သားရဲလှိုင်း ၂
Vol. 66 Ch. 651
အစီအစဥ်အား အတည်ပြုပြီးသည်နှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် အရှိန်အဟုန်နှင့် စတင်လှုပ်ရှားလာခဲ့ပြီ ဖြစ်သည်။
၎င်းတို့သည် အောက်ခြေအဆင့်စစ်သည်အများစုအား စတင် ဆုတ်ခွာစေ၏။ ထိပ်တန်းစစ်သည်များကိုကား နောက်ချန်စေပြီး နတ်ဆိုးအဆင့်သားရဲများအား ရန်စစေ၏။ ပြင်းပြင်းထန်ထန် တိုက်ခိုက်စေ၏။ ၎င်းတို့သည် အဆိုပါ သားရဲများအား မီးကုန်ယမ်းကုန်ပင် အမဲလိုက်ကာ သားရဲများ၏ မူလသလင်းများအား သိမ်းယူကြလေသည်။ တချိန်တည်းမှာပင် ၎င်းတို့သည် ကျွမ်းကျင်သူများအား စေလွှတ်ကာ အနီးအနားရှိ သတ်ဖြတ်သူများအား လုပ်ကြံသတ်ဖြတ်စေ၏။ လုပ်ကြံသတ်ဖြတ်ခံရသူများအနေနှင့် သတင်းပို့ချိန်ပင် မရပဲ လက်စတုံးကုန်ကြလေသည်။
၎င်းတို့၏ လှုပ်ရှားမှုများမှာ မည်မျှ ထိရောက်ကြောင်း မေးခွန်းထုတ်နေစရာ မလိုချေ။ အကြောင်းမှာ နတ်ဆိုးအဆင့်သားရဲများ စတင်စုဖွဲ့လာသည့်လက္ခာဏာများအား သူတို့ အတိိုင်းသား တွေ့မြင်နေရသောကြောင့်ပင်။
နှစ်ရက်ဟူသော အချိန်တိုလေးအတွင်း သတ်ဖြတ်သူများ၏ နယ်စပ်မျဥ်းအလယ်နားလောက်ဝယ် များပြားလှသောသားရဲများသည် အုပ်စုဖွဲ့ကာ မရပ်မနား ဟိန်းဟောက်နေကြတော့သည်။
မျက်စေ့တဆုံးတိုင် များပြားလှသော သားရဲအုပ်ကြီး စုဝေးနေပြီဖြစ်၍ ထိုအချိန်တွင် လူသားများအနေနှင့် ၎င်းတို့အား အမဲလိုက်နိုင်စွမ်းမရှိတော့။ အဆိုပါ သားရဲများသည် အဆက်မပြတ် ဟိန်းဟောက်နေကြ၏။ ထူးဆန်းသော အသံမျိုးစုံနှင့် အော်ဟစ်နေကြ၏။ သားရဲအုပ်စုမှာ အကောင်ရေများလွန်း၍ တကောင်နှင့်တကောင် ထပ်ထားသကဲ့သို့ပင် ထင်ရသည်။
မြေကြီးပေါ်တွင်သာ သားရဲများ စုပြုံနေသည်မဟုတ်။ ကောင်းကင်ပေါ်တွင်လည်း အမျိုးမျိုးသော ပျံသန်းနိုင်သည့်သားရဲများနှင့် ပြည့်နှက်နေ၏။ ၎င်းတို့ အတောင်များ ပြိုင်တူဖြန့်လိုက်သည့်အချိန်တွင် နေပျောက်ပင် မထိုးတော့ပဲ တလောကလုံး မဲမှောင်သွားကဲ့သို့ ထင်မှတ်ရလေသည်။
လီကုံးရှန်သည် လမင်းစန္ဒာလွန်းပျံယာဥ်ပေါ်တွင် ထိုင်ရင် အဝေးဆီမှ သားရဲများကို စိုက်ကြည့်နေ၏။ သားရဲပျံများ အတောင်ဖြန့်ချိန်ဝယ် မြေပြင် မှောင်ခနဲ မှောင်ခနဲ ဖြစ်သွားသည့်မြင်ကွင်းသည် သူ့ကို အမှန်တကယ်ပင် ထိတ်လန့်စေ၏။
"ဒီသားရဲလှိုင်းကတော့ နှစ်ပေါင်းတထောင်အတွင်း သတ်ဖြတ်သူတွေ ရင်ဆိုင်ရမဲ့ အကြီးဆုံး သားရဲလှိုင်း ဖြစ်လာဖို့ သေချာသလောက်ပဲ"
"ကျုပ်တို့ သူ့တို့အတွက် ပေးခဲ့တဲ့ အကောင်းဆုံးလက်ဆောင်လို့ ဆိုရင်လဲ ရပါတယ်"
ချန်းထျန်ဟိုင်က ထပ်မံဖြည့်စွက်လိုက်သည်။
ထို့နောက် သူတို့သည် တယောက်က်မျက်နှာကို တယောက်က်ကြည့်ရင်း အားရပါးရ ရယ်မောလိုက်ကြ၏။ သတ်ဖြတ်သူနယ်မြေအတွင်း ပိတ်မိနေပြီး ဤသို့ မရယ်ရသည်မှာည်မှာ ကြာခဲ့ပြီ မဟုတ်ပါလား။
"ကြည့် သူတို့ စလှုပ်ရှားနေပြီ"
ချူးယင်ဝမ်က အဝေးဆီသို့ ညွှန်ပြရင်း ပြောလိုက်သည်။
အမှန်တကယ်လည်း သားရဲတန်းကြီးသည် စတင်လှုပ်ရှားနေခဲ့လေပြီ။
၎င်းတို့၏ လှုပ်ရှားပုံကို ကြည့်ရသည်မှာ သမုုဒ္ဒရာမှ လှိုင်းလုံးကြီးများ လိမ့်ကာလူးကာနှင့် ကမ်းစပ်သို တိုးဝင်လာသည်နှင့် တူ၏။ ၎င်းတို့၏ ခုန်ပေါက်ပြေးလွှားမှုကြောင့် မဟာပထဝီမြေကြီး သိမ့်သိမ့်တုန်နေလေသည်။
သားရဲများသည် အမျိုးအစားအားဖြင့် ထောင်ကျော်ခန့်ပင် ရှိလောက်၏။ သားရဲများဟူသည် မျိုးပွားရာတွင် အမျိုးအစားရွေးချယ်လေ့မရှိသောကြောင့် မျိုးစိတ်သစ်များ နေ့တိုင်း ထွက်ပေါ်နေတတ်သော အမျိုးဖြစ်သည်။ ထို့ကြောင့် ဤတကြိမ် သားရဲလှိုင်းတွင်လည်း ထူးပေ့ဆန်းပေ့ဆိုသော သားရဲမျိုးစုံ ပါဝင်နေလေသည်။
အဆိုပါ သားရဲအုပ်ကြီး၏ နောက်တလိုင်းတွင် သားရဲလှိုင်း၏ ရွေ့လျားမှုကို ထိန်းချုပ်နေသော အဆင့်နိမ့်နတ်ဆိုးသားရဲအုပ်ကြီး ရှိနေ၏။ အဆင့်နိမ့်နတ်ဆိုးသားရဲများသည် အင်အားအရာတွင် သာမာန်သာဖြစ်သော်လည်း ညဏ်ရည်ကျတော့ သားရဲရိုင်းများထက် များစွာ မြင့်မား၏။ တနည်းအားဖြင့် ၎င်းတို့သည် နောက်တန်းလိုင်းမှ အမိန့်ပေးအဖွဲ့၏ ရှေ့တွင် တဆင့်နိမ့်ကွပ်ကဲမှုတာဝန်အား ယူထားကြသည့် သဘောပင်။
၎င်းတို့၏ နောက်တွင်တော့ အလယ်အလတ်နှင့် ထိပ်တန်းအဆင့် နတ်ဆိုးသားရဲကြီးများ ရှိနေ၏။ ၎င်းတို့ကား သားရဲများအား အဓိက အမိန့်ပေးနေသော အဖွဲ့ဖြစ်ပြီး သားရဲလှိုင်းကြီး၏ ကျောရိုးမကြီးသဖွယ်လည်း ဖြစ်ပေသည်။ ၎င်းတို့သည် သားရဲတပ်ဖွဲ့ကြီး၏ အဓိကအင်အားစုဟုလည်း သတ်မှတ်နိုင်၏။ ၎င်းတို့သည် ရှေ့ဆုံးမှ ပြေးလွှားနေသော သားရဲရိုင်းများလောက် ရုန်းရင်းဆန်ခတ်မဖြစ်။ ၎င်းတို့၏ ချီတက်ပုံမှာ တည်ငြိမ်၏။ ချီတက်နှုန်းကလည်း ပုံမှန်ပင်။ ၎င်းတို့၏ ပတ်ပတ်လည်တွင်တော့ ချီစွမ်းအင်လှိုင်းများ ရစ်ပတ်သိုင်းခွေလျက် ရှိသည်။ ၎င်းတို့၏ ပုံစံမှာ အေးဆေးတည်ငြိမ်၏။ လူသားစစ်တပ်ထက်ပင် စနစ်ကျနေသေးသည်။ ဤမြင်ကွင်းကို မြင်ရုံနှင့် သားရဲများ အဘယ်ကြောင့် အစာကွင်းဆက်၏ ထိပ်ဆုံးသို့ ရောက်နေရကြောင်း သင် နားလည်သွားပေလိမ့်မည်။
သားရဲများမှာ အရေအတွက်အားဖြင့် အလွန်များပြားလှပေရာ မြင်လေသမျှ သားရဲများနှင့်သာ ပြည့်နှက်နေသည်ဟု ထင်မှတ်ရသည်ည်။
ထိုစဥ် ရှီကိုင်းဟွမ်က လောဆော်လိုက်၏။
"ကဲ ကျုပ်တို့ သွားဖို့သင့်ပြီ ခုနေမသွားရင် အရမ်းနောက်ကျသွားလိမ့်မယ်"
စုချန်းသည် လွန်းပျံယာဥ်ကို ထိန်းချုပ်ကာ စတင်ထွက်ခွာလိုက်၏။
ကြောက်စရာကောင်းလှသော သားရဲလှိုင်းကိုငေးမောရင်း ချန်းထျန်ဟိုင်က မှတ်ချက်ပြုလိုက်သည်။
"ဒီကောင်တွေအကုန်လုံးကို စားပစ်လို့ရရင်လဲ အကောင်းသားပဲနော်"
စုချန်း ယဲ့ယဲ့မျှ ပြုံးလိုက်သည်။
"တနေ့နေ့တော့ ဖြစ်လာမှာပေါ့ဗျာ"
_______________×××________________×××_________
မီဂူးမီးရှုးတိုင်တည်ရှိရာနေရာတွင် ဖြစ်သည်။
ချာ့လီသည် ကောင်းကင်အား ရည်ရွယ်ချက်ကင်းမဲ့စွာဖြင့် စိုက်ကြည့်နေ၏။
စောင့်ကြပ်ကြည့်ရှုနေရခြင်းဟူသည် ချာ့လီအတွက် ပျင်းစရာအကောင်းဆုံး အလုပ်ဖြစ်သည်။ အချိန်အများစုတွင် ချာ့လီသည် ပုရွက်ဆိတ်များကို ရေတွက်ရင်းနှင့်သာ အချိန်ကုန်သွားရ၏။ ပုရွက်ဆိတ်များ အစာရှာဖွေနေသည်ကို ငေးကြည့်နေရခြင်း၊ တခါတရံတွင် ပုရွက်ဆိတ်များကို ရန်တိုက်ပေးခြင်းသည်သာ ချာ့လီအတွက် အကြီးမားဆုံး ဖျော်ဖြေမှုများ ဖြစ်လေသည်။
တခါတရံတွင်တော့ ဤကမ္ဘာပေါ်တွင် နတ်ဘုရားတပါးတလေ ရှိမရှိ ချာ့လီ စဥ်းစားမိ၏။ နတ်ဘုရားတပါးပါးသာ ကောင်းကင်ပေါ်မှ ငုံ့ကြည့်နေခဲ့လျင် ၎င်း၏ အမြင်တွင် ချာ့လီသည် ပုရွက်ဆိတ်တကောင်နှင့်ပင် တူကောင်းတူနေပေလိမ့်မည်။ အကယ်၍ နတ်ဘုရားများ ရှိခဲ့လျင်လည်း ၎င်းတို့အား ဖျော်ဖြေနေရခြင်းဟူသော အလုပ်တခုသာ ပိုလာဖွယ်ရာ ရှိသည်။ နတ်ဘုရားများသည် ကမ္ဘာပေါ်ရှိ မည်သည့်သက်ရှိကိုမှ ဖျော်ဖြေမှုတခုထက် ပိုသောခံစားချက် ထားလိမ့်မည်မဟုတ်ဟု ချာ့လီ ယုံကြည်ထား၏။
သူ၏ စဥ်းစားပုံ စဥ်းစားနည်း မှန်မမှန်ှကို ချာ့လီ မသိ။ သူ သိသည်မှာ ဤသို့ စဥ်းစားတွေးတောနေရခြင်းသည် စိတ်ဝင်စားစရာကောင်းနေကြောင်းပင်။ တကယ်တော့ ညဏ်နည်းလှသော သတ်ဖြတ်သူတယောက်အဖို့ ဤသို့ စဥ်းစားတွေးခေါ်တတ်သည်ကပင် အထင်ကြီးစရာကောင်းလှပြီ ဖြစ်သည်။ အပျင်းဆုံး အနုံဆုံးဟူသော သူသည်ပင်လျင် အိပ်ယာထဲတွင် နေ့တိုင်း အချိန်ဖြုန်းနေရလျင် အနည်းအကျဥ်းတော့ တွေးတတ်ခေါ်တတ်လာသည် မဟုတ်ပါလား။
ဤယနေ့သည်လည်း ချာ့လီအတွက် ဘာမှမထူးဆန်း။ ဟိုကြည့်လိုက်သည်ကြည့်လိုက်နှင့်ပင် ခါတိုင်းကဲ့သို့ အချိန်ဖြုန်းနေ၏။
ထိုအခိုက်မှာပင် ကောင်းကင်တခွင်လုံး မှောင်မဲသွားကြောင်း သူ သတိထားမိလိုက်သည်။
ဘာဖြစ်တာတုန်းဟ...
ချာ့လီ ခေါင်းမော့ကြည့်လိုက်ရာ မဲနက်သော တိမ်ထုများသည် အလွန်လျင်မြန်စွာနှင့် သူရှိရာသို့ ရွေ့လျားလာကြောင်း မြင်တွေ့လိုက်ရသည်။
ဟာ ဒါ တိမ်တွေမှမဟုတ်ပဲ...
ကြည့်နေရင်းနှင့်ပင် ချာ့လီ မျက်လုံးပြူးသွား၏။ အကြောင်းမှာ များပြားလှသော သားရဲငှက်များ မိုးလုံးပြည့်မျှ ပျံသန်းလာကြောင်း သူ မြင်တွေ့လိုက်ရသောကြောင့်ပင် ဖြစ်သည်။
ထိုအခိုက်မှာပင် တစုံတရာကို သူ သဘောပေါက်သွား၏။
သားရဲလှိုင်း...ဒါ သားရဲလှိုင်းပဲဟ...
အခြေအနေကို သဘောပေါက်သွားသည်နှင့် ချာ့လီသည် မီးရှုးတိုင်ရှိရာသို့ လှည့်ကြည့်လိုက်၏။
သတ်ဖြတ်သူ မီးရှုးတိုင်သည် သာမန်မဟုတ်။ မူလစွမ်းအင်နှင့်လည်ပတ်စေပြီး အလင်းတန်းများအား ကောင်းကင်ပေါ်သို့ အဆက်မပြတ် ပစ်လွှတ်စေရန် ဖန်တီးထားခြင်း ဖြစ်သည်။ ဆက်သွယ်ရေးအတွက် သာမာန်မီးရှုးတိုင်ထက် များစွာ သာလွန်၏။
ချာ့လီ၏ တာဝန်မှာကား ဤမီးရှုးတိုင်ကို ထွန်းညှိရန် ဖြစ်သည်။ ၎င်းမှာ သူ၏ တခုတည်းသော တာဝန်လည်း ဖြစ်သည်။ တာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်ပြီးသည့်နေ့တွင် သူသည်လည်း သေရပေလိမ့်မည်။ သားရဲများလက်မှ သူ လွတ်မြောက်နိုင်စရာ အကြောင်းမရှိ။
သို့သော် ချာ့လီ နောင်တရနေစရာအကြောင်းမရှိ။ ဤတာဝန်အတွက် သူ့ကို ရွေးချယ်လိုက်ကတည်းက အဆုံးသတ်ကို သူ သိထားပြီးပြီ မဟုတ်ပါလား။
မီးရှုးတိုင်အစောင့်ဟူသည် ရဲစွမ်းသတ္တိ၏ ပြယုဂ်ပင် ဖြစ်သည်။ ထို့ကြောင့် ဤတာဝန်အတွက် ချာ့လီ ဂုဏ်ပင်ယူနေသေး၏။
အတွေးနှင့်အတူ ချာ့လီသည် မီးရှုးတိုင်ရှိရာသို့ လျင်မြန်စွာ ပြေးသွားလိုက်သည်။ ထိုအခိုက်မှာပင် မီးရှုးတိုင်ခြေရင်း၌ လူတချို့ရှိနေကြောင်း သူ တွေ့လိုက်ရသည်ည်။
"နိတ်"
သူငယ်ချင်းဖြစ်သူအား ချာ့လီ အော်ခေါ်လိုက်သည်။
"သူ မင်းမေးတာကို ဖြေနိုင်တော့မှာ မဟုတ်ဘူး"
လူစုထဲမှ ငယ်ရွယ်နုပျိုဟန်ရှိသည့့် လူငယ်က သူ့အား အထက်ပါအတိုင်း ပြောလာ၏။
ချာ့လီ သဘောပေါက်လိုက်ပေပြီ။
ဒါသည် လူသားများ၏ အကြံအစည်ပေတကား။
ထိုအခါ ချာ့လီသည် မာန်သွင်းသံတချက်ပြုပြီး မီးရှုးတိုင်ရှိရာသို့ ခုန်ဝင်လိုက်၏။ သူ့တကိုယ်လုံးရှိ ဆေးမင်များမှလည်း အလင်းရောင်များ ဝင်းလက်တောက်ပနေလေသည်။
ချာ့လီသည် မီးရှုးတိုင်အား ထွန်းညှိရန် ကြိုးစားလိုက်ခြင်း ဖြစ်သည်။ ဒါသည်ပင်လျင် သူ၏ အဓိကတာဝန် မဟုတ်ပါလား။
ထိုအချိန်မှာပင် အေးစက်သော ဓားရောင်နှစ်ချက် လှစ်ခနဲ ပေါ်ပေါက်လာပြီး ချာ့လီ၏ ဦးခေါင်းသည် လေပေါ်သို့ လွင့်စင်သွား၏။
ဦးခေါင်းမရှိတော့သည့်တိုင် ချာ့လီ၏ ကိုယ်ခန္ဓာသည် မီးရှုးတိုင်ရှိရာသို့ ဆက်လက်ပျံသန်းနေ၏။ သူ့လက်အစုံမှာကား မီးရှုးတိုင်၏ လက်ကိုင်ဆီသို့ ဆန့်တန်းလျက်ရှိသည်။
ထိုအချိန်မှာပင် ဘယ်ကပေါ်ထွက်လာမှန်းမသိသော နောက်ထပ် လူငယ်တယောက်သည် ချာ့လီ၏ လက်အစုံအား ဖယ်ထုတ်လိုက်၏။
ထို့နောက်တွင်တော့ ချာ့လီ၏အသက်ကင်းမဲ့နေသော ကိုယ်ခန္ဓာသည် မြေကြီးပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားတော့သည်။
***