အပြာရောင်ရေခဲကြယ်
Vol. 67 Ch. 662
အပြာရောင်မီးခိုးငွေ့သည် ဝေ့ကာဝိုက်ကာနှင့် ငွေရောင်အလင်းတန်းဆီသို့ တိုးဝင်လာ၏။ ၎င်းကိုကြည့်ရသည်မှာ မည်သည့်သက်ရောက်မှုမှ ရှိဟန်မတူ။
သွေးစွန်းပင့်ကူသည် အပြာရောင်မီးခိုးငွေ့ကြားတွင် လမ်းလျှောက်နေ၏။ စက္ကန့်ပိုင်းမျှပင်မကြာလိုက် သူမသည် အလွန်နာကျင်ဟန်ဖြင့် စူးရှစွာ ထိုးအော်လိုက်လေသည်။ သူမ၏ ခြေထောက်ရှစ်ချောင်းမှာကား ဒယိန်းဒယိုင်နှင့် နောက်ဆုတ်ရန် ကြိုးစားနေ၏။ သူမ၏ ပတ်ပတ်လည်ရှိ ငွေကြိုးမျှင်များမှာကား ဆုတ်ဖြဲခံလိုက်ရဟန်ဖြင့် အက်ကွဲကုန်လေသည်။
အပြာရောင်မီးခိုးများသည် ၎င်းပတ်ပတ်လည်ရှိ ၎င်းနှင့် ထိတွေ့သမျှ အရာအားလုံးကို တိုက်စားပစ်လိုက်ဟန်တူ၏။ ငွေရောင်အလင်းတန်းများသည် မှေးမှိန်ဖျော့တော့ကုန်ပြီး အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်ကုန်လေသည်။
အနှီအဆိပ်မှာ စွမ်းအင်ကိုပင် စားသုံးပစ်တတ်သည့်ဟန်ပင်။
အကယ်၍ ထိုအဆိပ်သာ စွမ်းအင်ကို စားသုံးနိုင်သည်ဆိုပါက မူလစွမ်းအင်နှင့် ပြုလုပ်ထားသည့့်အကာအကွယ်မှာလည်း အသုံးမဝင်နိုင်တော့ချေ။ ၎င်းမှာ ဤအဆိပ် ကြောက်စရာကောင်းနေရခြင်း၏ အကြောင်းပြချက်များစွာအနက်မှ တခုလည်း ဖြစ်သည်။ သင်သည် ဤအဆိပ်နှင့် ထိတွေ့မည့်သည်နှင့် တပြိုင်နက် ၎င်းကို တွန်းလှန်နိုင်စရာ အကြောင်းမရှိတော့။ ကျေးဇူးတင်စရာကောင်းသည်မှာ ၎င်းအဆိပ်၏ လှိုက်စားပစ်တတ်သည့်စွမ်းရည်က ကြောက်စရာကောင်းသော်လည်း ၎င်း၏ သေစေနိုင်သော စွမ်းရည်ကတော့ အားပျော့နေခြင်းပင်။ တနည်းည်းအားဖြင့် ထိုအဆိပ်သည် ထိမိရုံမျှနှင့် မသေစေနိုင်ပေ။ သို့သော် မူလစွမ်းအင်ကို အဓိကထားတိုက်ခိုက်တတ်သော သွေးစွန်းပင့်ကူမအတွက်တော့ ဤအဆိပ်မျိုးသည် အတော်လေး ကြောက်စရာကောင်းနေ၏။ တနည်းအားဖြင့် ဤအဆိပ်သည် သွေးစွန်းပင့်ကူမအား တန်ပြန်ရန် ရည်ရွယ်၍ စုချန်း ဖော်စပ်လိုက်ခြင်းပင်တည်း။
မည်သို့ဆိုစေ သွေးစွန်းပင့်ကူမသည် ဆုံးဖြတ်ချက်ချရာတွင်တော့ ပြတ်သားလှ၏။ သူမက ထုတ်လွှင့်ထားသော ငွေကြိုးမျှင်များအား ဖြတ်တောက်ပစ်ရန် ဆုံးဖြတ်လိုက်လေသည်။ အဆိပ်များ ကိုယ်ထဲ အဝင်ခံမည့်အစား ထိုဆုံးဖြတ်ချက်က ပို၍ သင့်တော်သည်မှာ အမှန်ပင်။
လှိုဏ်ဂူအဝမှ စုချန်း၏ ပုံရိပ် တဖြည်းဖြည်း ပေါ်လာ၏။ သူ့လက်ထဲတွင်လည်း ကျောက်စိမ်းပုလွေတချောင်းကို ကိုင်ထားလေသည်။ အပြာရောင်မီးခိုးများသည် ထိုပုလွေဝမှ တိုးထွက်နေခြင်း ဖြစ်သည်။ ပုလွေသည် မူလက ကျောက်စိမ်းရောင်ဖြစ်ဟန်တူသော်လည်း မီးခိုးငွေ့များကြောင့် တချောင်းလုံး အပြာရောင်စွန်းထင်းလျက်ရှိသည်။
ထို့နောက် စုချန်းက ခွေးတကောင်ကဲ့သို့ အလူးအလဲခံနေရသော စက္ကူဖြူအရုပ်ကို ကြည့်ရင်း နှမြောတသစွာနှင့် ပြောလိုက်သည်။
"ငါ့ရဲ့ အဆင့်ငါး မူလကိရိယာဖြစ်တဲ့ ရေကျောက်စိမ်းပုလွေဟာ အပြာရောင်မီးခိုးတွေရဲ့ ထူးခြားတဲ့အစွမ်းကြောင့် ပျက်စီးကုန်ပြီ ဒီငမိုက်သားကို ကယ်ဖို့ ငါ့မှာ မသုံးသင့်ပဲ ထုတ်သုံးလိုက်ရတယ် နှမြောစရာကောင်းလိုက်လေကွာ"
စုချန်းသာ အနည်းငယ် နောက်ကျသွားပါက စက္ကူဖြူအရုပ်သည် အမှန်တကယ်ပင် အသက်ပျောက်သွားဖွယ် ရှိနေ၏။
တဖက်တွင်လည်း အပြာရောင်ရေခဲကြယ်၏ လျှို့ဝှက်ချက်ကို စက္ကူဖြူအရုပ်၏ အသက်ကို ကယ်နိုင်ရန် စုချန်း မတတ်သာပဲ ဖော်ထုတ်ခဲ့ရ၏။ ယခုတော့ လျှို့ဝှက်ချက် ပေါ်သွားပြီဖြစ်၍ အပြာရောင်ရေခဲကြယ်ကို ၎င်းနှင့် တိုက်ခိုက်ရာတွင် စုချန်း နောက်တကြိမ် ထုတ်မသုံးနိုင်တော့။
စုချန်း၏ နှမြောတသစကားသံကို ကြားလိုက်ရသောအခါ သွေးစွန်းပင့်ကူမ၏ မျက်နှာ မဲခနဲ ဖြစ်သွားလေသည်။
"ကောင်လေး နင့်ကို ပညာရှင်အဆင့် အဂ္ဂိရတ်ပညာရှင်လို့ ငါ ထင်မထားမိဘူး အပြာရောင်ရေခဲကြယ်လို အဆိပ်မျိုးကို ဖော်စပ်နိုင်တယ်ဆိုတော့ နင် မဆိုးဘူးပဲ ဒီတခါတော့ နင့်ကို ခွင့်လွှတ်ပေးလိုက်မယ်"
စကားဆုံးသည်နှင့် သွေးစွန်းပင့်ကူမသည် နောက်ဆုတ်ရန် ဟန်ပြင်လိုက်သည်။ သူမအနေနှင့် အပြာရောင်ရေခဲကြယ်ကဲ့သို့ အဆိပ်မျိုးနှင့် ရင်ဆိုင်ရန် ယုံကြည်ချက်မရှိတော့။
"ဒါနဲ့ ကျုပ်ကို ခွင့်လွှတ်ပါလို့ ကျုပ်က မင်းကို ပြောမိသေးလို့လား"
စုချန်း၏ စကားကြောင့် သွေးစွန်းပင့်ကူမ၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။
"ပညာရှင်အဆင့် အဂ္ဂိရပ်ပညာရှင် ဖြစ်တာနဲ့ပဲ နင်က ငါ့ကို ယှဥ်နိုင်ပြီလို့ ထင်တယ်ပေါ့လေ ငါတို့ကြားက ကျင့်ကြံခြင်းအဆင့် ဒီလောက် ကွာနေတာကို နင် ဂရုမစိုက်တော့ဘူးပေါ့လေ ဟုတ်လား"
"မင်းက ထိပ်တန်းအဆင့်နတ်ဆိုးသားရဲတကောင်လောက်ပါပဲ ကျုပ်တို့အကြား အဆင့်ချင်း ဒီလောက်ထိ ကွာလိမ့်မယ်လို့ ကျုပ် မထင်ပါဘူးလေ ပြီးတော့ အပြာရောင်ကြယ်အဆိပ်တပုလင်းဟာ ဒီကွာဟချက်သေးသေးလေးကို ကျဥ်းမြောင်းသွားစေလိမ့်မယ်"
စုချန်း၏ စကားကြောင့် သွေးစွန်းပင့်ကူမ စကားပြန်မပြောနိုင်လောက်သည်အထိ ဒေါသထွက်သွား၏။
"တယ်ပြီး ထောင်လွှားလှပါလား နင် သေချင်နေတယ်ဆိုတော့လဲ နင့်အလိုကို လိုက်ပေးရသေးတာပေါ့လေ"
စကားဆုံးသည်နှင့် သူမ၏ ပါးစပ်အတွင်းမှ ပင့်ကူမျှင်များ တိုးထွက်လာလေသည်။
ဤတကြိမ် ပင့်ကူမျှင်များသည် ယခင် ငွေရောင်အလင်းတန်းများထက် ပို၍ မာကျောခိုင်ခန့်ဟန် တူ၏။ ၎င်း၏ မျက်နှာပြင်မှာ ငွေရောင်ဖိတ်ဖိတ်တောက်နေလေသည်။
စုချန်း ပြုံးလိုက်သည်။ သူ၏ နောက်ကျောတွင်လည်း ကမ္ဘာဦးသွေးပုံရိပ် ချက်ချင်းလိုလိုပင် ပေါ်ပေါက်လာတော့၏။ တဆက်တည်းမှာပင် တောင်ခွဲဓားသည်လည်း မီးလျံတညီးညီးတောက်လောင်လျက် ကြီးထွားလာတော့သည်။ စုချန်းသည် တောင်ခွဲဓားကို အင်အားအမြင့်ဆုံးထိထုတ်ကာ ဝေ့ယမ်းလိုက်၏။
အင်အားအပြည့် ထုတ်သုံးထားသောကြောင့် တောင်ခွဲဓားသည် ကြောက်စရာအင်အားနှင့် လေထုက်ို ထိုးခွင်းပျံသန်းသွားတော့သည်။
ဓားသွားသည် ငွေပင့်ကူမျှင်အား ဝုန်းခနဲ ခုတ်ချမိသွား၏။ ဓားချက်ကြောင့် ပင့်ကူမျှင်မှာ အက်ကွဲကုန်လေသည်။ တောင်ခွဲဓားသည် ပင့်ကူမျှင်အား ထိုးဖောက်ကာ အရှိန်အဟုန်မပျက် ဆက်လက်တိုးဝင်လာတော့၏။
စုချန်း၏ ဓားချက် ဤမျှထိ ကြောက်စရာကောင်းလိမ့်မည်ဟု သွေးစွန်းပင့်ကူမ လုံးဝ ထင်မထား။ ထိုအခါ သူမ အတော်ပင် ထိတ်လန့်သွား၏။
သို့တိုင်အောင် သူမပါးစပ်မှ ထွေးထုတ်လ်ိုက်သော ပင့်ကူမျှင်ပမာဏမှာကား ပို၍သာ ထူထပ်လာလေသည်။
အဆိုပါ ပင့်ကူမျှင်များသည် နောက်ထပ် ပင့်ကူအိမ်ကြီးတခုအဖြစ် ပြောင်းလဲသွား၏။ ပင့်ကူအိမ်သည် ထူးခြားသော အရှိန်အဝါတခု ထွက်ပေါ်နေပြီး အကာအကွယ်တခုသဖွယ် သွေးစွန်းပင့်ကူမ၏ ဦးခေါင်းအား ကာကွယ်ပေးထားလိုက်လေသည်။
မီးလျံတညီးညီးတောက်လောင်နေသော တောင်ခွဲဓားသည် ငွေပင့်ကူအိမ်အား ဝုန်းခနဲ ခုတ်ချမိ၏။ ထိုသို့ခုတ်မိရာမှ ထွက်ပေါ်လာသော အသံသည် ကြိုးတပ်တူရိယာအား အားပြင်းပြင်းနှင့် တီးလိုက်သည့့်အသံနှင့် တူလှပြီး ကြားမိလိုက်သူတိုင်း၏ နှလုံးအိမ်အတွင်းသို့ စူးရှစွာ ထိုးဖောက်ဝင်ရောက်သွားတော့သည်။
သွေးစွန်းပင့်ကူမ ဒေါသတကြီးနှင့် အော်ဟစ်လိုက်လေသည်။
"လူသား နင် ဒါကြောင့် ထောင်လွှားနေတာပေါ့လေ"
"ဒါ အစပဲ ရှိသေးတယ်"
စုချန်း၏ တုံ့ပြန်မှုမှာ တည်ငြိမ်အေးဆေးလှသည်။ တောင်ခွဲဓားသည် နောက်တကြိမ် လေထုကို ထိုးခွင်းပျံသန်းသွားပြန်၏။
ထိုအချိန်တွင် သွေးစွန်းပင့်ကူမ၏ နောက်ကျော၌ အဖြူရောင်ဝတ်ဆင်ထားသော အမျိုးသမီးတယောက်က်၏ ပုံရိပ်ပေါ်ပေါက်လာ၏။ သူမ၏ မျက်နှာပေါ်ရှိ မျက်လုံး၊ နှာခေါင်းနှင့် ပါးစပ်တို့မှ သွေးများယိုစီးကျနေလေသည်။ စုချန်း၏ ဓား တိုးဝင်လာသည်နှင့် သူမ၏ ရှည်လျားသော ဆံနွယ်များသည် လေထဲတွင် ဝေ့ဝိုက်လှုပ်ရှားကာ တောင်ခွဲဓားအား ရစ်ပတ်ထားလိုက်တော့၏။
"သောကသံသရာရဲ့အရသာကို မြည်းစမ်းကြည့်လိုက်စမ်း"
"မင်းလဲ ကျုပ်ရဲ့ အပြာရောင်ရေခဲကြယ်အရသာကို မြည့်ကြည့်ပါအုံး"
စုချန်း၏ စကားဆုံးသည်နှင့် နောက်ထပ် အပြာရောင်မြူခိုးထုသည် သွေးစွန်းပင့်ကူမဆီသို့ တိုးဝင်သွားပြန်သည်။
ပင့်ကူမ ထိတ်လန့်သွား၏။ သူမက နောက်သို့ဆုတ်ရန် ကြိုးစားလိုက်သည်။
သို့သော် သူမ၏ သောကသံသရာသည် တောင်ခွဲဓားကို တုပ်နှောင်လျက်ရှိသဖြင့် သူမခမျာ နောက်ဆုတ်ရန် မဖြစ်နိုင်တော့။
တကယ်တော့ စုချန်း၏ အပြာရောင်ရေခဲကြယ်အဆိပ်သည် သွေးစွန်းပင့်ကူမ၏ သောကသံသရာအတွက် သေမင်းသဖွယ်ပင် ဖြစ်သည်။ အပြာရောင်မီးခိုးထုသည် သောကသံသရာတခုလုံးအား တိုက်စားပစ်လိုက်တော့၏။ ပင့်ကူမ၏ အစွမ်းအထက်ဆုံး စွမ်းရည်တခုမှာ အဟောသိကံ ဖြစ်သွားခဲ့ရလေပြီ။ တနည်းအားဖြင့် သောကသံသရာအား ထုတ်သုံးလိုက်ခြင်းမှာ ပင့်ကူမ အမှားတခု ကျူးလွန်လိုက်ခြင်းဟုပင် ဆိုနိုင်သည်။
အပြာရောင်မီးခိုးထုသည် ရှေ့သို့ တရွေ့ရွေ့ တိုးလာ၏။ သွေးစွန်းပင့်ကူမ ကြောက်လန့်တကြားနှင့် နောက်သို့ ဆုတ်လိုက်သည်။ သူမ၏ ပတ်ပတ်လည်တွင်လည်း အမဲရောင်တိမ်ထုတခုက အကာအကွယ်တခုသဖွယ် လွှမ်းခြုံလျက်ရှိ၏။
ကံမကောင်းအကြောင်းမလှစွာပင် အနှီ အနက်ရောင်တိမ်ထုအကာအကွယ်သည်လည်း အပြာရောင်ရေခဲကြယ်အဆိပ်အား အချိန်တခုသာ ကာကွယ်ပေးထားနိုင်ခြင်း ဖြစ်သည်။
"ဒီတော့ မင်းက ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်ပြီပေါ့လေ ဒါပေမဲ့ မင်းရဲ့ အကြီးမားဆုံးပြသနာက အရမ်းနှေးနေတာပဲ"
စုချန်းက မီးလျံလွန်းပျံယာဥ်အား ဆွဲထုတ်ရင်း ပြောလိုက်သည်။
စုချန်းအဖို့ ဤတကြိမ် လွန်းပျံယာဥ် သုံးရခြင်းမှာ ထွက်ပြေးရန် မဟုတ်တော့။ ရန်သူအား တပြန်တလှည့် အမဲလိုက်ရန်ပင်တည်း။
ပင့်ကူမနှင့် မတူသည်မှာ စုချန်းတွင် ရန်သူအား အနံ့ခံနိုင်သော စွမ်းရည်မရှိ။ သို့သော် သူသည် ပင့်ကူမထက် များစွာ မြန်ဆန်၏။ ထို့ကြောင့် ပင့်ကူမအနေနှင့် ထွက်ပြေးလွတ်မြောက်နိုင်စရာ အကြောင်းမရှိ။
တကယ်တော့ စုချန်းအနေနှင့် မီးလျံယာဥ်ပျံကိုပင် ထုတ်သုံးနေစရာ မလိုလှ။
မီးလျံယာဥ်ပျံသည် ပင့်ကူမ၏ နောက်ကျောတွင် ကပ်လျက် ပေါ်လာ၏။ ဟုန်းဟုန်းထနေသော မီးတောက်များသည် ချက်ချင်းပင် မီးလျံငှက်ကြီးတကောင်အဖြစ်ပြောင်းလဲသွားပြီး ပင့်ကူမ၏ နောက်ကျောကို ထိမှန်သွားတော့၏။
သွေးစွန်းပင့်ကူမ၏ သန်မာလှသော ကိုယ်ခန္ဓာသည်ပင် မီးလျံငှက်၏ အစွမ်းကို မခံနိုင်။ သူမ အပြင်းအထန် နာကျင်သွား၏။ သူမ၏ စိတ်ထဲတွင်လည်း ပြန်လည်တိုက်ခိုက်လိုစိတ်များ ပေါ်ပေါက်လာသည်။ သို့သော် အပြာရောင်ရေခဲကြယ်အဆိပ်၏ အစွမ်းကို တွေးမိသောအခါ ပင့်ကူမခမျာ ဒေါသကို မြိုသိပ်ပြီး ဆက်လက်ထွက်ပြေးရန်သာ ကြိုးစားရရှာ၏။
"ကျုပ် ပင့်ကူမီးကင်သား အမြဲတမ်း စားချင်နေခဲ့တာ"
စုချန်း ညစ်ကျယ်ကျယ်ပြုံးရင်း ပြောလိုက်သည်။
"ဒီကနေ့မှာတော့ ဒီဆန္ဒ ပြည့်တော့မဲ့ပုံပေါ်တယ်"
***