အခန်း ၄၇၈-၄၈၀
Vol. 32 Ch. 478-480
အခန်း ၄၇၈ - ထင်သလောက် မသန်မာသော မဟာသူတော်စင်
၄င်းက စွမ်းအားကြီးသည်မှာ မှန်သော်လည်း ရီဖန်မျှော်လင့်သလောက် စွမ်းအားမကြီးပေ။ သူတော်စင်အဆင့်ကျွမ်းကျင်သူများပင် လုပ်နိုင်သည့် အဆင့်တွင်သာရှိသည်။
“အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်း”
အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်းသည် ရီဖန်၏နောက်မှ ရုတ်တရက်ပျံတက်သွားကြသည်။ ထို့နောက် နေမင်းမဟာသူတော်စင်အားဝန်းရံလျက် တိုက်ပွဲမြေပြင်ထဲ ပျံသန်းသွား၏။
၎င်းတို့သည် နေမင်းမဟာသူတော်စင်အား အလှည့်ကျအဆက်မပြတ်တိုက်ခိုက်နေကြသည်။
ထိုသို့ဖြင့် အထက်ပိုင်းမှတိုက်ပွဲသည် စတင်နေပြီဖြစ်ကာ အောက်ဘက်ရှိ သူတော်စင်တို့၏တိုက်ပွဲသည်လည်း စတင်နေပြီဖြစ်သည်။
“ငါ အထွတ်အထိပ်သူတောင်စင်တစ်ယောက်ကို လိုချင်တယ်” ဟု ပြောဆိုရင်း ဗောဓိဘိုးဘေးသည် မဟာသူတော်စင်အဆင့်လက်နက်ကို ကိုင်ဆွဲလျက် နေမင်းမဟာတပ်ဖွဲ့၏ အထွတ်အထိပ်သူတော်စင်တစ်ယောက်ကို ချက်ချင်းတိုက်ခိုက်လိုက်သည်။
“ငါလိုချင်တယ်”
“ငါလဲလိုချင်တယ်”
နေမင်းမဟာတပ်ဖွဲ့မှ အထွတ်အထိပ်သူတော်စင်သုံးဦးသည် ချက်ချင်းပင် တိုက်ခိုက်ခံလိုက်ရသည်။ ထိုအဖြစ်အပျက်သည် ရီမိသားစုမှ နှောင်းပိုင်းအဆင့်သူတော်စင်များကို စိတ်ရှုပ်စေသည်။ အကြောင်းမှာ ထိုသို့လက်ရည်တူ ပြိုင်ဖက်မျိုးကို အလွယ်တကူ မရနိုင်သောကြောင့်ဖြစ်သည်။
ရွေးချယ်စရာမရှိတော့သဖြင့် ရီကျင်းဟိုင်ကဲ့သို့လူများသည် နေမင်းမဟာတပ်ဖွဲ့မှ နှောင်းပိုင်းအဆင့်သူတော်စင်များကိုသာ တိုက်ခိုက်ရတော့သည်။ နှောင်းပိုင်းအဆင့်သူတော်စင်များစွာမရှိသဖြင့် သူတို့သာ နောက်ကျလျှင် ရီမိသားစုမှ အလယ်အလတ် သူတော်စင်များက ကျန်အားလုံးကို ရွေးချယ်တိုက်ခိုက်သွားမည်ကို စိုးရိမ်ရသည်။
၎င်းတို့သည် အလယ်အလတ် သူတော်စင်များထံမှ အရှက်ခွဲခြင်းခံရ၍ မဖြစ်ပေ။
ထိုသို့ ရီမိသားစုဝင်များ၏ အလျင်စလိုရွေးချယ်တိုက်ခိုက်မှုသည် နေမင်းမဟာတပ်ဖွဲ့ဝင်များအား စိတ်ပျက်ဒေါသထွက်စေသည်။ ၄င်းတို့ကို အထင်သေးခြင်းအား မခံရပ်နိုင်လျက်ရှိသည်။
“ဒင်းတို့ကို သင်ခန်းစာပေးလိုက်ကြ”
ရီမိသားစုဝင်များအား အပြစ်ပေးချင်နေကြသည့် နေမင်းမဟာတပ်ဖွဲ့ဝင်များက ဟစ်ကြွေးလိုက်ကြသည်။ သို့သော် မကြာမီတွင် ရီမိသားစုဝင်များသည် အဘယ်ကြောင့် ထို့သို့ ရွေးချယ်တိုက်ခိုက်နေရသည်ကို ၄င်းတို့နားလည်သွားကြသည်။ ၎င်းတို့သည် အလွန်စွမ်းအားကြီးကြသောကြောင့် ဖြစ်သည်။ နေမင်းမဟာတပ်ဖွဲ့မှ အထွတ်အထိပ်သူတော်စင်များသည် ဗောဓိဘိုးဘေးများနှင့် အဖွဲ့ဝင်များအား မယှဉ်နိုင်ဘဲဖြစ်နေသည်။
၄င်းတို့သည် နှောင်းပိုင်းအဆင့်များဖြစ်ကြသော်လည်း ထိုသူတို့အား ရင်ဆိုင်ခြင်းသည် အရှုံးအားရင်ဆိုင်ခြင်းသာ။ ထို့သို့ဖြစ်ရခြင်းသည် မဟာသူတော်စင်အဆင့်လက်နက်များကြောင့်ဟု ပြော၍ရသော်လည်း လက်နက်မပါလျှင်ပင် သူတို့က ၄င်းတို့ထက် စွမ်းအားကြီးလွန်းနေကြသည်။ ရလဒ်သည် ၄င်းတို့အတွက် ကျေနပ်စရာ မဟုတ်နိုင်ပါ။
စွမ်းအားကွာခြားလွန်းသဖြင့် အနိုင်ယူခံရခြင်းက ပုံပြင်များတွင်သာ ရှိသောအရာဖြစ်သည်။ သို့သော် ယခုအခါ ၄င်းတို့သည် ထိုအဖြစ်အပျက်၏ ဥပမာဖြစ်လာခြင်းကို လက်မခံနိုင်လျက်ရှိသည်။ ၄င်းတို့၏ ဒေါသနှင့် ပေါက်ကွဲမှုများသည် အချည်းနှီးသာဖြစ်သည်။ သို့သော် နှောင်းပိုင်းနှင့် အလယ်အလတ်အဆင့်သူတော်စင်များနှင့် ယှဉ်လျှင် ၄င်းတို့က ကံကောင်းသည်ဟု ဆိုရမည်။ ရီမိသားစု၏ကျင့်ကြံသူများနှင့် ရင်ဆိုင်ရာတွင် ၄င်းတို့သည် ပြန်တိုက်ရန်ပင် အခွင့်အရေးမရလိုက်ကြချေ။
အထက်ဘက်တိုက်ပွဲတွင် နေမင်းမဟာသူတော်စင်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။ ဓားလေးချောင်း၏ ရုတ်တရက်တိုက်ခိုက်မှုကို ခုခံနိုင်သော်လည်း ရီဖန်ကို ပြန်လည်မတိုက်ခိုက်နိုင်ဖြစ်နေသည်။ ရီဖန်သည် အလယ်အလတ် မဟာသူတော်စင်လက်နက်များဖြင့် သူတော်စင်အဆင့် ကျွမ်းကျင်သူတစ်ယောက်၏ စွမ်းအားကို ပြသနေသည်။
“ဒီအတိုင်းဆို မဖြစ်သေးဘူး”
အောက်ဘက်ရှိ ၄င်း၏ တပ်ဖွဲ့ဝင်များ ချေမှုန်းခံနေရခြင်းကိုလည်း သူမ ခံစားမိနေသည်။ အကယ်၍ အားလုံးသာအသတ်ခံရလျှင် တပ်ဖွဲ့သည် အခွံလွတ်သာ ဖြစ်သွားမည်။ ဤအချက်ကို ၄င်းလက်မခံနိုင်ပေ။ ၄င်း၏တပ်ဖွဲ့အား ကယ်တင်ရန် ယခုအခြေအနေမှ အလျင်အမြန်ရုန်းထွက်ရမည်။ မဟာသူတော်စင်များ ထိုသို့အလွန်စွမ်းအားကြီးနေခြင်းမှာ သူတို့၏ စကြာဝဠာအစေ့များသည် ပန်းပွင့်၍အသီးများပင် သီးနေသောကြောင့်ဖြစ်သည်။
နေမင်းမဟာသူတော်စင် ပိုင်ဆိုင်သော စကြာဝဠာစွမ်းအားသည် ရီဖန်ကို ဖမ်းဆီးရန်ကြိုးပမ်းရသဖြင့် အားနည်းလျက်ရှိသည်။ ရီဖန်၏ ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ဖိထားခြင်းခံနေရ၏။ စွမ်းအားများကို လှုပ်ရှားရန် သာမန်ထက်ပို၍ ခက်ခဲသည်။ ထိုသို့ဆိုလျှင် မဟာသူတော်စင်က အားနည်းသည်ဆိုသည်မှာ မဖြစ်နိုင်တော့ပေ။
အင်မော်တယ်သုတ်သင်ခြင်းဓားလေးချောင်းကို ရီဖန်သာလျှင် ထိန်းချုပ်နိုင်သည်။ အကြောင်းမှာ ထိုလက်နက်များ၏စွမ်းအားသည် အင်မော်တယ်သုတ်သင်ခြင်းအခင်းအကျင်း၏ အမိန့်အောက်တွင် တည်ရှိသောကြောင့်ဖြစ်သည်။ ၄င်းလက်နက်သည် အလယ်အလတ်မဟာသူတော်စင်လက်နက် ဖြစ်သည်။
အင်မော်တယ်သုတ်သင်ခြင်းအခင်းအကျင်းကို ဖြန့်လိုက်သောအခါ ရီဖန်သည် ဖိနှိပ်ထားခံရာမှ ရုတ်တရက်ပျောက်သွားသည်။ ထို့နောက် ၄င်းတို့ ၂ယောက်သည် လက်ရည်တူပြန်ဖြစ်သွားပြီဖြစ်၏။ သို့သော် ရီဖန်ဘက်မှ ပို၍သာနေသည်။
“အင်မော်တယ်သတ်ဖြတ်ခြင်း ”
ရီဖန်က အင်မော်တယ်သုတ်သင်ခြင်းအခင်းအကျင်းကို လက်ညှိုးထိုးလိုက်လျှင် အင်မော်တယ်သုတ်သင်ခြင်းဓားသည် ၄င်းကိုသတ်ရန် ပျံတက်သွားသည်။ နေမင်းမဟာသူတော်စင်ပတ်လည်ရှိ သူမ၏အကာအကွယ်သည် ကွဲထွက်သွားပြီဖြစ်၏။
အင်မော်တယ်သုတ်သင်ခြင်းဓားသည် အလွန်စွမ်းအားကြီးသဖြင့် သူမပင် ခုခံရန်မဖြစ်နိုင်ပေ။ ထို့အပြင် သူမသည် ကိုယ်ခန္ဓာကျင့်ကြံသူမဟုတ်သဖြင့် သူမ၏ခန္ဓာကိုယ်အတွက် အကာအကွယ်မဖန်တီးနိုင်ဘဲရှိသည်။ သူမလူပ်နိုင်သည့်အရာမှာ မဟာသူတော်စင်လက်နက်ကို ကာကွယ်ခြင်းသာဖြစ်သည်။
မဟာသူတော်စင်တစ်ဦးက အထွတ်အထိပ်သူတော်စင်၏ တိုက်ခိုက်မှုကိုခံရသဖြင့် ထူးဆန်းလျက်ရှိသည်။ ရီဖန်၏စွမ်းအားသည် မဟာသူတော်စင်အဆင့်ကျင့်ကြံသူထက်ပင် ပို၍ကြီးမားသည်။ သို့သော် တိုက်ပွဲစွမ်းအား မြင့်သည်ဆိုသည်နှင့် ခုခံမှုသည်လည်း မဟာသူတော်စင်အဆင့်ကျင့်ကြံသူကဲ့သို့ သန်မာမည်ဟု မဆိုလိုပေ။
နေမင်းမဟာသူတော်စင်သည် သူမ၏ နေမင်းကို နောက်တစ်ကြိမ်ဆင့်ခေါ်လိုက်သည်။ သို့သော် ဤတစ်ကြိမ်တွင် ရီဖန်၏ အင်မော်တယ်သုတ်သင်ခြင်းအခင်းအကျင်းကို အနိုင်ယူရန်ဖြစ်သည်။ ၎င်း၏ပြင်းအားအကြောင့် အခင်းအကျင်းသည် အနည်းငယ်တုံ့ဆိုင်းသွားသည်။ ထိုအချိန်သည် သူမအတွက်အခွင့်အရေးဖြစ်သည်။
“နေဓား!”
နောက်ဆုံးမဟာသူတော်စင်လက်နက်ကို ရီဖန်ထံချိန်ရွယ်လျက် တိုက်ခိုက်ရန်ထုတ်လိုက်သည်။ ဓားထိပ်တွင် စုစည်းထားသော စွမ်းအားသည် မဟာသူတော်စင်တစ်ဦး မပြင်မဆင်မရှိခဲ့လျှင်ပင် ထိခိုက်စေနိုင်သည်။ ထိုဓားဖြင့် ရီဖန်ကိုထိခိုက်စေနိုင်သောကြောင့် သူမပြုံးမိသည်။ သူသည် မည်မျှထူးဆန်းသောကျင့်ကြံသူ ဖြစ်နေစေကာမူ မဟာသူတော်စင်အဆင့် ကျင့်ကြံသူမဟုတ်သဖြင့် အားနည်းချက်ရှိရမည်။
သို့သော်ချက်ချင်းပင် သူမ၏အပြုံးသည် ပျောက်ကွယ်သွား၏။ နတ်အလင်းတန်းက ရီဖန်ကို ရစ်ပတ်ထားပြီး နေမင်းမဟာသူတော်စင်၏ တိုက်ခိုက်မှုကို ကာကွယ်လိုက်သည်။ ထိုလက်နက်သည် အလယ်အလတ် မဟာသူတော်စင်လက်နက်ဖြစ်ကာ ကာကွယ်ရေးလက်နက်တစ်ခုဖြစ်သည်။
ရီဖန်ခန္ဓာကိုယ်ပတ်လည်ရှိ ရတနာအလင်းတန်းကိုကြည့်လိုက်ပြီးနောက် သူမသည် ဒေါသဖြစ်သွားသည်။ ထိုအချိန်တွင် သူမသည် အနည်းငယ် နောင်တရနေသည်။ တိုက်ခိုက်ရေးနှင့် ကာကွယ်ရေးနှစ်ခုလုံးတွင် ရီဖန်၏ဟာကွက်မရှိပါ။ ထို့ကြောာင့် ရီဖန်သည် သူတော်စင်နယ်မြေကျင့်ကြံသူဖြစ်နေလျှင်ပင် မဟာသူတော်စင်အဆင့်ရှိသူကို ကြောက်ရွံ့နေမည်မဟုတ်ပေ။
ရီဖန်သည် နောက်ဆုံးတွင် မဟာသူတော်စင်ကျင့်ကြံသူတို့၏တိုက်ခိုက်မှုကို နားလည်သွားပြီဖြစ်သည်။ တိုက်ခိုက်မှုစွမ်းအား နည်းသော်လည်း မဟာသူတော်စင်အဆင့်လက်နက်မပါလျှင်ပင် ခုခံနိုင်စွမ်းရှိသည်။
ရီဖန်၏စိတ်ဝိဉာဉ်ကို တိုက်ခိုက်နေသောစွမ်းအားသည် မတည်မငြိမ်ဖြစ်လာသည်။ အလယ်အလတ်မဟာသူတော်စင်လက်နက်ဖြစ်သည့် ဝိဉာဉ်ထိန်းချုပ်ခြင်း ခေါင်းလောင်းသည်လည်း အဆက်မပြတ် လှုပ်ရှားနေလျက် တိုက်ခိုက်မှုကိုကာထားသည်။
နေမင်းမဟာသူတော်စင်သည် သူမ၏ တိုက်ခိုက်မှုများက အနိုင်မယူနိုင်သဖြင့် ဒေါသဖြစ်နေသည်။ ထိုသို့ဆက်သွားမည်ဆိုလျှင် သူမသေချာပေါက် ရှုံးတော့မည်။ နောက်ထပ် ရီဖန်ကို မည်သို့ တိုက်ခိုက်မည်မှန်း သူမ မသိတော့ပါ။ သူမသည် အရှုံးပေးရန်ပင် တွေးနေသည်။ ပို၍အရေးကြီးသည်မှာ သူမသာ မနိုင်ခဲ့လျှင် သူမ၏တပ်ဖွဲ့အားလုံးတို့သည် သေကြရမည်ဖြစ်သည်။ အကယ်၍အနိုင်မရလျှင်ပင် ထွက်ပြေးလွတ်မြောက်နိုင်သေးသည် မဟုတ်လား။
“အင်မော်တယ်ချည်နှောင်ခြင်းထောင်ချောက်”
အခင်းအကျင်းတစ်ခုပေါ်လာပြီးနောက် သူမသည် ထွက်သွားရန်မဖြစ်နိုင်တော့။ သူမသည် ထို့သို့ရောက်လာပြီး ပြန်ထွက်သွားမည့်အရေးကို ရီဖန်သဘောမကျချေ။ ရီဖန်ကဲ့သို့ သူတော်စင်ကျင့်ကြံသူတစ်ဦးသည် အဖြစ်အပျက်များကို ကောင်းစွာနားလည်၍ ယုံကြည်ချက်ရှိကြသည်။ ဤတစ်ကြိမ်တွင် ရီဖန်သည် သူ၏ စွမ်းအားကို အကုန်ထုတ်သုံးလိုက်သည်။
အင်မော်တယ်ချည်နှောင်ခြင်းထောင်ချောက်၏ အကွာအဝေးအတွင်း ရှိနေသော်လည်း သူမသည် နောက်မဆုတ်တော့ပေ။ ယနေ့တွင် ရီဖန်သို့မဟုတ် သူမ တစ်ဦးဦး သေဆုံးမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်သောကြောင့် ရီဖန်၏ တိုက်ခိုက်မှုများကို မြင်သောအခါ သူမသည် နောက်ဆုတ်ရန် အစီအစဉ်မရှိတော့ချေ။
၎င်းတို့နှစ်ဦး၏တိုက်ပွဲသည် ကမ္ဘာများစွာကို ပျက်ဆီးစေသည်။ အကယ်၍ ရီဖန်သာ ထွက်ပေါ်လာသော သက်ရောက်မှုများအား အင်မော်တယ်ချည်နှောင်ခြင်းထောင်ချောက်ကိုအသုံးပြု၍ မကာကွယ်ခဲ့လျှင် ကျုံးဖန်မြို့သည် လုံးဝပျက်စီးသွားမည်ဖြစ်သည်။ အောက်ဘက်ရှိတိုက်ပွဲသည် စောစီးစွာအဆုံးသတ်သွား၏။
ရီဖန်၏ကျင့်ကြံသူများသည် ရန်သူကို အဆုံးသတ်လိုက်ကြအပြီးတွင် ရီဖန်နှင့် နေမင်းမဟာသူတော်စင်တို့၏ တိုက်ပွဲကို ကြည့်ရန် အပေါ်သို့ မော့လျက်ရှိသည်။ ထိုသို့သော တိုက်ပွဲမျိုးသည် သူတို့ကို စိတ်လှုပ်စားစေသည်။ ၎င်းတို့ပိုကြိုးစားလျှင် ထိုစွမ်းအားများဖြင့် အနာဂတ်တွင် အဓိကစွမ်းအားရှင်များဖြစ်လာနိုင်သည်။
၎င်းတို့၏စွမ်းအား အလေအလွင့်မဖြစ်စေရန် အစောပိုင်းအဆင့်ကို အလျင်အမြန်ဖြတ်သန်း၍ ရီဖန်အား ကူညီနိုင်ရန် ပိုမိုကြိုးစားရမည်။ သူတော်စင်အဆင့်စွမ်းအားရှင်များအတွက် ဆယ်နှစ်သည် အချိန်တစ်ခဏသာဖြစ်သည်။ ထို့အတူ အထက်ဘက်ရှိတိုက်ပွဲသည်လည်း အဆုံးသတ်သို့ နီးကပ်လာသည်။
ရီဖန်သည် အဝတ်အစားများပင် ပုံမပျက်ဘဲ ဂုဏ်ယူစွာရပ်နေသည်။ တစ်ဖက်တွင် နေမင်းမဟာသူတော်စင်၏ပုံစံသည် မျှော်လင့်ချက်မဲ့လျက်ရှိသည်။ သူမ၏ မျက်လုံးများတွင်လည်း အမုန်းတရားများနှင့် ပြည့်နှက်လျက် ရီဖန်အား စိုက်ကြည့်လျက်ရှိသည်။
………..
အခန်း ၄၇၉ - အင်အားကြီးမားလှသော သူတော်စင်အစည်းအရုံး
မဟာသူတော်စင်တစ်ဦးသည် သူတော်စင်တစ်ဦးမျှကို အနိုင်မယူနိုင်ခြင်းအပေါ် သူမနားမလည်နိုင်ပေ။ ဤသူတော်စင်က အလွန်အစွမ်းထက်လျှင်ပင် အများဆုံး သူမနှင့်လက်ရည်တူဖြစ်သင့်သည်။ သို့သော်လက်ရှိအခြေအနေအရ တိုက်ခိုက်ရန်ပင်မဟုတ် ပြေး၍ပင်မလွတ်နိုင်တော့ပါ။ သူမဝန်မခံချင်သော်လည်း ရီဖန်၏ အလားအလာသည် ပင်မနယ်မြေရှိ စွမ်းအားရှင်များ၏ ဆက်ခံသူများထက်ပင် သာလွန်နေကြောင်း ဝန်ခံရမည်။
"ငါ လက်နက်ချဖို့ ဆန္ဒရှိတယ်!"
နေမင်းမဟာသူတော်စင်သည် သူမ၏ နောက်ဆုံးကတ်ကို ကစားရန်မှလွဲ၍ ရွေးချယ်စရာမရှိချေ။ မဟာသူတော်စင်အဆင့် စွမ်းအားရှင်တစ်ဦးသည် သူ့ကိုယ်သူသာ ကယ်တင်သင့်သည်။
မဟာသူတော်စင်တစ်ဦးက ထိုသို့ သိက္ခာမဲ့စွာအရှုံးပေးသွားခြင်းကြောင့် ရီဖန် ထိတ်လန့်သွားသည်။ ထိုအတွက် အခြားသူများက အထင်သေးကြမည်မှာ အသေအချာပင်ဖြစ်သည်။ သိက္ခာမဲ့ခြင်းကို အခြားသူများလက်မခံလျှင် သူလည်း လက်ခံမည်မဟုတ်ပေ။
‘အနှိုင်းမဲ့အင်မော်တယ်ဓား’ စက္ကန့်ပိုင်းအကြာတွင် အန္တရာယ်ကင်းသည်ထင်ရသော ဓားတစ်ချောင်းသည် သူမ၏စိတ်ဝိညာဉ်အား ညင်သာစွာ ဖြတ်သွားသည်ကို သူမသတိပြုမိသည်။ သူမ၏အမြင်အာရုံသည် တဖြည်းဖြည်း မှုန်ဝါးလာကာ နောက်ဆုံးတွင် အမှောင်ထဲသို့ ကျသွားခဲ့သည်။ ထို့ကြောင့်သူမသည် ရီဖန်၏လက်၌ ကျဆုံးခဲ့သော ပထမဆုံးသောမဟာသူတော်စင်ဖြစ်လာ၏ ။
အင်မော်တယ်ဓားလေးစင်းသည် ဖြည်းညှင်းစွာပျံသွားကာ ရီဖန်၏ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်သွားသည်။ တိုက်ပွဲသည်ပြီးသွားပြီဖြစ်ကာ ရီဖန်လည်း အောင်မြင်စွာ ဆုတ်ခွါခဲ့သည်။ တိုက်ပွဲတွင် သူသည်အင်အားကိုပင် အပြည့်အဝအသုံးမပြုသေးပေ။ သူမရည်ရွယ်ဘဲ ထိုသို့အစွမ်းထက်ခဲ့သည်လား။ မည်သို့ဖြစ်စေ ထိုသို့ပိုအစွမ်းထက်လာခြင်းသည် ကောင်းသည်။ အနည်းဆုံး သူသည် ရီမိသားစုကို ကာကွယ်ရန် စွမ်းအားရှိပြီဖြစ်၏။
ရီမိသားစုကျင့်ကြံသူများနှင့် ကျုံးဖန်မြို့တော်ရှိ စွမ်းအားရှင်များသည် စိတ်လှုပ်ရှားနေကြသည်။ ရီမိသားစုမျိုးနွယ်စုခေါင်းဆောင်သည် သူတို့၏မျက်စိရှေ့တွင် မဟာသူတော်စင်အဆင့် စွမ်းအားရှင်အား သတ်ဖြတ်နေသည်ကို တွေ့လိုက်ရသည်။
ထိုအချိန်တွင် ကောင်းကင်မှသွေးမိုးများ ရွာချလာသည်။ နေမင်းမဟာသူတော်စင်၏စကြာဝဠာသည် ပျက်ဆီးသွားကာ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးနေသည်။ ပတ်ဝန်းကျင်မှ ကျင့်ကြံသူအများအပြားသည် ကောင်းကင်ဆီသို့ တစ်ပြိုင်နက် မျှော်ကြည့်နေမိကြသည်။ သွေးမိုးရွာခြင်းကို မြင်သောအခါ ကြောက်ရွံ့မှုကြောင့် မျက်နှာများ ဖြူဖပ်ဖြူရော် ဖြစ်သွားကြသည်။ မဟာသူတော်စင်တစ်ယောက် ဇီဝိန်ချုပ်သွားပြီဖြစ်သည်။
ယခုခေတ်တွင် အသတ်ခံရန်မဆိုထားနှင့် နှစ်သန်းပေါင်းများစွာကြာအောင်ပင် မဟာသူတော်စင်အဆင့်တန်ခိုးရှင်တစ်ယောက် ကြွေလွင့်ခြင်းကရှားပါးသည်။ များစွာသောစွမ်းအားရှင်များသည် မည်သည့်မဟာသူတော်စင် ကျဆုံးသွားသည်ကို စုံစမ်းရန် ကင်းထောက်များကို ချက်ခြင်း စေလွှတ်လိုက်ကြသည်။
"နေမင်းမဟာသူတော်စင် ကျဆုံးသွားပြီ။ ဒါကြောင်မို့ အတွင်းဘက်နယ်မြေက အခြေအနေတွေ ပြင်းထန်လာပုံဘဲ"
မဟာသူတော်စင်အဆင့် စွမ်းအားရှင်တစ်ယောက်အနေဖြင့် နေမင်းမဟာသူတော်စင်သည် နာမည်ကောင်းရခဲ့သည်။ သူတော်စင်များစွာသည် သူမသေဆုံးခြင်း၏အကျိုးသက်ရောက်မှုကို စိုးရိမ်ထိတ်လန့်နေသည်။ ၄င်းတို့၏ ကျင့်ကြံမှုအဆင့်သည် သူမနှင့် အနည်းငယ်သာ ကွာခြားသည်။ ထိုသို့သေဆုံးခြင်းသူသည် ၄င်းတို့လည်း ဖြစ်နိုင်သဖြင့် ထိုသို့တုန်လှုပ်နေကြ၏။
ခေါင်းဆောင်အများအပြားသည် လက်အောက်ငယ်သားများအား လျှို့ဝှက်စွာ နေထိုင်ကြရန်နှင့် ပြဿနာမဖန်တီးရန် ညွှန်ကြားထားသည်။ သေဆုံးရသည့်အကြောင်းရင်းကို ဖော်ထုတ်ရန်လဲ ကင်းထောက်များစေလွှတ်ခဲ့သည်။
တစ်ဖက်တွင် ရီဖန်သည် ကျုံးဖန်မြို့မှ ထွက်ခွာါနေပြီဖြစ်သည်။ သူသည် နေမင်းမဟာသူတော်စင်ထံမှ အရင်းအမြစ်များကို ရယူပြီးဖြစ်သော်လည်း နေမင်းမဟာသူတော်စင်ဂိုဏ်း အတွင်းရှိ အရင်းအမြစ်များကိုလည်း လက်မလွှတ်နိုင်ပေ။ ယခုတစ်ကြိမ်တွင် နေမင်းမဟာသူတော်စင်ဂိုဏ်း၏ စွမ်းအားရှင်အများစုသည် ကျုံးဖန်မြို့၌ ကျဆုံးသွားပြီဖြစ်သည်။ နေမင်းမဟာသူတော်စင် ဂိုဏ်းတွင် တပည့်များစွာ မကျန်တော့ဘဲ ရီဖန်အနေဖြင့် အကြည့်ဖြင့်ပင် ၄င်းတို့အားလုံးကို ရှင်းပစ်နိုင်သည်။
ရီဖန်သည် နေမင်းမဟာဂိုဏ်း၏ ဆေးဥယျာဉ်ကို စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေသည်။ နေမင်းမဟာသူတော်စင်ထံတွင် အဆင့်နိမ့်သူတော်စင် လက်နက်နှစ်ခုကိုသာ မြင်သဖြင့် သူဆင်းရဲဟုထင်ခဲ့သည်။ သို့သော် ယခုအခါ ထိုသို့မဟုတ်ကြောင်း ပေါ်လွင်လာသည်။ နေမင်းမဟာသူတော်စင်သည် အတော်ပင်ချမ်းသာသည်။ တကယ်တမ်းတွင် မဟာသူတော်စင်အဆင့်စွမ်းအားရှင်ဖြစ်သည့် သူမအနေဖြင့် ဆင်းရဲရန်မှာ မဖြစ်နိုင်ချေ။
အများစုက လက်နက်များသို့မဟုတ် ဆေးလုံးများအဖြစ်သို့ ပြောင်းလဲ၍မရသော အရင်းအမြစ်ပုံစံဖြင့်သာရှိနေသည်။ ထိုအဖြစ်အပျက်သည် ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိရန် အရေးကြီးကြောင်း မီးမောင်းထိုးပြခဲ့သည်။
ဤအရင်းအမြစ်များမှ အနည်းငယ်ကို အဆင့်နိမ့်သူတော်စင်အဆင့် ဆေးလုံးနှင့် လက်နက်များအဖြစ် သန့်စင်၍အသုံးပြုနိုင်သည်။ ရီဖန်အတွက် ခဏတာအတွင်းမည်သည့်အရာမှ ချို့တဲ့ဦးမည်မဟုတ်ပေ။ ထိုအထဲတွင် အလယ်အလတ် သူတော်စင်အရင်းအမြစ်အချို့လည်းရှိပြီး ရီမိသားစုဝင်မှ နှောင်းပိုင်း သူတော်စင်ကျင့်ကြံသူအနည်းငယ်အတွက်လုံလောက်သည်။
သို့သော် ရီဖန်၏အာရုံကို အဖမ်းစားဆုံးအရာမှာ နှောင်းပိုင်းသူတော်စင်အဆင့် ယင်ယန်နတ်ဆေးလုံးကို သန့်စင်ရာတွင် အသုံးပြုနိုင်သည့် ယင်ယန်နတ်မြက်ဖြစ်သည်။ ယင်ယန်နတ်ဆေးလုံးသည် နှောင်းပိုင်းသူတော်စင်၏ကျင့်ကြံမှုအဆင့်ကို အထွတ်အထိပ်သူတော်စင်အဆင့်အထိ အလျင်အမြန်တွန်းပို့နိုင်သည်။
ကံမကောင်းစွာဖြင့် သူ့ဆေးပညာသည် ထိုသို့ပြုလုပ်နိုင်ခြင်းမရှိသေးပေ။ သို့သော် ဤခရီးစဉ်အပြီးတွင် ရီမိသားစု၏ ဆေးပညာရှင်များကို တတ်နိုင်သမျှ မြန်မြန်ဆန်ဆန်အောင်မြင်အောင်လုပ်ရန် တိုက်တွန်းမည်ဖြစ်သည်။ ၎င်းတို့က ရီဖန်၏ကျင့်ကြံမှုအဆင့်ကို လိုက်မမှီနိုင်လျှင် ခက်လိမ့်မည်။
ဤတိုက်ပွဲတွင် ရီဖန်၏အင်အားကို တိုင်းတာနိုင်ခဲ့သည်။ သူသည်မဟာသူတော်စင်အဆင့်သို့ ကျော်ဖြတ်နိုင်ခဲ့လျှင် သူတော်စင်အစည်းအရုံးကို အကောင်းဆုံးရင်ဆိုင်နိုင်မည်။ ချီကျင့်ကြံခြင်းဖြစ်စေ၊ ခန္ဓာကိုယ်သန့်စင်ခြင်းဖြစ်စေ တစ်ခုခုကို ကျော်ဖြတ်နိုင်လျှင် သူတော်စင်အစည်းအရုံးကို ယှဉ်နိုင်မည်ဟု သူယုံကြည်သည်။ နေ့ရက်များ ကုန်ဆုံးသွားခဲ့ပြီးနောက် ပန်ကုစကြာဝဠာကြီး ပြန်လည်ကောင်းမွန်လာရန် ဆယ်နှစ်သာ ကျန်တော့သည်။
"အစည်းအရုံး ဂိုဏ်းချုပ်၊ မင်းပြန်လာပြီ။"
ရန်လော်သူတော်စင်နှင့် ပင်လယ်ကမ်းစပ်သူတော်စင်တို့သည် အကျွမ်းတဝင်ရှိသော တည်ရှိမှုကို ခံစားခဲ့ရကာ စိတ်လှုပ်ရှားသွားကြသည်။ အစည်းအရုံးဂိုဏ်းချုပ်သည် သူတော်စင်အစည်းအရုံး၏အခြေခံအုတ်မြစ်ဖြစ်သည်။ ယခု ၄င်းပြန်လာသဖြင့် သူတို့ချက်ချင်း စိတ်သက်သာသွားကြသည်။
"မင်းတို့နှစ်ယောက်လုံး ငါ့ကို စိတ်ပျက်စေတာဘဲ!"
၄င်း၏ရောင်ဝါသည် သူတော်စင်နယ်မြေထက် ကျော်လွန်၍ ထွက်ပေါ်လာသည်။ ၄င်း၏ပြင်းထန်သောရောင်ဝါအောက်တွင် သူတော်စင်နှစ်ဦး၏ စွမ်းအားများသည် မုန်တိုင်းထဲတွင် ထီးထီးကြီးရှိနေသောသစ်ပင်များကဲ့သို့ ချက်ချင်း ကြေမွသွားခဲ့သည်။ ၄င်းတို့သည် ချွေးစီးများပင် ထွက်လာသည်။
ခေါင်းကို မော့လိုက်သောအခါ ၄င်းတို့၏မျက်လုံးများသည် ထိတ်လန့်ကြောက်ရွံ့မှုများနှင့်အတူ ပျော်ရွှင်လာကြ၏။ ၄င်းတို့တောင့်တခဲ့သော မဟာသူတော်စင်အဆင့်နယ်မြေကို အစည်းအရုံး ဂိုဏ်းချုပ်က ဖြတ်ကျော်နိုင်ခဲ့သည်။ အစည်းအရုံး ဂိုဏ်းချုပ်၏ ယခုအကြိမ် ပျောက်ဆုံးမှုသည် မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်ရန်ဖြစ်ကြောင်း ၎င်းတို့ သိထားသည်။ သို့သော်မဟာသူတော်စင်အဆင့် ကို ဖြတ်ကျော်ရန်မှာ မလွယ်ကူပေ။
……..
အခန်း ၄၈၀ - အင်အားကြီးမားလှသော သူတော်စင်အစည်းအရုံး
၄င်းတို့နှစ်ဦးစလုံးသည် လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာကပင် အထွတ်အထိပ်အဆင့်သို့ ရောက်ရှိခဲ့ကြသော်လည်း ဖြတ်ကျော်ရန် သတ္တိမရှိခဲ့ကြချေ။ ယခုအခါ သူတော်စင်အစည်းအရုံးဂိုဏ်းချုပ်သည် မဟာသူတော်စင်အဆင့်သို့ အမှန်တကယ် ဖြတ်သွားသည်။
"ဟုတ်တယ်၊ ငါ ကျော်ဖြတ်ပြီးသွားပြီ။ မင်းတို့လို ကောင်းကျိုးမရှိတဲ့နှစ်ယောက်အပေါ်ကိုဘဲ မှီခိုနေရရင် ငါတို့ သူတော်စင်အစည်းအရုံး ချေမှုန်းခံရလိမ့်မယ်!"
၄င်းပြန်လာသောအခါ သူတော်စင်အစည်းအရုံးအတွင်း အပြောင်းအလဲများကို ချက်ချင်းသတိထားမိသည်။ အလွန်ဂုဏ်သိက္ခာကြီးမားသော သူတော်စင်အစည်းအရုံးသည် ၀မ်ဟိုင်သူတော်စင်ဂိုဏ်း၏ အနိုင်ကျင့်ခံရခြင်းကြောင့် ဂိုဏ်းချုပ်သည် ဒေါသထွက်နေသည်။
"ခွင့်လွှတ်ပါ ဂိုဏ်းချုပ် ၊ ၀မ်ဟိုင်သူတော်စင်ဂိုဏ်းက လျှို့ဝှက်နည်းပညာတွေ ပိုင်ဆိုင်ထားတဲ့ပင်လယ်နဂါးသူတော်စင်ကို မွေးထုတ်ခဲ့တယ်။ သူ့ရဲ့တိုက်ခိုက်ရေးစွမ်းရည်က အသန်မာဆုံး သူတော်စင်တွေထက်တောင် သာလွန်နေပါတယ်၊ ဒါကြောင့် ကျွန်တော်တို့... "
“တော်လိုက်တော့!" ဂိုဏ်းချုပ်က ကြားဖြတ်ပြောလိုက်သည်။
"ဝမ်ဟိုင်သူတော်စင်ဂိုဏ်းကိုတော့ ပန်ကုစကြာဝဠာအရေးကို ဖြေရှင်းပြီးရင် တိုက်ခိုက်ကြရအောင်။ မင်းတို့ပြင်ဆင်မှုတွေ အဆင်သင့်ဖြစ်ပြီလား"
"အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ပန်ကုစကြဝဠာ ပြန်လည်ပြုပြင်ပြီးတာနဲ့ သူတော်စင်အစည်းအရုံးဝင်လို့ရပါပြီ"
သူတော်စင်အစည်းအရုံးသည် ပြီးပြည့်စုံသည့် ပန်ကုစကြာဝဠာအတွက် အားလုံးပြင်ဆင်ထားသည်။
"ကောင်းပြီ၊ ဒီပန်ကုစကြဝဠာကို ငါရယူပြီးတာနဲ့ ရွှမ်ယွမ်စကြဝဠာကို တိုက်ကြမယ်!”
ဤအချက်သည် သူတော်စင်အစည်းအရုံး၏သူတော်စင်များကို စိတ်လှုပ်ရှားစေသည်။ အကယ်၍ ၎င်းတို့သည် ပြီးပြည့်စုံသောစကြဝဠာနှစ်ခုကို သိမ်းပိုက်နိုင်လျှင် သူတော်စင်အစည်းအရုံး၏အင်အား ကြီးမားလာမည်။ ထိုအချိန်တွင် ၎င်းတို့ထဲမှ အချို့သည် ဒဏ္ဍာရီလာ မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်ရန် အခွင့်အရေးပင် ရှိလိမ့်မည်။
ဤအတွေးဖြင့် သူတော်စင်တိုင်း၏ တိုက်ပွဲဝင်စိတ်ဓာတ်များ ပြင်းထန်လာသည်။ ၎င်းတို့သည် ပိုမိုကောင်းမွန်သော ကျင့်ကြံမှုပတ်ဝန်းကျင်၊ ပိုမိုကောင်းမွန်သော ဆေးလုံးများနှင့် ပိုမိုအားကောင်းသော လက်နက်များ ပိုင်ဆိုင်လိုကြသည်။
ပန်ကုစကြာဝဠာတွင် မည်သည့်အရာမှမရှိသေးပေ။ ယခုအချိန်တွင် သူတော်စင်များပင် ကင်းမဲ့နေပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့ထံတွင် ဆုံးရှုံးစရာမရှိ။ တိုက်ပွဲမစတင်သေးသော်လည်း ပန်ကုစကြဝဠာ၏ကျင့်ကြံသူများကို စိတ်ထဲတွင် ဖြုတ်ချပြီးဖြစ်သည်။
တကယ်တမ်း ရီဖန်ပြသခဲ့သည့်စွမ်းအားသည် အစောပိုင်း သူတော်စင်အဆင့်ရှိ ပင်လယ်ခါးသီးသူတော်စင်ကို ချေမှုန်းရန်သာ လုံလောက်သည်။ ထိုစွမ်းအားကို ၄င်းတို့ မကြောက်ရွံ့ကြပါ။ တိုက်ပွဲဖြစ်ခဲ့ခြင်းက နှစ်ထောင်ဂဏန်းမျှသာ ရှိသေးသောကြောင့် ရီမိသားစု၏ကျင့်ကြံသူများ လျင်မြန်စွာကျင့်ကြံခဲ့လျှင်ပင် ၎င်းတို့သည် နတ်ဘုရားအဆင့်သို့ မရောက်နိုင်ကြသေးပေ။
…
ရီမိသားစုအတွင်း ရီဖန်၏ကျင့်ကြံမှုအဆင့်သည် မတိုးတက်လာသေးဘဲရှိသည်။ ရီဖန်သည် ချီကျင့်ကြံခြင်းနှင့် ခန္ဓာကိုယ်ကျင့်ကြံခြင်း နှစ်ခုစလုံးတွင် ကန့်သတ်ချက်သို့ ရောက်ရှိသွားပြီဖြစ်သည်။ သို့သော် သူ၏ကန့်သတ်ချက်များသည် အခြားကျင့်ကြံသူများထက် ကျော်လွန်နေသောကြောင့် ၎င်းကိုအနိုင်ယူနိုင်ခြင်း မရှိသေးပါ။
ယခင်ဆယ်နှစ်အတွင်း ရီဖန်သည်သူ၏ဖြတ်ကျော်မှုကို လက်လျှော့ခဲ့သည်။ သူ၏ လက်ရှိကျင့်ကြံမှုအဆင့်သည် လုံလောက်သေး၏။ ရီဖန်သည်ရီမိသားစု၏ အမြင့်ဆုံးအဆင့်တွင်ရှိနေကာ သူ့လက်အောက်မှ ကျင့်ကြံသူများကို အားမရဖြစ်နေသည်။ အစောပိုင်းသူတော်စင်အဆင့် တစ်ရာကျော်၊ အလယ်အလတ်သူတော်စင်အဆင့် ဒါဇင်ကျော်နှင့် နှောင်းပိုင်းသူတော်စင်အဆင့် ဆယ်ယောက်ကျော် ပေါ်ထွက်ခဲ့ပြီဖြစ်သည်။
အချိန်သာပိုရလျှင် အချို့သည် အထွတ်အထိပ်အဆင့်သို့ပင် ရောက်နိုင်သည်။ သို့သော် ရီမိသားစု၏ပထမဆုံးအထွတ်အထိပ်သူတော်စင်ကို ရရှိမည့်အချိန်မှာ သူကိုယ်တိုင်သာဖြစ်လိမ့်မည်ဟု ခန့်မှန်းသည်။ ထိုအတောအတွင်း ရီဖန်သည် အဆောင်လက်ဖွဲ့များပြုလုပ်နေခဲ့သည်။
အဆင့်နိမ့်မဟာသူတော်စင်အဆောင်သည် အထွတ်အထိပ်သူတော်စင်များ၏ တိုက်ခိုက်ခြင်းကို ယှဉ်နိုင်သည်။ ထိုအဆောင်ကိုင်ဆောင်ထားသော အစောပိုင်းနှင့် အလယ်အလတ်သူတော်စင်သည် မဟာမိတ်အစည်းအရုံး၏ နှောင်းပိုင်းသူတော်စင်များ၏ ရုတ်တရက်တိုက်ခိုက်မှုကိုပင် ခုခံနိုင်လိမ့်မည်။
ကျင့်ကြံသူများအတွက် ဆယ်နှစ်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ နောက်အခိုက်အတန့်တွင် ရီဖန်၏စကြဝဠာနှလုံးသားသည် အနည်းငယ်တုန်ခါသွားပြီးနောက် နောက်ဆုံးအက်ကွဲကြောင်းသည် လုံးဝပျောက်ကွယ်သွားသည်။ ပန်ကုစကြာဝဠာသည် အလုံးစုံ ကောင်းမွန်ပြီဖြစ်ကြောင်း ရီဖန်သိလိုက်သည်။
ရီဖန်ထွက်ခွာခါနီးတွင် ပန်ကုစကြာဝဠာ၏နှလုံးသားမှ ပြင်းထန်သောစွမ်းအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ဤစွမ်းအားသည် သူ့ခန္ဓာကိုယ်အလျင်အမြန် တိုးတက်မှုကို အထောက်အကူဖြစ်ကြောင်း ရီဖန်ချက်ချင်းခံစားလိုက်ရ၏။ ၎င်းသည် ယခင်က သူကြုံတွေ့ခဲ့ဖူးသော ပျက်ဆီးခြင်းပုတီးကဲ့သို့ဖြစ်ကာ သူ၏ခန္ဓာကိုယ်ကို မြှင့်တင်ပေးနိုင်သည်။
စစ်ပွဲမစခင်တွင် သူသည် မဟာသူတော်စင်အဆင့်သို့ ရောက်ရှိတော့မည် ဖြစ်ကြောင်းသိလိုက်သည်။ ရီဖန်သည် ချက်ချင်းပင် စွမ်းအားကိုစုပ်ယူကာ တရားထိုင်လိုက်သည်။ ကန့်သတ်ချက်သို့ ရောက်နေသော သူ၏ နတ်ခန္ဓာကိုယ်သည် ယခုအချိန်တွင် လျင်မြန်စွာအဆင့်မြင့်တက်လာသည်။ ထို့နောက်တွင် ကန့်သတ်ချက်သို့ရောက်ရှိသွားသည်။
နောက်ဆုံးတွင် သူသည် မဟာသူတော်စင်အဆင့်သို့ ရောက်ရှိသွား၏။ ထိုနောက် နတ်ဘုရားသွေးမျိုးဆက်သည် စတင်ပြောင်းလဲလာသည်။ နတ်ဘုရားသွေးမျိုးဆက်၏ အသွင်ပြောင်းမှုက သူ၏ခန္ဓာကိုယ်အတွက် ကြီးမားသောစွမ်းအားကို ယူဆောင်လာခဲ့သည်။ ထို့နောက် ရီဖန်သည် အချိန်တိုလေးအတွင်း တ်ဘုရားမျိုးဆက်ရာဂဏန်းအထိ ရောက်ရှိသွားသည်။ရီဖန်သည် ပန်ကုစကြာဝဠာကြီးကို တုန်လှုပ်စေနိုင်သည့် စွမ်းအားအနည်းငယ်ကို ဆုပ်ကိုင်လိုက်၏။
အစောပိုင်းမဟာသူတော်စင်အဆင့်ရှိသော ရီဖန်၏ခန္ဓာကိုယ်သည် ယခင်ရင်ဆိုင်ခဲ့သော နေမင်းမဟာသူတော်စင်ထက် များစွာစွမ်းအားကြီးသည်။ မဟာသူတော်စင်သည် ဤမျှအစွမ်းထက်ခြင်းက အံ့သဩစရာမရှိချေ။ မဟာသူတော်စင်အားလုံးသည် အားနည်းခြင်းမဟုတ်ဘဲ ယခင်ကရင်ဆိုင်ခဲ့သော နေမင်းမဟာသူတော်စင်ကသာ အားနည်းနေခြင်းဖြစ်သည်။ ယခုကသာ မဟာသူတော်စင်အဆင့်၏ အစစ်အမှန်ဖြစ်သည်။ ပန်ကုစကြဝဠာရှိ ကမ္ဘာတစ်ထောင်များမှ အတားအဆီးများပျောက်ကွယ်သွားကာ ကြီးမားသောတိုက်ကြီးတစ်ခု ဖြစ်လာသည်။
ပန်ကုစကြာဝဠာသည် မူလက တစ်တိုက်တည်းသာရှိသော်လည်း အက်ကွဲခြင်းကြောင့် ကမ္ဘာပေါင်းထောင်ပေါင်းများစွာအဖြစ် ကွဲသွားခဲ့သည်။ ယခုပြန်လည်ကောင်းမွန်လာသောအခါ နဂိုအတိုင်း တိုက်ကြီးတစ်ခုအဖြစ် ပြန်လည်ဖြစ်ပေါ်ရန် လိုအပ်လာသည်။ နောက်ဆုံးပေါင်းစပ်မှုပြီးသောအခါ အလွန်ကြီးမားသော နေရာလွတ်၏ဥမင်လိုဏ်ခေါင်းတစ်ခု ပေါ်ပေါက်လာသည်။ ထိုဥမင်လိုဏ်ခေါင်းအတွင်းတွင် ပြင်းထန်သောရောင်ဝါများကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။
ပန်ကုစကြဝဠာ၏ ကျင့်ကြံသူများသည် တယောက်ပြီး တယောက် ခေါင်းမော့လာကြသည်။ သူတော်စင်အစည်းအရုံးသည် ထိုနေရာသို့ ရောက်နေပြီဖြစ်သည်။ ရီဖန်သည် အခြားကျင့်ကြံသူများအား ဤစစ်ပွဲတွင် ပါဝင်ရန် အမိန့်မပေးခဲ့သဖြင့် ကျင့်ကြံသူအများစုသည် နေရာအမျိုးမျိုးတွင် ရောက်ရှိနေကြသည်။ သူတိူ့သည် သူတော်စင်အစည်းအရုံး၏ ကျင့်ကြံသူများ ချီတက်လာသည်ကို စိတ်လှုပ်ရှားစွာကြည့်နေကြသည်။
ရီမိသားစုနှင့်တာ့ယွီနတ်မင်းဆက်၏ ကျင့်ကြံသူများသည် သူတော်စင်အစည်းအရုံး၏ ကျင့်ကြံသူများကို အမှန်တကယ် ရပ်တန့်နိုင်မည်လားဟု မည်သူမျှ အသေအချာမသိပေ။ ၄င်းတို့ နီးကပ်လာသည်နှင့်အမျှ ကျင့်ကြံမှုအဆင့်ကို အသေအချာမြင်ရသဖြင့် သူတော်စင်များနှင့် သူတော်စင်တစ်ပိုင်းတို့၏ မျက်နှာများသည် တခဏချင်း အရောင်ဖျော့သွားခဲ့သည်။ ၄င်းတို့၏ တပ်ဖွဲ့တွင် အစောပိုင်းသူတော်စင်အဆင့်တစ်ရာကျော်၊ အလယ်အလတ်သူတော်စင်အဆင့်နှစ်ဆယ်ကျော်၊ နှောင်းပိုင်းသူတော်စင်အဆင့် ဆယ်ယောက်နှင့် အထွတ်အထိပ်သူတော်စင်လေးယောက်ပါဝင်သည်။
ထိုသို့မြင်ရသောအခါ လူတိုင်းစိတ်ဓာတ်ကျသွားသည်။ ရီမိသားစုမှကျင့်ကြံသူများသည်လည်း ရန်သူ၏ ကျင့်ကြံမှုအဆင့်ကို မှတ်သားထားခဲ့သည်။ ၄င်းတို့၏ အင်အားသည် တုန်လှုပ်ဖွယ်ဖြစ်သည်။ ဝမ်ဟိုင်းသူတော်စင်ဂိုဏ်းမှ ကူညီလာမည်ဆိုလျှင်ပင် ၎င်းတို့ကို သူတို့ခုခံနိုင်မည် မဟုတ်ချေ။ သို့သော် ပန်ကုစကြဝဠာကို ကျူးကျော်ရန်အတွက်တော့ ထိုအင်အားက မလုံလောက်သေးပါ။
"အားလုံးပဲ ငါတို့လည်း စတင်ကြတာပေါ့!"
သူတော်စင်အစည်းအရုံး၏ကျင့်ကြံသူများ ဝင်လာသည်နှင့်တပြိုင်နက် ရီမိသားစုကျင့်ကြံသူများသည်လည်း အဆင်သင့် ဖြစ်နေသည်။ ရီမိသားစုနှင့် တာ့ယွီနတ်မင်းဆက်၏ ကျင့်ကြံသူအရေအတွက်မှာလည်း များပြားလှသည်။ တာ့ယွီ့နတ်မင်းဆက်၏ စစ်တပ်သည်ပင် သန်းနှင့်ချီ၍ ရှိသည်။ ကျင့်ကြံသူအများအပြားကို မြင်သောအခါ သူတော်စင်အစည်းအရုံးမှကျင့်ကြံသူများသည် မျက်မှောင်ကြုံ့မိသည်။
အရေအတွက်ကိုအားကိုး၍ အခြေအနေကို မပြောင်းလဲနိုင်ဟုလည်း ၄င်းတို့တွေးနေမိသည်။ ၄င်းတို့အဆင့်ရောက်လျှင် အရေအတွက်များသည် အရေးမကြီးတော့ပေ။ အရေးကြီးဆုံးက ကျင့်ကြံမှုအဆင့်ဖြစ်သည်။ ။
"ဒုတိယအကြီးအကဲ ငါ့ကို အရင်တိုက်ခွင့်ပြုပါ!"
ညာလက်ရုံးသူတော်စင်သည် တာဝန်ယူဦးဆောင်ခွင့်ပေးရန် တောင်းခံခဲ့သည်။ ဤကျူးကျော်မှုကို ဦးဆောင်သည့် ဒုတိယအကြီးအကဲနှစ်ဦးကလည်း ခေါင်းညိတ်ခဲ့သည်။
"ညာလက်ရုံးသူတော်စင်၊ ငါတို့သူတော်စင်အစည်းအရုံးကို ဆန့်ကျင်တာရဲ့ အကျိုးဆက်တွေကို သူတို့ကိုသင်ပေးလိုက်"
ညာလက်ရုံးသူတော်စင်၏ကျင့်ကြံမှုသည် အထွတ်အထိပ်သူတော်စင်အဆင့်ဖြစ်သဖြင့် ၄င်းအား ထိုသို့အမိန့်ပေးခြင်းက မှန်ကန်သည်။ ၄င်းတို့၏ ရည်ရွယ်ချက်သည် ပန်ကုကြာဝဠာရှိ သက်ရှိသတ္တဝါအားလုံးကို သုတ်သင်ရန်မဟုတ်ဘဲ ဆန့်ကျင်မှုကိုဦးဆောင်နေသည့် ရီမိသားစုအားချေမှုန်းခြင်းဖြင့် ပန်ကုစကြဝဠာရှိ အခြားသော ကျင့်ကြံသူများကို ခြောက်လှန့်ရန်ဖြစ်သည်။
ညာလက်ရုံးသူတော်စင်သည် ၎င်း၏ အဆင့်နိမ့် မဟာသူတော်စင်လက်နက်ဖြစ်သော လှံတံကိုထုတ်ကာ ရီမိသားစုမှကျင့်ကြံသူများထံ ချိန်ရွယ်လိုက်သည်။
"အခု လက်နက်ချရင် ရီမိသားစုတစ်ခုလုံးရဲ့အလောင်းတွေကို ဒီတိုင်းထားခဲ့မယ်"
အထွတ်အထိပ်သူတော်စင်အဆင့်ကျင့်ကြံသူ၏ ရောင်ဝါသည် ရီမိသားစု၏ကျင့်ကြံသူများထက် သာလွန်သည်။ ညာလက်ရုံးသူတော်စင်သည် ရီမိသားစုကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှုကို မြင်လိုသည်။ သို့သော် ရီမိသားစု၏ ကျင့်ကြံသူများသည် မတုန်လှုပ်သဖြင့် သူစိတ်ပျက်သွားသည်။
သူတို့သည် မိသားစုရှိ မြင့်မားသောအဆင့်များမှ ပိုမိုအားကောင်းသည့် ရောင်ဝါများကို ကြုံတွေ့ခဲ့ပြီးဖြစ်သဖြင့် ၄င်း၏ သူတော်စင်အဆင့်ရောင်ဝါကို မတုန်လှုပ်ကြခြင်းဖြစ်သည်။ သူတော်စင်အဆင့်ကျင့်ကြံသူသည် ထိရောက်မှု ရှိစေရန်အတွက် ၄င်း၏ရောင်ဝါကိုသုံးရသည်။ ရီမိသားစု၏အပြုအမူသည် ညာလက်ရုံးသူတော်စင်အား အထင်သေးသကဲ့သို့ ဖြစ်နေသဖြင့် ၄င်းသည် ပို၍ဒေါသထွက်လာသည်။
“ဒီလိုဆိုရင်တော့ မင်းတို့အားလုံးကို သတ်ပစ်ရတော့မှာဘဲ”