တုံ့ပြန်မှု
Vol. 66 Ch. 654
လီကုံးရှန်နှင့် ကျန်လူများ ထွက်ခွာသွားသည်နှင့် စုချန်းသည် သားရဲနယ်မြေသို့ ဦးတည်ထွက်ခွာလာခဲ့၏။
သေချာသည်မှာကား စုချန်းအနေနှင့် သားရဲနယ်မြေဆီသို့ တိုက်ရိုက်မသွားနိုင်။ ထို့ကြောင့် လမ်းလွှဲမှ သွားရန်လိုအပ်၏။ ဤနေရာတွင် မြောက်ဘက်လမ်းကြောင်းကိုသာ ရွေးပါက စုချန်းတယောက် သံနှင်သွေးနိုင်ငံ၏ အလယ်ဗဟိုသို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်သွားနိုင်သည်။ ထို့ကြောင့် စုချန်းက ပို၍ အဆင်ပြေနိုင်ဖွယ်ရှိသော တောင်ဘက်လမ်းကြောင်းကို ရွေးချယ်လိုက်လေသည်။
တောင်ဘက်လမ်းကြောင်းသည် လူသားနယ်မြေဆီသို့ ဦးတည်နေ၏။ သို့သော် ထိုလမ်းကြောင်းပေါ်တွင် သဲပုတ်သင်အသိုက်လည်း ရှိနေသည်။
စုချန်း၏ အစီအစဥ်မှာ တောင်ဘက်ဆီသို့ အမြဲတမ်းဦးတည်သွားရန် ဖြစ်သည်။ သို့သော် စီမံထားသည့့်အချိန်မကျရောက်သေးသ၍ သူ့အနေနှင့် အလျင်လိုနေစရာမလို။ ထို့ကြောင့် လက်ရှိတွင် စုချန်း၏ လမ်းကြောင်းသည် တောင်ပိုင်းထက် အနောက်ဘက်နယ်စပ်မျဥ်းသို့ပင် ပို၍ ရောက်နေသေး၏။
သို့သော် ထိုလမ်းကြောင်းပေါ်တွင် သူ့မိတ်ဆွေဟောင်းများနှင့် ပြန်တွေ့လိမ့်မည်ဟုတော့ စုချန်း လုံးဝ ထင်မထား။
လူတစုသည် ဟာဗေးလွင်ပြင်ကို ဖြတ်သန်းကာ အသော့နှင်လာကြ၏။
လမ်းလျှောက်နေရင်းနှင့်ပင် ညတစ္ဆေက ဗြစ်တောက်ဗြစ်တောက် ပြောလိုက်သည်။
"ဒီလွင်ပြင်ကြီးမှာ ဘာမှမရှိဘူး စုချန်းဆီကလဲ ဘာသဲလွန်စမှ မရဘူး ဒီလောက်ကျယ်တဲ့နေရာကြီးမှာ ကျွန်မတို့ သူ့ကို ဘယ်လိုလိုက်ရှာကြမလဲ"
ချီမင်းင်းဖန် စိတ်မသက်မသာ ဖြစ်သွားဟန်ဖြင့် ပြုံးလိုက်သည်။
"သူတို့နောက်မှာ သတ်ဖြတ်သူတပ်ဖွဲ့ကြီး လိုက်နေတာကွ ဒီလိုအနေအထားမှ သူတို့ ဘယ်ကလာ သဲလွန်စ ချန်ထားရဲပါ့မလဲ ဒါပေမဲ့ မင်း ဘာမှစိတ်မပူနဲ့ မိုးထိမြို့တော်တုန်းက စုချန်းနဲ့ကျုပ်အကြားမှာ ဆက်သွယ်ဖို့နည်းလမ်းတခု စီစဥ်ထားတာရှိတယ် သူနဲ့ကျုပ်တို့ အရမ်းဝေးနေရင် ဒီဆက်သွယ်ရေးနည်းလမ်းက အလုပ်မဖြစ်ဘူး သူ ကျုပ်တို့နဲ့ ကီလိုမီတာငါးဆယ်အကွာအဝေးအတွင်း ရောက်လာရင်တော့ ကျုပ်တို့ သူ့ကို ဆက်သွယ်နိုင်လိမ့်မယ်"
မိုးထိမြို့တော်ကတည်းက တဦးနှင့်တဦးဆက်သွယ်ရာတွင် ထိုနည်းလမ်းကို အသုံးပြုရန် စုချန်းနှင့် ချီမင်းဖန်တို့ သဘောတူထားပြီးဖြစ်သည် မဟုတ်ပါလား။
ထိုအတွက်ကြောင့်လည်း စုချန်းအား ရှာတွေ့နိုင်မည်ဟု ချီမင်းဖန်နှင့် ညတစ္ဆေ ယုံကြည်ထားကြခြင်းပင်။ သို့သော် ထိုနည်းလမ်းတွင်လည်း အကွာအဝေးကန့်သတ်ချက် ရှိနေ၍ သူတို့၏ ယုံကြည်ချက်ကလည်း အတိုင်းအတာတခုအထိသာပင်။
တဖက်တွင်လည်း သတ်ဖြတ်သူများနှင့် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်တို့က ချီမင်းဖန်တို့လူစု စုချန်းအား ရှာတွေ့နိုင်လိမ့်မည်ဟု တထစ်ချ ယုံကြည်ထားကြ၏။ သတ်ဖြတ်သူများအနေနှင့် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ လှုပ်ရှားမှုကို အတိုင်းအတာတခုထိ ကန့်သတ်ထားနိုင်သော်လည်း တည်နေရာအတိအကျကို မသိရပဲဖြစ်နေသည် မဟုတ်ပါလား။ ထို့ကြောင့် နည်းလမ်းနှစ်မျိုးကို တပြိုင်တည်း အသုံးပြုလိုက်ခြင်းအားဖြင့် ကောင်းကင်ဘုံလက်သီးတပ်ရင်းအား ရှာဖွေနိုင်ချေ ပိုများလာမည်ဟု သတ်ဖြတ်သူများဘက်မှ ယုံကြည်ထားကြလေသည်။
ထို့ကြောင့် သတ်ဖြတ်သူများနှင့် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်တို့သည် စုချန်းနှင့်ဆက်သွယ်ရန် ချီမင်းဖန်တွင် မည်သည့့်နည်းလမ်းမျိုးရှိကြောင်းကို အလွန်ပင် သိလိုကြ၏။ ထိုနည်းလမ်းသာ သူတို့လက်ထဲရောက်သွားပါက စုချန်းကို သူတို့ကိုယ်တိုင် လိုက်ရှာနိုင်တော့မည် မဟုတ်ပါလား။
သို့သော် ချီမင်းင်းဖန်ကား သတိအလွန်ကြီးသူ ဖြစ်သည်။ ထိုနည်းလမ်းအကြောင်းကို စကားစပ်မိ၍ပင် မပြော။ ထိုအခါ အာ့စ်တင်ကလည်း ဖိအားပေးမနေတော့။ စုချန်းဘက်မှ သံသယဝင်သွားနိုင်ကြောင်း သူ သတိထားမိ၍ပင် ဖြစ်သည်။
သို့တိုင်အောင် ရှင်ပြထမြောက်ခြင်းတံခါးပေါက်မှ အဖွဲ့ဝင်တဦးသည် ညတစ္ဆေအား မြင်သောအခါ မနေနိုင်ဟန်ဖြင့် အာ့စ်တင်အား အောက်ပါအတိုင်း ပြောမိလေသည်။
"ရှင်သန်ခြင်းကျောင်းတော်က ပုဂ္ဂိုလ်တွေ ဒူးနေရာဒူး တော်နေရာတော်ဆိုတာကိုကော နားလည်ရဲ့လားမသိဘူး ဒါမှမဟုတ် သူတို့မှာ လူအင်အားမရှိလို့လား ဒါမှမဟုတ် ဒီမိန်းကလေးရဲ့ ကျောထောက်နောက်ခံကပဲ သိပ်ကြောက်စရာကောင်းနေတာလား"
ထိုမေးခွန်းမှာ မှားတော့မမှား။ အကြောင်းမှာ သူမအား ကာကွယ်ရန် ချီမင်းင်းဖန်ကဲ့သို့သော ပုဂ္ဂိုလ်ကိုယ်တိုင် လိုက်ပါလာရသည် မဟုတ်ပါလား။
ထိုမေးခွန်းကိုကြားသောအခါ အာ့စ်တင်က ရယ်မောလိုက်သည်။
"ဒီမိန်းကလေးရဲ့ ကျောထောက်နောက်ခံက တခြားလူမဟုတ်ဘူး စုချန်းပဲကွ"
မေးခွန်းထုတ်သူ မျက်လုံးပြူးသွား၏။
"စုချန်းက ဒီလောက်ပဲ အရေးကြီးသလား"
အာ့စ်တင်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"မင်းသာ ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်လက်ထဲ မူလကျောက်တုံးမီလျံနဲ့ချီပြီး ထည့်ပေးနိုင်ရင် မင်းလဲ သူ့လိုပဲ အရေးကြီးလာမှာပေါ့ကွာ"
တကယ်တော့ ညတစ္ဆေဟူသည် ရှင်သန်ခြင်းကျောင်းတော်အတွက် ဘာမှအရေးပါအရာရောက်လှသည် မဟုတ်။ သူမသည် ရှင်သန်ခြင်းကျောင်းတော်၏ အသေးစားလုပ်ကြံသတ်ဖြတ်ရေးတာဝန်များကို ထမ်းဆောင်ပေးရသော အသေခံတပ်သားတဦးသာ ဖြစ်သည်။ သို့သော် စုချန်းနှင့် သူမအကြား ဆက်ဆံရေးကြောင့် သူမ၏ အဆင့်အတန်းသည်လည်း အလိုလိုပင် မြင့်မားလာတော့၏။ ရေမြင့်လျင် ကြာတင့်သည် မဟုတ်ပါလား။
မာရန်းချီ သေသွားကတည်းက စုချန်းကို ခြိမ်းခြောက်၍မရကြောင်း ရှင်သန်ခြင်းကျောင်းတော်ဘက်မှ သဘောပေါက်သွား၏။ ဤအနေအထားတွင် စုချန်းနှင့်ဆက်ဆံရေးအတွက် ကြားခံတရပ်အဖြစ် အသုံးဝင်လှသော ညတစ္ဆေ၏ အဆင့်အတန်း မြင့်မားလာသည်မှာ သိပ်တော့မဆန်း။ အကယ်၍ စုချန်းသာ ကောင်းကင်ဘုံလက်သီးတပ်ရင်းအား သတ်ဖြတ်သူနယ်မြေအတွင်းမှ ဆွဲထုတ်နိုင်ခဲ့ပါက ညတစ္ဆေသည်လည်း ချီမင်းင်းဖန်၏ရာထူးမျိုးကိုပင် ရသွားနိုင်သေး၏။
အာ့စ်တင်၏ တုံ့ပြန်မှုကြောင့် မေးခွန်းထုတ်သူ ပါးစပ်ပြဲသွား၏။
"ဒါကြောင့် ကျွန်မတို့ ခုလို တောင်ပြေးလိုက် မြောက်ပြေးလိုက် လုပ်နေရတာပေါ့ ဟုတ်လား ဒါပေမဲ့ သူနဲ့မီတာငါးဆယ်အကွာကို ကျွန်မတို့ ဘယ်တော့ရောက်မှာလဲ သူနဲ့ဘယ်အချိန်ကျမှ ဆက်သွယ်နိုင်မှာလဲ"
ညတစ္ဆေသည် ကလေးတယောက်ပမာ မေးခွန်းထုတ်နေ၏။
"လောလောဆယ် ကျုပ်တို့လုပ်နိင်တာ အဲတာပဲ ရှိတယ် ကံကောင်းတာက ကျုပ်တို့ မိတ်ဆွေတွေဟာ ကောင်းကင်ဘုံလက်သီးတပ်ရင်းရဲ့ လမ်းကြောင်းတွေကို သိနေတယ် ဒီတော့ ကံကောင်းထောက်မရင် သိပ်မကြာခင် ကျုပ်တို့ သူနဲ့ အဆက်အသွယ် ရနိုင်တယ်"
"ဒါပေမဲ့ ကျုပ်တို့ သတ်ဖြတ်သူတွေနဲ့လဲ တိုးမိနိုင်သေးတယ်"
ဟေးစု၏ ဝင်ထောက်လိုက်သည်။
ဟေးစု၏ စကားမှ မှားတော့မမှား။ ရည်ရွယ်ချက်တူညီသူများ လမ်းကြောင်းတနေရာတွင် ထိပ်တိုက်တိုးမိနိုင်သည် မဟုတ်ပါလား။
"ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်မှာ အဲဒီကိစ္စအတွက် အဖြေရှိပါတယ်"
ချီမင်းင်းဖန်က ပြန်ဖြေလိုက်သည်။
"ခုထိတော့ အားလုံး အေးအေးဆေးဆေး ဖြစ်နေတာပဲမလား"
"ဟုတ်သားပဲလေ"
ညတစ္ဆေက ခေါင်းညိတ်ထောက်ခံလိုက်၏။
"ဒါဆိုရင်တော့ ကျုပ်တို့ မိတ်ဆွေတွေ အင်မတန်တော်တာပဲဗျ ဒီအတွက် ချီးကျူးပါတယ်"
ဟေးစုကလည်း သံယောင်လိုက်လိုက်သည်။ တချိန်တည်းမှာပင် သူက ချီမင်းင်းဖန်အား ဖြတ်ခနဲ လှမ်းကြည့်လိုက်၏။
သူတို့နှစ်ယောက်လုံးသည် ညတစ္ဆေ မဟုတ်။အတွေ့အကြုံရင့်ကျက်သူများ ဖြစ်ကြ၍ တခုခု မှားနေမှန်း ချက်ချင်းပင် သဘောပေါက်လိုက်ကြ၏။
၎င်းကိုကြည့်ရင်း အာ့စ်တင်က ဟက်ခနဲ ရယ်မောလိုက်သည်။
"ကျုပ်တို့က ဒီမှာ နေလာတာ ကြာပြီ ကျုပ်တို့နဲ့ သတ်ဖြတ်သူတွေအကြားမှာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆက်ဆံရေးမျိုး ရှိတယ် ဒီတော့ ဘာမှဆိုးဆိုးဝါးဝါး ဖြစ်လာစရာမရှိဘူး ခင်ဗျားတို့ စိတ်မပူကြနဲ့ ဒါနဲ့ တလောက သံနဲ့သွေးနိုင်ငံ အလယ်ပိုင်းမှာ ကောင်းကင်ဘုံလက်သီးတပ်ရင်း ပေါ်လာတယ်လို့ ကျုပ် ကြားလာသေးတယ်ဗျ"
သူနှင့် သတ်ဖြတ်သူများအကြား ဆက်ဆံရေးကို ပွင့်ပွင့်လင်းလင်း ပြောကြားခြင်းအားဖြင့် ချီမင်းဖန်တို့၏ သံသယကို အာ့စ်တင်က ချေဖျက်လိုက်၏။
"ဒါဆို ကျုပ်တို့ အလယ်ပိုင်းကို ဦးတည်ရမှာ မဟုတ်ဘူးလား"
ဟေးစုက မေးလိုက်သည်။
"ခုက လမ်းလွဲနေသလိုပဲနော်"
ထိုအခါ အာ့စ်တင်က ပြန်ဖြေလိုက်သည်။
"ကျုပ်တို့ ကောင်းကင်ဘုံလက်သီးတပ်ရင်းကို တွေ့ချင်ရင် သူတို့နောက်ကနေ လိုက်နေလို့မရဘူး သူတို့လမ်းကြောင်းကို ကြိုပြီး မှန်းဆမှရမယ် သူတို့ဟာ ရန်သူ့့နယ်မြေထဲမှာ ရောက်နေတဲ့အတွက် တနေရာထဲမှာ ကြာကြာနေလေ့မရှိဘူး ကျုပ်တို့ အဲဒီကို ရောက်သွားရင် သူတို့က ထွက်သွားပြီးနေပြီ သူတို့ ဘယ်ကို ဦးတည်နေမှန်းကိုလဲ ကျုပ်တို့ မသိနိုင်ပြန်ဘူး ဒါပေမဲ့ လတ်တလောအခြေအနေအရ စုချန်းနဲ့ ကီလိုမီတာငါးဆယ်အကွာကိုရောက်ရင် သူတို့နဲ့ ဆက်သွယ်နိုင်မှာ ဖြစ်တဲ့အတွက် လောလောဆယ်ကတော့ အလယ်ပိုင်းနယ်မြေကို သွားတာ အသင့်တော်ဆုံးလို့ ဆိုရမှာပေါ့"
တကယ်တော့ အာ့စ်တင်၏ စကားများမှာ ဒန်ဘာ၏ စိတ်ကူးမှ ဆင်းသက်လာခြင်းပင်။ အမှန်တကယ်လည်း ဒန်ဘာသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ တည်နေရာကို သုံးကြိမ်တိုင်တိုင်ပင် ခန့်မှန်းနိုင်ခဲ့၏။ အကြောင်းအမျိုးမျိုးကြောင့်သာ ကောင်းကင်ဘုံလက်သီးတပ်ရင်းအနေနှင့် လွတ်မြောက်သွားနိုင်ခဲ့ခြင်းဖြစ်သည်။
မည်သို့ဆိုစေ ၎င်းသည် လီကုံးရှန်တို့လူစုအား အမှန်တကယ်ပင် ထိတ်လန့်သွားစေနိုင်ခဲ့၏။ ထိုအခါ သူတို့၏ လှုပ်ရှားမှုများမှာ ပို၍ပင် လျှို့ဝှက်သွားခဲ့တော့သည်။
"ဒါဆို ကျွန်မတို့ အဲဒီကို ရောက်သွားရင်တောင် သူတို့ကို တွေ့ဖို့မလွယ်တော့ဘူးပေါ့"
ညတစ္ဆေက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။
"ဒါက ကံနဲ့လဲ ဆိုင်ပါသေးတယ်ကွ"
ချီမင်းင်းဖန်က ပြုံးရင်း ပြောလိုက်သည်။
"ကျုပ်ကတော့ ကျုပ်တို့ ကံကောင်းမယ်လို့ ယုံကြည်ထားတယ် ပြီးတော့ မင်းရှိသေးတယ်လေ မင်းပါလာမှတော့ ကျုပ်တို့ ကံကောင်းပြီပေါ့"
"အဲဒီလိုလား"
ညတစ္ဆေ ဝမ်းသာအားရ ဖြစ်သွားလေသည်။
ထိုအခိုက်မှာပင် ချီမင်းင်းဖန်၏ ရင်ဘတ်သည် နွေးခနဲ ဖြစ်သွား၏။
သူ ထိတ်လန့်တကြား ထအော်လိုက်သည်။
"တုံ့ပြန်မှုရတယ်ဟေ့"
**