ရောင်းထုတ်ခြင်း ၂
Vol. 65 Ch. 648
ပင်မရွက်ဖျင်တဲကြီးအတွင်းဝယ် ဒန်ဘာတယောက်က် ငြိမ်သက်စွာ ထိုင်နေ၏။ သို့သော် သူ့ရင်ထဲတွင်တော့ လှိုင်းထန်လျက်ရှိလေသည်။
စုချန်း!!!
ဒီကောင် ဘယ်လိုလုပ်ပြီး လူရှစ်ထောင်ကျော်တပ်ကြီးကို ရိက္ခာထောက်ပံ့နိုင်ရတာလဲ...
အာ့စ်တင်သာ သူအမှန်အတိုင်း ပြောနေကြောင်း အထပ်ထပ်အခါခါ ကျိန်ဆိုနေခြင်းမပြုခဲ့လျင် ဒန်ဘာတယောက်က် ၎င်းက်ို ယုံလိမ့်မည်မဟုတ်။
မည်သို့ဆိုစေ အာ့စ်တင် အမှန်အတိုင်းပြောနေခြင်းဟုတ်မဟုတ်ကို ဒန်ဘာ သေသေချာချာ အတည်ပြုခဲ့သေး၏။ နောက်ဆုံးကျမှ ၎င်း၏ စကားမှန်ကန်ကြောင်း ဒန်ဘာ လက်ခံလိုက်ခြင်းပင်။ ထိုအခါကျမှ သူ အမေးရပ်သွားတော့၏။
"ဒီတော့ မင်းဆိုလိုတာ ဒီကောင်စုချန်းဟာ သူ့ဆရာရှီကိုင်းဟွမ်က်ို ကာကွယ်ဖို့ ဒီကိုရောက်လာတာပေါ့ ဟုတ်လား ဒီကောင် သူ တီထွင်ထားတဲ့ ကျင့်ကြံခြင်းနည်းစနစ်တွေကို ရောင်းစားပြီး ချမ်းသာလာတယ်ပေါ့ ဒီကောင့်မှာ ဘီလျံနဲ့ချီတဲ့ မူလကျောက်တုံးတွေရှိနေတာ ဒါကြောင့်ပဲပေါ့ ဟုတ်လား"
"မှန်ပါတယ်"
အာ့စ်တင်က ပြန်ဖြေလိုက်၏။
"ဒီသတင်းကို ကြားကြားချင်း ကျုပ်ကိုယ်တိုင်လဲ မယုံခဲ့ဘူး ဒါပေမဲ့ ခုဆိုရင် ဒီကိစ္စဟာ ရှင်သန်ခြင်းကျောင်းတော်မှာ လျှို့ဝှက်ချက်မဟုတ်တော့ဘူး ဘာကြောင့်လဲဆိုတော့ စုချန်းကိုယ်တိုင် ရှင်သန်ခြင်းကျောင်းတော်နဲ့ပေါင်းပြီး ယန်သုံးပါးဆေးကို ရောင်းခဲ့တာကြောင့်ပဲ ဒီအရောင်းအဝယ်ကြောင့် ရှင်သန်ခြင်းကျောင်းတော် အမြတ်ကြီးမြတ်သွားခဲ့တယ် လွန်ခဲ့တဲ့ နှစ်နှစ်ကဆိုရင် ရှားပါးဆေးဘက်ဝင်ပါဝင်ပစ္စည်းတချို့ရဲ့စျေးတွေ မယုံနိုင်လောက်အောင် မြင့်တက်သွားခဲ့တယ် ဘာကြောင့်လဲဆိုတော့ သူတို့ ဒီပစ္စည်းတွေကို အုံလိုက်ကျင်းလိုက် လိုက်ဝယ်နေတာကြောင့်ပဲ သိပ်မကြာသေးခင်ကပဲ စုချန်းဟာ သွေးနီဥပြိုကွဲဆေးမင်လို့ခေါ်တဲ့ နည်းစနစ်တရပ်ကို ရောင်းစားလိုက်သေးတယ် ဒီနည်းစနစ်ဟာ အဆင့်နိမ့်စစ်သားတွေအတွက် အလွန်အသုံးဝင်ပြီး သူတို့ရဲ့ တိုက်စွမ်းရည်ကို မြင့်မားလာစေနိုင်တယ် ကျုပ်ထင်တာမမှားဘူးဆိုရင် ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ တိုက်စွမ်းရည်မြင့်မားလာတာ ဒီနည်းစနစ်နဲ့ ဆိုင်လိမ့်မယ် ဘာပြောပြော ဒီတခါလဲ ဒီကောင် အမြတ်ကြီးမြတ်သွားတယ် ခုဆိုရင် စုချန်း အရမ်းချမ်းသာနေပြီ"
စကားကို ရှည်လျားစွာပြောရင်း ဒန်ဘာ သက်ပြင်းချလိုက်၏။
"ဘာကွ သွေးနီဥပြိုကွဲဆေးမင် ဟုတ်လား"
ဆေးမင်ဟူသော စကားလုံးက ဒန်ဘာအား မနှစ်မြို့သော ခံစားချက်များကို ဖြစ်ပေါ်လာစေ၏။
"ဟုတ်တယ် တကိုယ်လုံးမှာ ထိုးထားတဲ့ ဆေးမင်တွေကိုသုံးပြီး အင်အားတိုးပွားလာစေတဲ့ လျှို့ဝှက်နည်းစနစ်တရပ်ပဲ ဒါ သတ်ဖြတ်သူတွေရဲ့ နည်းစနစ်နဲ့ သွားတူနေတယ် ဟုတ်တယ်မလား"
အာ့စ်တင် တခစ်ခစ်ရယ်မောလိုက်၏။
"ကျုပ်ထင်တာမမှားရင် ဒီကောင် သတ်ဖြတ်သူတွေရဲ့ နည်းစနစ်ကို ခိုးချထားတာပဲ"
ဒန်ဘာ အေးစက်သောလေများကို ရှုသွင်းလိုက်၏။
ဒီကောင် စုချန်း ဘယ်လိုလုပ် ဒီလို နည်းစနစ်မျိုးကို ဖန်တီးနိုင်ရတာလဲ...
တချိန်တည်းမှာပင် စုချန်း၏ ပုံရိပ်အား သူ မြင်ယောင်လာ၏။ ထို့နောက် တစုံတခုကို သူ သဘောပေါက်လိုက်လေသည်။
စုချန်းသာ ဆက်၍ အသက်ရှင်နေပါက သိပ်မကြာလှသော အနာဂတ်တွင် သတ်ဖြတ်သူမျိုးစိတ်အားလုံး သေခြင်း၏ တံခါးဝဆီသို့ ပို့ဆောင်ခြင်းခံရပေလိမ့်မည်။
သူ့အနေနှင့် ဘယ်အရာကို ပေးဆပ်ရပါစေ စုချန်းကို သေအောင်သတ်ရပေတော့မည်။
ထိုဆုံးဖြတ်ချက်မှာ ဒန်ဘာ၏ ယတိပြတ်ဆုံးဖြတ်ချက်ပေတည်း။
ထို့နောက် သူက အာ့စ်တင်ကို ဖြတ်ခနဲ လှမ်းကြည့်ရင်း မေးလိုက်၏။
"ဒီရောက်ကတည်းက ဒီကောင် မင်းကို တခါမှ လာမရှာဘူးလား"
အာ့စ်တင် ခေါင်းခါလိုက်၏။
"ရှင်သန်ခြင်းကျောင်းတော်က ကျုပ်အကြောင်း သူ့ကို ပြောပြလိုက်တယ် သူသာ အကူအညီလိုရင် ကျုပ်ကို လာရှာနိုင်တယ် ဒါပေမဲ့ ခေါင်းဆောင်လေးဒန်ဘာ သူ ကျုပ်ဆီ တခါမှလာမရှာတာ သေချာပါတယ် ကြည့်ရတာ စကတည်းက ကျုပ်တို့ဆီက အကူအညီယူဖို့ သူ စိတ်ကူးထားဟန် မတူဘူး ကျုပ်တို့ကို မယုံလို့လဲ ဖြစ်ရင်ဖြစ်မှာပေါ့"
"ဒါပေမဲ့ မင်း သူ့လက်ထဲ မြေပုံတော့ ထည့်ပေးလိုက်သေးတယ်မလား မြေပုံမရှိပဲ ဒီကောင် ဒီနယ်မြေထဲ ဘယ်လိုလုပ် သွားလာနိုင်မလဲ"
ဒန်ဘာ ဒေါသထွက်လာ၏။
"အာ ကျုပ်တို့က မြေပုံကို ရှင်သန်ခြင်းကျောင်းတော်လက်ထဲပဲ ထည့်ပေးလိုက်တာပါ သူတို့က တခြားလူလက်ထဲ ပြန်ထည့်လိုက်တာကျတော့ ကျုပ်တို့နဲ့ မဆိုင်တော့ဘူးလေ"
အာ့စ်တင်က ကြောက်လန့်တကြားနှင့်ပင် ရှင်းပြလိုက်၏။
"ဘာပဲဖြစ်ဖြစ် ဒီကိစ္စအတွက် မင်းမှာလဲ တာဝန်ရှိတယ် ခွေးမသားတွေ မင်းတို့ကောင်တွေ အကျိုးအမြတ်အတွက် ကျုပ်တို့နယ်မြေရဲ့ လျှို့ဝှက်ချက်တွေကို ရောင်းစားတယ်"
အာ့စ်တင် အကြီးအကျယ် ထိတ်လန့့်သွား၏။
ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက် မရှိလျင်ပင် စုချန်းတွင် မြေပုံကို ရယူရန် တခြားနည်းလမ်းများ ရှိနေသေးကြောင်း သူ ရှင်းပြလိုလှသည်။ သို့သော် ဒန်ဘာကား ၎င်းကို လက်ခံမည့်ပုံမပေါ်။ တကယ်တော့ ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်ကြောင့် သတ်ဖြတ်သူများအနေနှင့် အပြစ်ထက် အကျိုးကသာ ပိုများခဲ့၏။ ထိုအတွက်ကြောင့်လည်း သူတို့အနေနှင့် သတ်ဖြတ်သူနယ်မြေတွင် နှစ်ပေါင်းများစွာ တည်ရှိနိုင်ခဲ့ခြင်း ဖြစ်သည်။ ယခုတော့ ဒန်ဘာသည် သူတို့၏ ကျေးဇူးများကို မေ့ပစ်ပြီး အရာအားလုံးအတွက် သူတို့အား အပြစ်ပုံချမည့်ဟန် ပေါ်နေ၏။
သူ့တွင် ထိုဝန်ထုပ်ဝန်ပိုးကို လက်ခံယုံမှလွဲ၍ တခြားရွေးချယ်စရာ မရှိတော့။
ဤနေရာတွင် အမှားအမှန်ဟူ၍ မရှိ။ သတ်ဖြတ်သူများသည် ပို၍ အင်အားကောင်းနေသောကြောင့် အာ့စ်တင်နှင့် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်အဖို့ အမှားချည်းသာတည်း။
ထိုအခါ သူက ဦးခေါင်းကို နှိမ့်ရင်း ပြောလိုက်သည်။
"တကယ်တော့ မြေပုံကို ရောင်းလိုက်တာ ရိုင်ယန်ပါ ကျုပ် သူ့ကို သတ်ပြီး ဒီအမှားအတွက် အပြစ်ပေးလိုက်ပါမယ်"
သို့သော် ဒန်ဘာကား လက်မခံချေ။
"ဒီအမှားအတွက် ရိုင်ယန်ရဲ့ ခေါင်းတခေါင်းတည်းနဲ့ ရမတဲ့လား ကျုပ် ဘယ်သူ့ခေါင်းမှမလိုချင်ဘူး ဒါတွေအကုန်လုံး စုချန်းကြောင့် ဖြစ်တာ ကျုပ် တခြား ဘယ်သူ့ခေါင်းမှ မလိုချင်ဘူး စုချန်း ခေါင်းပဲ လိုချင်တယ်"
အာ့စ်တင် ကြောင်သွား၏။
"ဒါပေမဲ့ စုချန်းမှ ကျုပ်တို့ကို လာမရှာပဲ"
"ဒါဆို မင်းတို့ကရော သူ့ကို လိုက်မရှာနိုင်ဘူးလား"
"ကျုပ်တို့မှာ အကြောင်းပြချက်ကောင်းကောင်းတခုတော့ လိုတယ် ဒီတိုင်း သွားရှာလို့ကတော့ ဘာတွေဖြစ်နေမှန်း သူ သဘောပေါက်သွားလိမ့်မယ်"
"ဒါဆိုလဲ အကြောင်းပြချက်ကို ရှာပေါ့ကွ ကျုပ် လိုချင်တာ သူနဲ့ အဆက်အသွယ်ရဖို့ပဲ ကျုပ် သူ့ကို သတ်ဖို့ ဘာတွေပဲ ပေးဆပ်ရပါစေ ဂရုမစိုက်ဘူး"
ဒန်ဘာ၏ လေသံမှာ ကျယ်လောင်လှသည်။
"မင်းတို့ ဒါကို အောင်မြင်အောင်လုပ်နိုင်ရင် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်ဟာ တောင်ပိုင်းနယ်မြေရဲ့ သခင်တွေ ဖြစ်ပြီလို့သာ မှတ်ပေတော့"
ဒန်ဘာ၏ စကားကြောင့် အာ့စ်တင် ရင်တုန်ပန်းတုန် ဖြစ်သွား၏။ ထို့နောက် သူက ဝမ်းသာအားရနှင့် ပြောလိုက်သည်။
"ကြိုးစားပြီး အမှုတော်ထမ်းပါမယ် ခေါင်းဆောင်လေး"
"ကိုင်း ဒါဖြင့်လဲ အကြံထုတ်စမ်း ကျုပ် တလွဲအကြံအစည်တွေ မလိုချင်ဘူး ပြီးပြည့်စုံတဲ့ အကြံအစည်မျိုးပဲ လိုချင်တယ်"
အာ့စ်တင် ဦးနှောက်စားလေပြီ။
အတန်ကြာမှ သူက ပြောလိုက်၏။
"ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်အနေနဲ့ သူ့ကို လိုက်ရှာတာ သိပ်အဆင်မပြေဘူး ဒါပေမဲ့ ရှင်သန်ခြင်းကျောင်းတော်ကတယောက် သူ့ကို လိုက်ရှာတယ်ဆိုရင်တော့ အကြောင်းပြလို့ကောင်းမယ်နဲ့ တူတယ်"
"ရှင်သန်ခြင်းကျောင်းတော်က သူ့ကို ဘာကြောင့်လိုက်ရှာရမှာတဲ့လဲ"
"အကြောင်းပြချက်က သင့်တင့်လျောက်ပတ်မှ ဖြစ်မှာပေါ့ ဒီလိုလေ ရှင်သန်ခြင်းကျောင်းတော်က လူတချို့ ဒီနယ်မြေထဲ ရောက်လာတယ် သူတို့ ဒုက္ခရောက်နေတယ် ဒီတော့ သူ့ကို ရှာပြီးအကူအညီတောင်းတယ် ဒါပေမဲ့ ဒီအကြံအောင်မြင်ဖို့ သတ်ဖြတ်သူမျိုးစိတ်တွေရဲ့ ပူးပေါင်းဆောင်ရွက်မှုလဲ လိုတယ်"
"ပြသနာမရှိဘူး ကျုပ်တို့ ပူးပေါင်းဆောင်ရွက်ပေးမယ် ဒါပေမဲ့ ဒီအကြံက ရှင်သန်ခြင်းကျောင်းတော်ကို ရောင်းစားသလို ဖြစ်မနေဘူးလား ဒီအတွက် မင်းတို့နဲ့သူတို့အကြား ဆက်ဆံရေးပျက်သွားမှာ မင်း စိတ်မပူဘူးလား"
အာ့စ်တင်က ပြန်ဖြေလိုက်သည်။
"နည်းနည်းပါးပါးတော့ သက်ရောက်မှုရှိမှာပေါ့ ဒါပေမဲ့ ကျုပ်တို့နဲ့ သူတို့ဟာ တဖက်ကို တဖက် လိုအပ်တယ် ဒီလောက်နဲ့ကတော့ ကျုပ်တို့အကြား ဆက်ဆံရေးကို မထိခိုက်လောက်ပါဘူး"
ဒန်ဘာ ရယ်မောလိုက်သည်။
"မင်းတို့ အာကင်င်နာတွေဟာ သိပ်ပြီးညဏ်များတယ် မင်းတို့ကို ယုံမိရင် ကိုယ့်ကိုယ်ကို အန္တရာယ်တောထဲ ပို့လိုက်တာနဲ့ အတူတူပဲ"
အာ့စ်တင်ကလည်း ပွင့်ပွင့်လင်းလင်းပင် ပြန်ဖြေလိုက်သည်။
"ခေါင်းဆောင်လေးဒန်ဘာသာ လှိုဏ်ဂူထဲမှာ အကြာကြီး နေရရင် အရင်က ကြွက်မဟုတ်တောင် နောက်ဆို ကြွက် ဖြစ်လာလိမ့်မယ် မြေအောက်ကမ္ဘာမှာ ရှင်သန်ဖို့ဆိုတာ သူများကို ကလိန်ကျတတ်ရမယ် သစ္စာဖောက်နိုင်ရမယ် အရန်အစီအစဥ်တွေ ထားရမယ် ဒီလိုမှမဟုတ်ရင် မြေအောက်ကမ္ဘာမှာ အသက်ရှင်ဖို့ မလွယ်လှဘူး ကိုယ့်အတွက် သူများကို စတေးတယ်ဆိုတာ သက်ရှိတွေရဲ့ ပင်ကိုယ်ဗီဇပဲလေ ဒါကိုနားမလည်ရင် ခေါင်းဆောင်လေးဒန်ဘာကို သူများက စတေးသွားလိမ့်မယ် ကျုပ်ကတော့ ကိုယ်က စတေးခံရမဲ့အစား သူများကိုပဲ စတေးပစ်မယ်"
"စကားပြောတာ ကောင်းသားပဲ ဒါပေမဲ့ တချို့ကို မင်း ရောင်းစားလို့ရတယ် တချို့ကိုတော့ မင်း ရောင်းစားလို့မရဘူး"
ဒန်ဘာ၏ ဆိုလိုရင်းကား ရှင်းလင်းလှသည်။
အာ့စ်တင် ခေါင်းညွတ်အရိုုအသေပြုလိုက်၏။
"ကျုပ်တို့ ခေါင်းဆောင်လေးနဲ့ ကျောက်တုံးပုတ်သင်အသိုက်ကို ထာဝရသစ္စာရှိမှာပါ"
ဒန်ဘာကား ထိုစကားအတွက် ဘာမှ ခံစားရပုံမပေါ်။ ထိုအစား သူက ပြောလိုက်သည်။
"မင်း သိထားဖို့က စုချန်းဆိုတဲ့ကောင်ဟာ ဘယ်သူ့ကိုမှ ကူညီတတ်တဲ့ကောင် မဟုတ်ဘူး ရှင်သန်ခြင်းကျောင်းတော်ဆိုရင်တောင် သူ ကူညီမှမဟုတ်ဘူး မင်းရဲ့အစီအစဥ်ကို ပြန်စဥ်းစားသင့်တယ်"
"ဒါဆိုလဲ ရှင်သန်ခြင်းကျောင်းတော်က စုချန်းနဲ့ ဆက်ဆံရေးအကောင်းဆုံးဆိုတဲ့သူကို ကျုပ်တို့ ရှာရမှာပေါ့ဗျာ"
***