← Chapters

အတင်းအကျပ်အမှုထမ်းစေခြင်း

Vol. 63 Ch. 630

အတင်းအကျပ်အမှုထမ်းစေခြင်း

Vol. 63 Ch. 630

ဓါးသည် အရေပြားမျက်နှာပြင်ပေါ်တွင် ဂရုတစိုက်နှင့် ပြေးလွှားနေ၏။ ဓားချက်ကြောင့် ထွက်လာသော သွေးများသည် စားပွဲခုံတခုလုံးအား ရဲပဒေါင်းခတ်သွားစေသည်။

ထို့နောက် ငြင်သာသောလက်အစုံသည် အရေပြား အသွေးအသားများ အောက်မှ နှလုံသားတစုံအား ဆတ်ခနဲ ဆွဲထုတ်လိုက်၏။

ချူးယင်ဝမ်သည် သတ်ဖြတ်သူစစ်သားများစွာအား သတ်ဖြတ်ဖူး၏။ သို့သော် ဤမြင်ကွင်းမျိုးကိုတော့ သူမ တခါမှ မမြင်ဖူး။ ထိုအခါ သူမက မေးလိုက်သည်။

"ငါတော့ နားမလည်ဘူး ဒီလိုလုပ်လို့ ဘာအကျိုးကျေးဇူးများ ရမှာတုန်း"

"သတ်ဖြတ်သူတွေဟာ အပြင်အားအလွန်ကောင်းတယ် ပြီးတော့ သူတို့မှာ နှလုံးသားနှစ်စုံပါတယ် ဒါကိုကြည့်ရင် သူတို့အင်အားဟာ နှလုံးသားအပိုပါတာနဲ့ တိုက်ရိုက်သက်ဆိုင်နေမှန်း မြင်သာတယ် ပြီးတော့ သူတို့ရဲ့အင်အားက ကျုပ်တို့ထက် နှစ်ဆပိုများတယ်ဗျ"

စုချန်းက မပွင့်တပွင့်ပြုံးရင်း ရှင်းပြလိုက်သည်။

ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် တွေ့ဆုံမိပြီဖြစ်၍ စုချန်းအတွက် သတ်ဖြတ်သူအစမ်းသပ်ခံများမှာ အရေးမပါတော့။ ထို့ကြောင့် စုချန်းသည် အစမ်းသပ်များ၏ အသက်ကို ပဓာနမထားပဲ ရက်ရက်စက်စက်ပင် စမ်းသပ်နေတော့သည်။

တကယ်တော့ သတ်ဖြတ်သူများနှင့် လူသားများအကြား အမုန်းတရားသည် အစိုင်အခဲကြီးမားစွာ ရှိနေခဲ့ပြီးသားပင်။ သတ်ဖြတ်သူများ၏ ရက်စက်ကြမ်းကြုတ်မှု သို့မဟုတ် မျိုးစိတ်ကွဲပြားမှုများသည် အဆိုပါ အမုန်းတရားကို ထပ်ဆောင်းဖြည့်တင်းပေးနေသည့် အချက်အလက်များမျှသာ ဖြစ်သည်။

ထို့ကြောင့် စုချန်းသည် အကျဥ်းသားအစမ်းသပ်ခံများ၏ နာကျင်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်။ ၎င်းတို့အပေါ် မည်သည့်ဂရုဏာတရားမျှ ပြသခြင်းမရှိ။

တဖက်တွင်လည်း သွေးနီဥပြိုကွဲဆေးမင်နှင့် ပတ်သက်၍ စုချန်း၏ ဂုဏ်သတင်းကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းမှတပ်သားများသည် စုချန်း စမ်းသပ်နေပုံအား မကြာခနပင် လာရောက်လေ့လာနေကြ၏။

သို့သော် စုချန်း စမ်းသပ်နေပုံက ရက်စက်ကြမ်းကြုတ်လှပေရာ လာရောက်ကြည့်ရှုသူအပေါင်းအား စိတ်မသက်မသာ ဖြစ်စေသည်ကတော့ အမှန်ပင်။

"သူတို့ အင်အားကြီးမားနေတာ ဆေးမင်ကြောင့်ပဲ မဟုတ်ဘူးလား"

ချူးယင်ဝမ်က မေးလိုက်သည်။

"ဆေးမင်တွေက ဖြည့်စွက်ကူညီပေးတဲ့ သဘောလောက်ပဲ သူတို့ရဲ့ အားကောင်းမောင်းသန်ကိုယ်ခန္ဓာကသာ အဓိက အုတ်မြစ်သဖွယ် ဖြစ်နေတာ ဆေးမင်တွေကတော့ သူတို့ရဲ့ ကိုယ်တွင်းမှာ ပုန်းအောင်းနေတဲ့ အင်အားကို ပေါ်ထွက်လာအောင် ကူညီပေးတဲ့ ကိရိယာသဖွယ် အသုံးတော်ခံပေးတဲ့ သဘောပဲ"

ထို့နောက် စုချန်းသည် သူ့လက်ပေါ်ရှိ သတ်ဖြတ်သူနှလုံးသားအား ပရမတ်မျက်လုံးဖြင့် စစ်ဆေးရင်း ပြောလိုက်သည်။

"အတိအကျပြောရရင်တော့ သူတို့ရဲ့ စွမ်းအင်အရင်းအမြစ်ဟာ မူလစွမ်းအင်ပဲဗျ"

"မူလစွမ်းအင် ဟုတ်လား"

ချူးယင်ဝမ် ကြောင်အမ်းအမ်း ဖြစ်သွား၏။

"သတ်ဖြတ်သူတွေဟာ မူလစွမ်းအင်အသုံးချတဲ့နေရာမှာ ခပ်ညံ့ညံ့ပဲ မဟုတ်ဘူးလား"

"သတ်ဖြတ်သူတွေအပေါ် ကျုပ်တို့နားလည်ထားသမျှဟာ အကြီးအကျယ် မှားယွင်းနေတယ်ဗျ လွန်ခဲ့တဲ့ ရက်တချို့က တစုံတခုကို ကျုပ် ရှာမတွေ့ခင်အချိန်ထိပဲ ဆိုပါတော့"

စုချန်းကရှင်းပြလိုက်သည်။

"သူတို့တွေဟာ မူလစွမ်းအင်က်ို အသုံးမချတတ်ပေမဲ့ မူလစွမ်းအင်က သူတို့အတွက် လုံးဝ အသုံးမဝင်တာတော့ မဟုတ်ဘူး အကြမ်းဖျင်းပြောရရင် သူတို့ကိုယ်တွင်းမှာ အလွန်သေးငယ်တဲ့ ပရမပစ္စည်းလေးတွေ ပါနေတယ် ဒါလေးတွေက မူလစွမ်းအင်ကို ရုပ်ပိုင်းဆိုင်ရာခွန်အားအဖြစ် ပြောင်းလဲပေးနေတာပဲ"

"မင်း ပြောနေတာ"

ချူးယင်ဝမ် အတော်လေး အံ့သြသင့့်သွား၏။

"မှန်တယ် သတ်ဖြတ်သူတွေရဲ့ ခွန်အားဟာ မူလစွမ်းအင်ပြောင်းလဲမှုကနေ ဆင်းသက်လာတာပဲ ကျုပ်တို့အနေနဲ့ ဒါကို ကျုပ်တို့ကိုယ်ထဲမှာ စုပ်ယူသိမ်းထားနိုင်မယ်ဆိုရင် ဒါကိုသုံးပြီး အမျိုးမျိုးအဖုံဖုံသော မူလစွမ်းရည်တွေ ဖော်ထုတ်နိုင်လာလိမ့်မယ် သတ်ဖြတ်သူတွေမှာတော့ ဒီမူလစွမ်းအင်ပြောင်းလဲမှုဟာ အပြင်အားတွေအဖြစ် ပြောင်းလဲသွားတာပေါ့လေ"

လူသားများအဖို့ မူလစွမ်းအင်စုပ်ယူခြင်းသည် နာမ်ပိုင်းဆိုင်ရာစွမ်းအင်အား ဖြည့်တင်းနေသည်နှင့် တူပြီး အဆိုပါစွမ်းအင် အတိုင်းအတာတခုထိ ပြည့်ဝလာသည်နှင့် ၎င်းသည် ရုပ်ပိုင်းဆိုင်ရာအရာတခုကို ပြုပြင်ပြောင်းလဲသွားနိုင်ဟန်တူ၏။ သတ်ဖြတ်သူများအဖို့ကား မူလစွမ်းအင်စုပ်ယူခြင်းသည် ၎င်းတို့၏ ကိုယ်ခန္ဓာအား ပို၍ ကျန်းမာသန်စွမ်းလာအောင် အားဖြည့်ပေးနေသည်နှင့် ပို၍ တူပေသည်။

သီအိုရီအရဆိုရလျင် လုံလောက်သော ကိုယ်ခန္ဓာကျန်းမာသန်စွန်းမှု ရရှိလာသည့်အချိန်တွင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာအရ သိသိသာသာ ပြောင်းလဲသွားသည့် သဘောပင်။

သို့သော် အဆိုပါပြောင်းလဲမှုသည် အကြောင်းပြချက်နှစ်ခုကြောင့် သတိပြုမိရန် ခဲယဥ်း၏။ ပထဆုံးအချက်မှာ သတ်ဖြတ်သူများသည် ခွန်အားကြီးမားသလောက် ရိုးရိုးရှင်းရှင်းသာ တိုက်ခိုက်တတ်ကြခြင်းပင်။ ဒုတိယအချက်မှာကား ၎င်းတို့သည် ဦးနှောက်ကို သိပ်မသုံးတတ်။ အရာရာကို ရိုးရိုးရှင်းရှင်းသာ မြင်တတ်ကြ၏။ အထက်ပါနှစ်ချက်ကြောင့် သတ်ဖြတ်သူများသည် ၎င်းတို့၏ ပြောင်းလဲမှုများအား ကိုယ်တိုင် မြင်နိုင်စွမ်း မရှိကြရှာ။

သို့သော် စုချန်းကတော့ ထိုသို့မဟုတ်။

ထိုအခါ စုချန်းက ပြောလိုက်၏။

"သတ်ဖြတ်သူတွေရဲ့ မူလစွမ်းအင်ကနေ အပြင်အားနဲ့အသက်ဓာတ်အဖြစ် ပြောင်းလဲသွားတဲ့ လျှို့ဝှက်ချက်ကိုသာ ရှာဖွေနိုင်ရင် ကျုပ်တို့လူသားတွေဟာလဲ တချိန်ကျရင် ကိုယ်ခန္ဓာတွေ ဖွံ့ဖြိုးလာမယ် ခွန်အားကြီးလာမယ်ဗျ"

စုချန်း၏ စကားကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။

"ဒါ တကယ်ပဲ ဖြစ်နိုင်လို့လား"

လီကုံးရှန်က ချက်ချင်းပင် မေးလိုက်သည်။

"ဘာလို့ မဖြစ်နိုင်ရမှာလဲ သိပ်ဖြစ်နိုင်တာပေါ့ ဒါပေမဲ့ အချိန်လိုတယ် ပြီးတော့ ကံကောင်းဖို့လဲ လိုသေးတယ်"

စုချန်းက ပြန်ဖြေလိုက်၏။

"သုတေသန ဘယ်လိုအဆုံးသတ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး အောင်မြင်မှုတိုင်းရဲ့နောက်ကွယ်မှာ မရေမတွက်နိုင်တဲ့ ရှုံးနိမ့်မှုတွေ ရှိတယ် ကျုပ် သုတေသနလုပ်လာတဲ့ နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ အောင်မြင်မှုကြီး သုံးခုရှိခဲ့တယ် အဲဒါတွေကတော့ သွေးနီဥပြိုကွဲဆေးမင် ဝိညာဥ်လက်နက်နဲ့ ကမ္ဘာဦးသွေးပုံရိပ်တွေပဲ ဒီသုတေသနသာ ဖြည်းဖြည်းနဲ့မှန်မှန် တိုးတက်သွားရင် ဒါက လေးခုမြောက်အောင်မြင်မှု ဖြစ်လာလိမ့်မယ် ပြီးရင်တော့ ဒါကိုကျုပ်က ကိုယ်ခန္ဓာကျင့်ကြံခြင်းလို့ နာမယ်ပေးလိုက်မယ်"

လူသားများ၏ ကျင့်ကြံခြင်းသမ်ိုင်းတလျှောက်တွင် ရုပ်ပိုင်းဆိုင်ရာခွန်အား အား တိုးပွားစေသည့် နည်းစနစ်ပေါင်းများစွာ ရှိ၏။ သို့သော် အဆိုပါနည်းစနစ်များမှ ပေးစွမ်းနိုင်သော ခွန်အားသည် သတ်ဖြတ်သူများ၏ ရုပ်ပိုင်းဆိုင်ရာကိုတော့ မည်သို့မှ ယှဥ်နိုင်စွမ်းမရှိချေ။

အကယ်၍ စုချန်း၏ နည်းစနစ်ကသာ ၎င်းကို ပြောင်းလဲနိုင်သည်ဆိုပါက ကြီးမြတ်လှသော တီထွင်မှုဟု ကင်းပွန်းတပ်ရမည်မှာ ဧကန်ပင်။

တပည့်ဖြစ်သူ၏ မျက်နှာကို ငေးကြည့်ရင်း ရှီကိုင်းဟွမ်၏ မျက်နှာပေါ်တွင် ကြင်နာသောအပြုံးတရပ် ပေါ်လာသည်။ ထို့နောက် သူက ပြောလိုက်၏။

"မင်း ဒါကို အောင်မြင်မှာ သေချာပါတယ်ကွာ"

"ကျွန်တော်လဲ ဒီလိုပဲ မျှော်လင့်ပါတယ် ဆရာ"

စုချန်းက ပုံမှန်လေသံနှင့် ပြန်ဖြေလိုက်သည်။

"ဒါနဲ့ သတ်ဖြတ်သူတွေရဲ့ လှုပ်ရှားမှုကို ခင်ဗျားတို့အားလုံး ဘယ်လ်ိုမြင်ကြသလဲ"

"ဒီကောင်တွေဟာ ခွေးအတွေလိုပါပဲကွာ နေရာအနှံ့မှာ ကျုပ်တို့ကို လိုက်ရှာနေကြတာပါပဲ ကျုပ်တို့ စလှုပ်ရှားသင့့်ပြီလား"

လီကုံးရှန်က မေးလိုက်၏။

သတ်ဖြတ်သူနယ်မြေသည် အမှန်တကယ် ကျယ်ပြန့်လှ၏။ ကျယ်ပြန့်လှ၍လည်း ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနှင့် အဆက်မပြတ် ရွေ့လျားကာ ပုန်းအောင်းနေနိုင်ခြင်းပင်။

သို့သော် နယ်မြေကျယ်ပြန့်သလောက် အများစုမှာ ဖုန်းဆိုးမြေများ ဖြစ်လေရာ ဒေသကြီးတခုလုံးမှာ အရင်းအမြစ် ရှားပါးလှ၏။ သတ်ဖြတ်သူများကိုယ်တိုင်ပင် ဤဒေသကြီးတွင် အသက်ရှင်ရန် ခက်ခဲလှသည်။

ထို့ကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွက် တလျှောက်လုံး အကြီးမားဆုံးပြသနာမှာ ရိက္ခာပင် ဖြစ်သည်။ ယခုတော့ စုချန်း၏ အမြော်အမြင်ကြောင့် ရိက္ခာကိစ္စသည် အထူးအထွေ မဟုတ်တော့။

လီကုံးရှန်၏ မေးခွန်းကြောင့် စုချန်းအား လူတိုင်း စိုက်ကြည့်လိုက်ကြသည်။

၎င်းတို့၏ အကြည့်ကြောင့် စုချန်း ကြောင်အမ်းအမ်း ဖြစ်သွား၏။

"ခင်ဗျားတို့ ဘယ့်နှယ်ကြောင့် ကျုပ်ကို ကြည့်နေကြတာတုန်း ဒီကနေ ဘယ်လို ထွက်ရမလဲဆိုတာ ကျုပ် ခင်ဗျားတို့ကို ပြောပြပြီးသွားပြီလေ ကျုပ် တတ်နိုင်သလောက် ဆောင်ရွက်ပြီးသွားပြီ ဘယ်အချိန် စလှုပ်ရှားမလဲဆိုတာကတော့ ခင်ဗျားတို့အပေါ်မှာပဲ မူတည်တော့တယ်"

လီကုံးရှန် တဟဲဟဲ ရယ်မောလိုက်၏။

"ထုံးကျောက်တောင်ကြောကို ဖြတ်သန်းဖို့ဆိုတာ မလွယ်ဘူး ကျုပ်တို့အနေနဲ့ ဒီနယ်မြေထဲက အရင်းအမြစ်တွေ အများကြီး လိုအပ်တယ် ဒါကြောင့် ဘယ်ကိုအရင်စတိုက်မလဲ ဘယ်ကိုနောက်ဆုံးမှတိုက်မလဲဆိုတာ တကယ့်ခေါင်းခဲစရာကြီးပဲ ဒီအပေါ်မှာ မင်းဘယ်လိုမြင်သလဲ ကျုပ် သိချင်တယ်"

"ကျုပ် ဟုတ်လား ကျုပ်က ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ ခေါင်းဆောင်တွေထဲက တယောက်မှမဟုတ်တာ ကျုပ်အနေနဲ့ အကြံပေးဖို့ မသင့်ဘူးထင်တယ်"

"မင်း အစကတည်းက ငါတို့တပ်ရင်းရဲ့ ခေါင်းဆောင်တယောက် ဖြစ်ပြီးနေပါပြီကွာ"

လီကုံးရှန်က စုချန်း၏ ပုခုံးအား လှမ်းပုတ်ရင်း ရယ်ရယ်မောမောနှင့် ပြောလိုက်သည်။

"ဒီကနေ့စပြီး မင်းဟာ အရိပ်မဲ့တပ်ခွဲရဲ့ လက်ထောက်ခေါင်းဆောင် ဖြစ်သွားပြီ စစ်ဖက်ဆိုင်ရာတွေ့ဆုံမှုတိုင်းကို မင်း တက်ရောက်ခွင့်ရှိတယ် မင်းရဲ့အမြင်ကို တင်ပြခွင့်ရှိတယ် ဆွေးနွေးခွင့်ရှိတယ်"

လူတိုင်းအနေနှင့် ထိုရာထူးမျိုးကို ကောက်ခါငင်ခါ ရပါက ဝမ်းသာကြမည်သာ။ သို့သော် စုချန်းကား ဝမ်းသာဟန်မတူ။ တွေခနဲဖြစ်သွားပြီး သူက ပြောလိုက်၏။

"ကျုပ် ဒီရာထူးကို စိတ်မဝင်စားဘူး သုတေသနအလုပ်ကိုပဲ ဆက်လုပ်ချင်ပါတယ်ခင်ဗျာ"

ထိုအခါ လီကုံးရှန်က ပြောလိုက်၏။

"မင်းမှာ ငြင်းပယ်ခွင့်မရှိဘူး ငါတို့တပ်ရင်းဟာ ဒုက္ခရောက်နေပြီ လူ့စွမ်းအားအရင်းအမြစ်ကလဲ နည်းပါးနေတယ် ပြီးတော့ အစီအစဥ်ဟာ မင်းကိုယ်တိုင် ဆွဲထားတာပဲလေ"

စုချန်း၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွား၏။

"ဒါ အတင်းအကျပ် စစ်မှုထမ်းစေတာပဲဗျ"

လီကုံးရှန်း တဟဲဟဲ ရယ်မောလိုက်၏။

"ဟုတ်တယ် မင်းတော့ အတင်းအကျပ် စစ်ထဲအသွင်းခံလိုက်ရပြီ"

စုချန်းက ရှီကိုင်းဟွမ်ဘက်သို့ လှည့်ပြီး အကူအညီတောင်းလိုက်သည်။

"ဆရာ"

ရှီကိုင်းဟွမ် သက်ပြင်းချလိုက်သည်။

"သူက တပ်ရင်းခေါင်းဆောင် စစ်ဥပဒေအရ ငါက သူ့ကို ကန့်ကွက်လို့မရဘူးကွ"

လီကုံးရှန်အပါအဝင် တခြားသူများ၏ ပြုံးစေ့စေ့အမူအရာကိုကြည့်ရင်း စုချန်းက သက်ပြင်းချကာ ပြောလိုက်၏။

"အင်း ပိုက်ကွန်ထဲအမိခံဖို့များ ကီလိုမီတာထောင်နဲ့ချီပြီး ပြေးလာလိုက်မိသလို ဖြစ်နေပြီ"

၎င်းကိုကြည့်ရင်း ချူးယင်ဝမ် ဟက်ဟက်ပက်ပက် ရယ်မောလိုက်၏။

"မင်း ဒီရာထူးကို စိတ်မဝင်စားမှန်း ငါတို့သိပါတယ် ဒါပေမဲ့ ဘာမှစိတ်မပူပါနဲ့ ဒီရာထူးကြောင့် မင်းတာဝန်တွေ ကြီးလေးမသွားပါဘူး မင်း ဒီရာထူးပါတာဝန်တွေကို လုပ်ချင်ရင်လဲရတယ် မလုပ်ချင်ရင်လဲ မင်း စိတ်တိုင်းကျသာနေ ဘယ်သူမှ မင်းကို ဒုက္ခလာပေးမှာ မဟုတ်ဘူး"

စုချန်း ခေါင်းညိတ်လိုက်၏။

"ဒီလိုဆိုရင်တော့ မဆိုးသေးဘူးပေါ့ဗျာ"

"ကဲ ဒါဆို ကျုပ်တို့ ဘယ်ကို အရင်ဆုံးသွားရမလဲ အကြံပေးပါအုံး"

စုချန်း ခေတ္တစဥ်းစားလိုက်သည်။ ထို့နောက် သူက ပြောလိုက်၏။

"မိုးသောက်ပန်းမြို့ကို အရင်ဆုံး သွားကြမယ်"

***

All Chapters