သားရဲလှိုင်း ၁
Vol. 65 Ch. 650
လီကုံးရှန်သည် ပင်မရွက်ဖျင်တဲကြီးထဲဝယ် ထိုင်ရင်း ခေါင်းကို တဗြင်းဗြင်းကုတ်နေ၏။
သူ ခေါင်းကိုက်နေခဲ့လေပြီ။
သူတို့ ဤနေရာတွင် အခြေပြုပြီး သားရဲများအား အမဲလိုက်နေခဲ့သည်မှာ အချိန်တခုပင် ကြာခဲ့လေပြီ။ ထိုအခိုက်တွင် ကောင်းကင်ဘုံလက်သီးတပ်ရင်းမှ စစ်သည်များ၏ အင်အားသည် အလင်းကဲ့သို့ မြန်ဆန်သော နှုန်းထားဖြင့် တိုးပွားလာကြကုန်၏။ ဝိညာဥ်လက်နက်များ တခုပြီးတခု တိုးမြင့်ထုတ်လုပ်လာနိုင်သည်မှာလည်း အမှန်ပင်။ ယခုဆိုလျင် ကောင်းကင်ဘုံလက်သီးတပ်ရင်းမှ စစ်သည်တဝက်တိတိအား ကိုယ်ပိုင်လက်နက်များ တပ်ဆင်ထားပြီး ဖြစ်သည်။
သို့တိုင်အောင် သဘာဝအလျောက် ဖြစ်ပေါ်နေသော ပြသနာကိုယ်စီကတော့ ရှိနေသေး၏။
အချိန်တခုကြာအောင် သားရဲများအား အမဲလိုက်နေခြင်းသည် ၎င်းတို့အား တပ်လှန့်ပေးသကဲ့သို့ ဖြစ်သွား၏။ ယခုဆိုလျင် သားရဲများဘက်မှ စတင်လှုပ်ရှားလာကြလေပြီ။
သားရဲမျိုးစိတ်များဟူသည် ငနုံငအများ မဟုတ်။ နတ်ဆိုးသားရဲအဆင့်ရောက်သည်နှင့် ၎င်းတို့တွင် အသိညဏ်ရှိလာကြ၏။ အသိညဏ်ရှိသူ မည်သူမှ ၎င်းတို့အား သားကောင်အဖြစ်သဘောထား၍ အမဲလိုက်နေခြင်းကို လက်ခံမည်မဟုတ်ချေ။
တကယ်တော့ သတ်ဖြတ်သူများနှင့်သားရဲများအကြားဝယ် ကိုယ့်အသိစိတ်နှင့်ကိုယ် စောင့်စည်းထားသော စည်းတခုရှိနေ၏။ ၎င်းမှာ ၎င်းတို့မျိုးစိတ်နှစ်ခုအကြား တိုက်ပွဲကြီးများ ဖြစ်ပွားခြင်းကို ရှောင်ကြဥ်ကြခြင်းပင်။
၎င်းမှာ သတ်ဖြတ်သူများအတွက်တော့ မှန်ကန်သော စည်းစောင့်မှု ဖြစ်သည်။ မည်သည့်အထောက်အပံ့မှ မရှိပဲ သားရဲများကို သူတို့ သွားမစရဲ။ သားရဲကြီးများဟူသည် ဘာအကြောင်းပြချက်သည့်တိုင် မရှိပဲ သူတို့နယ်မြေအား မကြာခနဆိုသလို ဝင်ရောက်နှောင့်ယှက်လေ့ရှိကြသည် မဟုတ်ပါလား။
ထို့ကြောင့် သားရဲများသည် အမြဲတမ်း တိုက်ပွဲကိုလိုက်ရှာနေသော မျိုးစိတ်များဟု ဆိုနိုင်သည်။ မျိုးစိတ်တိုင်းသည် သူတို့၏ အစားအသောက်များ ဖြစ်ကြသည် မဟုတ်ပါလား။
ဤတကြိမ်တွင်တော့ အခြေအနေက တခြားစီ ဖြစ်သွားလေပြီ။
ဘယ်ကရောက်လာမှန်းမသ်ိသော လူအုပ်ကြီးသည် သူတို့အား အမဲလိုက်ကြ၏။ သူတို့အား ဖမ်းဆီးကြ၏။ သတ်ဖြတ်ကြ၏။
ကျူးကျော်ဝင်ရောက်လာသူများသည် သတ်ဖြတ်သူများမဟုတ်ပဲ လူသားများသာဖြစ်မှန်း သားရဲများ ကောင်းစွာ သိထားပေသည်။ သို့သော် ဘာအရေးကြီးသနည်း။ လူဖြစ်စေ၊ သတ်ဖြတ်သူဖြစ်စေ ကျူးကျော်လာသူတိုင်းသည် သံနှင့်သဲနိုင်ငံမှ လာသူချည်းသာ မဟုတ်တုံလော။ သားရဲများဘက်မှကြည့်လျင် လူသားနှင့် သတ်ဖြတ်သူများ မဟာမိတ်ပြုပြီး သူတို့အား အမဲလိုက်နေကြသည်နှင့်ပင် တူနေသေးသည်။
၎င်းမှာ ကြီးမားသော ပြသနာတခုပင် ဖြစ်သည်။
အန္တရာယ်မရှိသော အခြေအနေတွင် သားရဲများသည် အုပ်စုဖွဲ့ နေထိုင်လေ့မရှိ။ တောထဲတွင် လွတ်လပ်စွာ နေထိုင်သွားလာတတ်ကြ၏။ သို့သော် တစုံတရာက သူတို့မျိုးစိတ်အား စတင်ခြိမ်းခြောက်နေပြီဟု ယူဆပါက သားရဲများသည် စတင်အုပ်စုဖွဲ့မိကြတော့သည်။
လက်ရှိအခြေအနေမှာလည်း ထိုအတိုင်းပင်။ သူတို့အနေနှင့် တခြားရွေးချယ်စရာ မရှိတော့။
လက်ရှိ အစီရင်ခံစာများအရ ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ အမဲလိုက်ခရီးသည် သားရဲများအား တပ်လှန့်သွားမ်ိပုံရ၏။ သားရဲများ စတင်စုစည်းနေကြပြီ မဟုတ်ပါလား။
လီကုံးရှန်တို့လူစု ထွက်ခွာရန် အချိန်ကျရောက်လာခဲ့လေပြီတည်း။
သို့သော် သူတို့ ဘယ်အချိန်တွင် စတင်ထွက်ခွာမည်နည်း၊ ဘယ်ကို ဦးတည်မည်နည်း။ ထိုမေးခွန်းများ၏ အဖြေကို ရနိုင်ရန် ကောင်းကင်ဘုံလက်သီးတပ်ရင်းမှ ထိပ်သီးပုဂ္ဂိုလ်များ အစည်းအဝေး ထိုင်ရပေလိမ့်မည်။
"ယန်ပင်းတောင်ကိုတော့ ကျုပ်တို့ မသွားသင့်ဘူး မီးလျံအသိုက်က အဲဒီအနားမှာ ရှိတယ် ပြီးတော့ အဲဒီမှာ သတ်ဖြတ်သူမျိုးစိတ်တခုလုံးရဲ့ ခေါင်းဆောင်တွေ ရှိနေတယ် ကျုပ်တို့အနေနဲ့ သူတို့ကို သွားမနှောင့်ယှက်တာ အကောင်းဆုံးပဲ"
ကျန်မောက်စီက အကြံပြုလိုက်၏။
"သူတို့ကို ဒီအတိုင်းထားပြန်ရန်လဲ ဒီကောင်တွေ ကျုပ်တို့နောက်လိုက်ဖို့ နောက်ထပ် တပ်ဖွဲ့တွေ စေလွှတ်နိုင်တယ် ကျုပ်တို့နောက်ကိုလိုက်နေတဲ့ သတ်ဖြတ်သူစစ်တပ်ရဲ့ အဖွဲ့ကြီး၁၃ဖွဲ့အနက် နှစ်ဖွဲ့ဟာ မီးလျံအသိုက်ကပဲ"
ကောက်ဝမ်ချန်းက ပြောလိုက်ပြန်သည်။
"ဒါပေမဲ့ မီးလျံအသိုက်ကို ဝင်တိုက်ရင် ကျုပ်တို့ သူတို့ရဲ့ အပိုတပ်ဖွဲ့နှစ်ဖွဲ့နဲ့ပါ ရင်ဆိုင်ရလိမ့်မယ်"
"ဒါက ပြသနာမရှိပါဘူး ၁၃ဖွဲ့အစား ၁၅ဖွဲ့ဖြစ်သွားမယ် ဘာမှမထူးပါဘူးလေ"
"ကျုပ်ကတော့ ချပ်ဝတ်ခုနှစ်သွယ်တောင်ကိုသွားဖို့ အကြံပြုချင်တယ် အဲဒီမှာ သားရဲတွေ ပေါများတယ် ကျုပ်တို့အနေနဲ့ ခွန်အားဖြည့်တင်းလို့ရတယ်"
လင်းချောက်ချွန်က အကြံပြုလိုက်ပြန်၏။
"ကျုပ်ကတော့ သဘောမတူဘူး အဲဒီနေရာက ခုရောက်နေတဲ့နေရာနဲ့ သိပ်ပြီးနီးနေတယ် ဆိုလိုတာက ကျုပ်တို့ တကယ် တပ်ရွှေ့ပြောင်းရာ မရောက်ဘူးဆိုတဲ့သဘောပဲ သားရဲအုပ် များသည်ဖြစ်စေ နည်းသည်ဖြစ်စေ ဒီလောက်နဲ့ ကျုပ်တို့ မစွန့်စားသင့်ဘူး"
ရှီကိုင်းဟွမ်က ခေါင်းခါရင်း ကန့်ကွက်လိုက်သည်။
"ဒါမှမဟုတ် အနောက်ဘက် ရှောက်ရဲတိုက်ဆိုရင်ကော"
ချူးယင်ဝမ်က မေးလိုက်ပြန်သည်။
"အဲဒီမှာ အရင်းအမြစ် ရှားပါးလွန်းတယ် ကျုပ်တို့ ကိုယ့်စားအိုး ကိုယ်ရိုက်ခွဲသလို ဖြစ်ကုန်မယ် သွားမယ်ဆိုရင်လဲ အမြန်ဆုံးသွားမှရမယ်"
"ဒါမှမဟုတ် ခြေဆယ်ဖျာစက်ဝိုင်းမြို့ကို သွားရင်ကော အဲဒီမှာတော့ အရင်းအမြစ်တွေ အများကြီးပဲ"
"ငွေဝံပုလွေအသိုက်ရဲ့ မြို့တော်ကို ပြောနေတာလား သွားမလုပ်နဲ့ အဲဒီနေရာက ဒီမှာထက်တောင် အန္တရာယ်များသေးတယ် အဲဒီကို သွားမဲ့အစား ဒီမှာနေပြီး သားရဲတွေကို အမဲလိုက်နေတာကမှ ပိုကောင်းအုံးမယ်"
သူတို့လူစုသည် အထက်ပါအတိုင်းပင် ငြင်းခုန်နေကြ၏။ တယောက်က်က အဆိုပြုလိုက်၊ တယောက်က်က ငြင်းပယ်လိုက်နှင့် ဖြစ်နေလေရာ အချိန်အတော်ကြာသည်အထိ ဆုံးဖြတ်ချက်မထွက်နိုင်ပဲ ရှိလေသည်။
နောက်ဆုံး လီကုံးရှန်ကိုယ်တိုင် အကြပ်ရိုက်ပြီး မဆုံးဖြတ်ပေးနိုင်ပဲ ဖြစ်နေ၏။
ထိုအခိုက်မှာပင် အသံတသံံ ထွက်ပေါ်လာ၏။
"တာလာရဲတိုက်"
အသံရှင်မှာ စုချန်းမှန်း မေးခွန်းထုတ်နေစရာ မလိုတော့။
"တာလာရဲတိုက် ဟုတ်လား"
လူတိုင်းလိုလိုသည် စုချန်းအား ကယောင်င်ကတန်းနှင့် လှည့်ကြည့်လိုက်ကြသည်။
တာလာရဲတိုက်သည် သံနိုင်ငံနှင့်သဲနိုင်ငံ၏ အလယ်ဗဟိုတွင် တည်ရှိပြီး အနီးတွင် ဟာဝုလီတောအုပ် ရှိနေ၏။ ရေကန်တကန်လည်း ရှိလေသည်။ ထိုနယ်မြေမှာ မီးလျံအသိုက်၏ ပိုင်နက်နယ်မြေထဲတွင် ပါဝင်ပြီး အနီးအနားတွင် စစ်သားများများစားစား မရှိချေ။
တာလာရဲတိုက်အား တိုက်ခိုက်၍ ရရှိနိုင်သော အကျိုးကျေးဇူးမှာ အရင်းအမြစ်အများအပြား ရရှိနိုင်ခြင်းပင်။ ထို့ပြင် ၎င်းရဲတိုက်အား တိုက်ခိုက်သိမ်းပိုက်ရာတွင်လည်း လွယ်ကူနိုင်၏။ သို့သော် ရဲတိုက်၏ လုံခြုံရေးအားနည်းရခြင်းမှာ ၎င်း၏ ပတ်ပတ်လည်တွင် သတ်ဖြတ်သူများ၏ မဟာဗျူဟာမြောက်မြို့များစွာက ဝန်းရံထားခြင်းကြောင့်ပင်။ ထို့ကြောင့် တဖက်တွင်လည်း တာလာရဲတိုက်အား သိမ်းယူလိုက်ခြင်းကြောင့် သူတို့အနေနှင့် သတ်ဖြတ်သူများ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံရနိုင်သော အန္တရာယ်ရှိပေသည်။
"မင်းက ဘာဖြစ်လို့ အဲဒီကို သွားချင်ရတာလဲ"
ချူးယင်ဝမ်က မေးခွန်းထုတ်လိုက်သည်။
"ဘာကြောင့်လဲဆိုတော့ အဲဒီမှာ ငွေကြယ်ပန်းတွေ ရှိနေလို့ပဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
ငွေကြယ်ပန်းသည် ဟာဝုလီတောအုပ်၏ အဓိကထွက်ကုန်ဖြစ်ပြီး ရှားပါးကာ ဆေးဝါးများဖော်စပ်ရာတွင် လွန်စွာ အသုံးဝင်၏။
လူတိုင်း၏ စိတ်ထဲတွင် တာလာရဲတိုက်အား သိမ်းပိုက်ရန် မဟာဗျူဟာမြောက်သောအကြောင်းပြချက်များကို စုချန်း ပေးလာမည်ဟု ယူဆထားကြ၏။ သို့သော် စုချန်း၏ အကြောင်းပြချက်မှာကား ရိုးစင်းလှသည်။
သူက ထပ်ပြောလိုက်ပြန်၏။
"ကျုပ် ငွေကြယ်ပန်းတွေ လိုချင်တယ်"
"ဒါပဲလား အကြောင်းပြချက်က"
ရှီကိုင်းဟွမ် မျက်မှောင်ကုတ်လိုက်၏။
သူ့တပည့်သည် ဤမျှ တကိုယ်ကောင်းဆန်သူ မဖြစ်နိုင်ဟု သူ ခံစားနေရသည် မဟုတ်ပါလား။
"ဟုတ်ကဲ့ အဲဒါပါပဲ"
စုချန်းက ပြန်ဖြေလိုက်သည်။
"တာလာရဲတိုက်ဟာ ဘယ်လို မဟာဗျူဟာမြောက်တယ် မမြောက်ဘူးဆိုတာ ကျုပ် ဂရုမစိုက်ဘူး ဒါပေမဲ့ အဲဒီကိုသွားရင် ငွေကြယ်ပန်းတွေ အများကြီးရနိုင်တယ်ဆိုတာတော့ ကျုပ် သိတယ် ဒီပန်းတွေရရင် တပ်ရင်းတရင်းလုံးစာအတွက် မူလစွမ်းအင်လှုံ့ဆော်ဆေးဝါးတွေ အများကြီး ကျုပ် ဖန်တီးနိုင်လိမ့်မယ် ကျုပ်အစီအစဥ်အတွက် အဲဒီပန်းတွေက သိပ်ပြီး အရေးကြီးတယ် ဆုံးဖြတ်ချက်ချသူမှာ ရွေးစရာနှစ်ခု ရှိတယ် ဆိုပါစို့ နှစ်ခုစလုံးက မကောင်းတာတွေချည်း ဖြစ်နေရင် မကောင်းတာ ပိုနည်းတဲ့ ရွေးချယ်စရာကို ရွေးသင့်တယ် ကဲ ကျုပ်ကတော့ ပြောစရာရှိတာကို ပြောပြီးပြီ ဆုံးဖြတ်ဖို့က ခင်ဗျားတို့ တာဝန်ပဲ ဆုံးဖြတ်ပြီးရင် ကျုပ်ကို အသိပေးပါ"
လီကုံးရှန် အားရပါးရ ရယ်မောလိုက်သည်။
"စကားပြောတာကောင်းတယ် ကဲ အားလုံးလဲ စုချန်းရဲ့ အစွမ်းအစကို သိပြီးသားပဲ သူ့အတွက် အကျိုးရှိရင် ကျုပ်တို့တပ်ရင်းအတွက်လဲ အကျိုးရှိမှာ သေချာတယ် ဒီတော့ အကျိုးနဲ့အပြစ်ကို စဥ်းစားကြရအောင်"
နောက်ဆုံး စုချန်း၏ လိုအပ်ချက်ကို ထည့်သွင်းတွက်ချက်လိုက်သည့့်အခါ တာလာရဲတိုက်သည် သူတို့အတွက် အကောင်းဆုံး ရွေးချယ်စရာ ဖြစ်လာသည်မှာ အမှန်ပင်။
"တာလာရဲတိုက်ဟာ သိမ်းဖို့လွယ်ပေမဲ့ ပြန်ထွက်ဖို့တော့ ခက်မယ် ဒီကိစ္စကို ဘယ်လိုလုပ်ကြမလဲ"
ကောက်ဝမ်ချန်းက မေးခွန်းထုတ်လိုက်၏။
အမှန်တကယ်လည်း မဟာဗျူဟာမြောက်မြို့ကြီးများစွာ ဝန်းရံထားခြင်းမှာ တာလာရဲတိုက်၏ အဓိက ပြသနာတခုပင်။ ငွေကြယ်ပန်းတခုတည်းအတွက် သတ်ဖြတ်သူများ၏ တိုက်ပွဲကြီးဆင်နွှဲရန်မှာ တန်ပါ၏လော။
လူတိုင်းလိုလိုသည် လေးလေးနက်နက်ပင် စဥ်းစားနေကြ၏။
ထိုစဥ် စုချန်းက မေးခွန်းထုတ်လိုက်ပြန်သည်။
"တာလာရဲတိုက်ဟာ ဒီနေရာနဲ့ သိပ်တော့မဝေးဘူးမလား"
တပည့်ဖြစ်သူ၏ အတွေးကို ရှီကိုင်းဟွမ် ချက်ချင်းပင် သဘောပေါက်သွား၏။
"သားရဲတွေကို အခွင့်အရေးတခုအဖြစ် အသုံးချဖို့ မင်း ကြံနေတာတော့ မဟုတ်ပါဘူးနော်"
"ဘာလို့မဟုတ်ရမှာလဲ ဆရာ"
ရှီကိုင်းဟွမ် ခေါင်းခါလ်ိုက်သည်။
"ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ သားရဲတွေဟာ တခြားမျိုးစိတ်တွေရဲ့နယ်မြေထဲကို ဝင်ရောက်လေ့ရှိတယ်ဆိုပေမဲ့ နက်နက်ရှိုင်းရှိုင်းဝင်ရောက်လေ့မရှိဘူး ဘာကြောင့်လဲဆိုတော့ ဒီလိုသာဆိုရင် ကျန်မျိုးစိတ်တွေအကုန်ပေါင်းပြီး သူတို့ကို ဝိုင်းတိုက်ကြမှာ သူတို့ သိနေလို့ပဲ ပြီးတော့ လက်ရှိ သားရဲမျိုးစိတ်ဟာ အရင်ကောင်တွေထက် အများကြီး ပိုအားနည်းသွားပြီ"
"ကျွန်တော် သိချင်တာက တာလာရဲတိုက်ဟာ သားရဲလှိုင်း လက်လှမ်းမီတဲ့ နေရာမှာ ရှိနေသလား ဆိုတာပဲ ဆရာ"
"ဖြစ်နိုင်ပါတယ် ဒါပေမဲ့ အင်မတန်ကြီးမားတဲ့ သားရဲလှိုင်းမှ ဖြစ်နိုင်မယ် ပြီးတော့ သားရဲလှိုင်း တာလာရဲတိုက်ဖက်ကို ဦးတည်ပါလိမ့်မယ်လို့ ကျုပ်တို့ တထစ်ချ ပြောလို့မရဘူး"
"လမ်းကြောင်းက ပြသနာမရှိပါဘူး ကျွန်တော်တို့ လမ်းကြောင်းပြောင်းပေးလို့ရတယ် ပြီးတော့ ဆရာသိပါတယ် ပြသနာတခုကို ပြီးသွားအောင် ဖြန်ဖြေတာထက် ပြသနာတက်အောင်လုပ်ရတာ ပိုလွယ်တယ်ဆိုတာကိုလေ ကျွန်တော်တို့မှ သားရဲတွေနဲ့ ငြိမ်းချမ်းရေးရအောင်မှ မလုပ်နိုင်တာ ပိုဆိုးသွားတော့ကော ဘာဖြစ်သလဲ"
ချူးယင်ဝမ် ခေါင်းညိတ်လိုက်သည်။
"စုချန်း ပြောတာမှန်တယ် ကျွန်မတို့က ခု သတ်ဖြတ်သူနယ်မြေထဲ ရောက်နေတာ ဒီလိုအချိန်မှာ သားရဲလှိုင်း ကြီးတာ မကြီးတာ ဂရုစိုက်နေစရာလား သားရဲအုပ် ကြီးလေလေ ပိုကောင်းလေလေပဲ"
***