← Chapters

ဆေးဖော်စပ်ခြင်း

Vol. 67 Ch. 661

ဆေးဖော်စပ်ခြင်း

Vol. 67 Ch. 661

"သေစမ်း ငါ မလုပ်နိုင်တာ ဘာမှမရှိဘူးလို့ ကိုယ့်ကိုယ်ကို အထင်ကြီးထားတာ ခုတော့ မှားနေပြီပဲ"

စုချန်းသည် နေရာဒေသ ကွဲကွဲပြားပြား မသိရသော လှိုဏ်ဂူတဂူအတွင်းဝယ် အမျိုးမျိုး အဖုံဖုံသော ဆေးများကို ဖော်စပ်ရင်း အထက်ပါအတိုင်း ရေရွတ်လိုက်၏။

သူ့ရှေ့တွင် သေးငယ်သော ဒယ်အိုးတလုံး ရှိနေ၏။ စုချန်း၏ ဘယ်ဖက်လက်သည် ဒယ်အိုးကို ကိုင်ထားပြီး ညာဖက်လက်သည် ဒယ်အိုးပေါ်တွင် ရှိနေ၏။ သူ့ညာဖက်လက်ဖဝါးမှ ထွက်ပေါ်လျက်ရှိသော အပြာရောင်မီးတောက်ငယ်သည် ဝဲဂတော့သဖွယ် လှည့်ပတ်ကာ ဒယ်အိုးအတွင်းရှိ ပါဝင်ပစ္စည်းများကို သမအောင် မွှေနှောက်လျက်ရှိသည်။

စုချန်းကဲ့သို့ ကျွမ်းကျင်အဂ္ဂိရပ်ပညာရှင်များသည် ဆေးဖော်စပ်ရာတွင် သာမာန်မီးတောက်အစား မူလစွမ်းအင်မီးတောက်များကို အသုံးပြုလေ့ရှိကြ၏။ အကြောင်းမှာ မူလစွမ်းအင်မီးတောက်များသည် မီး၏ အပူချိန်နှင့် မီးတောက်အရွယ်အစားကို လိုသလို ထိန်းညှိ၍ ရသောကြောင့်ပင်။ တချိန်တည်းမှာပင် မူလစွမ်းအင်မီးတောက် ဖန်တီးရာတွင် သုံးစွဲရသည့် စွမ်းအင်အတွက် ၎င်းတို့တွင် လိုက်လျောညီထွေသော ကျင့်ကြံခြင်းအခြေခံအဆင့် ရှိနေရန် လိုအပ်၏။ ထို့ကြောင့် အဆိုပါ အပူပေးနည်းစနစ်မျိုးကို အဂ္ဂိရပ်ပညာရှင်တိုင်း မသုံးနိုင်ကြချေ။

ယခု စုချန်း၏ ဆေးဖော်စပ်နည်းမှာကား လွန်စွာ ပညာသားပါလှ၏။ သို့တိုင်အောင် ပညာရှင်အဆင့်အဂ္ဂိရပ်ပညာရှင်များ၏ ဆေးဖော်စပ်နည်းကို သုံးစွဲနေရခြင်းမှာ စုချန်းအတွက် လွယ်လွယ်ကူကူတော့ မဟုတ်သေး။

ထို့ကြောင့် စုချန်း၏ နဖူးပြင်တွင် ချွေးများဖြင့် သီးနေလေသည်။ သူသည် ဒယ်အိုးကို တင်းကျပ်စွာ ကိုင်ထား၏။ သူ့မျက်လုံးအစုံသည်ကား ဒယ်အိုးအတွင်းရှိ ပါဝင်ပစ္စည်းများ၏ ပြောင်းလဲမှုကို မျက်တောင်တချက်ပင် မခတ်ပဲ စိုက်ကြည့်နေ၏။ သူ၏ ပရမတ်အမြင်မှာလည်း အဆုံးစွန်သော အနေအထားထိ မြင့်မားနေပေသည်။

စုချန်း ဖော်စပ်နေသည့် ဆေးအမျိုးအစားမှာကား တခြားမဟုတ်။ ဒဏ္ဍာရီအဆင့် ဆေးတမျိုးပင် ဖြစ်လေသည်။

ဒယ်အိုးငယ်အတွင်းမှ ထူထဲသော အပြာရောင်မီးခိုးများ တလူလူ ထွက်ပေါ်နေ၏။ ၎င်းသည် လေထဲသို့ တဖြောင့်တည်း ထိုးတက်နေသော်လည်း အနည်းငယ်မှ ပြန့်ကျဲသွားခြင်း မရှိ။ ဒယ်အိုး၏ အပေါ်တွင်တော့ ဖန်ပေါင်းချောင်တခု ရှိနေ၏။ အပြာရောင်မီးခိုးသည် ဖန်ပေါင်းချောင်ကို ဖြတ်ကာ သလင်းပိုက်ချောင်းအတွင်းသို့ စီးဝင်သွားပြီး ၎င်းမှတဆင့် ထူးဆန်းသော လက်ကိုင်ပါ ဖန်ပေါင်းချောင်တခုအတွင်းဝယ် စုဝေးကုန်ကြလေသည်။

ထူးဆန်းသည်မှာ အပြာရောင်မီးခိုးများသည် အချိန်တိုအတွင်းမှာပင် သလင်းပိုက်ချောင်းအား တိုက်စားသွားခြင်းပင်။

"ပိုက်အသစ်လှဲမယ်"

စုချန်း၏ ပါးစပ်မှ အမိန့်ပေးသံ ထွက်ပေါ်လာသည်။

စုချန်း၏ ဘေးနားတွင် အသင့်စောင့်ဆိုင်းနေသော စက္ကူဖြူအရုပ်သည် မြန်မြန်ဆန်ဆန်ပင် ပိုက်အသစ် လှဲလှယ်ပေးလိုက်၏။ သို့သော် စက္ကူဖြူအရုပ်၏ လှုပ်ရှားမှုသည် မဆိုစလောက် နှေးကွေးသွားလေရာ အပြာရောင်မီးခိုးတချို့ ၎င်း၏ စက္ကူဖဲကြိုးများထံသို့ ကျရောက်သွားတော့သည်။ မီးခိုးငွေ့များနှင့် ထိတွေ့သည့်ခနမှာပင် စက္ကူဖဲကြိုးများသည် ချက်ချင်းဆိုသလို ပုပ်သိုးဆွေးမြေ့ကုန်တော့၏။ စက္ကူဖြူအရုပ် အထိတ်တ်တလန့်နှင့်နောက်ဆုတ်သွားလေသည်။

"နောက်တခါဆိုရင် သတိထား ဒီလို မဖြစ်စေနဲ့"

စုချန်းက သတိလှမ်းပေးလိုက်၏။

"ကောင်းပါပြီ သခင်"

စက္ကူဖြူအရုပ်က ကျုံးနွံစွာပင် အမိန့်နာခံလိုက်သည်။

၎င်းကို ကြည့်ရင်း စုချန်း သက်ပြင်းချလိုက်သည်။ သူ့စိတ်ထဲတွင်လည်း သံမဏိကို သတိရလာ၏။ သံမဏိသာရှိလျင် သူ ဤမျှ ကသီမည်မဟုတ်။ သူ့နောက်မှ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ပြီးနောက် သံမဏိသည် အလွန်ထူးချွန်သော လက်ထောက်တယောက် ဖြစ်လာခဲ့ပြီ မဟုတ်ပါလား။

"အချိန်ဘယ်လောက်ကျန်သေးလဲ"

ဒယ်အိုးအတွင်းရှိ ဆေးရည်များကို မွှေနှောက်ရင်း စုချန်းက စက္ကူဖြူအရုပ်အား မေးလိုက်၏။

"နှစ်မိနစ် ကျန်ပါသေးတယ် သခင်"

စက္ကူဖြူအရုပ်က ခံစားချက်မရှိသော လေသံနှင့် ပြန်ဖြေလိုက်၏။

၎င်း၏ ဘေးနားရှိ သဲနာရီအတွင်းမှ သဲများကား အောက်သို့ တဖြည်းဖြည်း ပြုတ်ကျနေလေ၏။

သွေးစွန်းပင့်ကူမ၏ လိုက်လံဖမ်းဆီးခြင်းကို အချိန်အတော်ကြာ ခံခဲ့ရပြီးနောက် သူမ သူ့ထံသို့ ဘယ်အချိန်တွင် ရောက်လာမည်ကို စုချန်းအနေနှင့် အလွယ်တကူ တွက်ချက်နိုင်လာပြီ ဖြစ်သည်။

အချိန်သည် ပို၍ ပို၍ နည်းလာ၏။ စုချန်း၏ လှုပ်ရှားမှုမှာကား ပို၍သာ တည်ငြိမ်လာလေသည်။

မူလစွမ်းအင်မီးတောက်သည် စိုးစဥ်းငယ်မျှ လှုပ်ရှားခြင်းမရှိပဲ တည်ငြိမ်နေ၏။ အပြာရောင်မီးခိုးငွေ့များကား ရှေးနည်းအတိုင်း အထက်သို့ တလူလူ လွင့်တက်လျက်ရှိသည်။

"တမိနစ်ပဲ ကျန်တော့တယ် သခင်"

စက္ကူဖြူအရုပ်က တည်ငြိမ်သောလေသံနှင့် သတိပေးလိုက်ပြန်သည်။

သို့သော် စုချန်းကား ကြားဟန်မတူ။ သူ့လှုပ်ရှားမှုများမှာကား တည်တည်ငြိမ်ငြိမ်ပင်။

ထိုအချိန်တွင် အဝေးဆီမှ ခြေထောက်ရှစ်ချောင်းရှိ သွေးစွန်းပင့်ကူ၏ ပုံသဏ္ဍာန် ပေါ်လာ၏။

၎င်းက ​လေထဲမှ ပျံသန်းရင်း အော်ပြောလိုက်လေသည်။

"မောင်လေး မောင်လေးရဲ့အနံ့ကို မမ ဒီကနေကို ရနေတယ် မောင်လေးနဲ့ နီးလာပြီဆိုတာ မမ သိတယ် ဒီတခါတော့ မမအနားက ထွက်မပြေးပါနဲ့တော့ကွယ် မမတို့ အားရပါးရ ပျော်ကြရအောင်လေ ခစ် ခစ် ခစ်"

၎င်း၏ အသံသည် လေထဲတွင် စူးရှစွာ ပေါ်ထွက်လာ၏။ အသံမှာ နွဲ့နှောင်းလျက် မြူဆွယ်ဟန်အပြည့် ရှိလေသည်။

သို့သော် စုချန်းကား ထိုအသံကို အနည်းငယ်မျှပင် ဂရုမစိုက်။

"သေစမ်း ဒီလောက် တွက်ချက်ထားတာတောင် သူက တမိနစ်စောပြီး ရောက်လာသေးတယ်"

မည်မျှပင် တိကျသော တွက်ချက်မှုဖြစ်စေကာမူ အခန့်မသင့်ပါက လွဲချော်တတ်သည်မှာ ဓမ္မတာပင်။

"မင်း သွားပြီး အဲဒီ ပင့်ကူမကို အချိန်နည်းနည်း ဆွဲထားစမ်း"

စုချန်းက အမိန့်ပေးလိုက်သည်။

"ကျုပ် ဟုတ်လား သခင်"

စက္ကူဖြူအရုပ် မျက်လုံးပြူးသွား၏။

"ဟုတ်တယ် မြန်မြန်သွား"

စုချန်း၏ အမိန့်သံနှင့်အတူ တောင်ခွဲဓားသည် စက္ကူဖြူအရုပ်ရှိရာသို့ ပျံသန်းလာ၏။

"ပိတ်လော့က မင်းကို ကူညီပေးလိမ့်မယ် ငါ့အတွက် အချိန်တစ်မိနစ်လောက် ရအောင် တားဆီးထားပေး"

ထိုအချိန်တွင် စုချန်း၏ စိတ်ပျံ့လွင့်မှုကြောင့် မူလစွမ်းအင်မီးတောက်သည် မသိမသာ လှုပ်ယမ်းသွား၏။ ထိုအခါ အပြာရောင်မီးခိုးတချို့သည် လမ်းကြောင်းလွဲသွားပြီး စုချန်း၏ ပုခုံးအား ထိမှန်သွားလေသည်။ စုချန်းက ချက်ချင်းပင် ဓားကိုဆွဲထုတ်ပြီး ပုခုံးမှ အသားတချို့အား လှီးဖြတ်လိုက်၏။ ထို့နောက် သူက အနာကျက်ဆေးတချို့အား ဒဏ်ရာပေါ်သို့ လောင်းချလိုက်လေသည်။

စက္ကူဖြူအရုပ်လည်း ဘာမှမတတ်နိုင်တော့ပဲ တောင်ခွဲဓားနောက်သို့ လိုက်ပါသွားရတော့၏။

စက္ကူဖြုအရုပ်ကို မြင်သည်နှင့် သွေးစွန်းပင့်ကူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"ဟဲ့ သေမင်းအရိပ်လေး နင်က လူသားတယောက်ရဲ့နောက်လိုက်လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ နင်က ငါတို့အားလုံးကို အရှက်ရစေတာပဲ"

စက္ကူဖြူအရုပ်ကလည်း ခွန်းတုံ့မခံ ပြန်ပြောလိုက်သည်။

"ငါ အသက်ရှင်နေတယ်ဆိုတာ အဲတာကြောင့်ပဲ ဂုဏ်သိက္ခာအတွက် အသက်ပေးရလောက်အောင်အထိ ငါ မမိုက်ဘူးကွ"

"ဒီတော့ နင်က နင့်သခင်အတွက် ငါနဲ့ တိုက်ခိုက်မယ်ပေါ့လေ"

သွေးစွန်းပင့့်ကူက မဲ့ရွဲ့ရင်း ပြောလိုက်သည်။

"တခါတလေကျ မင်း ဘာမှမတတ်နိုင်တော့ အချိန်အခါမျိုးတွေ ရှိတတ်တယ်ကွ"

စက္ကူဖြူအရုပ်က သက်ပြင်းချရင်း ပြောလိုက်သည်။

"ငါဟာ အသက်ရှင်သန်ဖို့ ငါ့ထက် သန်မာတဲ့သူကို ဆရာတင်လိုက်ရတယ် ဒါပေမဲ့ ဒီလိုလုပ်လိုက်တဲ့အတွက်ကြောင့်ပဲ နောက်ထပ် ငါ့ထက် သန်မာတဲ့သူနဲ့ ငါ ရင်ဆိုင်နေရပြန်ပြီ ငါ မှားသွားတယ် ကျောက်သားနှလုံးသားကို ငါ လောဘမကြီးလိုက်သင့်ဘူး ငါ ခုထိ အသက်ရှင်နေတယ်ဆိုတာ မထိသင့်တဲ့ အရာတွေကို မထိခဲ့လို့ပဲ ဒါပေမဲ့ ငါ့သခင်အသစ်ကတော့ ငါ မျှော်လင့်ထားတာထက် အများကြီး ပိုပြီး သန်မာနေခဲ့တယ်"

ထို့နောက် သူသည် စုချန်းအား မည်သို့မည်ပုံ ရှုံးနိမ့်သွားသည်ကို အကျယ်တဝင့်ပင် ရှင်းပြလိုက်ပြန်၏။

သွေးစွန်းပင့့်ကူ မျက်လုံးပြူးလိုက်သည်။

"နင် တော်တော် စကားများတာပဲ"

စက္ကူဖြူအရုပ် သက်ပြင်းချလိုက်ပြန်၏။

"ဒီကိစ္စမှာ ငါ့အတွက် ရွေးချယ်စရာမရှိခဲ့ဘူးဆိုတာ မင်း နားလည်စေချင်လို့ပါလေ"

"ဒါဆိုလဲ နင် ဘေးဖယ်နေလိုက်လေ နင့်သခင်ရဲ့အသွေးအသားတွေကို ငါ စားသုံးပြီးရင် နင့်အတွက် ပိုပြီးသန်မာတဲ့ သခင်သစ်ရပြီပေါ့ ဘာပဲပြောပြော နင်လဲ ငါ့အတွက် အသုံးဝင်ကောင်းဝင်နိုင်တာပဲ"

သွေးစွန်းပင့်ကူမက တခစ်ခစ် ရယ်မောရင်း ပြောလိုက်သည်။

"ဒါတော့ ဘယ်လိုမှ မဖြစ်နိင်ဘူး"

စက္ကူဖြူအရုပ်၏ စကားသံမှာ ထစ်ငေါ့သွား၏။

"မင်း သိဖို့လိုတာ တခုရှိသေး..."

သွေးစွန်းပင့်ကူမ၏ မျက်နှာ မဲခနဲ ဖြစ်သွားလေသည်။

"ခွေးသား နင် ငါ့ကို အချိန်ဆွဲနေတာပေါ့လေ"

ပြောပြောဆိုဆို အဖြူရောင်အလင်းတန်းတခု လွင့်ပျံ့လာ၏။ စက္ကဖြူအရုပ် ထိတ်လန့်တကြားနှင့် နောက်သို့ ဆုတ်လိုက်သည်။ သူ့ရှေ့တွင်လည်း စက္ကူဖဲကြိုးများ တံတိုင်းကြီးပမာ ကာဆီးထားလိုက်၏။ စက္ကူတံတိုင်းပေါ်လာသည်နှင့် အဖြူရောင်အလင်းတန်းသည် ဖြတ်ခနဲ ပျောက်ကွယ်သွား၏။ ထို့နောက် ၎င်းသည် ရုတ်ချည်းပင် ပြန်ပေါ်လာပြီး စက္ကူဖြူအရုပ်၏ နောက်ကျောရှိ တောင်နံရံအား အုန်းခနဲ ထိမှန်သွားလေသည်။

ပေါက်ကွဲမှုသည် ဂူအတွင်းသို့တိုင် ပျံ့လွင့်လာ၏။ ထိုအခါ စုချန်း၏ နောက်ကျောတွင် ကမ္ဘာဦးသွေးပုံရိပ် ရုတ်ချည်း ထွက်ပေါ်လာပြီး သူ့အား ကာကွယ်ထားလိုက်၏။

အပြာရောင်မီးခိုးများ ပျံ့လွင့်မသွားအောင်လည်း ကံကောင်းထောက်မစွာနှင့် စုချန်းတယောက် ထိန်းသိမ်းထားနိုင်ခဲ့လေသည်။

အလွန်အန္တရာယ်ကြီးမားသော ဆေးကို ဖော်စပ်နေချိန်တွင် ကမ္ဘာဦးသွေးပုံရိပ်ကို ထုတ်သုံးနိုင်ခဲ့ခြင်းကို ထောက်လျင် စုချန်း၏ အစွမ်းအစကို ခန့်မှန်းနိုင်ပေလိမ့်မည်။

ထိုအချိန်တွင် အပြင်ဘက်ရှိ စက္ကဖြူအရုပ်သည် ၎င်း၏ စက္ကူလက်တံများကို အလုံးစုံ ဖြန့်ကျက်ထားပြီး ဖြစ်သည်။ ထိုလက်တံများမှ အနက်ရောင်အလင်းတန်းများ ထွက်ပေါ်နေ၏။

၎င်းကိုကြည့်ရင်း သွေးစွန်းပင့်ကူမက ရယ်မောလိုက်သည်။

"ခစ်ခစ် နင် ဒီလိုတိုက်လို့ ငါ အယားတောင်ပျောက်မှာမဟုတ်ဘူး"

စကားဆုံးသည်နှင့် သူမ၏ ​ခြေထောက်ရှစ်ချောင်းမှ ငွေရောင်အလင်းတန်းများ ထွက်ပေါ်လာ၏။

ငွေရောင်အလင်းတန်းနှင့် အနက်ရောင်အလင်းတန်းများ ဆုံမိသည့် ခနမှာပင် ပြင်းထန်သော ပေါက်ကွဲမှုကြီး ဖြစ်ပေါ်လာ၏။ မြင်လိုက်သည်နှင့် အနက်ရောင်အလင်းတန်းသည် ငွေရောင်အလင်းတန်းထက် အင်အားအရာတွင် မနိိမ့်လှမှန်း မြင်သာသည်။ သို့သော် ငွေရောင်အလင်းတန်းကား ကုန်သွားသည်ဟူ၍ မရှိပဲ အဆက်မပြတ် ပေါ်ထွက်လာလေရာ အနက်ရောင်အလင်းတန်းမှာ မနည်းပင် တွန်းလှန်နေရရှာတော့၏။ စက္ကူဖြူအရုပ်ကား နောက်သို့ အဆက်မပြတ် ဆုတ်ပေးနေရလေပြီ။

နောက်ဆုံးတွင်တော့ ငွေရောင်အလင်းတန်းများသည် စက္ကူဖြူအရုပ်၏ တကိုယ်လုံးအား ဝါးမြိုတော့မည့်ဟန် ပေါက်လာတော့၏။

ထိုအချိန်မှာပင် အပြာရောင်မီးခိုးထုသည် သွေးစွန်းပင့်ကူဆီသို့ ဦးတည်ပျံ့လွင့်လာတော့သည်။

***

All Chapters