အခန်း ၅၁၁-၅၁၃
Vol. 35 Ch. 511-513
အခန်း ၅၁၁ - မိသားစုတိုးပွါးလာခြင်း အဆင့်နှစ်ဆယ့်တစ်၊ ပျက်ဆီးခြင်းပင်လယ်တွင် နာမည်ရလာခြင်း
အကယ်၍ မူလနိယာမမျှော်စင်သည် မဟာသူတော်စင်အဆင့်သို့ ဖြတ်ကျော်လိုသူများကို အထောက်အကူပြုနိုင်သည်မှာ အမှန်တကယ်ဖြစ်လျှင် ၎င်း၏တန်ဖိုးသည် အလွန်အမင်းမြင့်တက်လာမည်ဖြစ်သည်။ ယခုဈေးနှုန်းသည် စျေးမကြီးလွန်းသေးချေ။ ရီမိသားစု ဈေးမတက်သေးသရွေ့ ၎င်းက အများစုတတ်နိုင်သောငွေပမာဏဖြစ်သည်။
၄င်းတို့သည် တာအိုချပ်ပြားအချို့ကို စျေးမတက်ခင်ဝယ်ရန် စဉ်းစားနေသည်။ မူလနိယာမမျှော်စင်သို့ တစ်စုံတစ်ဦး မဝင်နိုင်သေးသရွေ့ ၎င်းကို ဆက်လက်အသုံးပြုနိုင်သည်။ သို့သော် ယခုအခါ အတည်ပြုရန်အရေးကြီးဆုံးသောအရာတစ်ခုရှိနေသည်။
၄င်းမှာ မူလနိယာမမျှော်စင်သည် ကျင့်ကြံသူများကို ဖြတ်ကျော်နိုင်ရန် အမှန်တကယ် အထောက်အကူပြုနိုင်သလား ဟူသည့်အချက်ဖြစ်သည်။ မျှော်စင်အတွင်း လန်ယာသူတော်စင်သည် ယခုအချိန်၌ လန်ယာမဟာသူတော်စင်အဖြစ် အဆင့်မြင့်သွားသည်။ သူ၏ဖြတ်ကျော်မှုအဆင့်ကို မြှင့်တင်ပြီးချိန်တွင် ချက်ချင်းပင် မူလနိယာမမျှော်စင်မှထွက်ခွါခဲ့သည်။
သူသည်မကြာသေးမီက ဖြတ်ကျော်ပြီးသားဖြစ်သောကြောင့် ဆက်လက်ကျင့်ကြံမည်ဆိုလျှင်လည်း ထပ်မံအကျိုးပြုနိုင်စရာမရှိတော့ပေ။ မူလနိယာမမျှော်စင်တွင် ကျင့်ကြံသင့်သူများမှာ ဖြတ်ကျော်ရာတွင် အခက်အခဲကြုံတွေ့နေသော ကျင့်ကြံသူများဖြစ်သည်။ သူသည်အချိန်မဖြုန်းတော့ဘဲ ယခုပင်ထွက်ခွါသွားလိုက်လျှင် ပို၍အကျိုးရှိမည်။
မည်သို့ပင်ဖြစ်စေ နောက်တစ်ကြိမ်ပြန်လာသည့်အခါတွင်လည်း ၎င်းကို အသုံးပြုနိုင်သေးသည်။ မျှော်စင်၏တံခါးသည် အသံကျယ်ကြီးဖြင့်ပွင့်လာသည်။ ထို့နောက် ရင်းနှီးသော မျက်နှာတစ်ခုက မျှော်စင်အတွင်းမှ ထွက်လာခဲ့သည်။ ကျင့်ကြံသူအများအပြားသည် မူလနိယာမမျှော်စင်သို့ ပထမဦးဆုံးဝင်ရောက်ကျင့်ကြံခဲ့သော လန်ယာသူတော်စင်ကို မှတ်မိကြသည်။
အစပိုင်းတွင် လန်ယာသူတော်စင်အား အရင်းအမြစ်များကိုဖြုန်းတီးလိုက်ခြင်းဟု အပြစ်ပြောဆိုသူများစွာရှိခဲ့သည်။ ၄င်းတို့သည် အဲဒီအစား ဆေးလုံးများဖြင့်လဲလှယ်ခြင်းသည် ပိုကောင်းပြီး တကယ်ဖြတ်ကျော်နိုင်စေရန်အတွက် အခွင့်အလမ်းများ ပိုရှိမည်ဟုယူဆကြသည်။ ထို့ကြောင့် ၄င်းသည် မဖြတ်ကျော်နိုင်တော့ဘဲ ဆက်လက်ကျင့်ကြံခြင်းမပြုနိုင်တော့မည်ဟုသာ ယုံကြည်ခဲ့ကြသည်။
၄င်းတို့အနေဖြင့် လန်ယာသူတော်စင်တွက် ကျင့်ကြံရန် အချိန်တစ်ဆယ့်ငါးနှစ်တိတိရခဲ့ကြောင်း မှတ်မိကြသည်။ ယခု ၄င်းသည်ဆက်မကျင့်တော့ဘဲ ထွက်ခါသွားမည်ဆိုလျှင် ၄င်းထံမှ တာအိုချပ်ပြားအချို့ကို စျေးပေါစွာဖြင့် ဝယ်ယူမည်ဟုတွေးနေသည်။ သို့သော် သူတော်စင်အချို့သည် မကြာခင်အချိန်အတွင်း ထူးခြားမှုတစ်ခုကိုခံစားမိလာခဲ့ကြသည်။
မူလနိယာမမျှော်စင်သို့ မဝင်မီက ၄င်း၏အခြေအနေကို ထင်ရှားစွာမြင်နိုင်ခဲ့ကြသည်။ သို့သော် ယခု၄င်းအပြန်ထွက်လာချိန်တွင် ၄င်း၏အတွင်းစိတ်ကို လုံးဝမမြင်နိုင်တော့ပေ။ သူတော်စင်အချို့သည် ၄င်းအားမျက်မှောင်ကြုံ့ကာ ကြည့်လိုက်ကြသည်။ သူတို့အနေဖြင့် မူလနိယာမမျှော်စင်အတွင်းတွင် ဖြတ်ကျော်မှုအောင်မြင်ခဲ့သူမှာ လန်ယာသူတော်စင်ပင်ဖြစ်နိုင်သည်ဟု ခန့်မှန်းမိလာခဲ့ကြသည်။
ထိုအခိုက်အတန့်တွင် မူလနိယာမမျှော်စင်သည် ၎င်းတို့မျှော်လင့်ထားသည့်ထက် ပိုမိုအသုံးဝင်သည်ဟု သဘောပေါက်သွားသည်။ မဟာသူတော်စင်အချို့သည်လည်း ယင်းကို စမ်းသပ်ကြည့်လိုကြသည်။ ၄င်းတို့သည် မဟာသူတော်စင်များသာဖြစ်သော်လည်း ၎င်းတို့အကြားတွင် အဆင့်ကွာခြားမှုများရှိနေသေးသည်။ ၄င်းတို့သည် လက်ရှိတွင် ရှိနေသည့်အဆင့်တွင် နှစ်တစ်ရာကြာရောက်ရှိနေပြီး ဖြတ်ကျော်ခြင်းကို မပြုနိုင်ကြသေးချေဌ
နည်းလမ်းအမျိုးမျိုးကြိုးစားစမ်းသပ်ကြသော်လည်း အကျိုးမထူးခဲ့ကြ။ ယခု မူလနိယာမမျှော်စင်သည် ၄င်းတို့အတွက်အသုံးဝင်နိုင်သည်ဟုယူဆမိသဖြင့် ထိုအခွင့်အလမ်းကို လက်မလွှတ်ချင်ကြပေ။ မဟာသူတော်စင်အချို့သည် အသုံးပြုခွင့်ကို ချက်ချင်းဝယ်ယူခဲ့ပြီး ထိုမျှော်စင်ထဲသို့ ဝင်ရောက်ကျင့်ကြံကြတော့သည်။
မဟာသူတော်စင်များ၏လှုပ်ရှားမှုကို မြင်နေရသည့် အခြားသူတော်စင်များကလည်း လန်ယာသူတော်စင်သည် မူလနိယာမမျှော်စင်အတွင်း၌ ဖြတ်ကျော်မှုတစ်ခုကို မကြာသေးမီက ပြုလုပ်နိုင်ခဲ့ကြောင်း ချက်ချင်းနားလည်သဘောပေါက်သွားကြသည်။
“ဆယ်နှစ်စာလောက်ပေးပါဦး”
“ငါအရင်ငါးနှစ်နဲ့ယူမယ်”
“ဘာလို့ ငါနဲ့ကိုက်ညီတဲ့ မူလနိယာမ မရှိတာလဲ”
မူလနိယာမမျှော်စင်သည် ယခင်က တိတ်ဆိတ်ခဲ့သော်လည်း ယခုအခါတွင် ချက်ချင်းပင် စည်ကားလာခဲ့သည်။ မရေမတွက်နိုင်အောင် များပြားသောကျင့်ကြံသူများသည် ၎င်းကို အလွန်အကျွံပင်အသုံးချလိုနေကြသည်။ အကယ်၍ လန်ယာသူတော်စင်သည် မဖြတ်ကျော်နိုင်ခဲ့လျှင် ၄င်းတို့သည် ထိုသို့ဖြစ်ကြလိမ့်မည်မဟုတ်ပေ။
သို့သော် လန်ယာသူတော်စင်၏ဖြတ်ကျော်မှုက ၄င်းတို့အားအလွန်ဆွဲဆောင်နေသည်။ ၄င်းတို့သည် သေးငယ်သောအခွင့်အရေးတစ်ခုကိုပင် စမ်းသပ်ကြည့်လိုကြသည်။ လန်ယာသူတော်စင်၏ ဖြတ်ကျော်မှုအောင်မြင်ခဲ့သည်ဆိုသည့် သတင်းကို ရီကျင်းထျန်က သိလိုက်ချိန်တွင်၊ သူသည် ဟန်မဆောင်နိုင်အောင်ပင် ပြုံးနေမိတော့သည်။
မူလနိယာမမျှော်စင်အတွက် ယခုအဖြစ်အပျက်သည် အကောင်းဆုံးကြော်ငြာတစ်ခုဖြစ်သည်။ သူ၏အမြင်အရ မူလနိယာမမျှော်စင်သည် ထိုအချိန်မှစ၍ ရီမိသားစုအတွက် အဓိကဝင်ငွေလမ်းကြောင်းတစ်ခုဖြစ်လာမည်ဟု ယုံကြည်သည်။
သို့သော် ရီကျင်းထျန်သည် မူလနိယာမမျှော်စင်၏ ဆွဲဆောင်မှုအား အနည်းငယ်လျှော့တွက်ခဲ့မိသည်။ လန်ယာသူတော်စင်၏ ဖြတ်ကျော်မှုသတင်း ပျံ့နှံ့သွားချိန်တွင် အထွတ်အထိပ်သူတော်စင်အဆင့်မှ နောက်တစ်ဆင့်မတက်နိုင်သူများသည် ကျုံးဖန်မြို့သို့ အလုံးအရင်းဖြင့် ဝင်ရောက်လာခဲ့ကြသည်။
၄င်းတို့သည် အထွတ်အထိပ်သူတော်စင်အဆင့်တွင် နှစ်ပေါင်းများစွာ ရပ်နေခဲ့သော်လည်း ယခုအခါတွင် ဖြတ်ကျော်နိုင်မည့် မျှော်လင့်ချက်ကိုမြင်တွေ့လာခဲ့ကြသည်။ ထို့အပြင် မြှင့်တင်ရန် အန္တရာယ်မျှတစ်စုံတစ်ရာမရှိဘဲ အရင်းအမြစ်များလုံလောက်ရန်သာလိုအပ်သည်။ ၄င်းတို့သည် အခြားသူများထက်နောက်ကျသွားမည်ကိုပင် စိုးရိမ်နေကြသည်။
ဤကျင့်ကြံသူများသာမက ရီမိသားစုမှ ဗောဓိဘိုးဘေးကဲ့သို့သောသူများသည်လည်းမျှော်စင်သို့ဝင်ရောက်ကာ ဖြတ်ကျော်မှုပြုလုပ်ရန် ပြင်ဆင်နေကြပြီဖြစ်သည်။ ရီမိသားစုဝင်အဖြစ် သတ်မှတ်ထားသော အထောက်အထားဖြင့် မူလနိယာမမျှော်စင်၏ တံခါးကိုတိုက်ရိုက်ဖွင့်နိုင်သည်။ ထိုမြင်ကွင်းကို မူလနိယာမမျှော်စင်သို့ ဝင်ရောက်ခွင့်ဝယ်ရန်တန်းစီနေကြသည့် ကျင့်ကြံသူများအားလုံးသည် အံ့အားသင့်သွားကြသည်။
“ဘာလို့ သူက အချိန်မဝယ်ဘဲ ဝင်နိုင်တာလဲ” ကျင့်ကြံသူတဦးက မကျေနပ်သဖြင့် မေးမြန်းလာသည်။ မေးသူကိုကြည့်ကာ မူလနိယာမမျှော်စင်ကို တာဝန်ယူထားသူဖြစ်သည့် ရီမိသားစုဝင် သူတော်စင်တဦးက ဖြည်းငြင်းစွာဖြေဆိုသည်။
“သူက ငါတို့မိသားစုခေါင်းဆောင်ရဲ့ဆရာဘဲ။ မင်းလဲ ရီမိသားစုဝင်တစ်ဦးဖြစ်ရင် မူလနိယာမမျှော်စင်ကို အခမဲ့အသုံးပြုခွင့်ရနိုင်မှာပဲ”
ဤစကားများကြောင့် လူစုတစ်ခုလုံးသည် တိတ်ဆိတ်သွားသည်။ ရီမိသားစုခေါင်းဆောင်၏ ဆရာဆိုသည်မှာ ၄င်းတို့ မစော်ကားသင့်သူဖြစ်သည်။ သို့သော် ကျင့်ကြံသူအချို့သည် ရီမိသားစုဝင်ဖြစ်ခြင်းသည် ကောင်းမွန်သည့်ရွေးချယ်မှုတစ်ခုဖြစ်လာနိုင်သည်ဟု စဉ်းစားလာကြသည်။ အထူးသဖြင့် မိမိအလှအပအပေါ်ယုံကြည်မှုရှိသောအမျိုးသမီးကျင့်ကြံသူများသည် မိသားစုဝင်အဖြစ် မည်သို့ရောက်နိုင်မည်ကို စတင်စဉ်းစားလာကြသည်။ ရီမိသားစုခေါင်းဆောင်ကို ၄င်းတို့၏အမည်နှင့်အရည်အချင်းဖြင့် တွေ့ဆုံနိုင်မည့်အလားအလာ မရှိချေ။
“လူငယ်လေး ရီမိသားစုဝင်အခြားသူတွေလည်း ဒီလိုအကျိုးခံစားခွင့်တွေ ရကြလား”
အမျိုးသမီးကျင့်ကြံသူတဦးက မေးမြန်းလာသည်။ အခြားသူများကလည်း နားစွင့်နေကြသည်။ ရီမိသားစု၏ ရှစ်ခုမြောက်မျိုးဆက်မှ တပည့်တစ်ဦးအနေဖြင့် ထိုအကြောင်းအရာများကို လျှို့ဝှက်ထားရန် ဆန္ဒမရှိသဖြင့် မိသားစုဝင်များရရှိသောအကျိုးခံစားခွင့်များကို ၄င်းတို့အားရှင်းပြလိုက်သည်။
ကျင့်ကြံမှုအဆင့်အပေါ်မူတည်၍ တစ်နှစ်လျှင်ထိပ်တန်းဆင့်ဆေးလုံးများကို နှစ်စဉ် များစွာ ရရှိကြသည်။ ကျင့်ကြံမှုအဆင့်တစ်ခုဖြတ်ကျော်ပြီးချိန်တွင် ထိပ်တန်းအဆင့်စွမ်းအင်ရှိသည့် နတ်လက်နက်တစ်ခုကို ချက်ချင်းရရှိမည်ဖြစ်သည်။ ကျင့်ကြံရန်နယ်မြေများ၊ အရင်းအမြစ်များ၊ ကျင့်ကြံနည်းလမ်းများ၊ မူလနိယာမမျှော်စင်အသုံးပြုခွင့်များ စသဖြင့် အားလုံးကို ထောက်ပံ့ပေးမည်ဖြစ်သည်။ ရီမိသားစုတပည့်များသာမက မိသားစုဝင်များသည်လည်း ထိုအကျိုးခံစားခွင့်များအား တူညီစွာရရှိနိုင်ကြသည်။
………….
အခန်း ၅၁၂ - မိသားစုတိုးပွါးလာခြင်း အဆင့်နှစ်ဆယ့်တစ်၊ ပျက်ဆီးခြင်းပင်လယ်တွင် နာမည်ရလာခြင်း
ရီမိသားစု၏အကျိုးခံစားခွင့်များကို သိသောအခါ ကျင့်ကြံသူများစွာက အံ့အားသင့်သွားကြသည်။ ရီမိသားစုဝင်များအတွက် ရရှိနိုင်သည့်အခွင့်အရေးများမှာ အလွန်ကောင်းမွန်လှသည်။ ၄င်းတို့သိထားသလောက်ဆိုလျှင် အဓိကဒေသများရှိ အမြင့်ဆုံးအစွမ်းထက်အဖွဲ့အစည်းများ၏ ကျင့်ကြံသူများပင် ရီမိသားစုဝင်များကဲ့သို့ မရရှိကြပေ။
ယခင်က ၄င်းတို့သည် ထိုအဖွဲ့အစည်းများမှ ကျင့်ကြံသူများကိုအားကျခဲ့ကြသော်လည်း၊ ယခုအခါ ရီမိသားစုဝင်များကို အားကျမိနေတော့သည်။ တချို့က ထိုအကြောင်းအရာများကို သံသယဖြစ်နေကြသော်လည်း ရီမိသားစုဝင်တစ်ဦးသည် မိမိအဆင့်အတန်းအား လျော့ကျစေနိုင်သည့်အချက်များကို မမှန်မကန် မဖော်ပြလောက်ချေ။ တကယ်တမ်းတွင် ရီမိသားစုဝင်တစ်ဦးအဖြစ် ရရှိနိုင်သောအကျိုးခံစားခွင့်များသည် ၄င်းတို့ယူဆထားသည့်အတိုင်းသာမက ထို့ထက်မကလည်းဖြစ်နိုင်သည်။
မူလနိယာမမျှော်စင်ကိုပင် စီးပွါးရေးအတွက်အသုံးပြုနေခြင်းက ရီမိသားစုတွင် ထို့ထက်မြင့်မားသည့်အရင်းအမြစ်များလည်း ရှိနေနိုင်ကြောင်း သက်သေပြသည်။ ထိုအချက်များကြောင့် ၄င်းတို့သည် ရီမိသားစုဝင်တစ်ဦးဖြစ်လာချင်နေကြသည်။ အကယ်၍ မိသားစုဝင်ဖြစ်မည်သေချာလျှင် အိမ်ထောင်ပြု၍ ဝင်ရခြင်းသည်ပင် မကောင်းသောရွေးချယ်မှုမဟုတ်ဟုပင် ယူဆလာကြသည်။
သို့သော် ၄င်းတို့ မသိသေးသည်မှာ ထိုသို့သော ရည်ရွယ်ချက်ဖြင့် ရီမိသားစုသို့ ဝင်ရောက်လိုခြင်းသည် မဖြစ်နိုင်သည့်အရာတစ်ခုဖြစ်နေသည်။ ရီမိသားစုသို့ ဝင်ရန် ပထမဆုံးဖြတ်ကျော်ရမည့် စစ်ဆေးမှုမှာ နှလုံးသားသန့်စင်ခြင်းဖြစ်သည်။ ၄င်းကိုသာ မဖြတ်ကျော်နိုင်ပါက မူလနေရာသို့ ပြန်သွားရမည်ဖြစ်သည်။ အချို့သည် မမှန်ကန်သည့် ရည်ရွယ်ချက်ရှိသည့်အတွက် ရီမိသားစုအတွင်းမှ ထွက်ခွာကြရမည်ဖြစ်သည်။
အထွတ်အထိပ်မဟာသူတော်စင်ဖြစ်သည့်အပြင် အခင်းအကျင်းဆရာဖြစ်သည့် ရီဖန်ကိုယ်တိုင် စစ်ဆေးသည့်အတွက် သူတော်စင်များသည်ပင် ၄င်းတို့၏ ရည်ရွယ်ချက် စစ်မှန်သောကို မဖုံးကွယ်နိုင်ကြချေ။ သို့သော် ရီမိသားစု၏အကျိုးခံစားခွင့်များအကြောင်းသတင်းသည် မကြာမီတွင် နေရာအနှံ့သို့ ပျံ့နှံ့သွား၏။
ထိုအချိန်တွင် ရီမိသားစုသို့ ဝင်လိုသူများ မိသားစုဝင် များဖြင့် အိမ်ထောင်ပြုလိုသူများသည် မရေမတွက်နိုင်လောက်အောင် ပေါများလာမည်မှာသေချာသည်။ ထိုလူများသည် မိသားစုဝင် ဖြစ်လာရန် မသေချာပါ။
နှစ်တစ်ဝက်အကြာတွင် မူလနိယာမမျှော်စင်အတွင်းမှ ပြန်လည်ဖြတ်ကျော်မှုတစ်ခု ထပ်မံပေါ်ပေါက်လာခဲ့သည်။ ထိုဖြတ်ကျော်မှုမှာ ရီမိသားစု၏ဗောဓိဘိုးဘေးမှ ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် အခြားသူများသည် ထိုဖြတ်ကျော်မှုအား အောင်မြင်ခဲ့သူမှာ ဗောဓိဘိုးဘေးဟု မသိကြဘဲ အထွတ်အထိပ်သူတော်စင်တစ်ဦးက မဟာသူတော်စင်အဆင့်သို့ ကံကောင်း၍ တက်နိုင်ခဲ့သည်ဟုသာ ထင်ကြသည်။
ဆယ်နှစ်အကြာတွင် ဓားတစ်သောင်းဘိုးဘေးသည်လည်း အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည်။ ထိုအချိန်ကာလအတွင်းတွင် မူလနိယာမမျှော်စင်အတွက် ကြိုတင်စာရင်းသွင်းမှုများသည် အပြည့်ပင်ဖြစ်သည်။ မူလနိယာမမျှော်စင်၏ အရည်အသွေးကိုထိန်းသိမ်းနိုင်ရန်အတွက် ရီကျင်းထျန်သည် ဝင်ရောက်မည့် လူအရေအတွက်ကို မဖြစ်မနေ ကန့်သတ်လိုက်ရသည်။ အကယ်၍ ကျင့်ကြံသူများသည် မဖြတ်ကျော်နိုင်ခဲ့လျှင် မျှော်စင်အား အသုံးမဝင်ဟု ထင်မြင်လာမည်ဖြစ်ပြီး ပြဿနာများ ပေါ်ပေါက်နိုင်သည်။
ရီကျင်းထျန်၏ ခန့်မှန်းချက်အရ နှစ်တစ်ရာနှင့်ငါးရာအတွင်းတွင် အထွတ်အထိပ်သူတော်စင်တစ်ဦးသည် မဟာသူတော်စင်အဆင့်သို့ တစ်ကြိမ်ဖြတ်ကျော်နိုင်ပါက ၄င်းတို့၏ ဖောက်သည်အရေအတွက်ကို ဆက်လက်ထိန်းသိမ်းနိုင်မည်ဖြစ်၍ ဂုဏ်သီတင်းကိုလည်း ထိန်းသိမ်းနိုင်မည်ဖြစ်သည်။ တကယ်တမ်းတွင် နှစ်ရာချီသည် ကျင့်ကြံသူတို့အတွက် တစ်ခဏတာသာဖြစ်သည်။
ရီကျင်းထျန်က ငွေကြေးရှာဖွေရေးတွင် အလုပ်ရှုပ်နေချိန်တွင် ရီဖန်ဘက်တွင် မဟာသူတော်စင်ဝမ်ရှူထံမှ ရရှိခဲ့သည့်နည်းစနစ်များအားလုံးကို အောင်မြင်စွာစုစည်း၍ ရီမိသားစု၏အခြေခံနည်းစနစ်အဖြစ် ပေါင်းစည်းနိုင်ခဲ့သည်။ ရီမိသားစုတွင် ကျင့်ကြံနည်းစနစ်များမရှိသည် မဟုတ်သော်လည်း၊ ရှိနေသည့်နည်းစနစ်အများစုသည် အနိမ့်ပိုင်းအဆင့်နှင့် သာမန်နည်းစနစ်များသာဖြစ်သည်။
ထိုသို့သောနည်းစနစ်များဖြင့် ရီမိသားစုဝင်များအား ကျင့်ကြံစေခြင်းသည် ရီဖန်လက်မခံနိုင်သည့် အခြေအနေဖြစ်သည်။ သူသည် ရွေးချယ်ခွင့်သာရှိလျှင် ကျင့်ကြံနည်းစနစ်များအား ကိုယ်တိုင်ထုတ်နုတ်မည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် သူ၏နိယာမများအပေါ် နားလည်မှုက အံ့သြဖွယ်ကောင်းလှသည်။ ၎င်း၏ ကျင့်ကြံမှုအဆင့် တက်လာသည်နှင့်အမျှ ဥာဏ်အလင်းနိယာမများကို ပိုမိုအသုံးချနိုင်လာသဖြင့် ကျမ်းစာများထုတ်နုတ်ခြင်းက ပိုမိုလွယ်ကူလာသည်။
သူသည် ပျက်ဆီးခြင်းဖန်တီးမှုနတ်ကျမ်းကို အခြေခံ၍ တိုက်ခိုက်ရေးနည်းလမ်းအဖြစ် ပျက်ဆီးခြင်းဥပဒေသုံးထောင်၊ ပုန်းကွယ်ခြင်းနည်းလမ်းအဖြစ် ပျက်ဆီးခြင်းဖြင့် ပုန်းကွယ်ခြင်းဥပဒေ၊ ရုပ်ပိုင်းဆိုင်ရာအားဖြင့် ပျက်ဆီးခြင်းဖန်တီးမှုကိုယ်ထည်တို့ကို ဖန်တီးနိုင်ခဲ့သည်။ ထို့ပြင် စိတ်ဝိညာဉ်နည်းစနစ်အဖြစ် ပျက်ဆီးခြင်းသန့်စင်မှုနတ်ဥပဒေကိုလည်း ဖန်တီးနိုင်ခဲ့သည်။
ဤနည်းစနစ်များတွင် ရီဖန် နားလည်ထားသည့် မူလနိယာမများစွာ ပါဝင်သည်။ ရီမိသားစုဝင်များအနေဖြင့် မိမိ၏အဆင့်အလိုက်သင့်လျော်သော နည်းလမ်းတစ်ခုကို ထိုနည်းစနစ်များထဲမှ ခွဲယူကျင့်ကြံနိုင်သည်။ ထို့ပြင် ရီဖန်သည် နည်းစနစ်များစွာကိုပေါင်းစည်းထားသော ကျောက်တိုင်ကိုလည်းသန့်စင်နိုင်ခဲ့သည်။
ရီမိသားစု၏ တပည့်များသည် မိမိ၏မူလနိယာမကိုပြသရုံဖြင့် ၎င်းတို့အတွက် သင့်လျော်သော အမွေအနှစ်တစ်ခုကို ရယူနိုင်သည်။ သို့သော် ထိုကျောက်စာ၏ အမွေအနှစ်ကို မဟာသူတော်စင်အဆင့်သို့ ရှောက်ရှိမှသာရယူနိုင်သည်။ ထိုသို့ရယူနိုင်သော မဟာသူတော်စင်များသည် ရီဖန်အပြင် သုံးဦးသာရှိနေသေးသည်။
ရီဖန်သည် သူတို့အား နတ်ကျမ်းစာတိုက်သို့သွား၍ ထိုအမွေအနှစ်ကို သွားရောက်ယူရန် အမိန့်ပေးညွှန်ကြားခဲ့သည်။ တကယ်တန်းတွင် ထိုအမွေအနှစ်ကို မရရှိလျှင်လည်း ရီရှောင်းရှောင်းအတွက်မထူးခြားပေ။ သူမ၏ နတ်ဧကရာဇ်ပုလ္လင်သည် နတ်ဧကရာဇ်အမွေအနှစ် ပါရှိပြီးဖြစ်သည်။ သို့သော် အခြားသူများအားလုံး ရရှိနေချိန်တွင် သူမသည်လည်း ရယူသင့်သည်ဟု ရီဖန်ထင်သည်။ သူမသည် ထိုနည်းစနစ်များကို တကယ်ကျင့်ကြံမည် မကျင့်ကြံမည် ဆိုသည်ကို ရီဖန် စိတ်မဝင်စားပေ။
ထိုအချိန်အတွင်း ရီဖန်သည် မိသားစု၏ စွမ်းအားမြင့်တက်ရန်အတွက် ကျင့်ကြံနည်းစနစ်ကို ဆက်လက်လေ့လာနေကာ ထိုအလုပ် ပြီးမြောက်သွားချိန်တွင်ရရှိမည့် ဆုလာဘ်များအပေါ် စိတ်လှုပ်ရှားနေခဲ့သည်။ ယခုအခါ ရီဖန်သည် သူ့အတွက်သာကျင့်ကြံနေကာ သူအမျှော်လင့်ဆုံးဆုမှာ လျှို့ဝှက်ဆန်းကြယ်သော အချုပ်အခြာအာဏာ အလားအလာဖြစ်သည်။ အကယ်၍ ထိုအလားအလာ ကိုရမည်ဆိုလျှင် သူ၏ကျင့်ကြံမှုအမြန်နှုန်းသည် အလွန်မြန်မြန်ဆန်ဆန် မြှင့်တက်လာနိုင်သည်ဟု ယူဆရသည်။
အချိန်ကြာလာသည်နှင့်အမျှ မူလနိယာမမျှော်စင်၏ ဂုဏ်သတင်းသည် ပင်ကိုပျက်ဆီးခြင်းပင်လယ်တစ်လျှောက် ပျံ့နှံ့သွားပြီဖြစ်သည်။ ၎င်းဒေသရှိ စွမ်းအားကြီးမားသော မဟာသူတော်စင်များသည်ပင် မူလနိယာမမျှော်စင်၏တည်ရှိမှုအကြောင်းကို သိရှိသွားကြသည်။
သို့သော် ထိုမဟာသူတော်စင်အဆင့်၏ နှောင်းပိုင်းအဆင့်များနှင့် အထွတ်အထိပ်အဆင့်ရှိသူများသည် မူလနိယာမမျှော်စင်ကို အထင်မကြီးကြချေ။ ၎င်းတို့အဆင့်တွင် ထိုမျှော်စင်သည် အသုံးမဝင်တော့ပေ။ သို့သော် ၄င်းတို့အတွက်အသုံးမဝင်ခြင်းသည် ၄င်းတို့၏မျိုးဆက်များအတွက်လည်း အသုံးမဝင်ဟု မဆိုလိုပါ။
မသေမျိုးများသည်ပင် လူသားဂုဏ်သတ္တိအနည်းငယ်ရှိသည့်အတွက် ၄င်းတို့စောင့်ရှောက်နေသည့် မိသားစုဝင်များအတွက် ထိုမျှော်စင်အား စောင့်ကြည့်နေကြသေးသည်။ အားလုံးသည် မဟာသူတော်စင်ဝမ်ရှူကဲ့သို့ မဟာသူတော်စင်များကို သတ်ဖြတ်နိုင်ပြီး ပင်ကိုလမ်းကြောင်းများစွာကို ပိုင်ဆိုင်ထားသူမဟုတ်ကြချေ။ အထွတ်အထိပ် မဟာသူတော်စင်များအတွက်ပင် ၄င်းနှင့်သင့်လျော်မည့် ပင်ကိုလမ်းကြောင်းတစ်ခုကို ရှာဖွေရန် ခက်ခဲသည်။
ယခု မူလနိယာမမျှော်စင်တည်ရှိလာခြင်းသည် ၄င်းတို့၏မျိုးဆက်များ ဖြတ်ကျော်မှုတွင် အခက်အခဲကြုံလာလျှင် အခြားနည်းလမ်းတစ်ခုဖြင့် ဖြတ်ကျော်နိုင်ခွင့်ထပ်တိုးလာခြင်းဖြစ်သည်။ ထိုအချက်သည် ၄င်းတို့အတွက် အကျိုးများသည်။ ကြီးကြီးမားမား ဆောင်ရွက်စရာမလိုဘဲ အလွန်နည်းပါးသည့်အရင်းအမြစ်အချို့သုံးစွဲရုံဖြင့် ထိုအကျိုးကိုရရှိနိုင်ခြင်းသည် ၄င်းတို့အတွက်အလွန်တန်ဖိုးရှိသည်။ ဤသို့ဖြင့် ၎င်းတို့၏စိတ်တွင် ရီမိသားစုနှင့် ရီဖန်အပေါ် စတင်အထင်ကြီးမိလာသည်။
ထိုအချိန်တွင် စနစ်မှတိုးငြင်းသောအသိပေးချက်တစ်ခုအား ရီဖန်၏စိတ်ထဲတွင် ကြားလိုက်ရသည်။
“ရေရှည်တာဝန်ဖြစ်တဲ့ မိသားစုတိုးပွါးလာခြင်း အဆင့်နှစ်ဆယ်၊ ပင်ကိုပျက်ဆီးခြင်းပင်လယ်တွင် နာမည်ရရှိခြင်းကို ပြီးမြောက်ခဲ့ခြင်းအတွက် ဂုဏ်ယူပါတယ်၊ ဆုလာဘ်ရယူရန်အသင့်ဖြစ်ပါပြီ”
ရီဖန်ကြာမြင့်စွာမျှော်လင့်ခဲ့သော မိသားစုတိုးတက်ရေးတာဝန်တစ်ခုကို နောက်ဆုံးတွင် အောင်မြင်စွာပြီးစီးခဲ့သည်။
“စနစ်၊ ဆုလာဘ်ကိုယူလိုက်” ဟု ပြောလိုက်သည်။
“ဂုဏ်ယူပါတယ်၊ သခင်ရရှိတဲ့ဆုကတော့ မိသားစုကဒ်ဖြစ်တဲ့ မပြီးမြောက်သေးသော ဘုရင်သွေးမျိုးဆက်ကို ရရှိပါတယ်”
ရီဖန်သည် အနည်းငယ်စိတ်ပျက်သွား၏။ သို့သော် ၎င်းက မိသားစုအမျိုးအစားကဒ်ဖြစ်သည်ကို သိလိုက်သဖြင့် သူ၏စိတ်ပျက်မှုသည် ချက်ချင်းပျောက်ကွယ်သွားသည်။ မိသားစုခေါင်းဆောင်ကဒ်နှင့်နှိုင်းယှဉ်ပါက မိသားစုအမျိုးအစားကဒ်သည် ရီဖန်အတွက် ပို၍စွမ်းအားကြီးမားသည့်တိုးတက်မှုကိုပေးနိုင်သည်။
“စနစ် ကဒ်ကိုသုံးလိုက်တော့”
ကဒ်အားအောင်မြင်စွာထည့်သွင်းပြီးသည်နှင့် ရီဖန်သည် ချက်ချင်းပင် ပေါင်းစည်းရေးလုပ်ငန်းစဉ်ကိုစတင်ခဲ့သည်။ ထိုအချိန်တွင် ရီဖန်၏ခန္ဓာကိုယ်အတွင်းရှိ ထင်ရှားပြီးဖြစ်သော ဘုရင်သွေးမျိုးဆက်သည် တဖြည်းဖြည်းဖြင့် ပို၍ပင်ထင်ရှားလာသည်။ သွေးမျိုးဆက်မပြီးစီးသေးသော်လည်း သူ၏မူရင်းဘုရင်သွေးမျိုးဆက်တွင်ရှိသော ရီမိသားစုဝင်များစွာထံမှ ရရှိသောစွမ်းအားမှာ ပို၍ထင်ရှားလာသည်။
ထို့အပြင် ထိုသို့မြင့်တက်လာသည့်အခါ ရီဖန်၏ခန္ဓာကိုယ်သည်လည်း ပို၍အားကောင်းလာသည်။ ဤခန္ဓာကိုယ်တိုးတက်မှုကိုအာရုံခံနိုင်ပြီးနောက်တွင် ရီဖန်သည် တန်ဖိုးကြီးသောအရင်းအမြစ်အမြောက်အများကိုအသုံးပြု၍ ပျက်စီးခြင်းကိုယ်ထည်သန့်စင်ခြင်းနည်းစနစ်ကို ချက်ချင်းပင်ဖွင့်လှစ်လိုက်သည်။ ၎င်းသည်လည်း ပင်ကိုလမ်းကြောင်း၏တစ်စိတ်တစ်ပိုင်းဖြစ်ကာ ချက်ချင်းပင် အပြင်းအထန်စတင်ခဲ့သည်။
သဘာဝအတိုင်းတိုးတက်လာသော နေရာလွတ်နတ်ကိုယ်ထည်နှင့် နှိုင်းယှဉ်လျှင် ယခု ပျက်စီးခြင်းကိုယ်ထည်သန့်စင်ခြင်းနည်းစနစ်က ပိုမိုပြည့်စုံပြီး ပိုမိုအကျိုးသက်ရောက်မှုရှိသည်။ ကိုယ်ထည်သန့်စင်ခြင်းပညာတွင် မူလအခြေခံရှိပြီးဖြစ်သော ရီဖန်အတွက် ယင်းနည်းစနစ်ကို ကျင့်ကြံရသည်မှာ အလွန်လွယ်ကူသည်။ ထိုသို့ဖြင့်သူသည် အစောပိုင်းမဟာသူတော်စင်အဆင့်အား ဖြတ်ကျော်သွားနိုင်ခဲ့သည်။
ခန္ဓာကိုယ်အတွင်းတွင် တားဆီးထားသည့်သံကြိုးများအား ရီဖန်သည်ဖျက်ဆီးနိုင်ခဲ့ပြီးနောက် အလယ်အလတ်အဆင့်သို့ ချက်ချင်း ဖြတ်ကျော်သွားနိုင်ပြန်သည်။ မူလကပင် အားပြင်းသည့်ခန္ဓာကိုယ်သည် ပိုမိုပြင်းထန်လာခဲ့သည်။ သို့သော် ဤသည်မှာ အစသာဖြစ်သည်။
ရီဖန်သည် တန်ဖိုးကြီးအရင်းအမြစ်များစွာကို အသုံးပြုကာ ခန္ဓာကိုယ်အင်အားကို မြှင့်တင်ခဲ့သည်။ သွေးမျိုးဆက်၏အာနိသင်ကို အပြည့်အဝအသုံးပြုလျက် ကိုယ်ထည်သန့်စင်ခြင်းအား ဆက်လက်ကျင့်ကြံခဲ့သည်။ သူသည် တစ်နှစ်၊ ဆယ်နှစ်၊ နှစ်တစ်ရာတိုင်အောင် မရပ်မနားကျင့်ကြံနေခဲ့သည်။
ကျင့်ကြံနည်းမရှိစဉ်ကပင် မဟာသူတော်စင်အလယ်အလတ်အဆင့်သို့ ရောက်ရှိချိန်၌ သူ၏ခန္ဓာကိုယ်အတွင်းတွင် နတ်သံကြိုးတစ်သန်းရှိနေပြီဖြစ်သည်။ ယခု ပျက်စီးခြင်းကိုယ်ထည်သန့်စင်ခြင်းနည်းစနစ်ကိုကျင့်ကြံနိုင်ပြီဖြစ်ရာ မဟာသူတော်စင်နောက်ဆုံးအဆင့်သို့ ဖြတ်ကျော်ရန်အတွက် ခန္ဓာကိုယ်အတွင်းရှိ နတ်သံကြိုးအရေအတွက်သည်လည်း သန်ပေါင်းများစွာအထိ တိုးလာခဲ့သည်။
ထို့အပြင် ဖြတ်ကျော်ရန်အခက်အခဲသည်လည်း များစွာတိုးလာသည်။ သို့သော် ဖြတ်ကျော်ပြီးနောက်ရရှိမည့်အကျိုးကျေးဇူးများသည် မပြောပြနိုင်လောက်အောင်ပင် အထူးတန်ဖိုးရှိသည်။ ရီဖန်သည် ခန္ဓာကိုယ်ကိုထိန်းချုပ်ကာ သူ့အားတားဆီးနေသည့် နတ်သံကြိုးများကို ဆက်လက်ချိုးဖျက်နေခဲ့သည်။
……..
အခန်း ၅၁၃ - လောင်တန်း၊ ရွှေပြားတစ်ချို့ ထွေးထုတ်လိုက်စမ်းပါ
နောက်ဆုံးကျန်ရှိသော နတ်သံကြိုးနောက်ဆုံးတစ်ချောင်းကို ရီဖန် ဖျက်ဆီးနိုင်ခဲ့သည်။ နောက်ဆုံးတွင် သူ၏ကျင့်ကြံမှုအဆင့်သည် ကိုယ်ထည်သန့်စင်ခြင်းသူတော်စင်အဆင့်သို့ ဖြတ်ကျော်သွား၏။ သူ၏ကိုယ်အတွင်းမှထွက်ပေါ်လာသည့် အစွမ်းထက်သောစွမ်းအားကို ခံစားရင်း ရီဖန်သည် ပျော်ရွှင်နေသည်။
တကယ်ပင် ပျက်စီးခြင်းဖန်တီးမှုနတ်ကျမ်းစာ၏အခြေခံဖြစ်သော ပျက်စီးခြင်းဖန်တီးမှုကိုယ်ထည်က ထူးခြားလှသည်။ ဖြတ်ကျော်ပြီးသည်နှင့် ရီဖန်သည် မဟာသူတော်စင်ဝမ်ရှူကို တစ်ချက်ထဲနှင့်သတ်နိုင်မည် ဟူသောခံစားမှုကို ခံစားလာခဲ့သည်။ သို့သော် ဒီတစ်ကြိမ်တွင် ရီဖန်ရရှိခဲ့သည့်အကြီးမားဆုံးအောင်မြင်မှုက ၎င်းမဟုတ်သေးချေ။
သူ၏ခန္ဓာကိုယ်စွမ်းအားမြှင့်တင်မှုကြောင့် သွေးမျိုးဆက်၏စွမ်းအားကို ပိုမိုကြာရှည်စွာ ခံနိုင်ရည်ရှိလာခဲ့သည်။ ဤတစ်ကြိမ်တွင် သူ၏သွေးမျိုးဆက်စွမ်းအားသည် ထပ်မံတိုးတက်လာခဲ့ပြီး ရီဖန်ထုတ်နိုင်သည့်အင်အားသည် ယခင်ထက် မရေမတွက်နိုင်အောင် တိုးမြင့်လာခဲ့သည်။
နတ်ဝိညာဉ်ရုပ်ပုံဟူသော စွမ်းအားပြင်းပုံစံတစ်ခု ရီဖန်၏အတွင်းမှ ပေါက်ကွဲထွက်လာသည်။ ပင်ကိုပျက်ဆီးခြင်းပင်လယ်တဝက်နီးပါးသည်ပင် ထိုစွမ်းအားကို ခံစားမိကြသည်။ ထို့ကြောင့်ကျင့်ကြံသူအများအပြားသည် ကြောက်ရွံ့စွာဖြင့် ကျုံးဖန်မြို့ဘက်သို့ ငေးကြည့်နေမိကြတော့သည်။ ထိုစွမ်းအားအောက်တွင် ၄င်းတို့သည်ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ မထင်မရှား ချက်ချင်းဖျက်ဆီးခံရမည်ဟုပင် ခံစားနေမိကြသည်။
၄င်းတို့သည် ထိုအရာအား ဒဏ္ဍာရီထဲမှ စစ်မှန်သောနတ်ဘုရားဟုပင် ထင်နေမိကြသည်။ မရေမတွက်နိုင်သောကျင့်ကြံသူများ၏စိတ်ထဲတွင် အမျိုးမျိုးသောအတွေးများပေါ်ပေါက်လာပြီး ပင်ကိုပျက်ဆီးခြင်းပင်လယ်အတွင်း အကြီးအကျယ်ပြောင်းလဲမှုတစ်ခု ဖြစ်တော့မလားဟု သံသယဝင်လာကြသည်။
ရီဖန်သည် သူ၏စွမ်းအားအသစ်ကို အလွန်ကျေနပ်နေသည်။ သူ၏ နတ်ဘုရားသွေးမျိုးဆက်ကို ထိန်းချုပ်နိုင်မှုသည် ၆၀%သို့ရောက်ရှိနေပြီဖြစ်သည်။ ၆၀%တွင်ပင် ရီဖန်သည် နေ့ညမနားဘဲသုံးရက်ဆက်တိုက် တိုက်ခိုက်နိုင်သည်။ ထို့ပြင် သူသည် သွေးမျိုးဆက်စွမ်းအားကို ပိုမိုအသုံးပြုနိုင်သေးသည်။
သို့သော် ထိုသို့ပိုအသုံးပြုသည်နှင့်အမျှ စွမ်းအားကို ထိန်းသိမ်းနိုင်ချိန်သည် ရှေးဟောင်းတရုတ်အချိန်စနစ်ဖြင့် ခန့်မှန်းခြေ တစ်နာရီခန့်သာ ရှိနိုင်မည်ဟု သူခန့်မှန်းသည်။ ယင်းသည် ၂၀%ပမာဏတိုးလာခြင်းသာဖြစ်သော်လည်း ထိုတိုးတက်မှုသည် ရီဖန်အတွက် အရေးပါသောအစွမ်းတိုးမြှင့်မှုတစ်ခုဖြစ်သည်။
သို့သော် ထိုသို့အသုံးပြုလိုက်လျှင် သူသည် တစ်ကြိမ်သာတိုက်ခိုက်နိုင်မည်ဖြစ်သည်။ ထိုတိုက်ခိုက်မှု၏စွမ်းအားသည် မည်မျှအစွမ်းထက်သည်ကိုတော့ မသိနိုင်သေးပေ။ စစ်မှန်သောနတ်ဘုရားသည် ထိုစွမ်းအားကို ခံနိုင်ပါ့မလားဆိုသည်ကို သိချင်နေသည်။ ရီဖန်သည် ထိုစွမ်းအင်ကို စမ်းသပ်နိုင်ရန် စစ်မှန်သောနတ်ဘုရားတစ်ပါးအား တိုက်ခိုက်ရန် မစောင့်နိုင်အောင်ပင် စိတ်လှုပ်ရှားနေသည်။
သူ၏ကျင့်ကြံမှုအဆင့်မြှင့်တင်ပြီးနောက်တွင် မူလနိယာမအမျိုးမျိုးအား ပိုမိုနားလည်နိုင်ခဲ့ပြီး ဆက်လက်လေ့ကျင့်နိုင်ရန် လမ်းပွင့်လာသည်။ မဟာသူတော်စင်ဝမ်ရှူထံမှရရှိခဲ့သော ကျင့်ကြံမှုနည်းလမ်းအား ရီဖန်သည် အားလုံးနီးပါး ကျင့်ကြံနိုင်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ထပ်မံကျင့်ကြံရန်မှာ မလွယ်ကူတော့ပါ။ အခြားစစ်မှန်သောနတ်ဘုရားတစ်ပါး၏ ကျင့်ကြံရေးနည်းစနစ်များအား ထပ်မံရရှိမှသာ သူ့အတွက်အဆင်ပြေမည်။
ရီဖန်ကျင့်ကြံနေချိန်တွင် ရီထျန်ရှင်းသည်လည်း ဆက်လက်ကျင့်ကြံနေ၏။ ဗုဒ္ဓစစ်မှန်သောနတ်ဘုရား၏လက်အောက်တွင် ကျင့်ကြံရန် ဗုဒ္ဓအလင်းတော်ဂိုဏ်းသို့ ဝင်ရောက်ပြီးနောက်တွင် ရီထျန်ရှင်းသည် အမျိုးမျိုးသော အရင်းအမြစ်များကို ဆက်တိုက်ရရှိခဲ့သည်။
ယင်းတို့သည် အခြားနေရာများတွင်ဆိုလျှင် သူတော်စင်အဆင့်ဖြစ်သူများပင် မနာလိုဖြစ်စေနိုင်သည်အထိ များပြားသည်။ သို့သော် ရီထျန်ရှင်းသည် ယင်းတို့ကို အလွယ်တကူသုံးခွင့်ရသည်။ ထိုသို့ အသုံးပြုခွင့်ရနေသော်လည်း သူ၏ကျင့်ကြံမှုအဆင့်မှာ သိသာစွာတိုးတက်မလာသေးချေ။
“အခု ငါ့မှာ စကြာဝဠာမဟာတာအိုကိုးခုရှိနေပြီ။ ငါ့ခန္ဓာကိုယ်ကလဲ ကန့်သတ်ချက်ကိုရောက်နေပြီ။ ဒါပေမယ့် ငါ့အခြေခံအုတ်မြစ်ကို ဆက်ကျင့်ကြံနိုင်သေးတယ်။”
ရီထျန်ရှင်းသည် မရေမတွက်နိုင်သော အရင်းအမြစ်များကို စုပ်ယူလိုက်ပြီးနောက် အဆီအနှစ်အဖြစ်သို့ ပြောင်းလဲလိုက်သည်။ သို့သော် သူ၏အဆင့်မှာ မြင့်တက်မလာဘဲ သူတော်စင်တစ်ပိုင်းအဆင့်မှ အစောပိုင်းသူတော်စင်အဆင့်သို့သာ မြှင့်တင်နိုင်ခဲ့သည်။ သို့သော် သူသည် အလျင်မလိုဘဲ ဆက်လက်၍တိတ်တဆိတ်ကျင့်ကြံနေခဲ့သည်။
ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် သူ့အား အတင်းအကြပ်သင်ကြားပေး၍ ကျင့်ကြံမှုများကို အလျင်အမြန်ဖြတ်ကျော်ရန် တွန်းအားပေးမည်ဟု သူခံစားမိနေသည်။ ထိုသို့ခံစားရခြင်းက သာမန်မဟုတ်ပေ။ သူသည် နတ်ဘုရား၏အမိန့်အား အဘယ်ကြောင့် လိုက်နာရမည်နည်း။ သူ့တွင် အချ်န်နေရာလွတ်ချပ်ပြားရှိနေသောကြောင့် လုံခြုံရေးအတွက် မစိုးရိမ်ပါ။
သူသည် ၎င်းကို အသုံးပြု၍ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားပင်မသိလိုက်ပင် ဂိုဏ်းမှ ချက်ချင်းထွက်ခွါနိုင်သည်။ သို့သော် သူထွက်မသွားရခြင်းမှာ ဗုဒ္ဓစစ်မှန်သောနတ်ဘုရားမှ အလွန်အကျွံပေးထားသော အရင်းအမြစ်များကြောင့်ဖြစ်သည်။
ရီမိသားစုပင် ထိုသို့ပေးနိုင်ရန် အချိန်ယူရမည်။ ရီမိသားစုသည် အရင်းအမြစ်မရှိခြင်းမဟုတ်သော်လည်း ပိုမိုများပြားသောအရင်းအမြစ်များရရန် အားစိုက်ရမည်ဖြစ်သည်။ ဆေးပညာရှင်၊ လက်နက်သန့်စင်သူများသည် အရင်းအမြစ်များစွာကိုရနိုင်သည်။ သို့သော် ရီထျန်ရှင်းသည် ၄င်းတို့ကဲ့သို့ အရည်အချင်းမရှိသည့်အတွက် မူလအခြေခံမူတစ်ခု တည်ဆောက်နိုင်ရန် အချိန်ပေးရသည်။
အခုလက်ရှိတွင် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားတစ်ပါးနှင့် တွေ့ခွင့်ရသဖြင့် ထိုသို့သောအခွင့်အရေးကို သူလက်မလွှတ်နိုင်ချေ။ တက်ဖက်တွင် ရီထျန်ရှင်းသည် ထိုသို့အာရုံစိုက်ကျင့်ကြံနေစဉ်တွင် တခြားဖက်တွင်တော့ ဗုဒ္ဓ၏စစ်မှန်သောနတ်ဘုရားသည် သိပ်မပျော်ရွှင်နေပေ။ ရီထျန်ရှင်းဂိုဏ်သို့ရောက်နေသည်မှာ နှစ်တစ်ထောင်ကျော်ပြီဖြစ်ပြီး သူ့အားထောက်ပံ့ထားသော အရင်းအမြစ်များသည် သူတော်စင်များစွာအား ကျင့်ကြံပေးနိုင်သည်အထိများပြားသည်။
သို့သော် သူ့ကျင့်ကြံမှုအဆင့်သည် အနည်းငယ်သာမြင့်တက်လာသည့်အတွက် ဗုဒ္ဓစစ်မှန်သောနတ်ဘုရားသည် စဉ်းစားမရဖြစ်နေသည်။ ရီထျန်ရှင်းသည် တကယ်ပင်စုပ်ယူနေသည်ကိုသေချာစေရန် သူသည် အကြိမ်များစွာပင် တိတ်တဆိတ်စောင့်ကြည့်နေခဲ့သည်။ အကြောင်းမှာ ရီထျန်ရှင်းသည် အရင်းအမြစ်များကို အသုံးမပြုဘဲ သိမ်းထားသည်ဟုပင် ထင်မိသောကြောင့်ဖြစ်သည်။
“ရီထျန်ရှင်းမှာ ဒီလိုအစွမ်းထက်တဲ့သွေးမျိုးဆက်ရှိနေတာတောင် သူ့ကျင့်ကြံမှုအမြန်နှုန်းအရမ်းနှေးနေတာက နားလည်ဖို့ခက်တယ်” ဟုသူတွေးနေမိသည်။
သွေးမျိုးဆက်သည် မိသားစုမျိုးရိုးမြင့်မြတ်သည်ကို ဖော်ပြသည်သာမက ပါရမီရှိခြင်းကိုပါဖော်ပြသည်။ ရီထျန်ရှင်း၏သွေးမျိုးဆက်စွမ်းအားအရ သူ၏အမြန်နှုန်းသည် ထိုသို့မနှေးသင့်ချေ။ ထို့ကြောင့်ရီထျန်ရှင်း၏သွေးမျိုးဆက်ကိုစမ်းသပ်ကြည့်သောအခါ သူ၏စစ်မှန်သောနတ်ဘုရားသွေးမျိုးဆက်ထက်ပင် အစွမ်းထက်နေသည်။
အကယ်၍သူသာ ရီထျန်ရှင်း၏သွေးမျိုးဆက်အား စုပ်ယူနိုင်ခဲ့လျှင် အမှန်တကယ် စစ်မှန်သောနတ်ဘုရားအဖြစ် ပြောင်းလဲနိုင်မည်ဖြစ်ပြီး အတုအယောင်နတ်ဘုရားအဖြစ်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။
……..