ဝိညာဥ်စွမ်းအား ၃
Vol. 64 Ch. 638
ကြောက်စရာကောင်းလောက်အောင် တိုးတက်သွားတာပဲ...
စုချန်း အထက်ပါအတိုင်း စဥ်းစားရင်း အံ့သြသင့်မိလေသည်။
တစစီကွဲကြေသွားသော ဝိညာဥ်မျိုးစိတ်၏ စိတ်ဝိညာဥ်စွမ်းအင်အကြွင်းအကျန်များကို စုပ်ယူလိုက်သည်နှင့် စိတ်ဝိညာဥ်စွမ်းအား ယူနစ်၆၀၀ထိ မြင့်တက်လာသည်ဆိုပါကလား။ ဒါကတော့ အံ့သြစရာကောင်းနေသည်မှာ အမှန်ပင်။
ထိုမျှသာမကသေး သေဆုံးသွားသည့် ဝိညာဥ်မျိုးစိတ်ဝင်၏ အသိပညာများကိုပါ သူ ရလိုက်သေး၏။ ကံမကောင်းသည်မှာ ဝိညာဥ်မျိုးစိတ်ဝင်သည် ကိုယ့်ကိုယ်ကို ဖျက်ဆီးလိုက်ခြင်းကြောင့် မှတ်ညဏ်များမှာ တပိုင်းတစ ဖြစ်နေ၏။ ထို့ကြောင့် သူရလိုက်သည့် နည်းစနစ်များမှာလည်း မပြည့်စုံ။
သို့သော် စုချန်းလို လူစားမျိုးအတွက် မှတ်ညဏ်အပိုင်းအစများဟူသည်မှာ ပြသနာတရပ် မဟုတ်။ ကွက်လပ်များကို ဖြည့်တင်းနိုင်လိမ့်မည်ဟု သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်ထား၏။ မည်သို့ဆိုစေ ထိုမှတ်ညဏ်များသည် စိတ်ဝိညာဥ်စွမ်းအားများနှင့် ပတ်သက်နေ၍ ၎င်းသည် စုချန်း၏ အမြင်ကို ဖွင့်ပေးခဲ့၏။ အတိတ်ကာလမှ သူ နားမလည်နိုင်ခဲ့သည့် အရာများသည် ယခုတွင် အတော်အသင့် ရှင်းလင်းသွားခဲ့ပြီ ဖြစ်သည်။
တကယ်တော့ ဝိညာဥ်မျိုးစိတ်များဟူသည် ဝိညာဥ်နှင့်ခန္ဓာ ပေါင်းစပ်ထားသည့် သက်ရှိ ဖြစ်သည်။ ထို့ကြောင့် ဝိညာဥ်သေဆုံးသွားသည်နှင့် ၎င်းတို့၏ ဇီဝရုပ်ခန္ဓာပါ ပျောက်ဆုံးသွားတတ်၏။
သို့သော် ဤတကြိမ်တွင်တော့ ဝိညာဥ်မျိုးစိတ် ပျောက်ဆုံးသွားသည်နှင့် ၎င်း ဖမ်းဆီးခံထားရသည့်နေရာတွင် ထူးဆန်းသော အစိမ်းရောင်ကျောက်တုံးတတုံး ရှိနေသည်ကို စုချန်း မြင်တွေ့လိုက်ရသည်။
စုချန်း ရှေ့သို့ ဖြေးညှင်းစွာ လျှောက်သွားပြီး ထိုကျောက်တုံးကို လှမ်းယူလိုက်သည်။ ကျောက်တုံးနှင့် လက် ထိမိသည့့်ခနမှာပင် သူ့စိတ်အာရုံတခုလုံး သန့်စင်သွားသကဲ့သို့ စုချန်း ခံစားလိုက်ရ၏။
ဝိညာဥ်မျိုးစိတ်ဝင်၏ စိတ်ဝိညာဥ်စွမ်းအားများကို စုပ်ယူပြီးနောက် စုချန်း၏ အခြေအနေသည် တမျိုးတဖုံ ထူးခြားနေခဲ့ပြီ ဖြစ်သည်။ ယခုဆိုလျင် သူ့စိတ်အာရုံသည် သူ့ကိုယ်ခန္ဓာမှ စွန့်ခွာပြီး ကမ္ဘာကြီးအနှံ့ လှည့်လည်သွားလာနေတော့၏။
လူသားတို့၏ ကျင့်ကြံမှုစနစ်အရ ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်သို့ ရောက်သွားပြီးနောက်ပိုင်း ထိုဖြစ်ရပ်သည် သာမာန်မျှသာ ဖြစ်သည်။ ယခုတော့ စုချန်း၏ အခြေအနေမှာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်တွင်သာ ရှိနေသေး၏။ သို့သော် သူ့စိတ်ဝိညာဥ်စွမ်းအားကတော့ သာမာန်လူတဦး ပိုင်ဆိုင်သည်ထက် များစွာ မြင့်မားနေခဲ့လေပြီ။
အစိမ်းရောင်ကျောက်တုံးကို ထိမိသည်နှင့် သူ၏ စိတ်ဝိညာဥ်စွမ်းအားသည် ထပ်မံတိုးပွားလာကြောင်း စုချန်း သိရှိလိုက်ရပြန်၏။ သူ့စိတ်ဝိညာဥ်သည် သူ့ကိုယ်ခန္ဓာမှ ခွဲခွာပြီး ကောင်းကင်ဆီသို့ တဟုန်ထိုး ပျံတက်သွား၏။ မျက်စေ့တမှိတ်အတွင်း မိုးသောက်ပန်းမြို့သည် သူ့ခြေဖဝါးအောက်သို့ ရောက်နေခဲ့လေပြီ။
လေထဲတွင် လွင့်မြောပျံသန်းနေသကဲ့သို့ စုချန်း ခံစားနေရ၏။ သူ့အောက်တွင် အမျိုးမျိုးသော သက်ရှိများ သွားလာလှုပ်ရှားနေကြလေသည်။ ယုတ်စွအဆုံး အစိမ်းရောင်ကျောက်တုံးကိုင်လျက် မတ်တပ်ရပ်နေသော သူ့ကိုယ်သူပင် စုချန်း ပြန်လည်မြင်တွေ့နေရ၏။
ဤအနေအထားတွင် တစုံတဦးသာ စုချန်းအား ခေါင်းဖြတ်လိုက်ပါက စုချန်းကလည်း အခြားသက်ရှိတဦး၏ ကိုယ်ခန္ဓာအား ချက်ချင်းသိမ်းပိုက်နိုင်စွမ်း ရှိလာပေသည်။
၎င်းမှာ စိတ်ဝိညာဥ်စွမ်းအင် အားကောင်းလာခြင်း၏ အကျိုးကျေးဇူးပေတည်း။
ထိုသို့ စိတ်ဝိညာဥ်စွမ်းအင် မြင့်မားလာခြင်းကြောင့် သေစေနိုင်သောစုန်းမ၏ စွမ်းရည်မှာလည်း များစွာ တိုးပွားလာ၏။ ထိုနည်းတူစွာ တခြားမူလစွမ်းရည်များအား အသုံးချရာတွင်လည်း ပို၍ လွယ်ကူလာကြောင်း စုချန်း တွေ့လာရသည်ည်။ ယခုဆိုလျင် တချက်မျှ စဥ်းစားရုံနှင့် မည်သည့့်မူလစွမ်းရည်ကိုမဆို ပေါက်ကွဲအားပြင်းပြင်းနှင့် စုချန်း ထုတ်သုံးလာနိုင်ပြီ ဖြစ်သည်။
တကယ်တော့ ထိုစွမ်းရည်များသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်များသာလျင် ထုတ်သုံးနိုင်သော စွမ်းရည်များ ဖြစ်သည်။ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အဆင့်မျှနှင့် ဤစွမ်းရည်မျိုးကို ပိုင်ဆိုင်လာရ၍ စုချန်းတယောက် ဝမ်းသာအားရ ဖြစ်မိသည်ကတော့ အမှန်ပင်။
ယခုဆိုလျင် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ကိုပင် အနိုင်ယူနိုင်လောက်သည်ဟု စုချန်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိလာတော့၏။
စက္ကန့်ပိုင်းအကြာမှာပင် စုချန်း၏ စိတ်ဝိညာဥ်သည် မူလကိုယ်ခန္ဓာဆီသို့ ပြန်လည်ဝင်ရောက်လာ၏။ ထိုအခါ စုချန်းက အစိမ်းရောက်ကျောက်တုံးကို သိမ်းဆည်းထားလိုက်သည်။
ထိုခနမှာပင် သတ်ဖြတ်သူများ ဘာလုပ်ရန် ကြိုးစားနေမှန်း စုချန်း သဘောပေါက်သွား၏။
သတ်ဖြတ်သူများကား ဝိညာဥ်မျိုးစိတ်ဝင်၏ စိတ်ဝိညာဥ်စွမ်းအင်များအား ညှစ်ထုတ်ကာ အစိမ်းရောင်ကျောက်တုံးများ ထုတ်လုပ်နေကြခြင်းပေတည်း။
အစိမ်းရောင်ကျောက်တုံးများကား တစုံတဦး၏ စိတ်ဝိညာဥ်စွမ်းအားကို တိုးပွားလာနိုင်စေသော ဂုဏ်သတ္တိရှိပုံရ၏။ သတ်ဖြတ်သူများကား စိတ်ဝိညာဥ်စွမ်းအားအရာတွင် အလွန်နိမ့်ပါးသူများဖြစ်ကြလေရာ ၎င်းတို့၏ စွမ်းအားအား မြှင့်တင်ရန် အစိမ်းရောင်ကျောက်တုံးများကို အသုံးချကြပုံရလေသည်။
သို့သော် အစိမ်းရောင်ကျောက်တုံးတစ်တုံး ရရှိရန် အသက်ပေါင်းများစွာ စတေးရန် လ်ိုအပ်ပုံရသည်ည်။ အသက်မည်မျှ စတေးရမည်ကိုတော့ စုချန်း မပြောတတ်။
မည်သို့ဆိုစေ အစိမ်းရောင်ကျောက်တုံးငယ်တတုံးသည် တစုံတဦး၏ စိတ်ဝိညာဥ်စွမ်းအားကို ယူနစ်တထောင်ခန့်ထိ မြင့်မားလာစေသည်ဟု စုချန်း မှန်းဆမိလေသည်။
ထိုပမာဏမှာကား အံ့မခန်းလောက်စရာပင်။
ယခင်ကဆိုလျင် စုချန်းသည် ရုပ်ဝတ္တုပစ္စည်းများအား အာရုံစိုက်လေ့မရှိ။ ယုတ်စွအဆုံး တန်ဖိုးကြီးလှပါသည်ဆိုသော အလောင်းကောင်ဝိညာဥ်ပန်းများကိုပင် သူ စိတ်မဝင်စားချေ။ မည်မျှ တန်ဖိုးကြီးသော ပစ္စည်းမဆို တန်ရာတန်ကြေးပေးလျင် ရနိုင်သည်ဟု သူ ယူဆထားသည် မဟုတ်ပါလား။
သို့သော် ဤအစိမ်းရောင်ကျောက်တုံးကတော့ မတူချေ။ ဝိညာဥ်မျိုးစိတ်ဝင်တဦးကို ကြားခံအဖြစ် ဖမ်းဆီးကာ အသုံးပြုရခြင်း၊ အသက်ပေါင်းမြောက်များစွာကို စတေးရခြင်း စသောအချက်များကို ထောက်လျင် နောင်ဆယ်နှစ်ကြာသည့်တိုင်အောင် ဤကျောက်တုံးမျိုးကို နောက်တကြိမ်ပိုင်ဆိုင်ရန် မဖြစ်နိုင်တော့။
"ဒါ တကယ့်ကို တန်ဖိုးကြီးတဲ့ ရတနာပဲ"
စုချန်း တီးတိုးရေရွတ်လိုက်၏။
တကယ်တော့ အစိမ်းရောင်ကျောက်တုံးကို သတ်ဖြတ်သူများ တည်ဆောက်ရသည့် အဓိကအကြောင်းရင်းမှာ ဝိညာဥ်မျိုးစိတ်များနှင့် ရင်ဆိုင်ရန်ပင် ဖြစ်သည်။ ဝိညာဥ်မျိုးစိတ်ဝင်များသည် လျို့ဝှက်စွာ နေထိုင်လေ့ရှိသဖြင့် ၎င်းတို့အနေနှင့် လူသားများနှင့် ရင်ဆိုင်တိုက်ခိုက်လေ့မရှိကြ။ ထိုအစား ၎င်းတို့သည် ရေခဲအသိုက်မှ သတ်ဖြတ်သူများကိုသာ အဓိက အနှောင့်အယှက်ပြုလေ့ရှိကြသည်။ အကြောင်းမှာ ဝိညာဥ်မျိုးစိတ်ဝင်များသည် သတ်ဖြတ်သူများကို စမ်းသပ်စရာပစ္စည်းဟု သဘောထားကာ မကြာခန ဖမ်းဆီးသွားတတ်သောကြောင့် ဖြစ်သည်။ ထိုအခြေအနေမျိုးကြောင့် ရေခဲအသိုက်မှ သတ်ဖြတ်သူများသည် ဝိညာဥ်မျိုးစ်ိတ်များနှင့် ရင်ဆိုင်ရန် အစိမ်းရောင်ကျောက်တုံးအား ဖန်တီးခဲ့ကြခြင်းပင်။
အစိမ်းရောင်ကျောက်တုံး သို့မဟုတ် စိတ်ဝိညာဥ်သလင်းများသည် သတ်ဖြတ်သူများအတွက် စိတ်ဝိညာဥ်စွမ်းအင်များ ဖြည့်တင်းပေး၏။ ဤနည်းအားဖြင့် ဝိညာဥ်မျိုးစိတ်များ၏ တိုက်ခိုက်မှုကို သတ်ဖြတ်သူများအနေနှင့် အတော်အသင့်ခုခံန်ိုင်စွမ်း ရှိလာကြသည်။
မည်သို့ဆိုစေ စုချန်း၏ အမြင်တွင်တော့ အစိမ်းရောင်ကျောက်တုံးသည် ဤထက်ပ်ို၍ အသုံးဝင်လာနိုင်စရာအကြောင်းတရားများ ရှိနေ၏။
"စုချန်းး ဘာတွေလုပ်နေတာတုန်း"
အထက်ပါအတိုင်း အတွေးနယ်ချဲ့နေစဥ်မှာပင် စုချန်း၏ နောက်ကျောဆီမှ အသံအသံ ထွက်ပေါ်လာ၏။
ချူးယင်ဝမ်ပင် ဖြစ်သည်။
ကောင်းကင်ဘုံလက်သီးတပ်ရင်းကား လမ်းကြောင်းတလျှောက်ရှိ သတ်ဖြတ်သူများကို သုတ်သင်ရှင်းလင်းပြီး နတ်ဘုရားကျောင်းတော်အတွင်း ဝင်ရောက်လာကြပြီ ဖြစ်သည်။
ချူးယင်ဝမ်၏ အသံကိုကြားသည်နှင့် သတ်ဖြတ်သူများ ရှုံးနိမ့်သွားပြီမှန်း စုချန်း သဘောပေါက်လိုက်၏။
"ဒီတခေါက် ကျုပ်တို့ခရီးစဥ်က အတော်လေး အကျိုးရှိတယ် ဒီထဲမှာကို သွေးနီဥပြိုကွဲဆေးမင် ဖန်တီးဖို့ပစ္စည်းတွေ အတော်များများ ရှိနေမှာ သေချာသလောက်ပဲ"
စုချန်းက အနီးရှိ အဆောက်အဦးတခုကို ညွှန်ပြရင်း ပြောလိုက်သည်။ ထိုအဆောက်အဦးကား သွေးများ၊ ထူးဆန်းသော ဆေးမင်များဖြင့် ပြည့်နှက်နေ၏။ စုချန်း၏ ယူဆချက်သာ မမှားပါက ထိုအဆောက်အဦးသည် ဤကျောင်းတော်၏ သွေးနီဥပြိုကွဲဆေးမင်ဖန်တီးရန် အဓိကနေရာဌာနပင် ဖြစ်ပေလိမ့်မည်။
"လာကြစမ်း တန်ဖိုးရှိတာတွေ အကုန်ယူကြစမ်းဟေ့"
ချူးယင်ဝမ်က နောက်သို့လှည့်ပြီး ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်သည်။
ဤနေရာဤအချိန်ဝယ် ဂရုဏာတရားဟူ၍ မရှိ။ ရန်သူတိုင်း သေရမည်။ တန်ဖိုးရှိသောအရာတိုင်းကို သိမ်းပိုက်ရမည်။
ထို့နောက် နတ်ဘုရားကျောင်းတော်အတွင်းသို့ များပြားလှသော စစ်သားများ ဝင်ရောက်လာကြ၏။ ၎င်းတို့အနေနှင့် ဘာလုပ်ရမည်မှန်း ကွဲကွဲပြားပြား သိထားကြပုံပင်။ အထဲသို့ရောက်သည်နှင့် တန်ဖိုးရှိသော အရာမှန်သမျှကို အလုအယက်ပင် ယူငင်ကြတော့၏။ အလိုရှိရာမှန်သမျှက်ို ယူငင်ပြီးသည်နှင့် စစ်သည်တဦးက ကျောင်းတော်ကြီးအား မီးတင်ရှို့လိုက်တော့သည်။
မီးလျံများ ကောင်းကင်ယံဆီသ်ို့ တိုးထွက်လာ၏။ စုချန်းကား မီးတောက်များကြားတွင် လျှောက်သွားပြီး မည်သည့့်အဆောက်အဦးီးတွင်းသို့ ဝင်ကာ မည်သည့်ပစ္စည်းများကို ယူငင်သင့်ကြောင်း အဆက်မပြတ် လမ်းညွှန်ပေးလျက်ရှိသည်။
စုချန်း၏ အာရုံသိမှာ တိကျလှ၏။ ထို့ကြောင့် သူ ညွှန်ပြလိုက်သမျှ အရာတိုင်းမှာ တန်ဖိုးကြီးပစ္စည်းများချည်းသာ ဖြစ်နေတတ်လေသည်။
သူတို့ လုယက်ယူငင်နေသည်မှာ သုံးနာရီခန့်ပင် ကြာမြင့်၏။ ကျောင်းတော်တခုလုံး ပြောင်သလင်းခါသွားရုံမက ရေခဲအသ်ိုက်မှ ချမ်းသာကြွယ်ဝသူများ၏ ပိုင်ဆိုင်မှုများပါ မကျန်အောင် သူတို့ ယူငင်ကြလေသည်။ ချမ်းသာကြွယ်ဝသူများ၏ ပိုင်ဆိုင်မှုများအား ယူငင်ပြီးသည်နှင့် ယခု အလှည့်ကျလာသည်ကတော့ အလယ်အလတ်အဆင့် သတ်ဖြတ်သူအိမ်များပင် ဖြစ်သည်။
စစ်သည်များကား စိတ်ကြိုက်ပင် ယူငင်နေကြ၏။ လီကုံးရှန်ကား အနည်းငယ်မျှပင် တားမြစ်ခြင်းမပြုပဲ လက်ပိုက်ကြည့်နေလေသည်။
ထိုစဥ်...
"အချိန်ရောက်ပြီ လူတိုင်း တပ်ဆုတ်မယ်"
နောက်ဆုံးတော့ တပ်ဆုတ်ရန် အမိန့်သံ ထွက်ပေါ်လာ၏။
မည်သည့်ရန်သူမှ သူတို့ရန်သူများ သူတို့နယ်မြေအတွင်း ထိုးဖောက်ဝင်ရောက်ပြီး သူတို့၏ ပိုင်ဆိုင်မှုများအား ယူငင်နေသည်ကို ထိုင်ကြည့်နေလိမ့်မည် မဟုတ်။ ထို့ကြောင့် တန်ပြန်တိုက်စစ်သည် အချိန်မရွေး ပြန်လာနိုင်သည် မဟုတ်ပါလား။
သို့တိုင်အောင် စစ်သည်များထံမှ မကျေမနပ်ပ် ညီးတွားသံများ ထွက်ပေါ်လာလေသည်။
မည်သို့ဆိုစေ စစ်သားဟူသည် စစ်သားများသာ ဖြစ်သည်။ ထို့ကြောင့် အမိန့်ကို နာခံရ၏။
ကောင်းကင်ဘုံလက်သီးတပ်ရင်းကား ခွာစစ်ဆင်လေပြီ။
တဖွဲဖွဲကျနေသော နှင်းထုသည် မီးတောက်များအား ဖုံးအုပ်သွား၏။ သရဲတစ္ဆေနှင့်တူသော စစ်သားများကား အမှောင်ထုအတွင်း တရွေ့ရွေ့ တိုးဝင်ပျောက်ကွယ်သွားကြလေသည်။
***