နောက်လိုက်လုပ်ရမယ်
Vol. 65 Ch. 642
ခြောက်ပစ်ကင်းကျင့်ကြံခြင်းနည်းစနစ်ကြောင့် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ တပ်ချီတက်ခြင်းမူဝါဒမှာ ပြောင်းလဲသွား၏။ ယခုဆိုလျင် သူတို့အားလုံး သားရဲရိုင်းများ၊ နတ်ဆိုးသားရဲများအား သတ်ဖြတ်ရန် ပိုမိုအာရုံစိုက်လာကြပြီ ဖြစ်သည်။
သားရဲများအား လိုက်လံသတ်ဖြတ်ရခြင်းသည် သူတို့၏ ရိက္ခာကိစ္စကို ပြေလည်စေရုံမက စီမံကိန်းကြီး၏ အချိန်ကာလကိုလည်း ရှုံ့ပစ်သကဲ့သို့ ရှိလေသည်။
ထို့ကြောင့် တပ်ရင်းမှ စစ်သည်တိုင်းလိုလိုသည် အထူးပင် စိတ်လှုပ်ရှားနေကြ၏။
သူတို့အဖို့ကား ရန်သူ့နယ်မြေအတွင်း ပိတ်မိနေပြီး ပထမဆုံးအကြိမ် ပျော်ရွှင်မှုကို ခံစားရခြင်းပင်။
ရန်သူ့နယ်မြေအတွင်း ရောက်ရှိပြီးကတည်းက သူတို့အားလုံး သတ်ဖြတ်သူများ၏ စဥ်ဆက်မပြတ် လိုက်လံတိုက်ခိုက်ခြင်းကို ခံနေရသည် မဟုတ်ပါလား။ ထိုအတွက်ကြောင့် တချိန်လုံးလိိုလို ပြင်းထန်သော စိတ်ဖိစီးမှုဒဏ်က်ို သူတို့ ခံစားနေရ၏။ တချို့စစ်သားများဆိုလျင် စိတ်ဖိစီးမှုကြောင့် ကိုယ့်ကိုယ်ကိုပင် သေကြောင်းကြံကုန်ကြလေသည်။
ထိုအခါ လီကုံးရှန်အပါအဝင် ခေါင်းဆောင်များသည် စစ်သားများ၏ စိတ်ဖိစီးမှုကို လျော့ချနိုင်ရန် အပြင်းအထန် အားထုတ်ရတော့သည်။ သို့သော် ရိက္ခာလျော့နည်းလာခြင်း၊ ရန်သူများ၏ ပိတ်ဆို့ခံနေရခြင်းကြောင့် မိမိစစ်သားများ၏ စိတ်ဖိစီးမှုအား လျော့ချရန်မှာ မလွယ်ကူလှ။
စုချန်းရောက်လာခြင်းမှာ သူတို့အဖို့ မဲမှောင်နေသော တိမ်ထုများအကြား နေခြည်ဖြာကျလာသည့်နှယ်ပင်။ လူတိုင်း၏ စိတ်ဓာတ်သည် ပြန်လည်တက်ကြွလာ၏။ လူတိုင်း၏ နှလုံးသားသည် ပြန်လည်နွေးထွေးလာ၏။ သူတို့အဖို့ အသက်ရှင်သန်ရန် မျှော်လင့်ချက်ရှိလာခဲ့လေပြီ။
မျှော်လင့်ချက်။
၎င်းသည် စွမ်းအား၏ အရင်းအမြစ် ဖြစ်သည်။ မျှော်လင့်ချက်မရှိလျင် သေဆုံးနေသည်နှင့် အတူတူသာဟုပင် ဆိုရိုးရှိသည် မဟုတ်ပါလား။
ယုတ်စွအဆုံး ရှီကိုင်းဟွမ်ကိုယ်တိုင်ပင် သူ့တပည့် ဤမျှ ထူးချွန်ထက်မြက်လိမ့်မည်ဟု ထင်မထားခဲ့။ ယခုတော့ သူ့တပည့်ငယ်သည် သူတို့အားလုံး၏ အသက်ကို ကယ်တင်ခဲ့၏။ သူတို့အားလုံးအတွက် ရိက္ခာပြသနာအား ဖြေရှင်းပေးခဲ့၏။ သူတို့တပ်သားအားလုံး၏ အင်အားကို တိုးမြင့်ပေးခဲ့၏။
"လူတိုင်းရဲ့ အင်အားကို တိုးမြင့်ပေးမဲ့ တခြားနည်းလမ်းတခုခုများ မင်းဆီမှာ ကျန်နေသေးလား"
ရှီကိုင်းဟွမ်က မေးလိုက်၏။
"ဒါ"
စုချန်း တွေခနဲ ဖြစ်သွား၏။ ပြီးမှ သူက ခေါင်းညိတ်လိုက်သည်။
"နည်းလမ်းတခုတော့ ကျန်သေးတယ် ဒါပေမဲ့ အကောင်အထည်ဖော်ဖို့ကျ နည်းနည်းခက်တယ်ဆရာ"
"ရှိတယ်ဆိုရင်လဲ ပြောမှသာပြောစမ်းပါကွာ ဖြစ်နိင်မဖြစ်နိုင် ကျုပ်တို့ဟာကျုပ်တို့ ဆုံးဖြတ်တာပေါ့"
ရှီကိုင်းဟွမ်ကလည်း ခပ်ပြတ်ပြတ်ပင်။ ထိုအခါ စုချန်းက ပြောလိုက်၏။
"တကယ်တော့ အဲဒီနှစ်မျိုးလုံးကို ဆရာ မြင်ပြီးသားပါ ပထမတမျိုးကတော့ ကျွန်တော့ရဲ့ ကမ္ဘာဦးသွေးပုံရိပ်ပါပဲ ဒါပေမဲ့ ကမ္ဘာဦးသွေးပုံရိပ်ဆေးက ဖော်စပ်ရာမှာ ပိုပြီး အကုန်အကျ များတယ် ပြီးတော့ ဒီဆေးရဲ့ ပင်မအရင်းအမြစ်အဖြစ် ကျန့်စီချွေ့ရဲ့သွေးကို ကျွန်တော် သုံးခဲ့ရတယ် ဘာကြောင့်လဲဆိုတော့ သူ့ရဲ့သွေးဗီဇဟာ ပျက်စီးခြင်းသားရဲသွေးဗီဇ ဖြစ်နေတာကြောင့်ပဲ ဒါကြောင့် ဒီဆေးကို ဖန်တီးဖို့ဆိုရင် ဆရာတို့မှာ အနည်းဆုံး နတ်ဆိုးဧကရာဇ်သွေးဗီဇပိုင်ရှင်တယောက်တော့ လိုမယ် ပြီးတော့ သွေးပမာဏက လုံလုံလောက်လောက် ရမှကို ဖြစ်မယ်"
စုချန်း၏ စကားကြောင့် လူတိုင်း ပါးစပ်ပိတ်သွားတော့သည်။
ထိုအခါ လီကုံးရှန်က ပြောလိုက်၏။
"ဒီတခုကို မေ့လိုက်လို့ရပြီ နောက်ထပ် ရှိသေးလား"
"နောက်တခုကတော့ ဝိညာဥ်လက်နက်ပဲ ဝိညာဥ်လက်နက် ဘယ်လောက်ထိ အားကောင်းတယ်ဆိုတာ လူတိုင်း မြင်ဖူးပြီးသား ဖြစ်မှာပါ ဝိညာဥ်လက်နက်ကိုင်ဆောင်ထားတဲ့ သာမာန်လူတယောက်က်ဟာ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်ပညာရှင်တယောက်က်နဲ့ ယှဥ်ပြီးတိုက်ခိုက်နိုင်တယ် ကိုင်ဆောင်သူက ချီစုဆောင်းခြင်းနယ်ပယ်ပညာရှင်ဆိုရင် သွေးဆူပွက်ခြင်းနယ်ပယ်ပညာရှင်နဲ့ ယှဥ်ပြီးတိုက်ခိုက်နိုင်တယ် တကယ်လို့ ကောင်းကင်ဘုံလက်သီးတပ်ရင်းတခုလုံးကို ဝိညာဥ်လက်နက် တပ်ဆင်နိုင်ခဲ့မယ်ဆိုရင် စစ်သားအုပ်စုတစုဟာ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တယောက်က်နဲ့ ယှဥ်နိုင်လာလိမ့်မယ် ဒါက သတ်ဖြတ်သူတွေမှာဆိုရင် အဆင်မြင့်ဆေးမင်ထိုးထားတဲ့ သတ်ဖြတ်သူစစ်သားတယောက်က်နဲ့ ညီတာပေါ့"
"ဝိညာဥ်လက်နက်တွေ ထုတ်လုပ်ဖို့ ဘာတွေလိုအပ်တာတုန်း"
စုချန်း လက်နှစ်ချောင်းထောင်ပြလိုက်သည်။
"ပထမဆုံးအနေနဲ့ ခင်ဗျားတို့မှာ ဝိညာဥ်တခု လိုတယ် လူသားဝိညာဥ်မှ မဟုတ်ဘူး သားရဲဝိညာဥ်ဆိုရင်လဲ ရတယ် ဒုတိယအနေနဲပ ခင်ဗျားတို့မှာ စိတ်ဝိညာဥ်စွမ်းအား ယူနစ်နှစ်ရာရဲ့အထက်မှာ ရှိနေဖို့လိုတယ် ယူနစ်နှစ်ရာအထက်မှာမရှိပဲ သားရဲဝိညာဥ်က်ို လက်နက်အဖြစ် တိုက်ရိုက်အသုံးပြုဖို့ဆိုတာ မဖြစ်နိုင်ဘူး သုံးနိုင်တယ်ပဲထားအုံး တိုက်ပွဲမှာ လက်တွေ့အသုံးချဖို့ ခက်ခဲနေလိမ့်မယ်"
လက်ရှိတွင် သူတို့အားလုံးသည် သားရဲများအား လိုက်လံသတ်ဖြတ်နေကြခြင်း ဖြစ်လေရာ သားရဲဝိညာဥ်တခု ရရန်မှာ မခက်လှ။ သို့သော် စိတ်ဝိညာဥ်စွမ်းအား ယူနစ်နှစ်ရာ။ ကြားရုံနှင့် စိတ်ဝိညာဥ်စွမ်းအား ယူနစ်နှစ်ရာသည် သိပ်မများလှဟု ထင်စရာရှိသော်လည်း ၎င်းမှာ စုချန်းအတွက်သာ ဖြစ်သည်။
လက်ရှိ ကောင်းကင်ဘုံလက်သီးတပ်ရင်းတွင် စိတ်ဝိညာဥ်စွမ်းအား ယူနစ်နှစ်ရာကျော်နေသူဟူ၍ လီကုံးရှန်တယောက်သာ ရှိ၏။ ကျန်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်ခြောက်ယောက်အနက် ချူးယင်ဝမ်နှင့် ကောက်ဝမ်ချန်းတို့မှာ ယူနစ်နှစ်ရာပတ်ချာလည်ခန့်တွင်ရှိ၏။ အကြောင်းမှာ သူတို့ လေ့ကျင့်သည့် နည်းစနစ်များထဲတွင် စိတ်ဝိညာဥ်ဆိုင်ရာ နည်းစနစ်များ ပါဝင်နေသောကြောင့်ပင်။ ထို့နောက် ရှီကိုင်းဟွမ်။ သူသည်လည်း စိတ်ဝိညာဥ်စွမ်းအားကိုသုံးကာ မကြာခန တွက်ချက်နေရခြင်း၊ စိတ်ဝိညာဥ်ဆေးဝါးများ သောက်သုံးလေ့ရှိခြင်းကြောင့် ယူနစ်နှစ်ရာခန့်တွင် ရှိလေသည်။ ကျန်သုံးယောက်မှာကား ယူနစ်နှစ်ရာပင် မပြည့်။ သို့သော် သူတို့သည်လည်း အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်များဖြစ်၍ အတော်အသင့်ကြိုးစားလိုက်ရုံနှင့် ယူနစ်နှစ်ရာ ပြည့်သွားနိုင်ချေ ရှိသည်။
သို့သော်ငြားလည်း ဝိညာဥ်လက်နက်ကို အသုံးပြုရန် စိတ်ဝိညာဥ်စွမ်းအား ဤမျှထိ လိုအပ်သည်ဟု ကြားလိုက်ရသောအခါ လူတိုင်း မယုံကြည်နိုင်ပဲ ဖြစ်နေကြလေသည်။
အထူးတလည် မကျေမနပ်ပ်ဖြစ်သွားသူမှာကား လင်းချောက်ချွန်ပင် ဖြစ်သည်။ ထိုအခါ သူက မေးလိုက်၏။
"ဒီတော့ မင်းက ငါတို့အားလုံးထက် စိတ်ဝိညာဥ်စွမ်းအား မြင့်တယ်လို့ ပြောနေတာလား"
စုချန်း ရယ်သာရယ်နေလိုက်သည်။ ဘာမှပြန်မပြော။
ထိုအခါ လီကုံးရှန်က ဝင်ရောက်မာန်မဲလိုက်၏။
"ဘယ့်နှယ် မင်းသားလေးစုက ကျုပ်တို့အားလုံးအတွက် ဒီလောက်ထိ အကျိုးဆောင်ပေးပြီးထားပြီ ဒါတောင် မင်းက သူ့ကို မယုံသေးဘူးလား ချောက်ချွန်"
ထိုအခါ လင်းချောက်ချွန်က ပြန်ဖြေလိုက်၏။
"မင်းသားလေးစုက ကျုပ်တို့အားလုံးကို ကယ်တင်ခဲ့တယ် ဒါကြောင့် သူ့ကို ကျုပ်တို့ရဲ့ ဒုတိယမိဘလို့တော့ ပြောနိုင်တယ် ကျုပ် လင်းချောက်ချွန်ဟာလဲ သူ့အတွက်ဆိုရင် အသက်ကိုပါ ပေးနိုင်တယ် ဒါပေမဲ့ စိတ်ဝိညာဥ်စွမ်းအား ဒီကိစ္စကတော့ တခြားစီပါ သူ့ရဲ့စိတ်ဝိညာဥ်စွမ်းအားက ကျုပ်တို့ထက် မြင့်နေတယ် အထူးသဖြင့် ဗိုလ်ချုပ်... ခင်ဗျားထက်တောင် မြင့်တယ်လို့ ပြောနေတာကိုတော့ ကျုပ် တကယ် သံသယဖြစ်မိတယ်"
ချန်ထျန်ဟ်ိုင်က ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ဒါတော့ ကျုပ် ထောက်ခံတယ် စိတ်ဝိညာဥ်စွမ်းအားကတော့ သီးခြားကိစ္စပဲ မင်းသားလေးစု မင်း စိတ်တော့ မဆိုးနဲ့ ကျုပ်တို့က စစ်သားတွေဆိုတော့ ပွင့်ပွင့်လင်းလင်းပဲ ပြောတတ်တယ် မင်းဟာ တကယ်ထူးချွန်တယ်ဆိုတာ ကျုပ်တို့အားလုံး လက်ခံတယ် ဒါပေမဲ့ မင်းရဲ့ စိတ်ဝိညာဥ်စွမ်းအားဟာ ကျုပ်တို့အားလုံးထက် မြင့်ပါတယ်လို့ ပြောချင်ရင်တော့ သက်သေပြမှ ဖြစ်မယ်"
စုချန်း ရယ်မောလိုက်၏။
"ခင်ဗျားတို့အားလုံးထက် စိတ်ဝိညာဥ်စွမ်းအား မြင့်ပါတယ်လို့ တထစ်ချကြီး ကျုပ် ဘယ်ပြောရဲပါ့မလဲ ကျုပ်မှာ လှည့်ကွက်လေး နည်းနည်းပါးပါးရှိတယ် ဒီလောက်ပါပဲ ဒီလိုလုပ်ပါလား ကျုပ်မှာ မူလကိရိတခုရှိတယ် ဗိုလ်ချုပ်ချန် ခင်ဗျားက ဒီအထဲကို သားရဲဝိညာဥ် ထည့်ကြည့်ပေါ့ မဟုတ်ဘူးလား"
စကားဆုံးသည်နှင့် စုချန်းက မူလကိရိယာအား ဆွဲထုတ်လိုက်၏။
ချန်ထျန်ဟိုင် ရယ်မောလိုက်သည်။
"ကျုပ်က ဒါမျိုးမှ ကြိုက်တာ ပေးစမ်း ကျုပ် စမ်းကြည့်မယ်"
စုချန်းက ဘေးမှနေရင်း မူလကိရိယာအတွင်း သားရဲဝိညာဥ် မည်သို့မည်ပုံ ထည့့်သွင်းရမည်ကို ပြောပြလိုက်၏။
ချန်ထျန်ဟိုင်လည်း စုချန်း ပြောသည့့်အတိုင်းပင် တသွေမတိမ်း ဆောင်ရွက်လ်ိုက်သည်။ သိပ်မကြာမီ သားရဲဝိညာဥ်သည် မူလကိရိယာအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားလေ၏။ ထို့နောက် ၎င်းကိရိယာသည် လေပေါ်သို့ ပြန်တက်သွားပြီး တပတ် ပတ်ကာ ချန်ထျန်ဟိုင်၏ လက်ထဲသို့ ပြန်ရောက်လာတော့သည်။ ၎င်းကိုကြည့်ရင်း ချန်ထျန်ဟိုင် ရယ်မောလိုက်၏။
"တွေ့လား လွယ်လွယ်လေး ဒီအတွက် အဓိကလိုတာက သားရဲဝိညာဥ်ကို ဒီအထဲ ထည့်ပေးနိုင်ဖို့ပဲ ကျန်တာတွေက သိပ်ပြီး အရေးမပါလှပါဘူးကွာ ဟဲ ဟဲ ဟဲ"
သို့သော် သူ့နောက်မှ မည်သူမျှ သံယောင်မလိုက်၍ ချန်ထျန်ဟိုင် အံ့သြသွား၏။ သူ ဘေးပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သည်။ ထိုအခါ သူ့ပတ်ပတ်လည်ရှိ လူများသည် သူ့အား ထူးဆန်းသောအကြည့်နှင့် စိုက်ကြည့်နေကြကြောင်း ချန်ထျန်ဟိုင် မြင်တွေ့လိုက်ရ၏။
ယုတ်စွအဆုံး လင်းချောက်ချွန်သည်ပင် သူ့အား ဂရုဏာသက်နေဟန်ရှိ၏။
"ဘာလဲဟ ဘာဖြစ်တာတုန်း"
ချန်ထျန်ဟိုင် နားမလည်နိုင်တော့။
ထိုအခါ လင်းချောက်ချွန်က သက်ပြင်းချရင်း ပြောလိုက်သည်။
"အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင် ဖြစ်နေရင်တောင်မှ တယောက်က်ချင်းသာယှဥ်ရင် မင်းသားလေးစုက မင်းရဲ့ပြိုင်ဘက်မဟုတ်ဘူးလို့ ကျုပ် ပြောလိုက်ရင် မင်း ယုံသာယုံလိုက်ပေတော့"
ချန်ထျန်ဟိုင် မျက်လုံးပြူးသွား၏။
"မင်း ဘာတွေပြောနေတာတုန်း"
လင်းချောက်ချွန်က ထပ်ပြောလိုက်ပြန်သည်။
"မင်းသားလေးစုရဲ့ စိတ်ဝိညာဥ်စွမ်းအားက တကယ်ကို ကြောက်စရာကောင်းလှတယ် ကျုပ် မင်းသားလေးစုကို လျော့တွက်မိတာပဲ"
ထိုစဥ် လီကုံးရှန်က ချန်ထျန်ဟိုင်၏ ပုခုံးအား ပုတ်ပြီး ပြောလိုက်သည်။
"မင်းလက်ထဲက ဝိညာဥ်လက်နက်က ဘာကြီးလဲဆိုတာ နောက်တခေါက် ပြန်ကြည့်လိုက်ပါအုံးကွာ"
ထိုအခါကျမှ သူ့လက်ထဲတွင် ကိုင်ထားသောအရာသည် မူလကိရိယာမဟုတ်ပဲ ကျောက်တုံးတတုံးသာဖြစ်ကြောင်း ချန်ထျန်ဟိုင် သိလိုက်ရ၏။
"ဟင် ကျောက်တုံးကြီးပါလား"
တဆက်တည်းမှာပင် ကနဦးကတည်းက စုချန်း ပေးလိုက်သောအရာမှာ မူလကိရိယာမဟုတ်ပဲ ကျောက်တုံးသာဖြစ်ကြောင်း၊ သူ သားရဲဝိညာဥ်သွတ်သွင်းရန် ကြိုးစားနေသည်မှာလည်း ထိုကျောက်တုံးအတွင်းသို့သာ ဖြစ်ကြောင်း ချန်းထျန်ဟိုင် သဘောပေါက်လာ၏။
ချန်းထျန်ဟိုင်၏ မျက်နှာ ရဲခနဲ ဖြစ်သွား၏။
"မင်းတို့ ကျုပ်ကို စကတည်းက ပြောပါလားကွ"
ထိုစဥ် ချူးယင်ဝမ်က တခစ်ခစ်ရယ်မောရင်း ပြောလိုက်သည်။
"မပြောပေမဲ့ ကျွန်မတို့က မှတ်တမ်းတော့ တင်ထားလိုက်ပါတယ် ကျွန်မတို့ဗိုလ်ချုပ်ချန်းဟာ ကျောက်တုံးကို ဝိညာဥ်လက်နက်အဖြစ် ပြောင်းလဲဖို့ကြိုးစားနေတယ်ဆိုတာကို နောင်လာနောက်သားတွေ တွေ့မြင်သင့်တာပေါ့"
"ဘာကွ ပေးစမ်း အဲဒါကို"
ပြောပြောဆိုဆို ချန်းထန်ဟိုင်သည် ပုံရိပ်ဖမ်းငွေပြားအား ဖမ်းဆွဲလိုက်၏။ သို့သော် ချူးယင်ဝမ်က ကျင်လည်စွာ ရှောင်တိမ်းလိုက်လေသည်။ သူတို့နှစ်ယောက် အထက်ပါအတိုင်း အပြန်အလှန် စနောက်ာက်နေကြစဥ်မှာပင် လီကုံးရှန်က ပြောလိုက်၏။
"ကြည့်ရသလောက် ကောင်းကင်ဘုံလက်သီးတပ်ရင်းတရင်းလုံး အင်အားကောင်းလာဖို့ ကျုပ်တို့အားလုံး မင်းရဲ့နောက်လိုက်လုပ်ရတော့မယ်နဲ့ တူတယ်"
စုချန်း ရှက်ကိုးရှက်ကန်း ဖြစ်သွား၏။
"ဟာ မဟုတ်တာပဲဗျာ"
"ကိုယ့်ကိုယ်ကို ဒီလောက် မနှိမ့်ချပါနဲ့လေ မင်းသားလေးစုဟာ ကျုပ်တို့တပ်ရင်းအတွက် အများကြီး အကျိုးဆောင်ပေးခဲ့ပြီးပြီ ကျုပ်တို့အနေနဲ့ မင်း နောက်လိုက်သာမကပဲ မင်းရဲ့ ကျေးကျွန်ပါဆိုရင်တောင် လက်ခံဖို့သင့်နေပြီ ကဲ ဟေ့ ဒီနေ့ကစပြီး ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ အောက်ဆုံးကနေ အကြီးဆုံးလူထိ မင်းသားလေးစုရဲ့စကားကို နာခံကြရမယ်"
လီကုံးရှန်ကား ကြီးမားလှသော ကိစ္စကြီးကို တထိုင်တည်းနဲ့ ဆုံးဖြတ်လိုက်လေပြီ။
***