← Chapters

ငါ့မှာ ရှိပြီးသား ~

Vol. 8 Ch. 108

ငါ့မှာ ရှိပြီးသား ~

Vol. 8 Ch. 108

ဇွန်လ ၇ ရက်... မနက်စောစော ...ဟိုင်းချန်မြို့...

ယနေ့တွင် နေမင်းကြီးက ထူးထူးခြားခြား တောက်ပနေ၏ ။

သိုင်းပညာစမ်းသပ်မည့် ခန်းမတွင် ဝန်ထမ်းများ ရောက်ရှိနေကြပြီဖြစ်သည် ။

ရှားနိုင်ငံ သိုင်းဌာနချုပ်မှ လွှတ်လိုက်သော ရာနှင့်ချီသည့် စာမေးပွဲစစ်မည့်သူများ စောင့်ဆိုင်းနေကြသည် ။

ခန်းမ အပြင်ဘက်တွင် ဟိုင်းချန်မြို့ရှိ ဌာနအသီးသီးက လုံခြုံရေးတာဝန် ယူထား၏ ။ ကျောင်းသားတစ်​ထောင်ကျော် ဝင်ဖြေမည့် အရေးကြီးသော စာမေးပွဲဖြစ်၍ အမှားမခံနိုင်ပေ ။

' ဒီနေ့ ရာသီဥတုက ကောင်းလိုက်တာ... '

ယနေ့ ခေါင်းဆောင် ကျောက်ရှု၏ အမူအရာက အလွန်လေးနက်နေသည် ။

' ဟိုင်းချန်က စာဖြေသူတွေ ဒီနှစ်ရလဒ်ကောင်းကောင်း ထွက်ပါစေ... '

ရာသီဥတုကလည်း စာဖြေသူများအပေါ် အနည်းငယ် သက်ရောက်နိုင်သည် ။ ရာသီဥတု ကောင်းမွန်နေမှသာ စာဖြေသူများ စိတ်လက်ပေါ့ပါးစွာ ဖြေဆိုနိုင်ပေမည် ။

ခေါင်းဆောင်ကျောက်အတွက် နှစ်စဥ် အရေးအကြီးဆုံးမှာ စာမေးပွဲရလဒ်ပင် ။ ထို့ကြောင့် သူ စိတ်ဖိစီးမှု များနေခြင်းဖြစ်သည် ။ စာမေးပွဲရလဒ် မကောင်းခဲ့ပါက သူ့ထိုင်ခုံလေး တခြားသူ ယူသွားပေလိမ့်မည် ။

ဟိုင်းချန်မြို့၏ သိုင်းဌာန ခေါင်းဆောင်ဖြစ်သဖြင့် စာမေးပွဲရလဒ် မကောင်းလျှင် သူအရင်ခေါင်းခံရမည်ဖြစ်သည် ။

' ငါတို့ မြို့က ဒီနှစ် သိုင်းပညာရှင်နှစ်ယောက်ထွက်လာတာ ကံကောင်းတာပဲ...'

ကျောက်ရှုက လျိုကျုံးဟောင်နှင့် ကျန်းရွှယ်အကြောင်းတွေးရင်း ယုံကြည်မှုအနည်းငယ်ရှိလာသည် ။

' ဒီ နှစ်ယောက် အမှတ် ၄၀၀ ကျော်ဖို့ မျှော်လင့်ရမှာပဲ ...သူတို့နှစ်ယောက်ကြောင့် ငါတို့မြို့ရဲ့ ပျဥ်းမျှ အမှတ်ကအရမ်းမနိမ့်လောက်ဘူး ...ငါအရမ်းတွေးပူနေစရာ မလိုတော့ဘူး...'

" ဝမ်ထုံ... "

ကျောက်ရှု ရုတ်တရပ် ထအော်လိုက်ပြီး...

" ဟိုလမ်းဘေးက တိပ်ကြိုးကာထားတဲ့နေရာမှာ သွားကိုင်ထားစမ်း..."

" ဟုတ်ကဲ့ပါခေါင်းဆောင် ... ကျွန်တော်ခုသွားလိုက်ပါမယ်... "

ဝမ်ထုံက စိတ်ညစ်နေသော်လည်း အမြန်ပြန်ဖြေလိုက်၏ ။ သူအရင်က သိုင်းဌာန၏ ဒါရိုက်တာ တစ်ယောက်ဖြစ်ခဲ့ပြီး အစစ်အမှန်အာဏာရှိခဲ့သော်လည်း ယခု တောက်တိုမယ်ရ လုပ်နေရသည် ။ သို့သော်လည်း သူမငြင်းဆန်ရဲ ။ သူမလုပ်ချင်လျှင် ရှိနေသည့်အလုပ်လေးပါ ပြုတ်သွားမည်ဖြစ်သည် ။

' ငါဘယ်သူ့ကို အပြစ်လုပ်မိတာလဲ... '

ခေါင်းဆောင် ကျောက်ရှုက သူ့အား ရာထူးချလိုက်သည်မှာ တစုံတဦး၏ စနက်ဖြစ်မှန်း သူသိသော်လည်း မည်သူ့ကို အပြစ်ပြုမိမှန်း စဥ်းစားမရခဲ့ပေ ။

ဝမ်ထုံက လမ်းဘေးသို့ သွား၍ စည်းချထားသော တိပ်ကြိုးကို ကိုင်ထားလိုက်သည် ။ သူဘေးနားရှိ လုံခြုံရေးအစောင့် ဖက်တီးများကို ကြည့်ကာ ပို၍ပင် စိတ်ဓာတ်ကျသွားလေသည် ။

သူရုတ်တရပ် လမ်းလျောက်လာသော ကျောင်းသားတစ်ယောက်ကို ကြည့်မိလိုက်၏ ။ သူ မှတ်မိသွားသည် ။ သူ ဒါရိုက်တာ ဖြစ်ခဲ့စဥ်က ကျောင်းအုပ်ယန်ကို ပြော၍ ကျောင်းထုတ်ခဲ့သော လင်းမို့ပင် ။

' အဲ့ကောင်က ကျောင်းသားဆိုးမလား...'

ဝမ်ထုံ တွေးလိုက်မိ၏ ။

' ယင်လေး ငါ့ပြောတော့ စာမေးပွဲကို လက်လျော့လိုက်တဲ့သူဆို... ခုသူဒီကို ဘာလာလုပ်တာလဲ...'

လင်းမို့ ယနေ့ စိတ်အခြေအနေမကောင်း ။ သူ မနေ့ညက စပ်စုချင်စိတ်ကြောင့် အတော်လေး ခံစားခဲ့ရသည် ။ သူသန်မာလာသဖြင့် စိတ်ကြီးဝင်ကာ ငှက်မွှေးကို အထင်သေးခဲ့မိသည် ။ အနည်းငယ်ခြစ်မိသည်ကပင် အလွန်ကြောက်စရာကောင်းပေသည် ။

ယခု တစ်ညတာ အနားယူပြီးသော်လည်း သူ၏ စိတ်အာရုံ ပြန်ကောင်းမလာသေးချေ ။

' စမ်းသပ်ခန်းမ ရောက်တော့မယ် လက်မှတ်ထုတ်ထားမှ...'

လင်းမို့သည် သူ၏ လွယ်အိတ်ထဲမှ လက်မှတ်ကို ထုတ်လိုက်၏ ။ သို့သော် လက်များတုန်ရီနေသဖြင့် အိတ်ထဲမှကတ်တစ်ခု ထွက်ကျသွားသည် ။

" ဒေါက်... "

မကြာသေးမီက ယန်ယီမို လုပ်ပေးထားသော သိုင်းပညာရှင် မှတ်ပုံတင်ကတ် ဖြစ်သည် ။ ထိုအချိန်တွင် ဘေးမှ မိန်းကလေးတစ်ယောက် ဖြတ်လျောက်သွားသည် ။ တခြားကျောင်းမှ ဖြစ်ပုံရ၏ ။

" ကျောင်းသား ကတ် ပြုတ်ကျနေတယ်..."

ကောင်မလေးက လင်းမို့ကို မသိ ။ ကတ်ကို ကောက်​ယူ​ပေးလိုက်သည် ။ ကတ်တွင် ပါသော အကြောင်းအရာများကို သူမ မြင်လျှင် ထိတ်လန့်သွား၏ ။

' သိုင်းပညာရှင် မှတ်ပုံတင်ကတ်... '

' ဟိုင်းချန်မှာ သိုင်းပညာရှင်ဖြစ်တာ နှစ်ယောက်ပဲရှိတာ မဟုတ်ဘူးလား...'

' ဒီကျောင်းသား ဘယ်က ရောက်လာတာလဲ.. '

" ကျေးဇူးတင်ပါတယ်..."

လင်းမို့က ထိတ်လန့်​နေသော ကောင်မလေးကို လျစ်လျူရှုထားလိုက်ပြီး ရှင်းမပြချေ ။ ကတ်ကို အိတ်ထဲပြန်ထည့်ကာ စာမေးပွဲခန်းမ ဆီသို့ အမြန်သွားလိုက်သည် ။

သို့သော်လည်း အဝေးမှ ကြည့်နေသော ဝမ်ထုံက ဤမြင်ကွင်းကို သေချာ မြင်လိုက်ရ၏ ။

' သိုင်းပညာရှင် မှတ်ပုံတင်ကတ်ပဲ...'

ဝမ်ထုံ အံ့သြ သွား၏ ။

' လင်းမို့က ကျောင်းသားဆိုး မဟုတ်ဘူးလား... သူ ကတ်ကို ဘယ်လိုရတာလဲ... '

ပုံမှန်ဆိုလျှင် သာမန်လူများ သိုင်းပညာရှင် အတည်ပြုလက်မှတ် ရလိုလျှင် မိမိ၏ ခွန်အားကိုသာ အားကိုးရမည်ဖြစ်သည် ။

ပုံမှန် မဟုတ်သော နည်းလမ်းများလည်း ရှိပေသည် ။ သင့်တွင် ခိုင်မာသော ကျောထောက်နောက်ခံ ရှိပါက သိုင်းပညာရှင်အတည်ပြုလက်မှတ် ရယူရန် ခက်ခဲမည်မဟုတ်ပေ ။

' သိုင်းပညာရှင် မှတ်ပုံတင်ကတ်ကို ဘယ်သူမှ အတုလုပ်ရဲမှာ မဟုတ်ဘူး... '

ဝမ်းထုံ ထိုသည်ကိုတော့ သေချာပြောရဲသည် ။ သိုင်းပညာရှင် မှတ်ပုံတင်အတု ကိုင်ဆောင်ခြင်းက လူသတ်ခြင်းထက်ပင် အပြစ်ဒဏ် ပိုကြီးသည် ။ ရရှိနိုင်သည့် အကျိုးကျေးဇူးများကလည်း သိပ်မရှိ ။ မှတ်ပုံတင်အတုလုပ်သည်ထက် ဘဏ်ကို ဓားပြတိုက်သည်ကမှ အကျိုးရှိပေအုံးမည် ။

' ငါတို့ ဌာနက လုပ်ပေးတာဆိုရင် ငါ သိမှာပေါ့ ...ငါတို့ ဌာနက မဟုတ်ဘူးဘဲ..."

ဝမ်ထုံ သေချာပေါက် သိသည် ။

' အဲ့တာဆို လင်းမို့မှာ အပြင်က အဆက်အသွယ်ကြီးကြီးမားမား ရှိတာပဲ...'

ဝမ်ထုံ သည် နှလုံးသားအတွင်းမှပင် ကြီးမားသော ကြောက်ရွံ့မှုကို ခံစားလိုက်မိ၏ ။ သူ ကြုံခဲ့ရသည်များကို တွေးမိသွားသည် ။

' ငါ လင်းမို့ကို ကျောင်းထုတ်ဖို့ ထိပ်ပြောင်ကြီးကို ပြောပြီး ညနေ ကျ ငါရာထူးချခံရတာပဲ ...'

" ရှီးးးးး"

ဝမ်ထုံ ထိတ်လန့်သွား၏ ။ သူသည် လင်းမို့အား ကျောင်းသားဆိုးဟု သတ်မှတ်ထားသဖြင့် ထည့်မစဥ်းစားခဲ့ဘူးချေ ။ ယခု သူ လင်းမို့၏ သိုင်းပညာရှင်မှတ်ပုံတင်ကို မြင်လိုက်မှ ထိတ်လန့်သွားခဲ့သည် ။

' အဲ့ညနေပဲ... ထိပ်ပြောင်ကြီးလဲ ဒုက္ခရောက်သွားတယ် ကြားတယ်.. စာမေးပွဲကြောင့်အလုပ်အထုတ် မခံရတာ ...'

ဝမ်ထုံက သေချာပြန်စဥ်းစားရင်း သူ၏ ခန့်မှန်းချက်က ဖြစ်နိုင်မှန်း သေချာသွားသည် ။

' လင်းမို့ နောက်ခံက ဘယ်သူလဲ...'

ဝမ်ထုံက တွေးရင်း ပိုမိုကြောက်ရွံ့လာ၏ ။

လင်းမို့သည် သူ၏ မှတ်ပုံတင်ပြုတ်ကျခဲ့သဖြင့် ထိတ်လန့်သွားသော လူနှစ်ယောက်ကို ဂရုမစိုက်နိုင်ပေ ။ သူကိုယ်တိုင်ပင် ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်နေပေသည် ။

' ငါ မှတ်ပုံတင်တောင် ပြုတ်ကျရတယ်လို့... '

လင်းမို့ အခုထိ မယုံကြည်နိုင်သေးပေ ။ သူက တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ ရှိသူတစ်ယောက်ဖြစ်သည် ။ တိုက်ခိုက်ရေးစွမ်းရည် ဆိုသည်က ခန္ဓာကိုယ်ကို ထိန်းချုပ်နိုင်ခြင်းပင် ။ အဆင့် ၅ ဆိုသည်က ခန္ဓာကိုယ်ရှိ မိုက်ခရိုအဆင့် ဆဲလ်များကိုပင် ထိန်းချုပ်နိုင်နေလေပြီ ။ ဤသည်ကို ကတ်လွှတ်ကျသည် ဆိုသည်က အလွန်ရှက်စရာကောင်းလှသည် ။

' ငှက်မွှေးကြောင့် ငါ့ခန္ဓာကိုယ်ကို အပြည့်အဝ မထိန်းချုပ်နိုင်သေးဘူး... ညနေ ဒါမှမဟုတ် မနက်ဖြန်လောက်မှပဲ ပြန်ကောင်းတော့မယ် ထင်တယ်... '

ဤသည်က မကောင်း ။ ယခုမနက်ခင်း စာမေးပွဲက တိုက်ခိုက်ရေးစွမ်းရည် စမ်းသပ်မည်ဖြစ်သည် ။ သူ မနေ့ညကပင် ထိပ်တန်းပါရမီရှင်များကို မည်သို့ ကျော်တက်ရမည်ဟု တွေးနေသေးသည် ။

' လက်ရှိ ငါ့ခန္ဓာကိုယ်နဲ့ဆို တိုက်ခိုက်ရေးစွမ်းရည် အဆင့်၁ လို့တောင် သတ်မှတ်လို့ ရပါ့မလား မသိဘူး... '

လင်းမို့ သူ့အခြေအနေကို နားလည်သွားသည် ။

' ငါ အဆင့် ၁ တောင်မရှိရင် စာမေးပွဲကို ဘယ်လိုဖြေရမှာလဲ...'

လင်းမို့သည် လူတိုင်းအား အံ့သြသွားစေရန် ထုတ်ကြွားမည်ဟု ကြံရွှယ်၍ စာမေးပွဲဝင်ဖြေခြင်းဖြစ်သည် ။ မဟုတ်လျှင် တက္ကသိုလ်များမှ ကမ်းလှမ်းထားသည်ကို လက်ခံလိုက်ပေမည် ။ ယခုသူ့အခြေအနေက စာမေးပွဲအောင်ရန်ပင် မဖြစ်နိုင်ရာ မည်သို့ အံ့သြအောင် ကြွားပြနိုင်မည်နည်း ။

' ငါ ဘာလုပ်ရမလဲ...'

' ဒီတိုင်းသွားဖြေလို့ ၀ ရရင်ရော... အမှတ် ၂၀ ၃၀ လောက်ရရင်ရော... ရှက်ဖို့ကောင်းလိုက်တာ...'

လင်းမို့ သူ့ကိုသူ အရှက်ကွဲမခံချင် ။

' ဒါမှ မဟုတ် ငါ ဒီတစ်ခုကို လက်လွတ်လိုက်ရမလား...'

လင်းမို့ သေချာစဥ်းစားကြည့်လျှင် ဖြစ်နိုင်သည်ဟု ထင်ရပေသည် ။

စာမေးပွဲတွင် ဘာသာရပ်လေးခုရှိပြီး တစ်ခုလျှင် အမှတ် ၁၅၀ စီဖြစ်သည် ။ တစ်ခုကို လက်လျော့လိုက်လျှင်ပင် အမှတ် ၄၅၀ ရနိုင်သေး၏ ။

' ဒီနေ့ နေ့ခင်း လက်သီးပြင်းအား စမ်းသပ်မှုမှာ ငါအမှတ်ပြည့်ရနိုင်တယ်... '

လက်သီးပြင်းအား ကီလို ၃၀၀၀ က အမှတ်ပြည့်ဖြစ်သည် ။ ​လက်သီးပြင်းအား စမ်းသပ်မှုက ဆဲလ်များ၏ ကြံ့ခိုင်မှုကို စမ်းသပ်ခြင်းဖြစ်၍ ပြသနာမရှိချေ ။ ထို့ကြောင့် အမှတ်ပြည့်ရနိုင်ပေသည် ။

' မနက်ဖြန် စာမေးပွဲနှစ်ခုကတော့... '

လင်းမို့ အလွန်ယုံကြည်မှု ရှိပေသည် ။ နောက်ဆုံး စာမေးပွဲက ကျောင်းသာများ၏ သန်မာမှုကို အကဲဖြတ်မည့်ဟာသာ ဖြစ်မည်ပင် ။ သူ၏ ခွန်အားပြန်ရလျှင် ကြောက်စရာမလိုတော့ ။

' မနက်ဖြန်ကျရင် ငါလုံးဝပြန်ကောင်းလောက်တယ် ...ငါအမှတ်ပြည့်မရရင်တောင် လျော့လည်း နဲနဲပဲ... ၁၀ မှတ်စီလောက် လျော့ရင်တောင် ၄၃၀ ရနိုင်သေးတယ်... '

အမှတ် ၄၃၀ က မနိမ့်ပေ ။ လီကျားရွှမ်လို ထိပ်တန်းပါရမီရှင်ပင် မနှစ်က ၄၂၉ မှတ်သာ ရရှိခဲ့သည် ။ အမှတ် ၄၃၀ ရပါက ထိပ်တန်းပါရမီရှင်စာရင်းသို့ ဝင်နိုင်ပေသည် ။ သူ ၄၄၀ လောက်ပင် ရနိုင်သည်ဟု ခံစားမိ၏ ။

' သုံးခုထဲနဲ့ ရနိုင်မှတော့ လေးခုဖြေမနေတော့ဘူး...ဟမ့် ငါ့မှာ ရှိတာ ထုတ်မပြချင်လို့နော်... '

လင်းမို့ ဆုံးဖြတ်လိုက်တော့သည် ။ သူ စာမေးပွဲဝင်ဖြေနေသည်ထက် တစ်နေရာရာတွင် ပျင်းရိစွာလဲလျောင်းရင်း ပြန်လည်သက်သာလာသည်ကို စောင့်နေခြင်းက ပိုကောင်းပေမည် ။ သူ မနက်ဖြန် စာမေးပွဲနှစ်ခု မဖြေနိုင်လျှင်ပင် ရှေးဦးစကြာဝဠာ ရှိ အီးမေးလ်အတွင်း ဝင်ခွင့်ဖိတ်စာများ တောင်လိုပုံနေပေသည် ။

လင်းမို့သည် ထိုသည်ကို စဥ်းစားပြီးမှ သက်​​တောင့်သက်သာ ခံစားလိုက်ရပြီး စာဖြေခန်းမ အတွင်းသို့ ဝင်သွားလိုက်သည် ။ ဖြေဆိုသူ၏ အချက်အလက်များ စစ်ဆေးသည့် ဆရာထံသို့ သွားကာ...

" ဆရာ... ကျွန်တော် တိုက်ခိုက်ရေးစွမ်းရည် စာမေးပွဲကို ဝင်မဖြေတော့ဘူး... "

All Chapters