← Chapters

ဖမ်းဆီးသတ်ဖြတ်ခြင်း

Vol. 67 Ch. 663

ဖမ်းဆီးသတ်ဖြတ်ခြင်း

Vol. 67 Ch. 663

ကောင်းကင်ပေါ်တွင် တွေ့ရခဲလှသော မြင်ကွင်းတရပ်ကို မြင်တွေ့နေရ၏။

အင်အားကြီးမားပြီး ရက်စက်ကြမ်းကြုတ်သော သွေးစွန်းပင့်ကူမသည် တဟုန်ထိုး ပြေးလွှားနေ၏။ သူမ၏ နောက်တွင်တော့ မီးလျံယာဥ်က ထပ်ချပ်မကွာ လိုက်ပါလျက်ရှိသည်။

တချိန်တည်းမှာပင် ယာဥ်ပျံတွင်းမှ မီးလျံငှက်များ တကောင်ပြီးတကောင် ထွက်ပေါ်လာပြီး ပင့်ကူမ၏ နောက်ကျောအား ဝုန်းဝုန်းဒိုင်းဒိုင်းနှင့် ထိမှန်လျက်ရှိ၏။

ထိပ်တန်းအဆင့်နတ်ဆိုးသားရဲတကောင်ဖြစ်သော သွေးစွန်းပင့်ကူမ၏ အင်အားသည် အလွယ်တကူ လစ်လျူရှုပစ်၍ ရသည့်အရာတော့မဟုတ်။ သို့သော် အပြာရောင်ရေခဲကြယ်အဆိပ်က သူမ၏ အင်အား အား ကန့်သတ်လျက်ရှိလေရာ သွေးစွန်းပင့်ကူမအနေနှင့် အထက်ပါအတိုင်း ထွက်ပြေးနေရခြင်းပင်။ နောက်ဆုံးတွင် စုချန်း၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် ပင့်ကူမ၏ နောက်ကျောတွင် မဲတူးနေသော မီးလောင်ကျွမ်းရာကြီး ဖြစ်ပေါ်လာ၏။

"ဟာ ခုထိ မသေသေးဘူးလားဟ"

စုချန်း စိတ်ပျက်လက်ပျက်နှင့် ရေရွတ်လိုက်သည်။

တကယ်တော့ ထိပ်တန်းအဆင့်နတ်ဆိုးသားရဲတကောင်သည် ကြာပန်းအုတ်မြစ်လေးခုအဆင့်အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တဦးနှင့် အဆင့်တူ၏။ ထို့ကြောင့် ၎င်း၏ သက်စောင့်အားမှာ လွန်စွာ အားကောင်းလှသည်။ မီးလျံငှက် အကောင်၃၀ကျော်ခန့်နှင့် တိုက်ခိုက်ခံရသည့်တိုင် မသေသေးသည်က်ို ကြည့်လျင် ၎င်းအချက်ကို မြင်သာပေသည်။ စုချန်းကိုယ်တိုင် သွေးစွန်းပင့်ကူမ၏ သက်စောင့်အားကို ချီးကျူးမိ၏။

မည်သို့ဆိုစေ စုချန်း၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် သွေးစွန်းပင့်ကူမ၏ အင်အားသည် တဖြည်းဖြည်း လျော့နည်းလာ၏။ ၎င်း၏ ခွန်အားမှာလည်း တဖြည်းဖြည်း နည်းပါးလာလေသည်။

"ကျေးဇူးပြုပြီး ငါ့ကို ချမ်းသာပေးပါတော့"

သူမ သွေးရူးသွေးတန်းနှင့် အော်ဟစ်တောင်းပန်လိုက်သည်။

"မင်းကိုချမ်းသာပေးလောက်စရာ ဘာအကြောင်းတရားမှ ကျုပ် ရှာမတွေ့ဘူးကွ"

စုချန်းက အေးတိအေးစက်လေသံနှင့် ပြန်ပြောလိုက်သည်။

ငါဟာ အနက်ရောင်လေသခင်ရဲ့ မိန်းမပဲ ငါကိုသတ်လိုက်ရင် သူ နင့်ကို အလွတ်ပေးတော့မှာ မဟုတ်ဘူး"

"အနက်ရောင်လေသခင် ဟုတ်လား အရှင်သခင်အဆင့် နတ်ဆိုးသားရဲပေါ့ ဟုတ်လား"

"နင်သိတယ်ဆိုရင် သိပ်ကောင်းတာပေါ့"

အရှင်သခင်အဆင့် နတ်ဆိုးသားရဲတကောင်ဟူသည် ဝိညာဥ်လောင်ကျွမ်းခြင်းနယ်ပယ်ပညာရှင်တဦးနှင့် အဆင့်တူ၏။ ထို့ကြောင့် လက်ရှိတွင် စုချန်းအနေနှင့် ၎င်း၏ ပြိုင်ဘက် မဟုတ်သေး။

သို့သော် စုချန်း၏ မျက်နှာသည် မဲခနဲ ဖြစ်သွား၏။

"အရှင်သခင်အဆင့်နတ်ဆိုးသားရဲတကောင်က ကြောက်စရာကောင်းတာ မှန်တယ် ဒီတော့ ဘာဖြစ်သလဲ ဒီမှာရှိမနေတဲ့ နတ်ဆိုးသားရဲတကောင်ကို ကြောက်ပြီး ကျုပ်က မင်းကို လွှတ်ပေးလိမ့်မယ်လို့ မင်း တကယ်ပဲ ထင်နေတာလား"

သွေးစုပ်ပင့်ကူမ ထိတ်လန့်သွား၏။

"သူ အနက်ရောင်လေတောင်မှာ ရှိတယ် ငါ့ကို နင်သတ်လိုက်ရင် သူ သေချာပေါက် နင့်ကို ပြန်သတ်လိမ့်မယ်"

"ဒီတော့ သူ အနက်ရောင်လေတောင်မှာ ရှိတယ်ပေါ့ ဟုတ်လား ဒီလိုပြောပြတာ ကျေးဇူးပဲကွာ ခုကစပြီး အဲဒီနေရာကို ငါ ရှောင်ရတော့မှာပေါ့"

ပြောပြောဆိုဆို စုချန်းက နောက်ထပ် မီးလျံငှက်တကောင်အား ဖော်ထုတ်လိုက်၏။

မီးလျံငှက် သူမကိုယ်ပေါ်သို့ ကျရောက်လာတော့မှ လှည့်စားခံလိုက်ရမှန်း သွေးစွန်းပင့်ကူမ သဘောပေါက်သွား၏။ ဟုန်းဟုန်းထနေသော မီးတောက်များမှာလည်း သူမအား ဖုံးလွှမ်းသွားလေသည်။

ထိုအခါ သွေးစွန်းပင့်ကူမက ဒေါသတကြီးနှင့် အော်ဟစ်လိုက်၏။

"နင် ငါ့ကို သတ်ရဲရင်သတ် အနက်ရောင်လေသခင်က နင့်ကို သေချာပေါက် ပြန်သတ်စေရမယ် ငါ့ရဲ့ စိတ်ဝိညာဥ်ကို ထုတ်လွှတ်ပြီး လေထဲမှာ ဖြန့်ကျဲထားလိုက်မယ် မြေကြီးထဲမှာ မြှုပ်ထားလိုက်မယ် သစ်ရွက်တိုင်း မြက်ပင်တိုင်းက ငါ့ရဲ့ အဖြစ်ဆိုးကို သိနေရမယ် လေဟာ ဒီသတင်းကို အနက်ရောင်လေသခင်ဆီ သယ်ဆောင်သွားလိမ့်မယ်"

ထိုအခိုက်မှာပင် ရွှီခနဲ မြည်သံနှင့်အတူ ဓားရောင်များ ဝင်းခနဲ ဖြစ်သွားပြီး သွေးစွန်းပင့်ကူမ၏ ဦးခေါင်းသည် လေထဲသို့ လွင့်စင်သွား၏။ သူမ၏ မျက်နှာတွင်ကား မယုံကြည်နိုင်ဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။

စုချန်းက ဓားသွားတွင် ပေကျံနေသော သွေးများကို သုတ်ပြီး အေးတိအေးစက်နိုင်ဟန်ဖြင့် ရေရွတ်လိုက်၏။

"မင်း အဲဒီလို လုပ်နိုင်တယ်ဆိုရင် လုပ်လိုက်ပါလား စကားပြောပြီး အချိန်ကုန်ခံမနေစမ်းပါနဲ့"

သူ့အနေနှင့် သွေးစွန်းပင့်ကူမ၏ အင်အားကို ဘယ်တုန်းကမှ လျော့တွက်ထားခြင်း မရှိ။ သို့သော် သားရဲနယ်မြေအတွင်း ဝင်လာခဲ့ပြီဆိုကတည်းက အန္တရာယ်ကို အနည်းနှင့်အများရင်ဆိုင်ရမည်ဖြစ်ကြောင်း သူ လက်ခံထားပြီး မဟုတ်ပါလား။

ခြိမ်းခြောက်ရုံမျှနှင့် နောက်တွန့်သွားသော လူစားမျိုးထဲတွင် စုချန်း မပါရေးချမပါ။

အနက်ရောင်လေသခင် လိုက်လာမည်ဆိုပါက လာပါစေ။ သူလာပါက စုချန်း ထွက်မပြေးနိုင်ပေလော။

လမင်းစန္ဒာယာဥ် သူ့လက်ထဲတွင် ရှိနေသ၍ ဘယ်သူ့ကိုမှ စုချန်း မကြောက်။ တဖက်တွင်လည်း ထိပ်တန်းအဆင့် နတ်ဆိုးသားရဲတကောင်ကို သတ်လိုက်နိုင်၍ စုချန်း၏ တိုက်စွမ်းအားမှာ ပို၍ မြင့်မားလာခဲ့ပြီ ဖြစ်သည်။ ကံမကောင်းသည်မှာ ကနဦးတိုက်ပွဲသည် တဦးချင်းတယောက်ချင်း တိုက်ပွဲမျိုး ဖြစ်နေသည်။ ဘေးနားတွင် ရပ်ကြည့်စောင့်ကြည့်သူဟူ၍ မရှိ။ ထို့ကြောင့် လူသားနယ်မြေသို့ ဤသတင်း ပြန်ရောက်မသွားနိုင်တော့။

ထို့နောက် စုချန်းသည် ပင့်ကူမ၏ ရင်ကိုခွဲပြီး အတွင်းရှိ ငွေရောင်သလင်းကို နှိုက်ထုတ်လိုက်၏။

"အင်း အနည်းဆုံးတော့ ငါ့အသုံးစရိတ်အတွက် ကာမိသွားတာပေါ့လေ"

စုချန်း သက်ပြင်းချရင်း ရေရွတ်လိုက်၏။

အပြာရောင်ရေခဲကြယ်အဆိပ် ဖော်စပ်ရခြင်းသည် လွန်စွာ ငွေကုန်ကြေးကျ များလှ၏။ ထိပ်တန်းအဆင့်နတ်ဆိုးသားရဲတကောင်၏ အဆီအနှစ်သလင်းသည်ပင် ၎င်းကုန်ကျစရိတ်အား ကာမိနိုင်ခြင်း မရှိ။

မည်သို့ဆိုစေ ပင့်ကူမအား သတ်ပစ်နိုင်ခဲ့ပြီဖြစ်၍ သားရဲနယ်မြေ၏ ပြသနာကြီးတရပ်အား စုချန်း ဖြေရှင်းနိုင်ခဲ့ပြီ ဖြစ်သည်။ ထို့နောက် စုချန်းသည် စက္ကူဖြူအရုပ်၏ အကူအညီနှင့် နောက်ထပ်အရင်းအမြစ်များအား ဆက်လက်ရှာဖွေပြန်၏။

သားရဲနယ်မြေသည်ကား လွန်စွာ အရင်းအမြစ် ကြွယ်ဝလှပေ၏။ လိုက်လံရှာဖွေ၍ပင် မကုန်နိုင်။ တချို့သော အရင်းအမြစ်များကိုတော့ စုချန်းထက် အင်အားကြီးမားသည့် သားရဲများ စောင့်ကြပ်လျက်ရှိသည်။ ထို့ကြောင့် ၎င်းအရင်းအမြစ်များကိုတော့ စုချန်း လက်လှမ်းမမှီ။ သို့သော် စုချန်း သိမ်းပိုက်နိုင်စွမ်းရှိသော အရင်းအမြစ်များက လိုအပ်သည်ထက် ပိုနေပေသေး၏။

ထို့ကြောင့် စုချန်းသည် အနည်းငယ်မှ အချိန်ဖြုန်းခြင်း မရှိ။ မြန်နိုင်သမျှ မြန်အောင် ခရီးဆက်နေ၏။

သို့သော် အနက်ရောင်လေလှိုင်းတခု သွေးစွန်းပင့်ကူမ သေဆုံးနေသော နေရာသို့ ရောက်ရှိလာကြောင်းကိုတော့ စုချန်း မသ်ိနိင်ခဲ့တော့။

အနက်ရောင်လေလှိုင်းသည် ပင့်ကူမအလောင်းရှိသောနေရာအရောက်တွင် ရပ်တန့်သွားပြီး လေထဲတွင် ရစ်ဝဲကာ လူတဦးပုံစံအဖြစ် တဖြည်းဖြည်း ပြောင်းလဲသွားတော့၏။

စင်စစ်အားဖြင့် ၎င်းသည် ပီဘီ လူသားတဦး ပုံစံတော့မဟုတ်။ ထူးခြားသော သက်ရှိပုံစံတခုဟု ဆိုပါက ပို၍ မှန်ပေလိမ့်မည်။ လူသားများသည် ထိုသတ္တဝါများအား လူသားပုံစံနှင့် တူသည်ဟု ရည်ညွှန်းပြောဆိုလေ့ရှိကြ၏။ သို့သော် ၎င်းမှာ တင်စားပြောဆိုခြင်းထက် မပိုချေ။ တကယ်တော့ သားရဲတိုင်းသည် လူသားနှင့် တူနေသည် မဟုတ်။ ၎င်းတို့သည် ခြေထောက်နှစ်ချောင်းဖြင့် လမ်းလျှောက်ကြ၏။ ထိုအခါ ၎င်းတို့လက်များအား ပို၍ လွတ်လပ်စွာ လှုပ်ရှားနိုင်စွမ်း ရှိလာတော့သည်။ ဤသည်မှာလည်း ဆင့်ကဲပြောင်းလဲခြင်း၏ နိယာမတခုဟု ဆိုနိုင်ပေသည်။

ဥပမာအားဖြင့် ဤနေရာရှိ သားရဲကြီးသည် ခွာနှစ်စုံနှင့် ကြီးမားသော ဦးခေါင်းပေါ်တွင် ကွေးညွတ်နေသည့် ချိုကြီးတစုံကို ပိုင်ဆိုင်ထား၏။ သို့သော် ၎င်းတွင် လက်လေးချောင်းပါ ထပ်ရှိနေပြီး ထိုလက်များ မြေကြီးပေါ် ချလိုက်တိုင်း မဟာပထဝီမြေကြီးတခုလုံး သိမ့်သိမ့်တုန်နေလေသည်။

အနက်ရောင်လေသခင်သည် သွေစွန်းပင့်ကူမ၏ အလောင်းရှိရာသို့ တည့်တည့်မတ်မတ်ပင် လျှောက်သွားပြီး အနံ့ခံလိုက်သည်။

လူတယောက်က်ရဲ့ အနံ့ပါလား..ထူးဆန်းတယ်...ဒီကို လူတယောက်က် ဘယ်လိုလုပ် ရောက်လာတာလဲ...

ထို့နောက် သူသည် လက်တဖက်က်ို ဆန့်တန်းပြီး လေထဲတွင် လှုပ်ရှားလိုက်ပြန်၏။

ထိုလှုပ်ရှားမှုကြောင့် လေထဲတွင် ဝဲဂယက် ထလာ၏။ ဝဲဂယက်ထဲတွင် သွေးစွန်းပင့်ကူမ၏ ပုံရိပ် ထင်ဟပ်လာလေသည်။

သူမသည် လေထဲတွင် ယိမ်းနွဲ့လှုပ်ရှားရင်း တတွတ်တွတ် ရေရွတ်လျက်ရှိသည်။

"ငါ့အတွက် လက်စားချေပေးပါ ငါ့အတွက် လက်စားချေပေးပါ"

"မင်းကို လူဘယ်နှစ်ယောက် ဝိုင်းသတ်သွားတာလဲ"

အနက်ရောင်လေသခင်က အေးဆေးတည်ငြိမ်စွာ မေးခွန်းထုတ်လိုက်သည်။

သွေးစွန်းပင့်ကူမ တုံ့ဆိုင်းသွား၏။

"တ...တယောက်က်ထဲ"

"ကျင့်ကြံခြင်းအဆင့့် ဘယ်လောက်လဲ"

"ယန်...ဖွင့်လှစ်ခြင်း...နယ်ပယ်"

"ဘာကွ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်က မင်းကို သတ်သွားတယ် ဟုတ်လား"

အနက်ရောင်လေသခင်၏ မျက်နှာ မဲခနဲ ဖြစ်သွား၏။

"သူ...အပြာရောင်ရေခဲကြယ်နဲ့ ယာဥ်ပျံကို သုံးသွားတယ်"

"ဘာမှအံ့သြစရာတော့မရှိဘူး မင်း အသုံးပြုတဲ့ နည်းစနစ်တိုင်းဟာ စစ်မှန်တဲ့ မူလစွမ်းအင်ကိုပဲ အခြေခံထားတယ် အပြာရောင်ရေခဲကြယ်ဟာ မင်းရဲ့ အားနည်းချက်ပဲ ပြီးတော့ လွန်းပျံယာဥ်ဟာ မင်းထက် အများကြီး မြန်တယ် ပြီးတော့ မင်း ဒဏ်ရာရထားတဲ့ပုံံစံကို ကြည့်ရင် ရန်သူဟာ မင်းကို မီးလျံအမျိုးအစား မူလစွမ်းရည်တွေသုံးပြီး အရှင်လတ်လတ် မီးကင်ပစ်တာပဲ အပြာရောင်ရေခဲကြယ်အဆိပ်ကြောင့်ရတဲ့ ဒဏ်ရာက သိပ်မပြင်းထန်လှဘူး စိတ်ပျက်စရာကောင်းတာက မင်းဟာ ကြောက်တတ်ပြီး အသုံးမကျတဲ့ ကောင်မပဲ ရန်သူကို သေသည်အထိ ခုခံတိုက်ခိုက်မယ်တော့ မရှိပဲ ထွက်ပြေးဖို့ မင်း ကြိုးစားတယ် ဒါကြောင့် ရန်သူက သူ့အားသာချက်ကို သုံးပြီး မင်းကို သတ်ပစ်နိုင်သွားတာ ခုတော့ မင်း ထွက်ပြေးလို့ ရန်သူ့ဆီမှာ အပြာရောင်ရေခဲကြယ်အဆိပ်တွေ ကျန်နေအုံးမယ်"

"ဘာဖြစ်ဖြစ် ငါ့အတွက် လက်စားချေပေးပါ"

"ငါ မင်းဆန္ဒအတိုင်း လုပ်ပေးမှာပေါ့ ဒါပေမဲ့ မင်းကလဲ ငါ့ဆန္ဒအတိုင်း ငါ့ရဲ့ ဝိညာဥ်အကျဥ်းထောင်မှာ နေထိုင်ရလိမ့်မယ်"

"မဟုတ်ဘူး"

ထိုအချိန်မှာပင် အနက်ရောင်လေသခင်သည် ၎င်း၏ လက်လေးချောင်းကို လှုပ်ရှားလိုက်ရာ တွင်းနက်တခု ပေါ်ပေါက်လာပြီး သွေးစွန်းပင့့်ကူမ၏ ဝိညာဥ်အား စုပ်ယူသွားတော့သည်။

ထို့နောက် အနက်ရောင်လေသခင်က အောက်ပါအတိုင်း ပြောလိုက်လေသည်။

"ဘာမှ အားငယ်မနေနဲ့ သ်ိပ်မကြာခင် မင်းကို သတ်သွားတဲ့ကောင်ကို မင်းဆီ ငါ လွှတ်ပေးလိုက်မယ်"

***

All Chapters