← Chapters

စပ်စုချင်သည့်စိတ်

Vol. 8 Ch. 107

စပ်စုချင်သည့်စိတ်

Vol. 8 Ch. 107

~

မနက်ဖြန်ဆိုလျှင် စာမေးပွဲ​ဖြေရတော့မည် ဖြစ်သည် ။

ကျောင်းသားအားလုံးနီးပါး မနက်ဖြန်အတွက် အနားယူရင်း ပြင်ဆင်နေကြသဖြင့် လင်းမို့၏ တက်ကြွအမှတ်မှာ ၁ သာရှိသည် ။

သို့သော် လင်းမို့ဂရုမစိုက် ။

' အလုပ်နဲ့ ဘဝက ညီမျှ နေရမယ်လေ... ခုချိန်က နားရမယ့်အချိန်ဆိုတော့ နားကြပေါ့... တက္ကသိုလ်ရောက်မှ အတိုးပါပေါင်းညှစ်ပြစ်မယ်... '

လင်းမို့၏ ညှစ်ထုတ်နိုင်စွမ်းက အရင်းရှင်သူဌေးများပင် ထိုင်ငိုသွားနိုင်သည် ။

' ငါ့ လက်သီးပြင်းအား စိတ်ထိန်းချုပ်သူစွမ်းအားနဲ့ တိုက်ခိုက်ရေးစွမ်းရည်တွေပေါင်းလိုက်ရင် မဆိုးဘူးပဲ...'

လင်းမို့ သူ့ကိုသူ ကျေနပ်သွား၏ ။ ပြီးနောက် မျက်မှောင်ကြုပ်လိုက်ပြန်သည် ။

' ငါ့ စိတ်စွမ်းအားက နည်းလွန်းလိုက်တာ ခုမှ အဆင့်၁ တဲ့...'

သို့သော်လည်း သူလုပ်နိုင်သည်ကား မရှိ ။ လီကျားရွှမ်အား ဓားကြီးကစားရန် မည်သူခေါ်သွားခဲ့ပါသနည်း ။ ဓားကြီးကစားသည်က ကိစ္စမရှိသော်လည်း အဖမ်းခံလိုက်ရသည်က ကိစ္စရှိ၏ ။

အနည်းဆုံးတော့ လီကျားရွှမ် ထောင်ထဲတွင် လေ့ကျင့်နေသည်ကို ကျေးဇူးတင်ရပေမည် ။ မဟုတ်လျှင် သူစိတ်စွမ်းအားရှင်ပင် ဖြစ်လာလိမ့်မည်မဟုတ်ချေ ။

ကံမကောင်းသည်က လီကျားရွှမ်အား သူ့အဖေက အမြန်လာခေါ်သွားသည် ။ မဟုတ်လျှင် အကိုမို့နေ့တိုင်းအလည်သွား၍ ရသလောက် ညစ်မိပေမည် ။ ထို့ကြောင့် သူစိတ်စွမ်းအား အဆင့်တက်နိုင်ရန် ညစ်ရမည့်သူ မရှိပေ ။

' အဆင့်၁ က ဘာမှ မဟုတ်ပင်မဲ့ မရှိတာထက်တော့ ကောင်းပါတယ်...'

လင်းမို့၏ စိတ်စွမ်းအားပြင်းအားမှာ ၃၀၀ ကီလိုသာရှိသည် ။ ကီလို ၃၀၀ ကအလွန်နည်းသည်ဟု ထင်ရသော်လည်း လက်သီးပြင်းအားဖြင့် တွက်၍ မဖြစ်ချေ ။

စိတ်စွမ်းအားက အရာဝတ္ထုများကို ထိန်းချုပ်နိုင်ပြီး လေထဲတွင် လမ်းကြောင်းပြောင်းနိုင်သဖြင့် လက်နက်ပုန်း အသုံးပြုရာတွင် အသုံးဝင်လှသည် ။

ထို့ကြောင့် ကီလို ၃၀၀ က နည်းသော်လည်း လင်းမို့၏ တိုက်ခိုင်ရေးစွမ်းရည်ဖြင့် ပေါင်းလျှင် ဝှက်ဖဲတစ်ခု ဖြစ်လာနိုင်ပေသည် ။

စိတ်ထိန်းချုပ်သူစွမ်းရည်က အစောပိုင်းအဆင့်များတွင်ပင် အားကောင်းသော်လည်း စိတ်စွမ်းအားရှင်များက အစပိုင်းတွင် အားနည်း၍ အဆင့်တက်လာလေ ပိုမိုသန်မာလာလေဖြစ်သည် ။ အမြင့်ဆုံးအဆင့်သို့ ရောက်လျှင် မိုင်တစ်ထောင် အကွာသို့ ဓားတစ်ချောင်းဖြင့် သတ်ဖြတ်ခြင်းက စိတ်ကူးယဥ် ဖြစ်တော့မည်မဟုတ် ။

သာမန် သိုင်းပညာရှင်များသည်တော့ ခေါင်းငုံ့နေရုံသာ ရှိသည် ။ စိတ်ပညာရှင်များနှင့် ယှဥ်၍ ချလျှင် နိုင်နိုင်ချေ အလွန်နည်းပေသည် ။

' ပြသနာက စိတ်စွမ်းအားနဲ့ စိတ်ထိန်းချုပ်သူစွမ်းအားကို တွဲသုံးလို့မရတာပဲ...'

လင်းမို့ စိတ်မကောင်းဖြစ်သွားပြီး ခေါင်းယမ်းလိုက်၏ ။

စိတ်စွမ်းအားရှင် နှင့် စိတ်ထိန်းချုပ်သူ က တူညီသော အရင်းအမြစ်မှ ဆင်းသက်လာသော်လည်း အတူတကွ တွဲသုံး၍ မရပေ ။

စိတ်ဝိညာဥ်အဆီအနှစ်က ရေဖြစ်သည် ။ စိတ်စွမ်းအားရှင်က ရေခဲ ဖြစ်နေသော ရေဖြစ်လျှင် စိတ်ထိန်းချုပ်သူက ဆူပွတ်နေသော ရေနွေးပင် ။ အတူတကွ ယှဥ်ထား၍ ရမည်မဟုတ် ။

' ပြသနာကြီးတော့ မဟုတ်ပါဘူး... တွဲသုံးလို့ မရတော့လဲ တစ်ခုခြင်းသုံးရုံပေါ့...'

သူ့တွင် ရန်သူကို အနိုင်ယူရန် သုံးစရာပိုရှိထားခြင်းက ကောင်းလှပေသည် ။

လင်းမို့သည် ရုတ်တရပ် တစ်ခုခုကို တွေးလိုက်မိပြီး ခါးပတ်ခေါင်းကို ယူလိုက်၏ ။ သံမဏိ ခါးပတ်ခေါင်း၏ ထောင့်လေးခုကို တပြိုက်နက် နှိပ်လိုက်သည် ။

" ချွက်..."

အထဲတွင် ရှိနေသည်က ဟောက်ရန်၏အဖေ ကောင်းဖန်းပေးထားသော ငှက်မွှေးလေးပင် ။

ငွေရောင် ငှက်မွှေး ၊ ပုဇင်းရင်ကွဲတောင်ပံ ပုံစံရှိပြီး ပါးလွှာ၍ အစွန်းများက ထက်ရှလှသည် ။

' အကိုကောင်းဖန်း ပြောတာတော့ အပြင်လောက တိုက်ပွဲကွင်းပြင်က ယူလာတာတဲ့...'

လင်းမို့ ရုတ်တရပ် အကြံတစ်ခု ရသွား၏ ။

' ဒါလေးက သေးလည်းသေးတယ် ပါးလည်းပါးတယ်ဆိုတော့ လက်နက်ပုန်း လုပ်ပြီး စိတ်စွမ်းအားနဲ့ တွဲသုံးရမယ်... '

" ဝှစ်... "

လင်းမို့ စိတ်စွမ်းအားသုံး၍ ရွေ့လျားကြည့်လိုက်သည် ။ ငှက်မွှေးက လေပေါ်ပျံတက်၍ သူ့ပတ်ချာလည်တွင် ပျံသန်းနေ၏ ။

" သွားစမ်း..."

လင်းမို့ ပစ်လွှတ်ကြည့်လိုက်၏ ။ ငွေရောင်ငှက်မွှေးက အလင်းတန်းသဖွယ် ပျံသန်း၍ ပြတင်းပေါက်အပြင်သို့ ထွက်သွားသည် ။

ပြတင်းပေါက်က ဖွင့်ထားပြီး မှန်မရှိသည်က တော်သေးသည် ။ သိုင်းပညာရှင်များက အရေထူသဖြင့် ခြင်မကြောက်ကြ ။ ထို့ကြောင့် ပြတင်းပေါက်များအား အမြဲဖွင့်ထားကြသည် ။

လင်းမို့၏ ထိန်းချုပ်မှုအောက်တွင် ငှက်မွှေးက လှည့်ပတ်ပျံသန်းနေပြီး နောက်ဆုံး မြောင်းအဖုံးတစ်ခုပေါ်တွင် ရပ်တန့်သွားသည် ။

' မြောင်းအဖုံးက အထူကြီးပဲ စမ်းကြည့်ရမယ်... '

လင်းမို့ စဥ်းစားပြီး ပစ်လိုက်သည်နှင့် ငှက်မွှေးက မြောင်းအဖုံးကို ချက်ချင်းဖောက်ဝင်သွားသည် ။

" မထက်လွန်းဘူးလား..."

လင်းမို့ ထိတ်လန့်သွား၏ ။ မြောင်းအဖုံးက သတ္တုဖြင့် ပြုလုပ်ထားပြီး ဆယ် စင်တီမီတာခန့် အထူရှိပေသည် ။

" ငါ့ စိတ်စွမ်းအားအဆင့်ပိုမြင့်လာရင် အကုန်ဖောက်နိုင်သွားမှာလား..."

ဤလက်နက်သည် သတ္တုများကို အသာအယာ ထိုးဖောက်နိုင်ပါက သိုင်းပညာရှင်များကို ထည့်ပြောနေစရာပင် လိုတော့မည်မထင် ။ ငွေရောင် ငှက်မွှေးနှင့် သူ၏ စိတ်စွမ်းအားပေါင်းလျှင် မည်သူခုခံနိုင်အံ့နည်း ။

' ငါ ပြိုင်ဘက်ကင်း ဖြစ်တော့မှာလား..'

' ဒီငှက်မွှေးက စိတ်စွမ်းအားရှင်တွေအတွက် သင့်တော်တဲ့ လက်နက်လား... ဒါမှမဟုတ် အရင်ထဲက သန်မာတဲ့ စိတ်စွမ်းအားရှင်တစ်ယောက်ရဲ့ လက်နက်လား...'

လင်းမို့သည် ငှက်မွှေးအား ပြန်လည်ခေါ်ယူရင်း တွေးလိုက်မိ၏ ။

ငှက်မွှေး၏ ဒီဇိုင်း နှင့် ပါးလွှာထက်ရှမှုကို ကြည့်လျှင် စိတ်စွမ်းအားရှင်၏ လက်နက်နှင့် တူနေပေသည် ။

' ပြန်ထည့်ထားလိုက်တော့မယ်... "

လင်းမို့ သည် ငှက်မွှေးအား ခါးပတ်ခေါင်းထဲ ပြန်ထည့်ရန်ပြင်လိုက်ချိန်တွင် ကောင်းဖန်း၏ သတိပေးစကားကို အမှတ်ရလိုက်သည် ။

ငှက်မွှေးဖြင့် ခြစ်မိလျှင် သိုင်းပညာရှင်မဟုတ်လျှင် ချက်ချင်းသေမည်ဖြစ်ပြီး သိုင်းပညာရှင်ဆိုလျှင် ဒုက္ခိတဖြစ်သွားနိုင်သည် ။ ကောင်းကင်အဆင့်များသာ ခုခံနိုင်ပြီး အကြိမ်အနည်းငယ် ခြစ်ခံရလျှင် သေဆုံးနိုင်၏ ။

" ချဲ့ကား ပြောနေတာလား...'

လင်းမို့ သည် မည်မျှပင် ကြည့်စေကာမူ ငှက်မွှေးလေးက အန္တရာယ် ပေးနိုင်မည့်ပုံ မပေါက်ချေ ။

' ငါ စမ်းကြည့်လို့ ရတာပဲ...'

လင်းမို့ တွေးမိလိုက်သည်နှင့် ထိုအတွေးကို ထိန်းချုပ်မထားနိုင်တော့ ။

' ငါ သေးသေးလေးပဲ ခြစ်ကြည့်လိုက်မယ်လေ... '

လင်းမို့ သူ့ကိုသူ တွေးလိုက်မိ၏ ။

' ငါ ကောင်းကင်အဆင့်နဲ့ တူတူပဲကို ဘာကြောက်စရာရှိမလဲ... '

ယောကျ်ားတစ်ယောက် က ငှက်မွှေးသေးသေးလေးကို ကြောက်နေရမည်လော ။

လင်းမို့ စိတ်ထိန်းမရတော့ဘဲ ငှက်မွှေးကို ညာလက်ဖြင့် ဂရုတစိုက်ကိုင်၍ ဘယ်ဘက်လက်ရှိ လက်ညိုးကို သေးသေးလေး ခြစ်ကြည့်လိုက်သည် ။

" ဝုန်း..."

ဒဏ်ရာက အခြစ်ရာလောက်လေးဖြစ်သော်လည်း လင်းမို့ ကြောက်ရွံ့မှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည် ။

ယခုအချိန် သူ၏ နားထဲတွင် မိုးကြိုးအစင်းတစ်ထောင်လောက် ပစ်နေသလိုပင် ။

အလွန်ကြီးမားသော ရန်လိုမှု စိတ်အာရုံ တစ်ခုက သူ့အား ဖိနှိပ်ထားသလို ခံစားရပြီး လှုပ်ရှား၍ မရတော့ချေ ။

ဤသည်က လင်းမို့၏ ဘဝတွင် ကြောက်စရာအကောင်းဆုံး အတွေ့အကြုံပင် ။

" အူးးးးးး..."

" အူးးးးး...."

လင်းမို့သည် နာကျင်မှုကို တောင်မခံနိုင်တော့သဖြင့် ဝမ်းခေါင်းသံကြီးဖြင့် အော်လိုက်သည် ။ သူ၏ စိတ်အာရုံများပင် မတည်ငြိမ်နိုင်တော့ ။

' ကြောက်စရာကောင်းလိုက်တာ... '

' ငှက်မွှေးက ဘာကြီးလဲ...'

အပြင်ဘက် ဧည့်ခန်း...

မေမေလင်းက သူ့သား၏ ဟိန်း​ဟောက်သံကို ကြားလိုက်ရလျှင် မျက်ရည်များကို တစ်ရှုးဖြင့်သုတ်လိုက်ပြီး တစ်ရှုးကို အမှိုက်ခြင်းထဲသို့ လွှင့်ပစ်လိုက်သည် ။

" ဟင်းးးး..."

ဖေဖေလင်းကလည်း စီးကရက် နောက်တစ်လိပ် မီးညှိလိုက်ပြီး သက်ပြင်းအရှည်ကြီးချလိုက်သည် ။

" ငါ မင်းမှာ ဖိအားတွေ အများကြီးရှိနေတယ်ပြောတုန်းက ငြင်းပြီး ခုကျ ဒီလိုအော်နေတယ်... ဒီလိုအော်သံထွက်ဖို့ဆိုရင် စိတ်ဝိညာဥ်အနက်ရှိုင်းဆုံးနေရာအထိ ဖိအားတွေရောက်သွားလို့ပဲ... "

" သူဖိအားတွေ ဘယ်လောက်ခံနေရလဲဆိုတာ ကျွန်မသိတယ်... "

မေမေလင်းက တစ်ရှုးထပ်ယူ၍ မျက်ရည်သုတ်လိုက်ကာ...

" ဒီလိုအော်လိုက်တာလဲ ကောင်းပါတယ်... အနဲဆုံးတော့ စိတ်ပေါ့သွားတာပေါ့..."

ထိုအချိန် လင်းမို့၏ အိပ်ခန်းအတွင်း ...

လင်းမို့ အိပ်ရာပေါ်တွင် လဲကျနေပြီး လက်ချောင်းတစ်ချောင်းပင် မလှုပ်နိုင်တော့ချေ ။ သူ့မျက်လုံးများပင် မလှုပ်ရှားတော့ ။

" ကြောက်စရာကောင်းလိုက်တာ..."

လင်းမို့ ဤတစ်ခုသာ တွေးနိုင်တော့သည် ။ ငှက်မွှေးမည်မျှ ကြောက်စရာကောင်းမှန်း သူနားလည်သွား၏ ။

ရန်သူများကို သတ်ဖြတ်ရန် သုံးပါက မည်သူခံနိုင်မည်နည်း ။

All Chapters