← Chapters

ဒန်ဘာ၏ အကြံအစည်

Vol. 66 Ch. 655

ဒန်ဘာ၏ အကြံအစည်

Vol. 66 Ch. 655

ချီမင်းင်းဖန်၏ အော်သံကြောင့် လူတိုင်းလိုလို မျက်လုံးပြူးမျက်ဆန်ပြူး ဖြစ်ကုန်ကြ၏။

ထိုအချိန်တွင် ချီမင်းင်းဖန်သည် သူ၏ လျှို့ဝှက်ချက်ကို ဆက်ပြီးထိမ်းမထားနိုင်တော့။ သူက ချက်ချင်းပင် ဆက်သွယ်ရေးငွေပြားကို ဆွဲထုတ်လိုက်သည်။ ငွေပြား၏ မျက်နှာပြင်တွင် အနီစက်လေးတစက် ရှိနေ၏။ ထိုအနီစက်ကား တနေရာသို့ ဦးတည်နေပုံပင်။

"ဒါ စုချန်းပဲ"

အနီစက်လေးကို မြင်သည်နှင့် ညတစ္ဆေ ထအော်လိုက်သည်။

"ကျွန်မ တကယ်ကို ကံကောင်းတာပဲရှင့်"

သို့သော် သူတို့ ကြည့်နေရင်းမှာပင် ထိုအနီစက်သည် ငွေပြား၏ တဖက်ခြမ်းသို့ ခုန်ကူးပြီး ပျောက်ကွယ်သွားတော့သည်။

"ဟာ သူ ဘယ်လိုလုပ် ပျောက်သွားတာလဲ"

လူတိုင်း ထိတ်လန့့်တကြားဖြစ်ကုန်၏။

"သူ ငွေပြား သက်ရောက်မှုဧရိယာရဲ့ အပြင်ဘက်ကို ထပ်ပြီးရောက်သွားပြန်ပြီ"

ချီမင်းင်းဖန်က မှတ်ချက်ပြုလိုက်သည်။

စုချန်းသည် ကနဦးက ငွေပြား၏ သက်ရောက်မှုဧရိယာအတွင်းတွင် ရှိနေခဲ့၏။ သို့သော် ချီမင်းဖန် သူ့ကို ဆက်သွယ်ရန် မကြိုးစားမီမှာပင် ချက်ချင်းဆိုသလို ပြန်လည်ပျောက်ကွယ်သွားပြန်၏။ ၎င်းကိုကြည့်လျင် စုချန်း သိပ်အဝေးကြီးမရောက်သေးကြောင်း သိသာနေသည်။

"သူ ဘယ်ဖက်ကိုသွားတာလဲ ခင်ဗျား သိလိုက်လား"

အာ့စ်တင်က စိုးရိမ်တကြီးနှင့် မေးလိုက်၏။

"ဒီဖက်ကို"

ချီမင်းင်းဖန်က အနောက်ဘက်သို့ ညွှန်ပြရင်း ပြောလိုက်သည်။ အနီစက်လေးသည် အနောက်ဘက်သို့ တိုးဝင်ပျောက်ကွယ်သွားသည် မဟုတ်ပါလား။

"အနောက်ဘက် ဟုတ်လား ကျုပ်တို့ အခု တောင်ပိုင်းနယ်မြေရဲ့ အလယ်ကို ရောက်နေတာ ခု အနောက်ဘက်ကို ဦးတည်နေပြန်ပြီတဲ့ အဲတာ ဘာသဘောလဲ"

လူတိုင်းသည် စုချန်း၏ လှုပ်ရှားမှုကို နားမလည်နိုင်ပဲ ဖြစ်နေ၏။

"အဲတာက အရေးမကြီးပါဘူး သူ့နောက်ကို အရင်လိုက်ကြမယ် ပြီးမှ မေးကြည့်ကြတာပေါ့"

အာ့စ်တင်က လောဆော်လိုက်သည်။

"ဟုတ်တယ်ဟေ့ လိုက်ကြမယ်"

"လိုက်ကြမယ်"

လူတိုင်း ပြိုင်တူဟစ်ကြွေးလိုက်ကြသည်။

ဤတကြိမ်တွင် သူတို့အနေနှင့် နှောင့်နှေးနေစရာ အကြောင်းမရှိတော့။ ထိုအခါ လူတိုင်းသည် အနောက်ဘက်သို့ အားသွန်ခွန်စိုက် လိုက်ပါကြတော့၏။

သို့သော် ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်မှ ပုဂ္ဂိုလ်တချို့မှာကား ရည်ရွယ်ချက်ရှိရှိနှင့်ပင် နောက်ချန်နေရစ်ခဲ့ကြလေသည်။

အာ့စ်တင်သည် သူ့ဘေးနားမှ တယောက်အား အချက်ပြလိုက်သည်။ ထိုအခါ ၎င်းသည် အနက်ရောင်ကျောက်တုံးတစ်တုံးအား ဆွဲထုတ်ပြီး ၎င်းအပေါ်တွင် တစုံတခုကို ရေးခြစ်လိုက်၏။ ထိုစာများသည် အရောင်များ တောက်ပလာပြီး ချက်ချင်းပင် ပြန်လည်ပျောက်ကွယ်သွားလေသည်။ ထို့နောက် ၎င်းက ထိုကျောက်တုံးအား ဘေးနားရှိ ခြုံပုတ်အတွင်း ပစ်ချထားခဲ့၏။

တနာရီခန့်အကြာတွင်တော့ မိုးပြာရောင်​ဝံပုလွေကိုယ်စီ စီးနင်းထားသော ထိပ်တန်းသတ်ဖြတ်သူစစ်သားအဖွဲ့တဖွဲ့ ထိုနေရာသို့ ရောက်ရှိလာ၏။ ထိုဝံပုလွေများမှာ ဦးချိုတချောင်းပါကြံ့ကြီးများလောက် မကြီး။ သို့သော် ကြံများထက် မြန်ဆန်ပြီး ပိုမိုရက်စက်လေသည်။

စစ်သားများအနက်မှ တယောက်က်၏ လက်ထဲတွင် အရောင်တောက်ပနေသော ငွေပြားတခုကို ကိုင်ထားလေသည်။ ၎င်းက ထိုနေရာသို့ ရောက်သည်နှင့် အနက်ရောက်ကျောက်တုံး၏ ဘေးနားတွင် ဝံပုလွေကို ရပ်တန့်စေလိုက်၏။ ထို့နောက် ၎င်းက ကျောက်တုံးကို ကောက်ယူပြီး နဖူးပေါ် တင်လိုက်ငည်။ ထိုအခါ သူ့တကိုယ်လုံး တဆတ်ဆတ် တုန်ခါသွား၏။ ထို့နောက် သူက ရေရွတ်လိုက်၏။

"စုချန်းရဲ့ခြေရာလက်ရာကို တွေ့ပြီ သူ အနောက်ဘက်ကို ဦးတည်နေတယ်"

ထိုစကားကို ကြားသည်နှင့် ဝံပုလွေတပ်စု၏ ခေါင်းဆောင်က အချက်ပြမြားတစင်းအား ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်တော့သည်။

ထိုနေရာနှင့် အတော်လေး ဝေးကွာသော နေရာတွင်တော့ အချက်ပြမှုကို စောင့်ဆိုင်းနေသော သတ်ဖြတ်သူစစ်သားများရှိနေ၏။

ကောင်းကင်ပေါ်မှ အချက်ပြမှုကို တွေ့သည်နှင့် သတ်ဖြတ်သူစစ်သားခေါင်းဆောင်က အချက်ပြလိုက်သည်။ ထိုအခါ သတ်ဖြတ်သူစစ်သားများအားလုံး အချက်ပြမြား ထွက်ပေါ်လာရာနေရာဆီသို့ တဟုန်ထိုး ချီတက်ကြတော့၏။

ထိုအချိန်ထိ ချီမင်းဖန်နှင့် ကျန်လူများသည် ဘာတွေဖြစ်နေမှန်း ယခုအချိန်ထိ ရိပ်စားမိသေးဟန် မတူ။

စုချန်းနောက်သို့သာ အမောတကာနှင့် လိုက်နေကြ၏။

သုံးရက်တိုင်တိုင် လမ်းကြောင်းအတိုင်း လိုက်ကြသော်လည်း စုချန်း၏ အရိပ်အယောင်မျှကိုပင် သူတို့မတွေ့။ ထိုအခါ သူတို့အားလုံး စိတ်ဓာတ်ကျကုန်ကြတော့သည်။

"တခုခုတော့ မှားနေပြီနဲ့တူတယ် ကျုပ်တို့ သူ့နောက်လိုက်လာတာ သုံးရက်တောင်ရှိပြီ ဘာလို့သူ့ကို မမှီသေးတာလဲ ဒါမှမဟုတ် သူ လမ်းကြောင်းပြောင်းသွားလို့များလား"

"အလယ်ပိုင်းနယ်မြေဟာ သားရဲတွေရဲ့ တိုက်ခိုက်ခြင်းကို ခံလိုက်ရပြီလို့ ခုပဲ သိရတယ် မရေမတွက်နိုင်တဲ့ သားရဲတွေ နယ်စပ်ကို ဖြတ်ကျော်လာပြီး မြို့ကြီးဆယ်မြို့လောက်အထိ ဖျက်ဆီးသွားပြီးပြီလို့ ဆိုတယ်"

အာ့စ်တင်က ပြောလိုက်၏။

"ဘာ"

ထိုစကားကြောင့် လူတိုင်းလိုလို အံ့သြသင့်သွား၏။

သတ်ဖြတ်သူနယ်မြေအလယ်ပိုင်းတွင် သူတို့ မမျှော်လင့်ထားသော အခြေအနေတရပ် ဖြစ်ပေါ်နေသည် ဆိုပါကလား။

ထိုစဥ် ဟေးစုက ထအော်လိုက်သည်။

"ဒါ စုချန်းလက်ချက် ဖြစ်နိုင်တယ် ဟုတ်တယ်မလား"

"ဒါ သိပ်ဖြစ်နိုင်တယ်"

စုချန်းအကြောင်းကို အတော်အတန် နားလည်သဘောပေါက်ပြီးဖြစ်သော ချီမင်းင်းဖန်က ထောက်ခံလိုက်၏။ စုချန်းကဲ့သို့ နည်းဗျူဟာကြွယ်ဝသူသာလျင် ဤမျှ ကြီးကျယ်သော ဖြစ်ရပ်မျိုးကို ကြိုးကိုင်နိုင်စွမ်း ရှိမည်မဟုတ်ပါလား။

"ဒါဆို ကျုပ်တို့ မြောက်ဘက်ကို သွားလို့မဖြစ်တော့ဘူး"

"ဒါဆို တောင်ဘက်ကိုကော"

"တောင်ဘက်ကိုလဲ သွားလို့မရဘူး တောင်ဘက်မှာ သတ်ဖြတ်သူစစ်တပ်တွေ အသင့်စောင့်နေတယ်ဆိုတာ သူတို့ သိတယ် ဒီတော့ ကောင်းကင်ဘုံလက်သီးတပ်ရင်းသာ တောင်ဘက်ကို သွားရင် သတ်ဖြတ်သူစစ်တပ်နဲ့ တည့်တည့်တိုးမှာပဲ"

အာ့စ်တင်က မှတ်ချက်ပေးလိုက်၏။

"မြောက်ပိုင်းလမ်းကြောင်းက ပိတ်နေပြီ တောင်ပိုင်းကလဲ သွားလို့မရဘူး ဒီတော့ အနောက်ဘက်ပဲ ကျန်တော့တာပေါ့ ဒါပေမဲ့ သူတို့က လူရှစ်ထောင်လောက်ပါတဲ့ စစ်တပ်ကြီး ဘယ်လိုလုပ် ဒီလောက်မြန်မြန်သွားနိုင်ရတာလဲ"

လူတိုင်း၏ စိတ်ထဲတွင် စုချန်းသည် ကောင်းကင်ဘုံလက်သီးတပ်ရင်းနှင့် အတူတကွ ရှိနေသေးသည်ဟု ယုံကြည်ထားကြ၏။ ထို့ကြောင့် သူတို့၏ စိတ်ထဲတွင် စုချန်း၏ လှုပ်ရှားမှုသည် ကောင်းကင်ဘုံလက်သီးတပ်ရင်း၏ လှုပ်ရှားမှုသာ ဖြစ်နေတော့သည်။

ထိုမေးခွန်းကို ချီမင်းင်းဖန်ကိုယ်တိုင်လည်း မဖြေနိုင်။ သို့သော် လက်ရှိအခြေအနေအရ စုချန်း၏ ခြေလှမ်းသည် အနောက်ဘက်သို့ ဦးတည်နေသည်ဟု သူ ယူဆလိုက်၏။

"အနောက်ဘက်ကို ဒီထက် ဝေးဝေးဆက်သွားရင် ကျုပ်တို့ သားရဲနယ်မြေထဲ ရောက်ကုန်လိမ့်မယ် သူတို့ ဘာလုပ်ဖို့ စဥ်းစားနေတာလဲ"

အာ့စ်တင်က နဝေတိမ်တောင်နှင့် မေးလိုက်သည်။

ချီမင်းင်းဖန် မျက်လုံးပြူးသွား၏။

"သားရဲလှိုင်းကြောင့် သူတို့နယ်မြေထဲမှာ သားရဲတွေနည်းသွားပြီ ဒါဆို သူတို့ သားရဲနယ်မြေထဲ ထိုးဖောက်ဝင်ရောက်သွားဖို့ ကြံစည်နေကြတာပဲလား"

ထိုအခါကျမှ တစုံတရာကို သဘောပေါက်သွားပြီး လူတိုင်း တုန်လှုပ်ကုန်ကြသည်။

အာ့စ်တင်သည်လည်း ဘာတွေဖြစ်ပျက်နေမှန်း နားလည်သွားပြီ ဖြစ်သည်။

"သူတို့ သားရဲနယ်မြေထဲ ခိုးဝင်မယ် ရှားပါးအရင်းအမြစ်တွေကို လုယူမယ် သားရဲတွေ ပိုပြီး ဒေါသထွက်လာအောင် လုပ်မယ် ဒီဖြစ်ရပ်ကနေ နောက်ဆုံးမှာ သတ်ဖြတ်သူမျိုးစိတ်တခုလုံး ပျက်စီးသွားသည်အထိ ဖြစ်သွားနိုင်တယ် ပြီးရင် လူသားတွေအနေနဲ့ ကိုယ့်နယ်မြေကို အေးအေးဆေးဆေး ပြန်ရုံပဲ ကောင်းလိုက်တဲ့ စိတ်ကူး ပြောင်မြောက်လိုက်တဲ့ဗျူဟာ ဒီကောင် စုချန်းဟာ တခုခုတော့ တခုခုပဲ"

အာ့စ်တင်အနေနှင့် စုချန်းကို တကြိမ်တခါမှ မတွေ့ဖူး။ သို့သော် စုချန်း၏ ဗျူဟာကို နားလည်သွားရုံနှင့် စုချန်း ဘာကောင်မှန်း ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားခဲ့လေပြီ။

သားရဲနယ်မြေ။

လူတိုင်း၏ နှလုံးသားသည် ကြီးစွာ တုန်လှုပ်ကုန်ကြလေသည်။

ဤအချိန်သည် သားရဲနယ်မြေသို့ ဝင်ရောက်ရန် အကောင်းဆုံးအချိန် ဖြစ်သည်။ ကောင်းကင်ဘုံလက်သီးတပ်ရင်းသာ ဝင်နိုင်လျင် သူတို့ အဘယ်ကြောင့် မဝင်နိုင်ရမည်နည်း။

အစီအစဥ်မှာ နေသားတကျ ဖြစ်သွား၏။ လူတိုင်း ကောင်းကင်ဘုံလက်သီးတပ်ရင်းနောက်သို့ လိုက်ပါပြီး သားရဲနယ်မြေအတွင်းမှ ရတနာများ ရှာဖွေရန် ဆုံးဖြတ်လိုက်ကြတော့သည်။

တနာရီခန့်အကြာတွင်တော့ ထိုသတင်းသည် ဒန်ဘာထံသို့ ရောက်ရှိလာ၏။

"သူတို့ သားရဲနယ်မြေထဲကို သွားနေပြီ ဟုတ်လား"

ထိုသတင်းမျိုးကို မမျှော်လင့်ထားမိ၍ ဒန်ဘာကိုယ်တိုင် ကြောင်တက်တက် ဖြစ်သွား၏။

မရဏနယ်မြေအား ဖြတ်သန်းမည့်အကြံ ပျက်စီးသွားပြီးနောက် လူသားများအနေနှင့် ထုံးကျောက်တောင်တန်းရှိရာသို့ ပြန်လာလိမ့်မည်ဟုသာ သူ တထစ်ချ ယူဆထားခဲ့သည် မဟုတ်ပါလား။ ထိုအစား ၎င်းတို့က သားရဲနယ်မြေကို ဖြတ်ကျော်ရန်သာ ဆုံးဖြတ်လိုက်ကြပုံရသည်။ ထိုအကြံမှာ ခက်ခဲသော်လည်း သားရဲနယ်မြေအတွင်း သားရဲများ ကျဲပါးသွားပြီဖြစ်၍ ဖြစ်နိုင်ဖွယ်ရာတော့ ရှိနေ၏။

"ခေါင်းဆောင်လေး ကျုပ်တို့ ဘာဆက်လုပ်ကြမလဲ"

ကူဘရစ်က မေးလိုက်သည်။

ဒန်ဘာ ဘာမှပြန်မဖြေ။ ငြိမ်သက်စွာထိုင်လျက် စဥ်းစားနေ၏။

ဘာရန်းက စိတ်မရှည်ဟန်ဖြင့် ဝင်ပြောလိုက်သည်။

"ဘာလုပ်ရမလဲ မေးနေစရာလား ဒီကောင်တွေနောက်ကို ဆက်လိုက်ရုံပေါ့ ဒီကောင်တွေ သားရဲနယ်မြေထဲ ဝင်နိုင်ရင် ကျုပ်တို့ဘာကြောင့် မဝင်နိုင်ရမှာလဲ ကျုပ်တို့ အဲဒီမှာ ရှိနေတုန်း သားရဲတချို့ကိုပါ သတ်ပြီး ယူလာနိုင်သေးတယ်"

ဘာရန်းကိုယ်တိုင်လည်း သားရဲနယ်မြေမှ အရင်းအမြစ်များအား မက်မောနေသည်မှာ ထင်ရှားနေ၏။

ဘာရန်းကား ဘာဦးနှောက်မှ ရှိသူမဟုတ်။ သို့သော် ဤတကြိမ်တွင်တော့ သူ့အကြံကို သတ်ဖြတ်သူဗိုလ်ချုပ်တိုင်းက ထောက်ခံလိုက်ကြလေသည်။

ထိုအခိုက်မှာပင် ဒန်ဘာက ရုတ်တရက် မေးလိုက်၏။

"ဒါနဲ့ သားရဲလှိုင်းရဲ့အခြေအနေ အခု ဘယ်လိုရှိသလဲ"

ဒန်ဘာ အဘယ်ကြောင့် သားရဲလှိုင်း၏ အခြေအနေကို ကောက်ခါငင်ခါနှင့် မေးရလေသနည်း။

သတ်ဖြတ်သူတိုင်း စိတ်ရှုပ်ကုန်ကြ၏။

ကူဘရစ်က ဝင်ဖြေလိုက်သည်။

"ကြားရသလောက် သားရဲလှိုင်းဟာ မူလျူရဲတိုက်ကို ဖျက်ဆီးလိုက်ပါပြီ ခု သူတို့ သံမဏိမြို့ကို တိုက်ခိုက်နေတယ် ဟွန်ဂူလာကို ရောက်ဖို့ သိပ်မကြာတော့ဘူး"

ဟွန်ဂူလာသည် သားရဲလှိုင်း၏ အဆုံးသတ်နေရာ ဖြစ်သည်။ ဟွန်ဂူလာသို့ ရောက်သည်နှင့် သားရဲများသည် ဆက်လက်တိုက်ခိုက်ခြင်းမရှိတော့ပဲ ဌာနေသို့ အမြဲတစေ ပြန်လှည့်သွားလေ့ရှိ၏။

အကယ်၍ ကောင်းကင်ဘုံလက်သီးတပ်ရင်းသာ သားရဲအသိုက်ကို ဝင်ရောက်နှောင့်ယှက်လိုက်ပါက သားရဲလှိုင်းသည် ပို၍ ကြီးမားလာဖွယ်ရာ ရှိ၏။ ထိုအခါ သတ်ဖြတ်သူများဘက်မှ ပျက်စီးမှုသည်လည်း ပို၍ ကြီးမားလာဖွယ် ရှိသည်။

သို့တိုင်အောင် ကျောက်တုံးပုတ်သင်အသိုက်အနေနှင့် သားရဲလှိုင်း၏ သက်ရောက်မှုကို ခံစားဖွယ်ရာတော့ မရှိသေး။

အလယ်ပိုင်းဒေသတခုလုံး သားရဲလှိုင်းကြောင့် အကြီးအကျယ် ဒုက္ခရောက်နေချိန်ဝယ် တောင်ပိုင်းဒေသသည်လည်း လူသားများကြောင့် တဖြည်းဖြည်း ထိခိုက်နစ်နာမှုများ ရှိလာနေ၏။ သို့သော် သတ်ဖြတ်သူများ၏ သဘာဝအရ မျိုးစိတ်ကြီးတခုလုံး ဒုက္ခရောက်ဖွယ်ရာရှိသည်ဟု ယူဆပါက အသိုက်အားလုံး မဟာမိတ်ဖွဲ့ပြီး ရေကုန်ရေခန်း ပြန်လည်တိုက်ခိုက်ကြမည်သာ။ လက်ရှိအနေအထားအရတော့ သတ်ဖြတ်သူအသိုက်အားလုံး မဟာမိတ်ပြုကြမည့် အရိပ်အယောင် မရှိသေး။

ဒန်ဘာသည် အတွေးရေယာဥ်ကြောဝယ် နစ်မြုပ်လျက်ရှိ၏။

အကြောင်းမှာ သူ့စိတ်အား စနိုးစနောာင့်ဖြစ်စေသည့် ခက်ခဲသော ပြသနာတရပ် ရှိနေသောကြောင့်ပင် ဖြစ်လေသည်။

***

All Chapters