← Chapters

တပ်ဆုတ်ခြင်း ၂

Vol. 63 Ch. 626

တပ်ဆုတ်ခြင်း ၂

Vol. 63 Ch. 626

မူလက အသက်ဝိညာဥ်ကင်းမဲ့နေဟန်ရှိသော မရဏနယ်မြေမှ အလင်းတန်းများ တိုးထွက်လာကြောင်း သူတို့ မြင်တွေ့လိုက်ရ၏။

အလင်းတန်းမှာ တောက်ပခြင်းမရှိလှ။ မှောင်မဲသော ကောင်းကင်ကြီးနောက်ခံတွင် ကြယ်တပွင့် လင်းလက်နေသလောက်သာ ထင်ရသည်။

သို့သော် သူတို့ ကြည့်နေရင်းမှာပင် အဆိုပါ အလင်းတန်းသည် ကြယ်တပွင့်အဆင့်မှ ပြန့်ကားပြီး အလင်းကန့်လန့်ကာကြီးသဖွယ် ကောင်းကင်သို့ တိုးထွက်သွားတော့၏။

အဆိုပါ အလင်းကန့်လန့်ကာကြီးသည် ဘယ်နေရာက ထွက်ပေါ်လာမှန်း အတိအကျ ပြောပြရန် ခဲယဥ်းလှသည်။ သို့သော် ၎င်းသည် မျက်စေ့တမှိတ်အတွင်းမှာပင် အမှောင်နယ်မြေတခုလုံးအား ဝါးမြိုသွား၏။ အလင်း၏ ပြန့်ကားမှုမှာကား ကီလိုမီတာသောင်းချီတိုင် ရောက်သွားလေသည်။ ရုတ်တရက်ကြည့်လျင် ၎င်းဖြစ်ရပ်သည် ဘုရားသခင်က ကမ္ဘာမြေကြီးအား ထုချေလိုက်ရာမှ ဂယက်ရိုက်မှုများ ထွက်ပေါ်လာသည်နှင့်တူပြီး ညအား လင်းလက်စေလျက်ရှိ၏။

ထိုအခါ ညသည် ညမဟုတ်တော့။ နေ့သဖွယ် လင်းထိန်လျက်ရှိလေ၏။ အလင်းကန့်လန့်ကာကြီးသည် မီးတောင်ပေါက်ကွဲရာမှ ချော်ရည်ပူများ တိုးထွက်လာသကဲ့သို့ ကောင်းကင်ဆီသို့ တသမတ်တည်း တိုးထွက်လျက်ရှိသည်။

ထိုအခိုက်အတန့်ဝယ် ဖုန်ဆိုးမြေများ၊ အဆုံးမရှိသော ပင်လယ်များ၊ ဟဲမာတောအုပ်နှင့် အလွန်ဝေးကွာသောနေရာမှ သက်ရှိများပင် အလင်းတန်းကို တွေ့မြင်နိုင်ကြ၏။

ထိုအလင်းသည် မည်မျှ တောက်ပပြီး သက်ရှိတိုင်း၏ အမြင်အာရုံကို မည်သို့မည်ပုံ ဖမ်းစားနိုင်သည်ကို ဤတချက်နှင့်ပင် မြင်သာနေသည်။

မူလကမ္ဘာကြီး၏ အရပ်ရှစ်မျက်နှာမှ သက်ရှိတိုင်းလိုလိုသည် မြင်ကွင်းကြောင့် ရင်တုန်သည်းတုန် ခံစားလိုက်ရ၏။

ကျေးဇူးတင်စရာကောင်းသည်မှာကား အဆိုပါ ခံစားချက်သည် ပေါ်လာသည့်ခနမှာပင် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားခြင်း ဖြစ်သည်။

အလင်းကန့်လန့်ကာကြီး ပျောက်သွားတော့မှ အရပ်ရှစ်မျက်နှာမှ သက်ရှိ၊ မျိုးစိတ်တိုင်းလိုလိုသည် သက်ပြင်းချကာ စိတ်သက်သာရကုန်မိကြ၏။ ၎င်းမှာ ဆောင်းခို/ အိပ်ပျော်နေသော မူလသားရဲကြီး အမှတ်တမဲ့ နှာချေလိုက်ခြင်း သို့မဟုတ် အိပ်ပျော်နေရာမှ ယောင်ယမ်းလိုက်ခြင်းမျိုး ဖြစ်နိုင်ကြောင်း သက်ရှိမျိုးစိတ်တိုင်း သဘောပေါက်လ်ိုက်ကြသည်။

၎င်းမှာ မူလကမ္ဘာကြီး၏ သမိုင်းကြောင်းတွင် ပထမဆုံးအကြိမ် မဟုတ်တော့။

သို့သော် မရဏနယ်မြေ၏ အနီးတဝိုက်ရှိ လူများအတွက်တော့ အခြေအနေမှာ ထင်သလောက် မရ်ိုးရှင်းလှ။

ကီလိုမီတာတသောင်းဟူသည် မူလသားရဲအတွက် ဘာမှဝေးလှသည့်အကွာအဝေး မဟုတ်။ ကျန်မောက်စီပြောခဲ့သလ်ိုပင် ပုရွက်ဆိတ်များ၏ရှင်သန်မှုသည် ၎င်းတို့၏ အမြန်နှုန်းအပေါ် မမူတည်။ လူသားအပေါ်တွင်သာ မူတည်နေ၏။

စုချန်းနှင့် ကျန်လူများမှာ အတော်ပင် ကုသိုလ်ကံကောင်းသွား၏။ မူလသားရဲကြီးကား အိပ်ပျော်ရာမှ နိုးထလာရန် ဆန္ဒရှိဟန်မတူ။ အိပ်ပျော်နေရာမှ ယောင်ယမ်းလိုက်သည့် သဘောမျှသာ ဖြစ်ဟန်တူသည်။ သို့သော် ပုရွက်ဆိတ်လေးများ၏ အမြင်တွင်တော့ အဆိုပါယောင်ယမ်းမှုသည် ကမ္ဘာကြီးတခုလုံး၏ အုတ်မြစ်အား လှုပ်ခတ်သွားစေနိုင်သည်ဟု ခံစားရ၏။

မီးတောက်မီးလျံများ ပြန့်ကားလာသည်နှင့်အမျှ အပူဒဏ်သည် သူတို့ဆီသို့ ဟုန်းခနဲ တိုးဝင်လာ၏။ အဆိုပါ ပြန့်ကားလာသောမီးတောက်မီးလျံများသည် မုန်တိုင်းကြီးသဖွယ် သူတို့ထံသို့ တိုးဝင်လာကြောင်း တပ်ရင်းတရင်းလုံး မြင်တွေ့လိုက်ရသည်။ ထိုအခါ လူတ်ိုင်း သွေးရူးသွေးတမ်းနှင့် အော်ဟစ်လိုက်ကြ၏။

"ခုခံရေးအကာအကွယ်တွေက်ို မြှင့်ထားကြစမ်းဟေ့"

သို့သော် မီးတောက်မီးလျံများ၏ ဆွဲသွင်းမှုကြောင့် သူတို့၏ အကာအကွယ်များ တခုပြီးတခု ပျက်စီးကုန်လေသည်။

တချိန်တည်းမှာပင် စုချန်း၏ တိမ်တိုက်ထိုးခွဲလွန်းပျံယာဥ်ဆီမှ သတိပေးသံများ ထွက်ပေါ်လာ၏။

ထိုအခါ စုချန်းသည် အရူးတယောက်က်ပမာ လွန်းပျံယာဥ်အတွင်းသို့ မူလကျောက်တုံးများ အဆက်မပြတ် ဖြည့်သွင်းလိုက်တော့၏။ မိုးကြိုးရေနဂါးလွန်းပျံယာဥ်ကတည်းက စုချန်း သင်ခန်းစာရသွားခဲ့ပေပြီ။ ထို့ကြောင့် တန်နှင့်ချီသော မူလကျောက်တုံးများကို စုချန်း အမြဲတမ်း ဆောင်ထားလေ့ရှိသည်။

ပြင်းထန်လှသော မီးတောက်များနှင့် လေပြင်းများ ရိုက်ခတ်မှုကြောင့် စုချန်း၏ ယာဥ်သည် မိုးတိုင်းကြားမှ သစ်ရွက်လေးသဖွယ် ရှေ့တိုးနောက်ငင် ရွေ့လျားနေ၏။ စက္ကန့်ပိုင်းမျှသော အချိန်ကလေးကို ကြာမြင့်လှသည်ဟု စုချန်း ခံစားနေရလေသည်။

သိပ်မကြာမီ မီးလျံလှိုင်းများ နောက်ဆုတ်ပျောက်ကွယ်သွား၏။ ထိုအခါကျမှ စုချန်း၏ မိုးကြိုးရေနဂါးယာဥ်သည်လည်း မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားတော့သည်။

ထိုအခါကျမှ သူ့အနီးအနားရှိ လူများ၏ အခြေအမေအား စုချန်း လှည့်ကြည့်နိုင်တော့သည်။ လူတိုင်း၏ အကာအကွယ်များသည် မီးလောင်ပျက်စီးကုန်၏။ ၎င်းတို့၏ အရေပြားများမှာလည်း မီးကျွမ်းကုန်လေသည်။ ရှီကိုင်းဟွမ်၏ပါးသိုင်းမွှေးများပင် မီးလောင်ကုန်၏။ တချို့ဆိုလျင် ကိုယ်ခန္ဓာတဝက်နီးပါး မီးလောင်ခံလိုက်ရသည်။ သို့သော် လူတိုင်းလိုလိုမှာ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များဖြစ်နေ၍ မြန်မြန်ဆန်ဆန်ပင် သက်သာပျောက်ကင်းလာကြ၏။

မည်သို့ဆိုစေ လူတိုင်း သွေးပျက်ကုန်သည်ကတော့ အမှန်ပင်။

သူတို့သည် ခပ်လှမ်းလှမ်းအကွာအဝေးသို့ရောက်နေ၍ ရိုက်ခတ်မှု၏ အဖျားအနားမျှကိုသာ ခံစားလိုက်ကြရသည်။ ရိုက်ခတ်မှု၏ အလယ်ဗဟ်ိုကိုသာ ရောက်နေပါက သူတို့အားလုံး ပြာကျကုန်မည်မှာ သေချာနေ၏။

မူလသားရဲကြီးတကောင်၏ စွမ်းအားဟူသည် ဤသို့ပေတကား။

မူလကမ္ဘာကြီး၏ စစ်မှန်သောအရှင်သခင် သားရဲကြီး၏ သာမာန်လှုပ်ရှားမှုလေးက နယ်မြေကြီးတခုလုံးကို ဖျက်ဆီးပစ်နိုင်သော စွမ်းအားများ ထုတ်လွှတ်ပေးနိုင်ချေသည်တကား။

မူလသားရဲကြီးများ ရှိနေသ၍ ကမ္ဘာကြီးပေါ်မှ သားရဲများ ဘယ်တော့မှ ပျောက်ကွယ်သွားမည်မဟုတ်ကြောင်း စုချန်း သဘောပေါက်လ်ိုက်လေသည်။

ထိုအခါ စုချန်း၏ နားထဲတွင် တချိန်က ကျူးရှန်း ပြောခဲ့သောစကားကို ပြန်လည်ကြားယောင်လာ၏။

ထိုစကားမှာ အဆိုပါ ကြောက်စရာစွမ်းအားမျိုးနှင့် ရင်ဆိုင်ရပါက မည်မျှ သူရဲကောင်းဆန်ပြီး ရည်မှန်းချက်မြင့်မြတ်သူ ဖြစ်နေစေကာမူ သေချာပေါက် ကြောက်လန့်သွားလိမ့်မည်ဟူသော စကားပင်တည်း။

တချိန်တည်းမှာပင် သူသည် တော်ဝင်မျိုးနွယ်စုများ၏ သွေးကြီးမှုကို နားလည်စပြုလာ၏။

ငါ ဘာတွေဖြစ်နေတာလဲ...

ဒီလောက်ကလေးနဲ့ ငါက အလွယ်တကူ လက်လျော့လိုက်ရမှာတဲ့လား...

စုချန်း ကိုယ့်ကိုယ်ကို ပြန်လည်အားတင်းလိုက်သည်။ စက္ကန့်ပိုင်းအတွင်း မူလအနေအထားသို့ စုချန်း ပြန်လည်ရောက်ရှိလာ၏။

မူလသားရဲကြီးတွေ ကြောက်စရာကောင်းတော့ ဘာဖြစ်သလဲ...ခုဆိုရင် သူတို့အားလုံး ဒီလောကကြီးကနေ စွန့်ပစ်ခံလိုက်ရပြီပဲဟာ...

ဒီကမ္ဘာကြီးရဲ့အနာဂတ်ဟာ ညဏ်ရည်မြင့်မျိုးစိတ်တွေ...လူသားတွေရဲ့ လက်ထဲမှာပဲဟာ...

စုချန်းသည် ယခုတိုင် မငြိမ်းသေးသည့် မီးလျံများအား ငေးစိုက်ကြည့်နေ၏။ သူ့မျက်နှာပေါ်တွင်လည်း တစုံတရာကို ယတိပြတ်ဆုံးဖြတ်ထားဟန်များ ပေါ်လွင်နေလေသည်။

လူအတော်များများသည် မူလသားရဲကြီးများ၏ ပကတိအင်အားအား မမြင်ဖူး။ ယုတ်စွအဆုံး လီကုံးရှန်ပင်လျင် ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

မရဏမင်း၏ ပါးစပ်ဖျားမှ လက်မတင်လေး လွတ်မြောက်လာကြ၍ လူတိုင်းလိုလို သက်ပြင်းချမိကုန်ကြ၏။

"ငါတို့ အသက်ရှင်ပြီ ဟား ဟား ဟား ငါတို့အားလုံး အသက်ရှင်ပြီကွ"

"ဟုတ်တယ်ဟေ့ မူလသားရဲကြီးရဲ့ ပါးစပ်ဖျားကနေ ငါတို့အားလုံး လွတ်မြောက်လာခဲ့ပြီ"

"ကံကောင်းထောက်မလို့ အသက်ရှင်တယ် ကောင်းကင်ဘုံရဲ့ကျေးဇူးတော်ကြောင့်ပေါ့ကွာ"

"ကောင်းတယ် သိပ်ကောင်းတယ် ဘာဖြစ်ဖြစ် မူလသားရဲတကောင်ကို ငါတို့ မြင်ဖူးလိုက်ပြီ"

"မြင်ဖူးတော့ ဘာအကျိုးရှိမှာမို့တုန်းကွာ"

"ဘာအကျိုးမှမရှိပေမဲ့ အိမ်ပြန်ရောက်ရင် အားရပါးရ ပြန်ပြောလို့ရတာပေါ့ကွ ဟား ဟား ဟား"

"အံမာ ဘယ့်နှယ်ကွာ ဟိုကောင်ကြီး အသက်ရှုတာလောက် မြင်လိုက်ရတာကိုများ တကောင်လုံး မြင်တဲ့အတိုင်း ပြောနေလိုက်တာ ဟိုကောင်ကြီး ဘယ်လိုပုံစံရှိမှန်း ဘယ်သူက မြင်လိုက်ရလို့တုန်း"

"ဒီကောင်ကြီး ဘာနဲ့တူမှန်း မြင်ပြီးရင်လဲ ခုလောက်ရှိ သေရော့ပေါ့ကွာ"

"အမှန်ပဲဟေ့ ခုမှပြန်တွေးမိတော့ မောက်စီရဲ့အစီအစဥ်ဟာ တကယ်ကို အန္တရာယ်များတာပဲ ဒန်ဘာမရှိရင်တောင် ဒီလိုကောင်မျိုးကြီးရှိတဲ့နယ်မြေထဲဝင်ရမှာ ကြောက်စရာပဲ"

"ထွီ သူ့ကိုမနှောင့်ယှက်ရင် ဒီကောင်ကြီး နိုးလာစရာကို မရှိတာကွ"

"ဒီလိုပြောလို့တော့ ဘယ်ရမလဲကွ ခြင်တကောင်နားရွက်နားကပ်ပြီး တဝီဝီလုပ်နေရင် လူတောင် နိုးလာနိုင်သေးတာပဲ"

"ငါတည်ဆောက်တဲ့လှေတွေက အဲလောက်ထိ အသံမဆူဘူးကွ"

"အဲတာတော့ မင်း ဟိုကောင်ကြီးကို သွားပြောလေ"

သူတို့အားလုံးသည် အထက်ပါအတိုင်း တယောက်က်နှင့်တယောက်က် ငြင်းခုန်လျက်ရှိကြကုန်၏။

"ကဲ ကဲ တော်​ပြီဟေ့ အကုန်လုံး တက်ညီလက်ညီ ကြိုးစားခဲ့ကြလို့ ဒီနေရာက လွတ်လာတာ ဘာမှအငြင်းအခုန် ဖြစ်နေစရာ မလိုဘူး"

လီကုံးရှန်က ဟန့်တားလိုက်၏။

"လောလောဆယ် ကျုပ်တို့တွေးရမှာ ဘာဆက်လုပ်မလဲ ဆိုတာပဲ ဘာပဲဖြစ်ဖြစ် ဒီနေရာက ကျုပ်တို့ လွတ်အောင် လုပ်ရမယ်"

ထိုစကားကို ကြားသည်နှင့် တစုံတရာကို အတွေးပေါက်သွားကြဟန်ဖြင့် လူတိုင်း နှုတ်ဆိတ်သွား၏။

"ခင်ဗျားတို့ ဘာတွေဖြစ်နေတာလဲ"

စုချန်းက လွန်းပျံယာဥ်ပေါ်မှ မေးလိုက်သည်။

ကောက်ဝမ်ချန်းက သက်ပြင်းချရင်း ဖြေလိုက်၏။

"ရိက္ခာ အစီအစဥ်ပျက်စီးသွားတဲ့အတွက် လမ်းကြောင်းက ပိုရှုပ်ထွေးသွားပြီ ကျုပ်တို့ ရိက္ခာပြတ်တော့မယ်"

ကုန်းတွင်းသွားလှေများတည်ဆောက်ရန် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် လမ်းတွင်တွေ့သမျှ ရွာများ၊ မြို့များအား ဓားပြတိုက်ခဲ့ကြ၏။ သို့သော် ရိက္ခာတော့ များများစားစား မရခဲ့။

တဖက်တွင်လည်း အစီအစဥ်သာ အောင်မြင်သွားပါက ရိက္ခာအတွက် သူတို့ ပူစရာမလို။ ယခု အစီအစဥ် ပျက်စီးသွားပြီဖြစ်၍ ရိက္ခာကိစ္စက ပြသနာဖြစ်လာခဲ့လေပြီ။ သူတို့ကျွေးရမည့်ပါးစပ်ပေါက်ကလည်း ထောင်ချီနေ၏။ ထို့ကြောင့် ဤပြသနာမှာ မသေးလှ။

သို့သော် စုချန်းက ထိုစကားကို ကြားသည်နှင့် ပြုံးလိုက်သည်။

"ဒီပြသနာကို ကျုပ် အစောကြီးကတည်းက တွေးပြီးသား ဒါကြောင့် ကျုပ် ဒီကိုလာကတည်းက ရိက္ခာတချို့ တပါတည်း ယူလာခဲ့တယ်"

စုချန်း၏ စကားကြောင့် လင်းချောက်ချွန် မဲ့လိုက်၏။

"ကျုပ်တို့မှာ လူရှစ်ထောင်ရှိတယ် မူလလက်စွပ်လေးတကွင်းမှာ ရိက္ခာဘယ်လောက်များများ ဆံ့မှာမို့လဲကွာ"

စုချန်း ပြန်ဖြေလိုက်သည်။

"ဒါကြောင့် ကျုပ်မှာ မူလလက်စွပ် တန်နဲ့ချီပြီး ပါလာတာပေါ့ဗျာ"

စကားဆုံးသည်နှင့် လွန်းပျံယာဥ်အဖုံးအား စုချန်း ဖွင့်ပြလိုက်သည်။

ထိုအခါ များပြားလှသော မူလလက်စွပ်များအား လူတိုင်း မြင်တွေ့လိုက်ရ၏။

***

All Chapters