တပ်မက်ခြင်း
Vol. 66 Ch. 653
သားရဲလှိုင်းကြီးသည် သတ်ဖြတ်သူနယ်မြေအား ကပ်ရောဂါဆိုးကြီးပမာ တစစီ ဆုတ်ဖြဲပစ်လိုက်၏။
မူလျူရဲတိုက် ၊အနက်ရောင်မိုးမြို့၊ သံမဏိမြို့၊ သွေးအသိုက် အစရှိသည့် သားရဲလှိုင်းနဲ့ ထိုက်တိုက်တိုးသည့် သတ်ဖြတ်သူအသိုက်အမြုံများသည် ကမ္ဘာမြေကြီးပေါ်မှ တနေရာပြီးတနေရာ ပျောက်ကွယ်ကုန်၏။ ၎င်းတို့မှာ သမုုဒ္ဒရာအလယ်မှ ကျွန်းကလေးနှင့်ပင် တူနေသေးသည်။ ဒီလှိုင်းများ မြင့်တက်လာပါက ကျွန်းဟူသည်မှာလည်း ရေလွှမ်းမိုးသွားတတ်သည် မဟုတ်ပါလား။
ဤကပ်ဆိုးကြီးသည် အစောင့်ကင်းတပ်ဖွဲ့များကို လုပ်ကြံရန် ကြိုတင်စီမံခဲ့သည့် စုချန်းတို့၏ လှုပ်ရှားမှုနှင့် များစွာ သက်ဆိုင်နေ၏။ သတင်းရရှိမှု နောက်ကျသွားသည့့်အတွက် သတ်ဖြတ်သူများအနေနှင့် ကြိုတင်ပြင်ဆင်ချိန်မရခဲ့။ ထို့ကြောင့် ၎င်းတို့၏ ဆုံးရှုံးနစ်နာမှုမှာလည်း ထင်ထားသည်ထက် ပိုသွားလေတော့သည်။
သားရဲလှိုင်းမတိုင်မီ သုံးရက်အလိုတွင် မီးရှုးတိုင်အစောင့်တပ်သား ၂၆ယောက်သည် ချောင်းမြောင်းလုပ်ကြံခံရပြီး ကြမ္မာဆိုးနှင့် ကြုံတွေ့သွားရ၏။ နောက်သုံးရက်အကြာတွင်တော့ သားရဲလှိုင်းမှ ကံကောင်းထောက်မစွာ လွတ်မြောက်သွားသော သတ်ဖြတ်သူတချို့သည် ဘာတွေဖြစ်နေကြောင်း ပြန်လည်သတင်းပို့နိုင်ခဲ့၏။ ထိုအခါကျမှ သူတို့ မည်သည့်အန္တရာယ်မျိုးနှင့် ရင်ဆိုင်နေရမှန်း သတ်ဖြတ်သူတိုင်း သိရှိသွားတော့သည်။
ထိုအခါ သတ်ဖြတ်သူမျိုးစိတ်ကြီးတခုလုံးသည် လွင်ပြင်ကို ဖြတ်ကျော်ကာ ထွက်ပြေးရန် အပြင်းအထန် ကြိုးစားကြတော့၏။ ထိုအခါ ယခင်က လူသူကင်းမဲ့ကာ တစပြင်ကြီးပမာ ဖြစ်နေသော လွင်ပြင်ကြီးသည် သတ်ဖြတ်သူများနှင့် ပြည့်နှက်ကာ အုတ်အော်သောင်းနင်း ဆူညံနေတော့သည်။
"ခုဆိုရင် သတ်ဖြတ်သူနယ်မြေအလယ်ပိုင်းမှာ ဘယ်သူမှ မရှိတော့ဘူး"
လီကုံးရှန်က လမင်းစန္ဒာယာဥ်ပေါ်မှနေ၍ အောက်ကို အကဲခတ်ရင်း ပြောလိုက်သည်။
"သားရဲလှိုင်း ဖြတ်ကျော်ပြီးသွားတာနဲ့ ဒီကောင်တွေ ပြန်လာလိမ့်မယ်"
ကျန်မောက်စီက အေးစက်သော လေသံနှင့် ပြောလိုက်၏။
"ဒီကောင်တွေ ဒီလိုပြေးမယ်မှန်း သိခဲ့ရင် ရွာပျက်တွေထဲ ဝင်လုဖို့ တပ်တချို့ ကျုပ် ထားခဲ့ပါတယ်ကွာ"
ချန်းထျန်ဟိုင်က မှတ်ချက်ပြုလိုက်၏။
၎င်း၏ စကားကို ချူးယင်ဝမ်က ကဲ့ရဲ့လိုက်လေသည်။
"ရှင် တော်တော်အသုံးမကျတာပဲ ရွာပျက်တွေထဲ သွားရှာလို့ ဘာရမှာတုန်းရှင့်"
ချန်းထျန်ဟိုင်ကလည်း မခံ။ ပြန်ရွဲ့လိုက်၏။
"ကျုပ်ဟာ အင်မတန်ဆင်းရဲတဲ့ မိသားစုက လာခဲ့တာ သခင်မကြီးချူးရဲ့ ကျုပ်တို့ငယ်ငယ်တုန်းက ကြေးပြားလေးတပြားတောင် တခြမ်းဝက်ပြီး သုံးခဲ့ရတာကလား"
"အနောက်အလယ်ပိုင်းနယ်မြေကော ရှင်းသွားပြီလား"
စုချန်းက ရုတ်တရက် ဝင်မေးလိုက်သည်။
စုချန်း၏ မေးခွန်းကြောင့် ချူးယင်ဝမ်တို့လူစု အငြင်းအခုန် ဖြစ်နေခြင်း ရပ်သွားကာ လက်ရှိအခြေအနေအပေါ် ပြန်လည်အာရုံစိုက်လာကြ၏။
ရှီကိုင်ဟွမ်က ပြန်ဖြေလိုက်သည်။
"ပြီးခဲ့တဲ့နှစ်တွေနောက်ပိုင်းဟာ သတ်ဖြတ်သူတွေဟာ နယ်စပ်မျဥ်းပေါ်မှာ အခြေပြုလာကြတဲ့အတွက် သားရဲတွေနဲ့ပတ်သက်ပြီး အတွေ့အကြုံ အတော်လေး ရလာကြတယ် ဒါကြောင့် သားရဲတွေ ဝင်လာရင် ဘယ်လိုပုံစံနဲ့ ရွေ့လျားမယ် ဘယ်လောက်အထိ ပျက်စီးဆုံးရှုံးမယ်ဆိုတာ သူတို့ ကောင်းကောင်းသိနေပြီ ဒါကြောင့် တယောက်က်နဲ့တယောက် ကြိုတင်မတိုင်ပင်ထားပဲနဲ့တောင် ဘယ်ကိုပြေးရင် လွတ်မယ်ဆိုတာ သူတို့ သိတယ်"
"ဒါပေမဲ့ လူသားတွေ ဝင်မနှောင့်ယှက်ဘူးလို့ ယူဆထားလို့သာ သူတို့ ဒီလို တုံ့ပြန်ကြတာမလား ဆရာ"
စုချန်းက မေးလိုက်ပြန်၏။
စုချန်း၏ မေးခွန်းကြောင့် လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွား၏။
မှန်ပေသည်။
သားရဲလှိုင်းသည် လူသားတို့၏ အကြံအစည်မှန်း မသိကြ၍သာ သတ်ဖြတ်သူများ ဤသို့ တုံ့ပြန်ကြခြင်း ဖြစ်သည်။
စုချန်းက ထပ်မံပြောလိုက်ပြန်၏။
"သားရဲလှိုင်းရဲ့ သက်ရောက်မှုဧရိယာကို ဒီထက်ပိုပြီး ကျယ်ပြန့်သွားအောင် ကျုပ် လုပ်ချင်တယ်"
"ဘယ်လောက်ထိ ကျယ်ချင်တာလဲ"
လီကုံးရှန်က မေးလိုက်၏။
"ကျယ်နိုင်သလောက်ကျယ်အောင် လုပ်ချင်တယ်"
လူတိုင်း တယောက်က်မျက်နှာကို တယောက်က် စိုက်ကြည့်လိုက်ကြသည်။
စုချန်း၏ စဥ်းစားတွေးခေါ်ပုံမှာ ရဲရင့်၏။ ကြောက်စရာကောင်း၏။ သို့သော် မေးစရာက ထိုသို့ ဖြစ်အောင် သူတို့ မည်သို့လုပ်မည်နည်း။
"ဒါဆိုလဲ ကျုပ်တို့ သားရဲတွေကို ပိုပြီး ဒေါသထွက်လာအောင် လုပ်ကြရုံပေါ့"
ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် သားရဲများအား ဒေါသထွက်စေခြင်းဖြင့် သားရဲလှိုင်းကြီး ဖြစ်ပေါ်လာအောင် ဖန်တီးခဲ့၏။ ထို့ကြောင့် သားရဲလှိုင်း ပိုမိုကြီးမားလာအောင် ဖန်တီးရန် အလွယ်ကူဆုံးနည်းလမ်းမှာ ၎င်းတို့အား ဒေါသထွက်လာစေရန် ဆွပေးခြင်းပင် ဖြစ်သည်။
"ဒီတကြိမ်မှာတော့ ဒီကောင်တွေကို အမဲလိုက်ရုံနဲ့ မလုံလောက်နိုင်တော့ဘူး"
ကောက်ဝမ်ချန်းက မှတ်ချက်ပြုလိုက်ပြန်၏။
ငြိမ်းချမ်းနေသော ကာလတွင် တစုံတဦးအား သတ်ပစ်ခြင်းသည် ကြီးမားသော ပြသနာ ဖြစ်သည်။ သို့သော် စစ်ပွဲကာလတွင်တော့ ထောင်သောင်းသေစေကာမူ ပြသနာမဟုတ်တော့။ လူတိုင်း လက်သင့်ခံနိုင်ကြသည်သာ။
"ဒါကြောင့် ကျုပ်တို့အနေနဲ့ အကြံသစ်တခု စဥ်းစားဖို့လိုတယ်"
"ဘာအကြံလဲ"
စုချန်းက ခေတ္တစဥ်းစားဟန်ပြုပြီး ပြန်ဖြေလိုက်သည်။
"သားရဲတွေ အစုလိုက်အပြုံလိုက် ဒီကိုရောက်လာတာဆိုတော့ သူတို့နယ်မြေထဲမှာ သားရဲတွေ သိပ်မကျန်လောက်တော့ဘူး ဒီတော့ သားရဲနယ်မြေထဲ ခိုးဝင်မယ်ဆိုရင် ဘယ်လိုသဘောရကြသလဲ"
သားရဲနယ်မြေထဲ ခိုးဝင်မယ်ဆိုပါကလား...
လူတိုင်း ကြောင်အမ်းအမ်းဖြစ်သွား၏။
ချူးယင်ဝမ်က ကန့့်ကွက်လိုက်လေသည်။
"သားရဲနယ်မြေထဲ ခိုးဝင်မယ်ဆိုတာ အလွန်အန္တရာယ်များတဲ့ကိစ္စ ပြီးတော့ မူလအစီအစဥ်က တာလာရဲတိုက်ကို သိမ်းပိုက်ဖို့ပဲလေ"
"တာလာရဲတိုက်က်ို သိမ်းပိုက်မဲ့ အစီအစဥ်က မပြောင်းလဲပါဘူး ခင်ဗျားတို့က အစီအစဥ်ကို ဆက်လုပ်ရမယ် သားရဲနယ်မြေထဲ ခိုးဝင်ဖို့ကတော့ ကျုပ်ကို ထားခဲ့ပါ"
"မင်းကို ထားခဲ့ရမယ် ဟုတ်လား"
"ဟုတ်တယ် ကျုပ်ကို ထားခဲ့ရမယ် ကျုပ်က အသွင်ပြောင်းနိုင်တယ် ဒီတော့ သူတို့နယ်မြေထဲ အလွယ်တကူ ဝင်နိုင်တယ် ကျုပ်မှာ ထိပ်တန်းလွန်းပျံယာဥ်နှစ်စင်းရှိတယ် ဒီတော့ အလွယ်တကူ ထွက်ပြေးနိုင်တယ် ပြီးတော့ ဒီအစီအစဥ်ကို အဆိုပြုတာက ကျုပ်ဖြစ်တဲ့အတွက် ဒါကို ကျုပ်ကိုယ်တိုင်ပဲ လုပ်ဖို့သင့်တယ် ဒီလိုလုပ်မှာလဲ ဒန်ဘာကို သားရဲတွေနဲ့ အလုပ်ပေးထားနိုင်မယ် ဒါမှ ကျုပ်တို့ ထွက်ပြေးဖို့ ပိုပြီး အခွင့်အရေးရလာမယ်"
ထိုစကားကြောင့် လူတိုင်း နှုတ်ဆိတ်သွား၏။
စုချန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွက် များစွာ အကျိုးဆောင်ခဲ့သည်မှန်သော်လည်း ၎င်းမှာ အသင်းအဖွဲ့နှင့် ဖြစ်၍ သိပ်အန္တာရာယ် မများလှ။
သို့သော် ဤတကြိမ်ကတော့ မတူ။ တဦးတည်းသွားခြင်းမှာ လွန်စွာ အန္တရာယ်များလှ၏။ ထိုအထဲတွင် စေတနာဝန်ထမ်းလုပ်ပါမည်ဟု ဆိုနေ၍ ပို၍ပင် လေးစားစရာကောင်းနေလေသည်။
အချိန်အတော်လေး ကြာသွားပြီးနောက် လီကုံးရှန်က ပြောလိုက်၏။
"စုချန်းဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းအတွက် အသက်စွန့်ဖို့ ဆန္ဒရှိတယ် ကျုပ် လီကုံးရှန် တကယ်လေးစားမိပါတယ်"
ပြောပြောဆိုဆို သူသည် စုချန်းအား ဒူးထောက်အရိုအသေပေးလိုက်တော့၏။
စုချန်း အလွန်ပင် အားနာသွား၏။ သူက ချက်ချင်းပင် လီကုံးရှန်အား ပြန်လည်ဖေးမလိုက်သည်။
သို့သော် ထိုအချိန်မှာပင် လူတိုင်းလိုလိုသည် သူ့အား ဒူးထောက်အရိုအသေပေးနေကြကြောင်း စုချန်း တွေ့လိုက်ရ၏။ ရှီကိုင်းဟွမ်တယောက်သာ ခပ်ယဲ့ယဲ့ပြုံးလျက် မတ်တပ်ရပ်နေလေသည်။
စုချန်း အတော်ပင် မနေတတ်မထိုင်တတ် ဖြစ်သွား၏။ ဤတကြိမ် သားရဲနယ်မြေသို့ သွားရခြင်းအတွက် သူ့တွင် တကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်တချို့ ရှိနေသည် မဟုတ်ပါလား။ သို့သော် အဖြစ်မှန်ကို သူ မပြောပြနိုင်။ ထို့ကြောင့် အားတုံ့အားနာနှင့်သာ ငြိမ်ခံနေရလေသည်။
အချိန်အတော်ကြာအောင် ဆွေးနွေးပြီးနောက် လူတိုင်းသည် မူလအစီအစဥ်အတိုင်း တာလာရဲတိုက်အား သိမ်းပိုက်ရန် အတည်ပြုလိုက်ကြ၏။ သို့သော် သားရဲများ အန္တရာယ်ရှိနေသဖြင့် အလိုရှိရာကို ယူငင်ပြီးသည်နှင့် အရှေ့ဘက်သို့ ချက်ချင်းဆုတ်ခွာရန် ထပ်မံ ဆုံးဖြတ်လိုက်ကြလေသည်။
ထို့နောက် ကောင်းကင်ဘုံလက်သီးတပ်ရင်းသည် အစီအစဥ်အတိုင်း ဆက်လက်ချီတက်သွားတော့၏။
လူတိုင်းထွက်သွားပြီးသည့့်နောက်တွင်တော့ စုချန်း၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားဟန် အရိပ်အယောင်များ ပေါ်ပေါက်လာ၏။
"သားရဲနယ်မြေဟာ အရင်င်တုန်းက လူတိုင်း ဝင်ထွက်ချင်ကြတဲ့ နေရာပဲ ခုတော့ ငါ သွားနိုင်တော့မယ်"
သားရဲနယ်မြေသည် လွန်ခဲ့သော နှစ်ပေါင်းဆယ်သန်းအတွင်း ညဏ်ရည်မြင့်မျိုးစိတ်များအတွက် ကန့်သတ်နယ်မြေ ဖြစ်နေခဲ့၏။ လူတိုင်း ဝင်ထွက်ချင်ကြသော်လည်း မည်သူမှ မအောင်မြင်ခဲ့ချေ။
ထို့ကြောင့် ထိုနယ်မြေထဲတွင် အဖိုးထိုက်ရတနာများနှင့် ပြည့်နှက်နေ၏။ လူ့လောကတွင် တခါမှ မမြင်ဖူးသည့် ရတနာများပင် ရှိနေနိုင်ပေသည်။
စုချန်းသည် ချမ်းသာကြွယ်ဝသူ ဖြစ်သည်။ သို့သော် သားရဲနယ်မြေအတွင်းရှိ ရတနာများအား သူ့ငွေကြေးနှင့် ဝယ်ယူ၍ မရချေ။
ထိုရတနာများသည် စွန့်စားသူများနှင့်သာ ထိုက်တန်သည့် ရတနာများ ဖြစ်ကြကုန်၏။
စုချန်းကား ထိုအခွင့်အရေးမျိုးကို အမြဲတမ်း ငံ့လင့်နေသူ ဖြစ်သည်။ ယခုတော့ ထိုအခွင့်အရေးက သူ့ရှေ့မှောက်သို့ ရောက်လာခဲ့ပေပြီ။
သားရဲများကား သူတို့နယ်မြေအတွင်းမှ အုံလိုက်ကျင်းလိုက် ထွက်ခွာသွားကြပြီ ဖြစ်သည်။ ထို့ပြင် စုချန်းသည် ပုံစံပြောင်းလဲခြင်းနည်းစနစ်ကို တတ်ကျွမ်းထား၍ မျက်စေ့တမှိတ်အတွင်းမှာပင် ထွက်ပြေးသွားနိုင်၏။ ပို၍ အရေးကြီးသည်မှာကား စုချန်းတွင် ဘာပစ္စည်းမှ ထည့်မထားသည့် လက်စွပ်အလွတ်ပေါင်း တန်နှင့်ချီ၍ ရှိနေ၏။ ထိုလက်စွပ်များအတွင်းသို့ တခုခုတော့ ထည့်သွင်းသိမ်းဆည်းရပေလိမ့်မည်။
ထ်ိုတခုခုမှာလည်း သားရဲနယ်မြေအတွင်းရှိ မရေမတွက်နိုင်သော အရင်းအမြစ်များသာ ဖြစ်သင့်သည် မဟုတ်ပါလား။