← Chapters

မဆုတ်မနစ် လုယက်ခြင်း

Vol. 66 Ch. 660

မဆုတ်မနစ် လုယက်ခြင်း

Vol. 66 Ch. 660

စုချန်း၏ စကားကြောင့် စက္ကူဖြူအရုပ် အကြီးအကျယ် ကြောက်လန့်သွား၏။ ထိုအခါ ၎င်း၏ ပတ်ပတ်လည်တွင် ပြင်းထန်သော စွမ်းအင်လှိုင်းများ ယှက်သန်းလာပြန်သည်။ ထိုစွမ်းအင်လှိုင်းများမှာ စုချန်းကို တိုက်ခိုက်ရန်တော့ မဟုတ်။ ပြင်းထန်သော စိတ်ခံစားချက်ကြောင့် အလိုအလျောက် တုံ့ပြန်ခြင်းမျှသာ ဖြစ်သည်။

ဤသတ္တဝါကား အတော်လေး အသက်ရှင်လိုဟန်ရှိသည်ဟု ၎င်းကိုကြည့်ရင်း စုချန်း မှတ်ချပြုလိုက်၏။

ထို့နောက် ၎င်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြန်သည်။

"ကျုပ်ကို မသတ်ပါနဲ့ မင်းဟာ လူသားပဲ မင်းမှာ လမ်းပြတော့ လိုတယ် ကျုပ် မင်းကို သတင်းအချက်အလက်တွေ အများကြီး ပေးနိုင်တယ်"

စုချန်း မျက်ခုံးပင့်လိုက်သည်။

"မင်း ဘာတွေများ သိထားလို့လဲ"

စက္ကူဖြူအရုပ်က ပြန်ပြောလိုက်ပြန်၏။

"ကျုပ် ဒီမှာနေလာတာ နှစ်ပေါင်းရှစ်ရာရှိပြီ ဒီနေရာမှာ ဘာရှိသလဲ ကျုပ် အကုန်သိတယ် ကျုပ် မင်းသိချင်တာမှန်သမျှ ပြောပြပေးနိုင်တယ်"

စုချန်း၏ လက်ထဲရှိ တောင်ခွဲဓားရောင်သည် မှိန်ဖျော့သွား၏။

"မင်း ပြောတဲ့အတိုင်း ကျုပ်ဟာ လူသားပဲ ဒါကြောင့် ဒီက အရင်းအမြစ်မှန်သမျှ ကျုပ် လိုချင်တယ် သုံးလို့ရရ မရရပေါ့ကွာ"

၎င်းက ပြန်ပြောလိုက်ပြန်၏။

"ဒီကိစ္စအတွက်ဆိုရင်တော့ ကျုပ်က အသင့်တော်ဆုံးပဲ ဒီမှရှိတဲ့ အရင်းအမြစ်မှန်သမျှ ကျုပ် သိတယ် ဒါတွေကို ဘယ်လိုယူရမလဲဆိုတာလဲ ကျုပ် သိတယ်"

စုချန်း ဓားကို ပြန်သိမ်းလိုက်သည်။

"မင်း အဲဒီအရင်းအမြစ်တွေကို ဘေးကင်းကင်းနဲ့ ယူနိုင်စွမ်းတော့ မရှိဘူး ဟုတ်သလား ကျုပ် ပြောတာ"

"မှန်ပါတယ်သခင် နေရာတခုလုံး ဖုန်ဆိုးမြေဖြစ်နေပြီး သားရဲတွေ ဒင်းးကြမ်းပြည့်နေတဲ့အနေအထားမှာ တန်ဖိုးကြီးအရင်းအမြစ်တွေ အလကား ဖြစ်တည်နေတာတော့ မဟုတ်ဘူး အရင်းအမြစ်တိုင်းဟာ တင်းတင်းကျပ်ကျပ် ကာကွယ်ခြင်းခံထားရတယ် သားရဲတွေရှိနေတယ်ဆိုတာ အပြင်ဖက်က ရန်သူတွေ ဝင်မလာနိုင်ရုံသက်သက်ပဲ"

"ဒါကတော့ ငါ မျှော်လင့်ထားပြီးသား အရာပဲ"

စုချန်းက သိပ်မထူးဆန်းသော လေသံနှင့် ပြောလိုက်သည်။

စုချန်းအနေနှင့် ဘယ်အရင်းအမြစ်မှ အလွယ်တကူ တည်ရှိနေလိမ့်မည်ဟု မျှော်လင့်ထားသည်တော့ မဟုတ်။ သားရဲများ တန်နှင့်ချီ၍ တည်ရှိနေပြီး အချင်းချင်း အမြဲတစေ တိုက်ခိုက်နေကြသော နေရာတွင် ဘယ်ရတနာမျိုးက လွယ်လင့်တကူ တည်ရှိနိုင်မည်နည်း။

၎င်းတို့ ယခုအချိန်ထိ တည်ရှိနေနိုင်ခြင်းမှာ အသုံးမဝင်၍သာ ဖြစ်ဖို့များသည်။ သို့မဟုတ်ပါကလည်း တင်းတင်းကျပ်ကျပ် ကာကွယ်ခံထားရ၍သာ ဖြစ်ပေလိမ့်မည်။

သစ်ပင်နတ်ဆိုးနှလုံးသားနှင့် ကျောက်သားနှလုံးသားကို ကြည့်လျင် ၎င်းကို အတိုင်းသား မြင်သာပေသည်။

သို့သော် စုချန်းအတွက်တော့ အဆိုပါ အစောင့်အကြပ်အနည်းအကျဥ်းမှာ ပြသနာမဟုတ်။

"ဒီတော့ သခင်က ကျုပ်ကို အသက်ရှင်ခွင့်ပေးမယ် အမှုထမ်းခွင့်ပြုမယ်ပေါ့ ဟုတ်လား"

စက္ကူဖြူအရုပ်က နှစ်လိုဖွယ်ရာအပြုံးနှင့် ပြောလိုက်သည်။

ဤသတ္တဝါသည် ထူးဆန်းလှသော်လည်း ၎င်း၏ အသက်ရှင်လိုစိတ်မှာကား လူသားများနှင့် သိပ်မကွဲပြားပြားလှ။

"မှန်တယ် ငါ မင်းကို အသက်ရှင်ခွင့်ပေးမယ် ဒါပေမဲ့ ပြသနာတခုတော့ ရှိတယ် မင်း ငါ့အပေါ် သစ္စာရှိမရှိ ဘယ်လိုလုပ် သိနိုင်မလဲ"

စက္ကူဖြူအရုပ် မျက်နှာ ရှုံ့မဲ့သွား၏။

"ကျုပ်က သခင့်ရဲ့ ပြိုင်ဘက်မှ မဟုတ်တာပဲ"

"ဒါနဲ့ပဲ သစ္စာရှိမယ်လို့ တထစ်ချ ပြောလို့မရဘူးလေကွာ ငါ အင်အားကြီးမားတဲ့ ရန်သူနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ မင်း ထွက်ပြေးသွားနိုင်တယ် ဒါမှမဟုတ် မင်း ငါ့နောက်ကျောကို ဓားနဲ့ ထိုးနိုင်တယ် မင်းအနေနဲ့ အသက်သေရမှာကြောက်လို့ ခုချိန်မှာ ဒီစကားပြောတာမျိုးလဲ ဖြစ်နေနိုင်တာပဲ နောင်တချိန် အခြေအနေတမျိုးပြောင်းသွားရင် မင်း စိတ်ပြောင်းသွားနိုင်တယ် ငါကတော့ မင်းကို အပြည့်အဝ မယုံနိုင်ဘူး"

ထိုအခါ စက္ကူဖြူအရုပ်သည် အကူအညီကင်းမဲ့သော အမူအရာနှင့် နောက်ကျောသို့ လက်ပစ်ပြီး သူ့ကိုယ်တွင်းမှ တစုံတရာကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူက ၎င်းကို စုချန်းဆီသို့ ကမ်းပေးရင်း ပြောလိုက်သည်။

"ဒါ ကျုပ်ရဲ့ သက်စောင့်အားပဲ ဒါနဲ့ဆိုရင် သခင် ကျုပ်ကို ထိန်းချုပ်နိုင်လိမ့်မယ် သခင့်ကို ကျုပ် ကလန်ကဆန်လုပ်လို့ မရတော့ဘူး"

စုချန်းက သူ့လက်ထဲရှိ မြူအစုအဝေးကို ကြည့်ရင်း ခေါင်းတချက်ခါကာ ပြောလိုက်သည်။

"ဒီလောက်နဲ့တော့ မလုံလောက်သေးဘူးကွ မှန်းစမ်း ကျုပ်ဟာကျုပ်ပဲ နည်းနည်း ထပ်ယူလိုက်မယ်"

စကားဆုံးသည်နှင့် စုချန်းသည် လက်တဖက်ကို လှုပ်ရှားပြီး စက္ကူဖြူအရုပ်၏ ကိုယ်တွင်းမှ နောက်ထပ် မြူတဆုပ်ကို နှိုက်ထုတ်လိုက်တော့၏။

စုချန်း၏ လုပ်ရပ်ကြောင့် စက္ကူဖြူအရုပ်သည် ပြင်းထန်စွာ နာကျင်သွားဟန်ပေါ်သည်။ ၎င်း၏ တကိုယ်လုံးသည် တဆတ်ဆတ် တုန်ယင်နေရှာ၏။

"သ....သခင်"

"တွေ့လား ဒီလိုမှ ပိုပြီး အဆင်ပြေသွားတာ"

စုချန်းက မြူခဲထုအား သိမ်းဆည်းရင်း ပြောလိုက်သည်။

"ကဲ ငါ ဘယ်သွားရမလဲဆိုတာ ပြောပေတော့ အမြန်ဆုံး လမ်းကြောင်းကို ရွေး ငါ အချိန်ဖြုန်းရမဲ့အလုပ်ကို စိတ်မဝင်စားဘူးဆိုတာ မင်း သတိချပ်ပါ"

"ကောင်းပါပြီသခင်"

စက္ကူဖြူအရုပ်လေးက နာကျင်မှုကို အံ့ကြိတ်ခံရင်း ပြောလိုက်၏။

"ဒါနဲ့ မင်းနာမည်ဘယ်လိုခေါ်သလဲ ကျုပ်ကို ပြောစမ်းပါအုံး"

"ကျုပ်နာမည် သေမင်းအရိပ်လို့ ခေါ်ပါတယ် သခင်"

"သေမင်းအရိပ် ဟုတ်လား အင်း ကျုပ် မှတ်မိပြီ ကဲ ကျုပ်တို့ သွားကြမယ်"

စက္ကူဖြူအရုပ်၏ ကူညီမှုကြောင့် စုချန်းသည် ပို၍ ခရီးတွင်လာ၏။ တနေ့တည်းမှာပင် သူသည် ခြောက်ကြိမ်တိုင်တိုင် ခရီးဆက်ပြီး ရတနာပစ္စည်းခြောက်မျိုးတိတိ လက်ဝယ်ပိုင်ပိုင် ရထားခဲ့လေပြီ။ ထိုပစ္စည်းခြောက်မျိုးအနက် သုံးမျိုးကို စုချန်း ကြားပင်မကြားဖူးလေရာ ၎င်းရတနာသုံးမျိုး၏ ရှားပါးတန်ဖိုးကြီးမှုကို သိသာနိုင်၏။

ထိုရတနာများသာ လူသားနယ်ပယ်သို့ ရောက်သွားပါက တလောကလုံး အကြီးအကျယ် ဂယက်ထသွားဖွယ်ရာရှိသည်။ ယခုတော့ စုချန်းသည် ထိုသို့ တန်ဖိုးကြီးသော ရတနာများကို လွယ်လင့်တကူ ရယူနိုင်လိုက်ပြီ ဖြစ်သည်။

ထိုရတနာ၊ ထိုအရင်းအမြစ်များ၏ အစောင့်အကြပ်များအား အနိုင်ယူနိုင်သရွေ့ ဘယ်တခုကိုမှ စုချန်း လက်မလွှတ်စေရ။ တခါတရံ ခက်ခဲသော ပြိုင်ဘက်များနှင့် တွေ့လျင်တော့ စုချန်းသည် စက္ကူအရုပ်အား အာရုံပြောင်းစေပြီး ထိုရတနာအား ရယူရန် ကြိုးစားကြည့်သည်။ မရပါကလည်း ပြသနာတော့မရှိ။

အကြောင်းမှာ သားရဲနယ်မြေ၏ နေရာတိုင်းလိုလိုတွင် ထူးခြားသော အရင်းအမြစ်များနှင့်သာ ပြည့်နှက်နေသည် မဟုတ်ပါလား။ ထို့ကြောင့် စုချန်းအတွက် တနေရာတည်းတွင် အချိန်ကုန်ခံနေစရာမလို။ တနေရာတွင် အဆင်မပြေပါက နောက်တနေရာတွင် အဆင်ပြေသွားနိုင်၏။ ယခုအချိန်သည် ခပ်သော့သော့လေး ရိပ်သိမ်းရမည့် အချိန်ပေတည်း။

ထိုအတွေးအခေါ်မျိုးကို အခြေခံထားသောကြောင့် စုချန်း၏ ခရီးသည် အချည်းအနှီး မဖြစ်။ သူသည် မြန်နိုင်သမျှ မြန်အောင် ခရီးဆက်၏။ ပြသနာများကို ရှောင်၏။ သူ မယှဥ်နိုင်လောက်သော ရန်သူနှင့် တွေ့ပါကလည်း စုချန်းသည် လမင်းစန္ဒာယာဥ်၏ အမြန်နှုန်းကို သုံးကာ ထွက်ပြေး၏။ အနည်းငယ်မှ အချိန်မဖြုန်း။

အချိန်အတော်ကြာအောင် ခရီးဆက်ပြီးသည့့်နောက် စက္ကူဖြူအရုပ်သည်လည်း စုချန်း၏ အင်အားနှင့် စိတ်ကူးစိတ်သန်းကို သဘောပေါက်လာ၏။ ထိုအခါ သူတို့နှစ်ယောက်သည် ပို၍ ခရီးတွင်လာတော့သည်။ သူတို့၏ ခရီးစဥ်မှာလည်း ပို၍ အကျိုးရှိလာတော့သည်။

စုချန်းသည် အထက်ပါနည်းအတိုင်း သားရဲနယ်မြေတွင် ခုနှစ်ရက်တိုင်တိုင် လှည့်ပတ်ရင်း ရနိုင်သမျှ အရင်းအမြစ်တိုင်းကို ယူငင်နေလေသည်။ ကြီးသည်၊ငယ်သည်၊တန်ဖိုးနည်းသည်၊ တန်ဖိုးကြီးသည်ကို စုချန်း ဂရုမစိုက်။ ရသမျှ အကုန်သိမ်းဆည်း၏။

သို့သော် ပြသနာဟူသည်ကား အနှေးနှင့်အမြန် ပေါ်ပေါက်လာတတ်သည်သာ။

သားရဲနယ်မြေအတွင်း လှည့်ပတ်သွားလာရင်း ရှစ်ရက်မြောက်နေ့တွင်တော့ စုချန်းသည် နံရံတခုနှင့် တည့်တည့်တိုးမိတော့၏။

ရိုးရိုးနံရံတော့ မဟုတ်။ ပင့်ကူအိမ်ကြီးတခုဖြစ်သည်။ တနည်းအားဖြင့် သွေးစွန်းပင့်ကူမ၏ ပင့်ကူအိမ်ပေတည်း။

သွေးစွန်းပင့်ကူမဟူသည်ကား ကိုယ်အပေါ်ပိုင်းတဝက်သည် အလွန်လှပသော မိန်းမပျိုတဦး၏ ကိုယ်ခန္ဓာရှိပြီး အောက်ပိုင်းတဝက်မှာ ကြီးမားလှသော ပင့်ကူကြီး ဖြစ်သည်။

ကံဆိုးသည်မှာ အဆိုပါ ပင့်ကူမသည် မည်သည့်အရင်းအမြစ်ကိုမှ စောင့်ကြပ်နေခြင်း မဟုတ်။ ကောင်းကင်ဘုံပင်လယ်မြက်ပင်၏ ရိုးတံအနီးတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းပင်။ ပင်လယ်မြက်ပင်၏ အစောင့်အား ရှင်းထုတ်ပြီးသည်နှင့် သွေးစွန်းပင့်ကူမသည် အိပ်ရာမှ နိုးလာတော့၏။ စုချန်းအား မြင်သည်နှင့် ၎င်း၏ မျက်လုံးအစုံမှာ အရောင်တောက်ပလာလေသည်။

သွေးစွန်းပင့်ကူမများ၏ ထူးခြားသော သဘာဝမှ လူသားများအား မိတ်လိုက်ဖော်အဖြစ် အသုံးပြုတတ်ခြင်းပင်။ ထို့ကြောင့် ၎င်းတို့သည် လူသားများအား မိတ်လိုက်ဖော်အဖြစ်သုံးရန် အမဲလိုက်တတ်လေ့ရှိ၏။

သွေးစွန်းပင့်ကူမဟူသည်ကား ထိပ်တန်းအဆင့်နတ်ဆိုးသားရဲ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အင်အားမှာလည်း ကြာပန်းအုတ်မြစ် လေးခုအဆင့် အလင်းတုန်ခါခြင်းနယ်ပယ်ထက် မြင့်မား၏။ ထို့ကြောင့် စုချန်းသည် ၎င်းနှင့် ထိပ်တိုက်ရင်ဆိုင်ရန် မကြိုးစား။ တချိုးတည်း ထွက်ပြေးရန်သာ စဥ်းစားလေသည်။

ပြသနာမှာကား သွေးစွန်းပင့်ကူမဟူသည် အပြေးမမြန်လှသော်လည်း အမဲလိုက်ရာတွင်တော့ ထူးချွန်လှ၏။ ကီလိုမီတာ ထောင်ချီအဝေးသို့ ရောက်နေသည့်တိုင် ၎င်း၏ ပစ်မှတ်အနေနှင့် ၎င်းလက်မှ လွတ်မြောက်ရန် ခဲယဥ်းလှပေသည်။

သိုသော် စုချန်းမှာ သားရဲနယ်မြေအတွင်းမှ ထွက်သွားလိုသော ဆန္ဒ မရှိသေး။ ထို့ကြောင့် သူ့အဖို့ ပင့်ကူမ သူ့နောက်သို့ လိုက်နေပါစေဟု သဘောထားလိုက်ရန်သာ ရှိလေသည်။

နောက်ဆုံးတွင်တော့ စုချန်းတယောက်က် ယခင်ကဲ့သို့ အရင်းအမြစ်များအား စိတ်အေးလက်အေးနှင့် မစုဆောင်းနိုင်တော့။ အရင်းအမြစ်၏ အစောင့်များနှင့် တိုက်ခိုက်နေစဥ်မှာပင် သွေးစွန်းပင့်ကူမက ပေါ်လာတတ်ပေသည်။ ၎င်းသည် ရယ်မောရင်း စုချန်းအား အောက်ပါအတိုင်း ပြောတတ်၏။

"မောင်လေး လာပါ မမနဲ့ကစားလှည့်ပါ"

ထိုအခါ စုချန်းသည် လမင်းစန္ဒာယာဥ်အား မောင်းနှင်ကာ ပင့်ကူမလက်မှ လွတ်အောင် ထွက်ပြေးရပြန်သည်။

***

All Chapters