← Chapters

တစ်စုံတစ်ယောက်၏မောက်မာမှုကို ချိုးနှိမ်ခြင်း

Vol. 020 Ch. 1961

တစ်စုံတစ်ယောက်၏မောက်မာမှုကို ချိုးနှိမ်ခြင်း

Vol. 020 Ch. 1961

ကျယ်ပြောလှသည့် နေရာတစ်ခုလုံးမှ မရေတွက်နိုင်သော အကြည့်များက ရီဖူရှင်းပေါ် ကျရောက်လာသည်။ သူက မည်သို့ ဆေးဖော်စပ်ရမည်အား မသိဟု ပြောခဲ့သည်မလား။

ရီဖူရှင်းက ဆေးဖော်စပ်ခြင်းအား အချိန်တိုလေးသာ လေ့လာရသေးသည်ဟု ပြောခဲ့သည်။ သူက အာခီမီနတ်နန်းတော်အား ကစားချင်နေသည်လား။

ကျီဟဲ့က ထိုနေရာ၌ ဆွံ့အစွာ ရပ်နေခဲ့သည်။ ဆေးဖော်စပ်သူဆရာသခင်အနေနှင့် သူသည် ထိုဆေးလုံး၏ အဆင့်ကို သေချာပေါက် ပြောနိုင်သည်။ သူက ရီဖူရှင်း ဖော်စပ်သော ဆေးလုံးက မည်သည့်အဆင့်ရှိသည်ကို ခံစားမိပေသည်။ ရီဖူရှင်း ဖော်စပ်ခဲ့သော ထိုဆေးလုံးမှာ ကျီဟဲ့ ဖော်စပ်ခဲ့သည့်တစ်ခုနှင့် အဆင့်တူညီလုနီးပါးပင် ဖြစ်သည်။ သို့သော် ရီဖူရှင်းက အဆင့်လေး ရန်ဟောင်တစ်ပါးသာ ဖြစ်လေသည်။

ထိုသူမှာ ချို့ယွင်းချက်ကင်း နတ်ဝင်ရိုးကို ပိုင်ဆိုင်ထားပြီး သူ၏ လမ်းစဥ်က မည်သည့်အပြစ်အနာအဆာမှ မရှိသည်လား။

ကျီဟဲ့ထက် ပိုမို ကျွမ်းကျင်သော ဆေးဖော်စပ်သူ ဆရာသခင်များ ဤနေရာ၌ အများအပြားရှိနေသည်။ သူတို့သည် အကြည့်တစ်ချက်နှင့်ပင် ရီဖူရှင်း၏ ဆေးလုံးဖော်စပ်ခြင်းစွမ်းရည်က အလွန် ထူးချွန်လှကြောင်း ပြောနိုင်ပေသည်။ ယခု ရီဖူရှင်းက သူ၏ စွမ်းရည်ကို ထုတ်ဖော်ပြသခဲ့ပြီး အာခီမီစုဝေးပွဲတွင် တက်ရောက်လာကြသူ မည်သူမှ သူ့ကို မယှဥ်နိုင်ကြောင်း သက်သေပြခဲ့ပြီး ဖြစ်သည်။ ဆရာသခင်ကျီဟဲ့ပင်လျှင် ရီဖူရှင်းနှင့် ယှဥ်လာသည့်အခါ မှိန်ဖျော့သွားရပေသည်။

ထိုမျှ ငယ်ရွယ်သော ဆေးဖော်စပ်သူဆရာသခင်မျိုး မည်သည့်အချိန်မှစကာ ပေါ်ပေါက်လာသနည်း။

ဆေးဖော်စပ်ခြင်းဟူသည်မှာ အချိန်ယူ၍ လေ့ကျင့်ရသော လုပ်ငန်းစဥ်ဖြစ်လေသည်။ ထိုမျှ ငယ်ငယ်ရွယ်ရွယ်နှင့် စွမ်းရည်ပြည့်ဝသော ဆေးဖော်စပ်သူဆရာသခင်တစ်ယောက်နှင့် ဆုံတွေ့ရန်မှာ ရှားပါးလှသည်။ အာခီမီနတ်နန်းတော်မှ ချီမုက ခြွင်းချက်ပင် ဖြစ်သည်။ သူ၏ ပါရမီမှာ တစ်သန်းတွင်တစ်ယောက် ဖြစ်သည်။ သို့သော်လည်း ယခုတွင် နောက်ထပ် ထူးချွန်ထက်မြက်လှသော ပါရမီနှင့် ဆေးဖော်စပ်သူဆရာသခင်တစ်ယောက် ပေါ်ပေါက်လာပြန်ပြီ ဖြစ်သည်။

တုန်းဟွာနယ်မြေမှ အစွမ်းထက် ဆေးဖော်စပ်သူဆရာသခင်များ အားလုံး အာခီမီနတ်နန်းတော်တွင် စုဝေးနေကြသည်လား။

သို့ဆိုလျှင် ဤလူငယ်က မည်သို့ဖြစ်သနည်း။

အာခီမီနတ်နန်းတော်မှ ကျင့်ကြံသူများမဆိုထားနှင့် ဤခရီး၌ အာခီမီအင်ပါယာနှင့်အတူ လိုက်ပါလာသော ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များသည်ပင် အံ့သြမှင်တက်သွားကြသည်။ ယခင်က သူတို့သည် ရီဖူရှင်းက ဆေးဖော်စပ်ခြင်း၌ ကျွမ်းကျင်မှုရှိမရှိ မေးမြန်းခဲ့ဖူးသည်။ ရီဖူရှင်း သူတို့အား ပြောခဲ့သည်မှာ အခြေခံမျှသာ နားလည်ပြီး ကောင်းမွန်စွာ မတတ်မြောက်ဟုပင် ဖြစ်သည်။ ဤသည်မှာ ရီဖူရှင်းဆိုလိုသော 'ကောင်းကောင်းမတတ်မြောက်' ဆိုသည်လား။

ရီဖူရှင်းသည် ဆေးလုံးကို သာမန်သာ ဖော်စပ်ခဲ့ခြင်းဖြစ်သော်လည်း ရလဒ်က ဤအဆင့် ဆေးတစ်လုံး ထွက်ပေါ်လာခဲ့ပေသည်။ ထိုသည်မှာ သူ ပြောသည့် 'အခြေခံသာ နားလည်သည်' ဆိုခြင်းပေလား။ သူတို့ ဘဝသက်တမ်းတလျှောက်လုံး ဆေးဖော်စပ်ခြင်းဖြင့်သာ မြှုပ်နှံထားသည့် စီနီယာတန်ခိုးရှင်များက မည်သို့ တွေးလိမ့်မည်နည်း။

ရီဖူရှင်းက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူဖြစ်ပြီး အရှေ့နတ်ဘုရားကျွန်းစုနယ်မြေတွင် ကျင့်ကြံခဲ့သော တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။

ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များက ရီဖူရှင်း၏ သရုပ်မှန်ကို တွေးတောလိုက်ကြသည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သမီးက သူ့အား ကိုယ်တိုင်ကိုယ်ကျ ခေါ်လာခြင်း ဖြစ်သည်။ ထိုသည်ကိုကြည့်လျှင် သူတို့၏ ရီဖူရှင်းအပေါ် အကဲဖြတ်မှုက တစ်ဖက်သတ်ဆန်မှုကြောင့် တိမ်ဖုံးသွားပုံရပေသည်။ ရီဖူရှင်းသာ အမှန်တကယ် သာမန် ကျင့်ကြံသူတစ်ယောက် ဖြစ်လျှင် နတ်မိမယ်တုံ့လိုင်က မည်သို့ဖြစ်၍ သူ့အား ခေါ်ဆောင်လာပါမည်နည်း။ ထို့ပြင် နတ်မိမယ်တုံ့လိုင်သည် သူ့အား ဆေးအင်ပါယာနှင့် မိတ်ဆက်ပေးရန် စီစဥ်နေခဲ့သည်။

လက်ရှိအခြေအနေကို အခြေခံလျှင် သူတို့က ကြိုတင်ပြင်ဆင်ထားပုံရလေသည်။

ထိုက်ယွမ်ကုန်းမြေမှ တန်ခိုးရှင်များက ရီဖူရှင်း၏ သရုပ်မှန်ကို အခြားလူများအား ပြောပြကြလိမ့်မည် မဟုတ်ပေ။ အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များက အလွန် ဟိတ်ဟန်များပြီး တုန်းဟွာနယ်မြေအတွင်း အခြား အာခီမီအင်အားစုများကို အထင်သေးလေသည်။ သူတို့က အာခီမီအင်ပါယာတာဝါကိုပင် အထင်အမြင်သေးကြသည်။ ဤတစ်ကြိမ်၌ ရီဖူရှင်း၏ အပြုအမူများက သူတို့အား သင်ခန်းစာပေးလိုက်သည်ဟု ဆုံးဖြတ်နိုင်ပေသည်။

ယခု အာခီမီနတ်နန်းတော်၏ တန်ခိုးရှင်များသည် အစွမ်းထက် ဆေးဖော်စပ်သူဆရာသခင်များကို တွေ့နိုင်သည့်နေရာမှာ သူတို့ထံ၌သာ မဟုတ်ကြောင်း သိသွားလိမ့်မည် ဖြစ်သည်။

"မင်းက ဘယ်သူလဲ။" အာခီမီနတ်နန်းတော်မှ ချီမုက ရီဖူရှင်းကို ကြည့်လိုက်သည်။ ချီမု၏ သဘောထားက ကောင်းမွန်ပြီး အပြုအမူကောင်းများ ရှိသည်။ သူက မည်သည့် ယုတ်မာသော ရည်ရွယ်ချက်မှ မရှိဘဲ ရီဖူရှင်းအကြောင်း သိလိုသည့် အရိုးခံစိတ်သာ ရှိပုံရလေသည်။

ရီဖူရှင်းသည် အာခီမီအင်ပါယာ၏ တပည့်များနှင့်အတူ ရောက်လာခြင်း ဖြစ်သည်။ ရီဖူရှင်းကို အာခီမီအင်ပါယာ၏ ဆက်ခံသူဟု ပြောလျှင်ပင် ဖြစ်နိုင်ပါသော်လည်း သူက ငြင်းဆန်ခဲ့သည်။ သို့ဆိုလျှင် သူ၏ သရုပ်မှန်က မည်သည်နည်း။

ရီဖူရှင်း၏ ဆေးဖော်စပ်ခြင်းစွမ်းရည်နှင့် အာခီမီနတ်နန်းတော်အတွင်းမှာပင် သူ့အား ယှဥ်နိုင်သူ အနည်းငယ်သာ ရှိပေလိမ့်မည်။

"ကျုပ်က ရီလျှို့နျန်။ ဆေးဖော်စပ်တာကို အခုမှ စတင်သင်ယူနေတဲ့သူပါ။" ရီဖူရှင်းက အပြုံးနှင့် တုန့်ပြန်လိုက်သည်။

"ရီလျှို့နျန်။" ချီမုက ရေရွတ်လိုက်သည်။ "မင်းက နောက်နေတာပဲ ဖြစ်ရမယ်။ ဒီလောက် ထူးချွန်တဲ့ ဆေးဝါးသန့်စင်မှုစွမ်းရည်အရ မင်းက ဒီလောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်နေခဲ့တယ်ဆိုတာ ကျုပ် ပြောနိုင်တယ်။ အာခီမီအင်ပါယာက ကျုပ် အမြဲလေးစားရတဲ့ ထိပ်တန်း အာခီမီဆရာသခင်တစ်ယောက်ပဲ။ သူ့အတွက် မင်းလို ဆက်ခံသူမျိုးရှိတယ်ဆိုတာ ပုံမှန်ပါပဲ။"

ချီမု၏ စကားလုံးများက ရီဖူရှင်းကို စစ်ဆေးနေခြင်းဖြစ်သည်။ ချီမုသည် ရီဖူရှင်းက အာခီမီအင်ပါယာ၏ ဆက်ခံသူဖြစ်ကြောင်း ခန့်မှန်းချက်ကိုသာ ဆုပ်ကိုင်ထားသည်။ သူ့ခန့်မှန်းချက်က မှန်ကန်သော်လည်း ရီဖူရှင်းက ဝန်မခံခြင်းဟုသာ သူ ထင်နေပေသည်။ ထို့ကြောင့် ချီမုက ရီဖူရှင်းကို စကားပြောသည့်အခါ ရီဖူရှင်း၏ မျက်လုံးများအား စိုက်ကြည့်နေခဲ့သည်။ ချီမုသည် ရီဖူရှင်းက သူ့ကို မည်သို့ပြန်ဖြေမည်ကို သိချင်နေခဲ့၏။

"ခင်ဗျား ယုံယုံမယုံယုံ ကျုပ် ဆေးဖော်စပ်တာကို စပြီး လေ့လာချိန်က သိပ်မကြာသေးဘူးဆိုတာ အမှန်ပဲ။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ ကျုပ် ဒီပညာရပ်နဲ့ ထိတွေ့ခဲ့တာ။ ပြီးတော့ ကျုပ်က အာခီမီအင်ပါယာရဲ့ တပည့်လည်း မဟုတ်ဘူး။" ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သူသည် တစ်ဖက်လူက သိချင်နေသည်ကို သိသော်လည်း မည်သည့်အကြောင်းအရာကိုမှ ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ သူတို့ကိုယ်တိုင် ခန့်မှန်းရန် ချန်ရစ်လိုက်သည်။

"မင်း အာခီမီနတ်နန်းတော်ကို ဝင်ပြီး ကျင့်ကြံဖို့ စိတ်ဝင်စားလား။" ချီမုက မေးလိုက်သည်။ "အခု တုန်းဟွာနယ်မြေမှာ အာခီမီနတ်နန်းတော်က ဆေးလုံးဖော်စပ်သန့်စင်ဖို့အတွက် ထိပ်တန်းသန့်စင်မြင့်မြတ်နယ်မြေတစ်ခုလို့ သတ်မှတ်နိုင်တယ်။ အာခီမီနတ်နန်းတော်မှာဆိုရင် မင်းရဲ့ ဆေးလုံးသန့်စင်တဲ့ စွမ်းရည်က အပြည့်အဝ ဖွံ့ဖြိုး တိုးတက်လာလိမ့်မယ်။"

ရီဖူရှင်းထံ၌ ထူးဆန်းသော အကြည့်တစ်ခု ဖြစ်ပေါ်လာသည်။ ဤချီမုက အစွမ်းထက် ဆေးဖော်စပ်သူကို မြင်တိုင်း သူတို့ အင်အားစုသို့ ဝင်ရောက်ရန် ဖိတ်ခေါ်နေသည်လား။

ယခင်က ကျီဟဲ့သည်လည်း သူ့ထံမှ ဖိတ်ခေါ်ခံခဲ့ရသည်။ ယခု သူက ထိုသို့ တူညီသည့်အရာကို လုပ်ဆောင်နေပြန်သည်လား။

ရီဖူရှင်းသည် ချီမုက ဤသို့သော စကားလုံးမျိုးသုံးပြီး သူ့အား ဖိတ်ခေါ်ခြင်းမှာ ထူးဆန်းသည်ဟု ခံစားရပေသည်။ အာခီမီနတ်နန်းတော်က သူ၏ အရည်အချင်းများကို အပြည့်အဝ ဖွံ့ဖြိုးတိုးတက်စေမည်တဲ့လား။

"ချီမု မင်းရဲ့လေသံကို နားထောင်ရတာ အာခီမီနတ်နန်းတော်မှာ သူ့ကို ယှဥ်နိုင်တဲ့ ထူးချွန်ထက်မြက်အရည်အချင်းနဲ့ ဆေးဖော်စပ်သူတွေ အများကြီး ကျင့်ကြံနေသလိုပဲ။ လင်ချိုးက အပြုံးနှင့် ပြောလိုက်သည်။ "သူ့အရည်အချင်းကို အပြည့်အဝ ဖွံ့ဖြိုးစေမယ်တဲ့လား။ မင်းတို့ အာခီမီနတ်နန်းတော်မှာ လူဘယ်လောက်များများရဲ့ အရည်အချင်းက သူ့ကို ယှဥ်နိုင်မှာလဲ။ အဲဒါနဲ့တောင် သူက ဘာလို့ အာခီမီနတ်နန်းတော်ကို ဝင်ရမှာတဲ့လဲ။"

လင်ချိုးက ရီဖူရှင်း၏ သရုပ်မှန်ကို ခန့်မှန်းမိထားပြီး ဖြစ်သည်။ သူ၏ ယခင်ခန့်မှန်းချက်က လွဲမှားလိမ့်မည် မဟုတ်ပေ။

ရီဖူရှင်းသည် ထိုက်ယွမ်ကုန်းမြေ အာခီမီအင်ပါယာတာဝါမှ မဟုတ်ပေ။ သူက ဖမ်းလိုင်ကုန်းဖြေ အရှေ့နတ်ဘုရားကုန်းမြေမှ ဖြစ်ပေသည်။

ထိုအမျိုးသမီးက တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ သမီးဖြစ်သည်။

ရီဖူရှင်းက သူမ၏ တပည့်ဖြစ်နိုင်ပြီး သူ ရရှိထားသော သင်ကြားမှုများမှာ တုံ့လိုင်နတ်ဘုရားအကြီးအကဲထံမှ ဆင်းသက်လာခြင်း ဖြစ်ပေလိမ့်မည်။ တုံ့လိုင်နတ်ဘုရားအကြီးအကဲသည် သူ အသက်ရှင်စဥ်က တုန်းဟွာနယ်မြေအတွင်း၌ ထိပ်ဆုံးမှ ရပ်တည်နေခဲ့သော ဆေးဖော်စပ်သူဆရာသခင်တစ်ယောက် ဖြစ်သည်။ သူ၏ ဆက်ခံသူက အာခီမီနတ်နန်းတော်မှ ဆေးလုံးသန့်စင်ခြင်းပညာရပ်ကို သင်ယူရန် လိုပါမည်လား။

ဤချီမုသည် ရီဖူရှင်းက အာခီမီနတ်နန်းတော်သို့ ဝင်ရောက်လျှင် သူ့ပါရမီ အရည်အချင်းများ အလဟဿမဖြစ်နိုင်ဟု အမှန်တကယ် ပြောဆိုခဲ့သည်။ ချီမု၌ ထိုသို့ ယုံကြည်ချက်မျိုး မည်သည့်နေရာမှ ရသည်ကို ဘုရားသာ သိပေလိမ့်မည်။

ယခုထိတိုင် ချီမုသည် ဘဝင်မြင့်မှု ရှိနေသေးပုံရလေသည်။ သူသည် တုန်းဟွာနယ်မြေတွင် အာခီမီနတ်နန်းတော်က ဆေးဖော်စပ်သန့်စင်ရာ၌ အကောင်းဆုံး သန့်စင်မြင့်မြတ်နယ်မြေဟု ယုံကြည်ထားပုံရသည်။ ထို့ကြောင့် အားလုံးသော ဆေးဖော်စပ်သူဆရာသခင်များကို သူတို့နန်းတော်သို့ ဝင်ရောက်ရန် ဖိတ်ခေါ်နေခြင်း ဖြစ်ပေလိမ့်မည်။

"အာခီမီနတ်နန်းတော်ကလွဲရင် တခြားအင်အားစုတွေအတွက် သူ့ရဲ့ ဆေးလုံးဖော်စပ်ခြင်းစွမ်းရည်ကို နောက်တစ်ဆင့်တိုးတက်အောင် လုပ်ပေးနိုင်ဖို့ ခက်ခဲလိမ့်မယ်။" ချီမုက လင်ချိုး၏ လှောင်ပြောင်သရော်သော အသံကို လျစ်လျူရှုကာ တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူက ရီဖူရှင်းအား ကြည့်ကာ ပြောလိုက်၏။ "အာခီမီနတ်နန်းတော်မှာ မင်းနဲ့ ယှဥ်နိုင်မယ့် လူအများကြီးမရှိပေမယ့် ကျုပ်တို့ဆီမှာ အရမ်းထူးချွန်တဲ့ ဆေးဖော်စပ်သူဆရာသခင်တွေ အများကြီး ရှိတယ်။ မင်း သူတို့နဲ့ အကြံဉာဏ်တွေ ဖလှယ်လို့ရတယ်။ ဆေးဖော်စပ်ခြင်းဆိုင်ရာ နည်းလမ်းတွေကို ပုံမှန် ဆွေးနွေးပွဲတွေလည်း လုပ်ဆောင်နိုင်တယ်။"

ရှေးဟောင်းတောင်ထွတ်မှ စီနီယာတစ်ယောက်က သူတို့ထံ လာရောက်ကာ ပြောလိုက်သည်။ "ရီလျှို့နျန် မင်းသာ အာခီမီနတ်နန်းတော်ကို ဝင်ရောက်ဖို့ ဆန္ဒရှိရင် ကျင့်ကြံခြင်းအတွက် အကောင်းဆုံးအရင်းအမြစ်တွေ ခွဲဝေပေးနိုင်တယ်။ ငါတို့ မင်းအတွက် နန်းတော်သခင် ကိုယ်တိုင်ညွှန်ကြားပြသပေးဖို့ပါ တောင်းဆိုပေးနိုင်တယ်။ ဘယ်လိုလဲ။"

ရီဖူရှင်းက တစ်ဖက်လူများကို ကြည့်လိုက်သည်။ ထိုလူများက အတော်လေး ယဥ်ကျေးပျူငှာကြသည်။ ရီဖူရှင်းသည် မူလက ဆေးဖော်စပ်သန့်စင်ခြင်းအား ယှဥ်ရန် အာခီမီနတ်နန်းတော်ကို စိန်ခေါ်ခဲ့သည်။ သို့သော်လည်း သူ၏ ဆေးလုံးဖော်စပ်ခြင်းစွမ်းရည်ကို မြင်ပြီးနောက် သူတို့က တစ်ယောက်ပြီးတစ်ယောက် သူ့အား ဖိတ်ခေါ်ချင်နေကြသည်။ သူတို့က သူ့အား မလိုမုန်းထားမရှိဘဲ အာခီမီနတ်နန်းတော်သို့ ဝင်ရောက် ကျင့်ကြံစေလိုနေသည်။

အများအားဖြင့် တစ်ဖက်နှင့်တစ်ဖက် မလိုမုန်းထားဖြစ်မှုများက သူတို့၏ ရပ်တည်မှုများ မတူညီမှုကြောင့် ဖြစ်ပေသည်။ အကယ်၍ ရီဖူရှင်းသာ အာခီမီနတ်နန်းတော်သို့ ဝင်ရောက်လိုက်လျှင် သူတို့က တစ်ဖက်တည်း ဖြစ်သွားပေလိမ့်မည်။

"အာခီမီအင်ပါယာတာဝါက အာခီမီအင်ပါယာကိုယ်တိုင် ဦးဆောင်နေပေမယ့် အဲဒီနေရာကို ဆေးလုံးသန့်စင်ခြင်းအတွက် စစ်မှန်တဲ့ သန့်စင်မြင့်မြတ်နယ်မြေလို့ သတ်မှတ်ဖို့တော့ မဖြစ်နိုင်ဘူး။ အဲဒီမှာက အရင်းအမြစ်တွေ ချို့တဲ့တယ်။ အာခီမီနတ်နန်းတော်ကသာ မင်းအတွက် အသင့်တော်ဆုံးပဲ။ မင်းရဲ့ ဆေးဖော်စပ်ခြင်း စွမ်းရည်နဲ့ဆိုရင် ဒီအခွင့်အရေးကို လက်လွတ်မခံသင့်ဘူး။" နောက်တစ်ယောက်က ပြောလိုက်သည်။ သည်စကားများက ထိုနေရာ၌ ရှိနေသော လူများကို ထူးဆန်းသည့်အမူအရာများ ဖြစ်လာစေသည်။

သူတို့၏ သင်ကြားပြသမှုဆိုင်ရာ ဆွေးနွေးမှုက ရီဖူရှင်းအား ဆွဲဆောင်ခြင်းအဖြစ် ပြောင်းလဲသွားလေသည်။

သူတို့သည် အာခီမီအင်ပါယာတာဝါမှ လူများကို အထင်သေးကြပြီး ရီဖူရှင်းအား အာခီမီနတ်နန်းတော်သို့ ဝင်ရောက် ကျင့်ကြံစေလိုကြသည်။

"ခင်ဗျားတို့ရဲ့ အကြံပြုချက်က တကယ် စိတ်လှုပ်ရှားစရာပါပဲ။ ဒါပေမယ့် ကျုပ် စိတ်မဝင်စားဘူး။" ရီဖူရှင်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ သူက တစ်ဖက်လူ၏ ဖိတ်ကြားချက်ကို တိုက်ရိုက်ငြင်းပယ်ခဲ့သည်။ သူက မည်သည့်အတွက် အာခီမီနတ်နန်းတော်သို့ ဝင်ရောက်ရန် လိုပါသနည်း။ အာခီမီအင်ပါယာနှင့် ပတ်သတ်မှုကို ဖယ်လိုက်လျှင်ပင် သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေမှ လူဖြစ်သည်။ သူက အရှေ့နတ်ဘုရားကျွန်းစုနယ်မြေ၏ ဒုကျွန်းသခင် ဖြစ်သလို တုံ့လိုင်နတ်ဘုရားအကြီးအကဲ၏ ဆက်ခံသူလည်း ဖြစ်သည်။ သူက အာခီမီနတ်နန်းတော်သို့ မည်သို့ ဝင်ရောက်နိုင်ပါမည်နည်း။

ထို့ပြင် အာခီမီနတ်နန်းတော်မှ လူများသည်လည်း အလွန် သွေးနားထင်ရောက်နေကြသူများ ဖြစ်သည်။ သူတို့သည် အမှန်တကယ်ပင် အာခီမီနတ်နန်းတော်က အစွမ်းထက်ဆုံး ဆေးသန့်စင်ရာ နယ်မြေဟု ယုံကြည်နေကြသည်။ သူတို့ထံ ဝင်ရောက်ရန် အခွင့်အရေးကို လွဲချော်သွားလျှင် ကြီးမားသော ဆုံးရှုံးမှု ဖြစ်လိမ့်မည်ဟု တွေးထင်နေကြသည်။ သူ အာခီမီနတ်နန်းတော်သို့ ဝင်ရောက်ပါက အများအပြားသင်ယူနိုင်မည် ဖြစ်သော်လည်း ရီဖူရှင်းသည် သူ့ထံ၌ ထိုပညာရပ်အပေါ် စိုက်ထုတ်နိုင်မည့် အင်အားရှိမည်ဟု မထင်ပေ။ တုံ့လိုင်နတ်ဘုရားအကြီးအကဲ ပေးအပ်ခဲ့သော အမွေအနှစ်က သူ့အတွက် လုံလောက်နေခဲ့ပြီ ဖြစ်သည်။

ရီဖူရှင်းက ချီမု၏ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့သည်။

ကြည့်ရသည်မှာ အာခီမီနတ်နန်းတော်က သူ့ကို ဆွဲဆောင်ရန် ကျရှုံးခဲ့ပုံရလေသည်။

ချီမုသည် ရီဖူရှင်းက သူတို့အား ငြင်းပယ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။ သူက ရီဖူရှင်းကို ကြည့်ကာ မေးလိုက်သည်။ "ဒီလိုဆိုမှတော့ ကျေးဇူးပြုပြီး မင်းရဲ့ အကောင်းဆုံးဆေးကို သန့်စင်ပြပါ။ ကျုပ်တို့ရဲ့ လုပ်ဆောင်မှုခြင်း ဘာလို့ မယှဥ်ကြည့်ရမှာလဲ။"

ရီဖူရှင်းသည် အာခီမီနတ်နန်းတော်သို့ ဝင်ရောက်ရန် ဆန္ဒမရှိသည့်အတွက် သူသည် အာခီမီစုဝေးပွဲက ထိုသို့ ပြဿနာပေါင်းစုံဖြင့် ပြီးဆုံးမသွားဖို့ရာ တားဆီးရန် ဆန္ဒရှိပေသည်။ ထို့ကြောင့် ချီမုက သူ၏ စွမ်းရည်နှင့် ရီဖူရှင်းကို ယှဥ်ပြိုင်ရန် လုပ်ဆောင်လိုက်သည်။

မရေတွက်နိုင်သော အကြည့်များက သူတို့ထံ ရောက်ရှိလာသည်။ လူအများထံ၌ စိတ်လှုပ်ရှားနေသော အကြည့်တို့ ဖြစ်ပေါ်လာသည်။ အာခီမီနတ်နန်းတော်၏ ထိပ်တန်းပါရမီရှင်က ကိုယ်တိုင်ရှေ့ထွက်လာခဲ့သည်။ သူက မည်သည့်အဆင့်ဆေးကို သန့်စင်နိုင်လိမ့်မည်နည်း။ ရီဖူရှင်းပါ ဝင်ရောက်ယှဥ်ပြိုင်သည့်အခါ သူတို့နှစ်ယောက် ဖော်စပ်သန့်စင်ထားသည့်ဆေးကို နှိုင်းယှဥ်ကြည့်လျှင် မည်သို့ ဖြစ်လာမည်နည်း။

သို့သော်လည်း ရီဖူရှင်းက တစ်ဖက်လူကို ကြည့်ရုံသာ ကြည့်လိုက်ပြီး ပြန်ဖြေသည်။ "စိတ်မဝင်စားဘူး။"

သူက ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့သည်။

ယခင်က သူသည် တစ်ဖက်လူ၏ ဖိအားပေးမှုကြောင့် ဆေးလုံးသန့်စင်ပြခဲ့ရသည်။ သူတို့ကို ချွေးသိပ်ရန် သူက လုပ်ဆောင်ခဲ့ရခြင်း ဖြစ်လေသည်။

ယခု ချီမုက သူနှင့် ယှဥ်ချင်နေပြန်သည်။ ထိုယှဥ်ပြိုင်မှုများက မည်သည့်အချိန်မှ အဆုံးသတ်လိမ့်မည်နည်း။

ချီမုက မျက်မှောင်ကြုတ်လိုက်သည်။ အာခီမီနတ်နန်းတော်မှ မရေတွက်နိုင်သော တန်ခိုးရှင်များက သူတို့၏ အရှိန်အဝါကို ထုတ်လွှတ်လိုက်ကြ၏။ လင်ချိုးနှင့် သူ့အဖွဲ့က ရှေ့သို့ တက်လာခဲ့သည်။ သူက လူအုပ်ကြီးကို ဝေ့ကြည့်ကာ ပြောလိုက်သည်။ "အခုကရော ဘာထပ်ဖြစ်ရပြန်တာလဲ။ အာခီမီနတ်နန်းတော်ရဲ့ ကျင့်ကြံသူတွေက ဆေးဖော်စပ်သန့်စင်တာမှာ ညံ့ဖျင်းတာကြောင့် တစ်ဖက်လူကို ဒီမှာ ဖိအားပေးနေခိုင်းဖို့ ကြိုးစားနေတာလား။"

"သူတို့ကို သွားခိုင်းလိုက်။" ရှေးဟောင်းတောင်ထွတ်၌ ရပ်နေသော အာခီမီနတ်နန်းတော်မှ အကြီးအကဲတစ်ယောက်က ပြောလိုက်သည်။ ချက်ချင်းပင် တန်ခိုးရှင်များက သူတို့၏ အရှိန်အဝါတို့ကို ပြန်ရုတ်သိမ်းကာ ရီဖူရှင်းတို့အား သွားခွင့်ပြုလိုက်သည်။ သူတို့သည် ရီဖူရှင်းတို့အဖွဲ့အား ဤနေရာ၌ ဆက်နေခိုင်းရန် အကြောင်းပြချက်မရှိပေ။ မရေတွက်နိုင်သော လူများက အာခီမီနတ်နန်းတော်မှ တန်ခိုးရှင်များကို စောင့်ကြည့်နေခဲ့သည်။ သူတို့က ရီဖူရှင်းကို ဖိအားပေးနေခဲ့ခိုင်းလျှင် သူတို့သည် အာခီမီနတ်နန်းတော်ကို အရှက်ရဖွယ် ဖြစ်စေပေလိမ့်မည်။

"သွားကြစို့။" ရီဖူရှင်းက သူ့လူများကို ပြောလိုက်၏။ သူတို့အဖွဲ့က လှည့်ထွက်ကာ ထွက်ပေါက်သို့ လျှောက်သွားကြသည်။

"ရှင့်ရဲ့ ဆေးဖော်စပ်ခြင်းစွမ်းရည်က အားကောင်းတာလား။ တခြားလူတွေက အားနည်းတာလား။" သူတို့ ထွက်ခွာသွားသည့် လမ်းတွင် ပေ့ကုံးရွှမ်းက ရိုးသားလှသော မျက်နှာလေးနှင့် မေးလိုက်သည်။ လူအုပ်ကြီးက သူမ၏ မှတ်ချက်အား ကြားသည့်အခါ မရေတွက်နိုင်သော တန်ခိုးရှင်များ၏ မျက်လုံးတို့က သူမပေါ်တွင် ကပ်ငြိသွားပေသည်။ ထိုဆေးဖော်စပ်သူဆရာသခင်များသည် ပေ့ကုံးရွှမ်းအား ဆွဲခေါ်ကာ ကောင်းကောင်း ရိုက်နှက်ပစ်ချင်သဖြင့် လက်ယားနေခဲ့ကြသည်။ ဤမိန်းကလေးက အခြားသူများ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးရမည့် ကျင့်ဝတ်အား နားမလည်သည်လား။

မည်သည့်အတွက်ကြောင့် သူမက ထွက်မသွားခင် သူတို့ကို စော်ကားသွားရသနည်း။

ရီဖူရှင်းက ပေ့ကုံးရွှမ်းအား ကြည့်ကာ ဆွံ့အသွားသည်။

"နောက်ပိုင်းကျ ကျုပ် မင်းဆီ လာလည်မယ်။ ကျုပ်တို့ ဆေးဖော်စပ်ခြင်းလမ်းစဥ်ကို အချင်းချင်း လေ့လာသင်ယူနိုင်တယ်။" ချီမု၏ အသံက အဝေးမှ နေ၍ ရီဖူရှင်းနားအတွင်းသို့ ဝင်ရောက်လာသည်။ သိသာစွာပင် တစ်ဖက်လူက သူ့အား လွှတ်ပေးရန် အစီအစဥ် မရှိပေ။

***

All Chapters