သားရဲလှိုင်း ၃
Vol. 66 Ch. 652
မူလျူရဲတိုက်။
ရဲတိုက်နံရံတွင် သတ်ဖြတ်သူများ ကင်းစောင့်နေကြ၏။ သတ်ဖြတ်သူများဟူသည် လူသားများကဲ့သို့ တိကျသောစည်းမျဥ်းစည်းကမ်းများ မရှိ။ ထို့ကြောင့် ၎င်းတို့သည် ကိုယ့်နည်းကိုယ်ဟန်ဖြင့် စောင့်ကြပ်နေကြလေသည်။
စစ်သားအိုကြီးဂွန်ကိုက သူ့စစ်သားများကို လှမ်းကြည့်ရင်း အော်ဟစ်သတိပေးလိုက်၏။
"ဟေ့ကောင်တွေ အာရုံစိုက်ကြစမ်းဟေ့ လူသားတွေ ငါတို့နယ်မြေထဲ ထင်သလို သွားလာနေကြတယ် နောက်ဆုံးကြားရတဲ့သတင်းအရ ဒီကောင်တွေ ငါတို့နယ်မြေအတွင်းပိုင်းထိ ထိုးဖောက်လာတယ်လို့ ဆိုတယ် မင်းတို့အားလုံး မသေချင်ရင် ဂရုစိုက်ကြ လူသားတွေ အနားကပ်မလာစေနဲ့"
"လူသားတွေ လာရင် ဒီကောင်တွေကို ကျုပ်တို့ စားပစ်မှာပေါ့"
စစ်သားများအနက်မှ တဦးက ပြောလိုက်သည်။
"မူလျူရဲတိုက်ဟာ မြို့သေးသေးမဟုတ်ဘူး ဒီကောင်တွေ အနားကပ်လာလို့ ဘယ်ရမလဲ"
"ဟုတ်တယ်ဟေ့ ဟုတ်တယ်"
"သေချာတယ်"
ရဲတိုက်နံရံပေါ်မှ အစောင့်များအားလုံး ဟေးလားဝါးလားနှင့် လက်ခုပ်တီးလိုက်ကြလေသည်။
ထိုအခိုက်မှာပင် မိုးကုပ်စက်ဝိုင်းဆီမှ အနက်ရောင်မျဥ်းတကြောင်းကို သူတို့ မြင်တွေ့လိုက်ရ၏။
"ဟာ ဘာများပါလိမ့်"
စစ်သားတဦးက တအံ့တသြနှင့် ရေရွတ်လိုက်၏။ ကျန်စစ်သားများကလည်း မြင်ကွင်းကို လှမ်းကြည့်လိုက်ကြသည်။
ဂွန်ကို မြင်ကွင်းကိုကြည့်ရင်း မျက်မှောင်ကုတ်လိုက်သည်။
"သတိထားကြဟေ့ ဒါ လူသားတွေ ဖြစ်နိုင်တယ် စစ်သားတိုင်း လက်နက်ကို အသင့်ဆောင်ထားကြ ဖိုင်စလာ မင်းက မီးရှုးတိုင်ဆီကိုသွား ကျုပ် အမိန့်ပေးတာနဲ့ မီးရှုးတိုင်ကို ထွန်းညှိလိုက်"
ဖိုင်စလာ မီးရှုးတိုင်ဆီသို့ အမြန်ပင် ပြေးသွားလိုက်၏။
ထိုစဥ် စစ်သားတဦးက ရေရွတ်လိုက်သည်။
"တခုခုတော့ တခုခုပဲ ဒါကြီးက ရွေ့တာ အတော်ကို မြန်နေတယ်"
အနက်ရောင်မျဥ်းသည် လှိုင်းလုံးကြီးပမာ အလွန်မြန်ဆန်သော အရှိန်အဟုန်နှင့် ရွေ့လျားနေ၏။ ပို၍ အရေးကြီးသည်မှာ ထိုမျဥ်းသည် ပို၍ ကြီးမားလာပြီး ကောင်းကင်နှင့်မြေကြီးပါ ထိစပ်သွားသည်ဟု ထင်ရသည်။၎င်းမှာ လူရှစ်ထောင်ပါသော တပ်ရင်း မဟုတ်နိုင်တော့။
အနက်ရောင်မျဥ်း နီးကပ်လာသည်နှင့်အမျှ ဘာမှန်း ဂွန်ကို ရေရေရာရာ သိလိုက်၏။
သူ ကြောက်လန့့်တကြား အော်ဟစ်လိုက်သည်။
"ဘုရားသခင် ကယ်တော်မူပါ"
ထို့နောက် သူက နောက်က်ိုလှည့်ရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"သားရဲတွေ သားရဲတွေ ကျုပ်တို့ကို တိုက်ခိုက်လာပြီ"
အချက်ပေးသံများ ဟိုမှသည်မှ ထွက်ပေါ်လာပြီး ည၏ တိတ်ဆိတ်မှုအား ဖောက်ခွဲလိုက်လေသည်။
"အင်မတန်ကြီးမားတဲ့ သားရဲလှိုင်းပဲဟေ့"
ဂွန်ကို ကြောက်လန့်တကြားနှင့် ထအော်လိုက်၏။
နှစ်တထောင်သာလျင် တကြိမ် ပေါ်ထွက်လာလေ့ရှိသော သားရဲလှိုင်းနှင့် သူတို့ ရင်ဆိုင်ရပြီမှန်း သံသယဖြစ်စရာမလိုတော့။
"တိုက်ပွဲအတွက် ပြင်ဆင်ကြစမ်းဟေ့"
တပ်မှုး၏ အမိန့်ပေးသံသည် ဆူဆူညံညံ အသံများကြားတွင် နစ်မြုပ်သွား၏။ နီးကပ်လာသည်နှင့်အမျှ သားရဲများ၏ အော်သံများ၊ ခြေသံများကြောင့် ရဲတိုက်တခုလုံး သိမ့်သိမ့်တုန်နေလေသည်။
ထိုအချိန်မှာပင် ရှေ့တန်းမှ သားရဲရိုင်းများသည် ရဲတိုက်၏ ခုခံရေးလိုင်းအား ဝင်ဆောင့်တော့၏။
"နတ်ဆိုးသတ်ဒူးလေး ပစ်ကြစမ်းဟေ့"
အမိန့်သံနှင့်အတူ ကြီးမားလေးလံသော မြားတံများသည် မိုးသီးမိုးပေါက်များပမာ သားရဲများထံသို့ ကျရောက်လာတော့၏။
မြားစိုက်ဝင်ကုန်သော သားရဲများသည် တချက်တည်းနှင့်ပင် အသက်ပျောက်ကုန်ကြ၏။ သို့သော်ပို၍ ပို၍ များပြားသော သားရဲများက ရှေ့သို့အဆက်မပြတ်ပင် ချီတက်လာကြလေသည်။
ကောင်းကင်ပေါ်တွင်လည်း သားရဲငှက်ကြီးများသည် အုပ်စုဖွဲ့ပျံသန်းလာကြ၏။ ၎င်းတို့သည် မြန်ဆန်စွာ ပျံသန်းနိုင်ကြသည်။ သို့သော် နတ်ဆိုးသားရဲများ၏ ထိန်းချုပ်မှုအောက်ဝယ် မြေပြင်မှ သားရဲများ ရဲတိုက်အား ဝင်တိုက်ချိန်တွင် ၎င်းတို့ကလည်း တပြိုင်တည်း တိုက်ခိုက်လိုက်ကြလေသည်။ ထိုအခါ မြေပြင်တိုက်ပွဲသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာ၏။
သားရဲငှက်အုပ်ကြီးသည် တအုပ်ပြီးတအုပ် ရဲတိုက်ဆီသို့ ထိုးဆင်းကာ သတ်ဖြတ်သူစစ်သားများအား ကောင်းကင်ဆီသို့ ထိုးသုတ်သွားကြလေသည်။ ၎င်းတို့၏ သန်မာသော လက်ချောင်းများနှင့်ကြီးမားသော အတောင်ပံများကြောင့် ထွားကျိုင်းလှသော သတ်ဖြတ်သူစစ်သားများမှာ အရုပ်လေးများပမာ ငှက်ကြီးများ၏ ထိုးသုတ်ခြင်းကို ခံနေရလေသည်။ ငှက်ကြီးများသည် ကောင်းကင်ပေါ်သို့ ရောက်သည်နှင့် သတ်ဖြတ်သူစစ်သားများအား အောက်သို့ ပစ်ချလိုက်ကြ၏။ စစ်သားများကား မြေကြီးပေါ်သို ဖွဲအိတ်ကြီးများပမာ တယောက်ပြီးတယောက် ပြုတ်ကျကာ အသက်ပျောက်ကုန်ကြလေသည်။
တချို့စစ်သားများမှာကား ထိုးသုတ်သည့်ခနမှာပင် ၎င်းတို့လက်ထဲရှိ လက်နက်များဖြင့် ငှက်ကြီးများ၏ ခြေထောက်များ၊ အတောင်များကို ထိုးခုတ်ကာ မြေကြီးပေါ်သို့ အမြင့်ကြီးမရောက်ခင် ခုန်ဆင်းနိုင်ပြီး အသက်ချမ်းသာရကုန်ကြသည်။ တချို့သားရဲငှက်များမှာလည်း သတ္တိကောင်းသော သတ်ဖြတ်သူစစ်သားများ၏ အသက်စွန့်တိုက်ခိုက်မှုကြောင့် မြေကြီးပေါ်သို့ ပြုတ်ကျလာကြ၏။
မည်သို့ဆိုစေ သားရဲငှက်အုပ်ကြီး၏ ချိန်သားကိုက်တိုက်ခိုက်မှုက အကျိုးရှိသည်မှာ အမှန်ပင်။ အကြောင်းမှာ ထိုအချိန်တွင် မြေပြင်ရှိ သားရဲအုပ်ကြီးသည် ရဲတိုက်အနီးသို့ အောင်မြင်စွာ ချည်းကပ်လာနိုင်သောကြောင့်ပင်။
"ပုဆိန်ပျံတွေ သုံးမယ်ဟေ့"
သတ်ဖြတ်သူခေါင်းဆောင်တဦး၏ အမိန့်ပေးသံ ထွက်ပေါ်လာ၏။
အမိန့်သံနှင့်အတူ ရဲတိုက်နံရံရှိ သတ်ဖြတ်သူစစ်သားများသည် ၎င်းတို့ပုဆိန်များကို ပြိုင်တူဆွဲထုတ်လိုက်ကြ၏။ ၎င်းတို့၏ လက်ပေါ်ရှိ ဆေးမင်များသည်လည်း အရောင်များ ပြိုးပြက်ဝင်းလက်လာလေသည်။ ထို့နောက် ခေါင်းဆောင်၏ ညွှန်ပြမှုအတိုင်း ပုဆိန်ပျံများ တရွှီရွှီ ပျံလွင့်သွားတော့၏။
ပုဆိန်ပျံများ၏ ရောက်ရှိနိုင်သောအကွာအဝေးမှာ အကန့်အသတ်နှင့်သာ ဖြစ်သည်။ သို့သော် ၎င်းတို့၏ စွမ်းအားမှာ မျှော်မှန်း၍ပင် မရပေ။
ပုဆိန်တလက်သည် မြို့ရိုးဆီသို့ ပြေးဝင်လာသော အနက်ရောင်မျက်လုံးဝံပုလွေ၏ ဦးခေါင်းအား ထိမှန်သွား၏။ ကြောက်စရာကောင်းလောက်အောင် အင်အားပြင်းထန်သော ပုဆိန်သွားသည် ၎င်းအား ဦးခေါင်းမှ အမြီးတိုင် ထက်ခြမ်းခွဲပစ်လိုက်လေသည်။
"ဟေး"
သတ်ဖြတ်သူစစ်သားများ ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။
သေခြင်းတရားနှင့် ရင်ဆိုင်နေရသည့်တိုင် သတ်ဖြတ်သူစစ်သားများကား ဝမ်းသာနိုင်သေး၏။ ၎င်းတို့ စိတ်ဓာတ်ကား ထူးဆန်းလှပေသည်။
ဤအခိုက်အတန့်မှာကား သတ်ဖြတ်သူစစ်သားများ၏ ချီးကျူးစရာကောင်းလှသော စိတ်ဓာတ်ကို နဖူးတွေ့ဒူးတွေ့ မြင်တွေ့ရသော အခိုက်အတန့်ပင် ဖြစ်သည်။ ၎င်းတို့၏ နောက်မှ ကြောက်စိတ်များ ပြယ်ပျောက်စေသည့် တစုံတရာက အားပေးနေပုံပင်။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ထိတ်လန့်ကြောက်ရွံ့ဟန်မရှိပဲ ရွပ်ရွပ်ချွံချွံပင် တိုက်ခိုက်ကြကုန်၏။ မီးကုန်ယမ်းကုန်ပင် စစ်ပွဲဝင်ကြ၏။
သို့သော် ၎င်းတို့၏ အကြောက်အလန့်မရှိသော စိတ်ဓာတ်မှာ သမုုဒ္ဒရာအတွင်းမှ ရေစက်လေးသဖွယ်သာတည်း။
သားရဲလှိုင်းမှာကား သမုုဒ္ဒရာကြီးနှင့် တူ၏။ သမုုဒ္ဒရာရေဟူသည် အရာအားလုံးကို ဝါးမြိုပစ်တတ်သည် မဟုတ်ပါလား။
သတ်ဖြတ်သူများ၏ တုံ့ပြန်မှုကြောင့် သားရဲငှက်များသည် တကောင်ပြီးတကောင် မြေကြီးပေါ်သို့ ပြုတ်ကျလာ၏။ သို့သော် ငှက်အုပ်မှာကား ကုန်သွားသည်ဟူ၍ မရှိပေ။ ပို၍ဆိုးသည်မှာ မြေပြင်ပေါ်မှ သားရဲအုပ်ကြီးသည် ထိုအချိန်တွင် ရဲတိုက်အခြေနားသို့တိုင် ရောက်နေခဲ့ပြီ ဖြစ်သည်။
ပထမဆုံးရောက်ရှိလာသော သားရဲအုပ်မှာ သံမဏိကြံ့ကြီးများပင် ဖြစ်သည်။ သားရဲကြံ့ကြီးများကား ရှေ့ပြေးတပ်များအဖြစ် အသုံးတော်ခံရာတွင် အသုံးဝင်လှ၏။ ၎င်းတို့၏ မာကျောလှသော ဦးခေါင်းများက မည်သည့်အရာကိုမဆို ထိုးခွဲပစ်နိုင်သည် မဟုတ်ပါလား။
မူလျူရဲတိုက်၏ နံရံသည်ကား ဘာအသားနှင့် ထုထားသည်မို့ သားရဲကြံ့ကြီးများ၏ ထိုးဖောက်မှုကို ခံနိုင်မည်နည်း။
"မူလအကာအကွယ်တွေကို နှိုးဆွလိုက်တော့"
သတ်ဖြတ်သူခေါင်းဆောင်က ကျယ်လောင်စွာ အော်ဟစ်အမိန့်ပေးလိုက်ပြန်သည်။
အမိန့်သံနှင့်အတူ ရဲတိုက်နံရံတွင် အဖြူရောင်အကာအကွယ်တခု ဘွားခနဲ ပေါ်ပေါက်လာ၏။
သို့သော် ကြံကြီးများမှာ ၎င်းကို ဂရုမစိုက်။ ရဲတိုက်နံရံကိုသာ အားကုန်ဝင်ကျုံးနေကြလေသည်။
မရေမတွက်နိုင်သော ဦးချိုများ အကာအကွယ်အား ဝင်ဆောင့်ချိန်တိုင်းတွင် အကာအကွယ်သည် လူးလွန့်သွားပြီး အလင်းရောင်များ ဖျာခနဲ ထွက်ပေါ်လာကြောင်း သူတို့အားလုံး မြင်တွေ့နေရ၏။
ထိုအချိန်မှာပင် နောက်ထပ်ရောက်ရှိလာသော သားရဲများသည် ရဲတိုက်အကာအကွယ်အား ပြင်းထန်စွာ ကုတ်ဖဲ့တိုက်ခိုက်ကြတော့၏။
သိပ်မကြီးမီ ကြီးမားလှသော သားရဲကြီးတကောင်သည် သားရဲအုပ်ကြီး၏ ရှေ့ဆုံးသို့ ရောက်လာပြန်၏။ ၎င်းသည် လူသားကဲ့သို့ပင် ခြေနှစ်ချောင်းထောက်ကာ မတ်တပ်ရပ်နေ၏။ ၎င်း၏ ခေါင်းမှာ ဆိတ်ကြီးတခေါင်းနှင့်တူပြီး ကိုယ်ခန္ဓာမှာ လူတယောက်နှင့် တူပေသည်။ ၎င်း၏ လက်ထဲတွင် အလင်းရောင်တဖြတ်ဖြတ် တောက်ပနေသော ကြာပွတ်တချောင်းကို ကိုင်ထား၏။ ကြာပွတ်တချက်ကျလာတိုင်း ရဲတိုက်အကာအကွယ်သည် တခါမှမကြုံဖူးလောက်အောင် တောက်ပလာလေသည်။
၎င်းမှာ အလယ်အလတ်အဆင့်နတ်ဆိုးသားရဲပေတည်း။
"သတ် အဲဒီအကောင်ကို သတ်"
သတ်ဖြတ်သူခေါင်းဆောင်က သွေးရူးသွေးတန်းနှင့် အော်ဟစ်အမိန့်ပေးလိုက်၏။
ရာနှင့်ချီသော ပုဆိန်ပျံများ ရွှီခနဲ တိုးထွက်သွား၏။
ပုဆိန်ပျံများကြောင့် ဆိတ်ခေါင်းလူကိုယ်နှင့် သားရဲကြီး နောက်ဆုတ်ပေးလိုက်ရ၏။ သို့သော် သိပ်မကြာမီ နောက်ထပ် ဆိတ်ခေါင်းလူက်ိုယ်နှင့်သားရဲကြီးများ အုပ်လိုက်ရောက်လာပြန်သည်။ ၎င်းတို့လက်ထဲတွင်လည်း အလင်းရောင်တဖြတ်ဖြတ်တောက်ပနေသော ကြာပွတ်ကိုယ်စီကို ကိုင်ဆောင်ထားကြ၏။
၎င်းကိုကြည့်ရင်း သတ်ဖြတ်သူခေါင်းဆောင်၏ အမူအရာ ပြောင်းလဲသွားလေသည်။
"ပြီးပြီ ငါတို့ ရှုံးသွားပြီ"
၎င်း၏ စကားအတိုင်းပင် အလင်းရောင်ကြာပွတ်များစွာ၏ ရိုက်နှက်မှုကြောင့် ရဲတိုက်အကာအကွယ်တခုလုံး ပြိုကွဲပျက်စီးကာ သားရဲများ ရဲတိုက်အတွင်း ထိုးဖောက်ဝင်ရောက်လာတော့သည်။
မူလျူရဲတိုက်၏ ကျဆုံးခန်းကား အစပျိုးနေခဲ့လေပြီတည်း။
***