ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်
Vol. 65 Ch. 641
"ဟုတ်ပြီ ရေကဆူနေပြီ ပြီးတာနဲ့ ကံကြမ္မာမြက်ပင်ကို ထည့်ဖို့ပြင် သိပ်မများစေနဲ့ နည်းနည်းလျော့အုံး နည်းနည်း...ဟုတ်ပြီ ဟုတ်နေပြီ"
စုချန်းသည် ပင်မတဲကြီးရှေ့တွင် မတ်တပ်ရပ်ရင်း သွေးနီဥပြိုကွဲဆေးမင်ဖန်တီးရန် ဆေးဝါးများ မည်သို့မည်ပုံ ပြင်ဆင်ရမည်က်ို စစ်သားတဦးအား ညွှန်ကြားနေ၏။
သွေးနီဥပြိုကွဲဆေးမင်ဖန်တီးသည့်နည်းလမ်းအား စစ်သားများကို သင်ကြားထားပြီးဖြစ်သော်လည်း ပမာဏအမြောက်အများထုတ်လုပ်ရာတွင်တော့ အခက်အခဲတချို့ ရှိနေ၏။ ထို့ကြောင့် စုချန်းအနေနှင့် ဘေးမှနေ၍ အခါအားလျော်စွာ ညွှန်ပြပေးရန် လိုအပ်နေသေးပေသည်။
တဖက်တွင်လည်း စိတ်ဝိညာဥ်သလင်းကြောင့် စုချန်း၏ တွက်ချက်နိုင်စွမ်း များစွာ တိုးတက်လာပြီဖြစ်၍ ဆေးပမာဏ များများထုတ်လုပ်ရန် ပါဝင်ပစ္စည်းများ တွက်ချက်ရာတွင် အခက်အခဲမရှိလှတော့။ ပါဝင်ပစ္စည်းများသာလုံလောက်ပါက မည်မျှပင် ဆေးပမာဏ များပြားစေကာမူ စုချန်းအနေနှင့် သက်တောင့်သက်သာ ထုတ်လုပ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
စုချန်း၏ ညွှန်ကြားချက်အတိုင်း ဒယ်အိုးအတွင်းရှိ ဆေးရည်များသည် ပုံစံပြောင်းလဲစပြုလာ၏။ အရာအားလုံးသည် စုချန်း၏ တွက်ချက်မှုများအတိုင်း အတိအကျပင် ဖြစ်သည်။ မည်သည့် မတော်တဆမှုမှ ဖြစ်ပွားလာခြင်းမရှိ။
"ဟုတ်ပြီ ဒယ်အိုးကို မလိုက်ဟေ့"
စုချန်းက ကျယ်လောင်စွာ အော်လိုက်သည်။
စစ်သားများသည် မီးတောက်များကို ခပ်မြန်မြန်ပင် ငြိမ်းသတ်ပြီး ဒယ်အိုးအတွင်းမှ ဆေးရည်များကို ပန်ကန်လုံးများအတွင်းသို့ လောင်းထည့့်လိုက်ကြ၏။
သွေးနီဥပြိုကွဲဆေးမင်။ ဤဆေးကား လူသားများအကြားတွင် အတော်လေး ပျံ့နှံ့နေခဲ့ပြီး ဖြစ်သည်။ သို့သော် ဆေးဝါးအသစ်ဖြစ်ခြင်းကြောင့် လူတိုင်း ဖော်စပ်၍ အောင်မြင်လေ့မရှိ။ ထို့ကြောင့် အောင်မြင်စွာ ဖော်စပ်ထားပြီးသည့့် ဆေးဝါးများကို လုံလုံခြုံခြုံ ထိမ်းသိမ်းထားကာ စျေးမြှင့်ပြီး ရောင်းချလေ့ရှိကြလေသည်။ ယခု စုချန်း ဖော်စပ်နေသကဲ့သို့ ဒယ်အိုးကြီးနှင့် ဖော်စပ်ပြီး ပန်ကန်လုံးများနှင့် သိမ်းဆည်းထားသည်ကိုမြင်လျင် လူတိုင်း အံ့သြလွန်း၍ မျက်လုံးပြူးသွားဖွယ်ရာ ရှိ၏။
သိပ်မကြာမီ စုချန်း ဖော်စပ်လိုက်သည့် ဆေးဝါးက ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွင်း မြန်မြန်ဆန်ဆန်ပင် ပျံ့နှံ့သွားတော့၏။ လေ့ကျင့်သင်ကြားပြီးအရာရှိများအနေနှင့် စစ်သားများအား ဆေးမင်ထိုးပေးရန် တာဝန်ယူထားပြီး ဖြစ်သည်။ ထို့ကြောင့် ဆေးရည်များအား သီးသန့်သိမ်းဆည်းထားရန် မလိုတော့။
"ကောင်းပြီ ပင်လယ်တပ်ခွဲက စစ်သည်တွေ အလှည့်ကျပြီ"
ချန်ထျန်ဟိုင်၏ အသံ ထွက်ပေါ်လာ၏။
"ကဲ နဂါးတပ်ဖွဲ့ဟေ့"
ကျန်မောက်စီက အော်လိုက်ပြန်သည်။
"အရိပ်တပ်ဖွဲ့ ရှေ့ထွက်မယ်"
လင်ချောက်ချွန်၏ အမိန့်သံ ထွက်ပေါ်လာပြန်၏။
"အပြာရောင်တပ်ဖွဲ့မှာလဲ ၄၈ယောက် ကျန်နေသေးတယ်"
ချုးယင်ဝမ်က အော်လိုက်ပြန်သည်။
"ဒီဒယ်အိုးတအိုးစာ ကုန်တာနဲ့ ဆေးမင်ထိုးမဲ့လူမကျန်တော့ဘူး ဆေးက လုံးဝ ကွက်တိပဲ"
စုချန်းက တဟားဟား ရယ်မောရင်း ပြောလိုက်၏။
တိတိကျကျ တွက်ချက်နိုင်စွမ်း၏ အစွမ်းပေတည်း။
"သိပ်တော်တယ်ဟေ့ စုချန်း မင်းက တခုခုတော့ တခုခုပဲ"
ချူးယင်ဝမ်က စုချန်း၏ ပုခုံးအား လှမ်းပုတ်ရင်း အားရပါးရ ရယ်မောကာ ပြောလိုက်သည်။
ကနဦး စုချန်း၏ မွေးရာပါပစ္စည်းအား အတိုင်းသား မြင်ခဲ့ရသည့် ကိစ္စမှာ ချူးယင်ဝမ်၏ ခေါင်းထဲတွင် ရှိမနေတော့။ သူတို့အားလုံးသည် စစ်သားများဖြစ်ကြလေရာ မသတီဖွယ်ရာ၊အော့နှလုံးနာဖွယ်ရာ သွေးထွက်သံယိုကိစ္စပေါင်းများစွာကို မြင်ဖူးကြ၏။ ထို့ကြောင့် ဤမျှလောက်သော ကိစ္စမျိုးကို သူတို့ ခေါင်းထဲမှာပင် မထည့်ချေ။
"သွေးနီဥပြိုကွဲဆေးမင်ရဲ့အစွမ်းနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ အင်အားဟာ ၂၀ရာခိုင်နှုန်းထိ တိုးမြှင့်လာပြီ ဒါတွေအားလုံးဟာ မင်းကျေးဇူးကြောင့်ပဲ စုချန်း"
လီကုံးရှန်က ဝမ်းသာအားရနှင့် ပြောလိုက်၏။
"၂၀ရာခိုင်နှုန်းပဲလား"
စုချန်း အတော်လေး စိတ်မသက်မသာ ဖြစ်သွား၏။
၎င်းမှာ အံ့သြစရာ မဟုတ်ချေ။ ဆေးမင် မူလထိုးထားပြီးသား ထိပ်တန်းစစ်သည်များအတွက် ထိုဆေးမင်မှာ အသုံးမတည့်တော့။ ထို့ပြင် ထိပ်တန်းအဆင့် ကျင့်ကြံသူများအတွက် ဤဆေးမင်သည် အသုံးမတည့်ဟူသော အချက်ကိုပါ ထည့်တွေးလျင် အင်အား၂၀ရာခိုင်နှုန်း တိုးပွားလာသည်ဟူသော အချက်မှာ အထူးအထွေ အံ့သြစရာမဟုတ်တော့။
စုချန်းအတွက်သာ ၂၀ရာခိုင်နှုန်းက မလုံလောက်ဟု ခံစားနေရသော်လည်း လီကုံးရှန်အတွက် ထိုပမာဏက တကယ်ကျေနပ်လောက်စရာပင်။
သို့သော် စုချန်း၏ အကြံအစည်က သွေးနီဥပြိုကွဲဆေးမင်တခုတည်း မဟုတ်။
"ဒါဆိုရင်လဲ ဒါလေးကို စမ်းကြည့်ရအောင်"
စုချန်းက စာအုပ်ငယ်တအုပ်က်ို ဆွဲထုတ်ရင်း ပြောလိုက်သည်။
"ဘာများလဲကွ"
လီကုံးရှန်က စိတ်ဝင်စားဟန်ဖြင့် မေးလိုက်၏။
"ကျုပ် တီထွင်ထားတဲ့ နည်းလမ်းလေးတခုပါ ကျုပ်ကတော့ ဒါကို ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်လို့ နာမည်ပေးထားတယ်"
"သူက ဘာလုပ်လို့ရတာလဲ ဘာများအကျိုးရှိမှာလဲ"
လူတိုင်းက စုချန်း၏ နည်းစနစ်အား စ်ိတ်ဝင်စားဟန်ပင်။
စုချန်းနှင့် ရက်အတော်ကြာအောင် နေထိုင်ဖူးပြီးကြပြီဖြစ်၍ ဤလူငယ်သည် သာမာန်မဟုတ်မှန်း လူတိုင်း နားလည်သဘောပေါက်ပြီးထားလေပြီ။ စုချန်း ဆွဲထုတ်လိုက်သမျှ အရာတိုင်းသည် သာမာန်မဟုတ်။
လူတိုင်း မျှော်လင့်ထားသည့့်အတိုင်း စုချန်း၏ တုံ့ပြန်မှုမှာ သာမာန်မဟုတ်။ လေးနက်နေ၏။
"ဒီနည်းလမ်းလေးက ကျင့်ကြံသူတွေအတွက် မူလစွမ်းအင်တည်ရှိမှုကို ပိုပြီး သိရှိခံစားတတ်လာအောင် မူလစွမ်းအင်ကို ပိုပြီး ထိထိရောက်ရောက် စုပ်ယူလာနိုင်အောင် ကူညီပေးလိမ့်မယ် ကျုပ် အဓိကပြောချင်တာကဗျာ ဒါလေးကြောင့် မူလစွမ်းအင်စုပ်ယူနှုန်း တိုးပွားလာပြီး ကျင့်ကြံသူတွေရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်လာကြလိမ့်မယ်"
စုချန်း၏ စကားကို ကြားသည်နှင့် လူတိုင်း အချင်းချင်း တီးတိုးဆေးနွေးကုန်ကြတော့သည်။
လူသားများအကြားဝယ် မူလစွမ်းအင်စုပ်ယူနိုင်စွမ်းသည် တယောက်က်နှင့်တယောက်က် မတူကြချေ။ သီအိုရီအရ လူတိုင်းသည် မူလစွမ်းအင်ကို စုပ်ယူနိုင်ကြပြီး ချီစွမ်းအားပညာရှင်များ ဖြစ်လာနိုင်ကြ၏။ သို့သော် ထ်ိုသို့ ပြုလုပ်ရန်မှာ ထင်သလောက် မလွယ်ကူလှ။ ကောင်းကင်ဘုံလက်သီးတပ်ရင်းမှ စစ်သည်အများစုသည် ယခုအချိန်ထိ သာမာန်သိုင်းသမားများသာ ဖြစ်နေခြင်းကို ထောက်လျင် ထိုအချက်ကို သိသာနိုင်၏။
နှစ်ပေါင်းသန်းနှင့်ချီသော ကာလအတွင်း လူသားများသည် မူလစွမ်းအင်စုပ်ယူနိုင်စွမ်း တိုးပွားလာစေရန် နည်းလမ်းအမျိုးမျိုး တီထွင်ခဲ့ကြ၏။ သို့သော် ၎င်းမှာ ကန့်သတ်ချက်များ ရှိနေကြဆဲပင်။
စုချန်းသည် ထူးခြားသော ပရမတ်မျက်လုံးများကို ပိုင်ဆိုင်ထား၏။ ထို့ကြောင့် သူ၏ မူလစွမ်းအင်စုပ်ယူနိုင်စွမ်းမှာ တခြားလူများထက် များစွာ မြန်ဆန်နေလေသည်။ ထိုမျှသာမကသေး စုချန်းသည် ကျန်အားလပ်ချိန်များတွင် ပရမတ်မျက်လုံးကိုသုံး၍ လေထဲရှိ မူလစွမ်းအင်စီးဆင်းပုံများကို လေ့လာပြီး သူ၏ မူလစွမ်းအင်စုပ်ယူန််ိုင်စွမ်းက်ို ပိုမို တိုးပွားလာစေနိုင်မည့် နည်းလမ်းများကို ကြံဆနေတတ်၏။
စုချန်း ထိုသို့ကြံဆနေရခြင်းမှာ သူ့တယောက်က်တည်းအတွက် မဟုတ်။ ထိုနည်းလမ်းမျိုး ရရှိလာပါက လူသားတမျိုးနွယ်လုံးအတွက် အသုံးပြုရန် စုချန်း တွေးတောထား၏။
တဖက်တွင်လည်း မူလစွမ်းအင်၏ မူလဘူတသဘောတရားများကို စုချန်းလောက် ဘယ်သူမှ နားလည်နိုင်လိမ့်မည်မဟုတ်။ ယခု ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းလမ်းသည်လည်း စုချန်းတယောက်က် အနှစ်နှစ်အလလ လေ့လာခဲ့ရသော အတွေ့အကြုံ၊ ဗဟုသုတများကို အဆစ်ဆစ်ပိုင်းဖြတ်စုစည်းထားခြင်းဖြစ်၍ ပြီးပြည့်စုံသော နည်းလမ်းတရပ် ဖြစ်လာရန် သေချာနေ၏။
"ဒီနည်းလမ်းကို လေ့ကျင့်ဖို့ လိုအပ်ချက်တွေကို ကျုပ် နည်းနိုင်သမျှ နည်းအောင် လျော့ချထားတယ် သာမာန်ကိုယ်ခံပညာရှင်တယောက်က်တောင် ဒီနည်းလမ်းအတိုင်း လေ့ကျင့်လိုက်ရင် ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ထဲကို တလအတွင်း ဝင်ရောက်သွားနိုင်မယ်"
"ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ကို တလအတွင်း ဟုတ်လား"
လီကုံးရှန် ကြောင်တောင်တောင် ဖြစ်သွား၏။
မြန်လှချည်လား...ဒါ ဖြစ်ကောဖြစ်နိုင်ပါ့မလား...
"မှန်ပါတယ်"
စုချန်းက ယုံကြည်မှုအပြည့်နှင့် ပြန်ဖြေလိုက်သည်။
"ဒါပေမဲ့ အားဖြည့်စာအနေနဲ့ သားရဲသတ္တဝါအသားတွေ အများကြီးစားပေးဖို့တော့ လိုအပ်တယ် ပြီးတော့ ဒီနည်းလမ်းက သာမာန်ကိုယ်ခံပညာရှင်တွေလောက်ပဲ အသုံးတည့်မယ် သူ့အထက်အဆင့်က ချီစွမ်းအားပညာရှင်တွေအတွက် ဒီနည်းလမ်းမျိုးကို ကျုပ် မတီထွင်ရသေးဘူး ကျုပ် အားတဲ့အချိန်လေးမှာ ဖန်တီးထားရတာဆိုတော့ လောလောဆယ် ဒီလောက်ပဲ ကျုပ် တတ်နိုင်သေးတယ် ပြီးတော့ ဒါက ကျုပ်ရဲ့ အဓိက သုတေသနလဲ မဟုတ်ဘူးလေ"
နောက်ဆုံးစကားပြောလိုက်ချိန်တွင် စုချန်း အနည်းငယ်တော့ ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။
သို့သော် သူ့စကားကို ကြားလိုက်ရသူူအပေါင်းကတော့ ငိုချင်စိတ်ပေါက်သွား၏။
အားလပ်ချိန်တွင် ဖန်တီးထားသော နည်းလမ်းက ဤမျှ ထူးခြားနေလျင် စုချန်း၏ အဓိကသုတေသနသည် ဘယ်အတိုင်းအတာထိ သွားလေမည်နည်း။
သို့သော် ၎င်းမှာ အရေးအကြီးဆုံးအချက်မဟုတ်။ အရေးအကြီးဆုံးအချက်မှာ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ စစ်သည်အများစုသည် သာမာန်သိုင်းသမားများ ဖြစ်နေကြခြင်းသာ ဖြစ်သည်။ တနည်းအားဖြင့် ၎င်းသိုင်းသမားများသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အခြေခံအုတ်မြစ်ဟုလည်း ဆိုနိုင်၏။
ထို့ကြောင့် စုချန်း၏ နည်းစနစ်သည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အခြေခံအုတ်မြစ်အား တဆင့်မြင့်ပေးလိုက်သည်နှင့် သွား၍တူနေပေသည်။ ၎င်းမှာ ထူးခြားလှသော တိုးတက်မှုပေတည်း။
ထိုအခါ ကျန်တပ်ဖွဲ့မှ စစ်သားများအားလုံးသည် အပြာရောင်တပ်ဖွဲ့မှ စစ်သားများနှင့် တန်းတူအဆင့်သို့ ရောက်ကုန်ကြပေလိမ့်မည်။
ဝမ်းသာစရာကောင်းလှသော အခြေအနေကြောင့် လီကုံးရှန်အပါအဝင် လူတိုင်း၏ မျက်လုံးများသည် မျက်လုံးအိမ်အတွင်းမှ ပြုတ်ကျတော့မည်ကဲ့သို့ ပြူးကျယ်ဝိုင်းစက်လာကြ၏။
"စုချန်း မင်း သေချာလား"
စုချန်း ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျားတို့ဘက်ကသာ သားရဲသတ္တဝါအသား အလုံအလောက် ထောက်ပံ့ပေးမယ်လို့ အာမခံပါလေ ကျုပ်ဘက်ကလဲ အာမခံတယ်"
"ဒီလောက်ကောင်းတဲ့နည်းလမ်းကို စောစောက ပြောပါလားကွ"
ချန်ထျန်ဟိုင်ကား နဂိုတကည်းက စိတ်လှုပ်ရှားလွယ်သူ ဖြစ်သည်။ သူက စုချန်းလက်ထဲကို စာအုပ်ငယ်ကို လှမ်းဆွဲရင်း ရတနာတပါးသဖွယ် တယုတယကြည့်ကာ ပြောလိုက်၏။
စုချန်း ရှက်ကိုးရှက်ကန်း ဖြစ်သွားတော့သည်။
"ခုနလေးကမှ ဒီနည်းလမ်းကို ကျုပ် အဆုံးသတ်နိုင်ခဲ့လို့ပေါ့ဗျာ"
အမှန်တကယ်လည်း တွက်ချက်မှုကိရိယာသစ်ကြောင့်သာ ဤနည်းလမ်းအား စုချန်း အဆုံးသတ်နိုင်ခဲ့ခြင်း မဟုတ်ပါလား။
***