တပ်ဆုပ်ခြင်း ၁
Vol. 63 Ch. 625
စုချန်း၏ စကားသည် လီကုံးရှန်အပါအဝင် လူတိုင်းကို မှင်သက်သွားစေ၏။
စုချန်း ပြောလိုက်မှ မည်သို့သော အမှားမျိုးကို သူတို့ ကျူးလွန်မိနေကြောင်း အားလုံး သဘောပေါက်သွားကြကုန်၏။ အမှန်တကယ်လည်း မူလသားရဲကြီး ပိုင်ဆိုင်သော နယ်မြေကို ဖြတ်သန်းသွားရန် သူတို့ ကြံစည်နေကြခြင်းပင် မဟုတ်တုံလော။
မူလကတည်းက ဤနယ်မြေက််ို အောင်အောင်မြင်မြင် ဖြတ်သန်းသွားနိုင်မည်ဟု သူတို့ ယုံကြည်လှမဟုတ်။ မူလသားရဲကြီး၏ နယ်မြေအတွင်းဝယ် အမှားတခုမျှ ကျူးလွန်မ်ိရုံနှင့် အားလုံး အသက်ပျောက်သွားနိုင်သည် မဟုတ်ပါလော။
ဤအနေအထားမျိုးတွင် ရန်သူများအနေနှင့် သူတို့အား ခြုံခိုတိုက်ခိုက်ရန် စစ်တပ်ကြီး စေလွှတ်နေရန် မလို။ အသက်ကိုပဓာနမထားသော လက်ရွေးစင်တချို့ စေလွှတ်ပြီး မရဏနယ်မြေအတွင်း ကြိုတင်စောင့်ဆိုင်းနေရန်သာ လိုအပ်ပေသည်။
လီကုံးရှန်တို့တပ်ရင်း မရဏနယ်မြေအတွင်း ဝင်ရောက်လာချိန်တွင် သတ်ဖြတ်သူလက်ရွေးစင်များအနေနှင့် ၎င်းတို့၏ အသက်က်ို စတေးကာ မူလသားရဲကြီးအား ရန်စပေလိမ့်မည်။ ဤနည်းအားဖြင့် သတ်ဖြတ်သူများသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းအား အလွယ်တကူ သုတ်သင်ရှင်းလင်းနိုင်ပေလိမ့်မည်။
"ဟေ့ ကင်းထောက်အဖွဲ့တွေ ကောင်းကင်မျက်လုံးကို လှည့်ပြီး မရဏနယ်မြေကို စစ်ဆေးစမ်း"
လီကုံးရှန်းက ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်၏။
"ကျန်တဲ့တပ်ဖွဲ့တွေ အားလုံးနောက်ဆုတ်"
လီကုံးရှန်၏ နှုတ်ဖျားမှ နောက်ထပ် အမိန့်သံ ထွက်ပေါ်လာသည်။
သူတို့အနေနှင့် အချိန်ဆွဲနေ၍ မရ။ သားရဲကြီးနိုးထလာပါက မရဏနယ်မြေအတွင်း မဝင်ရောက်ရသေးသည့်တိုင် သူတို့အတွက် အချိန်မရွေး အန္တရာယ်ကျရောက်လာနိုင်သည် မဟုတ်ပါလား။ သားရဲကြီး၏ ကြောက်မက်ဖွယ်အင်အားကို မည်သူမှ စမ်းသပ်ရန် မဝံ့ရဲချေ။
"ကုန်းတွင်းသွားလှေတွေကို မရဏနယ်မြေထဲ လွှတ်လိုက်တော့ သတ်ဖြတ်သူတွေသာ တကယ်ရှိနေခဲ့ရင် ကျုပ်တို့ရောက်နေကြောင်း သူတို့ အစောကြီးကတည်းက သိထားပြီး ဖြစ်လိမ့်မယ် ဒီလှေတွေကို လွှတ်လိုက်ခြင်းအားဖြင့် ကျုပ်တို့ မရဏနယ်မြေထဲဝင်လာပြီလို့ သူတို့ ထင်ကုန်မယ် ဒါဆို ကျုပ်တို့အတွက် အချိန်နည်းနည်း ပိုရလာနိုင်တယ်"
စုချန်း၏ အကြံပြုချက်ပင် ဖြစ်သည်။
"တပ်သားတစုကို ရွေးထုတ်ထားစမ်းဟေ့ ရန်သူ့ပစ်မှတ်တွေကို တွေ့တာနဲ့ သူတို့ကို ကြားဖြတ်ဟန့်တားဖို့ ဒီလူတွေက အတတ်နိုင်ဆုံး ကြိုးစားရမယ် ဒီလူတွေ လှေနဲ့အတူ ပါသွားရမယ်"
ကျန်မောက်စီက ဖြည့်စွက်အမိန့်ပေးလ်ိုက်၏။
သူ့အမိန့်ကြောင့် လူတိုင်း၏ ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။
အကြောင်းမှာ ထ်ိုတာဝန်ကို ထမ်းဆောင်ရန် ရွေးချယ်ခံရသူများအဖို့ကတော့ ပြန်လမ်းမရှိသောကြောင့်ပင်။
သို့တိုင်အောင် ကျန်မောက်စီ၏ အမိန့်က မှားသည်ဟု မည်သူမှ မထင်ချေ။ မရဏနယ်မြေအတွင်း သတ်ဖြတ်သူများ အမှန်တကယ် ရှိနေပါက အဖွဲ့တဖွဲ့စေလွှတ်ပြီး ၎င်းတို့အား ကြားဝင်ဟန့်တားစေခြင်းမှာ ပြောင်မြောက်သော နည်းဗျူဟာရွေ့ကွက်တခု ဖြစ်နေသည် မဟုတ်ပါလား။
"ချန်းထျန် ဟန်ချွေ့ မင်းတို့လူတွေကို စုဖွဲ့ပြီး အမြန်ဆုံး ထွက်ဖို့ပြင်"
လီကုံးရှန်ကလည်း ခပ်ပြတ်ပြတ်ပင် အမိန့်ပေးလိုက်သည်။
အဆိုပါလူနှစ်ဦးမှာ လီကုံးရှန်၏ လက်ရွေးစင်အရာရှိများ ဖြစ်သည်။ ၎င်းတို့နှစ်ဦး လီကုံးရှန်၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာလှပေပြီ။ ယခုတော့ တပ်ရင်းတခုလုံး အသက်ရှင်ရေးအတွက် သူ တန်ဖိုးအထားးဆုံး လူနှစ်ယောက်ကို စတေးရန် လီကုံးရှန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
"အမိန့်အတိုင်းပါခင်ဗျ"
အရာရှိနှစ်ဦးကလည်း ချက်ချင်းပင် စတင်လှုပ်ရှားလိုက်သည်။ ဤခရီးသည် ပြန်လမ်းမရှိမှန်း သူတို့ ကောင်းကောင်း သဘောပေါက်၏။ သို့သော် အနည်းငယ်မှ ကြောက်ရွံ့ခြင်း၊ တွန့်ဆုတ်ခြင်း မရှိကြချေ။
"ခုကျန်တဲ့ အချိန်လေးမှာ မင်းတို့လူတွေကို မှာကြပါ...မင်းတို့ရဲ့ နောက်ဆုံးဆန္ဒတွေကို ရေးချခဲ့ကြပါလို့"
"မလိုပါဘူးဗိုလ်ချုပ် လင်းဟွာရဲတိုက် တိုက်ပွဲမှာကတည်းက ဒီအတွက် ကျုပ်တို့အားလုံး ပြင်ဆင်ပြီးပါပြီ မလိုတော့ပါဘူးခင်ဗျာ"
ချန်းထျန်က ပြန်လည်အစီရင်ခံလိုက်လေသည်။
ကျန်အရာရှိဖြစ်သူ ဟန်ချွေ့ကလည်း ရယ်မောရင်း ပြောလိုက်၏။
"ဘာမှ စိတ်ထဲထားမနေပါနဲ့ဗိုလ်ချုပ် ကျုပ်တို့က သေရမှာ မကြောက်တဲ့သူတွေပါ ဒီတခေါက်မှာ ကျုပ်တို့ သေသွားရင်တောင် ဗိုလ်ချုပ်တို့က ဒီကောင်တွေကို သတ်နိုင်သမျှ သတ်ခဲ့ပေးပါ ဒါဆိုရင် ကျုပ်တို့ရဲ့သေဆုံးမှုဟာ အချည်းနှီး မဖြစ်တော့ဘူးပေါ့ခင်ဗျာ"
လီကုံးရှန် သက်ပြင်းချလိုက်၏။ ထို့နောက် သူက စကားတခွန်းမှ ထပ်မပြောတော့ပဲ ခေါင်းညိတ်ပြလိုက်လေသည်။
ဤတကြိမ်တော့ စုချန်းပင် မနေနိုင်တော့။ သူက အောက်ပါအတိုင်း ပြောလိုက်၏။
"ခင်ဗျားတို့ ငြိမ်းငြိမ်းချမ်းချမ်းသာ အနားယူပါ ဒီအတွက် သတ်ဖြတ်သူတွေ တန်ဖိုးကြီးကြီး ပြန်ပေးရမယ်လို့ ကျုပ် ကတိပေးတယ်"
အရာရှိနှစ်ဦး ရယ်မောလိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် မင်းသားလေးစု"
ထိုစဥ် ကင်းထောက်အဖွဲ့များထံမှ အသံများ ထွက်ပေါ်လာ၏။
"ကျုပ် သူတို့ကို တွေ့ပြီ ဒီကနေ အနောက်ဘက် ဆယ်ကီလိုမီတာဝေးတဲ့ အရပ် ရွှံ့နွံထဲမှာ သတ်ဖြတ်သူတကောင် ပုန်းနေတယ်"
"ဒီမှာလဲ တယောက်တွေ့တယ်"
"ဒီဘက်မှာလဲ နောက်တယောက်တွေ့ပြီဟေ့"
လူတိုင်းလိုလို အေးစက်သောလေများကို အသီးသီး ရှုသွင်းလိုက်မိကြသည်။
အဆိုပါသတင်းကို သူတို့အားလုံး မျှော်လင့်ထားပြီး ဖြစ်သည့်တိုင် သတင်းမှားပါစေဟု သူတို့ရင်ထဲတွင် ကြိတ်၍ ဆုတောင်းမိနေကြသည် မဟုတ်ပါလား။
စုချန်းသာ အချိန်မီရောက်မလာခဲ့လျင် ကောင်းကင်ဘုံလက်သီးတပ်ရင်း တရင်းလုံး မရဏနယ်မြေအတွင်းဝယ် ပြုတ်ပြုတ်ပြုန်းရချေတော့မည်တကား။
သတ်ဖြတ်သူများအနေနှင့် မရဏနယ်မြေအတွင်းတွင် ကြိုတင်ပုန်းအောင်းနေပြီး လီကုံးရှန်တို့လူစု ဝင်လာသည်နှင့် သားရဲကြီး နိုးထလာစေရန် တနည်းနည်းနှင့် လုပ်ဆောင်တော့မည်မှာ သေချာနေသည်။ အဆိုပါနည်းဗျူဟာမှာ ရက်စက်ပြီး နှလုံးသားကင်းမဲ့လှ၏။ သို့သော် ထိရောက်မည်ကတော့ သေချာနေပေသည်။
စုချန်းကား အဆိုပါ လှည့်ကွက်က်ို ဖော်ထုတ်နိုင်ခဲ့၏။ ပြိုင်ဘက်ဟောင်းနှစ်ဦးမှာ မြွေမြွေချင်း ခြေမြင်နေကြသည့်ပုံပင်။
"စထွက်မယ်ဟေ့"
လီကုံးရှန်က စတင်အမိန့်ပေးလိုက်သည်။
အမိန့်သံပေါ်လာသည်နှင့် အသေခံတပ်သားများသည် ကုန်းတွင်းလှေများပေါ်တွင် နေရာယူပြီး မြေအောက်မှတဆင့် မရဏနယ်မြေအတွင်း ဦးတည်လိုက်လေသည်။
တချိန်တည်းမှာပင် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် လီကုံးရှန်နှင့် တခြားလူများ၏ ကွပ်ကဲမှုအောက်ဝယ် စတင်ခွာစစ်ဆင်ကြတော့၏။ အင်အားကြီးသူတချို့မှာကား အဆင့်လိုက် နောက်တွင်ချန်နေရစ်ပြီး မရဏနယ်မြေတွင် သူတို့ ရှိနေသေးသယောင် တတ်နိုင်သမျှ လှည့်စားရန်ကြိုးစားနေကြ၏။
သူတို့၏ ကြိုးစားမှု အရာထင်၊မထင်၊ အချိန်မည်မျှ ရ၊မရ မည်သူမှ မပြောနိုင်။ သူတို့ လုပ်နိုင်သည်မှာ တတ်နိုင်သမျှ အချိန်ဆွဲရန်သာ ဖြစ်သည်။
ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် ထိပ်တန်းစစ်သည်များနှင့် ဖွဲ့စည်းထားသော တပ်ရင်း ဖြစ်သည်။ ထို့ပြင် သတ်ဖြတ်သူနယ်မြေတွင် လှုပ်ရှားနေသည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်၍ သူတို့၏ စွမ်းဆောင်ရည်မှာ များစွာ မြင့်မားလာခဲ့၏။ ထို့ကြောင့် လူသောင်းချီသောတပ်ရင်းသည် တဦးတလေမှ ကျန်ရစ်ခဲ့ခြင်းမရှိပဲ မြန်မြန်ဆန်ဆန်ပင် ဆုတ်ခွာလာနိုင်ခဲ့လေသည်။
ရှီကိုင်းဟွမ်တို့ကတော့ နောက်ဆုံးမှ ဆုတ်ခွာမည့်သူများ ဖြစ်သည်။
တပ်ဖွဲ့များအားလုံး ခွာစစ်ဆင်သွားပြီးသကာလ ကောက်ဝမ်ချန်းက ပြောလိုက်သည်။
"ကဲ ကျုပ်တို့လဲ သွားရအောင်"
သို့သော် ရှီကိုင်းဟွမ်က ဟန့့်တားလိုက်၏။
"ခနလောက် နေပါအုံး ကျုပ်တို့ရဲဘော်တွေ ဝေးဝေးရောက်အောင် အချိန်ခနလောက် ထပ်ပေးလိုက်ရအောင်"
"ကျုပ်အမြင်ပြောရရင်တော့ ဒီလိုလုပ်လို့ ဘာမှမထူးဘူးထင်တယ် ကျုပ်ကတော့ တပ်ဆုတ်လဲ အလကားပဲ အောက်မေ့တာပဲ"
ကျန်မောက်စီက ပြောလိုက်၏။
"ရှင် ဘာကြောင့် ဒီလိုပြောရတာလဲ"
ချူးယင်ဝမ်က မေးခွန်းထုတ်လိုက်သည်။
ကျန်မောက်စီက မရယ်ချင့်ရယ်ချင်ဟန်ဖြင့် ရှင်းပြလိုက်သည်။
"ကျုပ်တို့တပ်တွေ ကီလိုမီတာတသောင်းလောက်အကွာမှာရောက်နေလဲ မူလသားရဲကြီးသာ တကယ်လိုက်လာရင် အသက်လေးငါးခါ ရှုချိန်စာလောက်ပဲ ကြာမယ် သူ မှီလာမှာပဲ ဒီတော့ ကျုပ်တို့သေမလား ရှင်မလားဆိုတာ ကျုပ်တို့ ဘယ်လောက်မြန်အောင်သွားနိုင်သလဲဆိုတဲ့အပေါ်မှာ မမူတည်ဘူး ဒီကောင်ကြီး ဘယ်လောက်ထိ ဒေါသထွက်နေသလဲဆိုတာနဲ့ပဲ ဆိုင်တယ်"
ကျန်မောက်စီ၏ စကားကြောင့် လူတိုင်း နှုတ်ဆိတ်သွား၏။
ထိုအခိုက်မှာပင် စုချန်းက ထပြောလိုက်သည်။
"ခင်ဗျားကို ခြင်တကောင် ကိုက်သွားတယ်ဆိုပါစို့ အဲဒီခြင်ကို ခင်ဗျား မရရအောင် လိုက်သတ်မှာလား"
ကျန်မောက်စီ ဘာပြောရမှန်းမသိ ဖြစ်သွား၏။ ပြီးမှ သူက ဖြေလိုက်သည်။
"မသတ်ဘူး"
"ဒါပေမဲ့ အဲဒီခြင် ခင်ဗျား ဘေးနားမှ ရစ်ဝဲနေရင်တော့ ခင်ဗျား ရိုက်ချပစ်လိုက်မှာပဲ ဟုတ်တယ်မလား"
စုချန်း၏ ဆိုလိုရင်းကို ကျန်မောက်စီ ချက်ချင်းနားလည်သွား၏။
"အေး မင်းပြောသလိုပဲ ဖြစ်ပါစေကွာ"
ထိုအခါ ချူးယင်ဝမ်က လောဆော်လိုက်သည်။
"ဒါဆို ကျွန်မတို့ ဘာကို စောင့်နေမှာလဲ ခုပဲ သွားကြစို့"
ထို့နောက် လူတိုင်းသည် မိုးပေါ်သို့ ပျံတက်လိုက်ကြ၏။
ရှီကိုင်းဟွမ်က စုချန်းအား ဖေးမရန် ဟန်ပြင်လိုက်သည်။ ထိုအခါ စုချန်းက လွန်းပျံယာဥ်ကို ဆွဲထုတ်ရင်း ပြောလိုက်၏။
"မလိုပါဘူးဆရာ ကျွန်တော့မှာ ဒါလေး ပါလာတယ်"
သိပ်မကြာမီ စုချန်း၏ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်သည် ရှီကိုင်းဟွမ်တို့နှင့် ရင်ဘောင်တန်း ပျံသန်းလျက်ရှိလေသည်။
"အစ်ကိုကြီးရှီ ခင်ဗျားရဲ့တပည့်က အတော်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ"
လီကုံးရှန်က ရှီကိုင်းဟွမ်အား စကားစလိုက်သည်။
"သူဟာ ကျုပ် မြင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးကလေးပဲ ဘုရားသခင်ရဲ့ လက်ဆောင်မွန်လို့တောင် ဆိုနိုင်တယ် ဒါပေမဲ့ သူ ဒီကို မလာခဲ့သင့်ဘူး"
ထိုအခါ ချန်းထျန်ဟိုင်က မအီမသာနိုင်သော လေသံနှင့် ပြောလိုက်သည်။
"ဒီလိုတော့လဲ မဟုတ်သေးဘူးလေ သူ ဒီကိုလာခဲ့လို့သာ စစ်သားရှစ်ထောင် အသက်ချမ်းသာရာ ရခဲ့တာပဲမလား"
"ဒီနေရာက အန္တရာယ်များတယ် သူ သေသွားနိုင်တယ် သူသာ မသေရင် ဒီထက်မကတဲ့ လူအများကြီးကို ကယ်တင်နိုင်လိမ့်မယ်"
ထိုအခါ လီကုံးရှန်က ပြောလိုက်ပြန်သည်။
"ခင်ဗျားရဲ့ မျှော်လင့်ချက်မှန်သမျှကို သူ့တယောက်က်တည်းအပေါ်မှာ ပုံအောထားတာ သင့်တော်ပါ့မလား"
ရှီကိုင်းဟွမ် ခေါင်းခါလိုက်သည်။
"ခင်ဗျားသိထားတာက ကျုပ်ဟာ သွေးဗီဇမလိုပဲ သွေးဆူပွက်ခြင်းနယ်ပယ်နဲ့ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ကို ဝင်ရောက်နိုင်မဲ့နည်းလမ်းကို ဖန်တီးနိုင်ခဲ့တယ်ဆိုတာပဲ ဒါပေမဲ့ ခင်ဗျားတို့ မသိတာရှိသေးတယ် အဲတာက ဘာလဲဆိုတော့ သူ့အကူအညီသာ မပါရင် ဒါကို ကျုပ် လုပ်နိုင်ခဲ့မှာမဟုတ်ဘူး"
ဘာ....ဘယ်လို...
လူတိုင်း ကြက်သေသေသွားလေသည်။
ရှီကိုင်းဟွမ်က သက်ပြင်းချရင်း ထပ်ပြောလိုက်ပြန်၏။
"ကံဆိုးတာက ကျုပ်ရဲ့ အတွေ့အကြုံတွေက အကန့်အသတ်ရှိတယ် ရှင်းရှင်းပြောရရင် ကျုပ် ဦးနှောက်ခန်းသွားပြီ ဒါကြောင့် ကျုပ်မှာ မျှော်လင့်ချက်ဆိုလို့ သူတယောက်က်ပဲ ကျန်တော့တယ်"
အမှန်တကယ်လည်း ရှီကိုင်းဟွမ်တွင် စိတ်ကူးစိတ်သန်းများ၊ အတွေးအခေါ်သစ်များ ခန်းခြောက်သွားခဲ့ပြီ ဖြစ်သည်။ သူ့အနေနှင့် ရည်မှန်းချက်ကို အောင်မြင်အောင် ဆက်လက်လုပ်ဆောင်နိုင်ခြင်း မရှိတော့။
သို့သော် စုချန်းကတော့ သူနှင့်ဆန့်ကျင်ဘက်ဖြစ်ကြောင်း ရှီကိုင်းဟွမ် ကောင်းစွာ နားလည်ထားလေသည်။
ရှီကိုင်းဟွမ် စကားဆက်လိုက်ပြန်သည်။
"သူ ကျုပ်ကို လာကယ်တဲ့အတွက် ကျုပ် တကယ်ဝမ်းသာမိတယ် ဒါက သူ့အပေါ် ကျုပ် အကဲဖြတ်မမှားဘူးဆိုတာ သက်သေပြလိုက်သလိုပဲ ဒါပေမဲ့ ကုံးရှန်း ကျေးဇူးပြုပြီး ကျုပ်ကို ကတိပေးစမ်းပါ အကယ်၍ ကောင်းကင်ဘုံလက်သီးတပ်ရင်း တရင်းလုံး ပြုတ်ပြုတ်ပြုန်းသွားရင်တော့ သူ့ကိုတော့ မသေပါစေနဲ့ သူဟာ လူသားတွေရဲ့ မျှောလင့်ချက်ပဲ သူဟာ သွေးဗီဇကန့်သတ်ချက်ကို ကျော်လွှားပြီး လူသားမျိုးစိတ်ကြီးတခုလုံးအတွက် ကျင့်ကြံခြင်းလမ်းကြောင်းသစ်တခုကို ဆောင်ကြဥ်းပေးနိုင်လိမ့်မယ်လို့ ကျုပ် လေးလေးနက်နက်ကို ယုံကြည်ထားတယ်"
ရှီကိုင်းဟွမ်၏ ခံစားချက်ပါလှသော စကားကိုနားထောင်ရင်း လီကုံးရှန် ဘာပြောရမှန်းမသိ ဖြစ်သွား၏။ အတန်ကြာမှ သူက တစုံတခုပြောရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင် အနောက်ဆီမှ အော်သံ ထွက်ပေါ်လာ၏။
"ဟိုမှာဗျို့ ကြည့်စမ်းပါအုံး"
သူ နောက်ကို လှည့်ကြည့်လိုက်သည်။ ထိုအခါ သူတို့နောက်ကျောရှိ ရှုခင်းကြီးတခုလုံး အပြောင်းလဲကြီးပြောင်းလဲနေကြောင်း လီကုံးရှန် မြင်တွေ့လ်ိုက်ရလေသည်။
***