← Chapters

ဟာရီကိန်းတောင်ရိုးကမ်းပါးမျိုးစိတ် ၂

Vol. 65 Ch. 644

ဟာရီကိန်းတောင်ရိုးကမ်းပါးမျိုးစိတ် ၂

Vol. 65 Ch. 644

မည်သို့ဆိုစေ သံမဏိသည် ဟာရီကိန်းတောင်ကြားတွင် နေထိုင်ရန် ဆုံးဖြတ်လိုက်၏။ စုချန်း၏ စီမံကိန်း မအောင်မြင်မချင်း ဤနေရာကို သူ မစွန့်ခွာနိုင်။

ဟဒ်လေသည်လည်း သံမဏိအပေါ် သူ၏ ရက်ရောမှုကို အထူးတလည်ပင် ပြသခဲ့၏။ သို့သော် ဟာရီကိန်းတောင်ကြားကဲ့သို့သော နေရာမျိုးတွင် ရက်ရောပြစရာ အကြောင်းတရားဟူ၍ များများစားစားမရှိ။ ဤတောင်ကြားတခုလုံးတွင် တန်ဖိုးအရှိဆုံးအရာမှာ တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်တဦးချင်းစီပင် မဟုတ်ပါလား။

တောင်ရိုးကမ်းပါးမျိုးစိတ်များသည် တောင်ကြားတခုလုံးတွင် လှိုဏ်ဂူအများအပြား တူးဖော်ထားကြ၏။ အချိန်အတော်များများတွင် သူတို့ ထိုလှိုဏ်ဂူများထဲတွင်သာ နေထိုင်ကြလေသည်။

လှိုဏ်ဂူများမှာ တောင်ကြားတဝှမ်း မွစာကျဲနေလေရာ နေစရာပေါများလှ၏။

သံမဏိသည်လည်း လှိုဏ်ဂူများအနက်မှ တဂူကို ယာယီတည်းခိုနေထိုင်ရန် ရွေးချယ်လိုက်၏။ တနေကုန် လေပြင်းဒဏ်ခံလာရသော သံမဏိတယောက်က် လှိုဏ်ဂူထဲအရောက်ာက်တွင် အတော်ပင် နေသာထိုင်သာ ရှိသွား၏။

သူ ခြေပစ်လက်ပစ်ပင် လဲလျောင်းလိုက်၏။ ထိုအချိန်တွင် တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်ကလေးငယ်တချို့ ဂူအဝတွင် ရစ်သီရစ်သီလုပ်ကာ သံမဏိအား စူးစမ်းနေကြလေသည်။

၎င်းကိုမြင်သောအခါ သံမဏိ ပြုံးလိုက်၏။ ထို့နောက် ကလေးများအား သူ့အနီးသို့လာရန် လက်ယပ်ခေါ်လိုက်သည်။

ကလေးတစု သံမဏိအနီးသို့ တိုးလာ၏။ ထိုအထဲက ကလေးတဦးက မေးလိုက်သည်။

"ခင်ဗျားကြီး အပြင်လောကက လာတာလား"

"ဟုတ်တာပေါ့ကွ"

သံမဏိက ပြန်ဖြေလိုက်သည်။

"အပြင်လောကက အကျယ်ကြီးပဲလား"

"အေးပေါ့ကွ"

"အပြင်မှာကော ဒီမှာလို တနေကုန် လေတိုက်နေတာပဲလား"

"အပြင်မှာ အန္တရာယ်များသလား"

"လူတွေက ဘာနဲ့တူသလဲ"

"ငါကြားဖူးတာတော့ လူတွေဟာ သိပ်အန္တရာယ်များတယ်ဆိုပဲကွ"

"လူတွေပြောတာကို ခင်ဗျားကြီး ဘာကြောင့် နားထောင်ရတာလဲ"

ကလေးများကား အထက်ပါအတိုင်းပင် သံမဏိအား အဆက်မပြတ် မေးခွန်းထုတ်နေကြ၏။ တဖက်တွင်လည်း သူတို့အချင်းချင်း ငြင်းခုန်နေကြလေသည်။

ဤတောင်ရိုးကမ်းပါးမျိုးစိတ်ဝင်ကလေးငယ်များကား ဟာရီကိန်းတောင်ကြားတွင်သာ ကြီးပြင်းလာပြီး အပြင်လောကသို့ တကြိမ်မှပင် ရောက်ဖူးပုံမရကြောင်း၊ သူတို့၏ဘဝတွင် လူသားဟူ၍ တဦးတလေမျှကိုပင် မမြင်ဖူးကြောင်း သံမဏိ ချက်ချင်း သဘောပေါက်လိုက်သည်။

အပြင်လောကနှင့်ပတ်သက်၍ သူတို့သိထားသမျှမှ သူတို့၏ မိဘဘိုးဘွားများ ပြောထားသလောက်သာပင်။

ထို့ကြောင့် အပြင်လောကနှင့်ပတ်သက်၍ သူတို့ အဆက်မပြတ် မေးခွန်းထုတ်နေကြခြင်းပေတကား။

သံမဏိ တဟဲဟဲရယ်မောရင်း ရှင်းပြလိုက်သည်။

"အပြင်ဘက်မှာ လေ ဒီလောက်တော့မတိုက်ဘူးကွ ပြီးတော့ အပြင်ကလူတွေဟာ လှိုဏ်ဂူထဲမှာလဲ မနေကြဘူး သစ်သားတွေ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ အိမ်တွေမှာ နေကြတယ် လူသားတွေဟာ ကျုပ်တို့ထက် အများကြီးသေးတယ် မသန်မာဘူး ဒါပေမဲ့ သူတို့က မူလစွမ်းအင်က်ို ထိန်းချုပ်နိုင်ကြတယ် ကျုပ်တို့ထက်စာရင် ပိုပြီး အသုံးချနိုင်ကြတယ် သူတို့ဟာ ဒီမြေကြီးရဲ့ ပိုင်ရှင်တွေ အရှင်သခင်တွေ ကျုပ်တို့သာ သူတို့စကားကို နားမထောင်ဘူးဆိုရင် ကျုပ်တို့ အသက်ရှင်ဖို့ သိပ်ခက်သွားလိမ့်မယ်"

"ဒါဆိုလဲ ခင်ဗျားကြီး ဒီမှာပဲ နေလိုက်ပါတော့လား"

တောင်ရိုးကမ်းပါးကလေးငယ်တဦးက သံမဏိအား အကြံပြုလိုက်သည်။

သံမဏိ ခေတ္တစဥ်းစားလိုက်၏။ ထို့နောက် သူက မူလလက်စွပ်အတွင်းမှ စားစရာတခုကို ဆွဲထုတ်လိုက်သည်။

လူသားကမ္ဘာမှ ပါလာသော စားစရာ။

သံမဏိက စားစရာအား မြေကြီးပေါ် ပစ်ချလိုက်၏။

ကလေးငယ်သည် စားစရာအား အံ့သြဟန်ဖြင့် စိုက်ကြည့်နေ၏။ ထို့နောက် သူက မေးလိုက်သည်။

"အဲဒါ စားလို့ရသလား"

"ဟာ သိပ်ရတာပေါ့ကွ"

ထိုစားစရာမှာ ကိတ်မုန့်အပိုင်းအစလေးဖြစ်သည်။ ကလေးသည် ကိတ်မုန့်ပိုင်းလေးအား ကောက်ယူရန် ဟန်ပြင်လိုက်၏။ ထိုအခါ အနီးရှိ ကလေးမက ဟန့်တားလိုက်လေသည်။

"အဖေက တခြားသူတွေရဲ့စားစရာကို ယူမစားားရဘူးလို့ မှာထားတယ်မလား"

သံမဏိ ပြုံးလိုက်၏။

"စားပါကွ ကျုပ်ကိုယ်တိုင်က မင်းတို့ကို လိုလိုလားလားနဲ့ ကျွေးတာပဲဟာ"

သံမဏိ၏ လေသံမှာ မကြုံစဖူးလောက်အောင်ပင် ချိုသာနေလေသည်။

ကလေးငယ်သည် တံတွေးကို ကြိတ်မှတ်မျိုချကာ မိဘဘိုးဘွားများ၏ စကားကို နားထောင်ရန် ကြိုးစားနေ၏။ သို့သော် အပြင်လောကကြီး၏ ဆွဲဆောင်မှုကို ကလေးငယ် မည်သို့ အံတုနိုင်ပါအံ့နည်း။

နောက်ဆုံးတွင် သူ မနေနိုင်တော့။ ကိတ်မုန့်အပိုင်းအစလေးက ပါးစပ်အတွင်း ကောက်ထည့်လိုက်တော့သည်။

ကိတ်မုန့်၏ အရသာမှာ ကောင်းမွန်လှ၏။ ထူးခြားလှသော အရ​သာကြောင့် သူ့တကိုယ်လုံး အရည်ပျော်သွားသကဲ့သို့ ကလေးငယ် ခံစားလိုက်ရသည်။ ထို့နောက် သူသည် သံမဏိလက်ထဲမှ ကျန်ကိတ်မုန့်များကိုပါ အတင်းကာရော လုယူပြီး ပါးစပ်ထဲသို့ အငမ်းမရ ထိုးထည့့်လိုက်တော့သည်။

ထိုအခိုက်ဝယ် ကိတ်မုန့်တွင် အဆိပ်ပါသည်ဟု ဆိုစေကာမူ သူ့ကို တား၍ရတော့မည် မဟုတ်။

အဆိုပါကလေးငယ် ကိတ်မုန့်အား အငမ်းမရ စားသောက်နေပုံကိုကြည့်ရင်း ကျန်ကလေးငယ်များအားလုံး အံ့သြသင့်နေ၏။

သံမဏိ ပြုံးလိုက်၏။

"မင်းတို့အားလုံးလဲ နည်းနည်းစီ စားကြည့်ကြလေ ဒါ စားလို့သိပ်ကောင်းတယ်ကွ"

ထိုအခါ ကလေးမလေးသည် ကိတ်မုန့်အား လက်နှင့်ထိုးကြည့်ပြီး သူ့လက်ကိုသူ ပြန်စုပ်ကြည့်လိုက်သည်။ ထူးခြားသော အရသာကြောင့် သူမ မျက်လုံးပြူးသွား၏။ ထို့နောက် သူမသည် သံမဏိလက်ထဲမှ မုန့်များအား အတင်းပင် လုယူစားသောက်လိုက်တော့၏။

တောင်ရိုးကမ်းပါးနွယ်ဝင်ကလေးနှစ်ဦး၏ ငမ်းငမ်းတက်အမူအရာကြောင့် ကျန်ကလေးများ ထိတ်လန့်သွားကြဟန်တူ၏။ သူတို့သည် ချက်ချင်းဆိုသလို နောက်ဆုတ်သွားပြီး အော်ဟစ်ကာ ဂူအပြင်သို့ ပြေးထွက်သွားကြတော့သည်။

"ကြည့်ရတာ မုန့်တွေပိုလိုလာပြီနဲ့ တူတယ်"

သံမဏိ ပြုံးရင်း ပြောလိုက်သည်။ နောက်ထပ် ဘာဖြစ်လာမည်မှန်း သူ သိထားနှင့်ပြီ မဟုတ်ပါလား။

ထင်သည့်အတိုင်းပင် တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်များ အုပ်လိုက်ကြီး သူ့ထံသို့ ဦးတည်လာမှန်း သံမဏိ တွေ့လိုက်ရသည်။

ထိပ်ဆုံးမှ ဦးဆောင်လာသူမှာကား ထုံးစံအတိုင်း ဟဒ်လေပင်င် ဖြစ်သည်။

သံမဏိထံမှ မုန့်များအား ကလေးနှင့် ကလေးမ အငမ်းမရ စားသောက်နေသည်က်ို မြင်သည်နှင့် ဘာတွေဖြစ်နေမှန်း ဟဒ်လေ သဘောပေါက်သွား၏။

"ကိတ်...သိပ်အရသာရှိတဲ့မုန့်တမျိုးပဲ"

ဟဒ်လေ၏ မျက်လုံးတွင် ထူးခြားသော အရိပ်အယောင်များ ယှက်သန်းနေသည်။

"ဂရူးနဲ့ဘဲယားတို့ အဆိပ်မိကုန်ပြီလို့ ကလေးတွေကပြောတော့ ဘာအဆိပ်များလဲလို့ ကျုပ်ကတွေးနေတာ...အစားကောင်းအသောက်က်ကောင်းတွေ ဖြစ်နေတာကိုး တော်တော်လေး ထိရောက်ပါပေတယ် သံမဏိ"

သံမဏိ ခေါင်းခါလိုက်သည်။

"ကျုပ်က ဒီအတိုင်း ရိုးရိုးသားသား ကျွေးတာပါ တခြား ဘာအကြံအစည်မှ မရှိပါဘူး ခေါင်းဆောင်ဟဒ်လေ"

"အကြံအစည်ရယ်လို့တော့ မဟုတ်ပေမဲ့ မင်းလုပ်ရပ်က သူတို့ရဲ့မျက်လုံးကို ဖွင့်ပေးလိုက်သလိုပါပဲကွာ"

ပြေပြောဆိုဆို ဟဒ်လေသည် ရှေ့သို့တက်လာပြီး မေးလိုက်၏။

"နောက်ထပ် မုန့်တွေ ကျန်သေးလား"

သံမဏိ ခေါင်းညိတ်ပြပြီး လက်စွပ်အတွင်းမှ မုန့်များအား ထုတ်ကာ ဟဒ်လေအား ကမ်းပေးလိုက်သည်။

ဟဒ်လေသည် ထ်ိုမုန့်များအား သူ့နောက်ရှိ ကလေးများကို ဝေပေးရင်း ပြောလိုက်၏။

"ကဲ တနေရာမှာ အေးအေးဆေးဆေး သွားစားကြ ဒီလိုမုန့်တွေကို မင်းတို့ ကြိုက်ကြမှာပါ"

ခေါင်းဆောင်၏ ခွင့်ပြုချက်ရလိုက်ပြီဖြစ်၍ ကလေးများသည် မုန့်များအား အငမ်းမရ စားသောက်ကြကုန်၏။

ထိုအချိန်တွင် သက်ကြီးပိုင်း တောင်ရိုးကမ်းပါမျိုးစိတ်ဝင်များက သံမဏိအား ထူးခြားသော အကြည့်နှင့် စိုက်ကြည့်နေကြလေသည်။

သံမဏိ ပုခုံးတွန့်လိုက်၏။

"ကျုပ်မှာ နောက်ထပ်စားစရာတွေ ပါပါသေးတယ် ခင်ဗျားတို့အကုန်လုံးအတွက် စားလို့လောက်မှာပါ"

"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မလိုပါဘူးကွာ ဂရူးနဲ့ဘဲယားတို့ကြောင့်သာမဟုတ်ရင် ဘယ်ကလေးမှ ဒီမုန့်တွေကို စားဖို့ ကျုပ် ခွင့်ပြုမှမဟုတ်ဘူး မင်းသိပါတယ် ဒီကိစ္စကြောင့် အပြင်လောကကို သူတို့ ပိုပြီး တောင့်တလာကြမယ်ဆိုတာ"

သံမဏိ ခေါင်းညိတ်လိုက်သည်။

"ခင်ဗျား သူတို့ကို တသက်လုံး တားထားလို့မရဘူး တနေ့ကျရင် သူတို့ သေချာပေါက် ထွက်သွားမှာပဲ"

"ဒါပေမဲ့ သူတို့ သေချာပေါက် ပြန်လာကြမှာပါ"

ဟဒ်လေက သက်ပြင်းချရင်း ပြောလိုက်၏။

"အပြင်လောကဟာ ဆွဲဆောင်မှုရှိတာ မှန်တယ် ဒါပေမဲ့ သိပ်အန္တရာယ်များတယ် ဒီမှာ အသက်ရှင်ရတာ ခက်ခဲပေမဲ့ သူတို့ အန္တရာယ်ကင်းဖို့ သေချာတယ်"

"ဒါသူတို့ဆန္ဒမဟုတ်ပဲ ခင်ဗျားဆန္ဒပဲ ဖြစ်ရင်ဖြစ်နေမှာပေါ့"

ဟဒ်လေ မျက်မှောင်ကုတ်လိုက်၏။

"မင်းပြောတာ ဟုတ်ရင်လဲဟုတ်မယ် ဒါပေမဲ့ ဘာဖြစ်သလဲ ကျုပ်တို့ဟာ အပြင်လောကနဲ့ အဆက်ဖြတ်ပြီး ဒီမှာ အေးအေးချမ်းချမ်း နေထိုင်ကြတယ် မင်းသာဆန္ဒရှိရင် ဒီမှာ ကျုပ်တို့လိုပဲ နေထိုင်နိုင်တယ် ဒါပေမဲ့ မင်းသခင်ရဲ့ ဆန္ဒအတိုင်း ကျုပ်တို့ကို အသက်စွန့်ဖို့ ဆွဲဆောင်နေတာဆိုရင်တော့ မဖြစ်နိုင်ဘူး မင်းဆန္ဒကို မေ့ပစ်လိုက်ပါ"

ထိုသို့ပြောပြီးသည်နှင့် ဟဒ်လေသည် ချာခနဲ လှည့်ထွက်သွား၏။ လမ်းတဝက်မှာပင် သူက နောက်ပြန်လှည့်လာပြီး အော်ပြောလိုက်ပြန်သည်။

"ကလေးတွေအပေါ် ဒီလိုနည်းလမ်းတွေ ထပ်မသုံးပါနဲ့ မဟုတ်ရင်တော့ ကျုပ်တို့ မင်းကို ဒီနေရာကနေ မောင်းထုတ်ပစ်ရလိမ့်မယ်"

"ခေါင်းဆောင်ဟဒ်လေ ခေါင်းမမာစမ်းပါနဲ့ သူတို့မှာလဲ သူတို့ကိုယ်ပိုင်ပျော်ရွှင်မှုကို ရှာဖွေဖို့ အခွင့်အရေး ရှိသင့်ပါတယ်"

"ကျုပ်က ကျုပ်မျိုးနွယ်စုဝင်တွေ အသက်ရှင်ဖို့အတွက် လုပ်နေတာ မင်းသခင်ကတော့ ကျုပ်တို့အားလုံးကို သေတွင်းပို့ဖို့ ကြံနေတာပဲ ထုံးကျောက်တောင်ကြောဟာ ဘယ်လောက်ထိ အန္တရာယ်များတယ်ဆိုတာ မင်းသိတယ်မလား"

ဟဒ်လေ၏ လေသံမှာ အေးစက်နေ၏။

သံမဏိ ခေတ္တမျှ ဆွံ့အသွား၏။ ပြီးမှ သူက အော်ပြောလိုက်သည်။

"မင်းတို့အားလုံးကော သူ့လိုပဲ တွေးနေကြတာလား"

ကျန်တောင်ရိုးကမ်းပါးမျိုးစိတ်ဝင်တိုင်းသည် သံမဏိအား မျက်လုံးပြူးကာ စိုက်ကြည့်နေကြ၏။ သံမဏိက နောက်တကြိမ် အော်ဟစ်လိုက်ပြန်သည်။

"မင်းတို့အားလုံး ဒီနေရာမှာ ကြွက်တွေလို တွင်းအောင်းပြီး သေဖို့စောင့်နေကြတယ် မင်းတို့ရဲ့ကံကြမ္မာကို ပြောင်းလဲနိုင်မဲ့ အခွင့်အရေး ရလာတာတောင် မစွန့်စားရဲကြဘူးလား"

မည်သူမှ ပြန်မဖြေ။ သံမဏိအား အေးတိအေးစက်နှင့်သာ စိုက်ကြည့်နေကြလေသည်။

ဟဒ်လေ၏ မျက်လုံးထဲတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာ၏။

"ဒါ မင်းကို နောက်ဆုံးအကြိမ် သတိပေးတာပဲ ဒီလိုသာ ဆက်ပြောနေရင် ခုချက်ချင်း မင်းကို ဒီကနေ မောင်းထုတ်ပစ်ရလိမ့်မယ်"

***

All Chapters