏ်းနှင့် ရီမိသားစုတို့၏အင်အားများ တူညီလျှင် ဖြစ်လာမည့် အဖြစ်အပျက်ကို ၎င်းတို့စဉ်းစားခဲ့ကြသည်။ သို့သော် ၀မ်ရှန်းဂိုဏ်းသည် တာ့ယွီနတ်မင်းဆက်၏ ခုခံကာကွယ်မှုကို ဖြတ်ကျော်နိုင်မည်မဟုတ်ဟု မထင်ထားမိချေ။ ရီမိသားစုကို ကိုင်တွယ်ဖြေရှင်းရန် သူတော်စင်တစ်ဦးကို လိုအပ်လောက်မလား။

"ငါတို့ တာ့ယွီနတ်မင်းဆက်ကို ရင်မဆိုင်တော့ဘဲ အမြန်ထွက်သွားတော့မှာလား"

၎င်းတို့မချိုးဖျက်နိုင်သည့် အခင်းအကျင်းသည် ရုတ်တရက်အတွင်းမှ ပွင့်လာသည်။ အခင်းအကျင်းကိုဖွင့်လိုက်နှင့်တပြိုင်နက် တာ့ယွီနတ်မင်းဆက်မှ စွမ်းအားရှင်များ အရှေ့သို့ထွက်လာကြသည်။ ထိုလူတို့၏နောက်တွင် သန်းရာနှင့်ချီသော တာ့ယွီ၏နတ်မင်းဆက်၏ တပ်မဟာကြီးရှိသည်။ ထိုသို့ချီတက်လာပြီးမှ ၄င်းတို့ထွက်ပြေးသွားမည်ဆိုလျှင် သူတို့ချီတက်လာရခြင်းက အချည်းနှီးဖြစ်သွားလိမ့်မည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် တာ့ယွီနတ်မင်းဆက်၏ များပြားလှသောတပ်ဖွဲ့များကို ကြည့်၍ စိုးရိမ်စိတ်များဖြစ်လာသည်။ ဤအခြေအနေတွင် ထိုသို့ရှေ့ထွက်လာခြင်းက ရူးနေခြင်း သို့မဟုတ် ယုံကြည်မှုပြင်းထန်နေခြင်း ဖြစ်သည်။ ရီမိသားစုသည် အရူးများမဟုတ်ပေ။ ရီမိသားစုသာ အရူးများဖြစ်လျှင် ပန်ကုစကြာဝဠာတွင် ဉာဏ်ရည်မှီသည့် သတ္တဝါဟူ၍ လုံးဝရှိမည်မထင်ပါ။

တာ့ယွီနတ်မင်းဆက်သည် အင်အားအစစ်အမှန်ကိုဖုံးကွယ်၍ ၀မ်ရှန်းဂိုဏ်းကို အနိုင်ယူရန် အသင့်ဖြစ်နေပြီလား။ ကောင်းကင်နှလုံးသားသူတော်စင်က အခြေအနေကိုယုံကြည်ရန် တွန့်ဆုတ်နေသော်လည်း ဤအဖြစ်အပျက်သည် အစစ်အမှန်ဟု ခံစားနေရသည်။

ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း ၄င်းယခုရောက်ရှိနေသည့်နေရာသည် သတိထားရမည်။ သူသည် အန္တရာယ်ကို အမြဲရှောင်ရှားလေ့ရှိသည်။ အန္တရာယ်ကသာ သူ့နောက်မလိုက်လာလျှင် ၄င်းအတွက်လုံခြုံမည်။ ယခုလည်း သူသည် အန္တရာယ်ကို ခံစားမိ၍ ထွက်ပြေးရန် အသင့်ဖြစ်နေသည်။ ၄င်းတွင် နောက်ဆုံးဝှက်ဖဲရှိနေ၍သာ အနည်းငယ် စိတ်သက်သာရာ ရနေခြင်းဖြစ်သည်။

၀မ်ရှန်းဂိုဏ်း၏ကျင့်ကြံသူများ မတုံ့ပြန်မီ တာ့ယွီနတ်မင်းဆက်၏ကျင့်ကြံသူများက ၎င်းတို့အားဝိုင်းရံ၍ စတင်တိုက်ခိုက်နေပြီဖြစ်သည်။ ထိုအချိန်အထိ တာ့ယွီနတ်မင်းဆက်သည် ၎င်းတို့နှင့် လုံးဝမယှဉ်နိုင်ဟု ၀မ်ရှန်းဂိုဏ်းမှကျင့်ကြံသူများသည် ထင်နေကြဆဲဖြစ်သည်။ ၄င်းတို့အားလုံးသည် ကြောက်မက်ဖွယ်စွမ်းအားကို ထုတ်လွှတ်လျက်၊ လက်နက်များကိုကိုင်ဆောင်ကာ တာ့ယွီနတ်မင်းဆက်ကို သတ်ဖြတ်ရန် အသင့်ဖြစ်နေကြသည်။

သို့သော် တာ့ယွီနတ်မင်းဆက်မှကျင့်ကြံသူများသည် ၎င်းတို့၏ရောင်ဝါကို ဖော်ထုတ်လိုက်သောအခါ အားလုံးတုန်လှုပ်သွားကြသည်။ သန်မာသော သူတော်စင်တစ်ပိုင်း တိုက်ခိုက်ရေးသမားတစ်ရာကျော်သည် ၄င်းတို့ရှေ့တွင် ချက်ချင်းပေါ်လာ၏။ ရီမိသားစုတွင် များပြားလှသော သူတော်စင်တစ်ပိုင်းများရှိနေခြင်းကို အားလုံးအံ့ဩနေကြသည်။

ရန်ဟွမ်နယ်မြေသည် လျှို့ဝှက်ဆန်းကြယ်သော်လည်း ရီမိသားစု၏အရင်းအမြစ်သုံးစွဲမှုက ကြီးမားသည်မဟုတ်ဟုသာ ၄င်းတို့သိရှိထားကြသည်။ ရန်ဟွမ်နယ်မြေ၏ အရင်းအမြစ်များသည် ဤမျှများပြားသော သူတော်စင်တစ်ပိုင်းများကို မွေးထုတ်ရန် မလုံလောက်ချေ။

၎င်းတို့ထဲမှ သူတော်စင်တစ်ပိုင်းနယ်မြေအဆင့်ရှိ ရောင်ဝါလေးခုကိုလည်း မြင်နိုင်နေသည်။ ထူးဆန်းသေည သူတော်စင်တစ်ပိုင်းရောင်ဝါလေးခုသည် ၀မ်ရှန်းဂိုဏ်းမှ သူတော်စင်တစ်ပိုင်းများအား စိတ်ရှုပ်သွားစေသည်။

ဗောဓိဘိုးဘေးနှင့် ဓားတစ်သောင်းဘိုးဘေးတို့သည်အလွန်ကျော်ကြားသည်။ ထိုသို့သောစွမ်းအားရှင်များ တစ်ချိန်ထဲတွင် ထွက်ပေါ်လာခြင်းက အလွန်အံ့ဩစေ၏။ အချိန်တိုလေးအတွင်း သူတော်စင်တစ်ပိုင်းနယ်မြေသို့ ရောက်လာခြင်းက မယုံကြည်နိုင်စရာကောင်းသည်။

နှစ်ဘက်စလုံးမှနောက်လိုက်များသည် အောင်မြင်စွာမဖြတ်ကျော်မီ ခေတ်နှစ်ဆက်တိုင် တိုက်ခိုက်ခဲ့သည်။ သို့သော် ယှဉ်လိုက်လျှင် ၄င်းတို့၏အရည်အချင်းများသည် အနည်းငယ် နိမ့်ကျကျန်နေ၏။ ၎င်းတို့ မနာလိုကြောင်းကိုလည်း အကြိမ်များစွာပြောခဲ့ပြီးဖြစ်သည်။ ၀မ်ရှန်းဂိုဏ်း၏ကျင့်ကြံသူများထဲတွင် အသိစိတ်ရှိသည့်တစ်ဦးတည်းသောလူဖြစ်သော ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကသာ 'သူထင်သလိုပဲ' ဟူသည့်အမူအရာဖြင့် တုန်လှုပ်နေသည်။

ရီမိသားစုသည် ယုံကြည်မှုမရှိဘဲ လုံးဝတိုက်ပွဲဝင်မည်မဟုတ်ကြောင်း သူသိသည်။ သူတော်စင်တစ်ပိုင်းလေးယောက်ရှိသော ရီမိသားစုသည် အားကောင်းလွန်းသည်။ ထိုသို့သော အင်အားစုကို ထိပ်တန်းအင်အားစုလေးခု ပူးပေါင်းတိုက်ခိုက်မှသာ ယှဉ်တိုက်နိုင်လိမ့်မည်။ ယခုတစ်ကြိမ်တွင် တိုက်ခိုက်နေသူများသည် ရီမိသားစုမဟုတ်ဘဲ တာ့ယွီနတ်မင်းဆက်သာဖြစ်သည်။

တာ့ယွီနတ်မင်းဆက်တွင်လည်း ဤမျှစွမ်းအားကြီးသူများရှိသည်။ ရီမိသားစုတွင်ဆိုလျှင် စွမ်းအားကြီးသူအရေအတွက် ပို၍ပင်များပြားမည်။ ရီမိသားစု၏ မိသားစုအကြီးအကဲရီဖန်သည် မပေါ်လာသေးချေ။ ထိုအခိုက်အတန့်တွင် ကောင်းကင်နှလုံးသားသူတော်စင်သည် ရီဖန်သူတော်စင်နယ်မြေကို ဖြတ်ကျော်ပြီးပြီဖြစ်ကြောင်း

ကြောက်မက်ဖွယ်အတွေးတစ်ခု ရုတ်တရက်ဝင်လာသည်။

သူတော်စင်နယ်မြေသို့ အခြားသူများ ဖြတ်ကျော်သွားသည်ဆိုပါက သူယုံနိုင်မည်မဟုတ်သော်လည်း ၎င်းကရီဖန်ဆိုလျှင် ဖြစ်နိုင်သည်။ ရီဖန်၏ကျင့်ကြံမှုသည် မြန်လွန်းသဖြင့် အတွေ့အကြုံမရှိသေးသော ကျင့်ကြံသူနှင့်မတူပေ။ ကောင်းကင်နှလုံးသားသည် ထိုသို့သော ရီမိသားစုနှင့်သွားရှုပ်မိသည့်အတွက် စိတ်ရှုပ်ထွေးလျက်ရှိသည်။

တစ်ဖက်တွင်မူ လူသတ်ပွဲသည်စတင်နေပြီဖြစ်၏။ တာ့ယွီနတ်မင်းဆက်သည် ၀မ်ရှန်းဂိုဏ်းကို အနိုင်ရလျက်ရှိသည်။ ဝမ်ရှန်ဂိုဏ်း၏ အဓိကတပ်ဖွဲ့များသည် သူတော်စင်တစ်ပိုင်းများကို မတိုက်ခိုက်နိုင်သဖြင့် တာအိုဘိုးဘေးများကိုသာ တိုက်ခိုက်နေရသည်။ ရီမိသားစုမှ သူတော်စင်တစ်ပိုင်းများသည် ဝမ်ရှန်းဂိုဏ်းသားများထက် အရေအတွက်များစွာ သာသဖြင့် ရီမိသားစုမှနှစ်ယောက်ကို ဝမ်ရှန်းဂိုဏ်သားတစ်ယောက်နှုန်းဖြင့် တိုက်ခိုက်နေကြသည်။

ဝမ်ရှန်းဂိုဏ်းသားများသည် ၄င်းတို့ထက် အခြေခံအုတ်မြစ်၊ ကျင့်ကြံမှုနည်းစနစ်၊ လက်နက်များ စသဖြင့်ပိုကောင်းကာ ကျင့်ကြံမှုအဆင့်လည်းမနိမ့်သောသူများနှင့် ယှဉ်မတိုက်နိုင်ကြချေ။ တိုက်ခိုက်ရန်မဆိုထားနှင့် ထွက်ပြေးရန်ပင် မတတ်နိုင်ကြချေ။ ဤတစ်ကြိမ်တွင် ဝမ်ရှန်းဂိုဏ်း၏ဆုံးရှုံးမှုက ကြီးမားသည်။

ရီရှောင်းရှောင်းသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို ကိုယ်တိုင်ဖမ်းစီးရန်စီစဉ်ခဲ့သည်။ ကောလာဟလသတင်းများအရ ၄င်းသည် ထွက်ပြေးလွတ်မြောက်ရာတွင် ကျော်ကြားသည်။ ဤတစ်ကြိမ်တွင် ၎င်းကို လုံးဝလွတ်မြောက်ခွင့်ပေးတော့မည်မဟုတ်ပေ။

ရီရှောင်းရှောင်းသည် သူမ၏နတ်လက်နက်ကို ထုတ်ယူလိုက်သည်နှင့် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း၏ခန္ဓာကိုယ်မှ ပြင်းထန်သောရောင်ဝါတစ်ခု ထွက်ပေါ်လာသည်ကို သူမ ချက်ချင်းခံစားလိုက်ရသည်။ နောက်အခိုက်အတန့်တွင် ၎င်းက ရီရှောင်းရှောင်း၏ မြင်ကွင်းမှ ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုအရှိန်ဖြင့်ဆိုလျှင် ရီရှောင်းရှောင်းလိုက်ဖမ်းရန်ပင် အလွန်နောက်ကျသွားပြီဖြစ်သည်။ ၎င်း၏ သူတော်စင်တိုက်ပွဲများစွာတွင် ရှင်သန်နိုင်စွမ်းသည် ၄င်း၏ထူးကဲသောအရှိန်ကြောင့်ဟု ဆိုရမည်။

၄င်းထွက်ပြေးသွားသည်ကိုကြည့်၍ ရီရှောင်းရှောင်း သည် စိတ်ပျက်လက်ပျက်ဖြင့် ရပ်နေမိသည်။

ယခင်အချိန်များကဆိုလျှင် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ထွက်မပြေးမီ အနည်းဆုံးတိုက်ခိုက်မည်ဖြစ်သည်။ ယခုအခါတွင် ၄င်းသည် မတိုက်ခိုက်ခင်ကပင် ထွက်ပြေးသွားသည်။ သူ၏သတိရှိမှုက အလွန်မြင့်သည်။

ရီရှောင်းရှောင်းသည် သူမခန္ဓာကိုယ်အတွင်းဝှက်ထားသော ဝိညာဉ်ချည်နှောင်ခြင်းကြိုးကို ဝမ်းနည်းစွာထုတ်လိုက်သည်။ ထိုနတ်လက်နက်သည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း လွတ်မြောက်ခြင်းကိုတားဆီးရန် ရီရှောင်းရှောင်းအတွက် ရီဖန်အထူးဖန်တီးပေးထားခြင်းဖြစ်သည်။ သို့သော် မထင်မှတ်ဘဲ ၄င်းက ထပ်မံလွတ်မြောက်နိုင်ခဲ့သည်။

“ကောင်းကင်နှလုံးသားသူတော်စင် ဒီခွေး..”

ဝမ်ရှန်းဂိုဏ်းမှအခြားသူတော်စင်တစ်ပိုင်းများထံမှ ဒေါသထွက်နေသော ကျိန်ဆဲသံက အနောက်မှထွက်ပေါ်လာသည်။ အကယ်၍ နောက်ဘဝသာရှိလျှင် ၄င်းတို့သည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းနှင့် နောက်တစ်ကြိမ် ပူးပေါင်းတော့မည်မဟုတ်ပေ။ တစ်ခဏအတွင်း ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ဝမ်ရှန်းဂိုဏ်းထဲသို့ ပြန်ပြေးလာခဲ့သည်။

လိုက်ဖမ်းသည့်ရောင်ဝါများမရှိဟု ခံစားရမှသာ နောက်ဆုံးတွင် သူ စိတ်လျှော့လိုက်သည်။ ယခုလေးတင် ခံစားခဲ့ရသောအာရုံက ပြင်းထန်လွန်းသဖြင့် စိတ်မသက်သာလျက်ရှိသည်။ ၄င်း နည်းနည်းကြာကြာဆက်နေခဲ့လျှင် ကြီးမားသည့် အရာတစ်ခုဖြစ်သွားလိမ့်မည်။ ထို့ကြောင့် ၄င်းသည်တိုက်ခိုက်ရန် မကြိုးစားဘဲ ချက်ချင်း ပြေးခဲ့ခြင်းဖြစ်သည်။

"ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်း မင်းဘာလို့ပြန်လာတာလဲ"

ဂိုဏ်းမှ သူတော်စင်တစ်ပိုင်းတစ်ဦးသည် ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းကို မြင်သောအခါ စူးစမ်းလိုစိတ်ဖြင့်မေးသည်။ ကောင်းကင်နှလုံးသားသူတော်စင်တစ်ပိုင်းသည် ရီမိသားစုကို တိုက်ခိုက်ရန် မကြာသေးမီကထွက်သွားခဲ့ကြောင်းကို ၄င်းမှတ်မိသည်။ ၎င်းက ရီမိသားစုသည် အလွန်အားနည်းသောကြောင့် တိုက်ပွဲကိုအလျင်အမြန်အဆုံးသတ်ခဲ့သည်ဟု ထင်နေ၏။

……….

All Chapters