စီးချင်းထိုးပွဲ ၁
Vol. 67 Ch. 666
အာ့စ်တင်အား စစ်ကြေငြာပြီးသည်နှင့် စုချန်း၏ အရှိန်အဝါသည် ရုတ်ချည်းပင် ပြောင်းလဲသွားတော့၏။
သူ့လေသံသည် အသက်အရွယ်နှင့် မလိုက်အောင် တည်ငြိမ်အေးဆေးလှသည်။ သို့သော် သူ့ကိုယ်တွင်းမှ ထွက်ပေါ်လာသော ဖိအားကတော့ ကြောက်စရာကောင်းလှ၏။
ထူထည်းသိပ်သည်းသော အေးစက်စက်အားလှိုင်းများသည် သူ့ထံမှ ကြမ်းတမ်းသော ပုံစံတမျိုးနှင့် ထွက်ပေါ်နေလေသည်။
တချိန်တည်းမှာပင် သူ့နောက်ကျောမှ ကြီးမားသော လူပုံစံ အရိပ်တရိပ် ထွက်ပေါ်လာ၏။ ထိုအရိပ်သည် ကမ္ဘာဦးသွေးပုံရိပ်ပင် ဖြစ်သော်ငြား ယခင်နှင့်မတူပဲ ပေ၂၀၀တိုင် ရှည်ထွက်လာပြီး တောင်ကြီးတစ်တောင်ကဲ့သို့ မားမားရပ်လျက်ရှိသည်။ တောင်ခွဲဓားမှာလည်း ရှည်လျားပြန့်ကားလာပြီး ကောင်းကင်ထက်ခြမ်းခွဲဓားအဖြစ် ပြောင်းလဲသွားတော့သည်။ ဓားမျက်နှာပြင်ပေါ်တွင်တော့ မီးတောက်များသည် အလင်းတန်းများ ရောယှက်လျက် ဟုန်းဟုန်းတောက်နေ၏။
၎င်းကို မြင်သည်နှင့် အာ့စ်တင် မျက်မှောင်ကုတ်သွား၏။
ဘယ်လိုနည်းစနစ်မျိုးပါလိမ့်...
ဒီကောင်က ခုမှ ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပဲ ရှိနေသေးတာ...ဘယ်လိုဖြစ်လို့ ဒီလောက် ကြောက်စရာကောင်းတဲ့ ဖိအားတွေ ထွက်နေရတာပါလိမ့်...
အာ့စ်တင်၏ စိတ်ထဲတွင် သူသည် ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်တဦးနှင့် ရင်ဆိုင်နေရသည်ဟု မထင်တော့။ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်မဟုတ်သည့်တိုင် ထိုနီးနီး အင်အားကြီးမားသူတဦးနှင့် ရင်ဆိုင်နေရပြီဟုသာ ခံစားနေရတော့သည်။
စုချန်းထံမှ တိုးထွက်နေသည့် တိုက်ပွဲကို အာသာငမ်းငမ်း တောင့်တသည့်ဆန္ဒနှင့် တဟုန်ထိုးစီးဆင်းနေသော မူလစွမ်းအင်လှိုင်းများသည် အာ့စ်တင်ကို အကြီးအကျယ် ဖိအားပေးနေခဲ့လေပြီ။ ထိုဖိအားမှာလည်း လျော့သွားသည်မရှိပဲ ပို၍သာ တိုးလာနေ၏။
ဒီကောင် ငါ ထင်ထားတာထက်ကို ကြောက်စရာကောင်းနေတာပဲ...
အခြေအနေ မကောင်းတော့မှန်း အာ့စ်တင် သဘောပေါက်လိုက်ပေပြီ။
လက်ရှိတွင် အာ့စ်တင်အတွက် လုပ်စရာဟူ၍ တခုတည်းသာ ရှိတော့၏။ ၎င်းမှာ စုချန်း အင်အားစုစည်း၍ မပြီးသေးခင် သူ ကြားဖြတ်တိုက်ခိုက်ရန်ပင် ဖြစ်သည်။
သို့သော် အာ့စ်တင် ထိုသို့မလုပ်။ ထိုအစား သူက အိပ်ကပ်အတွင်းမှ တစုံတရာကို ဆွဲထုတ်ပြီး လေထဲဲသို့ ပစ်လွှတ်လိုက်၏။
ရွှီခနဲ မြည်သံနှင့်အတူ အချက်ပြမြားတစင်း ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။
၎င်းကိုကြည့်ရင်း အာ့စ်တင် ဝမ်းသာအားရ ရယ်မောလိုက်သည်။
"စုချန်း မင်းကတော့ သေဖို့သေချာသွားပြီ"
"ဒီတော့ မင်း သူတို့ကို အကြောင်းကြားပြီးသွားပြီပေါ့ ဒီတော့ စိတ်သက်သာရသွားပြီပေါ့ ဟုတ်လား"
စုချန်းကား အာ့စ်တင်၏ လုပ်ရပ်က်ို ဂရုစိုက်ပုံမပေါ်။ သူ အာ့စ်တင်ကို စိုက်ကြည့်နေ၏။ ထိုအကြည့်ဝယ် စိတ်ပျက်ရွံရှာအထင်သေးဟန်များ အတိုင်းသား ပေါ်လွင်နေလေသည်။
"ယန်ဖွင့်လှစ်ခြင်းနယ်ပယ်ပညာရှင်အဆင့် စိမ်ခေါ်သူကို ရင်ဆိုင်ဖို့ အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်က်ရဲ့ ပထမဆုံးလုပ်ရပ်က စစ်ကူတောင်းတာပေါ့ ဟုတ်လား အာ့စ်တင် မင်းရဲ့ သတ္တိတွေ ဘယ်ကိုရောက်ကုန်သလဲ ကိုယ့်ကိုယ်ကိုတောင် ယုံကြည်မှုမရှိမှတော့ ကျုပ်နဲ့ ဘယ်လို တိုက်ခိုက်မလဲ"
အာ့စ်တင်က ညစ်ကျယ်ကျယ်နိုင်ဟန်ဖြင့် ပြုံးလိုက်၏။
"မင်း ငါ့ကို မခံချင်အောင်ပြောနေတာလား လုပ်မနေပါနဲ့ကွာ ဒီလိုလုပ်လို့ ဘာအကျိုးမှမရှိဘူး ငါက ရန်သူကို ငါ ကျွမ်းကျင်တဲ့နည်းလမ်းနဲ့ပဲ တိုက်ခိုက်တတ်တယ် ဒီလိုတိုက်ဖို့ ဘာယုံကြည်မှုမှ ရှိနေစရာ မလိုဘူး ဘာအင်အားမှလဲ သုံးနေစရာမလိုဘူး"
စကားဆုံးသည်နှင့် အာ့စ်တင်သည် ထူးဆန်းသော သီချင်းတပုဒ်ကို စတင်သီဆိုလိုက်တော့၏။
ထိုသီချင်းသံ ထွက်ပေါ်လာသည်နှင့် လေထဲရှိ မူလစွမ်းအင်များသည် လှိုင်းလုံးများပမာ တရစ်ပြီးတရစ် လှုပ်ရှားလာပြီး ထူထပ်သိပ်သည်းလာ၏။ ထို့နောက် ၎င်းစွမ်းအင်လှိုင်းများသည် ဝဲဂယက်တခုအဖြစ် ပြန့်ကားသွားပြီး ပတ်ဝန်းကျင်ရှိ အရာများကို ဆွဲငင်ရန် ကြိုးစားလာတော့သည်။
သဘာဝဝဲဂယက်ပေတကား။
အာကင်င်နာမျိုးစိတ်၏ ကြွင်းကျန်ရစ်သူတယောက်က်ပီပီ အာ့စ်တင်ကား ရှေးဟောင်းအာကင်နာနည်းစနစ်တရပ်ကို စတင်ထုတ်သုံးလာခဲ့လေပြီ။
သဘာဝဝဲဂယက်သည် အဆင့်လေး အာကင်နာနည်းစနစ်တရပ်သာ ဖြစ်၍ အင်အားအရာတွင် သိပ်မပြင်းထန်လှ။ သို့သော် ၎င်းနည်းစနစ်သည် အာကင်င်နာနည်းစနစ်များစွာ၏ အုတ်မြစ်သဖွယ် ဖြစ်နေ၍ အင်ကင်နာပညာရှင်တိုင်း သဘောကျသော နည်းစနစ်တရပ်ပင် ဖြစ်သည်။
အာ့စ်တင်ကား ခေါင်းမာသူ ၊ ရှေးရိုးဆန်သူ ဖြစ်သည်။ အပြောင်းးအလဲလုပ်ရသည်မျိုးကို သူ သဘောမကျ။ သူ ပြောခဲ့သည့့်စကားအတိုင်းပင် အာ့စ်တင်သည် ရန်သူကို အန်ိုင်ရရန် အင်အားကုန်သုံး၍ တိုက်ခိုက်လေ့မရှိ။ ဆိုလိုသည်မှာ နိုင်သင့်နိုင်ထိုက်သော တိုက်ပွဲမျိုးတွင် အာ့စ်တင် ဘယ်တော့မှ ရှုံးနိမ့်လေ့မရှိ။ မနိုင်လောက်သော တိုက်ပွဲမျိုးကိုလည်း သူ မတိုက်တတ်။
ဤသည်မှာ အာ့စ်တင်၏ စဥ်းစားပုံစဥ်းစားနည်းပင် ဖြစ်သည်။
ထိုသို့ စဥ်းစားတတ်၍လည်း ရှင်ပြန်ထမြောက်ခြင်းတံခါးပေါက်တွင် စည်းမျဥ်းများချမှတ်သူ အဖြစ် အာ့စ်တင် နာမည်ရလာခြင်းပင်။ စဥ်းမျဥ်းများ ချမှတ်ပေးရသူဆိုကတည်းက အာ့စ်တင်၏ အတွေးအခေါ် မနိိမ့်လှသည်က်ို မြင်သာနေ၏။
သဘာဝဝဲဂယက်နှင့်အတူ ရှေးဟောင်းအာကင်င်နာနည်းစနစ်များ၏ အစွမ်းကား တရစ်ပြီးတရစ် ပေါ်ထွက်လာတော့သည်။
ရုတ်ချည်းဆိုသလိုပင် စုချန်းနှင့် အာ့စ်တင်အကြားရှိ လေထုသည် လက်ကြီးတဖက်နှင့် ဆွဲညှစ်လိုက်သလို စုဝေးသွား၏။ ထို့နောက် ထိုလေထုအတွင်းမှ အလင်းတန်းများ ထွက်ပေါ်လာပြီး ၎င်းအလင်းများသည် ကြီးမားလှသော အလင်းစက်လုံးကြီးအဖြစ် ပေါင်းစပ်သွားကာ စုချန်းထံသို့ တိုးဝင်လာတော့သည်။
ထိုအလင်းစက်လုံးသည် စုချန်း အသုံးပြုတတ်သည့်အလင်းအားထက် များစွာ မြင့်မားနေ၏။ အင်အားအနေနှင့် ဆယ်ဆခန့် များပေလိမ့်မည်ဟု စုချန်း ခံစားမ်ိလေသည်။
ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သည့် တိုက်ခိုက်မှုပေနည်း။
ရှေးဟောင်းအာကင်နာနည်းစနစ်များသည် တကယ်ပင် ပြင်းထန်လှ၏။ ၎င်းနည်းစနစ်များ၏ တိုက်စွမ်းအားမှာ လက်ရှိခေတ်သုံး မူလစွမ်းရည်များထက် များစွာ သာလွန်နေသည်မှာ ထင်ရှားနေသည်။
ဤမျှ ပြင်းထန်လှသော အလင်းစက်လုံးကိုတော့ စုချန်း ထိပ်တိုက်ရင်မဆိုင်ရဲ။
ထိုအခါ သူ့ကိုယ်ခန္ဓာသည် လှစ်ခနဲ လှုပ်ရှားလိုက်၏။ တဆက်တည်းမှာပင် သူ့လက်ထဲရှိဓားသည်လည်း ဝှစ်ခနဲမြည်အောင် လှုပ်ရှားသွားလေသည်။
ကြီးမားလှသော တောင်ခွဲဓား၏ လှုပ်ရှားမှုနှင့်အတူ လေထဲတွင် ထိတ်လန့်စရာအားလှိုင်းများ ဖြစ်ပေါ်လာ၏။ ဓားမှ ထွက်ပေါ်လာသော အားလှိုင်းများသည် ကီလိုမီတာ သောင်းချီတိုင် ရောက်သွားသည်ဟု ထင်ရသည်။ တချိန်တည်းမှာပင် များပြားလှသော သားရဲပုံရိပ်များစွာ စုချန်း၏ နောက်ကျောတွင် ပေါ်ထွက်လာတော့၏။
အဆိုပါ ပုံရိပ်ယောင်များမှာ ပျံသန်းနေသောမြွေ၊ တောင်နတ်ဆိုး၊ မိုးကြိုးဝိညာဥ်များသာမက လျူယုပင် ပါဝင်နေ၏။ စုချန်းကား လွန်ခဲ့သောနှစ်တချို့အတွင်း သွေးဗီဇအတော်များများကို စုဆောင်းထားပြီးလေပြီ။ တနည်းည်းအားဖြင့် သူ နှစ်သက်သမျှ သွေးဗီဇတိုင်းကို စုချန်း စုပ်ယူထားသည့့် သဘောပင်။ ၎င်းသွေးဗီဇတိုင်း၏ အင်အားက်ိုတော့ စုချန်း အသုံးချနိုင်ခြင်းမရှိသော်လည်း ကိုယ်ပ်ိုင်ဟန်တမျိုးနှင့် တိုက်ခိုက်ရေးနည်းစနစ်တရပ်အဖြစ် ပေါင်းစပ်နိုင်ခဲ့လေပြီ။
အကန့်အသတ်မရှိ အလင်းတန်းများနှင့်အတူ တောင်ခွဲဓားသည် စကြာဝဋာကြီးတခုလုံးကို ထက်ခြမ်းခွဲပစ်တော့ဟန်ကို ဆောင်နေလေသည်။
ဓားချက်ကြောင့် အလင်းစက်လုံးသည် ဘေးသို့ ဖယ်ထုတ်ခြင်းခံလိုက်ရ၏။ သို့တိုင်အောင် အလင်းအားများ၏ ရိုက်ခတ်မှုကြောင့် စုချန်း နောက်သို့လွင့်စင်သွားလေသည်။
လေထဲသို့ လွင့်စင်သွားချိန်မှာပင် စုချန်းသည် ရုတ်တရက် ပျောက်ကွယ်သွား၏။ ထို့နောက် သူ အာ့စ်တင်၏ နောက်ကျောတွင် ဖြတ်ခနဲ ပေါ်ပေါက်လာလေသည်။ အဖြူရောင်မျှော်စင်ပို့ဆောင်ခြင်းနည်းစနစ်ပေတည်း။
"ဟာ ရှေးဟောင်းအာကင်င်နာနည်းစနစ်ပါလား"
အာ့စ်တင် ထိတ်လန့်သွား၏။
ဒီကောင် တကယ်ပဲ ရှေးဟောင်းအာကင်င်နာနည်းစနစ်ကို သုံးနေတာလား...
လူကသာ ထိတ်လန့်သွားသော်လည်း အာ့စ်တင်၏ တုံ့ပြန်မှုကတော့ မနှေး။ သူ့ကိုယ့်ခန္ဓာသည် အလင်းတန်းများ စုဝေးလာပြီး အလင်းပုံရိပ်တခုသဖွယ် ပြောင်းလဲသွား၏။ စုချန်း၏ ဓားမှာလည်း ရေထုကို ဖြတ်တောက်မိသွားသည့်ပမာ အချည်းနှီး ဖြစ်သွားရတော့သည်။
ထို့နောက် အာ့စ်တင်သည် ချက်ချင်းပင် နဂိုပုံစံသို့ ပြန်လည်ပြောင်းလဲသွား၏။ သူ့ညာဖက်လက်ဆီမှလည်း မီးတောက်မီးလျံများသည် ဟုန်းဟုန်းတောက်လျက် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး ဓားကြီးတလက်အဖြစ် ပြောင်းလဲသွားတော့သည်။
တတိယအဆင့်ရှိ ရှေးဟောင်းအာကင်နာနည်းစနစ်တရပ်ဖြစ်သော မီးလျံတိုက်ခိုက်မှုပင် ဖြစ်သည်။ ၎င်းနည်းစနစ်မှာ သဘာဝဝဲဂယက်လောက်တော့ မပြင်းထန်။ သို့သော် ပို၍ မြန်ဆန်စွာ ဖော်ထုတ်နိုင်၏။ အာ့စ်တင်၏ လက်ရှိအင်အားအရ မျက်စေ့တမှိတ်အတွင်း မီးလျံတိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ဖော်ထုတ်နိုင်စွမ်း ရှိပေသည်။
ချွန်မြထက်မြက်သော မီးလျံဓားသွားသည် စုချန်း၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ်ပင် တိုးဝင်လာ၏။ သို့သော် ရုတ်ချည်းဆိုသလိုပင် အကာအကွယ်တခု ပေါ်ပေါက်လာပြီး ဓားသွားအား တားဆီးလိုက်လေသည်။
ထိုအချိန်မှာပင် အာ့စ်တင်က စူးဝါးစွာ အော်ဟစ်လိုက်၏။
အော်သံကြောင့် စုချန်း၏ ကိုယ်ခန္ဓာသည် ဆတ်ခနဲ တုန်ခါသွား၏။ သူ့လှုပ်ရှားမှုမှာလည်း တုံ့ဆိုင်းသွားတော့သည်။
နတ်ဆိုးလွမ်းချင်းသည် တစုံတဦး၏ စိတ်ဝိညာဥ်ကို တိုက်ခိုက်နိုင်စွမ်း မရှိ။ သို့သော် ၎င်းမှာ မူလစွမ်းအင်စုစည်းမှုကိုတော့ နှောင့်နှေးသွားစေနိုင်၏။
အာ့စ်တင် ညစ်ကျယ်ကျယ် ပြုံးလိုက်၏။
ထိုအချိန်မှာပင် ထူးဆန်းသော အနက်ရောင်လှိုင်းများသည် စုချန်းအား လွှမ်းခြုံရစ်ပတ်လာတော့သည်။ အမှောင်လှိုင်းသည် အဆင့်ငါ းရှေးဟောင်းအာကင်င်နာနည်းစနစ်တရပ်ဖြစ်ပြီး ကြောက်စရာ အားအင်များ ပါဝင်နေ၏။
သို့သော် စုချန်းမှာ လှစ်ခနဲ ပျောက်ကွယ်သွားပြန်လေရာ အမှောင်လှိုင်းမှာ အဟောသိကံ ဖြစ်သွားရပြန်သည်။
ထို့နောက် စုချန်းသည် အာ့စ်တင်အား ဓားနှင့်လှမ်းထိုးလိုက်ပြန်၏။
ဓားရွေ့လျားလာသည်နှင့်အမျှ ဓားမျက်နှာပြင်ပေါ်တွင် အလင်းတန်းများ၊ မီးတောက်များသည် ဟုန်းဟုန်းထလာပြန်၏။ ဤတကြိမ်ဓားချက်မှာ အထူးပင် ကြောက်ဖွယ်ရာကောင်းနေလေရာ စုချန်း၏ အင်အားမှာ တိုက်ခိုက်နေရင်းနှင့်ပင် အဆပေါင်းများစွာ တိုးပွားလာသည်ဟု ထင်ရသည်။
အာ့စ်တင် ကျယ်လောင်စွာ အော်ဟစ်လိုက်၏။ သဘာဝဝဲဂယက်မှ အားလှိုင်းများသည်လည်း ရှေ့သို့တိုးထွက်လာပြီး သူ့ရှေ့တွင် ကြေးမုံပြင်တချပ်ကဲ့သို့ စုဝေးသွားတော့သည်။ တချိန်တည်းမှာပင် နောက်ထပ် စက်ဝိုင်းပုံအလင်းတန်းတခု အာ့စ်တင်၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ အမိန့်ဒိုင်းနည်းစနစ်ပင် ဖြစ်သည်။ ထိုမျှသာမကသေး မီးတောက်များကလည်း အာ့စ်တင်၏ တကိုယ်လုံးအား ကာရံထားလိုက်၏။ မီးလျံဝတ်စုံဟုခေါ်သော ရှေးဟောင်းအာကင်နာနည်းစနစ်တရပ်ပင် ဖြစ်သည်။
အာ့စ်တင်ကား ခေသူမဟုတ်။ စက္ကန့်ပိုင်းအတွင်း အကာအကွယ်သုံးမျိုးတိတိ ဖော်ထုတ်ပြီး စုချန်း၏ ဓားချက်ကို ခုခံလိုက်၏။
စုချန်း၏ ဓားသည် မြေပြင်တွင် ကြီးမားသော အက်ကွဲရာကြီး ချန်ထားရစ်ပြီး အာ့စ်တင်၏ ကြေးမုံကို သွားဆောင့်၏။ ဓားချက်ကြောင့် သလင်းမှန်မှာ အစိတ်စိတ်အမွှာမွှာ ကွဲကြေပြီး အရပ်ရှစ်မျက်နှာသို့ လွင့်စင်သွားတော့သည်။ ထို့နောက် စုချန်း၏ ဓားသည် အာ့စ်တင်၏ ဒုတိယအကာအကွယ်ဖြစ်သော အမိန့်ဒိုင်းကို သွားဆောင့်ပြန်ရာ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး စက်ဝိုင်းပုံအလင်းတန်းမှာ ရုတ်ချည်းမှေးမှိန်သွားတော့သည်။ တောင်ခွဲဓားမှာကား လက်ကျန်အရှိန်အဟုန်နှင့် ရှေ့သို့ဆက်လက်တိုးဝင်သွားပြီး မီးလျံဝတ်စုံကို သွားရောက်ထိမှန်ကာ မီးပန်းမီးဖွားများ အရပ်ရှစ်မျက်နှာသို့ လွင့်စင်သွားတော့၏။
ထို့နောက် အာ့စ်တင်၏ ပတ်ပတ်လည်တွင် ကြောက်ဖွယ်ရာ ပေါက်ကွဲမှုကြီး ပေါ်ပေါက်လာလေသည်။
***