← Chapters

ရောင်းထုတ်ခြင်း ၁

Vol. 65 Ch. 647

ရောင်းထုတ်ခြင်း ၁

Vol. 65 Ch. 647

ကောင်းကင်မြစ်ရှေးဟောင်းလမ်း။

ဒန်ဘန်သည် ရွက်ဖျင်တဲအတွင်းဝယ် ထိုင်လျက် နေရာအနှံ့မှလာသော သတင်းပို့ချက်များအား အပြန်အလှန် ဖတ်ရှုနေ၏။ တနေရာအရောက်တွင် သူက တစုံတခုကို တွေးမိဟန်ဖြင့် မျက်မှောင်ကုတ်လိုက်သည်။

"ထူးဆန်းတယ် တခုခုတော့ မှားနေသလိုပဲ ဒါပေမဲ့ ဘာမှားနေတာလဲ"

သူ့ဘေးနားတွင် အသင့်စောင့်ဆိုင်းလျက်ရှိသည့်ကူဘရစ်က မေးလိုက်သည်။

"ခေါင်းဆောင် ဘာများ ထူးဆန်းနေလို့လဲ"

ဒန်ဘာက သူ့လက်ထဲရှိ စာရွက်က်ို တဖြတ်ဖြတ်ပုတ်ရင်း ရှင်းပြလိုက်၏။

"ကောင်းကင်ဘုံလက်သီးတပ်ရင်းဟာ သံနဲ့သွေးနိုင်ငံထဲမှာ ပိတ်မိနေတာ အတော်ကြာပြီ ပုံမှန်အားဖြင့်ဆိုရင် ဒီကောင်တွေ ရိက္ခာကုန်နေရမှာ ဒါပေမဲ့ ရွာတွေ မြို့တွေကို ဒီကောင်တွေ ဝင်တိုက်တဲ့နေရာမှာ ရိက္ခာတွေစုရမဲ့အစား ကုန်းတွင်းသွားလှေတွေတည်ဆောက်ဖို့ အရင်းအမြစ်တွေက်ိုပဲ ဦးစားပေးစုဆောင်းနေတယ်လို့ အစီရင်ခံစာတွေက ဖော်ပြနေတယ် ငါ့ရဲ့ခန့်မှန်းချက်အရ မရဏနယ်မြေကို ဖြတ်ကျော်ဖို့ပြင်ကတည်းက ဒီကောင်တွေ ရိက္ခာကုန်ပြီးဖြစ်နေရမှာ မရဏနယ်မြေကို မဖြတ်ကျော်ဘူးဆိုတာ သိပ်မထူးဆန်းသေးဘူး ဒါပေမဲ့ အဲဒီနောက်ပိုင်းမှာ ဒီကောင်တွေ ရိက္ခာအသည်းအသန်စုဆောင်းနေသင့်တယ် ခုတော့ ဒီလိုမဟုတ်ပဲ ဒီကောင်တွေ မိုးသောက်ပန်းမြို့ကို အသည်းအသန် ဝင်တိုက်တယ် ဒါ ဘာသဘောလဲ"

ကူဘရစ် ခေတ္တမျှ တုံ့ဆိုင်းသွား၏။ ပြီးမှ သူက ဖြေလိုက်သည်။

"မိုးသောက်ပန်းမြို့မှာ ရိက္ခာတွေအများကြီးရှိလို့ နေမှာပေါ့"

"ရှိပေမဲ့ သူတို့လိုတာနဲ့ယှဥ်ရင် အများကြီး နည်းနေတယ်ကွ မိုးသောက်ပန်းမြို့ဆိုတာ အေးခဲဖုန်ဆိုးမြေမှာ ရှိနေတယ် ဘာရိက္ခာအရင်းအမြစ်မှ များများစားစား မထွက်ဘူး နောက်ဆုံးကွာ ဒီကောင်တွေ သူတို့သတ်လိုက်သမျှ သတ်ဖြတ်သူတွေကိုပဲ ထိုင်စားနေပါစေအုံး ပြီးခဲ့တဲ့လကတည်းက ငတ်ပြီးသေသင့်နေပြီ သူတို့အင်အားနဲ့ သူတို့စုဆောင်းနိုင်တဲ့ ရိက္ခာကို ကျုပ် သေသေချာချာ ယှဥ်ကြည့်ပြီးပြီ ဒါပေမဲ့ ဒီကောင်တွေ ခုချိန်ထိ ကျန်းကျန်းမာမာနဲ့ သွားလာနေနိုင်တုန်းပဲ ဒါ ဘယ်လိုဖြစ်ရတာလဲ"

ပြောနေရင်းနှင့်ပင် ဒန်ဘာ၏ မျက်နှာတွင် ဒေါသအရိပ်အယောင်များ ယှက်သန်းလာ၏။

ကူဘရစ် အံ့သြသွား၏။

"ဒါ ဘယ်လိုဖြစ်ရတာလဲ"

ကူဘရစ်၏ ညဏ်ရည်ညဏ်သွေးသည် ထ်ိုအခြေအနေကို နားလည်နိုင်စွမ်းမရှိ။ ဘာရန်း၏ ညဏ်ရည်မှာ ထိုထက်ပင် နိမ့်နေပေသေးသည်။

ထို့နောက် သူက အက်ကွဲသောအသံနှင့် ဖြေလိုက်သည်။

"ဒီကောင်တွေ မြက်ဖြစ်ဖြစ် တခုခု စားနေကြတာ ဖြစ်မှာပေါ့ ကျုပ်တို့တောင် ဘာမှမစားပဲ လဝက်လောက် အသက်ရှင်နိုင်တာပဲဟာ"

"ပြသနာက ဒီကောင်တွေဟာ သတ်ဖြတ်သူတွေ မဟုတ်တာပဲ ပိုဆိုးတာက ဒီကောင်တွေ ငတ်လဲမငတ်ဘူး အားလဲနည်းမသွားဘူးကွ ဒီကောင်တွေ ကောင်းကောင်းကြီး တိုက်ခိုက်နေနိုင်သေးတယ် ဒီအစီရင်ခံစာကိုကြည့် လွန်ခဲ့တဲ့သုံးရက်က သံအသိုက်ကို လူတစု ဝင်တ်ိုက်သွားတယ် ဒီလူတွေကြောင့် သံအသိုက်က ထိပ်တန်းသတ်ဖြတ်သူတွေ အကုန်သေကုန်သတဲ့ ဒါ ဘာသဘောလဲ မင်းတို့သိလား ဒီကောင်တွေ တိုက်ရည်ခိုက်ရည် အရင်ထက်တောင် ပိုကောင်းလာတာကွ ဒီလိုအခြေအနေကြီးမှာတောင်လေ"

ဒန်ဘာသည် ဒေါသကို အတင်းပင် မြိုသိပ်ထားရန်ဟန်တူသည်။ သို့သော် သူ့လေသံမှာကား ခက်ထန်ကြမ်းတမ်းလှ၏။

ရန်သူများအား ထွက်ပြေးနေကြသည်ဖြစ်စေ၊ ၎င်းတို့အား ရှင်းပစ်ရန် အချိန်တခု ယူရသည်ဖြစ်စေ ၎င်းမှာ ပြသနာမဟုတ်။

သို့သော် ရန်သူများသည် အင်အားနည်းရမည့်အစား ပို၍ပင် အင်အားကောင်းလာသေးသည်။ ဤသည်ကတော့ အလေးအနက် ဆင်ခြင်ရမည့် ပြသနာတခုပင်။

ကူဘရစ်ကိုယ်တိုင်လည်း ၎င်းကို အလေးအနက်ထားသင့်သည်ဟု ဆင်ခြင်မိ၏။ သို့သော် သူ ထိုထက်ပို၍ မတွေးတတ်။

"သံအသိုက်ဟာ အနောက်ဘက်မှာ ရှိတယ် လူသားတွေ ဘာကြောင့် အဲဒီနေရာမှာ ပေါ်လာရတာတုန်း အရှေ့ဘက်နယ်စပ်ကို ဖြတ်ကျော်မဲ့အစီအစဥ် ရှုံးနိမ့်သွားပြီး ဒီကောင်တွေ အနောက်ဘက်ကို ဦးတည်နေပြန်ပြီ ဘာလဲ ဒီကောင်တွေ တကယ်ပဲ သားရဲနယ်မြေကို ဖြတ်​ကျော်ဖို့ စဥ်းစားနေတာလား"

ဒန်ဘာက အထက်ပါအတိုင်း တွေးရင်း ရေရွတ်လိုက်၏။

"ဒါမှမဟုတ် ဒီကောင်တွေ သားရဲတွေကိုပဲ သတ်စားဖို့ ကြံနေတာလား ဒါကြောင့်ပဲ ဒီကောင်တွေ ငတ်ပြီးမသေတာလား"

ဘာရန်းက သူ့အတွေးကို ထုတ်ပြောလိုက်၏။

"အဲဒီနေရာက ဒီကောင်တွေ သွားချင်တိုင်းသွားလို့ရမဲ့နေရာများ မင်း ထင်နေသလား"

ပြောပြောဆိုဆို ဒန်ဘာက ဘာရန်းအား ဇက်ပိုးအုပ်ထည့်လိုက်၏။

သို့တိုင်အောင် ဘာရန်း၏ စိတ်ကူးမှာ မိုက်မဲသော်လည်း ဖြစ်နိုင်ကြောင်း သူ တွေးမိပြန်၏။

သားရဲများသည် အင်အားကြီးမားကြသည်မှာ မှန်သည်။ သို့သော် စုစည်းနေထိုင်ကြသည်မဟုတ်။ စည်းစနစ်ကျနစွာ ဖွဲ့စည်းထားသော တပ်အနေနှင့် ထိုနယ်မြေထဲတွင် အသက်ရှင်နိုင်စွမ်းရှိမည်မှာ ဧကန်ပင်။

သို့သော် ထိုသို့ နေထိိုင်ရခြင်း၏ အဓိကအချက်မှာ ဘာနည်း။

ထိုနေရာတွင် အခြေပြုရန် ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနှင့် စဥ်းစားနေခြင်းပေလော။

သို့မဟုတ် သတ်ဖြတ်သူများ စိတ်ပျက်သွားသည်အထိ စောင့်နေပြီးမှ တခြားထွက်ပေါက်တခုကိုသုံးပြီး ထွက်ပြေးရန် ကြံစည်နေခြင်းပေလော။

ထိုသိို့ကြံစည်ခြင်းမှာလည်း မဖြစ်နိုင်သည်တော့မဟုတ်ချေ။ အကြောင်းမှာ သတ်ဖြတ်သူများ၏ သည်းခံနိုင်စွမ်းသည် အကန့်အသတ်ရှိနေသောကြောင့်ပင်။ အချိန်ကြာလာသည်နှင့်အမျှ သတ်ဖြတ်သူများသည် စိတ်ပျက်သွားပြီး လူသားများအား လိုက်ရှာတော့မည်မဟုတ်။ ထိုအခြေအနေတွင် လူသားများအနေနှင့် ထွက်ပြေးနိုင်ရန် အခွင့်အရေး ရလာမည် ဖြစ်သည်။

ထိုအကြံအစည်မှာ ရိုးရှင်းသော်လည်း ထိရောက်သည်ကတော့ အမှန်ပင်။

သို့သော် တစစီ ပြန့်ကျဲနေထိုင်သော သားရဲများအား အမဲလိုက်ခြင်းမှ ရရှိလာသော ရိက္ခာသည် လူသားတိုင်းအား ကျွေးမွေးရန် မလုံလောက်မှန်းကိုတော့ ဒန်ဘာ ကောင်းစွာ သဘောပေါက်ထား၏။

"ဒီကောင်တွေ ရိက္ခာကို တနေရာရာကနေ ရနေတာပဲ ဖြစ်မယ်"

အချိန်အတန်ကြာအောင် စဥ်းစားနေပြီးနောက် ဒန်ဘာက ကောက်ချက်ချလိုက်၏။

သို့သော် ထိုရိက္ခာ ဘယ်ကလာနေသနည်း။

ထို့နောက် ဒန်ဘာက အမိန့်ပေးလိုက်သည်။

"အာ့စ်တင်ကို အကြောင်းကြားလိုက်စမ်း ကျုပ် သူ့ကို တွေ့ချင်တယ်"

တရက်ခန့့်အကြာတွင်တော့ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသူတဦး ဒန်ဘာ၏ တဲရှေ့သို့ ရောက်လာ၏။

အနီးကပ်ကြည့်လိုက်လျင် ထိုသူသည် အရပ်လွန်စွာ ပုလှ၏။ ပုသည်မှ လူသားများထက်ပင် ပုနေသေးသည်။ သတ်ဖြတ်သူများနှင့် ယှဥ်လျင်တော့ ၎င်းမှာ လူပုလေးတဦးသဖွယ်ပင်။

တကယ်တော့ အာ့စ်တင်ကား အာကင်င်နာမျိုးနွယ်ဝင်တဦးပေတည်း။

အာ့စ်တင်သည် ဒန်ဘာအား အရိုအသေပြုရင်း နှုတ်ခွန်းဆက်လိုက်၏။

"အာ့စ်တင် ကျောက်တုံးပုတ်သင်အသိုက်ရဲ့ ခေါင်းဆောင်လေးကို နှုတ်ခွမ်းဆက်သပါတယ် ကျုပ်ကို ဘာကြောင့်များ တွေ့ချင်ရပါသလဲ"

ဒန်ဘာက သူသိလိုသည့်အရာကို ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။

"ကောင်းကင်ဘုံလက်သီးတပ်ရင်းဆီ ရိက္ခာတွေ ထူးထူးခြားခြားပဲ ရောက်လာတယ် ဒီရိက္ခာတွေ ဘယ်ကလာသလဲ ကျုပ် သိချင်တယ်"

အာ့စ်တင် ကြောင်အန်းအန်း ဖြစ်သွား၏။

"ကျုပ် ဘယ်လိုလုပ်သိမှာလဲ"

ဒန်ဘာ ဟက်ခနဲ ရယ်မောလိုက်သည်။

"ကျုပ် အရူးမဟုတ်ဘူး အာ့စ်တင် ခင်ဗျားတို့ရဲ့ ပြန်လည်ရှင်သန်ခြင်းတံခါးပေါက်ဟာ လူသားတွေရဲ့ ရှင်သန်ခြင်းကျောင်းတော်နဲ့ အဆက်အသွယ်ရှိတယ်ဆိုတာ ကျုပ် သိတယ် သူတို့ဆီက သတင်းကို ခင်ဗျား မရစရာ အကြောင်းမရှိဘူး ကျုပ်ကို ပြောစမ်း ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ ပြင်ပအကူအညီက ဘာလဲ"

အာ့စ်တင် ခေါင်းခါလိုက်၏။

"စိတ်မကောင်းပါဘူး ခေါင်းဆောင်လေး ခင်ဗျား ဘာတွေပြောနေမှန်း ကျုပ် မသ်ိပါဘူးခင်ဗျာ"

ဒန်ဘာက ချက်ချင်းပင် အာ့စ်တင်၏ လည်မြိုအား ထညှစ်လိုက်၏။

"ခွေးမသား မင်းက ကျုပ်ကို လာကစားနေတာလား မင်းမျက်လုံးကို ကြည့်ရုံနဲ့ မင်း လိမ်နေမှန်း ကျုပ် သိတယ် ကျုပ်ကို အမှန်အတိုင်း ပြောစမ်း မဟုတ်ရင် မင်း ဒီနေရာမှာတင် အသေပဲ"

အာ့စ်တင်ခမျာ ဒန်ဘာလက်ချက်ကြောင့် ယက်ကန်ယက်ကန် ဖြစ်နေရှာ၏။

"ကျုပ် ကျုပ် ပြောပါမယ်"

ဒန်ဘာ လက်ကို ဖြေလျော့ပေးလိုက်သည်။ အာ့စ်တင် မြေကြီးပေါ်သို့ အုန်းခနဲ ပြုတ်ကျသွား၏။

"ကဲ ကျုပ်ကို ပြောစမ်း"

"စု စုချန်း သူ့နာမည် စုချန်းလို့ခေါ်တယ် ရိက္ခာတွေသယ်လာတာ သူပဲ"

"စုချန်း ဟုတ်လား"

ဒန်ဘာ ငိုင်သွားလေပြီ။

ထိုနာမည်ကို သူ အကြီးအကျယ် ရင်းနှီးနေသည် မဟုတ်ပါလား။ တဆက်တည်းမှာပင် ရွှေရေအပျက်အစီးသိုက်အတွင်းမှ အဖြစ်အပျက်များကို တွေးမိပြီး ဒန်ဘာ၏ နှလုံးသားသည် ပြင်းထန်စွာ နာကျင်လာ၏။

သူ့ဘဝ၏ တကြိမ်တည်းသော ရှုံးနိမ့်မှုကို ဒန်ဘာ မည်သို့ မေ့နိုင်ပါအံ့နည်း။

"ကဲ ကျုပ်ကို အသေးစိတ်ပြောပြစမ်း"

ဒန်ဘာ၏ လေသံမှာ ကြောက်စရာကောင်းလောက်အောင် တင်းမာနေလေသည်။

***

All Chapters