ခြုံခိုတိုက်ခိုက်ပြီ ၂
Vol. 64 Ch. 632
မိုးသောက်ပန်းမြို့သည် သတ်ဖြတ်သူမြို့တော်များအနက် ကာကွယ်ရေးအစီအမံအကောင်းဆုံးမြို့များအနက် တမြို့ဖြစ်သည်။
ရွှေရေခံတပ်တွင် သီးခြားကာကွယ်ရေးအစီအမံများ ရှိသကဲ့သို့ မိုးသောက်ပန်းမြို့တွင်လည်း ကိုယ်ပိုင်ကာကွယ်ရေးအစီအမံများ ရှိလေသည်။ မြို့အနှံ့အပြားတွင် ကာကွယ်ရေးမူလပုံစံကွက်များ ချထားသလို အဝေးမှတိုက်ခိုက်လာသူများအား ခုခံရန် မိုးကြိုးမီးလျံ ဒူးလေးကြီးများလည်း ရှိနေ၏။
သို့သော် အဆိုပါကာကွယ်ရေးအစီအမံများအားလုံးသည် မြို့ပြင်မှ တိုက်ခိုက်မှုများအား ခုခံရန်သာ ရည်ရွယ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် မြို့တံခါးကျော်လွန်ကာ ဝင်ရောက်လာသော လူသားတပ်ဖွဲ့များအား တားဆီးမည့် နောက်ဆုံးခံစစ်စည်းဟူ၍ သတ်ဖြတ်သူများကိုယ်တိုင်မှအပ အခြားမရှိတော့။
သို့သော် သတ်ဖြတ်သူများကား အမှန်တကယ်ပင် သတ္တိကောင်းလှ၏။ ၎င်းတို့၏ လက်နက်များကိုလေတွင်ဝေ့ယမ်းကာ ကျူးကျော်လာသော လူသားများအား ရဲရဲရင့်ရင့်ပင် ရင်ဆိုင်ကြ၏။ တချို့ဆိုလျင် ကိုယ်ကြပ်ဝတ်စုံပင် ဝင်ဆင်ခြင်းမရှိပဲ တိုက်ပွဲဝင်ကြကုန်၏။
မည်သို့ဆိုစေ ရဲရင့်ခြင်း၊ အကြောက်အလန့်ကင်းခြင်းသည် စည်းကမ်းသေဝပ်ခြင်းအား အနိုင်ရရိုး ထုံးစံမရှိ။
ထိုနည်းတူပင် ရဲရင့်သော သတ်ဖြတ်သူစစ်သားများသည် ဤတိုက်ပွဲအတွက် စနစ်တကျ ပြင်ဆင်ထားသော လူသားများအား မည်သို့မှ ယှဥ်နိုင်စွမ်းမရှိချေ။
မိုးသောက်ပန်းမြို့ထဲသို့ ဝါးလုံးထ်ိုးဝင်ရောက်လာသော လူသားများသည်လည်း သက်ဆိုင်ရာတပ်မှုးအသီးသီး၏ အမိန့်အောက်တွင် ရွပ်ရွပ်ချွံချွံပင် တိုက်ပွဲဝင်နေကြ၏။ သူတို့အနေနှင့် မြို့၏ တစိတ်တပိုင်းအား ထိန်းချုပ်ရန် အလျင်လိုနေခြင်းမရှိ။ မြို့အတွင်းပိုင်းဆီသို့ ထိုးဖောက်ရန်သာ အားထုတ်နေကြလေသည်။ သူတို့ ဝင်ရောက်သွားသည့် လမ်းသွယ်လမ်းကြားတိုင်းရှိ သတ်ဖြတ်သူများမှာ အတုံးအရုံးပင် အသက်ပျောက်ကုန်ကြ၏။
သတ်ဖြတ်သူများဟူသည် မွေးရာပါစစ်သည်တော်များ ဖြစ်ကြသည်။ အမျိုးသမီးဖြစ်စေ ကလေးပင် ဖြစ်စေ လက်နက်များကောက်ကိုင်လိုက်သည်နှင့် ၎င်းတို့သည် ထူးချွန်သော စစ်သည်တော်များ ဖြစ်သွားကြကုန်၏။
ထိုအချက်ကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် ဤအစုလိုက်အပြုံလိုက်သတ်ပွဲကြီးတွင် မည်သူ့ကိုမှ ခြွင်းချက်ထားခြင်းမရှိ။ အမျိုးသမီးပင်ဖြစ်စေ၊ ကလေးသူငယ်ပင်ဖြစ်စေ၊ သက်ကြီးရွယ်အိုပင်ဖြစ်စေ အားလုံး သေရပေလိမ့်မည်။
ဤသည်မှာ မျိုးစ်ိတ်နှစ်စိတ်အကြား မကြာခန ဖြစ်ပွားလေ့ရှိသော တိုက်ပွဲကြီး၏ သဘောသဘာဝလည်း ဖြစ်သည်။ သူတို့အကြား အနှစ်နှစ်အလလ တည်ရှိနေသော အမုန်းတရားယမ်းပုံကြီးအား ဖောက်ခွဲလိုက်သော အနေအထားမျိုး ဖြစ်လေရာ ဤတင်္ဒဂလေးဝယ် သနားညှာမှု၊ ဂရုဏာတရားဟူ၍ မရှိတော့။ စစ်သားတိုင်း၏ ရင်ထဲတွင် ဖြစ်ပေါ်နေသည့် တခုတည်းသော ခံစားချက်မှာ သတ်ဖြတ်ရန်ပင်။
ကိုယ်က ရန်သူကို မသတ်ပါက ရန်သူက ကိုယ့်ကို ပြန်သတ်သွားမည် မဟုတ်ပါလား။
ချန်ထျန်းဟိုင်နှင့် ၎င်း၏ ပင်လယ်တပ်ဖွဲ့သည့် မြို့တော်၏ လမ်းသွယ်လမ်းကြားတိုင်းသို့ လျင်မြန်စွာ ဝင်ရောက်နေကြ၏။ ၎င်းတို့၏ အဓိကတာဝန်မှာကား သတ်ဖြတ်သူများအား သုတ်သင်ရန် မဟုတ်။ မြို့တော်၏ ကာကွယ်ရေးအစီအမံများအား ကျိုးပျက်စေကာ မိမ်ိတို့၏ လုံခြုံရေးအစီအမံများအားလုံး ပျက်စီးသွားပြီဟူသော ခံစားချက်မျိုး သတ်ဖြတ်သူတိုင်း၏ နှလုံးသားထဲ ရောက်ရှိသွားစေရေးအတွက် လုပ်ဆောင်ရန်ပင် ဖြစ်သည်။
ကျန်မောက်စီနှင့် ၎င်း၏ နဂါးတပ်ဖွဲ့မှာကား လက်စတုံးချေမှုန်းရေးတာဝန်ကို ထမ်းဆောင်နေကြ၏။ ၎င်းတို့သည် ပင်လယ်တပ်ဖွဲ့နောက်မှ ကပ်လျက်လိုက်ပါလာပြီး လမ်းကြိုလမ်းကြားမှ ပြေးထွက်လာသော သတ်ဖြတ်သူတိုင်းကို သုတ်သင်နေကြလေသည်။ ၎င်းတို့၏ အဓိကတာဝန်မှာ သတ်ဖြတ်သူများအား တတ်နိုင်သမျှ လက်စတုံးပေးရန်ပင် ဖြစ်သည်။
လင်းချောက်ချွန်နှင့် ၎င်း၏ အရိပ်မဲ့တပ်ဖွဲ့မှာ မြိို့ရိုးအား စောင့်ကြည့်ရန် တာဝန်ယူထားရ၏။ အကြောင်းမှာ မြို့အတွင်းသို့ လူသားများ ဝင်ရောက်နိုင်ခဲ့သည့်တိုင် မြို့ရိုးပေါ်မှ ခုခံနေသော သတ်ဖြတ်သူစစ်သားအများအပြား ကျန်နေသေးသောကြောင့်ပင်။ ပို၍ အရေးကြီးသည်မှာ မြို့ရိုးပေါ်တွင် မိုးကြိုးမီးလျံဒူးလေးကြီးများ ရှိနေ၏။ အရိပ်တပ်ဖွဲ့အနေနှင့် အဆိုပါ ဒူးလေးကြီးများအား သိမ်းပိုက်မိရန် လိုအပ်ပေသည်။ သို့မှသာ ၎င်းဒူးလေးကြီးများအားသုံး၍ မြို့တွင်းမှ သတ်ဖြတ်သူများအား ချေမှုန်းနိုင်မည် မဟုတ်ပါလား။
မိုးသောက်ပန်းမြို့ကား ရက်စက်ကြမ်းကြုတ်လှသော လူသတ်ပွဲကြီးအတွင်း ဆွဲသွင်းခံလိုက်ရလေပြီ။ မီးတောက်မီးလျံများကား အညွှန့်တလူလူနှင့်ကောင်းကင်ပေါ်သို့ ထိုးတက်နေ၏။
တနည်းအားဖြင့် ၎င်းသည် အမဲလိုက်ပွဲကြီးနှင့်ပင် တူနေသေးသည်။ လူသားစစ်သည်တော်များသည် သတ်ဖြတ်သူများအား အမဲလိုက်လျက် ရှိကြကုန်၏။
"အာဝူး"
ထိုအချိန်မှာပင် ကျယ်လောင်လှသော ဟိန်းသံကြီးတသံ ထွက်ပေါ်လာပြီး ဘယ်ကပေါ်ထွက်လာမှန်းမသိသည့် ပုဆိန်ကြီးတလက်သည် လူသားစစ်သည်များထံသို့ တိုးဝင်လာ၏။
ထိုအခါ စစ်သည်ဆယ်ယောက်ကျော်ခန့်ပါဝင်သည့် လူသားစစ်သည်အုပ်စုသည် ၎င်းတို့၏ ဒိုင်းများကို အသီးသီး ထောင်ကာ အလင်းတန်းဒိုင်းကြီးတခုအဖြစ် ပေါင်းစပ်လိုက်ကြ၏။ သို့သော် ပုဆိန်အားမှာ ပြင်းထန်လှပုံရသည်။ လူသားစစ်သည်များ၏ စုပေါင်းဒိုင်းအား ထိုပုဆိန်က အလွယ်တကူပင် ဖောက်ထွက်သွားလေသည်။
ထို့နောက် အဆိုပါပုဆိန်သည် အနှီ စစ်သည်အုပ်စု၏ ခေါင်းဆောင်အား ထက်ပိုင်းပြတ်သွားစေ၏။ သို့တိုင်အောင် ပုဆိန်မှာ ရပ်တန့်သွားခြင်းမရှိသေး။ လေထဲတွင် ဆက်လက်ပျံသန်းသွားပြီး အုတ်နံရံအား ထိမှန်တော့မှ ရပ်တန့်သွားတော့သည်။ ပုဆိန်အားကြောင့် အုတ်နံရံမှာလည်း ဝုန်းခနဲ ပြိုကျသွား၏။
တချိန်တည်းမှာပင် အမှောင်ထုထဲမှာကြီးမားသော အရိပ်တရိပ် ထွက်ပေါ်လာသည်။
သန်မာထွားကျိုင်းလှသော သတ်ဖြတ်သူစစ်သည်တော်တဦးပေတည်း။ ၎င်း၏ ရှည်လျားပြီး ညိုမောင်းသော ကိုယ်ကာယမှာ တောင်ကြီးတစ်တောင်နှင့်ပင် တူနေ၏။ ၎င်း၏လက်ထဲရှိ ပုဆိန်မှာလည်း တောင်ကြီးအား ထက်ခြမ်းခွဲပစ်နိုင်မည့်အလားပင်။ ၎င်း၏ ကျောတွင်တော့ ပေါက်ပုဆိန်နှစ်လက်ကို ကြက်ခြေခတ်လွယ်ထားလေသည်။
"ခွေးမသားတွေ သေပေတော့"
အဆိုပါ သတ်ဖြတ်သူစစ်သည်တော်သည် နောက်တကြိမ် ကြွေးကြော်ပြီး ကျောပေါ်မှ ပုဆိန်ကို လွှဲယမ်းကား နောက်ထပ် လူသားစစ်သည်အုပ်စုထံသို့ ပစ်လွှတ်လိုက်ပြန်၏။ လူသားများဘက်မှလည်း အတတ်နိုင်ဆုံး ကာကွယ်ရန် ကြိုးစားလိုက်ကြသည်။ သို့သော် လူသားစစ်သည်အုပ်စု၏ ခေါင်းဆောင်မှာ အလားတူကံကြမ္မာမျိုးကိုသာ ရင်ဆိုင်လိုက်ရပြန်၏။
လူသားစစ်သည်အုပ်စုနှစ်စု၏ ခေါင်းဆောင်နှစ်ဦးအား ရှင်းပြီးသည်နှင့် သတ်ဖြတ်သူစစ်သည်တော်သည် ၎င်းအုပ်စုနှစ်စုကြားသို့ ခုန်ဝင်လိုက်၏။ ၎င်း၏ ကိုယ်ပေါ်မှလည်း အလင်းရောင်များ ဖြာထွက်လာသည်။ တချိန်တည်းမှာပင် သူသည် ပုဆိန်ကြီးအား ကြမ်းတမ်းစွာ ဝေ့ယမ်းခုတ်ထစ်လိုက်တော့သည်။
ထိုအခါ ကြီးမားသော စွမ်းအင်လှိုင်းကြီးသည် ၎င်း၏ ကိုယ်ခန္ဓာကို ဗဟိုပြုလျက် အရပ်ရှစ်မျက်နှာသို့ ဖြာထွက်သွား၏။ အားလှိုင်းများ ရိုက်ခတ်မှုကြောင့် လူသားစစ်သည်ဆယ့်ရှစ်ယောက် အလဲအကွဲနှင့် လွင့်စင်ကုန်ကြသည်။ ခေါင်းဆောင်နှစ်ဦး အသတ်ခံလိုက်ရပြီဖြစ်၍ စစ်သားဆယ့်ရှစ်ယောက်သည် ပေါင်းစပ်ခုခံနိုင်စွမ်း မရှိတော့။ သတ်ဖြတ်သူစစ်သည်တော်၏ အားလှိုင်းများကြောင့် လေထဲမှာပင် အသက်ပျောက်ကုန်ကြ၏။
"အာဝူး"
သတ်ဖြတ်သူစစ်သည်သည် ခေါင်းကိုမော့လျက် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်၏။
ထိုအချိန်မှာပင် တဖြတ်ဖြတ်ဝင်းလက်နေသော အလင်းရောင်များနှင့်အတူ အပြာရောင်ကိုယ်ကျပ်ဝတ်စုံ ဝတ်ဆင်ထားသည့် လူသားစစ်သည်အုပ်စုတစု ၎င်းရှေ့မှောက်သ်ို့ ခုန်ဝင်လာကြ၏။
ထိုအုပ်စုသည်လည်း ဆယ်ယောက်အုပ်စုပင် ဖြစ်သည်။ မူလစွမ်းအင်ဖြာထွက်မှုကြောင့် လူသားစစ်သည်များကိုယ်ပေါ်မှ မှုန်ဝါးဝါးအလင်းရောင်တချို့ ထွက်ပေါ်လျက်ရှိ၏။
အဆိုပါစစ်သည်များကား ချီစွမ်းအားနယ်ပယ်ပညာရှင်များဖြစ်ပြီး ၎င်းတို့ခေါင်းဆောင်မှာ သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင် ဖြစ်သည်။
"ဟာ ဒီကောင် ဘုရားကျောင်းစစ်သည်တော်ပဲ သတိထားကြဟေ့"
ထိုအခိုက်မှာပင် သတ်ဖြတ်သူစစ်သည်သည် ပုဆိန်ကိုဝင့်ပြီး ခုန်ဝင်တိုက်ခိုက်လိုက်ပြန်၏။
ဤတကြိမ်တွင်တော့ သူ့ပုဆိန်သည် ရန်သူများ၏ အကာအကွယ်အား အလွယ်တကူ ထိုးဖောက်နိုင်စွမ်းမရှိတော့။
လူသားစစ်သည်များ၏ စုပေါင်းဒိုင်းသည် အရောင်များဝင်းဝင်းတောက်က သတ်ဖြတ်သူစစ်သည်၏ ပုဆိန်အား တောင့်ခံထား၏။ ထိုအချိန်တွင် အလင်းတန်းများသည် မိုးရွာချသည့်ပမာ သူ့နောက်ကျောဆီသို့ တိုးဝင်လာ၏။ ကျန်လူသားစစ်သည်အုပ်စုက သတ်ဖြတ်သူစစ်သည်အား ၎င်းတို့၏ ဒူးလေးများဖြင့် ပြိုင်တူတိုက်ခိုက်လိုက်ကြခြင်းပင်။
သတ်ဖြတ်သူစစ်သည်၏ ကိုယ်ပေါ်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး လူသားစစ်သည်များ၏ တိုက်ခိုက်မှုအား တင်းခံထား၏။ သို့သော် လူသားများ၏ တိုက်ခိုက်မှုမှာ တကြိမ်တည်းမဟုတ်။ အဆက်မပြတ် တိုက်ခိုက်နေခြင်းဖြစ်လေရာ အချိန်ကြာလာသည်နှင့်အမျှ သတ်ဖြတ်သူစစ်သည်မှာ ခံနိုင်ရည်နည်းလာ၏။ အင်အားများ ကုန်ဆုံးလာ၏။
နောက်ဆုံးတွင်တော့ သတ်ဖြတ်သူစစ်သည်၏ အကာအကွယ်သည် အလုံးစုံ ကျိုးပဲ့သွားပြီး များပြားလှသော မြားများ သူ့ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်ကုန်တော့သည်။
သတ်ဖြတ်သူစစ်သည်အား ရှင်းလင်းပြီးသည်နှင့် ချီစွမ်းအားပညာရှင်စစ်သားအုပ်စုသည် နောက်ဆုတ်သွားပြီး အခြားရန်သူများအား ဆက်လက်တိုက်ခိုက်ကြပြန်၏။
အဆိုပါ ချီစွမ်းအားပညာရှင်ဆယ်ယောက်ပါ စစ်သည်အုပ်စုသည်ကား ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အပြာရောင်တပ်ဖွဲ့ဝင်များပင် ဖြစ်သည်။တကယ်တော့ အပြာရောင်တပ်ဖွဲ့သည် လူဦးရေထောင်ဂဏန်းသာ ရှိ၏။ သို့သော် တပ်ဖွဲ့ဝင်တိုင်းသည် ချီစွမ်းအားပညာရှင်များ ဖြစ်သည်။ တနည်းအားဖြင့် ၎င်းတပ်ဖွဲ့သည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ ထိပ်တန်းတပ်ဖွဲ့ဟု ဆိုနိုင်၏။ တပ်ဖွဲ့ခေါင်းဆောင်မှာကား ချူးယင်ဝမ်ပင် ဖြစ်သည်။
သတ်ဖြတ်သူစစ်သည် အသက်ပျောက်သွားသည့်မြင်ကွင်းကို စုချန်း ကောင်းကောင်းမြင်တွေ့လိုက်ရ၏။ မြင်ကွင်းကိုကြည့်ရင်း သူ တအံ့တသြ သက်ပြင်းချမိသည်မှာ အမှန်ပင်။
ဤသည်မှာ တပ်မတော်၏ စွမ်းပကားပင် ဖြစ်သည်။ ၎င်းတို့သည် အရေအတွက်အား စစ်မှန်သော အင်အားအဖြစ် ပြောင်းလဲပစ်နိုင်၏။ ကြည်လင်ခြင်းမြို့တော်မှာသာ ဤတပ်ဖွဲ့မျိုးနှင့် ရင်ဆိုင်ခဲ့ရပါက စုချန်း မုချ သေရပေလိမ့်မည်။
သို့သော် ဤကဲ့သို့ ထိပ်တန်းတပ်ဖွဲ့များမှာ လူသားတပ်မတော်များမှာပင်လျင် အလွန်ရှား၏။
ထို့ကြောင့် တိုက်ပွဲတပွဲ၏ ရလဒ်သည် အင်အားကြီးသူ၏ စွမ်းဆောင်ရည်အပေါ်တွင် မှီခိုနေတော့သည်ဟု ယေဘုယျအားဖြင့် ဆိုနိုင်ပေသည်။
ထိုအခိုက်မှာပင် ကောင်းကင်ပေါ်မှ အလင်းကန့်လန့်ကာကြီးတခု ပြုတ်ကျလာသည့်နှင့် စွမ်းအင်လှိုင်းကြီးတခု ထွက်ပေါ်လာ၏။ တဆက်တည်းမှာပင် ကြီးမားသော အရိပ်ကြီးတရိပ် ထွက်ပေါ်လာလေသည်။
"လီကုံးရှန် မင်းက ငါ့ကို ဒီလိုလာပြီး တိုက်ခိုက်ရဲသလား"
***