← Chapters

အာ့စ်တင်အား သုတ်သင်ခြင်း

Vol. 67 Ch. 668

အာ့စ်တင်အား သုတ်သင်ခြင်း

Vol. 67 Ch. 668

"စိတ်စွမ်းအင်က အဓိက ပြသနာမဟုတ်ဘူး ပြသနာက မင်းရဲ့အင်အား ဖြစ်နေတာ"

"အာရုံစုစည်းပြီး ရှိသမျှအာရုံကို ဖွင့်ထုတ်လိုက်စမ်းပါ အာကင်နာမျိုးစိတ််ဟာ အထွတ်အထိပ်ကို ရောက်လာလိမ့်မယ်"

အာ့စ်တင်သည် အတိတ်မှအသံများကို ရုတ်ချည်းပင် ပြန်လည်ကြားယောင်လာ၏။

မည်မျှ စိတ်ဝင်စားစရာကောင်းလိုက်လေသနည်း။ ယခင်ကဆိုလျင် အာ့စ်တင်သည် ခွန်အားကိုသာ ယုံကြည့်ခဲ့၏။ ကိုယ်တွင်းဝယ် ငုပ်လျှိုးပုန်းကွယ်နေသော အင်အားမျိုး ရှိသည်ဟု မယုံကြည်ခဲ့။ ယခုတော့ သူသည် သူ့ကိုယ်တွင်းဝယ် ငုပ်လျှိုးပုန်းကွယ်နေသော အင်အားများကို စတင်ဖွင့်ထုတ်နိုင်စ ပြုလာခဲ့လေပြီ။

အာကင်နာမျိုးစိတ်များအနေနှင့် ထိုအင်အားမျိုးကိုထုတ်လွှတ်ရန် အလွန်ပင် ခက်ခဲလှ၏။

သို့သော် အောင်မြင်သွားပါကလည်း ရလဒ်မှာ ကြောက်စရာကောင်းလှသည်။

အာ့စ်တင်သည် သူ့ကိုယ်တွင်းရှိ ရှိသမျှ စွမ်းအားများကို စုစည်းလိုက်ရာ ကြောက်စရာ အရှိန်အဝါတခု ပေါ်ထွက်လာ၏။ စုချန်းကိုယ်တိုင်ပင် ထိုအရှိန်အဝါ၏ ခြိမ်းခြောက်မှုကို အာရုံခံမိလေသည်။

အာ့စ်တင်ကား ဆဌမအဆင့် အာကင်င်နာနည်းစနစ်တရပ်ကို ထုတ်သုံးရန် ပြင်ဆင်နေခဲ့လေပြီ။

အာ့စ်တင်ကား ပဥ္စမမြောက်လက်စွပ်အဆင့် အာကင်နာပညာရှင် ဖြစ်သည်။ ထို့ကြောင့် သူသည် သာမာန်အခြေအနေတွင် ပဥ္စမအဆင့် အာကင်နာနည်းစနစ်များကိုသာ အသုံးပြုလေ့ရှိသည်။ သို့သော် တနေရာရာတွင် တစုံတယောက်သည် မူလစွမ်းအင်ကန့်သတ်ချက်များကို ကျော်ဖြတ်နိုင်သကဲ့သို့ပင် အာကင်နာပညာရှင်များသည်လည်း ထိုကန့်သတ်ချက်များကို ကျော်ဖြတ်ရန် ကိုယ်ပိုင်နည်းလမ်းများကို ပိုင်ဆိုင်ထားကြ၏။ အာကင်နာနိုင်ငံတော်ကြီး ခေတ်ကောင်းခဲ့စဥ်က အဆိုပါကန့်သတ်ချက်များကို ​ကျော်ဖြတ်နိုင်သည့်နည်းလမ်းများ ဆယ်ခုထက်မနည်း တီထွင်နိုင်ခဲ့ကြသည်ဟု ဆိုပေသည်။ ထို့ကြောင့် အာ့စ်တင် ဆဌမအဆင့် အာကင်နာနည်းစနစ်ကို ထုတ်သုံးလာသောအခါ စုချန်း မအံ့သြခြင်းပင်။

အာ့စ်တင်သည် ယခင်က သူ့မူပိုင်နည်းစနစ်အဖြစ် မီးလျံစက်ဝန်းနည်းစနစ်က်ိုသာ ရွေးချယ်ထားခဲ့​၏။ အကြောင်းမှာ မီးလျံစက်ဝန်းသည် လူအများနှင့် တိုက်ခိုက်ရာတွင် ပို၍ အသုံးဝင်သောကြောင့်ပင်။ အာ့စ်တင်၏ အတွေးကလည်း ရှင်းသည်။ သူ့စိတ်ထဲတွင် တဦးချင်းတိုက်ပွဲထက် လူအများနှင့် အုံလိုက်ကျင်းလိုက် တိုက်ခိုက်ရသော တိုက်ပွဲမျိုးနှင့်သာ ကြုံတွေ့ရမည်ဟု အာ့စ်တင် ယုံကြည်ထားသည် မဟုတ်ပါလား။

ယခုတော့ ထိုစိတ်ကူးအတွက် အာ့စ်တင် ပထမဆုံးအကြိမ်အနေနှင့် နောင်တရမိလေပြီ။

မီးလျံစက်ဝန်းသည် ဧရိယတခုလုံးကို ထိခိုက်စေသော နည်းစနစ်မျိုးဖြစ်၍ ဆဌမအဆင့် ဖြစ်သည့်တိုင် စုချန်းကို ခြိမ်းခြောက်စေရုံမျှသာ တတ်နိုင်ပေလိမ့်မည်။ ပစ်မှတ်တခုတည်းကို ရည်ရွယ်တိုက်ခိုက်ရသော ဆဌမအဆင့် အာကင်င်နာနည်းစနစ်မျိုးသာလျင် စုချန်းအား အပြီးတိုင် ရှင်းလင်းနိုင်မည်မှန်း အာ့စ်တင် သဘောပေါက်ထားသည် မဟုတ်ပါလား။

ထိုအခိုက်မှာပင် အာ့စ်တင်၏ ရှေ့တွင် အနက်ရောင်နှင့် အစိမ်းရောင်အလင်းတန်းများ ရောယှက်ပေါ်ထွက်လာ၏။ ထိုအစိမ်းရောင်အလင်းတန်းများသည် အလွန်ပင် အဆိပ်ပြင်းထန်ဟန် ပေါ်နေ၏။

ထိုမျှသာမကသေး ပုပ်ဟောင်နံစော်နေသော အငွေ့အသက်များနှင့်အတူ ချောမောလှပသော အမျိုးသမီးတဦး၏ ပုံရိပ် ပေါ်ပေါက်လာ၏။ အမျိုးသမီးသည် သီချင်းတပုဒ်ကို စူးစူးဝါးဝါးပင် ဟစ်ကြွေးလိုက်လေသည်။

သူမ၏ အသံသည် လွန်စွာပင် ဆွဲဆောင်မှုရှိလှ၏။ အသံကို ကြားသည်နှင့် ထိုသူသည် သူမ၏ အမိန့်ကို နာခံချင်စိတ်ပေါက်လာသည်အထိ ဆွဲဆောင်မှုကောင်းလှသည်။

သို့သော် ထိုနည်းစနစ်ကို ထုတ်သုံးလိုက်သည်နှင့် အာ့စ်တင်၏ ကိုယ်ခန္ဓာသည် ညှိုးနွမ်းလာတောလသည်။ တဆင့်ကျော်နည်းစနစ်ကို အသုံးပြုရခြင်းသည် သူသက်စောင့်အားကို ထိခိုက်စေသည် မဟုတ်ပါလား။

"သွား မိစ္ဆာနတ်သမီး ဒီခွေးမသားကို သတ်ပစ်လိုက်စမ်း"

အမျိုးသမီး၏ ဆွဲဆောင်မှုရှိသောအသံသည် ဆွဲဆွဲငင်ငင်နှင့် ဆက်လက်ထွက်ပေါ်နေ၏။ ပုပ်ဟောင်နံစော်သော အငွေ့လှိုင်းသည်လည်း စုချန်းဆီသို့ ဦးတည်ရွေ့လျားလာကြလေသည်။

"အိုး ဒါက မင်းရဲ့ အစွမ်းထက်ဆုံးအကွက်ပေါ့လေ လက်စသတ်တော့ စိတ်ဝိညာဥ်နည်းစနစ်နဲ့ အဆိပ်ကို ပေါင်းစပ်ထားတာပဲကိုး စိတ်ဝိညာဥ်နည်းစနစ်က ရန်သူရဲ့ စိတ်ဝိညာဥ်ကို တိုက်ခိုက်မယ် ဒီမှာတင် အဆိပ်ကို ခုခံနိုင်စွမ်းလျော့ကျသွားမယ် အဆိပ်ကြောင့် ဒဏ်ရာရသွားတော့ စိတ်ဝိညာဥ်တိုက်ခိုက်မှုဒဏ်က်ို ပိုပြီး ခံလာရမယ် ဆိုးတာက ဒီနည်းစနစ်နှစ်ခုလုံးက သူ့ဟာသူဆို ထင်သလောက်မစွမ်းပဲ နည်းစနစ်နှစ်မျိုး ပေါင်းလိုက်မှ အစွမ်းထက်လာတာပဲ အိုး ကျုပ်သိလိုက်ပြီ လက်စသတ်တော့ ဒီနည်းစနစ်ဟာ စတုတ္ထအဆင့်ရှိ အာကင်နာနည်းစနစ်နှစ်ရပ်ကို တခုတည်းဖြစ်အောင် ပေါင်းထားတာပဲကိုး "

စုချန်းကား ခပ်တည်တည်ပင် အာ့စ်တင်၏ နည်းစနစ်ကို ခွဲခြမ်းစိတ်ဖြာပြနေ၏။ သူသည် အမျိုးသမီး၏ တိုက်ခိုက်မှုကို ခုခံနိုင်ရုံမက အာ့စ်တင်၏ နည်းစနစ်က်ိုပင် စိတ်အေးလက်အေး ခွဲခြမ်းစိတ်ဖြာပြနေနိုင်သည်ကို ကြည့်လျင် စုချန်း၏ စိတ်ဝိညာဥ်စွမ်းအင်အတိုင်းအတာကို မြင်သာပေသည်။

"ဒါ...ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

အာ့စ်တင်ကား အကြီးအကျယ် အံ့သြထိတ်လန့့်သွားလေပြီ။

ဒီကောင် ငါ့မိစ္ဆာနတ်သမီးရဲ့ တိုက်ခိုက်မှုကို ဘယ်လိုလုပ် အလွယ်တကူ ခုခံနိုင်တာလဲ...

စုချန်းသည် အာ့စ်တင်ကို လွန်စွာအထင်သေးသည့်အကြည့်နှင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်းရဲ့အသိညဏ်ဟာ မင်းရဲ့ခွန်အားနဲ့ ယှဥ်လိုက်ရင် အတော်ကို နိမ့်နေသေးတာပဲ ခုထိ ကျုပ် ဘယ်လိုလူစားမှန်း မင်း မသ်ိသေးဘူးပဲကိုး ကျုပ်ဟာ အဂ္ဂိရပ်ပညာမှာ ပညာရှင်အဆင့်နယ်ပယ်ထဲကို ခြေလှမ်းဝက်မက ဝင်နေပြီကွ စတုတ္ထအဆင့် အဆိပ်မျိုးက ကျုပ်အပေါ် ဘယ်လိုလုပ် သက်ရောက်တော့မှာတုန်း ပြီးတော့ မိစ္ဆာနတ်သမီးရဲ့ စိတ်ဝိညာဥ်တိုက်ခိုက်မှု...မင်းထုတ်သုံးခဲ့သမျှ စိတ်ဝိညာဥ်တိုက်ခိုက်မှုတွေ ကျုပ်အပေါ် ဘာသက်ရောက်မှုမှ မရှိတာ မင်း မေ့သွားပြီလား"

အာ့စ်တင်ကား ဘာပြောရမှန်းမသိတော့ပဲ စုချန်းကို ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေလေသည်။

မိစ္ဆာနတ်သမီးသည် သံကုန်ခြစ်၍ ဟစ်ကြွေးနေ၏။ သို့သော် သူမခမျာ စုချန်း၏ စိတ်အာရုံအား မည်သို့မှ ထိုးဖောက်နိုင်စွမ်းမရှိ။ စုချန်း၏ စိတ်အာရုံအား ကာရံထားသော တံတိုင်းသည် လွန်စွာ ခိုင်ခံ့လှသည် မဟုတ်ပါလား။

တကယ်တော့ ဆဌမအဆင့်အာကင်နာနည်းစနစ်၏ စွမ်းအင်သည် ပေါ့သေးသေးမဟုတ်။ နည်းစနစ်နှစ်ခု ပေါင်းစပ်ရာမှ ထွက်ပေါ်လာသော စွမ်းအင်သည် ပို၍ပင် ပြင်းထန်နေသေး၏။ လီကုံးရှန်ပင်လျင် ဤတိုက်ခိုက်မှုမျိုးကို ခုခံနိုင်ဖို့ မသေချာလှပေ။

သို့သော် အစွမ်းထက်လှသည်ဟုထင်ရသော နည်းစနစ်မျိုးသည်ပင်လျင် ပစ်မှတ်ထားသော ရန်သူ မှားယွင်းနေသောအခါ သဲထဲရေသွန် ဖြစ်သွားရတတ်၏။

စုချန်းကဲ့သို့သော လူစားမျိုးအပေါ်တွင် အဆိပ်နှင့် စိတ်ဝိညာဥ်တိုက်ခိုက်မှုအား အသုံးပြုခြင်းမှ အလဟသသာတည်း။

"ကဲ့ မင်းပြီးတော့ ကျုပ် အလှည့်ပေါ့ ဟုတ်လား"

စုချန်း ပြုံးရင်း ပြောလိုက်သည်။ သူ့အပြုံးမှာ အထူးပင် ရက်စက်ကြမ်းကြုတ်ဟန်ပေါ်နေ၏။

ထိုအချိန်တွင် အာ့စ်တင်၏ ဆံပင်များအားလုံး ဖွေးဖွေးဖြူသွားပြီ ဖြစ်သည်။ တဆင့်ကျော် နည်းစနစ်ကို စွန့်စားအသုံးပြုရာမှ ပေးလိုက်ရသည့် တန်ဖိုးကား မသေးလှ။

"သေပေတော့"

ကျယ်လောင်စွာ ဟစ်ကြွေးပြီး စုချန်းသည် သူ့လက်ထဲရှိဓားနှင့် အာ့စ်တင်အား လှမ်းထိုးလိုက်၏။

နဂါးတကောင်က တိမ်လွှာထုအား စားသုံးလိုက်သည့်ပမာ စုချန်း၏ ဓားသည် သွက်လက်မြန်ဆန်စွာ လှုပ်ရှားသွားပြီး ဓားဆီမှ အကန့်အသတ်မရှိသော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာတော့သည်။

ထိုအခိုက်အတန့်မှာပင် စုချန်းသည် ဓားချက်နှင့်အတူ မိုးကြိုးမီးလျံစွမ်းအင်၊ စိတ်ဝိညာဥ်စွမ်းအင်များကိုပါ ပေါင်းစပ်လိုက်၏။

ရလဒ်မှာကား အရာအားလုံးကို ဝါးမြိုတော့မည့်ပမာ အကန့်အသတ်မရှိ အဖျက်စွမ်းအင်များ ထွက်ပေါ်လာခြင်းပင်။

ဟာ..တယ်လဲကြောက်စရာကောင်းလှပါလား...ယန်ဖွင့်လှစ်ခြင်းနယ်ပယ်မှာသာရှိသေးတဲ့ ဒီကောင်က ဘယ်လိုလုပ် အလင်းတုန်ခါခြင်းနယ်ပယ်ပညာရှင်တယောက်ရဲ့ အင်အားမျိုးကို ဖော်ထုတ်နိုင်ရတာပါလိမ့်...

အာ့စ်တင် ကြက်သေသေသွား၏။ သို့သော် သူ့တွင် ထိုကိစ္စအား စဥ်းစားနေရန် အချိန်မရှိ။

မည်သို့ဆိုစေ နှစ်ပေါင်းရာကျော် တိုက်ပွဲအတွေ့အကြုံရှိခဲ့သော အာ့စ်တင်သည် လူနုံတယောက်က်တော့မဟုတ်။ ချက်ချင်းလိုလိုပင် သူ့ပတ်ပတ်လည်၌ အကာအကွယ်အများအပြား ပေါ်ပေါက်လာ၏။ တဆက်တည်းမှာပင် အာ့စ်တင်သည် အရိပ်တခုအဖြစ် ပြောင်းလဲသွားလေသည်။

အာ့စ်တင်ကား ဆုတ်ခွာရန် စိုင်းပြင်းနေလေပြီ။

သူ့မူလစိတ်ကူးမှာ သတ်ဖြတ်သူစစ်ကူများ ရောက်မလာမီ စုချန်းအား အတတ်နိုင်ဆုံး အချိန်ဆွဲထားရန်သာ မဟုတ်ပါလား။

ဓားရိပ်သည် အကာအကွယ်များအား ကိတ်မုန့်ပမာ တလွှာပြီးတလွှာ လှီးဖြတ်သွား၏။ ထို့နောက် ၎င်းဓားရိပ်သည် တိမ်ထုပမာ အဝေးဆီသို့ မြောလွင့်နေသော အာ့စ်တင်အား လိုက်လံဖိအားပေးလျက်ရှိသည်။ ထိုနည်းစနစ်မှာ အာ့စ်တင် အထူးကျွမ်းကျင်သော လေဟာနယ်အသွင်ပြောင်းခြင်းနည်းစနစ်ပင် ဖြစ်သည်။ ၎င်း၏အားသာချက်မှာ အချိန်တခုအတွင်း အာ့စ်တင်အား ပျောက်ကွယ်နေစေပြီး ရန်သူ၏ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခြင်းပင်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ တခုခု မှားယွင်းနေသည်ကို အာ့စ်တင် ခံစားမိလာ၏။

သတ်ဖြတ်သူတွေ ဘာကြောင့် ခုထိရောက်မလာသေးတာလဲ...ဒီကောင်တွေ နောက်ကျလှချည်လား...

"သူတို့ ဘာကြောင့် အချိန်မီရောက်မလာသလဲလို့ မင်း တွေးနေတယ်မလား"

စုချန်းက မေးလိုက်၏။

စုချန်း၏ စကားကြောင့် အာ့စ်တင် အရူးတယောက်က်ပမာ ခံစားလိုက်ရလေသည်။

စုချန်းက ထပ်ပြောလိုက်ပြန်၏။

"ငတုံးတွေက ရလဒ်ကိုပဲ ကြည့်လေ့ရှိတယ် ဒါပေမဲ့ ပညာရှိတွေကတော့ ဖြစ်စဥ်တခုလုံးကို သုံးသပ်တယ် ကျုပ်သာ မင်းနေရာမှာဆိုရင် ခုချိန်ကျမှ သံသယဖြစ်မှာမဟုတ်ဘူး သစ်ပင်ပေါ်မှာ ချိတ်ဆွဲထားတဲ့ အဝတ်စကို တွေ့ကတည်းက သံသယဖြစ်မှာပဲ"

"မင်း"

အာ့စ်တင်က စုချန်းအား စိတ်ရှုပ်ထွေးဟန်ဖြင့် စိုက်ကြည့်လိုက်၏။

စုချန်း သက်ပြင်းချရင်း ပြောလ်ိုက်ပြန်သည်။

"ငတုံးတွေက အဖြေ သူတို့ဆီ ရောက်လာမဲ့အချိန်ကို ထိုင်စောင့်နေကြတယ် ပညာရှိတွေကတော့ အဖြေကို ကိုယ်တိုင် လိုက်ရှာကြတယ် ကျုပ်သာ မင်းနေရာမှာဆိုရင် စိတ်ဝိညာဥ်တိုက်ခိုက်မှု နှစ်ကြိမ်တိုင်တိုင် အရေးနိမ့်သွားတာနဲ့ ကျုပ်ဟာ မင်းထက် စိတ်ဝိညာဥ်စွမ်းအင် သာလွန်နေမှန်း ချက်ချင်းသဘောပေါက်လိုက်မှာပဲ စိတ်ဝိညာဥ်စွမ်းအင်ကြီးမားတဲ့လူတွေမှာ ထူးခြားတဲ့ စိတ်ဝိညာဥ်နည်းစနစ်တွေ ရှိနေတတ်တယ် ဥပမာ တိုက်ခိုက်တာ ဒါမှမဟုတ် ထိန်းချုပ်တာမျိုးပေါ့ ခုချိန်ထိ မင်းဟာ ကျုပ်ရဲ့ မီးကုန်ယမ်းကုန် တိုက်ခိုက်တာမျိုးကို မခံရသေးဘူး ဒီတော့ ဖြစ်နိုင်ဖွယ်အရှိဆုံးအကြောင်းတရားက..."

"ပုံရိပ်ယောင် မင်း ငါ့ကို ပုံရိပ်ယောင်နယ်ပယ်ထဲမှာ ပိတ်ထားတာပေါ့ ဟုတ်လား"

အာ့စ်တင် ထိတ်လန့့်တကြားနှင့် ထအော်လိုက်၏။ ထို့နောက် သူက သူ့ကိုယ်သူ ပြန်လည်စစ်ဆေးလိုက်သည်။ ထိုအခါ အိပ်ကပ်အတွင်းမှ အချက်ပြမြားတစင်းကို အာ့စ်တင် တွေ့လိုက်ရသည်။

ဟင်..ဒါဆို ပထမအချက်ပြမြားကို ငါ ဘယ်တုန်းကမှ မပစ်ခဲ့ရသေးဘူးပေါ့...

သို့သော် အာ့စ်တင်ကား လျင်မြန်လှသည်။ ချက်ချင်းပင် သူ့လက်ထဲမှ အချက်ပြမြားကို ကောင်းကင်ပေါ်သို့ ပစ်လွှတ်လိုက်၏။ မီးရောင်ကြောင့် ကောင်းကင်တခွင်လုံး လင်းထိန်သွားပြန်သည်။

"ဒီတခါတော့ မြားအတု မဟုတ်ဘူးကွ ငါ သူတို့ကို တကယ် သတင်းပို့လိုက်ပြီ"

အာ့စ်တင် စိတ်လှုပ်ရှားဟန်ဖြင့် ပြောလိုက်၏။

ထိုအချိန်မှာပင် စုချန်း၏ ဓားသည် ရိပ်ခနဲ လှုပ်ရှားသွား၏။

အာ့စ်တင် ကိုယ့်ကိုယ်ကို ပြန်ငုံ့ကြည့်လ်ိုက်သည်။ ဓားချက်ကြောင့် သူ့တကိုယ်လုံး ထက်ခြမ်းကွဲသွားလေပြီ။

"မင်း"

အာ့စ်တင် စုချန်အား မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်ရင်း တစုံတခု ပြောဆိုရန် ကြိုးစားလိုက်သည်။ သူ့ပါးစပ်အတွင်းမှ အမြုပ်များ တစီစီ ထွက်ကျနေ၏။

စုချန်းက မည်သည့့်ခံစားချက်မှ မရှိသည့်ဟန်ပန်ဖြင့် ပြောလိုက်ပြန်သည်။

"ငတုံးတွေက တပါးသူ ဘာလုပ်မလဲ လိုက်ကြည့်တယ် ပညာရှိတွေကတော့ အခြေအနေကို ထိန်းချုပ်တယ် ကျုပ်သာ မင်းနေရာမှာဆိုရင် ကျုပ်ရန်သူ စကား​တွေအများကြီး ပြောနေကတည်းက သူ တခုခုလုပ်ဖို့ ကြိုးစားနေပြီလို့ တွေးမှာပဲ"

စကားဆုံးသည်နှင့် စုချန်း၏ ဓားသည် နောက်တကြိမ် လှုပ်ရှားသွားပြန်၏။

***

All Chapters